← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇) ဘယ်လိုလုပ်ပြီး မင်းဖြစ်နေရတာလဲ

ရှောင်ယွီက ကြောက်လန့်တကြားဖြင့် သူမ​၏ ပါးစပ်ကို ဖုံးအုပ်ထားလိုက်သည်။ ဤလူသည် နဂါးမမကို နောက်ပြောင်ရန် သတ္တိရှိပုံအရ သေချင်နေခြင်းဖြစ်သလော။ အမှန်တကယ်ပင် ရှောင်ရှ၏ မျက်နှာအမူအရာ ချက်ချင်းပင် အေးစက်သွားကာ အေးစက်စက် လေသံဖြင့် ပြောလိုက်ခြင်းကို သူမ မြင်တွေ့လိုက်ရသည်။

"ငါ့မျက်စိရှေ့ကနေ ထွက်သွားဖို့ မင်းကို အချိန်သုံးစက္ကန့်ပေးမယ် မဟုတ်ရင် ဒီလောကထဲကို ရောက်လာတဲ့အတွက် မင်း နောင်တရစေရမယ်"

သူမ​၏ စကားများအနက် သတ်ဖြတ်ချင်စိတ်သည် ကျောရိုးထဲသို့ပင် အေးစိမ့်သွားစေသည်။ သို့သော် ဟူယွဲ့သည် ၎င်းကို အလေးအနက်ထားပုံမပေါ်ဘဲ အနည်းငယ် ပြုံးပြလိုက်သည်။

"ကျောက်လုံမျိုးနွယ်ဝင်တွေအားလုံးက ဒီလိုပဲ ဒေါသကြီးတတ်တာလား"

ထိုသို့ကြားသောအခါ ရှောင်ရှ၏မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ"

မိမိ​၏ ပုံစံအစစ်အမှန်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိခဲ့ပုံအရ ဤလူသည် သာမန်လူမဟုတ်သည်မှာ သေချာသည်။

"ကျုပ်နာမည်က ဟူယွဲ့၊ မိတ်ဆွေဖွဲ့ကြရင်ရော ဘယ်လိုလဲ။ ကျုပ်က နတ်ဆိုးအမျိုးသမီးတွေနဲ့ မိတ်ဆွေဖွဲ့ချင်နေတာ" ဟူယွဲ့က ပြုံး၍ ပြောလိုက်သည်။

ရှောင်ရှ၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးများအဖြစ် ကွေးကောက်သွားလေသည်။

"ငါနဲ့ သူငယ်ချင်းဖြစ်ချင်တာလား။ ဒါဖြင့်ရင် ငါ့လက်သီးကို အရင်ဖမ်းကြည့်ပေါ့"

ရှောင်ရှသည် စကားပြောနေစဉ် အရှေ့သို့ တိုးလာ၍ လက်သီးဖြင့် ဝှေ့ယမ်းလိုက်သည်။ ကျယ်ဝန်းသော စားသောက်ဆောင်ထဲတွင် လက်သီးချက်၏ အစွမ်းသည် လေပြင်းများ ဖြစ်ပေါ်သွားစေသည်။ ဟူယွဲ့က ခေါင်းယမ်းပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

"အခုခေတ် အမျိုးသမီးတွေက အမျိုးသားတွေထက်တောင် ပိုပြီး ဗိုလ်ကျလွန်းပါလား"

ဤသို့ဖြင့် သူ​၏လက်ကို ဆန့်ထုတ်ကာ ရှောင်ရှ၏ ပြင်းထန်သော လက်သီးချက်ကို အလွယ်တကူ ပိတ်ဆို့လိုက်လေသည်။

ဘန်း

ဗလုံးဗထွေး အသံတစ်ခုထွက်လာပြီးနောက် ရှောင်ရှ​၏ ပုခုံးများ တုန်ခါကာ အမှန်တကယ် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားရသည်။ သို့သော် ဟူယွဲ့သည် တစ်လက်မမျှ မလှုပ်ရှားဘဲ အနည်းငယ်ပြုံး၍ ပြောလိုက်သည်။

"ကဲ ဘယ်လိုလဲ၊ မင်းနဲ့ မိတ်ဆွေဖြစ်ဖို့ အရည်အချင်းပြည့်မီရဲ့လား"

ရှောင်ရှသည် သက်ရောက်မှုကြောင့် လက်တစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၍ သူမ​၏ နှလုံးခုန်သံများ တုန်လှုပ်မှုကြောင့် မြင့်တက်လာခဲ့သည်။ သူမ​၏လက်သီးချက်ကို ပေါ့ပါးစွာ ဖမ်းဆုပ်နိုင်သော ဤလူသည် မည်သူဖြစ်သနည်း။ ထို့အပြင် ရှောင်ရှသည် ဤလူကို လုံးလုံးလျားလျား ဖောက်မြင်နိုင်စွမ်းမရှိကြောင်း သဘောပေါက်သွားသောကြောင့် ထိတ်လန့်သွားလေ​၏။

မည်သို့သော နည်းလမ်းဖြင့် စူးစမ်းရန် ကြိုးစားခဲ့ပါစေ၊ ဤလူသည် ဖြစ်တည်မှုမရှိသည့် ဗလာနတ္ထိဖြစ်နေသော ဟင်းလင်းပြင်နှင့် ဆင်တူပေသည်။ ဤခံစားချက်သည် စိတ်ကသိကအောက်ဖြစ်စေခဲ့ရာ၊ သွေးများပင် အန်ထွက်ချင်မိလေသည်။ သို့သော် ရှောင်ရှသည် ခေါင်းမာသည့် စရိုက်လက္ခဏာရှိသောကြောင့် သူမက အေးစက်စွာ အော်ဟစ်လိုက်သည်။

"နင် ဘယ်သူပဲ ဖြစ်ဖြစ်၊ ငါ့ကို ရန်ဆွဝံ့ခဲ့တဲ့အတွက် ကျောက်လုံမျိုးနွယ်စုရဲ့ စွမ်းအင်ကို ငါ ပြသလိုက်မယ်"

ထိုစကားဖြင့် ရှောင်ရှ၏မျက်လုံးများထဲတွင် စူးရှတောက်ပသော နတ်အလင်းရောင်တစ်ခု ပေါက်ကွဲထွက်သွားကာ ၎င်းအနက် လက်သည်းငါးချောင်းပါရှိသည့် ရွှေနဂါးတစ်ကောင် ကူးခတ်နေလေသည်။

ဟူယွဲ့၏မျက်လုံးများသည် နှစ်သက်မှုများဖြင့် တောက်ပလာ၍ သူက ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့အငွေ့အသက်က ပုံမှန် ကျောက်လုံမျိုးနွယ်ဝင်တွေနဲ့ မတူသလိုခံစားရတာ မဆန်းပါဘူး၊ လက်စသတ်တော့ မင်းမှာ ရှေးဟောင်းမျိုးနွယ် ရဲ့ သွေးနှောပါနေတာကို"

ရှောင်ရှသည် ယခုအခါ အရိုင်းဝင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်ကာ သူမ၏ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။ သူမ၏မျက်နှာထက်တွင် နဂါးပုံသဏ္ဍာန်နှင့် လည်ပင်းတွင် နဂါးအကြေးခွံအလွှာတစ်ခု ပေါ်ပေါက်လာခဲ့ရာ၊ ဤသည်မှာ သူမ၏ အပြင်းထန်ဆုံး လူသားအခြေအနေဖြစ်သည်။

