အစီအရင်စတင်ခြင်း
Vol. 10 Ch. 145
ယီယွင် အတွေးနက်နေချိန်တွင် အနီရောင်ဝတ် လူငယ်တစ်ဦးက သတ္တဂံအစီအရင်ထဲသို့ ဝင်သွားလေသည်။ ထိုလူငယ်က အသက် ၁၄ ခန့်ရှိပြီး တန်ဖိုးကြီးအဝတ်များ ဝတ်ဆင်ထားလေရာ သာမန်မဟုတ်ကြောင်း ထင်ရှားသည်။
" အစီအရင် စလိုက်။ ကျုပ် ကြိုးစားကြည့်မယ် " လူငယ်က အလွန်ပင် ယုံကြည်ချက်ရှိနေလျက်ဖြင့်..." အအေးသတ္တုသွေးဘောလုံးအစီအရင်ကို အဆင့် ၁၀ ကနေ စမယ် "
နံဘေးမှ လူငယ်အချို့က ရယ်မောကာ..." ဟားဟားဟား...သခင်လေးကျိချန်းက အစီအရင်ကို အဆင့် ၁၀ ကနေ စတဲ့အထိ ရဲရင့်လွန်းနေတာပဲ "
" အအေးသတ္တုသွေးဘောလုံးအစီအရင်က အန္တရာယ်များတယ်။ မင်းရဲ့အရိုးတွေကို ချိုးပစ်နိုင်တယ်နော် "
သူတို့ စကားပြောနေစဥ်တွင် အစီအရင် တောက်ပလာသည်။ သတ္တဂံမြေပြင်ရဲ့ ဘေးတွင် ကျောက်စင်မြင့်တစ်ခု ရှိသည်။ ကျောက်စင်မြင့်ထဲတွင် သလင်းကျောက်နီများ အတန်းလိုက်ရှိနေသည်။ သလင်းကျောက်နီများက အစဥ်လိုက်အတိုင်း အရောင်ရင့်သွားသည်ဖြစ်ပြီး အရောင်အရင့်ဆုံး သလင်းကျောက်က သွေးနီရောင်ဖြစ်သည်။
သလင်းကျောက်နီများက သုံးခုတန်း ဆယ်တန်းရှိလေပြီး စုစုပေါင်း သလင်းကျောက်နီ အလုံးသုံးဆယ် ရှိသည်။ လူစုသည် သလင်းကျောက်နီဆယ်လုံး လင်းစေခဲ့သည်ဖြစ်ပြီး ယင်းက ခက်ခဲမှုအဆင့် ၁၀ ဖြစ်လေ၏။
ခက်ခဲမှုအဆင့် ၁၀ သည် စစ်သည်တစ်ဦး၏ တုန့်ပြန်တိုက်ခိုက်မှုကို အအေးသတ္တုသွေးဘောလုံး ဆယ်ခုဖြင့် စစ်ဆေးခြင်းဖြစ်သည်။ သခင်လေးကျိချန်းက အသက် ၁၄ နှစ်ခုသာဖြစ်ပြီး " သူရဲကောင်းဆိုတာ လူငယ်တွေထဲက ပေါ်ထွန်းလာတာ " ဟူသည် ဆိုရိုးစကားအတိုင်း ဖြစ်လာနိုင်လောက်သည်။
အစီအရင်အား စတင်လိုက်သည်နှင့် အအေးသတ္တုသွေးဘောလုံးများ အလွန်မြန်ဆန်စွာ ပျံသန်းလာသည်။
လူငယ် အသက်ပြင်းပြင်းရှုကာ အထဲသို့ ခုန်ဝင်သွားလေ၏။ အစီအရင်ထဲတွင် လူငယ်က ကျားသစ်တစ်ကောင်ပမာ လူးလွန့်လှုပ်ရှားနေ၏။ သွေးပုလဲဆယ်လုံးမှာ သူ့အား တစ်ချက်တစ်လေပင် မထိနိုင်ခဲ့ပေ။
ဆယ့်ငါးမိနစ်အကြာတွင် အစီအရင်သည် တဖြည်းဖြည်းချင်း အားနည်းသွားခဲ့လေ၏။
