အပိုင်း ၃၁၃-၃၁၆
Vol. 16 Ch. 313-316
အပိုင်း ( ၃၁၃ )
မင်းရဲ့ဆရာကို တောင်းပန်တာ
ဖန်းရှောင်ကွန်းက သူမ မြှူစွယ်တာကို ငြိမ်ခံနေပြီးတဲ့နောက်မှ ဆူပူချင်ယောင်ဆောင်ပြလိုက်သည်။
" အတွင်းရေးမှူးလု၊ ဒီကိစ္စတွေကို မပြောပါနဲ့။ အတိတ်က အောင်မြင်မှုတွေနဲ့ ယှဉ်ရင် လက်ရှိနဲ့အနာဂတ်ကို ပိုတန်ဖိုးထားသင့်တယ်။ အနာဂတ်မှာ ငါ့အတိတ်အကြောင်းကို တခြားလူတွေကို မပြောပြနဲ့ ကြားလား "
အတွင်းရေးမှူးလုက အမြန်ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်ကဲ့ပါ၊ ဒုဥက္ကဌဖန်း။ နောက်ဆို ပိုသတိထားပါ့မယ်။ ကျေးဇူးပြုပြီး ထောက်ပြခွင့်လွှတ်ပေးပါ "
သူမက စကားပြောရင်းနဲ့ သူ့ခြေထောက်ကို ကန်နေသည်။
ယဲ့ဖန်က သူတို့နှစ်ယောက်အတူတကွ သရုပ်ဆောင်နေတာကို ကြည့်နေလိုက်သည်။ သူတို့ကို အမှန်ကျွမ်းကျင်သူတွေလို့ ခေါ်ထိုက်ပေသည်။
သူတို့နှစ်ယောက်ရဲ့စကားကတိုတိုလေးသာဖြစ်ပေမဲ့ ဖန်းရှောင်ကွန်းက အမေရိကန် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ရုံသာမက သူက အတိတ်က အောင်မြင်မှုတွေနဲ့ဘဲ ရပ်တန့်နေမှာမဟုတ်သည့်အပြင် အနာဂတ်ကိုလည်း မျှော်လင့်လိုစိတ်အပြည့်ရှိနေကြောင်း ပြသခဲ့သည်။
တစ်ချိန်တည်းမှာဘဲ လက်အောက်ငယ်သားကို ကိုင်တွယ်သည့်ဂုဏ်သိက္ခာကိုလည်း ပြသခဲ့သည်။
ဒီလူနှစ်ယောက်ရဲ့ သီဆိုမှုနှင့် သံစဉ်လိုက်မှုက ဟာမွန်နီကျပြီးချောမွေ့နေသည်ဟု ဆိုရပေမည်။
ကားပါကင်မှာ သူတို့နှစ်ယောက်ရဲ့ ညစ်ပတ်တဲ့တစ်ဖက်ခြမ်းကို အရင်မတွေ့ခဲ့ရင် ယဲ့ဖန်တောင်မှ သူတို့ရဲ့လှည့်စားတာကိုခံရလိမ့်မည်ဖြစ်သည်။
ဒါကို စဉ်းစားရင်း ယဲ့ဖန်က လှောင်ပြောင်တဲ့ အပြုံးကိုပြုံးလိုက်သည်။
ဖန်းရှောင်ကွန်းက သူ့အမူအရာကိုမြင်လိုက်ရပြီး ချက်ချင်းစိတ်ပျက်သွားတော့သည်။
ဒါပေမယ့် သူက နည်းနည်းအချိုသပ်နေဆဲဖြစ်သည်။ သူက ယဲ့ဖန်ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည် ။
" ဒါနဲ့ မမေးရသေးဘူး။ မင်းကဘယ်သူလဲ "
ယဲ့ဖန်က ချန်းရွှမ်ဘက်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။
" မင်း မြင်တာနဲ့ မပြောနိုင်ဘူးလား။ ငါက ရွှမ်ရွှမ်ရဲ့ ချစ်သူ ယဲ့ဖန်ဘဲ "
ဖန်းရှောင်ကွန်းက ရုတ်တရက် သဘောပေါက်သွားသည်။
" အိုး၊ ငါသိပြီ။ ရွှမ်ရွှမ်လို ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ချစ်သူက ထူးချွန်တဲ့သူဖြစ်ရမယ် မဟုတ်လား။ မင်းက အခုဘာလုပ်နေလဲ "
ယဲ့ဖန်က အနောက်သို့မှီကာ ရိုးသားစွာပြောလိုက်သည်။
" ငါက ကျောင်းတက်နေတုန်းပဲ "
ဝမ်လင်းသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။
ဒီကဏ္ဍတွင် ယဲ့ဖန်က အမှတ်နည်းနေပြီဖြစ်သည်။
ဖန်းရှောင်ကွန်းသည် အမေရိကန်ရှိဝေးလ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး အခုအခါမှာ လုပ်ငန်းကြီးတစ်ခုရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်နေသည်။
ယဲ့ဖန်ကတော့ ကျောင်းသားတစ်ဦးသာဖြစ်သည်။
သူတို့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ဖန်းရှောင်ကွန်း၏နှုတ်ခမ်းက ကွေးတက်သွားသည်။
" အိုး၊ ကျောင်းသားလား။ မင်းအခုဘယ်နှစ်ရှိပြီလဲ "
" ပထမနှစ် "
" ဘယ်တက္ကသိုလ်လဲ "
" ကျုံးဟိုင်တက္ကသိုလ် "
" မင်းတို့မိသားစုက ကျုံးဟိုင်မြို့ကဘဲလား "
" မဟုတ်ဘူး၊ ငါက အရမ်းသေးတဲ့ ဖန်းမြို့ကပါ "
" ............ "
ဖန်းရှောင်ကွန်းက မေးပြီး ယဲ့ဖန်က ပြန်ဖြေတိုင်း ဝမ်လင်း၏နှလုံးသားက ပြုတ်ကျသွားရတော့သည်။
အဆုံးတွင် သူမက ယဲ့ဖန်ကို လုံးဝစိတ်ထဲမထည့်တော့ပေ။
ပထမဦးဆုံးအနေနဲ့ ကျုံးဟိုင်တက္ကသိုလ်သည် တရုတ်နိုင်ငံ၏ထိပ်တန်းတက္ကသိုလ်တစ်ခုသာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာနာမည်ကြီးတဲ့ ဝေးလ်တက္ကသိုလ်နှင့် နှိုင်းယှဉ်၍မရချေ။
ဒုတိယအချက်မှာ ယဲ့ဖန်သည် ပထမနှစ်ကျောင်းသားဖြစ်နေဆဲဖြစ်ပြီး ဆိုလိုသည်မှာ သူသည် ငယ်ရွယ်ပြီး မရင့်ကျက်သေးပေ။
ထိုသို့ယှဉ်တဲ့အခါ သူက အသက် ၂၇ နှစ်ရှိပြီဖြစ်သော ဖန်းရှောင်ကွန်းနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
နောက်ဆုံးအချက်ကတော့ ပြောစရာမလိုအောင်ဖြစ်သည်။
မြို့ငယ်လေးက လူတစ်ယောက်က ဘယ်လောက်ကောင်းနိုင်မှာလဲ။
တစ်ဖက်မှာတော့ အသက် ၂၇ နှစ်အရွယ်မှာဘဲ ခဲ့ရှင်းကုမ္ပဏီ၏ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့တဲ့ဖန်းရှောင်ကွန်းက အလွန်အရည်အချင်းရှိသူဖြစ်သည်။
ထို့ကြောင့် ဘယ်လိုဘဲ ကြည့်နေပါစေ ယဲ့ဖန်နှင့် ဖန်းရှောင်ကွန်းတို့သည် တူညီသော အဆင့်တွင် မရှိပေ။
အဲ့တာကိုစဉ်းစားပြီးတဲ့နောက် ဝမ်လင်းသည် ယဲ့ဖန်ကို သမက်လောင်းစာရင်းမှ ချက်ချင်းထုတ်ပယ်လိုက်တော့သည်။
သူမသမီးက အရမ်းထူးချွန်သည်။ ဒီလိုလူကို သူမ ဘယ်ကနေ ဘယ်လိုရှာလာတာလဲ။
