← Chapters

လင်ရှင်းထုံ၏ မရေရာမှု

Vol. 10 Ch. 136

လင်ရှင်းထုံ၏ မရေရာမှု

Vol. 10 Ch. 136

သွေးကျောက်သားရဲက ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းသည်။ လူသားများအဖို့ ပျက်စီးခြင်းသားရဲထံမှ သဘာဝ ဖိအားအာရုံကို ခံစားမိရသည်။ ယင်းသည် သေမျိုးတစ်ဦးက ထိန်းသိမ်းမရသော ကျားတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်ပမာဖြစ်ပြီး မည်သူကများ မကြောက်ဘဲနေပါမည်နည်း။

ယီယွင်က ၁၂ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး ထိုမျှကြောက်မက်ဖွယ်ကောင်းသော သားရဲရိုင်းတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ လင်ရှင်းထုံက ယီယွင်ကို ကြည့်နေလေ၏။ ယီယွင်တွင် ကြောက်လန့်ဟန်များ ရှိနေမည်လားကို သူမ သိလိုသည်။

လူအချို့ ၊ အထူးသဖြင့် သိုင်းပညာရပ်တွင် ပေါက်မြောက်ခါစ လူငယ်များက ၎င်းတို့၏ ပထမဆုံး ခရီးကြမ်းအတွေ့အကြုံတွင် သားရဲရိုင်းများနှင့် ရင်ဆိုင်ရပါက သတ္တိကြောင်သွားတတ်ကြသည်။ သူတို့က ရင်ဆိုင်နေရသည့် သားရဲများထက် ကျော်လွန်နေသည့် ကြီးမားသောခွန်အား ရှိနေသည့်တိုင်အောင် ကြောက်စိတ်ကို ခံစားရသည်သာပင်။

သူတို့၏မသိစိတ်တွင် သူတို့က အားနည်းသည်ဟု အတွေးဝင်မိကြသည်။ သေမျိုးများက သားရဲရိုင်းများနှင့် ရင်ဆိုင်ရလျှင် ယုံကြည်ချက် နည်းပါးတတ်ကြ၏။ သူတို့က သားရဲရိုင်းများနှင့် တိုက်ခိုက်ရလျှင်ပင် သူတို၏စွမ်းရည်များကို အလားအလာအပြည့် မထုတ်ဖော်နိုင်ကြပေ။

လူတော်တော်များများက ထိုသို့သာဖြစ်၏။ သူတို့နှင့် အသက်အရွယ်တူသူများနှင့် ရင်ဆိုင်လာရပါက လွှမ်းမိုးချုပ်ကိုင်ကာ အနိုင့်ကျင့်တတ်ကြသည်။ သားရဲရိုင်းများနှင့် ရင်ဆိုင်ရလျှင်မူ သူတို့၏မျက်နှာများ ရှက်ရွံ့နီမြန်းသွားတတ်ကြ၏။ ထိုကဲ့သို့ လူစားမျိုးများက အားနည်းခြင်းအချုပ်အနှောင်ထံမှ ရုန်းထွက်နိုင်မည်မဟုတ်ပေ။ သူတို့တွင် သန်မာသူ၏နှလုံးသား မရှိလေသောကြောင့် မည်သည့်အရာမျှ ကြီးကျယ်စွာလုပ်နိုင်မည် မဟုတ်ပေ။

လင်ရှင်းထုံသည် ယီယွင်က ထိုကဲ့သို့လူစားမျိုး ဖြစ်သည်ဟု မယုံကြည်သော်လည်း ယီယွင် မည်မျှအထိ သွားနိုင်မည်ကို ကြည့်လိုလေ၏။ သူ၏ကိုယ်ပိုင်စွမ်းအားကို မည်မျှအထိ ယုံကြည်ချက်ရှိလေသနည်း။

သို့သော် ယီယွင် ပြောလာခဲ့သည့် စကားများက လင်ရှင်းထုံ၏ အတွေးများကို လုံးဝပင် ရိုက်ချသွားခဲ့လေ၏။

