အပိုင်း ၃၀၁-၃၀၄
Vol. 16 Ch. 301-304
အပိုင်း ( ၃၀၁ )
ရှန်းနဲ့ကျိုးမင်းဆက်ဆိုတာ အရင်အပတ်ကလား။
ရှေးဟောင်းပစ္စည်းပညာရှင်ကြီးဖြစ်တဲ့ မန်းဒုန်ဟိုင်းက ရှိနေတာကြောင့် ဝမ်ပိုင်မင်းက သဘာဝကျစွာဖြင့် ဝင်မပါတော့ဘဲ ကြွေထည်ပစ္စည်းကို အကဲဖြတ်ရာမှ ဖယ်နေလိုက်သည်။
ဒုတိယပွဲစဉ်၏ရလဒ်ကလည်း အတော်လေးတင်းမာနေသည်။
မန်းဒုန်ဟိုင်းက အကုန်လုံးကိုအကဲဖြတ်ပြီးတဲ့အခါမှသာ အဖြေကိုသိရမှာဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်နှင့် တခြားသူတွေကလည်း နှေးကွေးမနေကြဘဲ တတိယပွဲကိုစတင်လိုက်ကြသည်။
တတိယပွဲစဉ်က ကြေးထည်ဖြစ်သည်။
သူတို့လေးဦးသားက ကြေးထည်တန်းကို တန်းသွားကြသည်။
ကျုံးလင်းအယ်က စိတ်လှုပ်ရှားနေရင်း ကုန်းလန်ရှန်းကို တိုးတိုးလေးမေးလိုက်သည်။
" ရှင့်ရဲ့ဆရာကတောင် သူက ရှေးဟောင်းပစ္စည်းပညာရှင်ကြီးလို့ပြောထားမှတော့ ကျွန်မတို့နိုင်ဖို့အခွင့်အရေးရှိသေးရဲ့လား "
ကုန်းလန်ရှန်းက ဟွန်းခနဲအသံပြုလိုက်သည်။
" အဲ့ကောင်လေးက ကိုယ့်ဆရာကို ဘယ်လိုအကွက်တွေသုံးပြီး လှည့်စားထားလဲမသိဘူး။ သူက ရှေးဟောင်းပစ္စည်းပညာရှင်ပုံစံပေါက်နေလို့လား "
ကျုံးလင်းအယ်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
သူက ဆိုင်တွေအရှေ့မှာ စပ်စုတဲ့အမူအရာနဲ့ရပ်နေပြီး ကြေးပစ္စည်းတွေကို လက်ချောင်းထိပ်နဲ့ ဆက်တိုက်ထိကြည့်နေသည်။
သူ့ပုံစံက ဖရဲသီးဝယ်ဖို့ စမ်းကြည့်နေတာနဲ့တူနေသည်။
ဘယ်လိုလုပ်ပြီး ရှေးဟောင်းပစ္စည်းပညာရှင်နဲ့တူရမှာလဲ။
သူ့ပုံစံက ဖရဲသီးစိုက်တဲ့လယ်သမားလိုဘဲ။
ဒီတစ်ခါမှာတော့ သူမ လုံးဝကို စိတ်သက်သာရာရသွားတော့သည်။
ကုန်းလန်ရှန်းပြောသလိုဖြစ်လိမ့်မည်။
ဒီတစ်ယောက်က ဆရာသခင်ကြီးမန်းကို ဘာမှန်းမသိတဲ့အကွက်တွေနဲ့ လှည့်စားထားတာဖြစ်ရမည်။
အဲ့တာကြောင့် ဆရာကြီးမန်းက သူ့ကို ရှေးဟောင်းပစ္စည်းလောကမှာ ပါရမီပါတဲ့သူလို့ထင်နေပေမဲ့ တကယ်တော့သူက အခွံသာသာဘဲဖြစ်သည်။
ကျုံးလင်းအယ်က လုရှောင်ရကို ချက်ချင်း လှောင်ပြုံးပြုံးပြီး လှမ်းကြည့်လိုက်သည်။
ဒါက နောက်ဆုံးပွဲဖြစ်ပြီး အောင်နိုင်ခြင်းက သူတို့မျက်စိရှေ့မှာတင်ရှိနေသည်။
သို့ပေမဲ့ သူတို့အတော်လေးအခက်တွေ့နေသည်။
ကုန်းရှန်လန်း၏ဆရာက ဆရာကြီးမန်းဒုန်ဟုန်းမှန်း လမ်းတစ်ခုလုံးက သိပြီးကြပြီဖြစ်သည်။
ကုန်းလန်ရှန်းမျက်စိကျသမျှက ရတနာတွေဖြစ်သည်။
ထို့ကြောင့် သူ မျက်စိကျသမျှကို ဆိုင်ပိုင်ရှင်တွေက ဈေးအရမ်းမြှင့်တင်ပြီးရောင်းကြသည်။
တစ်ချို့က ကုန်းလန်ရှန်း သဘောကျတဲ့ပစ္စည်းတွေကို မရောင်းဘဲ သူတို့ဘာသာသိမ်းထားကြတော့သည်။
ထို့ကြောင့် မိနစ် ၂၀ ကျော်ပြီးတဲ့နောက်ထိ ဘာမှရှာမရသေးပေ။
တစ်ဖက်တွင် ယဲ့ဖန်ကတော့ ပုံမှန်မဟုတ်တဲ့အမူအရာတွေလုပ်နေသည်။
ကြေးပစ္စည်းဆိုင်တစ်ဝိုက်တွင် ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးတဲ့နောက် လက်ဖဝါးအရွယ် ကြေးနွားရုပ်ကို ကောက်ယူခဲ့သည်။
သို့သော် လုရှောင်ရကတော့ သိသိသာသာ မကျေမနပ်ဖြစ်နေသည်။
" ဒီကြေးနွားရုပ်ကြီးက ရုပ်ဆိုးလွန်းတယ် မဟုတ်လား။ နောက်ပြီးတော့ လက်ရာကလည်း အရမ်းကြမ်းတယ်။ အတုကြီးဆိုတာ သိသာတယ် "
ယဲ့ဖန်က အဲ့တာကိုကြားတဲ့အခါ မလှောင်ဘဲမနေနိုင်ပေ။
" မဆိုးပါဘူး၊ ဒါကို အတုလို့တောင် ပြောနိုင်နေပြီဆိုတော့ တိုးတက်လာပြီဘဲ "
လုရှောင်ရသည် သူ ပုတ်ခတ်ပြောသည့်စကားကို ကြားပြီး ချက်ချင်း စိတ်ဆိုးသွားတော့သည်။
" ဘာဘဲဖြစ်ဖြစ် ဒါကို မကြိုက်ဘူး "
ယဲ့ဖန်က မျက်လုံးဝေ့လိုက်သည်။
" ဒါက ကြိုက်လား၊ မကြိုက်ဘူးလားဆိုတဲ့ မေးခွန်းမေးနေတာမဟုတ်ဘူး။ ပြိုင်ပွဲမှာ နိုင်သရွေ့ ရပြီမဟုတ်ဘူးလား "
လုရှောင်ရက ချက်ချင်းမေးလိုက်သည်။
" ရှင် ရွေးလိုက်တဲ့ဟာက ပြိုင်ပွဲမှာ အနိုင်ရမယ်ဆိုတာ ရှင်ဘယ်လိုသိလဲ "
ယဲ့ဖန်က ခါးသက်သက်ပြုံးရုံကလွဲပြီး မတတ်နိုင်တော့ပေ။
" စောစောက ဆရာကြီးပြောတာကို မကြားဘူးလား။ ကိုယ်က ရှေးဟောင်းပစ္စည်းဟောင်းပညာရှင်ဆရာကြီးလို့တောင် ပြောနေတာကို မင်းက ကိုယ့်ကို မယုံသေးဘူးလား "
လုရှောင်ရက နှုတ်ခမ်းကို စူလိုက်သည်။
" ဆရာကြီးမန်းကို လှည့်စားဖို့ ရှင်ဘာနည်းလမ်းတွေသုံးထားလဲဆိုတာကို ဘယ်သူသိမှာလဲ။ ဒီနေ့ ရှင်လုပ်ပုံရဲ့ ဘယ်နားက ပညာရှင်နဲ့တူလို့လဲ။ ရှင်က ကျွန်မထက်တောင် ဆိုးတယ်ထင်တယ် "
ယဲ့ဖန် ဆွံ့အသွားရသည်။
" ကိုယ့်ကိုယုံပါ။ ဒီကြေးနွားရုပ်ကို ရွေးရင် ကိုယ်တို့သေချာပေါက်အနိုင်ရမှာပါ "
သို့သော် လုရှောင်ရကတော့ မကြားချင်ယောင်ဆောင်ပြီး ဆိုင်ထဲမှ ကြေးအိုးတစ်အိုးကို ကောက်ယူလိုက်သည်။
