အပိုင်း ၄၀၉-၄၁၂
Vol. 21 Ch. 409-412
အပိုင်း ( ၄၀၉ )
ဘယ်သူက ဒီအကြံပြုချက်ကို သဘောတူလဲ
မိုကုန်း သေသွားသည့်သတင်းက ကျုံးဟိုင်မှာ ပြန့်သွားသောအခါ ချက်ချင်း ကြီးမားတဲ့ရုန်းရင်းဆန်ခတ်မှု ဖြစ်သွားခဲ့သည်။
ကျုံးဟိုင်၏ စီးပွားရေးလောကတစ်ခုလုံးက ထိုအကြောင်းကို ပြောနေကြသည်။
" မိုကုန်းက ထောင်ထဲကနေ ရုတ်တရက် ထွက်ပြေးလာတာလို့ ဘာကြောင့်လို့ ထင်လဲ "
" ဘာလို့လဲဆိုတာ မသိပေမယ့် အချိန်က အရမ်းထူးဆန်းတယ် "
" ဘာကိုဆိုလိုတာလဲ "
" မိုကုန်း ရုတ်တရက် ထွက်ပြေးတဲ့အချိန်က ကျန်းပင်းကွန်း ထိန်းသိမ်းရေးစခန်းထဲကို ဝင်သွားပြီလေ။ ဒါက တိုက်ဆိုင်မှုတစ်ခုဘဲလား "
" မင်းဆိုလိုတာက .... ကျန်းပင်းကွန်းက သူ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့တာလား "
" မဟုတ်ဘူး၊ ကျန်းပင်းကွန်း ဒါမှမဟုတ် နျုံစစ်သွမ်းက သူ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့မယ်ဆိုရင် သူသေမှာ မဟုတ်ဘူးလေ "
"ဒါဆို မင်းက ဘာကိုဆိုလိုတာလဲ "
" ငါဆိုလိုချင်တာ မိုကုန်းက သူ့အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ထိတ်လန့်တကြားနဲ့ ထွက်ပြေးသွားတာဖြစ်နိုင်တယ် "
" မင်းဆိုလိုတာက ကျန်းပင်းကွန်းက သူ့ကိုသတ်ချင်နေတာလား "
" မဟုတ်ဘူး၊ အဲ့တာ နျုံစစ်သွမ်း "
" ဘာလို့ အဲ့လိုပြောတာလဲ "
" မိုချောင်းရှန်းရဲ့ အမြော်အမြင်နဲ့သာဆို သူက မသေခင် သူ့သားအတွက် အသက်ကယ်နိုင်မဲ့ပစ္စည်းတွေ ချန်ထားခဲ့မှာ သေချာတယ်။ အဲ့တာတွေက နျုံစစ်သွမ်းအတွက် အတော်လေးအကျိုးယုတ်လို့နေမှာပေါ့ "
" ဒါဆို မိုကုန်း သေတာက နျုံစစ်သွမ်းနဲ့ ဆိုင်နေတာပေါ့ "
" မေးစရာ လိုသေးလို့လား။ သိသာပါတယ် "
" အဲ့တာဆိုရင်တော့ နျုံစစ်သွမ်းက အရမ်းကြောက်စရာကောင်းတာပဲ "
" နျုံစစ်သွမ်းက ဘယ်လိုစခဲ့တာမလို့လဲ။ သူက ဘာမဆိုလုပ်မယ်ဆိုတာ လူတိုင်းသိတယ်။ နှစ်တွေကြာလာတာနဲ့ သူ့နာမည်ဆိုးကို ဖြည်းဖြည်းချင်း ရှင်းထုတ်ပစ်လိုက်တာလေ။ အဲ့တာကြောင့် လူတိုင်းက သူ့ရဲ့ဟိုတုန်းကလုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို မေ့သွားခဲ့တာပဲ "
" အောက်ခြေမျဉ်းမရှိတဲ့ ရန်သူကို ကြုံနေရတဲ့ ယဲ့ဖန်က ဒီတစ်ခါတော့ သံပြားကို ကန်မိတာပဲ "
" ယဲ့ဖန် ဒီကောင်က ကောင်းကင်နဲ့မြေကြီးရဲ့ ကွာခြားမှုကို မသိဘူး။ သူက နည်းနည်းလေး ထက်မြက်တာနဲ့ သူလုပ်ချင်သမျှကို လုပ်နိုင်တယ်လို့ ထင်နေတာ။ နျုံစစ်သွမ်းရဲ့ မျက်လုံးထဲမှာတော့ အဲ့ဒီအရာတွေအားလုံးက လှည့်ကွက်အသေးစားလေးတွေဘဲဆိုတာ သူ သိရဲ့လား "
" ငါ အစကတော့ ယဲ့ဖန်ကို အထင်ကြီးပေးနေပေမယ့် မင်းစကားကို ကြားပြီးတော့ ဒီကလေးက ရက်ကြာကြာ နေနိုင်ပါ့မလားတောင် စိုးရိမ်မိတယ် "
" နျုံစစ်သွမ်းက ဆောင်းဦးလေမဟာမိတ်တပ်ဖွဲ့ကို ထူထောင်နေတယ်လို့ ကြားမိတယ်။ ဒီတစ်ခေါက်တော့ အကြီးစားလှုပ်ရှားမှုဖြစ်လာမှာကိုတောင် ကြောက်ရတယ် "
................................
ကျုံးဟိုင်၏စီးပွားရေးအသိုင်းအဝိုင်းမှ နျုံစစ်သွမ်း၏ ရက်စက်သောနည်းလမ်းများနှင့် ပတ်သက်ပြီး မတူညီသောအမြင်များ ရှိကြသည်။
လူတချို့က ပန်းတိုင်ရောက်ဖို့ မရိုးသားတဲ့ နည်းလမ်းတွေသုံးတာကြောင့် ဆဲဆိုကြသည်။
ရက်စက်ပြီး လူမဆန်အောင် လုပ်တတ်တာကြောင့် ချီးကျူးသူများလည်း ရှိကြသည်။
ထိုအချိန်တွင် နျုံစစ်သွမ်း၏ စခန်းတွင်တော့ လူတိုင်းက ရွှင်မြူးနေကြသည်။
" ဟားဟားဟား၊ နျုံလူကြီးမင်းက ဘာလို့ ဒီလောက် ငြိမ်ခံနေရတာလဲလို့ တွေးနေတာ။ သူက ကောလဟာလတွေ ရက်စက်ကြမ်းကြုတ်တဲ့သူ မဟုတ်ဘူးလားပေါ့။ တကယ်တော့ သူက အကြီးစားရိုက်ချက်ကို လုပ်ခဲ့တာပဲ "
" ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။ ဒီအဖြစ်အပျက်ကနေ နျုံလူကြီးမင်းရဲ့ မိုးကြိုးလိုကြမ်းတဲ့နည်းလမ်းတွေကို မြင်နိုင်တယ် "
" နျုံလူကြီးမင်းကို ရွေးချယ်တာက မှန်လား မှားလား ဆိုတာကို တွေဝေနေခဲ့တာ။ ဒီအဖြစ်အပျက်အပြီးတော့ ငါ့ရဲ့ရွေးချယ်မှုက မှန်ခဲ့တာပဲ "
" ငါရောပဲ။ အရင် နှစ်ပွဲဆက်တိုက်ရှုံးပြီးတော့ ငါ့မှာ နျုံလူကြီးမင်းအတွက် မျှော်လင့်ချက် သိပ်မရှိတော့ဘူး။ ဒီလောက်မကြာခင်မှာပဲ အံ့အားသင့်စရာကောင်းလောက်အောင် ဖြစ်သွားရဖို့ မမျှော်လင့်ထားဘူး "
