← Chapters

အပိုင်း ၃၈၉-၃၉၂

Vol. 20 Ch. 389-392

အပိုင်း ၃၈၉-၃၉၂

Vol. 20 Ch. 389-392

အပိုင်း ( ၃၈၉ )

နောက်ပြန်လှည့်လို့မရတော့တဲ့အခြေအနေ

ဖန်းဝမ်းညန်က အဲ့တာကို အဆိုးဆုံးလို့ ထင်ထားခဲ့သည်။

သို့ပေမဲ့ မကြာခင်မှာဘဲ နောက်ထပ် ရိုက်ချက်ကြီးတစ်ခု ရောက်လာပြန်သည်။

ကျုံးဟိုင်၏ တရားဝင်စည်ပင်မှလည်း ကြေညာချက် တင်ထားသည်။

{ မကြာသေးမီတွင် ချင်းဒါးကော်ပိုရေးရှင်း၏ ငွေကြေးစာရင်းတွေက အတုအယောင်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခု လက်ခံရရှိခဲ့ပါသည်။ မြို့တော်စည်ပင်အနေဖြင့် ဤကိစ္စကို အထူးအရေးထားပြီးချင်းဒါးကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးအခြေအနေကို အသေးစိတ် စုံစမ်းစစ်ဆေးရန် စီးပွားရေးစစ်ဆေးရေးအဖွဲ့ကို ချက်ချင်း စီမံခဲ့ပါသည် }

{ ချင်းဒါးကော်ပိုရေးရှင်းမှ ငွေကြေးလိမ်လည်မှု၊ ငွေခဝါချမှု စသည့် ကြီးမားသော ငွေကြေးပြဿနာများ ရှိနေကြောင်း ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများကို ကျွန်ုပ်တို့ဘက်မှ ရရှိထားပါသည် }

{ ထို့ကြောင့် စည်ပင်ဌာနမှ ချင်းဒါးကော်ပိုရေးရှင်းအား အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်လိုက်ပါသည်။ ချင်းဒါးကော်ပိုရေးရှင်းသည် မယုံကြည်ထိုက်သော လုပ်ငန်းများစာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်ပြီး ကုမ္ပဏီမှ လုပ်ဆောင်နေသည့် အဓိကပရောဂျက်များအားလုံးကိုလည်း ရပ်ဆိုင်းရမည်ဖြစ်သည် }

ဖန်းဝမ်းညန်သည် သူ့အမြင်အာရုံတွေ ဝေဝါးလာသည်ကို ခံစားလိုက်ရပြီး ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။

" အဖေ၊ ထိန်းထားပါဦး "

သူ့အဖေ လဲတာကိုမြင်တော့ ဖန်းရှောင်ကွန်း ချက်ချင်း စိုးရိမ်ထိတ်လန့်သွားရသည်။

ဒီအချိန်မှာ သူ့အဖေသေရင် သူ့အရည်အချင်းနဲ့ ရှေ့လျှောက်ကြုံရမည့် အကျပ်အတည်းတွေကို မဖြေရှင်းနိုင်ပေ။

" ငါ့ကိုဖုန်းပေး "

ဖန်းဝမ်းညန် သူ့ရင်ဘတ်ထဲမှ ပျို့တက်လာသော သွေးများကို ဖိထိန်းထားပြီး လက်ကို အမြန် ဆန့်ထုတ်လိုက်သည်။

ဖန်းရှောင်ကွန်းက သူ့အဖေ၏ဖုန်းကို အမြန်ယူပေးလိုက်သည်။

ဖန်းဝမ်းညန်က ဖုန်းခေါ်ပြီး ချင်းဒါးကော်ပိုရေးရှင်းဘက်က လာဘ်ထိုးထားတဲ့ အကြီးအကဲခေါင်းဆောင်တွေကို ဖုန်းဆက်သည်။

အခု စည်ပင်သာယာဌာနဘက်က ပြစ်ဒဏ်အမိန့်ကို ရုပ်သိမ်းလိုက်ရင် ချင်းဒါးက အသက်ရှင်ရန် အခွင့်အလမ်း ရှိနိုင်သေးသည်။

ဒါပေမယ့် မကြာခင်မှာပဲ ဖန်းဝမ်းညန်က ခွာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်သွားတော့သည်။

အစ်ကိုကြီးလို့ ခေါ်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေက သူဖုန်းခေါ်တာကို လက်ခံဖို့ ငြင်းဆိုခဲ့ကြသည်။

သူတို့ထဲက တစ်ယောက်က သူခေါ်တာကို ပြန်ဖြေပေမဲ့ သူ့ဘက်က မတောင်းပန်ရသေးခင်မှာဘဲ တစ်ဖက်က ဖြတ်ပြောသည်။

" ဖန်းဝမ်းညန်၊ ငါ မင်းရဲ့ဖုန်းခေါ်တာကို ပြန်ဖြေတာတောင် လွန်လှပြီ။ မင်းငါ့ကို ထပ်မခေါ်တော့ဖို့ ငါမျှော်လင့်တယ်။ မင်းကြောင့် မသေချင်ဘူး "

ထို့နောက် ဖုန်းချလိုက်သည်။

ဒေါက်

ဖုန်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖန်းဝမ်းညန်က မျက်နှာကျက်ကို ကြက်သေသေဖြင့် စိုက်ကြည့်နေသည်။

သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ဒီတစ်ခါတော့ ချင်းဒါးကော်ပိုရေးရှင်းက တကယ်ကို အဆုံးသတ်သွားပြီဖြစ်သည်။

သူ့ဘဝတွင် မရေမတွက်နိုင်တဲ့ မုန်တိုင်းများစွာကို ဖြတ်သန်းခဲ့ရသော်လည်း နောက်ဆုံးမှာ သူ အမြဲတမ်း လွတ်မြောက်ဖူးသည်။

ဒီတစ်ခေါက်ကတော့ အရင်လိုနဲ့မတူဘူးဆိုတာကို သူကောင်းကောင်းသိလိုက်ရသည်။

ဒီတစ်ကြိမ် လဲကျပြီးရင် နောက်တစ်ကြိမ် ပြန်ထဖို့ အခွင့်အရေးမရှိတော့ပေ။

ထိုကြေညာချက်နှစ်ခုကြောင့် အင်တာနက်ပေါ်က စကားလမ်းကြောင်းသည်လည်း ပြောင်းလဲသွားပြန်သည်။

ချင်းဒါးကော်ပိုရေးရှင်းကို သနားပြီး လင်းယွမ်ကုမ္ပဏီကို ဆဲနေခဲ့ကြတဲ့ အင်တာနက်အသုံးပြုသူများက သူတို့ရဲ့ သေနတ်ပြောင်းဝကို လှည့်ကာ ချင်းဒါးဘက်ကို ထပ်မံပစ်ခတ်ခဲ့သည်။