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အပေါ်ထားတဲ့ ဝမ်လင်းရဲ့သဘောထားကို မြင်လိုက်ရပြီး သူ့ကိုယ်သူ အလွန်ကျေနပ်သွားသည်။
သူ့ရဲ့နည်းလမ်းတွေနဲ့ ကျောင်းသားတစ်ယောက်ကို ကိုင်တွယ်ဖို့က လွယ်လွန်းနေမှာမဟုတ်ဘူးလား။
ဝမ်လင်းသည် ယဲ့ဖန်ကို မုန်းတီးနေပြီဖြစ်သောကြောင့် သူက မီးထဲသို့ ထပ်ပြီးလောင်စာထည့်လိုက်သည်။
သူက ယဲ့ဖန်ရဲ့ ဒဏ်ရာရနေတဲ့လက်ကို ချက်ချင်း ကြည့်လိုက်သည်။
" ငါထင်တာ မမှားရင် မင်းတစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်မဟုတ်လား။ ပြီးတော့ မင်းဒဏ်ရာက တော်တော်ဆိုးတော့ ရက်ရက်စက်စက် ရိုက်နှက်ခံပုံရတယ်။ မင်းက တကယ့်ကို ငယ်ရွယ်ပြီး စိတ်အားထက်သန်တာဘဲ ဟားဟားဟား ...... "
သူက စနောက်သောလေသံဖြင့် ပြောနေသော်လည်း ဝမ်လင်းက ထိုစကားကို ကြားလိုက်သောအခါတွင် သူမ မျက်မှောင်ကြုတ်သွားခဲ့ရသည်။
သူမ ယဲ့ဖန်ကို ချက်ချင်းလှည့်ကြည့်လိုက်တော့သည်။
" မင်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တာလား "
ယဲ့ဖန်က ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။
" ရန်ပွဲလို့ ယူဆမရဘူး။ ကျွန်တော်က တစ်စုံတစ်ယောက်နဲ့ လက်ရည်ယှဉ်ခဲ့ရုံတင်ပါ "
သူ့အဖြေက ဝမ်လင်းကို ချက်ချင်းလက်လွှတ်လိုက်စေတော့သည်။
ရန်ဖြစ်တတ်တဲ့အဆင့်မှာဘဲရှိနေသေးတဲ့ လူရိုင်းလေးတစ်ဦးနဲ့ သူ့သမီးက ဘယ်လိုလုပ်ပြီးထိုက်တန်မှာလဲ။
ဘာပဲဖြစ်ဖြစ် ရွှမ်ရွှမ်က ယဲ့ဖန်ကို ထားခဲ့အောင်လုပ်ဖို့ပဲလိုသည်။
ထိုအချိန်တွင် အတွင်းရေးမှူးလုက ထပ်ပြောပြန်သည်။
" ကိုယ်ခံပညာကိုလေ့ကျင့်ထားတဲ့ ယောက်ျားတစ်ယောက်က မိန်းကလေးတွေကို ပိုပြီး လုံခြုံတယ်လို့ ခံစားရစေတယ် "
ယဲ့ဖန် သူမကို လှမ်းကြည့်လိုက်သည်။
သူမ တကယ်ပဲ သူ့အတွက် ပြောပေးနေတာလား။
ထို့နောက် အတွင်းရေးမှူးလုက ဆက်ပြောသည်။
" ဒါပေမယ့် ကိုယ်ခံပညာဆိုတာ ရန်ပွဲအတွက် မဟုတ်ပါဘူး။ ဥပမာဆို ကျွန်မတို့ရဲ့ဒုဥက္ကဌ ဖန်းက ကိုယ်ခံပညာကို အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ခဲ့ပြီးပေမဲ့ သူက လူတိုင်းအပေါ် အရမ်းကြင်နာတတ်တာကြောင့် အခြားသူတွေနဲ့ဘယ်တုန်းကမှ ရန်မဖြစ်ဖူး "
ယဲ့ဖန် ဆွံ့အသွားရသည်။
ဒါဆို ဖန်းရှောင်ကွန်းကို မြှောက်ပင့်ဖို့ပဲလား။
ဝမ်လင်းသည် ဖန်းရှောင်ကွန်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။
" မင်း ကိုယ်ခံပညာလည်း လေ့ကျင့်ဖူးတာလား။ ဘယ် လက်သီးသိုင်းကို လေ့ကျင့်ထားလဲ "
ဖန်းရှောင်ကွန်းက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" အန်တီ၊ အတွင်းရေးမှူးလုလျှောက်ပြောနေကို နားမထောင်ပါနဲ့။ ကျွန်တော်က ဂျပန်ရဲ့ ထိပ်တန်းကရာတေးဆရာကြီးသွမ့်ကျန်းလုဆီက အချိန်ခဏဘဲ သင်ယူခဲ့တာပါ။ အဲ့တာကလည်း ကျွန်တော့်ခန္ဓာကိုယ်ကို သန်မာလာစေဖို့ သက်သက်ပါဘဲ "
ဝမ်လင်း အနည်းငယ် အံ့သြသွားသည်။
" ထိပ်တန်းကရာတေးပညာရှင်လား။ အဲ့တာဆို သူက အရမ်းအစွမ်းထက်မယ် မဟုတ်လား "
အတွင်းရေးမှူးလုက ထပ်ပြီးကြားဖြတ်ပြောသည်။
" ဟုတ်ပါတယ်၊ သူက အရမ်းအံ့သြစရာကောင်းတယ်။ ဆရာကြီးသွမ့်ကျန်းလုက မကြာသေးခင်ကမှ တရုတ်နိုင်ငံကိုရောက်လာခဲ့ပြီးတော့ ပြည်နယ် ၁၈ ခုက လူငယ်ပညာရှင် အယောက် ၅၀ ကျော်ကို တိုက်တာ တစ်ပွဲမှ မရှုံးခဲ့ဘူးလို့ ကြားထားပါသေးတယ် "
ဝမ်လင်းက ပိုလို့တောင် အံ့သြသွားတယ်။
သူမ ကိုယ်ခံပညာကို စိတ်မဝင်စားသော်လည်း ဒီကိုယ်ရေးအကျဉ်းနဲ့ တိုက်ပွဲမှတ်တမ်းများကြားရသလောက် ဒီဆရာကြီးသွမ့်ကျန်းလုရဲ့အဆင့်က ဘယ်လောက်မြင့်လဲဆိုတာကို အကြမ်းဖျင်းသိနိုင်သည်။
ထိုသို့သော ကိုယ်ခံပညာကျွမ်းကျင်ပညာရှင်ထံမှ သင်ယူထားသော ဖန်းရှောင်ကွန်း၏ ခွန်အားသည် အလွန်ဆိုးရွားနေမည်မဟုတ်နိုင်ပေ။
ချန်းရွှမ်လည်း အနည်းငယ် အံ့သြသွားသည်။
သူက ပြည်နယ် ၁၈ ခုကို ဆက်တိုက်စိန်ခေါ်ခဲ့ပြီး တရုတ်နိုင်ငံမျိုးဆက်သစ်ကျွမ်းကျင်ပညာရှင် ၅၀ ကျော်ကို တိုက်ခိုက်ခဲ့တာလား။
တစ်ပွဲမှ မရှုံးဘူးတဲ့လား။
ဒီလိုခွန်အားမျိုးက တကယ်ကို ကြောက်စရာကောင်းသည်။
ဒီလူကို တရုတ်ပြည်တစ်ခုလုံး ဘယ်သူမှ မခုခံနိုင်ခဲ့ဘူးလား။
ထိုအချိန်တွင် ယဲ့ဖန်ရုတ်တရက်ထရပ်ပြီး ဖန်းရှောင်ကွန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
" ဒါဆို ငါ မင်းကို တောင်းပန်ရမယ် "
သူ့လုပ်ရပ်က ရှိနေသူအားလုံးကို ထိတ်လန့်စေခဲ့သည်။
တစ်ဖက်သူရဲ့ဆရာသခင်က အရမ်းအားကြီးတယ်လို့ ယဲ့ဖန်ကြားပြီး ကြောက်လန့်သွားတာဖြစ်မလား။
ချန်းရွှမ်လည်း ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ယဲ့ဖန်အကြောင်းကို သူမ နားလည်ထားသလောက် သူက ဒီလိုသူရဲဘောကြောင်တတ်သူ မဟုတ်ပေ။
ဝမ်လင်းသည် အစကတော့ လျစ်လျူရှုထားပေမဲ့ အခုတော့ သူမ သူ့ကို စတင်အထင်သေးနေပြီဖြစ်သည်။
သူမ၏အမြင်တွင် ဒီလူငယ်က ဘာအရည်အချင်းမှ မရှိပေ။
မွေးရပ်မြေ၊ ပညာသင်ကြားရေး ညံ့ဖျင်းမှု၊ ကြမ်းကြုတ်ခြင်း ..........
