အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အခန်း(၅၅၀) ကံကြမ္မာဟုခေါ်သောအရာ
ကံကြမ္မာ ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အရာခပ်သိမ်းအပေါ် အပ်နှင်းထားသော အဆုံးအဖြတ် စွမ်းအားဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော်လည်း အမှန်ပင် တည်ရှိနေပါသည်။
လူသားတွေများသာမက မြို့၊ လူမျိုး၊ မျိုးနွယ်စုများတွင်လျှင်ပင် ကံကြမ္မာကိုယ်စီရှိကြသည်။
“ကံကြမ္မာကောင်းကြုံရရင် ကမ္ဘာကြီးတစ်ခုလုံး မင်းနဲ့ လိုက်လျောညီထွေဖြစ်ပြီး မဟုတ်ရင်တော့ သူရဲကောင်းတွေတောင် သူတို့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးသွားရလိမ့်မယ်”
ဆိုလိုသည်မှာ ကံကြမ္မာက ကောင်းချီးပေးလျှင် ပုရွက်ဆိတ်တစ်ကောင်ပင် ကောင်းကင်ပေါ်တက်သည့် နဂါးအဖြစ်ပြောင်းလဲသွားနိုင်သည်။ သို့သော် ကံကြမ္မာပျောက်ကွယ်သွားပါက နတ်နဂါးဖြစ်နေလျှင်ပင် တိမ်များကြား၌ပိတ်မိနေလိမ့်မည်။
“ဟွာမျိုးနွယ်စု မြေခွေးနယ်မြေထဲမှာ လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ဒဏ္ဍာရီတွေအရ၊ ဘေးဥပဒ်တိုင်းက ဒီသေမျိုးလောကမှာ ကံကြမ္မာပုလဲကိုထုတ်ပေးနိုင်တယ်။ ဒါကိုပိုင်ဆိုင်ထားတဲ့သူက နောင်လာမယ့်ကပ်ဆိုးမှာ မျက်နှာသာရမယ့်သူဖြစ်လာလိမ့်မယ်။ ပြီးတော့သူတို့ တစ်ဖွဲ့လုံးကို ကောင်းချီးပေးလိမ့်မယ်”
“ဘေးဥပဒ်တွေ နီးကပ်လာတာနဲ့အမျှ ကံကြမ္မာလျို့ဝှက်နယ်မြေက သေမျိုးလောကမှာပွင့်လာလိမ့်မယ်။ ပြီးရင် အမျိုးမျိုးနတ်ဆိုးတွေနဲ့ နတ်ဆိုးတွေရဲ့ လောဘကြီးတဲ့မျက်လုံးတွေကို ဆွဲဆောင်နိုင်လိမ့်မယ်”
ဟူယွဲ့၏ စကားများကိုကြားသောအခါ ရွှယ်အန်း၏ အကြည့်များ တုန်လှုပ်သွားသည်။
လိပ်ခွံပေါ်က ပုံများကို ပြန်တွေးကြည့်မိသည်။
ဟွာမျိုးနွယ်စု ဘိုးဘေးများက မယုံနိုင်လောက်အောင်စွမ်းအားကြီးကာ ကျင်းဝူကို မြှားတစ်စင်းတည်းဖြင့် ပစ်ချနိုင်ခဲ့သော်လည်း ကျန်းမုသစ်ပင်ကိုမူအဘယ်ကြောင့်ရုတ်တရက် ခုတ်လှဲ၍ဤကမ္ဘာမြေပေါ်မှခွဲထုတ်ခဲ့ကြသနည်း။
ထို့အပြင် “ငါ့လူသားမျိုးနွယ်ကိုကာကွယ်ပါ” ဟူသော နောက်ဆုံးစကားများသည်လည်းရိုးရှင်းပုံမပေါ်ပေ။
ရွှယ်အန်းသည် သူ့စိတ်ထဲတွင် သံသယအချို့ရှိခဲ့သော်လည်း မကြာမီပင် ၎င်းတို့ကို မျိုသိပ်လိုက်သည်။
အချက်အလက်ပိုမရှိသည့် ရိုင်းစိုင်းသော မှန်းဆချက်များသည် မည်သည့်ပြဿနာမျှ ဖြေရှင်းနိုင်မည် မဟုတ်ပေ၊ မလိုအပ်သော စိုးရိမ်ပူပန်မှုများကိုသာ ယူဆောင်လာမည်ဖြစ်သည်။ ဘေးဥပဒ်ကျရောက်တော့မည်ဖြစ်သောကြောင့်၊ အဖြေများသည် ဤကပ်ဆိုးကြီးအတွင်းတွင် ဧကန်မုချရှိနေပေလိမ့်မည်။
အချိန်တန်သောအခါ၌ လိုက်ရှာရန်မလိုအပ်ဘဲ သိနိုင်မည်ဖြစ်၏။
တကယ်တမ်းတွင် သူရှိနေသရွေ့ နတ်ဘုရား သို့မဟုတ် နတ်ဆိုးများကို ကမ္ဘာအား အန္တရာယ်ပြုခွင့်ပေးမည်မဟုတ်ပေ။
နတ်ဘုရားများဆင်းသက်လာရဲလျှင် ချေမှုန်းပစ်မည်။
ဟူယွဲ့က ရွှယ်အန်းကို တစ်ခဏမျှကြည့်နေပြီးနောက် အတန်ကြာ ခေတ္တနားပြီးနောက်တွင် သူက တဟီးဟီးရယ်လိုက်သည်။
"စွက်ဖက်ရဲတဲ့ နတ်ဘုရားတွေနဲ့ နတ်ဆိုးအားလုံးကို ဘယ်လိုသတ်ရမလဲဆိုတာကို အခုစဥ်းစားနေတာထင်တယ်”
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"မှန်တယ်"
"အဲ့နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေအတွက် ငါတကယ် စိတ်မကောင်းဖြစ်မိတယ်။ ရိုးရိုးသားသားပြောရရင် ဝိညာဉ်စွမ်းအင်တွေ အရမ်းရှားတဲ့ ဒီကမ္ဘာကြီးမှာ မင်း ဘယ်လိုမျိုးကျင့်ကြံနိုင်ခဲ့တာလဲ။"
"သိချင်လား"
ဟူယွဲ့က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်၏။
“အင်း ငါသိချင်တယ်။ ငါ့ ကိုယ်ပွားရဲ့ ကျင့်ကြံရေးအဆင့်က အရမ်းနိမ့်တယ်။ ကြုံလာတော့မယ့် ဘေးဆိုးကြီးကို ငါမကိုင်တွယ်နိုင်မှာစိုးတယ်။ ဒါ့ကြောင့် ကျင့်ကြံရေးအဆင့်ကို အမြန်ဆုံးမြှင့်တင်ချင်တယ်”
“ဒါက ရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ မင်းဟာက တကယ့်ကို ပါရမီရှင်မို့လို့ပဲ”
