← Chapters

ပြဒါးစီးဝတ်ရုံ

Vol. 10 Ch. 140

ပြဒါးစီးဝတ်ရုံ

Vol. 10 Ch. 140

ယီယွင် ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဘေးပတ်လည်မှ အအေးချီများကို အဆုတ်ထဲသို့ ရှုသွင်းလိုက်သည်။ သွေးများ ရွေ့ရှားနေသည်ကို ယီယွင် ခံစားမိနေပြီး ယင်းက အလွန်တရာပင် သက်တောင့်သက်သာရှိလှသည်။

" မိန်းကလေးလင်... ငါ့အတွက် သားရဲရိုင်းအမတေတွေ အများကြီးသန့်စင်ပေးခဲ့တယ်လေ။ အဲ့ဒါတွေ စုပြုံလာတဲ့အချိန်ကျ ငါလည်း အဆင့်ချိုးဖျက်သွားနိုင်ခဲ့တာပဲ "

လင်ရှင်းထုံက ဆိုသည်..." နင်က မာကျောမှုခန္ဓာကိုယ်နဲ့ နဂါးပေါင်းစည်းခြင်း အဆင့်ကို ရောက်နေပြီးသားလေ။ ဒါကြောင့် နင့်အတွက် ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ဖို့က စွမ်းအင်အများကြီးကိုပဲ လိုအပ်တော့တယ်။ တိုက်ပွဲထဲမှာ နင့်ရဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး အဆင့်ချိုးဖျက်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး "

" လက်ရှိမှာ ငါ နင့်ကို ကူညီပေးနိုင်တာ ဘာမှမရှိတော့ဘူး။ နင့်ရဲ့အနာဂတ်ကို နင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိမ့်မယ်။ လျှိုင်မျိုးနွယ်ကို ပြန်ရောက်ရင် ငါ တိမ်ရိုင်းနယ်မြေထဲက ထွက်ခွာတော့မယ်။ နင်က အအေးစပါးအုံကို သတ်ခဲ့တာဆိုတော့ ဒီအအေးစပါးအုံရဲ့ ပျက်စီးခြင်းအရိုးကို နင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူဖို့အတွက် အထောက်အကူပစ္စည်းအဖြစ် ချန်ထားပေးခဲ့မယ် "

ယီယွင်နှင် လင်ရှင်းထုံတို့၏ ပျက်စီးခြင်းလူသားတောင်ကြား ခရီးစဥ်က အဆုံးသတ်ခဲ့ပေပြီ။ သူတို့သည် ညတာကုန်ဆုံးသောအခါတွင် လျှိုင်မျိုးနွယ်ဆီသို့ ပြန်ရောက်ခဲ့ပြီး ရွာဝင်ပေါက်တွင် လမ်းခွဲခဲ့ကြသည်။

လင်ရှင်းထုံက ယီယွင်၏ အမဲ​​​ကောင်များကို သိုလှောင်ခါးပတ်ထဲမှ ထုတ်ပေးခဲ့လေ၏။ များပြားလှသော သားရဲရိုင်းအသားများကို ကြိုးနှင့်ချည်ထားသည်ဖြစ်ပြီး အသားတောင်တစ်လုံးပမာ ဖြစ်နေလေသည်။ အသားတောင်၏ အလေးချိန်က ပေါင်တစ်သိန်းခန့် ရှိနိုင်လေ၏။

လင်ရှင်းထုံ မထွက်ခွာမီတွင် ယီယွင်၏ သွေးစွန်းနေသော ချည်ကြမ်းအဝတ်ကို တစ်ချက်ကြည့်ကာ ဆိုလိုက်လေ၏..." ငါ နင့်ကို အဝတ်တစ်စုံပေးမယ် "

လင်ရှင်းထုံက သိုလှောင်ခါးပတ်အား လက်ချောင်းများနှင့် သပ်လိုက်ပြီး ပါးလျသော အဝတ်တစ်စုံ ထုတ်ယူလိုက်သည်။ ထိုဝတ်စုံက အလွန်နူးညံ့ကာ ပြဒါးများ စီးဆင်းနေသည်နှင့် ဆင်တူလေသည်။

