အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အခန်း(၅၁၇) မင်္ဂလာပါ။ ကျွန်မနာမည် ကျန်းမေ့အာပါ
နောက်နှစ်ရက်က ပုံမှန်အတိုင်းသာ ကုန်လွန်သွားခဲ့သည်။ ထမင်းစားချိန်သို့ရောက်ရှိလာသောအခါ နတ်ဆိုးစစ်သားများက အစားအစာများပို့ဆောင်ရန် ရောက်ရှိလာကြသည်။
အစားအသောက်များက အရသာရှိသည်ဟုဆို၍မရနိုင်သော်လည်း အတန်အသင့်တော့ ကောင်းမွန်သည်။
ပို၍ အရေးကြီးသည်မှာ ဝေ့ရူယန်နှင့် ရှီကျင်းကျင်းတို့ ချုပ်နှောင်ထားသည့် အကျဉ်းခန်းကို ၎င်းတို့၏ ကစားစရာများကို ရွေးချယ်ရန် ရောက်လာသော နတ်ဆိုးများက မေ့သွားပုံရသည်။
ထို့ကြောင့် အစမှအဆုံးထိ မည်သည့်နတ်ဆိုးကမျှ ၎င်းတို့ကို အနှောက်အယှက်ပေးခြင်းမရှိခဲ့ပေ။
ဝေ့ရူယန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
နောက်ဆုံးတွင်မူ လူတစ်ယောက်က အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ရှိနိုင်သေးသည်။
သို့သော် သူမ၏ အကောင်းမြင်ဝါဒနှင့် ဆန့်ကျင်ဘက်အနေဖြင့် ရှဲ့ကျင်းကျင်းက တစ်နေ့တခြားပိုမို စိတ်ပျက်အားငယ်လာသည်။
သူမ၏အမြင်အရ အကယ်၍ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင်ရှိနေပါက အခြေအနေအနည်းငယ်ပိုကောင်းနိုင်သည်ဖြစ်ကာ အနည်းဆုံးအနေဖြင့် အစ်ကိုဖြစ်သူ ရွှယ်အန်းက သူ့ကို ကူညီနိုင်မည်ဖြစ်သည်။ ယခုမူ သူမသည် ဤနတ်ဆိုးနယ်မြေသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ရွှယ်အန်းက သူမကို ကယ်တင်ချင်လျှင်ပင် ရှာတွေ့နိုင်မည်မဟုတ်ပေ။
ထို့အပြင်၊ အပြင်ဘက်တွင် ဒဏ္ဍာရီများတွင်သာ ကြုံတွေ့ရမည့် နတ်ဆိုးများနှင့် ပြည့်နေသည်။
ဤသို့သော အခြေအနေမျိုးတွင် ရှဲ့ကျင်းကျင်းက မည်ကဲ့သို့ စိတ်ဓာတ်မကျဘဲ နေနိုင်လိမ့်မည်နည်း။
ထိုနေ့တွင် ဝေ့ရူယန်သည် မြေသားနံရံတွင် ဆဋ္ဌမမြောက် အမှတ်အသားကို ထွင်းထုလိုက်သောအခါ၊
၎င်းတို့၏ အခန်းတံခါးကရုတ်တရက်ပွင့်သွားသည်။
ထို့နောက် နတ်ဆိုးစစ်သားအများအပြားက ရုတ်တရက် ဝင်လာသည်။
ရှဲ့ကျင်းကျင်းသည် ကြောက်ရွံ့မှုနှင့်အတူ အရောင်ဖျော့သွားကာ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေလျက်ဖြင့် တုန်ယင်နေသည်။ ဤဿည်ကို မြင်သောအခါ
ဝေ့ရူယန်က သူမရှေ့တွင် အမြန်ရပ်၍ အေးစက်စွာပြောလိုက်သည်။
“ရှင်တို့ဘာလုပ်ချင်လို့လဲ”
ထို့နောက် အမျိုးသမီးတစ်ဦး၏ ရယ်သံကြားလိုက်ရကာ အီဇုမိနိုရီကိုက လမ်းလျှောက်ဝင်လာသည်။
“မိန်းကလေးရူယန် ဒီမှာနေတာရက်နည်းနည်းကြာပြီဆိုတော့ နေရတာအသားကျနေပြီလား”
လူသားအဖြစ် အသွင်ယူထားသော ဤနတ်ဆိုးကို ဝေ့ရူယန်က ကြည့်၍ ဦးရေပြားများတောင့်တင်းသွားသကဲ့သို့ခံစားလိုက်ရသော်လည်း တည်ငြိမ်မှုကိုထိန်းထားကာ ပြန်ပြောလိုက်သည်။
“မင်းဘာလိုချင်လို့လဲ”
"အိုး၊ ဘာမှအများကြီးမဟုတ်ပါဘူး၊ မင်းကို ပိုကောင်းတဲ့နေရာကို ဖိတ်ချင်လို့ပါ"
ပိုကောင်းတဲ့နေရာလား။
ဝေ့ရူယန်က မျက်မှောင်ကြုတ်လိုက်သည်။
“မလိုပါဘူး ဒီမှာတင် တော်တော် ကောင်းပါတယ်”
အီဇုမိ နိုရီကိုက ခေါင်းယမ်းကာ အေးစက်စွာပြောသည်။
"မင်းနားလည်မှုလွဲနေပြီထင်တယ် ငါမင်းနဲ့ ညှိနှိုင်းဖို့ ဒီကိုရောက်လာတာမဟုတ်ဘူး။ ငါမင်းကို အမိန့်ပေးနေတာ။ မင်းနားလည်လား မိန်းကလေးရူယန်”
ဝေ့ရူယန်က တိတ်ဆိတ်နေ၏။
ဤနတ်ဆိုးများနှင့် စကားပြောခြင်းသည် အချည်းနှီးဖြစ်သည်ကို သူမသိသည်။
သို့သော် ရှဲ့ကျင်းကျင်းက ကြောက်လန့်တကြားထအော်လိုက်သည်။
"မဟုတ်ဘူး၊ ငါမသွားချင်ဘူး.. အစ်မရူယန် ညီမကို အခုသတ်လိုက်ပါ"
ဤသတ္တဝါများက သူမကို ခေါ်ထုတ်ကာ နတ်ဆိုး၏ ကစားစရာအရုပ်တစ်ခုဖြစ်လာစေရန် လုပ်တော့မည်ဖြစ်ကြောင်း သူမအခိုင်အမာထင်မှတ်ထားသည်။
အီဇုမိ နိုရီကိုကမျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
“ဝေ့ရူယန် ငါမင်းကိုလေးစားတယ်။ ဒါပေမယ့် ဒီမိန်းမကဆက်ပြီး အော်နေမယ်ဆိုရင် ငါသူ့ကို နတ်ဆိုးနဂါးသခင်ဆီ အခုပဲ သွားပစ်လိုက်မယ်”
“ကျင်းကျင်း မကြောက်ပါနဲ့။ အစ်မရှိတယ်နော်။ သူက အစ်မတို့ကို ကစားစရာဖြစ်အောင်လုပ်ဖို့မဟုတ်လောက်ပါဘူး။ သူ့နောက်လိုက်သွားပြီး တကယ်ဘာလိုချင်လဲဆိုတာ လိုက်ကြည့်ရအောင်”
