← Chapters

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အခြေအနေ

Vol. 130 Ch. 1679

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အခြေအနေ

Vol. 130 Ch. 1679

ကောင်းကင်တွင် ကြယ်တာရာများ ကယောက်ကယက် ပြန့်ကြဲကုန်သည်။ ယင်းက အနောက်နတ်မင်း သူမ၏ဘိုးဘေးနယ်မြေကို အနောက်ဝင်ရိုးစွန်းမှ ဆွဲယူဆင့်ခေါ်လာခြင်းကြောင့် ဖြစ်ပွားရခြင်းပင်။

အနောက်နတ်မင်းသည် သူမ၏ ဘိုးဘေးနယ်မြေနှင့်အတူ ဆင်းသက်လာပါက ကောင်းကင်နတ်အရှင်တစ်ပါး၏ အတိုက်အခိုက်အင်အားကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ထိုစဉ် အထွတ်အမြတ်လက်နက်တစ်ခုက စွမ်းအင်အကူးအပြောင်းတံတားထဲမှ ပျံထွက်လာသည်။ ၎င်းက အလွန်တရာ ရှည်လျားသည့် ရွှေရောင်ခရာတစ်လက် ဖြစ်၏။ အနောက်နတ်မင်း ဆင်းသက်မလာခင်မှာပင် အနောက်ဝင်ရိုးစွန်း၏ အထွတ်အမြတ်လက်နက်က ထွက်ပေါ်လာခဲ့လေပြီ။

ခရာသည် ၎င်းဘာသာ၎င်း ရွေ့လျားခြင်း မရှိပေ။ ရုတ်တရက် တူခနဲ ဧရာမစစ်ခရာသံကြီး ပျံ့လွင့်လာသည်။ ယွဲ့ထင်းကဲနှင့် အနောက်ကမ္ဘာမြေ၏ စစ်သည်တော်အားလုံး သွေးများဆူပွက်လာ၍ စိတ်ခွန်အားတို့ ဆယ်ဆ ပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်တို့၏စွ မ်းအားက ထောင်တက်သွားကြသည်။

ခရာသံက သူတို့၏ နှလုံးသားထဲရှိ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးကာ ရန်သူကို တိုက်ခိုက်ရန် တိုက်တွန်းနေသည်။ သူတို့၏ နှလုံးသားထဲတွင် သူတို့သည် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းလိမ့်မည်ဟု ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။

အဖြူရောင်နတ်မင်းမှာ အံ့အားသင့်သွားသည်။ အနောက်ဝင်ရိုးစွန်း အထွတ်အမြတ်လက်နက်မှ ခရာသံက သူ ဦးဆောင်သည့် ကောင်းကင်နတ်ဘုံစစ်တပ်မှ ချီနှင့် သွေးတို့ကို အလျင်အမြန် လျော့ကျလာစေ၏။ ရန်သူမှာ ပြိုင်ဘက်ကင်းသည်ဟု သူ ခံစားလာရသည်။

အနောက်နတ်မင်း ကျားဖြူသည် ကမ္ဘာဦးခေတ်တုန်းက ရှေးဟောင်းစစ်နတ်ဘုရားမ ဖြစ်သည့်အလျောက် စစ်ပွဲများစွာအား တာဝန်ယူခဲ့၏။

အနောက်နတ်မင်း ထွက်ပေါ်မလာခင်မှာပင် ခရာက ဦးစွာရောက်လာခဲ့သည်။ ခရာသံနှင့်အတူ အနောက်ဝင်ရိုးစွန်း၏ စစ်တပ် ရောက်ချလာခြင်းကြောင့် အနိုင်ရမည့်အစား ရှုံးနိမ့်တော့မည်ဟု အဖြူရောင်နတ်မင်း ခံစားလာရသည်။

“ငါတို့ ကောင်းကင်လက်နက်ကို သိမ်းပိုက်ရမယ်”

အဖြူရောင်နတ်မင်းက သံချေးရောင်အလံကျမ်းကို အသက်သွင်းလိုက်ရာ သံချေးတက်နေသော အလံရွက်ကြီးက ရန်သူ့တို့အပေါ် ဖုံးအုပ်သွား၏။ သူက အော်ဟစ်လိုက်သည်။ “ကောင်းကင်မုခ်၀ကို စတေးကြ…”

