အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း(၅၁၁) ဆင်နတ်ဆိုးမျိုးနွယ်စု…တိုက်ခိုက်လိုစိတ်မြင့်တက်ခြင်း
လင်းယုန်ကြီးက အဝေးဆီသို့ ပျံတက်သွားသောအခါ မြို့သခင်ယုန်နှင့် ရှန်လန်ကျွင်းတို့က ယင်းကို တိတ်ဆိတ်စွာငေးကြည့်လျက် ကျန်ရစ်ခဲ့သည်။
ထို့နောက် ရှောင်ပိုင်၏ရေရွတ်သံကိုသာ ကြားလိုက်ကြရ၏။
“ကျေးဇူးရှင်က ငါ့ကို လာခေါ်ဖို့ ပြန်လာမှာလားလို့ တွေးမိတယ်"
ရှန်လန်ကျွင်း - “…”
ဤအခိုက်အတန့်တွင် မြို့သခင်အိမ်တော်ရှေ့ရှိ ရင်ပြင်တွင် လူတစ်ဦးက ခြေထောက်ကို လှုပ်ယမ်းကာ ကောင်းကင်သို့ စူးစူးဝါးဝါး အော်ငေါက်နေသည်။
"လင်းယုန်(၇) ငါ ဒီမှာလေ မင်းငါ့ကို ဂရုမစိုက်ဘဲ ဖယ်ထားနိုင်တယ်ပေါ့”
ဝမ်းနည်းဖွယ်ကောင်းစွာဖြင့် လင်းယုန်ကြီးများက အဝေးသို့ ပျံသန်းနေကာ လင်းယုန်နတ်ဆိုးတစ်ကောင်ကမှ သူ့အော်သံကို မကြားနိုင်တော့ပေ။ ကြားခဲ့လျှင်ပင် ၎င်းတို့က သူ့ကို ခေါ်ရန် ပြန်လာလိမ့်မည်မဟုတ်ပေ။
ရှန်လန်ကျွင်းက အလွန်တုန်လှုပ်နေသော ဝူကျန်းယန်ကိုကြည့်၍ ပြောလိုက်သည်။
“မြို့သခင် ကျုပ်တို့ ဒီလူကိုဘယ်လိုလုပ်ကြမလဲ”
“ငါ သူ့ကို အရင်က မတွေ့ဖူးဘူး။ မင်းတို့ ကြိုက်သလိုသာ လုပ်လိုက်ကြ”
ဤသို့ပြောကာ အိမ်ဘက်သို့ ပြန်လှည့်သွားသည်။ ဤသည်မှာ တိတ်တဆိတ် သဘောတူညီပြလိုက်ခြင်းပင်ဖြစ်၏။ ရှန်လန်ကျွင်းက လူသွားလမ်းမှဆင်းကာ ရင်ပြင်ထဲသို့ ဖြည်းညှင်းစွာလျှောက်သွားသည်။ သူ့နောက်တွင်ကား အလွန် ဖော်ရွေမှုမရှိသောအမူအရာများဖြင့် ယုန်နတ်ဆိုးများစွာရှိကာ ထိုပွဲကိုကြည့်ရန် စိတ်အားထက်သန်နေသော လူအုပ်ကြီးရှိနေသည်။
ဝူကျန်းယန်က စိတ်ပျက်အားငယ်လျက် ထို အဝေးမှ လင်းယုန်နတ်ဆိုးများကို မော့ကြည့်ကာ တောင်းဆို၊ ကျိန်ဆဲ နေရာမှ နောက်ဆုံးတွင် ကျယ်လောင်စွာ ငိုချလိုက်သည်။ ငိုရင်းဖြင့် သူ့ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေကြောင်း သတိထားမိသဖြင့် မော့ကြည့်လိုက်သည်။
လူများက သူ့ပတ်ဝန်းကျင်၌ ရပ်နေကြကာ အားလုံးက မဖော်ရွေသောအမူအရာများဖြင့်ကြည့်နေကြသည်။ ၎င်းတို့ကို ဦးဆောင်သူမှာ သူ၏ အချစ်ပြိုင်ဘက်ဟောင်း ရှန်လန်ကျွင်းပင်ဖြစ်သည်။ ဝူကျန်းယန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီးနောက် သူ့မျက်နှာပေါ်တွင် သိမ်မွေ့နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
“ရှန်… အစ်ကိုရှန်”
ရှန်လန်ကျွင်းက သူ့ကို အေးစက်စွာ ကြည့်နေကာ စကားမဆုံးခင်၌ ရိုးရှင်းစွာ လက်ညှိုးထိုးပြလိုက်သည်။
“သူ့ကို ငရဲရောက်တဲ့အထိရိုက်ကြ”
ယုန်နတ်ဆိုးများစွာက တစ်ပြိုင်နက် ရှေ့သို့ ပြေးသွားကြသည်။ ယုန်နတ်ဆိုးများသည် နတ်ဆိုးနယ်မြေအတွင်းရှိ တိုက်ခိုက်ရေးစွမ်းရည်တွင် အောက်ခြေအဆင့်သတ်မှတ်ထားသော်လည်း သာမန်လူသားတစ်ဦးကို ကိုင်တွယ်ခြင်းကမူ မပြောပလောက်ပေ။
ဤသို့ဖြင့် အချိန်တိုအတွင်း၌ ဝူကျန်းယန်၏ ဝမ်းနည်းပူလောင်စွာ ငိုကြွေးသံပေါ်ထွက်လာသည်။ တစ်ချိန်တည်း၌ပင် ပွဲကြည့်ရန် စုဝေးနေကြသည့် လူအုပ်ကြီးက အပြင်မှ ဝိုင်းအုံလာကြသည်။
"ဒီကောင်ကို သတ်လိုက်"
"ငါ့ကို နေရာနည်းနည်းလောက်ပေးပါ၊ အနည်းဆုံးတော့ သူ့ကို ကန်ခွင့်ပေးပါ"
ရှန်လန်ကျွင်းက လက်ညှိုးတစ်ချောင်းပင် မြှောက်ရန်မလိုခဲ့ဘဲ လူအုပ်ကြီးက ဝူကျန်းယန်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။
အစတွင် ဝူကျန်းယန်၏အော်သံကိုကြားနိုင်သော်လည်း ခဏအကြာတွင် မည်သည့်အသံမျှထွက်မလာတော့ပေ။
လူစုလူဝေးခွဲလိုက်သောအခါ ဝူကျန်းယန်က လုံးလုံးလျားလျား ပြားကပ်နေကာ သေဆုံးသွားခဲ့သည်မှာ ကြာပြီပင်ဖြစ်ကြောင်း မြင်လိုက်ရသည်။
…
ဤသည်မှာ ကျုံရှန်းပြည်နယ်၏ဗဟိုတွင်တည်ရှိသောရှေ့တန်းတပ်ဖြစ်သည်။ ပြီးခဲ့သောနေ့အထိ ဤသည်မှာ နတ်ဆိုးမျိုးနွယ်၏ နိဗ္ဗာန် ဖြစ်ခဲ့သည်။
သို့သော် ယနေ့တွင်မူ ပူလောင်သောမြေကြီးမှလွဲ၍ မည်သည့် အသက်အငွေ့အသက်ကိုမျှ မတွေ့နိုင်တော့ပေ။ အရိုးဖြူမိန်းမပျိုကခေတ္တတည်ဆောက်ထားသော မြို့ရိုးပေါ်တွင် ရပ်ကာ အဝေးကို ငေးကြည့်နေသည်။
မျက်စိနှင့်မြင်နိုင်သမျှမှာ ပျက်စီးခြင်းနှင့် သေဆုံးခြင်းတို့ပင်ဖြစ်သည်။
ထိုအချိန်တွင် ကျုံရှန်း ပြည်နယ်၏ ထက်ဝက်ကျော်သည် အမှိုက်များအပြည့်ဖြစ်လာကာ နတ်ဆိုးများနှင့် နတ်ဆိုးများ၏ သံခွာများအောက်တွင် နစ်မြုပ်နေခဲ့သည်။
