← Chapters

မိုးကြိုးတစ်ထောင်ပုံရိပ်၊ သဘာဝတရားရှစ်ပါးပုံကြမ်း၏ ဆန်းကြယ်မှုများ(၂)

Vol. 18 Ch. 265

မိုးကြိုးတစ်ထောင်ပုံရိပ်၊ သဘာဝတရားရှစ်ပါးပုံကြမ်း၏ ဆန်းကြယ်မှုများ(၂)

Vol. 18 Ch. 265

"သင်၏တပည့် စုလင်းရှုံသည် သင်သင်ကြားပေးသည့် သဘောတရားရှစ်ပါး ပုံကြမ်းမှ လိပ်ပြာတစ်ထောင် ပုံရိပ်ယောင် ရွေ့လျားမှုအတတ်ကို နားလည်သဘောပေါက် လာခဲ့သည်။ ရလဒ်အနေနှင့် သင်သည် ဒီဗိုင်းမိုးကြိုး ဟင်းလင်းပြင်ဖြတ်သန်းခြင်း၏ မိုးကြိုးပုံရိပ်တစ်ထောင်အား ရရှိလာခဲ့သည်.."

ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။ စုလင်းရှုံသည် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် တစ်ခုကို နားလည်သဘောပေါက်ခဲ့လေသည်။

လီရွှမ်က အံ့သြခြင်းမရှိပေ။ ရွှီယန်၏ အကူအညီနှင့် စုလင်းရှုံကိုယ်တိုင်မှာလည်း အလွန် ပါရမီကောင်းမွန်လှရာ သူမအနေနှင့် ခန္ဓာကိုယ် လှုပ်ရှားမှုအတတ် တစ်ခုကို နားလည်လာနိုင်သည်မှာ ပုံမှန်သာ ဖြစ်သည်။

ရွှီယန်၏ အကူအညီမပါဘဲနှင့် ပင်လျှင် သူမအနေနှင့် လုပ်ဆောင်နိုင်မည် ဖြစ်၏။ အချိန်ပိုမိုကာ ကုန်ဆုံးမှာသာ ရှိသည်။

ဒီတစ်ကြိမ်တွင် ရွှေလက်ချောင်းက ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင်ဖြတ်သန်းခြင်း ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်၌ မိုးကြိုးပုံရိပ်ယောင်ဟူသည့် အခွဲစွမ်းရည်တစ်ခုကို ထပ်ပေါင်းပေးခဲ့သည်။

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင်ဖြတ်သန်းခြင်း အတတ်ကို အသုံးပြုရင်းဖြင့် အစစ်အမှန်ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးသည့် မိုးကြိုးပုံရိပ်ယောင်များ ပေါ်လာမည်ဖြစ်၏။

ဤသည်က အခြားသူများကို သူ၏ တည်နေရာအား ရှာဖွေလို့ မရနိုင်အောင် ဖြစ်စေသည်။

"မဆိုးဘူး... ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်က ပိုပြီးတော့ သန်မာလာခဲ့ပြီ.."

လီရွှမ်သည် စိတ်အခြေအနေကောင်းမွန်စွာ ရှိနေ၏။ ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင်ဖြတ်သန်းခြင်း အတတ်မှာ အလွန် စွမ်းအားကြီးမားနေပြီး ဖြစ်သည်။ ခွန်အားအဆင့် မြင့်တက်လာသည်နှင့်အမျှ လူတစ်ယောက်အနေနှင့် လျှပ်တပြက် အဝေးသို့ ပိုမို ရွေ့ရှားသွားနိုင်၏။

ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင်ကို ဖြတ်သန်းခြင်းကဲ့သို့ အတွေးတစ်ချက်နှင့် သွားလာနိုင်ပါသည်။

ကျန်ရှိသည့် အချိန်များတွင် ရွှီယန်နှင့် မုန့်ချုံတို့ကသဘာဝတရားရှစ်ပါး ပုံကြမ်းအပေါ် တွေးတောဆင်ခြင်မှုများ ပြုလုပ်ကြသည်။ စုလင်းရှုံလည်း သူတို့နှင့်အတူ ပါဝင်၏။ ဒန်ဆေးသန့်စင်မှု အချိန်ကိုပင် လျော့ချထားလေသည်။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့မှာလည်း ကြိုးစားကာ ကျင့်ကြံနေကြသည်။ ဒန်ဆေးလုံးများ၏ အကူအညီဖြင့် သူတို့၏ ခွန်အားအဆင့် မြင့်တက်မှု အမြန်နှုန်းမှာ ကြီးစွာတိုးတက်လာခဲ့၏။

