လူငယ်တွေက အထိန်းအကွပ်မဲ့ရတယ်
Vol. 10 Ch. 147
ယီယွင်၏ရှေ့မှ သခင်လေးကျိချန်းက တိုက်ခိုက်လိုစိတ်များ တက်ကြွနေသည်။ ကျိချန်းက တွေးနေသည်..." အစီအရင် စတော့။ ခက်ခဲမှုအဆင့် ၁၂ ဆိုရင် အရှင်ပြည်ထောင်မြင်းစစ်သည်က ဘယ်လိုသဘောရလဲ "
စကားလုံးများက လေးစားမှုရှိသော်လည်း ကျိချန်းက ယီယွင်အား ကြည့်နေသည့်ပုံစံကမူ ရန်စခြင်းများအပြည့်ပင်။ အရိုင်းနယ်မြေ ဒေသခံများက နည်းစနစ်ပိုင်း ချို့တဲ့လွန်းသည်။ အနူတောမှ လူချောဖြစ်သည့် ဤကောင်လည်း ထို့အတူသာ ဖြစ်ချေ၏။ ယီယွင်က သိသာကောင်းမွန်သောရလဒ် ရရှိခဲ့၍ ပြည်ထောင်မြင်းစစ်သည်ဘွဲ့ ခန့်အပ်ခံခဲ့ရလျှင်ပင် ဘာဖြစ်သေးသနည်း။
" ကောင်းပြီလေ... ခက်ခဲမှုအဆင့် ၁၂ ပေါ့ " ယီယွင် အရေးမစိုက်ပေ။ ထိုခက်ခဲမှုက သူ့အတွက် ဘာမျှမဟုတ်ပေ။
ကျင်းပြည်နယ် သခင်လေးများအဖွဲ့မှ လူငယ်တစ်ဦးက ပြုံးကာ ဆယ့်နှစ်ခုမြောက် သလင်းကျောက်ကို နှိပ်လိုက်သည်။
အရိုင်းနယ်မြေမှ သားပျိုများ အသက်အောင့်ထားလိုက်ကြပြီး ယီယွင်အား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ဝီး...။
အအေးသတ္တုသွေးဘောလုံး ဆယ့်နှစ်လုံး လေပေါ်မြောက်လာကာ ယီယွင်နှင့် ကျိချန်းတို့အား ဥက္ကာခဲများပမာ တိုက်ခိုက်လေသည်။
ကျိချန်း၏မျက်ဝန်များ တိုက်ခိုက်လိုစိတ်များဖြင့် တောက်လောင်နေ၏။ သူ စတင်ရွေ့လျားပြီး ကြုံရာယိမ်းနွဲ့ပြီး လျင်မြန်စွာလှုပ်ရှားနေလေသည်။ အအေးသတ္တုသွေးဘောလုံးများမှာ ကျိချန်း၏ အင်္ကျီစကိုပင် မထိနိုင်ကြပေ။
ကျိချန်း၏ရွေ့လျားမှုများက ပြောင်မြောက်လှပြီး မည်သူကမျှ ရှင်းလင်းစွာမမြင်ကြရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယီယွင်က အလွန်ပင် လှုပ်ရှားမှုနည်းသည်။ အစမှအဆုံးအထိ သူက လှုပ်ရှားမှုနည်းလှပြီး နေရာတွင်သာ ရပ်နေခဲ့သည်။
အအေးသတ္တုသွေးဘောလုံးများ တစ်လုံးပြီးတစ်လုံး ပြေးဝင်လာသော်လည်း ယီယွင်ကမူ လက်မြှောက်ခြင်း ၊ ခန္ဓာကိုယ်ယိမ်းနွဲ့ခြင်း ၊ ခြေထောက်ရွှေ့ခြင်းများသာ လုပ်ခဲ့သည်။ သူ၏ခန္ဓာကိုယ် ဝေဝါးနေကာ ဘေးပတ်လည်တွင် အရိပ်ပေါင်းများစွာ ဖြစ်ပေါ်နေသည်။
ယီယွင်က လှုပ်ရှားနေသည်လော ၊ အရိပ်များထဲတွင် ရှိနေသည်လောကိုမူ ပြောရခက်ချေသည်။ အအေးသတ္တုသွေးဘောလုံးများက ယီယွင်အား ပွတ်ကာသီကာ ဖြတ်ကျော်နေကြပြီး တစ်ခုမျှပင် ထိမိခြင်းမရှိပေ။