" ဒီအိုးက တကယ်တန်ဖိုးကြီးတဲ့ဟာလို့ ကျွန်မ ထင်တယ် "
ဆိုင်ပိုင်ရှင်က ချက်ချင်း လက်မထောင်ပြသည်။
" မမလေးက အမြင်ကောင်းတာဘဲ။ ဒီအိုးက ရှန်းနဲ့ကျိုး မင်းဆက်တုန်းက ကြေးအိုးပါ။ ယွမ် ၁သိန်းဘဲ ကျသင့်ပါတယ် "
ယဲ့ဖန်က သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
" ရှန်းနဲ့ကျိုးမင်းဆက်ဆိုတာ အရင်အပတ်ကမှလုပ်ထားတာလို့ပြောတာလား။ ယွမ် ၁သိန်းတောင်းရဲတဲ့သတ္တိရှိတယ်လား ခင်ဗျားက။ ဒါက ယွမ် ၁၀၀ တောင်မတန်ဘူး "
ဆိုင်ပိုင်ရှင်က သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
" ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူးထင်တယ်။ ဒီကြေးထည်က
ရဲ့ ပုံသဏ္ဍာန်၊ ပစ္စည်းနဲ့ ကြေးသံချေးတွေကို ကြည့်လိုက်။ သေချာတာကတော့ ဒါက ပစ္စည်းဟောင်းဆိုတာဘဲ "
ယဲ့ဖန်က ဟက်ခနဲအသံပြုလိုက်သည်။
" ခင်ဗျားက ကျွန်တော့်ဉာဏ်ရည်ကို စော်ကားနေတာလား။ တကယ်လို့ ဒါကသာ တကယ်ဘဲ ရှန်းနဲ့ကျိုးမင်းဆက်ကသာဆိုရင် ခင်ဗျားက ၁သိန်းနဲ့ရောင်းနေပါ့မလား။ အနည်းဆုံးတော့ ၁၀သန်းလောက်ဖြစ်ရမှာ မဟုတ်လား "
လုရှောင်က ရုတ်တရက်ဖြတ်ပြောလိုက်သည်။
" သူဌေး၊ သူ့စကားကို နားမထောင်နဲ့။ သူက အပျော်တမ်းသမားအဆင့်ဘဲ။ ဒီကြေးအိုးကို ကျွန်မ လိုချင်တယ် "
ယဲ့ဖန်က မျက်မှောင်ကြုတ်လိုက်သည်။
" ဒီအိုးက ခေတ်သစ်အိုးဘဲ။ မင်းဘာလို့ နားမထောင်တာလဲ "
လုရှောင်ရက သူ့ကို စိုက်ကြည့်လိုက်သည်။
" ကျွန်မ ကျေနပ်တယ်လေ "
ယဲ့ဖန် လုံးဝကို အကူအညီမဲ့သွားတော့သည်။
" ကောင်းပြီ၊ ဒီအိုးကို ဝယ်မယ်ဆိုရင် ကိုယ် ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် ဘေးကင်းဖို့အတွက် ဒီကြေးနွားရုပ်ကိုပါဝယ်တာ ပိုကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ယွမ် ၂၀၀၀ လောက်ပဲရှိတော့ ဆုံးရှုံးစရာတော့ မရှိပါဘူး "
လုရှောင်ရက ကြေးနွားရုပ်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
" ကျွန်မ မလိုချင်ဘူး။ ဝယ်ချင်ရင် ရှင့်ပိုက်ဆံနဲ့ ဝယ်လို့ရတယ် "
ထို့နောက် သူမက ပိုက်ဆံပေးပြီ ကြေးအိုးကို ပွေ့ပိုက်ကာ ထွက်သွားခဲ့သည်။
ယဲ့ဖန်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
ကြေးထည်တွေကို စနစ်၏ နက်နဲသောစကန်ဖတ်ခြင်းလုပ်ဆောင်ချက်ကို သုံးကာ စစ်ဆေးခဲ့သည်။
ဒီကြေးနီနွားရုပ်က ရှားပါးရှေးဟောင်းပစ္စည်းတစ်ခုဆိုတာ သေချာသည်။
သို့သော် ထိုမိန်းကလေးကတော့ ရုတ်တရက် တဇွတ်ထိုးလျှောက်လုပ်လေသည်။
ဘာပဲဖြစ်နေနေ သူမက သူ့ကို အထင်သေးနေသည်။
အဲ့ဒီအပြင် အတုကို ဝယ်ဖို့ သူမက ခေါင်းမာနေခဲ့သည်။
ယဲ့ဖန်လည်းမတတ်နိုင်တော့ဘဲ ကြေးနွားရုပ်ကိုဝယ်ဖို့ သူ့ကိုယ်ပိုင်ပိုက်ဆံကို သုံးခဲ့ရသည်။
ကုန်းလန်ရှန်းက ယဲ့ဖန်၏ လှုပ်ရှားမှုတွေကို အာရုံစိုက်နေသည်။
ယဲ့ဖန်တို့ရွေးလို့ပြီးသွားတာကို တွေ့လိုက်ရတာကြောင့် သူ့ရွေးချယ်မှုအတွက် အရှိန်မြှင့်တင်တော့သည်။
နောက်ဆုံးတွင် ဆိုင်ပိုင်ရှင်နှင့် ညှိနှိုင်းပြီးနောက် ....
ကြေးဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ယွမ် ၇၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။
သူ အရှေ့က ပန်းချီကားတွေနဲ့ ကြွေထည်တွေအပြင် ပြိုင်ပွဲစဉ်တစ်လျှောက်လုံး ယွမ် ၁ သန်းအတွင်းသာ သုံးခဲ့သည်။
ဒါပေမယ့် သူက သူ့ဆုံးဖြတ်ချက်နှင့်အကဲဖြတ်မှုကို ယုံကြည်သည်။
ဒီရှေးဟောင်းပစ္စည်းများ၏တန်ဖိုးအမှန်က ယွမ် ၁ သန်းထက်မက များစွာပိုမြင့်နေမည်ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့် ဒီပြိုင်ပွဲကို ယုံကြည်မှုအပြည့်ရှိနေစေသည်။
သူတို့လေးယောက် ပြန်လာပြီးတဲ့နောက် သူတို့ရွေးထားတဲ့ ရှေးဟောင်းပစ္စည်းအားလုံးကို ပေးလိုက်သည်။
မန်းဒုန်ဟိုင်းသည် ရှေ့ကပွဲစဉ်နှစ်ခုလုံးမှ ရှေးဟောင်းပစ္စည်းအားလုံးကို အကဲဖြတ်ခြင်း ပြီးသွားပြီဖြစ်သည်။
သို့သော်လည်း ရလဒ်များကို ကြေညာရန် အလျင်စလို မလုပ်ခဲ့ပေ။
အဲ့ဒီအစား သူ့တပည့်ကုန်းလန်ရှန်းရွေးထားတဲ့ ကြေးထည်ကို ယူကြည့်လိုက်သည်။
ထိုကြေးဗုဒ္ဓရုပ်ပွားတော်သည် ဆယ်စင်တီမီတာခန့် သာမြင့်သည်။
ပန်းပဲလုပ်ငန်းစဉ်ကလည်း အနည်းငယ်ကြမ်းနေသည်။
အကယ်၍ အပြင်လူဖြစ်ခဲ့ပါက သူတို့က ဘာကိုမှ သတိထားမိမှာမဟုတ်ပေ။
ကျုံးလင်းအယ်က မန်းဒုန်ဟိုင်းကို ထိတ်လန့်စွာ ကြည့်နေသည်။
မန်းဒုန်ဟိုင်းသည် ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်နေသည်။
သူ့မျက်နှာတွင် အံ့သြသောအမူအရာတစ်ခုပေါ်လာသည်။
သူက ရေရွတ်လိုက်သည်။
