မင်းက လူတော်တစ်ယောက်ပါ
Vol. 130 Ch. 1680
ကျူရှောက်ပင်က ကောင်းကင်နတ်မြစ်ရေတပ်၏ ကျန်ရှိသော စစ်သည်တော်များကို ဦးဆောင်ရင်း မိုင်သုံးသောင်းအထိ တပ်ဆုတ်သွားသည်။ တန်ခိုးရှင်တစ်ခုတ်သမားသည် သူ၏ စစ်သည်တော်များအား နောက်မှ လိုက်မသွားစေပေ။ ယခုတွင် အနိုင်ရလိုက်သော်ငြား ကောင်းကင်နတ်ဘုံ၏ ပင်မစစ်ကြောင်းခွဲ ထွက်မလာသေးသည်သာမက နန်းစောင့်တပ်ဆယ်တပ်၊ နယ်စားမင်း ၇ ပါး၊ အရှင်သခင် ၃ ပါး၊ အကြံပေး ၂ ယောက်၊ နန်းရင်းဝန် ၅ ပါးနှင့် အတွင်းရေးဝန်မင်း ငါးပါးတို့ ကျန်ရစ်နေသေးသည်။
ထိုမျှသာမက ကောင်းကင်နတ်မြစ်စစ်တပ်သည် စစ်ကြောင်းသုံးကြောင်းထဲမှ တစ်ကြောင်သာ ဖြစ်၏။ သူတို့ ရှုံးနိမ့်သွားသော်လည်း ပင်မစစ်ကြောင်းနှင့် ကျန်စစ်ကြောင်းများကတော့ ရှိနေသေးသည်။
ဤတိုက်ပွဲသည် ရွှင်ပျော်ပျော်ကျေးရွာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကမ္ဘာဦးဘုံတို့အတွက် မဟာအောင်ပွဲကြီး ဖြစ်လေသည်။ စကြ၀ဠာရှိ ကမ္ဘာလောက အားလုံးအတွက်လည်း ကြီးမားသော အောင်ပွဲကြီးဖြစ်သည့်တိုင် ကောင်းကင်နတ်ဘုံအတွက်တော့ သေးငယ်သော ရှုံးနိမ့်မှုတစ်ခုသာ ဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ကောင်းကင်နတ်ဘုံ၏ အရာရှိများသည် သူတို့၏ ပင်မစစ်ကြောင်းကို ဦးဆောင်ကာ နောက်ကျမှ ရောက်လာကြသည်။ သူတို့စစ်စခန်း ချလိုက်သည်မှာ ကောင်းကင်နတ်ဘုံကို ပြောင်းရွှေ့နေရာချလိုက်သကဲ့သို့ ခမ်းနားတင့်တယ်နေတော့သည်။
ကျူရှောက်ပင်က နန်းဆောင်ထဲသို့ ကပျာကယာ ဝင်ရောက်သွားပြီး နတ်ကောင်းကင်ခန်းမထဲသို့ ရောက်လာသည်။ သူက ကောင်းကင်နတ်ဧကရာဇ်အား ဒူးထောက်တောင်းပန်လိုက်သည်။
“အနိုင်နဲ့ အရှုံးဆိုတာ စစ်ပွဲမှာ တွေ့ကြုံနေကျပဲ မောင်မင်း … နိုင်တာ ရှုံးတာကို တစ်ခဏလေးနဲ့ သတ်မှတ်လို့ မရနိုင်ဘူး”
ကောင်းကင်နတ်ဧကရာဇ်က နူးညံ့ညင်သာစွာ မိန့်တော်မူသည်။ “ကံကောင်းစွာနဲ့ ၀န်မင်းရှု ဒဏ်ရာရမသွားဘူးဆိုတော့ ကိုယ်တော် စိတ်အေးပါပြီ… ကောရှောက်ကျိုင်နဲ့ အကျဉ်းထောင်ကိုးထပ်စင်မြင့် ရန်သူလက်ထဲ ရောက်သွားတာကတော့ နှမြောစရာပဲ… ဒီတိုက်ပွဲက မင်းကြောင့် မဟုတ်ပါဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုက ဒီလောက် ထူးဆန်းတဲ့အရာတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ငါကိုယ်တော် ထင်မထားခဲ့မိတာကြောင့်ပါ…”
သူက ပြုံးလိုက်၏။ “မဟာကောင်းကင်နတ်ဘုံရဲ့ ၀င်္ကပါမြေပုံတွေ၊ ကောင်းကင်နတ်မြစ်ရေတပ်ရဲ့ စေတီကို ဖျက်ဆီးနိုင်တဲ့ သင်္ဘောတွေ၊ ထူးဆန်းတဲ့ ရထားလှည်းပျံတွေ…. အဲဒါတွေအားလုံးက ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လိုအပ်ရတဲ့ အကြောင်းအရင်းပဲ”
