ကောင်းကင်မိုးကြိုးဗုံ
Vol. 10 Ch. 144
ပြည်ထောင်မြင်းစစ်သည်တစ်ဦး၏ တုန်လှုပ်ဖွယ်ရာ စွမ်းပကားက ကြီးမားလှသည်ဟု ဆိုရချေမည်။
အထူးသဖြင့် လူငယ်လက်ရွေးစင်များအကြားတွင် ဖြစ်သည်။ မင်းမျိုးတစ်ဦး ဖြစ်လာရေးအတွက် မည်သူကများ ကြီးစွာအကျိုးမပြုဘဲ နေလိုပါသနည်း။
ပြည်ထောင်မြင်းစစ်သည် ဆိုသည်မှာ လူတိုင်း၏ စမှတ်တစ်ခု ဖြစ်လေ၏။ သို့သော် လူအချို့မှာ သူတို့၏တစ်ဘဝလုံး စမှတ်သို့ပင် မရောက်နိုင်ခဲ့ချေ။ ယခုတွင်မူ သူတို့ထက် ခေါင်းတစ်လုံးစာခန့် အရပ်ပုသည့်ကလေး ယီယွင်က ပြည်ထောင်မြင်းစစ်သည် ဖြစ်နေချေ၏။
ရုတ်ခြည်းမှာပင် ယီယွင်အား မျက်လုံးပေါင်းများစွာ ကြည့်လာကြသည်။ အထူးသဖြင့် နားရွက်ကြီးလျို၏ နောက်တွင်ရှိနေသည့် လူငယ်ခြောက်ဦးက ယီယွင်ကို တောက်ပနေသည့် မျက်ဝန်းများနှင့် ကြည့်နေကြသည်။ ခွန်အားကသာ ပဓာနအကျဆုံးဖြစ်သည့် ဤလောကကြီးထဲတွင် မည်သူကမျှ တစ်ဦးနှင့်တစ်ဦး ဗိုလ်ထားလိုခြင်းမရှိပေ။
" ဒီကောင်လေးက တိမ်ရိုင်းနယ်မြေထဲကနေ လူသစ်တစ်ဦးအဖြစ် ထွက်လာကတည်းက ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းခံရပြီးပြီ။ ငါ မိသားစုကြီးတွေထဲက ပါရမီရှင်တွေကို ရွေးချယ်ခဲ့ပေမဲ့ သူတို့က ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တွေပဲ ဖြစ်နေသေးတယ် "
" ဟမ့်... မင်းက အနူတောက လူချောလေးကို ရွေးချယ်လာမိတာပါကွာ။ တိမ်ရိုင်းနယ်မြေထဲ အများသောအားဖြင့် စစ်သည်တွေက အရည်အသွေးနိမ့်တာကြောင့် တစ်ခါတစ်ရံပေါ်လာတဲ့ ပါရမီရှင်တွေကလည်း ထူးထူးခြားခြားမရှိဘူး။ သူတို့က ထူးခြားခဲ့မယ်ဆိုရင်တောင် ငါတို့ရဲ့ စံနှုန်းတွေနဲ့သာဆိုရင် ဒီကောင်တွေကို တိမ်ရိုင်းနယ်မြေထဲမှာတင် အပြောင်ရှင်းပစ်လို့ရတယ် "
" ဒီပြည်ထောင်မြင်းစစ်သည် ခန့်အပ်တာက ကလေးကစားနေတာပဲ ဖြစ်မယ် "
လူအများက ယွမ်ချီအသုံးပြုကာ ကျိတ်၍ဆွေးနွေးနေကြသည်။ မင်းမျိုးများနှင့် သာမန်လူတို့အကြားမှ အဆင့်အတန်း ကွာခြားချက်ကြောင့် သူတို့က ယီယွင်ကို မေးခွန်းထုတ်ဝံ့ခြင်း မရှိကြပေ။
