အပိုင်း ၃၄၅-၃၄၈
Vol. 18 Ch. 345-348
အပိုင်း ( ၃၄၅ )
ငါ့နောက်လိုက်တဲ့ သူတွေကတော့ ကောင်းချီးပေးခံရလိမ့်မယ်
ထိုလူမိတ်ဆက်ပေးသည့် အကြောင်းအရာကို နားထောင်ပြီးသည့်နောက် နျုံလူကြီးမင်းက ဆိုဖာကိုမှီလိုက်ကာ သူ့လက်ထဲရှိ ပုတီးကို စိပ်နေခဲ့သည်။
“ကြည့်ရတာ ဒီကောင်လေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ”
သူ့စကားကိုကြားတော့ လူတိုင်းသူ့ကို ချီးမွမ်းလိုက်ကြသည်။
“သူ့လိုကောင်လေးက နျုံလူကြီးမင်းနဲ့တော့ ဘယ်ယှဉ်နိုင်မှာလဲဗျာ”
“ဟုတ်တာပေါ့၊ ဒီကလေးတကယ်အားကြီးတယ်ဆိုပေမယ့် နျုံလူကြီးမင်းရှေ့မှာဆို သူကသစ်ပင်ကို လှုပ်ယမ်းဖို့ကြိုးစားနေတဲ့ ယင်ကောင်လိုပဲ”
“နျုံလူကြီးမင်းက တောင်ပိုင်းကွမ်းတုန်းပြည်နယ်မှာ လွှမ်းမိုးမှုကြီးတဲ့လူတစ်ယောက်ပဲ။ ယဲ့ဖန်လိုလူက ဘယ်လိုလုပ်မျက်လုံးထဲ ဝင်ပါ့မလဲ”
“နျုံလူကြီးမင်းက သူ့ကို ပုရွက်ဆိတ် တစ်ကောင်လို ချေမွပစ်နိုင်ပါလိမ့်မယ်”
တောင်ပိုင်းကွမ်းတုန်းပြည်နယ်၏ ဖုလီကော်ပိုရေးရှင်းမှ တကယ့်ခေါင်းဆောင်အစစ်က နျုံစစ်သွမ်းဖြစ်သည်။
မိုချောင်းရှန်းက ကျုံးဟိုင်ကို ရှန်းဘုရင်၏လျှို့ဝှက်မြေပုံတစ်ပိုင်းတစ်စကို ရှာဖွေရန်ရောက်လာသေးသည်။
ဘာလို့များ မအောင်မြင်သေးခင် သေသွားရတာပါလိမ့်။
ပြီးတော့ အရှုပ်ထုပ်တွေပင် ထားခဲ့သေးသည်။
သူ့မှာရွေးချယ်စရာမရှိတော့တာကြောင့် ကိုယ်တိုင်ရင်ဆိုင်ရတော့သည်။
လူတိုင်း၏ချီးကျူးသံများကို ကြားလိုက်ရချိန်၌ နျုံစစ်သွမ်း၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာလေသည်။
“လူတိုင်းကဒီလိုပြောနေမှတော့ အဲ့ကောင်လေးကို ကျုပ်ကိုယ်တိုင် လူချင်းတွေ့ချင်တယ်။ အဲ့ကျတော့ ခင်ဗျားတို့ကိုယ်တိုင်လာပြီး ကျုပ်ကို လာအားပေးကြပေါ့”
သူ ထိုသို့ပြောလိုက်သည်နှင့် ထိုနေရာရှိလူတိုင်း တိတ်ဆိတ်သွားတော့သည်။
သူတို့ယဲ့ဖန်ကို အထင်သေးကြတယ်ဆိုပေမယ့် ထိုလူငယ်လေးက သွားစလို့ရသည့် လူတစ်ယောက်မဟုတ်ပေ။
သူတို့အားလုံးက သတင်းစုံသည့်လူများဖြစ်တာကြောင့် ယဲ့ဖန်၏ပိုင်ဆိုင်မှုက ကျုံးဟိုင်တွင် နံပါတ်ငါးချိတ်သည်ကို သိလေသည်။
သူက ဒီနေရာရှိလူတော်တော်များများထက် ပိုအင်အားကြီးသည်။
မိုချောင်းရှန်းပင် သူ့လက်ထဲ၌ သေသွားခဲ့ရသည်။
ထိုကဲ့သို့သောလူမျိုးကို နျုံစစ်သွမ်းကြောင့် အပြစ်ပြုရတော့မည်။
သူတို့ အနည်းငယ်တုံ့ဆိုင်းနေကြသည်။
နျုံစစ်သွမ်း လက်ထဲရှိပုတီးစေ့ကို ပွတ်သပ်ရင်း ပြုံးလိုက်မိသည်။
ထို့နောက် တစ်ခွန်းမှမဟပဲ လူတိုင်းကို ကြည့်လိုက်သည်။
ဧည့်ခန်းတစ်ခန်လုံး တိတ်ဆိတ်သွားရသည်။
ထိုအချိန်တွင် ရုတ်တရက်တစ်ယောက်က စကားစလာသည်။
“ကျွန်တော်ကတော့ နျုံလူကြီးမင်းရဲ့ စစ်တုရင်ဖြစ်ပေးချင်တဲ့ဆန္ဒ ရှိပါတယ်”
ထိုလူအား လူတိုင်းလှည့်ကြည့်လိုက်မိရာ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။
လူအတော်များများ သူ့ကိုသိကြသည်။
သူက ဖန်းဝမ်းညန်၏သား ဖန်းရှောင်ကွန်း ဖြစ်သည်။
ဖန်းဝမ်းညန်မှာ သူ့သားရုတ်တရက်ကြီး ထိုသို့ထပြောလာမည်ဟု မထင်ထားသဖြင့် ထိတ်လန့်သွားရသည်။
သို့သော် သူ့ကိုတားဖို့ အလွန်နောက်ကျသွားပြီဖြစ်သည်။
နျုံစစ်သွမ်း၏ မျက်နှာထက်မှအပြုံးက ပိုလို့တောက်ပလာသည်။
“ကြည့်ရတာ ကျုံးဟိုင်မှာသူရဲကောင်း ရှိသေးတဲ့ပုံပဲ။ လူငယ်သူရဲကောင်း တစ်ယောက်”
နျုံလူကြီးမင်းမှာ ထိုနေရာရှိလူအိုကြီးများကို ဝက်ဝံတွေဟု အခိုင်အမာပြောနေခြင်းပင် ဖြစ်သည်။
လူတိုင်းမပျော်မရွှင်ဖြစ်သွားကြသော်လည်း မျက်နှာထက်၌ ဖော်မပြရဲပေ။
သူတို့ယဲ့ဖန်အပေါ် အပြစ်မလုပ်ရဲသလို နျုံစစ်သွမ်းကိုလည်း စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ရဲချေ။
တစ်ဖက်လူ၏လွှမ်းမိုးမှုမှာ တောင်ပိုင်း ကွမ်းတုန်းပြည်နယ်မှာသာ အဓိကရှိပေမယ့် ကျုံးဟိုင်မှာတောင် သူက သန်မာတဲ့ လွှမ်းမိုးနိုင်စွမ်းရှိသည်။
ထိုသို့သောလူမျိုးကို မလိုအပ်ပဲနှင့် စိတ်အနှောင့်အယှက်မဖြစ်စေလိုပေ။
နျုံစစ်သွမ်း ဖန်းရှောင်ကွန်းကို သဘောကျဟန်ကြည့်လာသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ”
ဖန်းရှောင်ကွန်း အမြန်ပြန်ဖြေလိုက်သည်။
“ဖန်းရှောင်ကွန်းပါ”
နျုံစစ်သွမ်း ခေါင်းငြိမ့်လိုက်သည်။
“ငါကသူငယ်ချင်းဖွဲ့ရတာကို အကြိုက်ဆုံးပဲ။ ပြီးတော့ ငါ့မှာသူငယ်ချင်းတွေလည်း အရမ်းပေါတယ်။ ကျုံးဟိုင်ကို လက်ဗလာနဲ့ မလာခဲ့ဖူးဘူး။ ဆယ်ဘီလီယံကို ရင်းနှီးမြုပ်နှံဖို့ယူလာတယ်။ မင်းဘယ်လောက် စားနိုင်မလဲဆိုတာကတော့ မင်းရဲ့လုပ်နိုင်စွမ်းပေါ် မူတည်တယ်”
ဖန်းရှောင်ကွန်း အလွန်ပျော်သွားရသည်။
အစကတည်းက ယဲ့ဖန်ကိုရင်ဆိုင်ဖို့ နျုံစစ်သွမ်းဆီက အကူအညီလိုချင်ခဲ့တာဖြစ်သည်။
မမျှော်လင့်ပဲအခွင့်အရေးရလိုက်လိမ့်မယ်လို့ သူမထင်ထားခဲ့ချေ။
ချင်းဒါးကော်ပိုရေးရှင်းက သူ့ကြောင့် ယွမ်တစ်ဘီလီယံလောက် ဆုံးရှုံးခဲ့ရသည်။
ဒီတစ်ကြိမ် နျုံစစ်သွမ်းရဲ့ ရင်းနှီးမြုပ်နှံမှုကိုသာ ရလိုက်မယ်ဆိုရင်….