ကျူရှောက်ပင်မှာ စကားမပြောရဲပေ။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဖန်တီးနိုင်စွမ်းက တစ်လောကလုံးမှာ အကောင်းဆုံးဖြစ်နေပြီ… ကောင်းကင်နတ်ဘုံရဲ့ ဖန်ဆင်းနိုင်စွမ်းကတော့ ဘာမှမရှိသလောက်ပဲ… ဒါကြောင့် ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အရယူရမယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထရပ်၍ မှင်သေသေ ပြောသည်။ “အဲ့ဒီသူပုန်တွေက အောင်မြင်မှုသေးသေးလေးကြောင့်နဲ့ ကောင်းကင်နတ်ဘုံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်နေကြပြီ ထင်နေတာ… ကောင်းကင်နတ်ဘုံနဲ့ ငါ့ကို လုံးဝ အထင်သေးထားကြတာပဲ… ဒီသူပုန်တွေ ထွက်မလာရဲလောက်ဘူး ထင်ခဲ့တာ… အခု သူတို့ကိုယ်တိုင် ထွက်လာကြတော့ ငါ တစ်ယောက်ချင်း လိုက်သတ်နေစရာ မလိုတော့ဘူးပေါ့…. ရွှင်ပျော်ပျော်ကျေးရွာကို သွား၊ အမြစ်ဖြတ်လိုက်စမ်း…”
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမြို့များသည် တစ်မြို့ပြီးတစ်မြို့ မြောက်တက်သွားကြ၏။ ကောင်းကင်နန်းဆောင်များက လေထဲတွင် ပျံသန်းလျက် ရွှင်ပျော်ပျော်ကျေးရွာထံ ဦးတည်ချဉ်းကပ်သွားကြသည်။
ကောင်းကင်နတ်ဘုံ၏ အရှင်သခင်သုံးပါးက ရှေ့မှ ဦးဆောင်ပြီး နန်းစောင့်တပ်ဖွဲ့လေးဖွဲ့ ဖြစ်သော နဂါးသိုင်းတပ်ဖွဲ့၊ နတ်ဗျူဟာတပ်ဖွဲ့၊ နတ်သိုင်းတပ်ဖွဲ့နှင့် နတ်ရှိန်ဝါတပ်ဖွဲ့တို့က နောက်မှ လိုက်ပါချီတက်ကြသည်။ ယင်းတပ်ဖွဲ့လေးဖွဲ့သည် လက်ဝဲလက်ယာ ဟူ၍ တပ်ခွဲနှစ်ခုစီ ပါရှိလေရာ စုစုပေါင်း တပ်မ ရှစ်ခု နှင့် ညီမျှတော့၏။ ၎င်းတို့အား ကောင်းကင်နတ်အရှင်ရှစ်ပါး ချီတက်နေသည်ဟုပင် တင်စားနိုင်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထိုက်ချူကို ကြည့်ကာ မိန့်သည်။ “နန်းစွန့်ဧကရာဇ်၊ ကမ္ဘာဦးဘုံရဲ့ ကောင်းကင်ပေါင်းမိုးကို ဖြိုခွင်းလိုက်သည်။
ထိုက်ချူက ဦးညွှတ်လိုက်သည်။ သူ ထရပ်လိုက်သည့်အခါ တာအိုသစ်ပင်တစ်ပင်က ကောင်းကင်သို့ ပျံတက်သွား၏။ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက အန္တိမဟင်းလင်းပြင်မှ ဆင်းသက်လာသည်။
သူ၏ တာအိုသစ်ပင်က မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံဆီသို့ ပျံသန်းဝင်ရောက်သွား၏။ တုန်ခါမှုတစ်ချက် ကြားလိုက်ရနိုင်ပြီး ကမ္ဘာဦးဘုံ၏ ကောင်းကင်မှာ အက်ကွဲလာသည်။ ၎င်းက ကောင်းကင်ပေါ်မှ ဆင်းသက်လာသော အလင်းတန်း ၄၉ တန်းအဖြစ် ပြောင်းလဲသွားပြီး ရွှင်ပျော်ပျော်ကျေးရွာအနောက်သို့ ကျရောက်သွား၏။