ဟူယွဲ့သည် ထိုပြောဆိုချက်ကို အမှန်တကယ် မချေပနိုင်သောကြောင့် ခဏတာ စကားမပြောဘဲနေခဲ့သည်။
ရွှယ်အန်းက သူ၏ယခင်ဘဝတွင် မထင်မရှား ကျင့်ကြံသူအဖြစ်မှ တုနှိုင်းမဲ့သော နတ်ဘုရားအဆင့်သို့ နှစ်တစ်ထောင်အတွင်းရောက်သွားသည်ကို သူမြင်တွေ့ခဲ့ရသည်။
ထိုသို့သောတိုးတက်မှုကို ပါရမီရှင်ဟုပင်ဖော်ပြ၍ မရနိုင်တော့ပေ။
သို့သော် သူ၏ညစ်ညမ်းသော သဘောထားကအမှန်ပင်ဒေါသဖြစ်စရာကောင်းလှသည်။ ဟူယွဲ့က ရွှယ်အန်းကိုကြည့်၍ အံကြိတ်လိုက်သည်။
သို့သော် သူ့ကိုအနိုင်မယူနိုင်သည့်အတွက် မည်သို့လုပ်ရမည်နည်း။
စားပွဲပေါ်ရှိ ဝိုင်အိုးကို ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက်အတွေးတစ်ခု ဝင်လာသည်။
“ကောင်းပြီ။ လုံလောက်ပြီ။ မိတ်ဆွေဟောင်းတွေပြန်ဆုံစည်းတာပဲ။ ဒါ့ကြောင့် ဒီည မမူးမချင်း မပြန်ကြရအောင်”
ထိုသို့ဖြင့် သူက ဝိုင်တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျငှဲ့ကာ ရွှယ်အန်းကို ပေးလိုက်သည်။
သို့သော် သူ ပေးနေစဥ်၌ ယင်းသို့ အမူးမန္တန်တစ်ခုကို တိတ်တဆိတ်ရေရွတ်လိုက်သည်။
အနန္တစကြဝဌာတွင် မူလက ထိုသို့သော မန္တန်မျိုးမရှိသော်လည်း ဟူယွဲ့သည် လူများနှင့် မကြာခဏသောက်တတ်သောကြောင့် ဤမန္တန်ကိုဖန်တီးခဲ့သည်။
ရွှယ်အန်းက ခွက်ကိုယူ၍ မသောက်ဘဲ ဟူယွဲ့ကို တိတ်တဆိတ်ကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ” ဟူယွဲ့၏ မျက်နှာက တည်ငြိမ်နေသည်။
ရွှယ်အန်းက ခေါင်းခါလိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ ဒီည လရောင်က သာယာပြီး မူးလို့ကောင်းတဲ့ညပဲ”
"ဟားဟား၊ ငါလည်း အဲ့လိုတွေးတယ်” ဟူယွဲ့က အလွန်ပျော်မြူးနေပုံဖြင့် ရယ်မောလိုက်သည်။
တစ်နာရီခန့်အကြာတွင်
ရှောင်ရှသည် ပေါင်မုန့်ဆယ်ခြင်းစားထားသည့် ရှောင်းယွီကိုဆွဲကာ အိမ်သို့ ပြန်ခေါ်လာခဲ့သည်။
“နဂါးမမ ဘာလို့ ဒီလောက် အမြန်လျှောက်နေတာလဲ။ သမီးမှာ ပေါင်မုန့်တွေကျန်သေးတယ်။ စားချင်လား” ရှောင်းယွီက မည်သည့်နေရာက ထွက်လာမှန်းမသိသော မုန့်ထုပ်ကိုဆွဲထုတ်ကာ ရှောင်ရှကို ပေးလိုက်သည်။
ရှောင်ရှကအလွန် စိတ်ဆိုးနေသောကြောင့် သူမကို ဂရုမစိုက်ပေ။
တစ်စုံတစ်ယောက်က သူမကို ပရောပရီလုပ်ခဲ့ရုံမျှမက သူမသည်လည်း သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
အမြဲတစေ မာနကြီးတတ်သော ရှောင်ရှအတွက် ဤအရာသည် သည်းမခံနိုင်ချင်စဖွယ်ကောင်းလှသည်။ သခင်ဖြစ်သူကို အနိုင်မယူနိုင်သည်က ပုံမှန်သာဖြစ်သော်လည်း မည်သို့မျှ မထင်ရသော ခပ်ချောချောယောက်ျားတစ်ယောက်ကို အဘယ်ကြောင့် သူမအနိုင်မယူနိုင်ခဲ့သနည်း။
ထိုအတွေးများဖြင့် ရှောင်ရှက သူမ၏ အရှိန်အဟုန်ကို မြှင့်တင်ကာ ထောင့်တစ်နေရာသို့ လှည့်ကာ အိမ်ပြန်ခဲ့သည်။
ထို့နောက် သူမက လမ်းတစ်ဝက်၌ကြက်သေသေသွား၏။ သူမသာမက နောက်ဆုံးသောပေါင်မုန့်ပေါင်းကို ကုန်သွားမည်စိုးသောကြောင့် ဖြည်းညှင်းစွာစားနေသော ရှောင်းယွီလည်းအံ့သြသွားခဲ့သည်။
ခြံဝင်းအတွင်း ဖြာကျနေသော လရောင်အောက်တွင် သူမကို အနိုင်ယူခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သူသည် မြေပြင်ပေါ်တွင် ထိုင်လျက် အော်ဟစ်ငိုယိုနေ၏။
"ဝူး…ဝူး…ဝူး… ဒါက ခက်လွန်းတယ်။ ငါ့ညီမကို ဘယ်မှာမှ ရှာမတွေ့နဲ့အပြင် ငါ ဒီရွှယ်အန်းကိုတောင် အနိုင်မယူနိုင်ဘူး”
“ထွီး ဒီနေ့လက ဝိုင်းတောင်မဝိုင်းသေးဘူး ဒေါသဖြစ်စရာကောင်းလိုက်တာ။ လက ငါ့ကိုအနိုင်လာကျင့်နေတာလား”
‘ဘာ… ဘာဖြစ်နေတာလဲ’
ရှောင်ရှက ထိတ်လန့်သွားသည်။
ထို့နောက် ခဏအကြာတွင် ခြံဝင်းထဲထိုင်နေသည့် ရွှယ်အန်းက သက်ပြင်းတစ်ချက်ချကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ကောင်းပြီ၊ မငိုနဲ့တော့၊ မင်း ခက်ခဲနေပြီဆိုတာ ငါသိပါတယ်။ ပြန်အိပ်တော့ သွား"
"ငါဘာလို့ မင်းစကားနားထောင်ရမှာလဲ။ ငါ ဒီမှာ အိပ်မယ်” ထိုသို့ပြောလျက် ဟူယွဲ့က ခြံဝင်းထဲတွင် တိုက်ရိုက် အိပ်ချလိုက်ရာ ခဏအကြာတွင် ကျယ်လောင်စွာ ဟောက်လိုက်သည်။
