ပျက်စီးခြင်းသားရဲ
Vol. 10 Ch. 138
ဝှစ်...။
သားရဲရိုင်းတစ်ကောင်က ဦးခေါင်းအား ချောင်းမြောင်းတိုက်ခိုက်လာသည်ကို ယီယွင် ကြုံတွေ့လိုက်ရသည်။ ထိုသားရဲရိုင်းက မျောက်တစ်ကောင် အရွယ်အစားခန့်ရှိသည်။ သားရဲတွင် အတောင်ပံတစ်စုံပါရှိပြီး လင်းနို့နှင့် ဆင်တူလေသည်။
" ခရမ်းသွားလင်းနို့။ သူ့ရဲ့သွားမှာ ခရမ်းရောင်အဆိပ်ရှိတယ်။ အဲ့ဒီအဆိပ်သာ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားခဲ့မယ်ဆိုရင် ကြွက်သားတွေကို အရည်ပျော်သွားစေပြီး တစ်ကိုယ်လုံး အရည်အိုင် ဖြစ်သွားလိမ့်မယ်။ ပြီးရင်တော့ ခရမ်းသွားလင်းနို့က အရည်တွေကို စုပ်ယူလိမ့်မယ်။ ခရမ်းသွားလင်းနို့က ခွန်အားမကြီးပေမဲ့ အရမ်းမြန်ဆန်ပြီး ချောင်းမြောင်းတိုက်ခိုက်ရာမှာ တော်ကြတယ်။ ခရမ်းသွားလင်းနို့က လူတွေရဲ့ ဦးခေါင်းတွေကို ခုတ်ဖြတ်ရာမှာ အရမ်းကိုတော်ကြတယ်။ ပြီးခဲ့တဲ့ နာရီအနည်းငယ်လောက်တုန်းက နင့်ရဲ့ ဓားမောက်နည်းစနစ်လည်း တိုးတက်လာခဲ့တယ် "
လင်ရှင်းထုံက တိမ်ရိုင်းနယ်မြေထဲရှိ သားရဲများအကြောင်းကို နှံ့စပ်ကျွမ်းကျင်လှသည်။ သူမက စွယ်စုံကျမ်းတစ်ခုအလားပင်။ သူတို့ လမ်းတလျှောက်တွင် တွေ့လာခဲ့ရသည့် သားရဲရိုင်းများနှင့် အန္တရာယ်ရှိသော အပင်များအကြောင်း အားလုံးကို လင်ရှင်းထုံက သိနေလေသည်။
သူသည် လမ်းတလျှောက်ရှိ သားရဲရိုင်းများနှင့် တိုက်ခိုက်ခဲ့ရပြီး လင်ရှင်းထုံက သူ့အား လမ်းညွှန်မှုများပေးသည်။ သူမက သူ၏လှုပ်ရှားမှုများကို ချီးကျူးကာ လိုအပ်နေသည်များကို ထောက်ပြပေးလေ၏။ ယင်းက ယီယွင်အတွက် များစွာအကျိုးရှိစေသည်။
အချိန်များ လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး သူတို့နှစ်ဦး တောင်ကြားအနက်ပိုင်းထဲ ရောက်လာကြသည်။ သူတို့သည် တစ်ရက်နှင့်တစ်ညအတွင်း မိုင်ပေါင်းရာချီအထိ ခရီးပေါက်ခဲ့လေ၏။ သူတို့သည် တိုက်ပွဲများ ဒါဇင်နှင့်ချီကာ တိုက်ခိုက်ခဲ့ပြီး ယီယွင်က အားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။ ယီယွင် ဒဏ်ရာများရခဲ့သော်လည်း အသေးစားများသာ ဖြစ်လေသောကြောင့် လျင်မြန်စွာပင် ပျောက်ကင်းသွားခဲ့သည်။
သူတို့ ဆာလောင်လာပါက နေရာတွင်ပင် အသားများကို ချက်ပြုတ်စားသောက်ခဲ့ကြသည်။ အိမ်နှင့်ကွာဝေးနေသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ယီယွင် မည်သို့မျှမခံစားရပေ။ ကျင်းလုံဝေ့က လျှိုင်မျိုးနွယ်ကို ကာကွယ်ပေးထားလေသောကြောင့် ကျန်းရှောင်ယုကို မည်သူကမျှ ထိဝံ့ကြမည်မဟုတ်ပေ။
