← Chapters

အပိုင်း ၃၈၁-၃၈၄

Vol. 20 Ch. 381-384

အပိုင်း ၃၈၁-၃၈၄

Vol. 20 Ch. 381-384

အပိုင်း ( ၃၈၁ )

အရှေ့အရပ်က သူရဲကောင်းကြီး

တစ်ဖက်ရှိ လုံထန်း E-Commerce ကုမ္ပဏီ၏ အစည်းအဝေးခန်းထဲတွင် ယဲ့ဖန်နှင့် ချီဒုန်းချန်းတို့က ပိုင်ဆိုင်မှုလွှဲပြောင်းရေးစာချုပ်ချုပ်နေကြသည်။

အခုကစပြီး လုံထန်း E-Commerce ကုမ္ပဏီက ယဲ့ဖန်၏ တရားဝင်ပိုင်ဆိုင်မှု ဖြစ်သွားပြီ ဖြစ်လေသည်။

ယဲ့ဖန်က စာရွက်စာတမ်းတွေကိုယူပြီး ကုမ္ပဏီအကြီးအကဲတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်လိုက်ပေမဲ့ လူတိုင်းက မျက်မှောင်ကြုတ်နေကြတာကို တွေ့လိုက်ရသည်။

" ကုမ္ပဏီက တိုးတက်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုကြီးရလာပြီး အခွင့်အရေးတွေရောက်လာတာကို ကြိုဆိုရမှာဆိုတော့ ပျော်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ အားလုံးက မပျော်မရွှင်ဖြစ်နေကြတာလဲ "

ယဲ့ဖန်က စနောက်တဲ့လေသံဖြင့်ပြောလိုက်သည်။

လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် နေရခက်သလို အကြည့်ချင်းဖလှယ်လိုက်သည်။

ထိုအချိန်တွင် ရာထူးကြီးဝန်ထမ်းတစ်ယောက်က အရင်ဆုံးထပြောသည်။

" သူဌေးယဲ့က အကြီးစားဒိတ်ဒိတ်ကြဲတစ်ယောက်ကို စော်ကားမိတယ်လို့ ကြားတယ် "

ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်သည်။

" တောင်ပိုင်းကွမ်တုန်းပြည်နယ်က ဖုလီကော်ပိုရေးရှင်းရဲ့ ပိုင်ရှင်ကို ဒိတ်ဒိတ်ကြဲလို့ သတ်မှတ်ရင်တော့ ဟုတ်တယ် တကယ်ဘဲ ပြဿနာရှာထားမိတယ် "

လူတိုင်းက သို့လောသို့လော သတင်းကြားထားပေမဲ့ ယဲ့ဖန်ဆီမှ အတည်ပြုစကားကို ကြားတဲ့အခါ အားလုံးက ထိတ်လန့်မိကြရသည်။

" ဒါဆို ယဲ့လူကြီးမင်းက ကျွန်တော်တို့ကို ပြောချင်တာများရှိသေးလား "

" ဟုတ်တယ်၊ ကျွန်တော်တို့က ဘယ်သူ့ကို ပြဿနာရှာမိလို့လဲ။ ဘာလို့ အကြောင်းပြချက်မရှိဘဲ ပြဿနာထဲပါရမှာလဲ "

" ဈေးကွက်ထဲမှာ အွန်လိုင်းဈေးအရောင်းအဝယ်(E-commerce)ကုမ္ပဏီတွေ အများကြီးရှိပါတယ်။ ဘာလို့ ကျွန်တော်တို့ လုံထန်းကို ဝယ်ရတာလဲ "

" အစကတော့ ကုမ္ပဏီက အခွင့်အရေးသစ်တွေရမှာမလို့ ကံကောင်းပြီလို့ထင်နေတာ။ အခုတော့ နောက်တစ်လထိတောင် တောင့်ခံနိုင်ဖို့ ခဲယဉ်းနေပြီ "

" ကျွန်တော်တို့က လုံထန်းကို အောက်ခြေကနေ စခဲ့ရတာ ကိုယ်ပိုင်ကလေးလိုဘဲ။ ဒါပေမဲ့ လူကြီးမင်းလို လူချမ်းသာတွေအတွက်ကတော့ ...... သာမန် ကစားစရာ စီးပွားရေး ဖြစ်နေမှာပေါ့ "

" ......... "

ယဲ့ဖန်က လူတိုင်းရဲ့ ဝေဖန်ထောက်ပြတာတွေကို နားထောင်သည်။

အစကနေ အဆုံးထိ အသံတွေ မငြိမ်သွားမချင်း ပြုံးရုံသာပြုံးပြီး နားထောင်ပေးသည်။

ထို့နောက် တည်ငြိမ်တဲ့အသံဖြင့် ပြန်ပြောသည်

" အားလုံး ပြောလို့ပြီးရင် ကျွန်တော့်ဘက်က စကားတစ်ချို့ပြောပါမယ် "

လူတိုင်းက ပါးစပ်ပိတ်လိုက်ကြပြီး ယဲ့ဖန် ဘာပြောမလဲဆိုတာ နားထောင်ဖို့ သူ့ကို ကြည့်လိုက်ကြသည်။

ယဲ့ဖန်က အခန်းထဲကလူတိုင်းကို ကြည့်လိုက်ပြီး တည်ငြိမ်လေးနက်တဲ့အသံဖြင့် ပြောသည်။

" နျုံစစ်သွမ်းက အနောက်အရပ်မှာ နေဝင်တော့မှာဖြစ်ပြီး ကျွန်တော်ကတော့ အရှေ့အရပ်က ထွက်လာတဲ့နေဘဲ။ အဲ့တာက ကျွန်တော့် အားသာချက်နဲ့ အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက သူ့အာဏာသုံးပြီး အခြားသူတွေကို အနိုင်ကျင့်ပေမဲ့ ကျွန်တော်ကတော့ ခံရမှ ပြန်တိုက်တတ်တာကြောင့် ဖြောင့်မတ်တဲ့ အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းရဲ့ မိတ်ဖက်နဲ့ လက်အောက်ငယ်သားတွေက ဟိုတစ်စဒီတစ်စနဲ့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့အဖွဲ့ဖြစ်ပြီးတော့ ကျွန်တော့်ဘက်သားတွေက သန်မာတဲ့စိတ်ဓာတ်နဲ့ အဆုံးထိအတူတိုက်မယ့် စစ်သားတွေဘဲ။ အဲ့တာကလည်း ကျွန်တော့်ဘက်က အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက သူ့ကို ဘုရားတစ်ဆူလို ကိုးကွယ်ခံချင်တဲ့သူဖြစ်ပြီးတော့ ကျွန်တော်ကတော့ မဟာမိတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အကောင်းဆုံး လုပ်ချင်တာ လုပ်ခွင့်ပေးထားတာဖြစ်လို့ အဲ့တာကလည်း အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက ရာထူးကြီးအနေအထားမှာ အကြာကြီးနေခဲ့ရတော့ အာဏာနဲ့ဖိနှိပ်တတ်ပေမဲ့ ကျွန်တော်ကတော့ မလုပ်ဆောင်ခင် သေချာစီစဉ်ဆုံးဖြတ်တတ်တာမလို့ အဲ့တာကလည်း သည်းခံနိုင်တဲ့ အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့ဖူးတဲ့သူဖြစ်ပေမဲ့ ကျွန်တော်ကတော့ ပွင့်လင်းပြီး တည့်တိုးဆန်တယ်။ အဲ့တာကလည်း စိတ်ထားကောင်းခြင်းရဲ့ အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက နိမ့်ကျသူတွေဆီက ဂုတ်သွေးစုပ်တတ်ပေမဲ့ ကျွန်တော်က လူတိုင်းကို မှန်မှန်ကန်ကန်ဘဲ ရသင့်ရင် ရသင့်သလို ပေးတယ်။ အဲ့တာက ကြင်နာတတ်ခြင်းရဲ့ အောင်နိုင်ခြင်းဖြစ်တယ် "

" နျုံစစ်သွမ်းက သူ့ကို ဝေဖန်ရင် မကြိုက်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော်က လွတ်လွတ်လပ်လပ်ပြောခွင့်ပေးထားတာဘဲ။ အဲ့တာကလည်း အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက အပြောင်းအလဲမြန်တဲ့သူဖြစ်ပြီး ကျွန်တော်ကတော့ ကျွန်တော့်မူလဇစ်မြစ်ကို ဘယ်တော့မှ မေ့မှာမဟုတ်တဲ့သူဘဲ။ အဲ့တာက အောင်နိုင်ခြင်းဘဲ "

