ရှဲ့လင်ဖုန်းအား သင်ကြားပေးခြင်း၊ စီနီယာအကို တစ်ယောက်၏တာဝန်
Vol. 18 Ch. 262
စုလင်းရှုံက လက်ဝါးအတွင်းရှိ လှပသည့် ဒန်ဆေးလုံးကို ကြည့်ကာ စိတ်သက်သာရာ ရသွားသည်။ ပထမဆုံး ဆေးပေါင်းအိုးအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး အရည်အသွေးလည်း ကောင်းမွန်ပါသည်။
ဒန်ဆေးသိုင်းပညာအပေါ် ပိုမိုနက်ရှိုင်းသည့် နားလည်မှု ရရှိလာပြီးနောက် သူမ၏ လက်ဗလာဖြင့် ဆေးလုံးပြုလုပ်သည့် စွမ်းရည်က ပိုမို တည်ငြိမ်လာခဲ့သည်။
ဆေးပေါင်းအိုး၏ အကူအညီသာ ရှိပါက ပိုမိုကာပင် အားစိုက်ထုတ်ရမှု နည်းသေး၏။ သူမ၏ ဒန်ဆေးသန့်စင်မှုအတတ်မှာ ကြီးစွာ တိုးမြင့်လာပြီး ဖြစ်သည်။
"စီနီယာအကို... ဒါက နုပျိုခြင်းဆေးပါ.."
စုလင်းရှုံက ဆေးလုံးများကို သေးငယ်သည့် ကျောက်စိမ်းပုလင်းတစ်ခု အတွင်းသို့ ထည့်ကာ ရွှီယန်ကို ပေးသည်။
"ကျေးဇူးတင်ပါတယ်။ ဂျူနီယာညီမလေး.."
ရွှီယန်က ဝမ်းသာသွား၏။
"ဒန်ဆေးသန့်စင်ရတာ.. မခက်ဘူးပဲ.."
စုလင်းရှုံက ပျော်ရွှင်စွာရယ်၏။ ထို့နောက် ဆေးလုံးများကို ဆက်လက် သန့်စင်သည်။ အားလုံးတို့မှာ ရွှီယန်လိုအပ်သည့် ဆေးလုံးများ ဖြစ်၏။
ရွှီယန်က နုပျိုခြင်းဆေးလုံး တစ်လုံးကို ထုတ်ကြည့်သည်။ ဤသည်မှာ ကျောက်စိမ်းကဲ့သို့ အရည်လက်နေကာ မျက်လုံးကို ဆွဲဆောင်နိုင်၏။
တစ်ချက်ကြည့်သည်နှင့် သာမန် ဆေးလုံးတစ်ခု မဟုတ်ကြောင်းကို ပြောနိုင်ပါသည်။ ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့လည်း အနားသို့ တိုးလာကြသည်။ ဆေးလုံးကို ကြည့်လေလေ ပိုမိုမှော်ဆန်သည်ဟု ခံစားရလေ ဖြစ်လာခဲ့၏။
"ဒီနုပျိုခြင်း ဆေးတစ်လုံးကို အတွင်းဘက် နယ်မြေကိုသာ ယူသွားရင် မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေကို တိုက်ပွဲဖြစ်စေမှာ.."
ဟူရှန်းက အသံပြု၏။
"သခင်မလေး စုလင်းရှုံ... ဒီဆေးလုံးကို ကျွန်တော်အတွက် သန့်စင်ပေးစေလိုချင်ရင် ဘာတွေလိုအပ်လဲ မသိဘူး.."
ဟူရှန်းက လက်ဝါးနှစ်ဖက်ကို ပွတ်ကာ မျှော်လင့်စွာမေး၏။
"စိတ်ဝိဉာဉ်ဆေးပင်တွေပဲ ပေးပါ.."
စုလင်းရှုံက ဖြေကြားသည်။
"ဒါဆိုရင်.. ကျွန်တော် စိတ်ဝိဉာဉ်ဆေးပင် ပမာဏ၂ဆကို ပေးမယ်။ အလကားတော့ သန့်စင်ခိုင်းလို့ ဘယ်ဖြစ်မလဲ။ ကျွန်တော်တို့က ရင်းနှီး ပေမယ့်... ဒန်ဆေးလုံးအကြောင်းတွေကျ ကျွန်တော်က ဘာမှသိတာမဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ သခင်မလေးလင်းရှုံက နည်းနည်းလောက် မိတ်ဆက်ပေးလို့ ရလားမသိဘူး.."
ဟူရှန်းက စိတ်လှုပ်ရှားစွာ ပြော၏။
"ကိစ္စမရှိဘူး... ကျွန်မမှာ ဆေးလုံးအမျိုးအစား ပေါင်းစုံရှိတယ်.."
