← Chapters

နိုင်ပွဲ

Vol. 130 Ch. 1677

နိုင်ပွဲ

Vol. 130 Ch. 1677

“ကမ္ဘာဦးဘုံ အနိုင်ရ ရမယ်”

တန်ခိုးရှင်သစ်ခုတ်သမား အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ဘေးအန္တရာယ် ကျရောက်တော့မည်ကို တွေ့လိုက်ရသည်။ မြစ်ရေသည် တဝေါဝေါ စီးဆင်းလျက် မြစ်ပေါ်ရှိသင်္ဘောများကိုပါ သယ်ဆောင်သွားနေ၏။ ကောင်းကင်နတ်ဘုံဘက်မှ သင်္ဘောအမြောက်များက မိုးပေါက်များကဲ့သို့ အဆက်မပြတ် ရွာကျနေသည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံသာ ကျရှုံးသွားပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အတော်လေး အထိနာလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကမ္ဘာဦးဘုံနယ်မြေတစ်ဝက်ကို ထိန်းသိမ်းထားနိုင်သေးသော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ဖိအားက ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့အား ဖျက်ဆီးနိုင်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံအောက်တွင် မြေမြှုပ်သင်္ဂြုဟ်ပြီးသား ဖြစ်သွားစေနိုင်သည်။

ရွှင်ပျော်ပျော်ကျေးရွာဖြစ်စေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဖြစ်စေ စိတ်ဓာတ်ရေးရာတွင် အတော်လေး အထိနာသွားစေနိုင်၏။

“ကမ္ဘာဦးဘုံ အနိုင်ရမှ ဖြစ်မယ်….”

တန်ခိုးရှင်သစ်ခုတ်သမားမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီမှ အကြည့်လွှဲလိုက်သည်။ “ပြည်သူပြည်သားတွေနဲ့ စစ်သည်တော်တွေကို စိတ်ဓာတ်အင်အား မြှင့်တင်ပေးနိုင်မယ့် နိုင်ပွဲ လိုအပ်တယ်”

သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာနှင့် ကောင်းကင်ဆရာသခင် ယန်ယွင်ရှီတို့က သူ့ဆီမှ တိုက်ခိုက်ရန် အမိန့်ကို စောင့်ဆိုင်းနေကြသည်။ ကောင်းကင်နတ်မင်း လီရုံလန်၏ ပရမတ္တလှေသည် ကောင်းကင်နတ်မြစ်တွင် ပိတ်မိနေပြီး ကျန်ကောင်းကင်နတ်မင်းများကမူ ရွှင်ပျော်ပျော်ကျေးရွာတွင် ရှိနေကြ၏။ ရွှင်ပျော်ပျော်ကျေးရွာကလည်း သူ့ထံမှ အမိန့်ကို စောင့်ဆိုင်းနေသည်။

သို့သော် တန်ခိုးရှင်သစ်ခုတ်သမားသည် ယခုအချိန်အထိ အမိန့်မပေးသေးပေ။ သူ၏အကြည့်က ကောင်းကင်နတ်မြစ်အနောက်သို့ ကျရောက်သွားသည်။ ကောင်းကင်နတ်မြစ်စစ်တပ်၏ အဓိကအင်အားစုသည် မလှုပ်ရှားရသေးပေ။

ကောင်းကင်ဆရာသခင်ကျူရှောက်ပင်ကား စစ်တပ်၏ အလယ်ဗဟိုတွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ သူ၏အနောက်တွင်တော့ အမြောက်သင်္ဘော ၁၂၀၀၀၀ ရှိနေ၏။ ဤသည်က ကောင်းကင်နတ်မြစ်ရေတပ်၏ ပင်မအင်အားစုပင် ဖြစ်သည်။

သူ့ဘေးတွင်တော့ အကြီးတန်းအကြံပေး ကဲယွင်တျန်း၊ စစ်သူကြီးလျို့ကျား၊ ဝန်ကြီးချုပ်၊ လက်ဝဲယံကောရှု၊ နှင့် လက်ယာယံ ယိုရှုတို့အပါအဝင် ကျန်ဧကရာဇ်ပလ္လင်အဆင့်များ ရပ်နေကြသည်။

ကောင်းကင်နတ်မင်း လီရုံလန်နှင့် ပရမတ္တလှေကို ပိတ်လှောင်ထားပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ခိုက်နေကြသည့် သင်္ဘောများသည် အမြောက်သင်္ဘော ၁၂၀၀၀၀၏ သင်္ဘောခန်းများထဲမှ ထွက်လာကြသော သင်္ဘောတစ်သန်းသာ ရှိသေးသည်။

ဤအချိန်တွင် ရွှင်ပျော်ပျော်ကျေးရွာသာ ပင်မအင်အားစုကို ထုတ်သုံးလိုက်ပါက ကျူရှောက်ပင်အနေဖြင့် အခွင့်ကောင်းတစ်ခု ရသွားပေလိမ့်မည်။