" ကောင်းတာပဲ၊ ကောင်းတယ် ....... "
အပိုင်း ( ၃၀၂ )
ဒါက တကယ်ဘဲရတနာလား။
" ဒီကြေးဗုဒ္ဓဆင်းတုတော်ကို ဘယ်လိုရွေးခဲ့တာလဲ "
မန်းဒုန်ဟိုင်းက ထိုကြေးဗုဒ္ဓဆင်းတုကို အကြာကြီးကြည့်နေပြီး ရုတ်တရက်ခေါင်းမော့လာကာ သူ့တပည့်ကုန်းလန်ရှန်းကိုကြည့်လိုက်သည်။
သူ့ဆရာက သူ့ကိုစမ်းသပ်နေမှန်း ကုန်းလန်ရှန်းသိသည်။ ထို့ကြောင့် အမြန်ပြန်ဖြေသည်။
" ဒီဆင်းတုတော်ရဲ့ ကိုယ်ထည်ပေါ်မှာ အနီနဲ့အစိမ်းအစက်အပြောက်တွေက တော်တော်လေးထင်ရှားပါတယ်။ အဲ့တာကြောင့် ပစ္စည်းဟောင်းဖြစ်သင့်ပါတယ် ....... "
မန်းဒုန်ဟိုင်းက ပြုံးလိုက်သည်။
" ဒါဆို ဒီဆင်းတုက ဘယ်ကာလကလို့ထင်လဲ "
ကုန်းလန်ရှန်းက ယုံကြည်ချက်ရြှိရှိဖင့်ဖြေသည်။
" ဒီဆင်းတုက မြောက်ပိုင်းဝေမင်းဆက်ခေတ်ကာလက ပစ္စည်းဖြစ်သင့်ပါတယ် "
မန်းဒုန်ဟိုင်းက သူ့တပည့်ရဲ့အဖြေကိုကြားပြီးတဲ့နောက် သူ့မျက်နှာပေါ်ကအပြုံးက ပိုကြီးလာတော့သည်။
" မဆိုးဘူးဘဲ။ မင်းမှာ အမြင်ကောင်းရှိတယ်။ မင်း အခုဆို သင်တန်းဆင်းလို့တောင်ရပြီ "
ကျုံးလင်းအယ်က ပျော်သွားသည်။
" ဒါဆို ဒီဆင်းတုက တကယ်ဘဲ မြောက်ပိုင်းဝေမင်းဆက်ကာလကလား "
မန်းဒုန်ဟိုင်းက ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်။ ဆင်းတုတော်ရဲ့ကြေးသွန်းထားတဲ့ပုံစံအရရယ်၊ ဆင်းတုပေါ်က အနီအစိမ်းအစက်အပြောက်တွေက တကယ်ဘဲ မြောက်ပိုင်းဝေမင်းဆက်က လက်ရာတြွဖေစ်တယ် "
ကျုံးလင်းအယ်က သူမရဲ့စိတ်လှုပ်ရှားကို မနည်းချုပ်တည်းနေရသည်။
" ဒါ .... ဒါဆို ဒီဗုဒ္ဓဆင်းတုတောင်က ဘယ် ..... ဘယ်လောက်လောက်တန်ကြေးရှိလဲ "
မန်းဒုန်ဟိုင်းက တစ်ခဏတွေးတောလိုက်သည်။
" ဒီဆင်းတုက ပစ္စည်းဟောင်းဖြစ်ပြီး ကြေးသွန်းထားတာက နည်းနည်းကြမ်းနေတော့ အရည်အသွေးကောင်းပစ္စည်းလို့တော့ ပြောလို့မရဘူး ....... "
ကျုံးလင်းအယ် နှလုံးပြုတ်ကျသွားသလိုခံစားလိုက်ရသည်။
" ဒါဆို အများကြီးမတန်ဘူးပေါ့၊ ဟုတ်လား "
မန်းဒုန်ဟိုင်းက ခေါင်းခါလိုက်သည်။
" အဲ့တာက ..... ၂သန်းလောက်ဘဲတန်မယ် "
" အဟွတ်၊ အဟွတ်၊ အဟွတ် ....... "
ကျုံးလင်းအယ် သွေးအန်ထွက်မတတ်ဖြစ်သွားရသည်။
ဒီဆရာကြီးက ဟိုလိုဒီလိုလှည့်ပြောနေတာ ရပ်ပေးလို့မရဘူးလား။
အရင်ဆုံး ဒီဆင်းတုက ပစ္စည်းကောင်းလို့ပြောတယ်။
နောက်ကျ ပစ္စည်းကိုယ်ထည်ကကြမ်းတယ်ပြောပြီး အရည်အသွေးမကောင်းဘူးလို့ပြောပြန်တယ်။
အဆုံးမှာကျ ၂သန်းတန်တယ်လို့ဆုံးဖြတ်ပေးပြန်ရော။
သူမစိတ်ခံစားချက်က ရိုလာကိုစတာစီးနေရသလိုဖြစ်နေတော့သည်။
ဒီလိုသာဆို နှလုံးအမောဖောက်လိမ့်မည်။
ဒါပေမဲ့လည်း ထိုလူက ရှေးဟောင်းပစ္စည်းလောကရဲ့ဆရာတစ်ဆူဖြစ်လေသည်။
သူ့လို အဆင့်ရှိတဲ့ပညာရှင်အတွက် ဒီလို ၂သန်းတန်ပစ္စည်းက ဘာမှမဟုတ်တာဖြစ်နိုင်သည်။
ဒါပေမဲ့ သူမအတွက်တော့ အလွန်အရေးကြီးလေသည်။
ကျုံးလင်းအယ်က စိတ်လှုပ်ရှားစွာဖြင့် ကုန်းလန်ရှန်းနဲ့လက်ဖဝါးချင်းရိုက်လိုက်သည်။
သူတို့က ယွမ် ၇သိန်း ၅သောင်း ( ၇၅၀,၀၀၀ ) နဲ့ဝယ်ပြီး ၂သန်း ( ၂,၀၀၀,၀၀၀ )နဲ့ပြန်ရောင်းနိုင်လိုက်သည်။
နှစ်ဆမက အမြတ်ရခဲ့သည်။
လုံးဝကို ကိစ္စကြီးဖြစ်လေသည်။
ဘေးနားကနေ ပွဲကြည့်သူတွေက သူ့ကို ချီးကျူးကြတော့သည်။
" ဆရာကြီးမန်းရဲ့ တပည့်ဆီက မျှော်လင့်ထားတဲ့အတိုင်းဘဲ။ ၇သိန်းခွဲနဲ့ရလိုက်ပြီး ၂သန်းနဲ့တောင် ပြန်ရောင်းနိုင်တာ "
" ဟုတ်တယ်။ ပြီးတော့ သူက အရမ်းလည်းချောသေးတယ်။ သူ့ကို လက်ထပ်နိုင်တဲ့ ဘယ်မိန်းကလေးမဆို အရင်ဘဝက ကုသိုလ်တွေအများကြီးလုပ်ခဲ့လို့ဖြစ်မယ် "
" သူ့လိုလူကိုလက်ထပ်နိုင်မယ်ဆို သူမက သုံးစရာ ပိုက်ဆံမရှိမှာ စိတ်ပူစရာမလိုတော့ဘူး။ ရှေးဟောင်းပစ္စည်းဆိုင်တွေ နည်းနည်းလောက်ပတ်သွားလိုက်တာနဲ့ ပိုက်ဆံတွေအများကြီးရမှာ "
" ပိုက်ဆံဝင်တာမြန်မှာဘဲ။ မိနစ်အနည်းငယ်အတွင်းမှာဘဲ နှစ်ဆရအောင်လုပ်နိုင်တယ်လေ။ ဘဏ်ကို ဓားပြတိုက်တာထက်တောင် မြန်သေးတယ် "
" ကုန်းလူကြီးမင်းကို ဆရာတင်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ ....... "
ထိုလူတွေရဲ့စိတ်လှုပ်ရှားမှုနဲ့ဆန့်ကျင်စွာဘဲ လုရှောင်ရကတော့ မန်းဒုန်ဟိုင်းရဲ့စကားကိုကြားတဲ့အခါ ချက်ချင်းစိတ်ပျက်သွားတော့သည်။
ကျုံးလင်းအယ်က ၇သိန်းခွဲသုံးပြီး ၂သန်းတန်ပစ္စည်းကို ရသွားခဲ့သည်။
သူမမှာ ဘာမျှော်လင့်ချက်ရှိတော့မှာလဲ။
လုရှောင်ရက ယဲ့ဖန်ကို လှည့်ပြီးကြည့်လိုက်သည်။
သို့ပေမဲ့ သူ့အမူအရာက သာမန်သာဖြစ်ပြီး စိတ်လှုပ်ရှားတဲ့အရိပ်အယောင်တစ်စက်ကလေးမှ မရှိပေ။
ဒီတစ်ယောက်မှာ အသိစိတ်ရောရှိသေးရဲ့လားဆိုတာ သူမ တကယ်မပြောနိုင်တော့ပေ။