ရှဲ့လင်ဖုန်းမှာ အလယ်အလတ် သိုင်းသခင်အဆင့်သို့ ချိုးဖျက်ပြီး ဖြစ်သည်။ ဟူရှန်းမှာ အလယ်အလတ် သိုင်းသခင်အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး ဖြစ်၏။

များစွာ တိုးတက်ခဲ့ကြသည်။

ခုံရော့ကျစ်က အဆင့်လိုက် ဒန်ဆေးသန့်စင်မှုအတွက် အခန်းများကို ဆောက်လုပ်ပြီးနောက် စုလင်းရှုံက သူမ၏ သင်တန်းသားများကို စတင် သင်ကြားပေးသည်။ လူငယ်နှင့် မိန်းမငယ်တစ်စု တို့ကို ဒန်ဆေးပညာလေ့ကျင့်ရာတွင် သင်ကြားပေးပြီး ဒန်ဆေးလုံးများဖြင့် ထောက်ပံ့ပေး၏။

သို့ရာတွင် ဒန်ဆေးသန့်စင်မှုမှာ အချိန်အချို့ ကြာဦးမှာ ဖြစ်သည်။ အနည်းဆုံးတော့ သင်တန်းသားများ အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီးမှသာလျှင် ဒန်ဆေးသန့်စင်မှုကို တရားဝင် သင်ကြားနိုင်မည် ဖြစ်သည်။

ထိုအဆင့်သို့ ရောက်ရှိမှသာလျှင် ကောင်းမွန်စွာ ဒန်ဆေးသန့်စင်နိုင်ရန်အတွက် ခံနိုင်ရည်တို့အား ရရှိနိုင်မည်ဖြစ်၏။

ဆေးသန့်စင်သည့် ကုန်ကြမ်းများနှင့် ဒီဗိုင်းမီးကျောက်တုံးများကို တစ်သုတ်ပြီးတစ်သုတ် စုဆောင်းခဲ့သည်။

စွန့်ပစ်ဒေသရှိ သိုင်းပညာကျင့်ကြံမှု ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ သိုင်းသမားများ အရေအတွက်မှာလည်း ဆက်တိုက် တိုးမြင့်လာခဲ့၏။

သို့ရာတွင် စတင်ခြင်းအဆင့်သို့ ရောက်ရှိပြီးသည့် အရေအတွက်မှာ အလွန် နည်းပါးနေဆဲ ရှိသည်။ ထိုအဆင့်သို့ ဝင်ရောက်ကြသည့် သိုင်းသမားအများစုတို့မှာ ရွှီမိသားစုနှင့် ချန်ချင်းစံအိမ်မှ ဖြစ်ကြ၏။

"ခုံရော့ကျစ်... နင်စတင်ခြင်းအဆင့်ကို ရောက်ဖို့အတွက် မဝေးတော့ဘူး။ ဒါ့ကြောင့်မို့လို့ လုပ်ငန်းတွေကို အခြားလူတွေကို ယာယီလက်လွှဲထားပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်။ အမြန်ဆုံးအဆင့် တက်အောင်လုပ်.."

စုလင်းရှုံက ခုံရော့ကျစ်ကို ပြော၏။

"ဟုတ်ကဲ့ပါ စံအိမ်သခင်.. ကျွန်တော် အမြန်ဆုံး အဆင့်ချိုးဖျက်အောင် လုပ်ပါမယ်.."

ခုံရော့ကျစ်က စိတ်လှုပ်ရှားစွာဖြင့် ဖြေကြားသည်။

"နင့်ရဲ့ သိုင်းပညာအဆင့် ချိုးဖျက်ပြီးရင် ငါနင့်ကို တာဝန်အချို့ ပေးဖို့ရှိတယ်။ နင့်ရဲ့အရည်အချင်းအရ အဲ့ဒါတွေကို အမှားအယွင်းမရှိဘဲ ကိုင်တွယ်နိုင်မယ်လို့ ငါယုံကြည်တယ်.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။

"စိတ်ချပါ စံအိမ်သခင်... ကျွန်တော် ဘာအမှားအယွင်းမှမရှိဘဲ တာဝန်တွေကို ပြည့်ပြည့်စုံစုံ ပြီးမြောက်အောင် လုပ်ဆောင်ပါမယ်.."