ဒါတင်မကဘဲ သူရဲဘောကြောင်တတ်သူလည်း ဖြစ်နေသေးသည်။
ဒီလိုလူက သူမသမီးကို ဘယ်လိုကာကွယ်နိုင်မှာလဲ။
သူမသမီးကြောင့်သာမဟုတ်ရင် ဒီလူငယ်ကို အခုချက်ချင်း မောင်းထုတ်မှာဖြစ်သည်။
ဒီလိုလူက သူတို့နဲ့အတူတူ စားပွဲတစ်ခုတည်းမှာထိုင်ဖို့ ဘယ်လိုလုပ်ပြီးထိုက်တန်နိုင်မှာလဲ။
ဖန်းရှောင်ကွန်းကတော့ သူ့ကိုယ်သူ ပိုသဘောကျကျေနပ်နေသည်။
ဒီကလေးက တစ်ချက်ကလေးတောင် မခံနိုင်ဘူးဘဲ။
သူ့ဘက်က ခွန်အားပင်မထုတ်ခဲ့ရဘဲ လဲကျနေပြီဖြစ်သည်။
သူက ယဲ့ဖန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
" မင်းငါ့ကို တောင်းပန်စရာမလိုပါဘူး။ ငါဘယ်လိုတိုက်ရမယ်ဆိုတာ သိပေမယ့် မင်းကို ငါဘာမှမလုပ်ပါဘူး။ မင်းက ဘာလို့တောင်းပန်တာလဲ "
ယဲ့ဖန်က ဖြည်းဖြည်းချင်း ကျောပြန်မတ်လိုက်ပြီး သူ့ကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။
" ငါ မင်းကို မတောင်းပန်ပါဘူး။ မင်းရဲ့ဆရာသခင်ကို ငါတောင်းပန်တာ "
အပိုင်း ( ၃၁၄ )
ဘာလို့ သူ့ပုံစံက အရှုံးသမားနဲ့တူနေရတာလဲ။
ယဲ့ဖန်ရဲ့စကားများက လူတိုင်းကို စိတ်ရှုပ်စေခဲ့သည်။
ဖန်းရှောင်ကွန်းရဲ့ဆရာကို တောင်းပန်တာလား။
ဖန်းရှောင်ကွန်းကိုယ်တိုင် မျက်မှောင်ကြုတ်လိုက်သည်။
" ဘာကိုဆိုလိုတာလဲ။ မင်းက ငါ့ဆရာကို ဘာလို့ တောင်းပန်နေရတာလဲ "
ယဲ့ဖန်က သူ့လက်သီးမှာ အမာရွတ်ကို ထိလိုက်ပြီး သူ့အမူအရာက အရမ်းတည်ငြိမ်နေသည်။
" ဟိုနေ့က ဂျပန်ကကရာတေးပညာရှင်တစ်ယောက်ကို အနိုင်ယူခဲ့တာ။ အဲ့လူကို သွမ့်ကျန်းလုလို့လည်း ခေါ်တယ်။ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၁၈ ခုမှာ ကျွမ်းကျင်လူငယ်ပညာရှင်အားလုံးကို အနိုင်ယူခဲ့တယ်လို့လည်း ကြားဖူးတော့ အဲ့ဒီလူက မင်းရဲ့ဆရာဖြစ်သင့်တယ်မဟုတ်လား "
ထိုစကားကို ပြောပြီးတာနဲ့ အားလုံးက အံ့သြသွားကြသည်။
ဒါက ဘာလဲ။
ယဲ့ဖန်က ဖန်းရှောင်ကွန်းရဲ့သခင်ကို အနိုင်ယူခဲ့တာလား။
ဒါက သိပ်ရယ်စရာကောင်းနေတယ် မဟုတ်ဘူးလား။
ဖန်းရှောင်ကွန်းပြောပုံအရ သူ့ဆရာသည် ဂျပန်မှ ကရာတေးဆရာဖြစ်သည်။
သူက တရုတ်သိုင်းပညာလောက၏ မျိုးဆက်သစ်လူငယ်များကို လွှမ်းမိုးအနိုင်ယူခဲ့သော ထိပ်တန်းကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။
အဲ့လိုလူကို ယဲ့ဖန်က ဘယ်လိုအနိုင်ယူနိုင်မှာလဲ။
ဖန်းရှောင်ကွန်းက ဒေါသတကြီး စားပွဲကို ရိုက်ချလိုက်ပြီး သူ့ထိုင်ခုံကနေ ထရပ်လိုက်သည်။
" မဟုတ်တာတွေ။ မင်းက ငါ့ဆရာကို အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား "
" မင်း ငါ့ကိုဘဲ အရင်ပြိုင်ရဲတဲ့သတ္တိရှိရဲ့လား။ မင်းဘာတတ်နိုင်လဲ ငါကြည့်ရအောင် "
" မင်းက ငါ့ရှေ့မှာ ဒီလို ကောလဟာလတွေ ဖြန့်ရဲတယ်ပေါ့ "
ချန်းရွှမ်က အဲ့တာကိုမြင်ပြီး ရန်ပွဲကိုရပ်ဖို့ အမြန်ထရပ်လိုက်သည်။
" ယဲ့ဖန်က နောက်ပြောင်နေတာပါ။ သူ့ကိုယ်စား ရှင့်ကို ကျွန်မကဘဲတောင်းပန်ပါတယ်၊ စိတ်မဆိုးပါနဲ့ "
တစ်ချိန်တည်းမှာဘဲ သူမက ယဲ့ဖန်ကို စိတ်ထဲကနေ အပြစ်တင်နေခဲ့သည်။
ဒီကောင်က အရမ်းလွန်တယ်။ ဘယ်လိုအချိန်မှာ မနောက်ရဘူးဆိုတာ မသိဘူးလား။
တစ်ဖက်သူက သွမ့်ကျန်းလုရဲ့ တပည့်ဖြစ်မှန်း သေချာသိပြီးတာတောင်မှ သူက ထိုစကားကို ဆက်ပြောနေသေးသည်။
ချန်းရွှမ်သည် ယဲ့ဖန်က သွမ့်ကျန်းလုကို အမှန်တကယ်ပင် အနိုင်ယူနိုင်ခဲ့မည်ဟု မယုံကြည်ခဲ့ပေ။
ယဲ့ဖန်သည် ကိုယ်ခံပညာကို အမှန်တကယ် လေ့ကျင့်နေရင်တောင်မှ သူက အပျော်တမ်းသမား ဖြစ်နိုင်ချေများသည်။
ပရော်ဖက်ရှင်နယ်ကစားသမားတွေရှေ့မှာဆို သူတို့ရဲ့ထိုးနှက်ချက်တစ်ချက်တည်းကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။
ဖန်းရှောင်ကွန်းက ဒီအခြေအနေကိုသုံးပြီး ယဲ့ဖန်ကို ဝမ်လင်းရဲ့စိတ်ထဲမှာ လုံးဝခေါင်းမဖော်နိုင်သည်အထိ စုတ်ပြတ်သွားရန် တိုက်ခိုက်ဖို့ရည်ရွယ်သည်။
ဒီလို ရှားရှားပါးပါးအခွင့်အရေးကို သူ ဘယ်လို လက်လွှတ်နိုင်မှာလဲ။
ချန်းရွှမ်က ဝမ်လင်း၏စကားကိုသာ အမြဲတမ်းနားထောင်ခဲ့ပြီး သူမကို ဘယ်တုန်းကမှ မနာခံတာ မရှိခဲ့ပေ။ ထိုအကြောင်းကို သူနားလည်သိထားပြီးဖြစ်သည်။ ဝမ်လင်းက သဘောမတူသရွေ့ သူမနှင့် ယဲ့ဖန်ကြား မျှော်လင့်ချက် မရှိပေ။
အဲ့တာကိုတွေးပြီး ဖန်းရှောင်ကွန်းက ဝမ်လင်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
" အန်တီ၊ စိတ်မရှိပါနဲ့။ သူက ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားရင်တော့ ကျွန်တော်က သူ့ကို ခွင့်လွှတ်မှာ မဟုတ်ပေမယ့် သူက ကျွန်တော့်ဆရာကို စော်ကားတဲ့အတွက် ကျွန်တော် ဒီအတိုင်း ထိုင်မနေနိုင်ပါဘူး။ တစ်ရက်စာ ဆရာက တစ်ဘဝအတွက် အဖေပါ။ ကျွန်တော့်ရဲ့ ဂုဏ်ထူးဆောင်ဆရာကို သူက အရှက်ခွဲနေတယ်။ ဆရာ့အတွက် တရားမျှတမှုကို ကျွန်တော်ရှာရမယ် "
သူ့စကားများက လူများရဲ့သနားမှုကိုတောင်းခံနေပုံရသည်။
ဝမ်လင်းသည် သူ့အပေါ် အမြင်ပိုကောင်းလာသည်။
သွမ့်ကျန်းလုက သူ့ကို အချိန်အတိုင်းအတာတစ်ခုပဲ သင်ပေးခဲ့တယ်လို့ ဖန်းရှောင်ကွန်းက ပြောခဲ့သည်။
သေချာပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်ကို ဆရာကြီးနှင့် တပည့်အစစ်ဟု မယူဆနိုင်ပေ။
သို့ပေမဲ့ ဖန်းရှောင်ကွန်းက သူ့ဆရာအတွက် ရပ်တည်လိုစိတ်ရှိနေဆဲဖြစ်သည်။ ဆရာ့အပေါ် ဘယ်လောက်လေးစားကြောင်းနှင့် သူ့ရဲ့ ကိုယ်ကျင့်တရားအဆင့်အတန်း ဘယ်လောက်မြင့်မားသည်ကို တွေ့မြင်နိုင်သည်။
သူ့ဆရာကိုတောင် ဒီလိုဆက်ဆံရင် သူ့သမီးကို အနာဂတ်မှာ ကောင်းကောင်းဆက်ဆံမှာ သေချာသည်။
ဝမ်လင်း ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
" မင်းရဲ့ခံစားချက်တွေကို ငါနားလည်တယ်။ မင်း အလိုရှိတဲ့အတိုင်း လုပ်လို့ရတယ်။ ဒါက ငါနဲ့ ရွှမ်ရွှမ်နဲ့ မဆိုင်ဘူး "