" ငါတို့ အမြင်က မဆိုးဘူးလို့ ထင်တယ်။ နျုံလူကြီးမင်းက ငါတို့ကို စိတ်မပျက်စေခဲ့ဘူး "
" ဒီတစ်ခါတော့ နျုံလူကြီးမင်းက အလေးအနက်လုပ်နေတာဘဲ။ ဟိုကောင်လေး ယဲ့ဖန်တော့ သေပြီပဲ "
" သူ့ရဲ့ ဒုန်းအန်းငွေကြေးကုမ္ပဏီကို ငါကြည့်နေတာကြာပြီ "
" လင်းယွမ်အိမ်ခြံမြေကလည်း ခေါင်းစဉ်ကြီးတစ်ခုပဲ။ လက်ဝယ်ရနိုင်တဲ့သူက နေ့တိုင်း ၀င်ငွေအများကြီးရလိမ့်မယ် "
" သူက မကြာသေးခင်ကလည်း လုံထန်း E-Commerce ကို ၀ယ်ခဲ့တယ်လို့ ကြားတယ်။ ဒီကုမ္ပဏီကလည်း နောက်ထပ် အရည်အသွေးမြင့်ကုမ္ပဏီတစ်ခုပဲ။ ငါ့ဆီကနေ ယူဖို့ မကြံနဲ့ "
အစပိုင်းတွင် နျုံစစ်သွမ်းက ယဲ့ဖန်၏ကုမ္ပဏီနှင့် ယှဉ်ပြိုင်နေသောကုမ္ပဏီများကို ဆက်သွယ်ရန် လူတွေကို စေလွှတ်ခဲ့သည်။
သူက ဆောင်းဦးလေမဟာမိတ်ကို ဖွဲ့ချင်သည်။
သို့သော် ထိုကုမ္ပဏီများက ချီတုံချတုံ ဖြစ်နေခဲ့သည်။
ဆုံးဖြတ်ချက်မချခင်ထိ အချိန်အတော်ကြာအောင် စောင့်ကြည့်ချင်နေကြသည်။
သို့သော် မိုကုန်း၏ အဖြစ်အပျက်ပြီးတဲ့နောက် ဘေးက ရပ်ကြည့်နေခဲ့သူအများအပြားက နျုံစစ်သွမ်း၏ ကမ်းလှမ်းအကြံပြုချက်ကို သဘောတူခဲ့ကြသည်။
တန်ခိုးကြီးပြီး ရက်စက်တဲ့လူ။
အဲ့လိုလူက မလုပ်နိုင်တဲ့အရာ ရှိပါ့မလား။
ခဏကြာတော့ အားလုံးက နျုံစစ်သွမ်းရဲ့ ဗီလာမှာ စုဝေးကြသည်။
နျုံစစ်သွမ်းက အတူတကွစုရုံးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်များကို ကြည့်ပြီး ရုတ်တရက် သူ့ကိုယ်သူ သူရဲကောင်းဆန်သည်ဟု ခံစားလိုက်ရသည်။
" ဒီနေ့ တောင်စောင်းက ဗီလာကို လာပြီး ငါတို့ရဲ့ ဆောင်းဦးလေမဟာမိတ်မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူတိုင်းမှာ ထူးခြားတဲ့ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာတွေရှိတာကို တွေ့နိုင်ပါတယ် "
သူ့စကားတွေက ချဲ့ကားမှုများစွာရှိနေသည်ကို သူတို့သိသော်လည်း လျစ်လျူရှုခဲ့ကြသည်။
နျုံစစ်သွမ်းက အားလုံးကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
" မင်းတို့ရဲ့ကုမ္ပဏီက ယဲ့ဖန်ရဲ့ ကုမ္ပဏီတွေနဲ့ ထိပ်တိုက်ပြိုင်ဆိုင်နေရတယ်။ ယဲ့ဖန်ရဲ့ ကုမ္ပဏီ ပြိုကျပြီးတာနဲ့ မင်းတို့က အကြီးမားဆုံး အကျိုးခံစားခွင့် ရလာကြလိမ့်မယ် "
ထိုအခါ လူတိုင်းက ကြိုးစားချင်စိတ် ပြင်းပြသွားကြသည်။
" နျုံလူကြီးမင်း၊ တခြားဘာမှပြောစရာ မလိုပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပေးပါဦး "
" ဟုတ်တယ်။ နျုံလူကြီးမင်း ပြောတာကို နားထောင်မယ်။ လုပ်သေချင်တာကို ကျွန်တော်တို့လုပ်ပါ့မယ် "
" ကျွန်တော်တို့အားလုံးက နျုံလူကြီးမင်းရဲ့ ဦးဆောင်မှုနောက်ကိုဘဲ လိုက်မှာပါ ....... "
နျုံစစ်သွမ်းက သူတို့ရဲ့ စိတ်အားထက်သန်မှုကို ကြားလိုက်သောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။
" ဒါဆို နှစ်ခုကို ကြေညာမယ် "
" ပထမဆုံးအနေနဲ့ မနက်ဖြန် မြို့လယ်ခေါင်မှာ ဆောင်းဦးလေတပ်မဟာမိတ်အဖွဲ့ တည်ထောင်ရေး အခမ်းအနားကို ကျင်းပမယ်။ အချိန်ကျရင် တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ အင်တာဗျူးတွေလုပ်ဖို့ မီဒီယာတွေကိုလည်း ဖိတ်ကြားထားမယ်။ အားလုံးက တက်ရောက်ရမယ် "
လူတိုင်းက လက်ခံခေါင်းငြိမ့်ကြသည်။
" ဟုတ်တယ်။ ကျွန်တော်တို့ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ကမ္ဘာကို ကြေညာရမှာ မကြောက်ပါဘူး "
" ယဲ့ဖန်ကို စစ်ကြေညာဖို့ မီဒီယာရဲ့ အစွမ်းကို အသုံးချရမယ် "
" ပိုကြီးကျယ်အောင်လုပ်ပါ။ ယဲ့ဖန်အောက်က အရာတိုင်းကို ကျွန်တော်တို့ပိုင်ကြောင်း လူတိုင်းသိပါစေ "
" အဲ့ဒီကောင်လေး ယဲ့ဖန်က ငါတို့မဟာမိတ်ဖွဲ့တာကိုမြင်ရင် ကြောက်လွန်းလို့ သူ့ဘောင်းဘီထဲ သေးထွက်ကျလိမ့်မယ် "
" ဟားဟားဟား "
နျုံစစ်သွမ်းလည်း သူ့မျက်နှာမှာ အပြုံးမပျက်ပေ။
" ဒုတိယအနေနဲ့၊ လူတိုင်းက ယဲ့ဖန်ရဲ့ ကုမ္ပဏီတွေနဲ့ စျေးနှုန်းအရ တိုက်ပွဲဝင်ဖို့ လုံလောက်တဲ့ ရန်ပုံငွေတွေ ပြင်ဆင်ထားကြပါ။ အတူတူအလုပ်လုပ်ပြီး စျေးနှုန်းတွေကို အနိမ့်ဆုံးအထိ လျှော့ချနိုင်ရင် သူ့ကုမ္ပဏီတွေက ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး "
ဒီစကားကို လူတိုင်းက ကြားတဲ့အခါ တိတ်ဆိတ်သွားကြသည်။
သူတို့က အားပေးရုံဘဲဆိုရင်တော့ ပြဿနာမရှိပေ။
ဒါပေမယ့် ယဲ့ဖန်နဲ့ စျေးနှုန်းစစ်ပွဲကို တိုက်ဖို့ သူတို့ရဲ့ တကယ်ငွေအစစ်ကို ထုတ်သုံးရမယ်ဆိုရင် အဲ့တာက သူတို့အတွက် နည်းနည်းခက်ခဲလိမ့်မည်။
