← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း(၅၃၂) ၅၃၂

နေ့လည် လေးနာရီ။

နံပါတ်တစ် ရှန် ဗီလာ အတွင်း

အန်းယန်က နံရံပေါ်က နာရီကို မော့ကြည့်ကာ စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“ထူးဆန်းတယ် ဟိုကလေးနှစ်ယောက်က ဘာလို့ အောက်ထပ်ကို မလာသေးတာလဲ”

"သူတို့ အိပ်ပျော်နေတုန်းထင်တယ်" ထန်ရွှမ်အာက ပြောသည်။

"ငါသွားစစ်လိုက်ဦးမယ်၊ နောက်ကျနေပြီကို သူတို့ အိပ်ပျော်နေတုန်းပဲ"

အန်းယန်ထ၍ အပေါ်ထပ်ကို တက်သွားသည်။

ဒုတိယထပ် ဧည့်ခန်းက ဗလာကျင်းနေကာ ကြမ်းပြင်ပေါ်တွင် အရုပ်မျိုးစုံ ပြန့်ကျဲနေသည်။

"ကစားပြီးတော့ အရုပ်တွေမသိမ်းကြဘူး တကယ်ပျင်းတဲ့ကြောင်နှစ်ကောင်"

အိပ်ခန်းတံခါးကိုဖွင့်လျက် အန်းယန်က ညည်းညူဆူပူလိုက်သည်။

“ရှန်းရှန်း၊ နျန်နျန် ထဖို့အချိန်တန်ပြီ၊ မကြာခင် မှောင်တော့မှဋ…”

ကျယ်ဝန်းသော အိပ်ရာထက်က လုံးလုံးလျားလျား ဗလာဖြစ်နေကာ ကောင်မလေးနှစ်ယောက်၏ အရိပ်အယောင်ကို သူမ လုံးဝမမြင်ရပေ။

"ထူးဆန်းတယ် အိပ်မနေရင် ဘယ်သွားနေတာလဲ" အန်းယန်က အနည်းငယ် အံ့ဩသွားကာ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာသည်။

မကြာခင်၌ ဒုတိယထပ်တစ်ခုလုံးကို ရှာဖွေခဲ့သည့်တိုင် ကလေးနှစ်ယောက်၏ ခြေရာလက်ရာကို ရှာမတွေ့သေးပေ။

ထိုအချိန်တွင် အန်းယန်၏အမူအရာမှာ ထိတ်လန့်တကြား ဖြစ်၍ အိမ်နောက်ဖေးသို့သွားသော ပြတင်းပေါက်က ကြိုးတစ်ချောင်းကျလျက် ပွင့်နေသည်ကို သူမ သတိပြုမိသည်။

အန်းယန်က ခပ်သုတ်သုတ် ငုံ့ကြည့်လိုက်ရာ မြေညီထပ်သို့ ဦးတည်နေသော ကြိုးကိုတွေ့လိုက်ရသည်။ အောက်မှ မြက်ခင်းပြင်တွင် ကလေးမလေးနှစ်ယောက်၏ ခြေရာများကိုလည်း မြင်နေရသည်။

"ရွှမ်အာ၊ ရွှမ်အာ မြန်မြန်လာ"

ထန်ရွှမ်အာသည် အောက်ထပ်မှအော်သံကိုကြားကာ လှမ်းအော်၍ အပေါ်တက်လာ၏။

"ဘာဖြစ်နေတာလဲ"

အန်းယန်က မျက်ရည်များ ဝဲတက်လျက် ပြော၏။

"ရှန်းရှန်းနဲ့ နျန်နန်သွားပြီ"

"ဘာလဲ" ထန်ရွှမ်အာလည်း ထိတ်လန့်သွားသည်။

“သူတို့ ဒီကြိုးကိုသုံးပြီး အောက်ကိုဆင်း ပြေးသွားတာဖြစ်မယ်” အန်းယန်က ဖြူဖျော့လျက် ပြောသည်။

ထန်ရွှမ်အာက စိတ်ကိုတည်ငြိမ်စေရန်ကြိုးစား၍ ပြော၏။

"သူတို့မှာ ဖုန်းရှိလား မြန်မြန်ခေါ်လိုက်"

ဤသည်ကိုကြားသောအခါ အန်းယန်၏ မျက်လုံးများက တောက်ပလာသည်။

“ရှိတယ် ရှိတယ်”

ထို့နောက် ဖုန်းကို အမြန်ထုတ်ကာ နံပါတ်ကို ခေါ်လိုက်သည်။

"အားနာပါတယ် လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လတ်တလောတွင် ဆက်သွယ်၍ မရနိုင်ပါ။"

ထိုအသံက ဖုန်းထဲသို့ ဝင်လာသောအခါ အန်းယန်က တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ၊ သူတို့က ငါးနှစ်ခွဲပဲရှိသေးတယ်၊ လူဆိုးတွေ ဖမ်းခံရရင် ဘယ်လိုလုပ်မလဲ”

အန်းယန်၏ ပါးပြင်မှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။ ထန်ရွှမ်အာလည်း သိသိသာသာ ထိတ်လန့်သွားသော်လည်း အသက်ပြင်းပြင်းရှူ၍ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ ဂိတ်ပေါက်က လုံခြုံရေးကို အရင်ဖုန်းဆက်လိုက်မယ်၊ သူတို့တွေ့လားလို့ မေးကြည့်မယ်"

ထိုသို့ပြောပြီးနောက် ထန်ရွှမ်အာက လုံခြုံရေးရုံးကို ဖုန်းခေါ်ကာ မေးခွန်းအနည်းငယ်မေးပြီးနောက် အန်းယန်ကို ညင်သာစွာ ခေါင်းခါပြလိုက်သည်။

"အစောင့်က ကလေးတွေ ထွက်သွားတာကို မတွေ့ဘူး"

အန်းယန်၏ အမြင်အာရုံများ မည်းမှောင်လာကာ သူမ၏ ခန္ဓာကိုယ်လည်း အားနည်းသွားလျက် မူးလဲလုနီးပါး ဖြစ်နေသည်။

ထန်ရွှမ်အာက သူမကို ထိန်းရန် လျင်မြန်စွာ ရှေ့တိုးလာသည်။

အန်းယန်က ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေ၏။

"ဒါက ငါ့အမှားပဲ၊ ငါ စောစောက အပေါ်ထပ်တက်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ မဖြစ်ဘူး ငါ သူတို့ကို သွားရှာရမယ်"

