အပိုင်း ၄၂၅-၄၂၈
Vol. 22 Ch. 425-428
အပိုင်း ( ၄၂၅ )
ဆရာကြီးကျူးရှေ့မှာ မေးခွန်းထုတ်ခြင်း
ယဲ့ဖန်က ထိုလူငယ်တွေ၏ အော်သံကို မကြားသလို တစ်ဖက်လှည့်လိုက်သည်။
သူက ကျူးဝမ်ခိုင်ကိုသာ စိုက်ကြည့်နေလိုက်သည်။
ကျူးဝမ်ခိုင်က လုံးဝစိတ်မဆိုးချေ။ သူက ပေါ့ပေါ့ပါးပါးပဲ ခေါင်းငြိမ့်သဘောတူလိုက်သည်။
" ဒါဆို ရှက်ရွံ့စွာနဲ့ ပညာကိုချပြပါမယ် "
စကားပြောရင်းနဲ့ ပန်းချီကားကို အရင် ကောက်ကိုင်လိုက်သည်။
" ဒီပန်းချီကားမှာ လက်မှတ်မထိုးထားပေမယ့် သူ့ရဲ့ဇာစ်မြစ်ကိုလည်း သက်သေပြနိုင်တဲ့ တံဆိပ် မရှိဘူး။ ဒါပေမဲ့ စုတ်တံရဲ့ပုံစံဆွဲချက်နဲ့ အလှကိုကြည့်မယ်ဆိုရင် ဒါက ဖုပေါင်းရှီရဲ့ လက်ရာဖြစ်လိမ့်မယ် "
စွန်းလူကြီး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။
မယုံကြည်နိုင်တဲ့ အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ကျူးဝမ်ခိုင်က အချိန်တိုအတွင်း နောက်ဆုံးအဖြေကို အကဲနိုင်ပေမယ့်လို့ အချိန်မြန်တိုင်း အဖြေမှန်မည်မဟုတ်ဘူးဟု စွန်းရှို့ယိ အစက ထင်ခဲ့မိသည်။
သို့သော်လည်း တစ်ဖက်လူက ပြောသည့်အဖြေက သူ၏ကောက်ချက်ချမှုနှင့် တစ်ထပ်တည်း တူညီနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။
ထို့အပြင် စွန်းရှို့ယိက ရောင်းသူကိုရှာဖွေရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။ အချိန်အတော်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် ဒီပန်းချီကားက ဖုပေါင်းရှီ အားလပ်ချိန်များတွင် စုတ်တံကို လေ့ကျင့်ရန်ဆွဲသည့် လက်ရာဖြစ်ကြောင်း နောက်ဆုံးမှာ အတည်ပြုနိုင်ခဲ့သည်။
ထိုအချိန်တွေတုန်းက ဖုပေါင်းရှီဟာ အဲ့ပန်းချီကို ဆွဲပြီးတာနဲ့ လွှင့်ပစ်လိုက်သောကြောင့် ထိုပန်းချီတွေမှာ လက်မှတ်မရှိပေ။
ကျူးဝမ်ခိုင်က အနည်းငယ် တစ်ချက်လောက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် အဖြေမှန်ကို ပေးလိုက်နိုင်သည်။
ဒီလို ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံက အမှန်တကယ်ကျု ထိတ်လန့်စရာကောင်းလေသည်။
ယန်းဟုန်ချိုက်က ကျူးဝမ်ခိုင်၏အပြောအဆိုကနေ ရလဒ်ကို သိနေပေမယ့် ရှင်းလင်းအောင် မေးလိုက်သည်။
" ဘယ်လိုလဲ၊ မန်နေဂျာစွန်း။ ဆရာကြီးကျူး ပြောတာမှန်ရဲ့လား "
စွန်းရှို့ယိ ခါးသက်သက်ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
