အပိုင်း ၃၃၃-၃၃၆
Vol. 17 Ch. 333-336
အပိုင်း ( ၃၃၃ )
အပြင်မှာ လုံးဝမမြင်ဖူးခဲ့တဲ့ကား
" နတ်ဘုရားချူး၊ ဘာဖြစ်တာလဲ "
ထိုတစ်ချိန်တည်းတွင် Crab Bay ပြိုင်လမ်းကြောင်း၏အဝင်ဝရှိ နေရာလွတ်တွင် ပြုပြင်ထားသောကားများစွာကို ရပ်ထားသည်။
ကျုံးဟိုင်၏နာမည်ကြီးပြိုင်ကားသမားများအားလုံးက ထိုနေရာတွင်စုဝေးနေခဲ့ကြသည်။
ဒီလူအုပ်ကြားတွင် အဖြူရောင်ပြိုင်ကားဝတ်စုံ၀တ်ထားသော မိန်းမလှလေးတစ်ယောက်ရှိနေသည်။
ထိုအမျိုးသမီးက အတော်လေးကြည့်ကောင်းသည်။
ထို့အပြင် သူမအလှက သဘာဝဆန်သည်။
သူမ အကြည့်တွေရွေ့လျားနေသည်နှင့်အမျှ သူမ၏သူရဲကောင်းဆန်တဲ့ စိတ်ထားကို ဖော်ပြနေသည်။
သူမသည် အလွန်အရပ်ရှည်ပြီး ၅ပေ ၇လက်မခန့်ရှိသည်။
သူမ၏ဆံပင်ရှည်များက လေတိုက်ခတ်မှုကြောင့် လွင့်နေသည်။
ဖော်ပြ၍မရသော ဆွဲဆောင်မှုက ပေါ်လွင်နေသည်။
ကျန်တဲ့လူအုပ်စုက သူမကို သူတို့ရဲ့အဓိကအရေးပါတဲ့လူအဖြစ် သဘောထားမှန်း သိသာသည်။
သူမ၏ မြင့်မြတ်သောအဆင့်အတန်းကြောင့် မဟုတ်ရင် သူမ အရမ်းချမ်းသာနေခြင်းကြောင့် သူတို့က ခေါင်းငုံ့ခံနေခြင်းမဟုတ်ဘဲ သူမ၏ရက်စက်ကြမ်းတမ်းသောပြိုင်ကားမောင်းသည့် အရည်အချင်းကြောင့်ဖြစ်သည်။
ထိုအမျိုးသမီးနာမည်က ချူးမင်းဖြစ်သည်။
ယဲ့ဖန်ရှာနေတဲ့ ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏အဓိကရှယ်ယာရှင်ဖြစ်သည်။
Crab Bay တွင် သူမကို 'နတ်ဘုရားမချူး' ဟုခေါ်ကြသည်။
ဘာဖြစ်တာလဲဟု တစ်ယောက်ယောက်က မေးလိုက်သည်။
ထိုအခါမှ ချူးမင်းက အာရုံပြန်ကပ်လာသည်။
" အားစန်းပြောတာ တစ်ယောက်ယောက်က ဖောက်ဝင်လာတယ်တဲ့ "
လူတိုင်း တုန်လှုပ်သွားကြသည်။
" လာနောက်နေတာလား။ ဒီနေ့ ပြိုင်ပွဲရှိလို့ ကြိုပြီးလမ်းပိတ်ထားတာကို ဘယ်သူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ "
" ဟုတ်တယ် အခုပဲ သွားကြည့်လာတာ လမ်းလယ်ခေါင်မှာ ကားတွေပိတ်ရပ်ထားတာ။ ဘယ်ကားမှ ဖြတ်လာဖို့ မဖြစ်နိုင်ဘူး "
" ပျံလာတာမဟုတ်ရင် မဖြစ်နိုင်ဘူး "
" သူတို့ကအခြေအနေကို လိမ်နေတာလား "
ချူးမင်း ခေါင်းခါလိုက်သည်။
" အဲ့ဒီလူက ကားကို ဘေးတိုက် ဘီးနှစ်ဘီးထောင်စောင်းပြီးတော့ ကားနှစ်စီးအလယ်ကနေ ဖြတ်လာတာလို့ အားစန်းနဲ့တခြားသူတွေဆီက ကြားထားတယ် "
အားလုံးက ရှင်းပြချက်ကို ကြားလိုက်တဲ့အခါ သူတို့ရဲ့အမူအရာတွေက ပိုလို့တောင် တုန်လှုပ်သွားကြတော့သည်။
ဒီလိုနည်းပညာမျိုးက တကယ်ကို အံ့သြစရာကောင်းသည်။
" နတ်ဘုရားချူး၊ ငါတို့ သူကို ထပ်သွားတားစေချင်လား "
တစ်ယောက်ယောက်က ချက်ချင်း အကြံပေးလိုက်သည်။
ချူးမင်း ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
" မလိုပါဘူး။ ဝင်လာချင်တယ်ဆို ဝင်ခွင့်ပေးလိုက်တာပေါ့။ သူ့နောက်ခံက ဘယ်လိုလဲဆိုတာ ကြည့်ရအောင် "
လူတိုင်းက ပြောနေချိန်မှာဘဲ ..... ရုတ်တရက် အင်ဂျင်စက်ဟောက်သံကို ကြားလိုက်ရသည်။
သူတို့ လှည့်ကြည့်လိုက်တဲ့အခါ မီးနီပုံရိပ်တစ်ခုက အရှိန်ပြင်းပြင်းနဲ့ သူတို့ဆီ လာနေတာကို တွေ့လိုက်ရသည်။
နောက်စက္ကန့်ပိုင်းအတွင်းမှာဘဲ ကားက သူတို့ရှေမှာ ရပ်သွားခဲ့သည်။
အရမ်းမိုက်တဲ့ Lykan စူပါပြိုင်ကားဖြစ်သည်။
အားလုံးက တစ်ယောက်ကို တစ်ယောက် ထိတ်လန့်တကြားကြည့်လိုက်ကြသည်။
" ဒီကားက အရမ်းမိုက်တာဘဲ။ ဒါဟာ ငါမြင်ဖူးသမျှထဲ အလန်းဆုံးပြိုင်ကားတစ်စီးဘဲ "
" ဒီကားက ဟိုဒဏ္ဍာရီလာ Lykan ကားမလား။ အရင်က ရုပ်ရှင်ထဲမှာဘဲ မြင်ဖူးတာ။ အပြင်မှာ ဒါပထမဆုံးအကြိမ်မြင်ဖူးတာဘဲ "
" ကမ္ဘာပေါ်မှာ ဒီကားက ခုနစ်စီးပဲရှိတာလို့ ကြားဖူးတယ်။ စျေးက သန်း ၆၀ ကနေ ၇၀ လောက်ထိတောင်ရှိတယ်တဲ့ "
" သူက ဒီကားနဲ့ ပြိုင်ချင်တာလား။ သူရူးများနေသလား။ နည်းနည်းလေးခြစ်မိသွားရင်တောင် ဘယ်လိုလုပ်မလဲ။ သေမလိုနာကျင်ရမှာမဟုတ်ဘူးလား "
" ချမ်းသာတဲ့သူတွေရဲ့ဦးနှောက်ပတ်လမ်းကြောင်းက တကယ်ကို ထူးဆန်းလွန်းတယ် "
တစ်ချိန်တည်းမှာဘဲ Lykan စူပါကားထဲတွင် ချန်းရွှမ်က ကြောက်လွန်းလို့ သူမ မျက်နှာက သွေးမရှိသလို ဖြူဖျော့နေသည်။
သူမ၏ခန္ဓာကိုယ်က အနည်းငယ်ပင် တုန်ယင်နေသေးသည်။
ဒီလို အမြန်ကားမောင်းတာမျိုး တစ်ခါမှ မစီးဖူးပေ။
ကားက ပျံတက်သွားသလိုမျိုး ခံစားရတဲ့အချိန်တွေလည်းရှိသည်။
သို့ပေမဲ့ အံ့သြစရာကောင်းတာက သူမ ဒီစိတ်လှုပ်ရှားဖွယ်ခံစားချက်ကို ဖြည်းဖြည်းချင်း နှစ်ခြိုက်လာခြင်းဖြစ်သည်။
တံခါးကိုတွန်းဖွင့်ပြီး ကားပေါ်မှ ဆင်းလာတဲ့အခါ ယဲ့ဖန်၏နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ်အပေါ်သို့ ကွေးတက်သွားသည်။
ချူးမင်းက Lykan စူပါပြိုင်ကားကို စိုက်ကြည့်နေသည်။
ယဲ့ဖန် ဆင်းလာသည်ကို မြင်လိုက်ရတဲ့အခါ သူမ၏ မျက်လုံးများတွင် အံ့အားသင့်နေတဲ့အကြည့်တစ်ချက်ထွက်ပေါ်လာသည်။
ကားမောင်းသူက ဒီလောက်ချောနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
