← Chapters

အပိုင်း ၃၇၇-၃၈၀

Vol. 19 Ch. 377-380

အပိုင်း ၃၇၇-၃၈၀

Vol. 19 Ch. 377-380

အပိုင်း ( ၃၇၇ )

မိန်းမလှလေးက တံခါးဝထိ ထမင်းထုပ်လာပို့ခြင်း

မကြာခင်မှာပဲ ရှန်းပိုင်ထျန်း၊ လုရှောင်ရ၊ ကျိုးရှုယောင်း၊ ချူးမင်း တခြားသူတွေကလည်း စိတ်မကောင်းကြောင်းပြောဖို့ ဆက်သွယ်ခဲ့ကြသည်။

သူတို့အားလုံးက 'ရှင်ရှုံးရင်တောင် အရေးမကြီးဘူး။ ရှင့်ကို ထောက်ပံ့ပေးမယ်' လို့ အဓိပ္ပာယ်ရတဲ့ စကားများကို ပြောခဲ့ကြသည်။

ယဲ့ဖန် သွေးအန်ထွက်မတတ်ဖြစ်သွားရသည်။

သူ့ပုံစံက မိန်းမနား ကပ်စားမယ့်ရုပ်ပေါ်နေလို့လား။

လှပသောအမျိုးသမီးများစွာက သူ့ကို ပြုစုပေးပါမယ်လို့ သူမတို့ဘက်က အရင်စပြောခဲ့ကြသည်။

ဒါကို ယောက်ျားဘယ်နှစ်ယောက်ကများ အိပ်မက်မက်ကြတဲ့အရာလဲ။

နောက်ဆုံးမှာ တကယ်ရှုံးသွားခဲ့ရင်လည်း မိန်းမတစ်ယောက်ကိုကပ်ပြီး အသက်မွေးဝမ်းကြောင်းပြုရတာလည်း ကောင်းတာပါဘဲ။

သူ အဲ့လိုတွေးနေချိန်မှာဘဲ ရှုကျင်းရှင်းက ဖုန်းထပ်ခေါ်လာသည်။

" ကျွန်မ တစ်ခုခုလှုပ်ရှားပေးဖို့လိုလား "

သူမသည် အချိန်မဖြုန်းဘဲ အဓိကအကြောင်းကို ပြောသည်။

" အင်း… လောလောဆယ် မလိုပါဘူး "

" ရှင် ကျွန်မကို ယဉ်ကျေးနေဖို့ မလိုပါဘူး။ တောင်ပိုင်း ကွမ်တုန်းပြည်နယ်က နျုံစစ်သွမ်းက ဘယ်လောက်အင်အားကြီးလဲဆိုတာ ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျုံးဟိုင်မှာတော့ သူ့အစွယ်နဲ့ ခြေသည်းတွေကို ပြသပိုင်ခွင့် မရှိဘူး "

ယဲ့ဖန်သည် ထိုစကားကိုကြားသောအခါ စကားမပြောနိုင်ဖြစ်သွားသည်။

သူ့ဘက်မှာ ပါကျတဲ့သူတွေက လက်တစ်ဆုပ်စာဘဲရှိတယ်ဆိုပေမဲ့ ထန်းပေါဟုန်နှင့် ရှန်းကွမ်းလင်းလိုလူတွေသာမကဘဲ အခုဆို ရှုကျင်းရှင်းပါပါလာသည်။

သူမ ကမ်းလှမ်းမှုကလည်း ရင်ထဲမှပါသည်။

ဒီလို ကြမ်းတမ်းတဲ့ စကားတွေ ပြောဖို့ သူမက သူမကိုယ်သူမ အထင်ကြီးပြီး လွန်ကဲစွာ တွက်ဆထားခြင်းကြောင့် မဟုတ်ပေ။

ဒါက အကောင်ကြီးတစ်ယောက်ရဲ့ အငွေ့အသက်ဘဲဖြစ်သည်။

" ကောင်းပြီ၊ ကိုယ် သူ့ကို မနိုင်တော့ရင် မင်းရဲ့အကူအညီကို ကိုယ်သေချာပေါက်တောင်းမယ် "

" ဒါဆို ကျွန်မ ဖုန်းချလိုက်တော့မယ် "

" ခဏနေဦး၊ မင်း ဘာလို့ ကိုယ့်အပေါ်ကို အရမ်းကောင်းပေးနေတာလဲ "

" ရှင်က ကျွန်မကာကွယ်ရမယ့်လူပဲ။ ကျွန်မကလွဲလို့ ဘယ်သူကမှ ရှင့်ကို အနိုင်ကျင့်လို့ မရဘူး "

ထိုကဲ့သို့ပြောပြီး ရှုကျင်းရှင်းက ဖုန်းချလိုက်သည်။

ယဲ့ဖန် ဖုန်းကို ဘေးချလိုက်သည်။

သူ့ကိုယ်သူ မှန်ကြည့်ဖို့ ရေချိုးခန်းထဲကို ချက်ချင်းဝင်သွားသည်။

အရမ်းချောပေမယ့် ချောလွန်းလို့ မိန်းမတိုင်းက သူ့ကို မချစ်ဘဲ မနေနိုင်ကြလောက်တဲ့ထိတော့ မဟုတ်ဘူးမလား။

အားလုံးက ဘာလို့ သူ့ကို အဲ့လောက် ကျွေးမွေးနေချင်ရတာလဲ။

ဒီလိုသာဆို မိန်းမတွေကို ကပ်ပြီး ချမ်းသာချင်ရင်တောင် ရလောက်သည်။

သူ့အတွေးတွေမြောနေချိန်မှာဘဲ သူ့ဖုန်းက ထပ်မြည်လာသည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ သူ့ကို နှစ်သိမ့်ပေးမည့် ဖုန်းမဟုတ်ပေ။

လုံထန်း E-Commerce မြှဖစ်သည်။

ပိုင်ဆိုင်မှုလွှဲပြောင်းပေးမည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အချိန် တောင်းဆိုခဲ့သည်။

ယဲ့ဖန်သည် Lykan စူပါကားကို ကားဂိုဒေါင်ထဲမှ ထုတ်လိုက်သည်။

အိမ်ခြံမြေစီမံခန့်ခွဲရေးရုံးကို ဖြတ်သွားသောအခါ တိုက်ဆိုင်စွာပင် သူက လင်းကျွင်းကျွင်းနှင့် တံခါးဝတွင် အထုပ်များကို ကောက်ယူနေသော အမျိုးသမီးဝန်ထမ်း အနည်းငယ်ကို တွေ့မိသွားသည်။

ပုံမှန်ဆိုရင်တော့ သူ သိပ်ဂရုမစိုက်ပေ။

သို့သော် ပို့ဆောင်သူ၏အဝတ်အစားများပေါ်မျိ နဂါးတံဆိပ်ကို တွေ့သောအခါ ကားကို ချက်ချင်းရပ်လိုက်သည်။

" မင်းတို့တွေက လုံထန်းက အထုပ်ပို့တဲ့လူတွေလား "

ပို့ဆောင်ရေးဝန်ထမ်းက ခပ်မိုက်မိုက် စူပါကားတစ်စီး မောင်းနှင်နိုင်သည့်သူ လျစ်လျူမရှုရဲပေ။

" ဟုတ်ပါတယ်၊ ကျွန်တော်က လုံထန်းရဲ့ ပို့ဆောင်ရေးဝန်ထမ်းပါ "

ယဲ့ဖန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

" သာမန်မိုဘိုင်းဈေးဝယ်ရေး အက်ပလီကေးရှင်းတွေလို ပြင်ပပို့ဆောင်ရေးနဲ့ ချိတ်ထားတာ မဟုတ်ဘူးလား။ မင်းတို့က ပို့ဆောင်ရေးရောလုပ်တာလား "