လိုအပ်တာက တစ်ဘီလီယံလောက်ပဲ ဖြစ်သော်လည်း အခုက ဆယ်ဘီလီယံတောင်။
သူ့အမှားအတွက် သူပြန်ပြင်ဆင်နိုင်ပြီး ဘုတ်အဖွဲ့ထဲကိုလည်း အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ပေလိမ့်မည်။
ထိုသို့တွေးမိပြီး သူအမြန်တရိုတသေ ခေါင်းငြိမ့်ပြလိုက်သည်။
“စိတ်မပူပါနဲ့၊ နျုံလူကြီးမင်း။ ကျွန်တော် သေချာပေါက် လူကြီးမင်းကို စိတ်မပျက်စေရပါဘူး”
ဖန်းဝမ်းညန်လည်း အလွန်ပျော်သွားရသည်။
သူ့သား တစ်ခုခုစကားမှားပြောမိပြီး နျုံလူကြီးမင်းကို စိတ်အနှောက့်အယှက် ဖြစ်စေမိမှာကို သူစိုးရိမ်နေခဲ့တာပင်။
မထင်မှတ်ပဲ ထီပေါက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
နျုံလူကြီးမင်း၏ နှစ်သက်မှုကိုပင် ရရှိလိုက်သေးသည်။
သူ့သားက တကယ်ပဲဘုရားသခင်ရဲ့ ကောင်းချီးပေးတာကို ခံထားရတာပဲ။
ကျန်သူများမှာတော့ နောင်တအပြည့်နှင့် ဖြစ်သွားကြရသည်။
နျုံစစ်သွမ်းသာ ဒီလောက်ကြီးတဲ့ ရင်းနှီးမြုပ်နှံမှုကြီး သယ်လာမယ်ဆိုတာ ကြိုသိခဲ့ရင် သူတို့လည်းပဲ တစ်စက်လေးမှ တုံ့ဆိုင်းမနေပဲ သူတို့ရပ်တည်ချက်ကို ဖော်ပြမိမှာပင်။
ဒါပေမယ့် ပြန်ပြင်ဆင်ဖို့ သိပ်နောက်မကျသေးဘူးမလား။
ထို့ကြောင့် ချက်ချင်း အသည်းအသန် စကားလုပြောကြတော့သည်။
“နျုံလူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျောက်ကန်းကော်ပိုရေးရှင်းလည်း နောက်မှာအဆင်သင့် ရှိနေပါ့မယ်”
“နျုံလူကြီးမင်းသာလိုအပ်ရင် ကျွန်တော်ကတော့ မီးတောင်ကိုကျော်ပြီး လာရရင်တောင် လာမှာပါ”
“အဲ့တာက ယဲ့ဖန်ဆိုတဲ့ကောင်လေးပဲမလား။ နျုံလူကြီးမင်းသာ တစ်ခွန်းလောက်ပြောလိုက်ရင် ကျွန်တော် သူ့ခေါင်းကိုယူလာခဲ့ပါ့မယ်”
“နျုံလူကြီးမင်းဘာမှလုပ်နေစရာမလိုပါဘူး။ ကျွန်တော်တို့ သူ့ကိုကူရှင်းပေးပါ့မယ်”
“နျုံလူကြီးမင်းကမှ တကယ့်ဘုရင်အစစ်ပါ…”
လူတိုင်း၏တက်ကြွသောသဘောထားကို မြင်တော့ နျုံလူကြီးမင်းလည်း ကြင်နာစွာ ထပ်ပြုံးလိုက်သည်။
သူ့လက်ထဲရှိပုတီးစေ့ကိုပွတ်နေပုံမှာ အလွန်ဘာသာရေးကိုင်းရှိုင်းသည့် လူတစ်ယောက်နှင့်တူသည်။
“ကျုပ်က အဆင့်နိမ့်တဲ့ဘုရားလောင်းတစ်ပါး ဖြစ်နိုင်သလို ဒေါသကြီးတဲ့ Vajra လည်း ဖြစ်နိုင်တယ်။ ကျုပ်စကားကိုနာခံတဲ့သူ ဆိုရင်တော့ သေချာပေါက်ကြွယ်ဝခြင်းနဲ့ ကောင်းချီးပေးခံရမှာဖြစ်ပြီး ကျုပ်ကိုဆန့်ကျင်တဲ့သူတွေကတော့ သေရလိမ့်မယ်!”
သူ့အသံကသိပ်မကျယ်သော်လည်း ကျယ်လောင်သည့် ခေါင်းလောင်းသံတစ်သံနှင့်တူသည်။
လူတိုင်း၏နှလုံးသားကို ရိုက်ခတ်သွားသည်။
သူတို့၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုတွေနှင့် ပြည့်နှက်သွားရသည်။
အချိန်ခဏလောက် ထိုလူကဘယ်လိုလူမျိုး ဖြစ်ခဲ့သလဲဆိုတာ သူတို့မေ့သွားကြသည်။
သူကဗုဒ္ဓလား နတ်ဆိုးလား?
.....................................
ချူးမင်း၏အိမ်မှထွက်လာပြီးနောက် ယဲ့ဖန် ရှုကျင်းရှင်း၏အိမ်သို့ ပုံမှန်အတိုင်း သွားလိုက်သည်။
သူအိမ်ထဲဝင်ဝင်ချင်းမှာပဲ လျုံဝမ်းယွမ်က မျက်မှောင်ကြုတ်လျက် အတွေးထဲ နစ်မြုပ်နေသည်ကိုမြင်လိုက်ရသည်။
သူ့ရှေ့၌ စာစောင်အထပ်လိုက်ကြီး ရှိနေသည်။
ဒီနေ့ခေတ်လို အင်တာနက်ပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ စာပို့တဲ့သူတွေ တကယ်ရှားသွားပြီမဟုတ်ဘူးလား။
ပဟေဠိဖြစ်စွာဖြင့် သူလျှောက်သွားလိုက်သည်။
“ဆရာ၊ ဘာတွေကြည့်နေတာလဲ”
လျူံဝမ်းယွမ် ခေါင်းမော့ကာ သူ့အား ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကြည့်လာသည်။
“ဒီစာတွေက ဂိုဏ်းအသီးသီးက ဂိုဏ်းခေါင်းဆောင်တွေ ပို့လိုက်တာ”
ယဲ့ဖန်မှာ ပိုလို့ပင်ခေါင်းရှုပ်သွားရသည်။
“ဂိုဏ်းအသီးသီးကဂိုဏ်းချုပ်တွေ။ သူတို့ဘာလို့စာပို့တာလဲ။ သူတို့က ဆရာနဲ့ စိန်ခေါ်ချင်တယ်တဲ့လား”
လျုံဝမ်းယွမ် ခါးသက်စွာပြုံးလိုက်သည်။
“အဲ့လိုမဟုတ်ဘူး။ ဒီစာတွေက… မင်းကို ငါ့ဆီကလုဖို့ ကြိုးစားနေကြတာ”
ယဲ့ဖန်ကြောင်သွားရသည်။
“ကျွန်တော့်ကိုလုမယ်၊ ကျွန်တော်က အခု အဲ့လောက်တောင်နာမည်ကြီးနေပြီလား”
လျူံဝမ်းယွမ်သူ့အား ခံစားချက်အပြည့်ဖြင့် ကြည့်လာသည်။
“မင်း သွမ့်ကျန်းလုနဲ့ တိုက်ပြီးကတည်းက ကိုယ်ခံပညာလောကမှာ နာမည်ကြီးသွားပြီ။ အခုဆို ဂိုဏ်းတော်တော်များများက မင်းကို မျက်စိကျနေကြတာ။ မင်းကို သူတို့အတောင်အောက်ထဲ ဆွဲသွင်းချင်နေကြတယ်”
ယဲ့ဖန် စာတွေကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။
“သူတို့ဘာတွေပြောထားတာလဲ”
လျူံဝမ်းယွမ် သက်ပြင်းချလိုက်သည်။
“ပါတဲ့စာတွေက အတူတူတွေချည်းပဲ။ မင်းက ကိုယ်ခံပညာပါရမီရှင်တစ်ယောက်ဖြစ်ပြီး တရုတ်ပြည်ကိုယ်ခံပညာလောကရဲ့ မျှော်လင့်ချက်ပဲတဲ့။ ဘယ်ဂိုဏ်းကိုမှ မဝင်ထားတဲ့ငါ့လိုလူရဲ့လက်ထဲမှာ ပျက်စီးမသွားခင် ပုလဲကို ပုံသွင်းချင်နေကြတာနဲ့တူတယ်။ နာမည်ကျော်ကြားတဲ့ မြင့်မြတ်တဲ့ ဂိုဏ်းတစ်ခုခုကို ဝင်လိုက်တာကတော့ အကောင်းဆုံးပဲ”
ပထမစကားနှစ်ကြောင်းကိုကြားတုန်းက ထိုလူတွေမှာအမြင်ကောင်းရှိတယ်လို့ ယဲ့ဖန် မခံစားမိပေ။
သို့သော် နောက်ဆုံးစာကြောင်းကိုကြားမှ သူချက်ချင်းရယ်မိသွားသည်။
“မြင့်မြတ်တဲ့ဂိုဏ်းတဲ့လား”
အပိုင်း ( ၃၄၆ )
ငါပြန်လာပြီ!
