အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း(၅၃၅) ဦးက သမီးတို့ကို ရှာနေတာလား
ဆင်ခြေဖုံးရပ်ကွက်ကို ရှာဖွေရာတွင် တာဝန်ရှိသူမှာ တုဖန်၏ လက်အောက်ခံ လုခွန်းဖြစ်သည်။
၎င်းသည် ယခင်က ရွှယ်အန်း ကိုင်တွယ်ခဲ့ဖူးသော တူညီသည့် ညီကိုတစ်ဦးပင်ဖြစ်ကာ ယခုမူ လုခွန်းက ယင်းကို သိက္ခာကျသည်ဟုတစ်ခါမျှ မတွေးဘဲ ရွှယ်အန်းထံတွင် ကိုယ်တိုင်ကိုယ်ကျ အရိုက်ခံခဲ့ရကြောင်း မကြာခဏ ကြွားလုံးထုတ်နေခဲ့သည်။
ဤသည်က သူ့အတွက် ဂုဏ်ယူဖွယ်ကိစ္စတစ်ခုဖြစ်လာသည်။
သို့သော် လုခွန်း၏အသားအရောင်က ယခုအချိန်တွင် အလွန်ရုပ်ဆိုးလျက်ရှိသည်။
ခေါင်းဆောင်တုက ကလေးနှစ်ယောက်ကိုရှာ၍ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက်သေချာရန် လုပ်ဆောင်ရမည်ဟု ပြောထားသောကြောင့် ဤကိစ္စ၏ တုဖန်က စကားအ ဆုံးထိ မပြောခဲ့သည့်တိုင် မည်သို့ဆိုလိုခြင်းဖြစ်ကြောင်းကို လုခွန်းက ကောင်းစွာသိသည်။
လူကြီးမင်း ရွှယ်၏ နည်းလမ်းများကို တွေးလိုက်ရုံဖြင့် လုခွန်းက အေးခဲသွားသည်။ ကလေးနှစ်ယောက်က မိမိတို့မြေပေါ်တွင် တစ်ခုခုဖြစ်ခဲ့လျှင် အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူ ကြိုးဆွဲချသေလိုက်မည်ဟု လုခွန်းကတွေးထားခဲ့သည်။ ဤအကြောင်းကြောင့် လုခွန်းက ယခု အစွမ်းရှိသမျှ အကုန်လုံးကို ထုတ်သုံးလျက်ရှိသည်။
သွေးစွန်းနေသော မျက်လုံးများဖြင့် သူ့လူများကိုဦးဆောင်ကာ ရှာဖွေပြီးသည့်တိုင် အားလုံးက အချည်းအနှီးပင်ဖြစ်သည်။
လမင်းက ကောင်းကင်ယံထက်သို့မြင့်တက်လာသည်နှင့်အမျှ လုခွန်းသည် ငိုချင်သည့်တိုင် မျက်ရည်မကျသဖြင့် တုန်လှုပ်ကာ ဆေးလိပ်မီးညှိလျက် လမ်းမီးရောင်အောက်တွင် ဖြည်းညှင်းစွာရပ်ကာ ရှိုက်လိုက်သည်။
သူ၏ လက်အောက်ငယ်သားများအားလုံးက ခပ်လှမ်းလှမ်းတွင် ရပ်နေကာ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
မည်သူမျှ စကားမပြောရဲကြပေ။
ငှက်သံတစ်သံမျှပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။
"အိုး ကောင်းကင်ကြီး၊ ခင်ဗျား ကျုပ်ကိုကစားနေတာလား။ မမလေးနှစ်ယောက် မိန်းမငယ်လေးနှစ်ယောက် ကျုပ်ရှေ့မှာ လုံခြုံပြီး အန္တရာယ်ကင်းကင်း ပြန်ပေါ်လာရင် ကျုပ်ဘဝမှာ ဘယ်မိန်းကလေးကိုမှ ဘယ်တော့မှ မထိတော့ဘူး"
စိတ်ပျက်အားငယ်စွာဖြင့် လုခွန်းက ခပ်တိုးတိုး ဆုတောင်းနေတော့သည်။
ဤသည်က လူ့သဘာဝသာဖြစ်သည်။
သို့သော် မကြာမီပင် သူ့အသံက မှေးမှိန်သွားခဲ့သည်။
သူ၏ မျက်နှာချင်းဆိုင်ရှိ မူလက ဗလာကျင်းနေသောနေရာ၌ အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ရုတ်တရက် လင်းထိန်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် အက်ကွဲသံများစွာထွက်ပေါ်လာပြီးနောက် စွန့်ပစ်ခံထားရသော စက်ရုံကြီးက သူ့ရှေ့တွင် တဖြည်းဖြည်းရုပ်လုံးပေါ်လာသည်ကိုတွေ့လိုက်ရသည်
အကြိမ်အနည်းငယ် လှုပ်ယမ်းသွားပြီးနောက် စက်ရုံ၏ ဘေးပတ်ပတ်လည် နံရံများ ပြိုကျကာ အတွင်းတွင် စိမ်းကားနေသော ဝင်းက ပေါ်လွင်လာသည်။
ခြံဝင်းထဲတွင် အလွန်ချစ်စဖွယ် ချစ်စရာကောင်းသော မိန်းကလေး နှစ်ယောက် ရပ်နေ၍ လူများစွာက ၎င်းတို့ ပတ်လည် မြေပြင်ပေါ်တွင် ပြန့်ကျဲလျက် ရှိနေကြသည်။
လုခွန်း၏ ပါးစပ်က ထိတ်လန့်တကြားပွင့်သွားကာ နှုတ်ခမ်းမှ စီးကရက်က ပြုတ်ကျသွားသည်ကိုပင် သတိမထားမိဘဲ သူ့ရှေ့က အရာအားလုံးကို စိုက်ကြည့်နေသည်။
ဒီမိန်းကလေးနှစ်ယောက်က လူကြီးမင်းရွှယ်ရဲ့သမီးတွေပဲ မဟုတ်လား။
ထိုအချိန်တွင် လုခွန်း၏စိတ်ထဲ၌ စာလုံးနှစ်လုံးသာ ထွက်ပေါ်လာသည်။
သေရော
ထိုအချိန်၌ ရှန်းရှန်းက လုခွန်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။
"ဦးလေး သမီးတို့ကိုရှာဖို့ လာတာလား"
လုခွန်းက ဆောလျင်စွာ ခေါင်းညိတ်လိုက်ကာ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုနှင့် စိုးရိမ်မှု နှစ်ခုကို ခံစားလိုက်ရသည်။
ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့သော လူကြီးမင်းရွှယ် ၏သမီးများကို တွေ့လိုက်ရသည့်အတွက် ဝမ်းသာမိသည်။
သို့သော် သူ့ဆုတောင်းချက်ကို ကောင်းကင်က အမှန်တကယ် ဖြေကြားခဲ့ခြင်းကြောင့် ယခု သူ အမျိုးသမီးများကို ထိနိုင်တော့မည်မဟုတ်သည့်အတွက် စိုးရိမ်မိသည်။
ယောက်ျားများကို စတင်သဘောကျရန် နည်းလမ်းရှာရမည်ဟု လုခွန်းက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။