အရိုးဖြူမိန်းမပျိုသည် နတ်ဆိုးများနှင့် သားရဲများထပ်မံတိုက်ခိုက်ခဲ့ပါက ပြင်းထန်သော မဟာမိတ်တပ်ဖွဲ့များက ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း ကောင်းစွာသိရှိထားသည်။
ထိုအချိန်တွင် ကျုံးရှန်ခရိုင်သည်လည်း ကျဆုံးတော့မည်ဖြစ်သည်။
နတ်ဆိုးနယ်မြေတစ်ခုလုံးသည် အင်အားနည်းသော သဲဝါရောင် စီရင်စုနှင့် ချွမ်ပင်စီရင်စုတို့သာ ကျန်ရှိတော့မည်ဖြစ်သည်။ ချွမ်ပင်စီရင်စုသည် သဘာဝအတိုင်း အကာအကွယ်မရှိသော လွင်ပြင်တစ်ခုဖြစ်သည်။
ထိုအချိန်တွင် ပင်ပန်းနွမ်းနယ်နေသော မဟာမိတ်တပ်များသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို မည်သို့ ရင်ဆိုင်ရမည်နည်း။
အရိုးဖြူမိန်းမပျိုက အလွန်စိုးရိမ်နေမိ၏။
"အရှင်မ မြွေနတ်ဆိုးမျိုးနွယ်စုက သူတို့တိုက်ဖို့ ခွန်အားမရှိတော့ဘူးလို့ သတင်းပို့လိုက်တယ်"
"အခြားသူတွေရော” အမျိုးသမီးက ဘာသိဘာသာ မေးလိုက်သည်။
"ကျောက်တုံးနတ်ဆိုးတွေက မျိုးသုဥ်းလုနီးပါး အခြေအနေကို ရောက်နေပြီး သစ်ပင်နတ်ဆိုးတွေနဲ့ ပန်းပွင့်ဝိညာဉ်တွေလိုမျိုး အခြားသူတွေကလည်း သူတို့ မတတ်နိုင်တော့တဲ့အခြေအနေကို ရောက်နေကြပြီ။ ကျားဝံပုလွေ နတ်ဆိုးတွေနဲ့ အခြားသူတွေလည်း မနေ့က အကြီးအကျယ်ရှုံးခဲ့ပါပြီ အရှင်မ” သတင်းပို့သူက ဝမ်းနည်းမှုအပြည့်ဖြင့်ပြောလိုက်သည်။
အရိုးဖြူမိန်းမပျိုက အချိန်အတန်ကြာနှုတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
“ငါသိပြီ.. မင်းသွားလို့ရပြီ”
“အရှင်မ ကျွန်တော်တို့ ချွမ်ပင်ကို ပြန်သွားသင့်ပါတယ်။ နတ်ဆိုးမျိုးနွယ်စုရဲ့ စစ်တပ်က ဒီနေ့ ထပ်တိုက်ခိုက်ရင် ကျွန်တော်တို့ ရှုံးမှာ သေချာတယ်" နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်တစ်ဦးမှ ခပ်တိုးတိုးပြောသည်။
အရိုးဖြူအမျိုးသမီးက မြေခွေးနတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲဖြစ်သော ပြောလာသူကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ယခုအခါတွင် သူ၏အသွင်အပြင်မှာ သနားစဖွယ်ကောင်းနေကာ သူ၏ နဂိုကချောမောလှပသော မျက်နှာက ကြမ်းတမ်း ကြောက်မက်ဖွယ်အဖြစ်သို့ ပြောင်းလဲသွားစေကာ သူ၏မျက်နှာပေါ်တွင် ကြီးမားသော ခြေသည်းအမှတ်အသားများလည်းရှိနေသည်။
အရိုးဖြူအမျိုးသမီးက နတ်ဆိုးမျိုးနွယ်စုများအားလုံးတွင် မြေခွေးမျိုးနွယ်စုနှင့် ရေသားရဲမျိုးနွယ်စုတို့မှ အသေအပျောက်အများဆုံးဖြစ်ခဲ့သည်ကိုကောင်းစွာသိသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးမျိုးနွယ်စုက သုန့်ပင်စီရင်စု၌ ပထမဆုံးပေါ်လာသောကြောင့်ဖြစ်သည်။
မြေခွေးနတ်ဆိုးမျိုးနွယ်စုနှင့် ရေသားရဲမျိုးနွယ်စုတို့သည် သုန့်ပင် စီရင်စုတွင် သြဇာအရှိဆုံး မျိုးနွယ်နှစ်စုဖြစ်သည်။ ဤမျိုးနွယ်စုနှစ်ခုသည် နတ်ဆိုးမျိုးနွယ်စု၏ ကနဦးတိုက်ခိုက်မှုများကို တားဆီးရန် အင်အားစုများပူးပေါင်းခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် ရလဒ်အနေဖြင့် သုန့်ပင်စီရင်စု ပြိုလဲသွားသောအခါ ရေသားရဲမျိုးနွယ်စုနှင့် မြေခွေးနတ်ဆိုးမျိုးနွယ်စုမှ တော်ဝင်မိသားစုများအားလုံးကို နတ်ဆိုးမျိုးနွယ်စုမှ ဖမ်းမိခဲ့သည်။
ဤမြေခွေးနတ်ဆိုး အကြီးအကဲလွတ်မြောက်လာခြင်းမှာ ကံကောင်းမှုကြောင့်သာဖြစ်သည်။ ထိုသို့သော ဂုဏ်ယူဖွယ်ပုဂ္ဂိုလ်တိုင်းကို အရိုးဖြူမိန်းမပျိုက လေးလေးစားစားဆက်ဆံသည်။
“မြေခွေးအကြီးအကဲ၊ ကျွန်မမဆုတ်ချင်ဘူးထင်လို့လား။ ဒါပေမယ့် ချွမ်ပင်မှာရှိတဲ့ ကျွန်မတို့ရဲ့ ခံစစ်စည်းကို အခုထိ သတ်မှတ်လို့မရသေးဘူး။ အခုပြန်ဆုတ်လိုက်ရင် နောက်ဆက်တွဲအကျိုးဆက်တွေက တွေးတောင်မတွေးရဲစရာပဲ"
“နောက်ပြီး…” အရိုးမိန်မက ခေတ္တရပ်လိုက်သည်။
“ကျွန်မတို့နောက်က နတ်ဆိုးမျိုးနွယ်စုတချို့နဲ့ လူသားမျိုးနွယ်စုက အကုန်မဆုတ်ကြရသေးဘူး။ အခု ကျွန်မတို့ ဆုတ်လိုက်ရင် သူတို့က နတ်ဆိုးတွေနဲ့ ထိပ်တိုက်တွေ့ရတော့မယ်။ ကြီးမားတဲ့ ကပ်ဘေးကြီးက သူတို့ဆီ…”
ဤအရိုးဖြူအမျိုးသမီးက မိမိဆိုလိုသည်ကို အကြီးအကဲက ကောင်းစွာနားလည်မည်ဟု ယုံကြည်သောကြောင့် စကားကို အဆုံးထိမပြောလိုက်ပေ။
နောက်ဆုံးတွင်မူ.. သုန့်ပင်စီရင်စုရှိ မြေခွေးမျိုးနွယ်စုမှ နတ်ဆိုးငယ်များက မမျှော်လင့်ဘဲ နတ်ဆိုးမျိုးနွယ်စု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရဖူးသည်မဟုတ်လော။
မြေခွေးအကြီးအကဲ၏ မျက်နှာကပို၍ လေးနက်လာပြီးနောက် ခဏအကြာစဥ်းစား၍ ပြောလိုက်သည်။