ခုံရော့ကျစ်က ရင်ဘတ်ကိုထုကာ အာမခံ၏။

သူ၏ ဉာဏ်ပညာနှင့် အတွင်းဘက်နယ်မြေသို့ သွားရောက်ရမည့် အကြောင်းကို စဉ်းစားထားပြီး ဖြစ်၏။

သူမ၏ ညွှန်ကြားချက်များ ပြီးဆုံးပြီးနောက် စုလင်းရှုံက စီနီယာအစ်ကို နှစ်ယောက်တို့ဆီသို့ သွားရောက်ပါဝင်ကာ သဘာဝတရားရှစ်ပါး ပုံကြမ်းကို ဆက်လက် ဆွေးနွေးသည်။

သူမသည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီး ဖြစ်ကာ ခွန်အားကို ဆက်လက်စုဆောင်းနေ၏။ အခြေခံသာ လုံလောက်စွာ သန်မာပါက မူလအဆင့်သို့ ချိုးဖျက်မှာ ဖြစ်သည်။ မူလအဆင့်၏ ဆန်းကြယ်မှုများကို ရွှီယန်က သူမအား ရှင်းပြပြီးဖြစ်၏။

အချိန်က ဆက်လက် ကုန်းဆုံးနေပြီး ရွှီယန်နှင့် မုန့်ချုံ၂ဦးစလုံး မည်သည့် အဆင့်ချိုးဖျက်မှုမှ မရှိကြပါ။

သို့ပေမယ့် သူတို့၏ခွန်အားက တည်ငြိမ်စွာဖြင့် ဆက်လက် တိုးပွားလာနေ၏။

လီရွှမ်က ထိုအကြောင်းနှင့် ပတ်သက်ပြီး အလွန်ကျေနပ်သွားသည်။

"သင်၏တပည့် မုန့်ချုံသည် ဆေဘာစိတ်ဝိဉာဉ်အဆင့်တွင် အသေးစား အောင်မြင်မှုတစ်ခု ရရှိလာခဲ့သည်။ ရလဒ်အနေနှင့် သင်၏ ဆေဘာစိတ်ဝိဉာဉ်သည် အကြီးစားပြည့်စုံမှု အဆင့်သို့ ရောက်ရှိသွားသည်.."

မုန့်ချုံ၏ ဆေဘာစိတ်ဝိဉာဉ်က အသေးစားအဆင့်တက်မှုတစ်ခု ပြုနိုင်ခဲ့၏။

"သင်၏တပည့် မုန့်ချုံသည် ဆေဘာဆန္ဒ၌ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ရလဒ်အနေနှင့် သင်၏ ဆေဘာဆန္ဒသည် အကြီးစား ပြည့်စုံမှုသို့ ရောက်ရှိသွားသည်.."

မုန့်ချုံ၏ ဆေဘာဆန္ဒကလည်း မြင့်တက်လာခဲ့၏။

'ရွှီယန်ရော ဓားတာအိုရဲ့ ဒုတိယအဆင့်ကို ဘယ်တော့များမှ နားလည်မလဲ မသိဘူး..'

လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

ရွှီယန်သည် သန့်စင်သော ဓားနှလုံးသား၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ဓားဆန္ဒ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ထား၏။

သို့ရာတွင် သူ၏ခွန်အားအဆင့် အကန့်အသတ်ကြောင့် ယာယီအချိန်အတွင်း၌ ဓားဆန္ဒ၏ ဒုတိယအဆင့် ခွန်အားကို ပြသနိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။

'ရွှီယန်သာ နှလုံးသားဓားအဆင့်ကို နားလည်ပြီးရင်  ခွန်အားနိမ့်ပါးမှုကြောင့် အဆင့်ချိုးဖျက်နိုင်ခြင်း မရှိရင်တောင် ငါကတော့ အဆင့် ချိုးဖျက်သွားလောက်တယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။

နှလုံးသားဓားအဆင့်...

