← Chapters

ကျင်းလုံဝေ့စခန်း

Vol. 10 Ch. 143

ကျင်းလုံဝေ့စခန်း

Vol. 10 Ch. 143

နတ်မြို့တော်၏ နံရံများက ခုနစ်ပေ ၊ ရှစ်ပေခန့် ထူထဲလေသည်။ မြို့ရိုးနံရံအား ဖြတ်ကျော်ပြီးနောက် အထဲတွင်ရှိနေသည့် ကြီးမားသောမြို့ကို ယီယွင် မြင်လိုက်ရသည်။

နတ်မြို့တော်၏ ပင်မလမ်းမကြီးက ဦးချိုသားရဲဆယ်ကောင် ဘေးချင်းယှဥ်ကာ လျှောက်နိုင်သည်အထိ ကျယ်ဝန်းလေသည်။ ဘေးနှစ်ဖက်တွင် အမျိုးမျိုးသော ဈေးဆိုင်များ ၊ စားသောက်ဆိုင်များ ၊ ကျင့်ကြံရေးနယ်မြေများ ၊ ပြိုင်ကွင်းများ ရှိနေသည်။

ဈေးဆိုင်များသည် ပျက်စီးခြင်းအရိုးအမတေများ ၊ လက်နက်များ ၊ ရတနာမျိုးစုံတို့ကို ရောင်းချကြလေ၏။ ရတနာမျိုးစုံက တန်ဖိုးဖြတ်၍ပင် မရနိုင်ပေ။

စစ်သည်များ တည်းခိုနိုင်သည့် စားသောက်ဆိုင်အများစုတွင် မိုးမြေယွမ်ချီများ စုစည်းပေးသည့် စိတ်ဝိညာဥ်အစီအရင်များ ရှိလေပြီး ကျင့်ကြံရေးနေရာကောင်းအဖြစ် လုပ်ဆောင်ထားကြသည်။ တစ်ညတာ တည်းခိုစရိတ်ကာ သာမန်လူတစ်ဦးအတွက် ဘဝပေါင်းများစွာပင် လုံလောက်နိုင်သည်။

ပြိုင်ကွင်းများတွင်မူ ပြည်ထောင်တလွှား နေရာအနှံ့မှ ကျွမ်းကျင်သူများနှင့် ပြည့်နေလေ၏။ အချို့က ပြိုင်ကွင်းများထဲတွင် အရင်းအမြစ်များ ရှာဖွေကြပြီး အချို့ကမူ သူတို့၏စွမ်းရည်များ တိုးတက်လာစေရန် ပြိုင်ကွင်းကို အသုံးချကြကာ တိုက်ပွဲအတွင်း အဆင့်တက်ချင်လိုကြသည်။

နတ်မြို့တော်က သူ့အတွက် လောကသစ်တစ်ခု ဖွင့်လှစ်ပေးခဲ့သည်ဟု ယီယွင် ခံစားမိနေ၏။

နတ်မြို့တော်က အလွန်ကြီးမားကာ နေရာကျယ်ကြီး လွှမ်းခြုံထားပြီး အိမ်ခြေပေါင်းများစွာ ရှိလေသည်။ ယင်းက စစ်သည်ပေါင်းများစွာကို နေရာထိုင်ခင်း ပေးနိုင်လေ၏။

ကျင်းလုံဝေ့၏ပိုင်နက်က မိုင်နှစ်ဆယ်ခန့်ရှိပြီး အခြားကျင့်ကြံရေးမြေများစွာ ရှိနေသည့်တိုင်အောင် နတ်မြို့တော်ထဲတွင် အလွယ်တကူပင် ဝင်ဆံ့လေသည်။

ယီယွင် ကျင်းလုံဝေ့စခန်းထဲသို့ မဝင်မီတွင် စခန်းထံမှ စိတ်ဝိညာဥ်စွမ်းအင်များ ကောင်းကင်သို့ လျှံတက်နေသည်ကို မြင်လိုက်ရလေ၏။ ထိုစိတ်ဝိညာဥ်စွမ်းအင်က ကြီးမားကာ ကောင်းကင်ကို လွှမ်းခြုံထားလေရာ တိမ်စိုင်များပင် အဝေးသို့လွင့်သွားရ၏။