အလင်းတန်း ၄၉ တန်း ကျရောက်သွားသည့်နေရာမှာ ကောင်းကင်နယ်စားမင်း ကောင်းကင်နိယာမကို ထုတ်လွှတ်၍ ကမ္ဘာဦးဘုံ၏ ရွှမ်တုအဖြစ် ပြောင်းလဲထားခဲ့သော နေရာဖြစ်သည်။ အလင်းတန်း ၄၉ တန်းက ကောင်းကင်နယ်စားမင်းဘေးသို့ ကျရောက်လာပြီး သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်သွားသည့် ကောင်းကင်တာအိုအထွတ်အမြတ်ရတနာများအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်သည် ပြိုကွဲကြေမွသွားပြီး ကောင်းကင်တွင် ချိတ်ဆွဲနေသည့် နေ၊ လနှင့် ကြယ်တာရာများလည်း အစအနပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နယ်စားမင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး သူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် မြေပြင်တွင် ထိုးစိုက်ထားသည့် ကောင်းကင်တာအိုအထွတ်အမြတ်ရတနာကို ဆွဲထုတ်လိုက်သည်။ အင်္ကျီလက်စကို လွှဲရမ်းပြီးနောက် ကျန်ကောင်းကင်တာအိုအထွတ်အမြတ်ရတနာများကို သိမ်းဆည်းထား၏။
“ထိုက်ချူ၊ သန်မာအားကောင်းနေတုန်းပါလား”
ကောင်းကင်နယ်စားမင်းသည် ကောင်းကင်ရှိ တာအိုသစ်ပင်ဆီသို့ မော့ကြည့်လိုက်သည်။ ၎င်းက ထိုက်ချူ၏ တာအိုသစ်ပင်နှင့် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံပင်။ တာအိုသစ်ပင်သည် ကမ္ဘာဦးဘုံအထက်ကောင်းကင်တွင် ဖိနှိပ်ထားသရွေ့ သူ၏ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာများသည် အသုံးပြု၍ရမည် မဟုတ်ပေ။
မည်သည့် နေ၊ လနှင့် ကြယ်တာရာမှ မရှိတော့သည့်အခါ ကောင်းကင်အလွန်တွင် ပိတ်ပိတ်ပုန်း မှောင်မည်းလာသည်။
ကမ္ဘာဦးဘုံတစ်ခုလုံး အမှောင်ဖုံးလွှမ်းခံလိုက်ရပြီး အေးခဲလာသည်။ နတ်ဘုရားမြို့များနှင့် ကောင်းကင်ဘုံများသည်သာ ခပ်ရေးရေး အလင်းတန်းများ ထုတ်လွှတ်၍ ကမ္ဘာဦးဘုံအပေါ် ကျရောက်နေသော ညအမှောင်ကို တွန်းလှန်ထားသည်။
ရွှမ်တု၏ ရှေးဟောင်းနတ်ဘုရားဘုရင်ကား ကမ္ဘာဦးဘုံ၏ နေနှင့်လကို ဖယ်ရှား၍ ကြယ်တာရာများကို ငြိမ်းသေစေခဲ့ပြီး ဖြစ်၏။ ကမ္ဘာဦးဘုံမှာ မည်းမှောင်နေသော စကြဝဠာတွင် ထီးထီးတည်း မြောလွင့်နေရသည်။
ယခု ကမ္ဘာဦးဘုံတွင် နေ့ညစက်ဝန်းဟူ၍ မရှိနိုင်တော့ပေ။ မနက်ခင်း နိုးထလာသည့်အခါ တွေ့မြင်နေကျ နေမင်းကြီးကို မတွေ့ရတော့သလို ညအခါ ကောင်းကင်တွင်လည်း လမင်းကြီးနှင့် ကြယ်တာရာများ ရှိတော့မည် မဟုတ်။
ခုနစ်ရက်ကြာပြီးနောက် သမုဒ္ဒရာသည် စတင်အေးခဲလာ၏။ ကမ္ဘာဦးဘုံတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် ဧရာမအနက်ရောင်တိမ်တိုက်ကြီးတစ်ခုက ကမ္ဘာဦးဘုံအထက် ကောင်းကင်တွင် ထွက်ပေါ်လာသည်။ နှင်းစက်များက လပေါင်းများစွာ ကြာသည်အထိ ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ကမ္ဘာဦးဘုံတစ်ခုလုံးမှာ ရေခဲများ၊ နှင်းစက်များဖြင့် ပြည့်နှက်နေတော့သည်။
နေ့တာကုန်လျှင် အနက်ရှိုင်းဆုံးသမုဒ္ဒရာပင်လျှင် ဧရာမရေခဲတုံးကြီးအဖြစ် ပြောင်းလဲသွားတော့၏။ ကမ္ဘာဦးဘုံတစ်ခုလုံးမှာ အလွန် အရိုးကွဲအောင် အေးစက်သော နေရာ ဖြစ်လာခဲ့ချေပြီ။