တိမ်ရိုင်းနယ်မြေထဲ၌ ပြည်ထောင်ရွေးချယ်ပွဲတွင် ပါဝင်ခွင့်ရသည့် လူအများစုသည် အိမ်ဖြည့်ပေးရခြင်းသာ ဖြစ်လေ၏။ အများစုသည် ပထမအကျော့ပြီးလျှင် ထုတ်ပယ်ခံကြရသည်။
တိုင်အာနတ်ပြည်ထောင်တွင်မူ ပါရမီရှိသည့် လူငယ်အားလုံးက ပြည်ထောင်ရွေးချယ်ပွဲတွင် ပါဝင်ကြလေ၏။ အများစုကို မိသားစုမျိုးနွယ်ကြီးများက ပျိုးထောင်ပေးထားသည်ဖြစ်ပြီး လက်ရွေးစင်များဟုပင် ဆိုနိုင်လေသည်။ ရွေးချယ်ပွဲ၏ တိုက်ပွဲများက အားရဖွယ်ရာဖြစ်ပြီး ပတ်လည်တိုက်ပွဲများက ပြိုင်ဆိုင်မှုပြင်းထန်သော ရလဒ်ကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် မိသားစုမျိုးနွယ်ကြီးများမှ ထွက်ပေါ်လာသည့် လူငယ်ပါရမီရှင်များတွင် သာလွန်ကောင်းမွန်သည့် ရပ်တည်မှုများ ရှိကြလေ၏။ သူတို့က အခြားသူများထက် ပိုတော်ကြသည်ဟု အထင်ရောက်တတ်ကြသည်။
အမှန်တကယ်တွင် ၎င်းတို့၏ သာလွန်ကောင်းမွန်မှုက အနှစ်မပါသော ကောလဟာလများသာ မဟုတ်ပေ။ ပုံမှန်အခြေအနေအတိုင်းဆိုလျှင် အရိုင်းနယ်မြေထဲမှ လူငယ်ပါရမီရှင်များက ဗဟိုဒေသထဲမှ လူငယ်ပါရမီရှင်များကို ယှဥ်နိုင်ခြင်းမရှိပေ။
" ဒီကလေးက တိမ်ရိုင်းနယ်မြေထဲကဆိုတာ ငါသိပြီ။ မင်းရဲ့အမည်ကဘာလဲ ညီလေး " နားရွက်ကြီးလျိုက မုတ်ဆိတ်တိုများကို ပွတ်သပ်ရင်း ယီယွင်ကို ပြုံး၍ကြည့်ကာ မေးလိုက်လေသည်။
" ကျွန်တော်က ယီယွင်ပါ " ယီယွင် လက်သီးဆုပ်လိုက်သည်။
" ယီယွင်လား "
နားရွက်ကြီးလျိုက ခေါင်းညိတ်ကာ... " စိတ်ဝင်စားစရာပဲ ကောင်လေး။ အနာဂတ်မှာ ငါတို့က ပြိုင်ဘက်တွေ ဖြစ်လာတော့မယ် " နားရွက်ကြီးလျိုက ဖော်ရွေမှုမရှိ ဆိုလိုက်သည်။
နံဘေးမ ကျန်းတန်က ဆိုလေ၏..." အဲ့ဒါက ဖြစ်လာမှာမဟုတ်လောက်ဘူး။ တိမ်တဲ့ရေကန်မှာ နဂါးတစ်ကောင်ကို ထည့်မထားနိုင်ဘူး။ ယီယွင်က လူသစ်လေ့ကျင့်ရေး ဖြတ်ကျော်ပြီးသွားရင် ငါ့ရဲ့လက်အောက်မှာ ရှိမနေဖို့များတယ်။ ငါ သူ့ကို ခေါ်ထားနိုင်ပါ့မလားဆိုတာတောင် ငါ မသိဘူး "
ကျင်းလုံဝေ့၏ ထူးချွန်စစ်သည်များအတွက် အထူးအစီအမံတစ်ရပ် ရှိလေသည်။ ကျင်းလုံဝေ့၏ တပ်မှူးများ သတိပြုမိရသည်အထိ ထူးချွန်သူများကို တပ်မှူးအဖြစ် ခန့်အပ်ပေးလေသည်။ ထို့ကြောင့် ကျန်းတန်အဖို့ ယီယွင်ကို လက်အောက်တွင် ထိန်ထားနိုင်မည်မဟုတ်ပေ။