သူမက အဲ့လိုပြောပြီး ယဲ့ဖန်ကို ချန်းရွှမ်မတားရန် ပြတ်ပြတ်သားသား ဖြတ်လိုက်သည်။
ချန်းရွှမ်သည် ချက်ချင်းပင် စိတ်ပူလာ
သည်။
" အမေ ....... "
ဝမ်လင်းက ချက်ချင်း မျက်နှာထားတင်းလိုက်သည်။
" ပါးစပ်ပိတ်ထား "
ချန်းရွှမ်က ပါးစပ်ပိတ်ဖို့ကလွဲပြီး တခြားဘာမှ မတတ်နိုင်တော့ပေ။
ဖန်းရှောင်ကွန်းက သူ့ကိုယ်သူ သဘောကျသွားတော့သည်။ သူက ယဲ့ဖန်ကို လှည့်ကြည့်လိုက်တော့သည်။
" ဘယ်လိုလဲ။ မင်းငါ့ကို ပြိုင်ရဲလား။ ဒီလောက်ကြီးကျယ်ကျယ်ပြောရဲတဲ့ သတ္တိတွေနဲ့ ဘယ်လောက်တောင် သန်မာလဲဆိုတာ ကြည့်ရအောင် "
ယဲ့ဖန်သည် တောင်တစ်လုံးကဲ့သို့ တည်ငြိမ်ဆဲဖြစ်သည်။
" မင်းငါနဲ့ ပြိုင်ချင်တာ သေချာလား။ နောက်ဆက်တွဲဆိုးကျိုးတွေအားလုံးကို ခံနိုင်ရည်ရှိမယ်လို့တော့ ကြိုပြောထားရမယ် "
ဖန်းရှောင်ကွန်းက ချက်ချင်းခေါင်းငြိမ့်သဘောတူလိုက်သည်။
ထိုအချိန်တွင် အတွင်းရေးမှူးလုက ရုတ်တရက် သူ့ကို နောက်သို့ ဆွဲတားလိုက်သည်။
" ဒုဥက္ကဌဖန်း၊ ဒီလိုလူကို ဘာလို့ စိတ်ရှုပ်ခံနေရတာလဲ "
ယဲ့ဖန်သည် အလွန်ယုံကြည်မှုရှိနေတဲ့ပုံပေါ်နေ ကြောင်း သူမမြင်လိုက်ရပြီး ဖန်းရှောင်ကွန်းတစ်ခုခုဖြစ်သွားမှာကို သူမကြောက်သောကြောင့် သူ့ကို အချိန်မီတားလိုက်သည်။
သူမက အမြဲတမ်းအလွန်ထက်မြက်တတ်သူဖြစ်ကြောင်းကို ဖန်းရှောင်ကွန်းလည်း သိသည်။
သူ့ကို တားလိုက်ကတည်းက သူမမှာ အကြောင်းပြချက်ရှိနေလိမ့်မည်။
" သူက ငါ့ဆရာကို စော်ကားတာ။ ငါသူ့ကိုလက်စားချေမပေးရင် ငါ့ဆရာရဲ့ကြင်နာမှုကို ငါက ဘယ်လိုမျက်နှာပြရမှာလဲ " ဟု ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။
အတွင်းရေးမှူးလုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" တကယ်တော့ သူ့ရဲ့လိမ်ညာမှုကို ဖော်ထုတ်ဖို့က အရမ်းရိုးရှင်းပါတယ်။ ဆရာကြီးသွမ့်ကျန်းလုကို ဗီဒီယိုဖုန်းခေါ်လိုက်တာနဲ့ တန်းသိရလိမ့်မယ် "
ဖန်းရှောင်ကွန်း ခဏလောက်စဉ်းစားပြီးနောက် ချက်ချင်း ခေါင်းငြိမ့်လိုက်တယ်။
" ကောင်းပြီ ဆရာကြီးဆီကို အခုချက်ချင်း ဗီဒီယိုဖုန်းဆက်လိုက်မယ် "
သူက ပြောပြီးတာနဲ့ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" မင်း ခဏစောင့်၊ မင်းရဲ့ လိမ်ညာမှုကို ငါချက်ချင်း ဖော်ထုတ်ပြမယ် "
ထို့နောက် သူ့ဖုန်းကိုထုတ်ကာ ဗီဒီယိုဖုန်းခေါ်ဆိုလိုက်သည်။
ခဏအကြာတွင် ဖုန်းက ချိတ်ဆက်သွားခဲ့သည်။
သူက အမြန်ပြုံးပြပြီး စကားပြောလိုက်သည်။
ထိုအချိန်တွင် သူ့ဆရာသွမ့်ကျန်းလု၏ခေါင်းကို ဗီဒီယိုထဲတွင် တွေ့လိုက်ရသည်။
သူ့ခေါင်းကို ပတ်တီးများဖြင့် ဖုံးအုပ်ထားသည်။
မျက်လုံးနှစ်လုံးနှင့် ပါးစပ်သာ ပေါ်နေသည်။
သူ့ကြည့်ရတာ မာမီတစ်ယောက်လိုပါဘဲ။
ဖန်းရှောင်ကွန်းအံ့သြသွားသည်။
" ဆရာ၊ ဘာဖြစ်သွားတာလဲ "
သွမ့်ကျန်းလုက ခက်ခက်ခဲခဲ ပြုံးပြီး တရုတ်စကားဖြင့်ပြောသည်။
" ငါ ဒဏ်ရာရထားတယ် "
စကားပြောနေရင်းနဲ့ ဖုန်းကင်မရာကိုလှည့်လိုက်သည်။
ဖန်းရှောင်ကွန်းသည် သူ့ဆရာ၏ခြေထောက်ကို စင်ပေါ်တွင် ချိတ်ဆွဲထားရကြောင်း ချက်ချင်းမြင်လိုက်ရသည်။
အဲ့တာက သူ့ကို ပိုပြီး တုန်လှုပ်သွားစေသည်။
" ဆရာ၊ ဘယ်လိုလုပ်ပြီး ဒဏ်ရာရတာလဲ "
သွမ့်ကျန်းလုသည် ကင်မရာကို မျက်နှာဘက်သို့ ပြန်လှည့်ကာ သက်ပြင်းချလိုက်သည်။
" တရုတ်ပြည်မှာ အစွမ်းထက်ကျားတွေနဲ့ နဂါးတွေဝပ်နေတာဘဲ။ ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့ခဲ့ပေမယ့် သူ့ကို လျှော့တွက်လိုက်တာ ခြေထောက်ကျိုးသွားတယ်။ ဒီတစ်သက်မှာ ကိုယ်ခံပညာပြန်လေ့ကျင့်လို့ မရဘဲ အရမ်းခက်ခဲသွားမှာကိုတောင် ငါကြောက်နေရတယ် "
ဖန်းရှောင်ကွန်းသည် ငြိမ်သက်နေသော ယဲ့ဖန်ကို ပမြန်လှမ်းကြည့်လိုက်သည်။
" ဆရာ၊ အဲ့ဒီပညာရှင်က ....... သူ အသက်ဘယ်လောက်ရှိပြီလဲ "
သွမ့်ကျန်းလုသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာတွင် အရှက်နှင့် ဒေါသထွက်နေသည့်အမူအရာတို့က ပေါ်လာသည်။
" ဒါက ငါ့ဘဝမှာ အကြီးမားဆုံး အရှက်ရမှုပဲ။ အဲ့လူက အသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့အပြင် ကိုယ်ခံပညာကို လေ့ကျင့်တာ တစ်လတောင်မပြည့်သေးဘူးတဲ့ ......... "
ဖန်းရှောင်ကွန်းက သူ့တံတွေးကို မျိုချလိုက်ပြီး ယဲ့ဖန်ကို ချက်ချင်း ကင်မရာလှည့်ပြလိုက်သည်။
" ဆရာပြောခဲ့တဲ့လူက ........ သူ လား "
ယဲ့ဖန်က ချက်ချင်း လက်မြှောက်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
" သွမ့်လူအိုကြီး၊ ခင်ဗျားခြေထောက် အဆင်ပြေရဲ့လား "
ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော သွမ့်ကျန်းလုသည် ယဲ့ဖန်ကိုတွေ့လိုက်ရတဲ့အခါ တစ္ဆေမြင်လိုက်ရသလိုဖြစ်သွားသည်။
ကုတင်ပေါ်က လှိမ့်ထလိုက်သည်။
ခဏကြာတော့ သူ ထပ်ထပြန်သည်။
သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး သေသေချာချာကြည့်နေသည်။
" ဆ ...... ဆရာကြီးယဲ့၊ မင်း ...... မင်းဘာလို့ ငါ့တပည့်နဲ့အတူတူရှိနေတာလဲ။ မင်း ...... "
" မင်းသူတို့တွေအားလုံးကိုသတ်ချင်နေတာလား "
သူက ယဲ့ဖန်ကို တကယ်ကြီးကြောက်နေသည်ကို မြင်နိုင်သည်။
ယဲ့ဖန်က ပခုံးကိုတွန့်လိုက်သည်။
" ငါ့ကို စိန်ခေါ်ချင်တဲ့သူက ခင်ဗျားရဲ့တပည့်ပဲ။ ငါကတော့ သူ့ကို မသတ်ချင်ပါဘူး "
အဲ့တာကိုကြားတော့ သွမ့်ကျန်းလုလဲကျမတတ်နီးပါးဖြစ်သွားရသည်။
ကုတင်အစွန်းကို အမြန်ကိုင်ကာ သူ့တပည့်ကို ကြည့်လိုက်သည်။
" ကွန်း၊ မင်းကတကယ်မိုက်တာဘဲ။ မင်းက ..... ဆရာကြီးယဲ့ကို တောင်းပန်ပြီး မင်းအသက်ကို ချမ်းသာပေးဖို့ တောင်းဆိုလိုက်။ မြန်မြန် "
ဖန်းရှောင်ကွန်းသည် အံသြသွားသည်။
ဒီလူက သိုင်းပညာလောကမှာ ပြိုင်ဘက်ကင်းပြီး ဉာဏ်ပညာထက်မြက်တဲ့ သူ့ဆရာသခင်မှဟုတ်သေးရဲ့လား။
ဘာလို့ ကြည့်ရတာ .......
