တပ်အပေါင်းတို့ ရှုံးနိမ့်ခြင်း
Vol. 130 Ch. 1678
“ကမ္ဘာဦးဘုံအတွက် အောင်ပွဲ လိုတယ်... လူသားတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးမယ့် မဟာအောင်ပွဲ”
တောင်ပင်လယ်တွင် ကျွန်းစုများက ကြယ်တာရာ အစုအဝေးများကဲ့သို့ စုအုံနေကြသည်။ အရွယ်အစားမျိုးစုံရှိသော ကျွန်းများက နေရာတိုင်းတွင် ပြန့်ကြဲနေကြ၏။ ချိဧကရာဇ်နှင့် မင်ဧကရာဇ်က တောင်ပင်လယ်ထဲရှိ နဂါးငါးကောင်ကျွန်း အရှေ့တွင် ရပ်နေကြသည်။
ချိမင်မျိုးနွယ်ဝင်များသည် ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရားများအဖြစ် ပြောင်းလဲ၍ ကျွန်းများပေါ်မှ ထွက်ခွာသွားကြ၏။ ကောင်းကင်နတ်ဘုံ၏ နယ်စားစစ်တပ် ၃၉ တပ်က အင်အားအပြည့်ဖြင့် သူတို့အား နှိပ်ကွပ်တိုက်ခိုက်နေကြသည်။ စစ်တပ် ၃၉ တပ်အနက်မှ စစ်တပ်တစ်တပ်ကပင် ချိမင်ရွှမ်းခုံးကမ္ဘာ၏ နတ်ဘုရားမိစ္ဆာများထက် အရေအတွက်သာနေသည်။
ချိမင်ရွှမ်းခုံးကမ္ဘာ၏ နတ်ဘုရားမိစ္ဆာပမာဏမှာ ကောင်းကင်ဘုံတစ်ဘုံဖြင့်သာ ညီမျှသည်။ ချိမင်မျိုးနွယ်များမှာ ရဲစွမ်းသတ္တိ ရှိ၍ အတိုက်အခိုက်စွမ်းရည် ကျွမ်းကျင်သည့်အပြင် သန်မာအားကောင်းလှသော ရုပ်ခန္ဓာများဖြင့် တစ်ယောက်လျှင် သုံးဦးအထိ ယှဉ််ပြိုင်တိုက်ခိုက်နိုင်သော်လည်း မတန်မဆ ရန်သူစစ်တပ်အင်အားနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ အရေးနိမ့်နေတော့သည်။
ချိဧကရာဇ်နှင့် မင်ဧကရာဇ် ဤအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာ တောင်နတ်မင်းကျုချွဲ၏ ပံ့ပိုးထားပေးမှုကြောင့် ဖြစ်၏။
တောင်နတ်မင်းကျုချွဲသည် စစ်တပ်အင်အား သိပ်မရှိသော်လည်း သူမ၏ သမီး ယန်အာသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်အရှင်မူ အလေးထားသည့် စစ်သေနာပတိ မဟုတ်ပါလော။ ကလေးမွေးနေရသည့်အတွက် အနည်းငယ် နောက်ကျခဲ့သော်လည်း သူမ၏ သိုင်းအဆင့်ကား ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရှားပါးသော ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
သူမက တပ်ဖွဲ့များကို ဦးဆောင်ချီတက်သည်။ တောင်နတ်မင်းကျုချွဲက သူမတို့အား စောင့်ရှောက်ပေးသည်။ ဤသို့ဖြင့် ယန်အာ၏ စစ်တပ်သည် ချိမင်မျိုးနွယ်များနှင့်အတူ ဘယ်တောင်ပံ၊ ညာတောင်ပံမှ ညှပ်၍ အလယ်စစ်ကြော၌ နေရာယူထားသော နယ်စားစစ်တပ်များအား ထိန်းထားနိုင်ခဲ့၏။ ထိုသို့မဟုတ်လျှင် ချိမင်ရွှမ်းခုံးကမ္ဘာအနေဖြင့် ဤအချိန်အထိ တောင့်ခံထားနိုင်ရန် မလွယ်လှပေ။
သို့သော် ယန်အာ ဘေးမှ ပံ့ပိုးပေးနေသည့်တိုင် ချိဧကရာဇ်နှင့် မင်ဧကရာဇ်အတွက် အနိုင်ယူရန် အခွင့်မပေးသေးချေ။ ချိမင်ခေတ်၏ ဧကရာဇ်နှစ်ပါးသည် သေဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ပြန်လည်အသက်ဝင်လာကြသော်လည်း သူတို့၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများက နောက်ကျကျန်ခဲ့ချေပြီ။
ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို အလျင်အမြန် သင်ယူခဲ့ကြသော်လည်း အချိန်လိုအပ်နေခဲ့သေးသည်။
ကောင်းကင်နတ်ဘုံက သူတို့အား အချိန်ပေးမည် မဟုတ်ပေ။
ကောင်းကင်နတ်ဘုံ၏ ၃၉ ဖွဲ့သော နယ်စားစစ်တပ်တို့အနက် စစ်တပ်တစ်တပ်ချင်းစီအား ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးက ကြီးကြပ်ကွပ်ကဲနေသည်။ ဇာမဏီနတ်မင်း ချီရှားယွီ၏ ခန့်မှန်းမရနိုင်သော လှည့်ကွက်များကြောင့် ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့အတွက် အနိုင်ရနိုင်မည့် အခွင့်အရေးမရှိပေ။
“ကမ္ဘာဦးဘုံအတွက် မဟာအောင်ပွဲကြီး လိုအပ်တယ်”
ယန်အာ၏ အကြည့်က ချီရှားယွီ၏ စစ်တပ်အပေါ် ကျရောက်သွားသည်။ မီးတောက်များက ကောင်းကင်အထိ တောက်လောင်နေပြီး မီးငှက်များက လေထဲတွင် ပျံသန်းကခုန်နေကြ၏။ မီးတောက်များက အရှိန်အဟုန်ဖြင့် လောင်ကျွမ်း၍ ပင်လယ်ကို ဆူပွက်နေစေသည်။
မီးတောက်မီးလျှံများအကြားက ကောင်းကင်နန်းဆောင်ထဲတွင် ခေါင်းကိုးလုံးမီးငှက်များ ပျံသန်းနေသည့် ထူးဆန်းသော မြင်ကွင်း ထွက်ပေါ်လာ၏။
“ဇာမဏီနတ်မင်း ချီရှားယွီက ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ငါ တိတ်တဆိတ် နေရာချထားခဲ့တဲ့ သူလျှိုနယ်ရုပ်ပဲ”
တောင်နတ်မင်းကျုချွဲက သူမဘေးသို့ ရောက်လာပြီး ခေါင်းကိုးလုံးမီးငှက်ဆီ ကြည့်လိုက်သည်။ “သူက ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ငါ့ရဲ့ တပည့်မ… ငါတို့ သူ့ကို ကောင်းကင်နတ်ဘုံထဲ ထည့်သွင်းထားခဲ့တာ… သူ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး ရုတ်တရက် တိုက်ခိုက်မယ်ဆိုရင် ဦးတည်ရာသုံးဘက်ကနေ ငါတို့ညှပ်ပြီး တိုက်ခိုက်နိုင်လိမ့်မယ်… နယ်စားစစ်တပ်တွေကို ထိုးဖောက်ဖို့က ခက်ခဲတော့မှာမဟုတ်ဘူး”
ယန်အာက မေးလိုက်သည်။ “ဒါဆိုရင် အနီရောင်ဧကရာဇ်က ဘာလို့ မတိုက်ခိုက်သေးတာလဲ… ဘာကိုစောင့်နေတာလဲ”
တောင်နတ်မင်း တခဏ တုံဆိုင်းသွား၏။ “အရင်က သူဟာ အမိကမ္ဘာမြေကို သစ္စာဖောက်ပြီး တောင်နတ်မင်းနဲ့ ပူးပေါင်းခဲ့တယ်… အိမ်ရှေ့စံမင်းသားမင်ရ ကြောင့် အဖမ်းခံခဲ့ရတဲ့အခါ တောင်နတ်မင်းကို သစ္စာဖောက်ပြီး ကောင်းကင်နတ်ဘုံနဲ့ ပြန်လည်ပူးပေါင်းခဲ့တယ်... အဲဒါက ငါနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ ဖန်တီးထားတဲ့ အစီအစဉ််ပဲ.... ငါ စိုးရိမ်တာက သူ…”
သူမ ဆက်ပြောချင်စိတ် မရှိတော့ပေ။
ယန်အာက မေး၏။ “သူ ကောင်းကင်နတ်ဘုံရဲ့ အာဏာကို မစွန့်လွှတ်မှာ စိုးရိမ်နေတာလား…”
တောင်နတ်မင်း ခေါင်းညိတ်မိသည်။ “ကောင်းကင်နတ်ဘုံက သူ့ကို ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာအောင် လုပ်ပေးခဲ့ပြီးပြီလေ… သူဟာ အခုဆိုရင် ကောင်းကင်နတ်ဧကရာဇ် လက်အောက်မှာ ရှိပြီး မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေရဲ့ အထက်ကို ရောက်နေခဲ့ပြီ … သူ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်လာပြီး အာဏာကို တပ်မက်သွားမယ်ဆိုရင် ပြန်လှည့်လာနိုင်မယ့် လမ်းကြောင်းမရှိတော့ဘူး… ငါက သူ့ကို ပြန်လှည့်လာစေပြီး ငါနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကြားက နယ်ရုပ်တစ်ခု ဖြစ်စေချင်တာ… သူ့ကို စိတ်ပြောင်းစေနိုင်မယ့် အောင်ပွဲတစ်ခုပဲ ရှိတယ်… ဒါပေမယ့် ဒီအောင်ပွဲက… ”
