မိုးကြိုးတစ်ထောင်ပုံရိပ်၊ သဘာဝတရားရှစ်ပါးပုံကြမ်း၏ ဆန်းကြယ်မှုများ
Vol. 18 Ch. 264
ရှဲ့လင်ဖုန်းက စကားဆုံးပြီးနောက် စုလင်းရှုံကို မျှော်လင့်စွာ ကြည့်ပြီး မေးသည်။
"ညီမလေးရှုံ... နင့်ဆီမှာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာလာစေတဲ့ ဆေးလုံးမျိုးရှိလား.."
စုလင်းရှုံက ခေါင်းငြိမ့်၏။
"ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကျင့်ကြံမှုအတွက် စွမ်းအားအကြီးဆုံးဆိုရင် ရွှေခန္ဓာဆေးလုံး ရှိတယ်။ ဒါပေမယ့် အဲ့ဒါကို ဒုတိယစီနီယာအကိုပဲ သုံးလို့ရတယ်။ ရှင်တို့က ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်ကို ကျင့်ကြံတာမဟုတ်တော့ ရွှေခန္ဓာဆေးလုံးက မသင့်တော်ဘူး.."
"အဲ့ဒီ့အစား ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးလုံးက ပိုပြီးတော့ ကောင်းလိမ့်မယ်။ အာနိသင်က မဆိုးဘူး။ အနည်းဆုံး ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မူခွန်အားကို ဘာပြဿနာမှ မရှိဘဲ နှစ်ဆလောက်အထိ တိုးမြင့်စေတယ်.."
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က ဝမ်းသာသွား၏။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သာ နှစ်ဆလောက် ပိုမိုခွန်အားကြီးလာပါက တိုက်ခိုက်မှုခွန်အားလည်း သိသာစွာ တိုးမြင့်လာမှာ ဖြစ်သည်။
"မိန်းကလေးစု... ကျွန်တော်ယူလာတဲ့ ဆေးတွေကရော အစုံအလင် ပါရဲ့လားဗျ.."
ဟူရှန်းက မေးသည်။
"စုံသလောက်ပါပဲ... နည်းနည်း လိုအပ်တာကိုတော့ ကျွန်မ ထောက်ပံ့ပေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ရှင်တို့တွေ ကျွန်မအတွက် ပစ္စည်းအများကြီးကို ထုလုပ်ပေးခဲ့တယ်လေ။ ဆေးလုံးကို လုပ်ပေးသင့်တာပေါ့.."
စုလင်းရှုံက အသာပြော၏။
ဒီဆေးပေါင်းအိုး အဆင့်ဆင့်အား တပ်ဆင်မှုနှင့် သူမအတွက် ဆေးပေါင်းအိုး အသစ်တို့၏ ကုန်ကျစရိတ်မှာ နည်းပါးခြင်း မရှိပေ။
ဆေးပင်များကို ရွေးချယ်ပြီးနောက် စုလင်းရှုံက ဒန်ဆေးသန့်စင်မှုကို စိတ်လှုပ်ရှားစွာဖြင့် စတင်၏။ ဆေးပေါင်းအိုးအသစ်သည် အရည်အသွေး ပိုမိုမြင့်မားပြီး ပိုမိုသင့်တော်စွာ ထပ်မံမွမ်းမံထားခြင်း ဖြစ်သည်။ အံ့သြစရာမကောင်းလောက်အောင် ဒန်ဆေးသန့်စင်မှု အမြန်နှုန်းက နှစ်ဆနီးပါး တိုးမြင့်လာခဲ့၏။ ဆေးလုံးများ၏ အရည်အသွေးမှာ ပိုမိုကာပင် ကောင်းမွန်လာခဲ့သည်။
ဆေးပေါင်းအိုး တစ်ခုလုံး ချီစုဆောင်းခြင်း ဆေးလုံးများဖြင့် ပြည့်နက်နေပြီး တစ်ခါတည်း အလုံး၃၀လောက် ရှိလာခဲ့၏။
ထို့နောက် သူမသည် ဒဏ်ရာကုသခြင်း ဆေးလုံးများကို စတင် ပြုလုပ်သည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးလုံးအား သန့်စင်၏။
စုလင်းရှုံ အလွန် စိတ်လှုပ်ရှားနေပါသည်။ သူမသည် ဒန်ဆေးသန့်စင်မှုတွင် မွေ့လျော်နေပုံပေါ်ပြီး ရပ်တန့်နိုင်အောင် မရှိဘဲ ဖြစ်နေ၏။ ပိုမိုသန့်စင်လေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့သည်။ ဒီအချိန်၌သာလျှင် သူမသည် ဒန်ဆေးသန့်စင်မှု၏ ပျော်ရွှင်မှုကို စစ်မှန်စွာ ကြုံတွေ့လာရဟန် တူ၏။
"ဒီဆေးပေါင်းအိုးက တကယ်ပဲ မဆိုးဘူး.."