နျုံစစ်သွမ်းက လူတိုင်း၏အမူအရာကိုမြင်ပြီး သူတို့က စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
သို့သော် သူ့မျက်နှာမှာတော့ ထုတ်ဖော်မပြပေ။
" လူတိုင်းရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို ထည့်သွင်းစဉ်းစားပေးတဲ့အနေနဲ့ ငါတို့ရဲ့ ဖုလီကော်ပိုရေးရှင်းကနေ အားလုံးကို ငွေကြေးထောက်ပံ့ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အပေါင်ပစ္စည်းအနေနဲ့ မင်းတို့ရဲ့ ရှယ်ယာတစ်စိတ်တစ်ပိုင်းကို ငါတို့ဆီ ယာယီရောင်းချဖို့ လိုလိမ့်မယ် ....... "
" ဒီအဆိုပြုချက်ကို ဘယ်သူ သဘောကျလဲ "
ထိုအခါမှ တစ်ဖက်သားရဲ့ ရည်ရွယ်ချက်ကို လူတိုင်းက နားလည်သွားကြသည်။
မဟာမိတ်ဖွဲ့ဖို့ အခွင့်အရေးကို အသုံးချပြီး သူတို့ကို သိမ်းပိုက်ချင်တာဖြစ်သည်။
ဒီအစီအစဥ် အောင်မြင်သွားတာနဲ့ တစ်ပြိုင်နက် ကျုံးဟိုင်၏စီးပွားရေးလောကတစ်ဝက်က နျုံစစ်သွမ်း လက်ထဲသို့ရောက်သွားပေလိမ့်မည်။
ဘယ်လောက်ကောင်းလောက်တဲ့ အစီအစဉ်လဲ။
ဆန္ဒရှိသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ သူတို့ ဒီလှေပေါ်တက်ပြီးနေပြီဖြစ်သည်။
အခုမှ နောက်ပြန်ဆုတ်လျှင် နျုံစစ်သွမ်းကို ပါးတက်ရိုက်သလို ဖြစ်သွားလိမ့်မည်။
သူက ယဲ့ဖန်ကို မရှင်းခင် သူတို့ကို အရင်ရှင်းထုတ်ပစ်လိမ့်မည်။
ထို့ကြောင့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းက သဘောတူဖို့သာ ရွေးချယ်ခဲ့လိုက်ရသည်။
အပိုင်း ( ၄၁၀ )
တင်းကျပ်အောင် ချုပ်ထားခံရခြင်း
ထိုနေ့မွန်းလွဲပိုင်း လင်းယွမ်အိမ်ခြံမြေတွင်။
" ဒီနေ့အစည်းအဝေးက ဒီမှာပဲ ပြီးပါပြီ။ အားလုံး သွားကြတော့၊ အလုပ်လုပ်ကြ "
ချန်းရွှမ်က အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာသည်။
လင်းယွမ်၏ အကြီးတန်းအရာရှိများက ပစ္စည်းတွေ သိမ်းပြီးနောက် ထွက်သွားကြတဲ့အခါ ကျန်းယုံထင်းက ချက်ချင်းထပြီး တိတ်တိတ်ကလေး အစည်းအဝေးခန်းတံခါးကို ပိတ်လိုက်သည်။
ထို့နောက် သူမက ချန်းရွှမ်ဆီသို့ အမြန်ပြေးလာခဲ့သည်။
" မြန်မြန် တိုက်ပွဲ အခြေအနေကို သတင်းပို့ "
ချန်းရွှမ်က အနည်းငယ်ရှက်သွားပြီး နားမလည်သလို ဟန်ဆောင်သည်။
" ဘာတိုက်ပွဲအခြေအနေက ဘယ်လိုရှိရမှာလဲ "
ကျန်းယုံထင်းက ချက်ချင်း ထိတ်လန့်သွားသည်။
" ဘာတိုက်ပွဲအခြေအနေ ဘယ်လိုရှိရမှာလဲတဲ့လား။ မနေ့က ပြောထားတယ်လေ အရင်တိုက်ခိုက်ပါဆိုနေ။ ထွက်ပြေးခဲ့တာလို့တော့ မပြောနဲ့နော် "
ချန်းရွှမ်၏ မျက်နှာက ချက်ချင်း နီရဲလာသည်။
" နင်ပြောတာကို ငါနားမလည်ဘူး။ နင်နဲ့ စိတ်ရှုပ်မခံတော့ဘူး "
သူမက ပြောသည့်အတိုင်း ကောက်ခါငင်ကာ ထွက်ပြေးရန် ပြင်သည်။
သို့သော် ကျန်းယုံထင်းက သူမလမ်းကို ပိတ်လိုက်သည်။
" မြန်မြန် အမှန်အတိုင်းပြော။ ဘယ်အဆင့်ကိုရောက်ခဲ့လဲ "
ချန်းရွှမ်က အကြိမ်အနည်းငယ် ရှောင်သော်လည်း ကျန်းယုံထင်းက သူမကို တားဆီးခဲ့သည်။
သူမသည်လည်း ရှက်တာကြောင့် ဒေါသထွက်ကာ ပြောပြီး ချက်ချင်း ပြေးသွားခဲ့သည်။
" လုပ်သင့်တာ လုပ်ပြီးသွားပြီ။ ကျေနပ်ပြီလား "
ကျန်းယုံထင်းက သူမပါးစပ်ကို မယုံနိုင်စွာ အုပ်လိုက်သည်။
" ဒါဆို အစ်မတို့နှစ်ယောက် ဟိုအဆင့်ရောက်ပြီပေါ့ ..... ဒါက အရမ်းမြန်တယ် မဟုတ်ဘူးလား "
ချန်းရွှမ်က သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" လက်ရှိ အချိန်နဲ့အခြေအနေကို ဆုပ်ကိုင်ပြီး တိုက်ခိုက်ဖို့ နင်ပဲ ငါ့ကို ပြောတာမဟုတ်ဘူးလား "
" ဒါပေမယ့် အဲ့လောက် မြန်မြန်ကြီးပေးလိုက်ဖို့ မပြောခဲ့ဖူးလေ ....... အိုက်ယား ပြီးသွားပြီ၊ ပြီးသွားပြီ "
ကျန်းယုံထင်းက သူမ၏ စားပွဲတွင် ကူကယ်ရာမဲ့စွာ ထိုင်နေသည်။
" နင် ဘာကိုဆိုလိုတာလဲ ပြီးသွားပြီဆိုတာက "
ချန်းရွှမ်က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" မိန်းကလေးတစ်ယောက်က လွယ်လွန်းရင် ယောက်ျားတွေက သူ့ကို ဘယ်လို မြတ်နိုးရမယ်ဆိုတာ မသိတော့ဘူး "
ကျန်းယုံထင်းက အတွေ့အကြုံရှိတဲ့ လေသံနဲ့ ပြောလေသည်။
" ဒါဆို ငါအခု ဘာလုပ်ရမှာလဲ "
ချန်းရွှမ်က ရုတ်တရက် အနည်းငယ်တုန်လှုပ်သွားသည်။
ကျန်းယုံထင်း သက်ပြင်းချလိုက်သည်။
" ညီမတို့က ကျားကို မလွတ်အောင် ခြံကို ထိန်းရမှာပေါ့ "