စုလင်းရှုံက ရက်ရက်ရောရောပင် သဘောတူသည်။
"ဂျူနီယာညီမလေး... ဒန်ဆေးလုံးတွေကို ကိုယ့်ဘာသာ တစ်ယောက်တည်း သန့်စင်ရတာ အရမ်းမပင်ပန်းဘူးလား။ ငါတို့တွေ အတွင်းဘက်နယ်မြေကို သွားချင်ရင် ဆေးလုံး အထောက်အပံတွေကို အများအပြား လိုအပ်မှာ။ အဲ့လောက်ကြီးကို နင့်ဘာသာ တစ်ယောက်တည်း သန့်စင်လို့ နိုင်မှာ မဟုတ်ဘူး.."
ရွှီယန်က ပြဿနာကို ထောက်ပြ၏။ စုလင်းရှုံ၏ ရန်သူများအားလုံးမှာ အတွင်းဘက်နယ်မြေတွင် ရှိရာ ထိုနေရာသို့ သွားရမည်မှာ မလွဲမသွေ ပြုလုပ်ရမည့် ကိစ္စဖြစ်သည်။
"စီနီယာအကို... ဆရာက ညီမကို ညွှန်ကြားချက်အချို့ ပေးပြီးပါပြီ။ အဖြေတစ်ခုလည်း ရှာတွေ့ထားတယ်။ ညီမတို့တွေ ဒန်ဆေးအိုးအချို့ကိုပဲ လိုအပ်တာ။ ပြီးရင် ဒန်ဆေးသန့်စင်ခြင်းရဲ့ တစ်ဆင့်ချင်းစီတိုင်းကို လူရှာပြီးတော့ ခိုင်းရမယ်... အရေးအကြီးဆုံးက အဆင့်အလိုက် လိုအပ်တဲ့ ပစ္စည်းတွေကို မပြင်ဆင်ရသေးတာပဲ.."
ဒန်ဆေးလုံးတစ်အိုးကို သန့်စင်ပြီးသည့် စုလင်းရှုံက နောက်ထပ် တစ်အိုးကို ဆက်လက် သန့်စင်ရန် ပြင်ဆင်ရင်းက ပြော၏။
"မိန်းကလေးလင်းရှုံ... စိတ်မရှိရင် အဲ့ဒီ့ကိစ္စကို ကျွန်တော် တာဝန်ယူပေးလို့ ရပါတယ်။ ဘယ်လို ဆေးပေါင်းအိုး အမျိုးအစားကိုမဆို ထုလုပ်ပေးလို့ရတယ်။ ပြီးတော့ အသုံးပြုမယ့် ကုန်ကြမ်းတွေကလည်း သေချာပေါက် ထိပ်တန်းအရေအသွေး ရှိရပါစေမယ်.."
ရှဲ့လင်ဖုန်းက ပြော၏။ ဒန်ဆေးလုံးများသည် အတွင်းဘက်နယ်မြေကို သေချာပေါက် မုန်တိုင်းထန်စေမှာ ဖြစ်သည်။ သူသည် စုလင်းရှုံနှင့် ပိုမိုရင်းနှီးမှု ရရန်အတွက် ကူညီမှုပြုလို၏။ ထိုအခါ နောင်တွင် ဓားသခင်ချောက်ကမ်းပါးက ဒန်ဆေးလုံးများကို လိုအပ်သည့်အခါ အကျိုးကျေးဇူး အချို့အား ရရှိနိုင်မှာပါ။
"အဲ့ဒါဆိုရင် ကောင်းတာပေါ့... ပြီးရင် ကျွန်မရှင့်ကို ပုံကြမ်းတွေပေးမယ်။ ကုန်ကြမ်းပစ္စည်း အရေအသွေးကတော့ အများကြီး မလိုအပ်ပါဘူး။ ဒီဆေးပေါင်းအိုးလောက်ဆိုရင် အဆင်ပြေတယ်။ အရမ်းကြီး သုံးစရာမလိုဘူး.."
စုလင်းရှုံက စိတ်အားထက်သန်စွာ ပြောသည်။
"ဒီဆေးပေါင်းအိုးကို သာမန်ရတနာ ကုန်ကြမ်းတွေနဲ့ပဲ ပြုလုပ်ထားတာပဲ။ ကျွန်တော် ထိပ်တန်းအဆင့် ကုန်ကြမ်းအချို့ကို အသုံးပြုပြီး ခင်ဗျားအတွက် ဆေးပေါင်းအိုးတစ်အိုးကို လက်ဆောင် ထုခိုင်းဦးမယ်.."