"ဒါဆို ကျေးဇူးပြုပြီး သမီးတို့ကို အိမ်ပြန် ခေါ်သွားပါ" ရှန်းရှန်းက ပြောသည်။
"အိုး၊ ဒီလူဆိုးတွေက သမီးတို့ကို ဒီကိုလာဖို့ လှည့်စားလိုက်တာ" ရှန်းရှန်းက ရွှီကျောက်ကျောက်နှင့် အခြားလူများ မြေပြင်ပေါ်တွင် လဲလျောင်းနေပုံကို ထိုးပြလိုက်သည်။
လုခွန်း၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။
သေစမ်း ပျောက်နေတဲ့ မမလေးနှစ်ယောက်ကို ပြန်ပေးဆွဲခဲ့တာ ဒီလူယုတ်မာတွေပဲ။
သူက ရက်စက်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ မမလေးတို့ သူတို့ကို အခုဖမ်းပြီး အပြစ်ပေးဖို့ ခေါ်သွားမယ်"
ထိုသို့ပြော၍ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့လူများကလည်း ရှေ့သို့တိုးကာ စတင်လှုပ်ရှားသည်။
စုန်းဆရာကြီးက အဖြူရောင်အလင်းကြောင့် ထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာကာ လှောင်ရယ်လိုက်သည်။
“သေမျိုးတစ်စုက ငါတို့ကို ဖမ်းနိုင်မယ်ထင်နေတာလား”
ဤသို့ပြောနေစဉ် မီးခိုးရောင်အလင်းတန်းများက ဤလူများထံမှ ထွက်ပေါ်လာသည်။
လုခွန်းနဲ့ သူ့လူတွေကို အစွမ်းထက်တဲ့ ရောင်ဝါက လွှမ်းခြုံထားတယ်။
လုခွန်းက ဖြူဖျော့သွားကာ တောင့်တင်းသောနေရာတွင် ရပ်နေသည်။
စုန်းဆရာကြီးက ရက်စက်သော အပြုံးဖြင့် ရှန်းရှန်းနှင့် နျန်နျန်ကိုကြည့်နေသည်။
"သမီးလေးနှစ်ယောက် နှစ်ယောက်လုံးကို လျှော့တွက်ခဲ့တာ ငါဝန်ခံပါတယ်၊ ဒါပေမယ့် ဒါက မင်းတို့လုပ်နိုင်တာအကုန်ပဲ။ ဘိုးဘွားဝူရှေ့မှာ အကောင်းဆုံး ယဇ်ကောင်အဖြစ် မင်းတို့ကို ဆက်သဖို့ ခေါ်သွားမယ်"
ဤသို့ပြောကာ ခုန်တော့မည့်အခိုက်တွင် ရုတ်တရက် နျန်နန်က မြေပြင်သို့ခြေဆောင့်ကာ အော်လိုက်သည်။
“သူ့ကို ဖမ်းလိုက်”
“သမီးငယ်လေး အသုံးမဝင်တဲ့လှည့်ကွက်တွေနဲ့ ရပ်လိုက်ပါ…”
သူ့စကားမဆုံးခင်၌ ခြံဝင်းအတွင်းရှိ စိမ်းစိုနေသောပေါင်းပင်များ၏ အကိုင်းအခက်များနှင့် အရွက်များက လှိုင်းလုံးများကဲ့သို့ ရွေ့လျားလာကာ ရွှီကျောက်ကျောက်နှင့် အခြားလူများကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။
တစ်ချိန်တည်းတွင် မရေမတွက်နိုင်သောပေါင်းပင်များက လေထဲတွင်ရပ်နေသော စုန်းဆရာကြီးကိူ အခိုင်အမာ ဖမ်းချုပ်ထားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းတို့မှာ ဒီလို ကြောက်စရာကောင်းတဲ့ သဘာဝစွမ်းအားကို ဘယ်လိုပိုင်ဆိုင်နိုင်မှာလဲ" စုန်းဆရာကြီး စိတ်ရှုပ်သွားသည်။
သို့သော် သူ၏ ကျင့်ကြံရေး အဆင့်သည် ၎င်းတို့ကြားတွင် အမြင့်ဆုံးဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်က မီးခိုးရောင်အလင်းတန်းများနှင့်အတူ တဖျပ်ဖျပ်ခတ်ရာ တွယ်ကပ်နေသော စပျစ်နွယ်ပင်များနှင့် အကိုင်းအခက်များအားလုံးကို ခွဲချေလျက် ရှေ့ကို ရုန်းကန်သွား၍ ကောင်မလေးနှစ်ယောက်ကို ဖမ်းရန် ကြံရွယ်နေဆဲဖြစ်သည်။
ထိုအချိန်တွင် မိန်းကလေးနှစ်ယောက်၏ နောက်ကွယ်မှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်၍ နတ်သမီးတစ်ဦး၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာ နတ်သငယိမိခင်နတ်ဘုရားမ ခလိုရစ်ဖြစ်သည်။
ဤသည်မှာ မိန်းကလေးနှစ်ဦးအတွက် ခလိုရစ်ပေးထားသည့် အကာအကွယ်ဖြစ်သည်။ ခလိုရစ်သည် ကလေးမလေးနှစ်ယောက်ကို ဦးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် စုန်းဆရာကြီးကို မော့ကြည့်လိုက်သည်။
ယခုအချိန်တွင် စုန်းဆရာကြီး၏ မျက်လုံးများက ပြူးကျယ်နေပြီဖြစ်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ စစ်မှန်တဲ့နတ်ဘုရားက ဒီကမ္ဘာမှာ ဘယ်လိုရှိနိုင်မှာလဲ”
ခလိုရစ်သည် တင်းမာသောအကြည့်ဖြင့် သူ့အော်သံကို လျစ်လျူရှုထားသည်။ သူမက လက်ညှိုးကို ဆန့်ကာ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
တောပေါင်းပင်များက လုံးလုံးလျားလျား ရိုင်းစိုင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ စုန်းဆရာကြီးကို ဖမ်းချုပ်လိုက်ကြသည်။
အကိုင်းအခက်များနှင့် သစ်ရွက်များက ချုပ်နှောင်လိုက်သောအခါ စုန်းဆရာကကြီးက ထိတ်လန့်စွာအော်လိုက်၏။
"မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ။ လျှို့ဝှက်နည်းတွေ အများကြီးက မင်းတို့ကို ဘာလို့ ကာကွယ်နေရတာလဲ"
ယခုအချိန်တွင် ဤကလေးနှစ်ယောက်က သာမန်လူများမဟုတ်ကြောင်း အရူးတစ်ယောက်ယောက်ကပင် နားလည်လာနိုင်မည်ဖြစ်သည်။
