အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အခန်း(၅၄၄) ဘရိတ်ကို ဆောင့်ရပ်ခြင်း
ဟူယွဲ့က အနည်းငယ်ပြုံးလိုက်သည်။
"ငါ ပြဿနာရှာနေတာ မဟုတ်ဘူး၊ ငါ့ကားက အမှိုက်ပုံးမဟုတ်ဘူးလို့ မင်းကို ငါပြောနေတာ။"
သူစကားပြောနေစဉ်တွင် ဟူယွဲ့သည်ရှားလီ၏ အင်ဂျင်ဖုံးပေါ်သို့ ချစ်ခင်မြတ်နိုးစွာဖြင့် ပုတ်လိုက်သည် ။
‘အမဲသားခေါက်ဆွဲ ပန်းကန်ခြောက်ဆယ်ဖိုး ငါးရာပေးထားရတာ။ အမှိုက်လို့ ဘယ်သူခေါ်ရဲတာလဲ’
ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျယ်လောင်စွာ ရယ်မောကြသည်။
"အို ဘုရားရေ ဒီကောင်ရူးသွားပြီလား”
“မိန်းကလေး ကျွန်တော့်ကားကို လာစီး၊ ဒီကောင် ဦးနှောက်ပျက်နေတာ သေချာတယ်"
"တကယ်ပြောရရင် ကျွန်တော်က ဒီအမှိုက်တစ်စထက် ပိုတန်ဖိုးရှိတဲ့ နောက်ဆုံးပေါ် McLaren ကို စီးတာကွ"
ဤကဲ့ရဲ့လှောင်ပြောင်မှုများကြားတွင် ရှီရွှယ်ချင်းသည် ဟူယွဲ့အား စိုးရိမ်တကြီးကြည့်ကာ သူမ၏ဘိုးဘေး စိတ်ဆိုး၍ ထိုကောင်များကို သတ်ပစ်မည်ကို စိုးရိမ်နေသည်။
သို့သော် ဟူယွဲ့က ပြုံးရုံသာ ပြုံးလိုက်သည်။
“ငါ့ကားကို အမှိုက်လို့ပြောနေတာ မင်းပြိုင်ကြည့်မလား”
“ပြိုင်ကြည့်မလားဟုတ်လား။ ဘာပြိုင်ပွဲလဲ ဘယ်သူကအနှေးဆုံးလဲပြိုင်မှာလား
“ ချမ်းသာသော အမွေခံများက ရယ်မောကာ လှောင်ပြောင်ကြသည်။
ဟူယွဲ့က ခေါင်းခါလိုက်သည်။
“ဒါပေါ့ ဘယ်သူက အမြန်ဆုံးလဲကြည့်ရအောင်။ ငါရှုံးရင် သူ မင်းတို့နဲ့လိုက်ခဲ့မယ်”
ဟူယွဲ့က ရှီရွှယ်ချင်းကို လက်ညှိုးထိုးပြလိုက်သည်။
ထိုချမ်းသာသော ဒုတိယမျိုးဆက်များ၏ မျက်လုံးများ တောက်ပလာသည်။
ရှီရွှယ်ချင်းက ဖျော့တော့သွား၏။
“ဘိုးဘေး…”
ဟူယွဲ့သည် ရှီရွှယ်ချင်းကို မျက်စိတစ်ဖက်မှိတ်ပြကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ရှီရွှယ်ချင်းက ရွေးချယ်စရာမရှိသဖြင့် ပါးစပ်ကို ပိတ်လျက် အနည်းငယ်စိတ်မကောင်းဖြစ်နေသည်။
"ဒါက လေးနက်တဲ့ကမ်းလှမ်းမှုတစ်ခုလား" လူတစ်ယောက်က မေးတသည်။
"ဒါပေါ့ ဒါ တကယ့် ကမ်းလှမ်းမှုပဲ”
“ဒါဆို ကောင်းပြီ မိန်းကလေး ၊ ငါတို့ ညီအကိုတွေ ခဏနေ အပျော်စီးဖို့ ခေါ်သွားတာ စောင့်ဦး။" ဤချမ်းသာသောအမွေခံများက မောက်မာစွာ ရယ်မောကြသည်။
ဟူယွဲ့က ဘာသိဘာသာ ဆက်ပြော၏။
"ဒါဆို မင်းတို့ ရှုံးရင် ဘယ်လိုလုပ်မလဲ"
"ဟားဟား၊ ငါတို့ ဘယ်လို ရှုံးနိုင်မှာလဲ၊ ငါ မင်းကို တစ်မိနစ်လောက်ကြိုသွားခွင့်ပေးလိုက်ရင်တောင် ငါတို့ရဲ့ ကားမီးကို မင်းမြင်ရမှာမဟုတ်ဘူးလို့ ငါပြောပါရစေ”
ဟူယွဲ့က အနည်းငယ်ပြုံးလိုက်သည်။
"ပြောသာပြောစမ်းပါ မင်းတို့ရှုံးရင် ဘာဖြစ်မလဲ”
ထိုယောက်ျားများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ၎င်းတို့၏ ကားများကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါတွေမြင်လား ငါတို့ရှုံးရင် မင်းကို ကားအလကားပေးမယ်။"
"ကောင်းပြီ သဘောတူတယ်" ဟူယွဲ့က ချက်ချင်းခေါင်းညိတ်ပြကာ ၎င်းတို့နောက်ဆုတ်မည်ကိုစိုးရိမ်စွာကြည့်နေသည်။
အလောင်းအစား ပြေလည်သွားသည်။
ချမ်းသာသော အမွေဆက်ခံသူများသည် မိမိတို့၏ ကားဆီသို့ ပြန်သွားကြသည်။
ရှီရွှယ်ချင်းက အလျင်စလို ပြောလိုက်၏။
"ဘိုးဘေး ရူးနေတာလား။ ဒီကားတွေက ပြိုင်ကားတွေရှင့် ကျွန်မတို့ ဒီကျားလီကို ပျံအောင်လုပ်လို့ရရင်တောင် လိုက်မမှီနိုင်ဘူး။ ဒါမှမဟုတ် ကျွန်မကို စွန့်ပစ်ဖို့ ကြိုးစားနေတာလား”
ဟူယွဲ့က တဟားဟားရယ်လိုက်သည်။
"ငါ့တပည့်က အရမ်းချစ်စရာကောင်းတယ်။ မင်းကို ဘယ်လိုစွန့်လွှတ်ရမှာလား။ အခြားသူတို့က လိုက်မမီနိုင်ဘူးဆိုတာ သူတို့ မတတ်နိုင်လို့ပဲ။ ငါက ဘယ်သူလဲ၊ ငါက ကြီးကျယ်ခမ်းနားတဲ့ သခင် ဟူယွဲ့လေ။ ကားပေါ်တက် ငါ မောင်းမယ် ဒီတစ်ခါ”
ရှီရွှယ်ချင်းက ကားထဲသို့ ကူကယ်ရာမဲ့စွာဝင်လိုက်သည်။
ထိုအချိန်တွင် ဟူယွဲ့သည် အမူအရာကို မပြောင်းဘဲ ရှားလီ၏ စက်ခေါင်းပေါ်၌ မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။
နတ်ဘုရားအလျင်မန္တန်