ဝုန်း…

ဘိုးဘေးနန်းတော်၏ အနောက်ကောင်းမုခ်၀ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ အဖြူရောင်နတ်မင်း သံချေးရောင်အလံကျမ်း အသက်သွင်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းက အနောက်ကောင်းကင်မုခ်၀၏ အပေါက်ဝမှ ဖြတ်သန်းထွက်ခွာသွား၏။ ၎င်းတို့က ရွှေရောင်ဓားများအလား အနောက်ကမ္ဘာမြေ၏ စစ်သည်တော်များထံ ဦးတည်ပြေးဝင်သွားချေပြီ။

ယွဲ့ထင်းကဲက ချက်ချင်းပင် ၀င်္ကပါကို ပြောင်းလဲလိုက်သည်။ တောင်ဘီလူးကြီးများက သူ၏အရှေ့တွင် နေရာယူ၍ အနောက်ကောင်းကင်မုခ်၀ဆီမှ စွမ်းအားကို ခုခံကာကွယ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် သံချေးတက်နေသော သံမဏိအလံတစ်ရွက်က ရွှေရောင်မုခ်၀ထဲမှ ပျံသန်းထွက်ခွာလာသည်။ ၎င်းက ဘိုးဘေးနန်းတော် အနောက်ကောင်းကင်မုခ်၀၏ ရွှေရောင်ချီတို့ကို သယ်ဆောင်လျက် အနောက်နတ်မင်း၏ ခရာထံသို့ ဦးတည်သွားသည်။ အဖြူရောင်နတ်မင်း၏ အဝတ်များက တဖျတ်ဖျတ် လွင့်ခတ်နေပြီး သူက အလံပေါ်တွင် ရပ်ကာ ရတနာကို လုယူရန် ကြံစည်နေသည်။

ယွဲ့ထင်းကဲက ချက်ချင်းထ၍ သူ့ထက်အလျင် ခရာပေါ်သို့ ဆင်းသက်လိုက်၏။ ယွဲ့ထင်းကဲသည် စုတ်တီးစုတ်ပဲ့ နေတတ်သော တာအိုရသေ့တစ်ပါး ဖြစ်သော်လည်း သူ၏ အရှိန်အဝါက ခမ်းနားတင့်တယ်နေပြီး ကောင်းကင်စွမ်းအားတို့ကို ထုတ်လွှတ်ကာ အဖြူရောင်နတ်မင်းနှင့် ရင်ဆိုင်လိုက်သည်။

သူတို့နှစ်ယောက် ဝင်တိုက်သွားကြသည်နှင့် အဖြူရောင်နတ်မင်း၏ အရှိန်မှာ လျော့ကျသွား၏။ သူက ခရာထိပ်သို့ ဆင်းသက်လိုက်ပြီး အလံကို လွှဲရမ်းလိုက်သည်။ ကောင်းကင်နန်းဆောင်တစ်ခုက အလံထဲမှ ထွက်ပေါ်လာသည်။ “ကောင်းကင်ဆရာသခင်ယွဲ့၊ မင်းလို တာအိုရသေ့တစ်ဦးက ကောင်းကင်နတ်ဘုံကို သစ္စာဖောက်လိမ့်မယ် ထင်မထားခဲ့ဘူး”

ယွဲ့ထင်းကဲသည် ပေါက်ပြဲနေသော တာအိုရသေ့ဝတ်ရုံကို အမှုပင်မထားဘဲ ရယ်မောလိုက်ရင်း အေးဆေးစွာ တုံ့ပြန်၏။ “ကျုပ်တို့ တာအိုဂိုဏ်းက ဘယ်တုန်းကမှ ကောင်းကင်နတ်ဘုံဆီမှာ အညံ့မခံခဲ့ဖူးတဲ့ဟာ ဘယ်လို သစ္စာဖောက်ရမှာလဲ… တာအိုဂိုဏ်းရဲ့ တာအိုရသေ့တွေက သင်္ချာပဲ လေ့လာချင်ပြီး စကြ၀ဠာရဲ့ ထူးခြားဆန်းကြယ်မှုတွေကို သိချင်တာ… သူတို့ရဲ့ နှလုံးသားထဲမှာ သူတော်ကောင်းစိတ်ဓာတ်ရော သူယုတ်မာစိတ်ဓာတ်ရော ရှိမနေဘူး… “

အဖြူရောင်နတ်မင်း၏ မျက်နှာအမူအရာက မည်းမှောင်သွားသည်။ သူသည် ယွဲ့ထင်းကဲ၏ စွမ်းဆောင်ရည်ကို သိရှိထား၏။ ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်ဘုံအား ပျက်စီးစေခဲ့သည့် မဟာအကြံအစည်ပိုင်ရှင်မှာ ယွဲ့ထင်းကဲသာ ဖြစ်လေသည်။