[ မကောင်းဆိုးဝါး ချင်းဒါးကော်ပိုရေးရှင်းက ကြေငြာချက်ထုတ်ပြီး သူတို့ကိုယ်သူတို့ ကြာပန်းဖြူလေးတွေလို ဟန်ဆောင်နေသေးတယ်။ သူတို့က ထပ်လိမ်မယ်လို့ မမျှော်လင့်ထားဘူး ]

[ ဒီကုမ္ပဏီက ကျင့်ဝတ္တရားနည်းနည်းလေးတောင် မရှိဘူး။ သူတို့ရဲ့ဘဏ္ဍာရေးကို အတုအယောင်လုပ်ရင်တောင် ရသေးပေမယ့် သူတို့ကဘဲ တစ်ပြန်ကြီး လူထုကို လှည့်စားဖို့ ကြေငြာချက်ထုတ်သေးတယ်။ ငါတို့ကို အရူးတွေလို့ ထင်နေကြတာလား ]

[ ငါတောင် ယုံမိတော့မလို့။ လင်းယွမ်ဘက်ကိုတောင် ကူဆဲနေခဲ့သေးတာ။ အခု နောက်ဆုံးတော့ သူတို့ရဲ့ ဇာတိမှန်ကို သိလိုက်ရပြီ ]

[ လင်းယွမ်အိမ်ခြံမြေကို တောင်းပန်ချင်ပါတယ်။ ငါ မှားစွပ်စွဲမိတာပါ ]

[ ဥက္ကဌချန်းရွှမ်၊ ငါတို့ ချင်းဒါးကော်ပိုရေးရှင်းဘက်က လိမ်တာတွေကို နားယောင်ပြီး မင်းကို တိုက်ခိုက်ခဲ့တာအတွက် စိတ်မကောင်းပါဘူး ]

[ ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဥက္ကဌနာမည်က ဖန်းဝမ်းညန်လို့ ရှာတွေ့ထားတယ်။ အဲ့တာက ငါတို့ကိုလှည့်စားခဲ့တဲ့ မြေခွေးအိုကြီး ]

[ ဖန်းဝမ်းညန်၊ ခွေးအိုကြီး။ ဘာလို့ မသေသေးတာလဲ။ မင်းရဲ့သားက မင်းမိန်းမနဲ့ ဖောက်ပြန်ခဲ့တာ အံ့သြစရာမရှိဘူး။ မင်းနဲ့ထိုက်တန်တယ် ]

[ ဒီလို ရူးမိုက်တဲ့လူမျိုး ဒီလောကကြီးမှာ ရှိတာကို ယုံတောင် မယုံနိုင်ဘူး။ မင်းတို့က သားရဲတိရစ္ဆာန်င်တွေထက်တောင် ပိုဆိုးသေးတယ် ]

[ အဖေတူသားဘဲဖြစ်မှာ။ တစ်မိသားစုလုံးက တိရစ္ဆာန်ထက်ဆိုးတဲ့ မကောင်းဆိုးဝါးတွေဘဲ ]

[ ......... ]

အင်တာနက်အသုံးပြုသူတွေက ချန်းရွှမ်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကို မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။

ချန်းရွှမ်က မှားယွင်းစွပ်စွဲခံရမှန်း သိလိုက်တဲ့အခါ မရေမတွက်နိုင်တဲ့လူတွေက မုန်းတီးသူများမှ ပရိသတ်များအဖြစ် ချက်ချင်းပြောင်းသွားကြသည်။

[ ဥက္ကဌချန်းက ငယ်ငယ်လေးကတည်းက အလုပ်ကြိုးစားခဲ့တာ။ သူမရဲ့ ကျောင်းအဆင့်တွေကလည်း ထိပ်တန်းလူနည်းစုများထဲမှာ အမြဲတမ်းပါတယ်တဲ့။ အထက်တန်းနောက်ဆုံးမှာ ကျုံးရှန်းပြည်နယ်ကနေ အမှတ်မြင့် ၆၈၂ မှတ်နဲ့ လစ်ဘရယ်အနုပညာကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်ခဲ့တာ ]

[ ငါ အထက်တန်းအကြီးတန်းနှစ်မှာဘဲ သူမက လင်းယွမ်အိမ်ခြံမြေကို တည်ထောင်ခဲ့တာ။ သုံးနှစ်အတွင်းမှာဘဲ ဘီလီယံပေါင်းများစွာတန်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာခဲ့တယ်လေ ]

[ ဒါက အလှရော အရည်အချင်းရော ပြည့်စုံတဲ့ နတ်ဘုရားမတစ်ပါးဘဲ။ ငါ အခုကစပြီး နတ်ဘုရားမ ရွှမ်ရွှမ်ရဲ့ အမာခံ ပရိသတ်ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ ]

[ ငါတို့ ရွှမ်ရွှမ်လေး အကြောင်းကို မကောင်းပြောတာနဲ့ ငါတို့တွေက သေချင်လာအောင်ထိ ဆဲပေးလိုက်မယ် ]

[ ဟုတ်တယ်၊ ငါတို့လည်း အတူတူဘဲ ]

[ .......... ]

အပိုင်း ( ၃၉၀ )

ဖုံးထားလို့မရတဲ့ ဆွဲဆောင်မှု

တစ်ဖက်တွင်တော့ ချန်းရွှမ်က ထိုအကြောင်းကို မသိပေ။

သူမက ကောင်းကောင်းအိပ်ရေးဝလိုက်သည်ဟုသာ ခံစားရသည်။

အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

ကုမ္ပဏီရှိ ဝန်ထမ်းများအားလုံးက တံခါးဝတွင် စုရုံးနေကြသည်ကို သူမ သတိပြုမိပြီး သူမကိုလည်း ဝမ်းသာသည့် အမူအရာတွေဖြင့် ကြည့်နေသည်။

ချန်းရွှမ်က သူမ၏နာရီကို ကြည့်လိုက်တဲ့အခါ ည ၇ နာရီ ထိုးနေပြီဖြစ်သည်။

" အရမ်းနောက်ကျနေပြီလေ။ နင်တို့ အလုပ်ကပြန်မယ့်အစား ဒီမှာဘာလုပ်နေကြတာလဲ "

ကျန်းယုံထင်းက သူမဆီ အမြန်လျှောက်လာပြီး လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

" အစ်မရွှမ်၊ ကျွန်မတို့ နိုင်သွားပြီ "

ထို ရိုးရှင်းသောစကားအနည်းငယ်ကိုသာ သူမ ပြော လိုက်ရပေမဲ့ သူမ၏အသံက တုန်လှုပ်နေသည်။

ချန်းရွှမ်က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" ငါတို့ ဘာအနိုင်ရခဲ့တာလဲ "

ကျန်းယုံထင်းက သူမ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားလိုက်သည်။

" အစ်မ အိပ်နေတုန်း ချင်းဒါးကော်ပိုရေးရှင်းရဲ့ ငွေကြေးလိမ်လည်မှုသတင်းက အွန်လိုင်းမှာ ရုတ်တရက် နာမည်ကြီးသွားတယ် "