အရိုက်ခံရမှာကြောက်နေတဲ့ခွေးနဲ့တူနေရတာလဲ။
အပိုင်း ( ၃၁၅ )
လက်ဆောင်အထူကြီး
" ဘာကိုစောင့်နေတာလဲ။ မြန်မြန်လုပ်ပါ၊ မြန်မြန်သွားပြီး ဆရာကြီးကို တောင်းပန်လိုက် "
သွမ့်ကျန်းလုသည် သူ့တပည့်က တွေးငေးနေသေးသည်ကို မြင်လိုက်သဖြင့် အမြန်ဆဲဆိုလိုက်တော့သည်။
ဖန်းရှောင်ကွန်းသည် နောက်ဆုံးတွင် အသိပြန်ကပ်လာပြီး ယဲ့ဖန်ကို ရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် ကြည့်နေသည်။
" ယဲ့ဆရာကြီး၊ တောင်းပန်ပါတယ် "
တစ်ချိန်တည်းမှာဘဲ သူက ထိတ်လန့်ကြောက်ရွံ့နေတော့သည်။
အံ့သြစရာကောင်းစွာပင် ယဲ့ဖန်က တကယ်ကို သန်မာနေခဲ့သည်။
သူ့ဆရာ သွမ့်ကျန်းလုပင် ခြေထောက်ကျိုးပြီး သူ့ကို ထိတ်လန့်နေရသည်။
သူက ယဲ့ဖန်ကို အမှန်တကယ်ကြီး စိန်ခေါ်ခဲ့သေးသည်။
ကံကောင်းထောက်မစွာနဲ့ အတွင်းရေးမှူးလုက သူ့ကို အချိန်မီတားနိုင်ခဲ့သည်။
မဟုတ်ရင် သူက သူ့ဆရာရဲ့ ဆေးရုံအခန်းဖော် ဖြစ်သွားနိုင်သည်။
ဝမ်လင်းသည်လည်း ယဲ့ဖန်ကို ထိတ်လန့်စွာကြည့်နေသည်။
ယဲ့ဖန်၏ ကိုယ်ခံပညာက ဒီလောက်အစွမ်းထက်နေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။
ဂျပန်ကရာတေးဆရာကြီးတောင် ဆေးရုံကိုပို့ရတဲ့အထိ အရိုက်ခံလိုက်ရသည်။
ချန်းရွှမ်က ပိုလို့တောင် အံ့သြနေသည်။
ယဲ့ဖန်အကြောင်းကို သူမသိသည်။
သူ့မိသားစုက သိပ်အဆင်မပြေဘူးဆိုပေမယ့် သူ့ကိုယ်ပိုင်ကြိုးစားမှုကနေ ပိုင်ဆိုင်မှုအမြောက်အမြားကို ရရှိခဲ့သည်။
သူက စီးပွားရေးမှာ ထူးချွန်သူဟု ယူဆနိုင်သည်။
သို့သော် သူ့ကိုယ်ခံသိုင်းပညာကလည်း အစွမ်းထက်နေကြောင်း သူမ မသိခဲ့ပေ။
ဖန်းရှောင်ကွန်း၏ဆရာတောင် ခြေထောက်ကျိုးသွားရသည်။
သွမ့်ကျန်းလုက တရုတ်နိုင်ငံ ပြည်နယ် ၁၈ ခုက လူငယ်ပညာရှင် ၅၀ ကျော်ကို အနိုင်ယူခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား။
ယဲ့ဖန်ရဲ့အင်အားက အဲ့လိုအဆင့်ကိုတောင် ရောက်သွားပြီလား။
အတွင်းရေးမှူးလုကတော့ နောင်တရနေတော့သည်။
သူမက ဖန်းရှောင်ကွန်း မျက်နှာသာရရန်အတွက် သွမ့်ကျန်းလုအမည်ကို ပြောခဲ့တာဖြစ်သည်။
သို့ပေမဲ့ သွမ့်ကျန်းလုက ယဲ့ဖန်ကို ရှုံးနိမ့်ထားရသည်။
ထို့အပြင် အကြီးအကျယ်ကိုရှုံးနိမ့်ထားတာဖြစ်သည်။
ယဲ့ဖန်ကတော့ အဲ့တာကို စိတ်ထဲမထားပေ။ ဖန်းရှောင်ကွန်းကို အသာပြုံးပြပြီးတဲ့နောက် ဗီဒီယိုထဲမှ သွမ့်ကျန်းလုကို ကြည့်လိုက်သည်။
" သွမ့်လူအိုကြီး၊ အေးအေးဆေးဆေး အနားယူပြီး ပြန်ကျန်းမာလာပါစေ။ ပြန်ကောင်းလာတဲ့အခါ ခင်ဗျားဆီကို လာပြီး အကြံဉာဏ်တောင်းဦးမယ် "
" ဘာလဲ။ ဘာပြောလိုက်တာလဲ။ ဒီမှာ လိုင်းမကောင်းဘူး ဟေး ဟေး ဟေး ........ "
သွမ့်ကျန်းလု၏အမူအရာ ပြောင်းသွားပြီး သူက ချက်ချင်း အရူးကွက်နင်းကာဟန်ဆောင်လိုက်သည်။
ထို့နောက် ဖုန်းကိုချလိုက်သည်။
ယဲ့ဖန်သည် စကားပင်မပြောနိုင်ပေ။
သူက သွမ့်ကျန်းလုကို တကယ်ဘဲအကြံဉာဏ်တောင်းချင်တာဖြစ်သည်။
သွမ့်ကျန်းလုကို အနိုင်ယူခဲ့တာမှန်ပေမဲ့ အခွင့်အရေးအရ သူအနိုင်ရခဲ့တာဖြစ်ကြောင်း သူသာကောင်းကောင်းသိသည်။
ကိုယ်ခံပညာတတ်မြောက်မှုနှင့် ကိုယ်ခံပညာကို နားလည်မှုအရ သူနှင့် အဲ့ဒီအပိုင်းက ဝေးကွာနေသေးသည်။
မထင်မှတ်ပဲ ဒီတစ်ယောက်က ကြောက်တတ်တဲ့ငှက်တစ်ကောင်လိုဖြစ်သွားပြီး ချက်ချင်း ဖုန်းခေါ်တာကို ဖြတ်ချလိုက်သည်။
ထို့နောက် သီးသန့်အခန်းသည် တစ်ဖန်ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ဖန်းရှောင်ကွန်းက သူ့မျက်နှာတော်တော်ပျက်သွားသလို ခံစားလိုက်ရပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။
ဝမ်လင်း နှင့် ချန်းရွှမ်တို့ကလည်း ဘာပြောရမယ်မှန်းမသိပေ။
အတွင်းရေးမှူးလုက အဲ့တာကိုမြင်ပြီး ပြုံးလျက် အလျင်အမြန်ပြောလာသည်။
" ဒါက ဘယ်ခေတ်မလို့လဲ။ ရန်ဖြစ်ပြီး သတ်ဖြတ်တာက ရိုင်းစိုင်းတဲ့အကျင့်လေ။ ဒါကို ကျွန်မတို့ ဒုဥက္ကဌဖန်းက မြင်ပြီး သွမ့်ကျန်းလုဆီက ဆက်ပြီး မသင်ယူခဲ့ဘူး "
ထို့နောက် သူမက ငေးငိုင်နေသေးတဲ့ ဖန်းရှောင်ကွန်း အမြန်လှမ်းကန်လိုက်သည်။
ဖန်းရှောင်ကွန်းသည်လည်း ထိုအခါမှ တုံ့ပြန်လာနိုင်ခဲ့သည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ ကိုယ်ခံအားကောင်းဖို့ဘဲ ကိုယ်ခံပညာကိုလေ့ကျင့်တာ။ သတ်ဖြတ်ခြင်းတွေကိုတော့ လျစ်လျူရှုခဲ့တယ် "
ဝမ်လင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
" မှန်တယ်။ ဒီလူ့အဖွဲ့အစည်းမှာ သတ္တိရှိရုံနဲ့ အလုပ်မဖြစ်ဘူး။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုလည်း အသိမြှင့်တင်ဖို့ လိုသေးတယ်။ ဒါ မှန်ကန်တဲ့ နည်းလမ်းပဲ "
ချန်းရွှမ်က သူတို့ သုံးယောက်စကားကို ကြားလိုက်တာနဲ့ သူမ ချက်ချင်း စိတ်ရှုပ်သွားရသည်။
သူတို့ဘဲ ခုနက တိုက်ပွဲအနိုင်ရတာတွေကို ပြောနေတာမဟုတ်ဘူးလား။