ခရီးသွားရာတွင် အသုံးပြုသော မန္တန်တစ်မျိုးဖြစ်သည်။ ဟူယွဲ့ ဖန်တီးထားသော ဤအရာသာလျှင် ရှားလီအပေါ် ကောင်းချီးပေးနိုင်သည်။ ဤအချိန်တွင် ချမ်းသာသော အမွေခံများက ၎င်းတို့၏ ဖိမခံကားများကို ဖြည်းဖြည်းချင်းမောင်းလာကြသည်။
"ကောင်လေး ငါတို့ မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး၊ ဒါဆို မင်းကို ဆယ်စက္ကန့်လောက် ကြိုသွားခွင့်ပြုလိုက်မယ်။ ပြီးရင် ငါတို့ နောက်ကနေ လိုက်ခဲ့မယ်”
“ကောင်းပြီ” ဟူယွဲ့ကပြုံး၍ ပြောသည်။
ထို့နောက် သူသည် ရှီရွှယ်ချင်းထံမှ သင်ယူခဲ့သော မောင်းနှင်မှုနည်းပညာကို အသုံးပြုကာ၊ ဂီယာများကို ကျွမ်းကျင်စွာပြောင်လျက် ယာဥ်ကို စတင်ခဲ့သည်။
ဘွန်း
ရှားလီက ရှေ့သို့ တိုးသွားပြီးနောက် ရပ်တန့်သွားသည်။ ဤမြင်ကွင်းက ခဏတာမျှ တုန်လှုပ်ဖွယ်ဖြစ်သွား၏။
ချမ်းသာသော အမွေခံများက ကြောင်အစွာကြည့်နေပြီးနောက် ၎င်းတို့ထဲမှ တစ်ဦးကပြောလိုက်သည်။
“ငါ့ကောင် မင်းလာနောက်နေတာလား”
“မှန်းကြည့်လေ” ဟူယွဲ့က ကားကို ပြန်ဖွင့်ကာ အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ ရယ်မောကာ မေးငေါ့ပြလိုက်သည်။
“ငါအခုတကယ်သွားပြီ”
ဘွန်း
ရှားလီက နောက်ဆုံးတွင် အောင်မြင်စွာ မောင်းနှင်းခဲ့သည်။ သို့သော် တကယ်တမ်းတွင် အလွန် အိုဟောင်းနေပြီဖြစ်သော ကားဟောင်းကြီးက နွားအိုကြီးကဲ့သို့ ရှေ့သို့ တဖြည်းဖြည်း ရွေ့နေဆဲပင်ဖြစ်သည်။
ချမ်းသာသော ဒုတိယမျိုးဆက်ကလေးများသည် ဟက်ဟက်ပက်ပက် ရယ်မောကြသည်။
"ဒီအရှိန်နဲ့ ငါမျက်လုံးတွေမှိတ်ပြီး ခဏလောက်အိပ်လိုက်ရင်တောင် မရှုံးနိုင်ဘူး”
သို့သော် ထိုအချိန်တွင်၊ ဟူယွဲ့၏ပါးစပ်ထက်၌အပြုံးတစ်ခု ပေါ်လာကာ သူ့မျက်လုံးများလည်း တလတ်လတ်တောက်ပလာသည်။
ရှားလီက ကားဟွန်းသံနှင့်အတူ မြားတစ်စင်းပစ်လွှတ်တလိုက်သကဲ့သို့ ၎င်း၏ အရှိန်က ဆယ်ဆကျော်တိုးလာသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် လူတိုင်း၏ အကြည့်မှ ပျောက်ကွယ်သွားသ်ည။
“ဟမ် ငါ အမြင်မှားနေတာလား။ ဒါ ရှားလီလား။ မိုက်လိုက်တာ"
"မြန်မြန်လိုက်ကြ”
ဤကလေးများအဖွဲ့က ကြောက်လန့်တကြား ဒေါသတကြီးဖြင့် လိုက်ရန် ဂီယာအမြန်နင်းကာ မောင်းကြသည်။ သို့သော် နတ်ဘုရားအရှိန်မန္တန်၏ စွမ်းအားကြောင့် ရှားလီ၏ အရှိန်က ဆက်လက်တိုးမြင့်လာရာ လိုက်မမှီနိုင်တော့ပေ။
အကွာအဝေး ပိုပိုကျယ်လာသည်နှင့်အမျှ ချမ်းသာသောကလေးများသည် စိတ်ပျက်လက်ပျက်ဖြင့်သာ စောင့်ကြည့်နေနိုင်ကြတော့သ်ည။
ဟူယွဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အရူးတစ်အုပ်၊ ငါ့ကို စိန်ခေါ်နေတာလား။ ငါ့မှာ အသိစိတ်ရှိတယ်ကွ။ ငါသာ အဲ့ကောင်ဆိုရင် မင်းတို့အားလုံး ဘောင်းဘီတွေကျွတ်ကုန်လိမ့်မယ်”
ရှီရွှယ်ချင်းက လက်ကိုင်ကို ထိတ်လန့်စွာ ဆုတ်ကိုင်လျက် ကြောက်လန့်တကြားဖြူဖျော့နေသည်။
“သခင် ဘိုးဘေး သခင် ဘိုးဘေးရှေ့ကိုကြည့်အဲ့မှာကားကြီး”
“စိတ်မပူပါနဲ့မင်းရဲ့ သခင်ဘိုးဘေးကြီးက ဒီမှာ တစ်ခါက ကြယ်တာယာယာဥ်တစ်စင်းမောင်းခဲ့ဖူးတယ်။ ဒါကဘာမှမဟုတ်ဘူး”
ထိုသို့ဖြင့် သူက အားစိုက်ထုတ်ခြင်းမရှိဘဲ ယာဥ်ကြောကို ဖြတ်ကျော်လာခဲ့သည်။
ယနေ့ အဝေးပြေးလမ်းများကအလွန်စည်ကားလှလွန်းသည်။ ရှားလီက မယုံနိုင်လောက်အောင်မြန်သော အရှိန်ဖြင့်လမ်းကို ကျော်ဖြတ်နေသောကြောင့်ပင်ဖြစ်သည်။
နောက်မှ ပြိုင်ကား တစ်ဒါဇင်ကျော် အနီးကပ်လိုက်နေသော်လည်း ၎င်းတို့ကလိုက်မမှီနိုင်သေးပေ။
ဤမြင်ကွင်းကို မျက်မြင်တွေ့သူများကမူ မယုံနိုင်ဖြစ်နေကြသည်။
မကြာမီ ၎င်းတို့သည် နောက်ထပ်ဝန်ဆောင်မှုပေးသည့်နေရာသို့ ချဉ်းကပ်လာကြသည်။
“သေချာကိုင်ထား။ တကယ့်အရည်အချင်းတွေကို ပြသဖို့ အချိန်ရောက်ပြီ”
ရှီရွှယ်ချင်းက ထိတ်လန့်သွားကာမျက်လုံးများကို ချက်ချင်းမှိတ်လိုက်သည်။
ဟူယွဲ့သည် အရှိန်မလျှော့ဘဲ ဝန်ဆောင်မှုဧရိယာဆီသို့ တည့်တည့်သွားခဲ့ရာ သူ့နောက်မှ ပြိုင်ကားများအားလုံး အံ့အားသင့်သွားခဲ့သည်။
"ဒီကောင်က သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား။"