ယင်းသည် အင်မတန်ထည်ဝါသော သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်လေသည်။ ယီယွင်သည်ပင် ဖိနှိမ်လှသော ဖိအားတစ်ရပ်ကို အဝေးမှခံစားမိနေသည်။

ရား...ရား..။

စစ်သည်များ လေ့ကျင့်နေသည့် အသံများကို ယီယွင် အဝေးမှပင် ကြားနေရလေ၏။ အော်သံများက နားအူမတတ် ကျယ်လောင်လှသည်။ အရိုးအဆစ်များနှင့် အရွတ်အကြောများ၏ မြည်သံများကိုလည်း ကြားနေရလေ၏။

" ဘယ်လိုနေလဲ။ ဒါက နတ်မြို့တော်ရဲ့ ကျင်းလုံဝေ့စခန်းပဲ။ လာခဲ့ အထဲကိုသွားကြမယ် "

သူတို့ စခန်းထဲသို မဝင်မီတွင် ဝင်ပေါက်၌ တင်းကျပ်စွာ စစ်ဆေးခံရသည်။ စခန်းထဲတွင် အရာအားလုံးကို ကန့်သတ်ထားသည်။ အစောင့်များ၏ အရှိန်အဝါသည် နတ်မြို့တော်ဝင်ပေါက်မှ အစောင့်များထက် ပိုမိုကြီးမားလေ၏။

စခန်းဆီသို့ သွားရာလမ်းတွင် အသား တင်ထားသည့် လှည်းများ တစ်စီးပြီးတစ်စီး စခန်းထဲသို့ ဝင်သွားကြသည်ကို မြင်နေရသည်။ ထိုအသားများက သားရဲရိုင်းအသားများ ဖြစ်၏။ သားရဲရိုင်းအသေ အများစုက ဆင်တစ်​ကောင်ထက် ကြီးမားကြသည်။ အကယ်၍ သားရဲရိုင်းတစ်ကောင်ကို သာမန်မိသားစုတစ်ခုဆီသို့ ပေးလိုက်မည်ဆိုပါက လူသုံးဦးမိသားစုတစ်ခုအဖို့ ဆယ်နှစ်ခန့်မျှ စားနိုင်လောက်သည်။

သို့သော် ကျင်းလုံဝေ့စခန်းတွင် လူများက လေ့ကျင့်ရကာ စွမ်းအင်များစွာ ကုန်ခမ်းရလေ၏။ ဆင်းဝါမျိုနည်းစနစ်ကို အသုံးပြုပါက ဆင်တစ်ကောင်အရွယ် သားရဲရိုင်းတစ်ကောင်ဆိုသည်မှာ ဘာမျှမဟုတ်ချေ။

ယီယွင် လှမ်းကြည့်လိုက်ရာ လူအများက ဆန်များ ၊ အသီးအရွက်များ ၊ အသားများ သယ်နေကြသည်ကို မြင်လိုက်ရသည်။ စစ်တပ်တစ်ခု၏ တိုက်ပွဲဝင်စွမ်းအားကို ၎င်းတို့ စားသောက်ကြသည့် စားစရာများကို ကြည့်ခြင်းအားဖြင့် သိနိုင်လေသည်။