" မှန်ပါတယ်။ ဆရာကြီးကျူး ပြောတာ မှန်ပါတယ် "
သူ့အတည်ပြုချက်ကို သိပြီးတဲ့နောက် ရှေးဟောင်း ရတနာအလုပ်ရုံမှ လူငယ်အုပ်စုက ချက်ချင်း စိတ်အားထက်သန်စွာ လက်ခုပ်တီးကြသည်။
တစ်ချိန်တည်းမှာပဲ သူတို့က ယဲ့ဖန်ဘက်ကို ဂုဏ်ဆာနေတဲ့မျက်နှာထားတွေဖြင့် ကြည့်ကြသည်။
" အဲ့တာကို မင်းမြင်လား။ ဒါက တကယ့်ဆရာကြီးပဲ "
" ဆရာကြီးကျူးက နှစ်ချက်လောက် ကြည့်ပြီး တာနဲ့ အဖြေမှန်ရခဲ့တာ။ ဒါက ခွန်အားပဲ "
" မင်း အံ့သြသွားလား။ ဒီလိုစွမ်းရည်မျိုးကို မြင်ဖူးလား။ ဒါမျိုးကို ကြားတောင်မကြားဖူးဘူး ဟုတ်တယ်မလား "
" ဆရာကြီးကျူးရဲ့ အစွမ်းကို မင်းက မေးခွန်းထုတ်ရဲတယ်လား။ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ "
" မင်းရဲ့ မေပယ်ရွက်ဆိုင်က အင်အားအရမ်းအားနည်းတယ်။ ဆရာကြီးကျူးအတွက်တော့ ဒါက စိန်ခေါ်မှုတစ်ခုလို့တောင် မပြောပဘူး "
ဆရာကြီးကျူး ဒီလောက်တော်လိမ့်မည်ဟု လင်းကျွင်းကျွင်း မမျှော်လင့်ထားခဲ့ပေ။
နည်းနည်းလောက်ကြည့်ရုံနဲ့ စွန်းလူအိုကြီး ဂရုတစိုက်ပြင်ဆင်ထားတဲ့ ပြဿနာအခက်အခဲကို လွယ်လွယ်ကူကူဖြတ်ကျော်သွားသည်ကို သူမြင်လိုက်ရသည်။
အဲ့တာကိုတွေးပြီး သူမက ယဲ့ဖန်ကို အလျင်အမြန် ကြည့်လိုက်သည်။
သို့သော် သူက တည်ငြိမ်နေသည်။
လင်းကျွင်းကျွင်း အံ့အားသင့်သွားသည်။
သူမကပဲ ဘာမှမဟုတ်တာလေးကို အပိုလုပ်နေမိတာလား။
ယဲ့ဖန်က တည်ငြိမ်စွာပြောသည်။
" ဆက်လုပ်ပါ "
ကျူးဝမ်ခိုင်က ရှုခင်းပန်းချီကို ချလိုက်ပြီး သူ့အနားရှိ ကြွေပုလင်းကို ကောက်ယူကာ အောက်ခြေသို့ လှန်ကြည့်လိုက်သည်။
" ဒီကြွေပုလင်းအောက်မှာ ထိုးထားတဲ့ကမ္ပည်းကနေ ပြောနိုင်တာက ဒါက ရှန်းသဲ့နှစ်တွေက တရားဝင်မီးဖိုဖြစ်သင့်တယ် ........ "
သူက အဲ့လိုပြောတဲ့အခါ အဘိုးကြီးစွန်းရဲ့ ပါးစပ်ထောင့်ကနေ အမှတ်မထင် ကွေးတက်သွားသည်။
ဒီဆရာကြီးကျူးလိုလူကလည်း အမြင်မှားနိုင်သေးတာပဲ။
ဒါပေမယ့် သူ မပျော်နိုင်သေးခင်မှာပဲ ဆရာကြီးကျူးက ဆက်ပြောသည်။
" ဒါပေမယ့် ဒီကြွေပုလင်းရဲ့ ပုလင်းအဝ၊ ပုံသဏ္ဍာန်၊ အကြည်ရောင်နဲ့ အလှဆင်ထားတဲ့ ပုံစံတွေကနေ ပြောနိုင်တာကတော့ ခေတ်မီတဲ့ အတုအပတစ်ခုပဲဖြစ်တယ် "
လင်းကျွင်းကျွင်းက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
" လက်မှတ်အရ ရှန်းသဲ့နှစ်တွေက မီးဖိုဖြစ်မှန်း သံသယဖြစ်စရာမရှိဘူးလို့ ပြောခဲ့တယ်လေ။ အခုကျ အခုခေတ်က ပုံစံတူလို့ ပြောနေတာလား။ ဒါက ကိုယ့်ကိုကိုယ် နှစ်ခွပြောနေတာမဟုတ်ဘူးလား "