သူမက စိတ်လှုပ်ရှားစွာဖြင့် အသံပြုသည်။
"ဒါဆို ကောင်းတာပေါ့.."
ဟူရှန်းက ပြုံး၏။ သူ၏ ရယ်မောမှုကို ရပ်တန့်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။ ဒန်ဆေးလုံး တစ်ပုလင်းစီ လက်ခံရရှိချိန်တိုင်းတွင် သူသည် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်နေ၏။
ဟူရှန်း ယူဆောင်လာသည့် စိတ်ဝိဉာဉ်ဆေးပင်များကို သန့်စင်ပြီးနောက် စုလင်းရှုံလည်း နောက်ဆုံးတွင် သူမ၏ ဒန်ဆေးသန့်စင်မှုကို အဆုံးသတ်လိုက်သည်။
ဆေးလုံးများကို ရရှိပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့မှာ အလွန် စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် ကျင့်ကြံမှုအတွင်းတွင် လုံးဝ နှစ်မြှုပ်ထားပြီး ခွန်အားကို အမြန်ဆုံးမြှင့်တင်ရန် ရည်ရွယ်ကြသည်။
ထိုအချိန်အတွင်းတွင် ရွှီယန်၏ အကူအညီဖြင့် စုလင်းရှုံက သဘာဝတရားရှစ်ပါး ပုံကြမ်းကို ဆက်လက်လေ့လာ၏။
စံအိမ်၏ အပြင်ဘက်တွင် ခုံရော့ကျစ်က အခြားလူများကို ဦးဆောင်ကာ အဆင့်အလိုက် ဒန်ဆေးသန့်စင်မှုအတွက် ပစ္စည်းများအား သန့်စင်သည့်နေရာတွင် အခန်းများကို ဆောက်လုပ်သည်။
ဒန်ဆေးသန့်စင်မှုအတွက် လိုအပ်သည့် လူများကိုလည်း ရွေးချယ်၏။ ထိုသူများ အားလုံးတို့မှာ ဆင်းရဲသည့်နောက်ခံမှ လာကြသည့် လူငယ်များ ဖြစ်ကြပြီး ကောင်းကင်မိခင်ကို ယုံကြည်သက်ဝင်သူများ၏ လှူဒါန်းမှုဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်ကြခြင်း ဖြစ်၏။
သူတို့သည် ကောင်းကင်မိခင်ကို ခိုင်မာစွာ ယုံကြည်ကြပြီး ယိုင်နဲ့မသွားသည့် သစ္စာတရားကို လက်ကိုင်ထားကြသည်။ သူတို့အတွက် စုလင်းရှုံသည် နတ်မိမယ်တစ်ပါးဖြစ်ပြီး ဘယ်တော့မှ သစ္စာဖေါက်လို့ မရပေ။
ခုံရော့ကျစ်မှာ အလုပ်လုပ်ရာတွင် အားကိုးလို့ရပြီး ဇွဲလုံ့လကောင်း၏။ သူ၏ ပုန်ကန်ရန် စွဲလမ်းနေသည့် စိတ်ကို ရပ်တန့်ပြီးနောက် ဂိုဏ်းကို ဖျက်သိမ်းကာ ချန်ချင်းစံအိမ်အဖြစ် ပြန်လည် တည်ဆောက်ခဲ့သည်။
အလုပ်တွင် ပိုမိုကြိုးစားကာ တက်ကြွနေပြီး သူ၏ဘဝအတွက် ယုံကြည်ချက်အသစ်တို့ ရှာတွေ့ခဲ့ဟန် တူ၏။
သဘာဝတရားရှစ်ပါး ပုံကြမ်းပေါ်တွင် စုလင်းရှုံတစ်ယောက် နားလည်သဘောပေါက်မှု ရတော့မည်ဟု ခံစားရသည်။ ရွှီယန်၏ ညွှန်ကြားမှုဖြင့် သူမသည် စကြာဝဠာကြီး၏ လျှို့ဝှက်ချက်များကို နားလည်မှုရပြီး အလင်းသစ်တစ်ခုကို မြင်နိုင်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်ဟု ခံစားရ၏။
မြေပုံ၏ အလယ်တွင် ရပ်နေကာ သဘာဝတရားရှစ်ပါးပုံကြမ်း၌ သူမ၏ နားလည်မှုများက စိတ်ထဲတွင် ထွက်ပေါ်လာနေ၏။