ထိုစဉ်အခါတုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသည် ရှေးဟောင်းနတ်ဘုရားများ ဖြစ်သည့် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် နတ်မင်းလေးပါးတို့၏ ထောက်ခံမှု ရရှိထား၏။ ခိုင်ဧကရာဇ်၏ ချင်အင်ပါယာမှာလည်း အင်အားအကြီးမားဆုံး အခြေအနေတွင် ရှိခဲ့ပြီး ခိုင်ဧကရာဇ်ခေတ်ကလည်း တိုးတက်ဝပြောနေခဲ့သည်။ ပြုပြင်ပြောင်းလဲမှုက အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့သည်။

ထိုအချိန်တုန်းက ယွဲ့ထင်းကဲသည် ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ်ကောင်းကင်ဆရာသခင် ဖြစ်ခဲ့၏။ သူက ခိုင်ဧကရာဇ်ခေတ်ကို ကိုယ်တိုင်ဖျက်ဆီး၍ ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်လာမှုတို့ကို ချေမှုန်းကာ ချင်ယဲ့အား ရွှင်ပျော်ပျော်ကျေးရွာတွင် သွားရောက်ပုန်းနေစေခဲ့ရ၏။ ကောင်းကင်ဆရာသခင်လေးပါးမှာလည်း အရှုံးဖြင့် ထွက်ခွာသွားခဲ့ရပြီး တိုက်ခိုက်လိုစိတ် ပျောက်ကွယ်သွားခဲ့ကြရသည်။

ထိုမျှသာမက ယွဲ့ထင်းကဲသည် ကျင့်ကြံခြင်းအရာတွင်လည်း ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးပါးတွင် သူ၏ ကျင့်ကြံခြင်းအခြေခံက အမြင့်ဆုံးဖြစ်သည်။ ရှန့်ပင်းယင်၊ ပိုင်ယွီကျင့်နှင့် ကျူရှောက်ပင်တို့ထက်ပင် မြင့်မားလေသည်။

အရောင်နတ်မင်းလေးပါးသည် ကောင်းကင်ဆရာသခင်လေးပါးထက် ရာထူးမြင့်သော်လည်း ဤသို့ပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်ရသည့်အခါတွင်တော့ အဖြူရောင်နတ်မင်းအနေဖြင့် အနိုင်ရရန် ယုံကြည်ချက်အပြည့် မရှိပေ။

“အနောက်ကောင်းကင်မုခ်၀ ရှိနေတာ ကံကောင်းတာပဲ…”

ဝှမ်း.…

ဘိုးဘေးနန်းတော်၏ အနောက်ကောင်းကင်မုခ်၀သည် ပျံသန်းလာပြီး အဖြူရောင်နတ်မင်း၏ အနောက်တွင် ဆင်းသက်လိုက်ကာ အကန့်အသတ်မရှိသော ရွှေရောင်ချီတို့က အရပ်လေးမျက်နှာသို့ ပြန့်ထွက်သွား၏။

အဖြူရောင်နတ်မင်း၏ အရှိန်အဝါကား တဟုန်ထိုး တက်သွားသည်။ သူက‌ ရှေ့သို့ တက်ကာ ရွှေရောင်ခရာပေါ်တွင် ပြေးလွှားနေ၏။ သူ၏လက်ဖဝါးက အဆက်မပြတ် ပြောင်းလဲလာပြီး အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများအား ယွဲ့ထင်းကဲဆီ ပစ်လွှတ်နေသည်။

ယွဲ့ထင်းကဲက သူ၏ စုတ်စုတ်ပြတ်ပြတ် အသွင်အပြင်ကို ပြောင်းလဲလိုက်သည်။ သူ၏မျက်နှာအမူအရာက လေးနက်တည်ကြည်လာပြီး ပြေးဝင်လာနေသည့် အဖြူရောင်နတ်မင်း၏ ပုံရိပ်ကို စိုက်ကြည့်နေသည်။ သူ၏ လက်ချောင်းဆယ်‌ချောင်း လှုပ်ရှားသွားသည့်အခါ မရေမတွက်နိုင်သော သင်္ကေတများက သူ၏ ပတ်ပတ်လည်တွင် ပြင်းထန်စွာ လှည့်ပတ်လာကြသည်။ သူက အသားကုန် တွက်ချက်လျက် အဖြူရောင်နတ်မင်း၏ ကောင်းကင်နတ်သိုင်း အပြောင်းအလဲတို့အား လေ့လာနေသည်။ ပြစ်ချက် ရှာဖွေနေခြင်း ဖြစ်၏။

ဝုန်း….

