အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အခန်း(၅၀၈) သဘာဝရန်သူ တိုက်ခိုက်မှုများ
အိုး
လူတိုင်းက ရှောင်ရှဆီသို့ လှည့်ကြည့်လိုက်ကြကာ ရွှယ်အန်းပင် မထိန်းနိုင်ဘဲ မျက်ခုံးပင့်ကာ ဤမြင်ကွင်းကို အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်။
“မိုက်လိုက်တာ…” ရှောင်းယွီက မျက်လုံးပြူးကျယ်ကျယ်ဖြင့် အံ့သြစွာ ရေရွတ်လိုက်သည်။
“ နင့်ခေါင်းကြီးကို မိုက်" ရှောင်ရှက ဒေါသထွက်ကာ ရှက်ရွံ့စွာဖြင့် ရှောင်းယွီကို မြေပြင်ပေါ်သို့ လက်သီးဖြင့်ထိုးလိုက်သည်။ "မိန်းမတွေရဲ့ ကိစ္စတွေကို ငါစိတ်မ၀င်စားဘူး"
“မမက အားလုံးက မမထက်ချစ်ဖို့ကောင်းနေတယ်လို့တွေးပြီး ဒါကို လက်မခံနိုင်တာထင်တယ်” ရှောင်းယွီက မြေပြင်ပေါ်မှ ရေရွတ်လိုက်သည်။
ရှောင်ရှသည် ရှေ့သို့ လှမ်းကာ ရှောင်းယွီ၏ ပခုံးပေါ် သို့ ညာဖက်ခြေထောက်ကိုတင်လိုက်သည်။
"အဓိပ္ပါယ်မရှိတဲ့ စကားတွေ ဆက်ပြောနေရင် မင်းရဲ့ လက်တံတစ်ချောင်းဖြုတ်ပြီး ခါးပတ်လုပ်ဝတ်လိုက်မယ်။ နားလည်လား”
ရှောင်းယွီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။
"ကောင်းပြီ နဂါးမမ ကိစ္စမရှိပါဘူး နဂါးမမ"
"ကျေးဇူးရှင် မင်း ငါ့ကို ဒီပုံစံနဲ့မကြိုက်ရင် ငါပြောင်းလဲနိုင်တယ်၊ တကယ်တော့ ငါက ယောကျာ်းဆန်ပါတယ် ငါ့ကိုမယုံဘူးလား စောင့်ကြည့်"
အဖြူရောင်မီးခိုးငွေ့များ လွင့်ပျံလာသည်။
တတိယမင်းသားသည် မတူညီသောအသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် အနက်ရောင် အကျီကို ဝတ်ထား၍ ဆံပင်ကို ချည်နှောင်ထားကာ မျက်လုံးထောင့်များတွင် အနက်ရောင် မျဉ်းကြောင်းအချို့ကိုပင် ဆွဲထားသည်။
"ကျေးဇူးရှင်၊ ငါက ဒီလိုမျိုး ကောင်ပါကွာ”
လူအုပ်ကြီး တိတ်သွားသည်။ ဤတတိယမင်းသား၏
အသွင်အပြင်က ပိုချစ်စဖွယ်ကောင်းနေသောကြောင့်ပင်ဖြစ်၏။
ရှောင်ရှ၏မျက်နှာက အေးစက်နေရာမှ အရည်ပျော်ကျခါနီးဖြစ်နေကြောင်း ထင်ရှားသည်။
"အရူး ယုန်၊ မင်းငါ့ကို နောက်နေတာလား"
တတိယမင်းသားက အေးခဲသွားကာ မျက်လုံးကြီးများက ဝမ်းနည်းပူဆွေးသော အလင်းရောင်များဖြင့် တဖြည်းဖြည်း ပြည့်လျှံလာသည်။
"ကျေးဇူးရှင်၊ ကျွန်တော်တို့ သဲယုန်မျိုးနွယ်ကို ခွဲခြားဆက်ဆံနေတာလား။"
သူပြောနေစဉ် အိမ်တော်စောင့်ယုန်ဝိညာဉ်များသည် တိတ်တဆိတ် ရှေ့သို့ တိုးလာကာ အားလုံးက ရှောင်ရှကို ကြည့်နေကြသည်။
ရှောင်ရှက မကြောက်မရွံ့ အေးစက်စွာ ဟစ်အော်လိုက်သည်။
"မင်း ဘာလဲ တိုက်ချင်လို့လား။ လာ လက်သီးနဲ့ထိုးချင်လို့ ငါယားနေပြီ"
သူမ၏ စကားအပြောအဆိုက လူဆိုးဂိုဏ်းနှင့် ထူးမခြားနားပေ။
"ကောင်းပြီ အခု ရပ်တော့" ရွှယ်အန်းက သူ၏ ဝိုင်ခွက်ကို ချ၍ ဘာသိဘာသာ ပြောလိုက်သည်။
စိတ်အားထက်သန်သော ရှောင်ရှက ချက်ချင်းပင် ခေါင်းငုံ့ကာ သူ့စကားကြားပြီးနောက် ဘေးဖယ်လိုက်သည်။
ထို့နောက် ရွှယ်အန်းက မြို့သခင်ယုန်ကြီးကို အနည်းငယ်ပြုံးပြလိုက်သည်။
"မင်းရဲ့ ရက်ရောတဲ့ ဧည့်ဝတ်ပြုမှု အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့က အန္တရာယ် မရှိပါဘူး၊ နတ်ဆိုးမျိူးနွယ်စုရဲ့ ကမ်းရိုးတန်း နယ်မြေနဲ့ ဘယ်လောက်ဝေးလဲ ဆိုတာကို ရှာဖွေဖို့ ကြိုးစားနေကြတာပါ"
"နတ်ဆိုးမျိုးနွယ်ရဲ့ ကမ်းရိုးတန်းနယ်မြေဟုတ်လား"
ထိုအမည်ကိုကြားသောအခါ၊ မြို့သခင်ယုန်ကြီး ၏ ယခင်က ပြေပြစ်သော အမူအရာက ပျောက်ကွယ်သွားသည်။
“မင်း အဲ့မှာ ဘာလုပ်မလို့လဲ”
"လူတစ်ယောက်ကိုကယ်ဖို့"
"လူတစ်ယောက်ကိုကယ်ဖို့လား" ယုန်ကြီးက ပလုတ်တုတ်ဗုံကဲ့သို့ ခေါင်းယမ်းလိုက်သည်။
"သေမင်းကို လိုက်မရှာဖို့ မင်းကို ငါအကြံပေးတယ်။ အကြင်နာကင်းတဲ့ နတ်ဆိုးအုပ်စုတစ်စုက အဲဒီကမ်းရိုးတန်းနယ်မြေနဲ့ အနီးနားက စီရင်စုတော်တော်များများကို သိမ်းပိုက်လိုက်တယ်လို့ ပြောလို့ရတယ်။ အဲ့နေရာမှာ အလောင်းတွေ အမှိုက်လိုပုံနေပြီ မင်းဘယ်သူကို ကယ်တင်မှာလဲ"
မြို့သခင်၏စကားများက ရှောင်းယွီ ယခင်ကပြောခဲ့သည့် အရာများမှာ လိမ်ညာမှုမဟုတ်ကြောင်း အတည်ပြုခဲ့သည်။
ထို့အပြင် ဤယုန်သည် ရှောင်းယွီထက် ပိုကျယ်ပြန့်သည့် အသိပညာရှိကာ ဒီလျှို့ဝှက်နယ်ပယ်အတွင်းက ယေဘုယျအခြေအနေများကို မိတ်ဆက်ပြောပြခဲ့သည်။