ရွှယ်အန်းက ရယ်ရခက် ငိုရခက်ဖြစ်လျက် ရှောင်ရှဘက်သို့ လှည့်ကြည့်လိုက််သည်။
“ဒီကောင် မူးနေပြီ”
တကယ်တမ်းတွင် ယခု သောက်နေစဥ်၌ ရွှယ်အန်းက ဟူယွဲ့၏ လှည့်ကွက်လေးကို သတိထားမိကာ သူနှင့် အတူသောက်ရန်ဆုံးဖြတ်ခဲ့သည်။
ရလဒ်အနေဖြင့် ရွှယ်အန်းက အဆင်ပြေသော်လည်း သုံးခွက်သောက်ပြီးသောအခါ ဟူယွဲ့က လုံးဝ မူးယစ်လျက် မိုက်မဲစွာ ပြုမူနေတော့သည်။
သို့သော် သူ၏မူးယစ်နေသည့် အမူအရာက အခြားသူများနှင့် မတူပေ။ သူက စိတ်ရှုပ်ရမည့် အရာမျိုး သို့မဟုတ် မည်သည့် ပြဿနာကိုမျှရှာခြင်းမရှိဘဲ မြေပြင်ပေါ်ထိုင်ချကာ စတင် အော်ဟစ် ငိုယိုလိုက်တော့သည်။
သူ့တစ်သက်လုံးစာ မျက်ရည်များအားလုံးကို ငိုကြွေးပစ်ရန် ရည်ရွယ်ထားပုံရ၏။
ရှောင်ရှက မြေပြင်ပေါ်တွင်လဲလျောင်းနေသော ဟူယွဲ့ကို ကြည့်ကာ
ရုတ်တရက် ပြုံးလိုက်သည်။
‘ဟား ငါ့ကို အနိုင်ကျင့်ရဲတယ်ပေါ့။ အခု နင့်အလှည့်ပဲ
ထိုအချိန်၌
အနောက်မြောက်ဘက်ရှိ တောင်တန်းများကြားတွင် ဒုက္ခဇဥ်ဘုရားကျောင်းတွင် ဝဝတုတ်တုတ် ဘုန်းကြီးတစ်ပါးက အမွှေးတိုင်ပူဇော်ပြီး၍ တရားအားထုတ်ရန် ကူရှင်တစ်ခုပေါ်တွင် ထိုင်ကာ တရားထိုင်သည်။
သူ၏တပည့် ဟွေ့နျန်သည် လျို့ဝှက်အင်မော်တယ်စည်းဝေးကြီးတွင် ကွယ်လွန်ပြီးကတည်းက ဝတုတ်ဘုန်းကြီးက ဘုရားကျောင်းတံခါးများကိုပိတ်ကာ လောကီရေးရာများနှင့် မပတ်သက်တော့ပေ။
ဝတုတ်ဘုန်းကြီးက ကျမ်းဂန်ရွတ်ဆိုနေစဉ်။
ရုတ်တရတ် ယခင်က တိတ်ဆိတ်နေသော ခန်းမကြားတွင်၊ ကောင်းကင်ဘုံနတ်ဘုရားမ၏ ရွတ်ဆိုသံများက ချိုမြသော ရနံ့များဖြင့် လေထဲသို့ ပျံ့နှံ့သွားသည်။
ဘုန်းကြီးလည်း အံ့သြလျက် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ ဗုဒ္ဓရုပ်ပွားတော်သည် မျက်လုံးတော်များ ဖြည်းညှင်းစွာပွင့်လာပြီးနောက် ဘုရားစင်ပေါ်မှ ဆင်းလာသည်ကိုမြင်လိုက်ရသည်။
ခြေလှမ်းတိုင်းတွင် ဖြူစင်သော ကြာပန်းတစ်ပွင့်သည် သူ့ခြေရင်းအောက်တွင် ပွင့်လာသည်။
ဝတုတ်ဘုန်းကြီးက ပထမဦးစွာ ကြောင်အနေပြီးမှ ရွှင်မြူးသောအကြည့်ဖြင့် ပျော်ရွှင်စွာကြည့်ကာ ထို့နောက် ရှိုက်ကြီးတငင် ငိုကြွေးလျက် ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေသည်။
“အထက် ကောင်းကင်က နတ်ဘုရား… အရှင့်ရဲ့ တပည့်ကရှိခိုးပါတယ်”
ဗုဒ္ဓဘုရား၏ ရုပ်ပွားတော်က အနီးသို့ ချဉ်းကပ်လာသောအခါတွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့စေးများ တစတစ ကွာကျသွားသည်။ ဝတုတ်ဘုန်းကြီးရှေ့သို့ ရောက်သောအခါ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာဖြင့် ပိန်ပါးပါး ရဟန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းသည်ကား ဒုက္ခဇဥ်ဘုရားကျောင်းကို တည်ထောင်ခဲ့ပြီးနောက် ဗုဒ္ဓနိုင်ငံတော်သို့တက်ရောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့် အရှင်ကုချန်ဖြစ်သည်။ အရှင်ကုချန်က ယပ်တောင်ကဲ့သို့ ကြီးမားသော
လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ဝတုတ်ဘုန်းကြီး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးသည်။
"ဒီနှစ်တွေမှာ မင်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ်”
"သားတော် မပင်ပန်းပါဘူး။ အရှင်ကုချန်ပြန်ကြွတာကို မျက်မြင်တွေ့ရတာက သားတော်ဘဝအတွက် ပြည့်စုံခြင်းပါပဲ” ဘုန်းကြီးက တစ်ချိန်တည်း ရယ်မောကာ ငိုသည်။
အရှင်ကုချန်က အနည်းငယ်ပြုံးလိုက်ပြီးနောက် ယိုယွင်းနေသော ဗိမာန်ကြီးသည် ရုတ်တရက် ရွှေရောင် ထွန်းတောက်ကာ ဘုန်းတန်ခိုးကြီးလျက် အသစ်ပြန်လည် ထွန်းကားလာလေသည်။
"အရမ်းကောင်းတယ်။ ဒီတစ်ခါ ငါကိုယ်တော် ဆင်းသက်လာပြီဆိုတော့ မင်းက ငါ့ကို ကာကွယ်သူဖြစ်ရမယ်”
“ဟုတ်ကဲ့ပါအရှင်”
သူပြန်တုံ့ပြန်လိုက်သည်နှင့် ဝတုတ်ဘုန်းကြီး၏ ဦးခေါင်းထက်တွင် ရွှေရောင်ဖျော့ဖျော့အလင်းရောင်တစ်ခု ပေါ်လာကာ ဂုဏ်သိက္ခာရှိသော ရောင်ဝါက တဖြည်းဖြည်း ပေါ်ထွက်လာသည်။