" ဒီအဝတ်ကို ပြဒါးစီးဝတ်ရုံလို့ ခေါ်တယ်။ ဒါက ရတနာတစ်ခုပဲ။ ဒါကို ဝတ်ထားရင် နင့်ရဲ့စွမ်းအားတွေ တိုးပွားလာစေပြီး တဒင်္ဂလှုပ်ရှားမှုမှာ အဆင့်ကြီးအောင်မြင်ခြင်းကို ရောက်သွားအောင် ထောက်ပံ့ကူညီပေးနိုင်တယ် "

သူမက စကားဆိုနေရင်းဖြင့် လှုပ်ရှားလိုက်ရာ ပြဒါးစီးဝတ်ရုံက ယီယွင်ဆီသို့ ပျံသန်းသွားလေ၏။

ပြဒါစီးဝတ်ရုံက ထိတွေ့ရသည်မှာ အေးမြလှကြောင်းကို ယီယွင် သိလိုက်ရသည်။ ပြဒါစီးဝတ်ရုံက ရေကန်ငယ်တစ်ခုအား ကိုင်ထားရသည့်ပမာပင် အလွန်တရာ သက်တောင့်သက်သာရှိလှသည်။

ယီယွင် သိချင်မိသွားသည်။ ပြဒါးစီးဝတ်ရုံ၏ ဆန်းကြယ်မှုက ​မည်သည့်အရာပေနည်း။ သူ၏စွမ်းအားနှင့် တဒင်္ဂလှုပ်ရှားမှုတို့ကို မည်သို့များ တိုးတက်စေနိုင်လေသနည်း။

ယီယွင် ဟန်လုပ်မနေဘဲ ချည်ကြမ်းအဝတ်ကို ချွတ်လိုက်လေရာ တောင့်တင်းသော ကြွက်သားများ ပေါ်ထွက်လာသည်။ လအနည်းငယ်ခန့် လေ့ကျင့်ပြီးနောက်တွင် ယီယွင်၏ခန္ဓာကိုယ်က ပိန်ပါးအားနည်းနေခြင်း မရှိတော့ပေ။ အဝတ်ရှိနေလျှင် သူက ပိန်နေဟန်ရှိသော်လည်း အဝတ်ချွတ်လိုက်ချိန်တွင် သူ၏ ကြွက်သားတောင့်တင်းမှုက လူအများ အထင်ကြီးသွားနိုင်လောက်သည်။

ပြဒါးစီးဝတ်ရုံအား ဝတ်ပြီးချိန်တွင် ချော်ကျိကျိဖြစ်ကာ အေးစက်ကြောင်းကို ယီယွင် သိလိုက်ရသည်။ ပြဒါးစီးဝတ်ရုံက အလွန်ပင် သက်တောင့်သက်သာရှိလှသည်။

" ပစ္စည်းကောင်းတွေနဲ့ လုပ်ထားတာပဲ။ ပြဒါးစီးဝတ်ရုံက ကံကောင်းမှုတစ်ခုစာလောက် တန်ကြေးရှိမယ် ထင်တယ် "

ယီယွင် တွေးနေစဥ်မှာပင် သူ၏မျက်နှာ တင်းမာသွားကာ..." ဟင်... တစ်ခုခုမှားနေပြီ "

ပြဒါးစီးဝတ်ရုံက တင်းကျပ်လာလေသောကြောင့် ယီယွင် အံ့အားသင့်သွားရသည်။ ပြဒါးစီးဝတ်ရုံက ကြွက်သားများနှင့် ပေါင်းစည်းလာကာ နာကျင်သည့်အဆင့်အထိ ရောက်ရှိလာသည်။ ထိုမျှမကသေးဘဲ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော အားအင်တစ်ခု ကျဆင်းလာပြီး သူ့အား မြေပြင်တွင် ဝပ်သွားစေသည်။

" အတော်ကို လေးတာပဲ " ယီယွင် လန့်သွားရသည်။ မည်ကဲ့သို့ ဝတ်ရုံမျိုးပေနည်း။ ပြဒါးစီးဝတ်ရုံက ပုဇဥ်းတောင်ပံပမာ ပါးလျပြီး အလေးချိန်မရှိသည့်ပမာ ဖြစ်နေသော်လည်း အလေးချိန်က အနည်းဆုံး ပေါင်ချိန်ခြောက်သောင်းခန့်ရှိပြီး အလေးချိန်များ ဆက်တိုးလာနေသည်ဟု ယီယွင် ခံစားမိသည်။