ချန်းရွှမ်က အောက်ကို ငုံ့ကြည့်လိုက်သည်။
" အချိန်မီသေးလို့လား "
ကျန်းယုံထင်းက သူမ၏နဖူးကို ပုတ်လိုက်သည်။
" ဘာတွေတွေးနေတာလဲ။ ညီမဆိုလိုတာက အစ်မရဲ့ နောက်ထပ်ဗျူဟာကို အာရုံစိုက်ရမယ် "
" ဘာဗျူဟာလဲ "
" နားမလည်ဘူး "
" ............ "
ကျန်းယုံထင်းက စကားမပြောဘဲ တင်ပျဉ်ခွေထိုင်ပြီး စဉ်းစားလိုက်သည်။
" အစ်မ သူနဲ့အတူရှိနေရင် ဘာမှလုပ်စရာမလိုပေမဲ့ သူ့ကို သွေးဆောင်ရမယ်။ အိပ်ရာမဝင်ခင် 'ဂွတ်နိုက်'လို့ ပြောရမယ်။ ဒါမှမဟုတ် လေပြင်းတိုက်နေရင် မိုးရွာမှာစိုးလို့ ထီးယူဖို့ သတိပေးရမယ် ..... "
" ပြီးရင်ရော "
" ဒါဆို သူက အစ်မရဲ့ဖြစ်တည်မှုကို ကျင့်သားရလာတာနဲ့ သူနဲ့ ခပ်ခွာခွာနေရမယ် "
" ဘာလဲ။ ဘာလို့လဲ "
" အစ်မကလည်း တုံးလိုက်တာ။ မြင်သာမြင်ရပေမဲ့ မထိတွေ့ရတဲ့ခံစားချက်ကို ပေးပြီးတော့ သူ့နှလုံးသားကို နာကျင်စေမယ်လေ "
" ပြီးတော့ရော "
" ဒါဆို သူက စိတ်မထိန်းနိုင်တဲ့အခါ အစ်မ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာပေးလိုက်ရင် သူက အစ်မကို စွဲသွားမှာ သေချာတယ် "
ချန်းရွှမ်က ထိုစကားကိုကြားပြီးနောက် သူမ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမ ခေါင်းကို ရုတ်တရက် မော့လိုက်ကာ မေးသည်။
" နင် အရင်က ရည်းစားရှိတာ တစ်ခါမှ မမြင်ဖူးပါဘူး။ ဘယ်လိုလုပ်သိတာလဲ "
ကျန်းယုံထင်း၏ ဆရာကြီးအမူအရာက ရပ်တန့်သွားသည်။
" အိုး ....... စာအုပ်ထဲမှာ ဖတ်ဖူးတာပါ "
" ဘာစာအုပ်လဲ "
" ဒီစာအုပ်လေ၊ အချစ်ကျမ်း ၃၆ချက် "
" ဖူးဟားဟားဟား ...... "
ချန်းရွှမ်က ချက်ချင်း ရယ်လိုက်သည်။
" ဒါဆို နင်က စာအုပ်ထဲက ဖတ်ဖူးရုံလောက်နဲ့ ငါ့ကို ဆရာလာလုပ်နေတာလား "
ကျန်းယုံထင်းက စိုးရိမ်သွားခဲ့သည်။
" စာအုပ်တွေက သင်ပေးတာပဲလေ။ စာအုပ်ထဲက နည်းဗျူဟာတွေကို လိုက်နာရင် မမှားပါဘူး "
ချန်းရွှမ်က တစ်ခုခုပြောတော့မည့်အချိန်မှာဘဲ ယဲ့ဖန်ဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်။
" အစ်မရွှမ်၊ မင်း အလုပ်က ဘယ်အချိန်ပြီးမှာလဲ။ ကိုယ် လာကြိုမယ် "
" ကျွန်မ ....... "
ချန်းရွှမ်က ပြန်ပြောဖို့ ပြင်နေချိန်မှာဘဲ ကျန်းယုံထင်းက ရုတ်တရက် ဖုန်းကို လုယူသွားခဲ့သည်။
" ဥက္ကဌချန်းက ဒီည အရမ်းအရေးကြီးတဲ့ ဖောက်သည်တစ်ယောက်ကို ညစာကျွေးရမှာ။ သူမ အားမှာ မဟုတ်ဘူး "
ပြောပြီးတာနဲ့ ချက်ချင်း ဖုန်းချလိုက်သည်။
ချန်းရွှမ် ချက်ချင်း ထိတ်လန့်သွားသည်။
" နင် ဘာလုပ်တာလဲ။ ဘယ်က ဖောက်သည်လဲ။ ဒါက ရှောင်ဖန်ဘက်က ဖုန်းခေါ်တာလေ။ နင် ဘာလို့ ဖုန်းချလိုက်တာလဲ "
" ဒါက နည်းဗျူဟာပဲ "
ကျန်းယုံထင်းက ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
" သူလိုချင်တာကို မရရင် သူ့နှလုံးသားထဲကနေ ယားယံလာလိမ့်မယ် "
ချန်းရွှမ် အနည်းငယ် စိတ်ပူသွားသည်။
" သူ စိတ်ဆိုးသွားရင်ရော "
ကျန်းယုံထင်းက အော်လိုက်သည်။
" စိတ်ဆိုးစရာလား။ သူက ဘာလို့ စိတ်ဆိုးရမှာလဲ။ ခုနက သူခေါ်တာကို အစ်မ မကြားလိုက်ဘူးလား "
ချန်းရွှမ်က ခေါင်းကုတ်လိုက်သည်။
" အစ်မရွှမ်တဲ့လေ။ ဘာမှားလို့လဲ။ သူက အဲ့လို အမြဲခေါ်နေကြပဲ "
" အစ်မရွှမ်တဲ့လား။ သူသာ အစ်မကို ရည်းစားအဖြစ် တကယ်ဆက်ဆံရင် ဒီလိုခေါ်ပါ့မလား။ အခြားရည်းစားတွေဆို ကလေးလေး၊ အချစ်လေး၊ အသဲလေး၊ မိန်းမလေးဆိုပြီး အချင်းချင်း ချစ်နိုးခေါ်ကြတယ်လေ။ ဘယ်သူက အစ်မလို့ ခေါ်မှာလဲ "
" ဟုတ်တယ် ....... အဲ့တာက အဓိပ္ပာယ်ရှိတယ် "
" ညီမစကားကိုသာ နားထောင်ပါ။ သူ့ကို ရက်အနည်းငယ်လောက် ပစ်ထားပြီး သူ့ကိုယ်သူ ပြန်စဉ်းစားကြည့်ခိုင်းလိုက် "
ထို့နောက် ကျန်းယုံထင်းက ဖုန်းကို ပြန်ပေးလိုက်သည်။
" ကောင်းပြီ၊ ငါ နင့်စကားနားထောင်မယ်။ သွားစားကြစို့ "
ချန်းရွှမ်က သူမ၏ အကြံပြုချက်ကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။
ညစာစားရန် ပြင်နေချိန်မှာဘဲ ယဲ့ဖန်က ပို့စ်တစ်ခု တင်ထားသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်သည်။
" ဒီညတော့ ဘာမှလုပ်စရာ မရှိဘူး။ ဘယ်အလှလေးက ငါနဲ့ ညစာစားချင်လဲ "
ထို့အပြင် သူငယ်ချင်းတော်တော်များများကလည်း သူ့ပို့စ်ကို လိုက်ခ်ပေးထားကြောင်း သူမတွေ့လိုက်ရသည်။
အဲ့ဒီအထဲမှာ ရှုမန်၊ ချူးမင်းနဲ့ လင်းကျွင်းကျွင်းတို့လို အလှလေးတွေပါသည်။