ပြောပြီးသည်နှင့် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။

အန်းယန်က ကျင့်ကြံရေးအဆင့်မြင့်သည့်တိုင် သူမ၏ သမီးများ ပျောက်ဆုံးမှုနှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝ တုန်လှုပ်နေဆဲဖြစ်သည်။

ထန်ရွှမ်အာက သူမကို တားလိုက်၏။

"ပေ့ကျန်းမြို့က အရမ်းကြီးတယ်၊ နင်တစ်ယောက်တည်း ဘယ်လိုရှာနိုင်မှာလဲ"

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

"ချင်းမိသားစုကို အကြောင်းကြား" ထန်ရွှမ်အာက လေးနက်စွာပြောသည်။

ချင်းမိသားစုသည် ဆက်လက်အားကောင်းလာသည်နှင့်အမျှ အုပ်ချုပ်သူ ချင်းယွီသည်လည်း တစ်နေ့ထက်တစ်နေ့ သူမ၏ဂုဏ်သိက္ခာ မြင့်တက်လာခဲ့သည်။ အပြင်လူများက ပေကျန်းဘုရင်မဟုပင် တင်စားခေါ်ဝေါ်ကြသည်။

ပေကျန်းမြို့တော်ဝန်က ပြဿနာမရှင်းနိုင်လျှင် ချင်းယွီဆီမှ စကားတစ်ခွန်းက လုံလောက်မည်ဟူသော အပြောင်အပြက်စကားများပင် ရှိသေးသည်။

ဤသည်မှာ ပေကျန်း၌ ချင်းမိသားစု၏ သဩဇာလွှမ်းမိုးမှုက မည်မျှ အင်အားကောင်းသည်ကို ပြသသည်။

ထိုအချိန်တွင် ချင်းမျှော်စင်၏အပေါ်ဆုံးထပ်ရုံးခန်းတွင် ချင်းယွီက အလုပ်ထဲတွင်စိတ်နှစ်ထားသည်။ ရုတ်တရက် လက်ကိုင်ဖုန်းမြည်သံကြောင့် ရုံးခန်း၏ ငြိမ်သက်မှုက ပြိုကွဲသွားသည်။

အတွင်းရေးမှူးပေါင်းများစွာ၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

ချင်းယွီက အလုပ်လုပ်နေချိန်တွက် ဖုန်းလက်ခံရသည်ကို မုန်းတီးကြောင်း မည်သူက မသိသနည်း။

ဤအရာများကို တွေးနေစဉ်တွင် ချင်းယွီက အလုပ်ကိုခဏရပ်ကာ ပြုံး၍ စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို ချစ်ကလေး ရွမ်အာ ဘာလို့ ငါ့ကိုခေါ်တာလဲ"

ဤသို့ ကြည်နူးစရာကောင်းသော အမူအရာက အတွင်းရေးမှူးများကို ထိတ်လန့်စေသည်။ ၎င်းတို့၏ ဥက္ကဌက မည်သည့်အချိန်မှစ၍ ဤမျှ ပျော့ပြောင်းလာသနည်း။

"ရှန်းရှန်းနဲ့ နျန်နျန်တို့ ပေကျန်းမှာ ပျောက်သွားတယ်” ထန်ရွှမ်အာက အပိုစကားများမပြောဘဲ လိုရင်းကို တိုက်ရိုက်ပြောခဲ့သည်။

ချင်းယွီက ခေတ္တတုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။

"ဟမ်၊ ဘယ်သူပျောက်နေတာလဲ"

ထန်ရွှမ်အာက အသက်ပြင်းပြင်းရှူ၍ ပြန်ပြော၏။

"အန်းယန်က ရှန်းရှန်းနဲ့ နျန်နန်တို့နဲ့ အတူ ဒီမှာ ပေကျန်းမှာ နေနေတာ ရက်နည်းနည်းကြာပြီ ဒီနေ့ နေ့လည်ပိုင်းမှာ ရှန်းရှန်းနဲ့ နျန်နန်ပျောက်သွားတယ်”

"ဘာ" ချင်းယွီက တုန်လှုပ်သွားပြီးနောက် ရုတ်တရက် မတ်တပ် ထရပ်လိုက်သည်။

သူမ၏ အသံက အလွန်ကျယ်လောင်သောကြောင့် အတွင်းရေးမှူးများ ထိတ်လန့်သွားသည်။ ချင်းယွီက ဤကဲ့သို့ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို ၎င်းတို့ မမြင်ဖူးပေ။

"ကောင်းပြီ၊ ငါနားလည်ပါတယ်။ သူတို့ကို ရှာဖို့ လူတွေလွှတ်လိုက်မယ်။ စိတ်မပူပါနဲ့ လို့ အန်းယန်ကို ပြောထားလိုက်။ သိပ်မကြာခင် ပြန်တွေ့ရမှာပါ”

ဖုန်းချပြီးနောက် ချင်းယွီကအော်လိုက်သည်။

“လောင်ဟေးကို ချက်ချင်းတွေ့ဖို့ ခေါ်လိုက်"

“ဟုတ်”

မိနစ်အနည်းငယ်ကြာသောအခါ လောင်ဟေးက ပြေးလာသည်။

"ဥက္ကဌ ဘာဖြစ်တာလဲ"

"လူကြီးမင်းရွှယ်ရဲ့ သမီးနှစ်ယောက် ပေကျန်းမှာ ပျောက်သွားလို့"

"ဘာ” လောင်ဟေးက ထခုန်လုမတက် ထိတ်လန့်သွား၏။

"ငါအခုမှသိတာ လူတိုင်းကိုခေါ်သွားပြီး ချက်ချင်းရှာကြည့်။ ဘယ်မှာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကလေးနှစ်ယောက်ကို လုံလုံခြုံခြုံ ပြန်တွေ့အောင်ရှာရမယ် နားလည်လား"

“ဟုတ်”

လောင်ဟေးက ဤအရာက ဟာသမဟုတ်ကြောင်း သိသဖြင့် ချက်ချင်း ခေါင်းညိတ်ပြကာ ပြေးလုနီးပါး ထွက်သွားသည်။