ယီယွင်က ဆိုသည်..." မိန်းကလေးလင်... ဒီသွေးကျောက်သားရဲက ရိုင်းစိုင်းကြမ်းတမ်းတဲ့ပုံပဲ။ ဒါဟာ ဒီသားရဲက အရသာမရှိလောက်ဘူးလို့ ဆိုလိုနေတာများလား "

" အမ် " လင်ရှင်းထုံ မှင်တက်မိသွား၏။ ယီယွင်က ထိုကဲ့သို့မေးခွန်းမျိုး မေးလာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

" ဒါက ဒီလိုပါ။ ရွာမှာက အသား ရှားပါးတယ်လေ။ ရွာကို များများပြန်သယ်သွားသင့်တယ်လို့ ငါ တွေးမိတယ်။ မျိုးနွယ်ငယ်တစ်ခုက ဆင်းသက်လာတဲ့ ငါက ဆင်းရဲတဲ့ဘဝမှာ အသားကျနေပြီ။ ဒါပေမဲ့ ငါ သိုင်းပညာကို စပြီးလေ့ကျင့်ချိန်တုန်းက အရိုင်းနယ်မြေထဲလျှောက်သွားပြီး အမဲလိုက်ဖို့ အိပ်မက်ရှိတယ်။ ဒါကြောင့် ငါက စားစရာအတွက် စိတ်ပူမှဖြစ်မယ်။ သွေးကျောက်သားရဲက ငါ ပထမဆုံး အမဲလိုက်ရတာပဲ။ ဒီသားရဲက အရသာမရှိတာ ဒါမှမဟုတ် စားမရတာဆိုရင် ဒီသားရဲကိုသတ်ပြီး အသားတွေကို ရွာပြန်သယ်သွားတာက အင်အားဖြုန်းတီးတာပဲမလား "

လင်ရှင်းထုံ တစ်ခဏမျှ အေးခဲနေပြီးနောက် ရယ်လိုက်လေသည်။ သူမက အတွေးလွန်သွားခဲ့ကြောင်း သဘောပေါက်မိသွားလေ၏။ ယီယွင်က သွေးကျောက်သားရဲကို သားကောင်အဖြစ် သဘောထားနေချေ၏။ ထိုကဲ့သို့ စိတ်ဝိညာဥ်မျိုးက အလွန်တရာပင် ကောင်းမွန်လှသည်။

" ဒီသားရဲက ရုပ်ဆိုးပေမဲ့ အသားကတော့ အရသာရှိတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီသားရဲရဲ့ အသားအရည်အသွေးက နိမ့်တာကြောင့် စားလိုက်ရင် စွမ်းအင်တွေ အများကြီးမရနိုင်ဘူး။ ဒီသားရဲရဲ့ အဆီအနှစ်တွေအားလုံးက အရိုးထဲမှာပဲ "

" ကောင်းတယ်။ အရသာရှိရင်ကို ဖြစ်ပြီ " ယီယွင် အရေးမစိုက်ပေ။ အသားသာ စားရမည်ဆိုပါက လျှိုင်မျိုးနွယ်ကလည်း အရေးစိုက်မည်မဟုတ်ပေပေ။

ယီယွင်နှင့် လင်ရှင်းထုံတို့ စကားပြောနေချိန်တွင် သွေးကျောက်သားရဲ ဒေါသထွက်လာ၏။ သေးငယ်သော လူသားနှစ်ဦးက သူ့အား အထင်သေးနေသည့်ပမာ ခံစားရလေ၏။

သွေးကျောက်သားရဲ ဟစ်အော်ကာ ကြီးမားသောခန္ဓာကိုယ်ကြီးက ရှေ့သို့တက်သွား၏။ ၎င်း၏ သံမဏိခရင်းကဲ့သို့ လက်ကြီးအား ယီယွင်ဆီသို့ ဆန့်ထုတ်လိုက်လေသည်။