" နျုံစစ်သွမ်းက နယ်ကျော်တိုက်ရချိန်မှာ ကျွန်တော်က အိမ်ကွင်းကမလို့ အသာစီးရနေတာလည်း အောင်နိုင်ခြင်းဘဲ "

အစည်းအဝေးခန်း တစ်ခုလုံးက တိတ်ဆိတ်နေပြီး ယဲ့ဖန်တစ်ယောက်တည်းကသာ အလယ်မှာ ယုံကြည်ချက်အပြည့်နဲ့ စကားပြောနေခဲ့သည်။

သူ့ပုံစံက သူရဲကောင်းတစ်ယောက်မာန်အပြည့်ဖြစ်ပေမဲ့ လူငယ်တစ်ယောက်ရဲ့ ပေါ့ပါးတက်ကြွတဲ့စိတ်ဓာတ်အပြည့်မြင်နေရကာ ကိုယ်ရောင်ဝါကလည်း ရှိရင်းထက် ပိုတောက်ပနေပုံရသည်။

သူပြောတဲ့ စကားတစ်စုစီတိုင်းက လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ပိုပြီးတိုးပွားစေသည်။

အဆုံးမှာတော့ လူတိုင်းက တိုက်ပွဲဝင်ဖို့ သွေးဆူလာကြတော့သည်။

မိန်းကလေးဝန်ထမ်းတွေရဲ့ မျက်လုံးတွေကလည်း တလက်လက်တောက်ပလာကြသည်။

ဒီကောင်လေးက တကယ်ကို ဆွဲဆောင်မှုအပြည့်ရှိတယ်ဆိုတာ ဝန်ခံရပေမည်။

ချီဒုန်းချန်းပင်တောင်မှ ယဲ့ဖန်ကို သူ့ထက်ငယ်ပေမဲ့ လေးစားမိလေသည်။

သူ့ကိုယ်သူ ဦးနှောက်ဆေးတဲ့နေရာမှာ ပညာရှင်ဆန်လှပြီထင်ခဲ့ပေမဲ့ ယဲ့ဖန်နဲ့ ယှဉ်တဲ့အခါ မူကြိုအဆင့်ပဲရှိသေးမှန်း သိလိုက်ရသည်။

ဒီတစ်ယောက်ရဲ့ ဦးနှောက်ဆေးတဲ့စွမ်းရည်က တစ်ဖက်ကမ်းခတ်တော်နေသည်ဟုတောင် ပြောလို့ရသည်။

ဦးနှောက်တစ်ခုလုံး ရှေ့ရောနောက်ပါ အစွန်းအထင်းမရှိစေရပေ။

သူတောင်မှ သတိမထားမိလိုက်ဘဲ သူ့စကားတွေနောက်မှာ မျောပါသွားရလေသည်။

ယဲ့ဖန်သည်လည်း သူ့ရဲ့ ဦးနှောက်ဆေးတဲ့မိန့်ခွန်းကြီး အလုပ်ဖြစ်သွားတာကိုကြည့်ပြီး ချက်ချင်းနိဂုံးချုပ်လိုက်တော့သည်။

" အတိုချုပ်ပြောရရင် နျုံစစ်သွမ်းမှာ တိုက်ကွက် ၁၀ ခုရှိရင် ကျွန်တော့်မှာလည်း ၁၀ ခုရှိပါတယ်။ အဲ့တော့ ရှုံးစရာရှိသေးတယ်ထင်လား "

ဖြောင်း ဖြောင်း ဖြောင်း

ယဲ့ဖန် စကားပြီးဆုံးတာနဲ့ လူစုကြီးက ချက်ချင်းလက်ခုပ်ဩဘာပေးကြသည်။

လူတိုင်းရဲ့မျက်နှာပေါ်မှာလည်း စိတ်လှုပ်ရှားနေတဲ့ အမူအရာရှိနေကြသည်။

စိတ်ခံစားလွယ်တဲ့ အမျိုးသမီးတစ်ချို့က မျက်ရည်ပါဝဲနေကြသည်။

သူဌေးအသစ်ရဲ့ မိန့်ခွန်းက အရမ်းကို ရင်ထဲထိလေသည်။

သူမတို့ရဲ့ ခံစားချက်တွေ မထိန်းနိုင်လောက်အောင်ထိ ဖြစ်သွားစေလေသည်။

ယဲ့ဖန်ကလည်း သူပြောတာကို ရပ်သင့်ပြီဟု ထင်တာကြောင့် လူတိုင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။

" ကျွန်တော်၊ ယဲ့ဖန်က ဒီနေ့အတွက် စကားကုန်ပြောပြီးပါပြီ။ နေမလား၊ သွားမလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ သွားမယ်ဆို ကိုယ်တိုင်လိုက်ပို့ပေးမှာ ဖြစ်ပြီးတော့ နေမယ်ဆို လက်နှစ်ဖက်နဲ့ ကြိုဆိုနေမှာပါ "

ထိုသို့ပြောပြီးတဲ့နောက် ယုံကြည်မှုရှိတဲ့ ခြေလှမ်းတွေနဲ့အတူ ထွက်သွားသည်။

အကြီးတန်းအရာရှိတွေကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း လိုက်ပို့ကြသည်။

" ယဲ့လူကြီးမင်း၊ အချိန်ရှိရင် ကုမ္ပဏီကို မကြာခဏလာပါ "

" ဟုတ်တယ်၊ မိန့်ခွန်းက အရမ်းဆွဲဆောင်အားပြင်းတာဘဲ။ ကျွန်တော် ခင်ဗျားပရိတ်သတ်လုပ်မယ် "

" ယဲ့လူကြီးမင်း၊ နောက်ဆို မိန့်ခွန်းပြောတာများရှိရင် ကြိုပြီး လှမ်းဆက်သွယ်ဖို့ မမေ့နဲ့ဦး။ လိုက်မှတ်ဖို့ နုတ်စာအုပ်လေး ကြိုပြင်ထားရအောင်လို့ "

" ယဲ့လူကြီးမင်း၊ အချိန်ရှိတိုင်း ဒီလို တွန်းအားပေးမိန့်ခွန်းတွေ လာပြောပါ။ နားထောင်ဖို့ ဆန္ဒရှိပါတယ် "

" နျုံစစ်သွမ်းမှာ အားနည်းချက် ၁၀ ခုရှိပြီး ယဲ့လူကြီးမင်းမှာလည်း ရှိတဲ့ အားနည်းချက် ၁၀ ခုက အနိုင်ယူလို့မရတဲ့အားနည်းချက်တွေ ဖြစ်လိမ့်မယ်။ သူက နေဝင်ပြီး လူကြီးမင်းက နေထွက်လာမှာဆိုတော့ အရှေ့အရပ်က ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းကြီးလို့တောင် တင်စားချင်တယ် "

အပိုင်း ( ၃၈၂ )

ဆင်းရဲလွန်းလို့ ပိုက်ဆံကလွဲပြီး ဘာမှမရှိတော့ဘူး

လုံထန်းကုမ္ပဏီကနေ ပြန်လာတဲ့နောက် ယဲ့ဖန်သည် ကျုံးထျန်းကန်သာယာစံအိမ်ဝန်းသို့ ပြန်ချိန်တွင် ချန်းရွှမ်ဆီက ဖုန်းဝင်လာသည်။

" ယဲ့ဖန်၊ ရှင် အခု ဘယ်မှာလဲ "

" ကိစ္စလေးတစ်ခုရှိလို့ ထွက်လုပ်နေတာ။ အခုတော့ အိမ်ပြန်လမ်းမှာ "

" အမြန် ကုမ္ပဏီကိုလာခဲ့၊ အရမ်းအရေးကြီးတယ် "

" ဘာကိစ္စလဲ "

" ဖုန်းထဲကနေ ရှင်းပြဖို့ မလွယ်ဘူး။ ရောက်မှ သေချာပြောတာပေါ့ "

" ကောင်းပြီ "

ယဲ့ဖန်သည် သူမ၏တုန်လှုပ်စိုးရိမ်နေတဲ့အသံကို သေချာကြားလိုက်ရတာကြောင့် နှေးကွေးမနေရဲပေ။

ဖုန်းချပြီးတဲ့နောက် ကားကိုချက်ချင်းလှည့်ပြီး လင်းယွမ်ကုမ္ပဏီရှိရာဆီသို့ ဦးတည် အရှိန်တင်လိုက်သည်။