ချင်းယွီသည်လည်း အငြိမ်မနေနိုင်သေးသဖြင့် တုဖန်ကို ဖုန်းခေါ်လိုက်သည်။

မြို့ဆင်ခြေဖုံးကလပ်တစ်ခုတွင် တုဖန်က မှောင်ခိုလောက သူဌေးအချို့နှင့် ဖဲကစားလျက်ရှိသည်။ ဤရက်များတွင် သူကောင်းကောင်းမွန်မွန် နေနိုင်လာခဲ့သည်။

ချင်းမိသားစု၏ ကျောထောက်နောက်ခံဖြင့် လူတိုင်းက သူ့ကို ရိုသေလေးစားကြသည်။

မှန်သည် တုဖန်က ချင်းမိသားစုက သူ့အပေါ် အဘယ်ကြောင့် ဤမျှ ထောက်ပံ့ပေးထားသည်ကို နားလည်သည်။

ထိုရက်က ရွှယ်အန်းထံမှ ပေးပို့ခဲ့သော စာတိုကို လက်ခံရရှိခဲ့ခြင်းကြောင့် ယခုအချိန်တွင် သက်တောင့်သက်သာရှိသော ဘဝသို့ ရောက်ရှိသွားခဲ့သည်။

ဤသည်ကိုတွေး၍ တုဖန်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူသာ လူကြီးမင်းရွှယ်နှင့် အနည်းငယ် နီးစပ်နိုင်လျှင် မည်မျှ ကောင်းလိမ့်မည်နည်ရ။

ဤသို့တွေးနေစဉ် ချင်းယွီထံမှ ဖုန်းခေါ်ဆိုမှုကို မြင်လိုက်ရသဖြင့် တုဖန်က အမြန်ပြန်ဖြေလိုက်သည်။

"ဥက္ကဌချင်း ဘာများ လုပ်ပေးရမလဲခင်ဗျ" တုဖန်က တမင်တကာ ကျယ်လောင်စွာ မေးလိုက်သည်။

စားပွဲပေါ်ရှိ မှောင်ခိုသူဌေးများက တုဖန်ကို ကျေနပ်အားရစွာဖြင့် ကြည့်နေကြ၏။

သို့သော် သူ၏ မျက်နှာမှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။

"လူကြီးမင်းရွှယ်ရဲ့ သမီးနှစ်ယောက် ပေကျန်းမှာ ပျောက်သွားတယ်။ အဲ့တာ ရှင့် လက်အောက်ခံ တစ်ယောက်ယောက် ဟုတ်မဟုတ် ချက်ခြင်း စစ်ဆေးကြည့်စမ်းပါ။ တကယ်လို့ ဟုတ်နေရင်… ရှင် ဒါကို အလေးအနက်ထားဖို့ ကျွန်မ အကြံပေးတယ်။ မဟုတ်ရင် ရှင့် လူတွေကို အမြန်ရှာခိုင်းလိုက်။ ဘယ်နေရာမှမချန်ခဲ့နဲ့ နားလည်လား"

တုဖန်က ပြာမှုန်နေသော မျက်နှာ ချွေးစေးများစိုနေသောအဝတ်များဖြင့် အရူးအမူး ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ၊ ကျုပ် အခုချက်ချင်း ရှာလိုက်ပါမယ်"

အခန်း(၅၃၃) မည်သူမျှ မတတ်နိုင်သော အကျိုးဆက်များ

ဖုန်းချပြီးနောက် ဂိုဏ်းခေါင်းဆောင်အများအပြားက ရယ်မောကာ မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ။ ဒါရိုက်တာချင်းက တုကို လုပ်ငန်းထပ်ပေးဖို့ စီစဥ်နေတာလား”

ရယ်သံများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ တုဖန်၏ မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များအပြည့်ဖြစ်နေ၏။

“ဖုန်းဆက်လိုက် ငါတို့လူတွေအကုန်စု” တုဖန်က သူ့လူများကို အေးစက်စွာအမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့” တုဖန်၏ လူများက နာခံစွာဖြင့် ထွက်သွားကြ၏။

ဂိုဏ်းခေါင်းဆောင်များ၏ အမူအရာက အနည်းငယ် သဘာဝမကျသည့်အလားဖြစ်သွားကြသည်။ ၎င်းတို့အနက်မှ အကြီးဆုံးပုဂ္ဂိုလ်က မေး၏။

“သူဌေးတု ဘာလုပ်ဖို့ စီစဥ်နေတာလဲ”

တုဖန်က ဖြည်းညှင်းစွာ ထရပ်ကာဂိုဏ်းခေါင်းဆောင်များကို ခြိမ်းခြောက်ပြုံးပြလိုက်သည်။

“မင်းတို့လူတွေထဲမှာ ကလေးနှစ်ယောက်ကို ပြန်ပေးဆွဲထားလားမဆွဲထားလား စစ်ကြည့်ဖို့ ငါအကြံပေးချင်တယ်။ ဆွဲထားရင် အခုချက်ချင်း ပြန်ပေး မဟုတ်ရင်… မင်းတို့ကို အင်မော်တယ်ကတောင် ကယ်နိုင်တော့မှာမဟုတ်ဘူး”

ထိုသို့ပြော၍ တုဖန်က လှည့်ထွက်သွားသည်။

ဂိုဏ်းခေါင်းဆောင်များက တုဖန်၏ စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားမလည်သဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သို့သော် ဤမျှကြီးမားသည့် အဖြစ်အပျက်ကြီးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် မကြာမီ၌ပင် အဆိုပါ ဂိုဏ်းခေါင်းဆောင်များက သတင်းရရန် ဖုန်းခေါ်လိုက်ကြသည်။

အခြေအနေ၏ ပြင်းထန်မှုကို နားလည်သွားပြီးနောက် ၎င်းတို့၏ အသားရောင်များက တုဖန်ထက်ပင် ပို၍ ဖြူဖျော့သွားကြသည်။ ၎င်းတို့အားလုံးက စေ့စေ့စပ်စပ် ရှာဖွေရန် ကိုယ့်နေရာသို့ကိုယ် ပြန်သွားကြ၏။

မိမိနေရာဆီသို့ပြန်ရောက်သောအခါ တုဖန်၏ လက်အောက်ငယ်သားများက သတင်းပို့သည်။

“သူဌေး ကျွန်တော်တို့ စစ်ကြည့်ပြီးပြီ။ ကျွန်တော်တို့လူထဲက ဘယ်သူမှ အဲ့လိုမလုပ်ဘူး”

