← Chapters

ဗဟိုဒေသဆီသို့

Vol. 10 Ch. 141

ဗဟိုဒေသဆီသို့

Vol. 10 Ch. 141

ရွာလယ်ခေါင်တွင် ပေါင်ချိန်သိန်းချီသော သားရဲရိုင်းအသားများ ပုံနေလေ၏။

လျှိုင်မျိုးနွယ်မှ ထောင်ချီသော လူများအားလုံး ရွာလယ်ကွင်းပြင်တွင် စုဝေးရောက်ရှိနေကြသည်။ သူတို့က အသားတောင်ကြီးကြောင့် တုန်လှုပ်နေသော်လည်း တောက်ပနေသည့် မျက်ဝန်းများနှင့် ကြည့်နေလေသည်။

ဤသည်ကား သားရဲရိုင်းအသားများ ဖြစ်လေ၏။ ယင်းတို့က ကျွဲနွားများထက် တန်ဖိုးပိုကြီးကာ အရသာလည်း ကောင်းမွန်လေသည်။ တစ်ကိုက်မျှ စားရုံနှင့်ပင် လူတစ်ဦးကို တစ်နေကုန် အလုပ်လုပ်နိုင်စေရန် စွမ်းအင်များ ပေးလေ၏။

ပေါင်ချိန်သိန်းချီသော အသားများက ကြာရှည်စွာပင် ခံနိုင်ပေလိမ့်မည်။

သို့သော် အချို့သူများ ပျော်နေကြချိန်တွင် အချို့သူများ ဝမ်းနည်းနေကြလေ၏။ လျှိုင်မျိုးနွယ်ကို ယခင်က အုပ်ချုပ်ခဲ့ကြသူများ ခါးသက်နေကြ၏။ သားရဲရိုင်းအသားများက မည်မျှကြီးကျယ်ကြောင်း သူတို့ သိနေလျှင်ပင် မည်သည့်အရာမျှ ရလိမ့်မည်မဟုတ်ကြောင်းကို သူတို့ သိနေသည်။

" ယွင်အာ ပြန်လာပြီ " ယီယွင်က သုံးရက်ပျောက်သွားခဲ့သည်။ ကျင်းလုံဝေ့က ယီယွင် အဆင်ပြေကြောင်း အာမခံပေးနေသည့်တိုင်အောင် ကျန်းရှောင်ယုကမူ စိုးရိမ်နေခဲ့သည်။ ယီယွင်က အသားများစွာနှင့် ဘေးကင်းကင်း ပြန်ရောက်လာသည်ကို မြင်လိုက်ရမှသာ ကျန်းရှောင်ယု ဝမ်းသာဂုဏ်ယူနိုင်လေတော့သည်။

ကျန်းရှောင်ယုနှင့် ကျိုးရှောင်ကဲ့တို့ ပေါ်လာလေသောကြောင့် ရွာသားများက အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။ လူတိုင်းက သူမတို့နှစ်ဦးကို လေးစားကြပြီး ကျေးဇူးတင်နေသည့် အမူအရာများနှင့်ပင် ကြည့်နေကြသည်။ ထိုမိန်းကလေးနှစ်ဦးက လျှိုင်မျိုးနွယ်၏ မင်းသမီးနှစ်ပါးဖြစ်ကြောင်း သူတို့ သိကြသည်။ သူမတို့က ယီယွင်နှင့်ပတ်သတ်ပြီး လုပ်ပိုင်ခွင့်အပြည့် ရှိကြလေ၏။ သူမတို့အား အပြစ်ပြုသည့်သူ မည်သူမဆိုပင် မိမိအသက်ကိုယ်ကို မသနားခြင်းသာ ဖြစ်လေ၏။

" ဒီအသားတွေကို ဘယ်လိုခွဲဝေပေးမလဲဆိုတာ အစ်မရှောင်ယုရဲ့ သဘောကျသလိုသာလုပ်ပါ " ယီယွင်က ကျန်းရှောင်ယုကို အသားခွဲဝေပေးရေးအတွက် လုပ်ပိုင်ခွင့်အပြည့် ပေးလိုက်လေသည်။