နားရွက်ကြီးလျိုက ကျန်းတန်၏ဆိုလိုရင်းကို နားလည်သွားပြီး ကျန်းတန်ကို အံ့ဩဘနန်းကြည့်ကာ ဆိုလေသည်..." အဖိုးကြီးကျန်း... မင်း အတော်ကို ယုံကြည်ချက်ရှိနေတာပဲ "
" ဟားဟား...မင်းလည်း အတူတူပါပဲ "
ကျန်းတန်၏စကားများ လိမ်ညာခြင်းအပြည့် ဖြစ်နေလေသောကြောင့် ယီယွင် ပြောစရာမဲ့နေရ၏။ တောက်မျိုးနွယ်ထဲတွင် ကျန်းတန်က လေးနက်တည်ကြည်ခဲ့သည်ဖြစ်ပြီး ယခုအခါ ကျင်းလုံဝေ့စခန်းတွင်မူ သူက ဟန်ဆောင်ကောင်းလွန်းနေချေ၏။
စစ်သည်များ အတူဆုံချိန်တွင် ၎င်းတို့၏တပ်ဖွဲ့အကြောင်း သို့မဟုတ် ကိုယ်ပိုင်စွမ်းအားအကြောင်းများ ကြွားဝါပြောဆိုတန်ကြဟန် ရှိပုံပင်။
နားရွက်ကြီးလျိုက ယီယွင်ကို ပြောလေသည်..." ညီလေး...ဘေးပတ်လည်ကို ကြည့်လိုက်။ မကြာခင်မှာ ဗိုလ်ချုပ်ယန် ရောက်လာတော့မယ် "
နားရွက်ကြီးလျိုက ယီယွင်၏ပခုံးကို ပုတ်ကာ အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
ကျင်းလုံဝေ့ကွင်းပြင်က မီတာသုံးရာကျော် ကျယ်ဝန်းလေသည်။ ကွင်းပြင်အလယ်တွင် ကြီးမားလှသော ဗုံတစ်လုံး ရှိနေသည်။ ဗုံ၏မျက်နှာပြင်က အနက်ရောင်ဖြစ်ပြီး လူရှစ်ယောက်ဖက်စာခန့် ကြီးမားလေသည်။
ဗုံအား ဆယ်မီတာခန့်မြင့်မားပြီး သံနက်ဖြင့် ပြုလုပ်ထားသည့် ထောက်တိုင်ပေါ်တွင် တင်ထားလေသည်။ သံနက်ထောက်တိုင်များက မြေပြင်ထဲတွင် နက်ရှိုင်းစွာ ဝင်နေလေသည်။
ဗုံ၏ရှေ့တွင် စင်မြင့်တစ်ခု ရှိလေ၏။ လူတစ်ဦးက ထိုစင်မြင့်ပေါ်သို့တက်ပြီး ဗုံကို တီးခတ်နိုင်သည်။ ဗုံတီးတုတ်သည် ခရမ်းရောင်သားရဲ၏ ခြေအရိုးဖြစ်ပြီး အစွန်းဘက်တွင် သံကြိုးတစ်ချောင်းရှိကာ ထောက်တိုင်နှင့် ချိတ်ဆက်ထားလေသည်။
နားရွက်ကြီးလျိုသည် ယီယွင်က ဗုံကို စိတ်ဝင်စားနေကြောင်း သတိပြုမိသွားကာ ဆိုသည်..." အဲ့ဒါက ကောင်းကင်မိုးကြိုးဗုံလေ။ စစ်တပ်နှစ်ခုကြားက တိုက်ပွဲတွေကို မင်း မြင်ဖူးလားဆိုတာ ငါလည်းမသိဘူး။ စစ်သည်တွေက စီတန်းပြီး စောင့်ကြရတယ်။ တက်ခိုင်းဖို့ အမိန့်ပေးချိန်ကျရင် ဗုံတီးခတ်သူက ဗုံကို တီးပေးရတယ်။ ဗုံသံစည်းချက်ကြောင့် စိတ်ဝိညာဥ်တွေ တက်ကြွလာတာပဲ။ စစ်သည်တွေ ဆုတ်ခွာရင် ဗုံတီးသူက မောင်းတီးပေးရတယ်။ "မောင်းတီးရင် တပ်ဆုတ် " ဆိုတဲ့ဆိုရိုးစကားလိုပေါ့လေ "