ဤလျှို့ဝှက်နယ်မြေ၏ မူလဇစ်မြစ်ကို မသိရသေးသကဲ့သို့ ၎င်းကို မည်သူဖန်တီးခဲ့သည်ကိုလည်း မသိရပေ။
ကြီးမား၍ အကန့်အသတ်မဲ့ ကြွယ်ဝသော ဝိညာဉ်ရေးစွမ်းအားများဖြင့် နတ်ဆိုးမျိုးနွယ်စု၏အဖွဲ့ဝင်အများအပြားသည် ထိုနေရာတွင်နေထိုင်ကြကာ လူသားမျိုးနွယ်စုနှင့် အခြားသူများနှင့်အတူ ငြိမ်းချမ်းစွာအတူတကွနေထိုင်ကြသည်။
နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဤလျှို့ဝှက်နယ်မြေအတွင်း စီရင်စုများစွာကို တည်ထောင်ခဲ့သည်။
ဥပမာအားဖြင့်၊ နတ်ဆိုးမျိူးနွယ်စု၏ ကမ်းရိုးတန်းနယ်မြေသည် နယ်ပယ်တစ်ခုလုံးတွင် အချမ်းသာဆုံးနှင့် သြဇာအရှိဆုံးစီရင်စုဖြစ်သည့် သုန့်ပင်စီရင်စုတွင်ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် သဲဝါရောင်စီရင်စုရှိ အဆုံးအဖြတ်နှာခေါင်းမြို့တော်သည် သနားစဖွယ်ကောင်းလောက်အောင် အင်အားနည်းပါးသည်။
သို့သော် ထိုသို့ အားကောင်းလှသည့် သုန့်ပင်စီရင်စုပင်လျှင် ဤနတ်ဆိုးများ၏ ကျူးကျော်မှုအတွင်း ကျသွားခဲ့သည်။
ထိုမျှသာမက ဤလျှို့ဝှက်နယ်မြေရှိ စီရင်စု ခုနစ်ခုအနက် လေးခုကိုလည်း သိမ်းပိုက်ခဲ့သည်။
နတ်ဆိုးများ၏ စစ်ပွဲရှေ့မျက်နှာစာသည် နယ်ပယ်အတွင်း ငြိမ်သက်ခြင်းနှင့် ကျင့်သားရနေသည့် ဤသတ္တဝါများကို ကြောက်လန့်စေခဲ့သည်။
ယခုအချိန်တွင် နတ်ဆိုးမျိုးနွယ်၏ အကြွင်းအကျန်များသည် ကျန်ရှိသော ပြည်နယ်မြို့တော်သုံးခု၏ ရှေ့တွင် ခုခံရေးတပ်တစ်ခုကို ထူထောင်ထားကာ နတ်ဆိုးများကို ခုခံရန် ခက်ခက်ခဲခဲ ကြိုးစားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဤငြိမ်းချမ်းရေးကာလက မည်မျှကြာကြာ တည်တံ့နိုင်မည်နည်းဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ။
ဤသည်ကလည်း ရွှယ်အန်းနှင့် အပေါင်းအဖော်များက တစ်စုံတစ်ယောက်ကို ရှာရန် ပင်လယ်နတ်ဆိုးများ၏ နယ်မြေကို သွားခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းဟု မြို့တော်သခင်က ယုံကြည်နေရခြင်းပင်ဖြစ်သည်။
ရှောင်းယွီသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် တစ်ဖက်မှ နားထောင်နေသည်။ သူမထွက်သွားခဲ့စဉ်က သုန့်ပင် စီရင်စုသည် ထိုနေရာတွင် ရှိနေသေးသည်။ သူမ ပြန်ရောက်လာသောအခါ သုန့်ပင် စီရင်စုသာမက အခြားပြည်နယ်မြို့တော် သုံးခုလည်း ပြိုလဲသွားသည်ကို တွေ့ခဲ့ရသည်။
အခုအချိန်ထိ မင်းသမီး လုံခြုံနေပါ့မလား။
ထိုအတွေးကြောင့် ရှောင်းယွီက စိုးရိမ်စိတ်ဖြင့် ထိတ်လန့်လုနီးပါး ဖြစ်နေသည်။
"အင်မော်တယ်သခင် ကျွန်မတို့ နှောင့်နှေးလို့ မရတော့ဘူး၊ အရှင်မကို အမြန်ကယ်တင်ဖို့ နည်းလမ်းရှာရမယ်"
ရွှယ်အန်းက ခေါင်းညိတ်ပြကာ မြို့တော်သခင် ယုန်ကြီးကို ပြုံးပြလိုက်သည်။
"ဒါဆို သုန့်ပင် စီရင်စုကို ဘယ်လိုသွားရမလဲ မေးလို့ရမလား"
မြို့တော်သခင်က ခေါင်းကို တစ်ချက်ခါယမ်းလိုက်၏။
"ဆရာလေး မင်းဘာတွေတွေးနေလဲ ငါမသိဘူး၊ ဒါပေမယ့် အဲဒီကိုသွားချင်တာက သေခြင်းတရားသက်သက်ပဲ။ ဒီကနေ သုန့်ပင် စီရင်စုအထိ အကွာအဝေးကို မပြောနဲ့၊ ရှေ့တန်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကိုတောင် မင်း ဖြတ်လို့မရဘူး။"
"မင်းဘာလို့ဒီလောက်စကားတွေပြောနေတာလဲ။ ငါ့သခင်က ဘယ်လိုသွားရမလဲလို့မေးနေတာ ငါတို့ကိုတိုက်ရိုက်ပြော အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့ မင်းရဲ့ယုန်မွှေးအားလုံးကို ငါအရေခွံစုတ်ပစ်လိုက်မယ်" ရှောင်ရှက အေးစက်စွာပြောသည်။
သူမ၏ ဒေါသက ပို၍ပို၍ ပြင်းထန်လာသည်။
သူမက ဤသို့ပြောသည်ကိုကြားသောအခါ အစောင့်တပ်ဖွဲ့၏ ယုန်ဝိဉာဉ်များစွာက ရှေ့သို့ မကျေနပ်ဖြစ်စွာ တိုးလာကြသည်။
သို့သော် မြို့သခင် က ၎င်းတို့ကို ငြိမ်နေရန် လက်ဟန်ပြလိုက်သည်။ "ကျွန်မမမှားရင် အမျိူးသမီးက အသွင်ပြောင်းထားတဲ့ ကျောက်လုံ မဟုတ်လား”
ရှောင်ရှက ဂုဏ်ယူစွာဖြင့် မျက်နှာကို မော့လိုက်သည်။
"အဲ့တော့ဘာဖြစ်လဲ"
"ဒီနတ်ဆိုးနယ်ပယ်မှာတောင် ကျောက်လုံတွေဟာ အရမ်းရှားပါးတဲ့ သတ္တဝါတွေပါ။ ဒါပေမယ့် မင်းကိုပြောပြချင်တာက ဒီနတ်ဆိုးတွေ ကျူးကျော်ဝင်ရောက်ချိန်မှာ ကျောက်လုံနယ်မြေတော်တော်များများက လုံးဝပျက်စီးသွားခဲ့ပါပြီ။ နှစ်တွေအကြာကြီး နေခဲ့တဲ့ တန်ခိုးကြီးကျောက်လုံတွေကိုတောင်မှ ဖမ်းနိုင်ထဲ့ကြတာပါ..."