ဒါမှမဟုတ် သူက နှလုံးသားမရှိတဲ့သူလို့ဘဲပြောရမလား။
သူမ ဒီပြိုင်ပွဲကိုရှုံးနိမ့်ပါက သူမကို ကျုံးလင်းအယ်က လှောင်ပြောင်မည့်အပြင် သူမ ငွေကြေးရှုံးနိမ့်မှုလည်း ရင်ဆိုင်ရပေမည်။
သူက အဲ့တာတွေကို လုံးဝဂရုမစိုက်ဘူးလား။
မန်းဒုန်ဟိုင်းက ဗုဒ္ဓဆင်းတုတော်ကို ဘေးချလိုက်သည်။
ယဲ့ဖန်၏ ကြေးနွားရုပ်ကို သူက ကောက်စစ်တော့မည့်အချိန်မှာဘဲ လုရှောင်ရက သူ့ကို ရုတ်တရက်တားလိုက်သည်။
" ဆရာကြီးမန်း၊ ကျေးဇူးပြုပြီး ကျွန်မရွေးလာတဲ့ ကြေးသွန်းအိုးကို အရင်စစ်ကြည့်ပေးပါ "
ထိုသို့ပြောပြီး သူမက အိုးကို မန်းဒုန်ဟိုင်းရှေ့သို့ ရတနာခင်းပြသလို ပြလိုက်သည်။
မန်းဒုန်ဟိုင်းက တစ်ချက်ကြည့်ရုံသာကြည့်ပြီး လက်ဖြင့်တောင်ထိမကြည့်ပေ။
" ကြည့်စရာတောင်မလိုပါဘူး။ ဒါက ဒီဘက်ခေတ်မှာမှထုတ်ထားတဲ့အတုဘဲ။ ဘယ်လောက်မှမတန်ဘူး "
လုရှောင်ရ ထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဆိုင်ရှင်ကပြောတော့ ဒီအိုးက ရှန်းနဲ့ကျိုးမင်းဆက်ကတဲ့ "
မန်းဒုန်ဟိုင်း ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။
" သူက မင်းကို ဒီအိုးက ကျောက်ခေတ်တုန်းကဆိုရင်ရော မင်းက ယုံမှာလား "
လုရှောင်ရက လက်မလျှော့ချင်သေးပေ။
" အနည်းဆုံးတော့ ကျွန်မကို ခန့်မှန်းဈေးတွက်ပေးပါ "
မန်းဒုန်ဟိုင်းလည်း ရွေးစရာမရှိတာကြောင့် ဈေးကမ်းလှမ်းလိုက်သည်။
" ယွမ် ၂၀၀ "
လုရှောင်ရ လုံးဝကို ကြောင်အ သွားရသည်။
သူမ ဒီအိုးကိုဝယ်ဖို့ ယွမ် ၁သိန်း သုံးခဲ့ရသည်။
ဒါက ယွမ် ၂၀၀ ဘဲတန်တာလား။
ယဲ့ဖန်က မှန်နေမယ်လို့ သူမ မထင်ခဲ့ပေ။
ထိုအတွေးကြောင့် သူမ ယဲ့ဖန်ကို ထပ်လှည့်ကြည့်လိုက်သည်။
ယဲ့ဖန်က မတတ်နိုင်ဘဲ နှုတ်ခမ်းစူလိုက်သည်။
" ဘယ်လောက်မှမတန်ဘူးလို့ ကိုယ်မပြောဘူးလား။ ကိုယ့်ကိုမယုံမှတော့ ကိုယ်လည်း မတတ်နိုင်ခဲ့ဘူးလေ "
လုရှောင်ရ ရှက်လွန်းတဲ့အပြင် ဒေါသလည်းထွက်နေပြီး ဆိုင်ရှင်ကို ချက်ချင်းရန်သွားရှာရန်ပြင်တော့သည်။
ယဲ့ဖန် သူမကို တားလိုက်သည်။
" ရှေးဟောင်းပစ္စည်းလောကရဲ့စည်းအရ ပြန်ပေးလို့မရဘူး။ အမြင်မကောင်းတဲ့ မင်းကိုယ်မင်းဘဲ အပြစ်တင်ရမှာ။ သင်တန်းကြေးပေးလိုက်ရတယ်ဘဲ သဘောထားလိုက်ပါ "
လုရှောင်ရလည်း ဘာမှမတတ်နိုင်တာကြောင့် စူပုတ်ပုတ်နဲ့ဘေးသွားရပ်နေလိုက်သည်။
မန်းဒုန်ဟိုင်းက ယဲ့ဖန်ရွေးလာခဲ့တဲ့ ကြေးနွားရုပ်ကို ကောက်ယူလိုက်သည်။
သူ ထိလိုက်တာနဲ့ သူ့အမူအရာက ချက်ချင်းကို သိသိသာသာပြောင်းသွားတော့သည်။
" ဒါက ....... "
ကုန်းလန်ရှန်း၏အမူအရာလည်း ပြောင်းသွားတော့သည်။
" ဆရာ၊ ဒီပုံစံနဲ့လက်ရာကို ကြည့်ရတာ ကျန်းကောခေတ် ( ၄၇၅ ဘီစီ - ၂၂၁ ဘီစီ )က ပစ္စည်းဖြစ်မယ် "
လူတိုင်းက ထိုစကားကြောင့် လန့်သွားကြတော့သည်။
သူတို့က မန်းဒုန်ဟိုင်းကို လှည့်ကြည့်ကြသည်။
သူ ဘာပြောမလဲဆိုတာကို အားလုံးက သိချင်နေကြသည်။
မန်းဒုန်ဟိုင်းက ဘာတစ်ခွန်းမှမပြောဘဲ မှန်ဘီလူးကိုကောက်ကိုင်ပြီး သေချာစစ်ဆေးနေသည်။
အတော်ကြာတဲ့နောက် မှန်ဘီလူးကို ပြန်ချလိုက်သည်။
သူ့မျက်လုံးထဲမှာ လေးစားခြင်းတွေအပြည့်ရှိနေသည်။
" အမှန်ဘဲ။ ဒီ ကြေးနွားရုပ်က အမှန်ဘဲ ကျန်းကောမင်းဆက်ခေတ်က ဟုတ်တယ် "
" အာ ....... "
သူပြောပြီးတာနဲ့ နေရာမှာရှိနေသူတိုင်းက ဆူညံသွားတော့သည်။
" ဘုရားရေ၊ တကယ်ဘဲ ကျန်းကောမင်းဆက်ခေတ်ကလား။ ဘယ်လောက်တောင်တန်မှာလဲ "
" ဒီလူလေးရဲ့အမြင်က ကုန်းလူကြီးမင်းထက် လျော့နည်းနေလားဆိုတာ တကယ်ဘဲ မပြောနိုင်တော့ဘူး "
" အမှန်ဘဲ။ ကျန်းကောမင်းဆက်ခေတ်က ပစ္စည်းတွေက မြောက်ပိုင်းဝေမင်းဆက်တုန်းကထက် ပိုတန်ဖိုးရှိတယ်၊ မဟုတ်လား "
" အဲ့လိုဆိုမှ ပုံစံထည်က အရမ်းကြမ်းလွန်းတယ်မဟုတ်ဘူးလား။ သေချာသာမပြောရင် နွားရုပ်ဆိုတာတောင် မသိသာဘူး "
" ဘယ်လောက်ဘဲ ကြေးထည်က ကြမ်းနေပါစေ ဝေမင်းဆက်ကထက်ပိုတန်ကြေးကြီးတယ်။ အနည်းဆုံး ၃သန်းတန်တယ်လို့ ငါထင်တယ် "
" ဒီလူငယ်လေးကြည့်ရတာ အသက် ၂၀ လောက်ဘဲရှိသေးတာမလား။ သူ့အမြင်က ဘာလို့ အဲ့လောက်တောင်ကောင်းနေရတာလဲ "
" ဒီနေ့လာရတာ တကယ်တန်တယ်။ ရတနာနှစ်ခုကိုတောင် တစ်ချီတည်းတွေ့ရတာဆိုတော့ "
ဘေးနားကလူတွေရဲ့ဆွေးနွေးနေသံကြောင့် လုရှောင်ရ အရမ်းကိုကြောင်သွားသည်။
ရုပ်ဆိုးလွန်းလို့ သူမ အထင်သေးခဲ့တဲ့ကြေးနွားရုပ်က တကယ်ဘဲ ရတနာဖြစ်နေတာလား။
ယဲ့ဖန်ကို သူမ အထင်မှားခဲ့တာလား။
သူက တကယ်ဘဲ ရှေးဟောင်းပညာရှင်ဆရာကြီးလား။
သူက အတည်ကြီး ကူညီပေးနေတာလား။
သူမ စိတ်ထဲမှာ လုံးဝကို ဗြောင်းဆန်နေတော့သည်။
အပိုင်း ( ၃၀၃ )
ဝက်လိုအကျင့်နဲ့ အသင်းဖော်ကို ကြောက်တယ်