" မပြောပြဘူး လူဆိုးကြီး" နျန်နန်က ပြောသည်။
ထိုအခါ ပေါင်းပင်များက ပိုးအိမ်ကြီးတစ်ခုဖြစ်သွားကာ စုန်းဆရာကြီးကို အတွင်း၌ ခိုင်ခံ့စွာ ချည်နှောင်ထားကြသည်။
သူသာမက ရွှီကျောက်ကျောက်အပါအဝင် သူ့လက်အောက်ခံ အပေါင်းအပါများပါ ချုပ်နှောင်ခံခဲ့ရသည်။
ခလိုရစ်က ကလေးနှစ်ယောက်ကို အနည်းငယ် ပြုံးပြပြီးနောက် သူမ၏ တောက်ပမှုမှေးမှိန်သွားကာ လူတိုင်း၏မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
ကလေးနှစ်ယောက်က လုခွန်းကို လှည့်ကြည့်လိုက်သည်။
“ဦးလေးကျေးဇူးပြုပြီး ဒီလူဆိုးတွေကို ပြန်သယ်ပေးပါလား”
လုခွန်းနှင့် သူ၏လူများ အံ့အားသင့်စွာ ကြည့်နေပြီးမှ အသိပြန်ဝင်လာကြသည်။
"ဟုတ်ကဲ့ပါ ပြဿနာမရှိပါဘူး"
မကြာခင်၌ ကုန်တင်ကားတစ်စီးရောက်လာကာ ထိုလူများကို နောက်ခန်းသို့ ပစ်ထည့်လိုက်သည်။
ထိုအချိန်တွင် လုခွန်းသည် တုဖန်ထံသို့ အလျင်အမြန် ဖုန်းခေါ်ရန် အခွင့်အရေးကို ယူလိုက်သည်။
"သူဌေး၊ ကျွန်တော်တို့တွေ့ပြီ"
ထိုအချိန်တွင် တုဖန်က လူကုန်ကူးသူတစ်ဦးကို ရိုက်နှက်နေသည့် နောက်လိုက်တစ်ဦးကို စိုက်ကြည့်နေကာ သဲလွန်စအချို့ ရရန် ကြိုးစားနေသည်။
"မင်း စကားပြောမှာလား ဟမ် ပြောလေ အောက်တန်းစား"
လူကုန်ကူးသူသည် ရိုက်နှက်မှုကြောင့် သွေးများ ချောင်းဆိုးနေကာ မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်သည်ဟု ဆို၍ရလောက်သည်။
လုခွန်းက တွေ့ပြီဟုပြောသည်ကို ကြားသောအခါ တုဖန်က ပထမဆုံး အံ့အားသင့်သွားကာ ဝမ်းသာသွားသည်။
"တကယ်လား မမလေးနှစ်ယောက် အဆင်ပြေရဲ့လား"
"သူတို့ အန္တရာယ်မရှိဘူး"
တုဖန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
“မမလေးတို့ကို ပြန်ပေးဆွဲတဲ့ လူယုတ်မာတွေကို ဖမ်းမိသွားပြီလား”
လုခွန်းက ထရပ်ကားပေါ်ရှိ ပိုးအိမ်များကို ကြည့်ကာ ချောင်းဆိုး၍ ပြောလိုက်၏။
"အင်း... မမလေးတွေက သူတို့ကို ဖမ်းလိုက်တာ၊ တစ်ယောက်မှ မလွတ်ဘူး"
တုဖန်က ခေတ္တမျှ ကြောင်အသွားပြီးမှ အသိပြန်ဝင်လာသည်။
လူကြီးမင်းရွှယ်ရဲ့ကလေးတွေက သာမန်လူတွေဖြစ်နိုင်ပါ့မလား။
ပြန်ပေးဆွဲသွားသူများသည် အမှန်ပင် ကံဆိုးကြသူများဖြစ်သည်။
တုဖန်က ဟက်ဟက်ပက်ပက် ရယ်မောကာ အခန်းအပြင်သို့ လှည့်ထွက်သွားသည်။
လူကုန်ကူးသူသည် လေထဲ၌ တွဲလောင်းကျနေကာ သွေးများ တံတွေးနှင့် လုံးထွေးနေလျက် သူ့လူများက တုဖန်နောက်သို့ လိုက်သွားကြသည်။
"ငါ့ကိုပြောဖို့ပဲပြောနေကြတယ် မင်းတို့ ဘာမှမမေးဘဲနဲ့ ငါ ဘာပြောရမှာလဲ"
သူ ညည်းညူနေတုန်းတွင် နောက်လိုက်တစ်ယောက်က ရုတ်တရက် ပြန်ရောက်လာသည်။
လူကုန်ကူးသူက လျင်မြန်စွာ ရယ်မောလိုက်သည်။
“အကိုကြီး သူတို့ကို တွေ့ပြီ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”
တုဖန်၏ နောက်လိုက်က လှောင်ရယ်ကာ လူကုန်ကူးသူ၏ လည်ပင်းကို ရုတ်တရက် လှီးဖြတ်လိုက်သည်။
လူကုန်ကူးသူက ဝေဒနာဖြင့် သေဆုံးသွားကာ အဆုံးသတ်ပို မလိုလားသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
နောက်လိုက်က မြေပြင်ပေါ် တံတွေးတစ်ချက်ထွေးလိုက်သည်။
“ထွီးး ဆန်ကုန်မြေလေး”
အခန်း(၅၃၆) တွင်းတူပြီး မြှုပ်လိုက်
ရှန်းရှန်းနှင့် နျန်နျန်တို့ကို တုဖန်နှင့် လုခွန်းတို့က အိမ်သို့ ပြန်ခေါ်လာသည်။
နံပါတ်တစ် ရှန်ဗီလာတစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။
အန်းယန်က ချက်ချင်း ပြေးထွက်သွားကာ သမီးနှစ်ယောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လျက် သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
"ရှန်းရှန်း၊ နျန်နျန် မေ့မေ့ကို သေအောင်ခြောက်နေတာပဲ" အန်းယန် ငိုချလိုက်သည်။
"မေမေ၊ မငိုပါနဲ့"
ရှန်းရှန်းနှင့် နျန်နန်တို့က အလွန်ချိုမြိန်သော အမူအရာဖြင့် အန်းယန်၏ မျက်ရည်များကို ညင်သာစွာ သုတ်လိုက်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ချင်းယွီ ချင်းယွမ်နှင့် တခြားသူများက သက်ပြင်းတစ်ချက်ချလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေကာမူ ကောင်မလေးနှစ်ယောက် ဘေးကင်းစွာ ပြန်လာခြင်းက အကောင်းဆုံး သတင်းပင်ဖြစ်သည်။
ထိုအချိန်တွင် လုခွန်းက ထိုပိုးအိမ်များကို တစ်ယောက်ပြီးတစ်ယောက် သယ်ချရန် လူများကို အမိန့်ပေးခဲ့သည်။
"ဒါတွေကဘာတွေလဲ" ထန်ရွှမ်အာက စိတ်ဝင်တစား မေးသည်။
တုဖန်က ခယသောအပြုံးဖြင့် ပြန်ဖြေ၏။