" ကောင်းကင်မိုးကြိုးဗုံက နတ်မြို့တော် ကျင်းလုံဝေ့ရဲ့ စစ်ဗုံတစ်လုံးပဲ။ စစ်ပွဲအတွင်းမှာ ကောင်းကင်မိုးကြိုးဗုံကို ရှေ့တန်း ယူသွားရတယ်။ ကောင်းကင်မိုးကြိုးဗုံကို တီးခတ်ချိန်ကျရင် ကောင်းကင်နဲ့မြေကြီးကို တုန်ခါစေတယ်။ ငါတို့စစ်သည်တွေ ချီတက်ကြချိန်မှာ ဗုံသံစည်းချက်ဆီကနေ ခွန်အားတွေရလာပြီး စိတ်ဓာတ်တက်ကြွလာတာကြောင့် တိုက်ပွဲဝင်စွမ်းပကားတွေ အဆပေါင်းများစွာ တိုးသွားစေတယ် "
" ဒါက စစ်ဗုံပေါ့လေ " ယီယွင်က ဗုံကြီးအား အသေအချာကြည့်လိုက်သည်။
သံခေတ်တွင် စစ်ခင်းရာ၌ ဗုံများ လိုအပ်သည်။ ပထမအကြောင်းအရင်းသည် စစ်ချီရန် အချက်ပေးလိုခြင်း ၊ ဒုတိယအကြောင်းအရင်းသည် စစ်သည်များကို စိတ်ဓာတ်မြင့်တင်ပေးလိုခြင်း ဖြစ်လေသည်။ စစ်တပ်များတွင် ဗုံကောင်းတစ်လုံး ရှိနေရန်မှာ အလွန်အရေးကြီးလေသည်။
နားရွက်ကြီးလျိုက ဆက်ပြောသည်..." ကောင်းကင်မိုးကြိုးဗုံကို ကောင်းကင်နွားသိုးရဲ့ အရေခွံနဲ့ လုပ်ထားတာ။ ကောင်းကင်နွားသိုးမှာ နတ်သားရဲဖြစ်တဲ့ ချိုးနွားသိုးရဲ့ သွေးမျိုးဆက်ရှိတော့ ရှေးဦးပျက်စီးခြင်းသားရဲတစ်ကောင်လို့တောင် ပြောလို့ရတယ်။ ကောင်းကင်နွားသိုးက ဓား တိုးမပေါက်သလို မီးကိုလည်း ခံနိုင်ရည်ရှိတယ်။ အဲ့ဒီတုန်းက ကောင်းကင်နွားသိုးကို နတ်မြို့တော်ရဲ့ မြို့သခင်က သတ်ခဲ့ရတယ်။ သူက သားရေကို ဆယ်နှစ် ဆေးရည်စိမ်ပြီး အကြိမ်တစ်သောင်း လျှော်ဖွပ်ပြီးတဲ့နောက်မှာ စစ်ဗုံသားရေ ဖြစ်လာခဲ့တာပဲ "
" ကောင်းကင်မိုးကြိုးဗုံကို တစ်ချက်တီးတိုင်းမှာ တုန်ခါမှုတွေနဲ့ တုန့်ပြန်တယ်။ အခြေခံမခိုင်တဲ့ စစ်သည်တွေဆိုရင် ကောင်းကင်မိုးကြိုးဗုံကို မတီးရဲကြဘူး။ ဘာကြောင့်လဲဆိုတော့ အားလှိုင်းတွေက သူတို့ကို စုတ်ဖြဲပစ်နိုင်တာကြောင့်ပဲ "