သူ့ဆရာရဲ့တိုက်ပွဲအောင်မြင်မှုတွေကို ပြောတုန်းက ဖန်းရှောင်ကွန်းက ရွှင်မြူးနေပြီးတော့ ယဲ့ဖန်ကိုတောင် စိန်ခေါ်ခဲ့သေးသည်။
ဒါက သာမန်လူတစ်ယောက် သတ္တိရှိပြနေတာမဟုတ်ဘူးလား။
ခေါင်းစဉ်က ဘာလို့ အခုလိုပြောင်းသွားရတာလဲ။
ဒီလူတွေက ယဲ့ဖန်ကို ပစ်မှတ်ထားနေတာမှန်း သိသာပါသည်။
သူမက ယဲ့ဖန်ဘက်က ပြောပေးချင်သည်။
ထိုအချိန်မှာ ယဲ့ဖန်က သူမကို ခေါင်းခါပြလိုက်သည်။
ဝမ်လင်းနှင့် ဖန်းရှောင်ကွန်းတို့က သူ့ကို ပစ်မှတ်ထားနေကြမှန်း သိသာလှသည်။
ဘယ်လိုပဲ ငြင်းခုံရှင်းပြနေပါစေ စိတ်ပြောင်းဖို့က မဖြစ်နိုင်ပေ။
အဲ့လိုသာဆို စကားပြောဖို့အတွက်နဲ့ သူ့တံတွေးကို ဘာလို့ ဖြုန်းတီးနေရမှာလဲ။
ချန်းရွှမ်သည် ဘေးနားတွင်သာ ထိုင်ပြီး စိတ်ကောက်နေတော့သည်။
ဖန်းရှောင်ကွန်းသည် ထိုမြင်ကွင်းကိုမြင်သောအခါတွင် သူ့ကိုယ်သူ ဂုဏ်ယူနေပြန်သည်။
ယဲ့ဖန်ရဲ့ခွန်အားကြောင့် ဝမ်လင်းရဲ့အထင်အမြင်တွေ ပြောင်းလဲသွားမည်ကို အစက သူစိုးရိမ်နေခဲ့ရသည်။
ဒါပေမယ့် အခုချိန်မှာတော့ သူ့ဘာသာ အရမ်းစိုးရိမ်နေမိပုံရသည်။
ထိုအရာကိုတွေးပြီး သူကြိုတင်ပြင်ဆင်ထားတဲ့ သေတ္တာအကြီးကြီးကို စားပွဲပေါ် အမြန်တင်လိုက်သည်။
" အန်တီ ဒီနေ့က မွေးနေ့ဆိုတော့ ကျွန်တော်က ဘာလက်ဆောင်ပေးရမလဲမသိတာနဲ့ အန်တီက များသောအားဖြင့် ဝိုင်ဖြူသောက်ရတာ ကြိုက်တယ်လို့ ကြားထားလို့ ဝိုင်ပုလင်းနည်းနည်းပြင်ထားပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ "
ဝမ်လင်းက သူမကို လက်ဆောင်ပေးချင်ကြောင်း ပထမဆုံးကြားလိုက်တဲ့အခါ သူမ ချက်ချင်းငြင်းလိုက်ချင်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် သူမက ဖန်းရှောင်ကွန်းကို ကောင်းကောင်းမသိတဲ့အပြင် သူ့လက်ဆောင်ကိုလည်း အလျင်စလိုလက်မခံချင်ပေ။
သို့ပေမဲ့ ဖန်းရှောင်ကွန်းက သူမကို ဝိုင်ဖြူပေးမည့်ဟု သူမ ကြားသောအခါ ဝမ်လင်းသည် သူမ၏ပါးစပ်မှ ထွက်လာတော့မည့် စကားလုံးများကို ချက်ချင်းပြန်သိမ်းလိုက်တော့သည်။
သူမသည် အများအားဖြင့် အလုပ်နှင့် အလုပ်ရှုပ်နေပြီး အဲ့တာကြောင့် အားလပ်ချိန်ဝါသနာဟူ၍မရှိပေ။
အိမ်ပြန်ရောက်သောအခါ သူမဘာသာ ဝိုင်အချိုလေးအနည်းငယ်သာသောက်နေတတ်သည်။
အချိန်အတော်ကြာတဲ့အခါ သူမ ဝိုင်ဖြူသောက်သည့် အလေ့အထက တဖြည်းဖြည်း ပိုကြီးထွားလာခဲ့သည်။
သူမသည် စျေးကွက်ထဲက ဝိုင်ဖြူအားလုံးကို သောက်ဖူးပြီးဖြစ်သည်။
အခု သူမက ဝိုင်ပညာရှင်တစ်ဝက်လို့တောင် ပြောလို့ရသည်။
သာမာန် ဝိုင်ဖြူက သူ့မျက်လုံးထဲကို တကယ်မဝင်တော့ပေ။
ထိုအခိုက်အတန့်တွင် ဖန်းရှောင်ကွန်းက သေတ္တာထဲမှ ဝိုင်ဘူးအချို့ကို ထုတ်ယူလိုက်သည်။
ဘူးပေါ်တွင် သိပ်မလှသလို ခေတ်ဟောင်းဆန်သည့်တံဆိပ်တစ်ခု ရိုက်နှိပ်ထားသည်။
မောက်ထိုက် - ပြည်တွင်းအထူးထုတ်ကုန်။
ဝမ်လင်းသည် ထိုစကားလုံးများကိုမြင်သောအခါ သူမ အမြန်ထရပ်လိုက်သည်။
" ဒါက ...... "
သူမကို အဲ့လိုမြင်လိုက်ရတော့ ဖန်းရှောင်ကွန်းက ချက်ချင်း ယုံကြည်မှုပိုတိုးလာခဲ့သည်။
" အန်တီ၊ မင်းက ပညာရှိတစ်ယောက်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်။ ဒီဝိုင်ရဲ့ဇာစ်မြစ်ကို သိမယ်ထင်တယ် "
ဝမ်လင်း စကားမပြောနိုင်ပေ။
ဘေးမှာရပ်နေတဲ့ ချန်းရွှမ်က သူ့ကို လှောင်ပြောင်လိုက်သည်။
" ဒါက မောက်ထိုက်ပုလင်းနည်းနည်းပဲ မဟုတ်လား။ အဲ့တာက ဘာတွေကြီးကျယ်နေလို့လဲ "
တရုတ်နိုင်ငံတွင် မောက်ထိုက်ကို အဆင့်အမြင့်ဆုံး ဝိုင်ဖြူအဖြစ် သတ်မှတ်ထားသည်။
သို့သော် အဲ့တာက သာမန်အလုပ်သမားလူတန်းစားအတွက်သာဖြစ်သည်။
သူမတို့လို မိသားစုအတွက် ဝိုင်အကောင်းစားလို့ မယူဆနိုင်ပေ။
ဆန္ဒရှိရင် မောက်ထိုက်နဲ့တောင် နေ့တိုင်းရေချိုးလို့ရနိုင်သည်။
သို့သော် ဝမ်လင်းက သူမသမီး၏စကားကြားသောအခါတွင် ချက်ချင်း သူမကို အထင်သေးစွာ ကြည့်လိုက်သည်။
" ဒါက ရိုးရိုးမောက်ထိုက်မဟုတ်ဘူး။ '
ပြည်တွင်းအထူး' ဆိုတဲ့ စကားလုံးကို မတွေ့မိဘူးလား။ ဒီဝိုင်မျိုးက ဈေးကွက်မှာ တင်တဲ့ဟာမဟုတ်ဘူး "
ချန်းရွှမ်သည် အနည်းငယ် မယုံနိုင်ဘဲ ဆက်ငြင်းခုန်နေခဲ့သည်။
" ဒါဆိုရင် ပြည်တွင်းအထူးထုတ်ကုန်က ဘာဖြစ်လို့လဲ။ ပိုက်ဆံရှိရင်တောင် ဝယ်မရလို့လား "
ဖန်းရှောင်ကွန်းက ပြုံးလိုက်သည်။
" မှန်ပါတယ်။ ပိုက်ဆံရှိရင်တောင် ဒီလိုဝိုင်မျိုး မဝယ်နိုင်ဘူး "
“ဘာလို့လဲဆိုတော့ ဒါကပြည်တွင်းဌာနက အထူးစီစဉ်ထုတ်ပေးထားတာ။ အစည်းအဝေးတွေနဲ့ နိုင်ငံခြားဧည့်သည်တွေကို ကြိုဆိုဖို့အတွက်ဘဲ များသောအားဖြင့် သုံးတယ် "
" ထုပ်ပိုးမှုမှာရေးထားတဲ့အတိုင်း အထူးသီးသန့်ဖြစ်တာပေါ့ "
ဝမ်လင်းက ဆက်ပြောသည်။
" ဟုတ်တယ်၊ စုဆောင်းသူတစ်ချို့ကလည်း ဒီအထူးဝိုင်ကို စုဆောင်းကြတယ် "
" ဒါပေမယ့် ဒီဝိုင်တစ်ပုလင်းစီရဲ့ ဈေးနှုန်းက ယွမ် ၂၀၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး ဈေးနှုန်းက မြင့်တက်နေတုန်းဘဲ "