ပြီးနောက် ရှောင်ရှသည် အရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့ရာ၊ တခဏအတွင်း ဟူယွဲ့အရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့၍ သူမ၏ လက်သီးချက်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ သူမ၏ လက်သီးစွမ်းအင်သည် အလွန် ပြင်းထန်လွန်းရာ၊ အသံ၏ အရှိန်နှုန်းကိုပင် ကျော်လွန်သွား၍ သူမ၏ လက်သီးများသည် ဟူယွဲ့၏ အဝတ်အစားများနှင့် ထိမိလုနီးပါး ဖြစ်သည့်အချိန်မှသာ ဆူညံသံများ ထွက်ပေါ်လာသည်။

သို့သော် ဟူယွဲ့သည် ထိုကဲ့သို့ ထိုးကြိတ်ခံရသည့်တိုင် သူ​၏မျက်နှာတွင် ဂရုမစိုက်သော အမူအရာမျိုးကို ဆင်မြန်းထားဆဲဖြစ်သည်။ သူသည် လက်ကို ရုတ်တရတ် ဆန့်ထုတ်၍ ရှောင်ရှ​၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီးနောက် အံ့အားသင့်နေသော ရှောင်ရှကို ပြုံးပြလိုက်သည်။

"မိန်းကလေးဆိုတာ ဒီလောက် မရက်စက်သင့်ဘူးနော်"

ဤသို့ဖြင့် သူမ​၏လက်ကောက်ဝတ်ကို အသာအယာ တွန်းထုတ်လိုက်လေသည်။ ရှောင်ရှသည် မြေပြင်တွင် ခြေအစုံဖြင့် ဆင်းသက်လာသော်လည်း သူမ၏ သွေးများ ဆူပွက်လာ၍ စိတ်မသက်မသာဖြစ်မှုကြောင့် အမြင်အာရုံများ မှုန်ဝါးလာခြင်းကို ခံစားလိုက်ရသည်။

ဟူယွဲ့သည် ထိုနေရာတွင် ဘာသိဘာသာဖြင့် ရပ်တန့်နေသည်။

"မိန်းကလေး၊ ဆက်လုပ်ဦးမှာလား"

ရှောင်ရှသည် အံကို တင်းကျပ်စွာ ကြိတ်၍ ဟူယွဲ့ကို ထပ်မံ ချီတက်လိုက်သည်။ သို့သော် ဟူယွဲ့သည် သူမ​၏ တိုက်ခိုက်မှုများကို ညင်သာစွာ ရောက်ထုတ်လိုက်ပြန်သည်။ ရှောင်ရှသည် ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဤအရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ရာ၊ ဟူယွဲ့သည် ရှောင်ရှကို မူးဝေ၍ စိတ်ရှုပ်ထွေးသွားသည်အထိ ဆော့ကစားရန် စက္ကန့်အနည်းငယ်မျှသာ အချိန်ယူခဲ့သည်။ ရှောင်ယွီသည် ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်၊ အထူးသဖြင့် ပြိုင်ဘက်ကင်းလှပုံသော နဂါးမမသည် ကလေးကဲ့သို့ ကစားခံလိုက်ရကြောင်း မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများ ကျွတ်ထွက်လုနီးပါးဖြစ်သွားသည်။

'မဖြစ်ဘူး၊ ဒီအတိုင်း ဆက်သွားလို့ မဖြစ်နိုင်ဘူး။ နဂါးမမ အခွင့်မသာဘဲ ဖြစ်သွားလိမ့်မယ်၊ ငါ အင်မော်တယ်အရှင်ကို မြန်မြန် အကြောင်းကြားရမယ်'

ရှောင်ယွီက ထိုသို့ တွေးပြီးနောက် တိတ်တဆိတ် ဆုတ်ခွာသွားလေသည်။ သူမသည် စားသောက်ဆောင်အဝင်ဝသို့ ရောက်သည်နှင့် အနောက်လှည့်၍ ပြေးထွက်သွားခဲ့သည်။

ဟူယွဲ့သည် ဤမြင်ကွင်းကို သဘာဝအတိုင်း သတိပြုမိသော်လည်း ရှောင်ယွီကို အာရုံမစိုက်နိုင်ပေ။ သူမသည် အဆုံးတွင် ပင်လယ်နတ်ဆိုးတစ်ကောင်မျှသာဖြစ်သောကြောင့် သူ​၏အာရုံစူးစိုက်မှုကို မထိုက်တန်လှပေ။

ရှောင်ရှသည် အကြိမ်များစွာ ရှုံးနိမ့်ခဲ့သော်လည်း ဟူယွဲ့က သူ​၏အင်အားကို ထိန်းချုပ်သောကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိခဲ့ပေ။ သို့သော် ဆော့ကစားခံရခြင်း​၏ အရှက်တကွဲဖြစ်မှုသည် ရှောင်ရှကို ရူးသွပ်သွားစေသည်။ သူမ​၏ မျက်လုံးများ အလွန် နီရဲနေ၍ သူမသည် ဤစက်ဆုပ်ဖွယ် အမျိုးသားကို အနိုင်ယူရန် စိတ်ပိုင်းဖြတ်ထားသည်။

တစ်ဖက်တွင်မူ ရှောင်ရှက သူ့ကို မည်သို့ပင် တိုက်ခိုက်နေပါစေ ဟူယွဲ့က မတုန်လှုပ်ဘဲ စိမ်ပြေနပြေ ရပ်နေခဲ့သည်။ ထိုဖြစ်စဉ်ကို မြင်လိုက်ရသော ရှီရွှယ်ချင်း ​​လုံးလုံးလျားလျား ထိတ်လန့်သွားလေ​၏။ သူမ၏ မယုံကြည်ရသော အင်မော်တယ် ဘိုးဘေးသည် အမှန်တကယ် ဤမျှ အစွမ်းထက်ခြင်းဖြစ်သလော။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းနှင့် တိုက်ပွဲဂိမ်းတွင် အာရုံဝင်စားစွာ ကစားနေသော အန်းယန် သည် သူမ၏ အမြင်အာရုံကို တစ်စုံတစ်ခု ဖုံးအုပ်သွားသကဲ့သို့ စပ်ဖျဉ်းဖျဉ်းဖြစ်လာသောကြောင့် မျက်လုံးများကို အကြိမ်အနည်းငယ် ပွတ်သပ်လိုက်မိသည်။ သို့သော် ထိုအာရုံပျံ့လွင့်မှု အခိုက်အတန့်တွင် ရွှယ်အန်းသည် အန်းယန်၏ ဂိမ်းဇာတ်ကောင်ကို 'မတော်တဆ' သတ်ပစ်လိုက်သည်။

အန်းယန် အနည်းငယ် စိတ်ဆိုးသွားသည်။

"ဘာလဲ မတရားဘူး၊ ဒီမှာ ကျွန်မ မျက်လုံးထဲ တစ်ခုခု ဝင်သွားလို့ ရှင် အနိုင်ရသွားတာ"

ရွှယ်အန်းက ကျီစယ်စနောက်သော အပြုံးဖြင့် ပြောလိုက်သည်။

"ရှုံးတာက ရှုံးတာပဲ၊ ဆင်ခြေမပေးကြေး"

"ဟွန်း" အန်းယန်က ရွှယ်အန်းကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သော်လည်း သူမ မျက်လုံးများကို ပွတ်သပ်လေ နေရထိုင်ရ ပိုမို ခက်ခဲလာလေဖြစ်သည်။

ရွှယ်အန်းက ရယ်မောပြီးနောက် အန်းယန်​၏ မျက်နှာကို ကိုင်ရန် သူ​၏လက်ကို ဆန့်ထုတ်လိုက်သည်။

"ငြိမ်ငြိမ်နေ မျက်လုံးကို မှုတ်ပေးမယ်"