မြို့တော်သခင်၏ စကားမဆုံးသေးသော်လည်း ဆိုလိုရင်းက ရှင်းသည်။
ထိုအင်အားကြီး ကျောက်လုံများကိုပင် ဖမ်းမိခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အတွေ့အကြုံမရှိသော နဂါးလေးက အဘယ်ကြောင့် ဤမျှ ကြိုးစားနေသနည်း။
သို့သော် သူမ၏ မျက်နှာက တဖြည်းဖြည်း မှောင်လာကာ ရှောင်ရှ၏ အာရုံမှာ တခြားနေရာသို့ ရောက်သွားခဲ့သည်။
“ ကျွန်မမျိူးနွယ်စုဝင်တချို့လည်း… အဖမ်းခံလိုက်ရပြီလို့ ရှင်ပြောတာလား”
"တချို့တင်မဟုတ်ဘူး အားလုံးပဲ"
"ကောင်းတယ် ဒီနတ်ဆိုးအညစ်အကြေးတွေကို ငါ သေချာသတ်ပစ်မယ်" ရှောင်ရှက ဒေါသတကြီးပြောကာ ရွှယ်အန်းဘက်လှည့်လိုက်သည်။
ရွှယ်အန်းက စကားမပြောဘဲ ကောင်းကင်ကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။
"မြို့သခင် ကြည့်ရတာ နတ်ဆိုးတချို့ ပြဿနာလာရှာပြီထင်တယ်"
မြို့သခင်ယုန်က လန့်ဖျပ်သွားကာ အခြေအနေကို နားမလည်မီတွင် အမြင့်မှ လင်းယုန်ငှက် အနည်းငယ်၏ အော်သံကို ကြားလိုက်ရသည်။
လင်းယုန်များ၏ အော်ဟစ်သံက စူးစူးဝါးဝါးဖြစ်ကာ ပင်မခန်းမရှိ ယုန်ဝိဉာဉ်များအားလုံး ဖြူဖျော့သွားကြသည်။
မြို့သခင်ယုန်ကြီးက ရုတ်တရက် မတ်တပ်ထရပ်ကာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဘာဖြစ်နေတာလဲ၊ မြို့တော်အကာအကွယ်နဲ့ဆို ဒီလင်းယုန်တွေက ဒီနေရာကို ရှာမတွေ့သင့်ဘူး"
သဘာဝရန်သူ မြောက်မြားစွာရှိသော မျိုးစိတ်တစ်ခုအနေဖြင့် ယုန်များအတွက် ဝိညာဉ်ဖြစ်လာရန် မလွယ်ကူပေ။ ထို့ကြောင့် ၎င်းတို့က အလွန်သတိကြီးစွာနှင့် ၎င်းတို့၏ဘဝတွင် ရှင်သန်ကြသည်။
ဥပမာအားဖြင့် အဆုံးအဖြတ်နှာခေါင်းမြို့တော်ပင်ဖြစ်သည်။ ၎င်းသည် နှစ်ဒါဇင်တိုင်း သို့မဟုတ် ယင်းနှင့်အထက်တွင် နေရာရွှေ့ပြောင်းလေ့ရှိသည်။
ဤနေရာကို ယမန်နှစ်ကမှ ပြောင်းရွေ့ခဲ့သည်။
ထို့အပြင် မြို့သခင်ယုန်ကြီးသည် သဘာဝသားရဲကောင်များကို ထိထိရောက်ရောက် ခုခံကာကွယ်နိုင်သည့် မြို့အကာအကွယ်ကို လုပ်ဆောင်ကာ ကံကောင်းလာခဲ့သည်။ တောင်ကာကွယ်ရေး အကာအကွယ်ဖြင့် ကာထားသော ဤလင်းယုန်များကဲ့သို့ သတ္တဝါများက ဤနေရာကို မမြင်နိုင်ကြပေ။
သို့သော် ယခု အလွန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ မြို့သခင်ယုန်က ယုန်ဝိဉာဉ် ပေါင်းများစွာကို ပင်မခန်းမမှထုတ်ကာ ကြည့်ရှုသည့်စင်မြင့်ဆီသို့ ပို့ဆောင်ခဲ့သည်။
အမှန်ပင် မိုးပြာရောင်ကောင်းကင်ထက်၌ အနက်ရောင်အစက်များက ဒါဇင်နဲ့ချီကာ လှည့်ပတ်နေသည်။
၎င်းတို့၏ ခြင်ဆီထဲတွင် အမြစ်တွယ်နေသော အကြောက်တရားကြောင့် ဤယုန်ဝိညာဉ်များ တုန်လှုပ်သွားကာ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသေးသည်။
အခန်း(၅၀၉) ပညာတတ်များ၏ ကြောက်ရွံ့မှု
ထိုအချိန်တွင် ကောင်းကင်မှ အမှုန်အမွှားများ လျင်မြန်စွာ ကျဆင်းလာသည်။ မကြာမီတွင် ဤလင်းယုန်ကြီးများ၏ ပုံသဏ္ဍာန်များကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။
ထိုလင်းယုန်များ၏ တောင်ပံသည် မီတာသုံးဆယ်ကျော် ရှည်လျားကာ ၎င်းတို့၏ လက်တံများက ကားငယ်တစ်စီးကဲ့သို့ ကြီးမားသည်။
ဤမြင်ကွင်းက အဆုံးအဖြတ်နှာခေါင်းမြို့တော်တစ်ခုလုံး၏ အာရုံကိုဆွဲဆောင်လိုက်သည်။ လူသားမျိုးနွယ်နှင့်
နတ်ဆိုးမျိုးနွယ်စုနှစ်ခုစလုံးသည် အံ့အားသင့်နေသော တိတ်ဆိတ်မှုဖြင့် လမ်းမများပေါ်တွင် စည်ကားလျက်ရှိနေသည်။
လင်းယုန်ကြီးများက ကောင်းကင်၌ လှည့်ပတ်နေခြင်းကို မြင်လိုက်ရပြီးနောက် ထိပ်တန်းလင်းယုန်ကြီးတစ်ကောင်က ကျယ်လောင်စွာ ထူးဆန်းစွာ ရယ်မောလိုက်သည်။
"အဆုံးအဖြတ်နှာခေါင်းမြို့တော်သခင်၊ မတွေ့တာကြာပြီ"
မြို့တော်သခင်က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ၎င်း၏ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးမားလာကာ ရောင်ဝါသည်လည်း ပို၍ပို၍ စွမ်းအားကြီးလာသည်။
“လင်းယုန်(၇) ရှင်အသက်ရှင်နေသေးတယ်ဆိုတာ ကျွန်မမယုံနိုင်ဘူး"