လျှိုင်မျိုးနွယ်မှ လူအားလုံးက ကျန်းရှောင်ယု​၏ရှေ့တွင် ဒူးထောက်ကာ မြေကြီးကို ကုန်းလျက်တော့မည့်အလားပင် ရွှန်းရွှန်းစားစား ကြည့်လိုက်ကြသည်။

ကျန်းရှောင်ယုက မိန်းကလေးတစ်ဦးဖြစ်ပြီး နှလုံးသားနူးညံ့မည်မှာ သေချာလေသည်။ သူမအား အသားခွဲဝေပေးခိုင်းလျှင် မကောင်းသည့်လူများအဖို့ အသား မရနိုင်စရာမရှိတော့ပေ။

ပေါင်သိန်းချီသော အသားများသည် လူတစ်ဦးလျှင် အသား ပေါင်သုံးဆယ်ခန့် ခွဲဝေပေးနိုင်လိမ့်မည်။ ယီယွင်က ကျန်းရှောင်ယုကို အသားခွဲဝေသည့် လုပ်ပိုင်ခွင့် ပေးလိုက်ချိန်ကတည်းကပင် ထိုအချင်းအရာကို မျှော်လင့်ထားခဲ့ပြီး ဖြစ်လေ၏။ ယနေ့တွင် သူက အခြားလုပ်စရာတစ်ခု ရှိနေသည်။

" လျိုထျယ်... လာခဲ့ " ယီယွင်က လျိုထျယ်ကို ခေါ်လိုက်သည်။

လျိုထျယ် ဝမ်းသာသွားရလေ၏။ သူ့အား ယီယွင်က ဦးစွာခေါ်လာခဲ့ချေ၏။ ဤသည်ကား သတင်းကောင်းပင်။ ယီယွင်က သူ့အား လက်ပါးစေတစ်ဦးအဖြစ် ခေါ်ထားလိုနေကြောင်းကို ဤသည်က သက်သေပြနေချေ၏။

လျိုထျယ် အလွန်စိတ်လှုပ်ရှားနေသည်။ သူ ယီယွင်၏ရှေ့သို့ ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ လက်သီးဆုပ်၍..." ငယ်သားက သခင်လေးဆီမှာ အခစားဝင်ပါတယ်။ သခင်လေးက ပြောင်မြောက်ပြီး စွမ်းအားကြီးတာကြောင့် ပျက်စီးခြင်းသားရဲတွေကို ခွေးတွေလို ၊ သားရဲရိုင်းတွေကို ကြက်တွေလို သတ်နိုင်..... "

" တော်လောက်ပြီ " ယီယွင်က လျိုထျယ်၏ ပေါက်ကရစကားများကို ရပ်ခိုင်းလိုက်လေ၏။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက ကပ်ဖားရာတွင် ပြောင်မြောက်လှ၏။ ၎င်းတို့က ဖားလျားရာ၌ အနည်းငယ်မျှပင် မသက်မသာ မဖြစ်ကြဟန်ရှိသည်။

" ငယ်သားက သခင်လေးကို တင်ပြစရာရှိပါတယ် " လျိုထျယ်က ဆိုသည်။

" အိုး..." ယီယွင် မျက်ခုံးပင့်လိုက်၏။

" လျှိုင်ချမ်းယု သေသွားပါပြီ " လျိုထျယ် ထိုသတင်းကို ယခင်နေ့ညက ရရှိခဲ့ခြင်း ဖြစ်လေသည်။

လျှိုင်ချမ်းယုက ဒုက္ခိတဖြစ်နေလေပြီး သက်တမ်းများစွာ မကျန်တော့ပေ။ သူ၏ရင်ထဲမှ အမုန်းတရားများကိုပါ တွဲဖက်ပေးလိုက်ချိန်၌ အလွန်အမင်း စိတ်ဓာတ်ကျသည့်အဆင့်အထိ ဖြစ်ခဲ့ရလေ၏။ စိတ်ဓာတ်ကျခြင်းသည် လူတစ်ဦးကို ဖျက်ဆီးနိုင်လေ၏။ အသက်ရှင်လိုစိတ် မရှိတော့သည့် လူတစ်ဦးတွင် သေခြင်းက အချိန်မရွေးပင် ဆိုက်ရောက်လာနိုင်သည်။