ယန်အာ့နှလုံးသားမှာ အေးခဲသွားသည်။ သို့သော် ဤအောင်ပွဲသည် တောင်ပင်လယ်၌ ထွက်ပေါ်မလာနိုင်ချေ။
ယခုတွင် ဇာမဏီနတ်မင်း ချီရှားယွီသည် စိတ်မဆုံးဖြတ်ရသေးပေ။
သူမ ဆုံးဖြတ်ချက်ချလိုက်ပြီး တောင်ကောင်းကင်၏ နတ်ဘုရားတစ်ပိုင်းစစ်တပ်ကို ကိုယ်တိုင်ဦးဆောင်တိုက်ခိုက်လာလျှင် ကောင်းကင်နတ်အရှင်ဘဝသို့ ပြန်လှည့်စရာလမ်းကြောင်း မရှိတော့ချေ။
ကမ္ဘာဦးဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ဤတိုက်ပွဲက မည်သည့်နေရာမှ ထွက်ပေါ်လာပါမည်နည်း။
အနောက်ကမ္ဘာမြေတွင်
ယွဲ့ထင်းကဲသည် မိန်းမလှများဖြင့် ဝန်းရံခံထားရသော်လည်း လောလောဆယ် သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုမှ ရှိမနေပေ။ သူ ကောင်းကင်ဘုံများကို မော့ကြည့်နေပြီး စစ်တပ် ၂၇ တပ်ကို ဦးဆောင်သော အဖြူရောင်နတ်မင်းဆီသို့ အကဲခတ်နေသည်။ အဖြူရောင်နတ်မင်းက စစ်သည်တော်များအား မထိုးဖောက်နိုင်အောင် ခိုင်ခံသော ခံတပ်တစ်တပ်အား တည်ဆောက်နေစေသည်။ နှစ်ဖက်စလုံးရှိ တိုက်ပွဲက စတင်ပေတော့မည်။
ဧကရာဇ်ယန်ဖုန်းသည် ယွဲ့ထင်းကဲအား အနောက်ကမ္ဘာမြေတိုက်ပွဲကို ဦးဆောင်ရန် တာဝန်ပေးခဲ့သည်။ သို့သော် ယွဲ့ထင်းကဲ အနောက်ကမ္ဘာမြေသို့ ရောက်လာချိန်တွင် ဤနေရာသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပိုင်နက်ထဲတွင် အားအနည်းဆုံးမှန်း သိလိုက်ရ၏။
ကမ္ဘာဦးဘုံ၏ ချိပ်တံဆိပ် ပျက်စီးသွားခဲ့တုန်းက အနောက်ကမ္ဘာမြေသည် အပြင်တွင်သာ ချန်ထားခံခဲ့ရသောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ဆက်သွယ်နေခြင်း မရှိတော့ဘဲ သီးခြားနယ်မြေ ဖြစ်လာခဲ့သည်။
အနောက်ကမ္ဘာမြေကို အစစ်အမှန်ကောင်းကင်နန်းတော်အရှင်သခင် ရှုန်းချီအာနှင့် အထက်ကောင်းကင်မှ ရှုရှန်းဟွာတို့က ထိန်းသိမ်းထားခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည်လည်း နေရာရွှေ့ပြောင်းမုခ်၀များ ဆောက်လုပ်၍ လမ်းပိုင်းဆက်သွယ်ခြင်းနှင့် ကုန်သွယ်မှုကို ကွပ်ကဲခဲ့၏။
ဤသို့ ဝေးလံသော နေရာမှ အနောက်ကမ္ဘာမြေသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါသောအပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ယခုတွင် ပထဝီအနေအထားမှာ ဝေးကွာလွန်းသည်အပြင် ရှုရှန်းဟွာလည်း မရှိသောကြောင့် အနောက်ကမ္ဘာမြေအား ကာကွယ်ပေးရန်မှာ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်လာခဲ့၏။