ဒီတစ်ခါမှာတော့ ဒလီဗာရီပို့တဲ့ဝန်ထမ်းက ပြန်မဖြေခင်မှာဘဲ လင်းကျွင်းကျွင်းက အရင်ဆုံးပြောလိုက်သည်။

" လုံထန်း E-Commerceက ကုန်ပစ္စည်း သိုလှောင်ရေးနဲ့ ပို့ဆောင်ရေးကိုလည်း လုပ်တယ်။ ပစ္စည်းပို့တာကလည်း အရမ်းမြန်တော့ သုံးစွဲသူရဲ့ သုံးရတဲ့အတွေ့အကြုံ စိတ်ကျေနပ်မှုက အများကြီးတိုးလာတယ်လေ "

သူ့ဘေးနားက ကောင်မလေးတချို့ကလည်း ပြောလာသည်။

" လုံထန်းက မိုဘိုင်းအွန်လိုင်းဈေးဝယ်ရတာ အကောင်းဆုံးဘဲ "

" ဟုတ်တယ်။ မနေ့ညက မအိပ်ခင် အော်ဒါတင်လိုက်ရင် ဒီနေ့ မနက်ဆို ပို့ပေးပြီ။ ဒလီစောင့်ရတဲ့ အချိန်က အရမ်းတိုတယ် "

" ပြီးတော့ သူတို့က ပစ္စည်းစစ်မှန်ကြောင်း အာမခံလည်းပါသေးတယ်။ မျက်စိမှိတ်ပြီး အော်ဒါတင်လို့တောင်ရတယ်။ အတုဝယ်မိရင် အတုအတွက် သူတို့က ဆယ်ဆပြန်လျော်ပေးတယ် "

" အဲ့တာကြောင့် ကျွန်မက ဈေးကြီးပစ္စည်းတွေဆိုရင် လုံထန်းအွန်လိုင်းဈေးဝယ်ရေးကနေဘဲ ဝယ်တော့တာ။ တခြားဝဘ်ဆိုဒ်တွေနဲ့ အဆင်မပြေဘူး "

" ......... "

ယဲ့ဖန်က သူတို့ရဲ့ ဆွေးနွေးချက်ကို သေချာ နားထောင်နေသည်။

ဒီကုမ္ပဏီက ဈေးကွက်ထဲမှ အခြားဈေးဝယ်ပလက်ဖောင်းများနှင့် ကွဲပြားလေသည်။

သူတို့က အထူးလမ်းကြောင်းကို လျှောက်ထားတာဖြစ်သည်။

သို့သော် ဒီလမ်းက လျှောက်ရန် အလွန်ခက်ခဲလှသည်။

ကိုယ်ပိုင် ဂိုဒေါင်ဆောက်တဲ့ လုပ်ငန်းစဉ်ကလည်း အချိန်ကုန်၊ လူပင်ပန်းတယ်ပြီး ငွေကုန်များသည်။

အဲ့တာကြောင့် သူဝယ်နိုင်လောက်အောင် အခြေအနေ ကျဆင်းသွားတာက အံ့သြစရာမဟုတ်ပေ။

အကြောင်းစုံကို သိပြီးနောက် သူက မိန်းကလေးတွေကို ပြုံးပြလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ အချိန်ရရင် ထမင်းလိုက်ကျွေးပါ့မယ် "

သူက ပြောပြီးတာနဲ့ မောင်းထွက်သွားသည်။

" ဝါး၊ တွေ့လိုက်ကြလား။ ယဲ့လူကြီးမင်းက ငါ့ကို ပြုံးပြသွားတယ်။ တကယ်ကြီး သူက ပြုံးပြသွားတယ် "

" လျှောက်ပြောမနေနဲ့၊ သူက ငါ့ကို ပြုံးပြသွားတာ အသိသာကြီးကို။ အရမ်းစိတ်မဆိုးပါနဲ့၊ ဟုတ်ပြီလား "

" နင်က မဟုတ်တာလျှောက်ပြောတတ်တဲ့သူဘဲ။ သူက နင်ရှိတဲ့ဘက်ကို ကြည့်နေတာ မဟုတ်ဘူး "

" ကောင်းပြီ၊ ငြင်းခုံနေတာကို ရပ်လိုက်ကြ။ သူက အစ်မကျွင်းကျွင်းကို ပြုံးပြနေတာ သိသာပါတယ် "

" အင်း ...... အဲ့လိုထင်တာဘဲ။ ဒါပေမယ့် ယဲ့လူကြီးမင်း ပြုံးတာက အရမ်းကြည့်ကောင်းတယ် "

" မပြုံးဘဲနဲ့တောင် ကြည့်ကောင်းတာ ပြုံးလိုက်တော့ သူက နာမည်ကြီးတွေထက်တောင် ပိုချစ်စရာကောင်းသေးတယ် "

" သူက အရမ်းချောပြီး ချမ်းလည်းချမ်းသာတယ်။ သူက ဘယ်လိုမိန်းမမျိုးနဲ့ လက်ထပ်မလဲဆိုတာ တွေးမိတယ်။ သူမက အရမ်းကံကောင်းမှာ "

" ငါတို့ ညီမလေးကျွင်းကျွင်းအတွက် မျှော်လင့်ချက်ရှိမယ်ထင်တယ်။ သူမက အလွန်လှပပြီး ငယ်ငယ်လေးနဲ့ မန်နေဂျာဖြစ်နေတာဆိုတော့ သူမမှာ အခြေအနေကောင်းတွေ ရှိတယ် "

" ဟုတ်တယ်၊ ကျွန်မလည်း ထင်တယ်"

လင်းကျွင်းကျွင်းက သူတို့ဆွေးနွေးမှုကို ကြားတဲ့အခါ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

" အဲ့ဒီလိုတွေ မပြောပါနဲ့။ ကျွန်မက သူနဲ့မထိုက်တန်ဘူး "

ထိုစကားကိုကြားတော့ ကောင်မလေးတွေက နည်းနည်း အံ့ဩသွားကြသည်။

" ညီမလေး ကျွင်းကျွင်း၊ နင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး။ သူ့ထက် နိမ့်ကျတဲ့နေရာ တစ်ခုမှမရှိဘူးလို့ ငါတို့ခံစားရတယ် "

" ဟုတ်တယ်၊ သူက ချောတာမှန်တယ်။ ဒါပေမယ့် နင်လည်း အရမ်းလှတာဘဲ။ သူက ချမ်းသာတယ်၊ နင်လည်း ဝင်ငွေမဆိုးဘူးဘဲကို "

" ဟုတ်တယ်၊ သူက ညီမလေးနဲ့မထိုက်တန်ဘူးလို့တောင် ငါကတော့ထင်တယ်။ ညီမလေးသာ ဆန္ဒရှိလို့ကတော့ ညီမလေးကိုလိုက်ချင်တဲ့ ကျုံးဟိုင်က သူဌေးတွေ တန်းစီနေလိမ့်မယ် "

" ညီမလေး ကျွင်းကျွင်း၊ အဲ့ဒီလို မတွေးပါနဲ့ "

သူတို့နှစ်သိမ့်ပေးနေတာကိုကြားတော့ လင်းကျွင်းကျွင်းက ခါးသက်သက်ပြုံးလိုက်သည်။

" ရှင်တို့ သူ့ကို လုံးဝနားမလည်ပါဘူး။ သူ့ ရဲ့ စွမ်းအား အစစ်အမှန်ကို အစ်မတို့သိရရင် ဒီလိုပြောမှာ မဟုတ်ဘူး "

ထိုသို့ပြောရင်း ခေါင်းကို မော့ကာ ယဲ့ဖန်ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။

အပိုင်း ( ၃၇၈ )

ဘာလို့ နောက်ပြန်ဆုတ်နေရတာလဲ

လုံထန်း E-Commerce ကုမ္ပဏီတွင် ဥက္ကဌချီဒုန်းချန်းက ရာထူးကြီးတွေကို အစည်းအဝေးခန်းမထဲမှာ စုဝေးလိုက်သည်။

