← Chapters

အပိုင်း ၃၃၇-၃၄၀

Vol. 17 Ch. 337-340

အပိုင်း ၃၃၇-၃၄၀

Vol. 17 Ch. 337-340

အပိုင်း ( ၃၃၇ )

ပိုင်နက်ကို ကျူးကျော်ခံလိုက်ရပြီ

ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် အလွန်စွမ်းဆောင်နိုင်လေသည်။

ခဏအကြာမှာဘဲ ရလဒ်ကို တွေ့လိုက်ရသည်။

ချူးမင်းဖုန်းကိုချလိုက်ပြီး ပြန်ထွက်လာတော့ သူမက ယဲ့ဖန်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

" စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ ဝမ်းဖန်အိမ်ခြံမြေရဲ့ဘဏ္ဍာရေးဆိုင်ရာမှာ တကယ်ဘဲ ပြဿနာတွေ ရှိနေတယ်။ သူတို့ရဲ့ အတုလုပ်တဲ့ နည်းတွေက အရမ်းပါးနပ်လွန်းတယ်။ ကျွန်မတောင် သူတို့ လှည့်စားတာ ခံရလုနီးပါးဘဲ "

ဒီလိုပြောလိုက်တဲ့အခါ သူမ မျက်နှာတွင် ငြိမ်သက်နေပုံပေါ်သော်လည်း အတွင်းစိတ်ထဲမှာတော့ အလွန်ဒေါသဖြစ်နေသည်။

ဒါက ကုမ္ပဏီကို တာဝန်ယူဖို့ တရုတ်နိုင်ငံကို ပြန်ရောက်ပြီးတဲ့နောက် ပထမဆုံးအဖြစ် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီး ဖြစ်သည်။

သူမ ထောင်ချောက်ကျမတတ် ဖြစ်ခဲ့ရသည်။

ယဲ့ဖန်၏အချိန်မီသတိပေးချက်ကြောင့်သာ မဟုတ်ပါက သူမ၏ ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်စေနိုင်သည်။

အကျိုးဆက်တွေကို စိတ်ကူးလို့တောင် မရနိုင်ပေ။

ယဲ့ဖန်သည် Lykan စူပါကားကို ဖြည်းဖြည်းချင်း မှီလိုက်ပြီး ပြောသည်။

" မင်း နိုင်ငံခြားမှာနေတာ ကြာနေပြီထင်တယ်။ ပြည်တွင်းစီးပွားရေးလောကရဲ့ အစီအမံတွေကို မင်းနားမလည်သေးဘူး။ ဒီလောက် အဆင့်နိမ့်တဲ့ ထောင်ချောက်ကိုတောင် မင်း မမြင်နိုင်ခဲ့ဘူး "

ချူးမင်း ဒေါသတကြီးကြည့်လိုက်သည်။

" ဖန်းရှောင်ကွန်းက စက်ဆုပ်ဖွယ်ကောင်းလွန်းတယ်။ ငါတို့က အတန်းဖော်တွေဆိုတော့ သူ့ကို ယုံပေးလိုက်တာ။ သူက တကယ်ဘဲ ငါ့ကို လိမ်ခဲ့တယ် "

ယဲ့ဖန်က မတတ်နိုင်ဘဲ ရယ်လိုက်သည်။

" သူက သူ့အဖေရဲ့ မိန်းမကိုတောင် ထိဖို့ သတ္တိရှိသေးတာဘဲ။ တခြား ဘာမဆို မလုပ်နိုင်တာ မရှိလောက်ဘူး "

ချူးမင်း တွေးလေလေ သူမ ဒေါသ ပိုထွက်လေလေ ဖြစ်သည်။ ချက်ချင်းပဲ ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းဆက်လိုက်သည်။

ယဲ့ဖန်က သူမကို အမြန်တားလိုက်သည်။

" မင်း ဘာလုပ်မလို့လဲ "

" ဘာလို့ လိမ်ညာတာလဲဆိုတာ သူ့ကို မေးမလို့ "

ချူးမင်း အံကြိတ်လိုက်သည်။

ယဲ့ဖန်သည် သူမ၏ နုံအမှုကြောင့် တကယ် ကြောင်အသွားရသည်။

" အစ်မကြီး၊ မင်း သူ့ကို ဒီလိုမျိုး ခေါ်လိုက်ရင် သူက မင်းကို ဖယ်ထုတ်ဖို့ အကြောင်းပြချက် ပေးလိမ့်မယ်။ အမှန်တိုင်း ဝန်ခံခဲ့ရင်တောင် သူ့ကို ဘာလုပ်နိုင်မှာမလို့လဲ "

ယဲ့ဖန်ပြောတာတွေက အဓိပ္ပါယ်ရှိတယ်လို့ သူမ ခံစားရသည်။

ဖန်းရှောင်ကွန်းက လိမ်တာကို ဝန်ခံခဲ့ရင်တောင် သူမ ဘာလုပ်နိုင်မှာလဲ။

ဘယ်လိုဘဲဖြစ်ဖြစ် နှစ်ဖက်စလုံးက တရားဝင် စာချုပ်မရသေးပေ။

တစ်ဖက်သားကို တရားစွဲချင်သော်လည်း အကြောင်းပြချက် ရှာမရပေ။ အလွန်ဆုံးမှ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားသွားမည်ဖြစ်သည်။

သို့သော် သူမ ဒေါသကို မဖြေနိုင်သေးပေ။

" ဒါဆို အခု ဘာလုပ်ပေးရမှာလဲ "

ချူးမင်းသည် အခြားနည်းလမ်းကို မစဉ်းစားနိုင်တော့ပေ။ သူမသည် ယဲ့ဖန်ကို မေးခွန်းထုတ်နေတဲ့ အကြည့်ဖြင့်သာ ကြည့်နိုင်ခဲ့သည်။

ယဲ့ဖန်သည် ချက်ချင်း သူမ၏ အကြံပေးအဖြစ် ဆောင်ရွက်ကာ သူမကို ကူညီ စီစဉ်ပေးသည်။

" မင်း ဒေါသကို ဖြေဖျောက်ချင်တာလား။ နည်းလမ်းက တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ မင်း လင်းယွမ်အိမ်ခြံမြေနဲ့ အလုပ်တွဲလုပ်ပေမဲ့ အဲ့တာကို အချိန်တစ်ခုထိ လူသိရှင်ကြား ထုတ်မပြနဲ့ ..... "

အဲ့တာကို သူမကြားလိုက်တာနဲ့ ချူးမင်းရဲ့မျက်လုံးတွေက ချက်ချင်းတောက်ပသွားသည်။

ဖန်းရှောင်ကွန်း၏ အမူအရာ ဘယ်လောက် ပုံပျက်သွားမလဲဆိုတာကို သူမ တွေးကြည့်နိုင်သည်။

သူ့ပါးစပ်ထဲမှာ ရှိနေတယ်လို့ ထင်တဲ့ ဘဲတစ်ကောင်က ရုတ်တရက် ပြေးထွက်သွားတော့ ဒေါသကြောင့် သွေးအန်နေတော့မှာ ဖြစ်သည်။

သူမ ပိုပိုပြီး စိတ်လှုပ်ရှားလာပေမယ့် ယဲ့ဖန်နှင့် ချန်းရွှမ်ကို အေးအေးဆေးဆေး ကြည့်နေဆဲဖြစ်သည်။

" ကျွန်မ ဖန်းရှောင်ကွန်းကို မယုံဘူး။ အဲ့တော့ ရှင့်ကိုရော ဘာလို့ယုံရမှာလဲ။ သူက ကျွန်မကိုလိမ်နိုင်ရင် ရှင်ကရော လိမ်တာ မဖြစ်နိုင်ဘူးလား "

ချန်းရွှမ်က ထိုအချိန်မှာပဲ စကားပြောလာသည်။

" ဥက္ကဌချူး၊ လင်းယွမ်အိမ်ခြံမြေက ကုမ္ပဏီအသစ်ဖြစ်ပေမဲ့ ကျွန်မတို့က အမြဲတမ်း ရိုးသားမှုကိုဘဲ အခြေခံထားပါတယ်။ ချင်းယွမ်ရင်းနှီးမြှုပ်နှံရေးက ကျွန်မတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို စစ်ဆေးကြည့်ဖို့ ဘယ်သူ့ကိုမဆို ပို့နိုင်ပါတယ်။ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် "

ချူးမင်းသည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေလိုက်သည်။

" ကျွန်မ အရင်ဖုန်းဆက်လိုက်ဦးမယ် "