“သေချာလား”

“အရင်က ဒီလိုလုပ်ဖူးတဲ့လူတွေက အခုဒုက္ခိတတွေဖြစ်နေပြီး မလိမ်ရဲတော့ပါဘူး။ ကျွန်တော်တို့ သေချာပါတယ်”

တုဖန်က စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

‘ဘုရားသိကြားမလို့’

‘အခြေအနေက သိပ်မဆိုးသေးဘူး’

‘သူ့လူတွေပြန်ပေးဆွဲသွားတာသာဆိုရင်.. နောက်ဆက်တွဲက…’

တုဖန်က အတွေးပင် ဆက်မတွေးရဲတော့ဘဲ တုန်ယင်သွားကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကေတီဗီကဖြစ်ဖြစ် ဘားကဖြစ်ဖြစ်၊ ကြွက်တွင်းထဲကပဲဖြစ်ဖြစ် ရှိတဲ့လူမှန်သမျှကို လွှတ်လိုက်။ အဲ့ကလေးနှစ်ယောက်ကို ဘယ်သူမှမတွေ့ခင်တွေ့အောင်ရှာကြ။ ကြားလား”

“ဟုတ်”

ပေကျန်းမြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

မှောင်ခိုလောကဖြစ်စေ၊ တရားသော လူ့အဖွဲ့အစည်းဖြစ်စေ အင်အားကြီးသည်ဖြစ်စေ အင်အားနည်းသည်ဖြစ်စေ အားလုံးက ဤသတင်းကိုကြားသည်နှင့် စတင်လှုပ်ရှားလာကြသည်။ ချင်းယွီက ကလေးနှစ်ဦးကိုတွေ့ရှိလျှင် ငွေ ဆယ်မီလီယံပေးမည်ဟု သတင်းလွှင့်ထားသဖြင့် လူအများက စိတ်မဝင်စားဘဲမနေနိုင်ကြတော့ပေ။ အချက်အလက်များ ပေးနိုင်လျှင်ပင် ၎င်းတို့က ငါးမီလီယံခန့် ရနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်း၌ပင် တုဖန်က အချက်အလက်များကို လက်ဝယ်ထားကာ အကြောင်းမကြားဘဲ နေရဲသူများအားလုံးကို အဆုံးသတ်ပစ်မည်ဟု ကြေညာထားသည်။

အတိုချုပ်ပြောရလျှင် ပေကျန်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားတော့မည်ဖြစ်သည်။

ထိုအချိန်တွင် နံပါတ်တစ်ရှန်ဗီလာ အိမ်ရာထဲ၌ အန်းယန်က ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် ဆိုဖာထက်တွင် ထိုင်နေသည်။

မြေးအဖိုးနှစ်ဦးဖြစ်သော ချင်းယွမ်နှင့် ချင်းယွီတို့က တစ်ဖက်တွင် ငြိမ်သက်စွာထိုင်နေကြသည်။

ယခု အပြင်တွင် မှောင်မိုက်နေပြီဖြစ်သည်။

ကလေးနှစ်ယောက်က ပြန်မလာသေးပေ။

၎င်းတို့ကိုယ်တိုင်ပြန်လာလိမ့်မည်ဟူသော မျှော်လင့်ချက် ရေစုန်မျောသွားသည့်အလားပင်ဖြစ်၏။

ဆိုလိုသည်မှာ ကလေးနှစ်ယောက်က ကျိန်းသေ ဒုက္ခတစ်ခုခုကို ကြုံကြိုက်နေရပြီဖြစ်ရာ ဤအဖြစ်အပျက်က အန်းယန်၏ နှလုံးသားကို တူဖြင့်ရိုက်လိုက်သကဲ့သို့ ကြိုးပဲ့သွားစေသည်။

ချင်းယွမ်နှင့် ချင်းယွီတို့သည်လည်း ယခုအချိန်တွင် စက္ကူကဲ့သို့ ဖြူဖျော့နေကြပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၏ချင်းမိသားစုခေါင်းဆောင်နှစ်ဦးက အကျိုးဆက်ကို ခံနိုင်မည်မဟုတ်ကြောင်း

သိသာထင်ရှားလှသည်။

လူကြီးမင်းရွှယ်ပြန်လာ၍ သူ့သမီးဖြစ်သူနှစ်ယောက် ပျောက်ဆုံးနေသည်ကိုသာ တွေ့ရှိသွားလျှင်…

မှန်သည်။ လူကြီးမင်းရွှယ်က ၎င်းတို့အပေါ် အမြဲ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။ သို့သော် ယင်းက မည်သူကမျှ ရွှယ်အန်း၏ နောက်ဆုံး စည်းကို မကျော်ကြသေးသောကြောင့် ဖြစ်ကြောင်း မြေးအဖိုးနှစ်ဦးက သိကြသည်။

တစ်စုံတစ်ယောက်က ထိုသို့လုပ်ခဲ့၍ မည်သူဖြစ်စေကာမူ ရွှယ်အန်းက ၎င်းတို့ကို သက်ညှာပေးမည်မဟုတ်ဘဲ ဇီဝိန်ချုပ်ပစ်ပေလိမ့်မည်ဖြစ်သည်။ ဤမိန်းကလေးနှစ်ယောက်က ရွှယ်အန်းအတွက် အထိမခံသော ဗို့အားမြင့် စည်းဖြစ်သည်မှာ သံသယဖြစ်နေရန်ပင်မလိုပေ။

အကယ်၍ ၎င်းတို့က အမှန်ပင် သူ၏ သမီးနှစ်ယောက်ကို ထိခိုက်နစ်နာစေခဲ့မည်ဆိုလျှင် ပေကျန်းတစ်ခုလုံးကသည် လူကြီးမင်းရွှယ်၏ အမျက်ဒေါသအောက်၌ စျာပနပူဇော်ပွဲဖြစ်လာနိုင်ခြေရှိသည်။

ချင်းယွီက ယင်းအကြောင်း ပိုတွေးလေလေ ပို၍ ထိတ်လန့်လာလေလေဖြစ်နေသည်။ ထိုအချိန်၌ ကော်ဖီစားပွဲပေါ်ရှိ လက်ကိုင်ဖုန်းမြည်လာသည်။