“ဟေးဟေး မင်းသေသွားရင်တောင် ငါမသေဘူးကွ။ ကျွတ် ကျွတ် ကြီးကြီးကျယ်ကျယ်နဲ့ ဒီလို အားကောင်းတဲ့ မြို့ကာကွယ်ရေးပုံစံကို လုပ်ထားတာ နှမျောစရာပဲ မင်း ငါတို့ရဲ့ လင်းယုန်မျက်လုံးတွေကို မလှည့်စားနိုင်သေးဘူး"
မြို့သခင်၏မျက်နှာက အလင်းနှင့်အမှောင်ကြားတွင် ပြောင်းလဲလျက်ရှိသည်။ ဤလင်းယုန်(၇)၏ စွမ်းပကားကို ကောင်းစွာသဘောပေါက်သောကြောင့်ဖြစ်သည်။
အမှန်တကယ်ပင် သဲဝါရောင်စီရင်စုတစ်ခုလုံးတွင် ယုန်နတ်ဆိုးမျိုးနွယ်စု၏ ရှင်သန်မှုကို အမှန်တကယ် ခြိမ်းခြောက်နေသည့် တစ်ခုတည်းသော ပျံသန်းနိုင်သည့် သတ္တဝါများပင် ဖြစ်သည်။
မြွေနတ်ဆိုးများက ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့က ကျုံးရှန်စီရင်စုတွင် အဓိကနေထိုင်ကြရာ သဲဝါရောင် စီရင်စုတွင် မရှိသလောက်ဖြစ်သည်။
"အိုး… ဒါတတိယမင်းသမီးလား ကျွတ် ကျွတ် မင်းတို့ ယုန်တွေရဲ့ မျိုးပွားနိုင်စွမ်းကို ငါလေးစားရမယ်။ မင်းရဲ့သားနှစ်ယောက်ကို စားပြီးတော့ အခု နောက်ထပ် အမွေဆက်ခံသူရှိသေးတယ်ပေါ့။ ဒီ မိန်းကလေးက ဘယ်လိုအရသာရှိလဲ သိချင်လိုက်တာ။" လင်းယုန်(၇)က မောက်မာစွာ ရယ်မောလိုက်သည်။
မြို့သခင်ယုန်၏ မျက်နှာတစ်ခုလုံး တုန်လှုပ်သွား၏။
သူမ၏သားနှစ်ယောက်သည် လင်းယုန်ငှက်၏ လက်တွင် အမှန်တကယ် ကျဆုံးသွားခဲ့သည်။
သို့သော် တတိယမင်းသားက ရုတ်တရက် ဒေါသအမျက်ထွက်လာသည်။
"အမွှေးတိုနဲ့သားရဲကောင်တွေ ငါအစ်ကိုနှစ်ယောက်ကို မင်းစားသွားတာလား ငါ့အစ်ကိုတွေရဲ့ အသက်ကို ပြန်ပေး"
ထိုသို့ဖြင်ြ တတိယမင်းသား၏လက်တွင် အလင်းတန်းတစ်ခုပေါ်လာကာ လင်းယုန်(၇)ဆီသို့ တည့်တည့် ချီတက်သွားသည်။
လင်းယုန်(၇)က ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
"ဒီအစွမ်းအစလေးနဲ့ မင်းရဲ့ လင်းယုန်(၇) ဦးလေးရှေ့မှာ ပြရဲတယ်ပေါ့"
အလင်းတန်းကနီးလာသည်နှင့်အမျှ လင်းယုန်(၇)သည် ၎င်း၏အတောင်ပံများကို လှန်ပစ်ကာ စတင်လှုပ်ရှားတော့သည်။
အရှိန်ပြင်းပြင်းဖြင့် ယင်းက တတိယမင်းသားကို ဖမ်းတော့မည့်အခိုက်တွင်
လင်းယုန်ကြီး၏ နောက်ကျောတွင် အနည်းငယ်သေးငယ်သောလူတစ်ဦးက ပြောလိုက်၏။
"ကျေးဇူးပြုပြီး လင်းယုန်(၇) ဒီယုန်နတ်ဆိုးကို ကျုပ်ကို ပိုင်ဆိုင်ခွင့်ပေးမယ်လို့ ကတိပေးထားတယ်နော်”
လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ပြောလာသူမှာ ချောမောသော လူသားတစ်ဦးဖြစ်သည်။
"ဝူကျန်းယန် လူယုတ်မာ၊ မင်း ဒီလင်းယုန်နတ်ဆိုးတွေကို ဒီကို ခေါ်လာခဲ့တာ မဟုတ်လား။ မြို့အကာအကွယ်ကိုကျော်ပြီး သူတို့မြင်နိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး"
ဝူကျန်းယန်၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
"ငါလုပ်တော့ ဘာဖြစ်လဲ အချိန်အခါကိုသိတဲ့သူက ပညာရှိပဲကွ။ ဒီ မြင့်မြတ်တဲ့ လင်းယုန်နတ်ဆိုးတွေက မင်းတို့ ယုန်နတ်ဆိုးတွေထက် အများကြီး သန်မာတယ်။ သူတို့နဲ့ ယှဉ်နိုင်ဖို့က လက်တွေ့မကျဘူး။ တတိယ မင်းသမီး… မင်းခုခံတာရပ်လိုင်ပြီး အရှုံးပေးရင် မင်းလိုနတ်ဆိုးကို တစ်သက်လုံး ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်…”
"ဖွီးးး ငါ ယုန်ရှောင်ပိုင်သေရင်တောင် မင်းလိုလူနဲ့ ဘယ်တော့မှ မနေဘူး" တတိယမင်းသားက ဒေါသတကြီးအော်လိုက်သည်။
ယုန်ရှောင်ပိုင်...
သို့သော် ဤအမည်သည် ရွှယ်အန်းကို ဝေဖန်ရန် ခွန်အားမရှိဟု ခံစားလာရစေသည်။
ရှောင်ယွီတစ်ကောင်၊ ယုန်ရှောင်ပိုင် တစ်ကောင်
‘ဒီလူတွေက နည်းနည်းပိုပြီး စိတ်ကူးယဉ်ဆန်တဲ့ နာမည်တွေ မစဉ်းစားနိုင်ကြဘူးလား’
လင်းယုန်(၇) က ထပ်မံရယ်မောလိုက်သည်။
"လူကြီးမင်းဝူ မင်းရဲ့ကြိုးစားအားထုတ်မှုဟာ အချည်းနှီးဖြစ်ပုံပဲ မင်း ဒီယုန်လေးကို ငါ့နဲ့အပ်လိုက် ဒီယုန်လေးတွေရဲ့ အရသာက ဘယ်လောက်အရသာရှိလဲဆိုတာ မင်းမသိဘူးကွ။ အဲဒါက တကယ်ကို မယှဉ်နိုင်တဲ့ ကြည်နူးစရာတစ်ခုပဲ..."