ရှဲ့ကျင်းကျင်းက အော်နေရာမှရပ်၍ တုန်တုန်ယင်ယင် ခေါင်းညိတ်လိုက်သည်။
ဝေ့ရူယန်သည် သူမ၏ တစ်ခုတည်းသော ပံ့ပိုးကူညီမှု ရင်းမြစ်ဖြစ်သည်။
"ငါ့နောက်လိုက်ခဲ့" အီဇုမိ နိုရီကိုက ပြော၍ လမ်းဘက်သို့လှည့်လိုက်သည်။
ဝေ့ရူယန်သည် ရှဲ့ကျင်းကျင်း၏ လက်ကို ဆုပ်ကိုင်၍ နောက်မှလိုက်သွား၏။ လမ်းလျှောက်သွားရင်းဖြင့် ၎င်းတို့က ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ကြသည်။
ဤနေရာသည် ယခင်က ကြီးလေးသော ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရန် အသုံးပြုခဲ့သည့် အကျဥ်းထောင်တစ်ခုဖြစ်ကြောင်းထင်ရှားသည်။ သို့သော် ယခု စွန့်ပစ်ခံထားရသည့်အလား ၎င်းတို့ကဲ့သို့လူများကို ထားထားသော်လည်း လုံခြုံရေးက မတင်းကျပ်ထားလှပေ။
ဤသည်ကိုတွေး၍ ဝေ့ရူယန်က သူမကိုယ်သူမ လှောင်ပြုံးပြုံးလိုက်မိသည်။
‘မတင်းကျပ်တော့ရော ဘာဖြစ်လဲ’
‘ငါတို့တကယ် ထွက်ပြေးနိုင်မှာမို့လို့လား’
အပြင်ဘက်တွင် သူမတို့ကို မျက်တောင်ခတ်စာအချိန်တိုအတွင်း သတ်ပစ်နိုင်မည့် နတ်ဆိုးများနှင့်ပြည့်နေသည်။ အကွေ့အကောက်များစွာကို လှည့်ပတ်သွားလာပြီးနောက်ဆုံးတွင် ၎င်းတို့ အားလုံး ထောင်ပြင်သို့ရောက်လာသည်။
အပြင်ဘက်၌ နေရောင်ခြည်က ပြီးပြည့်စုံလှသည်။ ဝေ့ရူယန်က လတ်ဆတ်သော လေကို နက်ရှိုင်းစွာရှုရှိုက်ကာ သူမ၏ ရင်ဘက်ထဲမှ တင်းကြပ်မှုက သိသိသာသာ လျော့နည်းသွားကဲ့သို့ ခံစားလိုက်ရသည်။
ရှဲ့ကျင်းကျင်းပင်လျှင် ဤအခိုက်အတန့်တွင် ပိုမိုစိတ်စုစည်းနိုင်လာသည့်ပုံပေါ်သည်။
အီဇုမိ နိုရီကို၏နောက်တွင် နတ်ဆိုးများစွာက ခေါင်းငုံ့နှုတ်ဆက်လျှင် နှုတ်ဆက် မနှုတ်ဆက်လျှင် သူမနာမည်ကို ခေါ်ကြသည်။
နတ်ဆိုးများစွာက ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းကို စူးစမ်းကြည့်နေကြသည်။
အဝေးသို့ လျှောက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်က ပိုမိုလှပလာကာ အဆောက်အဦများကလည်း ပို၍ ခမ်းနားလာသည်။
နောက်ဆုံးတွင်
အီဇုမိ နိုရီကိုသည် ပန်းခြံအလယ်တွင် တည်ဆောက်ထားသော အိမ်ရှေ့တွင် ရပ်လိုက်သည်။
"ငါ့နောက်လိုက်ခဲ့"
သူမက အထဲသို့ဝင်သွားသည်။
ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းတို့သည် အကြည့်ချင်းဖလှယ်ကြကာ တိတ်တဆိတ် လိုက်ကြသည်။
အတွင်းခန်းကို ခမ်းနားစွာ အလှဆင်ထားသည့်အပြင် အိမ်အကူက တစ်ဒါဇင်ကျော်ခန့်ရှိသည်။ ဤအိမ်ဖော်များအားလုံးက လူသားမျိုးနွယ်မှဖြစ်ကြကာ သူမဝင်လာသောအခါအနည်းငယ်တုန်ယင်သွားကြသည်။
"အခုချိန်ကစပြီး ဒီနေရာက မင်းတို့ နေရမယ့်နေရာပဲ၊ နားလည်လား"
ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းနှစ်ယောက်လုံး အံ့သြသွားကြသည်။
‘ဒီမှာနေရမှာလား’
ဤနေရာသည်ပတ်ဝန်းကျင် အုတ်ဂူများထက် များစွာသာလွန်ကြောင်း ဝန်ခံရပေလိမ့်မည်။ သို့သော် ဤနတ်ဆိုးများက မည်သို့ကြံစည်နေကြသနည်း။
၎င်းတို့အံ့သြထိတ်လန့်နေကြစဥ်တွင် အီဇုမိ နိုရီကိုက အိမ်အကူများကိုပြောလိုက်သည်။
“သူတို့ကို ရေချိုးဖို့ခေါ်သွား”
အိမ်အကူများက ရှေ့သို့လှမ်းလာကာ အမျိုးသမီးနှစ်ယောက်ကို အနောက်သို့ခေါ်သွားသည်။
နောက်ဘက်အခန်းတွင် ပူပူနွေးနွေး သစ်သားရေကန်ကြီး နှစ်လုံးရှိသည်။
ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းနှစ်ယောက်လုံး နားမလည်နိုင်ဖြစ်နေကြသည်။
သို့သော် ရေချိုးရန် သွေးဆောင်မှုကို မခံနိုင်ကြပေ။
နောက်ဆုံးတွင်မူ ယခင်က ၎င်းတို့နှစ်ဦးလုံးက တစ်နေ့တွင် အနည်းဆုံး နှစ်ကြိမ်မျှရေချိုးလေ့ရှိသည်။ အဖမ်းခံခဲ့ရပြီးကတည်းက အနည်းဆုံးခုနှစ်ရက် ရှစ်ရက်ခန့် ရေမချိုးနိုင်ခဲ့ကြခြင်းဖြစ်ရာ သန့်ရှင်းမှုကို နှစ်သက်သော မိန်းကလေးနှစ်ဦးဖြစ်သဖြင့် ဤအရာက သည်းမခံနိုင်ချင်စရာကောင်းလှသည်။
အဆုံးတွင်မူ ၎င်းတို့က အံကြိတ်ကာ အီဇုမိ နိုရီကိုက မည်သို့လုပ်ရန်စီစဥ်ထားစေကာမူ၊ အရင်ဆုံး ရေချိုးရန် ဆုံးဖြတ်လိုက်ကြသည်။
နှစ်ယောက်သား လန်းဆန်းစွာ ရေနွေးပူပူနှင့် ရေချိုးပြီးသည်နှင့် အိမ်ရှေ့သို့သွားရန် အဝတ်အစားများလဲကြသည်။
အီဇုမိ နိုရီကိုက ထွက်သွားသည်မှာကြာနှင့်ပြီဖြစ်သည်။