" နင် တစ်ယောက်တည်း သွားစားလိုက်တော့။ ငါလုပ်စရာရှိသေးလို့ အရင်သွားလိုက်ဦးမယ် "
ချန်းရွှမ်က ထိုသို့ပြောပြီး ထိတ်လန့်တကြား ပြေးထွက်သွားသည်။
ကျန်းယုံထင်းလည်း အံ့အားသင့်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
အိမ်မီးလောင်လို့လား။
ဒါပေမယ့် ယဲ့ဖန်ရဲ့ပို့စ်ကို သူမလည်း တွေ့လိုက်ရသည်။
သူမ ချက်ချင်း သဘောပေါက်သွားသည်။
ယဲ့ဖန်က တခြားမိန်းမတစ်ယောက်နဲ့ ညစာစားမှာကို သူမက ကြောက်နေပုံရသည်။
ထို့ကြောင့် သူမက သူ့အစားအသောက်ကို ကာကွယ်ရန် အမြန်ပြေးသွားခဲ့သည်။
ချန်းရွှမ်အတွက် ယောက်ျားတစ်ယောက်ကို အနိုင်ယူနည်းတွေကို သင်ပေးခဲ့ပေမဲ့ တံတွေးတွေ အများကြီးကုန်သွားတာပဲ အဖတ်တင်သည်။
ယဲ့ဖန်ရဲ့ ပို့စ်လေးတစ်ခုက သူမရဲ့ ကြိုးစားမှုတွေကို အချည်းနှီးဖြစ်သွားစေသည်။
ကြည့်ရတာ ချန်းရွှမ်ကိုယ်တိုင်က ချည်ပြီးတုပ်ပြီးဖြစ်ခံနေရတာကို သဘောကျပုံရသည်။
ဒီတစ်သက်တော့ သူမက ထိုလူဆိုး၏ လက်ဖဝါးထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
အပိုင်း ( ၄၁၁ )
ကျွန်တော်တို့က အရမ်းဖြူစင်ပါတယ်
နောက်တစ်နေ့တွင်။
" ယဲ့ညီလေး၊ ဒီနေ့ ဆောင်းဦးလေမဟာမိတ်တပ်ဖွဲ့ တည်ထောင်ခြင်းအခမ်းအနားကို တက်ရောက်ဖို့ နျုံစစ်သွမ်းက ငါတို့အားလုံးကို ဖိတ်ထားတယ် "
မနက်စောစောတွင် ချန်းချုံရှန်း၊ ဝမ်ထင်းကွမ်း၊ ကွမ်းကျန်ရှန်း၊ ရှုမန်နှင့် အခြားသူတွေအားလုံးက ကျုံးထျန်းကန်သာယာစံအိမ်သို့ အပြေးလာကြသည်။
စံအိမ်နံပါတ်(၁)ရှေ့တွင် ဇိမ်ခံကားမျိုးစုံဖြင့် ပိတ်ဆို့ထားသည်။
ကျုံးထျန်းကန်သာယာတွင်ရှိ အခြားနေထိုင်သူအားလုံးက အံ့သြသွားကြသည်။
စံအိမ်နံပါတ် (၁)တွင် နေထိုင်နိုင်သည့်သူက သာမန်လူမဟုတ်ကြောင်း သူတို့ အတော်ကြာသိထားသော်လည်း သူက ဒီလောက်ထိ သြဇာကြီးမည်ဟု မမျှော်လင့်ထားပေ။
သူ့ဆီကို မနက်စောစောမှာဘဲ ကျုံးဟိုင်က စီးပွားရေးလောကမှ 'နာမည်ကြီး' အများအပြားက ရောက်လာခဲ့သည်။
သူက စီးပွားရေးဖခင်ကြီးဖြစ်လေသည်။
ချန်းချုံရှန်း၏ စကားကို ကြားသောအခါ ယဲ့ဖန်က ကော်ဖီစားပွဲအောက်မှ ဖိတ်စာကဒ်ကို ချက်ချင်းထုတ်လိုက်သည်။
" သူက ကျွန်တော့်ကိုလည်း ဖိတ်ထားတယ် "
ချန်းချုံရှန်း မျက်မှောင်ကြုတ်လိုက်သည်။
" သူက ဘာကိုဆိုလိုတာလဲ။ ငါတို့ကို စစ်ကြေညာချင်တာလား "
ယဲ့ဖန်၏နှုတ်ခမ်းက ကွေးတက်သွားသည်။
" မသိသာဘူးလား။ ဒါက အစကတည်းက ထောင်ချောက်ပဲ "
ဝမ်ထင်းကွမ်းကလည်း ပြောသည်။
" ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့သွားမလို့လား "
တခြားသူတွေက သူတို့ရဲ့ ထင်မြင်ချက်တွေကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ပြောဆိုကြသည်။
ကွမ်းကျန်ရှန်းက ပြောသည်။
" ငါတို့ သွားသင့်တယ်လို့ မထင်ဘူး။ သူဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ "
" ဆောင်းဦးလေက ကြွေကျနေတဲ့ သစ်ရွက်တွေကို တိုက်တယ်လေ။ ဒီ ဆောင်းဦးလေမဟာမိတ်တပ်ဖွဲ့ဆိုတဲ့ဟာက ငါတို့ကို ပစ်မှတ်ထားနေတာ ရှင်းနေတာပဲ မဟုတ်လား။ ငါတို့က ဘာလို့ သူတို့ကို သွားပြီး အားပေးနေရမှာလဲ "
သိုက်ချန်း
" ဒါပေမယ့် မသွားဘူးဆိုရင် ငါတို့က သူတို့ကို ကြောက်တယ်လို့ သူတို့ဘက်က သေချာပေါက် ထင်သွားလိမ့်မယ်။ ငါတို့သွားသင့်တယ်ထင်တယ် "
ရှုမန်
" ကျွန်မတို့လည်း သွားသင့်တယ်လို့ ထင်တယ်။ ကျွန်မတို့ဘက်မှာလည်း အများကြီးရှိတယ်လေ။ ဘာလို့ ကြောက်နေရမှာလဲ "
ကုန်းရှန်းဟုန်
" ယဲ့ဖန် ပြောတာကို အရင်နားထောင်ရအောင်။ သူ ဘာပြောမလဲ "
အားလုံးက ယဲ့ဖန်ကိုကြည့်ပြီး သူ့နောက်ဆုံးဆုံးဖြတ်ချက်ကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေကြသည်။
ယဲ့ဖန်က ကော်ဖီစားပွဲပေါ်သို့ နှစ်ကြိမ်ခေါက်လိုက်ပြီးနောက် ဘန်းခနဲရိုက်လိုက်သည်။
" သေချာတာပေါ့၊ သွားရမယ်။ သူ ဘာတွေလုပ်မလဲဆိုတာ ကြည့်ချင်သေးတယ် "
သူက ပြောသည့်အတိုင်း လှည့်ကာ ချန်းရွှမ်ကို ပြောလိုက်သည်။
" ကိုယ့်ကုတ်အင်္ကျီ သွားယူပေးဦး "
လူတိုင်းက အံ့ဩသွားကြသည်။
ဒီနေ့မနက် သူတို့ရောက်လာတဲ့အခါ ချန်းရွှမ်က ရောက်နှင့်နေပြီဖြစ်သည်။
သူတို့ထက် စောရောက်လာတာ မဟုတ်ဘူးဆိုရင် ...........
သူမက မနေ့ညကတည်းက ယဲ့ဖန်ရဲ့အိမ်မှာ အိပ်ခဲ့တာ ဖြစ်မည်။
ဒီနှစ်ယောက်က ဖြစ်ပြီးသွားပြီလား ..........