ထိုမျှမကသေးဘဲ ဝတ်ရုံက အလွန်တရာပင် ကျုံ့နိုင်စွမ်းကောင်းလှပြီး ယီယွင်၏ကြွက်သားများကို လုံးဝချုပ်နှောင်ထားလေရာ ယီယွင်မှာ လှုပ်ရှားရန်ပင် ခက်ခဲနေရသည်။

" ပြဒါးစီးဝတ်ရုံထဲမှာ မိုးမြေယွမ်ချီတွေကို စုပ်ယူနိုင်တဲ့ အစီအရင်တစ်ခုရှိပြီး ပြဒါးစီးဝတ်ရုံရဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုထားတယ်။ ဒီဝတ်စုံက နင့်ရဲ့အခြေအနေအတိုင်း လိုက်ပြောင်းလဲပေးနိုင်တယ်။ ဒီဟာရဲ့အလေးချိန် အတိုင်းအတာက ဒယ်စောက်ဆယ်လုံးကနေ ဒယ်စောက်တစ်ထောင်အထိ များလာနိုင်တယ်။ လုပ်ဆောင်ပုံနည်းလမ်းကတော့ ရိုးရှင်းတယ်။ အခု ငါ နင့်ကို ရှင်းပြပေးမယ်.... "

လင်ရှင်းထုံက ယီယွင်အား ပြဒါးစီးဝတ်ရုံ၏ လုပ်ဆောင်ပုံနည်းလမ်းများကို ရှင်းပြပေးလေသည်။ ယီယွင် နားထောင်ရင်းဖြင့် မျက်နှာမဲ့လေပြီး လောကကြီးထဲတွင် ဤကဲ့သို့အဝတ်မျိုး ရှိနေသေးသည်လားဟု တွေးနေမိသည်။

ဤဝတ်စုံအား ဝတ်ထားလျှင် လှုပ်ရှားမှုတိုင်းက လေ့ကျင့်ခန်းဟုပင် ပြော၍ရသည်။ ယီယွင်က လင်ရှင်းထုံ ညွှန်ကြားချက်တိုင်း လုပ်ဆောင်ကြည့်ရာ ဝတ်စုံ၏အလေးချိန်ကို ပြောင်းလဲ၍ရလေ၏။ သို့သော် အပေါ့ဆုံးကပင် ပေါင်တစ်သောင်း လေးလံလေသည်။

အမှန်တကယ်တွင် အလေးချိန်က အရေးမကြီးပေ။ အရေးကြီးသည်မှာ ပြဒါးစီးဝတ်ရုံက ပေါင်းစည်းမှု အားကောင်းနေခြင်းပင်။ ယင်းကြောင့် ယီယွင်အဖို့ ခြေဆန့်လက်ဆန့်လုပ်ရန်ပင် အားအင်များစွာ သုံးနေရလေ၏။

" ငါ နင့်ကို ပြဒါးစီးဝတ်ရုံ ပေးမယ် " လင်ရှင်းထုံက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

ယီယွင် မှင်တက်မိသွားသည်။ လင်ရှင်းထုံက သည်အတိုင်းသာ ဆိုလိုက်သော်လည်း ပြဒါးစီးဝတ်ရုံက တန်ဖိုးမနည်းကြောင်းကို ယီယွင် ခန့်မှန်းမိသည်။

သူ စကားပြောရန်ပြုလိုက်စဥ်တွင် လင်းရှင်းထုံ အဝေးသို့ ပျံသန်းသွားသည်။ သူမက လေပြင်းတစ်ချက်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

ယီယွင် အနည်းငယ်ခန့် စိတ်ပျက်သွားရသည်။ ယနေ့တွင် သူက လင်ရှင်းထုံနှင့် ခွဲခွာခဲ့ရပြီး ရက်အနည်းငယ်အကြာတွင် ဗဟိုဒေသသို့ ခြေချရပေတော့မည်။ ဗဟိုဒေသသည် ယီယွင် ကြာရှည်စွာမျှော်လင့်နေခဲ့သည့်အရာ ဖြစ်လေ၏။