သူ၏ကျင့်ကြံမှုသာမက အခြေခံအုတ်မြစ်လည်း တိုးတက်လာခဲ့ချေ၏။ အရေးအကြီးဆုံးမှာ ယီယွင်၏ တိုက်ပွဲအတွေ့အကြုံ လျင်မြန်စွာ တိုးတက်လာရခြင်းပင်။ အရိုင်းနယ်မြေထဲတွင် ခရီးနှင်ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲများ အတွေ့အကြုံယူရသည်မှာ အလွန်ပင် တန်ဖိုးကြီးမားသည်။
ဝီး...။
ရုတ်တပင် ယီယွင် လေတိုးသံအား ကြားလိုက်ရသည်။ မကြာမီတွင် လေတိုးသံက ပိုမိုပြင်းထန်လာသည်။
ယီယွင် မျက်နှာပျက်သွားကာ ကျောချမ်းသွားလေ၏။ အေးစက်သော လေက အရိုးထဲအထိ တိုက်ခတ်သွားခဲ့သည့်အလားပင်။
" အဲ့ဒါကဘာလဲ " ယီယွင် သတိကြီးကြီးထားကာ ဘေးပတ်လည်အား မပြတ်ကြည့်နေသည်။ အလင်းဖျော့ဖျော့အောက်တွင် သူ မြင်လိုက်ရသည့်အရာကြောင့် ဦးရေပြားများ ကျိန်းစိပ်လာသည့်ပမာ ခံစားလိုက်ရသည်။
အဝေးတွင် အနက်ရောင် မြွေတစ်အုပ် လျှောတိုက်ကာ လာနေချေသည်။ မြွေများထဲတွင် အသေးဆုံးအကောင်က ရေပုံးတစ်လုံးစာခန့် ရှိလေသည်။ အချို့က ရေစည်တစ်လုံးစာခန့်ရှိပြီး အချို့ကမူ ယောက်ျားသားကြီးနှစ်ယောက် ဖက်ထားလျှင်ပင် မီနိုင်မည်မထင်ပေ။
ထိုမြွေများက သားရဲရိုင်းအဆင့်၌ ရှိကြသည်။ မြွေပေါင်းများစွာ တိုက်ခိုက်လိုက်လာပါက ယီယွင် ကယ်ရာမဲ့သွားပေလိမ့်မည်။ သို့သော် ယီယွင်၏ နံဘေးတွင် လင်ရှင်းထုံ ရှိနေချေသည်။
လင်ရှင်းထုံက မြောက်မြားစွာသေ မြွေများကိုကြည့်ပါ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်..." ငါတို့က ပျက်စီးခြင်းသားရဲတစ်ကောင်နဲ့ တွေ့နေရပြီ။ ဒီမြွေတွေအားလုံးက အဲ့ဒီပျက်စီးခြင်းသားရဲ စေစားထုတ်တာကို ခံနေရတာပဲ "
" ပျက်စီးခြင်းသားရဲလား " ယီယွင် မှင်တက်မိသွားသည်။ ပျက်စီးခြင်းသားရဲများက သားရဲရိုင်းများထက် အဆင့်ပိုမြင့်သည်။ ပျက်စီးခြင်းသားရဲများက သားရဲရိုင်းများထက် အရေအတွက် ပိုနည်းသော်လည်း တောရိုင်းမြေ၏ စစ်မှန်သော အရှင်သခင်များ ဖြစ်လေသည်။
" အဲ့ဒါက အအေးစပါးအုံတစ်ကောင်ပဲ " လင်ရှင်းထုံက တောင်ပံမြွေတစ်ကောင်ကို လက်ညှိုးထိုးပြကာ ဆိုသည်။
အအေးစပါးအုံလား။
ယီယွင်က အအေးစပါးအုံကို သိလေသည်။ သူသည် အေးစိမ့်စပါးအုံ ပျက်စီးခြင်းအရိုးကို လျှိုင်ချမ်းယုထံမှ ခိုးယူဖူးလေ၏။ အေးစိမ့်စပါးအုံ ပျက်စီးခြင်းအရိုးတွင် အဆိပ်များရှိသည်။ ၎င်းကိုသန့်စင်ရင် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး လိုအပ်သည်။