လူငယ်သည် အစီအရင်ထဲမှ ထိခိုက်မှုမရှိဘဲ ထွက်လာလေ၏။ သူ၏မျက်နှာက အနည်းငယ်နီမြန်းနေကာ ကြည်လင်နေပေသောကြောင့် အားအင်များစွာ ကျန်နေသေးကြောင်း သိသာလေသည်။
" ကျင်းပြည်နယ်ရဲ့ ပြည်ထောင်ရွေးချယ်ပွဲမှာ တတိယရခဲ့တဲ့ သခင်လေးကျိချန်းက ထင်ထားသလိုပဲ သန်မာလွန်းတယ် "
" ဒါပေါ့ကွာ...တောင်ပိုင်စစ်ဆေးမှုမှာ စွမ်းအားကြီးသူတွေနဲ့ ပြည့်နေတယ်လေ။ သခင်လေးကျိချန်းက တတိယနေရာ ရနိုင်ခဲ့တာက သူ့ကို ကွဲပြားသွားစေတယ်။ ငါအနေနဲ့ ပြောရမယ်ဆိုရင် သခင်လေးကျိချန်းက ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်သင့်တယ် "
ကျင်းပြည်နယ်မှ သခင်လေးအချို့က သံယောင်လိုက်ကာ ချီးကျူးလိုက်ကြသည်။ သူတို့က ကျင်းပြည်နယ်မှ သခင်လေးများ ဖြစ်လေသောကြောင့် တစ်ဦးနှင့်တစ်ဦး အပေးအယူတည့်ကြသည်။ ထိုသခင်လေးများက ၁၃ နှစ်မှ ၁၅ နှစ်ခန့်အထိသာ ဖြစ်လေပြီး လောကကြီးက သူတို့ကို ဗဟိုပြုထားသည်ဟု တွေးထင်နေကြသည့် အသက်အရွယ်အပိုင်းအခြားတစ်ခု ဖြစ်လေသည်။
" မင်းတို့တွေလည်း ကြိုးစားကြည့်သင့်တယ် "
သခင်လေးများက အနီးတွင်ရှိသည့် လူငယ်အချို့ကို ကြည့်လိုက်သည်။
ထိုလူငယ်များက အသားအရေကြမ်းတမ်းပြီး တိရိစ္ဆာန်အရေခွံများ ဝတ်ထားကြသည်။ သူတို့က အစမှအဆုံးအထိ ပါးစပ်မဟခဲ့ကြဘဲ ထောင့်တစ်နေရာတွင်သာ ငြိမ်နေခဲ့ကြသည်။ သူတို့က များစွာပို၍ အသက်ကြီးကြလေပြီး အငယ်ဆုံးသူကပင် အသက် ၁၇ နှစ်ခန့် ရှိသည်။ အများစုသည် အသက်နှစ်ဆယ်ကျော်များ ဖြစ်လေ၏။
သူတို့က အရိုင်းနယ်မြေမှဖြစ်ကြောင်း ထင်ရှားလှသည်။ အရိုင်းနယ်မြေမှ စစ်သည်များမှာ အရင်းအမြစ်များ ရှားပါးလေသောကြောင့် သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းက ကျင်းပြည်နယ် မိသားစုကြီးများမှ သခင်လေးများကို မယှဥ်နိုင်ကြပေ။ ထို့အပြင် တိုင်အာနတ်ပြည်ထောင်သည် အရိုင်းနယ်မြေထဲတွင် ပြည်ထောင်ရွေးချယ်ပွဲကို မကျင်းပဖူးလေသောကြောင့် အရိုင်းနယ်မြေမှ သားပျိုများမှာ အသက် ၁၆ နှစ် ကျော်မှသာ ကျင်းလုံဝေ့ထဲသို့ ဝင်ခွင့်ရကြသည်။ ဥပမာဆိုရသော် ဟူရာက အသက် ၁၈ နှစ် ပြည့်မှသာ ကျင်းလုံဝေ့ထဲသို့ ဝင်ခွင့်ရလေသည်။