လူတိုင်းက သူတို့၏မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်များ ရှိနေကြသည်။
" ယဲ့ညီလေး၊ ငါတို့ဆီက တစ်ခုခု လျှို့ဝှက်ထားသေးလား "
" ဟုတ်တယ်၊ ငါတို့က အပြင်လူမဟုတ်ဘူးလေ။ ငါတို့ကိုတော့ အမှန်အတိုင်း မြန်မြန်ပြောရမယ် "
" ငါ့ခန့်မှန်းတာသာမှန်ရင် ချန်းရွှမ်က မနေ့ညကတည်းက ဒီမှာရောက်နေတာ မဟုတ်လား "
" တကယ်ကြီး၊ မင်းကို ပေးလိုက်ရမှာပေါ့ ကောင်လေး။ မင်းက ဘာမှမပြောဘဲ ငါတို့ ကျုံးဟိုင်စီးပွားရေးလောကရဲ့ နတ်သမီးလေးကို အပိုင်သိမ်းလိုက်တာလား "
" ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ ဒီအချိန်မှာ ဒီစကားတွေ ထွက်လာရင် နောက်ထပ်လူတွေအများကြီးက မင်းကို သေအောင် တိုက်ခိုက်ကြမှာကို စိုးရိမ်ရတယ်။ဆောင်းဦးလေမဟာမိတ်တပ်က ပိုပြီးတောင် အားကောင်းလာလိမ့်မယ် "
" မနာလိုမိပါတယ်၊ မုန်းတောင်မုန်းတော့မယ် .. "
လူတိုင်းက နောက်ပြောင်ကြသည်။
အင်္ကျီကို ယူပြီး ပြန်လာတဲ့ ချန်းရွှမ်က
ထိုစကားတွေကိုကြားတဲ့အခါ သူမ၏မျက်နှာက ရှက်ကာ ချက်ချင်း နီရဲသွားသည်။ ပုန်းဖို့ အပေါက်သာရှာလိုက်ချင်သည်။
ယဲ့ဖန်ကတော့ အရေထူလေသည်။ ဆိုဖာပေါ် မှီပြီး ခြေချိတ်ထိုင်လိုက်သည်။
" မဟုတ်တာ မပြောနဲ့။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အရမ်းဖြူစင်ပါတယ် "
ချန်းချုံရှန်းနှင့် အခြားသူများက မျက်လုံးပြူးသွားကြသည်။
" မင်းကလား ဖြူစင်တာ။ မင်း တစ်ညလုံး ဖြူစင်ပြီးသွားပြီ မဟုတ်လား "
" မင်း အပြစ်မရှိဘူးလို့ ငါယုံတယ်။ အတူတူအိပ်ရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး "
" အရှက်မရှိတဲ့လူတွေကို တွေ့ဖူးပေမယ့် ဒီလောက်အရှက်မရှိတဲ့လူကိုတော့ မတွေ့ဖူးဘူး "
" မင်းက မနက်စောစော ခွေးစာတွေ ကျွေးနေတာလေ။ ငါတို့လို ခွေးတွေကိုလည်း ရှင်သန်ခွင့်ပေးပါဦး "
" ယုံယုံ၊ မယုံယုံ နေဗျာ "
သူတို့က ယဲ့ဖန်ကို ဆက်စနောက်နေကြသည်။
ရှုမန်ရဲ့အမူအရာကတော့ သိပ်မကောင်းတော့ပေ။
ချန်းရွှမ်ကို ကြည့်နေတဲ့ သူမအကြည့်တွေက ရန်လိုမှုတွေ ပြည့်နှက်နေသည်။
ယဲ့ဖန်က သူမ၏အမူအရာကို သေချာတွေ့လိုက်သည်။
မြန်မြန်ထပြီး လက်ခုပ်တီးလိုက်သည်။
" ကောင်းပြီ၊ နောက်နေတာ ရပ်ကြတော့။ ကျွန်တော်တို့ ထွက်သင့်ပြီ "
အားလုံးက ဘာမှပြန်မပြောဘဲ သူ့နောက်ကို လိုက်သွားကြသည်။
................................
ထျန်းဟော်ဟိုတယ်။
ကျုံးဟိုင်စီးပွားရေးလောကရှိ လူတိုင်းက ဒီဟိုတယ်ဟာ ယဲ့ဖန်အပိုင်မှန်း သိကြလေသည်။
သို့သော် နျုံစစ်သွမ်းက ဆောင်းဦးလေမဟာမိတ် တည်ထောင်ခြင်းအခမ်းအနားကို ထိုဟိုတယ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့သည်။
လေထဲမှ ယမ်းနံ့က ပြင်းထန်နေသည်။
ဒါက ယဲ့ဖန်မျက်နှာကို ရိုက်လိုက်တာဖြစ်သည်။
မင်းရဲ့အိမ်မှာဘဲ မင်းကို ဝိုင်းထားဖို့ အခမ်းအနားလုပ်မယ်။ မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ။
ဒီနေ့ ဖိတ်ထားတဲ့ ဧည့်သည်တော်များထဲတွင် ဆောင်းဦးလေမဟာမိတ်တွင် ပါဝင်သောအဓိကကုမ္ပဏီများ၏ သူဌေးများမှအပြင် ကြားနေ စီးပွားရေးခေါင်းဆောင်အများအပြားလည်း ရှိနေခဲ့သည်။
ကျုံးဟိုင်ရှိ စီးပွားရေးလောက၏ တစ်ဝက်နီးပါးက ထိုနေရာတွင် စုဝေးနေခဲ့ကြသည်ဟု ဆိုနိုင်သည်။
ဒါက ကျုံးဟိုင်စီးပွားရေးလောကတွင် သမိုင်းတွင်မည့် ဖြစ်ရပ်တစ်ခုဖြစ်လာနိုင်သည်။
မနက်ဆယ့်တစ်နာရီခန့်တွင် မရေမတွက်နိုင်သော ဇိမ်ခံကားများစွာက ထျန်းဟော်ဟိုတယ်ရှေ့တွင် စုရုံးနေပြီဖြစ်သည်။
ကျုံးဟိုင်မှ စီးပွားရေးခေါင်းဆောင်တွေက အချင်းချင်း စကားစမြည်ပြောနေကြသည်။
အဖြစ်အပျက်ကို မှတ်တမ်းတင်နေကြတဲ့ မီဒီယာတွေလည်း များစွာရှိသည်။
" ဆောင်းဦးလေမဟာမိတ်ကို ဖုလီအုပ်စုက စတင်ဖွဲ့စည်းခဲ့တဲ့ အကြီးစားစီးပွားရေးမဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ဒေသန္တရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးပြီး အလုပ်အကိုင်ပြဿနာကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ် "
" ဒီနေ့နေ့လယ်မှာ ကျင်းပမယ့် အခမ်းအနားကို ဆက်လက်ပြီး တင်ပြသတင်းပို့ပါ့မယ် ....... "
လင်းယွမ်အိမ်ခြံမြေကဲ့သို့ ဝူကျန်းအိမ်ခြံမြေက ကျုံးဟိုင်တွင် တိုးတက်နေတဲ့လုပ်ငန်းအသစ်ဖြစ်သည်။
မကြာခဏ ယှဉ်ပြိုင်ခဲ့ကြသည်။
ကုမ္ပဏီနှစ်ခုက ပရောဂျက်များစွာတွင် အပြိုင်အဆိုင် ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။
သို့သော် လင်းယွမ်အိမ်ခြံမြေက မြို့ဟောင်းပြန်လည်တည်ဆောက်ရေးစီမံကိန်းကို လေလံအောင်ပြီးကတည်းက ကုမ္ပဏီနှစ်ခုဟာ ယှဉ်မရတော့ပေ။
တဖြည်းဖြည်းနဲ့ ဝူကျန်းအိမ်ခြံမြေက နောက်ကျကျန်ခဲ့တော့သည်။
ထို့ကြောင့် သူက နျုံစစ်သွမ်း၏ ဖိတ်ကြားချက်ကို လက်ခံရရှိသောအခါ ဝူကျန်းအိမ်ခြံမြေ၏ဥက္ကဌ မားဝူကျန်းက မဆိုင်းမတွ သဘောတူခဲ့သည်။
တစ်ချိန်တည်းမှာဘဲ သူက ဆောင်းဦးလေမဟာမိတ်မှာ အတက်ကြွဆုံးပုဂ္ဂိုလ်လည်းဖြစ်လေသည်။