ထိုအချိန်ပြီးသည့်နောက် လူသားများ ရှူသွင်းနေသည့် လေများပင် အေးခဲလာလိမ့်မည်။
လေ၏တစ်စိတ်တစ်ပိုင်းက အေးခဲလာပြီး တစ်စိတ်တစ်ပိုင်းကတော့ အရည်ပျော်သွားပေလိမ့်မည်။ ကမ္ဘာဦးဘုံ၏ သဘာဝစွမ်းအင်တို့ မစီးဆင်းနိုင်တော့ဘဲ သက်ရှိအားလုံး သေဆုံးရပေလိမ့်မည်။
ဤသည်က ပထမဦးဆုံးညသာ ဖြစ်သေး၏။
ညပိုင်းတွင် နေလုံးတစ်လုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမြို့ဘေးတွင် ထွက်ပေါ်လာသည်။ ဧရာမနေသင်္ဘောကြီးက ခြေဆယ့်နှစ်ချောင်း ပါရှိသော သားရဲကြီးတစ်ကောင်ကဲ့သို့ သတ်မှတ်ပြီးသား လမ်းတွင် လျှောက်နေသည်။
နောက်ထပ်နတ်ဘုရားမြို့တစ်မြို့တွင် နေသင်္ဘောအသစ် အသက်သွင်းခံလိုက်ရပြီး နေမင်းကို ကောင်းကင်ဆီသို့ ပစ်လွှတ်လိုက်သည်။
တဖြည်းဖြည်း ပိုပို၍ များပြားသော နေသင်္ဘောများက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ထောင့်တိုင်းတွင်ပေါ် လာသည်။ ကောင်းကင်ပေါ်မှ ကြည့်လိုက်ပါက မည်းမှောင်နေသော မြေထုထဲတွင် ဖယောင်းတိုင်မီးတောက်များ ထွန်းလင်းတောက်ပလာသည်နှင့် တူ၏။ သို့သော် ထိုဖယောင်းတိုင်မီးတောက်မှာ တဖြည်းဖြည်း အားကောင်းလာပြီး အမှောင်တို့ကို လွင့်ပြယ်နေစေသည်။
နေသင်္ဘောပေါ်တွင် ဝတ်ရုံဖြူများ ဝတ်ထားကြသော နတ်ဘုရားများစွာ ရှိကြ၏။ ထိုသူတို့က ရွှမ်တုမှ နေနတ်ဘုရားများ ဖြစ်ကြသည်။
ရွှမ်တုတိုက်ပွဲတွင် ချင်မူသည် ကောင်းကင်နယ်စားမင်းကို ကယ်တင်ခဲ့ပြီး ရွှမ်တုနတ်ဘုရားမျိုးနွယ်မှ နတ်ဘုရားများစွာကိုလည်း ကယ်တင်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပို့ဆောင်ခဲ့၏။ သူတို့သည် ရွှမ်တု၏ နေစောင့်ရှောက်သူများ ဖြစ်ကြသော်လည်း ရွှမ်တု၏ နေစောင့်ရှောက်သူများမှာ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများက အစားထိုးထားပြီးချေပြီ။ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ရှိလာခဲ့ကြပြီး ကမ္ဘာဦးဘုံ၏ နေစောင့်ရှောက်သူများ ဖြစ်လာခဲ့ကြသည်။
ထိုနေ့စောင့်ရှောက်သူများက နေသင်္ဘောများပေါ်တွင် ရပ်ကာ လူလုပ်နေလုံးကြီးများကို ဆွဲယူကာ တစ်လောကလုံးကို တောက်ပနေစေသည်။ သီးနှံများကိုလည်း ကြီးထွားစေ၍ အအေးဓာတ်ကို တိုက်ထုတ်ပေးနေသည်။
ထိုနေသင်္ဘောများ၏ ဦးတည်ရာမှာ တည်ဆောက်ပြီးဖြစ်သည့် နေရေတွင်းများ ဖြစ်ကြသည်။ နေရေတွင်းများတွင် ကွယ်၀ှက်ထားသည့် လူလုပ်နေလုံးများစွာ ရှိ၏။ နေသင်္ဘောများ၏ အရှိန်အဟုန်ဖြင့် သူတို့၏ဦးတည်ရာကို ရောက်ရှိရန် နေ့တဝက်သာ ကြာလိုက်ပြီး နေသင်္ဘောများက နေရေတွင်းများထဲသို့ ဝင်ရောက်သွားကြသည်။