"လူကြီးမင်းတို့၊ ဒါ မမလေးတို့ကို ပြန်ပေးဆွဲထားတဲ့ လူဆိုးတွေပါ။ နောက်ဆုံးတော့ မမလေးတို့ပျောက်သွားတာ သူတို့ကြောင့်ပါပဲ”
"ဟုတ်တယ်၊ မမလေးတို့ရဲ့ နည်းလမ်းတွေက ကောင်းကင်ဘုံကနည်းတွေလိုပဲ မမလေးက ခြေထောက်ဆောင့်ပြီး 'ဖမ်းကြ' လို့ အော်လိုက်တာနဲ့ အဲ့အပင်တွေက ဒီလူဆိုးတွေကို ဖမ်းသွားတာ" လုခွန်းက ကမန်းကတန်း ထပ်ပြောသည်။
အန်းယန်က ခေါင်းငုံ့ကာ သူ့သမီးနှစ်ယောက်ကို ကြည့်လိုက်သည်။
"ဟုတ်လား"
ရှန်းရှန်းနှင့် နျန်နန်က ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်၊ ဒီလူဆိုးကြီးတွေက သမီးတို့ကို ယဇ်ပူဇော်ဖို့ လှည့်စားတာ။ ပြီးတော့ အဖေပေးခဲ့တဲ့ ဒယ်ပြားနဲ့ ရိုက်ချပြီး ပေါင်းပင်တွေနဲ့ ချည်ခိုင်းလိုက်တာ”
အားလုံးက မယုံနိုင်စွာ ကြည့်နေကြသည် ။
အမှန်ပင် ရွှယ်အန်း၏ သမီးများက ငါးနှစ် ခြောက်နှစ်သာရှိသေးသည့်တိုင် အရည်အချင်းရှိနေပြီဖြစ်သည်။
"ဒီလူတွေ အသက်ရှင်နေသေးလား"
ထန်ရွှမ်အာက ပေါင်းပင်လုံးတစ်လုံးကို လက်ညှိုးဖြင့် စူးစမ်းကာထိုးလိုက်သည်။
ပေါင်းပင်လုံးက အသက်ရှင်နေသကဲ့သို့ ရုတ်တရတ်လှုပ်ရှားလာသည်။
ထန်ရွှမ်အာက ကြောက်လန့်တကြားဖြင့် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွား၏။
"အသက်ရှင်... သူတို့ အသက်ရှင်နေသေးတာလား"
ရုတ်တရက် ပေါင်းပင်လုံးထဲမှ ခေါင်းတစ်လုံး ထွက်ပေါ်လာသည်။
ယင်းသည်ကား ရွှီကျောက်ကျောက်ဖြစ်ကာ ငါးပြတိုက်တွင် ကလေးနှစ်ယောက်ကိုလှည့်စားခဲ့သူဖြစ်သည်။
အနီးနားရှိ လူများစွာကို မြင်လိုက်ရသဖြင့် အလွန် ကြောက်လန့်နေပြီဖြစ်သည်။
"ငါ့အသက်ကို ချမ်းသာပေးပါ ဂိုဏ်းကလူတွေက ဒါကိုလုပ်ခိုင်းတာ ငါနဲ့ဘာမှမဆိုင်ဘူး"
သို့သောိ ရှန်းရှန်းက သူမကို လက်ညှိုးထိုးပြကာ အော်လိုက်သည်။
“မေမေ သူက သမီးတို့ကို လှည့်စားတဲ့သူပဲ"
နျန်နန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ကလေးတွေကိုတောင် လှည့်စားနေတာ၊ သူက တကယ့်ကို အဆိုးဆုံးလူဆိုးပဲ"
ဤသည်ကိုကြားသောအခါ လူတိုင်းက ရွှီကျောက်ကျောက်ကို စိုက်ကြည့်နေကြသည်။
သို့သော် အန်းယန်သည် ကလေးမလေးနှစ်ယောက်၏ မိခင်အရင်းဖြစ်သောကြောင့် လူတိုင်းက သူမကို လှည့်ကြည့်ကြသည်။
ထိုအချိန်တွင် အန်းယန်၏ အမူအရာက တဖြည်းဖြည်း နက်မှောင်လာသည်။
သူမသည် နူးညံ့သိမ်မွေ့သည့်တိုင် ထိုအရာမျိုးကို သူမ သည်းခံလိမ့်မည်ဟု မဆိုလိုပေ။
အကယ်၍ သူ့သမီးနှစ်ယောက်ကို ဤလျို့ဝှက်နည်းပညာများက အကာအကွယ်မပေးခဲ့လျှင် ၎င်းတို့က သာမန်ကလေးများ ဖြစ်ခဲ့လျှင်
၎င်းတို့က ယခုအချိန်တွင် သွေးစွန်းနေသော အလောင်းများမှလွဲ၍ မည်သို့မျှ ပြန်လာနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
“သူ့ကို တောင်ပေါ်ကနေ ပြန်ခေါ်သွားပြီး တွင်းတူးဖို့ နေရာရှာပြီး အဲ့မှာ မြှုပ်ထားလိုက်ပါ” အန်းယန်က အေးစက်စွာ ပြောလိုက်သည်။
အန်းယန်က ဤကဲ့သို့ အမိန့်ပေးလာသည်ကို ကြားသောအခါ တုဖန်နှငိ့ လုခွန်းက လန့်သွားကြသည်။
‘ရွှယ်အမျိုးသမီးက အင်အားနည်းပြီး ပျော့ညံ့သိမ်မွေ့တဲ့ပုံပေါက်ပေမယ့် တော်တော်ရက်စက်တတ်တာပဲ’
ရွှီကျောက်ကျောက်က ထိတ်လန့်တကြား အော်ဟစ်ကာ သက်ညှာပေးရန် တောင်းဆို၍ သူမမှားကြောင်းနှင့် နောက်ဘယ်တော့မှ ထပ်ဝံ့မည်မဟုတ်တော့ကြောင်း ပြောခဲ့သည်။
ထိုသို့ရုန်းကန်နေသောကြောင့် လုခွန်းကစိတ်ဆိုး၍ ခြေအိတ်ကို ချွတ်ကာ ပါးစပ်ထဲထည့်လျက် ပေါင်းပင်လုံးများကို တောင်ပေါ်မှ သယ်ဆောင်သွားကြသည်။
"ကျန်တာရော" ချင်းယွီက မေးသည်။
အန်းယန်က ခေါင်းခါလိုက်၏။
"ကျွန်မခင်ပွန်း ပြန်လာတော့မှာပဲ သူ့ကို စောင့်ကြရအောင်။ ရှန်းရှန်းနဲ့ နျန်နန်တို့ကို ယဇ်ပူဇော်ချင်ကြတာဆိုတော့ ဒါဟာ ဆိုးသွမ်းတဲ့ ဂိုဏ်းတစ်ခု ဖြစ်နိုင်တယ်။"
ချင်းယွီက ခေါင်းညိတ်လိုက်သည်။
“ဒါဆို လူကြီးမင်းရွှယ်ဘယ်တော့ပြန်လာမှာလဲ"
"သူ သိပ်မကြာခင် ပြန်လာမယ် ထင်တယ်"
စကားပြောနေကြစဉ် အဝေးမှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာ၍ မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ဖြတ်ကျော်လာသော အလင်းတန်းများ ဗီလာရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
“ငါ့သမီးနှစ်ယောက်ကို ဘယ်သူက ပြန်ပေးဆွဲရဲတာလဲ” အဆုံးမဲ့ ဒေါသအပြည့်ပါသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အလင်းတန်းတစ်ခုက မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့လာရာ အမှန်ပင် ရွှယ်အန်းဖြစ်သည်။