သို့သော် တစ်ချိန်တည်း၌ပင် သူ့မျက်လုံးများမှ မီးတောက်များ ဆုံးရှုံးသွားကာ အကြည့်များက ဗလာကျင်းသွားသည်။
အခန်း(၅၅၁) အသူရာဆင်းသက်ခြင်း
နိုင်ငံရပ်ခြား
ရှူရာကျွန်း။
အခြားသော လျို့ဝှက်အင်မော်တယ်ဂိုဏ်းများ၏ သီးသန့်ဖြစ်ခြင်းနှင့် နှိုင်းယှဉ်ပါက ရှုရာကျွန်းသည် အမှန်တကယ် ချမ်းသာသည်ဟု ယူဆနိုင်ပါသည်။
ယခုအချိန်တွင် ကျွန်း၏အလယ်ဗဟိုရှိ မြေအောက်နန်းတော်အတွင်း၌
ရှူရာကျွန်း၏ ကျွန်းသခင်သည် သတ်ဖြတ်ရေးသမားသည် အလွန်ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားရုပ်တုရှေ့တွင် ရိုသေစွာ ဒူးထောက်ကာ စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောနေသည်။
"အရှင်မင်းကြီး တောင်းဆိုထားသမျှကို ပြင်ဆင်ပြီးပါပြီ"
ထို့နောက် အတိုင်းအဆမဲ့ လွှမ်းမိုးနိုင်သည့် အသံတစ်ခုက ရုပ်တုမှထွက်ပေါ်လာသည်။
“ကောင်းပြီ သူတို့ကို ရှေ့ကိုယူလာခဲ့”
သတ်ဖြတ်သူက နောက်လိုက်များကို အကြည့်တစ်ချက်ဖြင့် အချက်ပြပြီးနောက် ၎င်းတို့က ထမ်းစင်ကို အလျင်အမြန်သယ်လာကြသည်။ ထမ်းစင်ပေါ်ရှိ အဖြူရောင်အဝတ်စကို လှန်လိုက်သောအခါတွင် အသွေးအသားများရောထွေးနေသည့်အရာတစ်ခု ထွက်ပေါ်လာသည်။
သုတ်သင်သူက အေးဆေးစွာပြောလိုက်သည်။
“အရှင်မင်းကြီး၊ ဒီလူက အရှင့်အမိန့်တော်အတိုင်း ဖမ်းမိတဲ့ သိုင်းသမားပါ။ အဆုံးမဲ့ နာကြည်းမှုအပြည့်ကို ခံစားရပြီး သေတဲ့အထိ ညှင်းပန်းနှိပ်စက်ထားပါတယ်”
ရုပ်တုက အေးစက်စွာ နှာခေါင်းရှုတ်လိုက်သည်။
“အရမ်းအားနည်းနေသေးတယ်”
သုတ်သင်သူ၏ မျက်နှာက အရောင်ဖျော့သွားကာ အလျင်အမြန် ကြမ်းပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။
“အရှင်မင်းကြီး ဒေါသကို ထိန်းပါ။ ဒါက ကျွန်တော်မျိုးရဲ့နောက်လိုက် ဆယ့်နှစ်ယောက်ကျော် ဆုံးရှုံးပြီးမှ ဖမ်းနိုင်ခဲ့တဲ့ သိုင်းပညာရှင်ပါ”
“လုံလောက်ပြီ။ ဒီ စုတ်ပြတ်နေတဲ့ ကမ္ဘာမှာ အရည်အသွေးမြင့်တဲ့ ဘယ်အရာကိုမှ မင်းရှာနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ သူ့ကိုပဲထားလိုက်တော့”
ထိုသို့ပြောနေစဥ်၌ ရုပ်တု၏ အထက်မှ အနက်ရောင်မြူခိုးများထွက်ပေါ်လာသည်။
ဤထူထပ်သော မြူခိုးများက အရိုးတစ်လျှောက် အေးစက်သွားစေနိုင်သည့် ရောင်ဝါများထုတ်လွှတ်လျက်ရှိသည်။
ထို့နောက် မြူခိုးများသည် ထမ်းစင်ပေါ်သို့ လွင့်ပျံလာပြီးနောက် အလောင်းကိုလုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။
ခဏအကြာတွင် မြူမျာက ခန္ဓာကိုယ်ထဲသို့ ရေကဲ့သို့ ပျော်ဝင်သွားသည့်အလားထင်ရကာ နောက်ဆုံးတွင် အလောင်းက တုန်ခါလာသည်။
ရုတ်တရက်
အလောင်းက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ထိုမျက်လုံးများက သွေးနီရောင်လွှမ်းခြုံနေရာ အဆုံးမဲ့ သတ်ဖြတ်ရောင်ဝါများနှင့် ရက်စက်ကြမ်းကြုတ်မှုများ အပြည့်ပါရှိနေသည်။
သုတ်သင်သူနှင့် ရှုရာကျွန်းမှ တပည့်များစွာတို့က မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်ကြသည်။
“ရှုရာဘုရင် ဆင်းသက်တာကို ကြိုဆိုပါတယ်”
ရှုရာဘုရင်က လှောင်ရယ်၍ အနီးဆုံးနေရာရှိ နောက်လိုက်တစ်ယောက်ကို ဖမ်းဆုပ်ကာ ထိုကံဆိုးသောပုဂ္ဂိုလ်က အော်ရန်အချိန်ပင်မရလိုက်ဘဲ တစ်ချက်တည်းဖြင့် ခေါင်းတစ်ခုလုံး ကြေမွသွားသည်။ ထို့နောက် ရှုရာဘုရင်က ဦးနှောက်အပိုင်းအစများကို အငမ်းမရစားသောက်တော့၏။
ဤသွေးထွက်သံယို ကြောက်မက်ဖွယ်မြင်ကွင်းသည် ကျွန်း၏ နောက်လိုက်များစွာကို ထိန်းမနိုင်သိမ်းမရနိုင်လောက်အောင် တုန်လှုပ်သွားစေခဲ့သည်။
သုတ်သင်သူကသာလျှင် ယင်းကို မျက်တောင်မခတ်ဘဲကြည့်၍ ခယစွာပြောလိုက်၏။
“ကြီးကျယ်ခမ်းနားတဲ့ အရှင်မင်းကြီးရဲ့ ဘုန်းတန်းခိုးတော်ပဲ”
ဦးနှောက်၏ အပိုင်းအစအနည်းငယ်ကို လောဘကြီးစွာ စားသုံးပြီးနောက် ရှုရာဘုရင်က လျှာသပ်လိုက်သည်။
“ငါ ဒီအရသာကို မမြည်းရတာကြာပြီ။ လွမ်းစရာကောင်းလိုက်တာ”