မကြာခင်မှာဘဲ ယဲ့ဖန် လင်းယွမ် အိမ်ခြံမြေသို့ရောက်လာခဲ့သည်။

ခြေချလိုက်ရုံနဲ့ ပြောင်းလဲမှုကို ချက်ချင်း ခံစားလိုက်ရသည်။

သူ နောက်ဆုံးအကြိမ် လင်းယွမ်အိမ်ခြံမြေကို လာခဲ့တုန်းက ဝန်ထမ်းတွေက ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေကြပြီး အလုပ်လိုချင်လို့ လာစောင့်နေကြတဲ့သူတွေနဲ့ မြင်ကွင်းက စိတ်လှုပ်ရှားဖွယ်ကောင်းကာ စည်ကားနေခဲ့သည်။

သို့ပေမဲ့ ဒီတစ်ခါ သူလာတဲ့အခါမှာတော့ ခြောက်သွေ့တဲ့ ခံစားချက်ရနေပြီး ရုံးဧရိယာအတွင်းမှာလည်း ခုံအလွတ်တွေ အများကြီးရှိနေကာ ကျန်ခဲ့တဲ့ဝန်ထမ်းတွေကလည်း အသက်မဲ့သလို ထိုင်နေကြသည်။

သူတို့မျက်နှာမှာ မျှော်လင့်ချက် အရိပ်အယောင်တစ်ခုမှ မရှိပေ။

ထို့အပြင် သူဌေးဖြစ်တဲ့ ယဲ့ဖန်ကို တွေ့တာတောင်မှ အရင်ကလို တရိုတသေ ထမနှုတ်ဆက်ကြပေ။ အများစုက သူ့ကို လျစ်လျူရှူထားကြသည်။

ထိုမြင်ကွင်းကြောင့် ယဲ့ဖန်လည်း ဆက်မနေတော့ဘဲ အစည်းအဝေးခန်းမကိုသာ တန်းသွားလိုက်တော့သည်။

ထိုအချိန် အစည်းအဝေးခန်းထဲတွင်လည်း ဝန်ထမ်းတွေက အရင်ကထက် ပိုနည်းနေခဲ့သည်။

လူတိုင်းက ပုပ်နေတဲ့ခရမ်းသီးတွေလို သူတို့ရဲ့ခေါင်းတွေကို ငုံ့ထားကြသည်။

" ဘာလို့လဲ။ နေ့လယ်ပဲရှိသေးတာကို ငိုက်နေကြပြီလား "

ယဲ့ဖန်က တတ်နိုင်သမျှ အသံကျယ်ကျယ်နဲ့ပြောပြီး လူတိုင်း စိတ်တက်ကြွအောင် စနောက်လိုက်သည်။

သို့ပေမဲ့ သက်ရောက်မှု မရှိလိုက်ပေ။

လူတိုင်းက မျှော်လင့်ချက်ဆိတ်သုဉ်းနေကြသည်။

ချန်းရွှမ်တစ်ယောက်တည်းကသာ တုန့်ပြန်နိုင်သည်။

သူမက ထပ်ရပ်ပြီး ပြောသည်။

" ရှင် ရောက်ပြီလား "

ယဲ့ဖန်က ခေါင်းငြိမ့်ပြသည်။

" ဘာကိစ္စလဲ။ အရေးတကြီးခေါ်တာက "

ချန်းရွှမ်က ဘာမှမပြောဘဲ တီဗီဘက်ကို လှည့်လိုက်သည်။

ယဲ့ဖန်က ကြောင်အပြီး နားမလည်ဖြစ်နေချိန်မှာဘဲ

တီဗီထဲမှ သတင်းကြေညာသူရဲ့အသံက ရှင်းလင်းပြတ်သားစွာ ပေါ်လာသည်။

" ချင်းဒါး ကော်ပိုရေးရှင်းနဲ့ ဖုလီ ကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်နေပြီဆိုတဲ့ သတင်းကို အခုဘဲ ရရှိထားပါတယ်။ ကျုံးဟိုင်ရဲ့ ရှေးဟောင်းမြို့တော်မှာ ခရိုင်စံပြမြို့ဟောင်းကြီး ပြန်လည်တည်ဆောက်ရေးပရောဂျက်ကို အတူတူ ပူးတွဲတည်ဆောက်ဖို့အတွက် တစ်ဖက်စီမှ ယွမ်ငွေ ၁၀ ဘီလီယံနဲ့ စုစုပေါင်း ယွမ် ၂၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ်လို့ သိရပါတယ် "

အဲ့တာကို ယဲ့ဖန် ကြားလိုက်တာနဲ့ အခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။

နောက်ဆုံးတော့ လှုပ်ရှားလာပြီဘဲ။

ဒါက နျုံစစ်သွမ်းတို့ဘက်က စရွှေ့တဲ့ ပထမဆုံးကြီးမားတဲ့အကွက်ဖြစ်သည်။

သူတို့ပစ်လိုက်တဲ့မြှားက လင်းယွမ်အိမ်ခြံမြေကို ရည်ရွယ်နေမှန်း လူတိုင်းပြောနိုင်သည်။

ချန်းရွှမ်က တီဗီကို ပိတ်လိုက်ပြီး ယဲ့ဖန်ဘက်ကို အားကိုးရာမဲ့စွာ လှည့်ကြည့်လိုက်သည်။

" သူတို့က လင်းယွမ်ကို ဦးတည်တိုက်ခိုက်နေမှန်း သိသာတယ်။ ကျွန်မတို့ရဲ့စီမံကိန်းက မြို့ဟောင်းအဆင့် စံပြုမြို့ပြန်လည်တည်ဆောက်ရေးပရောဂျက်ဆိုတော့ သူတို့က ပြည်နယ်အဆင့်ထိ မြင့်တဲ့ စံညွှန်းညီစီမံကိန်းအဆင့်ရောက်အောင် တိုးချဲ့လိုက်တယ်ဆိုပြီး လုပ်နေတာ။ သူတို့က ကျွန်မတို့ကို တိုက်ရိုက် တိုက်ခိုက်တာတင်မကဘဲ အာရုံစိုက်ခံရတာတွေကိုပါ အကုန်လုံးကို ခိုးနေတာဘဲ "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" အဲ့တာက မင်းတို့ကို ကြီးကြီးမားမား ထိခိုက်စေမှာလား "

ချန်းရွှမ်က လေးပင်စွာ ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ကျန်းယုံထင်းက မကျေနပ်ဖြင့် ဝင်ပြောသည်။

" ကျွန်မတို့နဲ့ အစက လက်တွဲဖို့ စိတ်ဝင်စားခဲ့တဲ့ မိတ်ဖက်တစ်ချို့ကလည်း စပြီး နောက်ဆုတ်ဖို့ စဉ်းစားနေကြပြီ။ တချို့ကဆို ဒီဟာကို အခွင့်ကောင့်ယူပြီး စျေးနှိမ် အမြတ်ထုတ်ချင်နေကြတယ် "

" အဲ့လူတွေက အရင်ကတော့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ခယနေခဲ့ကြပြီးတော့ အခုကျ လေထန်တာနဲ့ ဝိုင်းရိုက်ချတော့တာဘဲ "

ယဲ့ဖန်က ပြုံးလိုက်သည်။

" ဒီလိုအခြေအနေမှာ အခွင့်ကောင်းယူချင်ကြတာက လူ့သဘာဝပါဘဲ "

ချန်းရွှမ် သက်ပြင်းချသည်။

" ဒီအတွက် အခြေအနေကို တန်ပြန်ထိန်းနိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံး စဉ်းစားရမယ်။ မဟုတ်ရင် နောက်ဆက်တွဲကိစ္စတွေက စဉ်းစားလို့တောင် ရမှာ မဟုတ်ဘူး "

ယဲ့ဖန်ကလည်း ချန်းရွှမ်ပြောတာကို သဘောတူ ခေါင်းငြိမ့်သည်။

" ဘာအကြံကောင်းရှိလဲ "

ချန်းရွှမ်က ခါးသက်သက်သာ ပြုံးနိုင်သည်။

" အကောင်းဆုံးကတော့ ဖုလီကော်ပိုရေးရှင်းနဲ့ ချင်းဒါးကော်ပိုရေးရှင်းတို့ကြားက ပူးပေါင်းချက် ပျက်စီးသွားဖို့ဘဲ။ ဒါပေမဲ့ အဲ့တာက မဖြစ်နိုင်ဘူးလေ "

ယဲ့ဖန်နှုတ်ခမ်းက ကွေးတက်သွားသညါ။

" အဲ့တာဆို ကိစ္စမရှိပါဘူး "

ချန်းရွှမ်ကတော့ ခပ်ဖျော့ဖျော့သာပြုံးကာ သူပြောတာကို စိတ်ထဲမထားပေ။

ဖုလီရော ချင်းဒါးရောက စီးပွားရေးနယ်ပယ်မှာ ကိုယ်ပိုင်အင်ပါယာရှိကြသူတွေဖြစ်သည်။

ကော်ပိုရေးရှင်းနှစ်ခုပေါင်းထားတဲ့ အင်အားက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ။