အအေးသတ္တုသွေးဘောလုံးများထံမှ လေအားသည်ပင် ယီယွင်၏ ချိန်ကိုက်တွက်ချက်မှုအောက်တွင် ရှိနေခဲ့သည်။ လေအားက မြန်ဆန်သော်လည်း ယီယွင်၏ ငါးပျံဝတ်စုံကို စုတ်ဖြဲနိုင်ခြင်း မရှိသေးပေ။ သူက ငါးပျံဝတ်စုံ၏အောက်တွင် ပြဒါးစီးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို လေးလံကန့်သတ်နေလေ၏။
ယီယွင်က ပြဒါးစီးဝတ်စုံနှင့် မည်မျှပင် အသားကျနေစေကာမူ သူ့အား သက်ရောက်မှုမရှိစေရန်မှာမူ မဖြစ်နိုင်ပေ။
အမြန်နှုန်းအား ယှဥ်မည်ဆိုပါက သူသည် ကျိချန်းကို မယှဥ်နိုင်ပေ။ သူ လုပ်နေသည်မှာ အရှောင်အတိမ်းစွမ်းရည်ကို သူ၏အမြန်နှုန်းအကန့်အသတ်ထဲတွင် အမြင့်ဆုံးအထိ ထည့်ထားခဲ့ခြင်းသာ ဖြစ်လေ၏။
ယီယွင်က ရပ်နေခဲ့လေသောကြောင့် အအေးသတ္တုသွေးဘောလုံးများက ယီယွင်ကို တမင်ရှောင်ရှားနေသည်ဟုပင် လူအများ အထင်ရောက်ရသည်။
အရိုင်းနယ်မြေမှ သားပျိုများမှာ ကြောင်အကာ ငိုင်ကြည်နေကြပြီး စိတ်ရှုပ်ထွေးနေကြသည်။
သို့သော် ကျင်းပြည်နယ် သခင်လေးများအဖွဲ့မှ လူများကမူ ထိုအရာကို သိကြလေ၏။ သူတို့၏မျက်နှာများ အရုပ်ဆိုးသွားကြလေ၏။
" အိုး... တဒင်္ဂလှုပ်ရှားမှုလား " ယန်မန်လုံ၏ မျက်ဝန်းများ တောက်ပသွားသည်။ ယီယွင်၏တဒင်္ဂလှုပ်ရှားမှုနည်းစနစ်ကို သူ အသိအမှတ်ပြုမိသည်။ ယီယွင်၏ တဒင်္ဂလှုပ်ရှားမှုက အစပျိုးအဆင့်နှင့် အဆင့်ငယ်အောင်မြင်မှုတို့အကြား အကူးအပြောင်းတွင် ရှိနေသည်။ အသက် ၁၂ နှစ်မျှဖြင့် ထိုအဆင့်သို့ ရောက်နိုင်နေသည်မှာ ရှားပါးလှလေ၏။
" ဒါက အစပျိုးအဆင့်လောက်ပါပဲ " ကျန်းတန် မေးစေ့အားပွတ်ကာ ယီယွင်ကို အထူးတဆန်းကြည့်လိုက်သည်။ သူက ယီယွင်နှင့် တောက်ယွင်ရှောင်းတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ တောင်ယွင်ရှောင်းက အမွေခံလက်နက်ကို အသုံးပြုခဲ့သည့်တိုင်အောင် ယီယွင်၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ပေ။ လက်ရှိတွင် ယီယွင်၏ တဒင်္ဂလှုပ်ရှားမှုက များစွာပို၍ အဆင့်မြင့်လာချေပြီ။ သို့သော် ယနေ့တွင် ယီယွင်က ပညာလျှိုထားဟန် ရှိနေလေ၏။
ဝီး...။
အအေးသတ္တုသွေးဘောလုံးများက မြန်ဆန်သည်ထက် မြန်ဆန်လာခဲ့ပြီး ကျိချန်းမှာ အဆက်မပြတ်ပင် ရှောင်တိမ်းနေရသည်။ ယီယွင်က လှုပ်ရှားမှုများစွာ မလုပ်ဘဲ ရှောင်တိမ်းနေသည်ကို သူ မြင်လိုက်ရသည်။
