← Chapters

နတ်မြို့တော်

Vol. 10 Ch. 142

နတ်မြို့တော်

Vol. 10 Ch. 142

ကျန်းတန် ဦးဆောင်သည့် ဒါဇင်နှင့်ချီသော ဦးချိုသားရဲများက အရိုင်းနယ်မြေထဲတွင် အသောနှင်နေကြ၏။

တိမ်ရိုင်းနယ်မြေထဲသို့လာသည့် ကျင်းလုံဝေ့ တပ်စုအရေအတွက် သောင်းချီကာရှိသည်။ ကျန်းတန် ဦးဆောင်သည့်အဖွဲ့က ထိုအဖွဲ့များထဲမှတစ်ခု ဖြစ်လေသည်။

တိမ်ရိုင်းနယ်မြေထဲသို့ ကျင်းလုံဝေ့ အလုံးအရင်းနှင့်ဝင်လာသည့် နောက်ကွယ်မှ အကြောင်းအရင်းကို ယီယွင် သိသည်။ ယင်းသည် လွန်ခဲ့သည့်လအနည်းငယ်ခန့် ခရမ်းရောင်တိမ်တိုက် မွေးဖွားလာခြင်းကြောင့် ဖြစ်လေ၏။ ယင်းဖြစ်ရပ်ကို တိုင်အာနတ်ပြည်ထောင်က သတိပြုမိခဲ့ကာ အရိုင်းနယ်မြေထဲတွင် ကျင်းလုံဝေ့ကို စေလွှတ်ပြီး ရတနာရှာစေသည်အထိ ဖြစ်စေခဲ့သည်။

အဆုံးသတ်တွင် မည်သည့်ရတနာကိုမျှ မတွေ့ရဘဲ ရှေးဟောင်းဆန်းကြယ်နယ်မြေတစ်ခုကိုသာ တွေ့ခဲ့ရသည်။ ဆန်းကြယ်နယ်မြေကို ရှာဖွေရန်အတွက် အမတ်ဝမ်ယွင်ကိုယ်တိုင် တိမ်ရိုင်းနယ်မြေထဲသို့ ရောက်လာခဲ့သည်။ ဆန်းကြယ်နယ်မြေ၏ အစီအရင်ကို သူတို့ မဖြေရှင်းနိုင်လေသောကြောင့် စုကျဲထံမှ အကူအညီကို တောင်းဆိုခဲ့ရသည်။

ထိုဆန်းကြယ်နယ်မြေက အလွန်ကြီးမားလေရာ အမတ်ဝမ်ယွင်နှင့် အပေါင်းအပါများ ပြန်ထွက်လာရန် အချိန်အတော်ကြာပေလိမ့်မည်။

ထို့အပြင် လချီကာ ရှာဖွေခဲ့သည့်တိုင်အောင် မည်သည့်ရတနာကိုမျှ မတွေ့ရလေသောကြောင့် ကျင်းလုံဝေ့အဖို့ တိမ်ရိုင်းနယ်မြေထဲတွင် ဆက်လက်နေထိုင်ရန် အကြောင်းအရင်းမရှိတော့ပေ။

ယခင်နေ့က တိမ်ရိုင်းနယ်မြေထဲရှိ ကျင်းလုံဝေ့၏ တပ်ဖွဲ့တစ်သောင်း ပြန်လည်ဆုတ်ခွာကြရန် အမိန့်ရရှိခဲ့သည်။ ကျန်းတန်၏အဖွဲ့က ဦးစွာထွက်ခွာလာခဲ့လေ၏။

............................

အရိုင်းနယ်မြေက ကြီးမားကျယ်ပြန့်လေပြီး မီတာပေါင်းသောင်းချီကာ မြင့်မားကြသည့် တောင်တန်းများက ကောင်းကင်ထက်တွင် ထိုးထွက်နေကြသည်။ တောင်ထိပ်များကို နှစ်ပေါင်းများစွာ စုပြုံလာသည့် နှင်းများ ဖုံးလွှမ်းနေသည်။

ယီယွင်က ကျင်းလုံဝေ့အဖွဲ့နှင့်အတူ လိုက်ပါလာခဲ့ပြီး အရိုင်းနယ်မြေဆီ ခမ်းနားထည်ဝါသော ရှုခင်းမြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။ ရှုခင်းများက ကြမ်းတမ်းသော်လည်း ခမ်းနားထည်ဝါလေသောကြောင့် သူ ရင်သပ်ရှုမော ဖြစ်ခဲ့ရသည်။