“ဒီလိုဆိုရင် ခံတပ်ကို ကျုပ်ထိန်းထားပြီး… အရှင်မက လက်ရွေးစင်အဖွဲ့တွေနဲ့အတူ ကျန်နတ်ဆိုးတွေကို ဆုတ်ခွာဖို့ ခေါ်သွားလိုက်ပါ”
“ဒါက ရွေးချယ်စရာ မဟုတ်ဘူး။ ကျွန်မ ဒီနေရာကို ထမ်းဆောင်တဲ့နေ့မှာ လူတိုင်းနဲ့ ကံကြမ္မာကို မျှဝေဖို့ ကျိန်ဆိုခဲ့တယ်။ ကျွန်မ ထွက်သွားမှာ မဟုတ်ဘူး" အရိုးဖြူမိန်းမပျိုက ပြတ်ပြတ်သားသားပြောလိုက်သည်။
“ဒါပေမယ့်…” မြေခွေးအကြီးအကဲက အခိုင်အမာပြောလိုသည်။
"ဒါပေမယ့်ဆိုတာတွေမရှိပါဘူး။ မြေခွေးအကြီးအကဲ… ရှင့်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ရဲ့ တိုက်ခိုက်ရေးအင်အားကို ထိန်းသိမ်းဖို့ ရှင့်ကိုယ်ရှင် စတေးချင်နေတာ၊ ဒါပေမယ့် ဘာအရေးလဲ။ ကျွန်မတို့ ဒီနေ့ ဒီနေရာကထွက်သွားပြီး မနက်ဖြန် နတ်ဆိုးမျိုးနွယ်စုက တိုက်မယ်ဆိုရင် ကျွန်မတို့ ချွမ်ပင်ကနေ ဆက်ဆုတ်ရမှာလား” အရိုးအမျိုးသမီးက ခပ်တိုးတိုးပြောသည်။
မြေခွေးအကြီးအကဲက ခေါင်းကိုတိတ်တဆိတ်ငုံ့၍ ခဏအကြာတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
"အခု ကျုပ်တို့မှာသာ စစ်ကူတွေရှိခဲ့ရင်"
အရိုးဖြူအမျိုးသမီးလည်း ငြိမ်ကျသွားသည်။ သူမသည် တိုက်ခိုက်ရန် ခွန်အားရှိနေဆဲ နတ်ဆိုးမျိုးနွယ်စုမျိုးနွယ်စုများကို ရှာဖွေရန် အများအပြားကို စေလွှတ်ထားသော်လည်း မျှော်လင့်ချက်မှာ မှုန်ဝါးနေပုံရသည်။ ချွမ်ပင်စီရင်စုရှိ နတ်ဆိုးများသည် အများအားဖြင့် နတ်ဖြစ်လာသော ပန်းပင်များနှင့် သစ်ပင်များဖြစ်သောကြောင့် ဤနတ်ဆိုးမျိုးများသည် အထောက်အပံ့ကောင်းများ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းအား သိသိသာသာနည်းပါးသည်။
ထို့အပြင် သဲဝါရောင်စီရင်စုက ပို၍ အလားအလာနည်းကာ ယုန်နတ်ဆိုးများကဲ့သို့ သေးငယ်သော နတ်ဆိုးများနေထိုင်ကြသည်။
ထိုအချိန်တွင် အရိုးဖြူအမျိုးသမီးက သူမ၏ နှဖူးထက်၌ အေးစက်သွားသည်ကို ခံစားလိုက်ရသဖြင့် လန့်ထိတ်သွားသည်။ သူမမော့ကြည့်လိုက်သောအခါ အဝေးမှ တိမ်တိုက်ကြီးများက ကောင်းကင်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်ကို သူမတွေ့လိုက်ရသည်။ အဝေးမှ မိုးကုတ်စက်ဝိုင်းအလွန်တွင် နတ်ဆိုးမျိုးနွယ်စုဝင်များက ကြီးမားသော ပုံရိပ်များကို ဝိုးတဝါးမြင်နိုင်သည်။
"ရန်သူ တိုက်ခိုက်ပြီ" စူးစူးဝါးဝါးအော်ဟစ်သံက စခန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
သို့သော် ဤတစ်ကြိမ်၌ နတ်ဆိုးမျိုးနွယ်စုဝင်အားလုံး၏ အကြည့်များက ရှုပ်ထွေးနေသည်။ အချိန်အတန်ကြာ တိုက်ပွဲဝင်ခဲ့ကြပြီးဖြစ်ကာ အားလုံးဒဏ်ရာရပြီးဖြစ်သဖြင့် ထပ်မံ၍ တိုက်ပွဲဝင်နိုင်ရန် အားအင်မရှိသလောက်နည်းပါးနေပြီဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုကို ထပ်မံတိုက်ခိုက်ခြင်းဖြင့် အောင်ပွဲခံရန် မျှော်လင့်ချက်မရှိတော့ပေ။ အရိုးဖြူမိန်းမပျိုက သူမ၏ အရိုးဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်ကာ သူမ၏အမူအရာက ကြမ်းတမ်းလာသည်။
သူမကိုယ်တိုင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။
ထို့နောက် လူပုံသဏ္ဍာန်နှင့်ပင် အရပ်သုံးမီတာကျော် အရပ်မြင့်မြင့် ထွားကြိုင်းသော အမျိုးသားတစ်ဦးက မြို့ရိုးအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ အရိုးဖြူမိန်းမပျိုကို ဦးညွှတ်ပြကာ ပင်ပန်းသံပါသော်လည်း ခိုင်မာစွာပြောလိုက်သည်။
"အရှင်မ… ကျုပ်တို့ ဆင်နတ်ဆိုးမျိုးနွယ်စုက တိုက်ခိုက်ဖို့ဆန္ဒရှိပါတယ်”
အခန်း(၅၁၂) တပ်မအားလုံး ငါ့အမိန့်ကိုနာခံပြီး တိုက်ကြ
ထွားကျိုင်းသော အမျိုးသား၏ ခန္ဓာကိုယ်တွင် ဒဏ်ရာမျိုးစုံဖြင့် ဖုံးလွှမ်းနေကာ အချို့မှာ အရိုးများပင် ပေါ်နေလောက်အောင် နက်ရှိုင်း၍ အချို့ကမူ အလွန်ဆိုးရွားသော အခြေအနေသို့ရောက်နေပြီဖြစ်သည်။ သို့သော် ထိုသူ၏အကြည့်က ငြိမ်သက်နေကာ တုန်လှုပ်ချောက်ချားဖွယ် အနေအထားသို့ ရောက်နေသည်။
အနှစ်တစ်ထောင်ကြာ ကျင့်ကြံပြီးနောက် နှလုံးသားကို တုန်လှုပ်စေနိုင်သောအရာမရှိတော့ဟု ထင်ခဲ့သည့် အရိုးဖြူအမျိုးသမီးက ဤအချိန်တွင် အနည်းငယ်တုန်လှုပ်သွားမိသည်။ နတ်ဆိုးမျိုးနွယ်စု၏ မဟာမိတ်တပ်များအားလုံးတွင် မည်သူက အဆိုးရွားဆုံးသော ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရသည်ဆိုပါက ဆင်နတ်ဆိုးများက ထိပ်ဆုံးတွင် ရပ်တည်နေမည်မှာ သေချာသည်။