ကျိချန်း၏မျက်နှာ အရုပ်ဆိုးသွားရကာ အာရုံလွင့်သွားရခြင်းကြောင့် အအေးသတ္တုသွေးဘောလုံး တစ်လုံးက သူ့အား ထိလုနီးပါး ဖြစ်သွားရသည်။
သူသည် အရိုင်းနယ်မြေမှ စစ်သည်များက နည်းစနစ်များ ချိုတဲ့သည်ဟု အစောပိုင်းကပင် ပြောခဲ့သည်။ ယီယွင်၏ လုပ်ဆောင်မှုက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းသာပင်။
တဒင်္ဂလှုပ်ရှားမှုသည် လှုပ်ရှားမှုနည်းစနစ်များထဲတွင် အမြင့်ဆုံး အောင်မြင်မှု ဖြစ်လေ၏။ လူတစ်ဦး ထိုအဆင့်သို့ ရောက်ရှိရန်အတွက် သိမြင်နားလည်မှု ကောင်းမွန်နေရပေမည်။ ထိုအရာမျိုးကို လေ့ကျင့်၍မရပေ။
" ခက်ခဲမှုအဆင့် တစ်ခုထပ်တိုးလိုက် " ကျိချန်း အော်လိုက်သည်။ ကျင်းပြည်နယ် သခင်လေးများအဖွဲ့ဝင်တစ်ဦးက ဆယ့်သုံးမြောက် သလင်းကျောက်ကို ခံစားချက်များ ရောထွေးနေလျက်ဖြင့် နှိပ်လိုက်သည်။
အအေးသတ္တုသွေးဘောလုံးတစ်လုံး ထွက်ပေါ်လာကာ အစီအရင်ထဲသို့ ဝင်သွားခဲ့လေ၏။ အအေးသတ္တုသွေးဘောလုံး ၁၃ လုံး ဖြစ်လာခဲ့ကာ အမြန်နှုန်းမှာလည်း ပိုမိုမြန်ဆန်လာသည်။ အအေးသတ္တုသွေးဘောလုံးများ ပျံသန်းနေရင်း မရေမတွက်နိုင်လောက်သော မျဥ်းတန်းများ ဖြစ်ပေါ်လာကာ ယီယွင်နှင့် ကျိချန်းတို့ကို ပိတ်လှောင်သွားလေ၏။
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ ခက်ခဲမှုအဆင့် ၁၃ အောက်မှ ကြီးမားသောဖိအားကို သူ ခံစားမိနေသည်။ ပြဒါးစီးဝတ်စုံကလည်း သူ၏အမြန်နှုန်းကို ကြီးစွာထိခိုက်စေလေ၏။
သို့တိုင်အောင်ပင် ယီယွင်က ပြဒါးစီးဝတ်စုံနှင့် ပေါင်းစည်းထားသည်ကို လျော့ချခြင်းမပြုခဲ့ပေ။ ထိုဖိအားက သူ့အား မောင်းနှင်အားတစ်ခု ပေးနေလေသောကြောင့် သူ့ကိုယ်သူအား အကန့်အသတ်အထိ ဖိအားပေးလိုသည်။ သူ့အား လင်ရှင်းထုံက ပြဒါးစီးဝတ်စုံ ပေးခဲ့စဥ်က ပြောခဲ့သည့် စကားများကို သူ မှတ်မိနေသေးသည်။
ပြဒါးစီးဝတ်စုံကို ဝတ်ဆင်ထားချိန်လျက်ဖြင့်ပင် တဒင်္ဂလှုပ်ရှားမှုတွင် အဆင့်ငယ်အောင်မြင်ခြင်းအဆင့်သို့ ရောက်ရှိစေရန် တွန်းအားပေးနိုင်ခဲ့မည်ဆိုပါက ပြဒါးစီးဝတ်စုံအား ချွတ်လိုက်ချိန်တွင် သူ့အဖို့ တဒင်္ဂလှုပ်ရှားမှုတွင် အဆင့်ကြီးအောင်မြင်မှုအဆင့်၏ အနိမ့်ဆုံးအနေအထားသို့ ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် ယီယွင်က သူ့ကိုယ်သူအား အကန့်အသတ်အထိ တွန်းအားပေးလိုသည်။