ယဲ့ဖန်က ကုမ္ပဏီကို ၀ယ်ယူလိုက်ကြောင်း သူက ကြေညာလိုက်သည်။

" ဘာလဲ။ ယဲ့ဖန်လား။ သူက ဖန်းဝမ်းညန်ကို စော်ကားတယ်လို့ မနေ့ညက သူငယ်ချင်းတစ်ယောက်ဆီက ကြားထားတယ် "

" ဖန်းဝမ်းညန်တင်မကဘဲ ဖုလီကော်ပိုရေးရှင်းက နျုံစစ်သွမ်းလည်း ပါတယ်တဲ့။ သူက ပျားအုံကို တုတ်နဲ့သွားထိုးတာလေ "

" ပြီးတော့ ယဲ့ဖန်ရဲ့ ကုမ္ပဏီဝန်ထမ်းတွေက သုံးရက်အတွင်း နုတ်ထွက်မလာရင် ကျုံးဟိုင်ရဲ့ ကုမ္ပဏီအားလုံးက နာမည်ပျက်စာရင်းသွင်းခံရလိမ့်မယ်လို့ ဖန်းဝမ်းညန်က ပြောထားသေးတယ် "

" ငါတို့ကို နာမည်ပျက်စာရင်းသွင်းမယ်လို့ပြောပြီး သူက သွင်းချင်တိုင်း သွင်းလို့ရမှာလား။ ဥပဒေရှိလား "

" ချင်းဒါး ကော်ပိုရေးရှင်းက ကျုံးဟိုင်က အကြီးစားကုမ္ပဏီဆိုတော့ ဖန်းဝမ်းညန်ရဲ့ စကားကို ဘယ်သူက မနာခံရဲဘဲ နေမှာလဲ။ နျုံစစ်သွမ်းရဲ့ ထောက်ခံမှုနဲ့ဆိုတော့ သူ့ရဲ့စကားတွေက အခုဆို ဥပဒေဖြစ်နေမှာဘဲ "

" ငါတို့ကံက သိပ်ဆိုးတာပဲမဟုတ်လား။ ယဲ့ဖန်က ဘာလို့ ငါတို့ကုမ္ပဏီကို ဝယ်လိုက်တာလဲ "

" ဟုတ်တယ်၊ ဒါက သေတွင်းတူးတာဘဲ မဟုတ်ဘူးလား "

အထက်လူကြီးများတွေက ဆွေးနွေးတာတွေကို နားထောင်ပြီးတဲ့နောက် ချီဒုန်းချန်းက သူ့လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်ပြန်ချလိုက်သည်။

" စကားနည်းနည်းပြောပါရစေ "

အားလုံးက ချက်ချင်းရပ်ပြီး သူ့ကိုကြည့်လိုက်ကြသည်။

ချီဒုန်းချန်းက ရှိနေသူတိုင်းကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။

" ယဲ့ဖန်က နျုံစစ်သွမ်း၊ ဖန်းဝမ်းညန်တို့နဲ့ ဘယ်လိုပဋိပက္ခတြွေဖစ်နေလဲဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီကို သူက ဝယ်ထားပြီးပြီဆိုတော့ သူက အနာဂတ်မှာ လုံထန်းရဲ့ သူဌေးဖြစ်လာလိမ့်မယ်။ ခဏနေရင်လည်း စာရွက်စာတမ်းကိစ္စတွေအတွက် သူလာလိမ့်မယ် "

ထိုစကားကိုကြားတော့ အားလုံးရဲ့ အမူအရာတွေက မှောင်သွားကြသည်။

ပြီးခဲ့တာတွေက ပြီးသွားပြီဖြစ်သည်။

ဆန္ဒရှိသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ရလဒ်ကို မပြောင်းလဲနိုင်တော့ပေ။

ချီဒုန်းချန်းသည် သူ့ထိုင်ခုံကို ဖြည်းဖြည်းချင်း နောက်ကို မှီလိုက်သည်။

" မင်းတို့ ပြဿနာတက်မှာကြောက်ရင် ထွက်သွားလို့ရတယ်။ တားမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းတို့က ငါ့ညီအစ်ကိုတွေဆိုရင်တော့ ငါတို့နဲ့အတူတူ မှီခိုပြီး လုံထန်းကို ကာကွယ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ ငါ့ညီအစ်ကိုတွေကိုတော့ ဘယ်တော့မှ မနစ်နာစေရဘူးလို့လည်း ငါ အာမခံတယ် "

သူတို့တွေက လွတ်မြောက်ရာလမ်းကို စတင်စီစဉ်နေကြပြီဖြစ်သော်လည်း ညီအစ်ကိုတွေဟု ခေါ်သံကြားလိုက်ရသောအခါ ထိုအတွေးတွေက တဖြည်းဖြည်း ပျောက်သွားကြတော့သည်။

ညီအစ်ကိုတွေအတွက်သာဆို သူတို့အသက်ကိုတောင် ပေးနိုင်သည်။

သေးငယ်တဲ့အခက်အခဲလေးကြောင့်နဲ့ သူတို့ ဘာလို့ နောက်ဆုတ်ရမှာလဲ။

အဲ့တာက ညီအစ်ကိုတွေ လုပ်သင့်တာဘဲ မဟုတ်လား။

" ကောင်းပြီ၊ ယဲ့လူကြီးမင်းက မကြာခင် ဒီရောက်လာလိမ့်မယ်။ သွားပြီး ပြင်ဆင်ထားပါ။ သူ့ကို ကြိုဆိုဖို့ ငါ့နောက်လိုက်ခဲ့ရမယ် "

ချီဒုန်းချန်းသည် အားလုံးငြိမ်သက်သွားသည်ကိုမြင်သောအခါ အစည်းအဝေးပြီးဆုံးကြောင်းကြေငြာခဲ့သည်။

ထိုအချိန်တွင် သူ့ဘေးမှ HR မန်နေဂျာက ရုတ်တရက် သတိပေးလိုက်သည်။

" ဥက္ကဌချီ၊ ဝမ်ဟိုက်ရန်က မကြာခင် ရောက်လာပါတော့မယ်။ သူ့ကို ခေါ်ဖို့ လူနှစ်ယောက် လွှတ်ပေးသင့်လား "

ချီဒုန်းချန်း အံ့အားသင့်သွားသည်။

" ဝမ်ဟိုက်ရန်က ဘယ်ကလဲ "

HR မန်နေဂျာက ကြောင်အစွာ ပြုံးပြသည်။

" သူက ဝမ်ကျန်းရဲ့ အထွေထွေမန်နေဂျာပါ။ အရင်က ဥက္ကဌ ဝမ်ကျန်းမှာ ထမင်းစားဖို့ သွားတုန်းက ဝမ်ကျန်းမှာ အလုပ်မလုပ်ချင်တော့ဘူးဆိုရင် လုံထန်းမှာ ဒုဥက္ကဌလုပ်ဖို့ လာနိုင်တယ်လို့ ပြောခဲ့တယ်မလား "

ချီဒုန်းချန်းသည် အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး အရင်က ဖြစ်ခဲ့သည်ကို မှတ်မိသွားသည်။

သို့သော် ထိုအချိန်က သူပြောခဲ့သောစကားက စကားအဖြစ်ပြောခြင်းသာဖြစ်သည်။

ဒီတစ်ယောက်က တကယ်ကြီး ထင်သွားတာလား။

အထွေထွေမန်နေဂျာက ဒုတိယဥက္ကဌဖြစ်တာထက်အဆပေါင်းများစွာ ပိုကောင်းတယ်မဟုတ်လား။

သူက ဘာလို့ ရုတ်တရက် လုံထန်းကို လာချင်ရတာလဲ။

" သူက ဝမ်ကျန်းမှာ ကောင်းကောင်းရှိနေတာပဲ။ ရုတ်တရက်ကြီး ဘာလို့ နုတ်ထွက်လာရတာလဲ "