" မင်းရဲ့အစ်မနဲ့ အစေခံတွေကို ဒီမှာစောင့်ခိုင်းထားမယ်။ သူတို့က စခန်းထဲကို ဝင်ခွင့်မရှိဘူး။ နတ်မြို့တော် ကျင်းလုံဝေ့စခန်းရဲ့ ကြီးကြပ်ရေးမှူးက ဗိုလ်ချုပ်ယန်ပဲ။ ကျင်းလုံဝေ့ရဲ့ အရွေးချယ်ခံထားရဲ့ လက်ရွေးစင်တွေအားလုံး ဗိုလ်ချုပ်ယန်နဲ့ တွေ့ကြရတယ်။ တိမ်ရိုင်းနယ်မြေအပြင် နတ်ပြည်ထောင်အနှံ့ကနေ အသစ်ခေါ်ယူထားတဲ့ လူတွေ အများကြီးရှိတယ်။ မကြာခင်မှာ ကျင်းလုံဝေ့က လူသစ်တွေကို ကြိုဆိုပွဲတစ်ခု ​လုပ်ပေးလိမ့်မယ် "

ယီယွင် အံ့အားသင့်သွားသည်။ ပြည်ထောင်ရွေးချယ်ပွဲအတွက် ရွေးချယ်မှုလုပ်ရန် တပ်ဖွဲ့များစွာ စေလွှတ်ခဲ့ပြီး အနည်းစုကိုသာ နတ်မြို့တော်ဆီသို့ ပို့ဆောင်ပေးခဲ့ဟန်ရှိသည်။ အခြားသော လူများက တိုင်အာနတ်ပြည်ထောင်၏ နယ်မြေအမျိုးမျိုးတွင် တကွဲတပြားဖြစ်နေလောက်သည်။

" နတ်မြို့တော်ရဲ့ ကျင်းလုံဝေ့စခန်းက ဒီတစ်ကြိမ်မှာ လူဘယ်လောက် ခေါ်ယူခဲ့တာလဲ " ယီယွင်က မေးလိုက်သည်။

" လူတစ်ထောင် ၊ နှစ်ထောင်လောက်ပေါ့။ လက်ရွေးစင်တွေ ဖြစ်ခဲ့ကြတာက တစ်ရာ ၊ နှစ်ရာလောက်ပဲ ရှိတယ် "

လက်ရွေးစင်များကသာ ယန်မန်လုံနှင့် တွေ့ခွင့်ရသည်။ ကျန်းတန်၏အဖွဲ့တွင် ထိုသို့တွေ့ခွင့်ရသည်မှာ ယီယွင်အပြင် ဟူရာနှင့် အခြားတစ်ဦးသာ ရှိသည်။

ဟူရာက စကားနည်းသူဖြစ်ပြီး ခရီးစဥ်အတွင်း စကားများစွာ မဆိုခဲ့ပေ။ သူနှင့် ယီယွင်က ကျန်းတန်၏နောက်မှလိုက်ကာ များပြားလှသော အစောင့်များကို ဖြတ်ကျော်ခဲ့ရပြီး ဗိုလ်ချုပ်စခန်းရှေ့မှ မြေကွက်လပ်သို့ ရောက်သွားခဲ့သည်။

ကွင်းပြင်ဝင်ပေါက်တွင် ဗိုလ်ချုပ်ယန်၏ ကိုယ်ပိုင်အစောင့်များ စောင့်ကြပ်နေကြသည်။ သူတို့က ကြေးရုပ်ထုများပမာပင် လှုပ်ရှားမှုမရှိ ရပ်နေကြလေ၏။

အထောက်အထား ပြသပြီးနောက်တွင် ယီယွင်နှင့်ဟူရာတို့ ကွင်းပြင်ထဲသို့ ဝင်သွားခဲ့ကြသည်။ ဒါဇင်နှင့်ချီသော လူများ ရောက်နှင့်နေကြပြီး ဖြစ်လေသည်။ ယီယွင် ၊ ကျန်းတန် ၊ ဟူရာတို့ ရောက်လာခြင်းသည် လူများစွာ၏ အာရုံများကို ဖမ်းစားသွားခဲ့လေ၏။

" ဟားဟားဟား.. ထောင်စုမှူးကျန်းပါ့လား " တောင့်တင်းသော လူတစ်ဦး ရှေ့ထွက်လာသည်။ ထိုသူက ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး ခမောက်ကို ရင်ဘက်တွင်ပိုက်ထားသည်။ ထိုသူက အစွမ်းထက်ဟန် ရှိလေ၏။ ထို့အပြင် ထိုသူ၏နားရွက်များက သာမန်ထက် ကြီးမားနေလေရာ ရယ်စရာအသွင် ဖြစ်နေသည်။