အရိုင်းနယ်မြေမှ စစ်သည်များက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကပင် ကျင်းလုံဝေ့ထဲသို့ ရောက်နေခဲ့ကြသည်။ ထိုရက်များတွင် ကျင်းပြည်နယ်မှ သခင်လေးများက သူတို့အား ဝိုင်းကြဥ်ထားခဲ့ကြသည်။
အဆိုပါ မျိုးရိုးမြင့် သခင်လေးများက ကျင်းပြည်နယ်သခင်လေးများအဖွဲ့ ဟူသည့် အဖွဲ့တစ်ခု တည်ထောင်ထားကြ၏။ ထိုအဖွဲ့က လူအင်အားများကာ အစွမ်းထက်သည်။ ကျင်းလုံဝေ့သို့ ရောက်လာကြသည် အရိုင်းနယ်မြေမှ လူများမှာ နိမ့်ကျနေခဲ့ကြသည်။
စစ်တန်းလျား ရွေးချယ်ရာတွင်လည်း ကျင်းပြည်နယ်သခင်လေးများအဖွဲ့မှ လူများက နေရာအကောင်းဆုံး စစ်တန်းလျားများကို ရွေးချယ်ခဲ့ကြသည်။ အရိုးအမတေများ ခွဲဝေပေးလျှင်လည်း ကျင်းပြည်နယ်သခင်လေးများအဖွဲ့က အများဆုံးရယူကြပြီး သူတို့က အနည်းငယ်ကိုသာ ရရှိကြသည်။
စားသောက်ခန်းတွင်လည်း ကျင်းပြည်နယ်သခင်လေးများအဖွဲ့က စွမ်းအင်ပိုများသော သားရဲအသားများကို ယူဆောင်ကြပြီး သူတို့အတွက် အရည်အသွေးနိမ့် အသားများကိုသာ ချန်ထားခဲ့သည်။
သူတို့ဆီသို့ ဗိုလ်ချုပ်ယန် အလည်အပတ်လာချိန်တွင် ကျင်းပြည်နယ်သခင်လေးများအဖွဲ့က ကောင်းကင်မိုးကြိုးဗုံနှင့် အအေးသတ္တုသွေးဘောလုံးအစီအရင်တို့ကို ဝန်းရံထားကာ စမ်းသပ်ယှဥ်ပြိုင်နေကြပြီး အရိုင်းနယ်မြေမှ သားပျိုများကို ဖယ်ကြဥ်ထားခဲ့သည်။
အရိုင်းနယ်မြေမှ သားပျိုများသည် ကျင်းပြည်နယ်သခင်လေးများအဖွဲ့မှ လူများ၏ စွမ်းရည်များကို မြင်တွေ့ကာ အသိအမှတ်ပြုကြသော်လည်း သူတို့က ကြောက်နေကြသည်ဟု မဆိုလိုပေ။
အရိုင်းနယ်မြေမှ သားပျိုများတွင် အရိုင်းစိတ် ရှိလေ၏။ သူတို့က အရိုင်းနယ်မြေ၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်လာသည်ဖြစ်၍ သူတို့က အရှုံးပေးမည်မဟုတ်ပေ။ သူတို့အား ရန်စနေသည်ကို အဘယ်သို့များ ထပ်မံသည်းခံနိုင်ပါမည်နည်း။ အသားညိုသော လူငယ်တစ်ဦး ရှေ့သို့ထွက်လာသည်။
ထိုလူငယ်က အသက် ၁၇ နှစ်ခန့် ရှိသည်။ သူ၏အကြည့်များက တောက်ပနေပြီး အရိုင်းနယ်မြေထဲမှ ဝံပုလွေတစ်ကောင်၏ ခံစားချက်များကို ပေးစွမ်းလေသည်။