" သူဌေးအသစ်ရဲ့ အကျင့်စရိုက်က အရမ်းဆိုးပြီး သူ့အောက်မှာ အလုပ်လုပ်ဖို့ ရွံရှာမိတယ်လို့ ပြောပါတယ် "

HR မန်နေဂျာက သေသေချာချာ ပြန်ဖြေသည်။

ချီဒုန်းချန်းက စားပွဲပေါ်မှ လက်ချောင်းများကို တောက်လိုက်သည်။

" သူလာတဲ့အခါ တစ်ခါတည်း စာချုပ်ချုပ်လိုက်ပြီး ဒုဥက္ကဌ ရာထူးကို တန်းပေးလိုက်။ သူက တခြားကိစ္စတွေကို တာဝန်ယူစရာ မလိုသေးဘူး။ လစာနဲ့ခံစားခွင့်ကို ငါ့ထဲက မျှပေးလိုက် "

HR မန်နေဂျာက အနည်းငယ် အံ့အားသင့်သွားသည်။

" ဥက္ကဌချီ၊ သူ့ကို အရင်တွေ့သင့်တယ် မဟုတ်ဘူးလား။ သူ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ "

ချီဒုန်းချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" ငါလိုချင်တာက သူ ဝမ်ကျန်းကနေ စုဆောင်းထားတဲ့ အဆက်အသွယ်တွေဘဲ။ သူ့အရည်အချင်းက အရေးကြီးလား "

HR မန်နေဂျာက ချက်ချင်း သဘောပေါက်သွားသည်။

" ကျွန်တော်နားလည်ပါပြီ "

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်၏ကားက လုံထန်း၏ဌာနချုပ်ဆီသို့ ရောက်ရှိလာခဲ့သည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် အနောက်မှ ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။

" ဟေး၊ ဒီက သူဌေးယဲ့ မဟုတ်လား။ ငါတို့က ကျဉ်းမြောင်းတဲ့လမ်းပေါ်မှာ ရန်သူတွေဘဲ "

ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

ဝတ်စုံပြည့်ဝတ်ထားသည့် ဝမ်ဟိုက်ရန်က လျှောက်လာသည်ကို သူမြင်လိုက်ရသည်။

" ဒီမှာ ခင်ဗျား ဘာလုပ်နေတာလဲ "

အဲ့ဒီအမေးကိုကြားတော့ ဝမ်ဟိုက်ရန်က သူ့ကို မကျေမနပ် ပြုံးပြလိုက်သည်။

" မင်းရဲ့ ဝမ်ကျန်းက ငါ့ကို နေရာ မပေးနိုင်ဘူးဆိုရင်တောင် ငါနေဖို့ နေရာတစ်ခုက အမြဲရှိနေတုန်းပဲ။ မင်းမရှိတာနဲ့ ကမ္ဘာကြီးက လည်မနေတော့ဘူးလို့ ထင်မနေနဲ့ "

ယဲ့ဖန် ခဏလောက်စဉ်းစားပြီး နားလည်သွားသည်။

" ခင်ဗျား ဆိုလိုတာလဲတာက ခင်ဗျား အလုပ်သစ်ရှာရသွားပြီလား "

ဝမ်ဟိုက်ရန်က ရယ်မောလိုက်သည်။

" ငါက အလုပ်ရှာဖို့ လိုသေးပါ့မလား။ ငါ့လို အရည်အချင်းရှိတဲ့လူကို ဘယ်ကုမ္ပဏီကမှ မလိုချင်တာမရှိဘူး "

ယဲ့ဖန်က မပျက်မကွက် ပြုံးပြလိုက်သည်။

" ခင်ဗျား အခု ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်မှာလဲဆိုတာ ပြောပြလို့ရမလား "

ဝမ်ဟိုက်ရန်က သူ့ကို ဂုဏ်ယူစွာ ကြည့်နေသည်။

" မင်းကို ပြောပြရင် ဘာအန္တရာယ်ရှိမှာမလို့လဲ။ နားထောင်၊ ငါက အခု လုံထန်း E-Commerce ကုမ္ပဏီရဲ့ ဒုဥက္ကဌဘဲ "

ယဲ့ဖန်က 'လုံထန်း' ဆိုတဲ့ စကားနှစ်လုံးကို ကြားလိုက်သောအခါ သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

" ဒုဥက္ကဌလား။ လူတွေက ပိုမြင့်တဲ့ နေရာအတွက် ကြိုးစားကြတယ်လို့ လူတိုင်းပြောကြတယ်လေ။ အသက်ကြီးလာလေလေ ဘာလို့ နောက်ပြန်ဆုတ်လေလေ ဖြစ်နေရတာလဲ။ အထွေထွေမန်နေဂျာကနေ ဒုဥက္ကဌအဖြစ် ရာထူးက ဖယ်ခံရတာကို ဘယ်လိုခံစားရလဲ "

" ဒုဥက္ကဌက ဘာဖြစ်လဲ။ မင်းက ရက်အနည်းငယ်ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ တခြားနေရာမှာ ဒုဥက္ကဌဖြစ်ရတာက မင်းလက်အောက်မှာ အထွေထွေမန်နေဂျာဖြစ်ရတာထက် အဆတစ်သောင်း ပိုကောင်းသေးတယ် "

ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် တောက်ပလာသည်။

" ဒါဆို လုံထန်းကုမ္ပဏီက ငါ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတယ်ဆိုရင် မင်းမှာ တခြားသွားစရာနေရာရှိသေးလား "

ဝမ်ဟိုက်ရန်က ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကျုံးဟိုင်တစ်ခုလုံးကို မင်းပိုင်တယ်လို့ပါ ပြောလိုက်ပါတော့လား။ လုံထန်းကုမ္ပဏီရဲ့ ဥက္ကဌကို ချီဒုန်းချန်းလို့ခေါ်တယ်။ သူနဲ့ငါက နှစ်ပေါင်းများစွာ ခင်လာတဲ့ အခင်ဆုံးမိတ်ဆွေတွေ။ သူက မင်းနဲ့ ဘာဆိုင်လို့လဲ "

ယဲ့ဖန်က သူ့နှာခေါင်းကို ထိလိုက်သည်။

" ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မကြာခင် သိရမှာဘဲ "

နှစ်ယောက်သား စကားပြောနေကျချိန်မှာဘဲ ရုတ်တရက် အဆောက်အဦးထဲမှ လူတစ်စု လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ လျှောက်လာတဲ့လူက ရုပ်ချောတယ်လို့ မယူဆနိုင်သော်လည်း သူ၏ လှုပ်ရှားမှုတိုင်းက အစွမ်းထက်သောရောင်ဝါ ထင်ရှားနေလေသည်။

သူက လုံထန်း E-Commerce ကုမ္ပဏီ၏ဥက္ကဌဖြစ်သူ ချီဒုန်းချန်း ဖြစ်သည်။

ဝမ်ဟိုက်ရန်သည် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

" တွေ့လား။ သူတို့အားလုံးက ငါ့ကို ကြိုဖို့ ဒီကိုလာနေကြတယ်။ အဲ့တာက ငါ ဘယ်လောက် အာဏာရှိလဲဆိုတာဘဲ "

ထိုစကားကိုပြောပြီးနောက် သူက ယဲ့ဖန်ကို ဂရုမစိုက်တော့ဘဲ ချက်ချင်း လူအုပ်ဆီသို့ လျှောက်သွားသည်။