ယီယွင်က တဒင်္ဂလှုပ်ရှားမှုတွင် ပြီးပြည့်စုံစွာ ဆရာကျနေပေပြီ။

ချွမ်...။

ယီယွင် ရန်ချီဓားမောက်ကို ဆွဲထုတ်လိုက်ပြီး ခြေထောက်များက သွေးကျောက်သားရဲ၏ ဧရာမလက်ကြီးပေါ်သို့ ဆင်းသက်သွားလေ၏။ သူ လက်မောင်းကြီးပေါ်တွင် တဟုန်ထိုးပြေးကာ ရှေ့သို့တက်သည်။

သွေးကျောက်သားရဲ ထိတ်လန့်သွားကာ ပါးစပ်ကြီးအား ဟလိုက်လေ၏။ သွေးကျောက်သားရဲ၏ ဆူးထစ်များပါသော လျှာကြီးက သံမဏိပြားများကိုပင် ထိုးဖောက်ပစ်နိုင်လောက်သည်။

လျှာကြီး၏တိုက်ခိုက်မှုက အလွန်ပင် မြန်ဆန်လှသည်။ ယီယွင် အာရုံစိုက်ထားလျက်ရှိပြီး လျှာကြီးက ရင်ဘက်အား ထိတော့မည့်အချိန်တွင် သူ ဘေးဘက်သို့ရွေ့သွားလေ၏။ သူ ရှေ့သို့ဆက်သွားနေရင်းဖြင့် လျှာကြီး၏ဘေးဘက်မှ တိုက်ခိုက်လိုက်သည်။

လျှာကြီး၏ ပြင်းထန်သောတိုက်ခိုက်မှုက ရန်ချီဓားကို အဟန့်အတား မဖြစ်စေသည်သာမက ယီယွင်အတွက် ထိုအားအင်ကို အသုံးပြုပြီး အမြန်နှုန်းတင်ရန် အခွင့်အရေးပင် ရသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ သွေးကျောက်သားရဲ၏ ဦးခေါင်းဆီသို့ ရောက်ရှိသွားပြီး ကြက်ခြေခတ်သဏ္ဌာန် မျက်လုံးများကို ရန်ချီဓားနှင့် ထိုးဖောက်လိုက်သည်။

ဂါး...။

သွေးကျောက်သားရဲ အော်ဟစ်လိုက်ပြီး ပါးစပ်ဟကာ ယီယွင်အား တိုက်ခိုက်လိုက်သော်လည်း ကံကြမ္မာအား မပြောင်းလဲနိုင်ခဲ့ပေ။ ယီယွင်က တစ်ချက်ခုန်ကာ ရန်ချီဓားနှင့် တိုက်ခိုက်လိုက်၏။

ရန်ချီဓားက သွေးကျောက်သားရဲ၏ မျက်လုံးမှတစ်ဆင့် ဦးနှောက်ထဲအထိ ထိုးဖောက်သွားကာ သွေးစက်များ ပြန့်ကျဲသွားလေသည်။

ယီယွင်၏ အံ့မခန်းဆန်သော ရုပ်ခန္ဓာကိုယ်စွမ်းအား အကုန်လုံးကို ထိုဓားချက်ထဲတွင် ထည့်သွင်းထားသည်ဖြစ်ရာ ရန်ချီဓားမောက်ကသွေးကျောက်သားရဲ၏ ဦးခေါင်းအား အတားအဆီးမရှိ ထိုးဖောက်သွားခဲ့သည်။

သွေးကျောက်သားရဲ ကျယ်လောင်စွာ အော်ပြီးနောက် ရပ်သွားလေ၏။ သွေးကျောက်သားရဲ ရုန်းကန်နေရင်းဖြင့် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားကာ မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။

အသက်ရှုနှစ်ကြိမ်စာအတွင်းမှာပင် ယီယွင်က သွေးကျောက်သားရဲကို သတ်သွားခဲ့သည်။ သူ၏တိုက်ခိုက်မှုက ရှင်းလင်းပြတ်သား၏။ ယီယွင်က မည်သည့်သိုင်းကွက်မျှ မသုံးခဲ့ဘဲ နှစ်ကြိမ်ရှောင်တိမ်းပြီး ဓားနှင့်ထိုးခြင်းသာ လုပ်ဆောင်သွားခဲ့သည်။ အဆိုပါ နှစ်ကြိမ်ရှောင်တိမ်းမှုသည် တဒင်္ဂလှုပ်ရှားမှု၏ သရုပ်သဏ္ဌာန် ဖြစ်လေ၏။