ကျူးဝမ်ခိုင်က မှိုင်တွေစွာ ပြုံးလိုက်သည်။
" ဘာလို့လဲဆိုတော့ ဒီကြွေပုလင်းကိုယ်တိုင်က ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။ ဒီအဘိုးကြီးရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဒီကြွေပုလင်းရဲ့ မူလ ပုလင်းအောက်ခြေမှာပဲ အစစ်ကကျန်ခဲ့ပြီး အဲ့အပိုင်းကို မင်ရှန်းသဲ့ တရားဝင်မီးဖိုကနေ ထွက်တဲ့ ထုတ်ကုန်အစစ်ပါ ........ "
အဲ့အထိပြောပြီး စွန်းရှို့ယိကို တစ်ချက်ကြည့်လိုက်သည်။
" ဒါပေမယ့် ပုလင်းကို နောက်ပိုင်းမျိုးဆက်တွေက ဆက်ပြုပြင်လုပ်ထားတာကြောင့် ဒီလို ဆန့်ကျင်ဘက်ဖြစ်စဉ်တွေ ပေါ်လာရတာပါ "
ကျူးဝမ်ခိုက်စကား ပြီးသောအခါ စွန်းရှို့ယိမျက်နှာတွင် သရဲတစ္ဆေမြင်လိုက်ရသလို မယုံကြည်နိုင်တဲ့အမူအရာ ပေါ်လာသည်။
ယန်းဟုန်ချိုက်က ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး မေးသည်။
" မန်နေဂျာစွန်း၊ ဒီတစ်ခါမှာရော ဆရာကြီးကျူးက မှန်ရဲ့လား "
စွန်းရှို့ယိ မချိတင်ကဲသာ ပြုံးလိုက်သည်။
" ဒီကြွေပုလင်းကို မနှစ်က ဈေးနည်းနည်းနဲ့ ဝယ်ခဲ့ပါတယ်။ ဒီပစ္စည်းနဲ့ပတ်သက်ပြီး ကျွန်တော် ဂုဏ်ယူနေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က ဒီကြွေပုလင်းက နည်းနည်းထူးဆန်းတယ်လို့ သတိပေးခဲ့တယ်။ အဲ့တာကြောင့် ဘေးကင်းဖို့အတွက် ပုလင်းကို စမ်းသပ်ဖို့ ခေတ်မီကိရိယာတွေ ငှားခဲ့ရတယ် ....... "
" နောက်ဆုံးရလဒ်ကတော့ ဒီကြွေပုလင်းရဲ့အောက်ခြေက အစစ်ဆိုပေမယ့် ပုလင်းရဲ့အပေါ်ပိုင်းကတော့ တကယ့်ကို ပုံစံတူအတုပါပဲ။ လက်ရာက သပ်သပ်ရပ်ရပ်မလို့ လှည့်စားခံရမတတ်ဖြစ်သွားခဲ့တာ ....... "
ထိုအချိန်တွင် စွန်းရှို့ယိက ကျူးဝမ်ခိုင်ကို ကြောင်အအ ကြည့်လိုက်သည်။
" ဆရာကြီးကျူးက သာမန်မျက်စိနဲ့ ဒီကြွေပုလင်းရဲ့ မူလဇစ်မြစ်ကို မြင်နိုင်မယ်လို့ မမျှော်လင့်ထားဘူး။ ငါ အဘိုးကြီးစွန်း တကယ်ကို လေးစားမိပါတယ် "
သူ့စကားကြားတော့ ရှေးဟောင်းရတနာအလုပ်ရုံမှ လူငယ်များသည် ရွှင်မြူးကုန်ကြပြန်သည်။
" ဟားဟားဟား၊ ဆရာကြီးကျူးက တကယ်ကို သာမန်ထက်ထူးကဲတယ်ဆိုတာသိပေမဲ့ သူတိုက်ခိုက်တာနဲ့ ဒီလောက်အားပြင်းမယ်လို့ ထင်မထားဘူး။ နတ်ဘုရားပဲ "
" အခု ဆရာကြီးကျူးရဲ့ပညာကို သံသယဝင်ရဲတဲ့ကောင် ရှိတယ်မဟုတ်လား "