ကျုံးလင်းအယ်ကလည်း တစ်ခဏကြာ နည်းနည်းကြောင်သွားသည်။
ယဲ့ဖန်ရွေးခဲ့တဲ့ ကြေးနွားရုပ်က တကယ်ဘဲ ကျန်းကောခေတ်က ရှေးဟောင်းပစ္စည်းလား။
ဒီလိုသာဆို ....... သူတို့ ဒီတစ်ချီကို ရှုံးနိုင်တာလား။
ထိုအတွေးကြောင့် သူမက မန်းဒုန်ဟိုင်းကို အမြန်လှည့်ကြည့်လိုက်သည်။
" ဆရာကြီးမန်း၊ ဒီကြေးရုပ်က လက်ရှိဈေးကွက်မှာ ဘယ်လောက်နဲ့ရောင်းလို့ရနိုင်လဲ "
မန်းဒုန်ဟိုင်းက တစ်ခဏစဉ်းစားလိုက်သည်။
" ပြောရခက်တယ်။ အနည်းဆုံးခန့်မှန်းဈေးကတော့ ၅သန်းလောက်ရှိမယ်။ ဒါပေမဲ့ လေလံတင်မယ်ဆိုရင်တော့ ဒီထက်မက ပိုရနိုင်လိမ့်မယ် "
ထိုစကားကြားတဲ့အခါ ကျုံးလင်းအယ်ရင်ဘတ်မှတင်းကျပ်လာမှုကို ခံစားလိုက်ရသည်။
ကုန်းလန်ရှန်းယူလာသည့် ဗုဒ္ဓဆင်းတုတော်က ၂သန်းသာတန်သည်။
ဒါပေမဲ့ ယဲ့ဖန်ရွေးခဲ့တဲ့ ကြေးရုပ်က ၅သန်းမကတန်ကြေးရှိနေသည်။
ဒီပွဲစဉ်အတွက် ရလဒ်က ကြေညာပြီးသားဖြစ်သွားသည်။
သူမ ရှုံးခဲ့ရသည်။
လုရှောင်ရကတော့ အံ့ဩရသလို ပျော်လည်းပျော်သွားသည်။
မထင်မှတ်ဘဲ ...... သူမ အထင်သေးခဲ့သည့်ကြေးနွားရုပ်က သူမကို ပထမဆုံးအချီနိုင်အောင် ကူညီပေးနိုင်ခဲ့သည်။
ဒါဟာ ကောင်းကင်ဘုံကပေးတဲ့ ကောင်းချီးတစ်ခုဖြစ်သည်။
သို့သော် သူမ အကြာကြီးမပျော်နိုင်သေးခင်မှာဘဲ ကုန်းလန်ရှန်းက ပြောသည်။
" ဒီကြေးရုပ်က ငါတို့ထက် ပိုတန်ဖိုးကြီးပေမယ့် ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်တွက်လို့ မရဘူး "
လုရှောင်ရ ထိတ်လန့်သွားသည်။
" ဘာလို့လဲ "
ကုန်းလန်ရှန်းသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ မှတ်မိတာသာမှန်ရင် ယဲ့ဖန်က ဒီကြေးနွားရုပ်ကို သူ့ပိုက်ဆံနဲ့ ဝယ်ခဲ့တာဆိုတော့ မင်းရဲ့ဘတ်ဂျက် ၁ သန်းကို သူ မသုံးဘူးမဟုတ်လား "
လုရှောင်ရ စကားမပြောနိုင်ဖြစ်သွားသည်။
သူမ ယဲ့ဖန်ကို ဒေါသထွက်သွားခဲ့တာဖြစ်သည်။
ထို့ကြောင့် သူမက သူ့ကို တမင်တကာ ရန်ရှာခဲ့သည်။
ဒီကြေးနွားရုပ်က ယွမ် ၂,၀၀၀ သာကျပေမယ့် သူမက ပေးချေဖို့ ငြင်းဆိုခဲ့သည်။
ယဲ့ဖန်က သူ့ကိုယ်ပိုင်ငွေနဲ့ ဝယ်လိုက်ရသည်။
အတိအကျပြောရလျှင် ထိုနွားရုပ်ကို ရလဒ်အနေဖြင့် တွက်၍မရချေ။
အကူအညီတောင်းရန် သူမက ဝမ်ပိုင်မင်းကို အမြန်ကြည့်လိုက်သည်။
" ဦးလေးဝမ်ကရော ဘယ်လိုထင်လဲ "
ဝမ်ပိုင်မင်း သက်ပြင်းချလိုက်သည်။
" အင်း၊ ငါတို့က စည်းမျဉ်းတွေကို လိုက်နာရမယ်။ ဒီကြေးနွားရုပ်ကို ယဲ့ဖန်က ကိုယ်တိုင် ဝယ်ခဲ့တာဆိုတော့ သူ့ကိုယ်ပိုင်ပစ္စည်းလို့ပဲ သတ်မှတ်လို့ရမယ်။ ရလဒ်အနေနဲ့ ထည့်တွက်လို့ မရဘူး "
လုရှောင်ရက မကျေမနပ်ဖြစ်သွားသည်။
ဒါပေမဲ့ ဦးလေးဝမ်က ပြောပြီးမှတော့ သူမမှာ ပြောစရာစကားမရှိတော့ချေ။
အဲ့တာကိုတွေးမိပြီး သူမ ရှက်ရှက်နဲ့ ယဲ့ဖန်ရှိရာဆီကို လျှောက်သွားသည်။
" ယဲ့ဖန် ကျွန်မ တောင်းပန်ပါတယ် "
အကယ်၍ သူမသာ ယဲ့ဖန်ပြောတာကို သဘောတူခဲ့လျှင် ဒီအကျော့တွင် သေချာပေါက် အနိုင်ရမည်ဖြစ်သည်။
ယဲ့ဖန်က စိတ်ထဲမထားပေ။
သူ ဘာမှပြန်မပြောဘဲ ခပ်ဖျော့ဖျော့လေးသာ ပြုံးလိုက်သည်။
ဘေးတွင်ရပ်နေသော ကျုံးလင်းအယ်ကတော့ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီဖြစ်သည်။
သူမက ဒီတစ်ချီတွင် ရှုံးနိမ့်လိမ့်မည်ဟု အသေအချာတွေးခဲ့တာဖြစ်သည်။
အဖြစ်အပျက်တွေက ပြောင်းပြန်ဖြစ်လာမည်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။
လုရှောင်ရက ဒီလောက်မိုက်မဲတဲ့ အမှားကို လုပ်ခဲ့သည်။
သူမသည် ဘာမှသုံးစားမရတဲ့ အောင်ပွဲကိုသာ ရရှိလိုက်သည်။
ဒါကို စဉ်းစားရင်း ကျုံးလင်းအယ်က လုရှောင်ရဆီကို ချက်ချင်းပြေးသွားပြီး အပြုံးမပျက်ပြောသည်။
" ညီမလေးရှောင်ရ၊ ကျေးဇူးအများကြီးတင်တယ်နော် ဟားဟားဟား .... "
လုရှောင်ရသည် သူမဘယ်လောက် ခေါင်းမာခဲ့လဲဆိုတာကို သိလိုက်ရသည်။
သူမ စိတ်ဓာတ်ကျသွားတော့သည်။
သို့သော် သူမ ဘယ်သူ့ကို သွားအပြစ်တင်နိုင်မှာလဲ။
သူမကိုယ်သူမသာ အပြစ်တင်ရမှာဖြစ်သည်။
ယဲ့ဖန်ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကို ဘယ်သူက အတင်းငြင်းခိုင်းနေလို့လဲ။
အခုတော့ သူမ ခါးသီးမှုကိုသာ မျိုသိပ်ထားရတော့သည်။
ဝမ်ပိုင်မင်းသည် နှစ်ဖက်စလုံးမှ ကန့်ကွက်ခြင်းမရှိသည်ကိုမြင်သောကြောင့် ပြိုင်ပွဲရလဒ်ကို ချက်ချင်းကြေညာခဲ့သည်။
" ကြေးပစ္စည်းပြိုင်ပွဲအတွက်ကျုံးလင်းအယ်နဲ့ ကုန်းလန်ရှန်းတို့က အနိုင်ရရှိပါတယ် "
ကျုံးလင်းအယ်နှင့် ကုန်းလန်ရှန်းတို့က အောင်ပွဲခံရန် ချက်ချင်း လက်ဖဝါးချင်းရိုက်လိုက်ကြတော့သည်။
ကြည့်ရှုသူများကလည်း မတတ်နိုင်ဘဲ အတွန့်တက်ကြသည်။