အမြန်နှုန်းကို ထပ်တိုးနိုင်ခြင်း မရှိတော့လေသောကြောင့် ယီယွင်က အရှောင်အတိမ်းစွမ်းရည်ကိုသာ အားကိုးနေရသည်။
" ဒီကောင့်ရဲ့အမြန်နှုန်းက မမြင့်ဘူးလား " ယီယွင်၏ အမြန်နှုန်းက မမြန်ကြောင်းကို ကျိချန်း သိရှိသွားလေ၏။ ယီယွင်၏ အမြန်နှုန်းအကန့်အသတ်ကြောင့် ခက်ခဲမှုအဆင့် ၁၃ အောက်တွင် လှုပ်ရှားရခက်ခဲပေလိမ့်မည်။
ယီယွင်တွင် မဟာနည်းစနစ်တစ်ခု ရှိနေလျှင်ပင် အမြန်နှုန်းအထောက်အပံ့သာ ရှိမနေပါက မဟာနည်းစနစ်ကို အပြည့်အဝအသုံးချနိုင်မည် မဟုတ်ပေ။
" ငါ နားလည်ပြီ။ ဒီကလေးက ပြိုင်ဘက်ကင်း မဟုတ်ဘူး။ ဒီကောင့်ရဲ့ နည်းစနစ်က ကောင်းပေမဲ့ အမြန်နှုန်းကတော့ နှေးတယ်။ အရိုင်းနယ်မြေက ပမွှားလေးဆီမှာ အဲ့ဒါမျိုးတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ မင်းက နှေးတယ်ဆိုမှတော့ ငါ့ရဲ့အကန့်အသတ်က မင်းထက် ဆိုးမှာမဟုတ်တော့ဘူး "
ကျိချန်း၏ တိုက်ခိုက်လိုများ အသစ်ပြန်နိုးကြားလာ၏။ ခက်ခဲမှုအဆင့် ၁၃ က ကျိချန်း၏အကန့်အသတ် ဖြစ်လေသည်။ သူသာ ထပ်တိုးမည်ဆိုပါက အန္တရာယ်များလေ၏။ ခက်ခဲမှုအဆင့် ၁၄ က ပြက်လုံးတစ်ခု မဟုတ်ပေ။
ငါ့ခန္ဓာကိုယ်ရဲ့ အမြန်နှုန်းက မြန်တယ်။ ခက်ခဲမှုအဆင့် ၁၄ မှာ ငါက တစ်ခဏတော့ တောင့်ခံနိုင်တယ်။ ငါ ဒီကောင့်ကို ရှုံးမှာမဟုတ်ဘူး "
ကျိချန်း လက်သီးဆုပ်လိုက်၏။ သူက အပြောကြီးထားလေသောကြောင့် ရှုံးနိမ့်၍မရပေ။ ကျင်းပြည်နယ်၏ သခင်လေးများတွင် ဂုဏ်သိက္ခာရှိလေ၏။ ထို့အပြင် ဗိုလ်ချုပ်ယန်က ဆုလာဘ်ပေးမယ်ဟု ပြောထားသေးချေသည်။
" တစ်ဆင့်ထပ်တိုးလိုက် " ကျိချန်းက ဆက်တိုက်ရှောင်တိမ်းနေရင်း ဆိုလိုက်သည်။
အစီအရင်ကို တာဝန်ယူထားရသည့် လူငယ်မှာ ရင်ထိတ်သွားရသည်။ သူ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ဆယ့်လေးခုမြောက် သလင်းကျောက်ကို နှိပ်လိုက်သည်။
ဝှစ်...။
သွေးပုလဲတစ်လုံး ထပ်မံပျံတက်လာသည်။ ကြီးမားသော အမြန်နှုန်းကြောင့် ကွင်းပြင်ထဲတွင် လေပွေတစ်ခု ဖြစ်ပေါ်ရလေ၏။
လေအားလွှမ်းခြုံမှုအောက်တွင် ယီယွင် လက်ဖဝါးများ ချွေးပျံလာကာ မျက်မှောင်ကုတ်လိုက်၏။ သူ ဖိအားကို ထပ်မံခံစားလိုက်ရသည်။ သူ၏အကန့်အသတ်သို့ ရောက်လုနီးပါးရှိနေပြီး အအေးသတ္တုသွေးဘောလုံးများက သူ့အား အချိန်မရွေး ထိမှန်သွားနိုင်သည်ဟု ခံစားနေရသည်။
