← Chapters

ငါ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာခဲ့ရင်...

Vol. 10 Ch. 137

ငါ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာခဲ့ရင်...

Vol. 10 Ch. 137

သူမတွင် မည်သည့်ထူးခြားမှုနှင့် မည်သည့်ချိုးဖျက်မှုမျှ မရှိခဲ့ကြောင်းကို လင်ရှင်းထုံ သိလေသည်။ ယင်းက မတော်တဆဖြစ်ရပ်အချို့ သို့မဟုတ် ကံကောင်းမှုအချို့သာ ဖြစ်ရပေမည်။

ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးအတွက် အခွင့်ကောင်းကြုံကြိုက်ပြီး ထူးကဲကောင်းမွန်သော အမတေတစ်ခု သန့်စင်နိုင်သည့် ရလဒ်မျိုးကို ရရှိလာနိုင်စေသည့် အချိန်အခါများ ရှိလေသည်။ ထိုကိစ္စမျိုးက မထူးဆန်းသော်လည်း ယနေ့ကမူ ကွဲပြားနေသည်ဟု ခံစားရသည်။

လင်ရှင်းထုံက ဇဝေဇဝါဖြစ်နေသည့်တိုင်အောင် သူမ၏လှုပ်ရှားမှုများကိုမူ ထိခိုက်စေခြင်းမရှိပေ။ သူမ၏ချိတ်တံဆိပ်များ မြန်ဆန်လာပြီး လက်ချောင်များ အရိပ်များသဖွယ်ဖြစ်လာသည်။

ယီယွင်က စူးစိုက်ကြည့်နေလျက်ရှိပြီး မျက်လုံးများက အလင်းစက်များအတိုင်း လိုက်ပါနေသည်။ သူသာ ဆန္ဒရှိလျှင် အလင်းစက်အားလုံးကို ထိန်းချုပ်ပြီး လင်ရှင်းထုံအတွက် ပျော်စရာအခိုက်အတန့် ဖန်တီးပေးနိုင်သည်။

ပျက်စီးခြင်းကောင်းကင်သခင်များ သားရဲရိုင်းများနှင့် ပျက်စီးခြင်းသားရဲများ အရိုးများထဲမှ စွမ်းအင်များကို စုစည်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သူ သဘောပေါက်သည်။ သို့သော် ပျက်စီးခြင်းကောင်းကင်သခင်များ ရိုးရှင်းစွာ စုစည်းကြသည်မဟုတ်ပေ။ စုစည်းခြင်းလုပ်ငန်းစဥ်တွင် ပျက်စီးခြင်းကောင်းကင်သခင်က စွမ်းအင်များထဲတွင် ကိုယ်အမှတ်အသားများ ထည့်သွင်းပေးရသည်။

ထို့အပြင် ပျက်စီးခြင်းအရိုးများတွင် ကိုယ်ပိုင်ဂုဏ်သတ္တိများ ရှိလေသည်​။ ပျက်စီးခြင်းကောင်းကင်သခင်၏ အမှတ်အသားနှင့် ပျက်စီးခြင်းအရိုး၏ ဂုဏ်သတ္တိတို့ ပေါင်းစည်းသွားမှသာ အံ့မခန်းအပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ပျက်စီးခြင်းအရိုးတွင် မူလက မရှိခဲ့သည့် အရိုးအမတေတစ်ခု ထွက်ပေါ်လာမည် ဖြစ်လေသည်။

ထိုအရာများကြောင့် ယီယွင် အကြီးအကျယ်ပင် စိတ်ဝင်စားမိနေ၏။ ငါသာ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာခဲ့ရင်...။

ယီယွင်၏စိတ်ထဲပင် ရုတ်တရက်ပင် ထိုအတွေးဖြစ်ပေါ်လာကာ ကြီးထွားလာခဲ့၏။ ယင်းအတွေးက မျိုးစေ့တစ်ပမာ ကြီးထွားလာပြီး မိုးထိသစ်ပင်တစ်ပင် ဖြစ်လာရသည်။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာလျှင် သူ့အတွက် အကျိုးအမြတ်များစွာ ဆောင်ကြဥ်းပေးနိုင်လိမ့်မည်။