ချင်းယွီက ချက်ချင်းကိုင်၍ စပီကာကိုဖွင့်လိုက်သည်။

“ပြောပါ”

“ဥက္ကဌ တုဖန်ဘက်က သတင်းတစ်ခုရှိပါယ်။ ပေကျန်းမှာရှိတဲ့ ဂိုဏ်းအကြီးအကဲတွေအကုန်လုံးကို မေးပြီးသွားပါပြီ။ ဘယ်သူမှ ကလေးနှစ်ယောက်ကို ပြန်ပေးမဆွဲထားဘူးလို့ အတည်ပြုထားပါတယ်”

ဤသတင်းက အခန်းတွင်းရှိ လူအားလုံးကို ရှုံ့မဲ့သွားစေသည်။ ထိုသို့ဖြစ်ပါက လူအုပ်ကြားထဲ၌ ကလေးနှစ်ယောက်ကို ရှာတွေ့ရန်မှာ မယုံနိုင်လောက်အောင်ပင် ပို၍ ခက်ခဲပေလိမ့်မည်။

“ဒါပေမယ့် ယွင်မန်ဗီလာအနားက စောင့်ကြည့်ကင်မရာတွေကို ပြန်စစ်ဆေးပြီးတဲ့နောက် မွန်းတည့်ချိန်လောက်မှာ မမလေးနှစ်ယောက် တက္ကစီကားပေါ် ပါသွားတာကို အတည်ပြုနိုင်ပါတယ်”

“အဲ့ကားသမားကို ကျွန်တော်တို့ ရှာတွေ့ခဲ့တာ မမလေးတို့ နောက်ဆုံးသွားခဲ့တဲ့နေရာက အသစ်ဖွင့်ထားတဲ့ ငါးပြတိုက်တဲ့”

ငါးပြတိုက်

အခန်းထဲရှိ လူတိုင်း၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။

ငါးပြတိုက်တွင် ကစားရန် ကလေးနှစ်ယောက် အိမ်မှာ ထွက်ပြေးသွားခြင်းမှာ အဓိပ္ပါယ်ရှိသည်။

“ပြီးတော့ရော” ချင်းယွီက တင်းမာသောအသံဖြင့် မေးလိုက်၏။

“ကျွန်တော်တို့ သုံးကြိမ်တိုင်တိုင် ငါးပြတိုက်ကို ရှာပြီးတော့ လှေကားထစ်တိုင်းကိုဖွင့်ပြီးတာတောင် မမလေးတို့ရဲ့ခြေရာမတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် မေးရင်းမြန်းရင်းနဲ့ လူအများစုက မမလေးတို့နှစ်ယောက်က အမျိုးသမီးတစ်ယောက်နဲ့ထွက်သွားတာတွေ့ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်”

အားလုံး၏ နှလုံးသားများ တင်းကြပ်လာပြန်သည်။

အမျိုးသမီးတစ်ဦးနှင့် ထွက်သွားခြင်း။

၎င်းတို့ကို ပြင်ပမှ လူမှောင်ခိုများက ဖမ်းခေါ်သွားခြင်းမျိုး ဖြစ်နိုင်သလား။

“ဆက်ရှာ” ချင်းယွီက တင်းမာစွာပြောလိုက်သည်။

ယခုတစ်ခေါက်တွင် သတင်းအချက်အလက်များ လျင်မြန်စွာထွက်လာသည်။

"ဥက္ကဋ္ဌ၊ အမျိုးသမီးတစ်ယောက်က မမလေးတို့ကို ငွေရောင်ကားတစ်စီးပေါ် ခေါ်သွားတာတွေ့လိုက်ရပါတယ်။ လိုင်စင်နံပါတ်က မရှင်းမလင်းဖြစ်နေလို့ ကျွန်တော်တို့ လမ်းဆုံတွေက စောင့်ကြည့်ကင်မရာတွေကို ကြည့်ရအောင် လုပ်နေပါတယ်”

“ကောင်းပြီ”

၎င်းတို့ ရှာမတွေ့သေးသော်လည်း အနည်းဆုံး အရေးပါသော အချက်အလက်များကို ရထားပြီဖြစ်သည်။ ထို့ကြောင့် အခန်းတစ်ဝိုက်ရှိ လူများ၏ အမူအရာများက ပို၍ အသက်ဝင်လှုပ်ရှားလာသည်။

ကြောင်ငိုင်နေသော အန်းယန်၏ မျက်လုံးများကပင်လျှင် အသက်ဝင်နေပြီဖြစ်သည်။ သို့သော် လူတိုင်းက နီးစပ်နေပြီဟု ထင်နေကြသော အခိုက်တွင် မမျှော်လင့်ဘဲ ငွေရောင်စလွန်းကားက လေထုထဲတွင် ပျောက်ကွယ်သွားသည့်အလား မည်သည့်နေရာတွင်မှ ရှာ၍ မတွေ့တော့ပေ။

ချင်းယွီက သေသေချာချာ အမိန့်ထုတ်လိုက်သည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသော လူများက လမ်းမများပေါ်၌ ရှာဖွေကြသည်။ တစ်ချိန်တည်း၌ပင် လူအများကလည်း ရှန်းရှန်းနှင့် နျန်နျန်တို့၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ပေကျန်းမြို့ကြီးကို အထပ်ထပ်အခါခါ ဖြတ်သန်းနေကြသည်။

ပျောက်ဆုံးနေသော ကလေးနှစ်ယောက်ကို လူတိုင်းက မမောမပန်းရှာဖွေနေကြစဥ် ပေကျန်းမြို့အစွန်ရှိ ပေါင်းပင်များပြည့်လျှံနေသော ပစ်ထားသည့် စက်ရုံပျက်တစ်ခုတွင် ကားက တဖြည်းဖြည်း ရပ်တန့်သွားသည်။

“သမီးတို့နှစ်ယောက် အိမ်ပြန်ရောက်ပြီ ကျေးဇူးပြုပြီး ကားပေါ်က ဆင်းပါ” ရွှီကျောက်ကျောက်က ပြုံး၍ ပြောသည်။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အိပ်နေရာမှ နိုးလာကာ အော်ပြောလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အန်တီရွှီ”