“ဆရာ၊ မစိုးရိမ်ပါနဲ့။ ကျွန်တော် မြင့်မြတ်တဲ့ဂိုဏ်းတွေဘာတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော့်ဘဝမှာ ဆရာဆိုလို့တစ်ယောက်ပဲရှိတယ်။ သူ့နာမည်က လျုံဝမ်းယွမ်ပဲ”
ယဲ့ဖန်ချက်ချင်း သူ့အတွေးကို ထုတ်ဖော်ပြောပြလာသည်။
လျုံဝမ်းယွမ် အတော်လေး စိတ်လှုပ်ရှားသွားရသည်။
ဘယ်သူပဲဖြစ်ဖြစ် သူတို့ကိုလိုချင်တဲ့ ဂိုဏ်းတွေအများကြီးရှိနေတယ်လို့ကြားရင် သေချာပေါက်ကို ထိုဂိုဏ်းတွေကိုသွားဖို့ စိတ်အားထက်သန်နေမှာဖြစ်သည်။
တကယ်ဆို အကျိုးကျေးဇူးတွေ အလွန်များသည်။
သို့သော် ယဲ့ဖန်ကတော့ ဂရုမစိုက်ပေ။
ထိုအရာက တကယ်ကိုရှားပါးလှသည်။
“ဆရာကလည်းမင်းနဲ့မခွဲချင်ဘူးဆိုပေမယ့် မင်းရဲ့အနာဂတ်အတွက်တော့ စဉ်းစားကြည့်တာ ပိုကောင်းမယ်”
ယဲ့ဖန် တစ်ခုခုပြောလိုက်ချင်ပေမယ့် ဖြတ်ပြောခံလိုက်ရသည်။
“မင်းရဲ့အရည်အချင်းနဲ့ဆို ဘယ်ဂိုဏ်းပဲ သွားသွား၊ သေချာပေါက်ကို မြေတောင်မြှောက်ပေးခံရမှာပဲ။ အဲ့တာအပြင် အနာဂတ်မှာ မင်း ကိုယ်ခံပညာလောကမှာ ခရီးလှည့်လည်သွားတဲ့အခါကျရင် မင်းရဲ့နောက်ခံဂိုဏ်းနဲ့ဆို တခြားသူတွေက မင်းကိုလေးစားကြလိမ့်မယ်…”
ယဲ့ဖန် သူ့စကားဆုံးသည်အထိမစောင့်တော့ပဲ ဖြတ်ပြောလိုက်သည်။
“ဆရာ၊ ကျွန်တော်ထပ်မပြောချင်တော့ဘူး။ ကျွန်တော်ကတော့ မြေတောင်မြှောက်ပေး ခံရတာရော နောက်ခံတွေဘာတွေရောကို ဂရုမစိုက်ဘူး။ ကျွန်တော့်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နောက်ခံရှိပြီးသား”
လျုံဝမ်းယွမ် သူ့အား တည်ကြည်စွာ ကြည့်လာသည်။
“တကယ်အဲ့လိုလုပ်ဖို့ စဉ်းစားထားတာလား”
ယဲ့ဖန် ခေါင်းငြိမ့်ပြလိုက်သည်။
“ဘာမှစဉ်းစားနေစရာမလိုပါဘူး။ ကျွန်တော့် ကိုယ်ခံပညာလောကထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အဲ့တာကြောင့် သူများနာမည်ကိုသုံးပြီး ကျွန်တော့်ကိုယ် ကျွန်တော် အလှဆင်နေစရာလည်း မလိုဘူး”
လျုံဝမ်းယွမ် အလွန်ရင်ထဲထိသွားရသည်။
“တော်လိုက်တဲ့တပည့်၊ တော်လိုက်တဲ့တပည့်”
သူ ထိုခံစားချက်ကို ကြာကြာပင် မခံစားလိုက်ရပေ၊ ယဲ့ဖန်ထပ်ပြောလာသည်။
“ဆရာ၊ ကျွန်တော်ဆရာ့ကို ဝေဖန်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာက ကိုယ်ခံပညာလောကမှာ နာမည်ကြီးတဲ့သူဆိုရင် ဆရာ့တပည့်ကလည်း မျက်နှာပန်းပွင့်တာပဲလေ။ အဲ့လိုသာဆို အဲ့ဖြောင့်မတ်တဲ့ဂိုဏ်းဆိုတဲ့ဟာတွေ ကျွန်တော်တို့ကို အနိုင်ကျင့်ရဲမယ်တဲ့လား။ ဆရာ၊ အလုပ်ကြိုးစားရမယ်နော်”
လျုံဝမ်းယွမ်၏မျက်နှာ မည်းကျသွားရသည်။
“စောက်ကလေးလေး၊ အစောကကျတော့ ကိုယ့်ကိုယ်ကို အလှဆင်ဖို့အတွက် သူများ နာမည်ယူမသုံးဘူးလေးဘာလေးပြောပြီးတော့ အခုကျမှ စိတ်ပြောင်းသွားတာလား။ စောင့်ကြည့်နေလိုက်!”
“ဆရာ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
.................................
ရှုကျင်းရှင်းဘာလုပ်နေသလဲ သူ မသိချေ။ သို့သော် ဒီတစ်မနက်လုံး သူမကို မတွေ့မိချေ။
ယဲ့ဖန်လေ့ကျင့်ပြီးလို့ ပြန်တဲ့အချိန်အထိ သူ ဘယ်သူ့ကိုမှမတွေ့မိချေ။
ထိုသို့ဖြင့် ကန်သာယာစံအိမ်သို့ ပြန်လာခဲ့လိုက်သည်။
ရုတ်တရက် စနစ် မှ သတိပေးချက်ကို ကြားလိုက်ရသည်..
[ အခွင့်အလမ်းအသစ်တစ်ခု ရှာတွေ့ထားပါတယ်။ Host ကျေးဇူးပြုပြီး အခုလက်ရှိလမ်းကြောင်းအတိုင်း မီတာ ၃၀၀ ဆက်မောင်းပြီး ညာဘက်က ချန်းချွမ်လမ်းကြားထဲကို ချိုးလိုက်ပါ…]
ယဲ့ဖန် စနစ်၏ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။
နောက်ဆုံး၌ ချန်းချွမ်လက်ဖက်ရည်ဆိုင်ဟု ခေါ်သည့် အဆင့်မြင့်လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
အဲ့တာက သူ့ကို အနည်းငယ်ခေါင်းရှုပ်သွားစေသည်။
စနစ်က သူ့ကိုဘာလို့ဒီကိုခေါ်လာရတာလဲ။
လက်ဖက်ရည်သောက်ဖို့ဖိတ်တာလား?