သို့သော် သူမသည် ခဏသာ စိတ်ရှုပ်သွားပြီး ချက်ချင်းအသိပြန်ကပ်လာခဲ့သည်။
" ဒီကမိတ်ဆွေ၊ ရှင်ဘာလို့ ပိတ်ထားတာကို အတင်းဖြတ်ဝင်လာတာလဲ "
ယဲ့ဖန်သည် သူမရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
" Crab Bay မှာ ပြိုင်ကားမောင်းတာတော်တဲ့ နတ်ဘုရားမရှိတယ်လို့ ကြားထားတာကြောင့် သူမကို စိန်ခေါ်ချင်လို့ လာတာ "
ချူးမင်းသည် ထိုစကားကိုကြားသောအခါ သူမ၏ ပါးစပ်ထောင့်က အနည်းငယ်ကွေးတက်သွားသည်။
" ရှင်က ကျွန်မကို စိန်ခေါ်ချင်တာလား။ ရှင်က ကျွမ်းရော ကျွမ်းကျင်ရဲ့လား "
ယဲ့ဖန်က သူမကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
" အရည်အချင်းကတော့ ပျမ်းမျှလောက်ပါပဲ။ ဒါပေမယ့် မင်းနဲ့ ပြိုင်ဖို့ကတော့ လုံလောက်တာထက် ပိုမယ်ထင်တယ် …. "
ချူးမင်းက ရယ်မောလိုက်သည်။
" ကျွန်မ အရှေ့မှာ ဒီလိုလေလုံးကြီးပြီး ကြွားလုံးထုတ်ခဲ့တဲ့သူတွေ ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကိုတောင် မေ့တောင်နေပြီ။ အဲ့လူတွေ အကုန် ရှုံးကြတာချည်းဘဲ "
ယဲ့ဖန်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။
" တစ်ဖက်က အရမ်းအားနည်းတာနဲ့ မင်းက သန်မာတယ်လို့ မဆိုလိုဘူး "
ချူးမင်း ဒေါသအရမ်းထွက်ပေမဲ့ ရယ်မောလိုက်သည်။
" ကောင်းပြီ၊ ရှင့်ရဲ့ စိန်ခေါ်မှုကို ကျွန်မလက်ခံတယ်။ ဒါပေမယ့် ရှင် ဒီမှာတန်းစီနေတဲ့သူတွေရဲ့ အနောက်ကို အရင်သွားရမယ်။ သူတို့တွေနဲ့ ပြိုင်ပြီးရင် ရှင့်နဲ့ ပြိုင်ပေးမယ် "
ယဲ့ဖန်သည် လှည့်ပြီး သူ့နောက်က လူအုပ်စုကို ကြည့်လိုက်သည်။
" မင်းက ဘယ်သူနဲ့ ပြိုင်ချင်တာလဲ "
အသက်သုံးဆယ်ရှိတဲ့ ယောက်ျားတစ်ယောက်က ရှေ့သို့ ရောက်လာသည်။
" သူမက ငါနဲ့ပြိုင်မှာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ငါတို့ ချိန်းထားတာ "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။
" မင်းရဲ့ကားက ဘယ်ကားလဲ "
အဲ့ဒီလူက သူ့နောက်က ပြုပြင်ထားတဲ့ Subaru SUV ကို ညွှန်ပြလိုက်သည်။
" အဲ့တာဘဲ။ ဘာလို့လဲ "
ယဲ့ဖန်က တခြားဘာမှ မပြောပေ။
သူသည် မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။
ထို့နောက် လူတိုင်း၏ မျက်လုံးရှေ့မှာတင် သူက ကားရှေ့သို့ လျှောက်သွားသည်။
ပေါက်ကွဲသံနှင့်အတူ ရှေ့လေကာမှန်က ချက်ချင်း ကွဲသွားခဲ့သည်။
ထိုလူက ချက်ချင်းပင် ဒေါသထွက်လာသည်။
" ဟိတ်ကောင်၊ မင်း ဘာလုပ်တာလဲ "
" တောင်းပန်ပါတယ် ညီအစ်ကို။ ဒီကားအတွက် မူရင်းဈေးအတိုင်း ပြန်လျော်ပေးမယ်။ သွားနားပြီး အေးအေးဆေးဆေး နေလိုက်တော့ "
ယဲ့ဖန်က ချူးမင်းဆီကို လျှောက်လာသည်။
" သူက အခု မပြိုင်နိုင်တော့ဘူး။ မင်း ကိုယ်နဲ့ ပြိင်လို့ ရပြီလား "
ချူးမင်း ဆွံ့အသွားရသည်။
ဒီလူက တကယ်ကို သည်းမခံနိုင်တာဘဲ။
ပြိုင်ချင်နေမှတော့ ပြိုင်ပေးလိုက်တာပေါ့။
တခြားတစ်ယောက်ရဲ့ ကားကိုတောင် ခွဲရဲတဲ့သတ္တိရှိတာဘဲမလား။
" ဒါဆို ပြိုင်ကြတာပေါ့။ မင်းက အရည်အချင်းပြည့်မီပြီးတော့ ကျွန်မကို စိတ်ပျက်မပျက်စေတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်ဖို့တော့ မျှော်လင့်ပါတယ် "
ထိုသို့ပြောပြီးနောက် သူမက ချက်ချင်း ဦးထုပ်ဆောင်းကာ မွမ်းမံထားသော golf car ထဲသို့ ဝင်သွားခဲ့သည်။
ယဲ့ဖန်က သူမ၏ လျင်မြန်ပြီး ပြတ်သားသော ကိုယ်ရည်ကိုယ်သွေးကို သဘောကျနေသည်။
လုံးဝကို နှေးကွေးမနေပေ။
သူလည်း ချက်ချင်း လှည့်ကာ ကားပေါ်သို့ ပြန်တက်ခဲ့သည်။
ကားနှစ်စီးစလုံးက တူညီတဲ့ အစမျဉ်းဆီသို့ မောင်းနှင်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ကြတော့သည်။
" ဒီပွဲကို ဘယ်လိုထင်လဲ။ ဒီကလေး အောင်မြင်မယ့် အခွင့်အရေး ဘယ်လောက် ရှိမယ်ထင်လဲ "
" ဘာကို နိုင်ဖို့အခွင့်အရေးလဲ။ ငါ့အမြင်အရတော့ နိုင်ဖို့ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ ငါတို့အားလုံး နတ်ဘုရားမချူးရဲ့ အရည်အချင်းတွေကို မြင်ပြီးသားဘဲ။ ဘယ်သူကများ သူမကို ဘယ်လိုလုပ်ပြီး စိန်ခေါ်ရဲမှာလဲ "
" ဟုတ်တယ်။ ဒီကောင်လေးကို ကျုံးဟိုင်မှာ တစ်ခါမှမတွေ့ဖူးဘူး။ သူ ဘယ်နေရာကနေ ထွက်လာမှန်းတောင် မသိဘူး "
" သူက ချမ်းသာတဲ့ အမွေဆက်ခံသူတစ်ယောက် ဖြစ်နိုင်တယ်။ ဒီပြိုင်ပွဲကို လာတယ်ဆိုတာ အကြောင်းပြချက်တစ်ခုဘဲ။ တကယ်တော့ သူက နတ်ဘုရားချူးကို ချိန်ဖို့ ဒီအခွင့်အရေးကို သုံးချင်နေတာပဲ၊ မဟုတ်လား။ ဘယ်လိုဘဲဖြစ်ဖြစ် နတ်ဘုရားချူးက အရမ်းလှတဲ့သူဘဲလေ "
" အိပ်မက်မက်နေတာလား။ နတ်ဘုရားမချူးက ဒီလိုကောင်လေးကို စိတ်ဝင်စားမယ် ထင်လား "
" စောင့်ကြည့်နေလိုက်။နတ်ဘုရားမချူးက သူ့ကို အနိုင်ယူနိုင်မှာ သေချာတယ် "
" စကားပြောတာကို ရပ်လိုက်တော့။ ပြိုင်ပွဲစတော့မယ် "
" ................ "
အပိုင်း ( ၃၃၄ )
အနိုင်ဖို့အတွက်နဲ့ ကိုယ့်အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလား
" သုံး "
" နှစ် "
" တစ် "
" ပြိုင်ပွဲ စ "
ထိုအသံနဲ့အတူ Lykan စူပါပြိုင်ကားနဲ့ ပြုပြင်ထားသော golf car တို့က ကျည်ဆန်လိုအသွင်နဲ့ မောင်းထွက်သွားကြသည်။
သို့ပေမဲ့ ယဲ့ဖန်၏ Lykan ကားသည် ပရော်ဖက်ရှင်နယ်ပြိုင်ကားမဟုတ်ပေ။
အစပိုင်းတွင် သူ့ ကားက ချူးမင်၏ golf car ထက် များစွာနှေးကွေးခဲ့သည်။
ချက်ချင်း နောက်မှာကျန်ခဲ့တော့သည်။
" ဟားဟား၊ ဒီကလေးက အရှက်ကွဲဖို့ တောင်းဆိုနေမှန်း ငါသိတယ်။ သူက နတ်ဘုရားမချူးကို ဘယ်လိုလုပ်ပြီး တစ်ယောက်ချင်းယှဉ်ရတဲ့ သတ္တိရှိမှာလဲ။ သူက သေဖို့ တောင်းဆိုနေတာ "
" သူ့ကားက အားနည်းချက်ရှိတယ်။ နတ်ဘုရားမချူးရဲ့ ကားကို ကျွမ်းကျင်တဲ့သူက ပြုပြင်ပေးထားတာ။ ကုန်ကြမ်းတင် ၆ သန်းကနေ ၇ သန်းလောက်ကုန်တယ် "
" မပြင်ထားဘူးဆိုရင်တောင် နတ်ဘုရားမချူးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ နတ်ဘုရားမချူးရဲ့ ကျွမ်းကျင်မှုတွေက နိုင်ငံတကာပြိုင်ပွဲတွေမှာတောင် သေချာပေါက် ပါနိုင်တယ်။ သူမက မသွားချင်လို့သာ "
" ဒီကလေးက အစကတည်းက နောက်ကောက်ကျန်နေတာ။ ကျော်တက်ဖို့ အခွင့်အရေး မရှာနိုင်ရင် ဒီပွဲကို ရှုံးမှာ သေချာပေါက်ဘဲ "
" နတ်ဘုရားမချူးက အရမ်းကြင်နာတယ်။ သူနဲ့ အလောင်းအစားကိုတောင် မဆွေးနွေးဘူး။ နိုင်ရင် သူ့ကားကို တောင်းသင့်တယ် "
" ဒီကားက ယွမ် သန်း ၆၀ ကနေ သန်း ၇၀ လောက်ရှိတယ်။ အဲ့တာသာ လောင်းရင် အဲ့ကလေးရူးသွားလိမ့်မယ် "
" ဒါဆိုလည်း အနည်းဆုံးတော့ တခြားတစ်ခုခုကို နိုင်ကြေးလိုက်ရမယ်။ ဒီကလေးကို သင်ခန်းစာပေးသင့်တယ် "
" စကားပြောတာကို ရပ်လိုက်တော့။ သူတို့က ပထမအကွေ့ကို ရောက်ခါနီးနေပြီ "
သူတို့က ပွဲစဉ်တစ်ခုလုံးကို ရိုက်ကူးရန် ဒရုန်းများကို အသုံးပြုခဲ့သည်။
ထို့ကြောင့် သူတို့က အချိန်နှင့်တစ်ပြေးညီ ပုံရိပ်ကို မြင်နိုင်သည်။
ထိုအချိန်တွင် ချူးမင်းနှင့် ယဲ့ဖန်တို့သည် ပထမအကွေ့သို့ ရောက်လာကြတော့သည်။
ထိုအကွေ့ ၉၀ဒီဂရီ ကွေးဖြစ်သည်။
သိပ်တော့မခက်ခဲပေ။
ချူးမင်းသည် golf car ကို မောင်းကာ လှပဒရစ်ဆွဲပြီး( drift ) ကွေ့လိုက်သည်။
သူမသည် အကွေ့အကောက်ကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့သည်။
လူတိုင်းသည် သူမ၏ အမျိုးမျိုးသော နတ်ဘုရားဆန်တဲ့ လှုပ်ရှားမှုတွေကို မြင်သားကျနေပြီဖြစ်သည်။
ထို့ကြောင့် သူတို့ မအံ့သြခဲ့ကြပေ။
ကြိုကြားကြိုကြား အာမေဋိတ် အနည်းငယ်သာ ထွက်လာသည်။
ဒါပေမယ့် ယဲ့ဖန်လုပ်လိုက်တဲ့ နောက်ဆက်တွဲလုပ်ရပ်က သူတို့ကို ထိတ်လန့်စေခဲ့သည်။
သူက ကွေ့တဲ့အခါ အရှိန်မလျှော့ပေ။
ဒါပေမယ့် သူက ချူးမင်းလို ဒရစ်တော့ မဆွဲပေ။
ဒီအစား သူက ဖြတ်ခနဲ ကွေ့လိုက်တာကြောင့် ကားက အရှိန်ပြင်းပြီး ဘေးကိုစောင်းတက်သွားသည်။
ဘယ်ဘက်ရှိ ဘီးနှစ်ဘီးက လေထဲတွင် မြောက်တက်သွားတော့သည်။
ကားက လန်ကျတော့မည်ဖြစ်သည်။
လမ်းနှစ်ဘက်စလုံးတွင် ချောက်ကမ်းပါးတွေရှိတယ်ဆိုတာ သူ မသိတာလား။
ပြုတ်ကျပြီးတာနဲ့ ကားက ပျက်စီးပြီး လူသေနိုင်ခြေမြင့်သည်။
ဒါက Crab Bay မှ အရမ်းကြောက်စရာကောင်းတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
အများအားဖြင့်တော့ ဒီလိုအကွေ့တွေကို ဖြတ်ကျော်တဲ့အခါ ချူးမင်းကဲ့သို့ အရှိန်နှေးပြီးကွေ့ခြင်း သို့မဟုတ် မျောပြီးကွေ့ခြင်းတို့ကို ရွေးချယ်နိုင်သည်။
ဒီလို ဖြတ်ခနဲကွေ့တာက အရမ်းအန္တရာယ်များသည်။
ပြီးတော့ အပျော်တမ်းသမားတွေသုံးတဲ့ နည်းလမ်းလည်းဖြစ်သည်။
သို့သော် စိုးရိမ်စရာကိစ္စကတော့ မဖြစ်ခဲ့ပါပေ။
Lykan ကားသည် အကွေ့အကောက်ကို ဖြတ်ကျော်သွားပြီးနောက် ချက်ချင်းလှည့်ကာ အရှိန်ဖြင့် ရှေ့သို့ ဆက်လက်မောင်းနေသည်။
ဒီလို နတ်ဘုရားဆန်တဲ့ ကားမောင်းသည့်ပုံစံက ပရိသတ်များကို ချက်ချင်း ထိတ်လန့်သွားစေခဲ့သည်။
" ဒါက အမှားတစ်ခုလား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်တာလား။ ငါဘာလို့ နားမလည်နိုင်ရတာလဲ "
" ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင်တော့ ဒီနည်းပညာက အရမ်းကြောက်စရာကောင်းတယ်၊ မဟုတ်ဘူးလား။ အကွေ့မှာ ဖြတ်ခနဲ ကွေ့မိရင် အမှားလုပ်မိတာနဲ့ ကားတိုက်မိပြီး သေသွားနိုင်တယ် "
" တကယ်လို့ အမှားလုပ်မိတာဆိုရင်တော့ ဒီကလေး ကံကောင်းလွန်းတယ်။ စမ်းသပ်ချက်ကိုကျော်ဖြတ်ပြီး နတ်ဘုရားမချူးနဲ့တောင် ထင်ထားတာထက် အချိန်နည်းနည်းလေး အတွင်းမှာဘဲ နီးလာတယ် "
" သူတို့ကြားက အကွာအဝေးက ပိုနီးလာပြီ။ နတ်ဘုရားမချူးကလည်း အရှိန်တင်လိုက်ပြီ "
" ပထမအကွေ့က လွယ်လွန်းတယ်။ နတ်ဘုရားမချူးအတွက် ဘာဖိအားမှ မသုံးလိုက်ရဘူး။ နောက်အကွေ့ကတော့ သေအောင်ခက်လိမ့်မယ် "
" မပြောနဲ့တော့၊ ဆက်ကြည့်ကြမယ် ...... "
ထိုအချိန်တွင် ချူးမင်းက ဒုတိယအကွေ့နေရာတစ်ဝိုက်ကို ရောက်လာပြီဖြစ်သည်။