" ရေတွင်းထဲကဖားက ပင်လယ်ကြီးဘယ်လောက်ကျယ်ကြောင်း လေမကြီးသင့်ဘူး။ အဲ့လိုလူက ဆရာကြီးကျူးလိုလူကို ဘယ်လိုသိနိုင်မှာလဲ "
" သူ့လိုခွေးမျက်လုံးနဲ့ အစစ်အမှန်ဆရာကြီးကို ဘယ်လိုသိနိုင်မှာလဲ "
" ကောင်လေး၊ မင်းကြောက်လွန်းလို့ တုန်လှုပ်နေပြီလား "
ယန်းဟုန်ချိုက်က ယဲ့ဖန်ကို သူ့ဂုဏ်ထူးကြောင့် ပေါ်တင်စော်ကား မပြောနိုင်သော်လည်း စိတ်ထဲမှ အထင်သေးနေသည်။
ဒီကောင်လေးက ဆရာကြီးကျူးကို မေးခွန်းထုတ်ရဲမှတော့ မောက်မာမှုက ပြိုင်ဘက်ကင်းလောက်တယ်။
ယဲ့ဖန် လှောင်ပြောင်ခံရတာကို လင်းကျွင်းကျွင်း ကြားတဲ့အခါ သူမက သူ့ကို ခုခံကာကွယ်ချင်ခဲ့သည်။
သို့သော် သူမဘက်က တန်ပြန်ပြောရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။
ယဲ့ဖန်က ဆရာကြီးကျူးကို တကယ်ပဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့သည်။
အခုတော့ ဆရာကြီးကျူးက ခက်ခဲသည့်မေးခွန်းနှစ်ခုကို ဆက်တိုက်ဖြေရှင်းပြီး ရှေးဟောင်းဆရာတစ်ဦး၏ စစ်မှန်တဲ့အစွမ်းသတ္တိကို ပြသလိုက်သောကြောင့် ယဲ့ဖန်မျက်နှာကို ပါးရိုက်ခံလိုက်ရသည်။
ဘာအကြောင်းပြချက်ပေးစရာရှိမှာလဲ။
ယန်းဟုန်ချိုက်က ခေါင်းကိုလှည့်ပြီး စွန်းရှို့ယိကို ကြည့်လိုက်သည်။
" မန်နေဂျာစွန်း၊ ဒီရှေးဟောင်းပစ္စည်းနှစ်ခုပဲ ပြင်ဆင်ခဲ့တာလား။ တတိယပစ္စည်းမရှိဘူးဆိုရင် ကျွန်တော်တို့ ရှေးဟောင်းရတနာအလုပ်ရုံဘက်က ဒီပွဲကိုအနိုင်ရလိမ့်မယ် "
စွန်းရှို့ယိက ထိုစကားကိုကြားတော့ ချက်ချင်း သက်ပြင်းရှည်ထုတ်လိုက်တယ်။
ရှေးဟောင်းရတနာအလုပ်ရုံကို ကျုံးဟိုင်ကို ရွှေ့လိုက်သည်နှင့် မေပယ်ရွက်ရှေးဟောင်းဆိုင်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုမျိုး ဖြစ်လာမည်ဆိုတာကို သူသိသည်။
သို့ပေမယ့် သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
တစ်ဖက်က ဆရာကြီးကျူးကို ဖိတ်မယ်လို့ ဘယ်သူက ထင်မှာလဲ။
သူက ဒီလိုအဆင့်ရှိတဲ့ဆရာကြီးနဲ့ တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီပေ။
" ဒီပြိုင်ပွဲမှာ ရှေးဟောင်းရတနာအလုပ်ရုံက တကယ်ကို ပိုကောင်းပါတယ် "
စွန်းရှို့ယိက ရှုံးနိမ့်မှုကို ဝန်ခံတော့အချိန်မှာပဲ တိတ်ဆိတ်နေခဲ့တဲ့ ယဲ့ဖန်က ရုတ်တရက် စကားစလိုက်သည်။
" ကျွန်တော့်မှာ ရှေးဟောင်းပစ္စည်းတစ်ခုရှိတယ်။ ကူကြည့်ပေးဖို့ ဆရာကြီးကျူးကို တောင်းဆိုချင်ပါတယ် "
အပိုင်း ( ၄၂၆ )