သူတို့နှစ်ယောက်သား ချက်ချင်း ဝင်တိုက်သွားသည်။ အဖြူရောင်နတ်မင်းအား ဘိုးဘေးနန်းတော်၏ အနောက်ကောင်းကင်မုခ်၀က ထောက်ပံ့ပေးထားသည်။ သူ၏ မှော်စွမ်းအင်က တရိပ်ရိပ် မြင့်တက်နေပြီး ကောင်းကင်နတ်သိုင်းများကလည်း အဆုံးမဲ့နေသည်။ ယွဲ့ထင်းကဲမှာ အနောက်သို့ လွင့်ထွက်သွားပြီး လေလယ်တွင် သွေးတလုတ် အန်လိုက်ရ၏။

အဖြူရောင်နတ်မင်းကား ပြီးပြည့်စုံသော အခွင့်အရေးအား ရရှိခဲ့လေပြီ။ သူက ခရာအဆုံးတွင် ရပ်၍ အခြေအနေကို အခွင့်ကောင်းယူကာ ယွဲ့ထင်းကဲကို သတ်ဖြတ်ရန် ပြင်လိုက်သည်။

သူသည် ယွဲ့ထင်းကဲ၏ ကောင်းကင်နတ်သိုင်းတချို့ဖြင့် ထိုးနှက်ခံလိုက်ရသော်လည်း အကောင်းအတိုင်း ရှိနေသေး၏။ ထိုစဉ်မှာပဲ ခရာသံထွက်ပေါ်လာရာ အဖြူရောင်နတ်မင်း မျက်နှာအကြီးအကျယ် ပျက်သွားသည်။ ခရာသံ ထွက်ပေါ်လာသည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ ဖရိုဖရဲဖြစ်ကာ ချီနှင့်သွေးတို့ ပြောင်းပြန် စီးဆင်းကုန်သည်ကို ခံစားလိုက်ရ၏။ သွေးအားလုံးက သူ၏ နှလုံးတွင် တစ်ပြိုင်နက် စုစည်းသွားပြီး ကောင်းကင်နန်းဆောင်က ကောင်းကင်ရတနာများအပေါ် ဖိချလိုက်သည်။

ယွဲ့ထင်းကဲ၏ ပေါ့သေးသေး ထင်ရသော ကောင်းကင်နတ်သိုင်းများက ခရာနှင့် ပူးပေါင်းလိုက်သည့်အခါ ချေမှုန်းသတ်ဖြတ်နိုင်သည့် တိုက်ကွက်အဖြစ် ပြောင်းလဲသွားချေပြီ။

ဖောင်း…

သူ၏နှလုံး ပေါက်ကွဲသွားတော့သည်။ ကောင်းကင်နန်းဆောင်က သူ၏ကောင်းကင်ရတနာများအပေါ် ဖိချေပေတော့မည်။

အဖြူရောင်နတ်မင်းသည် သွေးအန်၍ နောက်သို့ အမြန်ဆုတ်သွား၏။ သူက ကောင်းကင်မုခ်၀ထဲသို့ ဖြတ်ခနဲ ဝင်ရောက်ကာ အဝေးသို့ ပျံသန်းသွားရင်း ခက်ထန်စွာ အော်သည်။ “ပြန်ဆုတ်ကြ.. ယွဲ့ထင်းကဲ နောက်တစ်ကြိမ်ကျ ပြန်တိုက်ကြတာပေါ့ကွာ”

ယွဲ့ထင်းကဲမှာ စိတ်အေးသက်သာစွာသက်ပြင်းချ၍ ဟန်ချက်ထိန်းလိုက်သည်။ သူ့မှာ သွေးတို့ ထပပ်အန်လိုက်ရ၏။

နံပါတ်တစ်ကောင်းကင်ဆရာသခင်သည် အတိုက်အခိုက်ခွန်အားကြောင့် နာမည်ကြီးခြင်း မဟုတ်ချေ။ သူ၏ ဒဏ်ရာများကလည်း အလွန်တရာ ပြင်းထန်ပေသည်။

မြောက်ပိုင်းနယ်စပ်၊ ရှောဖန်းမြို့တွင်...