အနောက်ကမ္ဘာမြေသည် အထွတ်အမြတ်နယ်မြေနှစ်ခုအဖြစ် အစစ်အမှန်ကောင်းကင်နန်းတော်နှင့် အထက်ကောင်းကင်တက္ကသိုလ်တို့ကို ပိုင်ဆိုင်ထားသည်။ အနောက်နတ်မင်းကျားဖြူသည် ဤနေရာတွင် တတိယမြောက်အထွတ်အမြတ်နယ်မြေကို တည်ဆောက်ခဲ့၏။ ကျားဖြူမျိုးနွယ်စုမှ အမျိုးသမီးများစွာက သန်မာသော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး ဤနေရာတွင် နေထိုင်ကြသည်။
သို့သော် စစ်သည်တော်အရေအတွက်မှာ နည်းလွန်း၏။
အနောက်ကမ္ဘာမြေ၏ ခမ်းနားသော တောင်တန်းများ၊ ရေကန်များနှင့် မြစ်ချောင်းအားလုံးကို အနောက်ကမ္ဘာမြေသူများမှ ဝိညာဉ်ဆင့်ခေါ်အတတ်ဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးက အဖြူရောင်နတ်မင်း၏ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သော ဘီလူးကြီးများအဖြစ် ပြောင်းလဲနေကြသည်။
ယွဲ့ထင်းကဲသည် တစ်ချိန်က ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ်ဆရာသခင် ဖြစ်ခဲ့သည့်အလျောက် အတော်လေး နာမည်ကျော်ကြားသည်။ သို့သော် မည်မျှထက်မြက်သော အမျိုးသမီးတစ်ယောက် ဖြစ်ပါစေ ဆန်မရှိဘဲ ထမင်းမချက်နိုင်သည် မဟုတ်ပါလား။ အနောက်ကမ္ဘာမြေတွင် နတ်ဘုရားမိစ္ဆာအရေအတွက် နည်းပါးလွန်းသောကြောင့် သူ့မှာ အခက်တွေ့နေတော့သည်။
ကံကောင်းစွာဖြင့် အနောက်ကမ္ဘာမြေသူများ၏ ဝိညာဉ်ဆင့်ခေါ်အတတ်ကား အလွန်တရာ စွမ်းအားကြီးသည်။ တောင်တန်းများ၊ ရေများ၊ အပင်များနှင့် သစ်ပင်များကို သက်ရှိများအဖြစ် ပြောင်းလဲပေးနိုင်၏။
သို့ထိတိုင် ယွဲ့ထင်းကဲမှာ အတော်လေးကြိုးစားအားထုတ်ရသည်။ ထိုမျှသာမက အနောက်နတ်မင်းကျားဖြူ၏ ပုံရိပ်သာ ဆင်းသက်လာပြီး သူမ၏ ခန္ဓာကိုယ်အစစ်အမှန်က ရောက်မလာသေးပေ။ ထို့ကြောင့် အနောက်ကမ္ဘာမြေတွင် အထောက်အပံ့ကင်းမဲ့နေတော့သည်။
“ကျားဖြူဟာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အနိုင်မရနိုင်ဘူး ခံစားရလို့ တွန့်ဆုတ်နေတာပဲ … ဒါကြောင့် သူ့ရဲ့ ပင်မစစ်တပ်ကို မလွှတ်ချင်တာ”
အနောက်ကမ္ဘာမြေသည် အနောက်ဝင်ရိုးစွန်းနှင့် စွမ်းအင်အကူးပြောင်းတံတားတစ်စင်း ဆက်သွယ်တည်ဆောက်ထားပြီး ဖြစ်သည်ကို ယွဲ့ထင်းကဲ ကောင်းကောင်းသိထား၏။ အနောက်နတ်မင်းနှင့် အနောက်နတ်မင်းကျားဖြူမျိုးနွယ်အတွက် ဆင်းသက်လာရန် ခက်ခဲမည်မဟုတ်ပေ။
အနောက်နတ်မင်းကျားဖြူ တုံ့ဆိုင်းနေရခြင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ သေချာပေါက်ရှုံးနိမ့်လိမ့်မည်ဟု ခံစားနေရသည့်အတွက်ကြောင့်ပင်။ သူမသည် သူမ၏ မျှော်လင့်ချက်အားလုံးကို ဤနေရာတွင်သာ စုပုံလောင်းကြေးမထပ်နိုင်ချေ။
“ဒီအခိုက်အတန့်မှာ ဘယ်တိုက်ပွဲပဲ ဖြစ်ဖြစ် နိုင်ပွဲ ရတာနဲ့ ဒီလို အရေးနိမ့်နေတဲ့ အခြေအနေကနေ ပြောင်းပြန်လှန်ပစ်နိုင်တယ်”
ယွဲ့ထင်းကဲမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း အထက်မှ ခုန်၀င်လာနေသော ကောင်းကင်နတ်ဘုံ၏ ကျားနှင့် မြေခွေးစစ်တပ်များကို ကြည့်လိုက်သည်။ သူက အံတင်းတင်းကြိတ်လျက် ကြိမ်းဝါးလိုက်သည်။ “ဘာပဲဖြစ်နေပါစေ နိုင်ပွဲရတဲ့ သတင်းမလာမချင်း တောင့်ခံထားရမယ်..”