" သနားစရာပဲ။ ဒီညီငယ်လေးယဲ့က ကျန်းကောခေတ်က ရှေးဟောင်းကြေးပစ္စည်းကို ယွမ် ၂၀၀၀ တည်းနဲ့ ဝယ်နိုင်ခဲ့ပြီးတော့ ယွမ် ၅ သန်းအထိတောင် တန်ဖိုးရသွားတာလေ။ အဲ့တာကိုတောင် သူက တကယ်ကြီးရှုံးသွားတာလား "
" ဟူး၊ ငါ နတ်ဘုရားလိုအားကောင်းတဲ့ပြိုင်ဘက်တွေကို မကြောက်ပေမယ့် ဝက်နဲ့တူတဲ့အသင်းဖော်တွေကိုတော့ ငါကြောက်တယ်။ သူက သူ့ပြိုင်ဘက်ကို ရှုံးသွားတာမဟုတ်ပေမယ့် သူ့အသင်းဖော်ကြောင့် ရှုံးတာလေ "
" အောင်ပွဲကို သူတို့လက်ထဲကနေ လွတ်ထွက်သွားတာလေ "
" ငါသာ ဒီညီငယ်လေးယဲ့ဖြစ်ခဲ့မယ်ဆိုရင် ငါ စိတ်ဓာတ်ကျလွန်းလို့ သွေးအန်ထွက်လောက်မှာ သေချာတယ် "
" ................. "
လုရှောင်ရသည် လူတိုင်း၏လှောင်ပြောင်သံကိုကြားသောအခါ သူမ ပို၍ပင်ရှက်လာတော့သည်။
ပုန်းဖို့ အပေါက်သာရှာနေချင်တော့သည်။
ဒီပွဲက မရှုံးသင့်တဲ့ပွဲဖြစ်သည်။
သူမ၏ ခေါင်းမာမှုကြောင့် ကြိုးစားတွေက အချည်းနှီးဖြစ်သွားရသည်။
သူမက ယဲ့ဖန်ကို ဆွဲချခဲ့သူဖြစ်သည်။
အပြစ်စိတ်က သူမနှလုံးသားထဲတွင် ပျံ့နှံ့ပြီးစိမ့်ဝင်နေခဲ့သည်။
ထိုစိတ်က သူမကို အလွန်နာကျင်ခံစားရစေသည်။
ထိုအချိန်မှာဘဲ သန်မာတဲ့လက်တစ်ဖက်က သူမပုခုံးပေါ်ကို ရုတ်တရက် ဖိချလိုက်သည်။
သူမ လှည့်ကြည့်လိုက်တဲ့အခါ ယဲ့ဖန်က ယုံကြည်မှုအပြည့်နဲ့ ပြုံးနေတာတွေ့လိုက်ရသည်။
" ဒါက အသေးအမွှားကိစ္စပါပဲ။ အဲ့တာကို အရမ်းကြီးစိတ်ပူမနေပါနဲ့ "
သူမ ဘာကြောင့်မှန်း မသိပေမဲ့ ထိုအခိုက်အတန့်တွင် သူ့အပြုံးက သူမအတွက်တော့ ဆေးတစ်ခွက်လိုဖြစ်ခဲ့သည်။
လုရှောင်ရ၏ နာကျင်နေသောနှလုံးသားက ရုတ်တရက် ငြိမ်သက်သွားတော့သည်။
" ကျေးဇူးတင်ပါတယ် "
ကျုံးလင်းအယ်နှင့် ကုန်းလန်ရှန်းတို့က ပထမအချီမှာ အနိုင်ရသွားခဲ့သည်။
ထို့ကြောင့် ချက်ချင်း စိတ်အေးလက်အေးဖြစ်သွားကြတော့သည်။
ပြိုင်ပွဲတွင် အနိုင်ရသူကို နောက်ဆုံးရရှိသောကုန်ပစ္စည်း၏ စုစုပေါင်းတန်ဖိုးဖြင့် ဆုံးဖြတ်မှာကြောင့်ဖြစ်သည်။
သူတို့က ၂ သန်းလောက် ရှေ့ကို ကြိုရောက်နေပြီဖြစ်ပြီး နောက်ပိုင်း အရမ်းကြီးမရှုံးရင် အောင်နိုင်မှာဖြစ်သည်။
အဲ့တာကိုတွေးပြီး သူတို့နှစ်ယောက်က မန်းဒုန်ဟိုင်းဆီမှ နောက်၂ပွဲရလဒ်ကိုသိရဖို့ စိတ်မရှည်စွာ လှမ်းကြည့်ကြသည်။
မန်းဒုန်ဟိုင်းသည်လည်း လျှို့ဝှက်နေရန် မကြိုးစားခဲ့ပေ။
သူက ကုန်းလန်ရှန်းရွေးထားတဲ့ ရှုခင်းပန်းချီကို ချက်ချင်း ကောက်ယူလိုက်သည်။
" ဆရာကြီးဟုန်ရှန်းရဲ့ ဒီပန်းချီကားကို စစ်မှန်တယ်လို့ အကဲဖြတ်တယ်။ ခန့်မှန်းဈေး ယွမ် ၅၀၀,၀၀၀ ပေးမယ် "
မန်းဒုန်ဟိုင်းပေးတဲ့တန်ဖိုးက ဝမ်ပိုင်မင်းပေးတာနှင့်တူသည်။
ကျုံးလင်းအယ်နှင့် ကုန်းလန်ရှန်းတို့က အဖြေကို သိပြီးပြီဖြစ်သည်။
သို့သော် သူတို့သည် စိတ်လှုပ်ရှားနေသည်ကို မရပ်နိုင်ကြပေ။
သူတို့က ယွမ် ၅၀၀,၀၀၀ တန် ပန်းချီကားတစ်ချပ်အတွက် ယွမ် ၂၀၀,၀၀၀ သုံးစွဲခဲ့သည်။
ဒီရလဒ်က အရမ်းကို အံ့သြစရာဖြစ်နေပြီးဖြစ်သည်။
သို့သော် ....... ထို့နောက်မှာတော့ မန်းဒုန်ဟိုင်းက ယဲ့ဖန်ရွေးထားသော ပန်းချီကားတစ်ချပ်ကို ကောက်ယူလိုက်သည်။
" ဒီစကားလုံးတွေကို အစစ်လို့ အကဲဖြတ်တယ်။ ဒါက လင်းနန်က နာမည်ကြီးလက်ရေးလှရေးဆရာ ဝမ်မူရဲ့လက်ရာဖြစ်တယ်။ ငါ့ပေးမဲ့ တန်ဖိုးက ယွမ် ၁၀၀,၀၀၀ ဘဲ "
ကျုံးလင်းအယ်နှင့် ကုန်းလန်ရှန်းတို့က အစပိုင်းမှာ စိတ်ကြီးဝင်နေကြပေမဲ့ အခုတော့ ချက်ချင်း ထိတ်လန့်သွားကြရတော့သည်။
ယဲ့ဖန်က ပန်းချီကားကို ဖြစ်သလိုရွေးခဲ့တာဆိုပေမဲ့ တကယ်လက်ရာအစစ်တစ်ခုဖြစ်နေတာလား။
ယွမ် ၁၀၀,၀၀၀ ဆိုတဲ့ဈေးက မများပေ။
သို့ပေမဲ့ သူတို့အံ့ဩစွားရဆဲဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်က နောက်ဆုံးအချိန်သိပ်မကျန်တော့မှ မိနစ်အနည်းငယ်အတွင်း လေလိုအရှိန်ဖြင့် ပန်းချီကားဆယ်ချပ်ကျော်ကို ရွေးခဲ့သည်ကို သူတို့ကိုယ်တိုင်မျက်စိတစ်မှိတ်အတွင်းမြင်ခဲ့ရသည်။ သေခါနီးမှ ရုန်းကန်နေရသည်ဟုပင် ဆိုနိုင်သည်။
ဒါပေမဲ့ ဒီလောက်ကောင်းတဲ့လက်ရာကို ရွေးနိုင်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားချေ။
ဒီလူရဲ့ကံက ကောင်းကင်ကိုတောင် အံတုနိုင်တယ် မဟုတ်လား။
လုရှောင်ရ ခဏတာ အံ့အားသင့်သွားရသည်။
သူမ နားကိုပင် မယုံနိုင်ပေ။
ထို့နောက် သူမက ယဲ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
" ယဲ့ဖန် ရှင်က တကယ်ကောင်းတဲ့လက်ရာကို ရွေးခဲ့တာလား။ ရှင်က တကယ်ကို အံ့သြစရာပဲ "
ပထမတော့ သူမမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။