စွမ်းအင်အကူးအပြောင်းတံတားများမှ မြောက်နတ်မင်းမျိုးနွယ်၏ နတ်ဘုရားမိစ္ဆာများ ထွက်လာကြသည်။ မြောက်နတ်မင်းသည် လိပ်နက်နှင့် မြွေပျံဖြစ်သည့်အတွက် ရွှမ်းမျိုးနွယ်နှင့် ဝူမျိုးနွယ်ဟူ၍ အဖွဲ့နှစ်ဖွဲ့ ရှိ၏။ လိပ်နက်သွေးဆက်က ရွှမ်းမျိုးနွယ် ဖြစ်ကာ၊ မြွေပျံမျိုးဆက်သည် ဝူမျိုးနွယ် ဖြစ်ချေသည်။

ထူးဆန်းသည်က လိပ်နက်မျိုးနွယ်၀င်အားလုံးမှာ ယောက်ျားများ ဖြစ်ကြသည်။ သူတို့သည် လိပ်နက်ဦးခေါင်း၊ လူခန္ဓာ၊ ကျောတွင် လိပ်ခွံတို့ဖြင့် မွေးဖွားလာခဲ့ကြ၏။

ဝူမျိုးနွယ်များကတော့ အမျိုးသမီးများသာ ဖြစ်ပြီး တောင်ပံတစ်ထောင်မြွေပျံ၏ တောင်ပံများကို ပိုင်ဆိုင်ထားကြသည်။

မြောက်နတ်မင်းမျိုးနွယ်၏ အမျိုးသား၊ အမျိုးသမီးများတွင် တချို့က မြောက်နတ်မင်း ကောင်းကင်လက်နက်ကို သယ်ဆောင်ထားကြသည်။ တချို့က ၀င်္ကပါပုံစံများ ပါရှိသည့် ဝါးကျည်တောက်များကို သယ်ထားကြ၏။ တချို့ကတော့ ဓားအိမ်များ သယ်ဆောင်ထားကြပြီး ထိုသို့ သယ်ဆောင်ထားကြသူ အရေအတွက်မှာ များပြားသည်။

ဝေစွေ့ဖုန်းမှာ ဝမ်းသာလွန်းသောကြောင့် မျက်ရည်များပင် ကျလာမိသည်။ အချိန်တိုအတွင်း သူနှင့် ရှောဖန်းမြို့မှာ အရေးနိမ့်နေခဲ့ရလေသည်။

ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အတိုက်အခိုက်စွမ်းရည်က အလွန်မြင့်မားသောကြောင့် ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်ဖွဲ့သည် စစ်တပ်ဖွဲ့လေးဆယ်ကို ခုခံကာကွယ်ထားနိုင်သော်လည်း ရှောဖန်းမြို့စောင့် စစ်သည်တော်များဘက်တွင် အတော်လေး အကျအဆုံး များပြားခဲ့သည်။

မြောက်ဝင်ရိုးစွန်းစစ်တပ်၏ အကူအညီကိုသာ မရလျှင် လုံးဝချေမှုန်း ဖျက်ဆီးခံကြရမည်ဖြစ်သည်။

မဟူရာနတ်မင်း နျန့်ကွမ်းဟယ်က ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်သည် ပြင်းထန်စွာ တုန်ခါနေသည်ကို တွေ့လိုက်ရ၏။ စွမ်းအင်အကူးအပြောင်းတံတားထဲရှိ စွမ်းအင်တို့က ပိုပို၍ ပြင်းထန်လာသည်။ ယင်းက နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့ ဆင်းသက်လာကြတော့မည့် အဓိပ္ပာယ်ပင်။

ထိုမျှသာမက ကောင်းကင်ထက်ရှိ ကြယ်တာရာများကလည်း ပြန့်ကြဲလွင့်မျောနေကြသည်။ ဧရာမအရာဝတ္ထုကြီးတစ်ခုက ကြယ်တာရာများအား တွန်းထုတ်ရင်း ဟင်းလင်းပြင်ကို ဖြတ်သန်းလာနေသည့်အလားပင်။ ဤသို့ဖြစ်ရပ်မျိုးက နတ်မင်းနှစ်ပါး၏ ဘိုးဘေးနယ်မြေ ဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းလာခြင်းကြောင့်သာ ဖြစ်လိမ့်မည်။

ဝေစွေ့ဖုန်းသည် အားအင်အပြည့်ဖြင့် ဟစ်ကြွေးလျက် သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ တိုက်ခိုက်သည်။ သူတို့က ရန်သူတပ်ဖွဲ့များကို ထိုးဖောက်ကာ အနောက်ဝင်ရိုးစွန်း၏ ရွှမ်းဝူစစ်တပ်နှင့် ပူးပေါင်းသွား၏။