ကမ္ဘာဦးဘုံမြောက်ဘက်… ရေခဲလွင်ပြင်၊ ရှောဖန်းမြို့တွင် ...
ဤနေရာ၏ ရာသီဥတုမှာ အေးစိမ့်သည့်အပြင် နှင်းများကလည်း ကျဆင်းနေသည်။ ဝေစွေ့ဖုန်းက ရှောဖန်းမြို့၏ အေးစက်လှသော လေထဲတွင် ရပ်၍ တစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ တောင်ကောင်းကင် မဟူရာနတ်မင်း နျန့်ကွမ်းဟယ်သည် စစ်တပ် ၄၀ နှင့် မိစ္ဆာဘိုးဘေးကြီး မဟာကာလ၏ မဟာမိတ်တို့အား ဦးဆောင်လျက် ချီတက်လာနေသည်ကို တွေ့လိုက်ရ၏။ နတ်ဘုရားမိစ္ဆာပမာဏမှာ များပြားလွန်းသဖြင့် ရေခဲပြင်တစ်ခုလုံးမှာ ပုရွက်ဆိတ်အုံနေသော ကြံသကာခဲကဲ့သို့ ပြည့်နှက်နေတော့သည်။
ဝေစွေ့ဖုန်း၏ အနောက်တွင်တော့ ယခင်ကတည်းက သူ၏ နောက်လိုက်များ ဖြစ်ကြသည့် ယွီလင်နန်းစောင့်တပ်ဖွဲ့ နေရာယူထားကြ၏။ ယွီလင်နန်းစောင့်တပ်ဖွဲ့အပြင် မန်သီလူရိုင်းနယ်မြေမှ ကာကွယ်သူများလည်းရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်သံချပ်ကာမှ ဝတ်ဆင်မထားပေ။ ခန္ဓာကိုယ်များကို စုံးစုံးမြုပ်နေစေသည့် အဝတ်ထူကြီးများကိုသာ ဝတ်ထားကြ၏။
သူတို့၏ ကျောပေါ်တွင်တော့ လိပ်နက်နတ်မင်း၏ ကောင်းကင်လက်နက် မိုးကြိုးငါးသွယ်ဒယ်အိုးကို သယ်ဆောင်ထားကြသည်။ ထို့အပြင် မြို့ထဲရှိ ဘဏ္ဍာတိုက်မှာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ သန့်စင်သွန်းလုပ်ထားသော အရာများဖြင့် ပြည့်နက်နေ၏။ ဥပမာအနေဖြင့် မိုးကြိုးငါးသွယ်ဒယ်အိုး၊ ကျားဖြူကောင်းကင်လက်နက်၊ မီးငှက်ရထားလှည်း၊ နဂါးစိမ်းဓားသွားနှင့် နတ်မင်းလေးပါး၏ စွမ်းအားများကို တုပ၍ သန့်စင်သွန်းလုပ်ထားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ အခြားလက်နက်များ ပါဝင်သည်။
ဝေစွေ့ဖုန်းက သူ၏လက်များကို ပွတ်၍ မျက်ခုံးတွင် တွဲခိုနေသော ရေခဲစများကို ဖယ်ရှားလိုက်၏။ “ဒီတိုက်ပွဲက တိုက်ခိုက်ဖို့ မလွယ်ဘူး …. မြောက်ကောင်းကင်နဲ့ အဲဒီ ခွေးကောင်ကြီး မဟာကာလက ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်… လိပ်နက်နတ်မင်းနှစ်ပါး တိုက်ရိုက်ဆင်းသက်လာပြီး ကောင်းကင်နတ်ဘုံနဲ့ မတိုက်ခိုက်ရဲတာ နှမြောစရာပဲ… အဲ့ဒီစုံတွဲက သိပ်ကို သတိကြီးလွန်းတယ်….”