ထိုအကွေ့က ပထမထက် ပိုခက်လေသည်။
ထောင့်က ၃၀ ဒီဂရီလောက်ဖြစ်သည်။
ခက်ခဲမှုက မြင့်တက်လာသည်။
ချူးမင်း Crab Bay မှာ မရေတွက်နိုင်အောင် ပြိုင်ဖူးသည်။
ထို့ကြောင့် သူမက လမ်းကြောင်းကို ရင်းနှီးလေသည်။
သူမက ဒရစ်ဆွဲတော့မယ့်အချိန်မှာ ယဲ့ဖန်၏ Lykan စူပါကားက ရုတ်တရက် နောက်ကြည့်မှန်ထဲမှာပေါ်လာသည်။
သူက ဒီအခွင့်အရေးကိုယူပြီး သူမကို ကျော်တက်ချင်နေပုံရသည်။
သူမ၏မျက်နှာတွင် အထင်သေးသည့်အပြုံးပေါ်လာသည်။
ဆုတောင်းနေလိုက်လေ။
သူမ ပြိုင်ပွဲတွေ စပြိုင်ကတည်းက ဦးဆောင်ပြီဆိုတာနဲ့ တစ်ခါမှ အကျော်မခံရဘူးပေ။
ယဲ့ဖန်ရဲ့ အရည်အချင်းက မဆိုးကြောင်း သူမ ဝန်ခံပေမဲ့ သူမကို ကျော်နိုင်ဖို့တော့ မလုံလောက်သေးပေ။
သူမက ချက်ချင်း စာအုပ်ကြီးအတိုင်း အကွေ့ကို ဒရစ်ဆွဲဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်၏ Lykan ကားသည်လည်း အကွေ့ကို ဒရစ်ဆွဲဝင်လာသည်။
ကားနှစ်စီးက တစ်မီတာလောက်တောင် မရှိတဲ့ အကွာအဝေးမှာ ရှိနေသည်။
သတိမထားမိပါက နှစ်ယောက်စလုံး ချောက်ထဲပြုတ်ကျသွားနိုင်သည်။
ပွဲကြည့်ပရိသတ်များက ချက်ချင်း ပေါက်ကွဲသွားတော့သည်။
" ဘုရားရေ၊ ဒါကြီးက အန္တရာယ်ကြီးလွန်းတယ် မဟုတ်ဘူးလား။ ဒီကလေး ရူးနေတာလား။ သူက အသက်မရှင်ချင်တော့ဘူးလား "
" ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီကလေးရဲ့ အရည်အချင်းက တကယ်ကို အံ့မခန်းပဲ။ အထူးသဖြင့် ဒီဒရစ်ဆွဲတာက အရမ်းမိုက်တယ် "
" ဟုတ်တယ်။ သူက နတ်ဘုရားမချူးနဲ့ လက်ရည်တူနီးပါးဘဲ "
" သူ နတ်ဘုရားမချူးကို စိန်ခေါ်ရဲတာ အံ့သြစရာ မရှိတေ့ဘူး။ ကြည့်ရတာ သူ့မှာ အရည်အချင်းတွေရှိတယ်နဲ့ တူတယ်။ နောက်ဆုံးတော့ နတ်ဘုရားမချူးက ပြိုင်ဘက်ကောင်းရှိလာတာဘဲ "
" ပြောဖို့စောပါသေးတယ်။ နတ်ဘုရားမချူးက သူ့ကို လုံးဝ အခွင့်အရေးပေးမှာ မဟုတ်ဘူး။ သူမကို ကျော်တက်ဖို့ လွယ်မှာ မဟုတ်ဘူး "
နောက်ထပ် အကွေ့တွေမှာ ယဲ့ဖန်က သူမကို အကြိမ်ပေါင်းများစွာ ကျော်ဖို့လုပ်ခဲ့ပေမဲ့ သူမက အခွင့်အရေးမပေးခဲ့ပေ။
သူမသည် နတ်ဘုရားအဆင့်ရှိသည့် အစွမ်းထက်သောစွမ်းရည်များကို ပြသခဲ့သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် နောက်ထပ်အကွေ့နေရာသို့ ရောက်လာကြသည်။
ထိုအကွေ့က ၃၀ ဒီဂရီထောင့်ဖြစ်သည်။
အရမ်းအန္တရာယ်များလေသည်။
ကောင်းကောင်းမထိန်းနိုင်ပါက ကမ်းပါးကနေ ပြုတ်ကသွားနိုင်သည်။
ချူးမင်းတောင်မှ အရှိန်လျှော့လိုက်ရသည်။
ထိုအချိန်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။
ယဲ့ဖန်၏ Lykan ကားသည် အရှိန်မလျှော့ခဲ့ဘဲ ပိုမြန်လာသည်။
ကုန်းတက် လမ်းမပေါ်ကနေ အရှိန်ယူပြီး ပျံတက်သွားသည်။
ချူးမင်း၏ golf car သည် မြေနိမ့်ပိုင်းနေရာသို့ ဝင်ရောက်သွားခဲ့သည်။
သူမ ခေါင်းတစ်ခုလုံး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။
ထို့နောက်တွင် ယဲ့ဖန်၏ကားက အတောင်ဖြန့်ထားသော ငှက်တစ်ကောင်လို ခေါင်းပေါ်ကနေ ပျံသွားသည်ကို သူမတွေ့လိုက်ရသည်။
သူမ မျက်လုံးများ ပြူးကျယ်သွားရသည်။
ဒီတစ်ယောက် ရူးများနေသလား။
သူက ဒီလိုလမ်းမှာ အရှိန်မြှင့်ရဲတဲ့ သတ္တိရှိတာလား။
ရှေ့တွင် ၃၀ ဒီဂရီ ကွေ့ရှိနေသည်။
ကောင်းကောင်းမထိန်းနိုင်လျှင် ချောက်ကမ်းပါးထဲကို ထိုးကျသွားနိုင်သည်။
သူမကို အနိုင်ယူဖို့အတွက်နဲ့ သူ့အသက်ကိုတောင် စွန့်လွှတ်တော့မှာလား။
သူမတင်မကဘဲ ပရိသတ်များကလည်း အံ့အားသင့်သွားကြသည်။
" အရှင်ဘုရားရေ၊ တကယ်ပဲ ပျံတက်သွားခဲ့တာလား။ သူက လေယာဉ်ပျံစီးနေတယ်များ မှတ်နေတာလား "
" အရူးဘဲ၊ အရူးဘဲ၊ ဒီကောင် ရူးနေပြီ။ အရှေ့မှာ ၃၀ ဒီဂရီ အကွေ့တစ်ခုရှိသေးတယ်လေ။ သူက သေမှာမကြောက်ဘူးလား "
" ဟုတ်တယ်၊ ကားက လေထဲမှာ ရှိနေတုန်းပဲ။ သူ ဆင်းလိုက်တာနဲ့ ချောက်ကမ်းပါးစွန်းမှာ ရောက်နေနိုင်တယ် မဟုတ်လား "
" ပြီးသွားပြီ။ ဒီကလေးသေပြီ။ မြန်မြန်သွားကြ၊ သူ့အတွက် ၁၂၀ ကိုခေါ်လိုက်ကြ "
" ဘာလို့ ၁၂၀ ကို ခေါ်ရမှာလဲ။ မီးသဂြိုလ်တဲ့ဆီကိုသာ တိုက်ရိုက်ဆက်သွယ်လိုက်တော့ "
" သူ့ကားထဲမှာ အမျိုးသမီးတစ်ယောက်ရှိနေပုံရတယ်။ အဲ့ကလေးနဲ့အတူ သူမကိုပါ သင်္ဂြိုဟ်ရတော့မယ် "
" ညီအစ်ကိုရေ၊ လုံခြုံသော ခရီးလေးဖြစ်ပါစေ "
အပိုင်း ( ၃၃၅ )
အသိဉာဏ်ကို စော်ကားခြင်း
" အား ........ "
တစ်ချိန်တည်းမှာဘဲ Lykan စူပါကားထဲရှိ ချန်းရွှမ်က အော်ဟစ်လိုက်သည်။
သူမ တကယ်ဘဲ ပျံသန်းသွားခဲ့သည်။
ထို့အပြင် သူတို့ရှေ့တွင် ချောက်တစ်ခုရှိနေသည်။
ကားက ချောက်ကမ်းပါးပေါ်မှ ကျတော့မည်ကို သူမ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။
သေခြင်းတရားက သူမနှင့် လက်တစ်လှမ်းမှာ ရှိနေလေသည်။
သူမသည် အလွန်စိတ်လှုပ်ရှားနေတာကြောင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေသည်။
ဒုန်း
ကားက ထိုးကျလာသည်။