သူသည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ ပထမအကွက်ဖြစ်သည်း ပင်လယ်မှ နဂါးထွက်ပေါ်ခြင်းအကွက် အသုံးပြုကာ ဓားဖြင့်ထိုးခဲ့သည်။ ယီယွင်က ဓားမောက်ကို လက်သီးသဖွယ် အသုံးပြုပြီး နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ပြီးပြည့်စုံစွာ အသုံးပြုသွားခဲ့သည်။ ယီယွင်က အစမှအဆုံးအထိ မလိုအပ်သည့်လှုပ်ရှားမှုများ မလုပ်ခဲ့ပေ။ အပြစ်ပြောစရာမရှိ စင်းလုံးချောဟုပင် ဆိုနိုင်သည်။

" နင်က လက်နက်ကို ပထမဆုံးအသုံးပြုပြီး ပင်လယ်မှ နဂါးထွက်ပေါ်ခြင်းအကွက်ကို သုံးသွားခဲ့တာပဲ။ မဆိုးဘူး။ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းအပေါ်မှာ နင့်ရဲ့နားလည်မှုက အရမ်းနက်ရှိုင်းနေပြီး လိုသလိုအသုံးချနိုင်တယ်။ ထိုးထွင်းသိမြင်မှုက အရမ်းကိုကောင်းတယ် " လင်ရှင်းထုံက ချီးကျူးရန် တွန့်တိုမနေပေ။

ယီယွင် ရှက်အမ်းအမ်းဆိုလိုက်သည်..." တကယ်တော့ ဒါတွေအားလုံးက မိန်းကလေးလင်ရဲ့ မှတ်စုတိုတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ အဲ့ဒီမှတ်စုတိုတွေက လှုပ်ရှားမှုတွေကို ကန့်သတ်မထားဖို့နဲ့ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းရဲ့ ပထမပုံစံတွေအားလုံးကို မေ့ပစ်လိုက်ပြီးတော့ ကိုယ့်အပိုင်အဖြစ် ကြေညက်အောင်လုပ်ဖို့ သင်ကြားပေးခဲ့တယ်လေ "

ယီယွင်က မည်သည့်ဓားမောက်သိုင်းကိုမျှ မသိလေသောကြောင် လက်သီးသိုင်းကိုသာ ဓားမောက်သိုင်းအဖြစ် သုံးခဲ့ရသည်။

" ဟုတ်တယ်။ တကယ်တော့ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းက ဓားတစ်လက်နဲ့ အသင့်တော်ဆုံးပဲ။ ဓားမောက်တစ်လက်က ခုတ်ရတာ အကြိမ်ရေပိုများတယ်။ အနာဂတ်မှာ နင်က လက်နက်တွေကို ပိုအသုံးပြုသင့်တယ်။ ဒီလောကကြီးထဲမှာ လက်နက်တွေက ကန့်သတ်တာကို မခံရတဲ့ စစ်သည်တွေ အများကြီးရှိတယ်။ သူတို့တွေက သိုင်းကွက်တွေကို မေ့ထားနိုင်ရုံတင်မကဘူး လက်နက်တွေကိုပါ မေ့ထားနိုင်တယ်။ သူတို့က လက်နက်တွေရဲ့ဝိညာဥ်ကို အသုံးပြုပြီး စေစားနိုင်တာကြောင့် လက်နက်ကို အပြည့်အဝအသုံးချနိုင်တယ်။ သူတို့က လက်နက်တွေကို သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလို လုပ်ဆောင်နိုင်ကြတယ် " လင်ရှင်းထုံ၏ သိုင်းပညာအပေါ်တွင် နားလည်မှုက အခြားသူများထက် များစွာပိုမြင့်လေသောကြောင့် သူမ၏စကားလုံးအနည်းငယ်က ယီယွင်အတွက် အားအင်ဖြစ်စေခဲ့သည်။