ထို့နောက် ဟူယွဲ့သည် ဤချမ်းသာသောကလေးများကို သင်ခန်းစာတစ်ခုပေးလိုက်သည်။
ဟူယွဲ့သည် လက်ဘရိတ်ကို နင်းရင်းဖြင့် စတီယာရင်ဘီးကို ရုတ်တရက် လှုပ်လိုက်ကာ ဘယ်ဘက်ခြေကို လျင်မြန်စွာ မြှောက်လိုက်သဖြင့် ကားသည် ထိန်းချုပ်မရသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူသည် ကျင့်ကြံရေးစွမ်းအင်များကို အသုံးပြုကာ ရိုင်းစိုင်းစွာ ဒရစ်ဖ်ဆွဲနေသော ရှားလီကိုထိန်းချုပ်လိုက်သည်။
"သခင်ဘိုးဘေး၊ ဒါကို ဘယ်လိုလုပ်သိတာလဲ"
"လွယ်လွယ်လေးပါ မင်းရဲ့ ဘိုးဘေးမလုပ်နိုင်တာ ဘာရှိလဲ" ဟူယွဲ့ကပြုံးစိစိဖြင့် ပြောသည်။
သူဌေးကလေးများသည် ကားကိုရပ်၍ အပြင်သို့ထွက်ကာ မြင်ကွင်းကို အံသြစွာ ငေးကြည့်နေကြသည်။
ဈေးပေါသောတာယာများမှ စူးရှသော မီးခိုးများက ဝန်ဆောင်မှုဧရိယာကို ဖုံးလွှမ်းသွားသည်။
သို့သော် ထိုခဏ၌ပင် ရှားလီက အံ့ဖွယ်လည်သွားပြီးနောက် မခံနိုင်တော့သကဲ့သို့ ရုတ်တရက်အသံဆိုးတစ်ခုထွက်ပေါ်လာသည်။ ရှီရွှယ်ချင်းက ကားတစ်စီးလုံး ပြင်းထန်စွာ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"သခင်ဘိုးဘေး ကားရပ်ပါ။"
ဟူယွဲ့ကလည်း သူရှုပ်လိုက်ပြီဖြစ်ကြောင်း သတိထားမိသဖြင့် ဘရိတ်ကိုအလျင်အမြန်နင်းလိုက်သည်။
ကျယ်လောင်သောသတ္တုသံကြီးထွက်ပေါ်လာပြီးနောက် ရှီရွှယ်ချင်းက ဆူညံနေသော လေထုကို ခံစားလိုက်မိသည်ဖြစ်ရာ မော့ကြည့်လိုက်သောအခါတွင် ကားခေါင်မိုးပျောက်ကွယ်သွားကြောင်း သူမသတိထားမိလိုက်သည်။
ခေါင်မိုးတင်မက အင်ဂျင်နှင့်နောက်ဘီးများအပါအဝင် အကုန်လုံးပြင်းထန်သောအရှိန်ဖြင့်လွင့်ထွက်သွားသည်။
ကျန်ရှိသည်မှာသူမထိုင်နေသောခုံနှင့် …ဟူယွဲ့လက်ထဲမှ စတီယာရင်ဘီးတို့သာဖြစ်သည်။
အခန်း (၅၄၅) ကျွမ်းကျင်သော လိမ်လည်လှည့်ဖြားမှု နည်းပညာများ
ရုတ်တရက်ဆိုသလိုပင် လေထုတစ်ခုလုံး တုန်လှုပ်ချောက်ချားဖွယ် ကောင်းလာလေသည်။ ချမ်းသာကြွယ်ဝသော လူငယ်များသည် မတ်တပ်ရပ်၍ မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေကြသည်။ ဟူယွဲ့သည် သက်ပြင်းတစ်ချက်ချကာ ကိုင်ဆောင်ထားသော စတီယာဘီးကို လွှင့်ပစ်၍ လက်ခုပ်တီးပြီးနောက် ကားထဲမှ သပ်ရပ်ကျနစွာ ထွက်လာခဲ့သည်။
"အခု မင်းတို့အားလုံး ယုံကြပြီလား"
ချမ်းသာကြွယ်ဝသော လူငယ်များသည် တစ်ယောက်ကို တစ်ယောက် လှည့်ကြည့်ပြီးနောက် ခေါင်းကို ကမန်းကတန်း ခေါင်းညိတ်လိုက်ကြသည်။
"ဆရာ၊ ဘယ်လို... ဒီကားကို ဘယ်လို ပြုပြင်မွမ်းမံလိုက်တာလဲ၊ ဘယ်လိုလုပ်ပြီး ရှားလီကို အရမ်း မြန်အောင် လုပ်လိုက်တာလဲ" အမျိုးသားတစ်ဦးက တံတွေး မျိုချပြီးနောက် လေးစားမှုအပြည့်ဖြင့် မေးလိုက်သည်။
"ပြုပြင်မွမ်းမံတာတဲ့လား" ဟူယွဲ့၏ မျက်နှာတွင် ကရုဏာသက်နေသော အကြည့်မျိုး ဆင်မြန်းထားလေသည်။
"မင်းတို့က နုံအနေတုန်းပါလား။ အကောင်းဆုံး မောင်းနှင်မှုအဆင့်ဆိုတာကို မင်းတို့ သိလား"
လူအုပ်ကြီးက တညီတညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။
ဟူယွဲ့က နားလည်ရန်ခက်ခဲစွာ ပြုံးရယ်လိုက်သည်။
"ဒီနေ့ မင်းကို ပြောပြမယ်၊ အဲ့ဒါက ကားနဲ့ တစ်သားတည်း ဖြစ်နေရမယ်"
"တစ်ယောက်ယောက်က ကားနဲ့ တစ်သားတည်းဖြစ်နေမှသာ ကားမှာ ရှိသမျှ အလားအလာတိုင်းကို ဖမ်းဆုပ်နိုင်ပြီး ပြိုင်ဘက်ကင်းနိုင်မှာ။ ဒီပြုပြင်မွမ်းမံမှုဆိုတာတွေအားလုံးက အသေးအဖွဲတွေချည်းပဲ ထည့်ပြောဖို့တောင် မတန်ဘူး"
ဤသိသာထင်ရှား၍ အဓိပ္ပါယ်မဲ့သော အချက်များသည် ချမ်းသာကြွယ်ဝသော လူငယ်များကို လေးနက်သွားစေကာ အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ရှီရွှယ်ချင်းသည် ဟူယွဲ့၏ နောက်ကျောကို စိုက်ကြည့်နေသည်။ သူမ၏ လေးစားရသော ဆရာသည်... အမှန်တကယ် လိမ်လည်သူတစ်ဦး ဖြစ်နိုင်လေသလော။ သူ၏ ကျွမ်းကျင်သော လှည့်စားမှုအရ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာထင်ရှားပေသည်။ ဟူယွဲ့သည် ရှီရွှယ်ချင်း ဘက်သို့လှည့်၍ စူးစူးစိုက်စိုက်ကြည့်ပြီးနောက် မြင့်မားသော ပညာရှင်တစ်ဦး၏ အငွေ့အသက်မျိုးဖြင့် ဆက်လက် ပြုမူလိုက်သည်။
"ဒါဆို ဒီကားက..."