ထို့နောက် လေလံဆွဲရာမှာ တာဝန်ယူထားတဲ့ ဌာနခေါင်းဆောင် ယောင်းကို ခေါ်ဆိုခဲ့သည်။

" မင်္ဂလာပါ ဌာနခေါင်းဆောင်ယောင်း။ ကျွန်မ ချင်းယွမ်က ချူးမင်းပါ "

" မင်္ဂလာပါ ချူးမိန်းကလေး။ ဘာဖြစ်လို့ပါလဲ "

" ဒီလိုပါပဲ၊ လင်းယွမ် အိမ်ခြံမြေအကြောင်း ပိုသိချင်လို့ပါ "

" ချင်းယွမ်က ဝမ်းဖန်မှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာမဟုတ်လား။ ဘာလို့ လင်းယွမ်အိမ်ခြံမြေအကြောင်း ရုတ်တရက်မေးတာလဲ "

" ဒါဟာ စီးပွားရေးပါဘဲ။ ဒီလိုအချိန်က အရင်းအနှီးကြီးတဲ့အတွက် သတိထားရမယ် "

" အိုး ကျွန်တော် နားလည်ပါတယ်။င်းယွမ်အိမ်ခြံမြေက ကုမ္ပဏီသစ်တစ်ခုဖြစ်ပေမဲ့ သူတို့ အရှိန်အဟုန်က အတော်လေးအားကောင်းနေတယ်။ ပြီးတော့ စီမံခန့်ခွဲမှု၊ ကုမ္ပဏီဖွဲ့စည်းပုံ ဒါမှမဟုတ် ငွေသားစီးဆင်းမှုပဲဖြစ်ဖြစ် အဘက်ဘက်ကကောင်းတယ် ..... "

" ဌာနခေါင်းဆောင်ယောင်း ပြောတဲ့စကားအရ၊ ရှင်က လင်းယွမ်အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အကောင်းမြင်ပုံရတယ် "

" ဟုတ်ပါတယ်။ လင်းယွမ်အိမ်ခြံမြေရဲ့ လေလံအဆိုပြုချက်က ကုမ္ပဏီအားလုံးထဲမှာ အကောင်းဆုံးပါဘဲ။ အရင်းအနှီး တစ်ခုတည်းကဘဲ သူတို့မှာ ခက်ခဲနေတာပါ "

" ဒါဆို အရင်းအနှီးအလုံအလောက်သာရှိရင် လင်းယွမ်က လေလံအောင်နိုင်ခြေများလား "

" အောင်နိုင်ခြေမဟုတ်ဘဲ သေချာပေါက် ၁၀၀% ရမှာပါ "

" ကောင်းပါပြီ၊ ဌာနခေါင်းဆောင်ယောင်း။ ကျွန်မ နားလည်ပါတယ်။ အချက်အလက်အတွက် ကျေးဇူးတင်ပါတယ် "

ချူးမင်း ဖုန်းကို ချလိုက်ပြီး ယဲ့ဖန်နှင့် ချန်းရွှမ်ကို အံ့သြစွာကြည့်လိုက်သည်။

ဌာနခေါင်းဆောင်ယောင်းက လင်းယွမ်အတွက် အများကြီးမျှော်လင့်ထားမယ်လို့ သူမ မထင်ထားပေ။

တကယ်တော့ ချင်းယွမ်ရင်းနှီးမြှုပ်နှံရေးသည် လင်းယွမ်အိမ်ခြံမြေကို အရင်က အကဲဖြတ်ခဲ့ဖူးသည်။

ဒီကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ တည်ထောင်ခဲ့တာဖြစ်ပေမဲ့ သူတို့ရဲ့ အဘက်ဘက် အင်အားက ကျုံးဟိုင်တွင် သာမန်ထက်သာလွန်သည်။

ဝမ်းဖန်လို ကုမ္ပဏီကြီးနဲ့တော့ နှိုင်းယှဉ်လို့ မရပေ။

ထို့ကြောင့် သူတို့က လင်းယွမ်အိမ်ခြံမြေကို မစဉ်းစားခဲ့တာဖြစ်သည်။

လက်တစ်လုံးခြား လွဲသွားခဲ့မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

" နောက်မှ ရုတ်တရက် စစ်ဆေးမှုတွေအတွက် တစ်ယောက်ယောက်ကို လင်းယွမ်ဆီကို ပို့ပေးမယ်။ ပြဿနာမရှိရင် စာချုပ်ချုပ်လို့ရတယ် "

သူမ စကားကိုကြားတော့ ချန်းရွှမ်က ချက်ချင်းပင် သူမပါးစပ်ကို မယုံကြည်နိုင်စွာ ဖုံးလိုက်သည်။

" ရှင်ဆိုလိုတာက .... ရှင် လင်းယွမ်အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံချင်တာလား "

ချူးမင်းက ပြုံးပြီး သူမလက်ကို ဆန့်လိုက်သည်။

" တကယ်တော့ ကျွန်မက ရှင်တို့ကို ကျေးဇူးတင်ရမှာပါ။ အချိန်မီ မသိလိုက်ရရင် ကျွန်မ အမှားကြီးမှားသွားနိုင်တယ် "

ချန်းရွှမ်သည် သူမလက်ကို အမြန်ဆွဲနှုတ်ဆက်လိုက်သည်။

သူမ၏လက်များက စိတ်လှုပ်ရှားတာကြောင့် တုန်ရီနေသည်။

သူမသည် မျှော်လင့်ချက်မရှိခဲ့ရာမှာ ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။

ချင်းယွမ်အိမ်ခြံမြေ၏အရင်းအနှီးထည့်ခြင်းက လင်းယွမ်ကုမ္ပဏီ လေလံအောင်နိုင်ရန် အများကြီး အကူအညီဖြစ်ပေလိမ့်မည်။

ချန်းရွှမ်သည် လင်းယွမ်ကုမ္ပဏီက ဒီလေလံကို ကျိန်းသေအနိုင်ရမည်ဟု ယုံကြည်သည်။

ချူးမင်း၏ ကျေးဇူးက ပြောမပြတတ်အောင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာဘဲ သူမသည် ယဲ့ဖန်ကို အလွန်ထိတ်လန့်သွားခဲ့သည်။

လက်ဆွဲနှုတ်ဆက်ပြီးနောက် ချူးမင်းသည် ချန်းရွှမ်နှင့် ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်အချက်တစ်ချို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သူမက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို တကယ်ကျေးဇူးတင်ရမှာပါ။ ရှင့်ကြောင့်သာ မဟုတ်ရင် ဖန်းရှောင်ကွန်း လှည့်စားတာကို ခံရမှာ "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

" ဒါက ဘာမှ မပြောပလောက်ပါဘူး "

ချူးမင်း၏မျက်လုံးများက စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

" ရှင့်ကို WeChat မှာ မိတ်ဖွဲ့လို့ရမလား။ အနာဂတ်မှာ ရှင်လဘာမှလုပ်စရာမရှိရင် ကျွန်မတို့ အတူတွဲကစားလို့ရတယ် "

ယဲ့ဖန်က သိပ်အများကြီး မတွေးခဲ့ပေ။

" ရပါတယ် "

သူတို့နှစ်ဦးသည် ချက်ချင်း အဆက်အသွယ်အချက်အလက် ဖလှယ်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မူလက ပျော်ရွှင်မှုအပြည့်ရှိနေခဲ့သော ချန်းရွှမ်သည် ချက်ချင်း သတိကပ်သွားရသည်။

သူမ နယ်မြေကို ရန်သူကျူးကျော်လာသလိုဖြစ်သည်။

ပြီးတော့ ဒီ 'ရန်သူ' က အတော်လေး အင်အားကြီးသည်။

အပိုင်း ( ၃၃၈ )

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ယဲ့ဖန်က လိုချင်တဲ့ ပန်းတိုင်ကို အောင်မြင်စွာ ရရှိသွားပြီဖြစ်၍ ချူးမင်းကို နှုတ်ဆက်ခဲ့သည်။

သူနဲ့ ချန်းရွှမ်တို့ ပြန်သွားပြီးတဲ့နောက် ချူးမင်းက အတော်ကြာတဲ့အထိ ယဲ့ဖန်၏ WeChat က ပို့စ်တွေကို ကြည့်နေခဲ့သည်။

သူမ ကြည့်လေလေ ပိုပိုပြီး အံ့သြလာရသည်။

ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်ထိ ယဲ့ဖန်က KFC က ဈေးကြီးလို့ ဆဲဆိုနေခဲ့ရသူဖြစ်ခဲ့သည်။

တစ်လ အိမ်ငှားခက ယွမ် ၆၀၀ ဖြစ်တာကြောင့် ဆင်းရဲပြီးပိုက်ဆံမရှိတဲ့သူ့ကိုယ်သူ ဆဲဆိုနေခဲ့သည်။

အဲ့တာက သူမကို အံ့သြသွားစေသည်။

လွန်ခဲ့တဲ့ နှစ်ဝက်လောက်ထိ သနားစရာကောင်းအောင် မွဲနေခဲ့တဲ့သူက ဘယ်လိုလုပ် သန်း ၆၀၊ ၇၀တန်တဲ့ Lykan စူပါကားကို စီးနိုင်ရတာလဲ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ။

အဲ့တာကိုတွေးမိပြီး ယောက်ျားတစ်ယောက်အကြောင်းကို ပထမဆုံးအကြိမ် သိချင်နေမိတဲ့ ချူးမင်း ချက်ချင်းပင် လက်အောက်ငယ်သားတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။

" အားစန်း၊ လူတစ်ယောက်ရဲ့ အချက်အလက်ကို ကူစစ်ဆေးပေးပါဦး။ ပိုအသေးစိတ်လေလေ ပိုကောင်းလေဘဲ "

" ဟုတ်ကဲ့ "

.........................................