" ပြီးတော့ ကျောက်ထိုင်ကျူလည်း သေသွားပါပြီ။ လျှိုင်ချွေ့ဟွားကတော့ အသက်ရှင်နေတုန်းပါပဲ။ ဒါပေမဲ့ ရွာသားတွေ​က သူတို့ရဲ့ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း လုပ်ထားတယ်။ သူတို့က သခင်လေးဆီမှာ သစ္စာခံချင်ကြတယ်။ သူတို့က လျှိုင်ချွေ့ဟွားကို တွေ့တာနဲ့ ကွင်းရှောင်သွားမှာဖြစ်ပြီး ပတ်သတ်ဆက်ဆံတာတွေ လုပ်ကြမှာ မဟုတ်ပါဘူး "

လျှိုင်မျိုးနွယ်တွင် စားစရာပြတ်လပ်နေသည်။ ကျောက်ထိုင်ကျူနှင့် လျှိုင်ချမ်းယုတို့ကဲ့သို့ ဒုက္ခိတဖြစ်နေသူများအဖို့ ရှင်သန်နိုင်ရန် အလွန်ခက်ခဲသည်။

" ဒီငယ်သားက သခင်လေးရဲ့အမိန့်ကို သိပါရစေ " လျိုထျယ်က ဆိုသည်။

" လျိုထျယ်...အသားဝေပေးတာကို စောင့်ကြည့်နေပါ။ တစ်ယောက်ယောက်က မသမာစိတ်ဝင်လာတာနဲ့ တိုက်ခိုက်ပစ်လိုက်။ ပြီးတော့ ရက်အနည်းငယ်လောက်နေရင် ငါ တိမ်ရိုင်းနယ်မြေထဲက ထွက်ခွာမယ်။ ငါနဲ့အတူ လူတစ်ရာလောက် ခေါ်သွားမယ်။ ငါက လူစာရင်းလုပ်ထားပြီးပြီဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေး " ယီယွင်က လျိုထျယ်ကို စာရွက်တစ်ရွက် ပေးလိုက်သည်။

ယီယွင်အဖို့ သူ၏ကိုယ်ပိုင်နယ်မြေတွင် လျှိုင်မျိုးနွယ်တစ်ခုလုံး ခေါ်သွားရန်မှာ မဖြစ်နိုင်ပေ။ ပထမအချက်အနေဖြင့် ကိုယ်ပိုင်နယ်မြေတွင် လူများစွာ မဆံ့ပေ။ ဒုတိယအချက်အနေဖြင့် ရွာသားအများစုက ကောက်ကျစ်ကြလေပြီး အမြတ်အစွန်းအနည်းငယ်ကိုပင် တပ်မက်ကာ အနိုင်ကျင့်တတ်ကြသည်။ ၎င်းတို့က အစွမ်းအစနည်းပါးကြလေသောကြောင့်သာ အာဏာရှင်များ ဖြစ်မလာကြခြင်းပင်။ ၎င်းတို့တွင် အစွမ်းအစရှိနေပါက ဆိုးသည့်အဆင့်မှ ပိုမိုဆိုးရွားသည့်အဆင့်သို့ ရောက်သွားကြမည်မှာ ကျိန်းသေသည်။

စာရင်းထဲမှ လူများက လူကောင်းများဖြစ်ပြီး ယီယွင် ထိုသူများကို သူ၏နယ်မြေထဲသို့ ခေါ်သွားပေမည်။ ယီယွင်တွင် ထိုစိတ်ကူးက ယခင်ကတည်းက ရှိနေခဲ့သည်။