အလင်းတန်းများအလယ်တွင် ယီယွင် မျက်လုံးမှိတ်လိုက်၏။ ယီယွင်က ခန္ဓာကိုယ်အား အသုံးပြုကာ အအေးသတ္တုသွေးဘောလုံများ၏ လမ်းကြောင်းများကို ခံစားသက်ဝင်ပြီး ခန္ဓာကိုယ်အား ဗီဇအလျောက် တုန့်ပြန်စေသည်။
" ရှောင်တိမ်းဖို့အတွက် အအေးသတ္တုသွေးဘောလုံးတွေကို မျက်လုံးမှိတ်ပြီး ခံစားကြည့်နေတာပါ့လား။ ဒီကလေးက တကယ်ပဲ ဒီလိုလုပ်ခဲ့တာလား။ ဒါက တဒင်္ဂလှုပ်ရှားမှုမှာ အဆင့်ငယ်အောင်မြင်မှုကို ရောက်နေပြီလေ "
ယန်မန်လုံက ပိုမိုစိတ်ဝင်စားလာရသည်။ သူက ယီယွင်၏အကြောင်းကို အနည်းငယ်သိသည်။
" ဒီကလေးက အရှေ့အရပ်က ခရမ်းရောင်တိမ်တိုက်ကို ဆွဲခေါ်နိုင်ခဲ့တယ်လို့ ကျန်းတန် ပြောခဲ့ချိန်တုန်းက ဒီကလေး အခွင့်ကြုံသွားခဲ့တယ်လို့ပဲ ငါ ထင်နေမိခဲ့တာကွ။ ဒါပေမဲ့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုကလည်း အခြားသူတွေထက် အများကြီးပိုမြင့်ပုံပဲ။ ပြည်ထောင်မြင်းစစ်သည်ဘွဲ့ကို ကောင်းကောင်းခန့်အပ်ပေးနိုင်ခဲ့တာပဲ "
ယန်မန်လုံက ချီးကျူးဖို့ရာ မတွန့်တိုတတ်ပေ။ ကျန်းတန် ပြုံးလိုက်လေပြီး ဖော်မစွမ်းနိုင်အောင် ပျော်ရွှင်သွားသည်။ သူ ရွေးချယ်ထားသည့် စစ်သည်တစ်ဦးကို ယန်မန်လုံက ချီးကျူးနေလေသောကြောင့် သူ ဂုဏ်ယူမိသည်။
ယန်မန်လုံက နံဘေးတွင်ရှိသည် ငါးပျံဝတ်စုံနှင့် လူငယ်ကိုကြည့်ကာ ဆိုလိုက်သည်..." ကျစ်ကျွင်း... ယီယွင်ကို ဘယ်လိုထင်လဲ "
ထိုလူငယ်၏အမည်က ကျစ်ကျွင်း ဖြစ်လေ၏။ သူက ဆိုလေသည်..." အရိုင်းနယ်မြေက သူ့လိုလူအတွက်တော့ ဒီလိုအဆင့်မျိုး ရောက်နိုင်နေတာက တကယ်ကို မဆိုးလှဘူး။ တဒင်္ဂလှုပ်ရှားမှုကိုတော့ ကျုပ်လည်း သိတာပဲလေ။ ပြီးတော့ ကျုပ်ရဲ့အမြန်နှုန်းက သူ့ထက် အများကြီးပိုတယ် "
ပြည်ထောင်မြင်းစစ်သည်ဖြစ်သည့် သူက ငယ်ရွယ်ကာ အမြင့်ကိုမှန်းတတ်သူဖြစ်၍ ကျစ်ကျွင်းက မည်သူကိုမျှ အလွယ်တကူ လက်မခံတတ်ပေ။
ယန်မန်လုံ အားပါးတရ ရယ်မောလိုက်သည်။ သူက ကျစ်ကျွင်း၏စရိုက်ကို သဘောကျလေသည်။
လူငယ်များက အထိန်းအကွပ်မဲ့ရချေမည်။ လူငယ်များက မည်သူကိုမျှ လက်မခံတတ်ကြပေ။
လက်ရှိတွင် ကျိချန်းက အစီအရင်ထဲတွင် သူ၏အကန့်အသတ်သို့ ရောက်နေချေပြီ။ သူက အမှန်တကယ်ပင် အရှုံးပေးချင်နေ၏။ အစောပိုင်းက သူ၏လက်အား အအေးသတ္တုသွေးဘောလုံးတစ်လုံး ပွတ်ထိမိသွားခဲ့သည်။