တစ်ဖက်တွင် Lykan စူပါကားပေါ်မှ ချန်းရွှမ်က ပြောသည်။

" မိန်းကလေးချူးက တကယ်ကို လူကောင်းတစ်ယောက်ဘဲ "

" တကယ်လည်း မဆိုးပါဘူး "

ယဲ့ဖန် ခေါင်းငြိမ့်သဘောတူသည်။

" ရှင် သူမကိုကြိုက်လား "

ချန်းရွှမ်က မေးသည်။

ယဲ့ဖန်က လှည့်ကြည့်လိုက်တော့ စိုက်ကြည့်နေတဲ့ သူမကို တွေ့လိုက်ရသည်။

" မင်း ရူးနေတာလား။ သူ့ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ "

ချန်းရွှမ်သည် အရှုံးမပေးဘဲ ငြင်းဆန်နေခဲ့သည်။

" သူမက မဆိုးဘူးလို့ ရှင်ဘဲပြောတာ မဟုတ်ဘူးလား "

ယဲ့ဖန်က မျက်လုံးဝေ့လိုက်သည်။

" လူကောင်းတွေက အများကြီးပဲ။ သူတို့ကို အကုန် လိုက်ကြိုက်နေရမှာလား "

" ဒါပေမယ့် မိန်းကလေးချူးကတော့ ရှင့်ကို အရမ်းစိတ်ဝင်စားပုံရတယ် "

ချန်းရွှမ်က ပိုလေးနက်တဲ့ အဓိပ္ပာယ်နဲ့ ပြောလိုက်သည်။

ယဲ့ဖန်က မတတ်နိုင်ဘဲ ပြုံးလိုက်သည်။

" ကိုယ့်ကို စိတ်ဝင်စားတဲ့သူတွေ အများကြီးရှိတယ်။ မင်းရော စိတ်မဝင်စားဘူးလား "

ချန်းရွှမ်က သူမနှုတ်ခမ်းကို စူလိုက်သည်။

" ကျစ်၊ ရှင့်ကို ဘယ်သူက စိတ်ဝင်စားမှာလဲ။ ရှင်က မျက်နှာ အရေထူတယ် "

ယဲ့ဖန်က မကျေမနပ်နဲ့ပြောလိုက်သည်။

" မင်းကို ဒီလောက်ကြီးတဲ့ သဘောတူညီချက်ရအောင် ကူညီပေးထားတာ ကျေးဇူးမတင်ရင်တောင် ဒီလိုစကားတွေ မပြောသင့်ဘူး။ ကျေးဇူးမသိတတ်တဲ့မိန်းမဘဲ "

ချန်းရွှမ်က သူမလျှာကို ထုတ်ပြောင်လိုက်သည်။

" ရှင်က ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဘဲ။ ဒါက ရှင်လုပ်သင့်တာဘဲ မဟုတ်ဘူးလား "

ယဲ့ဖန်သည် ဆွံ့အသွားရသည်။

ခဏ တိတ်ဆိတ်နေပြီးတဲ့နောက် ချန်းရွှမ်ကပြောသည်။

" ရှင် သူမနဲ့ အနာဂတ်မှာ ဆက်ပြိုင်မှာလား "

ယဲ့ဖန်က သူ့ခေါင်းကို ကုတ်လိုက်သည်။

" မလိုအပ်ဘဲတော့ မလုပ်ပါဘူး၊ အဲ့တာကို နောက်မှဘဲပြောကြရအောင် "

ချန်းရွှမ်သည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ မနည်းသတ္တိစုပြီး ပြောလိုက်သည်။

" ရှင် နောက်တစ်ခါလာရင် ကျွန်မကို ခေါ်ပါလား "

ယဲ့ဖန်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" မင်း အဲ့မှာ ဘာလုပ်မှာလဲ "

ချန်းရွှမ်သည် စကားမပြောနိုင်ပေ။

" ကျွန်မ ....... "

ယဲ့ဖန်က ချက်ချင်း ယုတ်မာသောအပြုံးကို ပြုံးလိုက်သည်။

" အိုး၊ ကိုယ် နားလည်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်က သူမကို ချစ်မိသွားမှာကို စိုးရိမ်လို့ နောက်ကနေ လိုက်ကြီးကြပ်ချင်တာ မဟုတ်လား "

ချန်းရွှမ်သည် သူမစိတ်ကို ဖော်ထုတ်ခံလိုက်ရတာကြောင့် သူမ၏ လှပသော မျက်နှာလေးက နားရွက်တွေထိ ချက်ချင်း နီရဲသွားရသည်။

" ဘယ်သူက ရှင့်ကို လိုက်ကြည့်ချင်နေလို့လဲ။ ကျွန်မက ....... ဒီလို ကားပြိုင်မောင်းတာရဲ့ စိတ်လှုပ်ရှားမှုကို သဘောကျလို့ပါ ...... "

" တကယ်တော့ ပြိုင်ကားထက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားတွေ ရှိတယ်။ စမ်းကြည့်ချင်လား "

ယဲ့ဖန်၏အကြည့်က သူမ တစ်ကိုယ်လုံးကို ကြည့်နေပြီး အကြည့်က အရိုင်းဆန်နေသည်။

ချန်းရွှမ်သည် သူမ၏ အရေးပါသော အစိတ်အပိုင်းများကို အမြန်ဖုံးလိုက်ပြီး ရှက်ရွံ့ဒေါသစိတ်ပါ ခံစားလာရသည်။

" ရှင် ........ လူယုတ်မာ "

" ကိုယ်က ကျောက်တောင်တက်တာနဲ့ နှင်းလျှောစီးတာလိုမျိုး အားကစားတွေအကြောင်း ပြောမလို့ပါ။ မင်းက ဘာတွေ တွေးနေတာလဲ။ အဲ့တာဆိုမှ မင်းတစ်နေ့လုံး ဘာတွေတွေးနေတာလဲ "

ယဲ့ဖန်က သူမကို ခေါင်းခါကြည့်လိုက်သည်။

ချန်းရွှမ်၏မျက်နှာသည် ပို၍ပင်နီရဲလာသည်။

ဒီတစ်ယောက်က သူမကို တမင်လှည့်စားနေတာ သိသာသည်။ သူမကို အဲ့လိုတွေးအောင် လုပ်ပြီးမှ တန်ပြန်စွပ်စွဲတာဖြစ်သည်။

.......................................