ယင်းသည် အရိုင်းနယ်မြေထဲတွင် အထက်တန်းကျသော အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု ဖြစ်လေ၏။ ပျက်စီးခြင်းကောင်းကင်သခင်များက အကန့်အသတ်မဲ့သော ကြွယ်ဝချမ်းသာမှုများ ရရှိလာစေရေးအတွက် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အသုံးပြုနိုင်ကြသည်။ ကြွယ်ဝချမ်းသာမှုသည် ကျင့်ကြံမှုအရင်းအမြစ်များကို ကိုယ်စားပြုလေ၏။

ထိုမျှမကသေးဘဲ သူတို့တွင် စွမ်းအင်များကို ဖော်ဆောင်ရာတွင် အထူးနည်းစနစ်များ ရှိကြသေးသည်။ ယင်းအဖြစ်များကြောင့် ယီယွင် ရင်သပ်ရှုမော ဖြစ်ရသည်။

ပျက်စီးခြင်းကောင်းကင်သခင်များက အာနိသင်အမျိုးမျိုးရှိသည့် ပျက်စီးခြင်းအရိုးအ​မတေများ ဖန်တီးနိုင်ကြောင်းကို ယခင်က ကျန်းရှောင်ယု ပြောပြခဲ့သည်ကို ယီယွင် ကြားဖူးသည်။ အချို့အား ကုသရေးအတွက် သုံးသည်။ အချို့အား ကျင့်ကြံမှုတိုးတက်စေရန် သုံးသည်။ အချို့ကို အဆင့်ချိုးဖျက်ရန် သုံးကြလေပြီး အချို့ကိုမူ ထိုးထွင်းသိမြင်မှု တိုးတက်လာစေရန် သုံးကြသည်။

နည်းစနစ်များထဲတွင် အထူးပြုဆောင်ရွက်ချက်များလည်း ရှိသည်။ ခရမ်းရောင်သလင်းကျောက်က သန့်စင်သောစွမ်းအင်များကိုသာ စုပ်ယူနိုင်လေပြီး စွမ်းအင်ဂုဏ်သတ္တိများကို ပြောင်းလဲနိုင်ခြင်း မရှိပေ။

စွမ်းအင်ကို အစားအစာအဖြစ် ခိုင်းနှိုင်းမည်ဆိုလျှင် ခရမ်းရောင်သလင်းကျောက်က အကောင်းဆုံးပါဝင်ပစ္စည်းများကို စုဆာင်းသူသာ ဖြစ်လေသည်။ ပျက်စီးခြင်းကောင်းကင်သခင်က စားဖိုမှူး ဖြစ်လေ၏။ သူတို့၏ ဟင်းချက်ပညာက ပျက်စီးခြင်းကောင်းကင်နည်းစနစ် ဖြစ်လေပြီး ပါဝင်ပစ္စည်းများ အသင့်ရှိနေလျှင် သူတို့က အရသာရှိဟင်းလျာများ ချက်ပြုတ်ပေးလိမ့်မည်။

ခရမ်းရောင်သလင်းကျောက်နှင့်ဆိုပါက သူ့တွင် အကောင်းဆုံး ပါဝင်ပစ္စည်းများ ရှိနေပေလိမ့်မည်။ သူသာ ပါဝင်ပစ္စည်းများကို ထိန်းချုပ်နိုင်စွမ်းရှိခဲ့လျှင် အကောင်းဆုံး ဟင်းလျာများ ဖန်တီးရန်အတွက် လေ့လာသင်ယူသင့်သည် မဟုတ်ပေလော။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ယီယွင်တွင် အတွေးပေါင်းစုံ ဖြစ်ပေါ်နေသည်။ လက်ရှိတွင် လင်ရှင်းထုံက သွေးကျောက်သားရဲ၏ အရိုးကို အဖြူရောင်အလင်းထဲတွင် ပျော်ဝင်စေသည်။ နောက်ဆုံးတွင် ၎င်းက ပဲစိမ်းအရွယ်အစားခန့်ရှိသည့် သားရဲရိုင်းအမတေတစ်ခု ထုတ်ဖော်ပေးခဲ့သည်။

သွေးကျောက်သားရဲ၏ အသားများကိုမူ လင်ရှင်းထုံက မထိပေ။ အသားများကို ခွဲထုတ်ကာ ဘေးတွင်ပုံထားသည်။ သူက လက်ယမ်းလိုက်ပြီး အသားများကို သိုလှောင်ခါးပတ်ထဲသို့ ထည့်လိုက်လေသည်။