ဤသို့ပြောနေစဥ်တွင် ရှူရာဘုရင်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများက တဆတ်ဆတ်တုန်ခါလာသည်၊ ပြင်းထန်လှသော သေခြင်းတရားမှ ကျန်ရစ်ခဲ့သော အမာရွတ်များ ချက်ချင်းပျောက်ကွယ်သွားကာ ၎င်း၏မျက်နှာသည်လည်း အလွန် ဆိုးယုတ်သောပုံစံပြောင်းသွားသည်။
“ငါ့နတ်အမည်က ဖေးထျန်ပဲ။ မင်း အခုမှတ်မိပြီလား”
“ဟုတ်ပါတယ်။ မှတ်မိပါပြီ။ လေးစားအပ်တဲ့ သခင်ဖေးထျန်” သုတ်သင်သူက အမြန်ပြန်ဖြေသည်။
"လူတွေကို နေရာတိုင်း ကင်းထောက်ဖို့ လွှတ်လိုက်ပါ။ ဒီကမ္ဘာကြီးမှာ ထူးခြားမှုတစ်ခုခုရှိရင် ငါ့ကို ချက်ချင်း သတင်းပို့ပါ။" လူပုံသဏ္ဍာန်အဖြစ်ပြန်လည်မွေးဖွားလာသော ရှူရာဘုရင်က ဘာသိဘာသာ ပြောလိုက်သည်။
“ဟုတ်”
တစ်ချိန်တည်း၌ပင် ရှူရာကျွန်းတွင်သာမက၊ ရွှေခြင်္သေ့မျှော်စင်နှင့် နဂါးဖြူဂိုဏ်းကဲ့သို့သော လျှို့ဝှက်အင်မော်တယ်ဂိုဏ်းများတွင်လည်း ဘိုးဘေးများက ကမ္ဘာသို့ ဆင်းသက်လာခြင်း သို့မဟုတ် ၎င်းတို့ကိုးကွယ်သော နတ်ဘုရားများ ပေါ်ထွက်လာကြသည်။
ထို့အပြင် ထူးဆန်းသော သတ္တဝါများသည် ကျော်ကြားသော တောင်များနှင့် မြစ်များ သို့မဟုတ် စည်ကားသော ဈေးများတွင် စတင် ပေါ်ပေါက်လာသည်။
ကမ္ဘာကြီးတစ်ခုလုံး တဖြည်းဖြည်း အသက်ဝင်လာသည်။
ထိုအချိန်တွင် လင်းနန်၏ ယွီမိသားစုတွင် အရာအားလုံးက တည်ငြိမ်နေ၏။
တရားဝင် စေ့စပ်ပွဲ အခမ်းအနား စတင်တော့မည်။
သို့သော် ဟူယွဲ့သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်လှဲလျောင်း အိပ်မောကျနေကာ ဟောက်သံများကလည်း ခေါင်မိုးကို လှန်လုနီးနီး ကျယ်လောင်လှသည်။
“ကို သူ့ကို မနေ့က ဘယ်လောက်တောင် သောက်ခိုင်းလိုက်တာလဲ။ သူဘာလို့ အရမ်းမူးနေတာလဲ” အန်းယန်က ကူကယ်ရာမဲ့စွာမေးလိုက်သည်။
“သူက သူ့သဘောနဲ့သူသောက်တာ။ ကို အတင်းတိုက်တာမဟုတ်ဘူး” ရွှယ်အန်းက ပြောလျက် ရယ်မောလိုက်သည်။
“ကျွန်မတို့ အခု ဘာလုပ်ကြမလဲ။ သူ့ကို ဒီမှာ အိပ်ခိုင်းလိုက်မှာလား”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ကို သူ့ကို နှိုးလိုက်မယ်”
"အသုံးမဝင်ပါဘူး ရှောင်ရှက သူ့ကို ရိုက်သတ်လုနီးနီးဖြစ်နေပြီ။ အခုထိ မနိုးသေးဘူး”
“အဲ့တာက မင်း မှန်ကန်တဲ့ နည်းကို မသုံးလို့လေ”
ဤသို့ပြော၍ ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အော်လိုက်သည်။
“ဝါး … လှလိုက်တဲ့ နတ်ဆိုးမလေး”
ကျယ်လောင်စွာ ဟောက်နေသော ဟူယွဲ့က မျက်လုံးများကို ချက်ချင်းဖွင့်၍ ဆိုဖာပေါ်မှ ခုန်ချလိုက်သည်။
"ဘယ်မှာလဲ၊ ဘယ်မှာလဲ"
"စိတ်မကောင်းပါဘူး အခုပဲ အဝေးကို ပျံသွားပြီ"
ဟူယွဲ့က အံကြိတ်လျက် နှဖူးထက်တွင် အနက်ရောင်အရေးအကြောင်းများပင် ပေါ်လာသည်။
“ရွှယ်အန်း မင်းငါ့ကို ထပ်ပြီး ကစားနေပြန်ပြီမဟုတ်လား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“မင်းမှန်းကြည့်လေ”
ဟူယွဲ့… “…”
"လုံလောက်ပြီ နှစ်ယောက်စလုံး ကလေးလို ရန်ဖြစ်နေကြတာ ရပ်လိုက်ပါ၊ ကျွန်မတို့ အခမ်းအနားသွားတက်ကြမယ်” အန်းယန်က ရယ်မော၍ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
ဟူယွဲ့က ရွှယ်အန်းနှင့် သဘောမတူလှသော်လည်း သူက အန်းယန်ကို လေးစားသောကြောင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ခယ်မလေး”
ထိုအချိန်၌ ရှန်းရှန်းနှင့် နျန်နျန်တို့က အဝတ်အစားများလဲ၍ အောက်ထပ်သို့ ဆင်းလာကြသည်။
“မေမေ ဘယ်တော့ သွားကြမလဲ” နျန်နျန်က မျက်တောင်မှိတ်ပြကာ မေးလိုက်သည်။
“ခဏစောင့် ခဏနေရင် မေမေတို့ သွားကြမယ်” အန်းယန်က ပြုံး၍ပြောလိုက်သည်။
သို့သော် ဟူယွဲ့က ကလေးနှစ်ယောက်ကို စိုက်ကြည့်နေပြီးမှ ခဏအကြာတွင် မနာလိုစိတ်ဖြင့်ပြောလိုက်သည်။
“ရွှယ်အန်း ဒီနှစ်ယောက်လုံးက မင်းသမီးတွေလား”
“ဒါပေါ့”
“ဘုရားရေ အရမ်းချစ်ဖို့ကောင်းတာပဲ”
ဟူယွဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မျက်လုံးများတောက်ပလျက် တောက်ပစွာပြုံး၍ပြောလိုက်သည်။
“အလှလေးနှစ်ယောက် သမီးတို့ နာမည်က ဘယ်လိုခေါ်လဲ” ဟူယွဲ့၏ မျက်လုံးများတောက်ပလာသည်။
ရှန်းရှန်းနှင့် နျန်နျန်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက် ပြို်ငတူအော်လိုက်ကြသည်။