ဆင်နတ်ဆိုးများ၏ရုပ်ခန္ဓာများသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ ၎င်းတို့ကသာလျှင် နတ်ဆိုးများ၏ တိုက်ခိုက်မှုကိုခုခံနိုင်လုရှိကြသည်။ ထို့ကြောင့် ကြီးမားသောတိုက်ပွဲတိုင်းတွင် ကြီးမားလှသော ဤဆင်နတ်ဆိုးများသည် တပ်များရှေ့တွင် မားမားမတ်မတ်ရပ်တည်နေခဲ့ကြသည်။
အသွေးအသားဖြင့် ခိုင်ခံ့သော အတားအဆီးတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
ယင်းသို့ ဆက်တိုက် စည်းစည်းရုံးရုံးပါဝင်ခဲ့ခြင်းဖြင့် ဤအင်အားကြီး မျိုးနွယ်စုသည် လုံးလုံးလျားလျား ပျက်စီးလုနီးပါး ဖြစ်ခဲ့ကာ အသက်ရှင် ကျန်ရစ်သူများပင် လုံးလုံး မောပန်းနွမ်းနယ်နေခဲ့သည်။ ထိုသို့ မျိုးသုဥ်းလုနီးဆဲဆဲဖြစ်နေသောအခြေအနေနှင့်ရင်ဆိုင်နေရသောကြောင့် သံကဲ့သို့ အေးစက်မာကြောသော နှလုံးသားရှိသည့် အရိုးဖြူမိန်းမပျိုကနောက်ထပ်အမိန့်များ ထပ်မံပေးရန် စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သို့သော် မမျှော်လင့်ဘဲ ဆင်နတ်ဆိုးများသည် အမှန်တကယ်ပင် လိုလိုလားလား ရပ်တည်လိုကြသည်။
“အရှင်ဆင်ဘုရင်… ရှင်…” အရိုးဖြူအမျိုးသမီးက မဝံ့မရဲပြောသည်။
ဆင်ဘုရင်က ခေါင်းကို ညင်သာစွာ ခါယမ်းကာ လျင်မြန်စွာ ချဉ်းကပ်လာသော နတ်ဆိုးစစ်တပ်ကို ကြည့်၍ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"အရှင်မ…ကျုပ်သားတွေ၊ ကျုပ်တူတွေ… နောက်ပြီး ဆင်နတ်ဆိုးမျိုးနွယ်စုက ယောက်ျားသားတွေအားလုံးက တိုက်ပွဲမှာ ကျရှုံးသွားပြီးတကယ် သေကုန်ကြတယ်။ ကျုပ် သူတို့ သေသွားတာကို ကြည့်ရုံပဲ ကြည့်နေနိုင်ခဲ့တာ အခု ကျုပ်အလှည့်ရောက်ပြီ"
ဆင်ဘုရင်က ခေတ္တရပ်ပြီးမှဆက်ပြောသည်။
"ဖြစ်နိုင်ရင် အရှင်မက ကျုပ်တို့ အလောင်းတွေကို ပြန်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်တို့ရဲ့ အရိုးစုတွေကို အဲ့နတ်ဆိုးတွေအတွက် ဆုဖလားတွေ မဖြစ်စေချင်ဘူး"
အရိုးဖြူမိန်းမပျိုက ရုတ်တရက် မည်သို့ပြန်ပြောရမည်ကိုမသတိတော့သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဆင်ဘုရင်က ပြုံးပြပြီးနောက် ရှေ့တန်းဘက်သို့ လှည့်ကာ လျှောက်သွားသည်။သူ့နောက်တွင် ဒါဇင်များစွာသော ဒဏ်ရာရ ဆင်နတ်ဆိုးများစွာက ဖြည်းညှင်းစွာ လျှောက်လာသည်။
မိုးက ပိုသည်းထန်လာခဲ့သည်။
ဆင်ဘုရင်က ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်သောအခါ သူ့အသံကြားသည်နှင့် ဆင်များထံမှ နားစည်ကွဲလုနီးသော ကြုံးဝါးသံထွက်ပေါ်လာသည်။ အရိုးဖြူမိန်းမပျိုက ဤသီချင်းသည် ဆင်နတ်ဆိုးများ၏ စစ်သီချင်းဖြစ်သည်ကို သိသည်။
အစပြုသည်နှင့် သေသည်တိုင်အောင် အဆုံးမရှိပေ။ အရိုးဖြူမိန်းမပျိုသည် အနည်းငယ်တုန်ခါကာ အသက်ပြင်းပြင်းရှူ၍ အမိန့်ပေးလိုက်သည်။
ထို့နောက် ထိုမြို့တံခါးများအတွင်းမှ မြွေနတ်ဆိုးများ၊ ကျားနတ်ဆိုးများနှင့် ဝံပုလွေနတ်ဆိုးများ အားလုံး ထွက်လာကြသည်။ ဤနတ်ဆိုးများအားလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်းတို့၏မျက်နှာများက တည်ငြိမ်အေးချမ်းနေပေသည်။
"အရှင်မ၊ မြွေနတ်ဆိုးမျိုးနွယ်စုက တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ"
" ကျားနတ်ဆိုးမျိုးနွယ်စုကလည်း တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ"
"ဝံပုလွေနတ်ဆိုးမျိုးနွယ်စုက တိုက်ခိုက်ဖို့ အဆင်သင့်ပဲ"
“…”
ရုတ်တရက် အရိုးဖြူမိန်းမပျို၏မျက်လုံးများက ပူနွေးလာသည်ကို ခံစားလိုက်ရကာ သူမ၏ ခြောက်သွေ့နေသော မျက်လုံးအိမ်ထဲမှ မျက်ရည်ပူများ စီးကျလာသည်။
‘ထူးဆန်းလိုက်တာ’
‘ငါ ငိုနိုင်တဲ့အရည်အချင်းမှရှိတော့ဘူးမလား’
‘ဒီအရည်တွေက ဘာတွေလဲ’
‘ဒီအရူး မိတ်ဆွေတွေကြောင့်လား’
‘သေရမှကို ကောင်းကောင်းသိပေမယ့် ရှေ့ကို ဆက်တိုးနေကြတာ’
‘တကယ်မိုက်မဲတာပဲ’
‘ဒါပေမယ့်… သူတို့က လူမိုက်တွေဆိုရင်တောင် နတ်ဆိုးတွေရဲ့လက်ထဲမှာတော့ မသေသွားသင့်ဘူး’
လေနှင့် မိုးများက တပ်များကြားထဲသို့ ဖြတ်သွားပြီးနောက် နက်မှောင်သော ကောင်းကင်ဆီသို့ ရွေ့လျားသွားသည်။
အရိုးဖြူမိန်းမပျိုက အသက်ပြင်းပြင်းရှူကာ သူမ၏လက်ထဲတွင်ကိုင်ထားသော အရိုးဓားကို ဖြည်းညှင်းစွာ မြှောက်၍ ရှေ့သို့ညွှန်လိုက်သည်။
"တပ်သားအားလုံး ကျွန်မနောက်ကိုလိုက်ခဲ့ကြပါ"
နတ်ဆိုးစစ်တပ်က ရေလွှမ်းမိုးသကဲ့သို့ တဟုန်ထိုး ချီတက်လာသည်။ ဆင်နတ်ဆိုးများက ဟိန်းဟောက်၍ ၎င်းတို့၏ အသွင်သဏ္ဍာန်အမှန်ကို ထုတ်ဖော်ခဲ့သည်။