သူ့တွင် အထူးစစ်တပ်နှင့် စီးနင်းစရာများ မရှိပါက အရိုင်းနယ်မြေတွင် ခရီးသွားရန် ခက်ခဲပေလိမ့်မည်။

တိမ်ရိုင်းနယ်မြေထဲတွင် ခမ်းနားကြီးကျယ်သော တိုင်းပြည်တစ်ခု ရှိခဲ့ဖူးသည်ဟူသော ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ရှိဖူးလေသည်။ ထိုတိုင်းပြည်က တဖြည်းဖြည်းချင်း နိမ့်ပါးလာပြီး သိုင်းပညာအမွေအနှစ်များ ဆုံးရှုံးသွားခဲ့ရကာ အသက်ရှင်ကျန်ရစ်သည့် မျိုးနွယ်အနည်းငယ်သာ ရှိလေသည်။

သူတို့ တစ်လကျော်ခန့် ခရီးနှင်ခဲ့ရသည်။

ယီယွင်က ခရီးထွက်နေချိန်တွင် ကျင့်ကြံမှုကို ပေါ့လျော့ခြင်းမရှိခဲ့ပေ။ ယီယွင်က ပြဒါးစီးဝတ်ရုံ ဝတ်ဆင်ထားသည်။ သူက ဦးချိုသားရဲပေါ်တွင် ထိုင်နေသည်ဖြစ်ပြီး ဦးချိုသားရဲကို ငဲ့ကွက်ကာ ပြဒါးစီးဝတ်ရုံ၏ အလေးချိန်ကို အနိမ့်ဆုံးတွင် ထားရှိထားသည်။

အဖွဲ့ ခရီးတစ်ထောက်နားချိန်တွင်မူ ယီယွင်က ပြဒါးစီးဝတ်ရုံ၏ အလေးချိန်ကို ချက်ချင်းတိုးမြင့်ကာ ကျင့်ကြံလေ၏။ ယီယွင်က ပြဒါးစီးဝတ်ရုံကို ဝတ်ဆင်ကာ လေ့ကျင့်ခဲ့သည်။

ယခင်က ယီယွင်သည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို အခေါက်ပေါင်း ဒါဇင်နှင့်ချီကာ လေ့ကျင့်နိုင်လေ၏။ ယခုတွင်မူ ပြဒါးစီးဝတ်ရုံကြောင့် သူ ခုနစ်ခေါက် ၊ ရှစ်ခေါက်ခန့်သာ လေ့ကျင့်နိုင်လေ၏။ ယင်းသည် အလေးချိန်ကြောင့် မဟုတ်လေဘဲ ပြဒါးစီးဝတ်ရုံနှင့် သူ၏ခန္ဓာကိုယ် ပေါင်းစည်းထားသည်က စွမ်းအားများ ကုန်ခမ်းစေလေသောကြောင့်ပင်။ လက်သီးထိုး ၊ ခြေကန်ချက် ၊ ဆုတ်ခြင်း ၊ တက်ခြင်း ၊ ခုန်ခြင်းတို့တွင် သူ၏အမြန်နှုန်းက ပုံမှန်ထက် များစွာနှေးကွေးနေလေသည်။

စွမ်းအင်များ ကုန်ခမ်းသွားချိန်တွင် သူ ဖြည့်တင်းပေးရသည်။ သို့သော် သူ ပျက်စီးခြင်းလူသားတောင်ကြားထဲမှ စုဆောင်းထားခဲ့သည့် အရိုးအမတေများမှာ ကုန်ခမ်းသွားခဲ့လေ၏။

နောက်ဆုံးတွင် ယီယွင်မှာ ခရမ်းရောင်သလင်းကျောက် စုပ်ယူပေးသည့် မိုးမြေယွမ်ချီများကို အမှီသဟဲပြုရသည်သာမက သားရဲရိုင်းအသား ပမာဏများစွာကိုလည်း စားခဲ့ရလေ၏။ ကံကောင်းစွာဖြင့်ပင် ဆင်ဝါးမျိုနည်းစနစ်ကြောင့် ယီယွင်အဖို့ ကျင့်ကြံမှုအတွက် စွမ်းအင်များ ပြတ်လပ်မသွားခဲ့ပေ။

ထိုအဖြစ်ကြောင့် ယီယွင် သက်ပြင်းချမိသည်။ စစ်သည်များ အသုံးပြုရသည့် အရင်းအမြစ်ပမာဏကို ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ဖော်ညွှန်းနိုင်လေသည်ကို သူ နားလည်သွားခဲ့ရသည်။ သို့သော် ဤသို့သော ပြင်းထန်သည့်လေ့ကျင့်မှုက အမှန်တကယ်ပင် ထိရောက်သည်။