နတ်မင်းနှစ်ပါး ဆင်းသက်လာသရွေ့ ရှောဖန်းမြို့စောင့်စစ်တပ် ဘေးကင်းပေလိမ့်မည်။

ရုတ်တရက် ဝေစွေ့ဖုန်း၏ ရင်မှာ ဒိန်းခနဲ ခုန်သွားသည်။ နျန့်ကွမ်းဟယ်သည် သူ့အား ဝိုင်းနိုင်ရန် စစ်တပ်ဖွဲ့လေးဆယ်၏ ခေါင်းဆောင်များကို ဦးဆောင်လျက် ယွီလင်နန်းစောင့်တပ်ဖွဲ့ထဲသို့ ထိုးခွင်းဝင်ရောက်လာချေပြီ။

“အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ဒီနေ့ ငါ မင်းကို ကျဆုံးသွားတဲ့ ဧကရာဇ်တစ်ပါး ဖြစ်သွားအောင် လုပ်ပေးမယ်”

နျန့်ကွမ်းဟယ်က နှာခေါင်းရှုံ့လိုက်သည်။ “ငါက အတွင်းဝန်မင်းငါးပါးရဲ့ ခေါင်းဆောင်ပဲ… မြောက်ကောင်းကင်ရဲ့ ဧကရာဇ်ပလ္လင်နဲ့ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေနဲ့အတူ မင်းကို သတ်ပေးမယ်”

၄၁ ဦးသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များသည် မန္တန်တစ်ခု ဖွဲ့တည်အသက်သွင်းလိုက်ကြ၏။ ဝေစွေ့ဖုန်းမှာ အဝတ်များ စုတ်ပြဲသွားပြီး အရေပြားသည်လည်း တစ်လက်မချင်း ပေါက်ကွဲကုန်သောကြောင့် ဒဏ်ရာများစွာ ထွက်ပေါ်လာတော့သည်။

“ဟားဟား…”

ဝေစွေ့ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အနက်ရောင်ဆံပင်တို့က လေထဲတွင် မြောလွင့်သွားပြီး သူ၏ခြေထောက်များက တုတ်ခိုင်တောင့်တင်းလာ၏။ သူက ခါးကို လှည့်၍ ပခုံး ခါလိုက်ရာ သူ၏ခန္ဓာကြီးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးထွားလာသည်။ သူက ခနဲ့သလို ရယ်ရင်းဖြင့် ပြော၏။ “နျန့်ကွမ်းဟယ်၊ မင်း ငါ့ကို အမြဲအထင်သေးခဲ့တာ ငါ သိပါတယ်… ဒါပေမဲ့ အဖြူရောင်နတ်မင်း ငါ့ကို ကိုယ်တိုင် မဖမ်းရဲတာ ဘာလို့လဲ သိလား… ဘာလို့ အဖြူရောင်နတ်မင်းက ကောင်းကင်ဆရာသခင်ပိုင်ယွီကျင့်ကို အကူအညီတောင်းပြီး ငါ့ကို ဖမ်းခိုင်းခဲ့တာလဲ…. အဲဒီနောက်ကွယ်က အကြောင်းအရင်းကို မင်း စဉ်းစားမကြည့်ဘူးလား”

အုန်း….

ဝေစွေ့ဖုန်း၏ ကျင့်ကြံခြင်းအခြေခံသည် မြင့်တက်သွားသည့််အလျောက် မရေမတွက်နိုင်သော ကြယ်တာရာများက ကောင်းကင်တွင် ကခုန်သွားကြသည်။ ကြယ်တာရာများ ဖြာဆင်းလာပြီး ကြယ်တာရာအလင်းတန်းတို့ ဖြာကျလာသည်။ ၎င်းက လေကို ဖြတ်သန်းစီးဆင်းသွားသော ကြယ်တာရာမြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

“ဘာလို့လဲဆိုတော့ ငါ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ အဖြူရောင်နတ်မင်း သိထားလို့ပဲ”

အဆုံးမဲ့ ကြယ်တာရာအလင်းတန်းတို့က ဝေစွေ့ဖုန်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြသည်။ သူသည် ကြယ်တာရာကောင်းကင်ကို ထိန်းချုပ်နိုင်နေသည့် ဧကရာဇ်တစ်ပါးအလားပင်။ နျန့်ကွမ်းဟယ်နှင့် ကျန်ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များမှာ သူ့အား မော့ကြည့်နေကြရသည်။

“ဘာလို့လဲဆိုတော့ နဂါးဟန်ခေတ် အစောပိုင်းတုန်းက ငါ့ကို သူ တွေ့ခဲ့ဖူးတယ်… ငါ နန်းစောင့်တပ်ဖွဲ့တွေကို ဦးဆောင်ပြီး အဆုံးသတ်မြို့ပျက်ကို ချေမှုန်း၊ နဂါးသိုက်ကို ဖျက်ဆီးပြီး ယွမ်မုကို နှင်ထုတ်ခဲ့တာ သူ တွေ့ခဲ့ရတယ်လေ”

ဝုန်း….