ဤသည်မှာ အလွန်အဆင့်မြင့်မားသည့်  ဓားတာအိုအဆင့် ဖြစ်၏။ ရွှီယန်အနေနှင့် သန့်စင်သော ဓားနှလုံးသား၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိပြီးဖြစ်လျှင်တောင် နှလုံးသားဓားအဆင့်သို့ အဆင့်ချိုးဖြတ်ကာ ခြေလှမ်းဝင်နိုင်အောင် ပြုလုပ်ရန်မှာ လွယ်ကူခြင်းမရှိပေ။

'နှလုံးသားဓားအဆင့်က... အဲ့ဒီ့အဆင့်ကို ဝင်ရောက်ဖို့ဆိုတာ ထုံးရွှမ်အဆင့်ရဲ့ အထက်ကို ရောက်နေဖို့ လိုအပ်လောက်မယ် ထင်တယ်..'

လီရွှမ်က အတွေးနက်သွားသည်။ နှလုံးသားဓားအဆင့်သည် အလွန် လျှို့ဝှက်ဆန်းကြယ်လှ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး အောက်ရှိ အရာအားလုံးတို့ကို ဓားအဖြစ် အသုံးပြုနိုင်လေသည်။ မည်မျှ စွမ်းအားကြီးမား လိုက်သနည်း။

ထုံးရွှမ်အဆင့်နှင့် စွမ်းဆောင်နိုင်ရန်မှာ အလွန်ခက်ခဲလှသည် မဟုတ်ပါလား။ သို့ပေမယ့် အတိအကျ ပြောနိုင်ခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ရွှီယန်၏ ပါရမီက ထူးကဲလှ၏။

ထုံးရွှမ်အဆင့်နှင့် ပင်လျှင် လောကကြီးရှိ အရာအားလုံးတို့ကို ဓားအဖြစ် အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်သည် မဟုတ်ပေ။

'မုန့်ချုံရဲ့ ဆေဘာတာအို ဒုတိယအဆင့်ကတော့   တော်တော်လေး ဝေးကွာ နေသေးတယ်။ ဒါပေမယ့် ကြီးမြတ်သောနေ ရွှေခန္ဓာက သွေးကြောမှတ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ကိုတော့ သူ့အနေနဲ့ အတိုင်းအတာ တစ်ခုအထိ နားလည်မှု ရနေပြီးပြီ။ ခွန်အားကလည်း အများကြီး တိုးတက်လာတယ်..'

လီရွှမ်၏ အကြည့်က စူးစိုက်သွားသည်။ သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာ သွေးကြောမှတ်များ အတွင်းတွင် လျှို့ဝှက်နက်နဲသည့် ဆန်းကြယ်မှုအချို့ကို ကျင့်ကြံပြီးဖြစ်၏။

'စွန့်ပစ်ဒေသက သိုင်းသမားတွေရဲ့ အရေအတွက်က အရမ်းကို နည်းပါးလွန်းသေးတယ်။ ဒါပေမယ့် အယောက်တစ်ရာကိုကျော်ဖို့ မဝေးတော့ဘူး။ အယောက်တစ်ရာကိုသာ ကျော်သွားရင် ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှုများ ပေးလာမလား..'

လီရွှမ်ဟာ မျှော်လင့်နေမိ၏။ သူသည် စွန့်ပစ်ဒေသမှ သိုင်းသမားများ ယုံကြည်သက်ဝင်သည့် သိုင်းသူတော်စင်တစ်ပါး ဖြစ်နေပြီး ဖြစ်သည်။ သူ့ကို လူတိုင်းက လေးစားစွာဖြင့် စွန့်ပစ်ဒေသ၏ သိုင်းဘိုးဘေးဟု ခေါ်ဆိုကြ၏။

ထိုသို့ဆိုပါက စတင်ခြင်းအဆင့်သို့ ဝင်ရောက်ကြသည့် လူအရေအတွက် များပြားလာသည်နှင့် အမျှ တန်ပြန်အကျိုးပြုမှုတို့ ရလောက်ပါသည်။

စံအိမ်၏ အပြင်ဘက်ရှိ တောင်စောင်းပေါ်တွင် ရွှီယန်က သူ၏ဓားကို ခုတ်ပိုင်းလိုက်၏။ တောင်နှင့်မြစ်နှင့် အရာအားလုံး၏ ဓားချက်က ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် တောင်နှင့်မြစ်တို့ အတွင်းတွင် မိုးကြိုးများ ထွက်ပေါ်လာ၏။ မိုးကြိုးဓားချက်သည် အလွန်ကြမ်းကြုတ်လှပြီး လောကကြီးကို ဖျက်ဆီးနိုင်သကဲ့သို့ ရှိနေပါသည်။

ဒီအချိန်၌ တောင်မြစ်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ အားလုံး တုန်ခါနေသည့်ဟန် ရှိသည်။

'ကျန်းရဲ့ အဓိပ္ပာယ်က မိုးကြိုးကို ကိုယ်စားပြုတယ်။ ဒါဆိုရင် ဒီဓားသိုင်းကို ကျန်းမိုးကြိုးဓားသိုင်းလို့ ခေါ်သင့်တာပေါ့..'

ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်၏။ ဤသည်မှာ သဘာဝတရားရှစ်ပါးပုံကြမ်းမှ နားလည်သဘောပေါက်ခဲ့သည့် ဓားကွက်တစ်ခု ဖြစ်သည်။ သူ၏ တောင်နှင့်မြစ် ဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်လည်းဖြစ်၏။

'ကျန်းမိုးကြိုးဓား...'

တစ်ဖက်တွင် မုန့်ချုံက ခဏတာ အတွေးနက်သွားသည်။

ထို့နောက် လက်သီးတစ်လုံးကို ထုတ်လွှတ်လိုက်၏။ လေနှင့်မိုးကြိုးတို့က မြည်ဟီးကာ ရွှေရောင်လင်းက ထွက်ပေါ်လာခဲ့သည်။ လက်သီးအားက အရိုင်းဆန်စွာဖြင့် ကောင်းကင်သို့ ထိုးဖောက်သွား၏။

'ကျန်းကမိုးကြိုး၊ ရွှမ်ကလေ.. ငါ့ရဲ့ လေမိုးကြိုး ဗာဂျရာလက်သီးလည်း သဘာဝတရားရှစ်ပါး ပုံကြမ်းကနေပြီး ဉာဏ်အလင်းတွေရပြီး တိုးတက်လာခဲ့တယ်..'

မုန့်ချုံက လေထဲသို့ မြင့်တက်သွားပြီးနောက် စတင်သရုပ်ပြ၏။ မိုးကြိုးက ကြမ်းကြုတ်ကာ မုန်တိုင်းက အဆက်မပြတ် ထွက်ပေါ်နေ၏။ ကောင်းကင်တွင် မိုးကြိုးကို သယ်ဆောင်ထားသည့် မုန်တိုင်းတစ်ခု အရိုင်းဆန်စွာ ပြေးလွှားနေပါသည်။

ရွှေရောင်အလင်းနှင့် ပုံရိပ်တစ်ခုက ဗာဂျရာအားဟက်တစ်ယောက်ကဲ့သို့ ကြီးစိုးကာ မကောင်းမှု အားလုံးတို့ကို ဆုတ်ခွာသွားရစေ၏။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က ခေါင်းမော့ကြည့်လိုက်သည်။ သူတို့၏ နှလုံးသားက ထိတ်လန့်သွားကြ၏။ မုန့်ချုံ၏ ခွန်အားက ပိုမို သန်မာလာခဲ့ပြန်လေပြီ။

ဤသည်မှာ မည်သည့် လက်သီးသိုင်းဖြစ်သနည်း။ အမှန်တကယ်ကို မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားလှသည်။

ရွှီယန်က တွေးဆစွာ ခေါင်းမော့ကြည့်သည်။ မုန့်ချုံလည်း သဘာဝတရားရှစ်ပါးပုံကြမ်းမှ ဉာဏ်အလင်းအချို့ ရလာခဲ့၏။ သူ၏ လေမိုးကြိုး ဗာဂျရာလက်သီးက အဆင့်ချိုးဖျက်မှု ရခဲ့လေသည်။

"သင်၏တပည့် မုန့်ချုံသည် လေနှင့်မိုးကြိုး၏ အစစ်အမှန်အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်၏ လေနှင့်မိုးကြိုးအပေါ် နားလည်သဘောပေါက်မှုသည် အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်.."

ရွှေရောင်အလင်းက ထွက်ပေါ်လာပြီး ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှု ရရှိလာ၏။

"သင်၏တပည့် ရွှီယန်သည် တောင်နှင့်မြစ် ဒုတိယဓားကွက်- ကျန်းမိုးကြိုးဓားကွက်ကို တတ်မြောက်လာခဲ့သည်။ သင်သည် ကျန်းမိုးကြိုးဓားကွက်ကို ပြည့်စုံစွာ တတ်မြောက်သွားခဲ့သည်.."