သူ ပဟေဠိဖြစ်နေသော်လည်း တံခါးကို တွန်းဖွင့်ကာ ကားပေါ်မှဆင်းလာလိုက်သည်။
ခြံဝန်း၏အတွင်းပိုင်းကို အဆင့်အတန်းမြင့်စွာအလှဆင်ထားပြီး ဒဆိုင်ကိုလာကြသည့်သူများအားလုံးဟာ အဆင့်အတန်းမြင့်သည့် အနုပညာအမြင် ရှိကြသူများသာဖြစ်သည်။
စားပွဲထိုးလေးက ချက်ချင်း သူ့ဆီရောက်လာကာ ကြိုဆိုလာသည်။
“မင်္ဂလာပါလူကြီးမင်း၊ ဘာများကူညီပေးရမလဲဗျ”
ယဲ့ဖန်ခေါင်းကုတ်ကာ စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်မှာပဲ သူ့နောက်မှ ရင်းနှီးနေသည့် မိန်းမတစ်ယောက်အသံထွက်ပေါ်လာသည်။
“ယဲ့ဖန်၊ ရှင်ကဘာလို့ဒီရောက်နေတာလဲ”
“ငါ…မင်းကရော ဘာလို့ဒီရောက်နေတာလဲ”
လင်းကျွင်းကျွင်း သူ့နောက်မှလူကို ညွှန်ပြလိုက်သည်။
“ကျွန်မက ကျွန်မသူငယ်ချင်းနဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာ”
ထိုအခါမှသာ သူမနောက်ဘက်ရှိ လူအနည်းငယ်ကို ယဲ့ဖန်သတိပြုမိတော့သည်။
စုစုပေါင်းလေးယောက်ဖြစ်ကာ ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေး သုံးယောက်ဖြစ်သည်။
သူတို့လေးဦးစလုံး သူ့ကိုလေးနက်စွာ အကဲဖြတ်နေကြသည်။
“ကျွင်းကျွင်း၊ ဒီလူချောလေးကဘယ်သူလဲ”
“ဟုတ်တယ်၊ ငါတို့နဲ့မိတ်ဆက်ပေးဦးလေ”
“မင်းရဲ့ရည်းစားဟောင်းလား။ နင်သူ့ကို ကြည့်တဲ့အကြည့်က မတူဘူးနော်…”
မိန်းကလေးသုံးယောက်က ချက်ချင်း သူမကိုစနောက်တော့သည်။
တစ်ဦးတည်းသောယောကျာ်းလေး၏ အကြည့်ထဲမှာတော့ ရန်လိုမှုတွေနှင့် ပြည့်နေသည်။
ခြင်္သေ့ထီးတစ်ကောင်က သူ့ပိုင်နက်ထဲကိုကျူးကျော်လာတဲ့ တခြား ခြင်္သေ့ထီးတစ်ကောင်ကို ကြည့်နေသလိုမျိုးဖြစ်သည်။
လင်းကျွင်းကျွင်း ရှက်သွားရသည်။
“ပေါက်ကရတွေလျှောက်ပြောမနေနဲ့။ သူက…သူကငါ့ရဲ့အိမ်ရှင်”
မိန်းကလေးသုံးယောက်သားမှာ ထိုစကားကို ကြားတော့ ချက်ချင်း ထိတ်လန့်ဟန်ဖြစ်သွားကြသည်။
“ဘာဖြစ်တယ်။ သူက…နင့်အိမ်ရှင်လား။ နင်က ကျုံးထျန်းကန်သာယာစံအိမ်မှာ နေတာမဟုတ်ဘူးလား။ အဲ့တာဆို…”
“ဒါဆို ဒီလူချောလေးက ကျုံးထျန်းကန်သာယာစံအိမ်မှာနေတာပေါ့။ အဲ့လိုဆို ရှင်က ချမ်းသာတဲ့သူဌေးကြီးရဲ့ ဒုတိယမျိုးဆက် ဆက်ခံသူပေါ့”
“ပြီးတော့ ချောလည်းချောသေးတယ်။ အရပ်ရှည်၊ ကြည့်ကောင်း၊ ချမ်းသာတဲ့လူငယ်လေးပဲ”
မိန်းကလေးသုံးယောက်၏မျက်လုံးတွေမှာ ချက်ချင်းတောက်ပသွားတော့သည်။
ယောကျာ်းလေးဖြစ်သူ၏မျက်နှာမှာတော့ ပိုလို့ပင် ကြည့်ရဆိုးလာသည်။ သူ လင်းကျွင်းကျွင်းကိုကြည့်ကာ ပြောလိုက်သည်။
“ကုန်းလူကြီးမင်းရောက်လာတော့မယ်”
လင်းကျွင်းကျွင်း ယဲ့ဖန်ကို အနည်းငယ် ရှက်ရွံ့စွာကြည့်ကာ ပြောသည်။
“ရှင်… ရှင်ရော ကျွန်မတို့နဲ့အတူထိုင်ချင်လား”
ယဲ့ဖန်မှာ ရတနာဆက်ရှာချင်သေးတာကြောင့် လက်ကာပြကာငြင်းလိုက်သည်။
“မလိုပါဘူး ကျေးဇူးပဲ”
သူပြောလို့မဆုံးခင်မှာပဲ မိန်းကလေးသုံးယောက်သားက ချက်ချင်း ပြောလာသည်။
“လာပါ၊ တစ်ယောက်နဲ့တစ်ယောက် ပိုသိလာအောင်လို့လေ”
ထို့နောက် ဘာရှင်းပြချက်မှ ထပ်မပေးတော့ပဲ သီးသန့်ခန်းထဲတွန်းထည့်တော့သည်။
ယဲ့ဖန်မှာ ပင့်ကူအိမ်ထဲသို့ ဝင်လာမိသလိုပင် ခံစားလိုက်ရသည်။
ထို “ပင့်ကူလူသား” တွေထံမှာ သူအချိန်မရွေး အရှင်လတ်လတ်အစား ခံလိုက်ရနိုင်သကဲ့သို့ပင်ဖြစ်နေသည်။
သူတို့ထိုင်ပြီးချိန်၌ လင်းကျွင်းကျွင်းက တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလာ၏။
ထိုကောင်လေး၏နာမည်က ဆန်းခဲ့ဖြစ်ကာ သူမ၏တက္ကသိုလ်တုန်းက အတန်းဖော်ဖြစ်ပြီး လက်ရှိတွင် လက်ဝတ်ရတနာစီးပွားရေးလုပ်နေတာ ဖြစ်သည်။
သူ့စီးပွားရေးကအတော်လေးကျယ်ပြန့်ပြီး အနုပညာရှင်တော်တော်များများပင် သူ့ဆီကလက်ဝတ်ရတနာလာဝယ်ကြသည်ဟု ကြားရသည်။
တခြားမိန်းကလေးသုံးယောက်ဟာတော့ သူမ၏တက္ကသိုလ်တုန်းက အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဖြစ်သည်။
“ယဲ့လူကြီးမင်းကရော ဘာလုပ်တာလဲ”
“ကျ…ကျွန်တော်က ကျောင်းတက်နေတုန်းပဲ ရှိပါသေးတယ်”
“ဝိုး၊ ဒါဆိုလတ်ဆတ်တဲ့အသားတုံးလေးပဲ။ ကောင်မလေးရောရှိလားဟင်”
“အခုထိတော့…. မရှိသေးပါဘူး”
“ဒါဆို ကျွန်မကိုဘယ်လိုသဘောရလဲ”
“အာ…”
ယဲ့ဖန်မှာ ဝံပုလွေနှင့်တူသည့် မိန်းကလေးသုံးယောက်ထံမှာ ဝန်းရံခံထားရတာကြောင့် ချွေးအေးတွေပင် ထွက်လာခဲ့သည်။
လင်းကျွင်းကျွင်းအနည်းငယ် ရှက်ရွံ့သွားရသည်။
“နင်တို့နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း နေကြပါလား။ သူ့လိုလူတစ်ခါမှ မမြင်ဖူးဘူးလား”
“ငါယောကျာ်းတွေအများကြီးမြင်ဖူးပေမယ့် ယဲ့ဖန်လိုမျိုး အရပ်ရှည်ကြည့်ကောင်းပြီး ချမ်းသာတဲ့လူက ရှားတယ်လေ”
“ဟုတ်ပါပြီ၊ ပေါက်ကရတွေမပြောနဲ့တော့။ ကျွင်းကျွင်း စိတ်ညစ်နေတာ မမြင်ဘူးလား”
“အာ၊ငါသိပြီ။ ဒီလို အဆင့်မြင့်အရင်းအမြစ်လေးကို ငါတို့နဲ့ မိတ်မဆက်ပေးတာကို မအံ့ဩတော့ပါဘူး။ တစ်ယောက်ထဲ စားဖို့ကြံနေတာပဲ”
“အာ၊ ယောကျာ်းတွေကိုတွေ့တာနဲ့ သူငယ်ချင်းဆက်ဆံရေးကို မေ့လိုက်တာပဲ…”
လင်းကျွင်းကျွင်းမှာ သူတို့၏စနောက်မှုကြောင့် အလွန်ရှက်နေရပြီ ဖြစ်သည်။
သူမ အလျင်အမြန် ယဲ့ဖန်၏ မျက်နှာအရိပ်အကဲကိုကြည့်လိုက်သည်။
သူမသူငယ်ချင်းတွေက ယဲ့ဖန်ကို မပျော်မရွှင် ဖြစ်အောင်လုပ်မိမှာကို သူမ စိုးရိမ်မိသည်။