ဝေစွေ့ဖုန်း၏ အရှိန်အဝါက လုံးဝဥဿုံ ပေါက်ကွဲထွက်လာသည်။ သူ၏ အဖြူရောင်ဆံပင်တို့မှာ ကြယ်တာရာအလင်းတန်းတို့ကြောင့် ပို၍ ဖြူဖွေးလာပြီး သူ၏အသွင်သဏ္ဍာန်မှာ ကြယ်တာရာအလင်းတန်းတို့ဖြင့် ဖွဲ့တည်ထားသည့် ဘီလူးကြီးတစ်ကောင်အလား ခံညားထည်ဝါနေတော့သည်။

နန်းစောင့်တပ်ဖွဲ့များကား ဤအရာကို မျှော်လင့်ထားပုံရသည်။ ကူညီရန် ရောက်မလာကြဘဲ မိစ္ဆာဘုရင် ဦးဆောင်သည့် စစ်တပ်ဆီသို့ ဦးတည်ချီတက်သွားကြသည်။

သူတို့သည် ဝေစွေ့ဖုန်းနောက်မှ လိုက်၍ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို သိမ်းပိုက်ကာ နဂါးမြို့အား ဝင်ရောက်ဖျက်စီးခဲ့ကြ၏။ ထိုမျှသာမက ဝေစွေ့ဖုန်းက ကောင်းကင်နတ်ဧကရီကို သခင်မယွမ်မု လုပ်ကြံသတ်ဖြတ်သည့် တိုက်ပွဲတွင်လည်း အနိုင်ရခဲ့သူ ဖြစ်သည်။

ထိုတိုက်ပွဲက သူတို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နေရာယူထားသည်။

သူတို့၏ခေါင်းဆောင်က သူတို့၏ နှလုံးသားထဲတွင်တော့ ပြိုင်ဘက်ကင်းမှု၏ ပြယုဂ် ဖြစ်၏။

တစ်ချိန်တည်းမှာပင် တောင်ပင်လယ်၌

ဇာမဏီနတ်မင်း ချီရှားယွီလက်အောက်ရှိ တပ်ဖွဲ့များက ရုတ်တရက် လှုပ်ရှားလာပြီး ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့များအား အနောက်မှ တိုက်ခိုက်သည်။ ချီရှားယွီ၏ ဇာမဏီသင်္ဘောသည် အလွန်တရာ မြန်ဆန်ပြီး သူမလက်အောက်ရှိ ဇာမဏီမျိုးနွယ်ကလည်း အလွန်တရာ စွမ်းအားကြီးသည်။ သူတို့က ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့များအား ထိုးခွဲ၍ နယ်စားမင်းငါးပါးကို ဆက်တိုက် သတ်ဖြတ်ပစ်လိုက်သည်။ စစ်သေနာပတိများနှင့် ကျန်ဧကရာဇ်ပလ္လင်အဆင့်များသည်လည်း ချက်ချင်း တိုက်ခိုက်ခံကြရတော့သည်။

၃၉ ဖွဲ့သော နယ်စားစစ်တပ်တို့သည် ဇာမဏီနတ်မင်းအား တားဆီးခြင်းငှာ မစွမ်းသာတော့ချေ။

ချီရှားယွီ ပုန်ကန်ခဲ့လေပြီ။ သူမ လက်အောက်ရှိ မည်သည့်စစ်သည်တော်ကမှ သူမ၏ အမိန့်များကို အာခံခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ချီရှားယွီလက်အောက်ရှိ စစ်တပ်မှာလည်း ဇာမဏီမျိုးနွယ်ပင် ဖြစ်နေ၏။ ထိုမျှသာမက ခေါင်းကိုးလုံးဇာမဏီမျိုးနွယ် ဖြစ်ကြသည်။

သူမသည် မျိုးနွယ်စုခေါင်းဆောင် ဖြစ်၏။ ခေါင်းကိုးလုံးဇာမဏီမျိုးနွယ်၏ အတိုက်အခိုက် ခွန်အားမှာ အလွန်တရာ မြင့်မားသည်။ ချီရှားယွီကိုယ်တိုင်ကလည်း စွမ်းအားကြီးသော သွေးဆက်ဖြင့် မွေးဖွားလာခဲ့၏။ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကိုးမျိုးကို ကျင့်ကြံထားပြီး အလွန်တရာ ပါရမီထူးကဲသည်။