ရွှီယန်၏ တန်ပြန်အကျိုးပြုမှုလည်း ရောက်ရှိလာခဲ့၏။ လီရွှမ်က နှလုံးသားထဲတွင် ဝမ်းသာသွားသည်။ အရင်တုန်းက သဘာဝတရားရှစ်ပါး ပုံကြမ်းကို အသုံးပြုကာ သင်ကြားပေးရန် ဆုံးဖြတ်ခဲ့သည်မှာ ဉာဏ်ပညာ ကြီးမားလှသည့် စိတ်ကူးဖြစ်၏။ ယခုအချိန်၌ အသီးအပွင့်များကို စတင် သုံးဆောင်လာရလေပြီ။

ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ဦးစလုံးသည် သဘာဝတရားရှစ်ပါးပုံကြမ်းမှ ဉာဏ်အလင်းများကို ရရှိခဲ့ပြီး ဉာဏ်အလင်းတို့ ပိုမို နက်ရှိုင်းလာခဲ့သည်။

၂ဦးစလုံးသည် သဘာဝတရားရှစ်ပါးပုံကြမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုများကို စစ်မှန်စွာ နားလည်မှုရရန် အဝေးကြီး ကျန်သေးသည်ဟု ခံစားရ၏။ ဆရာသင်ကြားပေးသည့် နည်းလမ်းမှာ သိုင်းပညာ၏ စစ်မှန်သည့် အဆုံးမသတ်နိုင်သည့် လမ်းစဉ်ဖြစ်သည်ဟု တွေးတောမိကြ၏။

စုလင်းရှုံလည်း လေ့လာနေပါသည်။ ရွှီယန်နှင့်  မုန့်ချုံတို့၏ အကူအညီဖြင့် သူမလည်းပဲ ကိုယ်ပိုင်ပါရမီနှင့် အားသာချက်များအပေါ် ဉာဏ်အလင်းအချို့ ရလာခဲ့၏။

ရွှီယန်က ကြည့်လိုက်ပြီးနောက် စုလင်းရှုံသည် အပ်ချောင်းနှင့် ပတ်သက်သည့် သိုင်းပညာတစ်ခုကို  လေ့လာနေကြောင်းအား တွေ့လိုက်ရသည်။ သူမသည် ဒန်ဆေးသိုင်းပညာကျမ်းတွင် ပါဝင်သည့် ရွှေအပ်စိုက်ခြင်းနှင့် အခြားနည်းပညာများကို နားလည်သဘောပေါက်ပြီး ဖြစ်၏။

သို့ရာတွင် စွမ်းအားကြီးမားသည့် သတ်ဖြတ်ခြင်းအတတ်တစ်ခုကို လစ်ဟင်းနေပါသေးသည်။

"သဘာဝတရားရှစ်ပါး ပုံကြမ်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက တကယ့်ကို တိုင်းတာလို့ မရဘူး။ ပိုပြီးတော့ လေ့လာလေလေ ပိုပြီးတော့ အဆုံးမသတ်ပြီး နက်နဲလာလေလေပဲ။ ဘယ်တော့မှ ပြီးပြည့်စုံအောင် နားလည်မှု မရနိုင်တဲ့ပုံ ရှိတယ်။ ငါ့ရဲ့ နားလည်မှုတွေက အပေါ်ယံပဲ ရှိသေးတယ်.."

စုလင်းရှုံကို ညွှန်ကြားပြီးနောက် ရွှီယန်က ခံစားချက်မြင့်စွာဖြင့် သက်ပြင်းချသည်။

"အမှန်ပဲ။ သဘာဝတရားရှစ်ပါး ပုံကြမ်းရဲ့ ဆန်းကြယ်မှုတွေက တကယ့်ကို နက်နဲလွန်းတယ်.."

မုန့်ချုံကလည်း သဘောတူစွာ ခေါင်းငြိမ့်သည်။ စီနီယာအစ်ကိုကြီးပင်လျှင် ၎င်းကို အလွန် ဆန်းကြယ်လှသည်ဟု တွေးထင်၏။ ဤသည်က ၎င်း၏ မည်မျှ စွမ်းအားကြီးမားပုံနှင့် နက်ရှိုင်းပုံကို ပြသနေပါသည်။

စုလင်းရှုံက မျက်လုံးများကို အနည်းငယ်မှိတ်သည်။

ချီနှင့်သွေးစွမ်းအားတို့ မြင့်တက်လာပြီး သူမ၏ ပတ်ဝန်းကျင်တွင် ရွှေအပ်ချောင်းများ တစ်ချောင်းပြီးတစ်ချောင်း ပေါ်လာခဲ့၏။

ရုတ်တရက် ရွှေအပ်များက ရွေ့လျားလာကာ ဆက်တိုက် ပြောင်းလဲနေပါသည်။ ခဏတာအတွင်းတွင် ၎င်းတို့သည် လေညှင်းကဲ့သို့ ညင်သာစွာဖြင့် အရာအားလုံးကို ထိုးဖောက်ပြီး စိုက်ဝင်သွား၏။

"စွတ်.."