" ဥက္ကဌချီ ဘာလို့ ယဉ်ကျေးနေရတာလဲ။ ကျွန်တော် ကိုယ်တိုင်တက်လာနိုင်ပါတယ်။ ကြိုဖို့ ကိုယ်တိုင် ဆင်းလာစရာမလိုပါဘူး။ ဘယ်လိုလုပ်ပြီး ဥက္ကဌကို အနှောင့်အယှက် ပေးရဲမှာလဲ "

ဝမ်ဟိုက်ရန်က သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေတာကို မြင်တဲ့အခါ ချီဒုန်းချန်းက မျက်မှောင်ကြုတ်သွားသည်။

စကားပြန်မပြောဘဲ သူ့ကို တွန်းဖယ်လိုက်သည်။

ထို့နောက် ယဲ့ဖန်ဆီသို့ တည့်တည့်လျှောက်သွားသည်။

" ယဲ့လူကြီးမင်း၊ လုံထန်းရဲ့ ဝန်ထမ်းအားလုံးကိုယ်စား၊ သူဌေးအသစ်ကို ကြိုဆိုပါတယ် "

" ကြိုဆိုပါတယ် သူဌေးအသစ် "

အပိုင်း ( ၃၇၉ )

ကျုံးဟိုင်က လှုပ်ခတ်မလား၊ မလှုပ်ခတ်ဘူးလားဆိုတာ ဆရာသခင်ကြီးဝမ်အပေါ်ဘဲ မူတည်တယ်

ချီဒုန်းချန်း၏ စကားများကို ဝမ်ဟိုက်ရန် ကြားလိုက်ရသောအခါ သူ ကျိန်စာသင့်သွားသလို ခံစားလိုက်ရသည်။

" ဥက္ကဌ ချီ ဘာပြောလိုက်တာလဲ။ သူဌေးအသစ်ကို ကြိုဆိုတာလား။ ယဲ့ဖန်က လုံထန်းရဲ့ သူဌေးအသစ်လား "

ချီဒုန်းချန်းက သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။

" ဟုတ်တယ်၊ ယဲ့လူကြီးမင်းက ကျွန်တော်တို့ရဲ့ လုံထန်းကို ၀ယ်ယူထားတော့ အခု လုံထန်းရဲ့ သူဌေးအသစ်ဘဲ။ ဘာမှားလို့လဲ "

ဝမ်ဟိုက်ရန်သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အချိန်အတော်ကြာတဲ့အထိ သတိပြန်မကပ်နိုင်တော့ပေ။

ယဲ့ဖန်က လုံထန်းရဲ့ သူဌေးအသစ်လား။

ဝမ်ဟိုက်ရန်၏ မျက်နှာက အရှက်ကွဲတာကြောင့် နှစ်ကြိမ် တွန့်လှုပ်သွားသည်။

ချီဒုန်းချန်းသည် ယဲ့ဖန်ကို နားမလည်စွာ ကြည့်နေသည်။

" ယဲ့လူကြီးမင်း၊ ဘာဖြစ်လို့လဲ "

ယဲ့ဖန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ဖြေလိုက်သည်။

" ဒီအထွေထွေမန်နေဂျာဝမ်ကို ကျွန်တော် အလုပ်ထုတ်လိုက်တာလေ။ ဒါပေမဲ့ သူက လုံထန်းရဲ့ ဒုဥက္ကဌ ဖြစ်တော့မယ်လို့ ကြားမိတယ် "

ချီဒုန်းချန်းက အမြန်ခေါင်းခါလိုက်သည်။

" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ သူ့ကို အလုပ်ထုတ်လိုက်တာက သူ့ရဲ့ ညံ့ဖျင်းတဲ့ အကျင့်စရိုက်နဲ့ အရည်အချင်းမရှိလို့ ဖြစ်ရမယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဘာလို့ ဒီလိုလူကို ခန့်ရမှာလဲ "

သူက ပြောနေရင်းဖြင့် သူ့နှလုံးသားထဲမှာ စိုးရွံ့ထိတ်လန့်မှုတစ်ခု ခံစားရမိသည်။

သူသာ ဒီတစ်ယောက်ကို တကယ်ဘဲ ကုမ္ပဏီထဲ ခေါ်သွင်းခဲ့မယ်ဆိုရင် ယဲ့ဖန် သူစော်ကားသလို ဖြစ်သွားမှာမဟုတ်ဘူးလား။ သူ အတော်လေး ထိတ်လန့်သွားရသည်။

ယဲ့ဖန်စကားအရ ဝမ်ကျန်းစားသောက်ဆိုင်ကလည်း သူ့ပိုင်ဆိုင်မှုဖြစ်နေပြီ မဟုတ်လား။

ဒီကောင်လေးရဲ့ ပိုင်ဆိုင်မှုတွေ ချဲ့ထွင်နေတဲ့ အရှိန်က မယုံနိုင်စရာကောင်းလွန်းနေသည်။

ဝမ်ဟိုက်ရန်သည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။

" ဥက္ကဌချီ၊ ခင်ဗျား အရင်က ပြောခဲ့ဖူးတယ်လေ။ တစ်နေ့နေ့ကျ ဝမ်ကျန်းမှာ ကျွန်တော် အလုပ်မလုပ်ချင်တော့ဘူးဆိုရင် ဒီကိုလာပြီးတော့ ဒုဥက္ကဌလုပ်နိုင်တယ်ဆို။ ခင်ဗျား စကားကို ဘာလို့မစောင့်တည်တာလဲ "

ချီဒုန်းချန်းက သူ့လက်ကို ဖယ်လိုက်သည်။

" မှန်တယ်။ 'မင်း မလုပ်ချင်တော့ဘူး' ဆိုရင်လို့ပြောခဲ့တာလေ။ ဒါပေမယ့် မင်းက အလုပ်ထုတ်ခံရတယ်ဆိုတာ ရှင်းနေတာဘဲ။ ငါ့စကားကို ထပ်မပြောတော့ဘူး။ အခု ထွက်သွားလိုက် "

ဝမ်ဟိုက်ရန်သည် လုံးဝ အံ့သြသွားရသည်။

လုံထန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိများကလည်း သူ့ကို လူရွှင်တော်တစ်ယောက်လို ကြည့်နေကြသည်။

အမျိုးသမီးဝန်ထမ်းတချို့ကလည်း ရယ်နေကြသည်။

ချီဒုန်းချန်းက တခြားဘာမှ ထပ်မပြောတော့ပေ။

သူ့ကို တွန်းဖယ်လိုက်ပြီးနောက် ယဲ့ဖန်ကို ကုမ္ပဏီထဲသို့ဝင်ရန် လေးစားစွာ လမ်းပြပေးခဲ့သည်။

ဝမ်ဟိုက်ရန်သည် လူတိုင်း ကိုးကွယ်နေကြသော ယဲ့ဖန်ကိုကြည့်ကာ စိတ်ဓာတ်ကျပြီး သွေးအန်ချင်စိတ်ပါပေါက်လာသည်။

အခု သူ့ကို ဝမ်ကျန်းစားသောက်ဆိုင်မှ နှင်ထုတ်ခံခဲ့ပြီး လုံထန်း ကုမ္ပဏီမှလည်း ပယ်ချခံခဲ့ရသည်။

သူ့အသက်အရွယ်အရ ပိုကောင်းတဲ့အလုပ်တစ်ခုကို ရှာဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

ထိုအကြောင်းကိုတွေးပြီးနောက် သူ နျုံစစ်သွမ်းဆီကို သွားပြီး အလုပ်တောင်းနိုင်ကြောင်း တွေးမိသည်။