ထိုအချိန်တွင် သူတို့သည် ချောက်ကမ်းပါးနှင့် နှစ်မီတာလောက်သာ ဝေးတော့သည်။
ထို့အပြင် ကားက တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ကျော် အရှိန်ဖြင့် သွားနေသည်။
မျက်စိတစ်မှိတ်အတွင်း ထိုနှစ်မီတာအကွာအဝေးဆီကို အရှိန်က ဆွဲခေါ်သွားသည်။
ဒီလိုအချိန်တိုလေးအတွင်းမှာ ဘယ်သူမဆို ဆင်ခြင်တုံတရားနဲ့ လုပ်နိုင်မှာ မဟုတ်ပေ။
ဒါပေမယ့် ယဲ့ဖန်ကတော့ လုပ်နိုင်ခဲ့သည်။
အကြောင်းပြချက်ပေါ်မှာ အခြေခံတာမဟုတ်ပေ။
အဲ့တာက အသိစိတ်ဗီဇကြောင့်ဖြစ်သည်။
ဒီလို ဗီဇက ဖော်ပြရန်ခက်ခဲသည်။
သူ့အရိုးတွေထဲမှာ အခြေတည်နေတာဖြစ်သည်။
အသိစိတ်ထက် ဗီဇက အရင်ရောက်လာသည်။
အရေးကြီးတဲ့အခိုက်အတန့် ဖြစ်နေသည်။
Lykan ကားက ချောက်ကမ်းပါးအစွန်းကို ကျော်သွားသည်။
ညာဘက်ရှိ ဘီးနှစ်ဘီးက လေထဲတွင် ရပ်တန့်နေပြီဖြစ်သည်။
ကား၏တစ်ဝက်က လမ်းပေါ်တွင် ရှိနေပြီး ကျန်တစ်ဝက်က ချောက်ကမ်းပါးပေါ်မှာ ဝဲနေသည်။
အလွန်အန္တရာယ်များသည်။
သို့သော် နောက်ဆုံးမှာတော့ သူက အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့သည်။
လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်ပြီးမောင်းနှင်နိုင်ခဲ့သည်။
ချန်းရွှမ်၏ စိုးရိမ်နေသော နှလုံးက နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။
သူမက အမြန်လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
သူ့မျက်နှာကတော့ ရေပြင်ကဲ့သို့ ငြိမ်သက်နေသည်။
မြင်သာတဲ့လှိုင်းထမှုတွေ မရှိချေ။
သူမ စိတ်ထဲတွင် မတတ်နိုင်ဘဲ အော်ဟစ်နေမိသည်။
ဒီတစ်ယောက်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက ကြံ့ခိုင်လွန်းနေတာ မဟုတ်ဘူးလား။
သူတို့ အခုတင် ငရဲတံခါးဝကို ဖြတ်လာခဲ့ကြရသည်။
သူက ဘာတုံ့ပြန်မှုမှ မရှိဘူးလား။
တကယ်တော့ ယဲ့ဖန်လည်း သူကိုယ်တိုင် အံ့သြသွားရသည်။
အခုလေးတင် လုပ်ခဲ့တဲ့ နတ်ဘုရားဆန်တဲ့ အကွက်အတွဲလိုက်ကြီးက သူ့အလိုလိုဖြစ်လာတာဖြစ်သည်။
ဒီလောက် လွယ်ကူစွာဖြင့် ပြီးမြောက်သွားမယ်လို့ သူလည်း မမျှော်လင့်ခဲ့ပေ။
ယဲ့ဖန်၏ Lykan စူပါကားနောက်တွင် အခြားသူများက နတ်ဘုရားဆန်တဲ့ အရည်အချင်းတွေကြောင့် အံ့အားသင့်နေကြပြီဖြစ်သည်။
အထူးသဖြင့် ချူးမင်းဖြစ်သည်။
သူမသည် ယဲ့ဖန်၏ ကားနောက်မီးများကို စိုက်ကြည့်နေမိသည်။
အခုအချိန်တွင် ဖြစ်လာသည့် ထိတ်လန့်မှုကို ဖော်ပြလို့ပင် မရပေ။
သူမသည် ပြိုင်ကားလောကတွင် သူမ ဘဝကိုထပ်ပြီး ပြိုင်တတ်တာကြောင့် လူသိများသည်။
သူမသည် ကန့်သတ်ချက်များကိုပင် စိန်ခေါ်တတ်ပြီး အန္တရာယ်ရှိသော လှုပ်ရှားမှုအချို့ကိုပင် ပြုလုပ်ခဲ့သည်။
သူမသည် 'အမျိုးသမီးပြိုင်ကားနတ်ဘုရားမ'ဆိုတဲ့ ဂုဏ်ပုဒ်မရမီ သူမကို 'စိတ်အားထက်သန်သော တတိယအမျိုးသမီး' ဟု ပို၍လူသိများသည်။
ပြိုင်ပွဲနဲ့ ပတ်သက်လာလျှင် သူမဘယ်လောက်ရူးသွပ်တတ်လဲဆိုတာကို မြင်နိုင်သည်။
သို့သော် သူမသည် နှစ်ပေါင်းများစွာ ပြိုင်နေခဲ့ပေမဲ့
ယဲ့ဖန်လောက် ရူးသွပ်တဲ့အကွက်မျိုးကိုတော့ မလုပ်ဖူးသလို မြင်လည်း မမြင်ဖူးပေ။
ချူးမင်း ၁၀၀% သေချာသည်။ သူ့လိုသာ တစ်ပုံစံတည်း လိုက်လုပ်ပါက သေချာပေါက် ကားမတော်တဆဖြစ်လိမ့်မည်။
ပြီးတော့ ဒီတစ်ယောက်ရဲ့လုပ်ရပ်က တကယ်ပဲ လွန်လွန်းသည်။
အရမ်းလည်း မိုက်သည်။
သူမတောင်မှ တုန်လှုပ်သွားရသည်။
ပရိသတ်များ ဘယ်လောက် ထိတ်လန့်သွားမည်ဆိုတာကို တွေးကြည့်နိုင်သည်။
လူတိုင်းနီးပါး ထိတ်လန့်သွားကြသည်။
အချိန်အတော်ကြာပြီးမှသာ ကြည့်နေသူတွေက အသိပြန်ကပ်လာကြသည်။
" ဘုရားရေ၊ ငါအခုမှ ဘာတွေ့လိုက်တာလဲ။ ဒါက လူက လုပ်လို့ရတာလား "
" အရင်တုန်းကတော့ နတ်ဘုရားမချူးက အံ့မခန်းလောက်အောင် တော်တယ်လို့ ငါထင်ခဲ့တာ။ ဒီလူက သူမ ထက်တောင် ထူးချွန်နေမယ်လို့ မမျှော်လင့်ထားဘူး။ သူက ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားဘဲ "
" အခု သူ ဆင်းလိုက်တော့ သူက ချောက်ကမ်းပါးကနေ နှစ်မီတာလောက်ပဲ ဝေးတော့တာ။ ဒီလိုမျိုးကိုတောင် သူက ဘယ်လိုလုပ်လိုက်တာလဲ။ သူက လူမှ ဟုတ်ရဲ့လား "
" ကျွမ်းကျင်မှုက ဒုတိယဘဲ။ အဓိကကတော့ သူက ရဲတင်းလွန်းတယ် မဟုတ်လား။ ဒီလောက်အန္တရာယ်ကြီးတာကို သူ ဘယ်လိုလုပ်ရဲတာလဲ "
" သူဟာ ဉာဏ်ကြီးရှင်တစ်ယောက်မဟုတ်ရင်တော့ ရူးနေတာဘဲ။ အရည်အချင်းကို လုံးဝ ယုံကြည်မှုမရှိဘဲ ဒီလိုလုပ်ရဲပါ့မလား "
" ငါဆုံးဖြတ်ပြီးပြီ။ သူက အခုကစပြီး ငါ့ရဲ့ တစ်ဦးတည်းသော စံပြပုဂ္ဂိုလ်ဘဲ "
" မင်းတို့ထဲက တစ်ယောက်ယောက် သူ့နာမည်ကို သိကြလား။ သူ့ကို အရင်က မမြင်ဖူးဘူးထင်တယ်။ သူ့အရည်အချင်း ဒီလောက်ကောင်းတာကို ဘယ်လိုဖြစ်ပြီး နာမည်ငုတ်နေရတာလဲ "
" သူက ဒီအတိုင်း လာကစားနေတာဖြစ်နိုင်လား။ သူက ပြိုင်ကားအဝိုင်းမှာ ပေါ်လာလေ့ရှိတဲ့သူ မဟုတ်ဘူး "