“၀မ်တျန်းကဲ”

သိုင်းပညာကောင်းကင်ဆရာသခင်က အက်ကွဲနေသောအသံဖြင့် ပြော၏။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံက အကြာကြီးတောင့်မခံနိုင်တော့ဘူး…. ဟန်ထန်းရောပဲ…. င့ါကို သွားခွင့်ပေးတော့”

တန်ခိုးရှင်သစ်ခုတ်သမားသည် ပြန်မဖြေပဲ ညာလက်ကိုသာ မြှောက်လိုက်သည်။

ကွမ်းချာမှာ သူ၏ ညာလက်ကို စိုက်ကြည့်လိုက်ရာ လက်သန်းကလေး မြှောက်ထားသည်ကို တွေ့လိုက်ရ၏။ သူ့မှာ စိတ်ပျက်လက်မှိုင်ကျသွားမိသည်။ သူက ဒေါသတကြီးနှာမှုတ်၍ ခပ်တိုးတိုးပြောလိုက်၏။ “အခုအချိန်မှာ အုတ်ဂူတစ်ခုသာ ရှိရင် မင်း အဲ့အထဲ ရောက်နေလောက်ပြီ”

တန်ခိုးရှင်သစ်ခုတ်သမားက သူ၏လက်သန်းလေးကို မြှောက်ထားသည်။ ရုတ်တရက် ကောင်းကင်နတ်မြစ်၏ မြေကြောနှစ်ခုအကြားတွင် ဧရာမမြေထုကြီးက ကမ္ဘာဦးဘုံ၏ ယိုတုကို ဖြတ်သန်းထွက်ပေါ်လာ၏။ အဆုံးမရှိသော မြူခိုးများ သိပ်သည်းအုပ်ဆိုင်းလာပြီး အရိုးများက တောင်များသဖွယ် ပုံနေသည်။ အရိုးတောင်များကြားတွင် ကျောက်ပြားတစ်ချပ်က မားမားမတ်မတ် ရပ်တည်နေပြီး ထိုကျောက်ပြားပေါ်တွင် သွေးဖြင့် ရေးသားထားသော စာလုံးတချို့ ရှိနေသည်။

“ဖုန်းတု…”

ဖုန်းတု ရုတ်တရက်ထွက်ပေါ်လာမှုက သက်ရှိလောကအား အနှောင့်အယှက်ပေးလိုက်သည်။ ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သောသင်္ဘောများပေါ်ရှိ နတ်ဘုရားမိစ္ဆာတို့၏ ခန္ဓာကိုယ်များမှာ အသွေးအသားများကွာကျသွားပြီး အဖြူရောင်အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။

သင်္ဘောအားလုံးတွင် အဖြူရောင်အရိုးစုများဖြင့် ပြည့်နေပြီး နတ်ဘုရားမိစ္ဆာတို့မှာ ဖရိုဖရဲ ဝရုန်းသုန်းကား ဖြစ်နေကြ၏။

ယမမင်းက ဖုန်းတုနတ်ဘုရားမိစ္ဆာများကို ဦးဆောင်၍ သင်္ဘောများကို တိုက်ခိုက်သည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများက အရိုးစုများအဖြစ် ပြောင်းလဲသွားပြီး ဖုန်းတုရှိ သေသူများကတော့ အသွေးအသားများ ပြန်လည်ဖွဲ့တည်လာကြ၏။ ဤသည်က ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများကို အတော်လေးအ ထိနာသွားစေသည်။

သင်္ဘောများစွာ အထိန်းအချုပ်ကင်းမဲ့သွားပြီး အရပ်လေးမျက်နှာသို့ ဦးတည်ကာ ပျက်ကျကုန်၏။ သင်္ဘောများ ပျက်စီးထိခိုက်သွားပြီး အတော်များများ သေဆုံးကုန်ကြသည်။

ကျူရှောက်ပင်က မျက်ခုံးပင့်လိုက်၏။ သူ၏အကြည့်က တန်ခိုးရှင်သစ်ခုတ်သမား၏ လက်သန်းလေးကို အာရုံစူးစိုက်နေသည်။

“ကောရှု၊ မင်းရဲ့တပ်ဖွဲ့တွေကို လွှတ်လိုက်တော့…” သူက ခပ်ပြတ်ပြတ် အမိန့််ပေးလိုက်သည်။

အခြားတစ်ဖက်တွင် တန်ခိုးရှင်သစ်ခုတ်သမားက ညာလက်ကို ပြန်ချလိုက်ပြီး ဘယ်လက်အား မြှောက်ကာ လက်သန်းကို ကွေးထားသည်။ ရွှင်ပျော်ပျော်ကျေးရွာတွင် ကောင်းကင်နတ်မင်းထျန်းရှုက အရက်တစ်ငုံ ငုံထားရင်း တော်ဝင်မုခ်ဝနတ်ဓားမအား ထမ်းထား၏။ သူက ရယ်မောလျက် ပြောသည်။ “စစ်သည်တော်အပေါင်းတို့ ရန်သူကို သတ်ဖို့ ငါ့နောက် လိုက်ခဲ့ကြဟေ့”