“အန်တီ သမီးနာမည်က ရွှယ်ရှန်း (ရွှယ်နျန်)”
ဟူယွဲ့၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။
အန်…အန်တီ။
ဤမြင်ကွင်းက လူတိုင်းကို မိမိတို့၏ ရယ်မောချင်စိတ်ကို ထိန်းထားရန် ကြိုးစားစေခဲ့သည်။
ဣန္ဒြေစောင့်ထိန်းရန် ရုန်းကန်လျက် အန်းယန်က ကလေးနှစ်ယောက်ကို မေးလိုက်၏။
“သမီးတို့က ဘာလို့… အန်တီလို့ခေါ်တာတလဲ”
ရှန်းရှန်းနှင့် နျန်နျန်က ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
“တောင်းပန်ပါတယ်။ သမီးတို့ အန်တီလို့ မခေါ်ခဲ့သင့်ပါဘူး”
ဟူယွဲ့၏ မျက်နှာက အနည်းငယ်ပြေလျော့သွားသော်လည်း နောက်တွင် ကောင်မလေးများ ပြောသည့်စကားက သူ့ကို လုံးဝ ရူးသွပ်သွားစေသည်။
"အရမ်းလှတာဆိုတော့ … သမီးတို့ မမလို့ ခေါ်ရမှာပေါ့"
အန်းယန်က မထိန်းနိုင်တော့ဘဲ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။
ရွှယ်အန်းလည်း ရယ်လိုက်သည်။
ဟူယွဲ့၏ အမူအရာက အလွန်တရာ အဆင်မပြေဖြစ်လာသည်။
“အင်း….အလှလေးတို့ မှားနေပြီ။ ဒီက ဦးဦးက ယောက်ျားလေးပဲ။ ဘာလို့ မမလို့ခေါ်တာလဲ”
“ယောက်ျားလေးလား” ကလေးနှစ်ယောက်က မျက်လုံးပြးကျယ်လျက် အော်လိုက်သည်။
“မှန်တယ်” ဟူယွဲ့က လက်မောင်းများကို ဂုဏ်ယူစွာဖြင့် ထုတ်ပြလိုက်သည်။
“ပြီးတော့… အရမ်းသန်မာတဲ့ ယောက်ျားလေးပဲ”
ရှန်းရှန်းနှင့် နျန်နျန်တို့က တအံ့တသြကြည့်လိုက်ကြသည်။
“ဝိုး၊ အံ့သြစရာကြီး”
မိန်းကလေးများ၏ အထင်ကြီးဖွယ်အကြည့်များကို ခံယူ၍ ဟူယွဲ့က ဂုဏ်ယူဝံ့ကြွားစွာ ရင်ကို ကော့ထားလျက် သူ၏ ခွန်အားကို ပြသရန် ကာယဗလ လေ့ကျင့်ခန်းအနည်းငယ်ကို ပြုလုပ်ရန် မတ်တပ်ထရပ်လိုက်သည်။
သို့သော် ခဏအကြာတွင် ရွှယ်ရှန်းက ပြောလိုက်၏။
“ဦးလေး… ဦးလေးက တော်တော် လှတာဆိုတော့… ကောင်မလေး ဖြစ်သင့်တယ်”
ရွှယ်ရှန်း၏ စကားက ဟူယွဲ့၏ မာနကို ချက်ချင်း ကွဲကြေသွားစေခဲ့သည်။
ယင်းဖြင့်မလုံလောက်သဖြင့် ရွှယ်နျန်က နောက်ထပ် ထိုးနှက်ချက်တစ်ခု ထပ်ဖြည့်လိုက်သည်။
“မမ ဦးလေးက တကယ် မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုတာ သိသာတယ်။ သူလုပ်တဲ့ ပိုစ့်တွေကြည့်ရုံနဲ့… အရမ်းလှတာပဲ”
ရုတ်တရက် ဟူယွဲ့ခံစားလိုက်ရသည်မှာ…
‘ဒါက လုံးဝမမရယ်ရဘူး’
အခန်း(၅၅၂) လောင်ထျယ့်၏ သက်တံ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်
ယနေ့သည် လင်နန်အတွက် ရှားရှားပါးပါး ရှင်းလင်းသော နေ့တစ်နေ့ဖြစ်သည်။ စေ့စပ်ပွဲတစ်ခုသာဖြစ်သော်လည်း ယွီမိသားစုက ခမ်းနားထည်ဝါသော အခြေအနေဖြင့် ကျင်းပနေဆဲဖြစ်သည်။ သက်သေခံများအဖြစ် ထောင့်ပေါင်းစုံမှ ဧည့်သည်များကို အထူးဖိတ်ကြားကြသည်။
အရေးအကြီးဆုံး VIP များအဖြစ် ရွှယ်အန်း၏မိသားစုသည် ဒုတိယထပ်ရှိ သီးခြားအခန်းတစ်ခုတွင် ထိုင်နေခဲ့သည်။
ဟူယွဲ့သည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ ပွဲတော်များကို စိတ်ဝင်တစားကြည့်လျက် ကြည်နူးစွာဖြင့် ရံဖန်ရံခါ သက်ပြင်းချသည်။
"ဒီကောင်မလေးက တော်တော်ဆွဲဆောင်မှုရှိတယ်"
"အင်း၊ ဒါလည်းမဆိုးဘူး"
နျန်နျန်နှင့် ရှန်းရှန်းဟူသော ကလေးနှစ်ယောက်သည် ဟူယွဲ့၏ စိတ်လှုပ်ရှားစွာပြောဆိုနေသည်ကိုကြားလိုက်ရကာ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
ခဏမျှကြည့်ပြီးနောက် ရှန်းရှန်းက ဟူယွဲ့ကို မော့ကြည့်ကာ ပြောလိုက်သည်။
“ဦးလေး ဒီမိန်းကလေးတွေက ဦးလောက်မလှဘူးဆိုတာ သမီးသတိထားမိတယ်”
နျန်နျန်က ခေါင်းညိတ် သဘောတူလိုက်သည်။
“ငါလည်း ဒီလိုပဲထင်တယ်”
ဟူယွဲ့၏အပြုံးက အေးခဲသွားကာ သူ့မျက်ခွံများအနည်းငယ်လှူပ်ရမ်းသွားသည်။
“နျန်နျန် ရှန်းရှန်း နောင်မှာ ဦးလေးကို လှတယ်လို့မပြောသင့်ဘူး အရမ်းချောတယ်လို့ပြောသင့်တယ်။ နားလည်လား”
ကလေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်၍ ခေါင်းခါလိုက်ကြသည်။
“မေမေက လိမ္မာတဲ့ကလေးတွေက မလိမ်ညာဘူးလို့ ပြောထားတယ်”
ဟူယွဲ့။ ။ “...”