ပြောပြီးနောက် ခေါင်းငုံ့၍ သူမ မျက်လုံးများကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။ ကလေးမလေးနှစ်ဦးသည် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အနားယူနေကြသောကြောင့် ဧည့်ခန်းထဲမှာပဲ ၎င်းတို့နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အန်းယန်၏မျက်နှာသည် အနည်းငယ် နီရဲသွားလေသည်။ လေထုအခြေအနေတစ်ခုလုံး ပူနွေးလာစဉ် အခန်းတံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

ပြီးနောက် ရှောင်ယွီက မောဟိုက်စွာဖြင့် အထဲသို့ အဆောတလျင် ဝင်ရောက်လာသည်။

"အင်မော်တယ်... အင်မော်တယ် အရှင်... မကောင်းတာတစ်ခုခု ဖြစ်နေပြီ၊ ဟင်"

ရှောင်ယွီသည် သူမ၏ရှုထောင့်မှ ရွှယ်အန်းက အန်းယန်၏မျက်နှာကို ဆုပ်ကိုင်ထားသည့် မြင်ကွင်းကို မြင်တွေ့လိုက်သောကြောင့် အလွန် အံ့အားသင့်သွား၍ ၎င်းတို့နှစ်ဦး မည်သည်များ ပြုလုပ်နေသည်ကို သူမ မပြောပြနိုင်ပေ။

"အင်မော်တယ်အရှင်၊ ဘာလုပ်နေတာလဲ ဟင်"

အန်းယန်က ထိုအသံကို ကြားလိုက်ရသောအခါ သူမ၏မျက်နှာတစ်ခုလုံး နီရဲလာ၍ ရွှယ်အန်းကို မျက်စောင်းထိုးပြီးနောက် အတွင်းခန်းထဲတွင် အလျင်အမြန် ပြေးပုန်းလေသည်။

ရွှယ်အန်းက ရှောင်ယွီကို စိတ်ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်​။

"မျက်လုံးကို မှုတ်ပေးတာ ဘာများ ဖြစ်နေလို့လဲ။ ဒီလောက် ထိတ်လန့်နေရအောင် ဘာတွေ အလောတကြီးဖြစ်နေတာလဲ"

ထိုအချိန်တွင် ရှောင်ယွီက အရေးကြီးသောအခြေအနေကို သတိရသွားသည်။

"အင်မော်တယ်အရှင်၊ အရှင် မြန်မြန်သွားကြည့်ပေးပါဦး၊ စားသောက်ဆောင်ထဲမှာ လူတစ်ယောက်က နဂါးမမကို ရိုက်နှက်နေတယ်"

သူမ​၏ စကားပြောပြီးသည်နှင့် စားသောက်ဆောင်​၏ ဦးတည်ရာမှ တစ်စုံတစ်ခု ကျိုးပဲ့ပျက်စီးသွားသကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှယ်အန်း၏ အမူအရာ အေးစက်သွား၍ သူ​၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပေါ်ပေါက်လာသည်။

'ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်ကို လက်နဲ့ ထိရဲတယ်တဲ့လား'

ရွှယ်အန်းသည် ထိုအတွေးဖြင့် တံခါးဝသို့ အမြန်ပြေးထွက်သွားသည်။ ရွှယ်အန်း တည်းခိုသောနေရာသည် စားသောက်ဆောင်သို့ မီတာတစ်ရာမျှ ကွာဝေးသွားသော်လည်း သူသည် ထိုနေရာသို့ ချက်ချင်း ရောက်ရှိလာသည်။ သူသည် ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ စားသောက်ဆောင်​၏ နံရံတစ်ဝက်မျှ ပြိုကျနေကြောင်း တွေ့ရှိလိုက်ရသည်။ ရှောင်ရှသည် မြေပြင်ပေါ်တွင် လဲလျောင်းနေ၍ မတ်တပ်ထရန် ရုန်းကန်နေ၏။ အမျိုးသားတစ်ဦးသည် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ရွှယ်အန်း​၏ စိတ်နှလုံးထဲတွင် မီးများတောက်လောင်သွား၍ လှောင်ရယ်လိုက်မိသည်။

"သေချင်နေတာပဲ"

သူသည် ဤသို့ဖြင့် လက်သီးကို ဝှေ့ယမ်း၍ အရှေ့သို့ ချီတက်လာသည်။

ထိုလက်ချက်သည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကိုပင် တိတ်ဆိတ်သွားစေသည်။ ဟူယွဲ့သည် ဤရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားခဲ့၍ ထိုအသံသည် အလွန် ရင်းနှီးလွန်းလှသည်ဟု ထင်မိလိုက်သည်။ သို့သော် ဟူယွဲ့သည် သူ​၏ပြိုင်ဘက်ကို လျှော့မတွက်ဝံ့ဘဲ ထိုးနှက်ချက်ကို ချေမှုန်းရန် အသင့်ပြင်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက အနားသို့ရောက်ရှိလာ၍ ဟူယွဲ့နှင့်အတူ မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်။

"ဘာလဲဟ၊ မင်းဖြစ်နေတာလား"

၎င်းတို့နှစ်ဦးသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

အခန်း (၅၄၈) လေပြည်နဲ့ တောက်ပတဲ့ လရောင်အောက်မှာ ယမကာနည်းနည်းသောက်ကြရင် ဘယ်လိုလဲ

သို့သော် ၎င်းတို့​၏ လက်သီးများသည် ယခုအချိန်တွင် ထိမိသွားပြီဖြစ်သည်။ ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဟူယွဲ့သည် တိုက်ရိုက် လွင့်ထွက်သွားခဲ့ရာ၊ နံရံနှစ်ခုကို အဆက်မပြတ် ပြိုကျသွားစေပြီးနောက် အရာအားလုံး ပြန်တည်ငြိမ်သွားလေ​၏။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ရှီရွှယ်ချင်း၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ သူမ၏ နှလုံးသားသည် တုန်လှုပ်မှုများ နောင်တများဖြင့် ပြည့်နှက်နေသည်။

'ဘိုးဘေးရယ် ရန်ဆွစရာ လူတွေအများကြီးထဲမှာ လူကြီးမင်းရွှယ်ကိုမှ ရန်ဆွရလား။ အခု ဘာဖြစ်သွားလဲ ကြည့်ဦး။ အဲ့ဒီ့လက်သီးချက်နဲ့ သေချာပေါက် သေသွားလောက်ပြီ'

ထိုအချိန်တွင် ရွှယ်အန်းသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ထိုနေရာတွင် ရပ်နေသည်။ ရုတ်တရက် အပျက်အစီးများအနက် တရှပ်ရှပ်သံများ ကြားလိုက်ရပြီးနောက် ဟူယွဲ့သည် ထိုအပျက်အစီးများထဲမှ ရုန်းကန်၍ ထွက်လာသည်။ သူသည် ပါးစပ်ထဲရှိ ဖုန်မှုန့်များကို ဦးစွာ ထွေးထုတ်ပြီးနောက် အံကြိတ်၍ အော်ဟစ်လိုက်သည်။

"ရွှယ်၊မ င်း မသေသေးဘူးဆိုတာ ငါ သိနေသားပဲ။ ချီးပဲ၊ နည်းနည်းပဲဖြစ်ဖြစ် ပေါ့ပေါ့လျော့လျော့ လုပ်လို့မရဘူးလား။ နာလို့သေတော့မယ်"

မည်သူမျှ စကားမပြောဝံ့ကြပေ။ လူကြီးမင်းရွှယ်ကို အမှန်တကယ် ဆဲဆိုခဲ့သော ဤအမျိုးသားသည် အဆုံးသတ်သွားမည်မှာ သေချာသည်။ မျှော်လင့်ထားသည့်အတိုင်း ရွှယ်အန်းသည် သူ​၏ခြေထောက်ကို ကြွ၍ ဟူယွဲ့ဆီ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ ရှီရွှယ်ချင်းသည် အေးစက်မှုများကို ခံစားလိုက်ရသော်လည်း သတ္တိကို စုစည်း၍ အရှေ့သို့ လှမ်းလာခဲ့ရသည်။