"အလောင်းအစားလုပ်ထားတဲ့အတိုင်းပါပဲ။ ဆရာ အနိုင်ရပြီဆိုမှတော့ ကားက သေချာပေါက် ဆရာ့အပိုင်ပေါ့"
"သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်။ အဟမ်း၊ ဒါပေမယ့် ကျုပ် ဒီနေ့ အမြန်အမြန် ထွက်လာတာနဲ့ ပိုက်ဆံယူလာဖို့ မေ့သွားတယ်၊ ဒီလိုလုပ်ရင်ရော ဘယ်လိုထင်လဲ..."
ချမ်းသာကြွယ်ဝသော လူငယ်များသည် ပိုက်ဆံအိတ်များကို အလျင်အမြန် ဆွဲထုတ်ပြီးနောက် ၎င်းတို့တွင်ပါရှိသော ပိုက်ဆံများအားလုံးကို ထုတ်ယူကာ ဟူယွဲ့ထံ လွှဲပြောင်းပေးလိုက်သည်။
"ဆရာ၊ ကျွန်တော်တို့လည်း သိပ်အများကြီး မပါဘူး၊ ဒါ နှစ်သောင်းကျော်လောက်တော့ ရှိမယ် မလုံလောက်ရင် ကျွန်တော်တို့ ပိုက်ဆံ ထပ်သွားထုတ်ပေးပါ့မယ်"
"မလိုဘူး၊ ဒါနဲ့ လုံလောက်တယ်" ဟူယွဲ့သည် ငွေများကို လက်ခံနေစဉ် ခပ်တိုးတိုး ပြောလိုက်သည်။ ပြီးနောက် သူသည် ရှုပ်ယှက်ခတ်နေသော နိယာမများ လျှောက်ပြောခဲ့ရာ၊ ထိုလူအုပ်စုကို စိတ်ရှုပ်ထွေးသွားစေသည်။
အဆုံးတွင် ရှီရွှယ်ချင်းကို ပိုးပန်းနေသော အမျိုးသားတစ်ဦးသည် အပြစ်ရှိသော အမူအရာမျိုးဖြင့် တောင်းပန်စကားပြောလာသည်။
"မိန်းကလေး၊ မင်းက ဆရာရဲ့ချစ်သူမှန်း ကျွန်တော် တကယ် မသိခဲ့လို့ပါ၊ တောင်းပန်ပါတယ်"
ရှီရွှယ်ချင်းက ဆွံ့အနေခဲ့ရာ၊ ချမ်းသာကြွယ်သော လူငယ်များက ဟူယွဲ့ကို တွန့်ဆုတ်စွာ လက်ဝှေ့ယမ်း၍ နှုတ်ဆက်နေခြင်းကိုသာ ကူကယ်ရာမဲ့ ကြည့်ရှုနေရသည်။ ၎င်းတို့၏ ကားကို မမြင်ရတော့သောအခါ ဟူယွဲ့က ရယ်မောလိုက်သည်။
"ငတုံးတွေ"
ပြီးနောက် သူသည် အောင်ပွဲခံသော အကြည့်ဖြင့် ရှီရွှယ်ချင်း ဘက်သို့လှည့်ကြည့်ကာ ပြောလိုက်သည်။
"တပည့်ကောင်းလေး၊ ငါတို့မှာ ပိုက်ဆံရော ကားရောရလာပြီ၊ သွားကြရအောင်"
ဟူယွဲ့သည် အသစ်စက်စက် ပြိုင်ကားတစ်စီးဖြင့် လင်နန်မြို့ဆီသို့ မောင်းထွက်သွားစဉ် လင်းနန်မြို့၏ လေဆိပ်ပေါ်သို့ ကိုယ်ပိုင်လေယာဉ်တစ်စင်း ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ယွီမိသားစုသည် သတင်းကြားပြီးပြီဖြစ်သောကြောက့် အားလုံးက ရွှယ်အန်းကို နှုတ်ဆက်ရန် ထွက်လာကြသည်။ လေယာဉ်၏ လှေကားထိပ်တွင် ရွှယ်အန်း ပေါ်ပေါက်လာသောအခါ ယွီမင်၏ နံဘေးတွင် မတ်တပ်ရပ်နေသော ယွမ်ယွင်ရှင်းသည် တုန်ရင်သွားလေသည်။
ယွမ်ယွင်ရှင်း၏ စိတ်မသက်မသာဖြစ်မှုကို ခံလိုက်ရသော ယွီမင်သည် သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်၍ စိတ်အေးစေရန် ပြုံးပြလိုက်သည်။
"မကြောက်နဲ့"
ယွမ်ယွင်ရှင်းသည် အသက်ပြင်းပြင်းရှူရှိုက်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အငြိမ်းစားဖြစ်လုနီးပါးဖြစ်သည့် ယွီမင်၏ဖခင် ယွီလန်သည် ရွှယ်အန်းကို နှုတ်ဆက်ရန် အရှေ့သို့ အလျင်အမြန် ထွက်လာသည်။
"အရှင်"
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ယွီမင်သည်လည်း ယွမ်ယွင်ရှင်း၏ လက်ကို ဆွဲကိုင်ကာ အရှေ့သို့ ဦးဆောင်လိုက်သည်။
"အရှင့်ကို နှုတ်ဆက်ပါတယ်"
ရွှယ်အန်းက ယွမ်ယွင်ရှင်းကို လှည့်ကြည့်ပြီးနောက် ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။
"ဂုဏ်ယူပါတယ် မိန်းကလေးယွမ်"
ယွမ်ယွင်ရှင်းက အံ့အားသင့်သွားပြီးနောက် ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
ထိုအခိုက်အတန့်တွင် အန်းယန်သည်လည်း အရှေ့သို့ လျှောက်လှမ်းလာသည်။
“ယောက်ျား၊ ဒါက ရှင်ပြောနေတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးဆိုတာလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဖွဲ့စည်းပုံပညာကို ကိုယ်တိုင်လေ့လာတာကနေ အခြေအနေတစ်ခုထိ အောင်မြင်တယ်ဆိုတော့ ဒါက သူရဲ့ အရည်အချင်းကို သက်သေပြလိုက်တာပဲ"
အန်းယန်သည် စူးစမ်းလိုစိတ်ဖြင့် ယွမ်ယွင်ရှင်းကို လေ့လာကြည့်ရှုလိုက်သည်။ အမျိုးသမီးငယ်သည် သိမ်မွေ့သော အသွင်အပြင်ရှိ၍ အလွန် ပညာရှင်ဆန်စေသည့် မျက်မှန်အထူကြီး တစ်စုံကို ၀တ်ဆင်ထားသည်ကို မြင်လိုက်ရသဖြင့် အန်းယန်သည် မပြုံးဘဲ မနေနိုင်တော့ပေ။ ယွမ်ယွင်ရှင်းသည် လင်းလက်တောက်ပ၍ အလွန် လှပသော အမျိုးသမီးက သူမကို ပြုံးပြနေကြောင်း မြင်လိုက်ရသောအခါ ထိုအမျိုးသမီးသည် ဒဏ္ဍာရီလာ မဒမ်ရွှယ်ဖြစ်ရမည်ဟု သတိထားလိုက်မိသဖြင့် သူမ၏ နှလုံးသား ရုတ်တရက် ငြိမ်သက်သွားလေသည်။