အရောင်နတ်မင်းလေးပါးထဲတွင် ဇာမဏီနတ်မင်းသည် ခွန်အားနှင့် အတိုက်အခိုက်စွမ်းရည်အရာတွင် အမြင့်မားဆုံး ဖြစ်၏။

ဇာမဏီသင်္ဘောက ရှေ့ဆုံးမှ ဦးဆောင်လာပြီး မရေမတွက်နိုင်သော ခေါင်းကိုးလုံးဇာမဏီများက ချီတက်လာကြသည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်မှာ ဖရိုဖရဲ ဖြစ်သွားပြီး ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့သည် အခွင့်ကောင်း မြင်သောကြောင့် ချက်ချင်း ဝင်ရောက်တိုက်ခိုက်ကြ၏။ ချိမင်ခေတ်၏ ဧကရာဇ်နှစ်ပါးက အရှေ့ဆုံးမှ ဦးဆောင်ပြီး ရန်သူတပ်မှူးဆီ ဖြိုခွင်းဝင်ရောက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ယန်အာနှင့် တောင်နတ်မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်ကို ဦးဆောင်ကာ ချီတက်သွား၏။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်မှာ ၀ရုန်းသုန်းကား ပြိုကွဲသွားပြီး စစ်ပွဲရလဒ်ကား သတ်မှတ်ပြီးသွားချေပြီ။

ရွှင်ပျော်ပျော်ကျေးရွာ၏ အောင်မြင်မှုက ကမ္ဘာဦးဘုံ၏ တိုက်ပွဲအခြေအနေအပေါ် သက်ရောက်မှု ရှိစေခဲ့သလို ရေရှည်သက်ရောက်မှုလည်း ရှိပေသည်။

ဤတိုက်ပွဲသာမက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်မှုများကြောင့် ကောင်းကင်ဘုံများရှိ ကမ္ဘာလောကအားလုံးသည် ကောင်းကင်နတ်ဘုံကား သူတို့ တွေးကြောက်နေခဲ့သလို ပြိုင်ဘက်ကင်းမဟုတ်မှန်း နားလည်သွားကြသည်။

ကောင်းကင်ဘုံရှိ ကမ္ဘာလောကများသည် ဒုက္ခခံခဲ့ရသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်ကာ ဤနှစ်များတလျှောက် ဆင်းရဲမုန်းတီးစွာ နေထိုင်ခဲ့ရသည်။ မကျေနပ်ချက်များ ရှိသော်လည်း မည်သူက ပုန်ကန်ရဲမည်နည်း။

ပုန်ကန်ရဲသူများသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် ချေမှုန်းဖျက်ဆီးခံခဲ့ကြရ၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင် ကမ္ဘာဦးဘုံကို စစ်ချီတက်နေသည့်အချိန်က ကောင်းကင်နတ်အရှင်များအပေါ် ပုန်ကန်ရန် အချိန်ကောင်းဖြစ်သည်ကို အားလုံး သိရှိထားကြသော်လည်း မည်သူကမှ မပုန်ကန်ရဲပေ။

ယခုတွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကမ်းပါးတိုက်ပွဲတွင် ကောင်းကင်နတ်မြစ်စစ်တပ်ကား မရှုမလှ ရှုံးနိမ့်ခဲ့ရချေပြီ။ ရထားလှည်းငါးစီးစစ်တပ်မှာလည်း နာမည်ပင် မကျန်တော့သည်အထိ ချေမှုန်းခံလိုက်ရသည်။

နောက်ဆုံးတော့ မီးပွားတစ်စ တောက်လောင်လာပြီဖြစ်၏။

ကောင်းကင်ဘုံများရှိ သံတမန်များက စွမ်းအင်အကူးအပြောင်းတံတားမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာကြပြီး ဧကရာဇ်ယန်ဖုန်းနှင့် တွေ့ဆုံခွင့်တောင်းကြသည်။ ဧကရာဇ်ယန်ဖုန်းမှာ ပင်ပန်းနေသော်လည်း သူ၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကိုတော့ ထိန်းချုပ်၍ မရနိုင်ပေ။

နောက်ဆုံးတွင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကား ကောင်းကင်နတ်ဘုံနှင့် ယှဉ်ပြိုင်နိုင်ရန် အရှိန်အဟုန် ရခဲ့လေပြီ။

All Chapters