လင်ရှင်းထုံက သားရဲရိုင်းအမတေကို ဇဝေဇဝါဟန်ဖြင့် ကြည့်နေလေ၏။ သို့သော် သူမ များစွာမတွေးတော့ဘဲ လက်ချောင်းကို အသာယမ်းလိုက်ရာ သားရဲရိုင်းအမတေသည် ယီယွင်၏လက်ဝါးထဲသို့ ရောက်သွားခဲ့လေ၏။

" စားလိုက်... နင် တိုက်ပွဲတွေ ဆက်တိုက် တိုက်ခိုက်ရမှာ။ နင့်ရဲ့ စွမ်းအင်ကုန်ဆုံးမှုက ကြီးမားလာလိမ့်မယ် " လင်ရှင်းထုံက တွေးနေရင်းဖြင့်ပင် ဆိုလိုက်သည်။ အဘယ်ကြောင့် အရိုး၏စွမ်းအင်များက အလွန်နာခံတတ်နေပြီး သူမ၏ထိန်းချုပ်မှုအတိုင်း လိုက်ပါနေရကြောင်း နားမလည်နိုင်သေးပေ။

" ကောင်းပါပြီ မိန်းကလေးလင် " ယီယွင်က သားရဲရိုင်းအမတေကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အကြိမ်အနည်းငယ်ခန့် ဝါးကား မျိုချပစ်လိုက်သည်။

သားရဲရိုင်းအမတေ၏ အရသာက ယမကာချိုချဥ်အလားပင်။ အစာအိမ်ထဲသို့ ရောက်သွားချိန်တွင် အပူတစ်ခုသည် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားလေ၏။ ယီယွင်၏ ကုန်ခမ်းနေသော စွမ်းအင်များ လျင်မြန်စွာ ပြည့်ဖြိုးလာသည်။

လင်ရှင်းထုံ သန့်စင်ထားသည့် သားရဲရိုင်းအမတေ၏ စွမ်းအင်များက ခရမ်းရောင်သလင်းကျောက်နှင့် ကွဲပြားလေသည်။ သားရဲရိုင်းအမတေက စွမ်းအင်များ ဖြည့်တင်းရာတွင် အာနိသင်များစွာ ရှိလေ၏။

ယီယွင်က သတိမပြုမိသည့်ပမာ ဟန်ဆောင်ကာ မေးလိုက်လေသည်..." စကားမစပ်... မိန်းကလေးလင် အသုံးပြုခဲ့တာက ပျက်စီးခြင်းကောင်းကင်နည်းစနစ်လား။ သာမန်လူတစ်ဦးက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူချင်တယ်ဆိုရင် ဘယ်ကနေ စတင်ရလဲ "

လင်ရှင်းထုံက ယီယွင်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။

" နင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ချင်လို့လား "

" ငါ စိတ်ဝင်စားတယ် " ယီယွင် ဖြေလိုက်သည်။

လင်ရှင်းထုံ ခေါင်းယမ်းကာ... " နင် မသင်ဖို့ပဲ ငါ အကြံပေးလိုက်မယ်။ နင် စပြီးသင်ကြားတာနဲ့ လေ့ကျင့်ဖို့အတွက် ပမာဏများပြားတဲ့ ပျက်စီးခြင်းသားရဲအရိုးတွေ လိုအပ်လာမှာဖြစ်ပြီးတော့ စွမ်းအင်ပမာဏအများကြီးလည်း လေလွင့်ပြုန်းတီးလိမ့်မယ်။ အရင်းအမြစ်တွေ အများကြီးသုံးရတဲ့အပြင် နင့်ရဲ့နည်းလမ်းတွေ မှန်ကန်ဖို့နဲ့ စွမ်းအင်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆရာကောင်းတစ်ဦးလည်း လိုအပ်တယ်။ ရှုပ်ထွေးတဲ့ အပြောင်းအလဲတွေလည်း အများကြီးပါနေသေးတယ်။ အရမ်းကိုခက်တယ် "

" ဒါကြောင့်ပဲ ပျက်စီးခြင်းကောင်းကင်သခင်အများစုဟာ သူကြွယ်အိမ်တွေ ၊ မိသားစုကြီးတွေ ဒါမှမဟုတ် ဂိုဏ်းကြီးတွေကနေပဲ ဆင်းသက်လာကြတာပဲ "