နားရွက်ကြီးလူ၏ နောက်တွင် ထူးခြားသောဝတ်စုံများနှင့် လူငယ်ခြောက်ဦး လိုက်လာကြ၏။

" ထောင်စုမှူးလျို..." ကျန်းတန် လက်သီးဆုပ်ကာ ပြုံးလိုက်သည်။

နားရွက်ကြီးလူကို ကြည့်နေချိန်တွင် ကျန်းတန်၏ မျက်ဝန်းများ တောက်ပနေကြောင်း ယီယွင် သတိပြုမိသည်။ စစ်တပ်တစ်ခုသာည် တိုက်ပွဲထဲတွင် အတူလက်တွဲကာ တိုက်ခိုက်ကြ၏။ သီးသန့်အနေဖြင့်မူ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြိုင်ဆိုင်တတ်ကြလေသည်။

လေ့ကျင့်ခန်း ၊ သရုပ်ပြခြင်း ၊ လက်ရည်စမ်းတိုက်ပွဲများတွင် အဖွဲ့များက ပြည့်ပြည့်ဝဝပင် ယှဥ်ပြိုင်ကြလိမ့်မည် ဖြစ်ချေသည်။ စစ်သည်များအတွက် ဂုဏ်သရေများ သိမ်းယူခြင်းသည် သူတို့အတွက် ဂုဏ်သိက္ခာတစ်ခု ဖြစ်လေ၏။

" ထောင်စုမှူးကျန်းက တပ်သားခေါ်ယူဖို့ တိမ်ရိုင်းနယ်မြေထဲကို သွားခဲ့တယ်မလား။ ဒီလူသစ်လေးက တိမ်ရိုင်းနယ်မြေကပဲ ဖြစ်ရမယ် "

နားရွက်ကြီးလူက ဟူရာကို လက်ညှိုးထိုးပြလိုက်သည်။ သူသည် ယီယွင်ကို ထည့်မတွက်ပေ။ အကြောင်းကမူ ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားပြီး ရန်ချီဓားမောက် ပါရှိနေလေသောကြောင့်ပင်။ ယီယွင်က တိမ်ရိုင်းနယ်မြေမှ လူငယ်တစ်ဦးနှင့် တူမနေပေ။

ယီယွင်က ကျန်းတန်နှင့်အတူ ကျင်းလုံဝေ့စခန်းသို့ လိုက်လာခဲ့သည့် သခင်လေးတစ်ဦးဟုသာ နားရွက်ကြီးလူက ထင်ထားလေသည်။

ကျန်းတန်က မဖြေလေသောကြောင့် နားရွက်ကြီးလူက ဆက်ပြောလေသည်..." ညီနောင်... လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ငါ နန်ကျွင်းစီရင်ထဲက ကျင်းပြည်နယ်ထဲကို သွားခဲ့ရတယ်။ ငါ မိသားစုအချို့ဆီကနေ မျိုးစေ့ကောင်းလေးတွေ ရွေးချယ်လာခဲ့တယ် "

" နန်ကျွင်းစီရင်ထဲ ကျင်းပြည်နယ်ရဲ့ မိသားစုမျိုးနွယ်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ အံ့ဩဖို့ကောင်းတဲ့ လူငယ်တွေနဲ့ ပြည့်နေတာပဲ။ ငါ့မှာ နေရာတွေ အလုံအလောက်မရှိတာကြောင့် မျိုးစေ့ကောင်းအချို့ကို လက်လွှတ်ခဲ့ရတာက ဆိုးလွန်းခဲ့တယ်။ ဖြုန်းတီးတာပဲ " နားရွက်ကြီးလူက နောက်တွင်ရှိနေသည့် လူငယ်များကို ကြည့်ကာ ဆိုလိုက်သည်။ ထိုလူငယ်များကို နားရွက်ကြီးလူက ရွေးချယ်ထားကြောင်း ရှင်းလင်းလှသည်။