" အပျော်သဘောသက်သက်နဲ့ ပြိုင်လို့ရပါ့မလား။ ဒါဆို ငါတို့လို ထိပ်တန်းကစားသမားတွေလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေတဲ့ သူတွေက တို့ဟူးတစ်ပိုင်းရှာပြီး သတ်သေသင့်တယ် မဟုတ်လား "
" ငါတို့နဲ့ ယှဉ်လို့မရဘူး။ ငါတို့လို သာမာန်လူတွေက အဲ့လို ပါရမီရှင်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ "
" ........ "
ကျန်တဲ့ ပွဲအခြေအနေက သည်းထိတ်ရင်ဖိုစရာ မရှိတော့ပေ။
ယဲ့ဖန်က ဦးဆောင်ပြီးတာနဲ့ သူ့ပြိုင်ဘက်ကို အခွင့်အရေးမပေးတော့ပေ။
သူသည် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် အဆုံးစည်းသို့ ရောက်လာသည်။
နောက်ဆုံးအချိန်က ၇ မိနစ်နဲ့ ၅၂ စက္ကန့်ဖြစ်သည်။
ထိုရလဒ်ကြောင့် လူတိုင်း အံ့သြသွားကြသည်။
Crab Bay တွင် ပြိုင်ပွဲတစ်ခုလုံးအတွက် စံချိန်က ၂၄ မိနစ်နှင့် ၄၇ စက္ကန့်ဖြစ်သည်။
ချူးမင်းက ၁၃ မိနစ်နှင့် ၂၄ စက္ကန့်အတွင်း မောင်းပြီး စံချိန်ချိုးခဲ့သည်။
ရလဒ်ကို ရက်အနည်းငယ်သာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ရလဒ် စံချိန်ကျိုးသွားတဲ့အပြင် ထက်ဝက်နီးပါး ဖြစ်သည်။
ယဲ့ဖန်၏အရှိန်သည် ဘယ်လောက်မြန်သည်ဆိုတာကို တွေးကြည့်နိုင်သည်။
ယဲ့ဖန်က အဆုံးစည်းကို ရောက်ပြီး ငါးမိနစ်ကျော် ခြောက်မိနစ်အကြာလောက်မှ ချူးမင်းက အဆုံးမျဉ်းကို ရောက်လာသည်။
ကားပေါ်မှ ဆင်းပြီးနောက် Lykan ကားကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒါဟာ သူမ 'အားအင်တွေအကုန်အစားခံလိုက်ရတယ်ဆိုတဲ့' ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သည်။
သို့သော် သူမ ယုံကြည်သည်။
တစ်ဖက်သူရဲ့ အရည်အချင်းက သူမထက် အများကြီးသာသည်။
လုံးဝ ယှဉ်လို့ မရနိုင်ဘူးလို့တောင် ပြောလို့ရသည်။
သူတို့ဟာ တူညီတဲ့ အဆင့်မှာ မရှိပေ။
ထိုအချိန်တွင် Lykan ကားတံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။
ယဲ့ဖန်နှင့် ချန်းရွှမ်တို့ အတူတူ ကားပေါ်မှ ဆင်းခဲ့ကြသည်။
ဒါကို ချူးမင်းက မြင်လိုက်တာနဲ့ သူမ အကြည့်တွေက ထူးဆန်းသွားသည်။
ချန်းရွှမ်က ယဲ့ဖန်ကို ရုတ်တရက် မေးလိုက်သည်။
" ရှင် လုံလုံလောက်လောက် မပျော်သေးဘူးလား "
" မင်းဘယ်လိုသိတာလဲ "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
" ရှင်က လီဗာကို အောက်ထိရောက်နေတာတောင် အဆုံးထိနင်းနေတာလေ။ အမြန်နှုန်းက အရမ်းနှေးနေသေးတယ်လို့ တွေးနေတာမလား "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။
" တော်လိုက်တာ။ အဲ့တာက ပရော်ဖက်ရှင်နယ် ပြိုင်ကားတစ်စီးဆိုရင် ပိုတောင်မြန်ဦးမယ်။ နှမြောစရာဘဲ "
သူတို့ စကားဝိုင်းကို ကြားတော့ ချူးမင်းနှင့် ရှိနေတဲ့သူတိုင်းက လဲကျမတတ်ဖြစ်ကုန်သည်။
အရမ်းမိုက်တယ်ဆိုတဲ့ အပြုအမူမှာတောင် ကန့်သတ်ချက်ဆိုတာ ရှိသေးတယ် မဟုတ်လား။
မင်းက Crab Bay စံချိန်ကို နှစ်ဆကျော် ချိုးပြီးပြီလေ။
အဲ့တာကိုတောင် အရမ်းနှေးနေသေးတာတဲ့လား။
မင်း ဘယ်လောက် မြန်စေချင်တာလဲ။
တိုက်လေယာဉ်တစ်စင်းကိုဘဲ သွားမောင်းလိုက်တော့လေ။
သို့သော် ယဲ့ဖန်က အမှန်အတိုင်းပြောနေမှန်း သူတို့သိသည်။
ဘာဘဲဖြစ်ဖြစ် သူက ပရော်ဖက်ရှင်နယ်ပြိုင်ကား၏ အမြန်နှုန်းနှင့် မယှဉ်နိုင်သော ပြိုင်ကားတစ်စီးကို မောင်းနှင်ခဲ့သည်။
အကယ်၍ သူသာ ချူးမင်းလို မွမ်းမံထားသော golf ကားကို မောင်းနှင်နေပါက သူက ဒီထက် ပို၍ပင် မြန်ဆန်နေပေလိမ့်မည်။
ချူးမင်းက စိတ်တည်ငြိမ်စွာနဲ့ အရင် အရှေ့ကိုလှမ်းလာခဲ့သည်။
" ရှင့်ရဲ့ အရည်အချင်းတွေက တကယ်ကို အားကောင်းတယ်။ ကျွန်မ ရှုံးနိမ့်တာကို ဝန်ခံပါတယ် "
ယဲ့ဖန် ပြုံးလိုက်သည်။
" ကျေးဇူးတင်ပါတယ် "
ချူးမင်းက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
" ရှင်ရဲ့ အရည်အချင်းတွေကို ဘယ်လို လေ့ကျင့်လဲဆိုတာ မေးချင်ပါတယ် "
" ဟိုလေ ..... လေ့ကျင့်တာက တစ်ရက်တောင်မှ မရှိသေးဘူးလို့ပြောရင် ကြွားရာရောက်လား "
" မထင်ဘူး။ ကျွန်မ အသိဉာဏ်ကို စော်ကားနေတာလို့တော့ ထင်ရလိမ့်မယ် "
" ......... ဒါဆိုလည်း ကိုယ် ဘာမှမပြောဘူးဘဲ ထားလိုက်ပါတော့ "
အပိုင်း ( ၃၃၆ )
သေစေနိုင်တဲ့ ဝှက်ဖဲ
" မင်္ဂလာပါ၊ ကျွန်မကိုယ်ကျွန်မ တရားဝင်မိတ်ဆက်ပါရစေ။ ကျွန်မ နာမည်က ချူးမင်းပါ "
" မင်္ဂလာပါ၊ ကျွန်တော်က ယဲ့ဖန်ပါ "
ချူးမင်းသည် ယဲ့ဖန်ရဲ့နာမည်ကို အကြိမ်အနည်းငယ်ပြန်ရေရွတ်ပြီး သူမ၏နှလုံးသားထဲတွင် မှတ်သားထားခဲ့သည်။
ထို့နောက် သူမက သူမရဲ့ ကားကို မှီလိုက်သည်။
" ပြောပါ၊ ရှင် ကျွန်မကို ဘာလို့ရှာနေတာလဲ "
ယဲ့ဖန်နှုတ်ခမ်းက ကွေးတက်သွားသည်။
" ကိုယ်တို့ မင်းကိုရှာနေတာ မင်း ဘယ်လိုသိတာလဲ "
ချူးမင်း ကားထဲမှ တွင်းထွက်ရေတစ်ပုလင်းကို ထုတ်ကာ မော့သောက်ရင်း ခေါင်းကို မော့လိုက်သည်။
" ရှင် ကျွန်မနဲ့ပြိုင်ဖို့အတွက်နဲ့ Crab Bay ကို လာခဲ့တာလို့တော့ မပြောနဲ့ "