နားရွက်ကြီးလျိုက ကောင်းကင်မိုးကြိုးဗုံ၏ ထောက်တိုင်ကို အသာရိုက်လိုက်ပြီး ဂုဏ်ယူစွာဆိုသည်..." ဘယ်လိုလဲ။ ဗုံက ခမ်းနားကြီးကျယ်တယ်လို့ မခံစားရဘူးလား။ ကျင်းလုံဝေ့မှာ စစ်ပွဲမရှိရင် ကောင်းကင်မိုးကြိုးဗုံကို ကွင်းပြင်ထဲမှာပဲ ထားတယ်။ ကျင်းလုံဝေ့ရဲ့ လေ့ကျင့်ရေးဝင်ကြရမဲ့ အဖွဲ့ဝင်တွေက ဗုံကို ဂုဏ်ယူစွာနဲ့ တီးကြရတယ်လေ "
" ပုံမှန်ဆိုရင် ခရမ်းသွေးနယ်ပယ် အစောပိုင်းအဆင့် စစ်သည်တွေက ဗုံကို တစ်ကြိမ်နှစ်ကြိမ်လောက် တီးပြီးတာနဲ့ အားကုန်သွားတတ်ကြတယ်။ ပြန်ကန်အားက မင်းတို့ကို တစ်စစီလုပ်ပစ်နိုင်တယ် "
ယီယွင် သွေးများဆူပွက်လာရသည်။ မည်သည့် ပျက်စီးခြင်းသားရဲအရိုးက ဗုံတီးတုတ် လုပ်၍ရသည်အထိ ကြီးမားတုတ်ခိုင်လေသနည်း။ ယီယွင်မှာ ဗုံတီးတုတ်ကို ကောက်ယူကာ ဗုံတီးလိုစိတ်များ ဖြစ်လာရသည်။
" ဟိုဘက်ကိုကြည့်လိုက် "
နားရွက်ကြီးလျိုက ဘေးဘက်သို့ လက်ညှိုးထိုးပြကာ... " ကောင်းကင်မိုးကြိုးဗုံက စစ်သည်တစ်ဦးရဲ့ ခံနိုင်ရည်နဲ့ စွမ်းအားကို စစ်ဆေးပေးပြီး အဲ့ဒီအစီအရင်က စစ်သည်တစ်ဦးရဲ့ လှုပ်ရှားမှုကို စစ်ဆေးတယ် "
နားရွက်ကြီးလျို လက်ညှိုးထိုးပြသည့်နေရာသို့ ယီယွင် လှမ်းကြည့်လိုက်ရာ ကောင်းကင်မိုးကြိုးဗုံ၏ နံဘေးတွင် နေရာလပ်တစ်ခု ရှိနေသည်ကို သတိပြုမိသွားသည်။ နေရာလပ်ပေါ်တွင် အစီအရင်တစ်ခု ရေးဆွဲထားလေ၏။
အစီအရင်က သတ္တဂံပုံစံရှိပြီး အစီအရင်၏အထက်တွင် တစ်ဒါဇင်ခန့်သော မီးဘောလုံးများ ရွေ့ရှားနေသည်။ ဘောလုံးများက နီရဲနေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေခြင်းမရှိပေ။
" ဒီဘောလုံးတွေကို အအေးသတ္တုသွေးဘောလုံးလို့ ခေါ်တယ်။ ပင်လယ်ရေနက်ပိုင်းမှာ ကြီးမားတဲ့ သွေးကမာကောင်တွေ ရှိတယ်။ အဲ့ဒီသွေးကမာကောင်တွေက သားရဲရိုင်းတွေဖြစ်ပြီးတော့ ငါးမန်းကိုတောင် စားနိုင်ကြတယ်။ သွေးကမာကောင်တွေက ပင်လယ်ရေအောက်မှာရှိတဲ့ အအေးသတ္တုမှုန့်တွေကို စုပ်ယူပြီးတဲ့နောက် သတ္တုပုလဲတစ်လုံး ထုတ်ပေးတယ်။ အဲ့ဒါကို အအေးသတ္တုသွေးဘောလုံးလို့ ခေါ်တယ်။ အအေးသတ္တုသွေးဘောလုံးက လက်သီးအရွယ်ရှိပြီး အလေချိန်က ပေါင်တစ်ရာကျော်ရှိတာကြောင့် လက်နက်တွေနဲ့ အခြားမှော်ပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးလို့ရတယ်။ အဲ့ဒါက ကံကောင်းမှုတစ်ခုလောက် တန်ကြေးရှိတယ် "