ဤလများတွင် ယီယွင်က ပြဒါးစီးဝတ်ရုံ၏ ဖိအားများနှင့် အသားကျလာခဲ့သည်။ ပြဒါးစီးဝတ်ရုံ၏ အလေးချိန်ကို အနိမ့်ဆုံးတွင် ထားလိုက်မည်ဆိုပါက သူသည် ကိုယ်ကျပ်အင်္ကျီတစ်ခု ဝတ်ထားရသကဲ့သို့သာ ခံစားရလေပြီး မည်သည့်အဟန့်အတားမျှ မရှိတော့ပေ။

သူတို့ မိုင်ပေါင်းသိန်းချီအထိ ခရီးနှင်ပြီးသည့်နောက်တွင် နယ်စပ်မြို့တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ သူတို့ နယ်စပ်မြို့တွင် သုံးရက်နေထိုင်ခဲ့ပြီး အခြားကျင်းလုံဝေ့များနှင့် အဖွဲ့ပြန်ဖွဲ့ခဲ့သည်။ ထပ်မံကာ ခရီးရှည်ကြီးတစ်ခု သွားပြီးသည့်နောက် သူတို့၏ ခရီးဦးတည်ရာဖြစ်သည့် ပြည်ထောင်၏ ဗဟိုဒေသသို့ ရောက်ရှိသွားခဲ့သည်။

ယီယွင် ကျင်းလုံဝေ့နှင့် ခရီးရှည်ကြီးထွက်ခဲ့ကာ မြင်တွေ့ခဲ့ရသည်များကြောင့် ပင့်သက်ရှိုက်မိသည်။ သူတို့က အလွန်ရှည်လျားသော ချောက်ကမ်းပါးပေါ်တွင် ခရီးနှင်နေကြသည်။ ချောက်ကမ်းပါးက ပေပေါင်းသောင်းချီကာ နက်ရှိုင်းလေ၏။ ချောက်ကမ်းပါး၏ နံရံများက ချောမွေ့နေသည်။

ပေတစ်သောင်းကျော်အနက် လူသားများ၏ အမြင်အာရုံအကန့်အသတ်တွင် ရှိနေသည့်အရာက ပိုမို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

နတ်မျှော်စင်တစ်ခု ရှိနေလေ၏။ နတ်မျှော်စင်က အနက်ရောင်အဆင်းရှိပြီး ကမ္ဘာသစ်ပင်တစ်ပင်ပမာပင် ကောင်းကင်သို့ ထိုးထွက်နေသည်။ မယုံကြည်နိုင်လောက်အောင် ကြီးမားသော မျှော်စင်ကြီး၏ဘေးပတ်လည်တွင် မြို့ကြီးတစ်ခု ရှိနေလေသည်။

မြို့ရိုးနံရံများက အနက်နှင့်အနီ အရောင်အသွေးရှိသည်။ မြို့ရိုးသည် ထူထဲမြင့်မားလေပြီး အဝေးမှကြည့်ပါက ကောင်းကင်မုခ်ဦးတစ်ခုနှင့် ဆင်တူလှသည်။

မြို့ရိုး၏အထက်တွင် ရာချီသော လေသင်္ဘောများ ရှိနေလေ၏။ လေသင်္ဘောတစ်ခုချင်းစီတိုင်းက လူပေါင်းသောင်းချီကာ သယ်ဆောင်ထားသည်။ လေသင်္ဘောများအကြားတွင် စိတ်ဝိညာဥ်သားရဲမျိုးစုံ ပျံသန်းနေကြလေ၏။ ထိုစိတ်ဝိညာဥ်သားရဲများသည် ကြေးခွံများ ဖုံးလွှမ်းနေကာ နဂါးချိုများ ရှိလေ၏။ အချို့က ရောင်စုံအမွေးအတောင်များ ရှိကြကာ အချို့ကမူ နဂါးဦးခေါင်း ၊ ခြင်္သေခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ရာ အသွင်များ ရှိကြလေသည်။

စိတ်ဝိညာဥ်သားရဲတိုင်း ကြီးမားသော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေလျက်ရှိပြီး ကျင်းလုံဝေ့၏ ဦးချိုသားရဲများထက် အဆတစ်ရာခန့် ပိုမိုကြီးမားကြသည်။ ထိုစိတ်ဝိညာဥ်သားရဲများကို လူများ စီးနင်းနေကြ၏။