အိမ်အကူများသည် လက်ဖက်ရည်နှင့် မုန့်များကို ၎င်းတို့အားဂရုတစိုက်ကြွေးမွေးကြသည်။
ဒီနတ်ဆိုးတွေက ဘာလုပ်ချင်တာလဲ။
လက်ဖက်ရည်သောက်ရင်း မုန့်တွေစားရင်းဖြင့်ထိုင်နေကြစဥ် အီဇုမိ နိုရီကိုက အခြားသော အမျိုးသမီးအများအပြားကို ဦးဆောင်ကာ ရောက်လာကြသည်။
ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းမော့ကြည့်ကာ အံ့အားသင့်သွားရပြန်သည်။
ရောက်ရှိလာသော အမျိုးသမီးအားလုံးသည် ရင်သပ်ရှုမောဖွယ် အလှပဂေးများဖြစ်နေ၏။
အီဇုမိ နိုရီကိုက ၎င်းတိုကို ရေချိုးရန် နောက်ဘေးသို့ သွားခိုင်းပြန်သည်။
ကျင်းကျင်းက ဝေ့ရူယန်၏ နားနားသို့တိုးကာ တိတ်တဆိတ်ပြောလိုက်သည်။
“အစ်မရူယန် ဒီမိန်းကလေးတွေ… သူတို့က နတ်ဆိုးမျိုးနွယ်ကထင်တယ်”
ဝေ့ရူယန်က ခေါင်းညိတ်လိုက်သည်။
“အစ်မလည်း သတိထားမိတယ်။ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရအောင်”
ခဏအကြာတွင် ဤနတ်ဆိုးအလှလေးများအားလုံးက ရေချိုးပြီးဆီဂကာ ထွက်လာကြသည်။
အီဇုမိ နိုရီကိုက ၎င်းတို့ကို ခပ်ပါးပါးပြုံးပြလိုက်သည်။
“ခုဏက အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ ဒီနေ့ကစပြီး ဒီအိမ်က မင်းတို့အတွက် အစားအသောက်၊ အဝတ်အစား၊ အမိုးအကာနဲ့ သယ်ယူပို့ဆောင်ရေး အစစအရာရာကိုထောက်ပံ့ပေးမယ့်နေရာပဲ။ မင်းတို့အားလုံး နေရတာ စိတ်ချမ်းသာမယ်လို့မျှော်လင့်ပါတယ်”
ထိုသို့ဖြင့် အီဇုမိ နိုရီကိုက လှည့်ထွက်သွားသည်။
နတ်ဆိုးမျိုးနွယ်စုမှ အလှမယ်များသည် ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းကို ကြည့်ကြသည်။
၎င်းတို့ထဲမှ အလှဆုံးမဟုတ်သော်လည်း ကျက်သရေအရှိဆုံး အမျိုးသမီးက မေးလိုက်၏။
“မင်းတို့က… လူသားမျိုးနွယ်ကလား”
ဝေ့ရူယန် ခေါင်းညိတ်လိုက်သည်။
နတ်ဆိုးမျိုးနွယ်စုကောင်မလေးကခါးသက်စွာပြုံးလိုက်သည်။
“ဒီနတ်ဆိုးတွေက လူသားမျိုးနွယ်ကလူတွေကိုတောင် ဖမ်းမယ်လို့ မထင်ထားခဲ့ဘူး”
ထို့နောက် သူမက လက်ကိုဆန့်ထုတ်ကာ ယဥ်ကျေးစွာပြောသည်။
"ဟယ်လို၊ ငါ့နာမည် ကျန်းမေ့အာပါ တစ်ချိန်က ရေသားရဲမျိုးနွယ်စုရဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့ဖူးတယ်"
ဝေ့ရူယန်က အနည်းငယ် ထိတ်လန့်သွားပြီးမှ သူမ၏ လက်ကိုလည်းဆန့်ထုတ်လိုက်သည်။
“ကျွန်မနာမည်က ဝေ့ရူယန်ပါ။ ဒါက ကျွန်မ ညီမ ရှဲ့ကျင်းကျင်းပါ”
မိတ်ဆက်ပြီးနောက် ဝေ့ရူယန်က ဤနတ်ဆိုးမျိုးနွယ်စုအလှများသည် တကယ်တမ်းတွင် နတ်ဆိုးမျိုးနွယ်စုအသီးသီးမှ မင်းသမီးများဖြစ်ကြောင်း သိလာရသည်။
ဥပမာအားဖြင့် အသက်အငယ်ဆုံးမိန်းကလေးသည် အသွင်အပြင် အပြည့်အဝမဖွံ့ဖြိုးသေးသော်လည်း မယုံနိုင်လောက်အောင် လှပနေသည့် မြေခွေးမျိုးနွယ်စုမှ မင်းသမီးလေးဖြစ်သည်။
အခန်း(၅၁၈) နတ်ဆိုးမျိုးနွယ်စု တပ်မှူးချုပ်
သု့န်ပင်စီရင်စုရှိ နတ်ဆိုးတို့၏ အခြေစိုက်စခန်းရှေ့တွင်ဖြစ်သည်။ အရိုးဖြူမိန်းမပျိုအပါအဝင် နတ်ဆိုးမျိုးနွယ်စုဝင်များက အတန်ငယ် စိတ်လှုပ်ရှားနေကြပုံပေါ်သည်။
ယဲ့ချင်ကျန်း၏ အသွင်ပြောင်းထားသော ရှောင်ရှက ဦးဆောင်သည့်ခရီးသည် ယခုအချိန်တွင် ငြိမ်းချမ်းနေကာ ထူးခြားခြင်းမရှိပေ။
သို့သော် ယခုအခါတွင် ၎င်းတို့က ဗဟိုအကျဆုံးနေရာဖြစ်သည့် နတ်ဆိုးများစုဝေးရာနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
“သခင် ကျွန်မတို့ဝင်လိုက်ကြမလား” ရှောင်ရှက ခပ်တိုးတိုးမေးသည်။
ရွှယ်အန်းက မျက်လုံးကို အနည်းငယ်မှေး၍ သူ၏နတ်အာရုံကိုဖြန့်ကျက်ကာ စခန်းတစ်ခုလုံးကို လေ့လာကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကန့်သတ်ဧရိယာအနည်းငယ်မှလွဲ၍ ကျန်အရာများကို လျှို့ဝှက်နည်းပညာများဖြင့် ဖုံးကွယ်ထားသည်။
ရွှယ်အန်းက သူ၏ နတ်အာရုံကို ပြန်လည်ရုတ်သိမ်းရန် ပြင်ဆင်နေချိန်တွင် အလွန်ကျယ်ပြောသော နတ်အာရုံတစ်စခုက စခန်းတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"တားမြစ်နယ်မြေထဲကို မင်းရဲ့နတ်အာရုံနဲ့ ကြည့်ရဲတာ ဘယ်ကောင်လဲကွ။ မင်းတကယ်သေချင်နေတာပဲ” ထို မာန်တက်နေသော နတ်အာရုံက အော်လိုက်ရာ ရွှယ်အန်းကို တိုက်ရိုက်ထိမှန်သွားသည်။