ထို့နောက် ကားပေါ်မှ ဆင်းရန် ပြင်ဆင်ကြသည်။ သို့သော်အပြင်ဘက်မှ စိမ်းစိုနေသော ပေါင်းပင်များကို မြင်လိုက်ရသောအခါ ကလေးမလေးနှစ်ယောက်က မထိတ်လန့်ဘဲ မနေနိုင်ကြပေ။

“ဒါ ဘယ်ရောက်နေတာလဲ ဒါ ငါတို့အိမ်မဟုတ်ဘူးမလား”

“ဟုတ်တယ် ဒါ မင်းတို့ရဲ့ အရင်အိမ်မဟုတ်ဘူး။ အခုကစပြီးတော့ ဒီအိမ်က အိမ်အသစ်ပဲ” ရှီကျောက်ကျောက်က ဘာသိဘာသာပြောလိုက်သည်။

အခန်း(၅၃၄) ရွှယ်အန်း၏ သမီးနှစ်ယောက်

"အန်တီ ဘာလုပ်ချင်လို့လဲ" ရွှယ်ရှန်းက သေသေချာချာ မေးသည်။

"စိတ်ချပါ အလှလေးနှစ်ယောက်၊ မင်းတို့ကို့ ထိခိုက်နစ်နာအောင် ငါတကယ် မလုပ်ပါဘူး မင်းတို့ကို အရမ်းချစ်လို့ ဒီမှာ ဧည့်သည်အဖြစ် အလည်ခဏဖိတ်ချင်လို့ပါ” ရွှီကျောက်ကျောက်က ရွှင်ပြုံးပြုံးရွှင် ပြောသည်။

ရှန်းရှန်းက အနည်းငယ်ကြောက်နေသည့် နျန်နန်ကို နောက်တွင်ထားကာ လေးနက်စွာပြော၏။

"သမီးတို့ ဒီမှာ ဧည့်သည်မဖြစ်ချင်ဘူး အိမ်ပြန်ချင်တယ်"

"အိမ်ပြန်မလား ဟေး ဟေး... ငါမပြောဘူးလား ဒီနေရာက မင်းတို့အိမ်ပဲ" ရွှီကျောက်ကျောက်က တမင်တကာ ဖြည်းညှင်းစွာပြောသည်။

ရှန်းရှန်းက နျန်နန်၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီးနောက် ညင်သာစွာကုတ်ကာ ညီအစ်မနှစ်ယောက်သာ နားလည်နိုင်သည့်အဓိပ္ပါယ်ဖြင့် အကြည့်ချင်းဖလှယ်လိုက်သည်။

“ပြေး”

ရွှယ်ရှန်းက ကျယ်လောင်စွာ အော်လိုက်ပြီးနောက် ကားတံခါးကို ရုတ်တရက် တွန်းလိုက်ကာ ရွှယ်နျန်ကို ဆွဲထုတ်၍ ကားပေါ်မှ ခုန်ဆင်းလျက် အရှိန်ပြင်းပြင်းဖြင့် ပြေးလာခဲ့သည်။

ရွှီကျောက်ကျောက်က ၎င်းတို့နောက်သို့ လိုက်ခြင်းမရှိဘဲ လက်နှစ်ဖက်ကို ပိုက်လျက် ရွှင်မြူးစွာ ကြည့်နေသည်။

စက်ရုံဧရိယာ၏ နေရာတိုင်းတွင် လူအရပ်ထက်ရှည်သော ပေါင်းပင်များစွာရှိရာ ကောင်မလေးနှစ်ယောက်က ဖြတ်လျှောက်ရင်းဖြင့် လမ်းပျောက်နေသည်။

"မမ ငါတို့ ဘာလုပ်ကြမလဲ" နျန်နန်က ကြောက်လန့်တကြား မေးလိုက်သည်။

ရှန်းရှန်းက လကို မော့ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူ၍ ပြန်ပြော၏။

"မကြောက်ပါနဲ့ မေမေက ငါတို့ထွက်သွားတာ သိလောက်ပြီ သူ ငါတို့ကို လိုက်ရှာနေလိမ့်မယ် ငါတို့ ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်းကို အရင်ရှာရမယ်။"

"ဒါပေမယ့် ထွက်လမ်းက ဘယ်မှာလဲ" နျန်နျန်က အသံတိုးတိုးဖြင့် ပြောသည်။

"ဟိုမှာ"

ရှန်းရှန်းက ရုတ်တရက် ရှေ့ကို ညွှန်ပြ၍ အော်ပြောလိုက်သည်။

ခဏအကြာတွင် နံရံကိုတွေ့လိုက်ရ၏။

"မမ ဒီလမ်းကြောင်းကို ဘယ်လိုသိတာလဲ" နျန်နျန်က ပြင်းပြင်းထန်ထန် ငိုယိုကာ မေးသည်။

"ထင်တာပဲ"

သို့သော် ကလေးနှစ်ယောက်က နံရံဆီသို့ ရောက်ခါနီးတွင် ၎င်းတို့ရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

၎င်းတို့မြင်လိုက်ရသည့် တံတိုင်းက ပေါင်းပင်များနှင့် ဖုံးကွယ်နေပြန်သည်။

ကလေးနှစ်ယောက်လုံး ထိတ်လန့် အံ့အားသင့်သွားကြသည်။

ရွှီကျောက်ကျောက်က လှောင်ပြောင်သော အပြုံးအရိပ်အမြွက်ဖြင့် ဖြည်းညှင်းစွာ လျှောက်လာသည်။

"မင်းတို့ ပြေးတာ တော်တော်မြန်တာပဲ ဒါပေမယ့် ငါ မင်းတို့ကို ပြောပါရစေ၊ ဒီနေရာကို ငါတို့ ဂိုဏ်းက မွမ်းမံထားတယ်။ ငါတို့ဂိုဏ်းက လူမဟုတ်ရင် အပြင်လူက လာလည်လို့ မရဘူး"

"အန်တီက ဘယ်သူလဲ၊ ဘာလို့ သမီးတို့ကို ပြန်ပေးဆွဲခဲ့တာလဲ" ရှန်းရှန်းက ညီမလေးကို အကာအကွယ်ပေးကာ နောက်ပြန်ဆုတ်သွားသည်။