ရှဲ့လင်ဖုန်းက စုလင်းရှုံ အသုံးပြုနေသည့် ဆေးပေါင်းအိုးကို ကြည့်သည်။ သာမန် ရတနာတစ်ခုသာ ဖြစ်၏။
ပိုမိုအဆင့်မြင့်မားသည့် ကုန်ကြမ်းများဖြင့် ပြုလုပ်ကာ ဆေးသန့်စင်ပါက ပိုမို မြန်ဆန်လွယ်ကူကာ အရည်အသွေးတို့ ပိုမို မြင့်မား မနေပေဘူးလား။
"ကျေးဇူးအများကြီး တင်ပါတယ်.."
စုလင်းရှုံက ငြင်းဆန်ခြင်း မပြုပေ။
"ဆေးပေါင်းအိုး ပြုလုပ်ရာမှာ လျှို့ဝှက်ထားရမယ့် အထူးအချက်တွေများ ရှိသေးလား... လိုအပ်ရင် ကျွန်တော့်ကို မှာကြားထားလို့ ရပါတယ်.."
ရှဲ့လင်ဖုန်းက လေးနက်စွာ ပြောသည်။ ဓားသခင်ချောက်ကမ်းပါးတွင် သူတို့၏ ကိုယ်ပိုင် ထုလုပ်သူများရှိ၏။ ထို့ကြောင့် လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားပေးလို့ရပါသည်။
"ကိစ္စမရှိဘူး... ဆေးပေါင်းအိုးက အဓိက မဟုတ်ဘူး။ ဒန်ဆေးသန့်စင်ခြင်းရဲ့ အသိပညာမရှိဘဲ ဆေးပေါင်းအိုးရှိနေရင်တောင် ဆေးလုံးတွေကို သန့်စင်နိုင်မှာ မဟုတ်ဘူး.."
စုလင်းရှုံက ခေါင်းကိုရမ်းသည်။
ဆေးလုံးများကို ရရှိပြီးနောက် ရွှီယန်က အိမ်သို့ ပြန်တော့မှာပါ။ သူသည် စိတ်ဝိဉာဉ်လက်ဖက်ရွက် တစ်ဘူးကို သူနှင့်အတူ ယူဆောင်သွား၏။
စုလင်းရှုံက ဆေးသန့်စင်ရန် အဆင့်များတွင် လိုအပ်သည့် ပစ္စည်းများနှင့် ဆေးပေါင်းအိုး ပုံကြမ်းတို့ကို ဟူရှန်းအား ပေးသည်။ သူမသည် ဆေးပေါင်းအိုးအသစ်တွင် တိုးတက်မှုအချို့အား ထည့်သွင်းထား၏။
မူလဆေးပေါင်းအိုးမှာ သူမ၏ အစောပိုင်းအဆင့် စိတ်ကူးမှုများထဲမှ ထုတ်ကုန်တစ်ခုသာ ဖြစ်သည်။
ယခုအချိန်၌ ဒန်ဆေးသန့်စင်မှုအပေါ် ပိုမိုနားလည်မှုတို့ ရရှိလာပြီးနောက် ဆေးသန့်စင်ရန်အတွက် ပိုမိုသင့်တော်မည့် ဆေးပေါင်းအိုး အမျိုးအစားကို ရှင်းလင်းစွာ နားလည်လာခဲ့ပြီး ဖြစ်သည်။
ဆေးပေါင်းအိုးကို လဲလှယ်မည် ဆိုပါက ပိုမိုကောင်းမွန်သည့် အိုးကို ပြုလုပ်ခြင်းက ပုံမှန်သာ ဖြစ်သည်။
"သခင်မလေးစု... စိတ်မပူပါနဲ... ဒါတွေအားလုံးကို ကျွန်တော့တာဝန်ထားပါ.."
ဟူရှန်းက ရင်ဘတ်ကိုပုတ်ကာ ပြော၏။ သူသည် ပုံကြမ်းစာရွက်ကို အင်္ကျီအတွင်းသို့ ထိုးထည့်ပြီး အတွင်းဘက်နယ်မြေသို့ ပြန်ရန် ပြင်ဆင်၏။
ရှဲ့လင်ဖုန်းက သူ့ကို နှုတ်ဆက်သည်။
"ဟူရှန်း... ဟိုကိုရောက်ရင် ထန်းပေါင်စံအိမ်ကို သွားလိုက်ဦး။ ကျန်းကျွင်းရာက သိုလှောင်ထားတဲ့ ရတနာအချို့ယူလာခဲ့.."
"ဟုတ်ကဲ့ပါ သခင်လေး.."