ရွှီယန်က မတ်တတ်ရပ်ကာ ကြည့်နေပါသည်။ စုလင်းရှုံသည် စစ်မှန်သည့် နားလည်မှုတို့ ရရှိလာပြီး ကိုယ်ပိုင်ကျင့်စဉ်ကို ကျင့်ကြံနေကြောင်းအား သူသိပါသည်။
နောက်ဆုံး နားလည်သဘောပေါက်ခြင်း မီးပွင့်ကို ဂျူနီယာညီမလေးကိုယ်တိုင် သိမြင်လာရန် လိုအပ်၏။
စုလင်းရှုံ၏ မျက်ခုံးများက အနည်းငယ် ကျုံ့နေ၏။
သူမသည် စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်တစ်ခုကို နားလည်မှုရလာရန် သေးငယ်သည့် ခြေတစ်လှမ်းသာ လိုအပ်တော့သည်ဟု ခံစားနေရသည်။
သို့ပေမယ့် ထိုသေးငယ်သည့် ခြေတစ်လှမ်းမှာ လွဲချော်နေပုံပေါ်ပြီး နေရာတစ်ခုတွင် ရပ်တန့်နေ၏။ ရုတ်တရက် လိပ်ပြာတစ်ကောင် ပျံသန်းလာခဲ့သည်။ သူမ၏ မွှေးရနံ့က ဆွဲဆောင်လိုက်ပုံ ပေါ်၏။ အနီးအနားတွင် စတင်ကခုန်နေပါသည်။
လျှပ်တပြက်အတွင်းတွင် သူမ၏ စိတ်ထဲ၌ လင်းလက်သည့် စိတ်ကူးတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် နားလည်မှု ရလာခဲ့၏။ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် နီရဲလာကာ ရှေ့သို့ ခြေလှမ်းတက်လိုက်သည်။
ခန္ဓာကိုယ်က လေထဲတွင် မျောလွင့်နေပြီး လိပ်ပြာတစ်ကောင်၏ ကခုန်မှုကဲ့သို့ မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိဘဲရှိ၏။ သို့ပေမယ့် သူမ၏ ပတ်ဝန်းကျင်တွင် ပုံရိပ်များစွာတို့ ထွက်ပေါ်လာကြသည်။
ပုံရိပ်ယောင်များစွာက စစ်မှန်သည့် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားပြီး အခြားသူများအနေနှင့် စစ်မှန်သည့် ခန္ဓာကိုယ် မည်သည့်နေရာတွင် ရှိနေကြောင်းအား မသိနိုင်အောင်ဖြစ်စေသည်။ သို့မဟုတ် သူမ၏ စစ်မှန်သည့် ခန္ဓာကိုယ်သည် များပြားလှသည့် ပုံရိပ်ယောင်များအတွင်း၌ ရှိနေသည်ဟု ဆိုနိုင်၏။
သဘာဝတရားရှစ်ပါး ပုံကြမ်း၏ အပေါ်တွင် စုလင်းရှုံ၏ များပြားလှသည့် ပုံရိပ်များက တင့်တယ်စွာ ကခုန်နေပြီး အစစ်အမှန်သယောင် ပုံရိပ်ယောင်သယောင် ရှိနေပါသည်။ လိပ်ပြာတစ်ကောင် ကခုန်နေသကဲ့သို့ ရှိပြီး ဖမ်းဆုပ်ရန်အတွက် သဲလွန်စရှာလို့ မရနိုင်အောင် ရှိနေ၏။
ရွှီယန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ၏ ဂျူနီယာညီမလေးသည် နောက်ဆုံးတွင် ဉာဏ်လင်းပွင့်မှုကို ရရှိခဲ့ပါပြီ။
သူလည်းပဲ ဉာဏ်အလင်းပွင့်မှုတစ်ခုကို ခံစားလိုက်ရ၏။
သဘာဝတရားရှစ်ပါး ပုံကြမ်း၏ ဆန်းကြယ်မှုများမှာ အမှန်တကယ်ကို စကြာဝဠာ၏ စည်းချက်များနှင့် ဆက်သွယ်နေပါသည်။
ရွှီယန်သည် သူ့ကိုယ်သူ ဓားလမ်းစဉ် သိုင်းပညာအသစ်တစ်ခုအား နားလည်နိုင်ဆဲဆဲတွင် ရှိနေသည်ဟု ခံစားရသည်။ တောင်နှင့်မြစ်နှင့် အရာအားလုံး အတွင်းတွင် သာမန်လူများ၏ ဓားများအပြင် ဓားအတတ်အသစ်တစ်ခုလည်း ရှိနေသည့်ဟန် တူ၏။