သူ့စကားမဆုံးခင်၌ မီးမြှားတစ်စင်းက ကောင်းကင်ကို ဖြတ်ကာ လင်းယုန်(၇)၏ ဝမ်းဗိုက်ကို ထိမှန်သွားသည်။ စူးရှသော သတ္တုသံများ ထွက်ပေါ်လာပြီးနောက် မြှားက မြေပြင်ပေါ်သို့ ကျသွားသော်လည်း မီးတောက်များက လင်းယုန်(၇) ၏ အမွေးများကို စွဲသွားသည်။
"အား…. ငါ့အမွေးတွေကို ဘယ်သူ ဖျက်ဆီးရဲတာလဲ" လင်းယုန်(၇)က အတောင်ပံများကို ကြိမ်ဖန်များစွာခတ်လိုက်ရာ မီးတောက်များက အခိုးအငွေ့များနှင့်အတူ ဖြာထွက်လာသည်။
ထိုအချိန်တွင် ရှန်လန်ကျွင်းက မြေပြင်ပေါ်၌ လေးကို ချလိုက်ကာ နောင်တရစွာဖြင့် ခေါင်းယမ်းလိုက်သည်။
"သူ့ကို မပစ်သတ်နိုင်တာ မယုံနိုင်ဘူး"
ထို့နောက် ရှန်လန်ကျွင်းသည် လေးနှင့်မြှားကို ပစ်ချလိုက်ကာ အသက်ပြင်းပြင်းရှူ၍ ဝူကျန်းယန်နှင့် လင်းယုန်(၇) တို့ကို ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
ကျိန်ဆဲခြင်းနှင့် ပတ်သက်လာလျှင် အထူးသဖြင့် ဤရှန်လန်ကျွင်းသည် ပညာတတ်ဖြစ်သောကြောင့် နတ်ဆိုးမျိုးနွယ်စုဝင် ဆယ်ယောက်မျှပေါင်းစည်းလျှင်ပင် လူသားမျိုးနွယ်စုဝင်တစ်ယောက်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ရိုင်းစိုင်းသူများကို မကြောက်ရ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသောသူများမှာ ယဉ်ကျေးသော သူများသာဖြစ်သည်ဟူသော ဆိုရိုးအတိုင်းပင်ဖြစ်၏။
ယဉ်ကျေးမှု ဗဟုသုတရှိသူများသည် သာမန်လူများထက် ပိုမို ရက်စက်စွာ ကျိန်ဆဲကြသည်။
ဤရှန်လန်ကျွင်းသည် လင်းယုန်(၇)နှင့် ဝူကျန်းယန်နှင့် တိုက်ရိုက် ဆွေမျိုးတော်ဆက်သော အမျိုးသမီး ဆွေမျိုးများအားလုံးကို အလွန်ထက်မြက်သော ဘာသာစကားနှင့် ရိုးရိုးရှင်းရှင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ သူ၏ စကားလုံးများ၏ ထက်မြက်မှု၊ စကားအသုံးအနှုန်း တိကျမှုနှင့် လက်တွေ့ဆန်မှုတို့က ၎င်းတို့ပင်လျှင် အခင်းဖြစ်ပွားရာ နေရာ၌ ရှိနေသကဲ့သို့ ခံစားရသည်။
အစတွင် ဝူကျန်းယန်က စကားအနည်းငယ် ခွန်းတုံ့ပြန်လိုခဲ့သည်။
သို့သော် မကြာခင်၌ ရှန်လန်ကျွင်း၏ နှုတ်ဖြင့် ထိုးစစ်အောက်တွင် သူရှုံးနိမ့်ခဲ့သည်။
လင်းယုန်(၇)က စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ ကျိန်ဆဲခြင်းခံခဲ့ရသည်။
တစ်နာရီမျှ ကြာသွားသည်။
ရှန်လန်ကျွင်းက ဝူကျန်းယန်ကို ဆက်လက်ဆဲဆိုနေသည်။
"မင်းက ယုန်မျိုးနွယ်ရဲ့ သစ္စာမဲ့သူလျှိုပဲ လူသားမျိုးနွယ်ရဲ့ အရှက်တရား မင်းကို လူသားလို့တောင် မခေါ်ထိုက်ဘူး။ မင်းလိုလူနဲ့ ပေါင်းသင်းရမှာ ရှက်လိုက်တာ။ မင်းက ဒီအမွှေးတို တိရစ္ဆာန်တွေနဲ့ပဲ လိုက်တယ်။ ပြောစမ်းပါ ငါပြောတာ မှန်တယ် မဟုတ်ဘူးလား"
“မှန်တယ်”
လမ်းမပေါ်ရှိ လူအုပ်ကြီးက ကျယ်လောင်သော ပဲ့တင်သံများဖြင့် ပေါက်ကွဲခဲ့သည်။ ရှောင်ပိုင်နှင့် မိခင်ဖြစ်သူ မြို့သခင်က ဤမြင်ကွင်းကို ကြောင်အစွာ ကြည့်နေကြသည်။
ဘာတွေဖြစ်နေတာလဲ။
ဒါက ငါတို့ ယုန်နတ်ဆိုးမျိုးနွယ်စုနဲ့ လင်းယုန်နတ်ဆိုးတွေကြား
စစ်မြေပြင်ဖြစ်သင့်တယ်မဟုတ်ဘူးလား။
လူသားမျိုးနွယ်စုထဲက ဒီလူတွေအားလုံးက ဘာကြောင့် ဒီလောက် ဒေါသထွက်နေကြတာလဲ။
ထိုအချိန်တွင် လူသားမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက ယုန်နတ်ဆိုးမြို့တော်သခင်ကိုပြောလိုက်သည်။
"မြို့သခင်၊ သခင်က ကျုပ်တို့လူသားတွေအပေါ် နှစ်တွေအကြာကြီး ကူညီပေးခဲ့ပြီး အခု ကျုပ်တို့ကျေးဇူးဆပ်ရမယ့်အလှည့်ပါ"
“မှန်တယ်”
သံပြိုင်သဘောတူညီချက်များထွက်လာပြီးနောက် စိတ်တိုနေကြသော အမျိုးသားများက သစ်ပင်များနှင့် အိမ်ခေါင်မိုးများပေါ်တက်ကာ အချို့က လေးမြှားဆွဲ၍ အချို့က ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်။
ရိုးရှင်းစွာ ပြောရလျှင် ၎င်းတို့အားလုံးက လင်းယုန်နတ်ဆိုးများကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ လင်းယုန်ခုနစ်ကောင်က ဉာဏ်အလင်းရသွားလုသည်အထိ ကျိန်ဆဲခံကြရကာ ယခုအခိုက်၌ ဒေါသပေါက်ကွဲသွားကြသည်။
"ကောင်းပြီ၊ ဒီနေ့ ငါသခင် လင်းယုန်(၇)က မင်းတို့ကို ကောင်းကင်ဘုရင်ရဲ့ စွမ်းအားကို ပြဖို့ သတ်ဖြတ်ပွဲတစ်ခု စတင်မယ်"
လင်းယုန်(၇)က ကြုံးဝါးပြီးနောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပိုကြီးလာသည်။
မကြာမီတွင် သူသည် မီတာတစ်ရာခန့် အရွယ်အစားရှိသော ငှက်ကြီးအဖြစ် ကြီးမားလာကာ ရက်စက်စွာ ရယ်မောလျက် အောက်သို့ ငုံ့ကာ သူ့ကို စော်ကားခဲ့သည့် လူငယ်ကို ဥပမာအဖြစ် သတ်ပစ်ရန် လုပ်ဆောင်ခဲ့သည်။