သို့သော် ထိုအခိုက်အတန့်၌ပင် မီတာများစွာမြင့်သော ဧရာမတိုင်ကြီးများထက် မြင့်မားသော ဆင်ကြီးများက ငိုကြွေးမြည်တမ်းကာ ဖြည်းညှင်းစွာလဲကျလျက် ဘယ်သောအခါတွင်မှ ပြန်ထမလာနိုင်ကြတော့ပေ။
ဆင်ဘုရင်၏ခန္ဓာကိုယ်က အကြီးဆုံးဖြစ်ကာ နတ်ဆိုးအများစုက သူ့ခြေဖဝါးအောက်၌သေဆုံးသွားကြသည်။ သူ့အမျိုးအနွယ်များအားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကိုမြင်သောအခါ ဆင်ဘုရင်က ၎င်းတို့ကို ကယ်တင်ရန် ဒေါသဖြင့်ကြုံးဝါးလျက် အပြေးအလွှားကြိုးစားခဲ့သည်။
နတ်ဆိုးများက သူ့ကို ဆက်လက်မချီတက်နိုင်စေရန် အတင်းဝိုင်းရံထားကြသည်။ ထိုသို့
ပရမ်းပတာများကြားတွင် နတ်ဆိုးများစွာသည် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူကာ ဒဏ်ရာဗလပွ ကြီးမားသောခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များကို ချန်ထားခဲ့သည်။
ဆင်ဘုရင်၏ လှုပ်ရှားမှုများက တဖြည်းဖြည်း နှေးကွေးလာသည်။ ဤရက်များအတွင်း အဆုံးမဲ့တိုက်ပွဲများသည် သူ၏နောက်ဆုံးစွမ်းရည်ကို ဆုတ်ယုတ်စေခဲ့သည်။ ယခု ခွန်အားကုန်ဆုံးသောအခါ ဒေါသကြောင့်သာဆက်လက် အသက်ရှင်နေခြင်းဖြစ်သည်။
"ဒီဆင်ဘုရင်က ကြာကြာမထိန်းနိုင်တော့ဘူး၊ သူ့အစွယ်တွေက အဖိုးတန်ပစ္စည်းတွေပဲ" နတ်ဆိုးက သေခါနီး နိမိတ်လက္ခဏာများကို သတိပြုမိသောအခါ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ချက်ချင်းဆိုသကဲ့သို့ပင် တိုက်ခိုက်မှု၏ ပြင်းထန်မှုများက တဟုန်ထိုး တိုးမြင့်လာသည်။ ဆင်ဘုရင်က သူဆက်လက် တိုက်ခိုက်နိုင်တော့မည်မဟုတ်ကြောင်း သိသည်။
ထိုအချိန်တွင် နတ်ဆိုးတစ်ကောင်သည် ဆင်ဘုရင်၏ အနားသို့ တိတ်တဆိတ် လှုပ်ရှားကာ ခိုးဝင်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသာ ထိမှန်သွားလျှင် ဆင်ဘုရင် လဲကျသွားမည်မှာသေချာသည်။ လဲကျသွားပြီးသည်နှင့် သူဘယ်သောအခါမှ ပြန်လည် မတ်တပ်ရပ်နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်သွားကာ နတ်ဆိုးကို နှစ်ခြမ်းခွဲပစ်လိုက်သည်။
“အရှင်မ…” ဆင်ဘုရင်က အံသြစွာ စိုက်ကြည့်နေသည်။
အရိုးဖြူအမျိုးသမီးက သူ့ကို ဖျတ်ခနဲ ပြုံးပြကာ လျင်မြန်သော ထိုးနှက်ချက်အနည်းငယ်ဖြင့် သူမရှေ့မှ နတ်ဆိုးများစွာကို သတ်ပစ်လိုက်သည်။
မျက်လုံးတစ်ဖက်သာရှိသော ကျားနတ်ဆိုးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
“ဆင်ငတုံးကြီး သာမန်နေ့တွေမှာ ငါတို့မင်းတို့ကိုအမြဲ ခံခိုင်းလိုက်တာ။အခု ဒီအချိန်က ငါ့အလှည့်ပဲ”
“ကျားနတ်ဆိုးဘုရင်…” ဆင်ဘုရင်က တိုးတိုးလေး ညည်းညူ၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ကြောင်ကြီး၊ မင်းမသေသေးဘူးလား"
"မသေနိုင်ဘူး၊ နောက်ထပ် နတ်ဆိုးအနည်းငယ်ကို အရင်သတ်ရမယ်" ကျားနတ်ဆိုးက လက်သည်းတစ်ချောင်းဖြင့် နတ်ဆိုး၏ဦးခေါင်းကို ထိုးစိုက်ကာ ထူးမခြားနားပြောလိုက်သည်။
ဤမြင်ကွင်းက ရှေ့တန်းတိုတင်းတွင်ဖြစ်လေ့ရှိသောအရာမျိုးပင်ဖြစ်သည်။
မူလက ပြင်းထန်သော နတ်ဆိုးတိုက်ခိုက်မှုသည် ဤတိုက်ပွဲဒဏ်ရာများရှိထားသော မဟာမိတ်များကို မည်သို့မျှ အသာစီးမရနိုင်ခဲ့ပေ။ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေသို့ ရောက်သွားသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အောင်ပွဲ၏အလေးချိန်က နတ်ဆိုးများဘက်သို့ တဖြည်းဖြည်း ကိုင်းညွတ်လာသည်။ နတ်ဆိုးမျိုးနွယ်စု၏မဟာမိတ်များက ရဲဝံ့စွာတိုက်ခိုက်ခဲ့သော်လည်း ထိုမျှကြီးမားသောကွာဟချကို ဖြည့်နိုင်မည်မဟုတ်ပေ။
အသေအပျောက်များ လျင်မြန်စွာတိုးလာသော်လည်း မည်သူကမျှ ခြေတစ်လှမ်းမျှပင် ဆုတ်ခွာခြင်းမရှိပေ။
ထိုအချိန်တွင် ကျားနတ်ဆိုးဘုရင်က မောပန်းနွမ်းနယ်နေချိန် နတ်ဆိုးတစ်ကောင်သည် ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် အနောက်ဘက်မှ ချဉ်းကပ်လာခဲ့သည်။ သို့သော် နတ်ဆိုးသည် ၎င်း၏အကြံအစည်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခင်၌ ဆင်နတ်ဆိုးမျိုးနွယ်စုမှ ချီတက်လာသော ဆင်နတ်ဆိုးတစ်ကောင်ထံ၌ နင်းခြေခြင်းခံခဲ့ရသည်။
ကျားနတ်ဆိုးဘုရင်က ပြုံးလိုက်သည်။
"ကျေးဇူးပဲ"
ထိုစကားများထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် များစွာသော နတ်ဆိုးတိုက်ခိုက်မှုများက ကျားနတ်ဆိုး၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်လိုက်သည်။ ကျားနတ်ဆိုးက အောက်သို့ငုံ့ကြည့်လိုက်ပြီးနောက် မျက်လုံးများဝေဝါးလာသည်။