" ဒါက အရွယ်မရောက်သေးတဲ့ အအေးစပါးအုံတစ်ကောင်ပဲ။ သိပ်ကောင်းတယ်။ ဒါက နင့်အတွက် အခွင့်အရေးတစ်ခုပဲ။ ပျက်စီးခြင်းသာရဲတွေထဲမှာ အအေးစပါးအုံက အားအနည်းဆုံးဖြစ်တယ်။ အရွယ်မရောက်သေးတဲ့ ပျက်စီးခြင်းသားရဲတစ်ကောင်ရဲ့ စွမ်းအားက ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးလောက်ပဲ ရှိတယ်။ နင့်အနေနဲ့ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးနဲ့ တိုက်ခိုက်ရတာ ဘယ်လိုမျိုးလဲဆိုတာ ကြိုးစားကြည့်လို့ရတယ်။ ဒီတိုက်ပွဲမှာ နင် လုပ်ဖို့လိုတာက မရှုံးစေဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် မာကျောလာအောင် လုပ်ရမယ် "
ယီယွင်က ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်၌သာ ရှိနေသေးသည်။ သေမျိုးသွေးနယ်ပယ်နှင့် ခရမ်းသွေးနယ်ပယ်တို့၏ ကွာခြားချက်က ကြီးမားလှသော်လည်း ယီယွင်တွင် တဒင်္ဂလှုပ်ရှားမှုနှင့် သိုင်းကွက်မရှိသကဲ့သို့သော ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလေသည်။ မာကျောမှုခန္ဓာကိုယ် ၊ နဂါးပေါင်းစည်းခြင်းတို့ကိုပါ အတူထည့်ပေါင်းလိုက်ပါ သူသည် အားနည်းသော ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးနှင့် ရင်ဆိုင်နိုင်လေ၏။
ယီယွင်၏မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။ ပျက်စီးခြင်းသားရဲ။ နောက်ဆုံးတွင် သူ ပျက်စီးခြင်းသားရဲတစ်ကောင်နှင့် တိုက်ခိုက်ရပေတော့မည်။
သို့သော် များစွာသော မြွေများနှင့်ဆိုလျှင်....။
ယီယွင် တွေးနေချိန်တွင် လင်ရှင်းထုံက လှုပ်ရှားသွားသည်။ သူမ စိမ့်အေးရေဓားအား ရှေ့ဆီသို့ ရိုးရှင်းသည့်ပုံစံဖြင့်သာ ခုတ်ပိုင်းလိုက်သည်။ ဓားချက်သည် အဖြူရောင်ဓားချီအဖြစ် ပြောင်းလဲသွားလေ၏။ ထိုဓားချီက အရိုးခိုက်အောင် အေးစက်သည်။ ဓားချီက ရေလှိုင်းဂယက်များပမာ ပျံ့နှံသွားပြီး မြေပြင်တွင် ရေခဲလွှာတစ်ခု ဖြစ်ပေါ်လာသည်။
ရှေ့သို့လာနေသည့် မြွေအုပ်စုသည် ရေခဲသွားကာ ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားကြလေ၏။
မြင်ကွင်းကြောင့် ယီယွင် တုန်လှုပ်သွားရသည်။ သားရဲရိုင်းများက မည်မျှသန်မာကြောင်း သူ သိသည်။ သို့သော် လင်ရှင်းထုံ၏ လက်အောက်တွင်မူ သားရဲရိုင်းများမှာ ခုခံနိုင်စွမ်းမရှိဘဲ တစ်အုပ်စုလုံး အသတ်ခံလိုက်ရလေ၏။
အအေးစပါးအုံသည်သာ လင်ရှင်းထုံ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ ထိုသို့ဖြစ်သည်မှာ အအေးစပါးအုံက သန်မာပြီး ၎င်း၏ဓာတ်သဘာဝက အအေးဓာတ်ဖြစ်နေခြင်းကြောင့် အအေးချီကို ခံနိုင်ရည်မြင့်မားနေခြင်းပင်။
သို့သော် အဆိုပါ ရုတ်တရက်ဖြစ်ရပ်ကြောင့် အအေးစပါးအုံ ထိတ်လန့်သွားခဲ့လေ၏။