ရွှီကျောက်ကျောက်က ရှန်းရှန်းကို အံ့ဩတကြီး ကြည့်နေ၏။

"လင်ယွင်ရဲ့ ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက် ဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ အသက်ငါးနှစ် ခြောက်နှစ်အရွယ်မှာ ဒီလို ပြတ်သားတဲ့ တွေးခေါ်မှုမျိုးရှိနေတာပဲ။ ငါဘယ်သူလဲဆိုတာကတော့… အင်း မင်းတို့ကိုပြောလို့လည်းကိစ္စ မရှိပါဘူး"

"ငါက ဗူဒူးဂိုဏ်း တပည့်တစ်ယောက်ပဲ ဂိုဏ်းအကြီးအကဲတွေကို ဆက်သဖို့ မင်းတို့ကို ဖမ်းလာခဲ့တာ" ရွှီကျောက်ကျောက်က ပြုံးစိစိဖြင့် ပြောသည်။

"နင်က လူဆိုးမကြီး ကလေးတွေကို လှည့်စားရဲတယ်" နျန်နျန်က ရှန်းရှန်းနောက်မှ ခေါင်းလေးထွက်၍ မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

ရွှီကျောက်ကျောက်က ကူကယ်ရာမဲ့ ရယ်မောလိုက်သည်။

"မင်းတို့က တကယ့်ကို ချစ်စရာလေးတွေပဲ စိတ်မရှိရင် ငါ မင်းတို့နဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ်”

"ငါတို့ နင်နဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး" ရှန်းရှန်း၏ မျက်နှာလေးက နှင်းခဲကဲ့သို့ အေးစက်နေသည်။

"မှန်တယ်၊ နင်က လူဆိုးကြီးပဲ၊ ငါတို့ကို အခုချက်ချင်း လွှတ်ပေးပါ မဟုတ်ရင် ငါတို့မယဉ်ကျေးတော့ဘူး" နျန်နျန်က နောက်မှသံယောင်လိုက်ပြောသည်။

ရွှီကျောက်ကျောက်သည်မူ အံကြိတ်ကာ စကားမပြောတော့ပေ။

ထိုအချိန်တွင် လေထဲသို့ ဖြတ်သွားသော အရာတစ်ခု၏ အသံကို ကြားလိုက်ရကာ ခြံဝင်းအတွင်းသို့ လူအများအပြား ဆင်းသက်လာသည်။

လူ ခုနစ်ယောက် ရှစ်ယောက်ခန့် ရောက်လာသည်။

ယောက်ျား၊ မိန်းမ၊ လူပျို၊ လူကြီး အားလုံး လူလတ်ပိုင်း အမျိုးသား တစ်ဦးနှင့် အတူ ရှိနေကြသည်။

ရွှီကျောက်ကျောက်သည် ထိုလူများကို မြင်သောအခါ သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် အလျင်အမြန် ဦးညွှတ် အရိုအသေပြုရန် ထွက်သွားလေသည်။

"စုန်းဆရာကြီးနဲ့ ဂုဏ်သရေရှိလူကြီးမင်းအားလုံးကို နှုတ်ဆက်ပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် သူ့မျက်လုံးများသည် ရှန်းရှန်းနှင့် နျန်နန်တို့ကို ပူလောင်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

"ဒါက မင်းပြောခဲ့တဲ့ အမွှာလေးလား"

"ဟုတ်ပါတယ်"

စုန်းဆရာကြီးက ပိုပို၍ ကျေနပ်ပုံရကာ ခေါင်းညိတ်လိုက်သည်။

“အိမ်း လုံးဝ မဆိုးဘူး လင်ယွင် ကောင်းတဲ့ကလေးတွေပဲ”

စုန်းဆရာကြီး၏ ချီးမွမ်းမှုကြောင့် ရွှီကျောက်ကျောက်၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီမြန်းသွားသည်။

လိုက်ပါလာကြသော အခြားသူများလည်း ရှေ့ကို တိုးလာကြသည်။

အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးက အပြုံးဖြင့်ပြောသည်။

"ကျွတ်ကျွတ် ဒီလိုမျိုး ပြီးပြည့်စုံတဲ့ ပန်းပုရုပ်တုလေးတွေ၊ ဒါတွေကိုယဇ်ပူဇော်ဖို့ အသုံးပြုတာက တကယ်ကို ဖြုန်းတီးမှုတစ်ခုပဲ"

အသက်ကြီးသော စုန်းဆရာကြီး၍ မျက်နှာက မကျေမနပ်ဖြစ်သွားသည်။

“ဒါ ဘာစကားလဲ ဘိုးဘွားစုန်းမကြီး ရောက်လာတာကို ကြိုဆိုဖို့ ယဇ်ပူဇော်တာက ဖြုန်းတီးမှုလို့ ဘယ်လိုပြောရမလဲ”

အမျိုးသမီးငယ်၏ မျက်နှာသည် ဖြူဖျော့သွားကာ ခေါင်းကို အမြန်ငုံ့လိုက်သည်။

"ရှန်းအာက အလှည့်မဟုတ်ဘဲ စကားပြောလိုက်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်မတင်ပါနဲ့ လူကြီးမင်း"

စုန်းဆရာကြီးက အေးစက်စွာ ပြုံးလိုက်ကာ သူမကို လျစ်လျူရှု့၍ ကောင်မလေးနှစ်ယောက်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

"မင်းတို့နှစ်ယောက်စလုံးမှာ ထူးခြားတဲ့အခြေခံအုတ်မြစ်တွေရှိတဲ့အတွက် ယဇ်ပူဇော်ဖို့ အကောင်းဆုံး ရွေးချယ်စရာဖြစ်နေတာ မင်းတို့အတွက်ဂုဏ်ယူစရာပဲ"

စုန်းဆရာကြီး ဤစကားများကို ပြောသောအခါတွင် အသံသည် ဖျားယောင်းရန် ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သူအတတ်နိုင်ဆုံး စုန်းပညာဖြစ်သည်။

တစ်စုံတစ်ယောက်၏စိတ်ကို ပြောင်းလဲစေရန် စကားလုံးများကို အသုံးပြုကာ စုန်းအတတ်ဂိုဏ်း၏ နောက်လိုက်များကို ရိုသေလေးစားစေခြင်းပင်ဖြစ်၏။

သာမာန်အားဖြင့် ဤစုန်းပညာက တိုက်ရိုက်အသုံးပြု၍မရသော်လည်း ယခုအခါ ကလေးမလေးနှစ်ယောက်ကို ဖျားယောင်းရာတွင်မူ လွယ်ကူသည်မဟုတ်လော။