" ဒီကောင်လေးခြောက်ယောက်လုံးက ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တွေ ဖြစ်လာကြလိမ့်မယ်။ သူတို့သာ လူသစ်လေ့ကျင့်ရေးတွေ ကျော်ဖြတ်နိုင်ခဲ့တာနဲ့ ငါ့ရဲ့ ကောင်းကင်ဝံပုလွေစခန်းကိုဝင်ပြီး ငါ့ရဲ့ကြီးကြပ်မှုအောက်မှာ လက်ရွေးစင်စစ်သည်တွေ ဖြစ်လာကြလိမ့်မယ် "

ကျင်းလုံဝေ့၏ ပြဋ္ဌာန်းမထားသော စည်းကမ်းများအရ စစ်သည်များကို ရွေးချယ်ထားကြသူများက သူတို့၏ အတောင်ပံများအောက်သို့ သွတ်သွင်းနိုင်ကြသည်။ ယင်းသည် တော်ဝင်စာမေးပွဲများနှင့် ဆင်တူလေသည်။

ထို့ကြောင့် ထောင်စုမှူးများက ကျိတ်၍ ယှဥ်ပြိုင်ကြလေ၏။ ရွေးချယ်ထားသည့် တပည့်များက သူတို့၏စစ်သည်များ ဖြစ်လာကြမည်ဖြစ်ပေရာ မည်သူကများ အသေးစိတ်အရေးမစိုက်ဘဲ နေပါမည်နည်း။

တိမ်ရိုင်းနယ်မြေသို့ သွားခဲ့ရသည့် ကျန်းတန်က ထိခိုက်ခံစားခဲ့ရသည်။ တိမ်ရိုင်းနယ်မြေထဲမှ ပါရမီရှင်များက အလွန်ဆိုးဝါးလှ၏။

နားရွက်ကြီးလူက မိသားစုကြီးများရှိသည့် နန်ကျွင်းစီရင်စုထဲရှိ ကျင်းပြည်နယ်သို့ သွားခဲ့ရချေသည်။ နားရွက်ကြီးလူက လုပ်သက်ကြာမြင့်လေပြီး ကျန်းတန်နှင့် ပြိုင်ဆိုင်လာသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ ဤတစ်ကြိမ်တွင် သူက ကျန်းတန်ကို နောက်ကောက်ချနိုင်ခဲ့လေသောကြောင့် သူ အလွန်တရာပင် ပျော်ရွှင်နေလေသည်။

ကျန်းတန်က ဟူရာ တစ်ဦးတည်းကိုသာ လက်ရွေးစင်အဖြစ် ရွေးချယ်ထားချေသည်။ အရည်အချင်းအား မယှဥ်လျှင်ပင် ကျန်းတန်အဖို့ အရေအတွက်နှင့်ပင် အရေးနိမ့်နေချေပြီ။

ကျန်းတန် ပြုံးကာ မေးစေ့ကိုပွတ်၍ ဆိုလေသည်..." နားရွက်ကြီးလျို... မင်း ငါ့ရှေ့မှာ ကြွားလုံးထုတ်နေလို့မရဘူး။ ဒီခြောက်ယောက်က မဆိုးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့က ငါရွေးချယ်ထားတဲ့ နှစ်ယောက်ထက် ပိုကောင်းနိုင်မှာမဟုတ်ဘူး။ ဒါက အရေအတွက်မဟုတ်ဘူး အရည်အသွေးပဲ "

ကျန်းတန် ယုံကြည်ချက်ရှိနေသည်။ ဟူရာက ထူးချွန်သည်ဖြစ်ပြီး ယီယွင်ဆိုလျှင် ပြောရန်ပင်မလိုပေ။ ဤခရီးစဥ်တွင် ကျန်းတန်က ယီယွင်ကို လေ့လာနေခဲ့သည်ဖြစ်ပြီး ယီယွင်က သူ၏အကြိုက်နှင့် ကိုက်ညီနေကြောင်း သိခဲ့ရသည်။