တူ…တူ
စစ်ခရာသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဘုံ မိစ္ဆာအဖွဲ့လေးဆယ်က လူစုခွဲ၍ ရှောဖန်းမြို့အား ပတ်ကာ မန်သီလူရိုင်းနယ်မြေထဲရှိ အခြားနတ်ဘုရားမြို့များထံ ဦးတည်သွားကြတော့၏။
“သွားပြီ… ဒါက မြွေကို တွင်းထဲကနေ မျှားထုတ်နေတာပဲ…. နျန့်ကွမ်းဟယ် ဒီမြေကွင်းအိုကြီးက ရှောဖန်းမြို့ရဲ့ ခံစစ်က အသန်မာဆုံးဆိုတာ သိသွားလို့ အခြားနတ်ဘုရားမြို့တွေကို တိုက်ခိုက်ပြီး ငါ နတ်ဘုရားမြို့ကနေ ထွက်ခွာလို့ သူ့ကို တိုက်ခိုက်ရအောင် လုပ်နေတာပါလား”
ဝေစွေ့ဖုန်းက အံတင်းတင်းကြိတ်လျက် တိုက်ပွဲအလံကို လွှင့်ထူလိုက်သည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့များက သူတို့၏ မှော်စွမ်းအင်များကို အသက်သွင်းလိုက်ရာ မန်သီလူရိုင်းနယ်မြေရှိ ရေခဲပြင်ကြီးများက ချက်ချင်း အက်ကွဲလာသည်။ လှပခမ်းနားသော စစ်သင်္ဘောကြီးများက ရေခဲပြင်ထဲမှ ထွက်ပေါ်လာကြချေပြီ။
ဝေစွေ့ဖုန်းက သူ၏တပ်ဖွဲ့များကို ဦးဆောင်၍ မြို့ထဲမှ ထွက်ခွာချီတက်ကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်လက်နက်တွေကို စတေးကြ…”
ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့် ရှောဖန်းမြို့စောင့်တပ်ဖွဲ့များက သူ့အနောက်မှ လိုက်၍ ချီတက်သွားကြသည်။ မိုးကြိုးငါးသွယ်ဒယ်အိုးများက ကောင်းကင်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြပြီး ဘူးသီးခြောက်၏ အပေါက်ဝများ ကျယ်ပြန့်စွာ ဟလာသည်။ ထို့နောက် မိုးကြိုးများက ရေခဲပြင်များအပေါ်သို့ မိုးစက်များအလား ရွာကျလာ၏။
သို့သော် စစ်တပ်အဖွဲ့လေးဆယ် လူစုခွဲ၍ နတ်ဘုရားမြို့များကို တိုက်ခိုက်ခြင်းမှာ အယောင်ပြခြင်းသာ ဖြစ်သည်။ ဝေစွေ့ဖုန်း ရှောဖန်းမြို့မှ ထွက်လာသည့်အချိန်တွင် မဟူရာနတ်မင်း ဦးဆောင်သော မိစ္ဆာစစ်တပ်က သူ့ကို ဝိုင်းလိုက်ချေပြီ။
ဝေစွေ့ဖုန်းက တည်ငြိမ်အေးဆေးစွာဖြင့် တိုက်ပွဲကို လက်ခံလိုက်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သည်တော်များအနေဖြင့် ကြာကြာတောင့်ခံထားနိုင်မည် မဟုတ်ကြောင်း သိထားသည်။ မြောက်နတ်မင်းလိပ်နက်၏ ထောက်ပံ့ပေးမှုကို လိုအပ်၏။
မြောက်နတ်မင်းလိပ်နက်တို့ ဇနီးမောင်နှံကို စိတ်ပိုင်းဖြတ်စေနိုင်သည့် တစ်ခုတည်းသောအရာမှာ မမျှော်မှန်းထားသော အောင်ပွဲတစ်ခုပင် ဖြစ်သည်။
ဤအောင်ပွဲသည် တိုက်ပွဲအခြေအနေကို ပြောင်းလဲပေးနိုင်မည့် အဓိကသော့ချက် ဖြစ်၏။
အလံများက အရှေ့ပင်လယ်၏ သင်္ဘောများပေါ်တွင် တလူလူလွင့်နေကြသည်။ ကျန်းပိုင်ကွေ့သည် တည်ငြိမ်အေးဆေးစွာ ထိုင်လျက် အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်း၏ စစ်တပ် ပင်လယ်ရေမျက်နှာပြင်ထက်မှ ပေါ်ထွက်လာနေသည်ကို ကြည့်ရှုနေ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် နတ်ဘုရားမိစ္ဆာများအား တတ်နိုင်သမျှ စုဆောင်းခဲ့သော်လည်း အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းနှင့် ယှဉ်လျှင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အင်အားမှာ အစိမ်းရောင်နတ်မင်းအင်အား၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိလေသည်။