ထိုအချိန်မှာဘဲ ယွမ် ၁၀၀,၀၀၀ တန်ကြေးရှိတဲ့လက်ရာဖြစ်နေသည်ဟု သူမ ကြားလိုက်ရသည်။
ဒါဟာ ကောင်းကင်ကချပေးတဲ့ ကံကောင်းမှုဖြစ်သည်။
အခြေအနေကို မပြောင်းလဲနိုင်သေးပေမယ့်လည်း ဒီလိုအခွင့်အရေးက အတော်လေးရှားသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခါးသက်သက်ပြုံးလိုက်သည်။
တစ်သိန်းပဲ မဟုတ်လား။
ဒီလောက်ထိ အရမ်းပျော်ဖို့ လိုလို့လား။
ကျုံးလင်းအယ်က မျက်စောင်းထိုးလိုက်သည်။
" ကြည့်စမ်းပါဦး။ ၁ သိန်းလေးပဲ မဟုတ်လား။ ငါတို့နဲ့ အဝေးကြီးလိုနေသေးတယ် "
ထိုအချိန်တွင် မန်းဒန်ဟိုင်းက နောက်ထပ် ပန်းချီကားတစ်ချပ်ကို ကောက်ယူခဲ့သည်။
" ဒီပန်းနဲ့ငှက်ပန်းချီကို အစစ်လို့ သတ်မှတ်တယ်။ ဒါက ကျန်းပေက ပန်းနဲ့ငှက်ပန်းချီဆရာကြီး ဝူချင်းလန်ရဲ့ အစောပိုင်းလက်ရာဖြစ်တယ်။ ငါပေးမဲ့တန်ဖိုးက ယွမ် ၂၃၀,၀၀၀ "
အဲ့လိုပြောပြီးတာနဲ့ ....... နေရာက သူတွေအားလုံးက ချက်ချင်း ပေါက်ကွဲသွားကြတော့သည်။
အရည်အသွေးမြင့် ပန်းချီကားတစ်ချပ်ပေါ်လာသည်က ကံကောင်းခြင်းဟု ဆိုနိုင်သည်။
သို့ပေမဲ့ နှစ်ခုဆက်တိုက်ပေါ်လာတဲ့အခါမှာတော့ ထင်သလောက် မရိုးရှင်းတော့မှန်း သူတို့ စိုးရိမ်လာကြတော့သည်။
အပိုင်း ( ၃၀၄ )
လက်ရာအစစ် ၁၃ ခု
" သူက နောက်ဆုံးမှ ရွေးလိုက်တာကို ငါမြင်လိုက်တယ်။ သူ့မှာ ဒီလိုအမြင်ကောင်းရှိနေမယ်လို့ ထင်မထားဘူး "
" ဒါပေမဲ့ ဒါက ဘာမှမဆိုလိုသေးဘူးလေ၊ ဟုတ်တယ်မလား။ သူက တစ်ခါတည်းနဲ့ တစ်ဒါဇင်ကျော်တောင်ရွေးလာတာ။ သူက ကန်းနေတာများလား "
" ဟုတ်တယ်။ သူ့ပန်းချီနဲ့လက်ရေးလှကို ပေါင်းမယ်ဆိုရင်တောင်မှ ယွမ် ၃သိန်းလောက်ဘဲရှိဦးမှာ။ ကုန်းလန်ရှန်းနဲ့ယှဉ်မယ်ဆို သူက အဝေးကြီးလိုသေးတယ် "
" ဘယ်လိုဘဲဖြစ်ဖြစ်၊ ကုန်းလန်ရှန်းက ဆရာကြီးမန်းဒုန်ဟိုင်းရဲ့တပည့်ဘဲ။ သာမန်လူတွေက သူ့ကို ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ။ ပစ္စည်းကောင်းနှစ်ခုပေါ်လာတာတောင် တော်တော်ကောင်းနေပြီ "
" အမှန်ဘဲ ...... "
လူတိုင်းက ဆွေးနွေးနေကြစဉ်မှာဘဲ လုရှောင်ရက ယဲ့ဖန်လက်ကိုကိုင်ပြီး စိတ်လှုပ်ရှားစွာခုန်ပေါက်နေသည်။
" ယဲ့ဖန်၊ ရှင်က တကယ်မိုက်တာဘဲ။ နှစ်ခါတောင် အစစ်ကိုရွေးနိုင်တာ။ ရှင့်ကံက အရမ်းကောင်းလွန်းတာဘဲ "
ယဲ့ဖန်က မျက်လုံးဝေ့လိုက်သည်။
" ဘာကိုကံလဲ။ အဲ့တာက ကိုယ့်စွမ်းအားဘဲ၊ ဟုတ်ပြီလား "
လုရှောင်ရက အမြန်ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကံဆိုတာလည်း စွမ်းအားတစ်ခုဘဲ "
သူမက အခု အရမ်းကိုပျော်နေသည်။
ဒီပွဲအတွက် အများကြီးမမျှော်လင့်ထားပေမဲ့ ပွဲကောင်းဖြစ်လိမ့်မည်ဟုခံစားမိလေသည်။
သို့ပေမဲ့ အနည်းဆုံးတော့ လက်ရာကောင်းနှစ်ခုပေါ်လာပြီဖြစ်၍ ဆိုးဆိုးရွားရွားကြီးတော့ မရှုံးလောက်တော့ပေ။
ကျုံးလင်းအယ်နှင့် ကုန်းလန်ရှန်းတို့ကတော့ လက်သီးစာနောက်တစ်ချက်အကစ်ခံလိုက်ရသလိုခံစားနေကြရသည်။
သူတို့စိတ်အခြေအနေထိခိုက်လာရသည်။
သို့ပေမဲ့ ကျုံးလင်းအယ်က သူမကိုယ်သူမ အမြန်စိတ်တည်ငြိမ်အောင်လုပ်ပြီး ခပ်ချဉ်ချဉ်ပြောလိုက်သည်။
" အဲ့တာ ဘာမှမဟုတ်သေးပါဘူး။ နည်းနည်းလေးကံကောင်းသွားတာဘဲမဟုတ်လား။ ကံက ယုံစားလို့ရမှာတဲ့လား။ တဖြည်းဖြည်းနဲ့အဖြေကပေါ်လာမှာဘဲ "
သို့ပေမဲ့ ကုန်းလန်ရှန်းကတော့ သူမလောက် အကောင်းမြင်စိတ်မရှိပေ။
သူက သူ့ဆရာမန်းဒုန်ဟိုင်း၏ မသိမသာတုန်လှုပ်နေတဲ့လက်တွေကို အသေအချာသတိထားမိနေသည်။
သူ့ဆရာအကြောင်း သူသိသလောက် သူ့ဆရာက အလွန်စိတ်လှုပ်ရှားတဲ့အခါမှသာ ဒီလိုပြုမူတတ်တာဖြစ်သည်။
တခြားအပြောင်းအလဲတွေရှိနေလို့များလား။
ထင်တဲ့အတိုင်းဘဲ မှန်နေခဲ့သည်။
ထို့နောက် မန်းဒုန်ဟိုင်းက ဆက်ကြေညာသည်။
" ဒီလက်ရေးလှအမိန့်စာကလည်း အစစ်လို့အကဲဖြတ်ပါတယ်။ ဒါက အရှေ့တောင်အာရှက လက်ရေးလှဆရာတစ်ယောက်ဖြစ်တဲ့ ထောက်ချန်းကျီရဲ့လက်ရာဖြစ်ပြီး တန်ကြေးကတော့ ...... ၃၂၀,၀၀၀ ပေးပါမယ် "
ထိုစကားကြောင့် လူတိုင်းက ခေါင်းကျိန်းသွားရသည်။
ဒီလိုသာဆို ယဲ့ဖန်ရွေးခဲ့တဲ့လက်ရာသုံးခုက အံ့ဩစရာကောင်းလောက်အောင် စုစုပေါင်း ယွမ် ၆၅၀,၀၀၀ လောက်ရှိနေပြီဖြစ်ပြီး ကုန်းလန်ရှန်းရဲ့ တန်ဖိုး ၅၀၀,၀၀၀ ထက်ကျော်လွန်နေပြီဖြစ်သည်။
ပြီးတော့ ယဲ့ဖန်ဝယ်ခဲ့တဲ့ စုစုပေါင်းကျသင့်ငွေက ယွမ် ၁သိန်းတောင်မကျော်ပေ။
ကုန်းလန်ရှန်းတို့ကတော့ ၂သိန်းသုံးခဲ့သည်။
ထို့ကြောင့် ယဲ့ဖန်က လက်ရေးလှနှင့်ပန်းချီပိုင်းမှာ အသာစီးရနေပြီဖြစ်သည်။
လုရှောင်ရကတော့ မယုံကြည်နိုင်စွာ ပါးစပ်ကိုအုပ်ထားပြီး မျက်လုံးပြူးနေတော့သည်။
သူမ မျက်လုံးပြူးသွားရသည်။