နှစ်ရက်တာက အမြန်ကုန်သွားသည်။

နောက်ဆုံးတွင် မြေကွက်လေလံဆွဲမှုရလဒ်ကို ကြေညာရန် အချိန်ကျရောက်ခဲ့သည်။

ထိုနေ့ နေ့လည်ခင်းတွင် လေလံဆွဲရာမှာ ပါဝင်သည့် ကုမ္ပဏီတွေရဲ့ CEO တွေအားလုံးက မြို့တော်ခန်းမတွင် စုရုံးခဲ့ကြသည်။

" ဒီတစ်ခါ ဘယ်ကုမ္ပဏီက လေလံအောင်မယ် ထင်လဲ "

" မေးစရာ လိုသေးလို့လား။ ဝမ်းဖန်အိမ်ခြံမြေဘဲ ဖြစ်ရမယ် "

" ဟုတ်တယ်၊ ဝမ်းဖန်အိမ်ခြံမြေအကျိုးဆောင်က ချင်းဒါးကော်ပိုရေးရှင်းရဲ့ ကျောထောက်နောက်ခံရှိတယ်။ တစ်ချိန်တည်းမှာဘဲ သူတို့က ချင်းယွမ်ရင်းနှီးမြှုပ်နှံရေးဆီက ရင်းနှီးမြှုပ်နှံမှုကိုလည်း ရထားတော့ အောင်ပွဲက အိတ်ထဲမှာဘဲ "

" ဝမ်းဖန်အိမ်ခြံမြေက ကျုံးဟိုင်အိမ်ခြံမြေလုပ်ငန်းရဲ့ ခေါင်းဆောင်ဘဲ။ ဒီပရောဂျက်ကို ရသွားရင် သူတို့အင်အားက ပိုကြီးလာမယ် "

" ဖန်းဝမ်းညန်မှာ သားကောင်းတစ်ယောက်ရှိတာဘဲ။ သူက အရမ်းငယ်ပေမယ့် အရည်အချင်းရှိတယ်။ သူ့အနာဂတ်က အကန့်အသတ်မရှိ ဖြစ်နေမှာ သေချာတယ် "

" ဟုတ်တယ်၊ ရှယ်ယာရှင်တော်တော်များများက ဖန်းရှောင်ကွန်းကို ချင်းဒါးကော်ပိုရေးရှင်းမှာ တာဝန်ယူခွင့်မပေးဘူး။ အခု သူတို့ ပြောစရာမရှိမှာကိုတောင် စိုးရိမ်ရတယ် "

" ဒီ ဖန်းရှောင်ကွန်းက အနာဂတ်မှာ ကျုံးဟိုင်စီးပွားရေးလောကရဲ့ အကောင်ကြီးကြီးဖြစ်လာမှာ သေချာတယ် "

အားလုံးဆွေးနွေးကြချိန်မှာ ဖန်းရှောင်ကွန်းနှင့် အတွင်းရေးမှူးလုတို့က ခန်းမထဲသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည်။

သူက ဒီနေ့ အဖြူရောင် ဝတ်စုံကို ၀တ်ထားသည်။

ချောမောပြီးသား သူ့ကို ပို၍တောင် ချောမောစေသည်။

အထူးသဖြင့် သူ့ခန္ဓာကိုယ်က ဂုဏ်ယူဝင့်ကြွားနေတဲ့ အရောင်အဝါ ထွက်နေသည်။

အမျိုးသမီးသူဌေး တော်တော်များများက သူ့ကို ကြည့်နေကြသည်။

ချက်ချင်းဘဲ လူများစွာက သူ့နားကို ဝိုင်းအုံလာကြသည်။

" ဂုဏ်ယူပါတယ်၊ ဥက္ကဌဖန်း။ ဒီလေလံက ဘယ်သူရမလဲဆိုတာ အသိသာကြီးပါဘဲ "

" ဝမ်းဖန်က ထိုက်တန်တယ်လို့ ထင်တယ်။ ဥက္ကဌဖန်းက ငယ်ရွယ်ပေမယ့် လူတိုင်းက သူ့ရဲ့ ခွန်အားကို မြင်နိုင်တယ် "

" ချင်းဒါးကော်ပိုရေးရှင်းက ဥက္ကဌဖန်းရဲ့ ဦးဆောင်မှုအောက်မှာ ပိုမိုမြင့်မားလာမယ်လို့ ယုံကြည်တယ် "

" ဥက္ကဌဖန်းက ချင်းဒါးကော်ပိုရေးရှင်းကို ဥက္ကဌဖန်းရှောင်ဆီကို လွှဲပြောင်းပေးဖို့ စဉ်းစားရမယ့်အချိန်ရောက်ပြီလို့ ကျွန်တော်ထင်တယ် "

" မှန်တယ်။ ဖန်းဥက္ကဌလေးက လက်ရှိအင်အားနဲ့သာဆို သူက ချင်းဒါးကော်ပိုရေးရှင်းတစ်ခုလုံးကို စီမံနိုင်လောက်တယ် "

" ............. "

ဖန်းရှောင်ကွန်းသည် လူတိုင်း၏ မြှောက်ပင့်စကားကိုကြားပြီးနောက် သူ့ကိုယ်သူ သဘောကျလာသည်။

" လူကြီးမင်းတို့က ကျွန်တော့်ကို မြှောက်ပင့်နေကြတာပါ။ ဒီတစ်ကြိမ် အနိုင်ရတာက ကံကောင်းလို့ပေမယ့် ချို့ယွင်းချက်တွေ အများကြီးရှိပါသေးတယ်။ လူကြီးမင်းတို့က ကျွန်တော့်ကို ပိုပြီး ညွှန်ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ဒါကိုကြားတော့ အားလုံးက သူ့ကို ထပ်ပြီး မြှောက်ပင့်ကြသည်။

" ဖန်းဥက္ကဌလေးက နှိမ့်ချတတ်လွန်းတယ်။ အနာဂတ်မှာ မင်းရဲ့ လမ်းညွှန်မှုကို ငါတို့ မှီခိုနေရမှာဘဲ "

" ဖန်းဥက္ကဌလေးက စွမ်းဆောင်နိုင်ရုံသာမကဘဲ အရမ်းနှိမ့်ချတတ်သေးတယ်။ တကယ်ကို ရှားတာဘဲ "

" တကယ်လို့သာ ဖန်းဥက္ကဌလေးလို အရွယ်မှာ ဒီလို အောင်မြင်မှုတွေရှိကြရင် သူတို့က ကောင်းကင်ကိုပါတက်ဟောင်ရဲတဲ့အထိ မာန်တက်ကြမှာ "

" မင်းတို့ ဖန်းရှောင်ကွန်းလို ကလေးမျိုးမွေးသင့်တယ် "

ဖန်းရှောင်ကွန်းသည် မြှောက်ပင့်ခံရရာမှ အနည်းငယ် မှိုတက်တဲ့မျက်နှာဖြစ်သွားသလိုပင် ခံစားလိုက်ရသည်။

" ကျွန်တော် ဝမ်ကျန်းစားသောက်ဆိုင်မှာ သီးသန့်အခန်းကြီးတစ်ခုကို ကြိုတင်မှာထားပြီးပါပြီ။ လေလံပွဲရလဒ်ကြေညာပြီးတာနဲ့ လူတိုင်းကို ထမင်းကျွေးပါ့မယ်။ အားလုံးဘဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို မျက်နှာလေးပေးကြပါဦး "

အားလုံးက ချက်ချင်း သဘောတူလိုက်ကြသည်။

ဒီပရောဂျက်က ကြီးမားသည်။

ဖန်းရှောင်ကွန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီး အမြတ်ဝေစု ရယူနိုင်ခဲ့ပါက အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်သည်။

အဲ့တာကြောင့် သူတို့က ဒီလိုတွေလုပ်နေရပေမဲ့ ပျော်ကြလေသည်။

ထိုအချိန်မှာ အပြင်ကနေ နောက်ထပ် လူ ၃ ယောက် ဝင်လာခဲ့သည်။

ဖန်းရှောင်ကွန်းသည် နောက်ပြန်လှည့်ကြည့်ကာ ထူးဆန်းသော အပြုံးတစ်ခုကို ချက်ချင်း ပြုံးလိုက်သည်။

သူတို့က ယဲ့ဖန်၊ ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ဖြစ်သည်။

အပိုင်း ( ၃၃၉ )

မင်းက ဖန်းဥက္ကဌလေးရဲ့ ပြိုင်ဖက်ဖြစ်ဖို့တောင် ထိုက်တန်ရဲ့လား

သူတို့ သုံးယောက်အတူတူ လာနေသည်ကို မြင်လိုက်ရပြီး ဖန်းရှောင်ကွန်းက ချက်ချင်း ရယ်မောလိုက်သည်။

" မင်းတို့ ဒီမှာ ဘာလာလုပ်တာလဲ "

ချန်းရွှမ်သည် ယဲ့ဖန်၏ လက်မောင်းကို တွဲလိုက်ပြီး သူ့ကို ခပ်တည်တည်ဖြင့်သာ ကြည့်နေသည်။

" ဒီကိုလာတာ ရလဒ်ကို သိရဖို့ဘဲပေါ့ "

ဖန်းရှောင်ကွန်းသည် အကြီးမားဆုံးဟာသကို ကြားလိုက်ရလို ဖြစ်သွားသည်။

" ဟားဟား၊ အဲ့လိုလုပ်ဖို့ တကယ်ဘဲ လိုအပ်လို့လား။ လင်းယွမ်အိမ်ခြံမြေမှာ အခွင့်အရေးရှိသေးတယ်လို့ မင်းက တကယ် ဦးနှောက်မရှိ တွေးနေတာလား "