ချန်းရွှမ်က အစပိုင်းတွင် အံ့သြသွားသော်လည်း သူမ ချက်ချင်း အသိကပ်သွားခဲ့သည်။

" ချင်းဒါးကော်ပိုရေးရှင်းက သေမှာကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေမှာ မဟုတ်ဘူး "

ကျန်းယုံထင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

" သေချာပေါက်ဘဲ။ သူတို့က ချက်ချင်း တန်ပြန်တိုက်ခိုက်မှုကို စီစဉ်ပြီး လင်းယွမ်အိမ်ခြံမြေကို ပစ်မှတ်ထားလိုက်ကြတယ် "

ချန်းရွှမ်၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာသည်။

" သူတို့က ငါတို့ကို ချောင်ပိတ်ချင်ရင်လည်း လုပ်ပါစေ။ ငါတို့က အန္တရာယ်တွေကြားထဲ ရောက်နေပြီသားဘဲ။ နောက်တစ်ခုလောက် တိုးလာတာကို မမှုပါဘူး "

" ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဟူရန်ရဲ့ အရာရှိတွေက တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တယ် " လို့ ကျန်းယုံထင်းက အမြန်ဆက်ပြောသည်။

" သူတို့က ချင်းဒါးကော်ပိုရေးရှင်းရဲ့ ဘဏ္ဍာရေးလိမ်လည်မှုကို အတည်ပြုပေးပြီးတော့ ချင်းဒါးကိုလည်း သူတို့စာရင်းကနေ အပြီးအပိုင်ဖယ်လိုက်ပြီ "

ချန်းရွှမ်သည် ထိုစကားကိုကြားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

အစကတည်းက ယဲ့ဖန်က ဒါကို စီစဉ်ထားမှန်း သူမ သိသည်။

ချင်းဒါးကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးလိမ်လည်မှုနှင့်ပတ်သက်ပြီး သူက အများထင်မြင်ချက်ကို တမင်တကာ ဖန်တီးပေးတာဖြစ်လောက်မည်ဟု ထင်ခဲ့သည်။

ဒါပေမယ့် သူပြောခဲ့တာက တကယ်အစစ်ဖြစ်လာမယ်လို့ သူမ မမျှော်လင့်ထားပေ။

" ချင်းဒါးကော်ပိုရေးရှင်းက တကယ်ပဲ ငွေကြးလိမ်လည်တာလား "

သူမ မယုံနိုင်သေးပေ။

" ဟူရန်က သက်သေပြထားပြီးသား။ ဖန်းသားအဖ ရဲ့ အသံမှတ်တမ်းလည်း ရှိတယ်။ သက်သေတွေက ငြင်းလို့မရဘူး "

ကျန်းယုံထင်းက ဆက်ရှင်းပြသည်။

ချန်းရွှမ် အံ့အားသင့်သွားသည်။

ကျန်းယုံထင်းက ဆက်ပြောလေသည်။

" စည်ပင်ကလည်း ကြေညာချက်တစ်ခု ထုတ်ပြန်ထားတယ်။ ချင်းဒါးကော်ပိုရေးရှင်းက မရိုးသားတဲ့စီးပွားရေးလုပ်ငန်းတွေစာရင်းမှာ ထည့်ခံရပြီးတော့ သူတို့လုပ်နေတဲ့ အဓိကပရောဂျက်အားလုံးကိုလည်း ရပ်ဆိုင်းပစ်လိုက်တယ် "

ချန်းရွှမ် အံ့ဩပြီးရင်း အံ့ဩနေရသည်။

" ဒါဆိုရင် ချင်းဒါးကော်ပိုရေးရှင်းက အဆုံးသတ်သွားပြီလား "

ကျန်းယုံထင်းက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်သည်။

" ပြီးသွားပြီ။ ချင်းဒါးကော်ပိုရေးရှင်းက အဆုံးသတ်သွားတဲ့အပြင် သူတို့နဲ့ ပူးပေါင်းခဲ့တဲ့ ဖုလီ ကော်ပိုရေးရှင်းရဲ့ စတော့စျေးတွေကလည်း အဆုံးမရှိ ထိုးကျသွားတယ်။ ကျွန်မတို့ အနိုင်ရပြီ "

ဘေးက ဝန်ထမ်းတွေက ချက်ချင်း လက်ခုပ်သြဘာပေးကြသည်။

လူတိုင်း၏ မျက်နှာတွင် မထိန်းနိုင်တဲ့ ပျော်ရွှင်မှုများစွာဖြင့် ပြည့်နှက်နေသည်။

ရက်ပေါင်းများစွာ တောင့်ခံခဲ့တဲ့ ဖိအားတွေက နောက်ဆုံးမှာတော့ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။

တစ်ချို့လူတွေက စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင်ကျလာကြသည်။

ကုမ္ပဏီအကျပ်အတည်းကြုံလာတဲ့အခါ လုပ်ဖော်ကိုင်ဖက်များစွာက သင်္ဘောပေါ်မှ ခုန်ချပြီး ကိုယ်လွတ်ရုန်းခဲ့ကြသည်။

သူတို့ကတော့ ဆက်ထိန်းထားခဲ့သည်။

ဒါကလည်း သတ္တိအများကြီးလိုလေသည်။

ကုမ္ပဏီက ဒီလိုအကျပ်အတည်းကနေ လွတ်မြောက်နိုင်မလားဆိုတာ သူတို့ မသိခဲ့ကြပေ။

သူတို့ရဲ့အနာဂတ်ကို လောင်းကြေးထပ်ခဲ့ကြရသည်။

ကံကောင်းထောက်မစွာနဲ့ သူတို့အနိုင်ရခဲ့ကြသည်။

ချန်းရွှမ်က ကြောင်အစွာဖြင့် မတ်တပ်ရပ်လျက်ကြီး သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။

လုပ်ငန်းစထောင်ပြီးကတည်းက တခြားသူတွေရှေ့မှာ လုံးဝ မငိုခဲ့ပေမယ့် အခုတော့ သူမကိုယ်သူ မ ထိန်းနိုင်တော့ပေ။

သူမ အိပ်ရာမဝင်ခင်အထိ လင်းယွမ်အိမ်ခြံမြေက ကပ်ဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်နေခဲ့ရသည်။

ဒါပေမယ့် သူမ နိုးလာတဲ့အခါမှာတော့ အန္တရာယ်အားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။

ယဲ့ဖန်က သူမကို အရေးကြီးတဲ့အချိန်မှာ ထပ်ပြီး ကယ်တင်လိုက်ပြန်သည်။

အဲ့တာကိုတွေးရင်း သူမ ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ ဖုန်းကို ထုတ်လိုက်ပြီး ယဲ့ဖန်ကို ဖုန်းခေါ်လိုက်သည်။