" တိမ်ရိုင်းနယ်မြေထဲမှာရှိတဲ့ လူတွေက ရေတွင်းထဲမှာပဲ ရှင်သန်နေထိုင်ခဲ့ကြရတာပါ့လား " ယီယွင် ရေရွတ်လိုက်သည်။ ဤလောကကြီးက အံ့မခန်း ကြီးမားလှကြောင်းကို သူ တစ်ခါမကပင် ကြားခဲ့ဖူးသည်။ ဂိုဏ်းကြီးများနှင့် ရှေးဟောင်းတိုင်းပြည်များတွင် မှန်းဆမရနိုင်သည့် စွမ်းအားများ ရှိနေကြောင်းကိုလည်း သူ ကြားဖူးလေသည်။

ယီယွင်က စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသည့်တိုင်အောင် သူ မျက်မြင်ကြုံတွေ့နေရသည့် အရာများကြောင့် အံ့အားသင့်တုန်လှုပ်ရဆဲပင်။ သူ၏မျက်စိရှေ့မှ ရှုခင်းကို ခမ်းနားကြီးကျယ်သော လောကကြီးဟု ဖော်ညွှန်းရန်ပင် မရနိုင်လောက်ပေ။

ယီယွင်က အရိုင်းနယ်မြေထဲတွင် ဂုဏ်ယူဖွယ်ရလဒ်တစ်ခု ရရှိခဲ့သော်လည်း တိုင်အာနတ်ပြည်ထောင်တွင်မူ ဘာမျှမဟုတ်ချေ။

ကောင်းကင်အဆင့် ၊ မြေကြီးအဆင့် ၊ ဆန်းကြယ်မှုအဆင့် ၊ အဝါရောင်အဆင့်တို့တွင် သူက ဆန်းကြယ်မှုအဆင့်သာ အကဲဖြတ်ခံခဲ့ရသည်။ ဆန်းကြယ်မှုအဆင့်ထဲတွင်ပင် ယီယွင်က အဆင့်မမြင့်မားလှပေ။

ယီယွင်က အဆင်ပြေနေသေး၏။ သူနှင့်အတူ ဗဟိုဒေသသို့ပါလာသည့် လူများကမူ လုံးလုံးလျားလျားပင် ကြက်သေသေနေကြလေ၏။ ရှေ့တွင်ရှိနေသည့် မြင်ကွင်းက သူတို့ သိမြင်နားလည်နိုင်သည်ထက် များစွာကျော်လွန်နေသည်။

ဤနေရာက မည်သည့်နေရာပေနည်း။ နတ်ပြည်ပေလော။ လောကကြီးက အမှန်တကယ်ပင် ဤသို့ပေလော။

ယီယွင် တွေးနေချိန်တွင် သူ၏ပခုံးပေါ်သို့ နူးညံ့သောလက်တစ်ဖက် ရောက်လာသည်ကို ခံစားလိုက်ရသည်။ ယီယွင် လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ယုဖြစ်ကြောင်း သိလိုက်ရသည်။

" ယီယွင်... နင့်မှာ ခရီးရှည်ကြီး ကျန်နေသေးတယ် "

" ဟုတ်တယ် " ယီယွင် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ သူ၏စိတ်ထဲ၌ မည်သည့်အရာများ ရှိနေကြောင်းကို ကျန်းရှောင်ယုက အမြဲတမ်းလိုပင် ချက်ချင်းသိလေသည်။ ယီယွင်၏စိတ်ထဲတွင် ကျန်းရှောင်ယုက ကြင်နာတတ်ကာ တွေးပေးတတ်သော မိန်းကလေးတစ်ဦး ဖြစ်လေ၏။

ကျန်းတန်က ယီယွင်၏ပခုံးကို ပုတ်ကာ..." ဒီမြို့က နတ်မြို့တော်ပဲ။ တိုင်အာနတ်ပြည်ထောင်မှာ ပြည်နယ် ၁၀၈ ခုနဲ့ အရိုင်းနယ်မြေ ၂၄ ခု ရှိတယ်။ နတ်မြို့တော်က တိုင်အာနတ်ပြည်ထောင်ရဲ့ ကျင်းပြည်နယ်ထဲမှာရှိတဲ့ အကြီးဆုံးမြို့တွေထဲက တစ်ခုပဲ "