"ဖေဖေ"
သမီးနှစ်ယောက်က ရွှင်မြူးစွာ ပြေးလာကြသည်။
ရွှယ်အန်းက လျင်မြန်စွာ ထိုင်ချ၍ သူ၏ နတ်အာရုံဖြင့် ၎င်းတို့ကို ဂရုတစိုက် စစ်ဆေးခဲ့ရာ သမီးနှစ်ယောက် လုံခြုံစိတ်ချရကြောင်း တွေ့ရှိပြီးမှသာ သူ သက်ပြင်းချနိုင်ခဲ့သည်။
သူသည် နတ်ဆိုးမျိုးနွယ်စု လျှို့ဝှက်နယ်မြေမှ ပြန်လာခဲ့ကာ အန်တီဖန်နှင့် လောင်ရှဲ့စိတ်ပူနေမည်ကို စိုးရိမ်သဖြင့် ရှောင်ရှက ဝေ့ရူယန်ကို ကျုံးတုသို့ တိုက်ရိုက်ခေါ်သွားခဲ့ကာ ရှဲ့ကျင်းကျင်းကိုမူ သူက အိမ်သို့ အရင်ခေါ်သွားခဲ့သည်။
မှန်သည်။ ဤသည်က ရွှယ်အန်းက သူ့သမီးများသည် အန်းယန်နှင့် ရှိနေသဖြင့် ၎င်းတို့လုံခြုံသည်ဟု ထင်သောကြောင့် ထိုသို့လုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် လောင်ရှဲ့၏စားသောက်ဆိုင်ကို ရောက်သောအခါ တံခါးများကို တင်းတင်းကျပ်ကျပ် သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။
အိမ်နီးနားချင်းများကို မေးပြီးမှသာ ကြိုပို့ယာဉ် တိမ်းမှောက်သည့်သတင်းက ပြန့်နေကြောင်းသိလိုက်ရ၍
လောင်ရှဲ့နှင့် အန်တီဖန်တို့က ဤကဲ့သို့ ပြင်းထန်သောဒဏ်ကို မခံနိုင်ဘဲ နှစ်ယောက်လုံး နာမကျန်းဖြစ်ခဲ့ကြသည်။
ဤသည်ကိုကြားသောအခါ ရှဲ့ကျင်းကျင်းက ငိုကြွေးရပြန်သဖြင့် ရွှယ်အန်းက မရပ်ဘဲ ရှဲ့ကျင်းကျင်းကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သည်။
အိမ်နီးနားချင်းများ ပြောသည့်အတိုင်းပင် လူကြီးနှစ်ယောက်လုံး အထူးကြပ်မတ်ကုသဆောင် ဆေးရုံကုတင်ပေါ်၌ လဲလျောင်းနေ၍ မထနိုင်တော့ပေ။
အထူးသဖြင့် အန်တီပန်သည် ရက်အနည်းငယ်အတွင်း ပိန်သွားကာ သူမမှတ်မိနိုင်လောက်အောင် ဖြစ်လာခဲ့သည်။
ရွှယ်အန်းက ရှဲ့ကျင်းကျင်းနှင့်အတူ ဆေးရုံဆောင်ထဲသို့ ဝင်လိုက်သည်နှင့် မိဘနှစ်ယောက်က အိပ်မက်မက်နေသည်ဟု ထင်ခဲ့ကြသည်။
အဖြစ်မှန်ကို သိလိုက်သောအခါတွင်တော့ အသက်မသေရုံတမယ် နှစ်ယောက်သား အိပ်ယာမှထကာ ရှဲ့ကျင်းကျင်းကို ပွေ့ဖက်လျက် ငိုယိုရယ်မောကြသည်။
ရှဲ့ကျင်းကျင်းက အဖြစ်အပျက်များကို ပြန်ပြောပြပြီးနောက် ရွှယ်အန်းသည် ၎င်းတို့၏သမီးကို ကယ်တင်ခဲ့ကြောင်းသိလိုက်ရကာ ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်ခဲ့ကြသည်။
"ကျွန်တော်တို့က မိသားစုတွေလိုပါ ကျင်းကျင်းက ကျွန်တော့် ညီမလိုပါပဲ ဘာလို့ ဒီလောက်တောင်လုပ်နေတာလဲဗျာ"
လောင်ရှဲ့ နဲ့ အန်တီဖန်က တကယ်တမ်းတွင် မဖျားခဲ့ပေ။ သမီးကို ဆုံးရှုံးလိုက်ရသည့် ဝေဒနာကြောင့် ၎င်းတို့ အိပ်ရာထဲလဲသွားကြခြင်းဖြစ်ရာ ယခု ရှဲ့ကျင်းကျင်းလုံခြုံသည်ကို တွေ့လိုက်ရသည်နှင့် ၎င်းတို့၏ ရောဂါက ချက်ချင်းပျောက်သွားသည်။
သို့သော် လောင်ရှဲ့က ခဏမျှ တုံ့ဆိုင်းသွားသည်။
"ရှောင်အန်း မင်း အခုမှပြန်ရောက်တာလား"
"ဟုတ် ကိစ္စရှိလို့လား" ရွှယ်အန်းက မေးသည်။
လောင်ရှဲ့နှင့် အန်တီဖန်က အကြည့်ချင်းဖလှယ်၍ပြောသည်
"ငါတို့မင်းကို ပြောစရာရှိတယ်၊ ဒါပေမယ့် မလန့်သွားနဲ့ဦး"
"ဘာလဲ"
"အန်တီတို့ ဆေးရုံမှာ ရှိနေပေမယ့် ရှန်းရှန်းနဲ့ နျန်နန်တို့ ပျောက်သွားတယ်ဆိုတဲ့ ကောလဟာလတွေ ကြားခဲ့ရတယ်။ သူတို့ကို ရှာနေပြီး ရှာတွေ့သေးလားဆိုတာတော့ မသိရသေးဘူး…"
၎င်းတို့စကားမဆုံးခင်တွင် လေပွေတစ်ခုက ဆေးရုံခန်းထဲ၌ ပေါက်ကွဲကာ ဆေးဘက်ဆိုင်ရာ ပစ္စည်းများအားလုံးကို ချေမွှပစ်လိုက်သည်။
ရွှယ်အန်းတစ်ကိုယ်လုံးက လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေ၏။
ဤအကြောင်းကို သူအမှန်ပင်မသိခဲ့ပေ
သူ၏ နတ်အာရုံအရ သူ့သမီးနှစ်ယောက်လုံးက သာမန်ဖြစ်နေသောကြောင့် ပျောက်ကွယ်သွားလိမ့်မည်ဟု မထင်ခဲ့ပေ။
"သွားကြည့်လိုက်မယ်"
ရွှယ်အန်းကပြော၍ ဆေးရုံပြတင်းပေါက်မှ တိုက်ရိုက်ခုန်ဆင်းကာ နံပါတ်တစ်ရှန် ဗီလာသို့ တည့်တည့်သွားလိုက်သည်။
ယခု သူ့သမီးနှစ်ယောက်လုံး အမှန်တကယ် လုံခြုံ စိတ်ချရကြောင်း တွေ့လိုက်ရသောအခါ သူ့စိုးရိမ်စိတ်များကို လုံးဝ ဖယ်ပစ်လိုက်သည်။
ထို့နောက် အန်းယန်ရောက်လာကာ အမှားတစ်ခုခုလုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့ကာ ညည်းတွားလိုက်သည်။
“ယောက်ျား ငါ…”
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်း၍ အနည်းငယ် ပြုံးလိုက်သည်။
"ရပါတယ်၊ မပြောနဲ့တော့ ကို အကုန်သိပြီးပြီ။ ဒါကို မင်း အပြစ်လို့ ပြောလို့ မရဘူး"