"လူကြီးမင်းရွှယ်၊ ဒီလူက လင်ယင်းနန်းတော်ရဲ့ ဘိုးဘေးပါ၊ သူက ခေါင်းနည်းနည်း ချောင်နေလို့ ကျေးဇူးပြုပြီး သူ့အဆင့်ထိ မနှိမ့်ချပါနဲ့"

ရွှယ်အန်းက သူ့ကို တစ်ချက် လှည့်ကြည့်လိုက်သဖြင့် ရှီရွှယ်ချင်းက ဆက်မပြောနိုင်တော့ပေ။

ပြီးနောက် ရွှယ်အန်းသည် သူမကိုဖြတ်ကျော်ကာ ဟူယွဲ့ဆီ တည့်တည့်လျှောက်လာပြီးနောက် အပေါ်မှ ငုံ့ကြည့်လိုက်သည်။ ရှီရွှယ်ချင်း၏ အမြင်အာရုံများ နက်မှောင်သွားကာ သူမ၏ နှလုံးသားသည်လည်း စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်သွားသည်။

'ဘိုးဘေးရေ ငြိမ်းအေးစွာသာ အနားယူပါတော့။ ချင်မင်းကို ရောက်ရင် ဘိုးဘေးအတွက် အမဲသားခေါက်ဆွဲ လာဆပ်သပါ့မယ်... ဟမ်'

ရှီရွှယ်ချင်းသည် သူမကို အလွန်အံ့အားသင့်စေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ရွှယ်အန်း၏နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားကြောင်း မြင်တွေ့လိုက်ရကာ သူ​၏မျက်နှာတွင် ကြီးလေးသော ကျေနပ်မှုအသွင်အပြင်မျိုး တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။

"မြေခွေးအိုကြီး၊ မင်းတောင် မသေနိုင်တာ ငါ သေစရာလား"

"တော်စမ်းပါ၊ ငါ့ကို ကူဦး၊ မထနိုင်တော့ဘူး" ဟူယွဲ့က စိတ်တိုတိုဖြင့် ပြောလိုက်သည်။

ရွှယ်အန်းက လက်လှမ်း၍ ဟူယွဲ့ကို မြေပြင်မှ ဆွဲထုတ်လိုက်သည်။ ပြီးနောက် ဟူယွဲ့သည် သူ​၏ ဟန်ဆောင်မှုများကို စွန့်လွှတ်ကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းခြင်းဖြင့် သူ​၏အသွင်အပြင် အစစ်အမှန်ကို ထုတ်ဖော်လိုက်သည်။ ယခုအခါ ဟူယွဲ့ကို ကြည့်လိုက်သောအခါ ယခင်က အရှက်ရစရာ အခြေအနေမျိုးမရှိတော့ဘဲ မြင့်မြတ်၍ ထူးကဲသာလွန်သော အရောင်အဝါမျိုးသာ ပေါ်လွင်နေခဲ့သည်။ သူ​၏ ချောမောခန့်ညားလွန်းသော မျက်နှာအသွင်အပြင်သည် ထိုအရောင်အဝါကို အနည်းငယ်မျှ ယောက်ျားမပီမသဖြစ်သွားစေသည်။

"ကျွတ် ကျွတ်၊ မြေခွေးအိုကြီး နှစ်ပေါင်းများစွာကြာပြီးတာတောင် မင်းက တော်တော် ကြည့်ကောင်းနေတုန်းပါလား။ မင်းက ယောက်ျားဖြစ်နေတော့ ဒီလိုလှပတဲ့ မျက်နှာကို အလကားဖြစ်သွားစေတာ နှမြောစရာပဲ" ရွှယ်အန်းက "အားကျစွာဖြင့်" စုတ်သပ်လိုက်သည်။

လှပသည်ဟု အခေါ်ခံခြင်းကို အလွန် မုန်တီးသောကြောင့် ဟူယွဲ့၏ နဖူးတွင် သွေးကြောများ ထောင်တက်လာသည်။

"ရှောင်အန်း မင်း အဲ့တုန်းက ငါ့ညီမကို လှည့်ဖြားခဲ့တာနဲ့ပတ်သက်ပြီး ငါ မင်းနဲ့ စာရင်းတောင် မရှင်းရသေးဘူး၊ ဒါတောင် မင်းက ဒီလို ပေါက်ကရစကားတွေ လာပြောရဲတယ်ပေါ့လေ"

ဟူး

အခန်းထဲရှိ လူအများအပြားသည် ၎င်းတို့​၏မျက်လုံးများတွင် ကောလာဟလမီးတောက်များ တောက်လောင်လာခြင်းကို ခံစားလိုက်ရသည်။ လူကြီးမင်းရွှယ်သည် ဤအမျိုးသား​၏ ညီမဖြစ်သူနှင့် ကောလာဟလမျိုး ရှိခဲ့ဖူးခြင်းဖြစ်သလော။ ဤသည်မှာ အလွန် ဖြစ်နိုင်ခြေရှိသည်။ ဤအမျိုးသား​၏ ချောမောလှပမှုအရ သူ​၏ညီမဖြစ်သူသည် အလွန် ရင်သပ်ရှုမောဖွယ်ကောင်းမည်မှာ သေချာသည်။

သို့သော် ရွှယ်အန်းက ဂရုမစိုက်ပေ။

"မြေခွေးအိုကြီး၊ ဒီကိစ္စက မပြီးသေးဘူးလား။ ငါ ဘယ်နှစ်ခါပြောပြီးပြီလဲ၊ အဲ့တုန်းက ငါ ဘာမှမလုပ်ခဲ့ဘူး။ ငါ ရှောင်ယင်းကို ညီမတစ်ယောက်လို့ သတ်မှတ်ထားတယ်၊ ငါကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့ ပေါက်ကရတွေ လျှောက်ပြောပြီး နောက်ဆုံးလည်းကျရော မြေခွေးနယ်မြေကနေ ငါနဲ့ လိုက်မယ်လို့ သူ့ဘာသာ ဇွတ်ပြောခဲ့တာ။ အဲဒါအတွက် ငါ့ကို အပြစ်တင်စရာလား"

"မင်းကများ မသိရင် နစ်နာသူလို လာလုပ်နေတယ်။ မင်း သေသွားတဲ့သတင်းလည်း ကြားရော ရှောင်ယင်း ငိုယိုပြီး မြွေခွေးနယ်မြေကနေ ဘယ်သူမှ မသိအောင် ထွက်သွားတာ သူ့ကို အခုထိ ရှာမတွေ့သေးဘူး"

ထိုအကြောင်းကို တွေးမိသောအခါ ဟူယွဲ့က နာကျင်သွားလေသည်။

"ဟမ် ရှောင်ယင်း ထွက်ပြေးသွားတာလား"

ဟူယွဲ့က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"သူ အခုအချိန်အထိ ပြန်မလာသေးဘူး"

"သူလည်း အရွယ်ရောက်နေပါပြီ၊ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်တဲ့အထိ သန်မာနေပြီလေ။ သူ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်မှာပေါ့" ရွှယ်အန်းက သက်ပြင်းချလိုက်သည်။

"အကုန်လုံးက မင်းကြောင့်ဖြစ်ရတာ"

"ဟေ့၊ မင်းစကားက ကျိုးကြောင်းဆီလျော်သလားကွ"

"မင်းနဲ့ ကျိုးကြောင်းဆီလျော်ရမယ်တဲ့လား။ ရှောင်ယင်းတစ်ခုခုဖြစ်သွားရင် ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်ဆိုတာ မင်း ယုံလား" ဟူယွဲ့က ပြောလိုက်သည်။