"သခင်မကို နှုတ်ဆက်ပါတယ်"
ယွီလန်က ထိုသို့ မြင်သောအခါ ၎င်းတို့၏ နှစ်ရှည်လများစွာ တုန်လှုပ်နေသော နှလုံးသားများ ငြိမ်သက်သွား၍ သူ၏ သားဖြစ်သူကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ယွီလန်သည် ဤလက်ထပ်ပွဲကို ကနဦး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြောင်း သိထားရပေလိမ့်မည်။ ဤအရာအားလုံးသည် ရွှယ်အန်း အမျက်တော်ရှမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။
သို့ သော် ယွီမင်၏ အချစ်ရေးတွင် တည်မြဲမှုသည် သူ၏ဓားတာအိုကဲ့သို့ပင် ဖျက်ဆီး၍ မရနိုင်ပေ။ ယွီလန်က ယွီမင်ကို မတားဆီးနိုင်ခဲ့ပေ။
အဆုံးတွင် တိတ်တဆိတ် သဘောတူရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ သို့သော်လည်း ယခုအချိန်အထိ အမြဲစိုးရိမ်နေခဲ့သော ယွီလန်သည် မဒမ်ရွှယ်က ယွမ်ယွင်ရှင်းကို မလိုမုန်းထားခြင်းမရှိကြောင်း မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားလေသည်။
ယွီမိသားစု၏ ဘိုးဘေးဟောင်း ကွယ်လွန်သွားသော်လည်း ယွီမင်၏ ဓားတာအိုသည် လျင်မြန်စွာ တိုးတက်လာခဲ့၍ သူ၏ လူငယ် ဓားအင်မော်တယ်ဟူသော ဂုဏ်သတင်းကြောင့် လင်နန်မြို့ရှိ ယွီမိသားစု၏ လွှမ်းမိုးမှုသည် ယခုအခါ ပို၍ပင် ကြီးမားလာသည်။ ဤတစ်ကြိမ်တွင် ယွီမင်၏ စေ့စပ်ပွဲ အခမ်းအနားသည် လင်နန်မြို့တစ်ခုလုံးကို စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားစေသည်။
တောက်ပစွာ အလှဆင်ထားသော မြင်ကွင်းကို ကားပြတင်းပေါက်မှ မြင်တွေ့လိုက်သောအခါ ယွီမိသားစုသည် ဤပွဲအခမ်းအနားမှတစ်ဆင့် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း ဓားအင်မော်တယ်တို့ လက်ပြောင်းသွားပြီဖြစ်ကြောင်း ကမ္ဘာကြီးထံ ကြေငြာရုံတင်မကဘဲ ယွီမိသားစုသည် ယခုအချိန်မှစ၍ ယခင်အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း ရွှယ်အန်း နားလည်သွားခဲ့သည်။
ထိုညတွင် ယွီမိသားစုသည် ရွှယ်အန်းနှင့် သူ၏မိသားစုကို ဖျော်ဖြေရန်အတွက် ခမ်းနားသော ဧည့်ခံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ နောက်နေ့မှစ၍ အခြားသော ဧည့်သည်များ တစ်ဦးပြီး တစ်ဦး ရောက်ရှိလာကြသည်။ ယွီရန်သည် ထိုအချိန်အတောအတွင်း ပုန်းအောင်းနေခဲ့၍ လူရှေ့ထွက်ပြခြင်း သိပ်မရှိခဲ့ပေ။ တစ်ချိန်က ရွှယ်အန်းအပေါ် ထားရှိခဲ့သည့် ချစ်ခြင်းမေတ္တာများသည် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ နှလုံးသားထဲတွင် နစ်မြုပ်သွားခဲ့သည်။
မည်သို့ဆိုသော် ရွှယ်အန်း၏နှလုံးသားထဲရှိ အန်းယန်၏ နေရာကို မည်သူမျှ အစားထိုးနိုင်မည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိထားသည်။ သူမသည် ရှီရွှယ်ချင်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်း၍ သူမ၏နှလုံးသားထဲတွင် ခါးသီးမှုများကို သွန်ပစ်ချင်ခဲ့သည်။ လူများကြားရှိ ကံကြမ္မာက အံ့မခန်းဖြစ်လှသည်၊ ယွီရန်နှင့် ရှီရွှယ်ချင်းတို့သည် မည်သည်ကိုမဆို ရင်ဖွင့်နိုင်သည့် ယုံကြည့်ရသော မိတ်ဆွေများဖြစ်လာကြသည်။
သို့သော် အစ်မရွှယ်ချင်းသည် မည်သို့ကြောင့် မရောက်လာသေးသနည်း။ ယွီရန်၏ နှလုံးသားထဲတွင် အနည်းငယ် စိုးရွံ့လာသကဲ့သို့ ခံစားလိုက်ရသည်။ ယွီမိသားစု၏ စေ့စပ်ပွဲအကြိုနေ့ မရောက်မီ၌ ယွီမိသားစု၏ အိမ်ရှေ့တံခါးသည် အလွန် တောက်ပစွာ ပြင်ဆင်ထား၍ အစေခံများစွာသည်လည်း အလုပ်ရှုပ်နေကြသည်။
ထိုအချိန်တွင်ပင် အင်ဂျင်ဟိန်းသံတစ်ခု ထွက်ပေါ်လာကာ အလွန် တောက်ပသော အနီရောင်ပြိုင်ကားတစ်စီးသည် အရှိန်ပြင်းပြင်း မောင်းနှင်လာ၍ ဂိတ်ဝသို့ ရောက်သောအခါ ကားပါကင်နေရာ၌ ကျယ်လောင် စူးရှစွာ ရပ်တန့်သွားခဲ့သည်။ ဤသို့ ထူးချွန်ထက်မြက်သော မောင်းနှင်မှု စွမ်းရည်ပြသမှုသည် အံ့အားသင့်ဖွယ် အကြည့်များစွာကို ဆွဲဆောင်သွားစေသည်။ ပြီးနောက် ကားတံခါးပွင့်လာခဲ့သည်။
ရှီရွှယ်ချင်းသည် ကားထဲမှ အပြင်ထွက်လာပြီးနောက် နံရံကို မှီ၍ အန်ထုတ်တော့လေသည်။
ဟူယွဲ့သည် ကားထဲမှ စိမ်ပြေနပြေ ဆင်းလာ၍ ခေါင်းယမ်းကာ သက်ပြင်း တစ်ချက်ချလိုက်သည်။