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင်ထဲတွင် အင်အားကြီးမားသော ဧကရာဇ်ပလ္လင်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်များက ဤမြင်ကွင်းကို လှမ်းကြည့်နေရင်း နှလုံးသားထဲတွင် အံ့သြတုန်လှုပ်နေကြသည်။
“ဒီလောက်များတဲ့ နေသင်္ဘောတွေနဲ့ နေရေတွင်းတွေကို ပြင်ဆင်ထားနိုင်တာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်ယန်ဖုန်းက တကယ်ကို ပါရမီထူးကဲတာပဲ…အချိန်တိုအတွင်းမှာ ဒီလိုတုံ့ပြန်မှုမျိုးကို ပြင်ဆင်ထားနိုင်တယ်”
နယ်စားမင်းခုနစ်ပါးအနက်မှ နယ်စားမင်းချူးယွီမင်က ရေရွတ်လိုက်သည်။ “ဧကရာဇ်ယန်ဖုန်းက သိပ်ကို ကြောက်ဖို့ကောင်းပြီး ပါရမီကလည်း ထူးကဲတယ်…”
“ဧကရာဇ်ယန်ဖုန်းရဲ့ လုပ်ရပ် မဟုတ်လောက်ဘူး… ဧကရာဇ်ယန်ဖုန်း နန်းတက်တာ ၁၉ နှစ်ပဲ ရှိသေးတယ်… ၁၉ နှစ်အတွင်း ဒီလောက်များပြားတဲ့ နေသင်္ဘောတွေနဲ့ နေရေတွင်းတွေကို ဖန်တီးဖို့ မဖြစ်နိုင်ဘူး...”
နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီလောက်များပြားတဲ့ နေသင်္ဘောတွေနဲ့ နေရေတွင်းတွေကို တည်ဆောက်နိုင်ဖို့ဆိုရင် နှစ်လေးဆယ်ကနေ ငါးဆယ်အထိ လိုအပ်တယ်… အဲဒီချင်မူဆိုတဲ့ကောင်ရဲ့ မိန်းမ နန်းတက်နေတုန်းက ဒါတွေကို တည်ဆောက်ခဲ့တာပဲ… အဲဒီအချိန်တည်းက သူ့မိန်းမက နေပျောက်ကွယ်သွားရင် ဘယ်လိုရင်ဆိုင်ရမလဲ ပြင်ဆင်ထားခဲ့တာ…”
လင်ယွိရှို့သည် အုပ်ချုပ်ခဲ့စဉ်တုန်းက နေသင်္ဘောများနှင့် နေရေတွင်းများကို ပြန်လည်ပုံစံရေးဆွဲခဲ့သည့်အပြင် ခိုင်ဧကရာဇ်ခေတ်မှ လူလုပ်နေလုံးများကို ပြုပြင်ခဲ့သည်။ ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နေရာတိုင်းတွင် နေရေတွင်းများစွာကိုလည်း လျှို့ဝှက်တည်ဆောက်ခဲ့၏။
ယနေ့တွင်တော့ ထိုအရာများက အသုံးဝင်လာခဲ့လေပြီ။
ကောင်းကင်နတ်ဘုံ၏ နန်းစောင့်စစ်တပ်များ ကမ်းပါးကြီးဆီသို့ ရောက်လာကြပြီး နေရာမယူနိုင်ခင်မှာပင် ဗျပ်စောင်းသံတစ်ချက်် ကြားလိုက်ရသည်။ ဗျပ်စောင်းက စစ်တပ်နှစ်တပ်အရှေ့သို့ ပျံသန်းရောက်ရှိလာသော်လည်း မည်သူကမှ တီးခတ်နေခြင်း မရှိပေ။
နောက်ထပ် သဲနာရီတစ်လုံးက ပျံသန်းလာပြီး ကမ်းပါးအရှေ့တွင် ဝဲပျံနေသည်။ မကြာမီ ကောင်းကင်သည် ထွန်းလင်းတောက်ပလာပြီး တာအိုသစ်ပင်တစ်ပင်က ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ တာအိုသစ်သီးများက တွဲလဲခိုနေသော်လည်း သစ်ပင်အောက်တွင် မည်သူမှ မရှိကြပေ။
ကောင်းကင်နတ်ဘုံ၏ အရှင်သခင်သုံးပါးမှာ ရပ်တန့်လိုက်ကြပြီး အနားမကပ်ရဲကြချေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလျက် ပြောလိုက်သည်။ “သူပုန်တွေဖြစ်တဲ့ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်ယင်နတ်ဘုရားမတို့ ရောက်လာကြပြီပဲ”