နျုံစစ်သွမ်းကြောင့် ယဲ့ဖန်က သူ့ကို ဝမ်ကျမ်းကနေမှ အလုပ်ထုတ်ခဲ့တာလေ။

ထိုင်နေရုံနဲ့ ဘာမှ မလုပ်နိုင်ဘူး မဟုတ်လား။

အဲ့တာကိုတွေးပြီး နျုံစစ်သွမ်းရှိရာ တောင်ပေါ်ဗီလာကို သူ ချက်ချင်းထွက်လာခဲ့သည်။

တောင်ပေါ်ရှိ ဗီလာသို့ ရောက်သောအခါတွင် သူ့နာမည်ကို သတင်းပို့ရသည်။

နာရီဝက်ကျော်ကြာအောင် စောင့်ပြီးတဲ့နောက် အစီရင်ခံတဲ့ တာဝန်ခံက ပြန်လာသည်။

" နျုံလူကြီးမင်းက စာကြည့်ခန်းထဲမှာ စာအုပ်ဖတ်နေပါတယ်။ သူ့စာဖတ်ချိန်ကို မနှောင့်ယှက်ရဲဘူး "

ဝမ်ဟိုက်ရန်သည် သွေးအန်ထွက်မတတ်ဖြစ်လာရသည်။

တစ်ချိန်က သူဟာ ဝမ်ကျန်း၏ အထွေထွေမန်နေဂျာဖြစ်ခဲ့သည်။

အခုတော့ သူက နျုံစစ်သွမ်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရန် လာခဲ့တာတောင် ဒီလို ထူးဆန်းတဲ့ အကြောင်းပြချက်ဖြင့် သူ့ကို ငြင်းပယ်ခြင်းခံလိုက်ရသည်။

" ဒါဆို ကျန်းပင်းကွန်းကို ပြောလို့ရမလား။ ငါ ယဲ့ဖန်နဲ့ ပတ်သက်တာတစ်ခုခုရှိနေတယ်လို့ ပြောလိုက်ပါ။ အရမ်းအရေးကြီးပြီးတော့ သူ့ကို တွေ့ဖို့လိုတယ် "

သူက စကားပြောနေရင်းနဲ့ ပိုက်ဆံကို အဲ့ဒီလူရဲ့လက်ထဲ ထည့်လိုက်သည်။

ထိုအခါမှ တာဝန်ခံလူက ကျေနပ်စွာ ထွက်သွားလေသည်။

ခဏကြာတဲ့နောက် ကျန်းပင်းကွန်းက သူ့သွားချေးဖယ်နေရင်း ထွက်လာသည်။ သူက ဘာအဝတ်အစားမှ ဝတ်မထားတာကြောင့် သူ့ပခုံးပေါ်က ကြောက်စရာကောင်းသော နဂါးတက်တူးကို မြင်နေရသည်။

" ပြော၊ ဘာကိစ္စလဲ "

ဝမ်ဟိုက်ရန်က မြန်မြန်နဲ့ သေချာပြောပြခဲ့သည်။

" ကျွန်တော်က လုံထန်း E-Commerce ကို အင်တာဗျူးတစ်ခုလုပ်ဖို့ သွားခဲ့တယ်။ ဘယ်သူကို တွေ့ခဲ့လဲ သိလား "

" ဘယ်သူလဲ "

" ယဲ့ဖန်လေ "

" အဲ့တော့ မင်းက သူ့ကိုတွေ့တော့ ဘာလုပ်ပေးရမှာလဲ။ ဘာ ကိစ္စမလို့လဲ "

" သူ ဘာသွားလုပ်လဲ တွေးကြည့် "

" ပြောစရာရှိရင် ပြော။ မင်းနဲ့ ပဟေဠိတွေကို ခန့်မှန်းဖို့ ငါ့မှာ အချိန်မရှိဘူး "

" သူက လုံထန်း E-Commerce ကို ၀ယ်ခဲ့တာ။ ငါ့အင်တာဗျူးကိုတောင် ဖျက်ပစ်လိုက်တယ် "

ဝမ်ဟိုက်ရန်က အံကြိတ်လိုက်သည်။

ကျန်းပင်းကွန်းကတော့ ရယ်လိုက်သည်။

" ဒါက မင်းနဲ့သူကြားထဲက ကိစ္စလေ ဘာလို့ ငါ့ကိုလာပြောနေတာလဲ "

ကျန်းပင်းကွန်းက လှည့်ထွက်သွားတော့သည်။

" သူ ..... သူက နျုံလူကြီးမင်းကို စော်ကားသေးတယ် "

ဝမ်ဟိုက်ရန်သည် ချက်ချင်း စိတ်ရှုပ်လာပြီး မဟုတ်တဲ့ဇာတ်လမ်းများကို စတင်ဖန်တီးခဲ့တော့သည်။

မျှော်လင့်ထားသည့်အတိုင်း ကျန်းပင်းကွန်းက နောက်တစ်ကြိမ် ပြန်လှည့်လာသည်။

" နျုံလူကြီးမင်းကို ဘယ်လို ဘယ်လို စော်ကားပြောဆိုတာလဲ "

ဇာတ်လမ်းဖန်တီးနေရတဲ့ ဝမ်ဟိုက်ရန်ရဲ့ ဦးနှောက်က လျင်မြန်စွာ လည်ပတ်နေရသည်။

" သူက 'မင်းက နျုံစစ်သွမ်းရဲ့ခွေးမဟုတ်ဘူးလား။ မင်းကို ခွေးအရိုးနဲ့ ဆုမချဘူးလား' လို့ပြောတယ် "

" မင်းက ဘာပြန်ပြောလိုက်လဲ "

" ကျွန်တော်က နျုံလူကြီးမင်းရဲ့ စရိုက်ကို သဘောကျတယ်လို့ ပြောခဲ့တယ်။ ငါ့မှာ တခြားအတွေးတွေ မရှိဘူးလို့လည်း ပြောလိုက်တယ် "

" ပြီးတော့ရော "

" ပြီးတော့ သူက 'နျုံစစ်သွမ်းက အရမ်းတော်တယ်မဟုတ်ဘူးလား။ မင်းအတွက် အလုပ်တစ်ခု စီစဉ်ခိုင်းလိုက်ပေါ့။ မဟုတ်ရင် ငါ ယဲ့ဖန်က ဒီမှာ ရှိနေသရွေ့ ကျုံးဟိုင်မှာ မင်းအတွက် အလုပ်နေရာမရှိစေရဘူး' လို့ပြောတယ် "

" အဲ့တာဘဲလား "

" နောက်ဆုံးကျတော့ 'နျုံစစ်သွမ်းက သေဖို့ရက်သိပ်မလိုတော့ဘူးလို့လည်း သူက ပြောခဲ့သေးတယ်။ နျုံစစ်သွမ်းရဲ့ခွေး ကျန်းပင်းကွန်းလည်း ပါတယ်။ အချိန်တန်ရင် သူ့ခြေထောက်တွေကို ဖြတ်ပြီး ငါးစာကျွေးဖို့ လင်းမြစ်ထဲကို ချလိုက်မယ်' လို့ပြောပါတယ် "

" ခွေးမသား "

ကျန်းပင်းကွန်းက သံတံခါးကို ပိတ်ထိုးလိုက်သည်။

သူက သံတံခါးအထူကြီးကို အပေါက်ဖောက်ပစ်ခဲ့သည်။

ဝမ်ဟိုက်ရန်က စိတ်ထဲမှရယ်နေပြီး သေချာ ကြည့်နေသည်။

" အစ်ကိုကွန်း၊ ကျွန်တော် အလုပ်ပြုတ်သွားတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် နျုံလူကြီးမင်းနဲ့ မင်းကိုယ်စား ဒီအတိုင်းနေလို့မရဘူး။ ဒီယဲ့ဖန်က မာနကြီးလွန်းတယ်။ သူ့ကို သင်ခန်းစာပေးသင့်တယ် "

" ငါ အခု နျုံလူကြီးမင်းကို သွားတွေ့မယ်။ အဲ့ကလေးရဲ့ခြေထောက်တွေကို ငါ ဒီနေ့ ချိုးမှရမယ် "