ဟူရှန်းက ခေါင်းငြိမ့်သည်။
ဟူရှန်း ထွက်ခွာသွားပြီးနောက် စုလင်းရှုံက ဒန်ဆေးလုံးများကို ဆက်လက်သန့်စင်သည်။ မုန့်ချုံက သူ၏ ရွှေခန္ဓာ သွေးကြောမှတ်များအား ဆက်လက် ကျင့်ကြံ၏။ ရှီအာနှင့် ကျိုးယင်တို့လည်း သူတို့၏ သိုင်းပညာကို ကျင့်ကြံကြသည်။
ကြောင်နီမှာ စံအိမ်၏ အပြင်ဘက်တွင် လဲလျောင်းကာ သူ၏မျက်လုံးများက ရံဖန်ရံခါတွင် တစ်ခုခုကို နားလည်နေပုံပေါ်၏။ ရံဖန်ရံခါတွင် ကြောင်တောင်နေပုံလည်း ပေါ်သည်။
ရွှီယန်မှာ အိမ်သို့ပြန်သွားပြီး ဖြစ်သည်။ ရှဲ့လင်ဖုန်းတစ်ယောက်သာလျှင် မည်သည်မှ လုပ်စရာမရှိဘဲ ကျန်ရစ်ခဲ့၏။
"ဆရာကြီး... ကျွန်တော် ဆက်လက်ပြီးတော့ ဘယ်လိုကျင့်ကြံရမလဲ ဆိုတာကို နားမလည် ဖြစ်နေလို့။ သင်ကြားမှုအချို့ ပေးလို့ရမလား မသိဘူး.."
ရှဲ့လင်ဖုန်းက လေးစားစွာ ပြောသည်။
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်သုံးနေပါသည်။ သူ၏ပုံက အလွန်သက်တောင့်သက်သာရှိကာ အဆင်ပြေလှ၏။
ရှဲ့လင်ဖုန်း၏ ကြောင်တောင်မှုမှာ အစစ်အမှန် သိုင်းပညာနှင့် အတုအယောင် သိုင်းပညာအကြား ကွဲပြားမှုကြောင့် ဖြစ်သည်။ သူ၏ အစစ်အမှန်ချီကို စုစည်းပြီးနောက် ခွန်အားက အမှန်တကယ် တိုးတက်လာခဲ့၏။
နောက်တစ်ဆင့်သို့ ကျင့်ကြံရန်မှာတော့... အတွင်းဘက်နယ်မြေ၏ သိုင်းပညာကို ရိုးရှင်းစွာ ဆက်လက် ကျင့်ကြံလိုက်ရုံသာ ရှိသည်။ သို့ပေမယ့် ကျင့်ကြံရာတွင် အစစ်အမှန်ချီ စုစည်းခြင်းအား ပေါင်းစပ်ထားရန် လိုအပ်၏။
သူသည် သိုင်းသခင်အဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ သိုင်းပညာအခြေခံက ကြီးမားစွာ တည်ဆောက်ပြီး ဖြစ်၏။
သိုင်းပညာစနစ်ကို လုံးဝသန့်စင်စွာ ပြောင်းလဲလို့ မရပါ။
ယခုအချိန်၌ ပင်လျှင် သူသည် မူလအဆင့်၌ ဖြစ်သည်ဟု ယူဆနိုင်ရုံ ရှိသေး၏။
ရှဲ့လင်ဖုန်းတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားမရှိရာ သူဖန်တီးထားသည့် သိုင်းပညာကို ပြီးပြည့်စုံစွာ ကျင့်ကြံလို့ မရပေ။ မူလအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံမှုမှာ စင်္ကြာဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုများအား လေ့လာခြင်း ခရီးစဉ် ဖြစ်မှယပါ။ အစစ်အမှန်ချီအား အစစ်အမှန်ယွမ်အဖြစ် စုစည်းရပေမည်။
သို့ပေမယ့် သူ၏သိုင်းပညာ ဖွဲ့စည်းပုံကတော့ အတွင်းဘက်နယ်မြေ၏ သိုင်းပညာဖွဲ့စည်းပုံ အတိုင်းသာ ရှိနေသေး၏။ အဓိက စွမ်းအင်သာလျှင် လီရွှမ်ဖန်တီးထားသည့် သိုင်းပညာဆီသို့ တဖြည်းဖြည်း နီးကပ်လာခြင်းဖြစ်သည်။
စကြာဝဠာကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုတို့ကို နားလည်မှုရလာပြီး အတွင်းဘက်နယ်မြေ၏ သိုင်းပညာစနစ် ဖွဲ့စည်းပုံမှ လုံးဝ ချိုးဖျက်နိုင်လျှင်တော့ သူ့တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတား မရှိလျှင်တောင် စစ်မှန်သည့် သိုင်းပညာကို ကျင့်ကြံထားသည်ဟု ဆိုနိုင်ပါပြီ။