"ဒီအကြိမ်အပါအဝင်ဆိုရင် ငါ့ကို ရှုံးသွားတာ ၁၃၄၂၁ ကြိမ်မြောက်ဖြစ်သွားပြီ" ရွှယ်အန်းက ရယ်မော၍ ပြန်ဖြေလိုက်သည်​။

ဟူယွဲ့၏မျက်နှာသည် မကျေမနပ်ဖြစ်မှုများနှင့် ပြည့်နှက်နေသည်။

"မင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာလို့ ကျုပ် သတိလက်လွတ်ဖြစ်သွားတာ။ ဒီတစ်ကြိမ်ကို ထည့်မတွက်နဲ့"

ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် နောက်ထပ် တရားမျှတတဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲရင်ရော ဘယ်လိုလဲ"

ဟူယွဲ့၏ စိတ်တိုဒေါသထွက်နေသော အမူအရာသည် ရုတ်တရက် ကြည်လင်သွားကာ ကောင်းကင်ယံတွင် မိုးတိမ်များမရှိသကဲ့သို့ ပေါ့ပါးစွာ ပြောလာခဲ့သည်။

"ခဏ ခဏ တိုက်ခိုက်နေရတာ စိတ်ဝင်စားဖို့မကောင်းဘူး။ ဒီလောက် အေးချမ်းတဲ့ လရောင်အောက်မှာ ယမကာ နည်းနည်းလောက် သောက်ပြီး ယစ်မူးကြရင်ရော ဘယ်လိုလဲ"

ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မော၍ ဟူယွဲ့၏ ပခုံးကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။

"မြေခွေးအိုကြီး၊ မင်းနဲ့ ဒီလောက် ပေါင်းသင်းရတာ အဆင်ပြေတာ ဘာလို့လဲဆိုတာ မင်း သိလား"

"ငါက ကြင်နာတတ်တယ်၊ ရုပ်ချောတယ်၊ နူးညံ့တယ်၊ စေတနာရှိတယ်၊ မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်လည်းရှိလို့ မဟုတ်လား" ဟူယွဲ့က မျက်တောင်ခတ်ပြီးနောက် ဂုဏ်ယူသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ မင်းရဲ့ ဒီမျက်နှာပြောင်တိုက်တဲ့ အမူအကျင့်ကို ကြိုက်လို့ပဲ"

"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူမိပါတယ်"

ရွှယ်အန်းနှင့် ဟူယွဲ့သည် တစ်ဦးနှင့်တစ်ဦး ပုခုံးပေါ် လက်တင်ကာ နောက်ပြောင် ရယ်မောလျက် ထွက်သွားကြသည်။ ၎င်းတို့သည် ငေးငိုင်နေသော မျက်နှာများ ဆင်မြန်းထားသည့် လူအုပ်ကြီးကိုသာ အနောက်တွင် ချန်ရစ်ခဲ့ကြသည်။ ဤသို့သောရလဒ်မျိုးကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဆူပူအုံကြွမှုသည် နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။ လူတိုင်းက သက်ပြင်းချနေကြစဉ် မေးခွန်းထုတ်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။

“စိတ်မရှိပါနဲ့၊ ကျွန်မ ပေါင်မုန့် ဆယ်ဗန်း ရပြီလား”

အားလုံးက လှည့်ကြည့်လိုက်ကြသည်။ ရှောင်းယွီသည် မျက်လုံးများစွာဖြင့် စိုက်ကြည့်မှုကြောင့် ရှက်ရွံ့သွားခဲ့ရာ၊ လက်ငါးချောင်းကိုသာ ရှက်ကိုးရှက်ကန်း မြှောက်ပြ၍ တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ဆယ်ဗန်းမရှိရင်လည်း ငါးဗန်းဆိုရင် ရပါတယ်”

လူတိုင်း တိတ်ဆိတ်နေခဲ့သည်။

"သုံးဗန်းဆိုရင်ရော ဘယ်လိုလဲ"

မည်သူမျှ စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။

"ကျွန်မကို တစ်ဗန်းပဲ ပေးလို့မရဘူးလေ" ရှောင်းယွီက ငိုမဲ့မဲ့အသံဖြင့် ပြောလာသည်။

ရှောင်ရှက သည်းမခံနိုင်တော့ဘဲ သူမ​၏ ခေါင်းကို ခေါက်လိုက်သည်။

"မပြီးသေးဘူးလား"

သို့သော် သူမ​၏ ထိုခေါက်မှု အရှိန်အဟုန်သည် အလွန် ညင်သာလှသည်။ ရှောင်ယွီသည် မကြာသေးမီက ၎င်းတို့၏ အရှင်ထံ သတင်းစကားပေးပို့ရန် သူမ၏အသက်ကို စွန့်စားခဲ့ကြောင်း ရှောင်ရှ သိခဲ့သောကြောင့်ဖြစ်သည်။

"တစ်ခုခုစားချင်လို့ပါ"

ရှောင်ယွီက တီးတိုး ပြောပြီးနောက် အပြစ်တင်ခံရသည့် ဇနီးသည်လေး တစ်ယောက်ကဲ့သို့ ခေါင်းငုံ့လိုက်သည်။

ယွီရန်က ရယ်သံကို မထိန်းချုပ်နိုင်တော့ဘဲ အမိန့်ပေးလိုက်သည်။

"သွား၊ ပေါင်မုန့် ဆယ်ဗန်း မြန်မြန် ပြင်လာခဲ့"

"သခင်မလေး၊ မီးဖိုချောင်က ဖျက်ဆီးခံလိုက်ရပြီ"

"ဒါဆို အခုချက်ချင်း ပြင်လိုက်"

စားသောက်ဆောင် ပြုပြင်မှုများဖြင့် စည်ကားနေစဉ် ရွှယ်အန်းက ဟူယွဲ့နှင့်အတူ ၎င်းတို့၏ တည်းခိုရာ နေရာသို့ ပြန်ရောက်လာသည်။ အထဲသို့ ၎င်းတို့နှစ်ဦး ဝင်လာသည်နှင့် အန်းယန်က ဧည့်ခန်းထဲတွင် ရှိနေကြောင်း မြင်တွေ့လိုက်သည်။

ဟူယွဲ့က ခေတ္တရပ်တန့်ပြီးနောက် အရှေ့သို့ လှမ်းလာကာ လက်နှစ်ဖက်ကို စုစည်း၍ နှုတ်ဆက်လိုက်သည်။

“ဒါက ကျုပ်ညီလေးရဲ့ ဇနီးပဲဖြစ်ရမယ်…”

ရွှယ်အန်းသည် ဟူယွဲ့၏ ဦးခေါင်းကို ချက်ချင်းခေါက်ချ၍ ခပ်တည်တည် ပြောလိုက်သည်။

"မရီးလို့ ခေါ်လိုက်"

"ဟေး၊ အသက်အရွယ်ကို ပြောမယ်ဆိုရင် မင်း ပြန်ဝင်စားတဲ့ အသက်ကို တွက်ရင်တောင် အလွန်ဆုံးမှ သုံးထောင်ကျော်လောက်ပဲရှိမှာ။ ကျုပ့် အသက်က တစ်သိန်းကျော်လောက်ရှိပြီ"

ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

"ဘယ်သူက မင်းနဲ့ အသက်အရွယ်အကြောင်း ပြောနေလို့လဲ၊ ငါက ခွန်အားအရ ပြောနေတာ"

"ငါ့ပုံစံအစစ်အမှန်ကို မဆင့်ခေါ်နိုင်လို့ အနိုင်ကျင့်နေတာလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ၊ အခုချက်ချင်း ငါတို့ အပြင်ထွက်ပြီး တိုက်ခိုက်ကြရင်ရော ဘယ်လိုလဲ"