ယဲ့ဖန်က သူမဆီမှ ခွင့်မတောင်းဘဲ သူမ လက်ထဲကရေဘူးကို ယူပြီး နှစ်ငုံလောက် သောက်လိုက်သည်။
" မင်းနဲ့ပြိုင်ဖို့ ဘာလို့ ဒီကိုလာလို့ မရရမှာလဲ "
ချူးမင်းသည် သူမသောက်ထားသောရေကို သောက်နေတာ မြင်ပြီး ရှက်သွားသည်။
သူမက ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး ရှက်နေတာကို ဖုံးကွယ်လိုက်သည်။
" ရှင်ရဲ့ အရည်အချင်းနဲ့ တခြားသူတွေကို ပြိုင်ချင်တယ်ဆိုရင် ရှင်က ကျုံးဟိုင်မှာ နာမည်ရပြိုင်ကားသမားဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျုံးဟိုင်က ပြိုင်ကားအသိုင်းအဝိုင်းမှာ ရှင့် နာမည်ကို တစ်ခါမှ မကြားဖူးဖူး။ တခြားသူတွေနဲ့ ပြိုင်ရတာ မကြိုက်တာလား ဒါမှမဟုတ် တခြားအကြောင်းတွေ ရှိသေးတာလား "
ချူးမင်းသည် ယဲ့ဖန်၏အမူအရာကို ခွဲခြမ်းသုံးသပ်နေသည်။
" အတိုချုပ်ပြောရရင် ရှင် ဒီနေ့ ဒီကိုလာတာက အကြောင်းပြချက်တွေရှိတယ်။ ရှင် ကျွန်မနဲ့ မပြိုင်ဘူးဆိုရင် ဆွေးနွေးစရာရှိမှာ မဟုတ်ဘူးလေ "
ယဲ့ဖန် ချက်ချင်းလက်မထောင်ပြလိုက်သည်။
" တော်လိုက်တာ။ ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်များဆီက မျှော်လင့်ထားတဲ့အတိုင်းဘဲ "
သူက ချန်းရွှမ်ကို ညွှန်ပြလိုက်သည်။
" မင်းကို မိတ်ဆက်ပေးပါရစေ။ ဒါက လင်းယွမ်အိမ်ခြံမြေအကျိုးဆောင်ရဲ့ ဥက္ကဌ ချန်းရွှမ်ပါ "
ချူးမင်းသည် ချန်းရွှမ်ကို ကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
" အိုး၊ ရှင်တို့ ကျွန်မကိုဘာလို့ရှာနေတာလဲ ကျွန်မ သိတယ်။ လေလံနဲ့ဆိုင်တယ် မဟုတ်လား "
ချန်းရွှမ် အမြန် ခေါင်းငြိမ့်လိုက်သည်။
" လောင်ချန်းမြို့နယ် စီမံကိန်းအတွက် လေလံစည်းမျဉ်းတွေက ပြောင်းသွားတာကို ချူးမိန်းကလေး ကြားထားလောက်ပါတယ်။ လေလံဆွဲတဲ့ကုမ္ပဏီက ပရောဂျက်ရန်ပုံငွေ ၇၀% ရှိထားဖို့ လိုပါတယ် "
ချူးမင်း သူမကို ဖြတ်ပြောလိုက်သည်။
" ချင်းယွမ်ရင်းနှီးမြှုပ်နှံရေးက ချင်းဒါးကော်ပိုရေးရှင်း လက်အောက်က ဝမ်းဖန်အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့လို့ ရှင်တို့ အခက်တွေ့နေတာမလား "
ချန်းရွှမ် မဆိုင်းမတွ ခေါင်းငြိမ့်လိုက်သည်။
" မှန်ပါတယ်။ ဝမ်းဖန်အိမ်ခြံမြေက လေလံအောင်မြင်ဖို့ မျှော်လင့်ချက်အရှိဆုံး ကုမ္ပဏီဖြစ်လာပြီးတော့ လင်းယွမ်အိမ်ခြံမြေက ဖယ်ချခံရနိုင်ပါတယ် "
ချူးမင်း၏ နှုတ်ခမ်းတွေက လှောင်ပြောင်ပြုံးဖြင့် ကွေးတက်သွားသည်။
" ဝမ်းဖန်အိမ်ခြံမြေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပယ်ဖျက်ဖို့ နားချကြည့်ဖို့ ကြိုးစားနေတာလား "
ချန်းရွှမ်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။
" ဒီတောင်းဆိုချက်က နည်းနည်းလွန်လွန်းတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ဥက္ကဌချူးက လင်းယွမ်အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပေးမယ်လို့ မျှော်လင့်နေတုန်းပါပဲ။ ကျွန်မတို့ ကုမ္ပဏီ ........ "
သူမစကား မပြီးခင်မှာ ချူးမင်းက သူမကို ထပ်ပြီး ဖြတ်ပြောသည်။
" စကားပြောတာကို ရပ်လိုက်ပါ။ ဝမ်းဖန်အိမ်ခြံမြေနဲ့ ပူးပေါင်းဆောင်ရွက်ရန် ကျွန်မတို့ ဆုံးဖြတ်ထားပြီးသားပါ။ စီးပွားရေးလုပ်တဲ့အခါ အရေးကြီးဆုံးက ရိုးသားမှုဘဲ။ စာချုပ်ကို တစ်ဖက်သတ် ဖျက်မှာ မဟုတ်ပါဘူး "
ချန်းရွှမ်က လွယ်လွယ်နဲ့ အရှုံးမပေးချင်ပေ။
" ကျွန်မ သိသလောက်တော့ စာချုပ်မချုပ်ရသေးဘူးဆိုတော့ ညှိနှိုင်းဖို့ နေရာရှိသေးတယ်မလား "
ချူးမင်းက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ကျွန်မက အလုပ်နဲ့ ဘဝ ကို အမြဲတမ်း ခွဲထားတယ်။ အပြေးပြိုင်ပွဲမှာ ရှင် ကျွန်မကို အနိုင်ယူလိုက်ရုံနဲ့ အလုပ်မှာပါ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို ရှင် လွှမ်းမိုးနိုင်မယ်လို့ မထင်ပါနဲ့။ ကျွန်မ ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ပြောင်းမှာမဟုတ်ဘူး "
ချန်းရွှမ်သည် သူမ၏ ခိုင်မာသော သဘောထားကို မြင်ပြီးနောက် သူမ၏ မျှော်လင့်ချက်တွေ အဆုံးသတ်သွားရသည်။
ထိုအချိန်တွင် နောက်ဆုံးမှာတော့ ယဲ့ဖန်က ဝင်ပြောလာသည်။
" ကိုယ်တို့က မင်းကို တောင်းဆိုနေတာ မဟုတ်ဘူး။ ကိုယ်တို့က မင်းကို ကူညီပေးနေတာ "
ချူးမင် ရယ်မောလိုက်သည်။
" ရှင်က ကျွန်မကို ဘာကူညီပေးနိုင်မှာမလို့လဲ "
ယဲ့ဖန်က သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" ဖန်းရှောင်ကွန်းကို မင်း ကောင်းကောင်းမသိဘူး မဟုတ်လား "
ချူးမင်း ဟာသတစ်ခုကို ကြားလိုက်ရသလို ဖြစ်သွားသည်။
" ကျွန်မက သူ့ရဲ့ တက္ကသိုလ်အတန်းဖော်ပါ။ ရှင့်ထက်တော့ ကျွန်မက သူ့ကို ပိုသိတယ် "
ယဲ့ဖန်က ခေါင်းခါပြီး ပြုံးလိုက်သည်။
" အတန်းဖော်အဖြစ်ဘဲ သိတာနေမှာ။ သူက ဘယ်လိုလူလဲဆိုတာကိုတော့ မင်း မသိလောက်ဘူး "