လျိုထျယ်က စာရွက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ လျှိုင်မျိုးနွယ်မှ အခြားသူများကလည်း ယီယွင်၏ စကားများကို ကြားကြသည်။

ယီယွင်က လူများကို တိမ်ရိုင်းနယ်မြေထဲမှ ခေါ်ထုတ်သွားကာ သူ၏နယ်မြေထဲသို့ ခေါ်သွားပေတော့မည်။ သူတို့သည် လျိုထျယ်၏လက်ထဲမှ စာရွက်ပိုင်းကို တန်ဖိုးကြီးရတနာတစ်ခုပမာ ကြီးနေကြလေ၏။

လျိုထျယ် အသက်ပြင်းပြင်းရှုကာ အမည်စာရင်းကို ကြည့်လိုက်သည်။ သူ သိနားလည်သည့် စာလုံးအရေအတွက်က သူ၏လက်ချောင်း အရေအတွက်ထက် မကျော်သော်လည်း သူ၏အမည်ကိုမူ သိလေသည်။ လျိုထျယ် သူ၏အမည်ကို မြင်လိုက်ရ၏။

လျိုထျယ် ဘဝင်ခိုက်သွားရသည်။ သခင်လေးက သူ၏အမည်ကို စာရင်း၏ အမြင့်ဆုံးနေရာတွင် ထားပေးထားသည်။ လျိုထျယ်မှာ ကျေးဇူးတင်စိတ်ကြောင့် မျက်ရည်ဝဲသွားရလေ၏။ သူ ယီယွင်ကို သစ္စာရှိမည်ဟု ကျိန်ဆိုလိုက်လေ၏။ သူက ကပ်းဖားရာတွင် မကျွမ်းကျင်ကြောင်း သူသိသည်။

လျိုထျယ်၏ အဓိကအားသာချက်မှာ ကိစ္စရပ်များကို မည်သို့ဖြေရှင်းရမည်ဖြစ်ကြောင်း သိနေခြင်းပင်။ ယီယွင်က အနာဂတ်တွင် လျိုထျယ်ကို အိမ်တော်ထိန်းအဖြစ် ခန့်အပ်မည်ဟု တွေးထားလေပြီး ယင်းက သူ့အတွက် ပြဿနာများစွာ နည်းသွားစေပေလိမ့်မည်။

" ကျေးဇူးတင်ပါတယ် သခင်လေး။ ကျေးဇူးတင်ပါတယ် သခင်လေး " လျိုထျယ်က ယီယွင်ကို သုံးကြိမ်ကန်တော့လိုက်လေ၏။ အနာဂတ်တွင် သူက ယီယွင်နှင့် ဆိုးအတူကောင်းအတူ နေထိုင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

ဤကဲ့သို့ သခင်မျိုး၏နောက်သို့ လိုက်ခြင်းအားဖြင့် အနာဂတ်ဘဝ ဝေဆာလာမည်ဆိုလျှင် မည်သူကများ မလိုချင်ဘဲရှိပါမည်နည်း။

စာရင်းထဲမှ လူများသည် လွန်ခဲ့သည့်ရက်များတွင် ကျန်းရှောင်ယုနှင့် ကျိုးရှောင်ကဲ့တို့ လက်ညှိုးထိုးပြခဲ့ကြသည့် လူကောင်းများ ကြချေသည်။ ထိုသူများ ဝမ်းသာမျက်ရည် ကျဆင်းနေကြ၏။

အရွေးမခံရသူများမှာမူ မိဘသေဆုံးသည့်အလားပင် ဝမ်းနည်းနေကာ မျက်နှာများ ရှက်ရွံ့နီမြန်းနေကြ၏။ အသားရရှိခဲ့သည့် ပျော်ရွှင်မှုများပင် ပျောက်ကွယ်ခဲ့ရသည်။

အသားများက ကုန်သွားမည်သာဖြစ်၏။ အသားများကို စားပစ်ပြီးလျှင် မည်သို့အသက်ဆက်မည်နည်း။ သူတို့က အရိုင်းနယ်မြေထဲတွင် ခက်ခဲသောဘဝအား ကြုံရမည်ကိုတွေးမိလျှင် သူတို့၏အနာဂတ်က မဲမှောင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းများ ပြည့်နှက်နေသည်ဟု ခံစားရသည်။