ဟူယွဲ့က ချက်ချင်းဆိုသလိုပင် တလေးတစား နှုတ်ဆက်လိုက်သည်။

"မရီး"

အန်းယန်သည် အနည်းငယ် အံဩသွားသည်။

“ဟင်”

ရွှယ်အန်းက ညင်သာစွာ ပြုံးလိုက်သည်။

"ဒါက ကိုယ်အရင်က လက်ခံခဲ့တဲ့ ညီငယ်လေးတစ်ယောက်ပဲ၊ သူ့ကို ဟူယွဲ့လို့ပဲ ခေါ်လိုက်"

"အို၊ ဟူယွဲ့တဲ့လား။ နာမည်က ထူးဆန်းလိုက်တာ"

"ထူးဆန်းတာပေါ့။ သူက မြေခွေးတစ်ကောင်ကနေ အသွင်ပြောင်းထားတာလေ။ လာ၊ မင်းရဲ့မရီးကို ပုံစံအစစ်အမှန်ကို ပြလိုက်ပါဦး" ရွှယ်အန်းက ရယ်လိုက်သည်။

ဟူယွဲ့က မခံမရပ်နိုင်ဖြစ်နေပုံပေါ်သည်။

"ကျုပ်က ဂုဏ်သိက္ခာရှိတဲ့ ကောင်းကင်ဘုံ အမြီးကိုးချောင်း မြေခွေးတစ်ကောင်ပဲ။ ဘယ်လိုလုပ်ပြီး မူရင်းပုံစံကို ထုတ်ပြရမှာလဲ... မင်း"

ရွှယ်အန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"တိုက်ခိုက်ချင်လို့လား"

အလင်းရောင်များ တစ်ဖျပ်ဖျပ် လှုပ်ခတ်သွားပြီးနောက် ထူးထူးခြားခြား လှပသော နှင်းဖြူရောင် မြေခွေးတစ်ကောင်သည် ၎င်းတို့၏ မျက်လုံးရှေ့တွင် ပေါ်ပေါက်လာသည်။

အန်းယန်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားလေ​၏။

“ဝိုး၊ ချစ်စရာကောင်းလိုက်တာ”

အခန်း (၅၄၉) ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်

ရွှယ်အန်းနှင့် ဟူယွဲ့တို့သည် အရံဟင်း အနည်းငယ်၊ အိုဟောင်းသော ဝိုင်တစ်အိုး ပြင်ဆင်ကာ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားကြသည်။

"တကယ်တော့ မင်း ပျောက်ဆုံးသွားတဲ့နောက် မင်းရဲ့ဝိညာဉ်ကို ရှာတွေ့မလားဆိုပြီး အပြိုင် စကြာဝဠာ​မှာ ရှာခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ရဘူး။ အဲဒီတုန်းက မင်း တကယ် သေသွားပြီလို့ ငါ ထင်နေခဲ့တာ" ဟူယွဲ့က ရုတ်တရက် ထိုသို့ ပြောလာသည်။

"အခု ငါ့ကို အသက်ရှင်လျက် တွေ့လိုက်ရတော့ စိတ်ပျက်သွားပြီလား" ရွှယ်အန်းက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။

ဟူယွဲ့က ခေါင်းခါလိုက်သည်​။

"ငါတော်တော်လေး ပျော်မိတယ်။ ဘာပဲဖြစ်ဖြစ် မင်းသာ ထွက်သွားရင်၊ အနန္တတနယ်မြေတွေ သေချာပေါက် အထီးကျန်စရာကောင်းနေမှာ"

ရွှယ်အန်းသည် သူ​၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ကြက်သီးထသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် အနောက်သို့ အနည်းငယ် ပြန်ဆုတ်ခွာသွားသည်။

"ဟေး ငါ ပြောလိုက်မယ်၊ မြေခွေးထီးတွေ အပါအဝင် ကျုပ် ယောက်ျားတွေ စိတ်မဝင်စားဘူး"

"သွားစမ်းပါ၊ ငါ မင်းကို ပိုလို့တောင် စိတ်မဝင်စားသေးတယ်။ ငါက ချောမောလှပတဲ့ မိန်းမငယ်လေးတွေကိုပဲ ကြိုက်တာကွ"

ရွှယ်အန်း​၏ ရယ်မောသံ အနောက်တွင် ခေတ္တ တိတ်ဆိတ်မှုများ လိုက်ပါလာသည်။

"လာ၊ သောက်ရအောင်။ ငါတို့ စောင့်မျှော်ခဲ့ရတဲ့ ပြန်ဆုံတွေ့ပွဲအတွက်" ရွှယ်အန်းက သူ​၏ခွက်ကို မြှောက်တင်၍ ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းရဲ့ သေခြင်းကနေ ပြန်လာတဲ့အတွက်ရောပဲ” နှစ်ဦးစလုံးသည် ၎င်းတို့​၏ ယမကာခွက်များကို တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။

လောက​၏ ယမကာများသည် ၎င်းတို့၏အဆင့်ရှိ ကျင့်ကြံသူများအတွက် ယခင်ကတည်းက အကျိုးသက်ရောက်မှုမရှိခဲ့သော်လည်း ဤယမကာကို မျိုချခြင်းသည် သာယာသော ခံစားချက်များကို ဖြစ်ပေါ်စေသည်။ ထိုအချိန်တွင် အန်းယန်က မွှေကြော် ဟင်းလျာအနည်းငယ်ဖြင့် ရောက်ရှိလာသည်။ ဟူယွဲ့က မြန်မြန် မတ်တပ်ထရပ်၍ ၎င်းတို့ကို ယူလိုက်သည်။

"အစက စားဖိုမှူးတွေခေါ်ပြီး ချက်ခိုင်းမလို့ပဲ၊ ဒါပေမယ့် ရှင့်အစ်ကိုက အိမ်မှာပဲ စားမယ်ဆိုပြီးပြောနေတာ ကျွန်မ ဟိုဟိုသည်သည် နည်းနည်းပဲ ကြော်လိုက်တာ၊ ဒါလေးနဲ့ အဆင်ပြေသလို စားလိုက်ကြပါ" အန်းယန်​က ပြုံး၍ ​ပြောလိုက်​သည်​။

"မရီးကတော့ ကျိုးနွံနေပြန်ပါပြီ။ မရီးကိုယ်တိုင်ချက်တာကို စားရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါ"

"ဒါဆို နှစ်​​ယောက်​လုံး စကားအေးဆေး​​ပြောကြဦး၊ ကျွန်မ အတွင်းခန်းထဲမှာ ရှိ​မယ်​။​လိုအပ်​ရင်​ ခေါ်လိုက်​ပေါ့" အန်းယန်သည် စကားဆုံးသည်နှင့် လိမ္မာပါးနပ်စွာ ထွက်ခွာသွားသည်။

ထက်မြက်သော အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ၏ အရက်သေစာ သောက်သုံးမှုကို စိတ်အနှောင့်အယှက်မဖြစ်ရန်အတွက် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ဟူယွဲ့သည် အန်းယန်၏ နောက်ကျောကို ကြည့်နေသည်။

"ဒါက မင်း မေ့လို့မရနိုင်တဲ့ အမျိုးသမီးလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"တော်တော်လေး လှတာပဲ။ ငါ့ညီမလို မိန်းကလေးမျိုးကို တစ်ချက်တောင် လှည့်မကြည့်ဘဲ နှစ်သုံးထောင်လောက် ကျောက်တုံးကြီးလို တည်ငြိမ်နေခဲ့တာ အံ့ဩစရာတော့ မဟုတ်ပါဘူး"

"ငါ ဘယ်နှစ်ခါပြောပြီးပြီလဲ..."