ချန်းရွှမ်က ပြန်လှောင်ရယ်မောလိုက်သည်။

" ဖြစ်နိုင်ချေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆုံးဖြတ်ဖို့က ရှင့်အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ အစိုးရအပေါ်မှာဘဲ မူတည်တာ "

ဖန်းရှောင်ကွန်းက ချက်ချင်း အခြားသူများကို လှည့်ကြည့်လိုက်သည်။

" အဲ့တာကို ခင်ဗျားတို့ ကြားကြလား။ အဲ့လိုပြောဖို့ သတ္တိကို ဘယ်ကရလာလဲ မသိဘူး။ လင်းယွမ်နဲ့ ဝမ်းဖန်ယှဉ်လို့ရတယ်လို့ သူမက ထင်နေတာ။ မဖြစ်နိုင်ဘူးဆိုတာ ပြောပြလိုက်ကြပါဦး "

အားလုံးက ချက်ချင်း ဖန်းရှောင်ကွန်းကို ဖားယားပြီး လှောင်ကြသည်။

" လင်းယွမ်အိမ်ခြံမြေကို တည်ထောင်ထားတာ နှစ်နှစ်နီးပါးပဲ ရှိသေးတယ်။ ဝမ်းဖန်အိမ်ခြံမြေနဲ့ ဘယ်လိုများ ယှဉ်နိုင်မှာလဲ "

" ဟုတ်တယ်။ ဝမ်းဖန်အိမ်ခြံမြေကို ချင်းယွမ်ဘက်ကနေ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း လက်ခံရရှိထားပြီးသား။ လင်းယွမ်က သူတို့နဲ့ ယှဉ်ဖို့ ဘာတွေ လုပ်နိုင်မှာမလို့လဲ "

" ဥက္ကဌချန်း၊ ဒီမှာ ကိုယ့်ကိုယ်ကို အရှက်မခွဲပါနဲ့။ စောစောပြန်လိုက်တာ ပိုကောင်းပါတယ် "

" မှန်တယ်။ ဒါက စစ်မြေပြင်ဘဲ။ မင်းလို မိန်းမက ဘာလို့ မျက်စိစုံမှိတ်ပြီး စွက်ဖက်နေရတာလဲ။ အမြန်ဆုံး လက်ထပ်ပြီး ကလေးယူတာမှ ပိုကောင်းတယ် "

" မင်းက ဖန်းဥက္ကဌလေးနဲ့ ယှဉ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား "

တရားနည်းကျပြောရလျှင် စီးပွားရေးလောကမှာ အငြှိုးအာဃာတတရားတွေ ရှိတာမျိုး မဟုတ်ပါက အချင်းချင်း မကောင်းပြောတာကို တည့်မလုပ်သင့်ပေ။

ဒါပေမဲ့ သူတို့အားလုံးက ဉာဏ်များတဲ့မြေခွေးအိုကြီးတွေအုပ်စု ဖြစ်သည်။

ဖန်းရှောင်ကွန်းနဲ့ ချန်းရွှမ်တို့ မတည့်ကြတာကို သူတို့ သိလိုက်ကြသည်။

ထို့ကြောင့် ဖန်းရှောင်ကွန်း စိတ်ကျေနပ်စေရန်အတွက် ချန်းရွှမ်နှင့် ထိပ်တိုက်တွေ့ရမည်ကိုပင် ဂရုမစိုက်ကြပေ။

ဒီပရောဂျက်ကို ရရှိပြီးတာနဲ့ ဝမ်းဖန်အိမ်ခြံမြေအကျိုးဆောင်ရဲ့ အင်အားက မြင့်တက်လာပြီး ပရောဂျက်ကို ဆုံးရှုံးခဲ့ရသည့် လင်းယွမ်အိမ်ခြံမြေကတော့ အနည်းဆုံး နှစ်အနည်းငယ်ကြာအောင် ပြန်နလန်ထူနိုင်မည် မဟုတ်ပေ။

ဖန်းရှောင်ကွန်းက သူတို့ကို မိနစ်ပိုင်းအတွင်း အသေသတ်နိုင်လိမ့်မည်။

ထို့ကြောင့် သူတို့အားလုံးက ဖန်းရှောင်ကွန်းဘက်မှ မဆိုင်းမတွ ရပ်တည်ရန် ရွေးချယ်ခဲ့ကြသည်။

" သခင်လေးဖန်း၊ သိပ်ပြီး မောက်မာမနေပါနဲ့။ နောက်ဆုံး အခိုက်အတန့်အထိတော့ ဘယ်သူက အနိုင်ရမလဲဆိုတာ မသိရသေးပါဘူး "

ယဲ့ဖန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

ဖန်းရှောင်ကွန်းက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

ထို့နောက် ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

" တကယ်တော့ ငါ မင်းကို အခွင့်အရေးပေးနိုင်တယ်။ မင်း သူ့ကို စွန့်ပစ်ပြီး ငါ့လက်ထဲကို လာဖို့ ရွေးချယ်သရွေ့ ငါ လင်းယွမ်အိမ်ခြံမြေအတွက်အမြတ်ဝေစုကို ငါခွဲပေးနိုင်တယ် "

ဒါကိုကြားတော့ အားလုံးက မနာလိုဖြစ်ကုန်ကြသည်။

" ဥက္ကဌချန်း၊ မြန်မြန် သဘောတူလိုက်လေ။ ဒါက ကြီးမားတဲ့အခွင့်အရေးဘဲ "

" ဟုတ်တယ်။ ဖန်းဥက္ကဌလေးက ချောလည်းချောသေးတယ်။ ဒါကောင်းကင်ဘုံကို တက်နိုင်မယ့် အခွင့်အရေးဘဲ မဟုတ်လား "

" ဖန်းဥက္ကဌလေးရဲ့ နောက်ကို လိုက်ရင် မင်းအတွက် လုံးဝ အရှုံးမရှိဘူး။ တခြားသူတွေက မနာလိုဖြစ်ချင်ရင်တောင် ဖြစ်နိုင်မှာ မဟုတ်ဘူး "

" ဥက္ကဌချန်း၊ ငါသာ မင်းနေရာမှာဆိုရင် မဆိုင်းမတွ သဘောတူလိုက်မှာ။ ငါက အသက်ကြီးနေပြီး ရုပ်ဆိုးနေတာ နှမြောစရာဘဲ "

" ငါတို့ကတော့ မျက်နှာတွေနီတဲ့အထိ ပြောခဲ့ရပေမဲ့ ဥက္ကဌချန်းကတော့ ဒီလို လွယ်လွယ်နဲ့ ရသွားတော့ မနာလိုလိုက်တာ "

" ဟားဟားဟား ....... "

ချန်းရွှမ်သည် ထိုလူများ၏ သွားပုတ်လေလွင့်စကားများကြောင့် ဒေါသအရမ်းထွက်သွားရသည်။

သူမ၏ လှပသော မျက်နှာက ဖြူဖျော့လာတော့သည်။

ယဲ့ဖန်က သူမကို နှစ်သိမ့်ပေးဖို့ လက်ကို ပုတ်ပေးလိုက်သည်။

ထို့နောက် သူ့စူးရှသော အကြည့်ဖြင့် ထိုလူတွေကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

" ခင်ဗျားတို့ကို မှတ်ထားမယ်။ လင်းယွမ်ဘက်က လေလံအောင်တာနဲ့ ခင်ဗျားတို့အကုန် မိတ်စာရင်းထဲက တစ်ယောက်မကျန် မပါစေရဘူး "

အဲ့တာကိုကြားတော့ သူတို့ထဲက အနည်းစုက ရယ်မောလိုက်ကြသည်။

" ဒီကလေး ရူးနေတာလား။ မင်း နေ့ခင်းကြောင်တောင် စိတ်ကူးယဉ် အိပ်မက်မက်နေတာလား "

" လင်းယွမ်ဘက်က အခွင့်အရေးရှိသေးတယ်လို့ သူက ထင်နေတာလား။ ကလေးဆန်ပြီး ရယ်စရာကောင်းလိုက်တာ "

" သူတို့နှစ်ယောက်လုံးက လူငယ်တွေဆိုပေမဲ့ ဖန်းဥက္ကဌလေးနဲ့ ယှဉ်ကြည့်လိုက် အဲ့တာက ကွာခြားချက်ပဲ "

" ဒီ ဦးနှောက်မရှိတဲ့လူကတော့လေ။ ဖန်းဥက္ကဌလေးနဲ့ သူတို့ကို ယှဉ်လို့ရမယ် ထင်နေတာလား "