သေးငယ်သည့် ရွှေအပ်ချောင်းက သစ်ပင်တစ်ခုတွင် စိုက်ဝင်သွား၏။ သစ်ပင်ပေါ်တွင် သေးငယ်သည့် အပေါက်လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

သို့ပေမယ့် ၎င်းပတ်ဝန်းကျင်ရှိ နေရာတစ်ခုလုံး တဖြည်းဖြည်း ညှိုးခြောက်လာပြီး သေဆုံးနေသည့် သစ်ခြောက်ပင် အပိုင်းအစတစ်ခုကဲ့သို့ ပြောင်းလဲသွားဟန် ရှိသည်။

ဤသည်မှာ ရွှေအပ်က သယ်ဆောင်လာသည့် ချီနှင့်သွေးစွမ်းအင် အားလုံးတို့က ပင်စည်ကို တစ်ခါတည်း ညှိုးခြောက်စေကာ အသက်ဓာတ်တို့ကို ပျက်စီးသွားသည့်နှယ် ရှိသည်။

ခရက်ဟူသည့် အသံတစ်ခုနှင့်အတူ သစ်ပင်က ကျိုးကျသွားခဲ့၏။

ရွှီယန်က အသံပြုသည်။

"ဂျူနီယာညီမလေးရဲ့ ရွှေအပ်ချောင်းအတတ်က  အထင်သေးလို့ မရဘူး။ သေးငယ်ပြီးတော့ မြန်ဆန်တယ်။ တိတ်ဆိတ်ပြီးတော့ သေစေနိုင်တယ်။ ထိမှန်လိုက်တာနဲ့ မသိရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမှာ.."

မုန့်ချုံကလည်း ခေါင်းငြိမ့်ကာ ပြောသည်။

"အဲ့ဒီ့အပြင် ဂျူနီယာညီမလေးရဲ့ ရွှေအပ်အတတ်က လူတွေကို သတ်နိုင်ရုံတင်ပဲ မဟုတ်ဘူး။ ကယ်လည်းကယ်တင်နိုင်တယ်.."

စုလင်းရှုံသည် နောက်ဆုံးတွင် အပ်ပညာတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့လေပြီ။

"အစ်ကိုကြီး... ကျွန်မရဲ့ ရွှေအပ်တိုက်ခိုက်မှုကို စမ်းကြည့်လိုက်ဦး.."

စုလင်းရှုံက အလွန်စိတ်လှုပ်ရှားနေ၏။ နောက်ဆုံးတွင် စွမ်းအားကြီးမားသည့် သတ်ဖြတ်ခြင်းအတတ် တစ်ခုကို နားလည်လာခဲ့ပါပြီ။ များပြားလှသည့် အပ်များက ကောင်းကင်မှ သွန်းဖြိုးလာခဲ့၏။ လေညှင်းတစ်ခုနှယ် ရွေ့လျားနေပြီး လျှပ်တပြက်အတွင်းရွှီယန်ကို လွှမ်းခြုံသွားသည်။

သူ့ကို နောက်တစ်စက္ကန့်တွင် ဖြူကောင်တစ်ကောင်ကဲ့သို့ ပြောင်းလဲတော့မည့်ပုံ ရှိ၏။

ရွှီယန်က အသာပြုံး၏။ မူလအဆင့်၏ ခွန်အားကို အသုံးပြုမည့်အစား ချီနှင့်သွေးအဆင့်၏ ခွန်အားကို အသုံးပြုကာ သူ၏ လက်ကိုမြှောက်ပြီး ဝှေ့ရမ်းလိုက်သည်။

နဂါးနိုင်လက်ဝါး၏ လက်ဝါးစွမ်းအင်က ရွှေအပ်များအားလုံးကို ဖမ်းဆီးလိုက်၏။

All Chapters