ဟူယွဲ့က ခေါင်းကို ညင်ညင်သာသာ ခါယမ်း၍ ရွှယ်အန်း၏ စကားများကို ဖြတ်ပြောလိုက်သည်။

"ရှင်းပြစရာမလိုဘူး၊ ဒါက မင်း အပြစ်မဟုတ်ဘူးဆိုတာ ငါသိတယ်... ငါလည်း ငါ့ကိုပဲ နှစ်သက်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ဖူးပါတယ်"

ရွှယ်အန်းသည် အစားအသောက်များ စားနေချိန်ဖြစ်သောကြောင့် ထိုစကားကို ကြားသောအခါ ထွေးထုတ်လုနီးပါး ဖြစ်သွားလေသည်။

"အဟွတ်၊ အဟွတ်၊ မင်း ဘာပြောလိုက်တယ်"

"ငါပြောတာ… ငါပြောတာ ငါ့ကိုပဲ မျက်စိကျနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ဖူးတယ်လို့"

"သူက မျက်​လုံး မမြင်ဘူး​လား"

ဟူယွဲ့: "... "

"ကောင်းပြီ၊ ဟာသ မပြောတော့ဘူး၊ ဒါဆို ဂုဏ်ယူပါတယ်ကွာ" ရွှယ်အန်း ရယ်မော၍ သူ​၏ဖန်ခွက်ကို မြှောက်တင်လိုက်သည်။

နှစ်ဦးသား မော့သောက်လိုက်ကြပြန်သည်။

ပြီးနောက် ဟူယွဲ့သည် စိတ်ခံစားချက် အနည်းငယ်ဖြင့် ပြောလာသည်။

"ငါ နှစ်တစ်သိန်းလောက် နေထိုင်ပြီးတော့ ချစ်ခြင်းမေတ္တာတွေ အမြောက်အမြားကို မြင်တွေ့ခဲ့ဖူးတယ်။ အဲ့တာကြောင့် အရာအားလုံးကို ဖောက်ထွင်းမြင်ပြီးပြီလို့ ကျုပ် ထင်ခဲ့တာ။ ဒါပေမယ့် အဲ့ကမ္ဘာကို ရောက်ပြီး သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ရင်ဘတ်ထဲ တစ်ခုခု ထိမိသွားသလို ခံစားလိုက်ရတယ်"

“မြေခွေးတိုင်းပြည်က ဘယ်မင်းသမီးလဲ”

ရွှယ်အန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် နားထောင်ပြီးနောက် မေးမြန်းလိုက်သည်။

ဟူယွဲ့က ခေါင်းယမ်းလိုက်သည်။

“ဒါဆို ကောင်းကင်ဘုံက နတ်ဘုရား တစ်ပါးပါးရဲ့ သမီးပဲဖြစ်ရမယ်”

ဟူယွဲ့က သက်ပြင်းချလိုက်သည်။

"သူက သာမန်သေမျိုးတစ်ယောက်ပါ"

ရွှယ်အန်းက အံ့အားသင့်သွားသည်။

"မင်းလည်း မယုံနိုင်ဘူး မဟုတ်လား။ ငါလည်း အဲ့လိုပဲ။ ပထမဆုံး စတွေ့တုန်းက ငါ့ကို သမင်တစ်ကောင်လို စိုစွတ်ပြီး နူးညံ့တဲ့ မျက်လုံးတွေနဲ့ ကြည့်လာတဲ့အခါ ငါ အဆုံးသတ်သွားပြီဆိုတာ သိလိုက်တယ်"

ရွှယ်အန်းက ခေါင်းယမ်း၍ ရယ်မောလိုက်သည်။

"မင်း ငါ့ကို လှောင်ပြောင်ချင်နေတယ်ဆိုတာ ငါ သိတယ်၊ ကြိုက်သလိုသာ ရယ်စမ်းပါ" ဟူယွဲ့​၏ မျက်နှာထက်တွင် ပြတ်သားသောအမူအရာမျိုး ရှိနေသည်။

"မင်း မှားနေပြီ ငါမင်းကို လှောင်ပြောင်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒီခံစားချက်ကို ငါလည်း ကောင်းကောင်းကြီး နားလည်တယ်။ အန်းယန်ကို ပထမဆုံး မြင်လိုက်ရတုန်းကဆိုရင် မိုးကြိုးပစ်ခံလိုက်ရသလိုပဲ၊ အဲ့အချိန်တုန်းက ငါ့ စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတယ်။ ငါဆိုတဲ့ ဓားပြဗိုလ်ရဲ့ အမျိုးသမီးဖြစ်လာအောင် ကြိုးစားနိုင်မယ်ဆိုရင် ဓားပြတစ်ယောက်ဖြစ်ရရင်တောင် ကိစ္စမရှိဘူးဆိုတာပဲ"

ဟူယွဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီစကားတွေကို လူတိုင်း ကြားအောင် မင်း ကြွေးကြော်သင့်တယ်"

၎င်းတို့နှစ်ဦးသည် တတိယမြောက် ယမကာကို သောက်လိုက်ကြသည်။

"မင်း သူ့ကို ဘယ်တော့ခေါ်လာမှာလဲ ငါလည်း ခယ်မလေးကို တွေ့ရတာပေါ့"

ဟူယွဲ့က မဲ့ရွဲ့၍ ပြုံးလိုက်သည်။

"သူက သာမန်သေမျိုးတစ်ယောက်ပဲ၊ ဒီနေ့အထိ ငါ့ ပုံသဏ္ဌာန်အစစ်အမှန်ကိုတောင် မသိသေးဘူး၊ ငါသူ့ကို ဘယ်လိုလုပ် ထုတ်ပြလို့ရမှာလဲ"

"အို၊ ဒါနဲ့ပဲ မင်း သူ့ဆီကနေ တစ်သက်လုံး ဖုံးကွယ်ထားဖို့ စီစဉ်နေတာလား" ရွှယ်အန်းက မေးလိုက်သည်။

“ငါ သူ့အတွေးတွေကို စမ်းစစ်ကြည့်ဖူးပါတယ်၊ ဒါပေမယ့် သူက တော်တော်လေး စိတ်ပြတ်သားတယ်၊ ရူးကြောင်ကြောင်နိုင်တဲ့ မိန်းကလေးလို့တောင် ပြောလို့ရတယ်။ ထာဝရရှင်သန်တာတွေကို မတောင့်တဘူးတဲ့၊ ဒီဘဝတစ်သက်တာကိုပဲ လိုချင်တယ်တဲ့" ဟူယွဲ့က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

ရွှယ်အန်း၏ ပါးစပ်များ အနည်းငယ် အဟောင်းသားဖြစ်သွားမိသည်။

"အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကိုများ ကြိုက်လာတာလားကွာ။ မဟုတ်ရင် ဘာလို့ ဒီလောက် နုံအရတာလဲ"

"မင်း သူ့ကို နားမလည်ပါဘူး၊ အမှန်တိုင်းပြောရရင် ငါတောင် နားမလည်ဘူး။ ဒီအကြောင်းကြောင့်ပဲ သူက ငါ့ကို သံလိုက်တစ်ခုလို ဆွဲဆောင်နေတာ ဖြစ်မယ်" ဟူယွဲ့က ရွှယ်အန်း​၏ မှတ်ချက်ကို လျစ်လျူရှု၍ ကြေကွဲစွာ ဆက်ပြောလိုက်သည်။

"တော်သင့်ပြီ၊ မင်းရဲ့ လက်ခုပ်ကနေ လွတ်မြောက်သွားတဲ့ မြေခွေးအမျိုးသမီးအတွက် သောက်လိုက်ရအောင်" ရွှယ်အန်းက ရယ်မော၍ ပြောလိုက်သည်။