" ငါ့အမည်က ဟေးရှား။ ကျောက်နက်မျိုးနွယ်ကပဲ။ မင်းတို့ ငါ့ကို စိန်ခေါ်ချင်တယ်ဆိုရင် ငါက အဖော်ပြုပေးမယ် "
" ဟဲဟဲ...စိန်ခေါ်တာတဲ့လား " သခင်လေးအချို့က ပြုံးလိုက်ကြပြီး..." ငါတို့က မင်းကို စိန်မခေါ်ဘူး။ မင်းက ငါတို့တွေ စိန်ခေါ်ရလောက်တဲ့အထိ အရည်အချင်းမမီဘူး။ ဒါက ကစားပွဲတစ်ခုလောက်ပါပဲ "
ကျင်းပြည်နယ်သခင်လေးများအဖွဲ့ ၏ မောက်မာသော စကားများကြောင့် ဟေးရှား ဒေါသထွက်သွားရသည်။ ကစားပွဲတဲ့လား။
" ကောင်းပြီလေ... ငါ မင်းတို့နဲ့ ကစားပေးမယ် "
ဟေးရှား စင်မြင့်ပေါ်သို့တက်သွားသည်။ ကျောက်နက်မျိုးနွယ်တွင် သူက အသန်မာဆုံး မဟုတ်လောက်သော်လည်း အမြန်ဆုံးသူ ဖြစ်လေ၏။ ကျောက်နက်မျိုးနွယ်တွင် သူ့အား လျှပ်စီးနက်ဟုပင် အမည်ပြောင်ပေးထားကြသည်။
" တက်လာခဲ့ " သခင်လေးကျိချန်းက ဟေးရှား၏ မျက်ဝန်းထဲမှ သဘောမကျဟန်များကို မြင်တွေ့ကာ ဆိုသည်..." အတူလုပ်ကြမယ်လေ... ဒါဆိုရင် အမျှတဆုံး ဖြစ်သွားလိမ့်မယ် "
သခင်လေးကျိချန်းက စကားဆိုနေရင်းဖြင့် ယီယွင်ကို မျက်ဝန်းထောင့်မှတဆင့် တစ်ချက်ကြည့်လိုက်သည်။
ထိုအကြည့်က မသိသာသော်လည်း ယီယွင်က အာရုံခံမိသည်။ သူ အရိုင်းနယ်မြေမှလာကာ ပြည်ထောင်မြင်းစစ်သည်ဘွဲ့ ရခဲ့သည်ကို သခင်လေးကျိချန်းက လက်မခံနိုင်ဖြစ်နေသည့်အတွက် အရိုင်းနယ်မြေမှ သားပျိုများကို အနိုင်ကျင့်နေခြင်း ဖြစ်ကြောင်း ယီယွင် သိသည်။
တိုင်အာနတ်ပြည်ထောင်တွင် အဆင့်အတန်းက အလွန်အရေးကြီးသည်။ ယီယွင်က အရိုင်းနယ်မြေမှ ဖြစ်သော်လည်း ပြည်ထောင်မြင်းစစ်သည် အဆင့်အတန်းကမူ မိသားစုကြီးတစ်ခုမှဖြစ်သည့် သခင်လေးကျိချန်းထက် များစွာပိုမြင့်နေသည်။
ကျိချန်ပင်ဖြစ်စေ ၊ ကျင်းပြည်နယ်မှ အခြားသခင်လေးများပင်ဖြစ်စေ သူတို့အဖို့ ယီယွင်ကို လူသိရှင်ကြား ရန်စ၍မရပေ။ အချင်းများကာ တိုက်ခိုက်ကြပြီး စုံစမ်းစစ်ဆေးခံရလျှင် သူတို့က အမိန့်နာခံမှုမရှိဟု သက်သေတွေ့ရှိကာ သူတို့ ဒုက္ခရောက်သွားနိုင်သည်။
ထို့ကြောင့် သူတို့ မကျေနပ်ကြသည့်တိုင်အောင် ယီယွင်ကို အထင်သေးဝံ့ခြင်း မရှိကြပေ။ ထို့ကြောင့်ပင် သူတို့က အရိုင်းနယ်မြေမှ စစ်သည်များကို အသာစီးယူနေကြခြင်း ဖြစ်လေ၏။