ဤတစ်ကြိမ်တွင် အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းသည် အရှေ့ကောင်းကင်၏ စစ်တပ် ၆၀ ဖွဲ့အားး ဦးဆောင်လာခဲ့၏။ ကောင်းကင်နတ်ဘုံ၏ အင်အားအကြီးမားဆုံး နတ်ဘုရားမိစ္ဆာများလည်း ပါဝင်သည်။
အစိမ်းရောင်နတ်မင်းသည် တိုက်ခိုက်ရန် အလောကြီးမနေပေ။ ထိုအစား သူက အရင်ဆုံး စခန်းချ၍ တစ်လှမ်းချင်း ချီတက်လာခဲ့၏။ တိုက်ပွဲခေါ်ဆိုနေသည့် အရိပ်အယောင်ဟူ၍ မရှိပေ။
“အစိမ်းရောင်နတ်မင်းက သူ့ရဲ့ တပ်ဖွဲ့တွေကို လုံးဝတိကျသေသပ်စွာ ထိန်းချုပ်ထားတာ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့က တောင်ကောင်းကင် အရှေ့နတ်မင်း၏ နတ်ဘုရားမိစ္ဆာစစ်တပ်အနေအထားကို လှမ်းကြည့်လိုက်သည်။ “အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းဆိုတဲ့အတိုင်းပါပဲ” သူ မှင်သေသေ ပြောသည်။ “ဒါပေမဲ့ အစိမ်းရောင်နတ်မင်းရဲ့ ဉာဏ်ပညာက မလုံလောက်တာတော့ နှမြောစရာပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင် သူ့ကို စစ်တပ်ဖွဲ့ သုံးဆယ် ပေးလိုက်ရင်တောင် ငါ သူ့ကို အနိုင်မယူနိုင်ဘူး… သူ့ကို စစ်တပ် ၆၀ ပေးလိုက်ရင်တော့ သူ မထိန်းချုပ်နိုင်တော့ဘူး.. သူ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး…. သူ့ရဲ့ ပါရမီက သူ့ရဲ့ ရာထူးနဲ့ မထိုက်တန်ဘူး… ဒါက သူ ရှုံးနိမ့်ပြီး သေဆုံးရမယ့် လမ်းစဉ်ပဲ”
ကျန်းပိုင်ကွေ့သည် အလံကိုလွှင့်၍ သူ၏တပ်ဖွဲ့များဖြင့် မြို့ထဲမှ ဦးဆောင်ထွက်ခွာသွား၏။ “အခု ဆရာပဲ ပထမဦးဆုံး အနိုင်ရမလား... ငါပဲ ပထမဆုံးအနိုင်ရမလား ကြည့်ရတာပေါ့”
ဤအခိုက်အတန့်တွင် နတ်ဘုရားတစ်ပါးက နေရာရွှေ့ပြောင်းမုခ်၀ထဲမှ ပြေးထွက်လာသည်။ သူသည် အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ “ကျွန်တော်တို့ နိုင်ပြီဗျို့… ရွှင်ပျော်ပျော်ကျေးရွာက ကောင်းကင်နတ်မြစ်ရေတပ်ကို ချေမှုန်းပြီး အနိုင်ရသွားခဲ့ပြီ”
ကျန်းပိုင်ကွေ့၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူက ခပ်တိုးတိုးပြောလိုက်သည်။ “အခုအချိန်အထိ ဆရာက သာနေတုန်းပါပဲ… တပ်ဖွဲ့တွေ ချီတက်ကြ..”
ကျန်းပိုင်ကွေ့၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မိစ္ဆာနတ်ဘုရားစစ်တပ်များက အရှေ့ပင်လယ်သို့ ချီတက်သွားကြသည်။ စစ်တပ်တစ်ဖွဲ့ချင်းစီသည် နှိုင်းယှဉ်၍မရနိုင်အောင် ရှုပ်ထွေးခက်ခဲပြီး အဆုံးမရှိသော ပြောင်းလဲမှုများနှင့်အတူ ခင်းကျင်းနေရာယူထားကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်က ရှေ့သို့ဆက်လက်ချီတက်ရင်း အခင်းအကျင်း၀င်္ကပါများကို ပြောင်းလဲနေသည်။