ရွှယ်အန်း၏နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက မရှောင်တိမ်းဘဲ ထို နတ်အာရုံနှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်ထားသည်။
နတ်အာရုံများကြားတိုက်ခိုက်ခြင်းက အလွန်အန္တရာယ်များသည်။ ခြေတစ်လှမ်းမှားခြင်းကပင် လုံးဝပျက်စီးခြင်းသို့ ရောက်နိုင်သည်။
ထို့ကြောင့် ရွှယ်အန်း၏ မရှောင်တိမ်းရန် ဆုံးဖြတ်ချက်သည် မူလက ဒေါသထွက်နေသော နတ်အာရုံကို တုံ့ဆိုင်းသွားစေကာ စတင်ဆုတ်ခွာရန်ပြင်လိုက်သည်။
“မင်းကဒေါသတကြီးအော်နေပြီး အခုတော့ ပြန်ဆုတ်ပြေးဖို့ စဥ်းစားနေပြီလား”
ရွှယ်အန်းက အေးစက်စွာပြော၍ ၎င်းနောက်သို့ တိုက်ရိုက်လိုက်လိုက်သည်။
ရွေးချယ်ရန်မရှိသော နတ်အာရုံက လှည့်ကြည့်၍ ရွှယ်အန်းနှင့် ထိပ်တိုက်တွေ့လိုက်သည်။
ဘမ်း
မျက်စိဖြင့် မမြင်နိုင်သော တုန်လှုပ်ဖွယ်လှိုင်းလုံကြီးက စခန်းအထက်မှ ပျံ့နှံ့သွားသည်။ အောက်မှ နတ်ဆိုးအချို့၏ ဦးခေါင်းများက ချက်ချင်းပေါက်ကွဲထွက်လာကာ အချို့သော နတ်ဆိုးများ၏ မျက်နှာများက
ဖြူဖျော့၍ ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားသည်။
ဘာတွေဖြစ်နေကြတာလဲ။
ဘာလို့ ဒီလောက် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ လှိုင်းလုံးမျိုးရှိနေတာလဲ။
ရွှယ်အန်းနှင့် ထိပ်တိုက်တွေ့ပြီးနောက် အပြည့်အဝဖျက်ဆီးခံရလုနီးနီးအခိုက်၌ နတ်အာရုံကကြေကွဲဖွယ်ရာကောင်းစွာ အော်ဟစ်လိုက်ကာ ၎င်း၏ ကျန်ရှိသော ဝိဉာဥ်ကြိုးမျှင်မျှသာ ပြန်ပါသွားခဲ့သည်။ ရွှယ်အန်းက အေးစက်စွာရယ်မော၍ သူ၏နတ်အာရုံကို ရုတ်သိမ်းလိုက်သည်။
မှန်သည်။ ဤကိစ္စကို ရှောင်ရှနှင့် အခြားသူများက မသိခဲ့ကြပေ။ သူ၏နတ်အာရုံကို ရုတ်သိမ်းလိုက်ပြီးနောက် ရွှယ်အန်းက မျက်လုံးများကို ဖွင့်လိုက်သည်။
“မြို့ထဲ တစ်ခါတည်းသွားရအောင်”
ရှောင်ရှက အုပ်စုလိုက် နတ်ဆိုး ခံတပ်ကို ဖြည်းညှင်းစွာဦးဆောင်လာသည့်ဟန်ဖြင့် ကျန်ရှိသော နတ်ဆိုးမျိုးနွယ်စုများက နောက်မှလိုက်လာကြသည်။
အချိန်တစ်ခုကြာသောအခါ
စခန်း၏အလယ်ဗဟိုတွင်ရှိသော စာသင်ခန်းတစ်ခုတွင်၊ ရုပ်ဆိုးသောမျက်နှာထားဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ သွေးစိမ်းတစ်လုတ်ကို ထွေးထုတ်၍ အမူအရာသည်လည်း လျင်မြန်စွာ ညှိုးနွမ်းသွားသည်။
“လူကြီးမင်းကြိုးကြာ ဘာကိစ္စရှိလို့လဲ” တပ်မှုး ယဲ့ယွီဖုန်းက ဤသည်ကိုမြင်သောအခါ ထိတ်လန့်တကြားအော်လိုက်သည်။
လူကြီးမင်းကြိုးကြသည် တပ်မှူးယဲ့ယွီဖုန်း၏ ဝန်ထမ်းအရာရှိဖြစ်ကာ နတ်ဆိုးဝိသေသလက္ခဏာများဖြင့် အသွင်ပြောင်း အင်မော်တယ်ကြိုးကြာတစ်ကောင်ဖြစ်၍ သူ၏ မွေးရာပါစွမ်းရည်ကြောင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများတွင် အလွန် အရည်အချင်းရှိသည်။
ဤလျို့ဝှက်နယ်မြေကို ဝင်ရောက်စဥ်တွင် လူကြီးမင်းကြိုးကြာဆိုသူက အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ နတ်အာရုံကျွမ်းကျင်သူများစွာကို ဖယ်ရှားပစ်ခဲ့သည်။
သူသည် သာမန်နေ့များတွင် ဤပင်မအခြေစိုက်စခန်းကို ကာကွယ်သူလည်းဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ သူက ရုတ်တရက် သွေးများအန်ထွက်လာသည်။
လူကြီးမင်းကြိုးကြာက သူ့လက်ကို အားလျော့စွာ ဝှေ့ယမ်း၍ ယဲ့ယွီဖုန်းကို ပြောလိုက်သည်။
“တပ်မှူး ကျုပ်အဆင်ပြေပါတယ်။ ကျုပ်ရဲ့နတ်အာရုံတစ်ခု ဖျက်ဆီးခံလိုက်ရပြီး ဒဏ်ရာတချို့ရခဲ့တာပါ။ ဒါပါပဲ”
ယဲ့ယွီဖုန်း၏ မျက်နှာက မည်းမှောင်သွားသည်။
“ခင်ဗျားရဲ့နတ်အာရုံကိုတောင် အန္တရာယ်ပေးနိုင်တာ ဘယ်သူလဲ”
လူကြီးမင်းကြိုးကြာ၏ မျက်လုံးထဲ၌ ထိတ်လန့်မှုတစ်ခု ဖြတ်ပြေးသွားပြီးနောက် ခါးသက်စွာပြုံး၍ ခေါင်းခါလိုက်သည်။
“မသိဘူး။ ဒါပေမယ့် ကျုပ်တို့ ခု တိုက်ခဲ့တဲ့တိုက်ပွဲကနေသိလိုက်ရတာက ဒီလူရဲ့နတ်အာရုံက နားမလည်နိုင်တဲ့ သမုဒ္ဒရာတစ်ခုလိုပဲ။ တကယ်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ဆိုတာ ကျုပ်သိလိုက်ရတယ်"
"သခင်လေးက မနက်ဖြန်ရောက်တော့မှာ။ အခုအချိန်မှာ ကျုပ်တို့ ဘာမှလွဲလို့မရဘူး။ ဒါ့ကြောင့် တပ်မှူးချုပ် ခင်ဗျား ကျုပ်တို့ ခံစစ်ကို ခိုင်မာအောင်လုပ်ရမယ်”