ယီယွင်၏နဖူးမှ ချွေးများကို ကြည့်သရွေ့အရ နောက်တစ်စက္ကန့်တွင် အအေးသတ္တုသွေးဘောလုံးများ ထိတော့မည်ဟု ထင်ရလေ၏။ သူသည် အောင်မြင်မှုကို နောက်ဆုံးအချိန်တွင် လက်မလွှတ်လိုလေသောကြောင့် အံကျိတ်ကာ တောင့်ခံထားလေ၏။
" နည်းနည်းလောက်ဆိုရင် ငါ နိုင်ပြီ။ ငါက ဘုရင်တစ်ပါး ဖြစ်ချင်တယ်။ ငါက လမ်းတစ်ဝက်မှာ ဘယ်လိုလုပ်ပြီး အရှုံးပေးရမှာလဲ "
" ငါက ခက်ခဲမှုအဆင့် ၁၄ ကို ပြီးအောင်လုပ်ဖို့ မလိုဘူး။ ငါ လုပ်ဖို့လိုတာက ဒီကောင့်ထက် ပိုကြာအောင်ပဲ။ ဒီကောင့်ရဲ့အမြန်နှုန်းက နှေးကွေးပြီးတော့ ရှောင်တိမ်းဖို့အတွက် နည်းစနစ်တစ်ခု အသုံးပြုနေရတယ်။ ဒီကောင်က အချိန်တိုင်း ပြီးပြည့်စုံအောင် ရှောင်နိုင်မှာမဟုတ်ဘူး။ နောက်ဆုံးမှာ ဒီကောင် အမှားလုပ်မိမှာပဲ " ကျိချန်းက သူ့ကိုယ်သူ အားပေးကာ ယုံကြည်ချက်တည်ဆောက်နေခဲ့သည်။
သို့သော် ယီယွင်က မရှောင်နိုင်တော့သော ဖြစ်ရပ်မျိုးနှင့် ကြုံလာရပြီဟု ထင်မိလိုက်ချိန်တိုင်းတွင် အထိအခိုက်မရှိဘဲ ထွက်လာနိုင်သည်ချည်းသာ ဖြစ်နေလေ၏။
ကျိချန်း ရူးခါလာရသည်။
ဝှစ်...။
ကျိချန်း ပိုမိုစိတ်ပျက်နေရပြီး အကန့်အသတ်နှင့် နီးနေချိန်တွင် အအေးသတ္တုသွေးဘောလုံးတစ်လုံးက သူ၏ပေါင်အား ထိမှန်သွားလေ၏။
ကျိချန်း၏ပေါင်အသား စုတ်ပြဲသွားကာ သွေးများဖြာဆင်းသွားလေ၏။ ကျိချန်း အော်လိုက်ရပြီး ခန္ဓာကိုယ် ဟန်ချက်ပျက်နေချိန်တွင် အခြားသော အအေးသတ္တုသွေးဘောလုံးတစ်ခုက သူ၏ရင်ညွန့်ရိုးဆီသို့ ပြေးဝင်လာသည်။
ထိုတိုက်ခိုက်မှုကို ကျိချန်း မရှောင်နိုင်တော့ပေ။ သူ လက်နှစ်ဖက်ပူးကာ အအေးသတ္တုသွေးဘောလုံးကို ခုခံလိုက်သည်။
ဖောင်း...။
ကျိချန်း၏ခန္ဓာကိုယ် လွင့်စဥ်သွားလေ၏။ အအေးသတ္တုသွေးဘောလုံးကို ခုခံခဲ့သည့် သူ၏ညာလက် ကျိုးသွားရသည်။
ထိုစဥ်တွင် အခြားအအေးသတ္တုသွေးဘောလုံးတစ်လုံးက ကျိချန်း၏ ဝမ်းဗိုက်ဆီသို့ ပြေးဝင်သွားလေသည်။ ကျိချန်းက ဗိုက်သားကို တင်းလိုက်သည့်တိုင်အောင် အအေးသတ္တုသွေးဘောလုံးက အရေပြားကို ထိုးဖောက်ကာ အူများအထိပင် ရောက်သွားခဲ့သည်။
ဆက်တိုက်ထိမှန်မှုကြောင့် ကျိချန်း သွေးအန်လိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။