ကံကောင်းစွာနဲ့ ယဲ့ဖန်မျက်နှာအမူအရာ ဘာမှပြောင်းလဲမနေပေ။ သူပြုံးနေဆဲ ဖြစ်သည်။
သူမ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုအခိုက်အတန့်တွင် ဆန်းခဲ့က လှောင်ပြောင်လာသည်။
“ငါလည်း ချမ်းသားတဲ့ဒုတိယမျိုးဆက်တွေ အများကြီးတွေ့ဖူးပါတယ်။ သူတို့ထဲက အများစုကဦးနှောက်မရှိကြဘူး”
သူပြောတာကိုကြားတော့ သူတို့အားလုံး ဆန်းခဲ့အား အံ့ဩစွာကြည့်လိုက်မိသည်။
သူ့စကားတွေက ရှင်းရှင်းလင်းလင်းကို ရည်ရွယ်ပြောနေတာဖြစ်သည်။
သူရည်ရွယ်သည့်လူကတော့ ပြောနေစရာပင် မလိုပါ အလိုလိုသိနိုင်သည်။
အပိုင်း( ၃၄၇ )
ဒီလူကတော့ ထပ်ဟန်ဆောင်နေပြန်ပြီ
“ဆန်းခဲ့၊ နင်အရမ်းများသွားပြီ မထင်ဘူးလား”
“ဟုတ်တယ်လေ၊ နင်လည်းသိပြီးသားပဲ မဟုတ်ဘူးလား။ တခြားလူတွေအနေနဲ့ဆို ချမ်းသာဖို့မလွယ်ဘူးလေ”
“အဖွဲ့တစ်ဖွဲ့မှာ လူညံ့တွေရှိနေတတ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းကို နင်အဲ့လို လိုက်ဆက်ဆံလို့မရဘူးလေ”
မိန်းကလေးသုံးယောက်သားမှာ ဆန်းခဲ့၏ စကားကိုကြားတော့ ချက်ချင်းဆိုသလို သူတို့၏ မတူညီသည့်အမြင်ကို ချပြလာသည်။
ဆန်းခဲ့က သူတို့အမေးကို တည်ငြိမ်စွာ ပြန်ဖြေပေးသည်။
“ငါပေါက်ကရပြောနေတာမဟုတ်ဘူး။ ငါက လက်ဝတ်ရတနာစီးပွားရေးလုပ်နေတာဆိုတော့ အဲ့ဒုတိယမျိုးဆက်သူဌေးသားတွေနဲ့ မကြာခဏအဆက်အဆံလုပ်ရတယ်။ သူတို့က ငယ်ငယ်လေးထဲက ကောင်းကောင်းနေခဲ့ရတော့ ပိုက်ဆံဆိုတာ ရှာရခက်တယ်ဆိုတာကို နားမလည်ကြဘူး။ ငွေကိုရေလိုဖြုန်းကြတာ”
ထိုသို့ပြောကာ ဥပမာတစ်ခုပေးလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ရက်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်က ယွမ်နှစ်သိန်းတန် ဆွဲကြိုးတစ်ကုံးကို မိန်းကလေးတစ်ယောက်ကိုလိုက်ဖို့ဆိုပြီး ငါ့ဆီမှာအော်ဒါလာတင်တယ်။ နောက်ဆုံးကျတော့ အဲ့မိန်းကလေးဆီကနေ အငြင်းခံလိုက်ရတယ်လေ။ အဲ့တာနဲ့ ဒေါသထွက်ပြီး ဆွဲကြိုးကို ရေထဲလွှင့်ပစ်လိုက်တယ်”
လင်းကျွင်းကျွင်းနှင့် ကျန်လူများမှာ ကြက်သေသေသွားရသည်။
အငြင်းခံလိုက်ရရုံနဲ့ ယွမ်နှစ်သိန်းတန်ဆွဲကြိုးကို ရေထဲလွှင့်ပစ်လိုက်တယ်ပေါ့။
ဒီလိုအကျင့်စရိုက်ကတော့ လုံးဝကို ဦးနှောက်မရှိတဲ့သူပဲ။
ဆန်းခဲ့ပြောပြီးသည့်နောက် သူခေါင်းမော့ကာ ယဲ့ဖန်အားကြည့်လာသည်။
“ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေထဲမှာ ဦးနှောက်မရှိတဲ့ငတုံးတွေများတယ်ဆိုတာ မင်းလက်ခံလား”
ယဲ့ဖန် ခေါင်းငြိမ့်လိုက်ကာ ပြောသည်။
“ကျွန်တော်လည်း အဲ့လိုပဲထင်တယ်”
သူ့စကားကိုကြားတော့…ဆန်းခဲ့နှင့် မိန်းကလေးသုံးယောက်သားမှာ ကြောင်သွားကြသည်။
ဒီလူက သူတို့ပြောလိုက်တာကို မကြားလိုက်ဘူးလား။
သူ့ကို ရန်စနေတာမှန်း မသိဘူးလား။
သူက ပြန်မငြင်းတဲ့အပြင် သဘောတောင် တူလိုက်သေးတယ်။
တကယ်တုံးတာပဲလား၊ ဟန်ဆောင်နေတာပဲလားတော့ မသိဘူး။
ဆန်းခဲ့က ပိုလို့ပင်ဂုဏ်ယူလာရသည်။
“ငါကတော့ မင်းတို့လိုဒုတိယမျိုးဆက် သူဌေးသားတွေက မိဘပိုက်ဆံကို ထိုင်ဖြုန်းနေတာလို့ပဲထင်တယ်။ ဘာမှ ကြွားနေစရာမရှိဘူး။ ကိုယ်ကိုယ်တိုင် အလုပ်လုပ်ပြီး ချမ်းသာလာတာမျိုးကမှ တကယ်တန်ဖိုးရှိတာ…”
ယဲ့ဖန်၏မျက်နှာထက်၌ ခပ်ဖွဖွအပြုံးတစ်ပွင့် ဆင်မြန်းထားဆဲဖြစ်သည်။
“ဆောရီးပါဗျာ၊ ကျွန်တော်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသား မဟုတ်ပါဘူး”
“အာ…”
ယုံကြည်ချက်ရှိစွာနှင့်ပြောနေခဲ့သော ဆန်းခဲ့မှာ ရုတ်တရက် လည်ချိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့မျက်နှာနီရဲလာကာ အချိန်အတော်ကြာ စကားမပြောနိုင်တော့ပေ။
“မင်း…နောက်နေတာမလား။ မင်းပဲအစောက ကျောင်းသားလို့ပြောခဲ့တာလေ”
သူကလက်လျှော့လိုသည့်ဆန္ဒရှိပုံမပေါ်ကာ ချက်ချင်းပြန်မေးလာသည်။
“ကောလိပ်ကျောင်းသားတစ်ယောက်က စီးပွားရေးမလုပ်ရဘူးလို့ ဘယ်သူကပြောထားလို့လဲ”
ယဲ့ဖန်လည်း ထိုသို့ပြန်မေးလိုက်သည်။
“ဒါပေမယ့်… မင်းစီးပွားရေးစလုပ်တယ် ဆိုရင်တောင်မှ ကျုံးထျန်းကန်သာယာ စံအိမ်ရာက အိမ်မျိုးကိုတော့ ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ”
တစ်ဖက်လူ၏စကားထဲ၌ မသင်္ကာစရာ အပေါက်တွေများနေသည်ကို ဆန်းခဲ့ သတိပြုလိုက်မိသည်။
ကျုံးထျန်းကန်သာယာစံအိမ်ရာက ကျုံးဟိုင်က အဆင့်မြင့်အိမ်ရာတွေထဲက တစ်ခုဖြစ်သည်။
ထိုနေရာမှအိမ်တွေဟာ သန်းဆယ်ချီတန်သည်။
ယခုမှစီးပွားရေးစလုပ်သည့် ကောလိပ်ကျောင်းသားမဆိုနှင့်၊ သူတို့ အသက်တစ်ဝက်လောက် စီးပွားရေး လုပ်လာခဲ့တဲ့လူတွေတောင်မှ တော်တော်များများက မဝယ်နိုင်ကြပေ။
“စိတ်ကူးယဉ်ဆန်တာတွေနဲ့ ကျွန်တော့်ကမ္ဘာကို လာစိတ်ကူးကြည့်မနေနဲ့။ ရေတွင်းအောက်ခြေကဖားတောင် ခေါင်းကျိုးမတတ်ကြည့်တာတောင်မှ မြေပြင်နဲ့ ကောင်းကင် ဘယ်လောက်မြင့်လဲဆိုတာ မသိဘူး”
ယဲ့ဖန်လက်ဖက်ရည်ခွက်ကို မ’ပြီး တစ်ငုံသောက်လိုက်သည်။
“မင်း…”
အစကတော့ ဆန်းခဲ့ ထိုအကြောင်းအရာကို အခွင့်ကောင်းယူကာ တစ်ဖက်လူကို လှောင်ပြောင်မလို့ဆိုပေမယ့် သူ့ကိုယ်သူ ရေတွင်းထဲက ဖားတစ်ကောင်အဖြစ် သရော်ခံလိုက်ရမည်ဟု မထင်ထားခဲ့ပေ။