ယဲ့ယွီဖုန်းကခေါင်းညိတ်လိုက်သည်။
“လူကြီးမင်းကြိုးကြာပြောတာ ပညာရှိလှပါပေတယ်။ နယ်မြေကို ကင်းလှည့်ဖို့ တပ်မှူးတော်တော်များများကို ကျုပ်အမိန့်ပေးစေလွှတ်ထားပြီးပြီ။အဲ့လို ကြောက်ဖို့ကောင်းတဲ့ရန်သူသာ ကျူးကျော်လာရင် အဲ့တာက တစ်လမ်းသွားခရီးတစ်ခုဖြစ်သွားမှာ သေချာတယ်”
လူကြီးမင်းကြိုးကြာက ဆက်ပြောချင်နေသေးသော်လည်း အပြင်မှ နတ်ဆိုးစစ်သားတစ်ယောက်၏ သတင်းပေးပို့မှုကိုကြားလိုက်ရသည်။
“နဂါးနတ်ဆိုးတပ်မှူး သခင် ယဲ့ချင်ကျန်း ပြန်လာပါပြီ”
ဤသတင်းကိုကြားသောအခါ ယဲ့ယွီဖုန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီအသုံးမကျတဲ့အမှိုက်၊ သူက အပြင်မှာ တကယ်မသေသေးဘူးပေါ့"
“တပ်မှူအားလုံးကို အစည်းအဝေးလာတက်ဖို့အကြောင်းကြားလိုက်”
“ဟုတ်ကဲ့ပါ တပ်မှူးချုပ်”
နတ်ဆိုးစစ်သားက သတင်းစကားပို့ရန်ပြန်ထွက်သွားသည်။
မကြာခင်၌ ဌာနချုပ်တွင်ရှိသော တပ်မှူးများအားလုံးပြေးလာကြသည်။
ယဲ့ယွီဖုန်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ယဲ့ချင်ကျန်းကိုခေါ်လိုက်”
ရှောင်ရှသည်ယခု နတ်ဆိုးနဂါးသခင်ဖြစ်နေပြီဖြစ်သောကြောင့်ရှေ့ဆုံးတွင်ရပ်နေသည်။ ရွှယ်အန်းက သူမနောက်၌ ရပ်နေ၏။
သို့သော် ရှောင်ရှက အလွန်စိတ်ညစ်လျက်ရှိသည်။ ထိုနေရာ၌ရပ်နေစဥ် ဖြတ်သွားသော နတ်ဆိုးများအားလုံးသည် သူမအား ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
အထူးသဖြင့် မာန်တက်နေကြသည့် နတ်ဆိုးနဂါးသခင်များဖြတ်သွားသောအခါ သူတို့၏ မျက်နှာများတွင် အထင်အမြင်သေးမှုများ ပြည့်လုနီးပါး ဖြစ်နေသည်။ ယင်းကြောင့် ရှောင်ရှက အလွန်အမင်းဒေါသထွက်လျက်ရှိကာ ယခုချက်ချင်းပင် ထိုသူများ၏ ခေါင်းကို လိမ်ချိုးချင်စိတ်ပေါက်နေသည်။
ရှောင်ရှ၏ စိတ်တိုဒေါသထွက်မှုကို မြင်လိုက်ရသဖြင့် ရွှယ်အန်းက စကားတစ်ခွန်းတည်း ခပ်တိုးတိုးပြောလိုက်သည်။
“စောင့်”
ရှောင်ရှ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီးနောက် ခေါင်းကိုငုံ့၍ အခြားမည်သည့်အတွေးကိုမျှမတွေးဝံ့တော့ပေ။
ထိုအချိန်တွင် နတ်ဆိုးစစ်သားတစ်ယောက် ထွက်လာကာ ရှောင်ရှကို ပြုံးပြလိုက်သည်။
"တပ်မှူးယဲ့ တပ်မှူးချုပ်က ဝင်လာခဲ့ပါတဲ့”
ရှောင်ရှက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏ စိတ်ထဲမှ ဒေါသထွက်မှုကို ထိန်းကာ အထဲသို့ ဝင်သွားသည် ။
ရွှယ်အန်းက သူမနောက်မှလိုက်၍ ဝင်တော့မည့်အခိုက်တွင်…
နတ်ဆိုးစစ်သားက သူမကို တားရန် လက်ကို ဆန့်လိုက်၏။
"ဟေ့ မင်းဘာလုပ်နေတာလဲ၊ တပ်မှူးချုပ်က တပ်မှူးကိုပဲ ဝင်လာခိုင်းလိုက်တာ။ ကျန်တဲ့လူတွေအားလုံး အပြင်မှာစောင့်နေရမယ်"
ရွှယ်အန်းက ယဲ့ချင်ကျန်း၏ အခြေအနေက မည်မျှ သနားစဖွယ်ကောင်းနေကြောင်းတွေးတောကာ အနည်းငယ်ပြုံးလိုက်သည်။ စစ်သားတစ်ယောက်ကပင် သူကို အနိုင်ကျင့်ရဲသည်။ အခြားသူများအားလုံး အပြင်တွင် စောင့်ဆိုင်းသင့်သော်လည်း ယခုဝင်ရောက်လာသော နတ်ဆိုးနဂါးသခင်များအားလုံးသည် ၎င်းတို့၏ အခြွေအရံများကို ၎င်းတို့နှင့်အတူ ခေါ်ဆော်ငလာခဲ့သည်။
ရွှယ်အန်းက စကားစလုဆဲဆဲ၌ ရှောင်ရှက ရှေ့သို့တက်ကာ နတ်ဆိုးနဂါးကိုပါးရိုက်လိုက်ရာ
သုံးကြိမ်တိုင်တိုင် နေရာ၌ လည်သွားစေသဖြင့် ထိုသူက မျက်နှာကိုအုပ်၍ ရှောင်ရှကိုကြည့်လိုက်သည်။
“တပ်မှူး … ခင်ဗျား”
“မင်းဘာဖြစ်နေတာလဲ။ နောက်တစ်ခါ အဓိပ္ပါယ်မရှိတောတွေပြောရဲရင် ငါမင်းခေါင်းကို လိမ်ချိုးပစ်လိုက်မယ်ကွ။ သတိထားနေ” ရှောင်ရှက အေးစက်စွာပြောသည်။
နတ်ဆိုးစစ်သားက တကိုယ်လုံး တုန်လှုပ်သွားကာ အသံမထွက်ရဲတော့ပေ။ အဆင့်အတန်းကို အရေးပေးသော နတ်ဆိုးမျိုးနွယ်စုတွင် ယဲ့ချင်ကျန်းကဲ့သို့ တပ်မှူးက နတ်ဆိုးစစ်သားကို သတ်ခြင်းသည် ခြင်တစ်ကောင်ကိုသတ်ခြင်းနှင့် ထူးမခြားနားပင်ဖြစ်သည်။
ရှောင်ရှက အေးစက်စွာအော်ဟစ်ကာ ရွှယ်အန်းကို အခန်းထဲသို့ခေါ်သွားလိုက်သည်။ ကျယ်ဝန်းသောနေရာထဲသို့ဝင်လိုက်သောအခါ နှစ်ဖက်လုံးတွင် နတ်ဆိုးတပ်မှူး တစ်ဒါဇင်ကျော် မတ်တပ်ရပ်နေ၍ အားလုံးက ရှောင်ရှကို ရန်ငြှိုးဖွဲ့ကာကြည့်နေကြသည်။
စားပွဲနောက်တွင် အရပ်ရှည်ရှည်နှင့် သန်မာသော လူတစ်ယောက် ထိုင်နေသည်။