ကောင်းကင်နတ်ဘုံ၏ စစ်စခန်းအနောက်တွင် တာအိုသစ်ပင်နှစ်ပင်က အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးမှ ၀င်္ကပါကို ရပ်တန့်သွားစေသည်။
ကောင်းကင်နတ်ဘုံ၏ စစ်စခန်းထဲတွင် များလှစွာသော နန်းဆောင်များ ကောင်းကင်သို့ မြင့်တက်သွားကြ၏။ ၎င်းတို့က အတိတ်စကြ၀ဠာ သိုင်းပညာရှင်တို့၏ အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေကာ အရာအားလုံးကို ဖိနှိပ်လိုက်သည်။
ဘိုးဘေးနန်းတော်မှ ရတနာမျိုးစုံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။ ၎င်းတို့၏အရှိန်အဝါများက ကမ္ဘာမြေကို အက်ကွဲသွားစေနိုင်သည်။
ရုတ်တရက် လောကသစ်ပင်တစ်ပင်က လေကို ခွင်းလျက် ရွှင်ပျော်ပျော်ကျေးရွာအနောက်တွင် ရပ်တည်လိုက်၏။ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၅၀ က သစ်ပင်ထဲမှ ပျံထွက်လာပြီး ကျေးရွာတစ်လျှောက် ပျံ့နှံ့သွားကြသည်။
ရှည်လျားသော ချော်ရည်ပူဦးချိုကြီးတစ်ခုက ကောင်းကင်နတ်ဘုံအနောက်မှ ဖြည်းဖြည်းချင်း မြင့်တက်လာ၏။ ချော်ရည်ပူများက စီးဆင်းသွားပြီး ကောင်းကင်နတ်ဘုံအနောက်တွင် ချော်ရည်ပူမြစ်တစ်စင်း ဖွဲ့တည်လာစေ၏။ နောက်ထပ် ယိုတုမြစ်တစ်စင်းက ထွက်ပေါ်လာပြီး ဦးချိုကြီးအား လှည့်ပတ်သွားသည်။
ဤအခိုက်အတန့်တွင် မီးအိမ်တစ်လုံးက ကမ္ဘာဦးဘုံ၏ ယိုတုမှ ထွက်ပေါ်လာပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲတွင် ချိတ်ဆွဲလိုက်၏။ အလင်းရောင်က မှိန်နေသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကို တစ်ယောက်ကြည့်လျက် ထိုက်ကျိသဲခုံကို မြှင့်တင်လိုက်ကြ၏။ ၎င်းက ကောင်းကင်တွင် အဖြူရောင်နှင့် အနက်ရောင် ရောယှက်လျက် လှည့်ပတ်နေသော ထိုက်ကျိကြယ်တာရာလွင်ပြင်အဖြစ် ပြောင်းလဲသွားတော့သည်။
ဤအခိုက်အတန့်တွင် ရွှင်ပျော်ပျော်ကျေးရွာအနောက်မှ ဝတုတ်တုတ် လူငယ်တစ်ဦးက ပျံသန်းနေသည့်အလား ခုန်ထွက်လာသည်။ သူက တောင်တန်းတစ်လုံးမှ တစ်လုံးသို့ ကူးသွားနေ၏။ တစ်ချက် ခုန်လိုက်ပြီး ရွှင်ပျော်ပျော်ကျေးရွာ၏ ၃၃ ဘုံမြောက် ကောင်းကင်ဘုံ၊ ထိုက်ချင်းကောင်းကင်ဘုံ သို့ ရောက်သွားသည်။ သူက ပါးစပ်ဟ၍ ထွေးထုတ်လိုက်သည့်အခါ သူ၏အထွတ်အမြတ်ရတနာ အစိမ်းရောင် ကံကြမ္မာကြေးမုံ ထွက်လာသည်။
ထိုက်ချင်းကောင်းကင်ဘုံအထက်တွင် ကံကြမ္မာကြေးမုံသည်ထွန်းလင်းတောက်ပနေပြီး ထိုက်ကျိသဲခုံ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိနေ၏။
ကောင်းကင်နယ်စားမင်း၏ ဧရာမမျက်နှာကြီးက ကောင်းကင်နတ်ဘုံစစ်တပ်၏ အနောက်တွင် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ဝက်အား ဖုံးလွှမ်းသွားသည်။ သူ၏ ရှည်လျားသော မျက်ခုံးမွှေးဖြူများက ဖဲကြိုးများကဲ့သို့ ကောင်းကင်မှ မြေပြင်ပေါ်သို့ ကျဆင်းနေသည်။