သူဒေါသပေါက်ကွဲလုနီးပါးဖြစ်သွားရသည်။
ထိုအချိန်တွင် ဘေး၌ရပ်နေသည့် လင်းကျွင်းကျွင်းကပါ ဝင်ပြောလာ၏။ “ယဲ့ဖန်က အမှန်တိုင်းပြောနေတာ။ အခု သူ့မှာရှိနေတာတွေအကုန်လုံးက သူကိုယ်တိုင် ကြိုးစားပြီးရထားတာတွေ”
ဆန်းခဲ့နှင့် အခြားမိန်းကလေးသုံးယောက်မှာ မယုံကြည်နိုင်ဟန်ဖြစ်သွားကြသည်။
အစကတော့ သူတို့ထင်ခဲ့တာက ယဲ့ဖန်က ချမ်းသာတဲ့သူဌေးမျိုးဆက်ဟု ဖြစ်သည်။
တကယ်တော့ သူကအလွန်ငယ်သေးတဲ့အပြင် ကျုံးထျန်းကန်သာယာစံအိမ်ရာမှာတောင် အိမ်ဝယ်နိုင်သူ ဖြစ်နေသည်။
ထို့ကြောင့်လူတိုင်းက သူက မိဘရဲ့ငွေကြောင့် ထိုသို့ဝယ်နိုင်တာဟု ထင်နေခဲ့တာဖြစ်သည်။
သူ ကိုယ်တိုင်အောင်မြင်အောင် ကြိုးစားခဲ့မယ်လို့ သူတို့လုံးဝမထင်ထားခဲ့ပေ။
ဒါက သူတို့ခန့်မှန်းထားတာထက်ပင် ကျော်လွန်နေသည်။
ယဲ့ဖန်က သူတို့ထက်ပင် နှစ်အနည်းငယ် ပိုငယ်သည်။
အဲ့တာအပြင် သူကကျောင်းသားတစ်ယောက် ဖြစ်သည်။
အဲ့တာကို သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ကျုံးထျန်းကန်သာယာစံအိမ်တောင် ဝယ်နိုင်တယ်လား။
သူကတကယ်ကိုပါရမီရှင်ပဲ။
လင်းကျွင်းကျွင်းသာ ထိုသို့ထုတ်မပြောလာရင် ယဲ့ဖန် သက်သက်မဲ့ လေလုံးထွားနေတာလို့ ထင်မိဦးမှာဖြစ်သည်။
သို့သော် သူတို့ရဲ့လင်းကျွင်းကျွင်းအပေါ် နားလည်မှုအရ သူမက ထိုသို့ကြွားလုံးထုတ်တတ်တဲ့လူမျိုး မဟုတ်ပေ။
သူမက ထိုသို့ပြောလာမှတော့ အဲ့တာအမှန်ပဲဖြစ်ရမည်။
မိန်းကလေးသုံးယောက်မှာ ယဲ့ဖန်အား ပိုလို့အရူးအမူးစွဲလမ်းစွာ ကြည့်လိုက်မိသည်။
ထိုအကြည့်တွေမှတစ်ဆင့် သူတို့ချက်ချင်း ယဲ့ဖန်ကို ခုန်အုပ်လိုက်ချင်နေမှန်း သိနိုင်သည်။
လင်းကျွင်းကျွင်း ယဲ့ဖန်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။
ဒီလူကတော့ ထပ်လုပ်နေပြန်ပြီ။
သို့သော် ဒီလူရဲ့ဘဝက တကယ်ကောင်းလွန်းနေတာတော့ သူမလည်းဝန်ခံရပေမည်။
သူမအစောထဲက ဝိုးတိုးဝါးတားသာ ပြောခဲ့ပေမယ့် သူတို့လေးယောက်ကို ထိုမျှအထိထိတ်လန့်သွားစေခဲ့သေးသည်။
ယဲ့ဖန်က ကျုံးထျန်းအိမ်ရာမှာတင် နေတာမဟုတ်ပဲ နံပါတ်တစ်အဆင့်မြင့် အိမ်ရာဖြစ်တဲ့ စံအိမ်နံပါတ်တစ်မှာ နေတယ်ဆိုတာသာပြောလိုက်ရင် ဘယ်လိုဖြစ်သွားကြမလဲမသိပေ။
သူက အဲ့စံအိမ်နံပါတ်တစ်မှာ နေနိုင်ရုံတင်မကပဲ ကျုံးထျန်းကန်သာယာ စံအိမ်ရာမှာ ဆယ်လုံးထက်မနည်းတဲ့ အိမ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုရင်ရော။
နေရာမှာတင် ဘောင်းဘီထဲသေးပေါက်ချလောက်တဲ့အထိ လန့်သွားလောက်မလား။
သူမ နှလုံးသားထဲ၌ ဂုဏ်ယူစွာ တွေးလိုက်မိသည်။
သို့သော် သူမ မသိခဲ့သည်က သူမ သိထားသမျှဟာ ယဲ့ဖန်၏ကြွယ်ဝမှုရဲ့ အစွန်အဖျားလေးသာရှိသေးသည်။
ဒါမှမဟုတ် သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိသည်။
ယဲ့ဖန်ကလည်း သူ့ပိုင်ဆိုင်မှုတွေကို လူအများသိအောင်ချပြရတာကို မကြိုက်ပေ။
သူက သာမန်လူတစ်ယောက်လို…သူတို့နှင့်ဆက်ဆံချင်တာဖြစ်သည်။
ဆန်းခဲ့၏မျက်နှာ ဖြူဖျော့သွားရသည်။
သူက ယဲ့ဖန်၏ထောင်လွှားမှုကို ချိုးနှိမ်ချင်ခဲ့တာဖြစ်ပေမယ့် သူကသာ လူရွှင်တော်ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
လင်းကျွင်းကျွင်းရှေ့မှာ မျက်နှာပျက်ရသည်ဟု သူခံစားရသည်။
ထို့ကြောင့် ခေါင်းစဉ်ပြောင်းလိုက်ရုံသာ တတ်နိုင်သည်။
“ကျွင်းကျွင်း၊ ကုန်းလူကြီးမင်း ရောက်လာတော့မယ်။ ကုန်းလူကြီးမင်းက ဘယ်သူ့ကိုမှမျက်နှာသာမပေးတတ်ဘူး။ ငါသူနဲ့ရင်းနှီးနေတာကြောင့်သာမဟုတ်ရင် သူက သေချာပေါက် ဒီနေ့လာမှာမဟုတ်ဘူး”
လင်းကျွင်းကျွင်း ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
“ငါသိပါတယ်”
“ကုန်းလူကြီးမင်းလား။ ဘယ်ကုန်းလူကြီးမင်းလဲ”
လင်းကျွင်းကျွင်း အမြန်ရှင်းပြလာသည်။
“ဒီကုန်းလူကြီးမင်းက ရှေးဟောင်းပစ္စည်း လောကမှာကျော်ကြားတယ်။ ကျွန်မတောင် သူ့တပည့်ဖြစ်ချင်နေတာ”
ယဲ့ဖန် အနည်းငယ်အံ့ဩသွားရသည်။
“မင်းက ရှေးဟောင်းပစ္စည်းနဲ့လည်း ကစားတာပဲလား”
လင်းကျွင်းကျွင်း ခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်မက တစ်ချို့ဟာလေးတွေ စုဖြစ်တာများတယ်လေ။ ဒါပေမယ့် အမြဲလျှောက်ဆော့နေတာပါ။ ဒီတစ်ခါမှ ဆန်းခဲ့ဆီကနေ ကုန်းလူကြီးမင်းအကြောင်း ကြားတော့ သူ့ကိုဆရာအဖြစ် သတ်မှတ်မယ်လို့ ဆုံးဖြတ်လိုက်တာ”
ဆန်းခဲ့ ချက်ချင်းကြွားလုံးထုတ်တော့သည်။
“ကုန်းလူကြီးမင်းက ရှေးဟောင်းပစ္စည်းလောကမှာ ရာထူးမြင့်တယ်။ သူ့တပည့်ဖြစ်ချင်တဲ့ လူတွေဘယ်လောက်တောင်များလဲဆိုတာတောင် ငါမသိဘူး။ ဒါပေမယ့် ကုန်းလူကြီးမင်းက တပည့်လက်ခံတဲ့နေရာမှာ အရမ်းဇီဇာကြောင်တယ်။ ပါရမီမပါတဲ့ သူတွေဆိုရင် ဘယ်လောက်ပဲ ကမ်းလှမ်းလှမ်း တပည့်အဖြစ် လက်မခံဘူး”
ယဲ့ဖန်ပြုံးလိုက်သည်။
“ဒါဆိုဘာလို့ ဒီတစ်ခါကျ မတူတာလဲ”
“ဒီတစ်ခါက ငါ့ကြောင့် သူသဘောတူလိုက်တာလေ။ ကျွင်းကျွင်းရဲ့ လုပ်ပုံကိုင်ပုံနဲ့သာဆို ကုန်းလူကြီးမင်း သေချာပေါက်သဘောကျမှာ”
ယဲ့ဖန်ပိုလို့ပင် သိချင်စိတ်ပြင်းပြလာရသည်။
“ကုန်းလူကြီးမင်းရဲ့နာမည်က ဘာတဲ့လဲ”
လင်းကျွင်းကျွင်းနှင့် ဆန်းခဲ့တို့ တစ်ပြိုင်တည်းပြောလာသည်။
“ကုန်းလန်ရှန်း!”