ငါးယောက်အဖွဲ့၊ ဆယ်ယောက်အဖွဲ့၊ အယောက်နှစ်ဆယ်အဖွဲ့၊ အယောက်တစ်ရာအစု၊ အယောက်ငါးရာအစု၊ အယောက်နှစ်ထောင့်ငါးရာ တပ်ခွဲ စဖြင့် ခွဲထားပြီး... တပ်ခွဲငါးဖွဲ့သည် တပ်မ, အဖြစ် စုစည်း၏။ အဖွဲ့လိုက် ဝင်္ကပါအခင်းအကျင်းများ ပြောင်းလဲလျက် ရှိပြီး ကျန်းပိုင်ကွေ့၏ ထိန်းချုပ်မှုအောက်မှ လုံးဝမလွတ်သွားပေ။
သူ၏၀င်္ကပါပညာက အလွန်တရာ အသေးစိတ်ကျပြီး တိမ်တိုက်များထက်ပင် နုနယ်သည် ဆိုရမည်။
သူ၏ထိန်းချုပ်နိုင်စွမ်းက အမြင့်ဆုံး ရောက်နေလေပြီ။
“အစိမ်းရောင်နတ်မင်းက သတိထားလွန်းတာ နှမြောဖို့ကောင်းတယ်... မဟုတ်ရင် ပထမဦးဆုံးအောင်ပွဲက ငါ့အပိုင် ဖြစ်ရမှာ”
ရွှင်ပျော်ပျော်ကျေးရွာ၏ မဟာအောင်ပွဲသတင်းက နေရာရွှေ့ပြောင်းမုခ်ဝတစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားပြီး တောင်ပင်လယ်၊ အနောက်ကမ္ဘာမြေနှင့် မန်သီလူရိုင်းနယ်မြေအထိ ရောက်သွားသည်။ ထို့နောက် သတင်းက အနောက်ဝင်ရိုးစွန်း၊ မြောက်၀င်ရိုးစွန်းနှင့် အခြားကမ္ဘာလောကတစ်သောင်းဆီသို့ စွမ်းအင်အကူးအပြောင်းတံတားများမှတဆင့် ကူးစက်ပျံ့နှံ့သွားချေပြီ။
ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံကို အတင်းအဓမ္မ စီးနင်း၍ ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ ကောင်းကင်နတ်မြစ်ရေတပ်သည် ကမ္ဘာဦးဘုံ၏ ကုန်းတွင်းပိုင်းတွင် ရွှင်ပျော်ပျော်ကျေးရွာနှင့် တိုက်ခိုက်ခဲ့၏။ ၀မ်းတျန်းကဲသည် ကောင်းကင်နတ်မြစ်ရေတပ်ကို အနိုင်ယူနိုင်ခဲ့သည်။ ကျူရှောက်ပင်က ကျန်သည့် တပ်ဖွဲ့များဖြင့် ပြန်ဆုတ်သွားခဲ့ပြီး ထိုက်ယင်နတ်ဘုရားမမှာ ဒဏ်ရာရသွားခဲ့သည်။ ရထားလှည်းငါးစီးစစ်တပ်မှာလည်း ချေမှုန်းဖျက်ဆီးခံခဲ့ရ၏။
ဤတိုက်ပွဲတွင် ကောင်းကင်နတ်မြစ်ရေတပ်၏ မရေမတွက်နိုင်သော သင်္ဘောများ ဖမ်းဆီးခံခဲ့ရပြီး အတော်လေး အထိနာခဲ့ရသည်။ မရေမတွက်နိုင်သော သုံ့ပန်းများကိုလည်း ဖမ်းဆီးရရှိခဲ့သည်။
သတင်းက တောမီးသဖွယ် ပျံ့နှံ့သွားကာ ကောင်းကင်ဘုံများကို တုန်လှုပ်သွားစေခဲ့သည်။
အနောက်ကမ္ဘာမြေတိုက်ပွဲတွင် ယွဲ့ထင်းကဲသည် သွေးပင်လယ်ကြား၌ ရပ်နေ၏။ သူ၏ မျက်နှာတွင် သွေးတို့ ပေကျံနေသော်လည်း သူက ခေါင်းမော့၍ ရယ်လိုက်သည်။ “ခိုင်ဧကရာဇ်ရဲ့ နံပါတ်တစ်ကောင်းကင်ဆရာသခင် ၀မ်တျန်းကဲက ငါ အနိုင်ယူတာ ခံခဲ့ရပေမယ့် ဒီတိုက်ပွဲကိုတော့ လှလှပပ အောင်နိုင်ခဲ့တာပဲ”
ရွှေရောင်အလင်းများ ကောင်းကင်တွင် ပြည့်နှက်သွားပြီး စွမ်းအင်အကူးအပြောင်းတံတားမှ အလင်းရောင်က နှိုင်းယှဉ်၍ မရနိုင်အောင် ထူထဲသိပ်သည်းလာသည်။ ကျားဖြူမျိုးနွယ်၏ မရေမတွက်နိုင်သော နတ်ဘုရားမများက စွမ်းအင်အကူးအပြောင်းတံတားဆီမှ ဆင်းသက်လာကြချေပြီ။
ကောင်းကင်အလွန်တွင် အနောက်ဝင်ရိုးစွန်းကောင်းကင်ဘုံသည် အလွန်ပြင်းထန်လှသော အင်အားဖြင့် ကမ္ဘာဦးဘုံ အနောက်ကမ္ဘာမြေဆီသို့ ဆွဲယူခံလာရသည်။
အနောက်နတ်မင်း ဆင်းသက်လာပေတော့မည်။