သို့သော် တစ်ဖက်က အလုပ်ရှုပ်နေကြောင်း ဖုန်းအော်ပရေတာက သူမကို ပြန်ဖြေခဲ့သည်။

ဆက်တိုက်ခေါ်ဆိုနေပေမဲ့ တစ်ဖက်မှ မအားပေ။

ချန်းရွှမ် သူမရင်ထဲက ရင်ဖွင့်ချင်တဲ့ဆန္ဒကို ချုပ်တည်းထားလိုက်ရသည်။

ထို့နောက် သူမ ဝန်ထမ်းတွေကို ပြန်ကြည့်လိုက်သည်။

" ဒီကာလအတွင်းမှာ လူတိုင်းအတွက် ခက်ခဲခဲ့ပါတယ်။ လင်းယွမ်ရဲ့ ရှင်သန်မှုကို ဂုဏ်ပြုဖို့အတွက် ထမင်းစားကြရအောင် "

" ကောင်းပါတယ် "

ဝန်ထမ်းတွေအားလုံးက ဝမ်းသာအားရနဲ့ သဘောတူနေချိန်မှာ ကျန်းယုံထင်းက သူမ ရှေ့သို့ လျှောက်လာပြန်သည်။

" အစ်မရွှမ်၊ ပြောစရာရှိတယ် "

ချန်းရွှမ်က သူမကို ကြည့်နေလိုက်သည်။

" အခြားတစ်ခုခု ရှိသေးလို့လား "

ကျန်းယုံထင်းက သူမကို စိတ်မရှည်တော့ပေ။

" အစ်မရဲ့ Weibo အကောင့်ကို ဖွင့်လိုက် "

ချန်းရွှမ်က နားမလည်ပေမယ့် သူမရဲ့ Weibo အကောင့်ကို ဖွင့်လိုက်သည်။

အများအားဖြင့် သူမက အကောင့်ထဲတွင် သူမ၏ သိမြင်နားလည်မှုအချို့ကို ပြန်လည် မျှဝေလေ့ရှိသည်။

သို့သော်လည်း ဒီအကောင့်ထဲမှာ မြှုပ်နှံထားတာမျိုးမရှိပေ။

အမှန်ခြစ်လေးရှိတဲ့ တရားဝင်အကောင့် မဟုတ်ပေ။

ထို့ကြောင့် အကောင့်မှာ ဖော်လိုဝါတွေ အများကြီး မရှိချေ။

သို့သော် သူမ အကောင့်ထဲသို့ ဝင်လိုက်တဲ့အခါ

သူမရဲ့ ဖော်လိုဝါတွေက ၁သိန်းကျော် ရှိနေပြီဆိုတာ ကို သိလိုက်ရသည်။

သူမက ကျန်းယုံထင်းကို ကြောင်အအ ကြည့်နေသည်။

" အစ်မအတွက် ဖော်လိုဝါအတုတွေ ဝယ်ပေးဖို့ ညီမမှာ ပိုက်ဆံမရှိဘူး။ ဒီလူတွေအားလုံးက အစ်မကို သူတို့ဘာသာ ဖော်လိုဝါလုပ်ထားကြတာ။ တစ်ချို့က အစ်မကို ခေတ်သစ်ရဲ့ အမျိုးသမီးတွေအတွက် စံနမူနာယူစရာအဖြစ်တောင် မြင်နေကြတယ် "

ချန်းရွှမ်သည် သူမ၏ အကောင့်အောက်မှ မှတ်ချက်များကို နှိပ်လိုက်သည်။

သူမ၏ အရင်က ပို့စ်များအောက်တွင် မှတ်ချက်က ဆယ်ခုကျော်လောက်သာ ရှိခဲ့ပေမယ့် အခုတောြ ထောင်ကျော်မက ရှိနေသည်။

ချန်းရွှမ် လုံးဝကို အံ့အားသင့်သွားသည်။

သူမက သူမရဲ့ခွန်အားကို စွမ်းရည်သက်သေပြချင်ပေမယ့်လည်း သူမရဲ့ ရုပ်ရည်ကြောင့် အဟန့်အတားဖြစ်နေသည်။

ဒီ အကျိုးနည်းဆွဲဆောင်မှုကြီးကို ဖုံးကွယ်ထားလို့ မရဘူးလား။

( T/N - Weibo ဝေပေါ် ဆိုတာ တရုတ်ပြည်ရဲ့ Facebook လို social media တစ်ခုပါ။ တရုတ်မှာ Fb ကို ban ထားတာကြောင့် Weibo ဘဲ သုံးကြတာများပါတယ်။ Messenger လိုမျိုးအနေနဲ့ Wechat ကို သုံးကြပါတယ် )

အပိုင်း ( ၃၉၁)

ခွေးမွေးဖို့ ၅ဘီလီယံ သုံးရမှာလား

တစ်ဖက်တွင် ကျုံးထျန်းကန်သာယာစံအိမ်နံပါတ် (၁)တွင် ယဲ့ဖန်၏ ဖုန်းက ပေါက်ကွဲတော့မတတ်ဖြစ်နေသည်။

ချင်းဒါးကော်ပိုရေးရှင်းကြီး လုံးဝ ပျက်ဆီးသွားကတည်းက အနယ်အနယ်အရပ်ရပ်မှ သူ့ကို ချီးကျူးဂုဏ်ပြုရန် ဖုန်းခေါ်ခဲ့ကြသည်။

" ယဲ့ညီလေး၊ မင်းက အစွမ်းထက်လှချည်လား။ ခွေးလိုနောက်လိုက် ချင်းဒါးကော်ပိုရေးရှင်းကို မြန်မြန်ကြီး သတ်လိုက်နိုင်တာဘဲ။ အဘိုးကြီး နျုံစစ်သွမ်းကတော့ ဒေါသထွက်လွန်းလို့ နှာမီးတောက်နေလောက်ပြီ "

ကျောင်းဖုလင်က ဖုန်းထဲမှ စိတ်လှုပ်ရှားနေပုံရသည်။

" ယဲ့ညီလေး၊ ဒီတိုက်ပွဲက အရမ်းလှတယ်။ ကျန်းကျိုး ဒီဇိုင်းကုမ္ပဏီအတွက်လည်း ဒါက ဂုဏ်ယူစရာဘဲလေ။ မိတ်ဖက်တွေ တော်တော်များများက လည်း ပြန်ပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းလာကြပြီ "

သိုက်ချန်း၏ မထိန်းနိုင်တော့ စိတ်လှုပ်ရှားနေသံကို ဖုန်းထဲမှ သေချာကြားနေရသည်။

" ရှောင်ဖန်၊ ကောင်းလိုက်တာ။ ဖုလီကော်ပိုရေးရှင်းရဲ့ စတော့ဈေးက ဒီနေ့ လုံးဝကို ထိုးကျသွားတာ။ စျေးကွက်ပိတ်ချိန်ကျတော့ ကန့်သတ်ချက်အောက်ကိုတောင် ရောက်သွားတယ်လေ ဟားဟားဟား "