မုန့်ချုံလည်း မလှမ်းမကမ်းမှ စူးစမ်းနေပါသည်။ သူ၏ပုံက အတွေးနက်နေပုံ ဖြစ်သွားပြီး ဉာဏ်အလင်းပွင့်မှု ရရှိလာခဲ့ပုံ ပေါ်၏။ ရွှီယန်ဆီသို့ လျှောက်လာကာ ဆွေးနွေးမှုပြုပြီး သူ၏ နားလည်မှုများကို အတည်ပြုချင်လေသည်။
စုလင်းရှုံက နောက်ဆုံးတွင် ရပ်တန့်သွား၏။ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် နီရဲနေပါသည်။ သူမသည် နောက်ဆုံးတွင် ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်တစ်ခုအား နားလည်ခဲ့ပါပြီ။
"စီနီယာအစ်ကိုကြီး... ညီမ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်တစ်ခုကို နားလည်လာခဲ့တယ်။ အဲ့ဒါကို လိပ်ပြာတစ်ထောင်ပုံရိပ်လို့ အမည်ပေးရအောင်.."
ကခုန်နေသည့် လိပ်ပြာလေးက သူမ၏ နောက်ဆုံးဉာဏ်အလင်းပွင့်မှုကို ပေးစွမ်းခဲ့၏။ ထိုအခိုက်အတန့်တွင် နောက်ဆုံးအလွှာအား ချိုးဖျက်ကာ လောကသစ်ကို တွေ့မြင်နိုင်ခဲ့လေသည်။
"ကောင်းတယ်.."
ရွှီယန်က ခေါင်းငြိမ့်ကာ ရယ်မော၏။
စံအိမ်၏ အပြင်ဘက်တွင် လီရွှမ်က ကြောင်နီကို ညွှန်ကြားနေ၏။ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမှတ်များကို ဝါးတုတ်တစ်ချောင်းနှင့် ညင်သာစွာ ထောက်ပြနေပြီး မှတ်မိအောင် ကူညီပေးသည်။ နာကျင်မှုဖြင့် ပိုမိုမှတ်မိစေရန် အားအချို့ကိုတောင် ထည့်သွင်းလေ့ရှိ၏။
ကြောင်နီမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လှုပ်ရှားရဲခြင်း မရှိပေ။ သူ၏ မျက်လုံးများက သနားစဖွယ်ကောင်းစွာ ကြည့်နေ၏။
"ဒါက မင်းရဲ့ အခွင့်အရေးပဲ... ဒါကို နားလည်နိုင်ရင် မင်း.. ဒီလောကကြီးမှာ နံပါတ်တစ် သားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်.."
လီရွှမ်က အပြုံးတစ်ခုဖြင့် ပြောသည်။
ဒီလောကကြီးတွင် နတ်ဆိုးသားရဲများ ရှိမည် မရှိမည်မှာတော့ လီရွှမ်အနေနှင့် ဂရုစိုက်ခြင်း မရှိသေးပါ။ ဘာပဲဖြစ်ဖြစ် ကြောင်နီအနေနှင့် ကျင့်ကြံမှုကိုသာ နားလည်နိုင်ပါက သေချာပေါက် ထိပ်တန်း နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာမှာ ဖြစ်၏။
သူဖန်တီးလိုက်သည့် သိုင်းပညာစနစ်သည် အတွင်းဘက်နယ်မြေနှင့် ခြားနားကာ ပိုမိုကာပင် သန်မာ၏။ ထို့ကြောင့် သူသင်ကြားပေးသည့် သားရဲလမ်းစဉ်မှာလည်း ပိုမို သန်မာလောက်ပါသည်။
ပိုမိုသန်မာခြင်း မရှိလျှင်တောင် ကိစ္စမရှိပေ။ အနည်းဆုံးတော့ အားနည်းနေမည် မဟုတ်ပါ။ ထို့အပြင် တစ်သီးတစ်သန့်ဆန်ကာ ကိုယ်ပိုင်စနစ်ကို ဖွဲ့စည်းနိုင်မည်ဖြစ်၏။