သူက ခြေ‌ဗလာဖြင့် ပြေးသွား၏။ သူ၏အနောက်တွင် ရွှင်ပျော်ပျော်ကျေးရွာရှိ ထောင်သောင်းပေါင်းများစွာသော စစ်သည်တော်များကလည်း ခြေဗလာဖြင့် ပြေးလိုက်လာကြသည်။ သူတို့က ကောရှု၏ စစ်တပ်တစ်တပ်လုံးအား နေရာမရွေး ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

ကျူရှောက်ပင်က မဆိုင်းမတွ ဆုံးဖြတ်ချက်ချ၍ အော်ဟစ်လိုက်သည်။ “ယိုရှု၊ မင်တုကောင်းကင်နတ်မင်းကို တားဆီးဖို့ မင်းရဲ့ တပ်ဖွဲ့တွေ စေလွတ်လိုက်”

ယိုရှုသည်လည်း စစ်တန်းကြီးကို ဦးဆောင်၍ စတင်ရွက်လွှင့်သည်။ အမြှောက်သင်္ဘောရှိ နေမင်းက ထွန်းလင်းစွာတောက်ပနေပြီး အဝေးအထိ နေရောင်တို့ဖြာကျနေစေ၏။ မင်တုကောင်းကင်နတ်မင်းတျန်းရှုသည် ယိုတုမိစ္ဆာလမ်းစဉ်ကို ကျင့်ကြံ၏။ နေရောင် သူ့အပေါ် ဖြာကျလာသည့်အခါ မိစ္ဆာချီတို့က ရှဲရှဲမြည်လာ၏။

တန်ခိုးရှင်သစ်ခုတ်သမားက မျက်ခုံးပင့်လိုက်သည်။ သူက လက်သီးဆုပ်လျက် လက်ညှိုးထောင်လိုက်၏။

သူ၏လက်ညှိုးထောင်လာသည့် အချိန်တွင် မြစိမ်းဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်နဂါးမျိုးနွယ်ကိုဦးဆောင်ကာ ယိုရှုစစ်တပ်အား တိုက်ခိုက်သည်။

ကျူရှောက်ပင်က နှာခေါင်းရှုံ့လိုက်၏။ “ကောင်းကင်နတ်မြစ်ရေတပ်အတွက် နဂါးဆိုတာ ပိုးကောင်သာသာပဲကွ… လျို့ကျား၊ မြစိမ်းဧကရာဇ်ချင်းဟွမ်ကို တိုက်ခိုက်ချေမှုန်းလိုက်”

လျို့ကျား ထွက်လာသည်နှင့် တန်ခိုးရှင်သစ်ခုတ်သမားက သတ်ပြင်းချကာ ပြောသည်။ “ကျစ်ရှီ၊ မင်း သွားတော့”

ယန်ယွင်ရှီက ခပ်ဟဟ ရယ်လျက် သူမ၏ မြည်း လုကျန်းကို စီးသွားသည်။ သူမက စစ်တပ်တစ်တပ်ကို ဦးဆောင်လျက် လျို့ကျား ဦးဆောင်သော ကောင်းကင်နတ်မြစ်ရေတပ်ထံ ဦးတည်သွားကာ အော်ဟစ်လိုက်၏။ “တိုက်ပွဲ၀င်္ကပါတစ်ခု ဖွဲ့တည်ကြ”

“ကောင်းကင်ဆရာသခင်ကျစ်ရှီက မိန်းမတစ်ယောက်နဲ့ တူတယ်”

သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာက စိတ်ထဲမှ ချီးကျူးလိုက်သည်။ “ဒါပေမဲ့ သူ့ရဲ့ အတိုက်အခိုက်ခွန်အားက သိပ်ကို ကြောက်ဖို့ကောင်းတယ်… အခု ငါ့အလှည့်မလား”

ကျူရှောက်ပင်၏ အနောက်မှ နောက်ထပ်စစ်တပ်တစ်တပ် ချီတက်လာသည်။ တန်ခိုးရှင်သစ်ခုတ်သမားက ရွှင်ပျော်ပျော်ကျေးရွာ၏ ၃၃ ဘုံမြောက် ကောင်းကင်ဘုံကို ဦးဆောင်ကာ သွားရောက်တိုက်ခိုက်၏။ ချင်ဟန်ကျန်းမျိုးဆက်မှ ချင်မျိုးနွယ်ဝင်များပင်လျှင် စေလွှတ်ခံရသည်။ ကွမ်းချာတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