"တပည့်ကောင်းလေး၊ မင်းက တော်တော်လေး အားနည်းတာပဲ။ ငါ အဲ့လောက်လည်း မြန်မြန်မမောင်းရသေးဘဲနဲ့ မင်းက ကားမူးနေပြီ"
ရှီရွှယ်ချင်းက အားလျော့စွာ ခေါင်းမော့ကြည့်လိုက်သည်။
"ဘယ်သူက ကားကို ဘိုးဘေးလို မောင်းလို့လဲ၊ ဘိုးဘေးက ဘာမှ ဂရုမစိုက်ဘဲ အရှေ့ကို ဇွတ်မောင်းနေတာလေ။ ကျွန်မသာ စောစော မနိုးခဲ့ရင် နိုင်ငံထဲကနေတောင် မောင်းထွက်သွားလောက်ပြီ"
ဟူယွဲ့က ကိုးရိုးကားရား ပြုံးပြလိုက်သည်။
၎င်းတို့နှစ်ဦး နောက်ကျမှ ရောက်ရှိလာသည့် အကြောင်းအရင်းမှာ ဟူယွဲ့သည် ကားအသစ်ကို စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ် မောင်းနှင်နေသောကြောင့်ဖြစ်သည်။ ရှီရွှယ်ချင်းသည် ထိုအချိန်တွင် အိပ်ပျော်နေခဲ့သည်။ ထို့ကြောင့် ဟူယွဲ့သည် ကီလိုမီတာရာနှင့်ချီ၍ မောင်းနှင်သွားခဲ့ရာ၊ ရှီရွှယ်ချင်းသာ အချိန်မီ မနိုးလာပါက ၎င်းတို့နှစ်ဦးသည် နိုင်ငံအတွင်းမှ အမှန်တကယ် ထွက်ခွာသွားပေလိမ့်မည်။
တံခါးစောင့်အချို့က ရှီရွှယ်ချင်းကို မှတ်မိသွားပြီးနောက် သတင်းပို့ရန် တစ်စုံတစ်ယောက်ကို အမြန် စေလွှတ်လိုက်ကြသည်။ မကြာမီတွင် ယွီရန်က စိတ်လှုပ်ရှားစွာ ပြေးထွက်လာသည်။
"အစ်မ ရွှယ်ချင်း၊ အစ်မ ဘာလို့နောက်ကျနေတာလဲ"
ရှီရွှယ်ချင်းက အားတုံ့အားနာ ပြုံးပြလိုက်သည်။
"ဆောရီးပါဟာ၊ လမ်းမှာ နည်းနည်း ကြန့်ကြာသွားတာ"
"ဟယ်လို၊ ကျုပ်နာမည်က ဟူယွဲ့ပါ၊ ကျုပ်က ရွှယ်ချင်းရဲ့ ဆရာလေ။ တွေ့ရတာဝမ်းသာပါတယ် မိန်းမလှလေး" ထိုအချိန်တွင် ဟူယွဲ့သည် တောက်ပသော မျက်လုံးများဖြင့် ချဉ်းကပ်လာ၍ ရည်မွန်စွာ ပြောလိုက်သည်။
အခန်း (၅၄၆) သူတို့က ကလေးတွေပဲရှိသေးတယ်
"အာ...တွေ့ရတာဝမ်းသာပါတယ်" ယွီရန်သည် အနည်းငယ် အံ့ဩသွား၍ ဤပုဂ္ဂိုလ်က မည်သူဖြစ်သည်ကို မသိသောကြောင့် စိတ်ဝင်စားချင်ယောင်ဆောင်ကာသာ ရှီရွှယ်ချင်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ရှီရွှယ်ချင်းသည် မျက်နှာပျက်ရသည်ဟု ခံစားလိုက်ရ၍ ခြေထောက်ကို စောင့်နင်းလိုက်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"ဆရာ၊ ဒါက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနော်"
ဆိုလိုရင်းမှာ၊ သင့်တင့်လျောက်ပတ်သော ယဉ်ကျေးမှုမျိုး ပြသသင့်သည် မဟုတ်သလော။
သို့သော် ဟူယွဲ့က ဂရုစိုက်ပုံမပေါ်ပေ။
"သူက ငါ့တပည့်ရဲ့သူငယ်ချင်းဆိုမှတော့ ငါ တပည့်တစ်ပိုင်းလို့ ဆိုရမှာပေါ့။ ဒီနှစ်ဆိုရင် မင်း အသက်က ဘယ်လောက်ရှိပြီလဲ၊ မိန်းကလေး။ မင်းအတွက် လက်လက္ခဏာ ဖတ်ပေးရမလား"
ယွီရန်က အလိုအလျောက် နောက်ပြန်ဆုတ်သွားမိသည်။
"မလို... မလိုပါဘူး"
ရှီရွှယ်ချင်းက ယွီရန်၏ လက်ကို ဖမ်းဆုပ်လိုက်သည်။
"သူ့ကို ဂရုစိုက်မနေနဲ့၊ လာ သွားရအောင်"
ပင်မတံခါးပေါက်ထဲသို့ အမျိုးသမီးနှစ်ဦး ဝင်သွားသောအခါ ဟူယွဲ့က ထိုနေရာတွင် ရပ်တန့်နေစဉ် ယွီရန်၏ နောက်ကျောကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။
"တောင့်တနေပေမယ့် မရနိုင်တဲ့အပြင် မျှော်တောင် မမျှော်လင့်နိုင်ဘူးတဲ့လား။ ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ မင်းလို မိန်းကလေးကို ဘယ်လိုလူမျိုးက သိမ်ငယ်စေခဲ့သလဲ"
ဟူယွဲ့သည် လူအများ၏ နှလုံးသားထဲသို့ ထိုးဖောက်မြင်ရောက်ရာတွင် အကောင်းဆုံးဖြစ်သောကြောင့် ယွီရန်၏ မျက်ခုံးများအနက် ရေးထွင်းထားသော စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုများကို သူ ချက်ချင်း သတိပြုမိလိုက်သည်။
'ထားလိုက်ပါတော့လေ၊ မိန်းကလေးတစ်ယောက်အတွက် အချစ်ကို တောင့်တတယ်ဆိုတာ ကမ္ဘာပေါ်က သာမန်အကြောင်းအရာတစ်ခုပါပဲ'
ဟူယွဲ့သည် ထိုသို့ တွေးပြီးနောက် ယွီမိသားစု အိမ်တော်ထဲသို့ အပြုံးဖြင့် လိုက်ပါသွားလေသည်။
ထိုအချိန်၌ ဧည့်ခန်းထဲတွင် အန်းယန်နှင့် ဂိမ်းကစားနေသော ရွှယ်အန်းသည် ရုတ်တရက် မျက်ခုံးပင့်ကာ ပြတင်းပေါက်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"ဘာဖြစ်နေတာလဲ ယောက်ျား"
"အိုး ဘာမှမဟုတ်ပါဘူး" ရွှယ်အန်းက ပြုံးပြီးနောက် ဂိမ်းဆက်ကစားရန် ပြန်လှည့်လာခဲ့သည်။
'ထင်ယောင်ထင်မှားဖြစ်နေတာပဲနေမှာပါလေ၊ ဘာပဲဖြစ်ဖြစ် အဲ့မြေခွေးအိုကြီးက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ'