" မြို့ထဲကို ဝင်ကြမယ်။ နတ်မြို့တော်ထဲမှာ ကျင်းလုံဝေ့ရဲ့ စခန်းကြီးတစ်ခု ရှိတယ် " ကျန်းတန် ဇက်ကြိုးဆွဲလိုက်သည်။ ဦးချိုသားရဲက ချောက်ကမ်းပါးတစ်​ကြောတွင် တစ်နာရီခန့် ခရီးနှင်ပြီးနောက် နတ်မြို့တော်၏ မြို့ဝင်ပေါက်သို့ ရောက်ရှိသွားလေသည်။

မြို့တံခါး၏ရှေ့တွင် အစောင့်အဖွဲ့နှစ်ခု ရပ်နေလေ၏။ သူတို့က တောက်ပသော ငွေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားပြီး ခါးတွင် လေးပေခန့်ရှည်သော ဓားမောက်တစ်ချောင်းစီ ချိတ်ဆွဲထားကြသည်။ ၎င်းတို့တွင် ပုန်းအောင်းနေသည့် ကြီးကျယ်သော အရှိန်အဝါတစ်ခု ရှိလေသည်။ သူတို့က ရှေးဦးပျက်စီးခြင်းသားရဲများ တန်းစီကာရပ်နေသည်နှင့် ဆင်တူလှသည်။

ဤအစောင့်များကို ကြည့်ခြင်းအားဖြင့် မြို့၏စွမ်းအားကို အတပ်ပြောနိုင်ကြလိမ့်မည်။ ဤအစောင့်များအားလုံးက ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် စစ်သည်များ ဖြစ်ကြလေ၏။

" ဆင်းမယ် " ကျန်းတန်က လက်ခါပြလိုက်သည်။

ကျန်းတန် ပြုံးကာ..." ဒါက နတ်မြို့တော်ရဲ့စည်းကမ်းပဲ။ သာမန်လူတွေ မြို့တံခါးကို ဖြတ်တဲ့အချိန်မှာ မဖြစ်မနေဆင်းပေးရတယ်။ ပြည်ထောင်မြင်းစစ်သည်တွေနဲ့ အရာခံအမတ်ကိုတော့ အဲ့ဒီစည်းမျဥ်းနဲ့ ထိန်းချုပ်မထားဘူး။ သူတို့က စီးတော်ယာဥ်နဲ့ မြို့တံခါးကို ဖြတ်နိုင်တယ်။ မြို့စား ဒါမှမဟုတ် ပိုမြင့်တဲ့ အဆင့်တွေဆိုရင်တော့ ပျံသန်းနိုင်တဲ့ စီးတော်ယာဥ်တွေ စီးနင်းခွင့်ရပြီး မြို့နံရံကို တိုက်ရိုက်ဖြတ်ကျော်ပျံသန်းပြီး နတ်မြို့တော်ထဲ ဝင်ခွင့်ရတယ်။ တိုင်အာနတ်ပြည်ထောင်မှာ အဆင့်တွေကို ရှင်းလင်းအောင်လုပ်ပေးထားပြီး အမိန့်တွေကို တင်းတင်းကျပ်ကျပ် နာခံလိုက်နာကြရတယ် "

" အဆင့်လား " ယီယွင် စကားထစ်သွားရကာ..." ဒီလို ရာထူးအဆင့်တွေ ခွဲခြားထားတော့ မြို့နေလူထု မကျေမနပ်ဖြစ်လာအောင် လှုံ့ဆော်ပေးသလို ဖြစ်သွားနိုင်တယ်မလား "

ကျန်းတန် ခဏရပ်သွားကာ ဆိုသည်..." သူတို့က ဘာကြောင့် မကျေမနဖြစ်ကြမှာလဲ။ တိုင်အာနတ်ပြည်ထောင်ဆိုရင် မင်းမျိုးအဆင့်ထဲက လူတွေအားလုံးက ရန်သူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတယ်။ သားရဲရိုင်းတွေနဲ့ ပျက်စီးခြင်းသားရဲတွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း ခုခံတွန်းလှန်ရတယ်။ သာမန်လူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သူတို့ရဲ့အသက်တွေကို ကြိုးတန်းပေါ် တင်ထားရတယ်လို့တောင် ပြောလို့ရတယ်။ မင်းမျိုးနွယ်တစ်ဦးက အဆင့်ပိုမြင့်လေလေ သူတို့ ပြီးမြောက်ထားတဲ့ စွန့်စားမှုတွေက ပိုကြီးမားလေလေပဲ။ ဘေးကင်းလုံခြုံတဲ့ ဘဝတွေကို ရနိုင်ဖို့အတွက် တိုင်အာနတ်ပြည်ထောင်ရဲ့ နယ်မြေထဲကို ဝင်ချင်ကြတဲ့သူတွေ ဒုနဲ့ဒေးရှိတယ်။ သူတို့ကို ကာကွယ်ပေးနေကြတဲ့ စစ်သည်တွေကို ကျေးဇူးတင်စိတ်ပဲ ရှိကြတယ်။ ဒါကြောင့် သူတို့က ဘာကြောင့်များ မကျေမနပ်ဖြစ်ရမှာလဲ "