ကွမ်းချာက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၍ တန်ခိုးရှင်သစ်ခုတ်သမား၏‌ နောက်စေ့ကို စိုက်ကြည့်နေသည်။

နောက်ဆုံးတော့ တန်ခိုးရှင်သစ်ခုတ်သမားက လက်မ ထောင်ပြလိုက်၏။ နတ်ဘုရင်လန်ဝူက ဖန်ဆင်းရှင်များကို ဦးဆောင်လျက် ကောင်းကင်နတ်မြစ်ရေတပ် ပင်မစစ်စခန်းဆီသို့ ဦးတည်သွားချေပြီ။

ကျူရှောက်ပင်၏ ဘေးတွင် သူ၏ကိုယ်ရံတော်များသာ ကျန်ရစ်ခဲ့သည်။ နတ်ဘုရားမိစ္ဆာများစွာ ကျန်သေးသော်လည်း သူတို့အတွက် နတ်ဘုရင်လန်ဝူကို တားဆီးနိုင်ရန် ခက်ခဲ၏။

ကျူရှောက်ပင်က ရယ်မောလျက် လန်ဝူ၏ ဖန်ဆင်းရှင်စစ်တပ်အား တိုက်ခိုက်ခွင့်ပေးထားသည်။ သူတို့ကြားရှိ အကွာအဝေးက မိုင်တစ်ရာအောက်သာ ကျန်ရစ်တော့သည့်အချိန်တွင် သူ့အနောက်ရှိ သင်္ဘောမှ ကန့်လန့်ကာ ပျောက်ကွယ်သွားပြီး ဧရာမကောင်းကင်လက်နက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ဘိုးဘေးနန်းတော်၏ ထိုက်ကျိကျောက်တုံးတွင်း ဖြစ်လေသည်။

ကျူရှောက်ပင်က ဦးညွှတ်အရိုအသေပေး၍ ပြုံးကာ လျှောက်တင်၏။ “ကျေးဇူးပြု၍ ကြွရောက်လာပေးပါ ထိုက်ယင်နတ်ဘုရားမခင်ဗျာ”

ထိုက်ယင်နတ်ဘုရားမက ထိုက်ကျိကျောက်တုံးတွင်းထဲမှ မြောက်တက်လာပြီး ထိုက်ကျိကျောက်တုံးတွင်းအား ဆွဲယူလိုက်သည်။

ကျူရှောက်ပင်က ပြုံးကာ ဆို၏။ “၀မ်တျန်းကဲ၊ ရွှင်ပျော်ပျော်ကျေးရွာထဲမှာ တိရီယွဲ့ ရှိသေးတယ်မလား… သူ့ကို ထုတ်ပြလိုက်တော့လေ… ဒီမျိုးဆက်ရဲ့ ခိုင်ဧကရာဇ်က ငါ့စစ်တပ်ကို အနိုင်ယူနိုင်မလား ကြည့်ကြတာပေါ့”

တန်ခိုးရှင်သစ်ခုတ်သမားက ခပ်ယဲ့ယဲ့ ပြုံးရင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အရှင်မင်းကြီးခင်ဗျာ…”

ရုတ်တရက် အမျိုးသမီးတစ်ဦးက ကောင်းကင်နတ်မင်းလီရုံလန်၏ ပရမတ္တလှေပေါ်မှ ပျံတက်လာသည်။ သူမက ပရမတ္တလှေကို ၀န်းရံထားသည့် ကောင်းကင်နတ်မြစ်စစ်တပ်ကို လျှပ်စီးအရှိန်အဟုန်ဖြင့် ဖြတ်သန်းပြီး ကျူရှောက်ပင်ထံ တန်းတန်းမတ်မတ် ဦးတည်လာ၏။

ကျူရှောက်ပင်က ပြုံးလျက် ပြောသည်။ “ဆိုတော့ ခိုင်ဧကရာဇ် ထွက်လာပြီပေါ့လေ… မင်းက သစ္စာဖောက်ချင်ယဲ့ကို မမှီနိုင်တာတော့ နှမြောစရာပဲ’’

သူ့အနောက်ရှိ သင်္ဘောပေါ်မှ နောက်ထပ်ကန့်လန့်ကာတစ်ခု ပွင့်သွားပြန်သည်။ ၎င်းမှာ ဘိုးဘေးနန်းတော်မှ မီးတောင်ဆယ်ခုကျော်ကို လက်နက်များအဖြစ် သန့်စင်ထားခြင်းဖြစ်၏။ ကျူရှောက်ပင်၏ ကိုယ်ရံတော်များက ၀င်္ကပါတစ်ခုကို ခင်းကျင်းပြီး ကောင်းကင်လက်နက်များ အသက်သွင်းလျက် တိရိယွဲ့ကို ဝိုင်းထားရန် ပြင်ဆင်နေကြသည်။