သူတို့ကရော အဲ့ကော်ပိုရေးရှင်းနှစ်ခုရဲ့ ပူးပေါင်းမှုကို ဘယ်လိုဖျက်ကြမှာလဲ။

" ဒုတိယနည်းကတော့ ပိုက်ဆံအလုံအလောက်ရှိမှ ရမယ်။ အဲ့တာဆို မိတ်ဖက်တွေကို အားမကိုးဘဲ ယှဉ်တိုက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့မှာ တိုက်ဖို့ လုံလောက်တဲ့ ငွေအင်အား မရှိဘူး "

သူမရဲ့ ရှင်းပြချက်ကို ကြားတဲ့အခါ ယဲ့ဖန်က ပြုံးလိုက်သည်။

" ဘာများလဲလို့။ ပိုက်ဆံပဲမဟုတ်လား။ တခြားဟာလိုချင်ရင်တော့ ကိုယ့်မှာမရှိတာ ဖြစ်နိုင်ပေမဲ့ ပိုက်ဆံဆိုရင်တော့ လိုသလောက်ပေးနိုင်တယ်။ ကိုယ်က ဆင်းရဲလွန်းလို့ ပိုက်ဆံကလွဲပြီး ဘာမှမရှိဘူးလေ "

သူ့စကားကို ကြားတဲ့သူတိုင်းက ထရိုက်ချင်စိတ်ပေါက်လာကြသည်။

ဘာလို့ အဲ့စကားတွေက အရမ်းကို မာန်တက်နေတဲ့ပုံပေါက်နေတာလဲ။

ဆင်းရဲလွန်းလို့ ပိုက်ဆံကလွဲပြီး ဘာမှမရှိတာတဲ့လေ။

ချန်းရွှမ်ကတော့ ထိုစကားကြားတဲ့အခါ အနည်းငယ်စိတ်သက်သာရာရသွားသည်။

သူမ၏လှပတဲ့မျက်လုံးလေးများက ယဲ့ဖန်ကို အားကိုးတကြီးကြည့်နေသည်။

" ရှင်ရှိနေသရွေ့ ပိုအဆင်ပြေမယ်ဆိုတာ ကျွန်မ သိပြီးသား "

ကျန်းယုံထင်းက ချန်းရွှမ်လက်မောင်းကို ပွတ်လိုက်သည်။

" အမလေး ချိုအီနေလိုက်တာ မခံစားနိုင်တော့ဘူး။ အရင်သွားနှင့်တော့မယ် "

ထိုသို့ပြောပြီးနောက် ထရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်သွားခဲ့သည်။

တခြားသူတွေကလည်း အကင်းပါးစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

အစည်းအဝေးခန်းမကြီးထဲတွင် ယဲ့ဖန်နှင့် ချန်းရွှမ်တို့သာ ကျန်ခဲ့ကြသည်။

" ဟို ...... "

ချန်းရွှမ်က နေရခက်တာကနေ ရှောင်လွှဲလို့ရအောင် စကားလမ်းကြောင်း ပြောင်းချင်နေသည်။

" မင်း မအိပ်တာ ဘယ်နှစ်ရက်ရှိပြီလဲ "

ယဲ့ဖန်က အရင်မေးလိုက်သည်

" အာ မသိ .... မသိပါဘူး ....မေ့သွားပြီ ..... "

ချန်းရွှမ်က အပြစ်လုပ်မိထားတဲ့ ကလေးတစ်ယောက်လို ခေါင်းကို ငုံ့လိုက်သည်။

" သေချင်နေတာလား။ မျက်လုံးထဲမှာ သွေးကြောတွေ အများကြီးရှိတယ်။ ဆက်ပြီးတောင့်ခံနေရင် ခန္ဓာကိုယ်တစ်ခုလုံး ယိုယွင်းလာလိမ့်မယ် "

ယဲ့ဖန်ရဲ့ လေသံက အရမ်းတင်းမာနေသည်။

" ဒါပေမယ့် ကျွန်မမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ မြို့ဟောင်းပြန်လည်တည်ဆောက်ရေး ပရောဂျက်ကို တွန်းအားပေးဖို့တွေ၊ ဝန်ထမ်းတွေကို ခွန်အားမြှင့်တင်ပေးဖို့တွေ ပြီးတော့ အဲ့ဒီရင်းနှီးမြှုပ်နှံသူတွေနဲ့ ငြင်းခုန်ရဦးမယ် ..... "

သူမ စကားမပြီးခင်မှာဘဲ ယဲ့ဖန်က သူမကို လှမ်းဆွဲကာပွေ့ပြီး ထွက်သွားခဲ့သည်။

" ယဲ့ဖန်၊ ရှင် ဘာတွေလုပ်နေတာလဲ။ မြန်မြန်လွှတ်နော် "

ချန်းရွှမ်က ရှက်သွားပြီး စတင်ရုန်းကန်လာသည်။

ယဲ့ဖန်က လက်တစ်ဖက်ကို လွှတ်လိုက်ပြီး သူမ တင်ကို ရိုက်လိုက်သည်။

" ပါးစပ်ပိတ်ထား "

ချန်းရွှမ်သည် ကြောက်လန့်တကြားဖြင့် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ ဘာစကားမှ ပြန်မပြောရဲတော့ပေ။

ယဲ့ဖန်က သူမကို စင်္ကြံလမ်းအတိုင်း လျှောက်ပြီး ပွေ့သယ်သွားသည်။

အစက အသက်မရှိသလိုဖြစ်နေသော ဝန်ထမ်းများ အားလုံးက ထိုမြင်ကွင်းကို မြင်လိုက်ရသည်။

ကြက်သွေးနဲ့ ထိုးသွင်းခံရလိုက်သလိုလို တက်ကြွကုန်ကြသည်။

ဘာတွေဖြစ်နေတာလဲ။

အေးစက်ပြီး ယောက်ျားတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ဥက္ကဌချန်းရွှမ်က လူမြင်ကွင်းမှာတောင် ယောက်ျားတစ်ယောက်နဲ့ ဒီလို 'မဖွယ်မရာအပြုအမူ' ကို တကယ်ကြီး လုပ်ခဲ့တာလား။

ချန်းရွှမ်က သူမမျက်နှာကို ယဲ့ဖန်၏ ရင်ဘတ်ထဲတွင် ဖွက်ထားလိုက်သည်။

သူမသည် အနာဂတ်တွင် အခြားသူများနှင့် ရင်ဆိုင်ရလျှင် ရှက်နေရမည်ကို သူမ စိုးရိမ်နေသည်။

ယဲ့ဖန်က ချန်းရွှမ်ကို ချီပြီး သူဌေးရုံးခန်းထဲကို ဝင်သွားခဲ့သည်။

ဘန်း

တံခါးပိတ်သွားသည်။

ထိုအချိန်တွင် ကုမ္ပဏီတစ်ခုလုံး ပွက်လောရိုက်သွားရသည်။

ကုမ္ပဏီက ရင်ဆိုင်နေရတဲ့ ပြဿနာကြီးထက် ဥက္ကဌအလှလေးရဲ့ ကောလဟာလက ပိုစိတ်ဝင်စားစရာကောင်းလေသည်။

အပိုင်း ( ၃၈၃ )

ဒီထက်ပိုဆိုးတာတွေရှိသေးတယ်၊ စမ်းကြည့်ချင်လား

" ဘုရားရေ၊ ဥက္ကဌချန်းနဲ့ ယဲ့လူကြီးမင်းတို့က ဒီလိုအခြေအနေတောင် ရောက်နေပြီတဲ့လား "

" နင် အခုမှသိတာလား။ ငါဆို ရိပ်မိတာကြာပေါ့။ ဥက္ကဌချန်းက ယဲ့လူကြီးမင်းကို ကြည့်တဲ့အကြည့်တွေက တခြားသူတွေနဲ့ သိသိသာသာကြီးကို မတူမှန်း ငါသတိထားမိတယ် "

" ဥက္ကဌချန်းက အန္တရာယ်ကြုံနေတဲ့အချိန်မှာ ယဲ့လူကြီးမင်းဘက်က ရပ်တည်ပေးတာ အံ့သြစရာမရှိတော့ဘူး။ ဒါက အချစ်ရဲ့ စွမ်းအားပဲ "