ရှုမန်ရဲ့ စိတ်နေစိတ်ထားကလည်း အရမ်းကောင်းနေပြီး အဆုံးမှာ သူမက ရယ်တောင်ရယ်နေလိုက်သေးသည်။

ထို့အပြင် ချန်းချုံရှန်း၊ ကုန်းရှန်းဟုန်၊ ဝမ်ထင်းကွမ်း၊ ကွမ်းကျန်ရှန်းနှင့် အခြားသူများကလည်း သူ့ကို အဆက်မပြတ် ခေါ်ခဲ့ကြသည်။

ယဲ့ဖန် စိတ်မရှည်တော့ပေ။

သို့သော် လူတိုင်းက သူ့ကို ကောင်းတဲ့ရည်ရွယ်ချက်ဖြင့် ခေါ်ကြသောကြောင့် သူတို့ကို ငြင်းလို့မကောင်းချေ။

ဖုန်းဘက်ထရီကုန်သွားတဲ့အခါ ဖုန်းကို ပိတ်ထားလိုက်ပြီး ဘေးကို ပစ်ချလိုက်သည်။ အားတောင် မသွင်းချင်တော့ပေ။

တိတ်တိတ်ဆိတ်ဆိတ်နေဖို့က အခွင့်အရေး ရှားလေသည်။

စာအုပ်ဖတ်နေတာက ပိုကောင်းသည်။

ဘာဘဲဖြစ်ဖြစ် ချင်းဒါးကော်ပိုရေးရှင်းကို ဖြုတ်ချနိုင်ရုံပဲ မဟုတ်ဘူးလား။ ဒီလောက် ပွထနေဖို့ လိုလို့လား။

နောက်ဆို ဖုလီကော်ပိုရေးရှင်းကို ဖြုတ်ချရင် နှလုံးဖောက်ပြီးများ သေကြမလားမသိဘူး။

ယဲ့ဖန် စိတ်ထဲမှ ဆူပူနေသော်လည်း တကယ်က ပျော်ရွှင်နေခဲ့သည်။

ပထမဆုံးတိုက်ပွဲက အောင်ပွဲဘဲ။

ချင်းဒါးကော်ပိုရေးရှင်းကြီးကို တစ်ချက်တည်းနဲ့ ဖြေရှင်းနိုင်ခဲ့သည်။

သူ့ကုမ္ပဏီတွေအတွက်လည်း လက်ခမောင်းခတ်နိုင်သွားသည်။

ကုမ္ပဏီရဲ့ ဘက်တော်သားတွေကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်အောင် ကူညီပေးလိုက်နိုင်သည်။

တစ်ချိန်တည်းမှာဘဲ ရေနစ်တုန်း ဝါးလုံးထိုးချင်တဲ့သူတွေကို သတိပေးပြီးသား ဖြစ်သွားသည်။

သူတို့ ရှင်းရှင်းလင်းလင်း နားလည်သွားပါစေ။

အဲ့တာမှ လက်မခံနိုင်ဘူးဆိုရင်လည်း သတ္တိရှိရှိ လာတိုက်ကြပေါ့။

.............

ယဲ့ဖန်ဘက်က ပျော်ရွှင်စရာအခြမ်းနဲ့မတူဘဲ နျုံစစ်သွမ်း၏စံအိမ်မှာတော့ အရာအားလုံး မှောင်မိုက်နေသည်။

သူနဲ့ မိတ်ဖွဲ့ထားတဲ့ ကျုံးဟိုင်စီးပွားရေးပညာရှင်တွေအားလုံးက တစ်နေရာတည်းမှာ စုဝေးနေကြသည်။

သူတို့အားလုံးရဲ့မျက်နှာတွေက စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေသည်။

" ဘာလဲ၊ အစကတည်းက ဒီလို ဆိုးဆိုးရွားရွားကြီး ရှုံးနေရင် ဘယ်လိုဆက်တိုက်မှာလဲ "

" ချင်းဒါးကော်ပိုရေးရှင်းက အဲ့လောက်အားနည်းနေမယ်လို့ ဘယ်သူကထင်ထားမှာလဲ။ တစ်ပွဲတည်းနဲ့ လဲကျသွားတယ် "

" ငါတို့ကုမ္ပဏီလည်း အတော်လေး အထိနာသွားတယ်။ ငါက ယဲ့ဖန်နဲ့ ဆန့်ကျင်ဘက်မှာ နေနေတယ်ဆိုတာကို သိပြီးတော့ တော်တော်များများက နှုတ်ထွက်စာတွေ တင်ကုန်ကြပြီ "

" ငါ့ကုမ္ပဏီရောဘဲ။ အစကတော့ နျုံစစ်သွမ်းဘက်မှာနေတာ ကောင်းတယ်ဆိုပြီး အခုကျတော့ တစ်မျိုးပြောင်းကုန်ပြီ။ ဒီလိုဆုံးဖြတ်ချက်ချလို့တောင် ဆဲဆိုနေကြသေးတယ် "

" အား မိသားစုတိုင်းမှာ အခက်အခဲဆိုတာရှိတာဘဲ။ ဘယ်သူကပိုနာတယ်ဆိုတာ မရှိဘူး "

လူတိုင်းက သူတို့ကြားမှာဘဲ တီးတိုးပြောဆိုနေကြပြီး သူတို့ရဲ့ မကျေနပ်ချက်တွေက မြင့်မားနေသည်။

နျုံစစ်သွမ်းကလည်း ဧည့်ခန်းထဲမှာ ထိုင်နေသည်။

သူ့မျက်နှာက သုန်မှုန်နေသည်။

သူနဲ့ ယဲ့ဖန် ပထမဆုံး ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်လို့ မထင်ထားပေ။

ချင်းဒါးကော်ပိုရေးရှင်းတင် လုံးလုံးလျားလျား ပြိုလဲသွားခဲ့တာ မဟုတ်ဘဲ သူ့ရဲ့ ဖုလီကော်ပိုရေးရှင်းကိုတောင် ထိခိုက်လာခဲ့သည်။

ရှယ်ယာဈေးတွေလည်း ထိုးကျသွားသည်။

တစ်ရက်ခွဲအတွင်းမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မနက်ဖြန် စတော့စျေးဖွင့်ချိန်မှာလည်း ဆက်ပြီး ကျဆင်းနိုင်တယ်။

အကယ်လို့သာ သူ့ရာထူးက မမြင့်နေရင် ဖုလီကော်ပိုရေးရှင်းရဲ့ အခြားအစုရှယ်ယာရှင်တွေက ချက်ချင်း ပုန်ကန်ကြလိမ့်မည်ဖြစ်သည်။

နျုံစစ်သွမ်း စိတ်ဆိုးနေချိန်မှာဘဲ ကျန်းပင်းကွန်းက သတင်းပို့ဖို့ ရောက်လာသည်။

" သူဌေး၊ ဖန်းဝမ်းညန် ဒီကို ရောက်နေပါတယ် "