ရှောင်ရှက သူ့ကို တစ်ချက်ကြည့်၍ ရှေ့သို့တိုးလာကာ ယဲ့ချင်ကျန်း၏ မှတ်ဉာဏ်များအတိုင်းပြုမူသည်။
“ယဲ့ချင်ကျန်းက တပ်မှူးချုပ်ကို နှုတ်ဆက်ပါတယ်”
တပ်မှူးချုပ်က ကုလားထိုင်ပေါ်တွင်ထိုင်ကာ ရှောင်ရှကို တိတ်တဆိတ်ကြည့်နေသည်။
အခန်းက အလွန်တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် ယဲ့ယွီဖုန်းက နောက်ဆုံးတွင် အေးစက်သောလေသံဖြင့် ပြောလိုက်၏။
“ယဲ့ချင်ကျန်း ငါမင်းကို နတ်ဆိုးမျိုးနွယ်တွေကို အနိုင်ယူဖို့ လွှတ်လိုက်တာ။ မင်းဘာတွေရခဲ့လဲ”
“တပ်မှုးချုပ်ကို သတင်းပို့ပါတယ်။ ကျုံးရှန်းပြည်နယ်ကိုသိမ်းပိုက်လိုက်ပါပြီ။ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်က အပြင်းအထန်ခုခံခဲ့လို့ ကျွန်တော့် နတ်ဆိုးတွေ အကြီးအကျယ်ဆုံးရှုံးခဲ့ရတယ်။ ဒါ့ကြောင့် ပြန်လာပြီး အင်အားဖြည့်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး" ရှောင်ရှက လမ်းခရီးတွင် သူမတွေးခဲ့သော စကားအတိုင်း ပြောလိုက်သည်။
"ပြင်းပြင်းထန်ထန် ခုခံတယ်... ဟား ဟား " ယဲ့ယွီဖုန်းက ထိုင်ခုံပေါ်တွင်ပြန်လှဲကာ အကြိမ်အနည်းငယ် အေးစက်စွာ ရယ်မောလိုက်သည်။
သူလှောင်ရယ်သောအခါ အခန်းတွင်းရှိ တပ်မှူးများအားလုံးကလည်း အေးစက်စွာရယ်မောလိုက်ကြသည်။
အချို့က ရှောင်ရှကို သနားညှာတာစွာကြည့်နေကြသည်။
“အကြောင်းပြချက်တွေ များလိုက်တာ။ နောက်ဆုံးတော့ ဒါက ရှုံးနိမ့်မှုပဲမဟုတ်ဘူးလား” ယဲ့ယွီဖုန်းက ရုတ်တရက် အေးစက်သောအသံဖြင့် မေးလိုက်သည်။
“ယဲ့ချင်ကျန်း မင်း အပြစ်ကို မင်းသိလား”
အခန်း(၅၁၉) ဒါပေမယ့် ငါဘာမှားလို့လဲ
ဤမေးခွန်းသည် တစ်ခန်းလုံးကို နှုတ်ဆိတ်သွားစေသည်။
နတ်ဆိုးနဂါးသခင်များအားလုံး ရှောင်ရှကို လှည့်ကြည့်လိုက်ကြကာ အချို့က အေးစက်စွာ လှောင်ပြောင်ကြ၍ အချို့က သနားညှာတာလျက်ရှိကြသည်။
ရှောင်ရှက ခေါင်းမထောင်ဘဲ ဘာသိဘာသာလေသံဖြင့် ပြောလိုက်သည်။
“သခင် ကျွန်တော် ကျူးလွန်ခဲ့တဲ့ ပစ်မှုကိုမေးလို့ရမလား”
သူ၏ တုံ့ပြန်မှုက လူများစွာကို အံ့အားသင့်သွားစေခဲ့သည်။ အတိတ်က ယဲ့ချင်ကျန်းက ဤကဲ့သို့မဟုတ်ပေ။
တပ်မှုးချုပ် ယဲ့ယွီဖုန်းသည် အသက်ကြီးနေပြီဖြစ်သော ယဲ့ချင်ကျန်းကို ကျင့်ကြံရေးအဆင့်က နိမ့်လွန်းလှသောကြောင့် ကိစ္စအများစုတွင်ဖယ်ကြဥ်ထားကာ လုံးလုံးလျားလျား သဘောကျခြင်းမရှိခဲ့ပေ။ သို့သော် သူက မည်မျှပင် ဖယ်ကြဥ်၍ အနိုင်ကျင့်စေကာမူ ယဲ့ချင်ကျန်းသည် မည်သည့်အခါမှ ငြီးငြူစကားတစ်ခွန်းမျှ မပြောဝံ့ခဲ့ပေ။
ယခုအချိန်တွင်မူ တပ်မှူးချုပ်ကို မျက်နှာချင်းဆိုင် ပုန်ကန်ရဲသောကြောင့် လူတိုင်းက အံ့အားသင့်ကုန်ကြသည်။
ယဲ့ယွီဖုန်း၏ အမူအရာက ရေကဲ့သို့ ငြိမ်သက်နေသည်။
“ယဲ့ချင်ကျန်း မင်းက မျိုးရင်း နတ်ဆိုးမျိုးနွယ်စုကို သုတ်သင်ဖို့ မအောင်မြင်တဲ့အချက်ကိုဖယ်ထားလိုက်ရင်တောင် ငါ့ကို ပုန်ကန်နေတာကာ ကြီးလေးတဲ့ပစ်မှုပဲ”
ရှောင်ရှက ခေါင်းကိုမော့လိုက်ပြီးနောက် သူ့အမူအရာက ယခင်က အတိုင်း တည်ငြိမ်နေသည်။
“အို… သခင် ကျုပ် ခင်ဗျားကို ဘာလို့ ပုန်ကန်နေတယ်လို့ပြောတာလဲ။ ကျုပ်အပြစ်ကို သိလားမသိဘူးလားမေးတာ ခင်ဗျားအရင်ဆိုတာ သတိရပါ။ ကျုပ်မှာ ပြန်မေးခွင့်တောင်မရှိဘူးလား”
ရှောင်ရှ၏ ပြတ်သားသော တန်ပြန်မေးခွန်းက ယဲ့ယွီဖုန်း၏ မျက်နှာကို အစိမ်းမှ အဖြူသို့ပြောင်းသွားစေသည်။ သာမန်အားဖြင့် ကြောက်တတ်လေ့ရှိသော ယဲ့ချင်ကျန်းက သူ့အားဤကဲ့သို့ ပြန်ပြောရဲမည်ဟု အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် ဒေါသများ ပွက်ပွက်ဆူလာကာ သူ့ရှေ့မှစားပွဲကို ပြင်းထန်စွာရိုက်ချလိုက်သည်။
ဘမ်း
သံမဏိသားဖြင့်ပြုလုပ်ထားသော စားပွဲက လွှစာအဖြစ်ပြိုကျသွားသည်။
ဤအာဏာပြမှုက အခြားသော နတ်ဆိုးနဂါးအများအပြားကို ထိတ်လန့်သွားစေကာ စကားမပြောရဲဘဲ တညီတညွတ်တည်း ဦးညွှတ်နေခဲ့ကြသည်။ ရှောင်ရှသာလျှင် ဂုဏ်ယူစွာ မတ်တပ်ရပ်၍ ယဲ့ယွီဖုန်း၏ အကြည့်ကို မကြောက်မရွံ့ ကြည့်နေလေသည်။