ကျူရှောက်ပင်သည် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက အင်္ကျီလက်စများကို ခါ၍ ပြုံးနေသည်။ “၀မ်တျန်းကဲ ငါ့အနောက်က သင်္ဘောတစ်ဒါဇင်က ဘာလဲသိလား… မင်းကတော့ သိမှာမဟုတ်ဘူး… ဒီသင်္ဘောတွေက ကောင်းကင်နတ်မြစ်စေတီကို သယ်ဆောင်ထားတာ… ထိပ်တန်းတကာ့ ထိပ်တန်းစစ်သည်တော်တွေပဲ… ကောင်းကင်နတ်မြစ်စေတီအပြင် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်လက်နက် ၁၂ ခုလည်း ပါသေးတယ်… ဒါပေမဲ့ မင်းမှာတော့ စစ်တပ်အင်အားတောင် ကျန်သေးရဲ့လား”

သူ၏အမိန့်အောက်တွင် သင်္ဘောများပေါ်ရှိ ကန့်လန့်ကာများက တစ်ခုပြီးတစ်ခု ပွင့်ဟလာကြ၏။ နတ်ဘုရားများက ထိုသင်္ဘောများပေါ်တွင် ရပ်နေကြသည်။ သူတို့အားလုံးမှာ ကျောက်စိမ်းမြို့တော်အဆင့် ရှိသည့် နတ်ဘုရားမိစ္ဆာများ ဖြစ်ကြ၏။

ကောင်းကင်နတ်မြစ်ရေတပ်၏ အင်အားအကြီးဆုံးစစ်တပ်မှာ ကောင်းကင်နတ်မြစ်စေတီစစ်တပ် ဖြစ်သည်။ ယခုတွင် ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်တပ်မျာအားလုံး စုစည်းထားကြပြီး ဖြစ်သော်လည်း ကောင်းကင်နတ်မြစ်စေတီစစ်တပ်ကတော့ မလှုပ်ရှားရသေးချေ။

ထိုမျှသာမက သင်္ဘောစီတိုင်းတွင် ကောင်းကင်လက်နက်တစ်ခုစီ ပါရှိသည်။ ၎င်းတို့က တောင်တန်းများ၊ မြစ်ချောင်းများ၊ ပင်လယ်များနှင့် တိမ်တိုက်များ ဖြစ်ပြီး ဘိုးဘေးနန်းတော် အထွတ်အမြတ်နယ်မြေမှ သန့်စင်သွန်းလုပ်ထားကြခြင်း ဖြစ်လေသည်။

အာရုံအဖမ်းစားဆုံးအရာကတော့ အကျဉ်းထောင်ကိုးထပ်စင်မြင့်ဖြစ်၏။

ရုတ်တရက် တန်ခိုးရှင်သစ်ခုတ်သမား၏ ပါးပြင်၌ မျက်ရည်များ စီးကျလာပြီး သူက ရေရွတ်လိုက်သည်။ “ငါတို့ အောင်ပွဲတစ်ခု လိုအပ်တယ်…. မဟာအောင်ပွဲကြီးတစ်ခု…”

သူက စိတ်အေးသွားပုံရပြီး ရုတ်တရက် အော်ဟစ်လိုက်၏။ “စစ်သည်တော်တို့၊ နားထောင်ကြ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်လက်နက်ကို ထုတ်လိုက်ကြစမ်း”

တံငါသည်ဟန်ထန်းမှာ တစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်နေ၏။ သူက အနီရောင်ခွန်ငါးကြီးနှစ်ကောင်နှင့် ပူးပေါင်းကာ ကောရှောက်ကျိုင်အား တိုက်ခိုက်နေသည်။ ကောရှောက်ကျိုင်သည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် သူ၏ခွန်အားက ဟန်ထန်းထက် များစွာသာသည်။ ဟန်ထန်းသည် သားရဲလမ်းစဉ်တွင် ကျွမ်းကျင်ပြီး အမျိုးမျိုးသော သားရဲကြီးများကို မဆက်မပြတ် ထိန်းချုပ်လျက် ကောရှောက်ကျိုင်အား တိုက်ခိုက်နေ၏။ သို့သော် သူ၏ ခံနိုင်ရည်မှာ အကန့်အသတ် ရှိသဖြင့် ပြန်လည်တိုက်ခိုက်နိုင်သည့် အင်အား မရှိတော့ချေ။

သူ၏စစ်သည်တော်များစွာမှာလည်း ဒဏ်ရာရချေပြီ။ အများစုကတော့ သေဆုံးကုန်ကြ၏။ ဤအတိုင်း ဆက်သွားပါက သူတို့အားလုံး သေချာပေါက် ကျရှုံးရပေလိမ့်မည်။