မကြာခင်မှာဘဲ ဖန်းဝမ်းညန်က သူ့သားဖြစ်သူ ဖန်းရှောင်ကွန်းနှင့်အတူ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် လူတိုင်းက အံ့သြသွားကြသည်။

တစ်ရက်ဘဲကြာလိုက်ပေမဲ့ ဖန်းဝမ်းညန်၏ ခေါင်းပေါ်တွင် ဆံပင်ဖြူများစွာပေါက်လာပြီး သူ့မျက်နှာကလည်း ကျက်သရေမရှိဖြစ်နေသည်။

သူ့ပုံစံက သေလုမျောပါး ဖြစ်နေပုံရသည်။

" နျုံလူကြီးမင်း၊ ကျေးဇူးပြုပြီး ချင်းဒါးကော်ပိုရေးရှင်းကို ကယ်တင်ပေးပါ "

ဖန်းဝမ်းညန်က ဝင်လာသည်နှင့်တပြိုင်နက် နျုံစစ်သွမ်းကို အကူအညီတောင်းသည်။

နျုံစစ်သွမ်းက သူ့လက်ထဲရှိ စိတ်ပုတီးစေ့များကို ပွတ်သပ်နေသည်။

" မင်းကို ဘယ်လိုကယ်စေချင်လဲ "

" လူကြီးမင်းမှာ အစိုးရနဲ့ ချိတ်ဆက်မှုတွေ အများကြီးရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့ ချင်းဒါးအပေါ်ကျသင့်နေတဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းပေးဖို့ သူတို့ကို တောင်းဆိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

" ပြီးတော့ ငွေကို အလျဉ်းသင့်သလို ချေးပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ် "

" ဘယ်လောက်ချေးချင်လဲ "

" ၅ .... ၅ ဘီလီယံ "

နျုံစစ်သွမ်းက ရယ်လိုက်သည်။

" ဒါဆို ငါကရော ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ "

" ချင်းဒါးကို ဒီအကျပ်အတည်းထဲကနေ ဖြတ်ကျော်ဖို့ ကူညီပေးတာနဲ့ ဖန်းဝမ်းညန်က အခုမှစပြီး နျုံလူကြီးမင်းရဲ့ခွေးဖြစ်ပေးပါ့မယ်။ ကိုက်ဆိုလည်း ကိုက်ပေးပါ့မယ် "

အားလုံးက သူ့စကားကိုကြားတော့ တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

ဖန်းဝမ်းညန်က ကျုံးဟိုင်စီးပွားရေးလောကရဲ့ အဆင့်အတန်းမြင့်အကောင်ကြီးဖြစ်သည်။

သူက စီးပွားရေးလောကမှာ ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့လေသည်။

သူက ဘယ်လောက်တောင် အင်အားကြီးခဲ့လဲ။

သိက္ခာရော ဘယ်မှာလဲ။

သူက တကယ်ဘဲ အဲ့လိုနိမ့်ကျတဲ့စကားလုံးကို ပြောထွက်လာတာလား။

သူက အဲ့လိုပြောရလောက်အောင်ထိ စုတ်ပြတ်နေပြီလား။

နျုံစစ်သွမ်းက ထိုစကားကိုကြားတဲ့အခါ ပိုပြီး မျက်နှာထားတင်းသွားလေသည်။

" ခွေးမွေးဖို့ ၅ဘီလီယံသုံးရမှာလား။ ခွေးအိုကြီးက အချိန်အဲ့လောက်ကျန်ပါတော့မလား။ မင်းအတွက်ရော တန်တယ်ထင်လား။ ဖန်းဝမ်းညန် မင်း သွားတွေက ကိုက်ရော ကိုက်နိုင်သေးရဲ့လား "

ဖန်းဝမ်းညန် လက်သီးကို တင်းတင်းစုပ်လိုက်သည်။

သူက သူဌေးကြီးဖြစ်လေသည်။

ဒီလိုမျိုး ဘယ်တုန်းက အရှက်ရဖူးလို့လဲ။

ဒါပေမဲ့ ပြန်ပြီး ရှင်သန်နိုင်ဖို့ ဒါတွေကို ဂရုမစိုက်ဘဲ နေရမည်။

ဖန်းဝမ်းညန် ချက်ချင်း ဒူးထောက်ချလိုက်သည်။

" နျုံလူကြီးမင်း ကျွန်တော့်ကို လှောင်ချင်လှောင် ကျိန်ဆဲချင်ကျိန်ဆဲပါ။ ချင်းဒါးကော်ပိုရေးရှင်းကို ကယ်ပေးနိုင်သရွေ့ အမြဲတမ်းအသင့်ရှိနေပေးပါ့မယ် "

ဖန်းရှောင်ကွန်းကလည်း ဒူးထောက်သည်။

လူတိုင်းက သက်ပြင်းချကြသည်။

ဖန်းဝမ်းညန်က အရင်ကလို အာဏာအင်အားမရှိတော့ပေ။

နျုံစစ်သွမ်းရှေ့မှာ ဒူးထောက်တာက အသတ်ခံရတာထက် ပိုဆိုးတယ်မဟုတ်ဘူးလား။

နျုံစစ်သွမ်းကတော့ ဘယ်လိုမှမနေဘဲ ဖန်းဝမ်းညန်ကို အေးစက်စွာကြည့်လိုက်သည်။

" ငါ မင်းကို လက်ခံတွေ့ပေးတာတင် လွန်လှပြီ။ မင်းရဲ့ ရူးမိုက်တဲ့လုပ်ရပ်ကြောင့် မင်းကိုယ်တိုင်တင်မကဘဲ ငါတို့ ဖုလီကော်ပိုရေးရှင်းပါ ထိခိုက်ကုန်တာ သိတယ်မလား "

" ဖုလီကော်ပိုရေးရှင်းဆုံးရှုံးတာ ဘယ်လောက်ဘဲသိလား။ အနည်းဆုံး ၁၀ ဘီလီယံရှိတယ် "

နျုံစစ်သွမ်းဆီက အဲ့လိုစကားမျိုး ထွက်လာကတည်းက သူ ဘယ်လောက်ဒေါသထွက်နေလဲဆိုတာ သိသာသည်။

ထို့အပြင် ဖန်းဝမ်းညန်နဲ့ သူ့သားက သစ္စာဖောက်ခဲ့လေသည်။

" နတ်ဘုရားလိုပြိုင်ဘက်ကို မကြောက်ရဘဲ ဝက်လိုအသင်းဖော်ကို ကြောက်ရတယ်ဆိုတဲ့စကားကို နားလည်သွားပြီ။ ငါ နျုံစစ်သွမ်းက မင်းလို အမှိုက်နဲ့ လက်တွဲမိတာ ငါ့အမှားဘဲ "