အပိုင်း ( ၃၄၈ )
မစခင်မှာတင် ဇာတ်သိမ်းသွားပြီ
ကုန်းလန်ရှန်း၏နာမည်ကိုကြားလိုက်ရချိန်၌ ယဲ့ဖန်၏မျက်နှာအမူအရာ ထူးဆန်းသွားတော့သည်။
သူ့လို အရှုံးသမားပြိုင်ဘက်ကို ဆရာလို့တောင် ခေါ်ထိုက်လို့လား။
ဆန်းခဲ့ သူ့မျက်နှာထားကိုမြင်တော့ အနည်းငယ်မပျော်မရွှင်ဖြစ်သွားရသည်။
“ဘာလဲ၊ မင်းလည်း ဆရာကုန်းကို သိတာလား”
ယဲ့ဖန် ချောင်းခြောက်ဆိုးလိုက်သည်။
“ကျွန်တော်သူ့ကိုသိတယ်။ ဒါပေမယ့် သိပ်တော့မရင်းနှီးဘူး။ အဲ့လိုဆိုပေမယ့် သူ့ဆရာ မန်းဒုန်ဟိုင်းနဲ့တော့ တော်တော်လေး ရင်းနှီးတယ်”
ဖူး...........
လက်ဖက်ရည်သောက်နေသည့် လင်းကျွင်းကျွင်းမှာ လက်ဖက်ရည်ပင် သီးသွားရသည်။
ကျန်တဲ့လူများလည်း ကြောင်သွားကြသည်။
ဒီလူက ဟန်ဆောင်တာအရမ်းတော်လွန်း မနေဘူးလား။
ဆရာကုန်းက ရှေးဟောင်းပစ္စည်းလောကမှာ တော်တော်လေးနာမည်ကြီးတဲ့ လူတစ်ယောက်ဖြစ်သည်။
သူ့ဆရာ မန်းဒုန်ဟိုင်းဆိုလျှင် မပြောနှင့်။
ဧဝရတ်တောင်နှင့် ပစိဖိတ်သမုဒ္ဒရာတွေလောက်ကို ကြီးမားလွန်းသည်။
ပြီးတော့ ယဲ့ဖန်က တကယ်ကြီး ဆရာကြီးမန်းနဲ့သိတယ်လို့ပြောနေတာလား။
ဒါကြီးကတော့ အဓိပ္ပာယ်မရှိဘူးမလား။
ဆန်းခဲ့၏မျက်နှာမှာ ချက်ချင်း ရုပ်ဆိုးအကျည်းတန်သွားရတော့သည်။
“ယဲ့ဖန်၊ မင်းငါ့ကိုဖိနှိပ်ချင်တာနဲ့ပဲ မဟုတ်တာတွေလျှောက်ပြောရလား။ မင်းက ဆရာကြီးမန်းနဲ့သိတယ်လို့ ပြောနေတာလား။ အဲ့လိုတော့လာမကြွားနဲ့လေ”
လင်းကျွင်းကျွင်းလည်း ယဲ့ဖန်ဘက်က ခုခံပြောပေးချင်ပေမယ့် ဘယ်လိုရှင်းပြရမလဲဆိုတာ သူမ တကယ်မသိချေ။
ဒီတစ်ကြိမ်တော့ ယဲ့ဖန်တကယ်ကြီး ကြွားလုံးထုတ်နေသည်ဟု သူမလည်း ခံစားမိသည်။
သူက ကျောင်းသားတစ်ယောက်သာဖြစ်သည်။
ရှေးဟောင်းပစ္စည်းလောကထဲကလူကို ဘယ်လိုလုပ်သိမှာလဲ။
ဆရာကြီးမန်းအဆင့်ကိုသာဆို ပြောမနေနှင့်။
ဒါကတော့ တကယ်မဖြစ်နိုင်ဘူး!
အခြားမိန်းကလေးသုံးယောက်မှာလဲ ယဲ့ဖန်၏အပြုအမူက အနည်းငယ် ကလေးဆန်သလိုခံစားလိုက်ရသည်။
ရင့်ကျက်တဲ့ယောကျာ်းတစ်ယောက်က တခြားသူတွေက သူ့ထက်ပိုသန်မာတယ်ဆိုတာကို လက်ခံနိုင်သည်။
သူကတော့ မျက်နှာရဖို့အတွက်နဲ့ လိမ်ခဲ့သည်။
ထိုအရာက အလွန်ကလေးဆန်လွန်းသည်။
ယဲ့ဖန်မှာတော့ သူတို့ကိုရှင်းပြဖို့ အလွန်ပျင်းနေမိသည်။
မန်းဒုန်ဟိုင်းနဲ့ရင်းနှီးတာက ကြွားစရာကိစ္စမှမဟုတ်တာ။
အဲ့အစား မန်းဒုန်ဟိုင်းကတောင် သူနဲ့သိနေလို့ ဂုဏ်ယူရဦးမည်။
သို့သော် သူရှင်းပြမနေပေ။ အဲ့တာကြောင့် တခြားသူတွေက သူညာနေသည်ဟုသာ ထင်သွားကြတော့သည်။
ဆန်းခဲ့လည်း ချက်ချင်းပင် ထိုအခွင့်အရေးကို အရယူကာ အတွေ့အကြုံရှိသည့်လူတစ်ယောက် လေသံဖြင့် သူ့ကိုဆိုဆုံးမလိုက်သည်။
“လူငယ်လေး၊ လိမ်တယ်ဆိုတာ ကောင်းတဲ့အကျင့်မဟုတ်ဘူး။ အနာဂတ်မှာ မင်းပိုဂရုစိုက်သင့်တယ်”
လင်းကျွင်းကျွင်း ထိုအနေရခက်မှုကို အမြန်ချေဖျက်လိုက်သည်။
“ယဲ့ဖန်ကနောက်နေတာပါ၊ အတည်မယူကြနဲ့လေ”
ဆန်းခဲ့ကတော့ သူ့ကိုဆက်ပညာပေးဖို့ ပြင်နေလေသည်။
ထိုအချိန်တွင် ရုတ်တရက် သူ့ဖုန်းမြည်လာသည်။
ခေါ်ဆိုသူနာမည်ကိုတွေ့တော့ သူအမြန်ဖုန်းကိုင်လိုက်သည်။
“ဆရာကုန်း၊ ရောက်ပြီလားဗျ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော်အခုပဲ လာကြိုပါ့မယ်”
ဖုန်းချပြီးနောက် လင်းကျွင်းကျွင်းကို အလျင်စလိုပြောလာသည်။
“ဆရာကုန်းရောက်နေပြီတဲ့။ အပြင်ထွက်ပြီး သွားကြိုရအောင်”
လင်းကျွင်းကျွင်းလည်း အမြန်ထရပ်ကာ သူ့နောက်မှလိုက်ထွက်သွားသည်။
ယဲ့ဖန်ကတော့မလှုပ်ပေ။ သူ့လက်ဖက်ရည်ကိုသာ ခပ်ဖြေးဖြေးသောက်နေလေသည်။
တစ်ခဏကြာပြီးနောက် ခြေသံတွေ နီးကပ်လာသည်ကို ကြားလိုက်ရသည်။
“ဆရာကုန်း၊ ကျွန်တော် ဆရာ့အတွက် ပိလော့ချွမ်တစ်အိုးမှာပေးထားတယ်။ ဆရာအဲ့တာကိုကြိုက်တယ်လေ”
“အဲ့လောက်ဒုက္ခများအောင် လုပ်နေစရာ မလိုပါဘူး။ ငါကဒီတိုင်းလာရုံပဲလာပြီး ပြန်မယ့်ဟာကို။ နေ့လည်ကျရင် ရာဖြတ်ဆန်းစစ်ချက် ရုပ်သံရှိုးတစ်ခုကို သွားရဦးမယ်”
“ဝိုး၊ ရှေးဟောင်းပစ္စည်းလောကရဲ့ ဆရာကြီးတွေပဲပါနိုင်တဲ့ အဲ့ပရိုဂရမ်လား။ ဆရာကုန်းကတော့ တကယ်အံ့ဩစရာပါပဲဗျာ”
“အဲ့လိုမပြောပါနဲ့။ တကယ်ဆို ငါက ရှေးဟောင်းပစ္စည်းလောကမှာ အများကြီး လိုနေပါသေးတယ်။ သင်ယူစရာတွေ အများကြီးကျန်သေးတယ်”
“ဆရာကုန်းက တကယ်နှိမ့်ချတတ်တာပဲ။ ဆရာသာ အားနည်းနေသေးတယ်ဆိုရင် တခြားသူတွေဆို ပြောဖို့တောင် မတန်တော့ဘူးပေ့ါ”
သူတို့နှစ်ဦးသား စကားတပြောပြောဖြင့် သီးသန့်ခန်းဆီသို့ လျှောက်လာလိုက်ကြသည်။
ယဲ့ဖန်ထိုင်ခုံ၌သာထိုင်လျက် လက်ဖက်ရည်သောက်နေသည်ကို မြင်တော့ ဆန်းခဲ့ မပျော်မရွှင်ဖြစ်သွားရသည်။
“ဆရာကုန်းရောက်နေပြီ။ အမြန်ထပြီး မကြိုဆိုဘူးလား။ ရိုင်းစိုင်းလိုက်တာ”
ယဲ့ဖန်မှာ လက်ဖက်ရည်ခွက်ကိုချကာ မတ်တပ်ရပ်လျက် ကုန်းလန်ရှန်းကို ကြည့်လိုက်သည်။
“ကြိုဆိုပါတယ်၊ ဆရာကုန်း”
ကုန်းလန်ရှန်း၏ လေထဲရှိလက်မှာ ရပ်တန့်သွားရသည်။