ဤအခိုက်အတန့်တွင် တန်ခိုးရှင်သစ်ခုတ်သမား၏ အသံ ထွက်ပေါ်လာသည်။ ဟန်ထန်းမှာ အတော်လေး စိတ်ဓာတ်တက်ကြွသွားပြီး ခပ်မာမာ အော်ဟစ်လိုက်သည်။ “ကောင်းကင်တောင်တန်းနဲ့ မြစ်ပန်းချီတွေကို ထုတ်လိုက်ကြ”

ပန်းချီကားများ တစ်ခုပြီးတစ်ခု ကောင်းကင်တွင် ဖြန့်ကျက်လာကြပြီး ခမ်းနားသော တောင်တန်းများနှင့် မြစ်ချောင်းများက ပိတ်ကား‌များပေါ်တွင် ပေါ်လာသည်။ မကြာမီ ပန်းချီကားများက အစစ်အမှန် ဖြစ်လာကြ၏။

ကောင်းကင်နတ်ဘုံ၏ ရထားလှည်းငါးစီးစစ်တပ်မှာ တောင်တန်းနှင့် မြစ်ချောင်းများထဲ ၀င်ရောက်သွားမိသည်နှင့် အဆုံးမရှိအောင် လမ်းရှည်နေသည်ကို တွေ့လိုက်ကြရသည်။ ပြန်လှည့်ရန် ကြည့်လိုက်သည့်အချိန်တွင်လည်း လာရာလမ်းကို ရှာမတွေ့တော့ချေ။

ကောရှောက်ကျိုင် ခေါင်းမော့ကြည့်လိုက်ရာ အရွယ်အစားမျိုးစုံရှိသော ကမ္ဘာလောကများ ကောင်းကင်တွင် မြောလွင့်နေကြသည်ကို တွေ့လိုက်ရသည်။ ရထားလှည်းငါးစီး၏ ရထားလှည်းအချို့မှာလည်း ယင်ကောင်များကဲ့သို့ တဝဲဝဲ ပျံသန်းနေကြသည်ကို တွေ့လိုက်ရသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းချီဆရာသည် ကောင်းကင်ဘုံတို့၏ တောင်တန်းမြစ်ပြင်ပန်းချီများကို ရေးဆွဲထားခြင်းဖြစ်ပြီး ပန်းချီတစ်ကားစီတိုင်းက ကောင်းကင်ဘုံများကို တစ်ခုပြီးတစ်ခု ဆက်သွယ်ထားသည်။ ဟန်ထန်းက သူ၏ ကျန်ရှိသောတပ်ဖွဲ့နှင့် စစ်သည်တော်များကို ဦးဆောင်၍ ပြန့်ကျဲနေသော ရထားလှည်းငါးစီးစစ်တပ်ကို ချေမှုန်း၍ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်လိုက်၏။

ကောရှောက်ကျိုင်သည် ထိုအခြင်းအရာကို မြင်လျှင် သူ၏မျက်လုံးများ၌ ဒေါသများ ပြည့်နှက်သွားပြီး ကျန်ရှိသောတပ်ဖွဲ့များကို ဦးဆောင်၍ ဟန်ထန်းရှိသော ကောင်းကင်ဘုံအား တိုက်ခိုက်သည်။

ရုတ်တရက် သူ ရပ်တန့်သွားပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ရှေ့သို့ ကြည့်လိုက်သည်။ တောင်ထိပ်တစ်ခု တည်ရှိနေပြီး ၎င်းအပေါ်တွင် ရွှင်ပျော်ပျော်ဓား ကိုင်ထားသည့် လူတစ်ယောက်က ရပ်နေ၏။

ကောရှောက်ကျိုင်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ “ခိုင်ဧကရာဇ်ချင်ယဲ့၊ ခင်ဗျားက သေပြီမဟုတ်လား”

ထိုစဥ◌် ဗျပ်စောင်းသံတစ်ချက် ကြားလိုက်ရသဖြင့် နောက်ထပ်တောင်ထိပ်တစ်လုံးကို လှမ်းကြည့်လိုက်မိသည်။ ကောင်းကင်နတ်အရှင်ယွဲ့က တောင်ထိပ်တစ်လုံးပေါ်တွင် ထိုင်၍ ဗျပ်စောင်းအား တီးခတ်နေလေသည်။

သူ၏ စိတ်အစဉ်မှာ နောက်ကျိလာပြီး ခရမ်းရောင်မြူခိုးများ ဖုံးလွှမ်းထားသည့် တောင်ထိပ်တစ်လုံးကို အကြည့်ရောက်သွားသည်။ ကောင်းကင်နတ်အရှင်ယွင်ကား တာအိုသစ်ပင်တစ်ပင်အောက်တွင် ရပ်နေပြီး သူ၏အင်္ကျီစများက လေထဲတွင် မြောလွင့်နေသည်။

သူ၏နဖူးတွင် ချွေးစို့လာပြီး သူက ကျယ်လောင်စွာ ရယ်လိုက်၏။ “အကုန်အတုတွေ… ပန်းချီကားသက်သက်ပဲဟာ…”