" အဲ့လိုယှဉ်မယ်ဆိုတာကိုက အတွေးမှားဘဲ။ သူတို့က ဖန်းဥက္ကဌလေးရဲ့ ခြေမှုန်တောင် မမီဘူး "

" ငါ တကယ်ကြောက်လို့ပါ။ လင်းယွမ်အိမ်ခြံမြေက ငါတို့ကို မိတ်ဖက်ပါတနာစာရင်းကနေ ဖယ်ထုတ်မှာတဲ့။ တောင်းပန်ပါတယ်၊ မလုပ်ပါနဲ့၊ အနူးအညွတ်တောင်းဆိုတာပါ။ ဟားဟားဟားဟား ...... "

" လင်းယွမ်ကုမ္ပဏီကို ငါတို့ဘက်က အရင်ဆုံး နာမည်ပျက်စာရင်းသွင်းလိုက်မယ်။ ငါ့ကုမ္ပဏီ ဒေဝါလီမခံရသရွေ့ ငါလည်း မင်းတို့နဲ့ အလုပ်တွဲလုပ်မှာ မဟုတ်ဘူး "

" လင်းယွမ်ကုမ္ပဏီကို ဖယ်ထားလိုက်ရင် သူတို့ ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ "

ယဲ့ဖန်သည် လူတိုင်း၏ တန်ပြန်တိုက်ခိုက်မှုကို ကြားပြီး ဟက်ခနဲ ရယ်မောလိုက်သည်။

ဒါပေမယ့် သူက တခြားဘာမှ မပြောပေ။

အရာရာတိုင်းဟာ ခွန်အားပေါ်မှာမူတည်သည်။

ထိုအချိန်တွင် ဌာနခေါင်းဆောင်ယောင်းက သူ့လက်ထဲတွင် စာရွက်စာတမ်း အများကြီးကို ကိုင်ဆောင်ကာ ခန်းမထဲသို့ လျှောက်ဝင်လာသည်။

လူတိုင်းက ချက်ချင်း တိတ်ဆိတ်သွားကြတော့သည်။

" ဒီနေ့ကတော့ လေလံအောင် စာရင်းကြေညာတဲ့နေ့ပါ။ အားလုံးက စောင့်မျှော်နေကြမှာ သေချာပါတယ်။ နောက်ပြီးတော့ ဒီပရောဂျက်အတွက် အစိုးရရဲ့ အစီအစဥ်ကို တင်ပြပါရစေ ........ "

ထို့နောက် ဌာနခေါင်းဆောင်ယောင်းသည် ပရောဂျက်၏ သီးခြားအစီအစဉ်များကို လူတိုင်းအား ရှင်းပြခဲ့သည်။

စီမံကိန်းတွင် အစိုးရ၏ အရေးပါမှုနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ပြီးပြည့်စုံမှုတို့ ပါဝင်သည်။

ဒီပရောဂျက်ဟာ အစိုးရကပါဝင်နေမှန်း လူတိုင်း သိထားပေမယ့်လည်း သွေးဆူနေကြဆဲ ဖြစ်သည်။

အထက်အရာရှိများက လောင်ချန်းမြို့နယ်ကို ကျုံးဟိုင်မြို့၏ အဓိကနေရာအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ထားသည်ကို တွေ့မြင်နိုင်သည်။

ဒါက ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုဆိုတာ လူတိုင်း မြင်နိုင်သည်။

အမိအရဖမ်းမိတာနဲ့ တိုင်းတာမရသော အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။

သို့ပေမဲ့ ခွန်အားရှိသူများက အခွင့်အလမ်းများကို အမြဲတမ်း သိမ်းယူထားလေသည်။

အခု ရောက်ရှိနေသည့် လူများထဲတွင် ထိုကဲ့သို့ အင်အားရှိသူက လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။

ဌာနခေါင်းဆောင်ယောင်းသည် ပရောဂျက်အစီအစဥ်ကို မိတ်ဆက်ပြီးနောက်တွင် အဓိကအကြောင်းအရာကို တရားဝင် ထည့်သွင်းပြောခဲ့သည်။

" အခုအကြိမ် လေလံဆွဲရာမှာ ပါခဲ့တဲ့ ကုမ္ပဏီပေါင်း ၅၆ခု ရှိပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးသုံးသပ်ချက်အဆင့်မီတဲ့ ကုမ္ပဏီကတော့ သုံးခုဘဲ ဝင်ပါတယ်။ ဒီကုမ္ပဏီသုံးခုက ပေးမယ့် စျေးနှုန်းကို ကြေညာပေးပါ့မယ် .......... "

" မိုးကြိုးတန်း အိမ်ခြံမြေက ပေးတဲ့ လေလံစျေးနှုန်းက ၂.၄၉ ဘီလီယံ ဖြစ်ပါတယ် "

" ဝမ်းဖန် အိမ်ခြံမြေက ပေးတဲ့ လေလံစျေးနှုန်းက ..... ၂.၅၆ ဘီလီယံ ဖြစ်ပါတယ် "

ထိုစကားကို ကြေညာလိုက်တဲ့အခါ လူအုပ်ကြီးက လက်ခုပ်တီးကြသည်။

အားလုံးက ဖန်းရှောင်ကွန်းကို ဂုဏ်ပြုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

လေလံရလဒ်က သေချာနေပြီလို့ ထင်ရသာ်။

ဖန်းရှောင်ကွန်းသည် ရလဒ်ကြောင့် မအံ့သြပေ။

သို့သော် သူက မိုးကြိုးတန်း အိမ်ခြံမြေမှ လူများကို ယဉ်ကျေးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။

မိုးကြိုးတန်း အိမ်ခြံမြေမှ လူများက စိတ်အခြေအနေ မကောင်းကြတော့ပေ။

အဆုံးတွင် သူတို့သည် ၀.၇သန်း ဆိုသည့် ကွာဟချက် အနည်းငယ်လေးဖြင့် ဒီလေလံကို လွတ်သွားခဲ့ရသည်။

သို့သော် မတတ်နိုင်ဘဲ ဖန်းရှောင်ကွန်းကို ရက်ရက်ရောရော ဂုဏ်ပြုကြရသည်။

နေရာမှာ ရှိနေတဲ့ လူတိုင်းက ဖန်းရှောင်ကွန်းကို သူထက်ငါအရင် ချီးကျူးဂုဏ်ပြုရန် လောနေကြသည်။

မသိရင် ဝမ်းဖန်အိမ်ခြံမြေက နောက်ဆုံးအနိုင်ရသူ ဖြစ်လာသလိုပင် ချီးကျူးနေကြသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်းဖမ်အိမ်ခြံမြေ နှင့် ယှဉ်နိုင်တဲ့ အင်အားရှိတာက မိုးကြိုးတန်းအိမ်ခြံမြေသာရှိသောကြောင့်ဖြစ်သည်။

အခု မိုးကြိုးတန်း အိမ်ခြံမြေရောင်းဝယ်ရေးက ရွေးချယ်မခံရပေ။

ထို့ကြောင့် ဝမ်းဖန်အိမ်ခြံမြေကသာ နောက်ဆုံးအနိုင်ရသူဖြစ်မှာ ကျိန်းသေသည်။

တခြားကုမ္ပဏီတွေကလည်း သူတို့နဲ့ အမီလိုက်နိုင်မည် မဟုတ်ပေ။

သူတို့က စဉ်းစားခံရတဲ့ထဲမှာပင် လုံးဝမပါပါဘူး။

ဒါပေမယ့် ထိုအချိန်မှာ ဌာနခေါင်းဆောင်ယောင်းက ဆက်လက်ကြေညာသည်။

" လင်းယွမ်အိမ်ခြံမြေရဲ့ လေလံဈေးက ....... ၂.၅၆ ဘီလီယံနဲ့ ....... ၁ ယွမ် "

အပိုင်း ( ၃၄၀ )

တစ်ယွမ်၏အဆုံးသတ်

ဌာနခေါင်းဆောင်ယောင်း၏နောက်ဆုံးကြေညာချက်ကို သူတို့အားလုံးကြားပြီးတဲ့နောက် ဟောခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားတော့သည်။