ဘာဖြစ်သွားတာလဲ။
သူမ နိုင်သွားတာလား။ တကယ်ကြီးလား။
မှားကြားတာများလား။
၃ခုပေါင်းတန်ဖိုးက ၆သိန်းခွဲဖြစ်ပြီး ကျုံးလင်းအယ်၏ ၅သိန်းကို ကျော်သွားပြီဖြစ်သည်။
အဲ့တာဆို သူမ နိုင်သွားတယ်လို့ဆိုလိုတာမလား။
လုရှောင်ရတင်မကဘဲ ကျုံးလင်းအယ်ကပါ သူမနားကိုပင် မယုံနိုင်ဖြစ်နေသည်။
အစပိုင်းမှာ သူမဘက်က လုံးဝအသာစီးရထားတာဖြစ်သည်။
ဘယ်သူကထင်ထားခဲ့မှာလဲ။
အခြေအနေဆွေက မြန်မြန်ပြောင်းလဲသွားခဲ့ရသည်။
သူမနှင့်ယှဉ်လျှင် ကုန်းလန်ရှန်း၏အမူအရာက ပိုလို့တောင်ဆိုးနေသည်။
သူက မန်းဒုန်ဟိုင်း၏သဘောကျအခံရဆုံးတပည့်ဖြစ်သည်။
သူက ရှေးဟောင်းပစ္စည်းလောကတွင် အချိန်အတော်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာ သူ့အရည်အချင်း၊ အင်အားနဲ့ သူ့ဆရာရဲ့ဂရုတစိုက်ပြသပေးမှုကြောင့် သူက ရှေးဟောင်းပစ္စည်းပညာရှင်ကြီးဖြစ်လာတော့မှာဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူက ဒီလို လူပြိန်းကို တကယ်ကြီးရှုံးသွားရတာလား။
ဒါက အကြီးစားအရှက်ကွဲမှုဘဲ။
ဘေးမှပွဲကြည့်သူတွေရဲ့စကားတွေက သူ့ကို သွေးအန်ထွက်မတတ်ဖြစ်စေသည်။
" ကုန်းလန်ရှန်းက တကယ်ကြီးရှုံးသွားတာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဆရာကြီးမန်းရဲ့တပည့်လေ "
" ဟုတ်တယ်။ မယုံနိုင်ဘူး။ ဆရာကြီးမန်းရဲ့တပည့်ကို အဲ့လူငယ်လေးက အနိုင်ယူသွားတာတဲ့လား။ သူ့ဆရာအတွက်တော့ ရှက်စရာဘဲ "
" ပြောရမယ်ဆိုရင်တော့ ကုန်းလန်ရှန်းက ပိုပြီးအထင်ကြီးစရာကောင်းပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူက တစ်မျိုးတည်းဘဲရွေးပြီးတော့ ၅သိန်းတန်ကိုရခဲ့တာလေ။ တစ်ဖက်ကတော့ သုံးခုပေါင်းမှ သူ့တန်ကြေးကို ကျော်သွားတာမဟုတ်လား "
" ဒါပေမဲ့ ပြိုင်ပွဲစည်းကမ်းအရကတော့ နောက်ဆုံးရတဲ့ပစ္စည်းတန်ကြေးနဲ့ သုံးစွဲမှုငွေကို ချိန်ပြီးမှ ဆုံးဖြတ်မှာဆိုတော့ အရေအတွက်နဲ့မဆိုင်ဘူးပြောရမယ် "
" ဟုတ်တယ်။ ဒါပေမဲ့ ငါကတော့ ကုန်းလန်ရှန်းကို ပိုအားပေးတယ် "
လူတိုင်းက အံ့ဩဖွယ်ဖန်တီးခဲ့တဲ့လူငယ်လေးကိုကြည့်ရင်း ဆွေးနွေးပြောနေကြသည်။
ထိုလူငယ်က ပျော်လွန်းလို့ ခုန်ပေါက်အောင်ပွဲခံနေမယ်ဟုထင်ခဲ့ကြသည်။
ဘယ်လိုဘဲဖြစ်ဖြစ် တစ်ဖက်လူက ဆရာကြီးမန်းရဲ့တပည့်ဖြစ်နေပြီး အနိုင်ယူခဲ့နိုင်တာကြောင့် တစ်ဘဝလုံးစာကြွားနေလျှင်တောင် ဖြစ်သင့်သည်။
သို့ပေမဲ့ မထင်မှတ်ထားစွာဘဲ ယဲ့ဖန်၏အမူအရာ၏အရမ်းကိုတည်ငြိမ်နေပြီး သူ့ပုံစံက အနိုင်ရထားတဲ့သူနဲ့တောင်မတူပေ။
အဲ့တာက လူတိုင်းက ပိုပြီးတောင်အံ့ဩသွားရစေသည်။
ဒီလူငယ်လေးရဲ့ကိုယ်ရှိန်ဝါက မတည်ငြိမ်လွန်းဘူးလား။
ဒီလိုအနိုင်ရမှုမျိုးကြုံတာတောင် ဘယ်လိုများတည်ငြိမ်နေနိုင်ရတာလဲ။
ကိုယ်ရောင်ဝါက အသက်နဲ့တောင်မလိုက်ဘူး။
လူတိုင်းက မှင်သက်နေကြချိန်မှာဘဲ မန်းဒုန်ဟိုင်းကကကျန်တဲ့ပန်းချီတွေကို ဆက်ပြီး အကဲဖြတ်ကြေညာသည်။
" ဒီလေးခုမြောက် လက်ရေးလှစာက အစစ်ဖြစ်တယ် ..... တန်ဖိုးက ၂၇၀,၀၀၀ "
" ငါးခုမြောက် ရှုခင်းပန်းချီကားအကဲဖြတ်ရလဒ်က အစစ်ဖြစ်တယ် ....... တန်ဖိုးငွေ ၁၆၀,၀၀၀ "
" ၆ခုမြောက် ပန်းချီကလည်း အစစ်ဖြစ်ပြီးတော့ ..... တန်ဖိုးက ၂၄၀,၀၀၀ "
" ၇ခုမြောက် ပန်းချီက ..... "
မန်းဒုန်ဟိုင်းက တစ်ခါကြေညာပြီးတိုင်း သူတို့ပါးစပ်တွေက ပိုပိုပွင့်လာပြီး ကြက်ဥနှစ်လုံးလောက်ထည့်လို့ရလောက်တဲ့အထိ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
လက်ရာ ၁၃ခုလုံး၏ရလဒ်ကို အကဲဖြတ်ကြေညာပြီးဖြစ်သည်။
၁၃ ခုလုံးက အစစ်တွေဖြစ်သည်။
တစ်ချို့တွေက မြေပေါ်တောင်လဲကျကုန်သည်။
ပန်းချီကားအစစ်တစ်ချပ်ဆ်ိုရင်တော့ ကံကောင်းတာဖြစ်နိုင်ပြီး နှစ်ချပ်ထိ ကံကြောင့်ဖြစ်နိုင်သေးသည်။
သို့ပေမဲ့ သုံး၊ လေး၊ ငါးချပ်ကနေ ..... ၁၃ချပ်ထိ အစစ်ဖြစ်ဖို့ကတော့ .......
အဲ့လောက်ကံကောင်းတာဆိုရင်တော့ ရူးသွားလောက်သည်။
လူတိုင်းအကြည့်က ယဲ့ဖန်ဆီကိုရောက်နေသည်။
တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်နားကိုစုပြုံလာကြသည်။
ကလေးဆန်ပုံရသေးတဲ့ ဒီလူငယ်လေးက တိတ်ဆိတ်စွာဘဲရပ်နေခဲ့သည်။
ထို့ကြောင့် လူတွေက မကပ်ရဲတော့ပေ။
ပြိုင်ဘက်ကင်းတဲ့ပါရမီရှင်အဖြစ် အထင်မှားခံရတာက သူ့ကံကြမ္မာဖြစ်လောက်မည်။
ဒါပေမဲ့လည်း သူ တကူးတကရှင်းပြမနေချင်ပေ။
သူတို့က အားကျရုံတင်မဟုတ်ဘဲ ကိုးကွယ်ဆည်းကပ်ကြဖို့ဖြစ်သည်။
လူတိုင်းက ထိုလူငယ်ပညာရှင်လေးဆီက ကံကောင်းမှုကို မျှဝေချင်နေကြသည်။
ဒီလိုပါရမီရှင်ကိုတွေ့လိုက်ရတဲ့အတွက်လည်း သူတို့ဘဝမှာ နောင်တရှိမှာတောင်မဟုတ်တော့ပေ။