အခုအချိန်မှာ သူက ပွဲရဲ့အဓိကလူပုံစံဖြစ်လာသည်။
" အားလုံးပဲ စိတ်အေးအေးထားပါ။ နျုံလူကြီးမင်းက မကြာခင် ရောက်လာပါတော့မယ်။ မေးခွန်းတွေရှိရင် ငါ့ကိုမေးနိုင်ပါတယ်။ ငါ သိသမျှပြောပြပေးမယ် ........ "
အပိုင်း ( ၄၁၂ )
လက်ပါးစေခွေးအဆင့်က ငါ့ရှေ့မှာ ဟောင်ရဲသေးတာလား
" သူဌေးမား၊ ဒီဆောင်းဦးလေမဟာမိတ်က ယဲ့ဖန်ကို ကိုင်တွယ်ဖို့လို့ ကြားမိတယ် ဟုတ်လား " တစ်ယောက်ယောက်က ချက်ချင်း မေးလိုက်သည်။
" ငါက မဟုတ်ဘူးလို့ပြောရင် မင်းတို့က ယုံမှာလား "
မားဝူကျန်းက ချက်ချင်း ပြန်မေးလိုက်သည်။
လူတိုင်းက ရယ်မောလိုက်ကြသည်။
မားဝူကျန်းက လူတိုင်းကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
" တကယ်တော့ ဒီမဟာမိတ်ဖွဲ့ထားတာက ယဲ့ဖန်နဲ့ ရင်ဆိုင်ဖို့ဆိုတာ လူတိုင်းသိတာပဲ။ ငြင်းစရာ မရှိပါဘူး "
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ထပ်မေးလိုက်သည်။
" သူဌေးတို့ဘက်က ယဲ့ဖန်ကို ဒီတစ်ခါ ဖိတ်ထားလား "
အားလုံးက မားဝူကျန်းကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
မားဝူကျန်းက ခေါင်းငြိမ့်လိုက်သည်။
" ငါတို့က သူ့ကို ဖိတ်ခဲ့ပေမဲ့ သူကလာဖို့ သတ္တိရှိပါ့မလားတော့ မသိဘူး "
အားလုံးက အချင်းချင်း အံ့အားသင့်စွာ ကြည့်နေကြသည်။
" ယဲ့ဖန် တကယ်ရောက်လာရင်တော့ စောင့်ကြည့်စရာ တစ်ခုခုရှိလာလိမ့်မယ် "
" ထိပ်တန်းစီးပွားရေးခေါင်းဆောင်နှစ်ဦး ထိပ်တိုက်တွေ့ကြတာ စိတ်ဝင်စားစရာပဲ "
" ယဲ့ဖန်က မလာရဲမှာကိုတောင် စိုးရိမ်မိတယ် "
" မဖြစ်နိုင်ဘူး မဟုတ်လား။ မလာဘူးဆိုတာနဲ့ သူက သူရဲဘောကြောင်တယ်ဆိုတာ လူတိုင်းကို ကြေညာလိုက်တာနဲ့ အတူတူပဲ မဟုတ်လား "
" ငါသာဆိုရင် မလာဘူး "
အားလုံးက ဆွေးနွေးနေကြစဉ်မှာဘဲ ရုတ်တရက် ကားအင်ဂျင်သံကို ကြားလိုက်ရသည်။
အားလုံးက လှည့်ကြည့်လိုက်ကြသည်။
ယာဉ်တန်းကြီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
အမည်းရောင် Lincoln ကားက ဦးဆောင်လာသည်။
အဲ့ဒီနောက်တွင် Rolls-Royce၊ Maybach နှင့် အခြားသောဇိမ်ခံကားများ ဆက်တိုက် လိုက်လာကြသည်။
ထိုသို့သော ဇိမ်ခံကားတွေ တန်းစီးနေတာက နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်နှင့်ပင် နှိုင်းယှဉ်လို့ရနိုင်သည်။
ထိုကားတန်းက ချက်ချင်း လူတိုင်း၏အာရုံကို စွဲဆောင်သွားခဲ့သည်။
ထိုလူတွေရဲ့ ဇစ်မြစ်ကို လူတိုင်းက သိချင်နေကြချိန်မှာဘဲ ထိုဇိမ်ခံကားတွေရဲ့ တံခါးတွေက တညီတညွတ်တည်း ပွင့်လာသည်။
အထက်တန်းစားအမျိုးသား၊ အမျိုးသမီးတွေက တစ်ယောက်ပြီး တစ်ယောက် ကားပေါ်ကနေ ဆင်းလာကြသည်။
ထိုလူတွေ အားလုံးမှာ ထူးခြားတဲ့ ကိုယ်ရောင်ဝါတွေ ရှိကြသည်။
သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက အထက်တန်းစားဩဇာသြောင်းမှုကို ပေးစွမ်းနေသည်။
ရှေ့ဆုံးကနေ လူငယ်လေးတစ်ယောက်က ဦးဆောင်လာသည်။
သူ့မျက်နှာမှာ ကလေးဆန်တဲ့အရိပ်အယောင်လေး ရှိနေသည်။
သူက စီးပွားရေးဖခင်ကြီး နျုံစစ်သွမ်းကို ဆန့်ကျင်တိုက်ခိုက်ရဲတဲ့သူဖြစ်သည်။
သူ့ကို လူတော်တော်များများက အခုမှ ပထမဆုံးမြင်ဖူးတာဖြစ်သည်။
သူတို့က အနည်းနှင့်အများ တုန်လှုပ်သွားကြသည်။
ဒီတစ်ယောက်က အရမ်းငယ်လွန်းတယ် မဟုတ်ဘူးလား။ သူက သူတို့သားသမီးတွေထက်တောင် ငယ်သေးသည်။
သူက ပထမနှစ် ကျောင်းသားတစ်ယောက်လို့ ကြားထားသည်။
သူက စီးပွားရေးထိပ်ခေါင်နာမည်ကြီး နျုံစစ်သွမ်းနဲ့ တကယ်ကြီး ယှဉ်ရဲတာလား။
နောက်ဆုံးမှာ ကျရှုံးခဲ့ရင်တောင် ဒါက ကြီးကျယ်ခမ်းနားတဲ့ ရှုံးနိမ့်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
" ဥက္ကဌချန်း၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ "
မားဝူကျန်းက ချန်းရွှမ်ကိုတွေ့သောအခါ ချက်ချင်း နှုတ်ဆက်လိုက်သည်။
သူ့နောက်တွင် လူတစ်စုက လိုက်လာသည်။
သူ့ပုံစံက စီးပွားရေးလောကရဲ့ အကောင်ကြီးတစ်ယောက်နဲ့တောင် တူနေသည်။
" မားဝူကျန်း၊ ရှင်က ဒီဆောင်းဦးလေမဟာမိတ်မှာ ပါတယ်လို့ ကြားမိတယ် "
ချန်းရွှမ်က ပြင်ပလူတွေနဲ့ တွေ့ရတဲ့အခါ သူမရဲ့ အေးစက်ပြီး မြင့်မြတ်တဲ့ အမျိုးသမီး CEO တစ်ဦး ပုံရိပ်က တစ်ဖန်ပြန်လည်ပေါ်လာခဲ့သည်။
မားဝူကျန်းကလည်း မငြင်းဘဲ ချက်ချင်း ခေါင်းငြိမ့်လက်ခံလိုက်သည်။
" ဟုတ်တယ်၊ ဥက္ကဌချန်းက လွတ်လမ်းမပေးမှတော့ နျုံလူကြီးမင်းနောက်လိုက်ပြီး အသက်မွေးဝမ်းကြောင်းပြုရတာပေါ့ "
ချန်းရွှမ်က ချက်ချင်း ဟက်ခနဲလုပ်လိုက်သည်။
" ရှင်က ဘယ်လိုတန်ပြန် အခွင့်အရေးယူရမလဲဆိုတာကို တကယ်သိတာဘဲ။ ကျွန်မတို့လေလံဆွဲတုန်းက ရှင့်ကို အတူတွဲလုပ်ဖို့ အစပြုခေါ်ခဲ့ပေမယ့် ရှင်က ငြင်းလိုက်တာလေ ကျွန်မတို့ လေလံအောင်ပြီးမှ အမြတ်ဝေစုကို လိုချင်လို့ရမလား။ လောကမှာ ဒီလောက်ကောင်းတဲ့အရာတွေ ရှိလို့လား "
မားဝူကျန်းက သူမ၏လူအများမှာ ပြန်ခံပြောလိုက်တာကြောင့် ရှက်ရွံ့သွားသည်။
ထိုအချိန်တွင် ချန်းရွှမ်က သူ့အား ရှာဖွေရန် တကယ်ပဲ လာခဲ့သည်။