ယီယွင် မစိုးရိမ်ပေ။ အရိုင်းနယ်မြေထဲတွင် ထိခိုက်ခံစားနေရသူများ များစွာပင်ရှိသည်။ လျှိုင်မျိုးနွယ်မှ လူများအဖို့ သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေမည်။

ဤလောကကြီးထဲတွင် လူများက ကံတရားအကြောင်း ပြောကြသော်လည်း ထိုသည်ကား လူအများ ထိခိုက်ခံစားနေရသည့် လှပသောဆန္ဒတစ်ခုသာ ဖြစ်လေသည်။ ဘုရားသခင်က မမျှတပေ။ တရားမျှတမှုကို လူသားများကသာ ဆုံးဖြတ်ချေ၏။

အကြွင်းမဲစွမ်းအားနှင့်ဆိုလျှင် ယီယွင်အဖို့ ကိုယ်ပိုင်တရားမျှတမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး မကောင်းမှုများကို မကောင်းသောပုံစံဖြင့် တုန့်ပြန်နိုင်ပေလိမ့်မည်။ ယင်းသည် ခွန်အားက ဆောင်ကြဥ်းပေးလာသည့်အရာ ဖြစ်လေ၏။

ယီယွင်တွင် ထိုသို့အတွေးမျိုး ရှိလေသည်။

.............................

ညအချိန်တွင် လျှိုင်မျိုးနွယ်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် စည်ကားနေလေ၏။ လျိုထျယ်၏ အကြံပြုချက်ကြောင့် ရွာလယ်ကွင်းပြင်တွင် မီးပုံပွဲတစ်ခု ကျင်းခဲ့လေသည်။ သားရဲရိုင်းများကို ကင်ထားလေပြီး အသားကင်အနံ့က လေထုထဲတွင် စွဲမြဲနေသည်။ လူအများက အသားကင်များ စားပြီးသည့်နောက်တွင် ကခုန်သီဆိုကြလေ၏။ ရဲရင့်သော လူငယ်အချို့က သူတို့ သဘောကျနေသည့် မိန်းကလေးများကို ဖွင့်ပြောကြခြင်းများပင် လုပ်ဆောင်ကြသည်။

ကျန်းရှောင်ယုက မီးပုံပွဲတွင် ပါဝင်ခြင်းမရှိလေသောကြောင့် ကျိုးရှောင်ကဲ့က အလေးပေးခံရဆုံး ဖြစ်ခဲ့လေ၏။ လူများစွာတို့ အဒေါ်ဝမ်အား ချဥ်းကပ်ကာ မင်္ဂလာပွဲကမ်းလှမ်းကြသည်။ အဒေါ်ဝမ်ကမူ ထိုသူများကို အရေးမစိုက်ပေ။

" ဟမ့်... နင်တို့က အားနည်းနေတာတောင် ငါ့သမီးကို လိုချင်နေကြသေးတာလား။ နင်တို့က ငါ့သမီးကို အသုံးချပြီး ကောင်လေးယွင်နဲ့ တစ်လှေတည်းစီးသူတွေလုပ်ပြီး ဗဟိုဒေသကို သွားချင်နေကြတာကို ငါ မသိဘူးလို့ မထင်လေနဲ့။ အိပ်မက်မက်နေလိုက်စမ်း "

" ငါ့သမီးက ကောင်လေးယွင်အတွက် အဆင်မပြေရင်တောင် ငါ့သမီးကို နင်တို့လိုလူတွေနဲ့ ပတ်သတ်ခွင့်ပေးမယ်လို့ မထင်ကြနဲ့။ အနာဂတ်မှာ ရှောင်ကဲ့က ကောင်လေးယွင်ရဲ့ မွေးစားညီမတစ်ဦး ဖြစ်လာနိုင်တယ်။ ကောင်လေးယွင်က ရှောင်ကဲ့ကို သဘောကျသွားပြီး ရှောင်ကဲ့ အရွယ်ရောက်လာချိန်ကျရင် ကိုယ်လုပ်တော်အဖြစ် ရွေးချယ်မလားဆိုတာကို ဘယ်သူသိနိုင်မလဲ "