ကျန်းတန်၏ စကားများကြောင့် ယီယွင် နားလည်သွားရသည်။ ဤလောကကြီးက မငြိမ်းချမ်းပေ။ လူတစ်ဦး၏ အဆင့်အတန်းနှင့် ဂုဏ်သရေတို့က အသက်ကိုရင်းမှသာ ရလာနိုင်သည်။

အမွေဆက်ခံခြင်း သို့မဟုတ် အပတ်အသတ်နှင့် ရလာသော အဆင့်အတန်းတစ်ခုဆိုလျှင် လူအများက မကျေမနပ်ဖြစ်နိုင်သော်လည်း အသက်ကိုရင်းကာ ရရှိလာသည့် ဂုဏ်သရေကိုမူ လူအများက လေးစားအံ့ဩကြသည်။

ထို့ကြောင့် တိုင်အာနတ်ပြည်ထောင်ထဲတွင် မင်းမျိုးနွယ်တစ်ဦး ဖြစ်ရခြင်းသည် အခွင့်ထူးခံရသည်ဟု ဆိုလိုသည်သာမက အဆုံးမဲ့သော ဂုဏ်သရေဟုလည်း ဆိုလိုလေသည်။

ယီယွင် အတွေးနှင့်အတူ ကောင်းကင်အား မော့ကြည့်လိုက်သည်။ ကြီးမားသော လေသင်္ဘောများ ၊ စိတ်ဝိညာဥ်သားရဲများ ရှိနေလေ၏။

ယီယွင်၏မျက်လုံးများကို သတိပြုမိသည့် ကျန်းတန်က ရယ်မောကာ..." မင်း ဘာတွေ တွေးနေတာလဲ "

ယီယွင်က ဆိုသည်...." တစ်ရက်ကျရင် ကျုပ်က အဲ့ဒီလေသင်္ဘောတွေပေါ်မှာ ထိုင်မယ် ဒါမှမဟုတ် ပျံသန်းနိုင်တဲ့ စိတ်ဝိညာဥ်သားရဲတွေကို ဒါမှမဟုတ် ရှေးဦးသားရဲတွေကို စီးပြီးတော့ နတ်မြို့တော်ထဲကို ဝင်မယ်လို့ တွေးနေတာပါ "

" ဟားဟားဟား "

ကျန်းတန် အားပါးတရ ရယ်မောကာ..." ဟုတ်တယ်။ ဒါက လမ်းစဥ်ပဲ။ သိုင်းပညာလေ့ကျင့်တဲ့ လူတစ်ဦးမှာ လမ်းစဥ်တစ်ခု ရှိရမယ်။ သိုင်းပညာလမ်းစဥ်မှာ အကန့်အသတ်ဆိုတာ မရှိဘူး။ ငါတို့က ပိုမြင့်တဲ့နေရာကို အဆက်မပြတ် တက်လှမ်းနေဖို့ လိုအပ်တယ် "

ကျန်းတန် ယီယွင်၏ပခုံးအား ပုတ်လိုက်သည်။ သူက ဤကောင်လေးကို ပို၍ပင် သဘောကျလာ၏။

ယီယွင် လျှိုင်မျိုးနွယ်ထဲတွင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို စွန်းကျင်းရွေ့က ကျန်းတန်ထံတွင် တင်ပြခဲ့သည်။ ယီယွင်၏ စရိုက်လက္ခဏာက သူ၏အကြိုက်နှင့် အတော်ပင်ကိုက်လှသည်ဟု ကျန်းတန် ခံစားမိသည်။

စစ်သည်တစ်ဦးက ထိုသို့ဖြစ်နေရမည်ဖြစ်ပြီး လက်စားချေခြင်းကို အမြန်ဖြေရှင်းကာ မိတ်ဆွေနှင့်ရန်သူကို ခွဲခြားသိမြင်ရပေမည်။

All Chapters