" ပြီးတော့ အရင်းအမြစ်တွေ ပမာဏအများကြီး လိုအပ်တာအပြင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူသူတွေက စွမ်းအင်ထိန်းချုပ်မှုမှာ ပါရမီရှိနေဖို့ လိုအပ်တယ်။ အဲ့ဒီလူတွေက သန်မာတဲ့ဝိညာဥ်ရှိပြီး မိုးမြေယွမ်ချီနဲ့ ပတ်သတ်ပြီးလည်း သဘာဝအထုံပါရမီ ရှိကြတယ်။ အဲ့ဒါတွေကို လုပ်နိုင်တဲ့သူက အများကြီးမရှိဘူး။ အခွင့်အရေးက အပုံတစ်သန်းမှာ တစ်ပုံတောင် မပြည့်ဘူး "

ယီယွင်က ခေါင်းညိတ်ကာဆိုသည်..." မိန်းကလေးလင် ပြောတာကို ငါ နားလည်ပြီ "

" ဟုတ်ပြီ "

လင်ရှင်းထုံ ခေါင်းညိတ်ကာ..." နင် နားလည်တာကောင်းတယ်။ နင်က သိုင်းပညာမှာ ကြီးမားတဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေတာကို ငါပြောနိုင်တယ်။ နင်း လမ်းလွဲသွားပြီး အချိန်ဖြုန်းမိသွားမှာကို ငါ တားဆီးပေးချင်တယ်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူရတာက အများကြီးကုန်...."

သူမ စကားမဆုံးသေးမီမှာပင် ယီယွင်က ဆိုလိုက်လေသည်..." ငါ သင်ချင်နေတုန်းပဲ "

" နင်... " လင်ရှင်းထုံ ပြောစရာမဲ့သွားသည်။ ပျက်စီးခြင်းကောင်းကင်သခင်က ပျက်စီးခြင်းအရိုးအား သန့်စင်သည့်လုပ်ငန်းစဥ်အား မြင်တွေ့သွားကာ ပြောင်းလာလိုကြသည့် စစ်သည်တော်များ များစွာပင်ရှိသည်။ ထို့အပြင် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး၏ အဆင့်အတန်းနှင့်ကြွယ်ဝမှု နှစ်ခုစလုံးကို သာမန်စစ်သည်များ မယှဥ်နိုင်ကြပေ။

သို့သော် ထိုသူများ ကြိုးစားကြည့်ပြီးနောက်တွင် အချိန် ၊ စွမ်းအင် ၊ ကြွယ်ဝမှုများကို ဖြုန်းတီးမိသွားမည်ဖြစ်ပြီး ထိုက်တန်မှုမရှိပေ။

" ငါ တကယ်ပြောနေတာ။ ငါ စိတ်အပြောင်းအလဲ မြန်တတ်တဲ့သူ မဟုတ်ဘူး " ယီယွင် လင်ရှင်းထုံအား ကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံနေကြ၏။

လင်ရှင်းထုံ မျက်မှောင်ကုတ်လိုက်သည်။ သူမက ယီယွင်ကို သိသည်။ ပြည်ထောင်ရွေးချယ်ပွဲ ပထမအကျော့ စိတ်ဝိညာဥ်စစ်ဆေးမှုတွင် ယီယွင်က ပထမရခဲ့သည်။ ယီယွင်က စိတ်ဝိညာဥ်ရှိသည့် လူတစ်ဦးဖြစ်ကြောင်း သူမ သိသည်။

ထိုကဲ့သို့လူများက အလျင်စလို ဆုံးဖြတ်ချက်မချတတ်ကြပေ။ သူတို့ ဆုံးဖြတ်ချက်ချပြီးလျှင်လည်း သူတို့၏ပန်းတိုင် သိရှိကြပြီး အခက်အခဲမျိုးစုံကို ကျော်လွှားတတ်ကြ၏။ သို့သော် ကြီးမားသော စိတ်ဝိညာဥ်တစ်ခု ရှိနေလျှင် မကျရှုံးနိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

လင်ရှင်းထုံက ယီယွင်ကို နားမလည်နိုင်စွာကြည့်ကာ ..." နင်က တကယ်ကို စိတ်ပိုင်းဖြတ်ထားတဲ့ပုံပဲ။ နင့်ရဲ့ အချိန်နဲ့အရင်းအမြစ်တွေ ပြုန်းတီးသွားရမယ်ဆိုရင်တောင် မစွန့်လွှတ်ဘူးလား "

" အင်း " ယီယွင် ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ "

လင်ရှင်းထုံ ခေါင်းယမ်းကာ... " ဒါဆိုလည်း ငါက နင့်ကို ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ထိတွေ့မိနိုင်မဲ့ အခွင့်အရေးတစ်ခု ​ပေးမယ်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူဖို့အတွက် အနည်းဆုံး ခရမ်းသွေးနယ်ပယ်မှာ ရှိရမယ်။ ငါ့မှာ ဆရာ ချန်ထားပေးခဲ့တဲ့ စာလိပ်တစ်ခု ရှိတယ်။ အဲ့ဒါက ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးရဲ့ မှတ်စုစာအုပ်ပဲ "

လင်ရှင်းထုံက သိုလှောင်ခါးပတ်ထဲမှ အနက်ရောင်စာလိပ်တစ်ခု ထုတ်ယူလိုက်သည်။

" ဆရာက ငါ့ကို စာလိပ် ၁၈ ခု ပေးထားခဲ့တယ်။ ငါက ပထမစာလိပ်ရဲ့ အကြောင်းအရာတွေအားလုံးကို မှတ်သားပြီးပြီ။ ငါ နင့်ကို ငှားပေးလိုက်မယ်။ နှစ်နှစ်အတွင်းမှာ နင်က စာလိပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို နားလည်ခဲ့မယ်ဆိုရင် အခြေခံလက်သင်္ကေတဟန်နဲ့ စွမ်းအင်ထိန်းချုပ်ပုံကို သင်ခွင့်ရလိမ့်မယ်။ ပြီးရင် နင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူတဲ့နေရာမှာ ငါက ကူညီပေးမယ်။ အဲ့ဒီလိုမှမဟုတ်ရင် နင် ငါ့ကို မှတ်စုစာအုပ် ပြန်ပေးရမယ် "

စုကျဲက ကပ်စေးနည်းကာ လောဘကြီးသည့် မသမာသော အဖိုးကြီးတစ်ဦးဖြစ်သော်လည်း သူ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကမူ ထူးခြားပြောင်မြောက်သည်။ သူက သေချာပေါက်ပင် ဆရာအဆင့်၌ ရှိလေသည်။ စုကျဲ ချန်ထားပေးခဲ့သည့် ပျက်စီးခြင်းကောင်းကင်သခင် မှတ်စုစာအုပ်က တန်ဖိုးကြီးမားမည်မှာ သိသာလေ၏။

ယီယွင်က စာလိပ်ကို ခံစားချက်ရောထွေးနေလျက်ဖြင့် ကြည့်နေသည်။ သူ အတန်ကြာအောင်ငြိမ်နေပြီးနောက် တည်ငြိမ်စွာဆိုသည်..." မိန်းကလေးလင်ရဲ့ ကြင်နာမှုကို ငါ့စိတ်ထဲမှာ မှတ်ထားပါ့မယ်။ အနာဂတ်ကျရင် ငါက မိန်းကလေးလင်ရဲ့ အဆုံးသတ်သွေးကြောတွေကို ပြန်ဆက်ပေးနိုင်မဲ့ အသေးငယ်ဆုံး အခွင့်အရေးတစ်ခုပဲ ရှိလာခဲ့မယ်ဆိုရင်တောင် ငါက အစွမ်းကုန်သုံးပြီး လုပ်ဆောင်ပေးပါ့မယ် "

လင်ရှင်းထုံက ယီယွင်ကို စိတ်ပျက်လက်ပျက် ကြည့်နေသည်။ ဤကလေးက ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့လာနိုင်မည်ဟု ထင်နေခဲ့သည့် အတွေးများကို မည်သည့်နေရာမှ ရလာခဲ့ကြောင်း သူမ မသိပေ။

အမှန်တကယ်တွင် လင်ရှင်းထုံက စုကျဲပေးခဲ့သည့် စာလိပ်ကို အသုံးချကာ ယီယွင်အား ထူးဆန်းမှုများ လွှမ်းမိုးနေကြောင်းကို နားလည်အောင်လုပ်ပေးလိုခြင်း ဖြစ်သည်။ စာလိပ်၏ခက်ခဲမှုက အလွန်တရာပင် မြင့်မားသည်ဖြစ်ပြီး အထူးသဖြင့် လူသစ်များအတွက် ဖြစ်လေသည်။

လင်ရှင်းထုံက ယီယွင်၏လက်ကို ဆွဲယူကာ ယီယွင်၏လက်မကို သူမ၏လက်သည်းနှင့် ဖောက်လိုက်ပြီး စာလိပ်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။

" နှစ်နှစ်အတွင်းမှာ နင်တစ်ယောက်ပဲ ဒီစာလိပ်ကိုပဲ ဖတ်လို့ရမယ်။ အခြားသူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့မယ်ဆိုရင် ဒီစာလိပ်က အလိုလိုပျက်စီးသွားလိမ့်မယ် "