အမှန်အတိုင်းဆိုလျှင် ရှောင်ရှသည် ယခင်က သူလှုပ်ရှားရန် ထိန်းချုပ်ထားရကတည်းက စိတ်မရှည်ဖြစ်နေခြင်းဖြစ်ကာ ယခု ယဲ့ယွီဖုန်းကသာ သူ့ကို ထပ်၍ ရန်စလာလျှင် သူမေ့နိုင်တော့မည်မဟုတ်သော သင်ခန်းစာတစ်ခု ပေးမိပေလိမ့်မည်။
ရွှယ်အန်းက ရှောင်ရှ၏ လုပ်ရပ်ကို မစွက်ဖက်ဘဲ အနောက်တွင် ငြိမ်သက်စွာ ရပ်နေသည်။
ဖမ်းဆီးခံရသော နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များနှင့် ဝေ့ရူယန်တို့ကို ကယ်တင်ရန် အဓိက အခြေစိုက်စခန်းသို့ ခိုးဝင်ခဲ့ကြခြင်းဖြစ်ကာ အကယ်၍ အရှိန်လွန်သွားပါက ရွှယ်အန်းသည် ဤလူများကို သတ်ပစ်၍ ဤကိစ္စကို အပြီးသတ်ရန် ကြံစည်ထားသည်။
လေထုက တင်းမာလာသည်နှင့်အမျှ တစ်လျှောက်လုံး တိတ်ဆိတ်နေသည့် အင်မော်တယ်ကြိုးကြာက ဝင်ပြောလိုက်သည်။
“တပ်မှူးချုပ်… ကျေးဇူးပြုပြီး ဒေါသကိုထိန်းပါဦး။ သခင်လေးက သိပ်မကြာခင်ရောက်လာပါတော့မယ်။ ဒီလိုအချိန်မျိုးမှာ တပ်မှူးတစ်ယောက်ကို သတ်ရတာ မလွယ်ပါဘူး။ နောက်ပြီး တပ်မှူးယဲ့က တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရှုံးလာတာမဟုတ်တော့… ဒီတစ်ကြိမ်တော့ တပ်မှူးချုပ်က သူ့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
လူကြီးမင်းအင်မော်တယ်ကြိုးကြာ၏ ရုတ်တရက် အသနားခံမှုကြောင့် ယဲ့ယွီဖုန်းအံ့အားသင့်သွားသည်။
“လူကြီးမင်း အင်မော်တယ်ကြိုးကြာ…”
အင်မောတယ်ကြိုးကြာက ယဲ့ယွီဖုန်းကို သိသာထင်ရှားစွာခေါင်းညိတ်ပြလိုက်သည်။
ယဲ့ယွီဖုန်းက အင်မော်တယ်ကြိုးကြာကို အမြဲတစေ လေးစားမှုရှိကာ ဤအမူအရာကိုမြင်သောအခါ သူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ။ လူကြီးမင်း အင်မော်တယ်ကြိုးကြာက မင်းအစား ကူပြောပေးတဲ့အတွက် ဒီတစ်ခါတော့ ငါမင်းကို အသက်ရှင်ခွင့်ပေးလိုက်မယ်။ ဒါပေမယ့် နောက်တစ်ခေါက်ရှိလာရင် ငါမင်းရဲ့ မျိုးဆက်တိုင်းကို ဖျက်ဆီးပစ်မယ်။ နားလည်လား”
ရှောင်ရှက သူ့စိတ်ထဲ အနည်းငယ် စိတ်ပျက်သွားသည့်အလား ခံစားလိုက်ရသော်လည်း ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဒီလက်အောက်ငယ်သား နားလည်ပါတယ်"
ယဲ့ယွီဖုန်းက အေးစက်စွာ နှာခေါင်းရှုတ်၍ ရှောင်ရှကို စိတ်မဝင်စားတော့ပေ။ ထို့နောက် ယဲ့ယွီဖုန်းက သခင်လေးရောက်ရှိလာခြင်းကို ကြိုဆိုရန် တာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့သည်။
တပ်မှူးအများအပြားက တာဝန်ပေးအပ်ခြင်းခံရကာ ထောင့်စွန်းတွင် လျစ်လျူရှုခံထားရသည့် ရှောင်ရှကိုမူ မေ့လျော့နေသည့်အလား ဥပက္ခာပြုထားကြသည်။
ရှောင်ရှက ခေါင်းငုံ့ထားလိုက်သည်။ အခြားသူများအတွက်မူ သူက ဤကိစ္စကို ခံစားနေသည်ဟုထင်ချင်စဖွယ်ဖြစ်နေသော်လည်း ယခုအချိန်တွင် ရှောင်ရှသည် ရွှယ်အန်းနှင့် ဆက်သွယ်ရန်အတွက် နတ်အာရုံကို အသုံးပြုနေခြင်းဖြစ်သည်။
“သခင် ကျွန်မတို့ ဘယ်လောက်ကြာကြာ ဆက်ကစားနေရမှာလဲ ပျင်းစရာကြီး၊ အသက်ရှူကြပ်လိုက်တာ"
"အလျင်စလိုမလုပ်နဲ့၊ မနက်ဖြန် ဘယ်သူဆိုလား.. သခင်လေး ရောက်လာလိမ့်မယ်လို့ သူတို့မပြောဘူးလား။ အဲ့ကောင်ကို အရင်ဖမ်းပြီး စကားပြောကြည့်ရအောင်”
“ကောင်းပြီ”
ရွှယ်အန်းက ရှောင်ရှကို စကားအနည်းငယ်ပြောကာ နှစ်သိမ့်ပေးလိုက်ပြီးနောက် သူ့အစားအသနားခံပေးခဲ့သည့် အင်မော်တယ်ကြိုးကြာဘက်သို့လှည့်ကြည့်လိုက်သည်။
စခန်းတံခါးအပြင်ဘက်တွင် သူ၏နတ်အာရုံနှင့် ထိပ်တိုက်တွေ့ခဲ့သူမှာ ဤပုဂ္ဂိုလ်မှတပါး အခြားသူမဟုတ်ကြောင်း သူအခိုင်အမာသိသည်။
‘တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ။ အသွင်ပြောင်းအင်မော်တယ်ကြိုးကြာဖြစ်နေတယ်”
‘အာ နတ်ဆိုးစွမ်းအားနဲ့ ပြောင်းထားတာထင်တယ်’
ရွှယ်အန်းက စိတ်ထဲမှ တွေးလျက်ရှိသည်။
အင်မော်တယ်ကြိုးကြာလူကြီးမင်းက တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် ခေါင်းကိုလှည့်လိုက်ရာ
ရွှယ်အန်း၏အကြည့်ကို တွေ့လိုက်ရသည်။
ရွှယ်အန်းက အနည်းငယ် ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။
ထိုလူကြီးမင်းက အနည်းငယ် အံ့ဩသွားပုံရသော်လည်း ကိစ္စအဝဝကို ကိုင်တွယ်ရာတွင် ချောမွေ့လွန်းသဖြင့် ယဉ်ကျေးစွာ ပြန်ပြုံးပြလိုက်သည်။
စစ်ရေးအစီအစဥ်များပြီးသောအခါနတ်ဆိုးနဂါးနယ်မြေ၏တပ်မှူးများအားလုံးထွက်ခွာသွားပြီးနောက် ယဲ့ယွီဖုန်းနှင့် အင်မော်တယ်လူကြီးမင်းတို့သာ ကျန်တော့သည်။