ယဲ့ဖန်ကိုမြင်တော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားရသည်။
သူ မဟုတ်တာတွေ လျှောက်မြင်နေသည်ဟုပင် တွေးလိုက်မိကာ သူ့မျက်လုံးသူ ပွတ်သပ်လိုက်သည်။
“ဆ…ဆရာကြီးယဲ့၊ တကယ် ဆရာကြီးယဲ့လား”
ထိုနေရာရှိလူများမှာ သူပြောလိုက်သည်ကို ကြားပြီး မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဆရာကြီးယဲ့တဲ့လား။
ဒါက…ဘာတွေဖြစ်နေတာလဲ။
ဆန်းခဲ့ ကုန်းလန်ရှန်းအား ကြောင်တောင်တောင်ကြည့်လိုက်သည်။
“ဆရာကြီးကုန်း၊ ….ဘာလို့ ယဲ့ဖန်ကို ဆရာကြီးလို့ခေါ်နေရတာလဲ”
ကုန်းလန်ရှန်း ယဲ့ဖန်အား လေးစားစွာကြည့်ကာ ပြောသည်။
“အရင်က မသိခဲ့တာတွေကြောင့် ဆရာကြီးယဲ့ကို ရန်စခဲ့မိတယ်။ ဆရာကြီးယဲ့ကိုယ်တိုင် ထောက်ပြပေးခဲ့လို့ အခုလိုအမှားတွေကို သိမြင်လာရတာ။ သူက ငါ့ဆရာတော့ မဟုတ်ပေမယ့် ဆရာထက်ကိုပိုပါတယ်”
သူ့ရှင်းပြချက်ကိုကြားလိုက်ရတော့ လူတိုင်း ပိုလို့ပင်ထိတ်လန့်သွားရသည်။
ယဲ့ဖန်က ဆရာကုန်းကို ကိုယ်တိုင် လမ်းညွှန်ပေးခဲ့တယ်တဲ့လား။
ဆရာကုန်းက ရှေဟောင်းပစ္စည်းလောကမှာ ဆရာတစ်ဆူလေ။
ဘယ်လိုလူကများ သူ့ကိုလမ်းပြပေးဖို့ အဆင့်မှီရတာလဲ။
လင်းကျွင်းကျွင်း ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေမိသည်။
သူမ အချိန်အတော်ကြာ အသိပြန်မကပ်နိုင်ပေ။
ကုန်းလန်ရှန်းက ဆန်းခဲ့အား မပျော်ရွှင်ဟန်ဖြင့် ကြည့်လိုက်ကာ ပြောသည်။
“ဒါရိုက်တာဆန်း၊ ဒါမင်းအပြစ်ပဲ”
ဆန်းခဲ့ဂရုတစိုက်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ကုန်းလန်ရှန်းအနည်းငယ်ဒေါသထွက်သွားရသည်။
“မင်းက ယဲ့လူကြီးမင်းလိုလူမျိုးနဲ့ ရင်းနှီးနေတာတောင် ငါ့ကိုဒီကိုဖိတ်နေသေးတယ်။ မင်းငါ့ကိုအရှက်ခွဲနေတာလား”
ဆန်းခဲ့လည်း ကြက်သေသေသွားရသည်။
“အာ… သူကဆရာ့ထက် ရှေးဟောင်းပစ္စည်းပိုင်းမှာ ပိုတော်တာလား”
ကုန်းလန်ရှန်း ယဲ့ဖန်အား လေးစားစွာ ကြည့်လိုက်သည်။
“ငါ့ရဲ့ နုံချာတဲ့လေ့ကျင့်မှုနဲ့သာဆိုရင် သူ့ဖိနပ်ကို သယ်ပေးရလောက်အောင်တောင် အရည်အချင်းမရှိဘူး။ အဲ့တာကို ဘယ်လိုလုပ် ငါ့ကိုယ်ငါဆရာလို့ ခေါ်ရဲမှာလဲ”
ထိုအရာက လူတိုင်းကို မယုံကြည်နိုင်လောက် အောင်ဖြစ်သွားစေသည်။
ဆရာကုန်းလို လူမျိုးကတောင် ‘ဖိနပ်သယ်ပေးဖို့ အရည်အချင်းမရှိဘူး’ လို့ ပြောရလောက်တဲ့ အထိဆိုရင် ယဲ့ဖန်က ဘယ်လောက်တောင် အင်အားကြီးတာမလို့လဲ။
ကုန်းလန်ချန်း ယဲ့ဖန်ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“ဆရာကြီးယဲ့၊ ကျွန်တော့်ကို သေတဲ့အထိရိုက်ရင်တောင် ကျွန်တော့်ကိုယ်ကျွန်တော် ဆရာလို့ ဟန်မဆောင်ရဲပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ”
ထိုသို့ပြောပြီးနောက် ဆန်းခဲ့အား စိုက်ကြည့်ပြီး လှည့်ထွက်သွားတော့သည်။
ဆန်းခဲ့ မြေပေါ်၌ကျောက်ချထားသလို ရပ်နေမိသည်။
သူ့ဦးနှောက်ထဲ၌ ဗလာကျင်းနေသည်။
ဘာတွေဖြစ်နေတာလဲ။
သူယဲ့ဖန်ဆီမှာ နှစ်ခါတောင် မျက်နှာပျက်ထားပြီးပြီဖြစ်သည်။
ထို့ကြောင့် ဆရာကုန်း၏လက်တွေကို သုံးပြီး ပြန်အနိုင်ယူဖို့ တွေးနေခဲ့သည်။
ဒီလိုဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ခဲ့ချေ။
စတောင်မစခင်ကတည်းက ဇာတ်သိမ်းသွားလေပြီ။
သူက လင်းကျွင်းကျွင်းရှေ့မှာ ကြည့်ကောင်းချင်ရုံသက်သက်ပါ။ ဘာလို့အဲ့တာကဒီလောက်ခက်နေရတာလဲ။
လင်းကျွင်းကျွင်းလည်း ကြက်သေသေသွားရသည်။
သူမယဲ့ဖန်နှင့်ရင်းနှီးတာ အတော်ကြာနေလေပြီ။
သူမကိုယ်သူမ သူ့အကြောင်း ကောင်းကောင်းသိတယ်ဟု ထင်နေခဲ့သည်။
သို့သော် ဒီလိုကြီးမားသည့်စပရိုက်မျိုး ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒါမှမဟုတ် လန့်သွားတယ်လို့ပဲ ပြောရမလား။
ယဲ့ဖန်က တကယ်ကြီး ရှေးဟောင်းပစ္စည်းတွေအကြောင်းသိတာလား။
နာမည်ကျော်ကြားတဲ့ ဆရာကြီးကုန်းတောင် ယဲ့ဖန်ရဲ့မြင်ကွင်းကနေ ထွက်ပြေးသွားရသည်။
ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ။
သူ့ဘေးရှိ မိန်းကလေးသုံးယောက်မှာ ယဲ့ဖန်အား အရူးအမူးစွဲလမ်းနေဟန်ဖြင့် ကြည့်လာကြသည်။
အစောက သူဆရာကြီးမန်းနဲ့သိတယ်လို့ ပြောတုန်းက သူမျက်နှာသာရချင်လို့ ကြွားလုံးထုတ်နေတာလို့ သူတို့ထင်ခဲ့ကြသည်။
တစ်ဖက်လူက အလွန်ကလေးဆန်သည်ဟုပင် သူတို့ ခံစားမိခဲ့ကြသည်။
အခုမှသူတို့သိတော့သည်။
သူကကလေးဆန်တာမဟုတ်ပဲ သူ့အင်အားကကို သူတို့ထင်ထားတာထက် သာလွန်နေတာဖြစ်သည်။
ယဲ့ဖန်ပြောခဲ့သလိုပဲ ရေတွင်းအောက်ခြေက ဖားက မြေပြင်ကြီးဘယ်လောက်ကြီးသလို ကောင်းကင်ကြီးဘယ်လောက်မြင့်သလဲဆိုတာကို ဘယ်တော့မှသိနိုင်မည်မဟုတ်ပေ။
ဝမ်းနည်းစရာကောင်းသလို ရယ်စရာလည်းကောင်းသည်။
သူ့ကိုမကောင်းဆိုးဝါးတစ်ကောင်လို စိုက်ကြည့်နေကြတာကြောင့် ယဲ့ဖန် အနေရခက်လာသည်။
“ကျွန်တော့်ကိုအဲ့လိုကြီးမကြည့်နဲ့လေ။ တကယ်တော့ ကျွန်တော်က သာမန်လူပါပဲ”