အန်းယန်၏ မျက်လုံးများ နီရဲလာကာ မျက်ရည်များ စီးကျလာသည်။ ရွှယ်အန်းက သူမကို အပြစ်မတင်ကြောင်း သေချာပေါက် သိသော်လည်း အပြစ်ရှိသည်ဟု ခံစားရဆဲဖြစ်သည်။
နောက်ဆုံးတွင်မူ သမီးနှစ်ယောက်သည် သူမ၏ စောင့်ကြည့်မှုအောက်တွင် ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်။
ထိုအချိန်တွင် ချင်းယွီ၊ ချင်းယွမ်၊ တုဖန် နှင့် အခြားသူများက ရွှယ်အန်းပြန်လာသည်ကို တွေ့လိုက်ကြရကာ အားလုံးက သူ့ကို ကြိုဆိုရန် ထွက်လာကြသည်။
"ဆရာ"
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြသော်လည်း သူ့အကြည့်များက ဗီလာတံခါးရှေ့ရှိ ပေါင်းပင်လုံးကြီးများကို အာရုံစိုက်နေ၏။
"ဖေဖေ၊ ဒီလူဆိုးကြီးတွေက သမီးတို့ကို အနိုင်ကျင့်ချင်ပေမယ့် သူတို့ကို ဖမ်းလိုက်တာလေ ဟဲဟဲ သမီးတို့က အံမခန်းပဲ မဟုတ်လား"
ရွှယ်အန်းက ကလေးနှစ်ယောက်ကို ငုံ့ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
"ဟုတ်ပ ရှန်းရှန်းနဲ့ နျန်နန်က တကယ်ကို အံ့သြစရာပဲ"
ထို့နောက် သူက မော့ကြည့်၍ အန်းယန်ကိုပြောလိုက်သည်။
" ရှန်းရှန်းနဲ့ နျန်နန်ကို အထဲကို ခေါ်သွားပါ”
အခန်း(၅၃၇) ငါချက်ချင်းပြန်လာခဲ့မယ်
အန်းယန်က ရွှယ်အန်းက ဆက်လုပ်မည့်အရာကို သိသည့်အတွက် ကလေးနှစ်ယောက်ကို ငုံ့ကြည့်၍ ပြောလိုက်သည်။
"သွားရအောင် မေမေ ရေခဲမုန့် သွားယူပေးမယ်"
"ဒါဆို သမီး ဗနီလာစားချင်တယ်" နျန်နန်က ပြောသည်။
"စတော်ဘယ်ရီစားချင်တာ"
"ဗန်နီလာက အကောင်းဆုံးပဲ"
"စတော်ဘယ်ရီက အကောင်းဆုံး"
ကလေးနှစ်ယောက်က သာမန်နေ့များအတိုင်း ရန်ဖြစ်ကြတော့သည်။
ရွှယ်အန်းသည် ပြုံး၍ ကြည့်နေသည်။
အန်းယန်နှင့် ထန်ရွှမ်အာတို့က ကောင်မလေးနှစ်ယောက်ကို တံခါးနောက်ကွယ်သို့ ခေါ်သွားသည့်အချိန်မှသာ
သူ၏အမူအရာက တဖြည်းဖြည်း အေးစက်လာသည်။
"တကယ် ဘာဖြစ်တာလဲ"
ချင်းယွီ နှင့် အခြားသူများ တုန်လှုပ်သွားကာ အသေးစိတ်အချက်အလက်များကို အမြန်ပြန်ပြောပြသည်။
ထိုအချိန်တွင် ခန္ဓာကိုယ်များကို မြေမြှုပ်ရာမှပြန်လာသော လုခွန်းက သူ့အပိုင်းကို ပြောပြသည်။
"မင်းတို့လုပ်တာကောင်းတယ်" အရာအားလုံးကိုကြားပြီးနောက် ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်ကာ တုဖန်နှင့် လုခွန်းကို ပြောလိုက်၏။
နှစ်ယောက်သား စိတ်သက်သာရာရကာ ဦးညွတ်လိုက်ကြသည်။
"လူကြီးမင်းရွှယ် အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်တို့ လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ"
ရွှယ်အန်းက မြေပြင်ပေါ်ရှိ အပင်လုံးများကို ကြည့်ကာ သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။
ပေါင်းပင်များအားလုံး တခဏချင်း ညှိုးနွမ်းသွားကာ အတွင်းမှ လူများကို မြင်နိုင်ရလာသည်။
အပြင်မှ ရုန်းရင်းဆန်ခတ်သံကို ကြားလိုက်ရကာ ယခု လွတ်မြောက်သွားသည်နှင့် တပြိုင်နက် အားလုံး ထွက်ပြေးရန် ကြိုးစားကြသည်။
ဤလူများအနက် မည်သူကမှ ငတုံးငအများမဟုတ်ကြပေ။
ရွှယ်အန်းဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်ရောင်ဝါက မြင်သာထင်သာရှိလုနီးပါးဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် သာမန်လူတစ်ဦးမဟုတ်သည်မှာ ထင်ရှားသည်။
ထိုကြောင့် ၎င်းတို့၏ ဦးစားပေးက လွတ်မြောက်ရန်သာဖြစ်သည်။
ဗီလာရှေ့ရှိ ဝင်ပေါက်ကို ဖြတ်ကျော်နိုင်လုနီးနီးတွင်
ဓားအလင်းများစွာ ထွက်ပေါ်လာသည်။
ထိုလူများအားခုံး၏ ခြေထောက်များ ကျိုးသွားကာ မြေပြင်ပေါ်သို့ လဲကျလိက် နာကျင်စွာ အော်ဟစ်ကာ ပြတ်နေသော ခြေထောက်များကို ဆုပ်ကိုင်ထားကြသည်။
အသက်ကြီးသော စုန်းဆရာကြီးက လူအုပ်အလယ်တွင် တစ်ချိန်လုံး ပုန်းနေခဲ့သည်။ သူက အလွန် လိမ္မာပါးနပ်သူဖြစ်သဖြင့် မည်သည့်အရာကိုမျှ စတင်မလုပ်ဆောင်ခဲ့ရာ ယင်းက သူ့အသက်ကို ကယ်ခဲ့သည်။
သို့သော် သူ၏ဂိုဏ်းဝင်များ၏ ကြောက်မက်ဖွယ် အခြေအနေကို သူမြင်လိုက်ရသောအခါတွင် ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။
ရွှယ်အန်းမှ ထွက်ပေါ်လာသော ရောင်ဝါက မည်မျှ ကြောက်စရာကောင်းသည်ကို သူသိသည်ဖြစ်ရာ ယင်းက အလွန်ကျယ်ပြောသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် သူက အံကြိတ်ကာ ခြေထောက်ကို အပြင်းအထန်ဆောင့်၍ ကောင်းကင်သို့ တက်လျက် အဝေးသို့ ပျံသန်းရန် ကြိုးစားလေသည်။
ရွှယ်အန်းက တလျှောက်လုံး သူ့ကို အာရုံစိုက်နေခဲ့သည်။