" ဒါက ရင်ထဲထိလွန်းတယ်။ ချစ်တဲ့ယောက်ျားအတွက် ဖိအားတွေအများကြီးကို သည်းခံပြီး အတူတိုက်ခိုက်ပေးဖို့ ဆန္ဒရှိနေတာ။ အမလေး၊ ငိုတောင်ငိုမိတော့မယ် "

" ဒီအတွဲက အရမ်းကိုလွန်တာ မဟုတ်ဘူးလား။ တစ်ယောက်က ချောမောပြီး အရည်အချင်းအဆုံးသတ်မရှိတဲ့အပြင် နောက်တစ်ယောက်က အရမ်းလှနေသေးတယ်။ တစ်ယောက်က ချမ်းသာတဲ့ ရင်းနှီးမြုပ်နှံသူဖြစ်ပြီးတော့ နောက်တစ်ယောက်က အဆင့်မြင့် CEO တဲ့လေ။ သူတို့ကကောင်းကင်ဘုံက နတ်ဖက်ထားတဲ့ အတွဲပဲ "

" ငါ ရုတ်တရက်ကြီး အားတွေ ပြည့်လာသလို ခံစားလိုက်ရတယ်။ ယဲ့ချန်းရဲ့ အချစ်အတွက် ငါ အလုပ်ကြိုးစားပြီး ချန်းဥက္ကဌနဲ့အတူတူ ဖိအားတွေ မျှဝေပေးရမယ် "

" အစတုန်းကတော့ တိုက်ပွဲဝင်ဖို့ ပန်းတိုင်ကို ရှာမတွေ့နေတာလေ။ အမလေး အခုတော့ ယဲ့ချန်းအတွဲက ငါ့ကို လမ်းကြောင်းမှန်ပေါ် လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတွေလည်းတင်ပါတယ် "

" ရဲဘော်တို့၊ ငါတို့လုပ်နိုင်တယ်။ ယဲ့ချန်းနဲ့အတူတူ ငါတို့ အခက်အခဲတွေကို ကျော်လွှားပြီးတော့ ရှေ့ဆက်သွားကြမယ် "

" ကံကောင်းပါစေ "

ယဲ့ဖန်၏ မရည်ရွယ်သော လုပ်ရပ်က အသက်မဲ့နေတဲ့ လင်းယွမ်အိမ်ခြံမြေက ဝန်ထမ်းတွေအတွက် ရှားပါးတဲ့ မျှော်လင့်ချက်အလင်းရောင်ကို ယူဆောင်လာသလို ဖြစ်သွားခဲ့သည်။

ဒါက ကြည်နူးစရာကောင်းတဲ့ အံ့သြစရာဖြစ်တယ်လို့ ပြောလို့ရသည်။

ယဲ့ဖန်သည် ချန်းရွှမ်ကို ရုံးခန်းအတွင်းရှိ အနားယူရန် ထားထားသော ကုတင်ပေါ်ကို တင်လိုက်သည်။

ချန်းရွှမ်က ထဖို့ ချက်ချင်း ရုန်းကန်တော့သည်။

ယဲ့ဖန်က သူမကို အပေါ်ကနေ ထပ်ပြီး ဖိချလိုက်သည်။

" မျက်လုံးမှိတ်ပြီး အိပ်လိုက်တော့ "

" ဒါပေမယ့် ကျွန်မမှာ အလုပ်ရှိသေးတယ် "

" အလုပ်က ပိုအရေးကြီးလား ဒါမှမဟုတ် မင်းဘဝက ပိုအရေးကြီးလား "

" ဒါပေမယ့် "

" ဘာမှ ဒါပေမဲ့တွေ မလုပ်နဲ့။ ဒါက အမိန့်ဘဲ။ မင်းလိုက်နာရမယ် "

" ရှင် ....... အနိုင်ကျင့်လွန်းတယ် "

" မင်း ကိုယ့်စကားကို နားမထောင်ရင် ဒီထက် အနိုင်ကျင့်မဲ့အရာတွေ ရှိသေးတယ်။ စမ်းကြည့်ချင်လား "

" ကျွန်မ ..... "

ချန်းရွှမ်သည် သူမ၏မျက်လုံးတွေကို မှိတ်ထားလိုက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

တကယ်တော့ သူမ အရမ်းအိပ်ငိုက်နေတာဖြစ်သည်။

ပရောဂျက်အတွက် ကုမ္ပဏီက လေလံအောင်ပြီးကတည်းက သူမ ညလုံးပေါက်ဆက်တိုက် မအိပ်ဘဲနေခဲ့သည်။

မနေ့ညကတည်းက ကုမ္ပဏီမှာ သတင်းဆိုးတွေ ကြုံနေရတာကြောင့် သူမ အိပ်ဖို့တောင် အခွင့်မရခဲ့ပေ။

လွန်ခဲ့သည့် ရက်တွေအတွင်းမှာ သူမ၏အနားယူချိန် စုစုပေါင်းက လေးနာရီတောင် မပြည့်ချေ။

ထို့ကြောင့် မျက်လုံးမှိတ်လိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားလေသည်။

ယဲ့ဖန်သည် သူမ၏ မွဲခြောက်ခြောက်မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

မိန်းကလေးတစ်ယောက်က သူ့အတွက်နဲ့ ဖိအားတွေကို ဒီလောက်ခံနိုင်ရည်ရှိရှိ ကူပေးနေတာက သူ့လို ယောက်ျားတစ်ယောက်အတွက် သေချာပေါက် အရှက်ရစရာကြီးတစ်ခုဖြစ်သည်။

'ဖန်းဝမ်းညန်၊ ခင်ဗျားက ရှေ့ထွက်ပြချင်နေတာဘဲ '

'ဒါဆိုလည်း ခင်ဗျားနဲ့ စလိုက်ကြတာပေါ့ '

ဒီအချိန်တွင် ရုတ်တရက် အမည်မသိ ဖုန်းတစ်ခုဝင်လာသည်။

ထိုဖုန်းနံပါတ်ကို သူမှတ်မထားပေ။

ဖုန်းကိုင်လိုက်တဲ့အခါ တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အော်သံ ထွက်ပေါ်လာသည်။

" ယဲ့ဖန်၊ မြန်မြန် လာကယ်ပေးပါ "

" ကျေးဇူးပြုပြီးတော့ "

" နင် ငါ့ကို ကူညီပေးသရွေ့ နင့်ကို လက်ဆောင်အကြီးကြီးပေးမယ်လို့ ကတိပေးတယ်။ နင့်အတွက် သေချာပေါက် အသုံးဝင်မယ့် လက်ဆောင်မျိုးပဲ "

........................................

တစ်ဖက်တွင်လည်း ဖုလီကော်ပိုရေးရှင်းနှင့် ချင်းဒါးကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သတင်းက အတော်လေး ပျံ့နှံ့သွားခဲ့သည်။

ကျုံးဟိုင်၏ အထက်တန်းအလွှာတွင် ချက်ချင်း ဆူနာမီ လှုပ်ခတ်သွားသလို ဖြစ်သွားခဲ့သည်။

ဝမ်ကျန်းစားသောက်ဆိုင်ရှိ အဆင့်အတန်းမြင့် ပွဲတစ်ခုတွင် လူတိုင်းက ထိုအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

" ဖုလီကော်ပိုရေးရှင်းနဲ့ ချင်းဒါးကော်ပိုရေးရှင်းတို့က ရှေးဟောင်းမြို့ ပြုပြင်မွမ်းမံရေး ပရောဂျက်တစ်ခုအတွက် ပူးပေါင်းလိုက်တယ်ဆိုတဲ့ သတင်းကို အခုလေးတင်ရထားတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ဘီလီယံ ၂၀ ကျော်တယ်တဲ့ "

" ဘုရားရေ၊ ဒါက လင်းယွမ်အိမ်ခြံမြေအကျိုးဆောင်ကို ဦးတည်နေမှန်းသိသာတယ်။ လင်းယွမ်အိမ်ခြံမြေကလည်း ပရောဂျက်ကြီးတစ်ခုအတွက် လေလံအောင်ထားတာလေ။ သူတို့ကလည်း ပြုပြင်မွမ်းမံရေး ပရောဂျက်ဆိုတော့ အခု အာရုံစူးစိုက်မှုအခိုးခံလိုက်ရပြီ "

" ကျစ်ကျစ်ကျစ် ဖန်းဝမ်းညန် ဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ "

" လင်းယွမ်အိမ်ခြံမြေက အနာဂတ်မှာ ရပ်တည်မှု မလွယ်ကူတော့မှာကို စိုးရိမ်မိတယ် "