မိသားစုကြီးများထံမှ ဆင်းသက်လာကြသည့် ကျင်းပြည်နယ်သခင်လေးများအဖွဲ့က အရိုင်းနယ်မြေမှ လူရိုင်းတစ်သိုက် ဖိနှိမ်သည်ကို အဘယ်သို့များ ခံပါမည်နည်း။ သူတို့က ပြင်းထန်စွာ တိုက်ခိုက့ရပြီးနောက်တွင်ပင် ပြည်ထောင်မြင်းစစ်သည်ဘွဲ့ မရခဲ့ပေ။ ယီယွင်က မည်သည့်အရာ ထူးခြားနေလေသနည်း။
" ပြောရမယ်ဆိုရင် ခက်ခဲမှုအဆင့် ၁၀ က ပျင်းဖို့ကောင်းလွန်းတယ်။ မင်းရော ဘယ်လိုထင်လဲ " ဟေးရှားနှင့် သခင်လေးကျိချန်းတို့ အစီအရင်အလယ်၌ ရပ်နေချိန်တွင် သခင်လေးကျိချန်းက မေးလာသည်။
ဟေးရှား မျက်ခုံးပင့်လိုက်၏။ အစောပိုင်းတွင် သခင်လေးကျိချန်းက အစွမ်းကန်မထုတ်ခဲ့ကြောင်း သူ ချက်ချင်းနားလည်သွားခဲ့သည်။
ကနဦးပိုင်းတွင် ပြိုင်ဘက်ဖြစ်သူ ရှက်စိတ်ဖြင့် ထွက်ပြေးမသွားစေရေးအတွက် အားနည်းဟန်ပြပြီး တိုက်ပွဲထဲသို့ မျှားခေါ်ပြီးနောက်မှသာ တစ်ခါတည်း ရိုက်ချမည်ဖြစ်သည်။
ဟေးရှားက ကျိချန်း၏အတွေးကို နားလည်သွားလေ၏။ သူ အစီအရင်ထဲသို့ ဝင်လိုက်သည်နှင့် အမှန်ပင် ပြန်ဆုတ်မရတော့ပေ။ ကျိချန်းကပင် ခက်ခဲမှုအဆင့်ကို တိုးမြင့်နေပေရာ သူ့အဖို့ နောက်ဆုတ်၍မရတော့ပေ။
ဟေးရှား အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်လေရာ သူ၏ ညှိုးငယ်နေသော မျက်နှာတွင် တိုက်ခိုက်လိုစိတ်များ နိုးကြားလာ၏။
" ကောင်းပြီလေ... ငါတို့တွေ အစီအရင်ထဲမှာ ယှဥ်ကြမယ်။ ခက်ခဲမှုအဆင့် ၁၁ စတော့ " ကျိချန်းက ခပ်အေးအေးပင် လက်ခါပြလိုက်သည်။
ကျင်းပြည်နယ်သခင်လေးများအဖွဲ့မှ အစီအရင်ကို ထိန်းချုပ်သူ အဖွဲ့ဝင်တစ်ဦးက ရယ်မောလိုက်ပြီး..." သခင်လေးကျိချန်း... ခက်ခဲမှုအဆင့်က မလုံလောက်ရင် ငါ့ကိုပြောနော်။ ငါ ထပ်တိုးပေးမယ် "
သူက စကားဆိုရင်းဖြင့် ဆယ့်တစ်ခုမြောက် သလင်ကျောက်ကို ဖိလိုက်သည်။
ဝှစ်...ဝှစ်...။
အအေးသတ္တုသွေးဘောလုံး ၁၁ လုံး ကောင်းကင်ထက်တွင် မြည်ဟီးနေသည်။ ခက်ခဲမှုအဆင့် ၁၁ သည် ခက်ခဲမှုအဆင့် ၁၀ ထက် အအေးသတ္တုသွေးဘောလုံး တစ်လုံးပိုများလေပြီး အမြန်နှုန်းကလည်း ပိုမိုမြန်ဆန်သည်။
ကျိချန်းနှင့် ဟေးရှားတို့ ပြိုင်တူလှုပ်ရှားကြလေ၏။ နှစ်ဦးစလုံးက အလွန်မြန်ဆန်ကာ အရိပ်များကျန်ခဲ့သည်။