ထိုအခိုက်အတန့်တွင် ပန်းချီကားထဲတွင် ချင်မူ၊ လန်ဝူ၊ ကောင်းကင်နတ်အရှင်ရုံ၊ မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းတို့ကိုလည်း တွေ့လိုက်ရသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပန်းချီဆရာသည် နားကန်းဟု လူသိများပြီး အိမ်ရှေစံမင်းသား ဖြစ်ခဲ့ဖူး၏။ သူ၏ပန်းချီလမ်းစဉ်က ကောင်းကင်ဘုံ ၂၈ ဘုံအဆင့်အထိ ရောက်နေခဲ့ပြီဖြစ်သည်။

ကောင်းကင်နတ်မြစ်တွင်မူ ပရမတ္တလှေသည် အဝိုင်းခံထားရပြီး အန္တရာယ်ကျရောက်ပေတော့မည်။ ကောင်းကင်နတ်မင်းလီရုံလန်က တန်ခိုးရှင်သစ်ခုတ်သမား၏ အော်သံကို ကြားလိုက်ရသည့်အချိန်တွင် အတော်လေး စိတ်ဓာတ်တက်ကြွသွားသည်။ သူ၏ အော်ဟစ်သံနှင့်အတူ ပရမတ္တလှေ၏ အခန်းများထဲမှ သင်္ဘောများ ပျံထွက်လာကြ၏။

ထိုသင်္ဘောများသည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ပေါင်းစည်းနေသည့် အပိုင်းအစများအလားပင်။ မကြာမီ ၎င်းတို့က ကောင်းကင်နတ်မြစ်အပေါ်ရှိ ပရမတ္တလှေအောက် မနိမ့်ကျသော အရာတစ်ခုကို ဖွဲ့တည်လိုက်သည်။

သင်္ဘောကို ဝေစွေ့ဖုန်းကိုယ်တိုင် ပုံစံရေးဆွဲထားခြင်းဖြစ်ပြီး ကောင်းကင်နတ်မြစ်၏ ကောင်းကင်နတ်မြစ်စေတီစစ်တပ်အား ထိုးဖောက်နိုင်ရန် အထူးရည်ရွယ်ထား၏။

ကောင်းကင်နတ်မင်းလီရုံလန်၏ ခန္ဓာကိုယ်က အလျင်အမြန် ပြန့်ကားကြီးထွားလာပြီး သင်္ဘောပေါ်သို့ ဆင်းသက်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “လက်နက်တွေမှာ အဆိပ်တွေ သုတ်လိုက်ကြ…. ငါနဲ့အတူ ကောင်းကင်နတ်မြစ်စေတီစစ်တပ်ကို ချေမှုန်းကြစို့”

သူ့လက်အောက်ရှိ စစ်သည်တော်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပို့လိုက်သော အဆိပ်များကို ကောင်းကင်လက်နက်များတွင် သုတ်လိမ်းလိုက်ကြပြီး ကောင်းကင်ရေတပ်သင်္ဘောများ၏ ခံစစ်ကို ဖောက်ထွက်သွားသည်။ ပြိုင်ဘက်ကင်းသော ဧရာမသင်္ဘောကြီးများက ကောင်းကင်နတ်မြစ်စေတီစစ်တပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြချေပြီ။

ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်တပ်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပို့လိုက်သော ကောင်းကင်လက်နက်အမျိုးမျိုးကို အသက်သွင်းလိုက်ကြပြီးနောက် တိုက်ပွဲအခြေအနေမှာ တစ်ခဏကြာ ပြောင်းပြန်ဖြစ်သွားသည်။ ကောင်းကင်နတ်မြစ်ရေတပ် အရေးနိမ့်နေလေပြီ။

ကျူရှောက်ပင်မှာ ဆောက်တည်ရာမရဖြစ်လာသည်။ ရုတ်တရက် ၀င်္ကပါတစ်ခု ဖြန့်ကျက်လာပြီး ကောင်းကင်နန်းဆောင်များ ကောင်းကင်တွင် ပေါ်လွင်လာသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်နန်းဆောင်များ နေရာတိုင်းတွင် ပြန့်ကျဲနေရာယူပြီးသည့်အခါ ရွှင်ပျော်ပျော်ကျေးရွာ၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက ၎င်းတို့ထဲသို့ ဝင်ရောက်၍ ကောင်းကင်နန်းဆောင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်။

“မဟာကောင်းကင်နတ်ဘုံ ၀င်္ကပါအခင်းအကျင်း”

ကျူရှောက်ပင်မှာ မူးဝေလာမိသည်။ ၀င်္ကပါ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ကောင်းကင်နတ်မြေရေတပ်မှာ ကောင်းကင်နတ်အရှင်များမှ တိုက်ခိုက်ခံနေရသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပြန့်ကျဲကုန်ကြသည်။