ထို့နောက် ယဲ့ဖန်က တစ်နေ့ညက ကားပါကင်မှာ တွေ့ခဲ့ရတာတွေကို ပြောပြသည်။
ချူးမင်းသည် ထိုစကားတွေကိုကြားသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
တစ်ဖက်က ပြောသည့်စကားသာ မှန်ပါက ဖန်းရှောင်ကွန်း၏ စရိုက်သည် အလွန်နိမ့်ကျသည်။
သူသည် သူမ သိသော နူးညံ့သိမ်မွေ့သည့် ဖန်းရှောင်ကွန်းနှင့် လုံးဝကွဲပြားသည်။
" သူ့စရိုက်က မကောင်းရင်တောင် ကျွန်မတို့ ဘာပြောနိုင်မှာလဲ။ ကျွန်မတို့ မြှုပ်နှံတာက ဖန်းရှောင်ကွန်းကို မဟုတ်ဘဲ ဝမ်းဖန်ကုမ္ပဏီမှာပါ။ လုပ်ဆောင်ချက်တွေကို မထိခိုက်သရွေ့တော့ သူ့မှာ ဘယ်လိုစရိုက်မျိုးရှိတယ်ဆိုတာ ဆုံးဖြတ်ဖို့က သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ "
ချူးမင်းသည် ဖန်းရှောင်ကွန်း၏ ဇာတ်ကောင်ကို မကြိုက်သော်လည်း ရင်းနှီးမြှပ်နှံရန် သူမ၏ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပေ။
ချန်းရွှမ်က သက်ပြင်းရှည်ချလိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ဥက္ကဌချူးက သူမ စိတ်ထဲရှိပြီးသားမလို့ သွားကြရအောင် "
ဒီတစ်ခါတော့ သူမမှာ မျှော်လင့်ချက် မရှိတော့ပေ။
သူမသည် ချူးမင်း၏ ခိုင်မာသော သဘောထားကို မြင်လိုက်ရတော့ သူမ သတိထားရမည်ဟု ခံစားမိသည်။
လက်လွှတ်ဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိတော့ပေ။
သို့သော်လည်း ယဲ့ဖန်ကတော့ မတုန်လှုပ်ပေ။ သူက ချုးမင်းကို ဆက်ကြည့်နေသည်။
" ဒါဆိုရင် ဝမ်းဖန်အိမ်ခြံမြေမှာ ကြီးမားတဲ့ငွေကြေးပြဿနာရှိနေတယ်ဆိုတာ မင်းကိုပြောပြရင်ရော ဆက်ပြီး ရင်းနှီးမြှုပ်နှံမှာလား "
ချူးမင်း၏အမူအရာက ချက်ချင်း ရုပ်ပျက်သွားခဲ့သည်။
" ကျွန်မတို့ ဝမ်းဖန်အိမ်ခြံမြေရဲ့ အကောင့်တွေကို လွန်ခဲ့တဲ့ ၂ နှစ်ကထိ စစ်ဆေးခဲ့ပြီးသားပါ။ ဘာပြဿနာမှ မရှိဘူး။ ရှင့်ရဲ့ ကားမောင်းစွမ်းရည်ကိုကျွန်မ လေးစားပေမဲ့ ရှင်က လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ရှင်ရဲ့ပြိုင်ဘက်ကို ဒီလိုနည်းလမ်းနဲ့ သရေဖျက်မယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်မ အရမ်းစိတ်ပျက်တယ် "
သူမ စကားပြောရင်း ကားပေါ်တက်ပြီး ထွက်သွားတော့မည့်အချိန်မှာဘဲ ယဲ့ဖန်ကပြောလိုက်သည်။
" ကိုယ့်မှာ ဘာ သက်သေမှ မရှိဘဲ မပြောဖူးဘူး။ ဝမ်းဖန်အိမ်ခြံမြေရဲ့ ငွေကြေးလိမ်လည်မှုဆိုင်ရာ အထောက်အထားတွေ ရှိတယ်။ စစ်ဆေးကြည့်လို့ ရတယ် "
စကားပြောရင်း စာရွက်စာတမ်းအိတ်ကို ကားထဲမှ ထုတ်လိုက်သည်။
ချူးမင်း အံ့အားသင့်သွားပြီး ဖိုင်တွဲကို မသိစိတ်က ယူလိုက်မိသည်။
စာရွက်ကို ထုတ်ယူပြီး သေချာဖတ်နေသည်။
သူမ ကြည့်လေလေ ပိုတုန်လှုပ်လာလေလေဖြစ်သည်။
ထိုအချက်အလက်အားလုံးက ဝမ်းဖန်အိမ်ခြံမြေ၏ ဘဏ္ဍာရေးကုန်ကျစရိတ်နှင့် ပတ်သက်တာတွေ ဖြစ်သည်။
အဲ့ထဲမှာ ဝင်ငွေဖန်တီးနည်း၊ ပိုင်ဆိုင်မှုတွေ တိုးလာပုံ၊ အကြွေးများ ချန်ထားခဲ့ပုံနှင့် လျှို့ဝှက် ဆုံးရှုံးမှုတွေ ပါဝင်သည်။
" ဒီအချက်အလက်ကို ရှင် ဘယ်ကရခဲ့တာလဲ "
သူမ ချက်ချင်း ခေါင်းမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်ကာ သူမမျက်လုံးတွေက ထိတ်လန့်တုန်လှုပ်မှုတွေ ပြည့်နေသည်။
ဒါတွေက ဝမ်းဖန်အိမ်ခြံမြေရောင်းဝယ်ရေးရဲ့ ထိပ်တန်းလျှို့ဝှက်အချက်အလက်တွေဖြစ်သည်။ ဒါတွေက ဘယ်လိုဖြစ်ပြီး ယဲ့ဖန်ရဲ့လက်ထဲမှာ ရောက်နေတာလဲ။
ချန်းရွှမ်ပင် အံ့အားသင့်သွားသည်။
ယဲ့ဖန်မှာ ဒီလို ဝှက်ဖဲရှိနေမယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။
တကယ်တော့ သူမလည်း ထိုအကြောင်းကို လုံးဝမသိခဲ့ပေ။
ယဲ့ဖန်၏ နှုတ်ခမ်းက ကွေးတက်သွားသည်။
" ကိုယ် ဘယ်လိုရခဲ့လဲဆိုတာ မင်း စိတ်ပူနေစရာ မလိုဘူး။ ဒီအပေါ်မှာ အတုအယောင်တွေ အကုန်ရှိတယ်။ အစစ်လား အတုလား သွားစစ်လို့ရတယ် "
မနေ့ညက အိမ်ပြန်ရောက်ပြီးနောက် ဒီနေ့ လေလံဆွဲရာမှာ ချန်းရွှမ်ကို ကူညီပေးနိုင်ဖို့ စိတ်ကူးရခဲ့သည်။
လိုရမယ်ရ သူ ကုန်းရှန်းဟုန်ကို ခေါ်လိုက်သည်။
ဝမ်းဖန်အိမ်ခြံမြေကို စုံစမ်းစစ်ဆေးပေးရန် သူ့ကိုကူညီရန် တောင်းဆိုခဲ့သည်။
ကုန်းရှန်းဟုန်သည် ဟူရန်လူချမ်းသာစာရင်း၏ တာဝန်ခံဖြစ်ထိုက်သူဖြစ်သည်။
တစ်ညမပြည့်ခင်မှာဘဲ ဝမ်းဖန်အိမ်ခြံမြေသတင်းကို အစကနေ အဆုံးထိရခဲ့သည်။
မနက်အစောကြီးမှာဘဲ ထိုသတင်းကို တစ်ယောက်ယောက်နဲ့ လာပို့ခိုင်းသည်။
တစ်ချိန်တည်းမှာဘဲ စုံစမ်းထောက်လှမ်းရန် သူက ကူညီပေးသည်ဟု မပြောရန်လည်း အကြိမ်ကြိမ် သတိပေးခဲ့သည်။
မဟုတ်ရင် ကျုံးဟိုင်မှာရှိတဲ့ သူဌေးတွေက သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိခွင့်ပေးလိုက်ရင် အနာဂတ်မှာ သူ့ကို ဘယ်သူက ယုံမှာလဲ။
နောက်ဆို သူ့အလုပ်ဆက်လုပ်ဖို့ မရဖြစ်သွားနိုင်သည်။
ချူးမင်းက ယဲ့ဖန် သတိပေးချက်ကို လက်ခံလိုက်ပြီး သူမ ချက်ချင်း ဖုန်းခေါ်ဖို့ ဘေးနားကို လျှောက်သွားသည်။