“အစင်းကျားကြောင်ကြီး” ဆင်ဘုရင်က လှမ်းအော်ကာ ပြေးလာသည်။
သို့သော် ကျားနတ်ဆိုးဘုရင်က ရယ်ရုံသာရယ်မောလိုက်၏။
“ဆင်ဘုရင်… ငါသွားပြီ”
ထိုသို့ဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လျင်မြန်စွာဖြင့် ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားသည်။ ခိုးဝင်တိုက်ခိုက်ခဲ့သောနတ်ဆိုးက အောင်မြင်မှုကြောင့်ရင်ခုန်နေသော်လည်း ကျားနတ်ဆိုးဘုရင်က နောက်ဆုံးအခိုက်အတန့်တွင် မိမိကိုယ်၊ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖောက်ခွဲရန် ရွေးချယ်မည်ဟု မထင်ထားခဲ့ပေ။
နတ်ဆိုးက ထိုပေါက်ကွဲမှုကြောင့်လွင့်စင်သွားသည်။ ၎င်းက ထုံးတမ်းအစဥ်အလာတစ်ခုဖြစ်နေသကဲ့သို့ ရှေ့တန်းရှိ ကောင်းကင်ယံထက်၌ ကြီးကျယ်ခမ်းနားသောမီးရှူးမီးပန်းများဖြင့် တောက်ပနေခဲ့သည်။
၎င်းတို့သည် မိမိကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်ခဲ့သည့် နတ်ဆိုးမျိုးနွယ်စု၏ အဖွဲ့ဝင်များဖြစ်သည်။
ဤမြင်ကွင်းကို သူမမြင်လိုက်ရသောအခါတွင် အရိုးဖြူမိန်းမပျို၏ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာသည်။
“အရူးတွေ…လူမိုက်တွေ ဘာလို့ နောက်ပြန်မဆုတ်ကြတာလဲ… ဘာလို့…”
ဤအချိန်၌ တိုက်ပွဲကပြီးလုနီးနေပြီဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စု၏ မဟာမိတ်တပ်များသည် ဆယ်ပုံတစ်ပုံမျှသာ အသက်ရှင်ကျန်ခဲ့ကာ ဆိုးရွားစွာ ဆုံးရှုံးခဲ့ကြရသည်။
သို့သော် ဤနတ်ဆိုးများက ၎င်းတို့အား လုံး၀မသတ်နိုင်ဟု ထင်မှတ်နေကြသည့်အလား ရူးသွပ်စွာ ရှေ့သို့ ပြေးနေဆဲဖြစ်သည်။
"အရှင်မ ကျေးဇူးပြုပြီး ကျုပ်တို့နတ်ဆိုးမျိုးနွယ်စုက ကျန်တဲ့သူတွေကို နောက်ဆုတ်ဖို့ လမ်းပြပေးပါ” မြေခွေးအကြီးအကဲက အော်လိုက်သည်။
"ကျွန်မမသွားဘူး။ ဒီနေ့သေတဲ့အထိ တိုက်ဖို့ပဲရှိတယ်”
“ဒါပေမယ့်…”
"ဒါပေမယ့်ဆိုတာတွေမရှိဘူး။ ဒီမှာ သေရတာက နောက်ဆုံးတော့လည်း အရမ်းဆိုးတဲ့အဆုံးသတ်တော့မဟုတ်နေဘူးပဲလေ…” အရိုးဖြူမိန်းမပျိုက ပြုံး၍ပြောသည်။
အခန်း(၅၁၃) နတ်ဆိုးနဂါး ယဲ့ချင်ကျန်း
နတ်ဆိုးစစ်တပ်က ထပ်မံချီတက်လာသည်။
အရိုးဖြူမိန်းမပျိုနှင့် အခြားနတ်ဆိုးများသည် တသွင်သွင်စီးဆင်းနေသော မြစ်ရေထဲမှ အချိန်မရွေး ပြိုကျသွားနိုင်သည့် သစ်ပင်များနှင့်တူသည်။
"အရှင်မ အခု ထွက်သွားရမယ်။ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်” မြေခွေးအကြီးအကဲက နောက်ထပ်တစ်ကြိမ် အကြံပေးခဲ့သည်။
အရိုးဖြူမိန်းမပျိုက အကြောင်းမပြန်ဘဲ သူမ၏လက်ထဲတွင် အရိုးဓားကို ကိုင်ဆောင်ရန် ခွန်အားရှိသမျှ အားစိုက်ထုတ်ကာ နတ်ဆိုးတစ်ဒါဇင်ကျော်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်လိုက်ပြီးနောက် သူမ၏မျက်နှာက ဖြူဖက်ဖြူလျော်ဖြစ်နေသည်။ မြေခွေးအကြီးအကဲက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးနောက် သိမ်းသွင်းခြင်းက အချည်းအနှီးဖြစ်နေသည်ကို သိလိုက်သဖြင့် အံကြိတ်ကာ ပြင်းထန်သောတိုက်ပွဲတွင် ပါဝင်ခဲ့သည်။
သို့သော် ထိုအချိန်တွင် နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် အော်လိုက်သည်။
“ကောင်းကင်ကိုကြည့်ကြ”
အရိုးဖြူမိန်းမပျိုနှင့် အခြားနတ်ဆိုးများက ကောင်းကင်ယံထက်သို့ မျှော်ကြည့်လိုက်ကြသည်။ အမှောင်ထုကိန်းအောင်းနေသော ကောင်းကင်ကြီးထက်တွင် နတ်ဆိုးများပျံဝဲနေသည်ကိုမြင်လိုက်ကြရသည်။
ဤနတ်ဆိုးများသည် မြေပြင်ရှိ နတ်ဆိုးများထက် ပို၍စွမ်းအားကြီးသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင်
၎င်းတို့က စစ်မြေပြင်ကို ဖြတ်ပြေး၍ အုပ်စုနှစ်ခုခွဲကာ အလယ်၌ လမ်းကြောင်းတစ်ခုခင်းလိုက်သည်။
လင်းတနက်သုံးကောင်က ဆွဲချီလာသော ဧရာမရထားလုံးကြီး ဖြည်းညှင်းစွာချဉ်းကပ်လာသည်။
ရထားလုံးပေါ်တွင် ထိုင်နေသည်မှာ ချောမော၍ အဆင့်မြင့်သော နတ်ဆိုးတစ်ကောင်ပင်ဖြစ်သည်။ သူ၏နေရာမှ အောက်တွင်ရှိနေသော စစ်မြေပြင်ကို ငုံ့ကြည့်ပြီးနောက် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“အံ့သြစရာပဲ။ မင်းတို့ အခုချိန်ထိ ထိမ်းထားနိုင်ကြတယ်ပေါ့”
သူ့အသံက တ ဖြည်းဖြည်း ပဲ့တင်ထပ်သွားသည်။ မြေပြင်ပေါ်ရှိ နတ်ဆိုးများက ဒူးထောက်ကာ ကောင်းကင်ယံကို ဦးညွတ်လိုက်ကြသည်။
ဤအဖြစ်အပျက်က အရိုးဖြူအမျိုးသမီး၏ အမူအရာကို ပို၍ ဆိုးရွားသွားစေသည်။
“ရှင်က ဘယ်သူလဲ”
“ငါလား” အဆင့်မြင့်နတ်ဆိုး၏ နှုတ်ခမ်းများက ဂုဏ်ယူစွာဖြင့် ကွေးသွားသည်။