သူထွက်ပြေးရန် ကြိုးစားသည်ကို မြင်သောအခါ ရွှယ်အန်းက အေးစက်စွာ ရယ်လိုက်၏။ ဓားအလင်းတန်းများစွာက ကောင်းကင်ကို ဖြတ်ပျံသွားကာ သူ့လမ်းကြောင်းကို တားဆီးလိုက်သည်။
အသက်ကြီးသော စုန်းဆရာက ရှောင်တိမ်းရန် ကြိုးစားသော်လည်း ဓားအလင်းများက ပျော့ပျောင်းသောကြိုးများအဖြစ် ပြောင်းလဲကာ သူ့ကို ချည်နှောင်လျက် မြေပေါ်သို့ ဆွဲချလိုက်သည်။
သူ လွတ်မြောက်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့၏။
"အခုပြေးဖို့စဉ်းစားနေတာလား"
ရွှယ်အန်းက အေးဆေးစွာဖြင့် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ခြေလှမ်းတစ်ချက်စီလှမ်းတိုင်း ကျန်လူအချို့မှာ ဓားအလင်းကြောင့် လည်ချောင်းကို ဖြတ်တောက်ခံရကာ မြေပေါ်သို့ လဲကျသေဆုံးသွားကြသည်။
ရွှယ်အန်းက စုန်းဆရာကြီးအနားသို့ ရောက်သောအခါတွင် အခြားသူများအားလုံး သေကုန်ကြပြီဖြစ်သည်။
ထူထဲသောသွေး၏ရနံ့က လေထဲသို့ စိမ့်ဝင်သွားကာ သေခြင်းတရားနှင့်ရင်ဆိုင် လေ့ကျင့်လေ့ရှိသော စုန်းဆရာကြီးကိုပင် ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
ရွှယ်အန်းက ယခု စုန်းဆရာရှေ့၌ ရပ်နေသည်။
“စုန်းဂိုဏ်း”
အဘိုးကြီးက တုန်တုန်ယင်ယင်ဖြင့်ပြန်ဖြေ၏။
“ဟုတ်တယ် … မှန်တယ် မင်းက ဘယ်သူလဲ။ ငါတို့ တပည့်တွေကို သတ်တာ ငါ့ဂိုဏ်းက လက်တုံ့ပြန်မှာကို မကြောက်ဘူးလား”
ရွှယ်အန်း၏ ပါးစပ်က အေးစက်သော အပြုံးဖြင့် ကွေးသွားသည်။
"ငါနာမည် ရွှယ်အန်း"
အဘိုးကြီးက ပြင်းထန်စွာ တုန်ခါသွားကာ သူ့မျက်နှာသည်လည်း လူသေကောင်ကဲ့သို့ ဖျော့တော့သွားသည်။
"မင်းက... မင်းက ရွှယ်အန်းလား မဖြစ်နိုင်ဘူးလား၊ မင်း ကျုံးတုမှာ မဟုတ်ဘူးလား အဲ့ကလေးနှစ်ယောက်က..."
"ငါ့သမီးတွေ…"
စုန်းဆရာကြီးက သူ့နှလုံးသားထဲတွင် လုံးဝအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရွှယ်အန်း၏ ဂုဏ်ပုဒ်က ယခုအခါ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
စုန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သောကြောင့် ဤအရာကို သူ သဘာဝကျကျ သိသည်။
“သခင်… သခင်၊ သူတို့က သခင့်ရဲ့ အဖိုးတန်သမီးတွေမှန်း ကျုပ်တို့ တကယ်မသိခဲ့ပါဘူး၊ သခင့် ဂုဏ်သိက္ခာရှိတဲ့ ဇနီးသည်က ဖမ်းလာတဲ့မိန်းမကို မြေကြီးမှာ မြှုပ်ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို သက်ညှာပေးပါ”
ရွှယ်အန်းက စုန်းဆရာ၏ မျက်ရည်ကျပြသော ဖျော်ဖြေမှုကို တိတ်တဆိတ် ကြည့်နေသည်။
"မင်းကို ဘာလို့ ချက်ချင်းမသတ်ခဲ့တာလဲ သိလား"
စုန်းဆရာက ချက်ချင်း ထိတ်လန့်သွားသည်။
"ဘာလို့လဲဆိုတော့ မင်းလိုလူတွေ မသေခင်မှာ အကြောက်တရားတွေ ခံစားနေချင်လို့"
“သခင် စုန်းဂိုဏ်းရဲ့ တံခါးက ဘယ်မှာရှိတယ်ဆိုတာ ပြောပြလို့ ရပါတယ်၊ ကျုပ် သခင့်ကို အဲ့ကို ပို့ပေးလို့ရတယ်။ ကျုပ်ကိုပဲ သက်ညှာပေးပါ ကျုပ် ဘာမဆို လုပ်မယ်”
ရွှယ်အန်းက သူ့ခေါင်းကို ခါယမ်းလိုက်သည်။
"အရမ်းရှုပ်တယ် မင်းရဲ့စိတ်ဝိညာဉ်ကို တိုက်ရိုက်ရှာဖွေတာက ပိုကောင်းပါတယ်လေ"
“မဟုတ်ဘူး…”
အော်သံက ရုတ်ခြည်း ရပ်တန့်သွားသည်။
ရွှယ်အန်းသည် စုန်းဆရာ၏ ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ တိုက်ရိုက် ဆွဲထုတ်လိုက်သည်။
စုန်းဆရာ၏ သေးငယ်သောပုံစံတူက ဒူးထောက်ကာ ရွှယ်အန်း၏လက်ဖဝါးပေါ်တွင် သက်ညှာပေးရန် တောင်းပန်နေသည်။
ရွှယ်အန်းက ပြင်းထန်စွာ ညှစ်လိုက်သည်။
စုန်းဆရာ၏ ဝိညာဉ်က တိုက်ရိုက် ကြေမွသွား၏။
ကလေးများစွာကို ယဇ်ပူဇော်နေသော မှတ်ဉာဏ်များကို မြင်လိုက်ရသဖြင့် ရွှယ်အန်းက ဒေါသတကြီး နှာခေါင်းရှုတ်ကာ လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။
အလောင်းများပေါ်တွင် တဟုန်းဟုန်းတောက်လောင်နေသော ကံကြမ္မာမီးတောက်ထွက်ပေါ်လာသည်။
ကံကြမ္မာမီးတောက်က ၎င်းတို့၏ ခန္ဓာကိုယ်များကို လောင်ကျွမ်းစေကာ ၎င်းတို့၏ ဝိညာဉ်များကို ချေမှုန်းပစ်လိုက်သည်။
ခဏအကြာတွင် ဤလူများ၏ နောက်ဆုံးသော ခြေရာလက်ရာများကို ကမ္ဘာပေါ်မှ ဖျက်ပစ်လိုက်သည်။
ချင်းယွီ နှင့် တုဖေးတို့အပါအဝင် အားလုံးက အနည်းငယ် ဖြူဖျော့သွားကြသည်။
ရွှယ်အန်းက ဤလူများကို အချိန်အဆက်ပြတ်စေမည်မဟုတ်ကြောင်း ၎င်းတို့သိသည်။
သို့သော် ရွှယ်အန်းက ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ပြုမူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
“လူကြီးမင်း….”