"အစ်မရွှယ်ချင်း စားပြီးပြီလား" ယွီရန်က မေးလိုက်သည်။
ရှီရွှယ်ချင်းက စကားပြောခါနီးတွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော ဟူယွဲ့က ဦးစွာ ပြောလိုက်သည်။
"ရှင်းရှင်း ပြောရရင် ကျုပ်တပည့်ရော ကျုပ်ရော မနေ့ညကတည်းက ဘာမှမစားရသေးဘူး။ မင်းတို့ရဲ့လေးစားရတဲ့ အိမ်တော်က အရသာရှိတာ တစ်ခုခုနဲ့ ဧည့်ခံနိုင်မလား"
ထိုအချိန်တွင် ယွီရန်သည် ပေါ့ပြက်ပြက်ဖြစ်ပုံပေါ်သော ဤလူသည် အမှန်တကယ် ရှီရွှယ်ချင်း၏ ဆရာဖြစ်ကြောင်း သိရှိလိုက်ရသည်။ ယွီရန်သည် ဤဆက်ဆံရေးကြောင့် သူ့ကို လေးစားမှုအပြည့်ဖြင့် သဘာဝကျကျ ပြုံးပြကာ ပြောလိုက်သည်။
"ဒါပေါ့၊ ရှိတာပေါ့။ ကျေးဇူးပြုပြီး ကျွန်မ နောက်လိုက်ခဲ့ပေးပါ" ထိုသို့ဖြင့် ယွီရန် အနောက်လှည်း၍ လမ်းပြလိုက်သည်။
ရှီရွှယ်ချင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဟူယွဲ့ကို ခပ်တိုးတိုး ပြောလိုက်သည်။
"ဆရာ၊ ဆရာ နည်းနည်းလောက် သိက္ခာထိန်းလို့ မဘူးလား။ ကျွန်မတို့က ဒီကို ဧည့်သည်အဖြစ်လာတာလေ၊ သူများတွေ ကျွန်မတို့ကို အထင်အမြင်သေးသွားလို့ မဖြစ်ဘူး"
ဟူယွဲ့က ဘာသိဘာသာဖြင့် ခေါင်းညိတ်လိုက်သည်။
"တပည့်လေးပြောတာ မှန်တယ်။ ဆရာ မှတ်ထားလိုက်ပါ့မယ်။ ဆရာ့ကို စောင့်ကြည့်နေ"
ယွီမိသားစုသည် ယခုတစ်ကြိမ်တွင် ဧည့်သည်များစွာကို ဖိတ်ကြားထားသောကြောင့် မီးဖိုချောင်သည် ၂၄ နာရီလုံး လည်ပတ်နေကာ အဆောက်အအုံတစ်ခုလုံးကို ထမင်းစားဆောင်အဖြစ် သတ်မှတ်ထားလေသည်။ ယွီရန်က ဟူယွဲ့နှင့် ရှီရွှယ်ချင်းကို ထမင်းစားဆောင်ထဲသို့ ခေါ်သွားသောအခါ တာဝန်ခံက အမြန် လာရောက်နှုတ်ဆက်ခဲ့သည်။
"သခင်မလေး"
"ဒီနှစ်ယောက်က ကျွန်မ သူငယ်ချင်းတွေ၊ ညစာမစားရသေးလို့ တစ်ခုခုစီစဉ်ပေးပါဦး"
"ဟုတ်ကဲ့"
ပြီးနောက် တာဝန်ခံက ဟူယွဲ့နှင့် ရှီရွှယ်ချင်းတို့ဘက်သို့ လှည့်ကြည့်၍ ပြုံးလိုက်သည်။
"ဘာများ သုံးဆောင်ချင်ပါသလဲ ခင်ဗျ။ လု၊ ချွမ်၊ ယွဲ့နဲ့ စု အစားအသောက်တွေအပြင် အနောက်တိုင်း၊ တရုတ်နဲ့ ဂျပန် ဟင်းလျာတွေလည်း ရှိပါတယ်။ ဘာမဆို မှာလို့ရပါတယ်"
ဟူယွဲ့က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။
"တော်တော်လေး ကောင်းသားပဲ"
လေသံ၌ မင်းမျိုးမင်းနွယ်များ၏ မောက်မာသော အငွေ့အသက်များ ဆောင်ယူလာသည်။
ယွီရန်လျှင်ပင် အံ့ဩသွားမိသည်၊ ဤလူသည် လွန်ခဲ့သည့် အချိန်အနည်းငယ်အတွင်း သူမ၏ လက်လက္ခဏာကို ဖတ်ရှုရန်ပြောခဲ့သည့် တဏှာရူးအမျိုးသားဖြစ်လေသလော။ သူသည် မည်သို့ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။ တာဝန်ခံသည် သူ၏ လောကအတွေ့အကြုံများအရ ဟူယွဲ့ကဲ့သို့ အရောင်အဝါရှိသူကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် သူ၏အပြုအမူသည် ပို၍ပင် လေးစားလာခဲ့သည်။
"ဒါဆို လူကြီးမင်းတို့ ဘာများ သုံးဆောင်ချင်ပါသလဲ"
ဟူယွဲ့က သက်ပြင်းချလိုက်သည်။
"ဒီကိုရောက်လာမှတော့ အိမ်ရှင်ရဲ့အစီအစဉ်တွေအတိုင်း ကိုက်ညီအောင် လုပ်သင့်တာပေါ့။ ကျုပ်သာ အရမ်းတောင်းဆိုရင် မင်းတို့ မပြင်ဆင်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်လေ"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်" တာဝန်ခံက အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။
“လူကြီးမင်းက ကမ္ဘာကြီးကို မြင်တွေ့ဖူးတဲ့ ပုဂ္ဂိုလ်မျိုးပဲ”
"ဒါဆိုရင် ခက်ခက်ခဲခဲ လုပ်မနေပါနဲ့တော့။ ကျုပ်တို့ကို အမဲသားခေါက်ဆွဲ ငါးပန်းကန်လောက်ပဲ ယူလာပေးပါ" ဟူယွဲ့က ပေါ့လျော့စွာ ပြောလိုက်သည်။
လေထုသည် ချက်ချင်းပင် ကိုးရိုးကားရားဖြစ်သွားလေသည်။ ရှီရွှယ်ချင်းသည် ဆက်မကြည့်နိုင်တော့သောကြောင့် သူမ၏မျက်လုံးများကို ဖုံးအုပ်ထားလိုက်သည်။ တာဝန်ခံက ခေတ္တ အံ့ဩသွားပြီးနောက် ဂရုတစိုက် မေးမြန်းလိုက်သည်။
"ဘာသုံးဆောင်ချင်တယ်လို့ ပြောလိုက်တာပါလဲ လူကြီးမင်း"
"အမဲသားခေါက်ဆွဲ။ လမ်းမှာ ရောင်းတဲ့ အမျိုးအစားမျိုးလေ၊ မင်းတို့မှာ မရှိဘူးလား"
"အာ၊ ဒါပေါ့ ဒါပေါ့၊ ရှိတာပေါ့။ တခြားရော တစ်ခုခု လိုချင်တာများရှိပါသေးလား"
"ဟင်း... ကြက်သွန်ဖြူ တစ်လုံး"
လူတိုင်း : "...."