စုံတွဲက စေ့စပ်လက်စွပ်လဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် အခမ်းအနားက စနစ်တကျ စတင်တော့သည်။
ဟိုးအဝေးဆီမှ မိုးကုတ်စက်ဝိုင်းမှ သက်တံ့တစ်စင်း ဖြည်းညှင်းစွာထွက်လာသည်။
ဤမြင်ကွင်းကြောင့် လူအုပ်ကြီးထံမှ အော်သံများထွက်ပေါ်လာသည်။ သို့သော် ဟူယွဲ့က အံ့သြတကြီး မျက်တောင်ခတ်တလိုက်သည်။
“ဒီလောက် ပျော့ညံ့တဲ့ နတ်ဘုရား ဘယ်လိုလုပ်ရှိနိုင်မှာလဲ”
ဟူယွဲ့က သက်တံ့အတွင်းရှိ နတ်ဘုရားရောင်ဝါကိုမြင်နိုင်သော်လည်း ထိုရောင်ဝါက အလွန် အားနည်းနေသည်။ ထိုနတ်ဘုရားက မည်သို့ရှင်သန်နေသည်ကပင် ဟူယွဲ့ကို အံ့သြသွားစေ၏။
“သေဆုံးပြီးတော့ နတ်ဘုရားဖြစ်လာတဲ့ မိန်းကလေးပဲ။ သူက ယွီမိသားစုရဲ့ မျိုးဆက်တွေအများကြီးနဲ့ အဆက်အသွယ်ရှိခဲ့တယ်။ ဒါက ယွီမင်ကို သူပေးခဲ့တဲ့ ဂုဏ်ပြုလက်ဆောင်ပဲဖြစ်ရမယ်” ရွှယ်အန်းကပြတင်းပေါက်ဆီသို့လျှောက်လာကာ ထူးမခြားနားပြောလိုက်သည်။
ဟူယွဲ့၏ မျက်လုံးများ တောက်ပလာသည်။
“မိန်းကလေးလား။ သူကလှလား”
ရှင်းလင်းစွာပင် သူ၏ အာရုံအားလုံးက ဤနေရာသို့ရောက်နေသည်။
ရွှယ်အန်းက ဟူယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
“မင်းလောက်တော့ မလှဘူး”
ဟူယွဲ့သည် ယင်းကို မည်သို့ ပြန်တုံ့ပြန်ရမည်ကို မသိသောကြောင့် တောင့်တင်းစွာဖြင့် မကြားချင်ယောင်ဆောင်ခဲ့သည်။ ထို့နောက် ပြတင်းပေါက်မှခါးကိုင်းကာ အဝေးသို့ လှမ်းအော်လိုက်သည်။
“ဟေး သက်တံ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ”
ဤရုတ်တရက်ပေါက်ကွဲသံကြောင့် အောက်ထပ်ရှိ လူအုပ်ကြီး အံ့အားသင့်သွားကြသည်။
ကောင်းကင်၌ သက်တံသည် ထိတ်လန့်နေပုံဖြင့် အနည်းငယ်တုန်လှုပ်နေပြီးနောက်မှ လျင်မြန်စွာပျောက်ကွယ်သွားသည်။
ဟူယွဲ့က ခန္ဓာကိုယ်ကို ပြန်ထုတ်ကာ ရယ်မောလိုက်၏။
“တော်တော်ရှက်တတ်တာပဲ”
ရွှယ်အန်းက နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်.
"ဒါတွေအားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ"
ဟူယွဲ့က ဂုဏ်ယူစွာ ပြုံးလိုက်၏။
"စမတ်ဖုန်းတစ်ခုကလေ။ စမတ်ဖုန်းတွေက ဒီကမ္ဘာမှာ စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေလို့ ငါထင်တယ်”
သူဤသို့ပြောနေစဥ် ဟူယွဲ့က စမတ်ဖုန်းတစ်လုံးကိုထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်သည့် အက်ပ်ကို ကျွမ်းကျင်စွာဖွင့်၍ စိတ်လှုပ်ရှားစွာ ပွတ်လိုက်သည်။
“ကြည့်စမ်း ဒီမှာ မိန်းမတွေဘယ်လောက်တောင်လှလဲ။ အထူးသဖြင့် ဒီမင်းသမီးလေး။..သူက ငါ့အကြိုက်ပဲ။ အရမ်းတော်တယ်။ သူ့မျက်နှာကိုဖုံးထားပေမယ့် လှကိုလှမယ်ထင်တယ်”
ထိုသို့ဖြင့် သူက တိုက်ရိုက်ထုတ်လွှင့်မှုကိုနှိပ်လိုက်သည်။
ထိုအချိန်တွင် မင်းသမီးလေးက အခြားတစ်ယောက်နှင့် ဖုန်းပြောနေစဥ် ဟူယွဲ့က ရွှယ်အန်းကြည့်ရန်အတွက် ဖုန်းကို ကိုင်ထားပြသည်။
“ဒါကိုနားထောင်ကြည့်… သူ့အသံ အရမ်း မသာယာဘူးလား”
ရွှယ်အန်းက စမတ်ဖုန်းစက်ခရင်ကိုကြည့်လိုက်ပြီးနောက် အမူအရာက ထူးဆန်းသွားသည်။
“မင်းပြောတဲ့ အရမ်းချောတဲ့ မိန်းကလေးဆိုတာ သေချာရဲ့လား”
ဟူယွဲ့ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်လေ။ ငါ သူ့ကို ပိုက်ဆံအများကြီးပေးလိုက်သေးတယ်”
ရွှယ်အန်းက ဆက်မကြည့်နိုင်တော့ဘဲ ခေါင်းလှည့်လိုက်သည်။
“ငါမင်းနဲ့ သိတယ်လို့ လူတွေကိုလျှောက်မပြောနဲ့”
ထိုသို့ဖြင့် သူက လှည့်ထွက်သွားသည်။
ဟူယွဲ့က အနည်းငယ် စိတ်ရှုပ်သွား၏။
“ပြဿနာရှိလို့လား။ ဒီအလှလေးကဘာဖြစ်လို့လဲ။ ထူးဆန်းလိုက်တာ”
သူစကားပြောနေစဉ်တွင် ဖန်သားပြင်ကိုကြည့်ရန် ခေါင်းပြန်ငုံ့လိုက်သည်။
ထို့နောက် အေးခဲသွားသည်။
သူဆုပေးခဲ့သည့် မျက်နှာကို ဖုံးအုပ်ထားသော အမျိုးသမီး၏ ဗီဒီယိုက တစ်ခုခုမှားယွင်းကာ သူမ၏ အသွင်အပြင် အစစ်အမှန်ပေါ်ထွက်လာသည်။ ထို့အပြင် ဤစစ်မှန်သော ပုံသဏ္ဍာန်က အဖွားအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေ၏။
သူမ၏ မျက်နှာဖုံးအုပ်သည့် ဆော့ဖ်ဝဲ တစ်စုံတစ်ခု ချို့ယွင်းသွားသည်ကို မသိသော ဤ’အဖွား’က ချစ်စဖွယ်ဟန်ဆောင်နေသည်ကို ကြည့်လျက် ဟူယွဲ့၏ အသားအရောင်က အစိမ်းရောင်မှ ဖြူဖျော့သွားကာ ဖုန်းကိုင်ထားသည့် သူ့လက်က အဆက်မပြတ်တုန်ယင်လာသည်။