ယီယွင်က ဘေးမှကြည့်နေသည်။ ယီယွင်က ၎င်းတို့၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်နေရ၏။ သူ၏မျက်လုံးထဲတွင် ၎င်းတို့က နှေးကွေးစွာ လှုပ်ရှားနေကြသည့်အလားပင်။
" ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တွေ ဖြစ်လာနင်ကြတဲ့ သူတို့က သေချာပေါက်ကို ရိုးစင်းမှာမဟုတ်ဘူး " ယီယွင်၏နံဘေးမှ ဟူရာက ပြောလာသည်။ ဟူရာက ခရီးစဥ်တလျှောက်တွင် စကားအနည်းငယ်သာ ဆိုခဲ့သည်။
ယီယွင် ခေါင်းညိတ်ကာ..." ဟေးရှားရဲ့ အမြန်နှုန်းက အရမ်းမြန်တယ်။ တကယ်တော့ ကျိန်ချန်းထက် နည်းနည်းလေး ပိုမြန်နေသေးတယ်။ ဒါက သူ့ရဲ့ပါရမီ ဖြစ်လောက်မယ် "
" ကံမကောင်စွာနဲ့ပဲ ဟေးရှားက မလိုအပ်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ရှောင်တိမ်းကွက်တွေက ၄၀% လောက် ထိရောက်မှုနည်းသွားတယ်။ ကျိချန််းရဲ့ အရှောင်အတိမ်း ထိရောက်မှုက ၆၀% ၊ ၇၀% လောက်အထိ မြင့်တယ်။ ဒီလောက်ကြီးမားတဲ့ ကွာခြားချက်ကို အမြန်နှုန်း နည်းနည်းလောက် ပိုသာနေတာလောက်နဲ့ ဖာထေးလို့မရဘူး "
ယီယွင် ပြောနေစဥ်တွင် ကျိချန်းက ရုတ်တရက် အော်လိုက်သည်..." ထပ်တိုးလိုက်... ခက်ခဲမှုအဆင့် ၁၂ "
သခင်လေးကျိချန်းက မြင့်မားသော တိမ်းရှောင်မှုများအောက်တွင်ပင် စကားပြောနိုင်နေသေးလေ၏။ သူက မောက်မာစွာပင် ရယ်လိုက်သေးလေ၏။
" ကောင်းပြီ " အစီအရင်ကို ထိန်းချုပ်နေသည့် လူငယ်က ညစ်ကျယ်ကျယ်ပြုံးကာ ဆယ့်နှစ်ခုမြောက် သလင်းကျောက်ကို ဖိလိုက်လေ၏။
ခက်ခဲမှုအဆင့် ၁၂...။
အအေးသတ္တုသွေးဘောလုံးများ ကြိမ်နှုန်းမြင့်မားလာကာ တဝီဝီမြည်သံများ ပေးလာသည်။ တစ်ဆင့် ပိုမြင့်လိုက်လေသောကြောင့် ကျိချန်းနှင့် ဟေးရှားတို့မှာ ကြီးမားသောဖိအားအောက်သို့ ရောက်သွားလေ၏။
ဟေးရှား၏နဖူးတွင် ချွေးများ စတင်ပေါ်ထွက်လာ၏။
ထိုစဥ် ကွင်းပြင်၏ဝင်ပေါက်တွင် တောင့်တင်းသော လူလတ်ပိုင်းတစ်ဦး ပေါ်လာသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာကာ အအေးသတ္တုသွေးဘောလုံးအစီအရင်ကို စိတ်ဝင်တစား ကြည့်လိုက်လေ၏။