ယီယွင် နံဘေးမှ အသားတောင်ကြီးအား ကြည့်လိုက်သည်။ ယီယွင် ကြိုးများကိုကိုင်ကာ ပေါင်ချိန်သိန်းချီသော အသားများကို ဆွဲသွားခဲ့လေ၏။

ခရမ်းသွေးနယ်ပယ်သို့ ရောက်ပြီးသည့်နောက် ယီယွင်၏ ခွန်အားများ ကြီးမားလာခဲ့သည်။ သူသည် ပြဒါးစီးဝတ်ရုံ၏ အလေးချိန်ကို ပေါင်တစ်သောင်းအထိ ချထားလေ၏။

အသားတောင်ထဲရှိ သားရဲရိုင်းများတွင် ထူထဲမာကျောသော အသားများ ရှိလေသည်။ တရွတ်တိုက် အဆွဲခံနေရသည့်တိုင်အောင် ၎င်းတို့၏အသားများ စုတ်ပြဲမသွားပေ။ သားရဲရိုင်းများ၏ ကြီးမားသောအလေးချိန်ကြောင့် မြေပြင်တွင် စွတ်ကြောင်းကြီးတစ်ခု ကျန်ခဲ့လေ၏။

ယီယွင် အသားများကို တရွတ်တိုက်ဆွဲလာသည့် မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသည်။ နေ့ခင်းအချိန်နီးဖြစ်၍ လျှိုင်မျိုးနွယ်ထဲမှ လူများ ကွင်းပြင်များထဲတွင် အလုပ်လုပ်နေကြ၏။ သူတို့က ရွေ့လျားနေသော အသားတောင်ကြီးကို အဝေးမှ မြင်လိုက်ကြရသည်။

" အဲ့ဒါဘာကြီးလဲ "

လူအများ တုန်လှုပ်သွားရသည်။ အသားတောင်ကြီး နီးကပ်လာချိန်တွင် သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ အသားတောင်ထဲတွင် သားရဲရိုင်းများကို တုတ်နှောင်ထားလေ၏။ ထိုသားရဲရိုင်းများအားလုံးက သေနေသည်ဖြစ်ပြီး ယီယွင်က ခွေးသေတစ်ကောင်ပမာ တရွတ်တိုက်ဆွဲလာသည်။

ထိုသားရဲများကို ယီယွင်က သတ်ခဲ့လေသလော။

သူက အရိုင်းမြေထဲသို့ အမဲလိုက်ထွက်ခဲ့လေသလော။

လျှိုင်မျိုးနွယ်မှ လူများအတွက်မူ အရိုင်းနယ်မြေထဲတွင် အမဲလိုက်ရသည်မှာ အိပ်မက်ကဗျာစာသားကဲ့သို့သာ ဖြစ်လေ၏။ သူတို့သာ အရိုင်းနယ်မြေထဲတွင် အမဲလိုက်နိုင်ပါက မျိုးနွယ်တွင် အသားပြတ် အသားရှားပါးနေမည် မဟုတ်ပေ။

သို့သော် အရိုင်းနယ်မြေထဲတွင် အန္တရာယ်များ ပြည့်နေသည်။ ခရမ်းသွေးနယ်ပယ် စစ်သည်များပင် အနက်ပိုင်းထဲသို့ မသွားရဲကြပေ။ သူတို့က အများသောအားဖြင့် ရွာနှင့် မိုင်တစ်ရာဝန်းကျင်ခန့်တွင်သာ အမဲလိုက်ကြသည်။

ခရမ်းသွေးနယ်ပယ် စစ်သည်များအဖို ကျွဲတစ်ကောင် အရွယ်အစားခန့်ရှိသည့် သားရဲရိုင်းတစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့် ဖမ်းမိခဲ့ခြင်းကသာ အကြီးမားဆုံးဖြစ်ရပ် ဖြစ်လေသည်။

အရိုင်းနယ်မြေမှ သားရဲရိုင်းများကို ရက်စက်ကြမ်းကြုတ်မှုနှင့် သေခြင်းတရားဟု အဓိပ္ပါယ်ဖွင့်ရပေလိမ့်မည်။ သားရဲရိုင်းတစ်ကောင်ချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းကာ အမဲလိုက်ဖို့ရာအတွက် အန္တရာယ်များလေသည်။ သို့သော် သားရဲရိုင်းများ တပုံတပင်အမဲလိုက်ခဲ့သည့် ယီယွင်ကလည်း မကောင်းဆိုးဝါးတစ်ကောင်သာ ​ဖြစ်ချေသည်။