တဖြည်းဖြည်းနီးကပ်လာပြီးနောက် သူ၏ ခြေထောက်များဖြင့် ဒီလူပျော့ညံ့လေးကို အင်အားစိုက်ထုတ်စရာပင်မလိုအပ်ဘဲ လေထဲသို့မြှောက်ကာ အပိုင်းပိုင်း ပိုင်းဖြတ်ရန်ပြင်လိုက်သည်။
လင်းယုန်(၇)၏ စိတ်က ထိုအခိုက်အတန့်အတွက် ရင်ခုန်နေသည်။
ရုတ်တရက် ရှန်လန်ကျွင်းရှေ့၌ အံ့မခန်း လှပသော မိန်းကလေးတစ်ယောက် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် လင်းယုန်(၇)က ကောင်မလေးအနားသို့ ပျံတက်သွားသည်။ ကောင်မလေးက သူ့ကို လှောင်ပြုံးပြုံးပြပြီးနောက် သူ့နှုတ်သီးကို ဆွဲကိုင်ကာ ကြုံးဝါးလိုက်သည်။
"ဒီကိုဆင်းခဲ့"
ဘမ်း
လင်းယုန်(၇)၏နှုတ်သီးကို အပြင်းအထန်ဆွဲခြင်းဖြင့် ကောင်မလေးက သူ့ကို အောက်သို့ဆွဲချလိုက်သည်။
လင်းယုန်(၇)သည် ထိတ်လန့်မှုနှင့် ဒေါသများ ရောနှောကာ လွတ်မြောက်ရန် သူ၏တောင်ပံများကို ရုန်းကန်၍ ခတ်ခဲ့သည်။
သို့သော် မိန်းကလေး၏ လက်များက နူးညံ့သောအသွင်အပြင်ရှိလင့်ကစား သူ၏ရုန်းကန်မှု မည်သို့ပင်ရှိစေကာမူ မတုန်မလှုပ် သံကဲ့သို့ ဖြစ်နေသည်။
လင်းယုန်(၇)က အလွန်ကြောက်လန့်သွားပြီးနောက် သူ၏ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်သွားသည်ကို ခံစားလိုက်ရသည်။
‘ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ’
‘ဒီကောင်မလေးက ဘယ်သူလဲ’
အခန်း(၅၁၀) ကြင်နာတတ်တဲ့ ဆရာ အရမ်းချောတာပဲ
ထိုအခိုက်အတန့်တွင် လူတိုင်းသည် ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ ရှောင်ရှ၏ပုံသဏ္ဍာန်သည် လင်းယုန်ကြီးနှင့်ယှဉ်ပါက အလွန်အရေးမပါသောကြောင့်ပင်ဖြစ်သည်။
သို့သော် ထိုမိန်းကလေးငယ်လေးက ဤလင်းယုန်ကြီးကို ဖမ်းနိုင်ခဲ့သည်။
တစ်ချိန်တည်း၌ပင် ရှောင်ရှက ကျယ်လောင်စွာအော်၍ ရုတ်တရက် အပေါ်ကို မော့ကြည့်လိုက်သည်။ လင်းယုန်(၇) က သူ့ဆီရောက်လာသည့် ဧရာမစွမ်းအားကို ခံစားလိုက်ရကာ တစ်ကိုယ်လုံးမြှောက်ခံရ၍ လေထဲ၌ ပြင်းပြင်းထန်ထန် ကိုင်ဆောင့်ခံလိုက်ရသည်။
မြင့်တက်လာသော ဖုန်မှုန့်များကြား လင်းယုန်(၇) က ရိုက်ခတ်မှုကြောင့် တကိုယ်လုံး ထုံကျင်သွားသော်လည်း အနည်းဆုံးအနေဖြင့် ရှောင်ရှ၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်နိုင်ခဲ့ကာ နောက်တစ်ကြိမ် ပျံသန်းရန် တွေးတောနေခဲ့သည်။
သို့သော် ထိုအချိန်တွင် ရှောင်ရှက လင်းယုန်(၇)၏ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။
"မလှုပ်နဲ့၊ မဟုတ်ရင် နင့်ခေါင်းကို သတိထား"
လင်းယုန်(၇)က တောင့်တင်းကာ အမှန်တကယ် မလှုပ်ရှားဝံ့တော့ပေ။
ဤအရာများအားလုံးက မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်သွားခြင်းဖြစ်သည်။
ရှောင်ရှသည် လင်းယုန်(၇)၏ခေါင်းပေါ်တွင်ရပ်ကာ ပြုံးလိုက်သည်။
"ဒီပုံစံနဲ့ နင့်ကိုယ်နင် ကောင်းကင်ကြီးရဲ့သခင်လို့ ခေါ်ရဲသေးတာလား"
ရှောင်ပိုင်၏ မျက်လုံးများက ပြူးကျယ်လာကာ ကြယ်များကဲ့သို့ တောက်ပလာသည်။
"အို... ငါ့သခင်က အရမ်းချောတာပဲ"
ရှန်လန်ကျွင်းက သူ့ခံစားချက်များကို မည်သို့ဖော်ပြရမည်ကို မသိသောကြောင့် ဘေးနားတွင် ရှက်ရွံ့စွာ မတ်တပ်ရပ်လိုက်သည်။
ကျန်ရှိသော လင်းယုန်နတ်ဆိုးများသည် ဒေါသနှင့် တုန်လှုပ်သွားကြသည်။
"လင်းယုန်(၇) ကို ချက်ချင်း လွှတ်ပေးပါ၊ စစ်ရေးကိစ္စ နှောင့်နှေးနေရင် မင်းရဲ့ အဆုံးအဖြတ်နှာခေါင်းမြို့တော်က ရပ်တန့်သွားလိမ့်မယ်" လင်းယုန်နတ်ဆိုးတစ်ကောင်က ဒေါသတကြီး အော်လိုက်သည်။
စစ်ရေးကိစ္စလား။
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
‘စိတ်ဝင်စားစရာပဲ’
ဝူကျန်းယန်ကလည်း ဝင်ပြော၏။
"လင်းယုန်(၇)က နတ်ဆိုးမျိုးနွယ်စုရဲ့ တပ်မှူးဆီက အမိန့် အရ ရောင်လာတာ။ တစ်ခုခုဖြစ်ရင် သေဖို့ပြင်ထား"
ဤစကားများသည် မြို့သခင်ကို မခန့်မှန်းနိုင်လောက်အောင် တုန်လှုပ်သွားစေသည်။ တခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကြသည်။ မည်သို့လုပ်ရကိုင်ရမည်ကို မသိကြပေ။
ရှောင်ရှက အေးစက်စွာ ရယ်မောလိုက်သည်။
"ဘာလဲ နင်တို့ကပဲ လာရှုပ်နိုင်ပြီး ငါတို့က ပြန်တိုက်လို့မရဘူးလား”
"နတ်ဆိုးမ မင်းက စွမ်းအားကြီးတယ် ဒါပေမယ့် မင်း နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်တဲ့ စစ်သူကြီးနဲ့ ယှဉ်ရင် မင်းရဲ့ အစွမ်းသတ္တိက စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး" အင်အားနည်းသော လင်းယုန်ခုနစ်ကောင်က ဤအချိန်တွင် လှောင်ပြောင်နေ၏။