" ဒါပေမဲ့ သူတို့ရဲ့ သူဌေးက ယဲ့ဖန်ဖြစ်နေတာကိုဘဲ အပြစ်တင်ရမယ်။ သူက ဘာရှိလို့ နျုံစစ်သွမ်းနဲ့ ဖန်းဝမ်းညန်ကို သွားပြီး သွေးတိုးစမ်းရတာလဲ "

" မင်း အဲ့လို မပြောသင့်ဘူး။ ငါသိသလောက်ဆို အဲဒီညက နျုံစစ်သွမ်းနဲ့ ဖန်းဝမ်းညန်က ယဲ့ဖန်ကို အရင်တိုက်ခိုက်တာတဲ့။ ယဲ့ဖန်က လက်တုံ့ပြန်ဖို့ ဖိအားပေးခဲ့ရတာဘဲ မဟုတ်လား "

" ကွာခြားမှုရှိလို့လား။ နျုံစစ်သွမ်းနဲ့ ဖန်းဝမ်းညန်တို့က သူ့ထက် အများကြီး ပိုသန်မာပါတယ်လေ။ တခြားသူက သူ့အတွက် အခက်အခဲကြုံအောင် တမင်လုပ်နေတာကို သူက ဘာကြောင့် ခုခံရမှာလဲ "

" ဟုတ်တယ်၊ သူရှုံးတာကို ဝန်ခံပြီး ခေါင်းငြိမ့်ခဲ့မယ်ဆိုရင် တခြားဘာမှရှိမှာ မဟုတ်လား။ ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ "

" ဒါက ယုတ္တိမဆန်ဘူးလေ။ တစ်ယောက်ကယောက် မင်းရဲ့လည်ပင်းကို ဓားနဲ့ထောက်ထားတာကို မခုခံဘဲ အမှားကို ဝန်ခံပြီး အထိုးခံမှာလား။ သတ္တိက ဘယ်မှာလဲ၊ မင်းရဲ့ဂုဏ်သိက္ခာကရော ဘယ်မှာလဲ "

" အားနည်းသူတွေကိုလိုက်တဲ့ သန်မာတဲ့သားကောင်ဆိုတာ ဘာလဲသိလား။ ဂုဏ်သိက္ခာဆိုတာ သဘာဝအရ အားကောင်းတဲ့သူတွေဘက်ကဘဲ။ အားနည်းသူတွေက ယုတ်ညံ့တဲ့ဘဝနဲ့ဘဲ ထိုက်တန်တယ် "

" မင်းက ဆင်ခြင်တုံတရားမဲ့ပြောနေတာဘဲ "

" မင်းကသာ အတွေးခေါင်နေတာ "

" မင်းက သိက္ခာမရှိတဲ့လူပဲ "

" မင်းက အရူးပဲ "

.....................

ကျုံးဟိုင်ရှိ သံမဏိစက်ရုံတစ်ခု၏ အစည်းအဝေးခန်းတွင် အထက်အရာရှိများ စုရုံးနေကြသည်။

ဥက္ကဌက ပြောသည်။

" လင်းယွမ်အိမ်ခြံမြေဘက်ကို စျေးကိုနှစ်ဆတိုးရောင်းဖို့ တစ်ယောက်ယောက် စီစဉ်လိုက် "

အထက်လူကြီးများက ဥက္ကဋ္ဌ၏ စကားကို ကြားသောအခါ ချက်ချင်း ပေါက်ကွဲသွားကြသည်။

" ဥက္ကဌ၊ ဒီစျေးက ရယ်စရာကောင်းလွန်းနေတာ မဟုတ်ဘူးလား။ လင်းယွမ်အိမ်ခြံမြေဘက်က ဒါကို လုံးဝသဘောတူမှာ မဟုတ်ဘူး "

" ဟုတ်တယ်။ ဈေးကွက်ပေါက်ဈေးရဲ့ နှစ်ဆဖြစ်သွားမှာဆိုတော့ လင်းယွမ်အိမ်ခြံမြေဘက်က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး "

" အခု သူတို့မှာ ရွေးချယ်စရာမရှိဘူး။ ဘာပဲဖြစ်ဖြစ် ဒီစျေးနှုန်းကို သူတို့လက်ခံရမယ် "

" ဘာလို့လဲ "

" ဖုလီကော်ပိုရေးရှင်းနဲ့ ချင်းဒါးကော်ပိုရေးရှင်းတို့က မိတ်ဖွဲ့လိုက်ပြီးတော့ မြို့တော်ဟောင်း ပြန်လည်တည်ဆောက်ရေးပရောဂျက်ကို ပူးတွဲတည်ဆောက်ဖို့အတွက် ဘီလီယံ ၂၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာထားတယ် "

" ဘာလဲ။ ဒီလိုကိစ္စတွေ တကယ်ဘဲရှိတာလား။ ဒါဆို လင်းယွမ်အိမ်ခြံမြေရူးသွားမှာ မဟုတ်ဘူးလား "

" ဟုတ်တယ်၊ သူတို့ရဲ့ ပရောဂျက်က အရမ်းနာမည်ကြီးရတဲ့ အကြောင်းရင်းက သူတို့က ကျုံးဟိုင်၏ရဲ့ စံပြမြို့ပရောဂျက်ကိုရထားလို့ အထက်လူကြီးတွေက ပံ့ပိုးနေတာကြောင့်လေ။ ဖုလီကော်ပိုရေးရှင်းနဲ့ ချင်းဒါးကော်ပိုရေးရှင်းတို့က ပြည်နယ်စံညွှန်းပရောဂျက်ကို ဆောက်မယ်ဆိုရင် လင်းယွမ်အိမ်ခြံမြေရဲ့ စီမံကိန်းက အဓိပ္ပါယ်မဲ့ပြီး တန်ဖိုးမရှိတော့ဘူးလေ "

" အရင်တုန်းက လင်းယွမ်အိမ်ခြံမြေက အသာစီးရခဲ့ပေမဲ့ အခုတော့ ဖုလီကော်ပိုရေးရှင်းနဲ့ ချင်းဒါးကော်ပိုရေးရှင်းတို့ အတူတူပူးပေါင်းလိုက်တော့ အခြေအနေက ချက်ချင်းပြောင်းပြန်ဖြစ်သွားပြီ။ အခု သူတို့က ငါတို့ကိုလာပြီး ခယရမယ် "

" ဥက္ကဌက ပညာရှိဘဲ "

ကျုံးဟိုင်တွင် အလားတူဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့သည်။

အရင်တုန်းကတော့ လင်းယွမ်အိမ်ခြံမြေနဲ့ မိတ်ဖက်ထားတဲ့ သူတို့အတွက် လက်ထဲမှာ အကောင်းဆုံးအခွင့်အရေးတွေရှိခဲ့ပြီး ရမည့်အမြတ်ငွေကလည်း အလွန်ကြီးမားလေသည်။

ကုမ္ပဏီအများအပြားကလည်း အမြတ်သိပ်မရရင်တောင်မှ လင်းယွမ်အိမ်ခြံမြေနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်ခဲ့ကြသည်။

အခုတော့အခြေအနေက ရုတ်တရက်ပြောင်းလဲတဲ့အခါ ထိုပူးပေါင်းကုမ္ပဏီတွေက အခြေအနေကို အခွင့်ကောင်းယူပြီး ဂုတ်သွေးစုပ်ချင်လာကြသည်။

သူတို့က ချက်ချင်း သူတို့ရဲ့ရောင်းစျေးတွေကို မြှင့်ပြီး လင်းယွမ်အိမ်ခြံမြေကို အခွင့်ကောင်းယူလာကြသည်။

ထိုအချိန်တွင် အားလုံးက လင်းယွင်အိမ်ခြံမြေဆီက အမြတ်ထုတ်ဖို့ကို မျက်စိကျနေကြသည်။

ဒါမှမဟုတ်ရင် သူတို့က ယဲ့ဖန်ကို ကန်ချချင်နေကြသည်။

ယဲ့ဖန်တို့ဘက်က ဒီအခြေအနေကနေ ဘယ်လို ရုန်းထွက်နိုင်မလဲဆိုတာကို အားလုံးက သိချင်နေကြသည်။

ယဲ့ဖန်သာ ဒီအခြေအနေကနေ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့လျှင် သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ခွန်အားတို့က သိသိသာသာ ခုန်တက်သွားပေလိမ့်မည်။

ဒါပေမဲ့ ရေနစ်သူကို ဝါးကူထိုးတဲ့သူတွေကတော့ သေချာပေါက် အပြစ်ဒဏ်ခံရလိမ့်မည်။

ကျော်မဖြတ်နိုင်ရင်တော့ ယဲ့ဖန်အင်ပါယာကြီးက မကြာမီမှာဘဲ အကုန် ပြိုကျပေလိမ့်မည်။

လောဘကြီးတဲ့ သူတွေကလည်း ရှေ့သို့တိုးရဲလာကြလိမ့်မည်။

ထို့နောက် ယဲ့ဖန်ရဲ့ပိုင်ဆိုင်မှုတွေ အကုန်ယူဖို့ ကြိုးစားကြပေမည်။

အပိုင်း ( ၃၈၄ )