ချန်းရွှမ်သည် ထိုစကားကိုကြားသောအခါ သူမချက်ချင်း ပြောစရာစကားပျောက်သွားရသည်။
ဝိုင်တစ်ပုလင်းကို ယွမ် ၂၀၀,၀၀၀ လောက်ကျတယ်။
ဖန်းရှောင်ကွန်းက စုစုပေါင်း ပုလင်းလေးလုံး ပေးခဲ့တာဆိုတော့ ယွမ် ၈၀၀,၀၀၀ ကျော်ဘဲ။
ဒီလက်ဆောင်က များတယ်လို့တော့ ပြောလို့မရနိုင်ဘူး။
သူက တကယ်ကိုအများကြီးရင်းနှီးမြုပ်နှံထားပုံဘဲ။
အပိုင်း ( ၃၁၆ )
အချိန်မီလေး
" အထူးထုတ်ထားတဲ့ ဒီ မောက်ထိုက်ကို သက်တမ်း နှစ် ၂၀ ရှိတဲ့ မြေအောက်ဝိုင်နဲ့ ရောစပ်ထားတာ။ အရသာက နူးညံ့ပြီး အရမ်းမွှေးတယ်။ ဝိုင်စုဆောင်းတဲ့နေရာမှာ တစ်ကြိမ်လောက်သောက်ရလို့ ကံကောင်းလိုက်တာလို့တွေးနေတာ။ အဲ့မှတ်ဉာဏ်က ငါ့အတွက် အခုထိ ဆန်းသစ်နေဆဲဘဲ "
ဝမ်လင်းသည် ရှင်းပြနေရင်း သူမက အထူးထုတ်မောက်ထိုက်အရသာကို အလွန်သဘောကျနေသည်။ သူမ၏ မျက်လုံးတွင် တမ်းတခြင်းများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူမက ဖန်းရှောင်ကွန်းဆီသို့ လှည့်ကာ ပြောသည်။
" မင်းသာ သဘောတူမယ်ဆိုရင် ငါ ဒီဝိုင်တွေကို တစ်ပုလင်းကို ယွမ် ၂၅၀,၀၀၀ နဲ့ ဝယ်ဖို့ ဆန္ဒရှိတယ် "
ဖန်းရှောင်ကွန်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" အန်တီ၊ ကျွန်တော့်ကို ဘယ်လိုတွေးလိုက်တာလဲ။ ဒါက အန်တီ့အတွက် ကျွန်တော့်ရဲ့မွေးနေ့လက်ဆောင်ပါ။ ပိုက်ဆံဘယ်လိုလုပ်တောင်းရမှာလဲ "
ဝမ်လင်းသည် ချက်ချင်း ခေါင်းယမ်းလိုက်သည်။
" သာမန်လက်ဆောင်တစ်ခုဆိုရင်တော့ ငါလက်ခံမှာပါ။ ဒါပေမယ့် မင်းလက်ဆောင်က အရမ်းဈေးကြီးတယ်။ ငါ လက်မခံဝံ့ဘူး "
ဖန်းရှောင်ကွန်းက သူမကို ဘာကြောင့် ဒီလောက်စျေးကြီးတဲ့လက်ဆောင်ကို ပေးခဲ့တယ်ဆိုတာ သူမသိပါသည်။ တကယ်တော့ သူမသမီးကို လိုက်ဖို့ပဲ မဟုတ်လား။
သို့သော် သူမတွင် ကိုယ်ပိုင်မူများရှိသည်။ သူမသည် အခုအချိန်မှာ ဖန်းရှောင်ကွန်းကို အတော်လေးသဘောကျနေပေမဲ့ သူမသမီးကို မောက်ထိုက်ပုလင်းအနည်းငယ်အတွက်နဲ့ ရောင်းချမည်တော့မဟုတ်ပေ။
အချိန်က လူတစ်ယောက်ရဲ့ နှလုံးသားကို ထုတ်ဖော်ပေးလိမ့်မည်။ သူမ ဒီလူငယ်ကို ဆင်ခြင်ပြီး စောင့်ကြည့်ချင်သေးသည်။
ဖန်းရှောင်ကွန်းက သူမ ဘယ်လောက်ခေါင်းမာလဲဆိုတာကို မြင်လိုက်ရသောအခါတွင် သူလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းသာငြိမ့်ပြနိုင်ခဲ့သည်။
" အန်တီက ကျွန်တော့်ဆီက ဝယ်မယ်ဆိုရင်တောင် တစ်ပုလင်းကို ယွမ် ၂၀၀,၀၀၀ ဘဲပေးပါ။ ကျွန်တော်လည်း ဒီဈေးနဲ့ဘဲ တခြားသူဆီက ဝယ်ခဲ့တာပါ "
ဒီအထူးမောက်ထိုက်ထုတ်ကုန်အတွက် သီးသန့်စျေးကွက်မရှိသည်ကို ဝမ်လင်း ကောင်းကောင်းသိသည်။ ယွမ် ၂၀၀,၀၀၀ နဲ့ ဝယ်ခဲ့တယ်ဆိုတာ သေခိာပေါက်ပေမဲ့ တစ်ဖက်သူက ဒါကိုဝယ်ဖို့အတွက် အချိတ်အဆက်များစွာကို အသုံးပြုခဲ့ရမည်ဖြစ်သည်။
ပိုက်ဆံအပြင် ကျေးဇူးကြွေးပါတင်ခဲ့ရမှာဖြစ်သည်။
ပိုက်ဆံကပြန်ပေးဖို့လွယ်ပေမဲ့ ကျေးဇူးကြွေးကတော့ ပြန်ပေးဖို့ခက်လေသည်။
ထိုအချက်တွေကိုပါ ထည့်တွက်မယ်ဆိုလျှင် တစ်ပုလင်းကို ၃၀၀,၀၀၀ ပေးရင်တောင်မှ ဈေးတင်ရာမရောက်ပေ။
သို့ပေမဲ့ ဖန်းရှောင်ကွန်းက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သူမကို ပေးတာဖြစ်သည်။
သူမက ဆက်ပြီး တွက်ချက်နေမည်ဆိုပါက တစ်ဖက်သားကို မလေးစားရာရောက်လိမ့်မည်။
ဝမ်လင်းလည်း မတတ်နိုင်ဘဲ ခေါင်းငြိမ့်လိုက်တော့သည်။
" အဲ့တာဆို ငါက မင်းဆီကဘဲ အခွင့်ကောင်းယူလိုက်ရတော့မယ် "
အဲ့နောက် သူမက နေရာမှာတင်ဘဲ ဖန်းရှောင်ကွန်းကို ပိုက်ဆံလွှဲပေးလိုက်သည်။
ဝိုင် ၄ပုလင်းစာအတွက် ၈သိန်းကျသည်။
သာမန်အလုပ်သမားလူတန်းစားအတွက်ကတော့ ဝိုင် ၄ပုလင်းအတွက် ၈သိန်းဆိုတာက အတော်လေးများတဲ့ပမာဏဖြစ်သည်။
သို့ပေမဲ့ သူမလိုဝါရင့်စီးပွားရေးပညာရှင် ဝမ်လင်းလိုလူအတွက် ဒါက ဘာမှမဟုတ်ပေ။
ငွေလွှဲပြီးတဲ့နောက် သူမက ပျော်ရွှင်စွာနဲ့ ဝိုင်ဘူးကို ဟိုလှန်ဒီလှန်ကြည့်နေသည်။
သူမအတွက် ရတနာမြင်ရတာထက်တောင် ပိုပျော်စရာကောင်းနေသည်။
ထိုအချိန်မှာဘဲ ဖန်းရှောင်ကွန်းအပေါ်ထားတဲ့ သူမအမြင်က ပိုတိုးလာလေသည်။
သူ့ ဉာဏ်ပညာ၊ စွမ်းဆောင်ရည် ဒါမှမဟုတ် ကိစ္စတွေကို ကိုင်တွယ်ပုံအရ ဒီတစ်ယောက်က ယောကျ်ားတွေထဲက နဂါးဖြစ်သည်။
ဒီလိုလူလက်ထဲကို သူမသမီးကို အပ်ရမှာက စိတ်ချစရာတော့ကောင်းသည်။
ဖန်းရှောင်ကွန်းကလည်း ဝမ်လင်းသူ့အပေါ်ထားတဲ့သဘောထားကိုမြင်ပြီး ချန်းရွှမ်ကို ဂုဏ်ယူစွာကြည့်လိုက်သည်။
မင်း ငါ့ကို ဆက်တိုက်ငြင်းလည်း ဘာအရေးလဲ။
မင်းအမေကို ချွေးသိပ်နိုင်သရွေ့ မင်း ငါ့လက်ထဲက မလွတ်နိုင်ပါဘူး။
ချန်းရွှမ်စိတ်ပျက်နေပြီဖြစ်သည်။
သူမအမေက ဝိုင်ဖြူကြိုက်တယ်ဆိုတာကို သူ ဘယ်လိုသိပြီး အထူးဝိုင်တွေကို ယူလာလဲဆိုတာ သူမ မသိပေ။
ဒါက မကောင်းဘူး။
ယဲ့ဖန်ကိုလည်း ဝိုင်ဖြူအကြောင်းပြောထားတာ။
ဒီထက်ပိုကောင်းတဲ့ဝိုင်ဖြူ သူ့ဆီမှာ ပါမလာလောက်ဘူး။