သို့သော် သူပြောပြီးသည့်နောက် အံ့သြသွားမိသည်။

"ဒါက ဂုဏ်ယူစရာဖြစ်ရင် အဘိုးကြီး ခင်ဗျား ဘာလို့ ကိုယ့်ကိုကိုယ် မစတေးလဲ"

"မမပြောတာမှန်တယ်" နျန်နန်က အော်ဟစ်လိုက်သည်။

“နောက်ပြီး ငါတို့ကို လာရှုပ်လို့မရဘူး အခု ငါတို့ကို လွှတ်ပေးလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင် ငါဆက် ဆက်ပြီး ယဉ်ကျေးနေမှာမဟုတ်ဘူး"

"အွန်း မမပြောတာ မှန်တယ် အခု လွှတ်ပေး မဟုတ်ရင် ငါတို့က နင်တို့ကို မယဉ်ကျေးဘူး"

အသက်ကြီးသော စုန်းဆရာကြီးက သူ၏ စုန်းအတတ်သည် မိန်းကလေးငယ်နှစ်ဦးအပေါ် သက်ရောက်မှုမရှိသည့်အတွက် အနည်းငယ် အံ့ဩသွားသည်။

ရှန်းရှန်းနှင့် နျန်နန်တို့၏ စကားများကို ကြားလိုက်ရသည်နှင့် သူ မရယ်ဘဲမနေနနိုင်တော့ပေ။ သူ ရယ်မောရုံသာမက သူ၏အပေါင်းအဖော်များကလည်း ကျယ်လောင်စွာရယ်မောလိုက်ကြသည်။

"ညီမလေးတို့ ငါတို့ကို မရိုးမရွဖြစ်အောင် ဘယ်လိုများ ကြံစည်ထားလဲ။ မင်းတို့က ချစ်စရာကောင်းအောင်လုပ်ပြီး သနားလာအောင်ကြိုးစားနေကြတာလား” အမျိုးသမီးက ပြုံးပြုံးရွှင်ရွှင် စနောက်သည်။

ကလေးနှစ်ယောက်က ၎င်းတို့ကို လျစ်လျူရှု့ထားသော်လည်း ချက်ချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လည်ပင်းတွင်ချိတ်ထားသည့် ဒယ်ပြားလေးများကို တစ်ပြိုင်နက်တည်းဆွဲချွတ်လိုက်ကြသည်။

"လှပသောမိန်းကလေးအသွင်ပြောင်း"

ထိုလူများက ပို၍ပင် ရယ်မောကြသည်။

"တကယ်ကို ရယ်စရာကောင်းလိုက်တာ အခုသူတို့ချောမောတဲ့ ကောင်မလေးတွေအဖြစ်ပြောင်းသွားတော့မယ်ထင်တယ်”

၎င်းတို့ စကား မဆုံးခင်၌ ကလေးနှစ်ယောက်၏ လက်ထဲမှ ဒယ်ပြားလေးများက ပို၍ ကြီးထွားလာသည်။ ထို့နောက် အံ့အားသင့်နေသော အကြည့်များကြား၌ ရှန်းရှန်းနှင့် နျန်နျန်တို့က ဒယ်ပြားများကို ပစ်ချ၍ အော်လိုက်ကြသည်။

“အာထရာမန်း ရိုက်ချက်”

ဒယ်ပြားနှစ်ပြားက လေပြင်းများကြားတွင် ရှေ့သို့ ချီတက်သွားကြသည်။ ပထမဆုံးအရိုက်ခံရ၍ မြေပြင်ပေါ်သို့ လဲကျသွားသူမျာ ရှေ့ဆုံးတွင် ရပ်နေသော အကြီးအကဲ စုန်းဆရာကြီးပင်ဖြစ်သည်။

တစ်နေ့တွင် ငါးနှစ် ခြောက်နှစ်အရွယ် ကလေးများထံမှ အရိုက်ခံရလိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူးပေ။

ရှောင်တိမ်းရန် မစဥ်းစားခဲ့ခြင်းမဟုတ်သော်လည်း ဒယ်ပြားများက အသက်ဝင်နေသည့်အလား အလိုလို တိုက်ခိုက်လျက်ရှိသည်။

ထို့နောက် သူ့နောက်၌ ရပ်နေသော ယောက်ျားများနှင့် မိန်းမများ။

သို့သော် ဤလူများတွင် ကျင့်ကြံရေးအဆင့်ကိုယ်စီရှိကြသည်။

ရွှယ်အန်းက ကိုယ်တိုင်ကိုယ်ကျ သန့်စင်ထားသော ဒယ်ပြားများရှေ့တွင်မူ ၎င်းတို့က အခွင့်အရေးလုံးဝမရခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် လူတစ်စုလုံး အရိုက်ခံရကာ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။

ရှန်းရှန်းနှင့် နျန်နန်တို့က ဂုဏ်ယူစွာဖြင့် မျက်နှာလေးများ မော့လိုက်ကြ၏။

“ငါတို့ပြောတာမှန်တယ်မလား…မဟုတ်ဘူးလား”

သို့သော် ထိုအချိန်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော စုန်းဆရာကြီးက အလွန်ရှုပ်ထွေးသော စည်းချိပ်များကို ဖန်တီးကာ သူ၏ လက်များကို လှုပ်ရှား၍ မီးခိုးရောင် အလင်းများကို ဖန်တီးလျက် ကလေးနှစ်ယောက်ကို စတင်တိုက်ခိုက်သည်။

စုန်းဆရာကြီး၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဤစုန်းပညာက သူ၏ လျို့ဝှက်လက်နက်ဖြစ်ကာ အလွန်အစွမ်းထက်သည်။

မီးခိုးရောင် အလင်းတန်းလေးများက မိန်းကလေးများဆီသို့ ရောက်ရှိလာတော့မည့်အခိုက်၌

အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ပျံတက်သွားကာ မီးခိုးရောင်အလင်းကို တိုက်ရိုက်ဖြိုခွဲပစ်လိုက်သည်။

အက်ကွဲသံတစ်ခုနှင့်အတူ စက်ရုံအဆောက်အဦကို ဖုံးအုပ်ထားသည့် ပုံရိပ်ပညာသည်လည်း ပြိုကျပျက်ဆီးသွားသည်။

All Chapters