သူ၏အမြင်တွင် လင်းယုန်(၇) က သတိလက်လွတ်ဖြစ်သွားသောကြောင့်သာ ဤနတ်ဆိုးမိန်းမ၏ထောင်ချောက်ထဲသို့ ကျသွားခြင်းဖြစ်သည်။
ယခု သူမက ၎င်းကို အနိုင်ယူခဲ့သော်ငြားလည်း လက်အောက်ငယ်သားများစွာ ရှိသေးသည်။
ဤအတွေးဖြင့် ၎င်းတို့က လင်းယုန်အော်သံကိုထုတ်လိုက်ကြသည်။
ဤသည်ကား လက်အောက်ငယ်သားအုပ်စုကို တိုက်ခိုက်ရန် အမိန့်ပေးခြင်းဟု ဆိုလိုသည်။
၎င်းတို့ကသာ သူမကို စိတ်ရှုပ်သွားစေရန် တတ်နိုင်လျှင် သူ လွတ်မြောက်နိုင်ခြေရှိသည်။
ဤသည်က လင်းယုန်(၇) ၏ စိတ်ထဲမှ အတွေးပင်ဖြစ်၏။
လက်အောက်ငယ်သားများကလည်း လိုက်လျောညီထွေ ပြုမူကြသည်။
သို့သော် ၎င်းတို့က တရှိန်ထိုး ထိုးဆင်းခါနီးတွင်
ရွှယ်အန်းက အေးစက်စွာပြောလိုက်၏။
"ငါက အရှေ့ကို ထွက်ကြည့်ဖို့ တွေးနေတာ၊ မင်းတို့ ငါ့ဆီလာလိုက်တော့လည်း လုံးဝမဆိုးပါဘူး"
သူ့စကားကိုကြားသောအခါ လင်းယုန်(၇) က ရွှယ်အန်းကို မျက်လုံးပြူး၍ တစ်ချက်ကြည့်ကာ အတန်ငယ်စိတ်ပျက်သွားသည်။
လူသားမျိုးနွယ်ကလူတစ်ယောက်ပဲ…
သူဘယ်လို...
လင်းယုန်(၇)၏ အတွေးက ပြတ်တောက်သွားသည်။ သူ့မျက်လုံးရှေ့တွင် မရေမတွက်နိုင်လောက်အောင် တောက်ပသော အဖြူရောင်အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဤအလင်းရောင်များသည် စူးရှ လှပကာ အလွန်ဆွဲဆောင်မှုရှိသည်။
သို့သော် လင်းယုန်(၇)က ၎င်းတို့အတွင်းရှိ အဆုံးမဲ့ သတ်ဖြတ်ရောင်ဝါကို မြင်လိုက်သည်။
ဒါ... ဒါ ဓားချီပဲ…။
လူသားမျိုးနွယ်မှသာလျှင် ပိုင်ဆိုင်သော ဓားစွမ်းအင်အမျိုးအစား၊ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်သော ဓားအမျိုးအစားဖြစ်သည်။
ထို့အပြင် ယင်းတို့က ဓားချီပင်လယ်ကြီးကဲ့သို့ အလွန်များပြားစွာ ပေါ်ထွက်လာသည်။
လင်းယုန်(၇) ၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။
လင်းယုန်(၇)သာမက နတ်ဆိုးမျိုးနွယ်၏မြို့တော်သခင်၊ ရှောင်ပိုင်နှင့် ကြည့်ရှုသူအားလုံး ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။ ရှန်လန်ကျွင်း၏ မျက်လုံးများပင် တဖြည်းဖြည်း ပြူးကျယ်လာသည်။
ခင်မင်ဖွယ်ကောင်းသော ဤလူသည် ရုတ်တရက် လုံးဝခြားနားသည့် လူတစ်ယောက်အဖြစ် မည်ကဲ့သို့ အသွင်ပြောင်းသွားသနည်း။ လင်းယုန်(၇)က ရဲရင့်စွာ ဆုံးဖြတ်ချက်ချကာ လင်းယုန်အော်သံ ဟစ်လိုက်သည်။
ဤသည်မှာ လက်အောက်ငယ်သားများအားလုံး အမြန်ထွက်ပြေးရန် အချက်ပြခြင်းဖြစ်သည်။
ဤလင်းယုန်ကြီးများသည် အကန့်အသတ်မဲ့သော ဓားပင်လယ်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိနေမှုကိုလည်း ခံစားမိသဖြင့် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ၎င်းတို့ခေါင်းဆောင်၏ အမိန့်ပေးချက်အရ သဘာဝအတိုင်း ကွဲလွင့်ထွက်ပြေးသွားကြသည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
“ဓားချီလှောင်အိမ် အသက်ဝင်စေ”
ရွှယ်အန်း၏ အမိန့်ကို လိုက်နာ၍ ဓားစွမ်းအင်များက ကောင်းကင်သို့ပျံတက်သွားကာ အလင်းတန်းများစွာကွဲထွက်၍ လင်းယုန်ငှက်ကြီးများဆီသို့ တည့်တည့်တိုးဝင်သွားလေသည်။
လင်းယုန်ကြီများက အလွန်လျင်မြန်ကြသော်လည်း ဓားစွမ်းအင်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ခရုများကဲ့သို့ နှေးကွေးသည်။
ချက်ခြင်းဆိုသကဲ့သို့ပင် လင်းယုန်ကြီးများအားလုံးသည် မိုးကဲ့သို့ ဓားချီ၏ ဖုံးအုပ်ခြင်းကို ခံရပြီးနောက် ဝမ်းနည်းပူဆွေးသော ငိုကြွေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်
မြို့သခင်အိမ်တော်၏ရှေ့ရှိကွင်းပြင်၌ ကောင်းကင်မှ လင်းယုန်ကြီးများစွာသည် ဖက်ထုပ်များကို အိုးထဲသို့ချသကဲ့သို့ တဖုတ်ဖုတ်ပြုတ်ကျလာကြသည်။
ဝူကျန်းယန်သည်လည်း မြေပြင်ပေါ်သို့ လဲကျကာ ကျယ်လောင်၍ သနားစဖွယ်ကောင်ရစွာ ငိုကြွေးလိုက်သည်။
ရွှယ်အန်းက လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မတ်တပ်ရပ်ကာ အလွန်ကြောက်လန့်နေသည့် လင်းယုန်(၇) ရှေ့သို့ရောက်လာသည်။
"မင်းပြောနေတဲ့ စစ်ရေးအမိန့်တွေ နတ်ဆိုးမျိုးနွယ်စု စစ်သူကြီးတွေဆိုတာ ဘာကိုပြောတာလဲ”
လင်းယုန်(၇)က တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေသည်။
“ဟင့်အင်း… မပြောနိုင်ဘူး ပြောလိုက်ရင် ငါသေရလိမ့်မယ် ”
ရွှယ်အန်းက အနည်းငယ် ပြုံး၍ ရှောင်ရှဘက်သို့လှည့်လိုက်သည်။ "ရိုက်လိုက်"