နျုံစစ်သွမ်းက အံကြိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒီ သားအဖကို နှင်ထုတ်လိုက်။ ထပ်မတွေ့ချင်ဘူး "

သူ့အမိန့်ရတာနဲ့ လုံခြုံရေးအစောင့်တစ်ချို့က ချက်ချင်းပြေးထွက်လာပြီး ဖန်းသားအဖကို ခွေးသေတွေလို ဆွဲထုတ်သွားသည်။

" နျုံလူကြီးမင်း၊ ကျွန်တော်တို့ကို အခွင့်အရေးပေးပါ။ တောင်းပန်ပါတယ် ......... "

ဖန်းဝမ်းညန်၏အသံက ဝေးသထက်ဝေးသွားသည်။

နေရာကလူတိုင်းက နှလုံးပြုတ်ကျမတတ် ကြောက်ကုန်ကြသည်။

ဒီနျုံစစ်သွမ်းက သံမဏိနှလုံးသားနဲ့လူဘဲ။

အရမ်းကြောက်စရာကောင်းတယ်။

အပိုင်း ( ၃၉၂ )

ဧကရာဇ်ဒေါသူပုန်ထတဲ့အခါ သွေးချောင်းစီးတတ်တယ်

ချင်းဒါးကော်ပိုရေးရှင်း၏ ရုတ်တရက် ကျရှုံးမှုက သူတို့ထင်ထားတာထက် ကျုံးဟိုင်၏ အထက်တန်းစားအလွှာအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။

ထိုကိစ္စကို ပွဲတိုင်းနီးပါးမှာ အားလုံးက ဆွေးနွေးနေကြသည်ကို ကြားနိုင်သည်။

ကျုံးဟိုင်၏ အဆင့်မြင့်ကော့တေးပါတီတစ်ခုတွင်။

" ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးက အမြန်ကြီး ပြိုကျသွားမယ်လို့ ငါ မမျှော်လင့်ထားဘူး "

" ယဲ့ဖန်ရဲ့ နည်းလမ်းတွေကို ငါတို့ တကယ် လျှော့တွက်ခဲ့မိတာဘဲ။ မျက်တောင်တစ်ချက်မခတ်ဘဲ သူက ချင်းဒါးကော်ပိုရေးရှင်းကို ဖြုတ်ချနိုင်ခဲ့တယ်လေ "

" သူက ဉာဏ်ကောင်းတာ မဟုတ်ဘူး။ ဟိုသားအဖက မိုက်မဲလွန်းတာ။ သူတို့က အဲ့လောက်အရေးကြီးတဲ့ စာရွက်စာတမ်းကို ပေါက်ကြားအောင် ဘယ်လိုများထားလဲ "

" ဟုတ်တယ်၊ ငါသာဆိုရင် ချက်ချင်း ဖျက်ဆီးပစ်မှာ။ ဖန်းဝမ်းညန်နဲ့ သူ့သားက တကယ့်ကို ရူးတာပဲ "

" နျုံစစ်သွမ်းကတော့ သေအောင် ဒေါသထွက်နေမှာဘဲ။ ယဲ့ဖန်နဲ့ ပထမဆုံးတိုက်ပွဲမှာ သူ့ဘက်က ဆိုးဆိုးရွားရွား ရှုံးသွားတာလေ "

" အရှက်ကွဲပြီး ဒေါသထွက်နေတော့ နျုံစစ်သွမ်းရဲ့ တန်ပြန်တိုက်စစ်တွေက ပိုပြီး ပြင်းထန်လာမှာ သေချာတယ် "

" ဟုတ်တယ် စောင့်ကြည့်ရအောင် "

.......................................

အဆင့်မြင့် သီးသန့် ညစာစားပွဲတစ်ခုတွင် ။

" ဒီတစ်ကြိမ်ရလဒ်က ငါတို့ မျှော်လင့်ထားတာနဲ့ တခြားစီဘဲ "

" ဟုတ်တယ်၊ ယဲ့ဖန်က နျုံစစ်သွမ်းကို တန်ပြန်တိုက်ခိုက်ပြီး ချင်းဒါးကော်ပိုရေးရှင်းကြီးကိုပါ တစ်ရှိန်ထိုးဖြိုချနိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ "

" ငါက သူ့ကျဆုံးချိန်ကိုစောင့်ပြီး ဒုန်းအန်းငွေကြေးအာမခံကို သိမ်းပိုက်ဖို့ စောင့်နေတာ။ အခုတော့ ငါ့အစီအစဉ်က လုံးဝပျက်သွားပြီ "

" ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ ဖန်းဝမ်းညန်ရှိသေးတာဘဲ "

" မင်းက ဖန်းဝမ်းညန်ကို တိုက်ခိုက်ဖို့ ပြောနေတာလား။ အဲ့ ..... အဲ့တာက မသင့်တော်ဘူးလေ။ သူ့နောက်မှာ နျုံစစ်သွမ်းရှိနေတာ မသိဘူးလား "

" ဟိုနေ့ညက ဖန်းဝမ်းညန်က နျုံစစ်သွမ်းကို လာတောင်းပန်တယ်ဆိုတဲ့သတင်း ရထားတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ နျုံစစ်သွမ်းက သူ့ကို ခွေးသေတစ်ကောင်လို မောင်းထုတ်လိုက်တယ်တဲ့ "

" တကယ်လား။ အဲ့လိုဆိုရင် ကောင်းတယ်။ စိတ်ပူစရာမလိုဘဲ လုပ်လို့ရပြီ "

ချင်းဒါးကော်ပိုရေးရှင်းကို ခွဲဝေယူရန် ကြံစည်နေသူတွေ အများကြီးရှိလေသည်။

ပြီးတော့ ယဲ့ဖန်ကို ခြေကန်ခဲ့လို့ ပြဿနာတက်နေတဲ့သူတွေလည်း အများကြီးရှိသည်။

" ဥက္ကဌ၊ အခု ဘာလုပ်ကြမလဲ "

" ဟုတ်တယ်၊ ကျွန်တော် လင်းယွမ်အိမ်ခြံမြေကို အခုပဲ ဆက်သွယ်လိုက်တော့ သူတို့က ကျွန်တော်တို့ကို ဖြေပေးခဲ့တယ်။ သူတို့ ပြဿနာတက်နေတုန်း ကျွန်တော်တို့က သူတို့အပေါ်ကို အမြတ်ထုတ်ခဲ့တဲ့အတွက် တခြားသံမဏိကုမ္ပဏီကို ပြောင်းဖို့ စီစဉ်နေပါတယ်တဲ့ "

" ဥက္ကဌ မြန်မြန်စဉ်းစားပါဦး။ သူတို့က တခြားကုမ္ပဏီနဲ့ လက်မှတ်ထိုးလိုက်ရင် ကျွန်တော်တို့မှာ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး "

ဥက္ကဌလည်း အကြံပျောက်နေသည်။

" ငါ .... အခု ငါ့မှာ အကြံကောင်းတွေ မရှိသေးဘူး။ ငါလည်း ဥက္ကဌချန်းကို တွေ့ဖို့ အကြိမ်ကြိမ် ခေါ်ခဲ့ပေမယ့် သူတို့က ငြင်းလိုက်တယ် "

အားလုံးက ထိုစကားကိုကြားလိုက်ရတဲ့အခါ ချက်ချင်းပေါက်ကွဲသွားကြသည်။

" ဥက္ကဌ၊ ခင်ဗျားက လင်းယွမ်အိမ်ခြံမြေ ပြုတ်ကျချိန်တုန်းက ကန်ချချင်ခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ။ တာဝန်ယူရမယ် "

" ဟုတ်တယ်။ အခု ချင်းဒါးကော်ပိုရေးရှင်းဘက်က ပရောဂျက်ကလည်း ပျက်သွားတော့ လင်းယွမ်အိမ်ခြံမြေရဲ့ ပရောဂျက်ကိုပါ ဆုံးရှုံးသွားရင် ကုမ္ပဏီရဲ့ ဆုံးရှုံးမှုပမာဏက အရမ်းကြီးသွားလိမ့်မယ် "

" အဲ့ဒီတုန်းက ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ သဘောမတူခဲ့ဘူး။ ဥက္ကဌကဘဲ လင်းယွမ်အိမ်ခြံမြေကို ပြဿနာရှာဖို့ အားတက်နေခဲ့တာ "

" ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ဘုတ်အဖွဲ့အစည်းအဝေး ခေါ်ပြီး ဥက္ကဌအဖြစ်ကနေ ထုတ်ပယ်မယ် "

ဥက္ကဌက အတော်လေး မျက်နှာပျက်နေသည်။

" ငါ လောဘကြီးလွန်းပြီး လင်းယွမ်အိမ်ခြံမြေကို အမြတ်ထုတ်ပြီး ကုမ္ပဏီအတွက် မငြိမ်မသက်ဖြစ်စေတဲ့ အခြေအနေကို ရောက်သွားစေခဲ့တာကို ဝန်ခံပါတယ်။ ငါ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းကို သေချာစဉ်းစားမယ် "

" မဖြေရှင်းနိုင်ရင် ဘာလုပ်မှာလဲ "

" မဖြေရှင်းပေးနိုင်ရင် ရာထူးက နုတ်ထွက်မယ် "

............

ကျုံးဟိုင်ရှိ အဖျော်ယမကာကုမ္ပဏီတစ်ခုတွင်။

" ဟုတ်တယ်၊ ချင်းဒါးကော်ပိုရေးရှင်းက အခု သု့ဟာသူတောင် မကာကွယ်နိုင်တော့ဘူး။ ပြီးတော့ ငါတို့ကလည်း ယဲ့ဖန်ကို ပြဿနာရှာခဲ့မိပြီးနေပြီ။ အဲ့တော့ ငါတို့ရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေ လွယ်ကူမှာတော့ မဟုတ်တော့ဘူး "

" ယဲ့ဖန်က အကုန်အောင်နိုင်သွားတာနဲ့ ငါတို့ကို ဘောင်ချာစုတ်လိမ့်မယ် "

" ယဲ့ဖန်က ဖန်းဝမ်းညန်ကိုတောင် မျက်တောင်တစ်ခတ်မကြာလိုက်ဘဲ ဖြုတ်ချနိုင်ခဲ့တာလေ။ ငါတို့လို ကုမ္ပဏီအသေးလေးကို ရှင်းဖို့ဆိုတာ သူ့အတွက် ကိတ်မုန့်စားရတာထက်တောင် လွယ်ဦးမှာ မဟုတ်လား "

" မင်းရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီက အန္တရာယ်ကျရောက်နေပြီ။ မင်း ငါတို့ကို ဖြေရှင်းပေးရမယ် "

ဥက္ကဌလန်လည်း မျက်မှောင်ကြုတ်သွားသည်။

" ငါလည်း မမျှော်လင့်ထားဘူး။ ချင်းဒါးကော်ပိုရေးရှင်းက ကျုံးဟိုင်မှာရှိတဲ့ ဝါရင့်စီးပွားရေးလုပ်ငန်းကြီးတစ်ခုလေ။ ဒီလောက်မြန်မြန် အဆုံးသတ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ "

လူတိုင်းက လက်မခံချင်ကြပေ။

" အပိုတွေ အများကြီး ပြောမနေပါနဲ့။ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာ ပြောပြပေးပါဦး "

" ဟုတ်တယ်၊ အများကြီးလျှောက်ပြောနေတာက အဓိပ္ပာယ်မရှိဘူး။ ယဲ့ဖန်အမြင်ကြည်အောင် ဘယ်လိုပြန်လုပ်နိုင်မလဲဆိုတာဘဲ ပြောပြပေး "

" ဒါက မင်းရဲ့ခေါင်းမာမှုကြောင့် ဖြစ်တဲ့ရလဒ်ပဲ။ ငါတို့ကိုပါ ဆွဲမချနဲ့ "

ဥက္ကဌလန်က သက်ပြင်းချလိုက်သည်။

" ငါသွားပြီးတော့ သိုက်ချန်းကို ထပ်ပြီးတောင်းပန်လိုက်မယ်။ သူတို့နဲ့ ပြန်ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်တာဘဲ။ အခွင့်အရေးရှိသေးတာ .... ဖြစ်နိုင်တာဘဲ "

" ယဲ့ဖန်က ငါတို့ကို ခွင့်မလွှတ်သေးရင်ရော ဘယ်လိုလုပ်မလဲ "

" ဒါဆိုလည်း သူ့ဒေါသပြေအောင် သူဌေးရာထူးကနေ ငါကဘဲ အရင် နှုတ်ထွက်ပေးပါ့မယ် "

.........................

ယဲ့ဖန်ကို ခြေကန်ခဲ့တဲ့ ကုမ္မဏီတွေမှာ အလားတူ အဖြစ်အပျက်တွေ များစွာ ဖြစ်သွားခဲ့သည်။

သူတို့အားလုံးက ဖန်းဝမ်းညန် အနိုင်မယ်လို့ ထင်ခဲ့ကြသည်။

အခု လက်တွေ့မှာတော့ ယဲ့ဖန်က ကစားပွဲကိုလှည့်ပြီး ချင်းဒါးကော်ပိုရေးရှင်းကြီးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

သူတို့ကို စောင့်ကြိုနေတဲ့အရာက ယဲ့ဖန်၏လက်စားချေမှုဖြစ်သည်။

ဧကရာဇ် ဒေါသထွက်တဲ့အခါ လူသန်းပေါင်းများစွာ သေရတတ်သည်။

သူတို့လည်း လူသေအလောင်းများ မဖြစ်ချင်ကြလျှင် အမှားကို တတ်နိုင်သမျှ မြန်မြန်ဖာထေးပြုပြင်သင့်သည်။

All Chapters