ကျန်းပင်းကွန်းက အံကြိတ်ကာပြောခဲ့ပြီး သူက ဒေါသတကြီးဖြင့် ထွက်သွားသည်။

ဝမ်ဟိုက်ရန်က သူ့နောက်ကျောကို ကြည့်ပြီး ဂုဏ်ယူစွာ မပြုံးဘဲ မနေနိုင်ပေ။

ဘာ ယဲ့ဖန်လဲ။

ဘာ နျုံစစ်သွမ်းလဲ။

ကျုံးဟိုင် ဖရိုဖရဲဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ဒီ သခင်ကြီးဝမ်ရဲ့ စိတ်အပေါ်မှာဘဲ မူတည်တယ်။

ငါလုပ်ချင်ရင် အကုန်ဖြစ်တယ်။ ငါက ဘုရင်ဘဲ။

အပိုင်း ( ၃၈၀ )

ငါက တော်တော်လေးဉာဏ်ကောင်းတာဘဲ

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် နျုံစစ်သွမ်း၏ စာကြည့်ခန်းထဲတွင် ကျန်းပင်းကွန်းက နျုံစစ်သွမ်းကို ဝမ်ဟိုက်ရန် ပြောခဲ့သမျှတွေကို ပြန်ပြောပြနေသည်။

နျုံစစ်သွမ်းက နားထောင်ပြီးနောက် စာအုပ်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။

" ဝမ်ဟိုက်ရန်က မင်းကို တကယ်ဘဲ အဲ့လိုပြောတာလား "

" ဟုတ်ပါတယ်၊ သူက လူကြီးမင်းကို သေခါနီးလို့ပြောတဲ့အပြင် ကျွန်တော့်ကိုလည်း ခွေးလို့ပြောပါတယ် "

ကျန်းပင်းကွန်းက ပြောရင်း ပိုစိတ်တိုလာနေသည်။

" လူကြီးမင်း၊ အမိန့်ပေးလိုက်ပါ။ ပြောလိုက်တာနဲ့ အဲ့ကလေးကို အခုချက်ချင်း သွားပြီး အပိုင်းပိုင်းခုတ်လိုက်ပါ့မယ် "

" ပြီးတော့ရော "

နျုံစစ်သွမ်းက တည်ငြိမ်စွာ ပြန်မေးသည်။

" ပြီးတော့ ..... အလွန်ဆုံးမှ ကျွန်တော့်အသက်ပေးရမှာပါ။ ဒါပေမဲ့ တန်ပါတယ်။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပေးရတာက "

" ရူးလိုက်တာ "

နျုံစစ်သွမ်းက စားပွဲကို ဖြန်းခနဲရိုက်ပြီး ထလိုက်သည်။

" မင်း သူ့ကို သတ်နိုင်တာ မသတ်နိုင်တာ မပြောနဲ့။ ငါကိုယ်တိုင် သတ်နိုင်ရင်တောင် လောကကြီးက ဘာပြောမယ်ထင်လဲ "

ကျန်းပင်းကွန်းက ခေါင်းကို ကုတ်လိုက်သည်။

" ဘာပြောကြမှာလဲ "

နျုံစစ်သွမ်းက သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

" ငါ နျုံစစ်သွမ်းက ယဲ့ဖန်ကို ကြောက်လွန်းလို့ တစ်ခါတည်းကိစ္စတုံးလိုက်တာလို့ ပြောလိမ့်မယ် "

ကျန်းပင်းကွန်းက ဒေါသူပုန်ထလာသည်။

" သူတို့က မဟုတ်ရမ်းတရားပြောတာဘဲ။ လူကြီးမင်းက ဘာလို့ အဲ့လို ချက်တောင်မခြောက်သေးတဲ့ကောင်ကို ကြောက်ရမှာလဲ "

နျုံစစ်သွမ်းက သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။

" မင်းတစ်ခုခုကြုံတဲ့အခါ တည်ငြိမ်ရမယ်။ အားသုံးပြီး ပြဿနာဖြေရှင်းလို့မရဘူး။ ဒါပေမဲ့ ဦးနှောက်တော့ သုံးရမယ် "

ကျန်းပင်းကွန်းက ငြိမ်မနေချင်ပေ။

" ဒါပေမဲ့ ယဲ့ဖန်က နောက်ကွယ်မှာ မဟုတ်တာပြောနေတာလေ။ ဒီအတိုင်းဘဲ ထိုင်နေရတော့မှာလား "

နျုံစစ်သွမ်းက နှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်။

" ဝမ်ဟိုက်ရန်က လိမ်နေတာ "

ကျန်းပင်းကွန်း အံ့ဩသွားသည်။

" လူကြီးမင်းက ဘယ်လိုလုပ်သိတာလဲ "

နျုံစစ်သွမ်းက ထိုင်ခုံကို ကျောမီလိုက်သည်။

" ယဲ့ဖန်က သူ့အင်အားကို အထင်ကြီးပြီး ငါနဲ့ ရန်သူဖြစ်ချင်နေပေမဲ့ သူက နောက်ကွယ်မှာ မဟုတ်တာပြောလောက်တဲ့ထိ စိတ်ဓာတ်အောက်တန်းမကျဘူး။ ငါ့အထင် ဝမ်ဟိုက်ရန်က ယဲ့ဖန်ကြောင့် တော်တော်လေးအထိနာထားတော့ ငါတို့ကို အသုံးချပြီး လက်တုန့်ပြန်ချင်နေတာ "

ကျန်းပင်းကွန်း ချက်ချင်း ဒေါသပိုထွက်လာသည်။

" ဒီခွေးသားက လူကြီးမင်းကို လိမ်ပြီး အခွင့်ကောင်းယူချင်နေတာ။ အခုသွားပြီး ပညာပေးလိုက်မယ် "

နျုံစစ်သွမ်းက စာအုပ်ကိုထပ်ဖွင့်လိုက်သည်။

" အရမ်းကြီးယဉ်ကျေးမနေပါနဲ့။ ကန်ထဲပစ်ပြီး ငါးစာကျွေးလိုက် "

" လူကြီးမင်းပြောတော့ အားမသုံးရဘူးဆို "

" အဲ့တာက အားကောင်းတဲ့သူတွေအတွက်ပြောတာ။ သူ့လို ပုစွန်ဦးနှောက်နဲ့ကောင်အတွက် ဘာလို့ ငါတို့ဦးနှောက်ကို သုံးပေးနေရမှာလဲ "

ကျန်းပင်းကွန်းက အမြန်ခေါင်းငြိမ့်သည်။

" နားလည်ပါပြီ "

ထိုသို့ပြောပြီးနောက် လှည့်ထွက်တော့မယ့်အချိန်မှာ နျုံစစ်သွမ်းက ရုတ်တရက် သူ့ကို တားလိုက်သည်။

" ခဏနေဦး "

" ဘာများလုပ်ပေးရပါမလဲ "

" ဝမ်ဟိုက်ရန်က လိမ်နေတာဆိုပေမဲ့ ယဲ့ဖန်ကို သင်ခန်းစာပေးသင့်နေပြီ။ မဟုတ်ရင် သူက ငါ့ကို စက္ကူကျားလို့ ထင်နေလိမ့်မယ် "

" ဘာလုပ်ချင်လဲ၊ သူဌေး "

" ကျုံးဟိုင်က သတင်းဌာနတွေကို ဆက်သွယ်လိုက်။ သတင်းတစ်ခု လွှင့်ချင်တယ် "

" ဟုတ်ကဲ့ပါ "

နျုံစစ်သွမ်း ဘာလုပ်ချင်မှန်း မသိပေမဲ့ ကျန်းပင်းကွန်း ခေါင်းငြိမ့်လိုက်ပြီး ထွက်လာခဲ့သည်။