သူမက ဝူကျန်းအိမ်ခြံမြေနှင့် ပူးပေါင်းကာ လေလံဆွဲလိုကြောင်းကိုလည်း ရှင်းလင်းအောင်ပြောကြားခဲ့သည်။
သို့သော် ထိုအချိန်တွင် ချင်းဒါးကော်ပိုရေးရှင်းကို မစော်ကားချင်ခဲ့ပေ။
တစ်ဖက်မှာလည်း သူက အားနည်းသည့် လင်းယွမ်အိမ်ခြံမြေကို အထင်သေးကာ မထီမဲ့မြင်ပြုခဲ့သည်။
သို့သော် လင်းယွမ်အိမ်ခြံမြေက အားကောင်းတဲ့ မြင်းနက်တစ်ကောင် ဖြစ်လာပြီး ခက်ခဲသောအခြေအနေမှ ရုန်းထွက်နိုင်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
သူ ချက်ချင်းနောင်တရသွားခဲ့သည်။
ထို့ကြောင့် သူ ချက်ချင်း ချန်းရွှမ်ကို ပြန်သွားတွေ့ကာ ဝေစုရရန် ညှိနှိုင်းခဲ့သည်။
သို့သော် ချန်းရွှမ်က သူ့ကို မညှာမတာ ငြင်းပယ်လိုက်သည်။
ဒေါသတကြီးဖြင့် သူက နျုံစစ်သွမ်းဘက်ကို လှည့်သွားသည်။
တစ်ဖက်လူက အရင်ကအကြောင်းကို ပြန်ပြောပြတဲ့အခါ မားဝူကျန်းရဲ့ အမူအရာက အကျည်းတန်သွားသည်။
"တော်စမ်းပါ၊ အပိုတွေကို ရပ်လိုက်။ ငါတို့ ဆောင်းဦးလေမဟာမိတ်ရဲ့ ရည်ရွယ်ချက်ကို မင်းတို့သိမှာ သေချာပါတယ်။ ဘယ်လိုလဲ အခု မင်းတို့ ကြောက်နေပြီလား "
လူတိုင်း၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ဒီမားဝူကျန်းက တကယ်ကို မာနကြီးတာပဲ။
သူက တကယ်ကြီး ယဲ့ဖန်ကို စိန်ခေါ်နေတာလား။
နျုံစစ်သွမ်းက သူ့နောက်ကျောမှာ ရှိတာနဲ့ ကြောက်စရာ ဘာမှမရှိတော့ဘူးလို့ သူက တကယ်ကြီးထင်နေတာဖြစ်မယ်။
အားလုံးက ယဲ့ဖန်ကို နေရာမှာတင် အရူးတစ်ယောက်လို ဒေါသထွက်လာမည်လို့ ထင်နေကြသည်။
ဒါပေမယ့် ယဲ့ဖန်၏မျက်နှာမှာ ဒေါသမရှိဘဲ ပြုံးရုံသာပြုံးနေသည်။
" နောက်လိုက်ခွေးကများ ငါ့ရှေ့မှာ ဟောင်ရဲသေးတာလား "
မားဝူကျန်း၏ အမူအရာက အကျည်းတန်သွားသည်။
ဘယ်လိုဘဲဖြစ်ဖြစ် သူကလည်း ကျုံးဟိုင်၏ အိမ်ခြံမြေလုပ်ငန်းတွင် နာမည်ရှိကြွယ်ဝသူတစ်ဦးဖြစ်သည်။
အခုတော့ သူ့ကို လက်ပါးစေခွေးလို့ အခေါ်ခံနေရသည်။
ဒီက ကြီးမားလှတဲ့ အရှက်ကွဲမှုတစ်ခုဖြစ်သည်။
သူပြန်မဖြေခင်မှာဘဲ ယဲ့ဖန်က ဆက်ပြောသည်။
" နျုံစစ်သွမ်း တကယ်ကို အသက်ကြီးပြီး ခေါင်းက ဗွက်တွေပြည့်နေပုံပဲ။ ငါ့ကိုတိုက်ဖို့အတွက် ခင်ဗျားလိုလူအုပ်ကို သုံးချင်နေတာလား "
" မင်းတို့လို လက်ပါးစေခွေးတွေက ငါ့ရန်သူဖြစ်ဖို့တောင် ထိုက်တန်လို့လား "
သူ့စကားတွေက အလွန်လွှမ်းမိုးမှုရှိနေပြီး မာနကြီးသည့် အရိပ်အယောင်ကိုလည်း ပေါ်လွင်စေသည်။
ဆောင်းဦးလေပြည်မဟာမိတ်တွင် ပါဝင်ကြသူများက သူ့စကားကြောင့် ဒေါသထွက်သွားခဲ့ကြသည်။
" ယဲ့ဖန်၊ မင်းက မာနကြီးလွန်းတယ်။ တခြားသူတွေက မင်းကို ကြောက်ပေမယ့် ငါတို့ကတော့ မဟုတ်ဘူး "
" လူငယ်လေး၊ မင်းက လူမုန်းစရာဖြစ်နေပြီ။ မင်း ငါတို့ကို တောင်းပန်ရမှာ မဟုတ်ဘူးလား "
" မင်းက အရမ်းမောက်မာလွန်းတယ်။ ကောင်းကင်က မင်းကို ဒဏ်ခတ်လိမ့်မယ်။ ငါတို့က ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပေးနေတာပဲ "
" ................. "
မားဝူကျန်းက သူ့လက်ကို မြှောက်ပြီး ပြန်ချလိုက်တဲ့အခါ အော်ဟစ်သံများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
" ယဲ့ဖန်၊ မင်း ငါတို့ရဲ့အစီအစဥ်တွေကို မင်းမသိပါဘူး။ ငါမင်းကိုပြောဖို့လည်း မကြောက်ဘူး။ ငါတို့ရဲ့ မဟာမိတ်အဖွဲ့ကို ထူထောင်ပြီးတာနဲ့ လုပ်ငန်းအားလုံးက ချိတ်ဆက်သွားပြီး အရင်းအမြစ်တွေကို မျှဝေပေးသွားမှာ ...... "
" အတိုချုပ်ပြောရရင် ရည်မှန်းချက်က တစ်ခုပဲရှိတယ်။ အဲ့တာက မင်းရဲ့နဖူးစည်းအောက်မှာရှိတဲ့ လုပ်ငန်းတွေအားလုံးကို ဝိုင်းပြီး ချေမှုန်းပစ်ဖို့ပဲ "
မားဝူကျန်းက ဂုဏ်ယူစွာပြောလိုက်သည်။
ထို့နောက် သူက ယဲ့ဖန်ကို ပြန်ကြည့်သည်။
" ငါတို့က ငနုံတွေဖြစ်နေရင်တောင် မင်းကလည်း နီကျား မဟုတ်ဘူး။ မင်းမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းလည်း မရှိဘူး "
" ငါတို့ရဲ့ စွမ်းအင်ကို ဖြုန်းတီးနေရတယ်ဆိုတောင် မင်းကို သေအောင်အထိ စွမ်းအင်ကုန်သွားစေလိမ့်မယ် ဟားဟားဟား ........ "
လူတိုင်းက သူတို့၏အစီအစဉ်ကို ကြားလိုက်ရသောအခါ သူတို့၏ အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားကြသည်။
ဒီတစ်ကြိမ်မှာတော့ နျုံစစ်သွမ်းက သေချာတွက်ဆထားပုံရသည်။
ဒီကုမ္ပဏီတွေကို ဖုလီရဲ့ အရင်းအမြစ်တွေအားလုံးကို သုံးစွဲခွင့်ပေးလိုက်သည်။
ထိုသို့ဖြစ်ခဲ့လျှင် ယဲ့ဖန်၏လုပ်ငန်းအားလုံးကို အန္တရာယ်ဖြစ်စေလိမ့်မည်။
ဘာဘဲဖြစ်ဖြစ် သူ့ကုမ္ပဏီတွေက တစ်သီးတစ်သန့်ဆီ ဖြစ်နေတာကြောင့် အရင်းအမြစ်တွေကို မမျှဝေနိုင်ပေ။
တစ်ခုချင်းစီ အလွယ်တကူ အနိုင်ယူသွားနိုင်လိမ့်မည်။
ချန်းရွှမ်၊ ရှုမန်၊ သိုက်ချန်းနဲ့ တခြားသူတွေကလည်း စိုးရိမ်တကြီးဖြစ်သွားကြသည်။
ဒီဆောင်းဦးလေမဟာမိတ်ကသာ တကယ် အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ရင် သူတို့က ဆောင်းဦးလေနဲ့အတူ မိုးပြင်းကိုပါ ကြုံရမည်မှာ သေချာသည်။
ရှင်သန်နိုင်မလား၊ မရှင်သန်နိုင်ဘူးလား ဆိုတာကို မသိရသေးပေ။