၀င်္ကပါက နတ်ဘုရင်လန်ဝူဆီသို့ ဦးတည်သွားပြီး သူမ၏ ဦးခေါင်းနောက်တွင် နေရာယူလိုက်၏။

လန်ဝူ ထိုက်ယင်နတ်ဘုရားမ၏ အသတ်ခံရတော့မည့်ဆဲဆဲ ဖြစ်နေသည့်အချိန်မှာပင် ဤ၀င်္ကပါက သူမ၏ဦးခေါင်းနောက်သို့ ဆင်းသက်လာသည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်၏ အရှိန်အဝါက သူမနှင့် ပေါင်းစည်းသွားပြီး သူမက မှင်သေသေ မေးလိုက်သည်။ “တာအိုမိတ်ဆွေထိုက်ယင်၊ တာအိုရပြီးသွားရင် ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ရှင် သိလား”

ထိုက်ယင်၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ထိုက်ကျိကျောက်တုံးတွင်းကို အသက်သွင်းလိုက်သည်။

“ငါ မသိဘူး”

လန်ဝူက လက်ဖဝါး မြှောက်လိုက်သည်။ “အခုတော့ ကျွန်မ သိနိုင်တော့မယ်… ရှင်လည်း ရှင် တောင့်တနေတဲ့ စွမ်းအားက ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆိုတာ မကြာခင် သိရတော့မယ်”

တန်ခိုးရှင်သစ်ခုတ်သမားက မျက်ရည်များ သုတ်လိုက်သည်။ သူ၏အနောက်တွင် သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာသည် လက်ရှိအခြေအနေကို တွေ့မြင်လိုက်ရပြီး သွေးများ ဆူပွက်လာကာ အငြိမ်မနေနိုင် ဖြစ်လာ၏။

သို့သော် တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို တိုက်ခိုက်ရန် အမိန့်မပေးပေ။ ကွမ်းချာမှာ အစက သည်းခံနိုင်သော်လည်း ယခုတွင် မခံနိုင်တော့သဖြင့် အော်ဟစ်လိုက်မိသည်။ “သစ်ခုတ်သမား ငါ့အလှည့်မလားကွ”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းခါသည်။

ကွမ်းချာမှာ တခဏစောင့်နေပြီးနောက် အော်ဟစ်လိုက်ပြန်သည်။ “ငါလည်း တိုက်ချင်တယ်ကွ”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းခါကာ ပြော၏။ “မင်း တိုက်လို့မဖြစ်ဘူး…. မင်း သွားတိုက်ခိုက်ရင် ကျူရှောက်ပင်က ငါ့ကို လာသတ်လိမ့်မယ်… ငါ သေရင် ရွှင်ပျော်ပျော်ကျေးရွာ ရှုံးသွားလိမ့်မယ်.. ငါ သေလို့မဖြစ်ဘူး… မင်း ဒီနေရာမှာရှိနေသရွေ့ ကျူရှောက်ပင် ငါ့ကို လာမသတ်ရဲဘူး… မင်းရဲ့ တာဝန်က ငါ့ကို ကာကွယ်ပေးဖို့ပဲ”

သိုင်းပညာကောင်းကင်ဆရာသခင်မှာ ဒေါသတကြီးဖြင့် လက်သီးကို မြှောက်လိုက်သည်။ နျိုစန်းသွောက ချက်ချင်း လူအသွင်ပြောင်း၍ သူ့ကို ချုပ်ကာ အော်ဟစ်လိုက်သည်။ “သခင်ကြီး၊ မလုပ်ပါနဲ့… သခင်ကြီး သူ့ကို သတ်လိုက်ရင် ရွှင်ပျော်ပျော်ကျေးရွာ သေချာပေါက် ရှုံးသွားလိမ့်မယ်”

တန်ခိုးရှင်သစ်ခုတ်သမားသည် တည်ကြည်လေးနက်စွာ ပြော၏။ “မင်း စန်းသွောစကား နားထောင်သင့်တယ်… ငါ့ကို ကာကွယ်ပေးတာက အကောင်းဆုံး အကျိုးသယ်ပိုးတာပဲ”

သိုင်းပညာကောင်းကင်ဆရာသခင်မှာ ဒေါသတကြီး ဟိန်းဟောက်၍ နျိုစန်းသွောကို ခါထုတ်လိုက်၏။ သူက တင်ပျဉ်ခွေထိုင်လျက် ကျောက်တုံးများကို ခြေနေသည်။

ကျားနက်နတ်မင်းမှာ အသံပင် မထွက်ရဲဘဲ တန်ခိုးရှင်သစ်ခုတ်သမားဘေးတွင် ထိုင်လျက် မြေပြင်ကို စိုက်ကြည့်နေတော့၏။

All Chapters