ဤလောကကြီးထဲတွင် ပျက်စီးခြင်းကောင်းကင်သခင်များက လူထုသင်ခန်းစာများ ပို့ချပေးသော်လည်း ကိုယ်ပိုင်ပစ္စည်းအဖြစ် တန်ဖိုးထားရသည့် အဓိကအမွေအနှစ်များ ရှိသေးလေသည်။

စုကျဲ ချန်ထားပေးခဲ့သာ့် စာလိပ်တွင် အလိုအလျောက်ဖျက်ပစ်နိုင်သည့် လုပ်ဆောင်မှုကို ထည့်သွင်းထားခဲ့သည်။ အခြားပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက ထို့စာလိပ်ကို မတွေ့သေးသရွေ့ သူ၏ အဓိကသင်ကြားမှုစာလိပ် ပေါက်ကြားသွားမည်ကို စိုးရိမ်နေရန်မလိုအပ်ပေ။

ယီယွင်က စိတ်စွမ်းအားကို စာလိပ်အတွင်းပိုင်းထဲ ထည့်သွင်းလိုက်သည်။ စာလိပ်ထဲမှ အကြောင်းအရာများကိုကြည့်ကာ သူ မှင်တက်မိနေ၏။ ရှုပ်ထွေးလှသော သင်္ကေတများ ၊ မြေပုံဖွဲ့စည်းပုံများ ၊ နားလည်သဘောပေါက်မှုများက သူ့အတွက် မရင်းနှီးလှချေ။ ထိုမျှတင်မကသေးဘဲ စာလိပ်ထဲရှိ အကြောင်းအရာများလည်း များပြားလွန်းလှသည်။ စာကြည့်တိုက်တစ်ခုလုံးကို စာလိပ်ထဲသို့ ပြောင်းရွှေထားသည်ဟုပင် ယီယွင် ထင်နေမိသည်။

လင်ရှင်းထုံ၏ အဆိုအရ ဤသည်က ပထမစာလိပ်သာ ဖြစ်ချေသည်။ စာလိပ် ၁၇ ခု ကျန်သေးသည်ဖြစ်ပြီး ထိုစာလိပ်များ၏ ခက်ခဲမှုအဆင့်က ပိုကြီးလာပေလိမ့်မည်။

" အခု နင် သင်ချင်စိတ်ရှိသေးရဲ့လား "

လင်ရှင်းထုံ၏ နှုတ်ခမ်းထောင့်စွန်းတွင် ယီယွင်အား အလဲထိုးလိုက်နိုင်ခြင်းကြောင့် စိတ်ကျေနပ်သွားသည့် အမူအရာများ ပေါ်လာသည်။

ယီယွင် တစ်ခဏမျှ ငေးငိုင်နေပြီးနောက် တည်ငြိမ်စွာပင် စာလိပ်ကို သိမ်းဆည်းကာ လက်သီးဆုပ်ဿ ဆိုလိုက်သည်..." မိန်းကလေးလင်..ဒီနှစ်နှစ်အတွင်းမှာ ငါ့ရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ရလဒ်ကို ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး "

လင်ရှင်းထုံ ပြောစရာမဲ့နေရ၏။

ယီယွင်တွင် အရင်းအမြစ်များ မရှိလေဘဲ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသည်။ စကားလုံးများနှင့် ပုံကြမ်းများ ပြည့်နေသည့် စာအုပ်မှတစ်ဆင့် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မည်သို့လေ့ကျင့်သင်ယူကာ နားလည်နိုင်မည်နည်း။

ယီယွင်သာ မဖြစ်နိုင်သည့် အရာများစွာကို စွမ်းဆောင်ထားခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက လင်ရှင်းထုံသည် ယီယွင်အား ကျိုးကြောင်းမသိသည့် လူတစ်ဦးဟု တံဆိပ်တပ်မိပေလိမ့်မည်။

" နင့်ဘာသာပဲ ဖြေရှင်းတော့ "

ပြောရမည့်စကားများ ပြောပြီးသည့်နောက်တွင် လင်ရှင်းထုံက စကားမဆိုတော့ဘဲ စွန့်ပယ်ထားလိုက်လေ၏။ လင်ရှင်းထုံ လှည့်ထွက်သွားကာ တောင်ကြားအနက်ပိုင်းထဲသို့ ဦးတည်လိုက်သည်။

All Chapters