“ငါက တော်ဝင် နတ်ဆိုးနဂါးမျိုးနွယ်စုက တပ်မှူးပဲ။ မင်း ငါ့ကို ယဲ့ချင်ကျန်းလို့ခေါ်လို့ရတယ်”
နတ်ဆိုးနဂါး…
အရိုးဖြူမိန်းမပျို၏ မျက်လုံးများက သိသိသာသာ ကျဉ်းသွားသည်။ နတ်ဆိုးနဂါးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မျိုးနွယ်စုဖြစ်ကာ ဤလျှို့ဝှက်နယ်မြေအတွင်း၌ပင် ရှားပါးကြောင်း သူမသိသည်။
ယဲ့ချင်ကျန်း၏ အသွင်အပြင်ကိုကြည့်လျှင် သူ အသွင်ပြောင်းနိုင်ခဲ့သည်မှာ ကြာနှင့်ပြီဖြစ်ကြောင်း သိနိုင်သဖြင့် သူ၏ ခွန်အားက နားမလည်နိုင်ဖွယ်ကောင်းသည်။
"အမှန်အတိုင်းပြောရရင် မင်းတို့အားလုံးကိုငါလေးစားတယ်။ တကယ်လို့ မင်းတို့က အရှုံးပေးချင်တယ်ဆိုရင် ငါမင်းတို့အသက်ကို သက်ညှာပေးဖို့စဥ်းစားပေးနိုင်တယ်။ နောက်ဆုံးတော့လည်း မင်းက ငါတို့နဲ့ မျိုးနွယ်တူ နတ်ဆိုးမျိုးနွယ်စုကပဲလေ။ ဘယ်လိုလဲ” ယဲ့ချင်ကျန်းက ဘာသိဘာသာပြောလိုက်သည်။
အရိုးဖြူမိန်းမပျိုက အေးစက်စွာ လှောင်ရယ်လိုက်သည်။
“အရှုံးပေးရမယ်ဟုတ်လား။ ပြီးတော့ ဘာလဲ။ ရှင်တို့ နတ်ဆိုးတွေရဲ့ ခွေးတွေဖြစ်လာပြီး ကျွန်မတို့မျိုးဆက်တွေအတွက်နေခဲ့တဲ့ ဇာတိမြေကို ရှင်တို့ကို ငွေလင်ပန်းပေါ်တင်ပြီးဆက်သရမှာလား”
“အသန်မာဆုံးက အောင်နိုင်သူပဲဆိုတဲ့ တော်တွင်းဥပဒေကိုသိလား။ အဲ့တာ မပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ။ နတ်ဆိုးမျိုးနွယ်စုဝင်တွေအနေနဲ့ ဒါကို နားမလည်ကြဘူးလား” ယဲ့ချင်ကျန်း၏အသံက အေးစက်သွားသည်။
"ဒါ ရှင့်အတွက်အမှန်တရားဆိုပေမယ့် ကျွန်မတို့အတွက်တော့မဟုတ်ဘူး”
ယဲ့ချင်ကျန်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“ဆိုတော့ မင်းတို့က လုံးဝ လက်နက်မချဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ထားတယ်ပေါ့”
အရိုးဖြူမိန်းမပျိုက သူ့လက်အောက်ငယ်သားများကို လှည့်ကြည့်လိုက်သည်။
နတ်ဆိုးအပေါင်းတို့က ကဲ့ရဲ့ရယ်မောလိုက်ကြ၏။
ထို့နောက် ဝံပုလွေနတ်ဆိုးတစ်ကောင်သည် ယဲ့ချင်ကျန်းကို လက်ခလယ်ထောင်ပြကာ ပြောလိုက်သည်။
“နဂါးလေး ငါတို့ မင်းသဘောအတိုင်း လက်နက်ချဖို့ထက် တိုက်ပွဲမှာပဲ သေလိုက်မယ်ကွ”
ယဲ့ချင်ကျန်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါဆို မင်းတို့ သေရလိမ့်မယ်"
သူ့စကားအဆုံး၌ နတ်ဆိုးစစ်တပ်သည် အမိန့်ကိုတုံ့ပြန်၍ အရိုးဖြူမိန်းမပျိုတို့ဆီသို့ တိုက်ရိုက်ချီတက်လာကြသည်။ အရိုးဖြူမိန်းမပျိုက ၎င်းတို့၏နောက်ဆုံးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေသော သူမ၏ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ပခုံးချင်းယှဉ်ရပ်နေသည်။
သို့သော် ထိုအချိန်၌ နှင်းပွင့်များက ကောင်းကင်ယံထက်မှ ရုတ်တရက်လွင့်ပျံလာကာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို နှင်းများ ဖုံးလွှမ်းသွားသည်။
ဘာဖြစ်တာလဲ
ဘာကြောင့် ရုတ်တရက် နှင်းတွေကျနေတာလဲ။
ရုတ်တရက် ဤနှင်းပွင့်များသည် တညီတညွတ်တည်း ပေါက်ကွဲထွက်လာ၍ အံ့သြဖွယ်ကောင်းသော ဓားချီကို ထုတ်လွှတ်ကာ ဓားချီပင်လယ်ကြီးဖြစ်လာသဖြင့် နတ်ဆိုးမျိုးနွယ်က ခေတ္တ အံ့အားသင့်သွားသည်။
ဤဓားချီများသည် အရိုးဖြူမိန်းမပျိုနှင့် အခြားနတ်ဆိုးများကို အနည်းငယ်မျှ ထိခိုက်စေခြင်းမရှိဘဲ
နတ်ဆိုးစစ်တပ်ဆီသို့ ပစ်မှတ်ထားကာ ဦးတည်သွားသည်။
သတ္တု ပေါက်ကွဲသံများစွာထွက်ပေါ်လာပြီးနောက် ထိုနတ်ဆိုးများသည် ဤဓားပင်လယ်ကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိဘဲ ခုတ်ပိုင်းခံရ၍ အမှုန်အဖြစ် ပြောင်းလဲသွားသည်။ ရထားလုံးပေါ်၌ လျစ်လျူရှု့သောအမူအရာဖြင့်ထိုင်နေသော ယဲ့ချင်ကျန်းက ယခုအခါတွင် ဒေါသနှင့် တုန်လှုပ်မှုများဖြင့် ပြောလိုက်သည်။
“ဘယ်သူလဲကွ”
"မင်းကိုသတ်မယ့်သူ" တည်ငြိမ်သောအသံတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာကာကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ထို့နောက် လင်းယုန် ဒါဇင်ပေါင်းများစွာက ကောင်းကင်ယံ၌ ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် အနီးနားသို့ရောက်လာကြသည်။
ကြီးမားသော လင်းယုန်ငှက်ကြီး၏ ထိပ်တွင် ရွှယ်အန်းက သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်လျက် မတ်တပ်ရပ်နေသည်။
ယဲ့ချင်ကျန်း၏မျက်လုံးများက ထိတ်လန့်မှုနှင့် မသေချာမှုများဖြင့် ပြည့်နှက်နေသည်။
အကြောင်းသည်ကား…