လက်နက်တွေကို မေ့ထားလို့ရတာလား။ သိုင်းကွက်တွေကို မေ့ထားလို့ရတာလား။

" ဒါဆို မိန်းကလေးလင်...." ယီယွင်က လင်ရှင်းထုံ၏ စိမ့်အေးရေဓားကို ကြည့်လိုက်သည်။

လင်ရှင်းထုံ ပြုံးကာ..." ငါ ဓားအသုံးပြုရတာက ငါ့ရဲ့သွေးမျိုးဆက်ဖြစ်တဲ့ ဓားနှလုံးသားကြောင့်ပဲ။ ဒီဟာကိုယ်တိုင်က အခြားအဆင့်တစ်ခုမှာပဲ။ လက်ရှိမှာ နင်က အဲ့ဒါကို လျစ်လျူရှုထားလို့ရတယ်။ ဒီနေ့မှာ ငါက နင့်အတွက် သားရဲရိုင်းအမတေကို သန့်စင်ပေးမယ်။ ကြည့်နေ "

လင်ရှင်းထုံ၏ ခါးတွင် အလင်းရောင်တောက်ပသွားကာ သုံးပေခန့်ရှိသည့် ကြေးပြားတစ်ခု ပေါ်ထွက်လာပြီး လေထဲတွင် လည်နေလေသည်။ ကြေးပြားက လျင်မြန်စွာပင် ကြီးမားလာပြီး မှော်စာလုံးများ ဝန်းရံလာခဲ့သည်။

ယီယွင် မျက်တောင်မခတ်စတမ်း ကြည့်နေသည်။ ယခင်က သူသည် ပျက်စီးခြင်းကောင်းကင်သခင်ကို ကြားခဲ့ဖူးလေပြီး ယနေ့တွင် သားရဲအမတေကို သန့်စင်သည်အား ပထမဆုံးအကြိမ် ကိုယ်တိုင်မြင်တွေ့ရပေတော့မည်။

လင်ရှင်းထုံက သိုင်းပညာတွင် ပါရမီထူးသည်သာမက ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးလည်း ဖြစ်လေသည်။

ယီယွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ သူမက အသက် ၁၇ နှစ်သာ ရှိသေးလေပြီး ယှဥ်ကြည့်မည်ဆိုပါက သူသည် ဘာမျှမဟုတ်ချေ။

အကယ်၍ ကျန်းတန်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူမ၏အဆင့်ကို မည်သို့သတ်မှတ်ပေးလိမ့်မည်နည်း။ မြေအဆင့် ဖြစ်လောက်လေသလော။ ယင်းက လူငယ်ပညာရှိတစ်ဦး ဖြစ်ချေသည်။

တိုင်အာနတ်ပြည်ထောင် တည်ထောင်သူက ပညာရှင်တစ်ဦး ဖြစ်လေ၏။ တစ်ဆင့်ပိုမြင့်လျှင် မဟာဧကရာဇ် ဖြစ်လေသည်။ ထိုသည်က မည်ကဲ့သို့ အယူအဆမျိုးပေနည်း။ ယီယွင် မသိတော့ပေ။

ယီယွင် ရောက်တတ်ရာရာ တွေးနေချိန်တွင် ကြီးမားသော သွေးကျောက်သားရဲကြီးမှာ ကြေးပြားက စုပ်ယူသည်ကို ခံနေရသည်။

ကြေးပြား၏အောက်ရှိ ကြီးမားသော သွေးကျောက်သားရဲ၏ ခန္ဓာကိုယ်ထံမှ အလင်းစက်များစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသောကြောင့် သူ အံ့အားသင့်သွားရလေ၏။ ထိုအလင်းစက်များ အနီဖျော့ဖျော့ ဖြစ်သည်။ ၎င်းတို့၏ပုံစံက ခရမ်းရောင်သလင်းကျောက် စုပ်ယူသည့် အလင်းစက်များနှင့် တူညီနေသည်ဟု ယီယွင် ခံစားမိလေ၏။