တကယ်တော့ မောက်ထိုက်ဟာ တရုတ်ပြည်ရဲ့ ထိပ်တန်းဝိုင်ဖြူအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။
အထူးထုတ်ထားသော မောက်ထိုက်က အကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်သည်။
ယဲ့ဖန်မှာ မယုံနိုင်လောက်စရာကောင်းတဲ့အရည်အချင်းတွေရှိနေရင်တောင်မှ ဒီ့ထက်ပိုကောင်းတဲ့ဝိုင်ကို ရှာမတွေ့နိုင်ပေ။
သူမအမေ၏ စိတ်လှုပ်ရှားနေသော အကြည့်ကို ကြည့်လိုက်သည်။
သူမအမေက ဖန်းရှောင်ကွန်းကို စောင့်ကြည့်ဖို့အတွက် အဓိကလူအဖြစ် မှတ်ယူထားပြီးသား ဖြစ်နေပုံရသည်။ သူမ ရုတ်တရက် စိတ်ပူနေပြီး ဘာလုပ်ရမှန်းမသိတော့ပေ။
ထို့နောက် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မင်းက ရွှမ်ရွှမ်ရဲ့ ချစ်သူလို့ ပြောတော့ မင်းမှာ အန်တီ့အတွက်မွေးနေ့လက်ဆောင် ပြင်ဆင်ထားတယ် မဟုတ်လား "
ယဲ့ဖန်က အနက်ရောင်ပလတ်စတစ်အိတ်ကို ကိုင်ထားသည်ကို သူမြင်လိုက်ရသည်။
ဝမ်လင်းအတွက် မွေးနေ့လက်ဆောင်ဖြစ်မယ်ထင်သည်။
အထဲမှာ ဘာရှိလဲ မသိပေမယ့် ဝမ်လင်းက သူပြင်ဆင်ထားတဲ့ လက်ဆောင်ထက် ပိုသဘောကျမှာ မဟုတ်ပေ။
ဝမ်လင်းသည် ဝိုင်ဖြူကို အလွန်နှစ်သက်သည်။
ဝိုင်ဖြူကလွဲလို့ ကျောက်စိမ်းတွေ၊ စိန်တွေ၊ ဇိမ်ခံကားတွေ ဒါမှမဟုတ် အိမ်ကြီးတွေကို ပေးရင်တောင် သူမကကျေးဇူးတင်မှာမဟုတ်ပေ။
ပြီးတော့ သူက သူမကို အကောင်းဆုံး ဝိုင်ဖြူ ပေးပြီးသားဖြစ်တော့ ယဲ့ဖန်က သူမကို ဘယ်လို လက်ဆောင်ကောင်းတွေ ပေးနိုင်မှာမလို့လဲ။
ဖန်းရှောင်ကွန်းက အဲ့တာကို တွေးမိတာကြောင့် တမင်မေးလိုက်တာဖြစ်သည်။
သူ့ကိုဒေါသဆွနေတာကို ရင်ဆိုင်ရင်း ယဲ့ဖန်က အနက်ရောင်ပလပ်စတစ်အိတ်ကို စားပွဲပေါ် အေးအေးဆေးဆေးချထားလိုက်သည်။
" အန်တီက ဝိုင်ဖြူသောက်ရတာကြိုက်တယ်လို့ ရွှမ်ရွှမ်ဆီကကြားထားလို့ အန်တီ့အတွက် ဝိုင်တစ်ပုလင်း ပြင်ထားတယ် "
သူ့စကားကြားတော့ ဝမ်လင်းက ဘာမှမပြောပေမဲ့ ဖန်းရှောင်ကွန်းက မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
" အတွေးတူနေတဲ့ပုံဘဲ။ မင်းက ဘာဝိုင်တွေပေးမလဲဆိုတာ ငါသိချင်တယ်။ အန်တီ မြင်အောင် မြန်မြန်ထုတ်လိုက်ပါ "
ချန်းရွှမ်က အမြန်ခေါင်းငုံ့လိုက်သည်။
သူမ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
ဖန်းရှောင်ကွန်းက သူမအမေကို မောက်ထိုက်လက်ဆောင်ပေးမယ်ဆိုတာ သူမသိခဲ့ရင် ယဲ့ဖန်ကို အခြားလက်ဆောင်ပေးခိုင်းမှာ သေချာသည်။
သူမအမေကို ကျေနပ်အောင်မစွမ်းဆောင်နိုင်ပေမယ့် အနည်းဆုံးတော့ သူ့ကိုယ်သူ အရှက်ခွဲမိမှာ မဟုတ်ပေ။
အခုအခါတွင်တော့ ဖန်းရှောင်ကွန်းပေးသည့် ထိပ်တန်းဝိုင်ဖြူက စုစုပေါင်း ယွမ် ၈၀၀,၀၀၀ တန်ကြေးရှိသွားပြီဖြစ်သည်။
ယဲ့ဖန်က သူမကို ဝိုင်ဖြူပေးတာက ပြီးပြည့်စုံတဲ့ အခွင့်အရေးဖြစ်သည်။
ဒါကို ဝမ်လင်းကြားတော့ သူမခေါင်းခါလိုက်မိသည်။
အမှန်တိုင်းပြောရရင် ........ ယဲ့ဖန်သည် ချောမောပြီး အရပ်ရှည်သည်။
သူမသမီးက သူ့ကို သဘောကျနေသည်။
သူ့မိသားစုနောက်ခံနဲ့ ပညာရေးနောက်ခံက နည်းနည်းညံ့ပေမယ့် ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပေ။
ဖန်းရှောင်ကွန်းနှင့် နှိုင်းယှဥ်မှု မလုပ်ခဲ့ဘူးဆိုရင် သူမ သဘောတူကောင်းတူမိနိုင်သည်။
သို့ပေမဲ့ ဖန်းရှောင်ကွန်းက ထိုနေရာတွင်ရှိနေသည်။
နှစ်ယောက်ကို ယှဉ်ကြည့်ပါက ......
ဒီလူငယ်လေးမှာ ကောင်းတဲ့အချက်တွေ သိပ်မရှိခဲ့ပါပေ။
သူမကို မွေးနေ့လက်ဆောင်ပေးရာမှာလည်း အတော်ကွာခြားနေသည်။
အဲ့လိုသူမ တွေးပေမဲ့ ပြုံးနေတဲ့လူကိုတော့ မရိုက်ချင်ပေ။
ဘယ်လိုဘဲဖြစ်ဖြစ် ဒါက ယဲ့ဖန်၏ကြင်နာတဲ့ အမူအရာဖြစ်သည်။ ဝမ်လင်းက အနက်ရောင် ပလတ်စတစ်အိတ်ကို ချက်ချင်းယူလိုက်သည်။
" ကျေးဇူးဘဲ "
အဲ့လိုပြောပြီးတာနဲ့ ကြည့်တောင်မကြည့်ဘဲ ဘေးဖယ်ထားဖို့ လုပ်လိုက်သည်။
ယဲ့ဖန်အံ့သြသွားရသည်။
" အန်တီ၊ အဲဒါကို ဖွင့်ပြီး မကြည့်ဘူးလား "
ဝမ်လင်းက သူ့ကို မော့ကြည့်လိုက်သည်။
" အဲဒါ လိုအပ်လို့လား "
သူမ မျက်နှာပေးလိုက်တာကို သူ မပြောနိုင်ဘူးလား။
ချန်းရွှမ်ကလည်း သူ့ကို စိတ်ထဲမှ အပြစ်တင်နေသည်။
ယဲ့ဖန်က ဒါကိုမပြောဘူးဆိုရင် ဒီကိစ္စက ပြီးသွားမှာဖြစ်သည်။
ဒါပေမဲ့ ဒီလူက သူ့အတွက် ဘာကောင်းလဲဆိုတာကို သိပုံမရပေ။
သူ့ကိုယ်သူ အရှက်ကွဲဖို့လုပ်နေသည်။
ဖန်းရှောင်ကွန်းက ရယ်မောလိုက်သည်။
" အန်တီ၊ သူက ဒီလိုပြောပြီးနေမှတော့ ဘာလို့ လူတိုင်းရှေ့မှာ ဖွင့်ပြီး သူပေးတာက ဘယ်လို ရတနာအမျိုးအစားလဲဆိုတာ ကြည့်လိုက်အောင်လဲ "
ဝမ်လင်းသည် မတတ်နိုင်ဘဲ အနက်ရောင်ပလပ်စတစ်အိတ်ကိုသာ ပြန်ယူလိုက်သည်။
ထို့နောက် သူမ ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။
ထို့နောက် ချက်ချင်းပင် လူတိုင်းရှေ့တွင်သပ်သပ်ရပ်ရပ်မဟုတ်ဘဲထုပ်ပိုးထားတဲ့ တူညီတဲ့ဝိုင်ပုလင်းကို သူတို့တွေ့လိုက်ရသည်။
မောက်ထိုက် .......
ထပ်ပြီး မောက်ထိုက်ဘဲလား