" အအေးသတ္တုသွေးဘောလုံး တစ်ခုချင်းစီတိုင်းပေါ်မှာ မှော်စာလုံးတွေ ရေးထွင်းထားတယ်။ အစီအရင်စွမ်းအားကို အသုံးပြုရင် အအေးသတ္တုသွေးဘောလုံးတွေ အရမ်းမြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းကြလိမ့်မယ်။ ခန္ဓာကိုယ်ကို ထိမှန်းသွားခဲ့မယ်ဆိုရင် ဒဏ်ရာအပြင်းအထန် ရလိမ့်မယ်။ ကံမကောင်းရင် အသက်တောင် သေနိုင်တယ် "
ယီယွင်က အအေးသတ္တုသွေးဘောလုံးများကို သေချာကြည့်နေခဲ့သည်။
လပြည့်ညတွင် သွေးကမာကောင်တစ်ကောင် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တက်လာကာ သူ၏ခန္ဓာကိုယ်ကို မာကျောစေရန် လရောင်ကို အားကိုးပြုပြီး ပုလဲတစ်လုံး မွေးဖွားပေးခဲ့သည်ဟု ဆိုရိုးရှိသည်။ ယင်းအား " ပင်လယ်လရောင်ဖြာ ငိုမျက်ရည် " ဟု ခေါ်သည်။
ထိုပုလဲတွင် သွေးကမာကောင်၏ အဆီအနှစ်များ ရောနှောပေါင်းစပ်နေသည်။ ပုလဲအား ဆေးပင်များနှင့် ကျိုချက်ကာ သောက်မည်ဆိုပါက လူသားတို့အတွက် အကျိုးရှိစေသည်။
ကျင်းလုံဝေ့က လူတစ်ဦး၏ လှုပ်ရှားမှုနည်းစနစ်ကို စစ်ဆေးရန်အတွက် ထိုကဲ့သို့ ရတနာပုလဲများ အသုံးပြုထားမည်ဟု ယီယွင် ထင်မထားခဲ့ပေ။
ယီယွင်သည် သတ္တဂံပုံစံ အစီအရင်ကို ကြည့်နေရင်းဖြင့် အစီအရင်၏ စည်းမျဥ်းများကို နားလည်သွားလေ၏။ စစ်သည်တစ်ဦးက မြေကွက်လပ်တွင် ရပ်နေကာ အအေးသတ္တုသွေးဘောလုံး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရမည်။ လှုပ်ရှားမှုအမြန်နှုန်း ပိုကောင်းသူများက ဘောလုံးများကို ပိုမိုကောင်းမွန်စွာ ရှောင်တိမ်းနိုင်ပေလိမ့်မည်။
ကောင်းကင်မိုးကြိုးဗုံနှင့် အအေးသတ္တုသွေးဘောလုံးအစီအရင်တို့က စစ်သည်တစ်ဦး၏ အခြေခံလိုအပ်ချက် ကဏ္ဍနှစ်ရပ်ကို စစ်ဆေးလေ၏။ ဤသည်ကိုကြည့်လျှင် ကျင်းလုံဝေ့တွင် ကြီးမားသော အမွေအနှစ်များရှိကြောင်း မြင်သာပေသည်။ ကောင်းကင်မိုးကြိုးဗုံနှင့် အအေးသတ္တုသွေးဘောလုံးအစီအရင် နှစ်ခုလုံးက အလွန်ပင် တန်ဖိုးကြီးမားသည်။ တိမ်ရိုင်းနယ်မြေထဲတွင်ဆိုလျှင် ၎င်းတို့ကို ရတနာအဖြစ် ခေါင်းစဥ်တပ်ကြပေလိမ့်မည်။