ပြီးခဲ့သည် ရက်အနည်းငယ်အတွင်းတွင် ယီယွင်က သားရဲရိုင်းများ သတ်ခဲ့လေသလော။ သူက အရိုင်းနယ်မြေ အနက်ပိုင်းထဲသို့ စွန့်စားသွားလာခဲ့လေသလော။

လျှိုင်မျိုးနွယ်မှ လူအများမှာ ပြောစရာစကားများ ပျောက်ဆုံးနေကြသည်။ အထူးသဖြင့် သားရဲရိုင်းများ၏ စွမ်းအားကို ကောင်းစွာနားလည်ကြသည့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများအတွက် ဖြစ်လေသည်။ သူတို့က ယီယွင်ကို နတ်ဘုရားတစ်ပါးပမာ ထင်နေမိကြပြီး ဒူးထောက်ရှိခိုးရန်ပင် ဆန္ဒရှိနေကြသည်။

အရိုင်းနယ်မြေထဲတွင် စွမ်းအားရှိသူကသာ လေးစားခံရ၏။ ပြည်ထောင်ရွေးချယ်ပွဲတွင် သူတို့က ယီယွင်၏စွမ်းအားကို ခန့်မှန်းနိုင်ရုံသာရှိခဲ့ပြီး မည်မျှသန်မာကြောင်းကို မသိရပေ။ ယနေ့တွင် သူတို့ မျက်ဝါးထင်ထင် မြင်လိုက်ရချေပြီ။

ယီယွင်က မကောင်းဆိုးရွားတစ်ကောင်သာ ဖြစ်လေ၏။

" သခင်လေးယီက ခရမ်းသွေးနယ်ပယ်ကို မချိုးဖျက်ရသေးဘူးမလား "

အရိုင်းနယ်မြေထဲတွင် အမဲလိုက်ရန်အလို့ငှာ ခရမ်းသွေးနယ်ပယ်တွင် ရှိနေရမည်ကို လယ်သမားများပင် သိကြသည်။ သို့သော် ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်၌သာ ရှိနေသေးသည့် ယီယွင်က မည်သို့များ လုပ်နိုင်ခဲ့လေသနည်း။

" ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ။ သူက ချိုးဖျက်ပြီးသွားတာလည်း ဖြစ်နိုင်တာပဲ။ သူ မချိုးဖျက်ရသေးရင်တောင် ဘာဖြစ်သေးလဲ။ သခင်လေးယီက ပြည်ထောင်ရွေးချယ်ပွဲမှာ ပထမရပြီး ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာတာကို မင်း မသိဘူးလား။ သူ့ရဲ့ ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်က ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ တူညီနေတာလည်း ဖြစ်နိုင်တာပဲလေ "

တပ်သားလေ့ကျင့်ရေးစခန်းမှ လူတစ်ဦး၏စကားကြောင်း လူအများ ဇဝေဇဝါဖြစ်သွားရသည်။ ယီယွင်က သေမျိုးသွေးနယ်ပယ်၌ပင် ခရမ်းသွေးနယ်ပယ်ကို ယှဥ်နိုင်နေသည်ဆိုပါက သူ ခရမ်းသွေးနယ်ပယ်သို့ ရောက်သွားခဲ့လျှင် သူ၏စွမ်းအားက မည်သည့်အတိုင်းအတာအထိ ရှိလာမည်နည်း။

အနာဂတ်တွင် ယီယွင်က ဥက္ကာခဲတစ်လုံးပမာ မြင့်မားသွားပြီး ကိစ္စကြီးများစွာကို စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင်ရလေသည်။ သူတို့သာ ယီယွင်၏ အစေခံ သို့မဟုတ် အစေခံမအဖြစ်နှင့် ယီယွင်၏နောက်သို့ လိုက်နိုင်မည်ဆိုပါက သူတို့၏ဘဝများ အဆင့်မြင့်မားလာပြီး စားစရာနှင့်အဝတ်များအတွက် စိုးရိမ်နေစရာ လိုတော့မည်မဟုတ်ပေ။

All Chapters