လူတိုင်း၏ မျက်နှာများတွင် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။

ကြားတာ မှားတယ်လို့ ထင်မိကြသည်။

ဝမ်းဖန်အိမ်ခြံမြေ၏ လေလံစျေးနှုန်းမှာ ၂.၅၆ ဘီလီယံဖြစ်သည်။

လင်းယွမ်အိမ်ခြံမြေ၏ လေလံဈေးကတော့ ၂.၅၆ ဘီလီယံနဲ့ ၁ ယွမ်သာ ဖြစ်သည်။

တစ်ယွမ်ရဲ့ အားသာချက်ဖြင့် ထိုမြေကွက်ကို ရယူနိုင်မှာလား။

သူတို့က နောက်ဆုံး အနိုင်ရတဲ့သူ ဖြစ်လာမှာလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဖန်းရှောင်ကွန်းသည် အချိန်အတော်ကြာပြီးတဲ့နောက်မှ သူ့အာရုံများ ပြန်လည်ရရှိလာသည်။ သူက ဌာနခေါင်းဆောင်ယောင်း အရှေ့သို့ ချက်ချင်း ပြေးသွားသည်။

" ခင်ဗျား မဟုတ်တာတွေ ပြောနေတာလား။ ဒါက လုံးဝမဖြစ်နိုင်ဘူး "

ဌာနခေါင်းဆောင်ယောင်းက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဖန်းဥက္ကဌလေး၊ အခု မင်း ဘယ်လို ခံစားရမလဲဆိုတာကို ငါနားလည်နိုင်တယ်။ ဒါပေမယ့် မင်း စိတ်ငြိမ်ငြိမ်ထားသင့်တယ်လို့ ငါ မျှော်လင့်တယ် "

ဖန်းရှောင်ကွန်း၏ မျက်လုံးများ နီရဲသွားသည်။

" စိတ်အေးအေးထားရမှာ၊ ဟုတ်လား။ ဘယ်လို စိတ်အေးအေး ထားနိုင်မှာလဲ ။ ဒီပရောဂျက်မှာ အများကြီး ရင်းနှီးမြှပ်နှံထားတာကို နောက်ဆုံးမှာတော့ ရှုံးခဲ့တာလေ။ ပြီးတော့ ယွမ်တစ်ယွမ် ကွာဟချက်ကြောင့်နဲ့ ရှုံးခဲ့တာ။ စိတ်ကို ငြိမ်ငြိမ်လေး ထားနိုင်မယ် ထင်နေလား "

ဌာနခေါင်းဆောင်ယောင်းက သူ့ကို အေးစက်စွာ ကြည့်နေသည်။

" လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒါက အမှန်တရားပဲ။ လင်းယွမ်အိမ်ခြံမြေရဲ့ လေလံဈေးက မင်းထက် တစ်ယွမ် ပိုများတယ် "

ဖန်းရှောင်ကွန်း၏ မျက်လုံးများ အမြင်မှောင်လာပြီး လဲကျလုမတတ် ဖြစ်သွားသည်။

သူ့အနားရှိ အတွင်းရေးမှူးလုက အမြန်လှမ်းပြီး သူ့ကို ဖမ်းထားလိုက်ရသည်။

ဖန်းရှောင်ကွန်းက အသိစိတ်ပျောက်နေတဲ့ သားရဲတစ်ကောင်လို သူမကို တွန်းထုတ်လိုက်သည်။

ဌာနခေါင်းဆောင်ယောင်းကို ဒေါသတကြီး လက်ညှိုးထိုးသည်။

" ဒါ ခင်ဗျားလက်ချက်ပဲဖြစ်ရမယ်။ ကျွန်တော်တို့ လေလံစျေးနှုန်းကို သူတို့ဆီ သတင်းပေးလိုက်တာ မဟုတ်လား။ ကိုယ်ကျိုးစီးပွားအတွက် ဥပဒေကို ချိုးဖောက်ခဲ့တာ။ ခင်ဗျားကို တရားစွဲမယ် ...... "

ဌာနခေါင်းဆောင်ယောင်း၏ မျက်နှာက မည်းမှောင်သွားသည်။

" ဖန်းရှောင်ကွန်း၊ မင်း ငါ့ကို ဘယ်လို ပြောရဲတာလဲ။ မင်းမှာ အထောက်အထားရှိလား "

ဖန်းရှောင်ကွန်းက လုံးဝစိတ်လွတ်နေတော့သည်။

" သူတို့ရဲ့ လေလံဈေးက ငါတို့ထက် ယွမ်တစ်ယွမ်ပဲ ပိုများတာ။ ရှင်းနေတာဘဲ၊ သူတို့က ငါတို့ရဲ့ လေလံဈေးကို ကြိုသိထားတယ်ဆိုတာ။ မင်း သူတို့ကို သတင်းပေးလိုက်တာ မဟုတ်လား "

ဌာနခေါင်းဆောင်ယောင်း၏ အကြည့်က အေးစက်သွားသည်။

" နောက်ဆုံးသုံးသပ်ချက်ကို ဆုံးဖြတ်တဲ့ တာဝန်ခံခေါင်းဆောင်တွေကဘဲ မင်းပေးခဲ့တဲ့ စျေးနှုန်းကို သိရတာ။ ရလဒ်တွေဘဲ ပြောပြရတာ။ အဲ့ဒီခေါင်းဆောင်တွေထဲမှ တစ်ယောက်ယောက်က ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် ဥပဒေကို ချိုးဖောက်နေတယ်လို့ သံသယဝင်နေတာလား ".

ဖန်းရှောင်ကွန်း ချက်ချင်း စကားမပြောနိုင်ပင် ဖြစ်သွားရသည်။

ထိုခေါင်းဆောင်များက ကျုံးဟိုင်မြို့ တစ်ခုလုံး၏ အိမ်ခြံမြေစီမံချက်နှင့် ခွင့်ပြုချက်မိန့်တွေအတွက်တာဝန်ရှိသည်။

သက်သေအထောက်အထားမရှိဘဲ သံသမဝင်သင့်ပေ။

မဟုတ်ရင် ဝမ်းဖန်အိမ်ခြံမြေက ကျုံးဟိုင်မှာ ဘယ်တော့မှ ရှင်သန်နိုင်မှာ မဟုတ်တော့ပေ။

ဒါတောင်မှ ဖန်းရှောင်ကွန်းက သံသယဖြစ်ရဲသေးသည်။

သူတို့ရဲ့ လေလံဈေးကို ဘယ်သူတွေ ပေါက်ကြားစေခဲ့တာလဲ။

ထိုအချိန်တွင် သူ့ဘေးမှာ ရပ်နေသော အတွင်းရေးမှူးလုက ယဲ့ဖန်ကို တစ်ချက် ခိုးကြည့်လိုက်သည်။

ဒီလျှို့ဝှက်အချက်အလက်များကို ဘယ်သူက ပေါက်ကြားစေသည်ကို သူမ မသိပေ။

ဒီကိစ္စကို သိထားတဲ့သူက လုံးဝကို လက်ချိုးရေလို့သာသည်။

ဖန်းရှောင်ကွန်းကိုယ်တိုင်နဲ့ အတွင်းရေးမှူးဖြစ်တဲ့ သူမကလွဲလို့ ဒီစီမံကိန်းကို တာဝန်ယူတဲ့ အရေးကြီးသူတွေနဲ့ ချင်းယွမ်ရင်းနှီးမြှုပ်နှံမှုမှ ချူးမင်းတို့ကသာ ဒီအကြောင်းကို သိခဲ့ကြသည်။

ယဲ့ဖန်သည် သူမ၏အကြည့်ကို သတိပြုမိပြီး ပြုံးပြလိုက်သည်။

ကားပြိုင်ပြီးတဲ့နောက် သူနှင့် ချူးမင်း သဘောတူညီမှု ရရှိခဲ့တဲ့အခါ ထိုလျှို့ဝှက်ချက်ကို သူမက ပြောပြခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ဖန်းရှောင်ကွန်းက လျှို့ဝှက်ချက်ကို ဘယ်သူပေါက်ကြားအောင်လုပ်မှန်း မသိပေ။

" ဌာနခေါင်းဆောင်ယောင်း၊ ဒီတစ်ကြိမ် လေလံဆွဲတဲ့ စည်းမျဉ်းအရ လေလံအောင်တဲ့ ကုမ္ပဏီက ပရောဂျက်တစ်ခုလုံးရဲ့ အရင်းအနှီးရဲ့ ၇၀% ကျော်ရှိရမယ်လို့ ဖော်ပြထားတယ်။ လင်းယွမ်အိမ်ခြံမြေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်လောက်ဘူး၊ မဟုတ်လား "

သူ့အမေးကို ကြားတော့ အားလုံးက ခေါင်းငြိမ့်ကြသည်။

" ဟုတ်တယ်။ ဒီပရောဂျက်အတွက် ကနဦး ခန့်မှန်းချက်က ဘီလီယံဆယ်ဂဏန်းဆိုတော့ လင်းယွမ်အိမ်ခြံမြေရောင်းဝယ်ရေးဘက်က အနည်းဆုံး ရန်ပုံငွေ ၇ ဘီလီယံရှိဖို့ လိုတယ် "