"ဦးလေး၊ ဘာဖြစ်နေတာလဲ" ရှန်းရှန်း က မည်သည့်နေရာကမှန်းမသိ ထွက်လာကာ မေးလိုက်သည်။
“အင်းလေ ဦးလေး ဘာလို့လဲ။ နေမကောင်းလို့လား” နျန်နျန်ကလည်းမေးသည်။။
“ဦး နေကောင်းပါတယ်.. နည်းနည်းပင်ပန်းသွားလို့” ဟူယွဲ့က အနည်းငယ် ဝမ်းနည်းစွာပြောလိုက်သည်။
ရှန်းရှန်းက ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ ဖုန်းကိုကြည့်လိုက်သည်။
“အာ… ဦးလေး… အဘွားနဲ့ စကားပြောနေတာလား”
ထိုစကားကြောင့် ဟူယွဲ့က တုန်လှုပ်သွားကာ ပြတင်းပေါက်မှတစ်ဆင့် ဖုန်းကို ပစ်ချလိုက်သည်။
"မဟုတ်ဘူး၊ ဦးက ဘာလို့ တစ်ယောက်ယောက်နဲ့စကားပြောနေရမှာလဲ။ ဟီးဟီးဟီးဟီးဟီး” ဟူယွဲ့က အကြိမ်အနည်းငယ် စိုးရိမ်စွာရယ်လိုက်သည်။
ဤအဖြစ်အပျက်သည် ဟူယွဲ့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်း သိသာထင်ရှားလှကာ ဆိုဖာပေါ်၌ အနည်းဆုံး ငါးမိနစ်ခန့် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သူ၏ တပည့်ဖြစ်သူ ရှီရွှယ်ချင်းရောက်ရှိလာသောအခါမှသာ သူက မေးလိုက်သည်။
“တပည့်ကောင်းလေး။ ဒီလောကရဲ့ ‘အလှအပ filter’ဆိုတာမျိုး တစ်ခုခုရှိလား”
ရှီရွှယ်ချင်းက မေးခွန်းကြောင့် အံ့သြသွားပြီးနောက် ပြောလိုက်သည်။
“ဟုတ် သခင် ဘိုးဘေး… ဘာလို့လဲ”
ဟူယွဲ့က ခေါင်းခါလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီ 'အလှအပ filter'တွေက ငါတို့ မြေခွေးမျိုးနွယ်စုရဲ့ ပုံရိပ်ပညာထက် ပိုပြီး အစွမ်းထက်တဲ့ပုံပဲ”
သို့သော် ဟူယွဲ့၏ ခံနိုင်ရည်အားက သိသိသာသာ အားကောင်းပုံရကာ မကြာမီတွင် ပုံမှန်ပြန်ဖြစ်လာ၏။
သူ့ရှေ့တွင် ‘အဖွား’ ဆိုသည့် စကားတစ်လုံးကို တစ်ယောက်ယောက်က ပြောသည့်အခါတိုင်း သူကလှည့်ထွက်သွားသည်။ ခဏအကြာတွင် ဟင်းပွဲများက ရေကဲ့ သို့ စီးကျလာသည်။
အားလုံးစားနေကြစဥ် ယွီမင်နှင့် ယွမ်ယွင်ရှင်းတို့သည် အရက်တစ်ခွက် ချီးမြှောက်လျက် ကျေးဇူးတင်ကြောင်းပြောရန် လာရောက်ခဲ့ကြသ်ည။
ရူယန်က ဝိုင်ပုလင်းကို ကိုင်ကာ နောက်မှ လိုက်လာခဲ့သည်။
"သခင်၊ ဒီမှာရှိနေတာက ကျုပ်တို့အတွက် ဂုဏ်ယူစရာပဲ။ ယွမ်ယွင်ရှင်းနဲ့ ငါ ဒီဖန်ခွက်ကို ချီးမြှောက်ချင်တယ်”
ယွီမင်နှင့် ယွမ်ယွင်ရှင်းတို့က တစ်ကြိုက်တည်း မော့ချလိုက်သည်။
ရွှယ်အန်းက အနည်းငယ် ပြုံးကာ တစ်ချက်တည်း သောက်ချလိုက်သည်။
ထို့နောက် ယွီမင်ကထပ်ထည့်ပေးရန် ညီမဖြစ်သူ ယွီယန်ကို ရှေ့တိုးလာရန် လက်ပြလိုက်သည်။
အတွေးထဲမျောနေသော ယွီယန်က အစ်ကိုဖြစ်သူ၏ အကြည့်ကို မြင်လိုက်ရသောအခါ လက်တွေ့ဘဝသို့ ပြန်ရောက်သွားကာ အမြန် ဝိုင်ငှဲ့ပေးလိုက်သည်။
သို့သော် သူမလက်က အနည်းငယ်တုန်ခါနေသည်။
ဟူယွဲ့သည် ဤမြင်ကွင်းကိုမြင်ပြီးနောက် ရွှယ်အန်းကို အဓိပ္ပါယ်ရှိရှိကြည့်ကာ လေးနက်စွာ ပြုံးလိုက်သည်။
ယွီယန်ကို ပထမဆုံးမြင်တွေ့လိုက်ရသည့် အချိန်ကတည်းက ဤကလေး၏ အကြည့်များတွင် လေးနက်သော ခံစားချက်များပါဝင်နေသည်ကို သတိထားမိသည်။
‘ဆိုတော့ ဒါရွှယ်အန်းကြောင့်ပဲ’
‘ဒါဆိုရင်တော့ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ’
မြင်သည့်အတိုင်း ညီမဖြစ်သူ ဟူယင်းသည် မြေခွေးနယ်မြေ၌ ထောင်စုနှစ်တစ်ခုအတွင်းမှာ တစ်ကြိမ်သာ ပေါ်ထွက်ခဲ့သည် အလှတရားတစ်ခုအဖြစ် တစ်ချိန်က အမွှမ်းတင်ခံခဲ့ရသည်။
ထိုသို့သောအရည်အချင်းများနှင့်ပင် ရွှယ်အန်းသည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် အဆုံးတွင် ဟူယင်းက အိမ်မှထွက်ပြေးခဲ့ရာ သူမ မည်သည့်နေရာ၌ ရှိနေသည်ကိုပင် ယနေ့တိုင် မသိရသေးပေ။
ဤသည်ကိုတွေးမိသောအခါ ဟူယွဲ့၏ နှလုံးသားက နာကျင်လာသည်။
စေ့စပ်ပွဲအပြီးတွင် ရွှယ်အန်းနှင့်မိသားစုသည် လင်းနန်တွင် တစ်ညတာတည်းခိုပြီးနောက် နောက်တစ်နေ့တွင် ပေကျန်းသို့ ပြန်သွားရန် ပြင်ဆင်ကြသည်။
ဟူယွဲ့နှင့်ပတ်သက်၍မူ…
သူက သဘာဝကျစွာပင် လိုက်လာခဲ့သည်။
အထူးသဖြင့် ရွှယ်အန်းသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်လာခြင်းဖြစ်သောကြောင့် လေယာဥ်မယ်များစွာ လိုက်ပါလာကြောင်းကို သူကြားသောအခါတွင်ဖြစ်သည်။
ဟူယွဲ့သည် ကံကြမ္မာလျို့ဝှက်နယ်မြေကို ရှာဖွေရန်အတွက် ရွှယ်အန်းနောက်သို့လိုက်နေရခြင်းဖြစ်ကြောင်း အထူး လေးနက်စွာပြောသည်။
အခြားသူများက သူ့ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ…. ယင်းကအရေးမကြီးပေ။