ယင်းသည် အဒေါ်ဝမ် အလိုလားဆုံးအရာ ဖြစ်လေ၏။ ယီယွင်က မိသားစုကြီးတစ်ခုမှ သမီးတစ်ဦးနှင့်သာ လက်ထပ်ဖို့ရာများသည်ကို အဒေါ်ဝမ် သိသည်။ ရှောင်ကဲ့အဖို့ ကိုယ်လုပ်တော်တစ်ဦး ဖြစ်လာရလျှင်ပင် အလွန်ကောင်းနေချေပြီ။

စိတ်ထဲတွင် ထိုအတွေးရှိနေသည့် အဒေါ်ဝမ်အဖို့ မင်္ဂလာပွဲ ကမ်းလှမ်းလာသူများ ငန်းသားစားချင်နေသည့် ဖားများသာ ဖြစ်ချေသည်။ ထိုသူများက မိမိကိုယ်ကိုအား မှန်ထဲတွင် ပြန်မကြည့်ခဲ့မိကြဟန် ရှိလေသည်။

.......................

ထိုမီးပုံပွဲအား ညသန်းခေါင်အထိ ကျင်းပပြီးနောက် သိမ်းခဲ့သည်။

နောက်တစ်နေ့မနက် လူပေါင်းများစွာ၏ မနာလိုသော အကြည့်များအောက်တွင် ယီယွင် ရွေးချယ်ထားခဲ့သည့် လူများသည် ဦးချိုသားရဲများ၏ ကျောဘက်ရှိ ခြင်းကြီးများထဲ ဝင်သွားခဲ့ကြသည်။ စွန်းကျင်းရွေ့၏ ဦးဆောင်မှုအောက်တွင် သူတို့ တောက်မျိုးနွယ်ဆီသို့ ဦးတည်ခဲ့ကြသည်။

လမ်းတွင် သူတို့အားလုံး ပွဲခံနေခဲ့ကြ၏။ ဤသည်ကား သူတို့အဖို့ လျှိုင်မျိုးနွယ်၏ အံ့ဖွယ်နယ်မြေထဲမှ ပထမဆုံးအကြိမ် ထွက်လာဖူးကြခြင်း ဖြစ်လေသည်။ သူတို့က အရိုင်းနယ်မြေထဲက ထွက်ခွာကာ ဗဟိုဒေသထဲသို့ အခြေချရပေတော့မည်။ သူတို့က မည်သို့များ စိတ်မလှုပ်ရှားဘဲ ရှိပါမည်နည်း။

ယီယွင်သည်ပင် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့် ဖြစ်နေလေ၏။

ယီယွင်နှင့် အပေါင်းအပါများ တောက်မျိုးနွယ်ဆီသို့ ရောက်ရှိပြီးနောက် မကြာမီတွင် ကျင်းလုံဝေ့က အရိုင်းနယ်မြေထဲမှ ထွက်ခွာရမည့်သတင်းကို လက်ခံရရှိခဲ့သည်။ တောက်မျိုးနွယ်ထဲတွင် ရက်အနည်းငယ်ခန့် ပြန်လည်ဖွဲ့စည်းပြီးနောက် ယီယွင်က သူ၏လူများကို ဦးချိုသားရဲများ၏ ကျောပေါ်တွင်ရှိသည့် ခြင်းကြီးဆယ်လုံးထဲသို့ ခွဲထည့်ပေးလိုက်သည်။ ထို့နောက် သူတို့က အရိုင်းနယ်မြေထဲမှ ထွက်ခွာကာ ပြည်ထောင်၏ ဗဟိုဒေသဆီသို့ ဦးတည်ခဲ့လေသည်။

All Chapters