ကောင်းကင်နယ်စားမင်း၏မျက်နှာအနောက်တွင် နေလုံးများစွာ ပျံဝဲသည်။ နေလုံးများ၏ အရှေ့တွင် ကျောင်းဆောင်များနှင့် ရတနာရထားလှည်းများ နေရာယူထားကြ၏။ မရေမတွက်နိုင်သော နေလုံးများက အနောက်ကောင်းကင်ကို ရဲရဲနေသည်အထိ တောက်ပနေစေတော့သည်။
ဝုန်း..
ပြင်းထန်လှသော တုန်ခါမှုများက ရွှင်ပျော်ပျော်ကျေးရွာအနောက်မှ ထွက်ပေါ်လာသည်။ ကောင်းကင်မှ အက်ကွဲသွားပြီး ရွှေရောင်လှည်းဘီးတစ်ခုပြီးတစ်ခုက ကမ္ဘာဦးဘုံတစ်ဝက်ကို ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းတို့၏ တစ်ဝက်က ကမ္ဘာဦးဘုံ၏ ယိုတုတွင် ပုန်းကွယ်နေပြီး ကျန်တစ်၀က်ကတော့ သက်ရှိကမ္ဘာလောကတွင် တည်ရှိနေသည်။
ချင်ဖုန်းကျင့်သည် နဖူးတွင် ဦးချိုနှစ်ခုကို ပိုင်ဆိုင်ထားပြီး ယိုတုမိစ္ဆာချီဖြင့် ဖွဲ့တည်ထားသော ယိုတုမဟာတာအိုက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေ၏။ သူက မျက်လုံးများကို တင်းကြပ်စွာ မှိတ်၍ ယိုတုမှ ပျံတက်လာသည်။ သူ၏ လက်ခြောက်ချောင်းက ပြန့်ကားလာပြီး သူလက်ဖဝါးများကား ကောင်းကင်လှည်းဘီးခြောက်ခုကို ထိတွေ့ပေတော့မည်။
ကောင်းကင်လှည်းဘီးခြောက်ခုက မတူညီသော အရပ်မျက်နှာများသို့ လိမ့်ထွက်သွားကြပြီး ယိုတုမဟာတာအိုမှ မွေးဖွားလာသည့် ဘဝပြန်ဝင်စားခြင်းမဟာတာအိုက စတင်လှည့်ပတ်လာသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ထိုက်ချူနှင့် သခင်မယွမ်မု အသွင်ပြောင်းထားသော ကောင်းကင်နတ်ဧကရီတို့မှာ စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ကြချေ။ သူတို့က ထရပ်၍ ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ရွှင်ပျော်ပျော်ကျေးရွာနှင့် ကောင်းကင်လှည်းဘီးခြောက်ခုကို ကြည့်နေကြသည်။
လင်းကွမ်ခန်းမအရှင်သခင်မှာလည်း မနေနိုင်သဖြင့် ထွက်လာမိသည်။ သူသည် ချင်မူ့ဓားလမ်းစဉ်ကို မဖြေရှင်းနိုင်သေးသည့်အတွက် ခေါင်းပေါက်မလာသေးချေ။ ရင်ဘတ်မှ မျက်လုံးသုံးလုံးဖြင့်သာ လှမ်းကြည့်နေရ၏။ “သခင်လေးခုနစ်က အံ့သြဖို့ ကောင်းတယ်… ဒီလိုကောင်းကင်ရတနာမျိုးကို ဖန်ဆင်းနိုင်နေပြီ… ဒီလိုရတနာမျိုးက အံ့ဩဖို့ကောင်းတယ် .... သိပ်ကို အံ့သြဖို့ကောင်းတယ်…”
“ဖန်ဆင်းဂိုဏ်းချုပ်၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထုတ်လိုက်တော့…”
ကောင်းကင်နတ်ဧကရာဇ်ဟောင် အမိန့်ပေးလိုက်သည်နှင့် ဖန်ဆင်းဂိုဏ်းချုပ် ကောင်းကင်နတ်အရှင်ရှင်းအန်းက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ တံခါးကို ဖွင့်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်က ကြီးမားသထက် ကြီးမားလာပြီး ကောင်းကင်နန်းဆောင်ထဲတွင် အံ့ဩမှင်သက်ဖွယ် အင်အားတို့ဖြင့် မားမားမတ်မတ် ရပ်တည်နေ၏။