“ဆရာ ဒီအမှိုက်ကောင် ယဲ့ချင်ကျန်းကိုယ်စား ဘာလို့ အသနားခံချင်တာလဲ"
လူကြီးလူကောင်း ခပ်တိုးတိုးရယ်လိုက်သည်။
"သခင်၊ ယဲ့ချင်ကျန်းက ကျရှုံးပေမယ့် သူက အသုံးမဝင်တာတော့မဟုတ်ဘူး။ ဒီလိုအားနည်းတဲ့ကျင့်ကြံရေးအဆင့်နဲ့ တပ်မှူးတစ်ယောက်ဖြစ်လာနိုင်တာ နောက်မှာကျောထောက်နောက်ခံတစ်ခုခုရထားလို့ဖြစ်ရမယ်”
ဤသည်ကိုကြားသည်နှင့် ယဲ့ယွီဖုန်း၏မျက်နှာက တဖြည်းဖြည်းဖြူဖျော့သွားကာ သူ့အသံကတုန်ယင်လာသည်။
“ခင်ဗျားပြောချင်တာက…သခင်လေးလား”
သူကြောက်သည်မှာ မထူးဆန်းလှပေ။ အကယ်၍ ယဲ့ချင်ကျန်းသည် သခင်ငယ်နှင့် အမှန်တကယ် ဆက်စပ်နေပါက တပ်မှုးချုပ်သည် နာခံစွာဖြင့် သတ်သေရုံသာရှိတော့မည်ဖြစ်သည်။
လူကြီးမင်းက အားပါးတရရယ်၍ ခေါင်းခါလိုက်၏။
“အဲ့လောက်တော့လည်းမဟုတ်ပါဘူး။ ယဲ့ချင်ကျန်းက တစ်ချိန်က သခင်လေးနဲ့တွေ့ဖူးပြီး စကားနည်းနည်းပြောဖူးတဲ့သတင်းကို ကြားခဲ့ရဖူးတယ်။ နောက်ပြီး တပ်မှူးဖြစ်လာတာပဲ”
ထိုမှသာ ယဲ့ယွီဖုန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
အသိအကျွမ်းမျှသာ ဆိုလျှင်တော့ ယင်းက ပြဿနာမရှိလှပေ။
ယဲ့ယွီဖုန်းသည် ဤအဆင့်မြင့်ပုဂ္ဂိုလ်များကို ကောင်းစွာသိသည်။
စကားလုံးအနည်းငယ်ဖလှယ်ပြီးနောက် ၎င်းတို့နှင့်ရင်းနှီးလာပြီဟု သင်တို့က ထင်ကောင်းထင်လိမ့်မည်။ သို့သော် ၎င်းတို့က မျက်နှာလွှဲလိုက်ကြသည်နှင့် သင်မည်သူမည်ဝါဖြစ်ကြောင်း ၎င်းတို့မေ့သွားပေလိမ့်မည်။
နောက်ထပ် စကားပြောပြီးနောက် အင်မော်တယ်ကြိုးကြာက ထွက်ခွာရန်ထလာသည်။
သူ့အခန်းထဲပြန်သည့်လမ်းတစ်လျှောက်တွင် အစည်းအဝေး၌ သူ့ကိုပြုံးပြခဲ့သောသူ၏အကြောင်းကို ဆက်တိုက်တွေးနေမိသည်။
ထူးဆန်းတယ်။
‘အဲ့လူရဲ့အပြုံးနဲ့ ရောင်ဝါက ရင်းနှီးနေသလိုပဲ’
‘အရင်က သူ့ကို ဘယ်မှာတွေ့ဖူးလဲ’
ထိုအချိန်တွင် ရွှယ်အန်းနှင့်ရှောင်ရှက နတ်ဆိုးအုပ်စုနှင့်အတူ ယဲ့ချင်ကျန်း၏ ယခင်နယ်မြေသို့ပြန်သွားခဲ့သည်။
ဤတပ်စခန်းများ၏ ယုတ်ညံ့သော အခြေအနေကို မြင်လိုက်ရသောအခါ ရှောင်ရှအနည်းငယ် အံ့ဩသွားသည်။
"ဒီ ယဲ့ချင်ကျန်းက တကယ့်အမှိုက်ပဲ။ ငါတို့ရှေ့က ဖြတ်သွားတဲ့ အခြားတပ်မှူးတိုင်းမှာ ခမ်းနားတဲ့ နေအိမ်တွေရှိတာကို.. သူ့နေရာကျတော့ တကယ့် အစုတ်အပျက်ပဲ” ရှောင်ရှက မကျေမနပ် ငြီးတွားလိုက်သည်။
အိမ်ရာထဲသို့ရောက်သည်နှင့် မြင်ကွင်းက ပို၍ ဆိုးရွားလာသည်။
ယဲ့ချင်ကျန်းသည် တပ်မှူးချုပ်၏ မျက်နှာသာမရကြောင်း လူတိုင်းသိကြသဖြင့် သူ့နောက်လိုက်ခြင်းက အနာဂတ်မရှိကြောင်းကိုလည်းသိကြသည်။ ထို့ကြောင့် အရည်အချင်းရှိသူတိုင်းက ထွက်သွားရန် နည်းလမ်းရှာခဲ့ကြရာ ကျန်ရှိသူများသည် အများအားဖြင့် အသက်ကြီးသူ၊ အားနည်းသူ၊ ဖျားနာသူများ၊ သို့မဟုတ် ခေါင်းမာသော ဒုက္ခပေးသူများဖြစ်သည်။
ဤသည်မှာ ယခင် ယဲ့ချင်ကျန်းမှ အရိုးဖြူမိန်းမပျိုနှင့် အင်အားနည်းနေသောအဆင့်နိမ့်နတ်ဆိုးများကိုသာ သွား၍ အမိန့်ပေးနိုင်ရသည့်အကြောင်းဖြစ်သည်။ သို့သော် ယင်းကြောင့် အရိုးဖြူမိန်းမပျိုနှင့် နတ်ဆိုးမျိုးနွယ်စု၏ အခြားဒေသခံနတ်ဆိုးများအတွက် အသက်ရှူရန်ပင် ခက်ခဲစေခဲ့သည်။
ဤသို့မျှမဟုတ်ဘဲ အခြားတပ်မှုးတစ်ယောက်ကသာ တာဝန်ရှိခဲ့ခြင်းဖြစ်လျှင် အရိုးဖြူမိန်းမပျိုနှင့် သူ့မျိုးဆက်က ပျောက်ကွယ်သွားမည်မှာ ကြာနှင့်ပေလိမ့်မည်။
ရှောင်ရှဝင်လာသည်ကိုမြင်သောအခါ နံရံ၌ နှစ်ယောက်သုံးယောက်စုနေကြသည့် နတ်ဆိုးစစ်သားများက ခေတ္တလှမ်းကြည့်ကာ လုပ်လက်စအလုပ်များကို ဆက်လုပ်နေကြသည်။
သူ့ကိုနှုတ်ဆက်ရန် မည်သူမျှ မတ်တပ်မရပ်ကြပေ။ ရှောင်ရှက အလွန် ဒေါသထွက်ကာ ရယ်ရခက်ငိုရခက်ဖြစ်နေသည်။ ကောင်စီခန်းမသို့ရောက်သောအခါ ရှုပ်ပွနေသည့်မြင်ကွင်းကို မြင်လိုက်ရသဖြင့် မည်သူမျှ ရှင်းလင်းခြင်းမရှိကြောင်း သိသာလှသည်။
ရှောင်ရှနှင့်အခြားသူများက အတန်ကြာအောင်ထိုင်နေပြီးနောက် အသက်ကြီးကြီးနတ်ဆိုးစစ်သားတစ်ယောက်က ကျိုးပဲ့နေသော လက်ဖက်ရည်အိုးတစ်အိုးကို တုန်တုန်ယင်ယင်ကိုင်ကာ ရှောင်ရှအတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။