ချင်းယွီက တစ်စုံတစ်ခုကို ပြောလိုသဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
"ဒီမှာ ခဏနေ ငါပြန်လာခဲ့မယ်"
ထိုသို့ဖြင့် သူက ကောင်းကင်သို့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပျောက်ကွယ်သွားသည်။
လုခွန်းက ဤကဲ့သို့ သဘာဝလွန် မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသဖြင့် ခက်ခက်ခဲခဲ မျိုချကာ မထိန်းနိုင်ဘဲမေးလိုက်သည်။
"သူဌေး၊ လူကြီးမင်းရွှယ်က ဘာဖြစ်နေတာလဲ"
တုဖန်က ပြုံးလိုက်သည်။
"လူကြီးမင်းရွှယ်က အဲ့လူတွေရဲ့ ဂိုဏ်းကို ဖြုတ်ချဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်"
"အမ်" လုခွန်းက ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးပေ။
"သူတို့အားလုံး သေနေပြီ မဟုတ်လား..."
တုဖေးသည် ခေါင်းယမ်းကာ ရွှယ်အန်းထွက်သွားသည့် လမ်းကြောင်းကို ကြည့်၍ ပြောလိုက်သည်။
"မင်းသိလား ဒီလူတွေက ဒီလိုမျိုး တစ်ကြိမ်ထက်ပိုပြီး လုပ်ခဲ့တာ သိသာတယ် လူကြီးမင်းရွှယ်က လူဆိုးတွေကို ဒဏ်ခတ်ဖို့လုပ်မလို့ပဲ"
ဤအခိုက်အတန့်တွင် စုန်းဆရာမှတ်ဉာဏ်အရ ရွှယ်အန်းက အနောက်မြောက်တောင်တန်းကြီးများ၏ နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်ခုသို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။
ဤနေရာသည် ဝေးလံခေါင်သီ၍ တောင်တန်းများနှင့် ရေဆိုးများကိုသာ တွေ့ခဲ့ရကာ ဆိတ်သုဉ်းပြီး လူသူကင်းမဲ့ကာ အမှန်တကယ် သေခြင်းတရား၏ နယ်နိမိတ် ဖြစ်နိုင်သည်။
ရွှယ်အန်းက အပေါ်မှ ပျံတက်သွား၍ မည်သည့်အကာအကွယ်ကိုမျှ ချေဖျက်ရန် စိတ်မ၀င်စားဘဲ ခြေထောက်ကို နင်းရုံသာနင်းလိုက်သည်။
ရုတ်တရက် တောင်ကြားပေါ်မှ အလင်းတန်းတစ်ခု ပေါ်လာသည်။
သို့သော် ရွှယ်အန်း၏ နင်းချေမှုအောက်တွင် တစ်စက္ကန့်မျှပင်မကြာဘဲ ပျက်ဆီးသွားခဲ့သည်။
သို့မှသာ သွေးစွန်းထင်းနေသော ယဇ်ပလ္လင်ကြီးက ချိုင့်ဝှမ်းအလယ်တွင် ပေါ်လာကာ ယဇ်ပလ္လင်ဘေးတွင် ကျောက်နက်များဖြင့် တည်ဆောက်ထားသည့် ရွာငယ်တစ်ရွာကို မြင်လာရသည်။
ရွာ၏အလယ်တွင် စုန်းဂိုဏ်းအတွက် ရှေးစည်းချိပ်သုံးခုဖြင့် အလွန်ကြီးမားသော အနက်ရောင်စည်းချိပ်တစ်ခု တည်ရှိနေသည်။
ထိုအချိန်တွင် စုန်းဂိုဏ်း၏ တပည့်များက ရွှယ်အန်းရုတ်တရက် ပေါ်လာသည်ကို မြင်၍ ထွက်လာခဲ့ကြသည်။
"မင်းက ဘယ်သူလဲ၊ မင်း ဘာလို့ ငါတို့ စုန်းမဂိုဏ်းထဲကို ရုတ်တရတ် ကျူးကျော်လာတာလဲ။"
ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ ထူးဆန်းသည့် ပုံစံမျိုးစုံဖြင့် အမျိုးသားတစ်ယောက်က အသံနက်ကြီးဖြင့်မေးလိုက်သည်။
ရွှယ်အန်းက ယဇ်ပလ္လင်ကို ကြည့်နေဆဲဖြစ်ကာ ထိုလူ၏မေးခွန်းများကို မတုံ့ပြန်ခဲ့ပေ။
ဤသည်က ထို ကြွေးကြော်နေသော လူကို ရှင်းရှင်းလင်းလင်း ဒေါသထွက်စေသည်။ ထို့ကြောင့် သူသည် ပြင်းထန်သော ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ရွှယ်အန်းကို ဆုပ်ကိုင်လိုက်သည်။
ရွှယ်အန်းက တစ်ချက်မျှပင် မကြည့်ဘဲ သူ့လက်ကို ရိုးရိုးတန်းတန်း မြှောက်လိုက်သည်။
ဘမ်း
ကြီးမားသောကြားကြီးက မြေကြီးပေါ်သို့ ရိုက်ချခံရကာ အသားကြိတ်စများအဖြစ် ပြောင်းလဲသွားသည်။