သူက ရွှယ်အန်း၏ခွန်အားကိုမမြင်နိုင်သောကြောင့်ပင်ဖြစ်သည်။
ဤလူသည် လူသားဟုထင်ရသော်လည်း သူထုတ်လွှတ်သော ရောင်ဝါသည် အလွန်အံ့အားသင့်စဖွယ်ကောင်းလှသဖြင့် အသေးအမွှားမဟုတ်ကြောင်း ထင်ရှားသည်။
"မင်းကဘယ်သူလဲ" ယဲ့ချင်ကျန်းက အသံနက်ကြီးဖြင့် မေးလိုက်သည်။
သို့သော် ရွှယ်အန်းက သူ့ကို ဂရုမစိုက်ဘဲ တစ်ဖက်သို့လှည့်ကာပြောလိုက်၏။
“ရှောင်ရှ ဒီကောင်က နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတာပဲ”
သူ့စကားနှင့်အတူ ရှောင်ရှကို သယ်ဆောင်လာသော လင်းယုန်ကြီးက ပျံတက်သွားကာ ယဲ့ချင်ကျန်း၏ အနီးသို့ကပ်၍ အကဲခတ်ကြည့်ပြီးနောက်ခေါင်းညိတ်လိုက်သည်။
"သခင် သူကနတ်ဆိုးနဂါး"
အစပိုင်းတွင် ယဲ့ချင်ကျန်းက ဂရုမစိုက်သော်လည်း ရှောင်ရှကိုမြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီးနောက်ငြိမ်သက်သွားသည်။
သူသည် ဤကဲ့သို့ ဖြူစင်သော ရောင်ဝါရှိသော နဂါးမျိုးနွယ်ဝင်တစ်ဦးကို တစ်ခါမျှ မမြင်ဖူးပေ။ အထူးသဖြင့် ရှောင်ရှက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားပြီးနောက် သူမ၏ လှပသောအလှတရားသည် ယဲ့ချင်ကျန်းကို နက်ရှိုင်းစွာ စွဲဆောင်ခဲ့သည်။
နဂါးများ၏သဘောသဘာဝက တဏှာရမက်ပြင်းထန်လှကာ ယဲ့ချင်ကျန်းသည်လည်း ချွင်းချက်မဟုတ်ေပ။ ရှောင်ရှကိုကြည့်နေသော သူ၏အကြည့်များက တက်မက်စိတ်များကိန်းအောင်းနေကာ နေရာ၌ပင် နှာခေါင်းသွေးလျှံလုနီးနီးဖြစ်နေသည်။
ရှောင်ရှက သဘာဝအတိုင်း ယင်းကို ခံစားလိုက်ရသဖြင့် သူမ၏ မျက်ခုံးမွှေးများက တဖြည်းဖြည်း ကော့တက်လာကာ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။
“ငါ့ကို ဆက်ကြည့်နေရင် မယုံမရှိနဲ့ နင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်”
ယဲ့ချင်ကျန်းက အသိပြန်လည်လာပြီးနောက် အောင်ပွဲခံကာ ရယ်မောလိုက်သည်။
“ကျောက်လုံလေးတစ်ကောင်က တော်ဝင်နတ်ဆိုးနဂါးသခင်ကို ဒီလိုစကားမျိုးပြောရဲတယ်ပေါ့ ကလေးမလေး ငါမင်းကို စိတ်ဝင်စားသွားမိပြီ။ ငါမင်းနဲ့ သေချာပေါက် ကောင်းကောင်းကြီး ကစားပေးမယ်… ဒါမှ မင်း …”
သူ့စကားမဆုံးခင် ရှောင်ရှက သူမနေရာမှ ပျောက်ကွယ်သွားခဲ့၍ သူမပြန်ပေါ်လာသောအခါတွင် ယဲ့ချင်ကျန်း၏ရှေ့တွင်ရောက်နေပြီဖြစ်ကာ သူမက လက်သီးတစ်ချက် ထိုးချလိုက်သည်။
ဘမ်း
ဤသိမ်မွေ့ပုံရသောကျောက်လုံက ဤမျှကြမ်းတမ်းစွာထိုးနှက်လိမ့်မည်ဟု ယဲ့ချင်ကျန်းက ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။ သူမ၏လက်သီးများက သူ့ခေါင်းညာဘက်တည့်တည့်သို့ထိမှန်ကာ ရထားလုံးပေါ်မှ ပြုတ်ကျသွားစေခဲ့သည်။
"အား… မင်းက စက်ဆုပ်စရာကောင်းတဲ့ကျောက်လုံပဲ။ မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့။… သေချင်နေတာပဲ ကောင်မ… ငါမင်းကို ငါ့ရဲ့ နဂါးကျွန်အဖြစ် တစ်သက်လုံးပြောင်းပစ်မယ်… မင်း ငါ့ဆီမှာ တစ်သက်လုံး…” ယဲ့ချင်ကျန်းက လေထုထဲသို့ပျံတက်ကာ ဒေါသမီးတောက်လောင်၍ လက်တုံ့ပြန်တော့မည့်အခိုက်၌
ရှောင်ရှက မယုံနိုင်စဖွယ်ကောင်းလောက်အောင် မြန်ဆန်သော အလျင်ဖြင့် ထပ်မံချီတက်၍ မိုးကဲ့သို့ နောက်ထပ် လက်သီးချက်များ ပေါ်လာသည်။
ဘမ်း
ဤလက်ချက်ကြောင့် ယဲ့ချင်ကျန်းက ဝေဟင်မှ မြေပြင်သို့ တိုက်ရိုက် ကျသွားကာ လူသားပုံသဏ္ဍာန် မြေတွင်းတစ်ခု ဖြစ်သွားသည်။ သို့မှသာ ရှောင်ရှက တင်ပါးနှစ်ဖက်ပေါ် လက်တင်လျက် လေထုအလယ်၌ မတ်တပ်ရပ်၍ အေးစက်စွာပြောလိုက်သည်။
“ဒီအဆင့်နဲ့ နင် ငါ့ကို နှောက်ယှက်ရဲသေးတာလား”
မြင်ကွင်းက သေလုနီးနီး တိတ်ဆိတ်သွားသည်။ လူများက စိုးမိုးနိုင်စွမ်းကြီးသော ရှောင်ရှကို ထိတ်လန့်စွာကြည့်နေကြသည်။ အရိုးဖြူမိန်းမပျိုက သူ့ဘေးနားရှိ မြွေမိစ္ဆာဘုရင်ကို အံ့အားသင့်စွာပြောလိုက်၏။
"ဒီ... ဒီမိန်းမငယ်လေးက တကယ်ပဲ ကျောက်လုံလား"
မြွေနတ်ဆိုးဘုရင်က ခေါင်းညိတ်လိုက်သည်။
"မမှားပါဘူး၊ သူ့မှာရှိတဲ့ ရောင်ဝါက ကျောက်လုံရဲ့ရောင်ဝါမျိုးပဲ။ နောက်ပြီး သူက အပြင်လောကက တောရိုင်းကျောက်လုံတစ်ကောင်ဖြစ်မယ်ထင်ရတယ်”
"ဒါဆို သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေတာလဲ" အနီးနားရှိနတ်ဆိုးက တအံ့တသြမေးလိုက်သည်။
"ဖြစ်နိုင်တာက...ဒီလူကြောင့်ပဲ"
အရိုးဖြူမိန်းမပျိုက လင်းယုန်ကြီးထိပ်တွင် ရပ်နေသော ရွှယ်အန်းကို ကြည့်ရန် ခေါင်းမော့လိုက်သည်။
ထိုစဥ် ရွှယ်အန်းက ထိုနတ်ဆိုးများကို ငုံ့ကြည့်လိုက်သောအခါ
၎င်းတို့ အကြည့်ချင်းဆုံသွားသည်။