ထိုမျှသာမက ဖန်ဆင်းခြင်းဂိုဏ်းချုပ်နန်းတော်၏ ကောင်းကင်နတ်အရှင်ရှင်းအန်းတွင် နတ်မင်းလေးပါးကောင်းကင်လက်နက်များ၊ ကောင်းကင်နယ်စားမင်းကောင်းကင်လက်နက်နှင့် မြေအောက်ဘုံအရှင်သခင် ကောင်းကင်လက်နက်တို့လည်း ရှိလေသည်။
ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းရှင်ကောင်းကင်လက်နက်သည် ဖျက်ဆီးခံလိုက်ရသော်လည်း ကောင်းကင်နတ်အရှင်ရှင်းအန်းက ဖန်ဆင်းခြင်းလမ်းစဉ်တွင် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဘုံ၏ ကြွယ်ဝမှုကို အသုံးချ၍ စွမ်းအားကြီးမားသော ကောင်းကင်လက်နက်များစွာ သွန်းလုပ်ခဲ့၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလည်း ၎င်းတို့ကို အတော်လေး အလေးထားသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင် သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ ရွှင်ပျော်ပျော်ကျေးရွာထဲမှ လူငယ်တစ်ယောက် လမ်းလျှောက်၍ ထွက်လာသည်ကို တွေ့လိုက်ရ၏။
လန်ယွီတျန်း…
လန်ယွီတျန်း၏ အနောက်တွင် လန်ယွီတျန်းများစွာ ရပ်နေကြသည်။
ထိုသူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်လက်နက် ဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင် ဖန်တီးခဲ့သည့် ကောင်းကင်နတ်အရှင်ယွင်ပင်။
ထိုမျှသာမက လန်ယွီတျန်းသည် စက်ရုံများသို့ ကိုယ်တိုင်သွားရောက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျွမ်းကျင်ပညာရှင်များအား ပုံစံရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းအပိုင်းတွင် ကြီးကြပ်ခဲ့သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအား ဖန်တီးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့၏။
ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကောင်းကင်နတ်ဘုံထဲမှ ဧကရာဇ်ရထားလှည်းကို စီးကာ ထွက်ခွာသွားသည်။ သူက ကြည်လင်ပြတ်သားစွာ အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဒီကိုရောက်နေပြီဆိုမှတော့ မျက်နှာလေး ထွက်ပြလိုက်ပါဦး”
ရွှေသင်္ဘောကြီးက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ပတ်၍ အေးအေးလူလူ ရွှက်လွှင့်ပျံသန်းလာသည်။ ချင်မူသည် သင်္ဘောထိပ်တွင် လက်တင်ကာ ကောင်းကင်နတ်ဧကရာဇ်အား အဝေးမှ ရင်ဆိုင်ကြည့်နေ၏။
သူတို့နှစ်ယောက်ကြားတွင်တော့ ကမ္ဘာဦးဘုံ၏ ချောက်ကမ်းပါးက နေရာယူထားသည်။
ချောက်ကမ်းပါးမှာ နှိုင်းယှဉ်လည်းမရနိုင်အောင် မြင့်မားနက်ရှိုင်း၏။
“မင်းက လူတော်တစ်ယောက်ပါ ... ဘာလို့ သစ္စာဖောက်သူပုန်တွေနဲ့ ပေါင်းနေတာလဲ” ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အကြည့်က ချင်မူ့မျက်နှာအပေါ်ကျရောက်သွားပြီး ခပ်ရွဲ့ရွဲ့ မေးလိုက်လေသည်။