“ကောင်းပြီ" ရှောင်ရှက စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်သီးကို မြှောက်လိုက်သည်။
ဘမ်း
လက်သီးတစ်ချက်ဖြင့် လင်းယုန်(၇)၏ ဦးခေါင်းမှ သွေးများ စီးကျလာသည်။
"အခုပြောဖို့ အဆင်သင့်ဖြစ်ပြီလား"
“ငါ… ငါ…”
"ဆက်ရိုက်"
ဘမ်း
ဘမ်း
ဘမ်း
"ပြောမယ် ငါပြောမယ်" လင်းယုန်(၇) က အော်လိုက်သောအခိုက်တွင် သူ့မျက်နှာတစ်ခုလုံး၌ သွေးများ ပြည့်နေပြီဖြစ်သည်။
ဤလူသည် အစကတည်းက အရာအားလုံးကို တိတ်တဆိတ်ကြည့်နေခဲ့ကာ ဝမ်းနည်းမှု သို့မဟုတ် ရွှင်လန်းမှု စသဖြင့် ခံစားချက်ကင်းမဲ့နေသော သူ့အကြည့်များက ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ဤအရာက လင်းယုန်(၇)ကို သွေးအန်ချင်လောက်အောင် စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်မျိုးကို ပေးနိုင်သည်။
သူ စကားမပြောပါက ဤလူက သူ့ကိုသတ်ပစ်မည်မှာ သေချာသည်။
“အနီးနားမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ စွမ်းအားကြီးတဲ့ကောင်တွေကို ကင်းထောက်ဖို့နဲ့ ရှေ့တန်းကို ထောက်ပံ့ဖို့ နတ်ဆိုးတပ်မှုးက စေလွှတ်လိုက်တာပါ အဲ့တာကြောင့် အနီးနားမှာ အဆုံးအဖြတ်နှာခေါင်းမြို့တော် ရှိတယ်လို့ အမြဲပြောနေတဲ့ ဝူကျန်းယန်နဲ့တွေ့ခဲ့တယ်။ အဆုံးအဖြတ်နှာခေါင်းမြို့တော်သခင်နဲ့ ရန်ငြိုးရှိတာကြောင့် လိုက်ကြည့်ဖို့စဉ်းစားခဲ့တာပါ"
"ဒါပဲလား"
လင်းယုန်(၇) က ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ နတ်ဆိုးတပ်မှူးက ဘယ်သူလဲ"
လင်းယုန်(၇)၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
"အရိုးဖြူ… အရိုးဖြူမိန်းမပျိုပါ”
ဤအမည်ကိုကြားသောအခါ မြို့တော်သခင်က ထိတ်လန့်တကြားထအော်လိုက်သည်။
“အရိုးဖြူမိန်းမပျို ထွက်လာပြီလား”
လင်းယုန်(၇) က ခေါင်းညိတ်လိုက်သည်။
"ဒီ အရိုးဖြူမိန်းမက အရမ်း အစွမ်းထက်တာလား" ရှောင်ရှက ဝင်မေး၏။
ထိုစကားကိုကြားသောအခါ မြို့တော်သခင်၏မျက်နှာက ဖြူဖျော့သွားသည်။
"အရမ်း စွမ်းအားကြီးပါတယ်။ သူ့ကို နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးရဲ့ လျှို့ဝှက်နယ်မြေမှာ နံပါတ်တစ် အမျိုးသမီး နတ်ဆိုးအဖြစ် သတ်မှတ်နိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက သူ သီးသန့်လေ့ကျင့်နေတာ ဒီတစ်ခါတော့ သူ ထွက်လာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။ နတ်ဆိုးမျိုးနွယ်စုရဲ့ အရှိန်အဟုန်က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ပြနေတာပဲ"
"စစ်တပ်အမိန့်ကို အလွဲသုံးစားလုပ်ပြီး အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ်။ မင်းရဲ့ အပြစ်ကို မင်းသိရဲ့လား"
လင်းယုန်(၇)က တုန်လှုပ်သွားသည်။
“ကျုပ် … သိပါတယ်”
"ကောင်းပြီ၊ မင်းရဲ့ အပြစ်တွေကို ကုသိုလ်နဲ့ ချေဖို့ အခွင့်အရေး ငါပေးမယ်။"
"ကျေးဇူးတင်ပါတယ် ဆရာ"
သို့သော် ရွှယ်အန်းနှင့် သူ့အဖွဲ့က လင်းယုန်ကြီးများ၏ နောက်ကျောပေါ်သို့ တက်လိုက်သောအခါ လင်းယုန်(၇) က အံ့ဩသွားသည်။
"ဆရာ… ဘယ်ကိုသွားမလို့...လဲ"
"ဒါပေါ့ ငါတို့ ရှေ့တန်းကို သွားကြမလို့” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
လင်းယုန်(၇)က မျက်ရည်ကျလုမတတ် ကြောက်လန့်သွားသည်။
"ဆရာ ကျုပ်တို့ပြန်သွားလို့ ဒီအကြောင်းကို တပ်မှူးသိသွားရင် ကျုပ်ကို အရိုးတခြား အသားတခြားဖြစ်အောင်လုပ်လိုက်မှာ သေချာတယ်”
"စိတ်မပူပါနဲ့ မင်းရဲ့တပ်မှူးကို ငါသေချာပေါက်မပြောဘူး"
လင်းယုန်(၇)က အတွင်းပိုင်း၌ နောင်တရမှုများနှင့် ပြည့်နေသော်လည်း ရွှယ်အန်း၏ အမိန့်ကို မဖီဆန်ရဲသောကြောင့် နာခံမှုဖြင့်သာ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။
ရွှယ်အန်းက မြို့သခင်ကို ခေါင်းညိတ်ပြလိုက်သည်။
"နှုတ်ဆက်ပါတယ်"
မြို့တော်သခင်က စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်ကာ လေးစားစွာပြော၏။
"ဆရာ့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဘေးကင်းတဲ့ခရီးဖြစ်ပါစေ”
ထို့နောက် ယုန်ရှောင်ပိုင် ငိုကာ လိုက်ချင်သဖြင့် အော်နေသည်။ မြို့သခင်က မည်သို့ပင်ပြောစေကာမး သူက ငြင်းဆိုလျက်ရှိသည်။ အဆုံးသတ်တွင် လင်းယုန်ကြီး၏ တောင်ပံကိုကိုင်၍ ညှစ်ကာ ရှောင်ရှကို သနားစဖွယ်ကောင်းစွာကြည့်နေ၏။
"ကျေးဇူးရှင်၊ မင်းပြန်လာတာကို ငါစောင့်နေမယ်"
ရှောင်ရှ၏ ခန္ဓာကိုယ်က ကြက်သီးများထကာ တုန်ယင်သွားသည်။