မကြာမီတွင် အမဲသားခေါက်ဆွဲများကို ဧည့်ခံလာကြသည်။ ယွီမိသားစု ငှားရမ်းထားသော စားဖိုမှူးများသည် အတန်ငယ် ကျွမ်းကျင်သူများဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။
ရိုးရှင်းသော အမဲသားခေါက်ဆွဲ တစ်ပန်းကန်ကို အရောင်၊ အနံ့၊ အရသာတို့နှင့် ပြီးပြည့်စုံသည်အထိ ပြုလုပ်ထားသော်လည်း ပို၍ အရေးကြီးအချက်သည် ကြီးမားသော အမဲသားပြားများစွာဖြင့် ဖုံးအုပ်ထားခဲ့သည်။ သို့သော် ဟူယွဲ့သည် သူ၏ တူချောင်းများကို မထိကိုင်ဘဲ ထိုင်နေမြဲဖြစ်သည်။
မန်နေဂျာ : "လိုအပ်တာတစ်ခုခု ရှိသေးတာလား လူကြီးမင်း"
ဟူယွဲ့က သူ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူ၏ရင်ဘတ်အနှံ့ကို လက်ဟန်ပြလိုက်သည်။
"ကော်လံထဲထည့်ဖို့ လက်ကိုင်ပုဝါရော ဘယ်မှာလဲ"
"ဟင်၊ အိုး၊ အိုး၊ ကျွန်တော် အခု သွားယူပေးပါမယ်"
ထိုသို့ပြောပြီးနောက် အနောက်တိုင်းစတိုင်ဘအစားအစာအတွက် အသုံးပြုမည့် လက်ကိုင်ပုဝါတစ်ထည်ကို ယူလာလေသည်။ ဟူယွဲ့သည် ၎င်းကိုလက်ခံပြီးနောက် လည်ပင်းတွင်ချည်နှောင်၍ ပြေပြစ်စွာ ပြုံးပြလိုက်သည်။
"ဒါဆိုရင် ကျုပ် စားတော့မယ်"
သူသည် ဤသို့ဖြင့် ပန်းကန်လုံးထဲရှိ ခေါက်ဆွဲအားလုံးကို တူဖြင့် ဆွဲယူကာ တစ်ကျိုက်တည်း မျိုချလိုက်လေသည်။ ပြီးနောက် သူသည် မျက်ဖြူများ စိုက်သည်အထိ အလွန် သီးသွားခဲ့ရာ၊ အဆုံးတွင် ဟင်းရည်ကို အလျင်အမြန် သောက်လိုက်သည့်အချိန်မှသာ အသက်ရှူနိုင်လေသည်။
"ဟင်းရည်က မဆိုးပါဘူး ဒါပေမယ့် ခေါက်ဆွဲကတော့ အရသာမရှိဘူး"
ရှီရွှယ်ချင်းသည် မော့ကြည့်ရန် ရှက်လွန်းလှသဖြင့် သူမ၏မျက်နှာကို ဖုံးအုပ်ထားကာ စိတ်ထဲ၌သာ တိတ်တဆိတ် ဝေဖန်လိုက်သည်။
'အင်းပေါ့၊ ခေါက်ဆွဲကို တစ်ကျိုက်တည်း မြိုချမှတော့ ဘယ်အရသာရှိမှာလဲ'
ယွီရန်သည်သာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဝမ်းကွဲ ရွှယ်ချင်း၏ ဆရာသည် ရယ်စဖွယ်ကောင်းလှသည်ဟု သူမ ထင်မိသည်။ ဟူယွဲ့က သူ၏ခေါက်ဆွဲများကို ငုံ့၍စားနေစဉ် စားသောက်ဆောင်ထဲကို မိန်းကလေးနှစ်ဦး ဝင်ရောက်လာသည်။
မိန်းကလေးနှစ်ဦးအနက် အသက်အကြီးဆုံး မိန်းကလေးသည် ဆယ့်ခုနှစ် ဆယ်ရှစ်နှစ်ခန့်ရှိကာ ကျန်ငယ်ရွယ်သူ မိန်ကလေးသည် ဆယ့်သုံး ဆယ့်လေးနှစ်မျှသာရှိ၍ နှစ်ဦးစလုံးသည် အလွန် ချောမောလှပ၍ ချစ်စရာကောင်းလှပေသည်။ ထိုကဲ့သို့ မိန်းကလေးနှစ်ဦး ပေါ်လာသောအခါ ထုံးစံအတိုင်း အကြည့်များစွာကို ဆွဲဆောင်သွားစေသည်။ သို့သော် ခေါက်ဆွဲများ တွဲလောင်းကျကာ ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ထားသော ဟူယွဲ့သည် တောက်ပသော မျက်လုံးများဖြင့် မိန်းကလေးနှစ်ယောက်ကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ငယ်ရွယ်သော မိန်းကလေးက မေးမြန်းလိုက်သည်။
“နဂါးမမ၊ ဘာစားချင်လဲ”
မှန်သည်၊ ရောက်ရှိလာသော မိန်းကလေးနှစ်ဦးသည် ရှောင်ရှနှင့် ရှောင်ယွီတို့ဖြစ်ကြသည်။
၎င်းတို့သည်လည်း ရွှယ်အန်းနှင့်အတူ လင်နန်မြို့သို့ လိုက်ပါလာခဲ့ကြသည်။
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး"
"ဒါဆို ပေါင်မုန့်ခြင်းတောင်း ဆယ်ခုနဲ့ စလိုက်ရအောင်" ရှောင်ယွီက ရွှင်မြူးစွာ ပြောလိုက်သည်။
ရှောင်ရှသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အနည်းငယ် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"နင် ပေါင်မုန့်တွေကို အဲ့လောက်တောင် ကြိုက်တာလား"
"အင်း အင်း" ရှောင်ယွီက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
"ပေါင်မုန့်ကို အရမ်း ကြိုက်လွန်းလို့ အရင်ဘဝတုန်းက ပေါင်မုန့်ဖြစ်ခဲ့တယ်လို့တောင် ထင်မိတယ်"
ရှောင်ရှ: "...."
ထိုအတောအတွင်း ဟူယွဲ့သည် သူ့ပါးစပ်ထဲရှိ ခေါက်ဆွဲများကို မျိုချပြီးနောက် ၎င်းတို့ဆီ သွားချင်နေဟန်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ ရှီရွှယ်ချင်းသည် သူမ၏ စိတ်မချရသော ဆရာက မည်သည့်အပြုအမူကို ပြုလုပ်တော့မည်ကို သိသောကြောင့် လျှင်မြန်စွာ တားဆီးလိုက်သည်။
"ဆရာ၊ ကျေးဇူးပြုပြီး ပေါက်ကရတွေလုပ်ဖို့ မစဉ်းစားပါနဲ့၊ သူတို့က ဆယ်ကျော်သက်တွေပဲ ရှိသေးတာပါ"
"ဆယ်ကျော်သက်တွေ ဟုတ်လား" ဟူယွဲ့က ရယ်မောလိုက်သည်။
"အဲ့ဒီနှစ်ယောက်ရဲ့ အသက်အမှန်ကိုသာ ပြောပြလိုက်ရင် မင်း သေလုမတတ် တုန်လှုပ်သွားနိုင်တယ်"
သူသည် ထိုသို့ပြောပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့ထံ ချဉ်းကပ်လိုက်သည်။ ထိုအချိန်တွင် ရှောင်ရှသည် မည်သည်ကို စားသောက်ရမည်နှင့်ပတ်သက်၍ စဉ်းစားနေခဲ့သည်၊ သို့သော် လှည့်ကြည့်လိုက်သောအခါ လူတစ်ဦးသည် သူမ အနောက်တွင် ပြုံး၍ ရပ်ကြည့်နေခဲ့သည်။ ရှောင်ရှက အံ့ဩလွန်းသောကြောင့် ထခုန်လုနီးပါးဖြစ်သွား၍ ထိုသို့ တွေးတောလိုက်သည်။
'ဒီလူက ဘယ်လိုလုပ်ပြီး အသံမထွက်အောင် လမ်းလျှောက်နေရတာလဲ'
ပြီးနောက် သူမသည် အပြုံးဖြင့် စကားပြောလာသော ဟူယွဲ့ကို တွေ့လိုက်ရသည်။
"မိန်းကလေး၊ ကိုတို့တွေ မိတ်ဆွေဖွဲ့ကြမလား"