ငါ့ကို အခွင့်အရေးမယူနဲ့

လင်းယွမ်အိမ်ခြံမြေ ရုံးခန်းထဲတွင် ယဲ့ဖန်သည် ဖုန်းလက်ခံရရှိသောအခါ အနည်းငယ် အံ့သြသွားသည်။

လုမိန်၏ အသံကို သူ ချက်ချင်း မှတ်မိလိုက်သည်။

သို့ပေမဲ့ ယဲ့ဖန် ကိစ္စတစ်ခုကို အလွန်သိချင်သွားခဲ့သည်။

" မင်း ငါ့နံပါတ်ကို ဘယ်လိုရခဲ့တာလဲ "

" အဲ့ကိစ္စကို အခုရှင်းပြဖို့ အချိန်မရှိဘူး။ ယဲ့ဖန် ကျေးဇူးပြုပြီးတော့ ငါ့ကိုကယ်ပေးပါ။ သူတို့က ဖျက်ပြီး ဝင်လာကြတော့မယ် "

တစ်ချိန်တည်းမှာဘဲ တစ်ခုခုကို ချိုးဖျက်နေတဲ့ အသံကျယ်ကြီးအချို့ကို ယဲ့ဖန်ကြားလိုက်ရသည်။

" ခွေးမ၊ တံခါးကို မြန်မြန်လာဖွင့်။ မဟုတ်ရင် ငါတို့ တံခါးကို ဖျက်ပြီး ဝင်လာရင် ပိုဆိုးမယ် "

" ငါတို့ ဝင်လာတာနဲ့ နင့်မှာ ကောင်းတဲ့အဆုံးသတ်ဆိုတာ ရှိလာမှာမဟုတ်ဘူး "

" တံခါးကို မြန်မြန်ဖွင့် "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" မင်း အခုဘယ်မှာလဲ "

" အခု မြို့အနောက်ဘက်မှာရှိတဲ့ ဟိုတယ်သေးသေးလေးမှာနေနေတာ။ တည်နေရာကို အခုပဲ လိုက်ပို့ပေးမယ် "

" ဘာလို့ ရဲကို မခေါ်တာလဲ။ ဘာလို့ ငါ့ကို ခေါ်တာလဲ "

" အခု ကျွန်မမှာ ရှင်ကလွဲလို့ ဘယ်သူ့ကိုမှ မယုံရဘူး "

" ဒါဆို ငါကရော မင်းကိုကယ်မယ်လို့ ဘာလို့ ထင်တာလဲ "

" ကျွန်မမှာရှိတဲ့ ဖန်းမိသားစုကို အန္တရာယ်ပေးနိုင်တဲ့ အရာတွေကို ရှင်မသိချင်ဘူးလား။ ကယ်ပေးတာနဲ့ ကျွန်မ သိသမျှပြောပြမယ် "

" ဘာလဲဆိုတာ အရင်ပြော "

" ကျွန်မကို အရင်လာကယ်ပါဦး။ ပြီးတာနဲ့ သိသမျှပြောပြမယ်။ ဖန်းဝမ်းညန်ကို သေစေနိုင်တဲ့အရာဆိုတာကတော့ သေချာတယ် "

ယဲ့ဖန်က အစကတော့ သူမကို နည်းနည်းလောက် နောက်ပြောင်ချင်သေးပေမဲ့ ထိုစကားကိုကြားသောအခါ ချက်ချင်း တည်ကြည်လေးနက်သွားတော့သည်။

" ငါ့ကို စောင့်။ ချက်ချင်း လာခဲ့မယ် "

ပြီးတော့ ကုမ္ပဏီ အောက်ထပ်ကို ဆင်းပြီး ကားပေါ်တက်သွားသည်။ ထို့နောက် လီဗာကိုနင်းပြီး အရှိန်တင်ကာ အမြန်မောင်းသည်။

ဝူး

......................

Evergreen လို့ခေါ်တဲ့ တည်းခိုခန်းလေးကို ရောက်တဲ့အခါမှာတော့ ဟိုတယ်ပိုင်ရှင်နဲ့ သူ့ဇနီးတို့က ပထမထပ်ရဲ့ ထောင့်တစ်နေရာမှာ စုပြီး ဒုတိယထပ်ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရသည်။

အပေါ်ထပ်တွင် တံခါးကို ရိုက်ချိုးနေကြပြီး ညစ်ညမ်းတဲ့ စကားသံတွေကို ရံဖန်ရံခါ ကြားနေရသည်။

ဒီဟိုတယ်လေးက အလွန်ဝေးတဲ့အရပ်မှာ ရှိနေပြီး အတွင်းပိုင်းရှိ အပြင်အဆင်များကလည်း အလွန်ဟောင်းနွမ်းနေသည်။

လုမိန်လို အမျိုးသမီးတစ်ယောက်က ဒီလိုနေရာမျိုးမှာ နေနေတာက စိတ်ကူးဖို့တောင် ခက်လေသည်။

ဖန်းဝမ်းညန်၏လူများကတော့ ဒီနေရာကို ရှာတွေ့သွားခဲ့လေသည်။

ဒါက သူ ကျုံးဟိုင်မှာ ဘယ်လောက် အစွမ်းထက်ကြောင်း ပြနေလေသည်။

ယဲ့ဖန်က ဟိုတယ်ထဲကို၀င်ပြီး အပေါ်ထပ်ကို ကြည့်လိုက်သည်။

ဖန်းဝမ်းညန်၏ လက်အောက်ငယ်သား ခြောက်ယောက်၊ ခုနစ်ယောက်လောက်ရှိသည်။

သူတို့အားလုံးက အရပ်ရှည်ပြီး သန်မာကြပုံရသည်။

ပုံစံက အရမ်းကို ကြောက်စရာကောင်းကြသည်။

သူဌေးနဲ့ သူ့မိန်းမ အရမ်းထိတ်လန့်နေတာ အံ့သြစရာမရှိပေ။

ထိုအချိန်တွင် သစ်သားတံခါးက စတင် ပျက်စီးနေပြီိဖြစ်သည်။

ယဲ့ဖန် တွက်ဆလိုက်သည်။

သူ၏ခွန်အားဖြင့် ဒီလူနည်းစုကို ကိုင်တွယ်ဖို့က မခက်ခဲပေ။

သို့ပေမဲ့ ဒီခရီးစဉ်ရဲ့ သူ့ပန်းတိုင်က လုမိန်ကို ကယ်ထုတ်ပြီး ဖန်းဝမ်းညန်ကို သတ်လို့ရမယ့် အချက်အလက်ကို သူမဆီမှ ရယူရန်ဖြစ်သည်။

ထို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားပြီး အခြားသူတွေ သတိမထားရင် အကောင်းဆုံးဖြစ်လိမ့်မည်။

အဲ့တာကိုတွေးပြီး ချက်ချင်း ဟိုတယ်ပိုင်ရှင်အတွဲကို လှမ်းကြည့်လိုက်သည်။

" ကျွန်တော့် သူငယ်ချင်းက အထဲမှာ။ ခင်ဗျားတို့ သွားပြီးတော့ သူတို့တွေကို လှည့်ထုတ်ပေး။ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို သွားကယ်မယ် "

အဲ့စကားကို သူဌေးလင်မယားက ကြားတော့ တသွင်သွင် ခေါင်းခါသည်။

" ဆရာလေး၊ အဲဒီလူတွေက လူကောင်းတွေ မဟုတ်လောက်ဘူး။ ကျွန်တော်တို့ ဝင်မပါရဲဘူး "

ယဲ့ဖန်၏ မျက်နှာအမူအရာက မှောင်သွားရသည်။

" ကျွန်တော့်သူငယ်ချင်းက ခင်ဗျားရဲ့ တည်းခိုခန်းမှာ နေတာ။ သူမ တစ်ခုခုဖြစ်သွားရင် ခင်ဗျားတာဝန်လည်း လွတ်နိုင်မှာမဟုတ်ဘူး "

သူဌေးနဲ့ သူ့ဇနီးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။

ယဲ့ဖန်က စကားဆက်ပြောဖို့ စိတ်ကူးမရှိတော့ဘဲ သူ့အိတ်ကပ်ထဲက ပိုက်ဆံအထပ်ကြီးကို ထုတ်ယူလိုက်သည်။