ယီယွင်နှင့် လင်ရှင်းထုံတို့က ကောင်းမွန်သော အသားတစ်ခု ရရှိလာပြီဟု မူလက ထင်ထားခဲ့ကြသည်။ စွမ်းအားအတော်အသင့်ရှိသည့် စစ်သည်တစ်ဦးအတွက် ပျက်စီးခြင်းသားရဲတစ်ကောင်က ကောင်းမွန်သော ဖြည့်စွက်စာတစ်ခု ဖြစ်လေသည်။ ၎င်းတို့ကို စားသောက်လျှင် လျင်မြန်စွာပင် ခွန်အားကြီးလာရသည်။
ထို့ကြောင့် အအေးစပါးအုံက ထိုနှစ်ဦး၏စွမ်းအားများ ကုန်ခမ်းသွားစေရန် မျှော်လင့်ချက်ဖြင့် ၎င်း၏တပ်သားစပါးအုံများ စေလွှတ်ကာ တိုက်ခိုက်ခိုင်းစေခဲ့ခြင်း ဖြစ်လေသည်။ အံ့အားသငွဖွယ်ကောင်းစွာဖြင့်ပင် စပါးအုံတပ်ဖွဲ့မှာ တိုက်ခိုက်ခြင်းပင် မပြုလိုက်ရဘဲ သေဆုံးသွားခဲ့ရချေ၏။
အအေးစပါးအုံတွင် အသိဥာဏ်အချို့ ရှိသည်။ ၎င်းက မိန်းကလေး၏စွမ်းအားကို သဘောပေါက်သွားကာ ထွက်ပြေးရန်ပြင်လိုက်သည်။ သို့သော်...။
ဖောင်း...ဖောင်း...ဖောင်...။
မှော်စာလုံးများ ထွက်ပေါ်လာ၏။ ထိုမှော်စာလုံးများက အလင်းအကာအရံတစ်ခု ဖြစ်ပေါ်သွားပြီး အအေးစပါးအုံကို ပိတ်လှောင်လိုက်သည်။ အလင်းအကာအရံထဲတွင် ယီယွမ်နှင့်လင်ရှင်းထုံ ရှိနေလေ၏။
" နင် ပြေးမလွတ်ဘူး "
လင်ရှင်းထုံက စိမ့်အေးရေဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီးနောက် ဆိုလေသည်..." နင် ဒီကောင်လေးကို အနိုင်ရခဲ့မယ်ဆိုရင် ငါ နင့်ကို လွှတ်ပေးမယ်။ နင် အနိုင်မရဘူးဆိုရင် သေရမယ် "
" သူက လူစကားကို နားလည်တာလား " လင်ရှင်းထုံက အအေးစပါးအုံကို စကားပြောနေသည်အား မြင်လိုက်ရလေသောကြောင့် ယီယွင် အံ့အားသင့်သွား၏။
" နားမလည်ပါဘူး။ ဒါပေမဲ့ ပျက်စီးခြင်းသားရဲတွေက လူသားတွေရဲ့ စိတ်ဝိညာဥ်လှိုင်းကို ခံစားနိုင်ကြတော့ ဆိုလိုရင်းကို သိကြတယ်လေ "
လင်ရှင်းထုံ၏စကားက အမှန်တကယ်ပင် မှန်ကန်လှသည်။ အအေးစပါးအုံက ၎င်း၏ရန်သူကို ခွဲခြားနိုင်လေသည်။ ၎င်းက ယီယွင့ကို စူးစိုက်ကြည့်ကာ အနက်ရောင်အစွယ်များ ထုတ်ပြလိုက်သည်။
အအေးစပါးအုံက မကြီးလှပေ။ စပါးအုံအဖွဲ့ထဲတွင် အအေးစပါးအုံက အမှန်တကယ်ပင် အသေးဆုံးဖြစ်လေ၏။ ၎င်း၏ကိုယ်က လူကြီးပေါင်လုံးခန့် တုတ်လေပြီး သုံးပေထက် ပိုမရှည်ပေ။
ယီယွင်က အအေးစပါးအုံကို စူးစိုက်ကြည့်နေ၏။ ၎င်း၏ ကြေးခွံများက ကြမ်းတမ်းလှပြီး ယီယွင်က တစ်ခုချင်းစီတိုင်းကို ရှင်းလင်းစွာ မြင်နေရသည်။
တောက်မျိုးနွယ်က အအေးစပါးအုံကို သတ်နိုင်ခဲ့ခြင်းသည် ပျက်စီးခြင်းသားရဲများထဲတွင် အအေးစပါးအုံက အားအနည်းဆုံးဖြစ်ကြောင်း သက်သေပြနေခြင်းပင်။ ဤတိုက်ပွဲက သူ့အတွက် မျှတလေသည်။
လင်ရှင်းထုံက ဘေးတွင်ရပ်နေကာ မျှော်လင့်စောင့်စားခြင်းများနှင့် ကြည့်နေသည်။ ယီယွင်နှင့်အအေးစပါးအုံတို့ အကြားမှ တိုက်ပွဲရလဒ်ကို သူမ ကြည့်လိုသည်။