ဟူယွဲ့သည် ရွှယ်အန်းကို စူးစိုက်ကြည့်သော်လည်း သူ​၏ခွက်ကို မြှောက်တင်လိုက်ဆဲဖြစ်သည်။ ပြီးနောက် ယမကာကို သောက်ခါနီးအချိန်မှသာ ရွှယ်အန်းက ခပ်တိုးတိုး ပြောလိုက်သည်။

"မင်းအတွက် ဝမ်းသာပါတယ် ငါ့ညီ၊ နောက်ဆုံးတော့ မင်း သူ့ကို ရှာတွေ့ပြီပဲ"

ဟူယွဲ့က ခေါင်းညိတ်ပြပြီးနောက် တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ခွက်အနည်းငယ်မျှ သောက်သုံးပြီးနောက် လေထုသည် သက်ဝင် လှုပ်ရှားလာခဲ့သည်။

ပြီးနောက် ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"မင်းက ဒီနေရာကို ဆင်းသက်နိုင်အောင် မင်းရဲ့ ခွန်အားကို အတင်းအကြပ် ဖိနှိမ်ထားပြီး၊ ဒေသန္တရ ကောင်းကင်ဘုံ တာအိုနိယာမတွေဆီကပါ စွန့်စားပြီး အခြေတည်ဝိညာဉ်အဆင့် ကိုယ်ပွားနဲ့ လှည့်စားခဲ့တယ်ဆိုတော့ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ဟူယွဲ့က သက်ပြင်း အနည်းငယ် ချလိုက်သည်။

"တကယ်တော့ ငါလည်း ဒီကို မလာချင်ပါဘူး၊ ဒါပေမယ့် သေမျိုးကမ္ဘာမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်တော့မယ်၊ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး"

"အိုး၊ သေမျိုးကမ္ဘာမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေတဲ့လား"

ဟူယွဲ့က ခေါင်းညိတ်လိုက်သည်။

"မင်း အနှစ်သုံးထောင်အတွင်း သာမန်လူသားအဖြစ်ကနေ တုနှိုင်းမရတဲ့ နတ်ဘုရားအဆင့်ထိ ရောက်ခဲ့ပေမယ့်၊ မင်းက ဒီအဆင့်မှာ သစ်လွင်လွန်းတယ်။ အပြိုင် စကြဝဠာထဲက များပြားလွန်းတဲ့ လျှို့ဝှက်ချက်တွေကို သတိမထားမိသေးပါဘူး"

ရွှယ်အန်းသည် ဟူယွဲ့၏ စကားများကို အမှန်တိုင်း အသိအမှတ်ပြုဟန်ဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အပြိုင် စကြာဝဠာ​၏ ကျယ်ပြောလှသော အဓိပ္ပါယ်အရ နတ်ဘုရားအဆင့်လျှင်ပင် ၎င်းတို့၏ လျှို့ဝှက်ချက်တိုင်းကို မသိရှိနိုင်ပေ။ ရွှယ်အန်းသည် ထို့ကြောင့်သာ နောက်တစ်ဆင့်ကို တက်လှမ်း၍ သူတော်စင်အဆင့်ဖြစ်လာရန် အရာအားလုံးကို စွန့်စားလိုစိတ်ရှိခဲ့သည်။ အဆုံး၌ သူ့တွင် လိုအပ်ချက်များ ရှိနေခဲ့၍ ယခုကဲ့သို့ ပြန်လည်မွေးဖွားခြင်းသည် နှမြောစရာပင်ဖြစ်သည်။

“မြွေခွေးတိုင်းပြည်ရဲ့ စွမ်းအင်က အပြိုင် စကြာဝဠာမှာ အင်အားအကြီးဆုံး မဟုတ်ပေမယ့် ရှည်ကြာတဲ့သမိုင်းမှာ ထိပ်တန်းစာရင်းဝင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ကမ္ဘာက မသိတဲ့ လျှို့ဝှက်ချက်တွေကို မြေခွေးတိုင်းပြည်မှာ မှတ်တမ်းတင်ထားတယ်" ဟူယွဲ့က ဆက်ပြောလိုက်သည်။

"ဒီသေမျိုးဘုံကို စံနမူနာ အဖြစ်ထားလိုက်။ ဒီနေရာမှာ ကျင့်ကြံမှုအဆင့် အားနည်းပြီး ဝိညာဉ်စွမ်းအင် နည်းပါးတဲ့အပြင် လေးဘက်လေးလံလုံး ဆိတ်ညံရာနယ်မြေလို့ သိကြပေမယ့် ဒီသေမျိုးဘုံက အနတ္တနယ်မြေတွေရဲ့ အခြေခံအုတ်မြစ်ဆိုပြီး တကယ့် ကောလာဟလတွေရှိထားတယ်"

"အို" ရွှယ်အန်း အနည်းငယ် အံ့ဩသွားသည်။

"အစပိုင်းမှာတော့ ငါလည်း သံသယတွေရှိခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ အားလုံးက အမှန်တွေဆိုတာ ငါ သိလာခဲ့တယ်"

"အပြိုင်စကြဝဠာက အကိုင်းအခက်တွေ အရွက်တွေဖြစ်မယ်ဆိုရင် သေမျိုးဘုံက သစ်ပင်ရဲ့ အမြစ်တွေလိုပဲ"

"ဒါ့အပြင် ငါ သိထားတာအရတော့ အပြိုင် စကြဝဠာမှာ သေမျိုးဘုံလို နေရာတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ဒီဘုံက အရေးကြီးဆုံးဆိုတာ သိသာတယ်"

"ကြီးမားတဲ့ ပြောင်းလဲမှုတွေတိုင်းက အပြိုင် စကြာဝဠာ​မှာ ပြင်းထန်တဲ့ လှုပ်ခတ်မှုလို့လည်း ဆိုလိုပြီး ကပ်ဘေးဆိုးလို့လည်း လူသိများကြတယ်။ အခု ဒီကပ်ဘေးဆိုးကြီးက ကျုပ်တို့ဆီ ကျရောက်လာပြီ"

“ကောင်းကင်နဲ့မြေကြီးကို လုံးလုံးလျားလျား ပြတ်တောက်သွားပြီး နတ်ဘုရားတွေ ဆင်းသက်တာမျိုးလား" ရွှယ်အန်းက မေးလိုက်သည်။

ဟူယွဲ့က အနည်းငယ် ထိတ်လန့်သွားသည်။

"ဟုတ်တယ်၊ အမှန်ပဲ"

"အခုတလော ဝိညာဉ်စွမ်းအင်တွေ ပြန်များလာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး၊ ဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေ ပြန်ရရှိလာပြီး၊ အပြိုင်စကြဝဠာက နတ်ဘုရားတွေ နတ်ဆိုးတွေက ဒီနယ်မြေကို ရယူဖို့ ကြိုးစားနေကြတာပေါ့လေ"

"ဒါဆို ဒီကောင်တွေက ဘာကိုရှာနေတာလဲဆိုတာ မင်း သိလား"

"ဘာကိုလဲ"

ဟူယွဲ့က သူ​၏လက်ညှိုးကို ဝိုင်ခွက်ထဲသို့ ဖိနှစ်ပြီးနောက် စားပွဲပေါ်တွင် စာလုံးနှစ်လုံးကို ရေးသားလိုက်သည်။

"ကံကြမ္မာ" ရွှယ်အန်းသည် ခေတ္တ အံ့အားသင့်သွားပြီးနောက် ၎င်းစာလုံးကို အသံထွက်၍ ဖတ်လိုက်သည်။

"ဟုတ်တယ် ကံကြမ္မာပဲ" ဟူယွဲ့က ခေါင်းညိတ်ပြလိုက်သည်။

All Chapters