နျုံစစ်သွမ်း၏ စာဖတ်သံက ကျန်ခဲ့သည်။

တစ်ဖက်မှာတော့ ဝမ်ဟိုက်ရန်က တံခါးဝမှာ စိတ်လှုပ်ရှားစွာ စောင့်နေသည်။

သူ ဒီအခွင့်အရေးကိုသုံးပြီး နျုံစစ်သွမ်းကို ကပ်နိုင်ပါက သူ့တစ်ဘဝလုံး ပူပန်စရာလိုမည် မဟုတ်တော့ပေ။

သူ စိတ်လှုပ်ရှားနေချိန်မှာဘဲ ကျန်းပင်းကွန်းပြန်လာတာကို တွေ့လိုက်သည်။

ဝမ်ဟိုက်ရန်က စီးပွားရေးလောကမှာ သူ့ဘဝတစ်ဝက်လောက် ကုန်ဆုံးခဲ့တာကြောင့် အမူအရာတွေကို ဖတ်နိုင်လေသည်။

ကျန်းပင်းကွန်းရဲ့ နှုတ်ခမ်းက အပေါ်ကို နည်းနည်းကွေးတက်နေတာကြောင့် သူက စိတ်ကောင်းဝသ်နေပုံရသည်။

ကြည့်ရတာ ငါ့လုပ်ကြံဇာတ်က အဆင်ပြေသွားတယ်ထင်တယ်။

သူ့ကို နျုံစစ်သွမ်းက ချီးကျူးလိုက်တာများလား။

အဲ့တာဆို ငါလည်း ကောင်းကျိုးတွေရမှာပေါ့။

ထိုအတွေးကြောင့် သူက စနှုတ်ဆက်ရင်း ပြုံးလိုက်သည်။

" အစ်ကိုကွန်း၊ နျုံလူကြီးမင်းကို ပြောလိုက်လား "

" ပြောခဲ့တယ် "

" ဘာတဲ့လဲ "

" သူက ယဲ့ဖန်ကို သင်ခန်းစာပေးမယ်တဲ့ "

" တကယ်လား အဲ့တာဆိုကောင်းတယ် "

ဝမ်ဟိုက်ရန်က စိတ်လှုပ်ရှားတာကြောင့် ထကချင်လာသည်။

သူ့ရဲ့လုပ်ကြံစကားတွေက ဒီလောက် ရန်ဘက်နှစ်ခုကို မီးစာထည့်ပေးလိုက်နိုင်မည်ဟု ထင်မထားပေ။

သူက တကယ်ကို ဉာဏ်ကောင်းတာဘဲ။

" ပြီးတော့ရော နျုံလူကြီးမင်းက ဘာပြောသေးလဲ "

တကယ်တော့ သူ့အပေါ် ဘာအကျိုးကောင်းရှိမလဲဆိုတာကို စိတ်အဝင်စားဆုံးဖြစ်သည်။

တစ်ဖက်က အချက်ပြလိုက်တာနဲ့ သူ တွယ်တက်နိုင်မည်ဖြစ်သည်။

" မင်းက လိမ်နေတာလို့ နျုံလူကြီးမင်းက ပြောလိုက်သေးတယ် "

ကျန်းပင်းကွန်းက အမှန်တိုင်းပြောလိုက်သည်။

ဝမ်ဟိုက်ရန်က အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတာကြောင့် မျက်နှာက ဖြူဖျော့သွားတော့သည်။

" မဟုတ်ပါဘူး၊ ကျိန်ဆိုကျိန်ရဲပါတယ်။ အမှန်ကိုပြောနေတာပါ။ မဟုတ်ရင် အသေဆိုးနဲ့ သေရပါစေ "

ကျန်းပင်းကွန်းက သူ့ကို ပြုံးပြီး ကြည့်နေလိုက်သည်။

" လိမ်နေတာ မဟုတ်တာ သေချာလား "

ဝမ်ဟိုက်ရန်င လေးပင်စွာ ခေါင်းငြိမ့်လိုက်သည်။

" နျုံလူကြီးမင်းကို ဘယ်တော့မှလိမ်မှာ မဟုတ်ပါဘူး။ လုံးဝ မလိမ်ပါဘူး "

" တကယ်လား "

" တကယ်အမှန်ပါ။ နျုံလူကြီးမင်းသာ အလိုရှိရင် မီးထဲရော ရေထဲပါ ဖြတ်နိုင်ပါတယ် "

ဝမ်ဟိုက်ရန်က သူ့သစ္စာခံမှုကို ပြသလိုက်သည်။

ကျန်းပင်းကွန်းက သူ့လက်မောင်းကို ဝမ်ဟိုက်ရန်ပေါ်သို့ တင်လိုက်သည်။

" အခုအခွင့်အရေးရှိလာပြီ။ အရယူလိုက် "

" ဘာလဲ ပြောပါ "

ကျန်းပင်းကွန်းက သူ့ဆန့်ကျင်ဘက်က ထျန်းရှင်းရေကန်ကို ညွှန်ပြလိုက်သည်။

" အဲ့ရေကန်က ဘယ်လောက်နက်လဲ "

ဝမ်ဟိုက်ရန်က စိတ်ရှုပ်ထွေးသွားသည်။

" အတော်လေးတော့ နက်မယ်ထင်တယ် "

ကျန်းပင်ကွန်းက ခေါင်းငြိမ့်သည်။

" အထဲမှာလည်း ငါးတွေရှိမယ်ထင်တယ် "

ဝမ်ဟိုက်ရန်မျက်လုံးများ တောက်ပသွားသည်။

" နျုံလူကြီးမင်းက ငါးစားချင်လို့လား။ ကောင်းပါပြီ၊ လူတွေခေါ်ပြီး အခုဖမ်းခိုင်းလိုက်ပါ့မယ် "

ကျန်းပင်းကွန်းက သူ့ကို ဆွဲထားလိုက်သည်။

" ဘာလို့ အဲ့လောက် ဒုက္ခခံမှာလဲ။ ကိုယ်တိုင်ဆင်းပြီး ဖမ်းလိုက်ပါ့လား "

ဝမ်ဟိုက်ရန်က သူ့ကိုကြောင်အစွာကြည့်နေသည်။

" ကျွန်တော်က ရေကူးမတော်ဘူး။ ငါးဖမ်းကိရိယာရှိရင်တော့ ပိုကောင်းပါတယ် "

ကျန်းပင်းကွန်းမျက်နှာထားက မှောင်သွားသည်။

" မင်းပြောတော့ နျုံလူကြီးမင်းအတွက် မီးတောင်ကိုဖြတ် ပင်လယ်ကိုကျော်ရဲတယ်ဆို။ ငါးလေးတစ်ကောင်၊ နှစ်ကောင်ဖမ်းဖို့တောင် ငြင်းနေတာလား "

ဝမ်ဟိုက်ရန်က ရှင်းပြဖို့လုပ်သည်။

" နျုံလူကြီးမင်းအပေါ် သစ္စာရှိတာက ထင်ရှားပါတယ်။ သေရမယ်ဆိုရင်တောင် မတွန့်ဆုတ်ပါဘူး။ ဒါပေမဲ့ ..... "

သူ့စကား မပြီးသေးခင်မှာဘဲ ကျန်းပင်းကွန်းက သူ့ကို ဖင်ကနေ ပိတ်ကန်လိုက်သည်။

" အဲ့တာဆိုလည်း သွားသေလိုက် "

ဗွမ်း

ဝမ်ဟိုက်ရန်က ရေထဲကို ခွေးသေတစ်ကောင်လို ပြုတ်ကျသွားရသည်။

ပြင်းထန်စွာ ရုန်းကန်ကူးခတ်နေလေသည်။

" ကူ ... ကူညီကြပါဦး .... အိုး ရေမကူနိုင်ဘူး ကယ်ကြပါ "

ကျန်းပင်းကွန်းက နှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်။

ထို့နောက် ဗီလာဘက်ကို လှည့်ထွက်သွားတော့သည်။

All Chapters