" နှစ်ဦးလား "

နားရွက်ကြီးလျို အံ့အားသင့်သွား၏။ ကျန်းတန်က တစ်ဦးတည်းသာ ရွေးလာခဲ့သည်ဟု သူ ထင်ထားခဲ့သည်။ ထင်မထားစွာဖြင့်ပင် ကျန်းတန်က နှစ်ဦးဟု ပြောလာခဲ့ချေသည်။

တစ်ယောက်က ဟူရာဖြစ်ပြီး နောက်တစ်ယောက်က မည်သူနည်း။

နားရွက်ကြီးလျိုက ယီယွင်ကို အံ့ဩတကြီး ကြည့်လိုက်လေ၏။ ဤသခင်လေးက ကျန်းတန် တိမ်ရိုင်းနယ်မြေထဲမှ ရွေးချယ်လာခဲ့သည့် ကလေးတစ်ဦးပေလော။

ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားသည်ကို နားရွက်ကြီးလျိုက သတိပြုမိထားသည်။ တိုင်အာနတ်ပြည်ထောင်၏ စစ်သည်တစ်ဦးဖြစ်သည့် နားရွက်ကြီးလျိုက မင်းမျိုးနွယ်များ၏ ဝတ်စားဆင်ယင်မှုအပေါ် အလွန်ပင် အာရုံခံနိုင်စွမ်းကောင်းသည်။ သူက မည်သို့များ ငါးပျံဝတ်စုံကို သတိမပြုမိဘဲ ရှိပါမည်နည်း။

" သူက ငါးပျံဝတ်စုံကို ဝတ်ဆင်ထားပြီး ပြည်ထောင်မြင်းစစ်သည်တစ်ဦးအဖြစ် ခန့်အပ်ခံထားရတယ်။ မင်း တိမ်ရိုင်းနယ်မြေထဲကနေ ခေါ်လာခဲ့တဲ့ လူသစ်က ပြည်ထောင်မြင်းစစ်သည် ဖြစ်လာတာလား " နားရွက်ကြီးလျို မှင်တက်မိနေသည်။ ယီယွင်က မူလက မင်းမျိုးနွယ်တစ်ဦး မဟုတ်ဟု သူ မယုံကြည်နိုင်ပေ။ အဘယ်သို့ဖြစ်၍ တိမ်ရိုင်းနယ်မြေထဲမှ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ပေါ်လာရလေသနည်း။

ကျန်းတန်က ယီယွင်ကို ရွေးချယ်ခဲ့သည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ယီယွင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာ​စေရေးအတွက် ရာထူးမြင့်ပိုင်းများထံတွင် တောင်းခံထားသည်သာ ဖြစ်ရပေမည်။

သူသည်လည်း ပြည်ထောင်မြင်းစစ်သည်တစ်ဦးဖြစ်ပြီး ကျန်တန်း၏နံဘေးတွင် ရပ်နေသည့် ထိုကောင်လေးနှင့် ရာထူးတူညီလေသည်။ နားရွက်ကြီးလျိုအဖို့ ထိုကိစ္စအတွက် မည်သို့များ သက်တောင့်သက်သာ ရှိနိုင်ပါမည်နည်း။

" ငါဟာ တစ်ဦးချင်းစီတိုင်း နဂါးတစ်ကောင်လို ဖြစ်နေကြတဲ့ လူခြောက်ယောက်ကို ရွေးချယ်ခဲ့ပေမဲ့ ဌာနချုပ်ဆီကနေ ဘွဲ့ထူး မတောင်းခဲ့ဘူး။ မင်းက တိမ်ရိုင်းနယ်မြေကို သွားခဲ့ရတယ်။ ရွေးချယ်ဖို့အတွက် မကောင်းတဲ့နေရာတစ်ခု ဖြစ်နေခဲ့တာတောင် မင်းက ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းခဲ့သေးတာလား "

All Chapters