" ခင်ဗျား သူတို့ကို လှည့်ထုတ်နိုင်သရွေ့ ဒီပိုက်ဆံက ခင်ဗျားအပိုင်ဘဲ "

" စောစောကပြောမှပေါ့ "

သူဌေးက အသံတိုးတိုးလေးဖြင့်ပြောပြီး သူ့အိတ်ကပ်ထဲကို ပိုက်ဆံထည့်လိုက်သည်။

ထို့နောက် သူရဲကောင်းပီသစွာဖြင့် ဒုတိယထပ်သို့ လျှောက်သွားခဲ့သည်။

" တံခါးကို မရိုက်နဲ့၊ မရိုက်နဲ့တော့။ ဟိုအမျိုးသမီးက ပြတင်းပေါက်ကနေ ပြေးထွက်သွားပြီ "

" မဟုတ်တာမပြောနဲ့။ အခုတင်ဘဲ အဲ့ကောင်မက အတွင်းထဲမှာ ရှိနေတာ။ အကူအညီတောင်းသံကိုတောင် ကြားနေရတာကို "

သူတို့ထဲက ခေါင်းဆောင်ဖြစ်ပုံရသူက ချက်ချင်း သူဌေးကို စိုက်ကြည့်လိုက်သည်။

" ငါ မင်းကို လိမ်နေတာမဟုတ်ဘူး။ သူမက အိပ်ယာခင်းစနဲ့ ဒုတိယထပ်ကနေ ကြိုးလိုတွယ်ပြီး ဆင်းသွားတာ။ ငါတို့ လင်မယားနှစ်ယောက်လုံး မျက်စိနဲ့တပ်အပ် မြင်လိုက်တယ် "

လုမိန်က သူဌေးရဲ့စကားကို အထဲမှ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

ထို့နောက် အိပ်ယာခင်းနဲ့ စောင်ကို ကြိုးနဲ့တွဲချည်ပြီး ချက်ချင်း ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်သည်။

လာဖမ်းတဲ့သူတစ်ချို့က ချက်ချင်း အောက်ထပ်သို့ ဆင်းလာတဲ့အခါ ဒုတိယထပ် ပြတင်းပေါက်က ပွင့်နေမှန်း သူတို့ သိလိုက်ရသည်။

ထို့နောက် အိပ်ယာခင်းနဲ့ စောင်တွေက တွဲလျားကျနေသည်။

လုမိန်က တကယ်ဘဲ ကြိုးလိုချည်ပြီး ဆင်းသွားပုံရသည်။

" ဘာလို့ စောစောက မပြောတာလဲ။ သူမ ဘယ်လမ်းကို ပြေးသွားတာလဲ "

ခေါင်းဆောင်ဖြစ်သူက သူဌေးရဲ့အင်္ကျီကော်လဲကို ဆွဲကိုင်ကာ မေးခွန်းထုတ်သည်။

" ဟိုဘက် "

ဟိုတယ်ပိုင်ရှင်က ညွှန်ပြလိုက်သည်။

လိုက်ဖမ်းတဲ့သူတွေက ချက်ချင်း ညွှန်ပြတဲ့ နောက်ကိုလိုက်သွားသည်။

ယဲ့ဖန်က သူဌေးကို လက်မထောင်ပြလိုက်သည်။

သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က အော်စကာဆုရဖို့ပင် ထိုက်တန်လေသည်။

ဟိုတယ်အစုတ်လေးဖွင့်ပြီး အရည်အချင်းတွေကို ဖြုန်းတီးနေတာဘဲ။

ထို့နောက် အပေါ်ထပ်သို့တက်ကာ တံခါးကို ကန်ဖွင့်လိုက်သည်။

" အား "

လုမိန်က အော်ဟစ်ကာ ထောင့်တစ်နေရာကို ပြေးကပ်နေလိုက်သည်။

ဒါပေမယ့် ယဲ့ဖန်မှန်း သိလိုက်တဲ့အခါ သူမက မိသားစုကို မြင်လိုက်ရသလို သူ့ရင်ခွင်ထဲကို ပြေးဝင်ဖက်လိုက်သည်။

ယဲ့ဖန်က သူမကို တွန်းထုတ်လိုက်သည်။

" ငါ့ကို အခွင့်ကောင်းယူဖို့ မစဉ်းစားနဲ့ "

ကျုံးဟိုင်မှာ သူမလိုအလှနဲ့သူကို လိုက်နေတဲ့ယောက်ျားတွေက ဒုနဲ့ဒေးရှိပေမဲ့ ဒီတစ်ယောက်ကတော့ ဘာလို့ သူမကို မထီမဲ့မြင် လုပ်နေရတာလဲ။

ယဲ့ဖန်က တံခါးဆီကို လျှောက်သွားနေပြီဖြစ်သည်။

လုမိန်က နေရာမှာဘဲ ရပ်နေကာ စဉ်းစားခန်းဖွင့်နေသေးသည်ကို မြင်လိုက်ရတော့ ယဲ့ဖန် ချက်ချင်း ဒေါသသံဖြင့် ပြောလိုက်သည်။

" ဘာလို့မထွက်လာသေးတာလဲ။ သူတို့ ပြန်လာဖို့ကိူ စောင့်နေတာလား "

လုမိန်လည်း အမြန်အနောက်ကနေ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက် ဟိုတယ်ကနေ ထွက်လာတုန်းမှာဘဲ လိုက်ဖမ်းတဲ့သူတွေက ပြန်လာတာကို တွေ့လိုက်ရသည်။

" ရပ်ကြစမ်း "

ထိုလူတွေက လုမိန်ကိုမြင်တဲ့အခါ ချက်ချင်းအော်ပြီး လိုက်ဖမ်းကြသည်။

ယဲ့ဖန်က သူ့ခေါင်းကိုပင် လှည့်မကြည့်ဘဲ လုမိန်နှင့် ကားထဲသို့ ချက်ချင်းဝင်လိုက်သည်ပြီး မထီမဲ့မြင်ပြုံးလိုက်သည်။

ဘရွန်း

အင်ဂျင်ဟောက်သံထွက်လာပြီး ကားက ချက်ချင်း အရှိန်ဖြင့်ထွက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ Lykan စူပါကားက အားလုံးကို ဖြတ်ကျော်သွားခဲ့သည်။

ကွေ့ကောက်သွားပြီးနောက် ယဲ့ဖန်က ခြေရာဖျောက်ပျောက်ကွယ်သွားတော့သည်။

" ငါတို့တစ္ဆေမြင်လိုက်တာလား။ သူတို့ ဘယ်မှာလဲ "

ထိုလူအုပ်စုက အပြင်းအထန် အော်ဟစ်ရင်း ကားနဲ့ သူတို့နောက်ကို လိုက်လာခဲ့ပေမဲ့ ခြေရာခံဖို့လမ်းပျောက်နေပြီဖြစ်သည်။

" ခေါင်းဆောင်၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမှာလဲ "

" ဟုတ်တယ်၊ နှစ်ခါဆက်တိုက် လွတ်သွားတာဆိုတော့ ဥက္ကဌဖန်းက ကျွန်တော်တို့ကို ခွင့်လွှတ်မပေးမှာ သေချာတယ် "

" ကျွန်တော်က အခုမှ အိမ်ထောင်ကျခါစဘဲရှိသေးတာ မသေချင်သေးဘူး "

ခေါင်းဆောင်ဖြစ်သူက သူတို့ကို စိုက်ကြည့်လိုက်သည်။

" မင်းတို့ အဲ့တာ ဘယ်သူ့ကားလဲ သိလား "

အားလုံးက မသိကြောင်း ခေါင်းယမ်းပြလိုက်ကြသည်။

ခေါင်းဆောင်က အသက်ပြင်းပြင်းရှူပြီး ပြောသည်။

" ငါထင်တာ မမှားရင် အဲဒါ Lykan စူပါကားဘဲ။ ကျုံးဟိုင်မှာ တစ်စီးပဲ ရှိတယ် "

" အဲ့ကားက ယဲ့ဖန်ရဲ့လက်ထဲမှာပဲ "

" ယဲ့ဖန်က လုမိန်ကို ကယ်သွားတာဆိုရင် ဥက္ကဌဖန်းက ငါတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး "

" ဘာလို့လဲ "

" ဘာလို့လဲဆိုတော့ သူက ယဲ့ဖန်ကို ဒေါသထွက်နေတာကိုး။ သူ ငါတို့ကို ဆူပူကြိမ်းမောင်းနေဖို့ စိတ်ထဲရှိမယ်ထင်နေလား "

" ဟုတ်တယ်၊ ဟုတ်တယ် "

" ............ "

All Chapters