" သူတို့မှာ ပိုက်ဆံအများကြီးမရှိရင် ပရောဂျက်က တစ်ဝက်တစ်ပျက်နဲ့ ဟာသကြီးဖြစ်သွားမှာ မဟုတ်လား "

" လင်းယွမ်အိမ်ခြံမြေရဲ့ လက်ရှိတန်ဖိုးက ဘီလီယံအနည်းငယ်ပဲရှိတော့ ဒီငွေတွေကို ဘယ်က ရလာတာလဲ "

" မင်း ငါတို့ကို ရှင်းပြရမယ်။ မဟုတ်ရင် ငါတို့ လက်မခံဘူး "

" ဟုတ်တယ် မယုံဘူး "

ဒေါသထွက်နေသော လူအုပ်ကို ကြည့်လိုက်ပြီး ဌာနခေါင်းဆောင်ယောင်းက ဟက်ခနဲလုပ်လိုက်သည်။

" လင်းယွမ်အိမ်ခြံမြေဘက်က လုံလောက်သော ငွေကြေးအထောက်အထား ပံ့ပိုးပေးထားပြီး ဒီစည်းမျဉ်းကို အပြည့်အဝ လိုက်နာထားပါတယ် "

ဖန်းရှောင်ကွန်းနှင့် အခြားသူများက ထိုစကားကိုကြားသောအခါ သူတို့၏ အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားရသည်။

" အဲ့တာ မဖြစ်နိုင်ဘူး။ လင်းယွမ်ဘက်က အဲ့လောက် ပိုက်ဆံအများကြီး ဘယ်ကရခဲ့တာလဲ "

" ဟုတ်တယ်၊ သူတို့က အရင်းအနှီးအကြီးကြီးကို ရုတ်တရက် မရထားဘူးဆိုရင် သူတို့ ဒီလောက် ကြီးတဲ့ အရင်းအနှီးကို ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး "

" ဒါပေမယ့် ဒီလောက်တိုတောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုကို ဘယ်ကနေရလာတာလဲ "

" စာရင်းစစ်ကို လှည့်ဖြားဖို့ အတုအယောင် အကောင့်တွေ လုပ်ခဲ့တာ ဖြစ်နိုင်လောက်လား "

" သူတို့ သိသွားရင်တော့ အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ် "

အားလုံး အံ့သြနေကြချိန်မှာဘဲ ရုတ်တရက် အပြင်ကနေ အမျိုးသမီးတစ်ယောက်က လျှောက်ဝင်လာတာကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးက အရမ်းလှသည်။

သူမ၏ ရှည်လျားပြီး ပျော့ပျောင်းသော ဆံပင်များက သူမနောက်တွင် ပေါ့ပေါ့ပါးပါး စီးထားသည်။

သူမက နေရာနဲ့ မလိုက်ဖက်စွာ အဖြူရောင်ပြိုင်ကားဝတ်စုံကို ဝတ်ဆင်ထားသည်။

ဖန်းရှောင်ကွန်းက သူမကိုမြင်သောအခါ ချက်ချင်း သူမဆီကို လမ်းလျှောက်သွားခဲ့သည်။

" ချူးမင်း၊ ငါတကယ်တောင်းပန်ပါတယ်။ ဒီတစ်ခါတော့ ငါတို့ ကမ်းလှမ်းမှု မရလိုက်ဘူး "

ထိုအမျိုးသမီးကတော့ ချူးမင်းဖြစ်သည်။

သူ့စကားကို ကြားတော့ သူမက ချက်ချင်းပင် ရယ်လိုက်သည်။

" ကျွန်မ သိတယ် "

ဖန်းရှောင်ကွန်းအံ့သြသွားရသည်။

" မင်း ဘယ်လိုလုပ်ပြီး သိတာလဲ "

ချူးမင်းက လက်တွေကို အိတ်ကပ်ထဲ ထည့်လိုက်သည်။

" ဘာလို့လဲဆိုတော့ ကျွန်မက သူတို့ကို လေလံဆွဲခွင့်ရအောင် လုပ်ပေးဖို့ လင်းယွမ်အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံခဲ့တာမလို့ဘဲ "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပင် မယုံကြည်နိုင်သော အမူအရာဖြစ်သွားသည်။

" ဘာလဲ။ မင်းက သူတို့ဆီကို ရင်းနှီးမြှုပ်နှံခဲ့တာလား။ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဝမ်းဖန်ဘက်မှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်ပြီးပြီ မဟုတ်လား "

ချူးမင်းက ရယ်လိုက်သည်။

" ရှင် လုပ်ခဲ့တာတွေကို ကျွန်မက လူသိရှင်ကြား သိအောင်ပြောပေးဖို့ လိုသေးလား "

ဖန်းရှောင်ကွန်း ဒေါသထွက်သွားသည်။

" ငါ ဘာလုပ်ခဲ့လို့လဲ။ ဒီနေ့ မင်းငါ့ကို ရှင်းပြချက် ပေးရမယ် "

ချူးမင်းက သူ့ကို အေးစက်စွာ ကြည့်နေသည်။

" အရင်ကတော့ ကျွန်မက အတန်းဖော်ဟောင်းတစ်ယောက်အဖြစ် မျက်နှာပျက်မှာ စိတ်ပူနေခဲ့တာ။ ရှင်က ရှင့်အတွက် ဘာက ကောင်းလဲဆိုတာ မသိဘူးဆိုတော့ ကျွန်မ သေချာပြောပြမယ်။ ရှင့်ရဲ့ ဝမ်းဖန်အိမ်ခြံမြေရဲ့ ငွေကြေးအချက်အလက်တွေက အတုတွေဘဲ။ ကံကောင်းထောက်မစွာနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကို ရှောင်နိုင်ဖို့ ယဲ့လူကြီးမင်းက သတိပေးခဲ့တာ ....... "

အဲ့တာကိုကြားတော့ လူတိုင်း အံ့သြသွားရသည်။

ဝမ်းဖန်အိမ်ခြံမြေရဲ့ ဘဏ္ဍာရေးက အလိမ်တွေတဲ့။

ဒါက တကယ်လား။

ဝမ်းဖန်က စီးပွားရေးလောကတွင် နာမည်ဂုဏ်သတင်းသည် အလွန်ကြီးသည်။

ဝမ်းဖန်အိမ်ခြံမြေက သူတို့ရဲ့ ငွေကြေးအချက်အလက်တွေကို အတုလုပ်ထားကြောင်း ပေါ်လာပါက နောင်အနာဂတ်မှာ ကုမ္ပဏီတွေက သူတို့နှင့် လက်တွဲရဲတော့မှာ မဟုတ်ပေ။

" ကျွန်မ ရှင့်ကို အရမ်းယုံခဲ့တာ။ ကျွန်မကို လိမ်မယ်လို့ မမျှော်လင့်ထားဘူး။ ဘယ်လောက်တောင် စက်ဆုပ်စရာ ကောင်းလိုက်လဲ "

ချူးမင်း စိတ်ထဲမှ ဒေါသတွေကို ဖုံးကွယ်မထားနိုင်တော့ပေ။

" ယဲ့ဖန် ...... သူက ငါ့ကို မုန်းနေတာ။ ချူးမင်း၊ သူ့စကားတွေကို မယုံပါနဲ့။ သူ ငါ့ကို ရန်ငြိုးထားပြီး တမင် ချောက်ချနေတာ ........ "

ဖန်းရှောင်ကွန်း ရုတ်တရက် စိတ်ပူလာပြီး မစဉ်းစားဘဲ လျှောက်ပြောသည်။

သူ ယဲ့ဖန်ကို လည်ပင်း ထညှစ်ချင်နေသည်။

ဒီကလေးက သူ့အကြံအစည်တွေကို ဖျက်လိုက်ပြန်ပြီ။

ချူးမင်းက စာရွက်စာတမ်းအိတ်ကို ချက်ချင်းထုတ်လိုက်သည်။

" ရှင့်ရဲ့ ဆောက်လုပ်ရေးကုန်ကျစရိတ် အထောက်အထားအားလုံးက ဒီထဲမှာရှိတယ်။ ရှင့်အတွက် အဲ့တာတွေကို တစ်ခုပြီးတစ်ခု ကျွန်မက ဖတ်ပြပေးဖို့ လိုသေးလား "

လိမ်ညာရုန်းကန်နေသည့် ဖန်းရှောင်ကွန်းက ချက်ချင်းရပ်သွားတော့သည်။

အီးတောင် မပေါက်ရဲတော့ပေ။

All Chapters