ဒါက...။

ယီယွင် မှင်တက်မိသွားသည်။ သူသည် လက်ဟန်သင်္ကေများစွာ လုပ်ဆောင်နေသည့် လင်ရှင်းထုံအား ကြည့်လိုက်လေသည်။ သူမ ကြေးပြားပေါ်သို့ မှော်စာလုံးများ တစ်ခုပြီးတစ်ခု ပို့လွှတ်နေသည်။ ထို့နောက်တွင် ထိုမှော်စာလုံးများက အလင်းစက်များကို ထိန်းချုပ်သွားလေ၏။ ထိုအလင်းစက်များက စွမ်းအင်များ ဖြစ်ချေသည်။

လင်ရှင်းထုံ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အဆင့်အရ ထိုအလင်းစက်အားလုံးကို ထိန်းချုပ်နိုင်ရန် ခက်ခဲလေသည်။ အမှန်တကယ်တွင် လင်ရှင်းထုံက အလင်းစက်များ ၆၀% ခန့်ကိုသာ ထိန်းချုပ်နိုင်ကြောင်း ယီယွင် မြင်နေရ၏။ ကျန်အလင်းစက်များက ဘေးပတ်ဝန်းကျင်သို့ ပြန့်သွားခဲ့လေသည်။

ယီယွင် အတွေးတစ်ခု ရလာသည်။ သူ၏နှလုံးထဲမှ ခရမ်းရောင်သလင်းကျောက်ကို အတွင်းပိုင်းထဲတွင် နှိုးဆွလိုက်သည်။ သူ၏ စိတ်ဝိညာဥ်အားကို ထုတ်လွှတ်လိုက်သည်နှင့် ထိုအလင်းစက်များကို ထိန်းချုပ်သွားနိုင်ခဲ့သည်။ သူသာ အလိုရှိပါက လင်ရှင်းထုံ ထိန်းချုပ်ထားသည့် အလင်းစက်များကိုပင် စုပ်ယူပစ်နိုင်သည်။

ယီယွင်က ထိုသို့မလုပ်ဘဲ အလင်းစက်များကို အတူစုစည်းလိုက်သည်။ အလင်းစက်များက အမိန့်ပေးခံရသည့်အလားပင် လင်ရှင်းထုံတွင် စုစည်းသွားကြလေသည်။ ရုတ်ခြည်းမှာပင် လင်ရှင်းထုံ၏ အစီအရင် တောက်ပလာခဲ့၏။

" အမ် " လင်ရှင်းထုံ၏ မျက်ဝန်းများ တောက်ပသွားသည်။ ယနေ့တွင် သားရဲရိုင်းအမတေကို သန့်စင်ရသည်မှာ အဘယ့်ကြောင့် လွယ်ကူလွန်းနေရသနည်း။ သားရဲရိုင်း၏အရိုးထဲမှ စွမ်းအင်များကို ထိန်းချုပ်ရသည်မှာ လေချွန်ရသကဲ့သို့ပင် လွယ်ကူနေချေသည်။

ပျက်စီးခြင်းကောင်းကင်သခင်များက သားရဲအရိုးများကို သန့်စင်ချိန်တွင် စွမ်းအင်များ အလေအလွင့်ရှိသည်။ လင်ရှင်းထုံက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ပြီးမြောက်ခြင်းမရှိသေးလေသောကြောင့် သူမ သားရဲရိုင်းအမတေကို သန့်စင်ရာတွင် စွမ်းအင် ၄၀% ခန့် အလေအလွင့်ဖြစ်သည်။ သို့သော် ယနေ့သန့်စင်ရာတွင် စွမ်းအင် ၅% ခန့်ပင် အလေအလွင့်မဖြစ်ဟု သူမ ခံစားရလေသည်။

မည်သို့ဖြစ်လေသနည်း။

All Chapters