ရှေးဟောင်းပစ္စည်းဆရာကြီးက သေတ္တာပျက်တစ်ခုကြောင့် ပျာယာခတ်သွားတယ်
ယဲ့ဖန်က စားပွဲပေါ်ရှိ အထုပ်ကို ဖွင့်ကြည့်ရင်း ပြောလိုက်သည်။
ထို့နောက် သစ်သားသေတ္တာ၏ အသွင်အပြင် အစစ်အမှန်ကို ထုတ်ဖော်ခဲ့သည်။
သူ့စကားကြားတော့ အားလုံးက မျှော်လင့်ချက်တွေ ပြည့်နေသည်။
ထိုက်တန်သော ရှေးဟောင်းပစ္စည်းအချို့ကို ထုတ်ယူနိုင်မည်ဟု ယူဆထားကြသည်။
သို့သော် သစ်သားသေတ္တာကို တွေ့လိုက်သောအခါ အားလုံးက ချက်ချင်းပင် စိတ်ပျက်သွားကြသည်။
သစ်သားသေတ္တာက မွဲခြောက်နေပြီး မျက်နှာပြင်က မည်းနေသည်။ ကြည့်ကောင်းတာမျိုးတောင် မဟုတ်ပေ။
ထို့အပြင် သူတို့သည် သစ်သားသေတ္တာဆီက ဘာတန်ဖိုးကိုမျှ မမြင်နိုင်ပေ။
ယန်းဟုန်ချိုက်၏ အမူအရာက ချက်ချင်းပင် ရုပ်ဆိုးသွားသည်။
" ယဲ့သူဌေး မင်းက ဆရာကြီးကျူး အကဲဖြတ်ဖို့အတွက် ကျိုးပဲ့နေတဲ့သစ်သားသေတ္တာကို ယူလာခဲ့တာလား။ ငါတို့ကို ကစားနေတာလား "
စွန်းရှို့ယိ၏ မျက်နှာတွင်လည်း အဆင်မပြေသော အမူအရာ ပေါ်လာသည်။
ယဲ့ဖန်က အလွန်ယုံကြည်မှုရှိနေတာကြောင့် ဆန်းပြားတဲ့ရတနာအချို့ကို ထုတ်ယူနိုင်လိမ့်မည်ဟု အစက ထင်ခဲ့သည်။
သာမာန်သစ်သားသေတ္တာတစ်ခု ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ့မျက်လုံးထဲမှာတော့ ဘာမှထူးထူးခြားခြား မမြင်ရချေ။
သူက ရှေးဟောင်းရတနာအလုပ်ရုံမှ လူတိုင်းကို ချက်ချင်း တောင်းပန်ခဲ့သည်။
" လူတိုင်း၊ စိတ်မဆိုးပါနဲ့။ သူဌေးယဲ့က အားလုံးကို နောက်ပြောင်နေတာပါ။ ဒီပြိုင်ပွဲကို ရှေးဟောင်းရတနာအလုပ်ရုံရဲ့ အောင်ပွဲလို့ သတ်မှတ်ရမှာပါ "
သူ့စကားကြားတော့ ရှေးဟောင်းရတနာအလုပ်ရုံမှ လူငယ်တစ်စုက ပိုလို့တောင် မပျော်မရွှင်ဖြစ်သွားရသည်။
" မန်နေဂျာစွန်း၊ ခင်ဗျား ဘာတွေပြောနေတာလဲ။ 'သတ်မှတ်ရမှာပါ' က ဘာကိုဆိုလိုတာလဲ။ ငါတို့ အစွမ်းအစနဲ့ အနိုင်ယူခဲ့တာ မဟုတ်ဘူးလား "
" ဟုတ်တယ်။ ကျုပ်တို့က ခင်ဗျားတို့ကို အခွင့်အရေးပေးခဲ့တယ်လေ။ ဒါပေမယ့် ခင်ဗျားတို့ဘက်က အသုံးမကျတာမလား "
" မေပယ်ရွက်ဆိုင်က ကျုံးဟိုင်မှာရှိတဲ့ ထိပ်တန်းရှေးဟောင်းစတိုးဆိုင်သုံးဆိုင်ထဲက တစ်ခုဖြစ်တယ်လို့ သိထားပါတယ် "
" အထူးသဖြင့် သူတို့ရဲ့ သူဌေးပေါ့။ သူက တကယ်ကို အနိုင်ကျင့်တတ်လွန်းတယ်တဲ့။ တကယ်ဘဲ သူက ဆရာကြီးကျူးကိုတောင် အကြိမ်ကြိမ် လှည့်စားနေတယ်လေ "
" ဆရာကြီးကျူးကသာ စိတ်ကောင်းရှိလို့။ တခြားသူသာဆိုရင် မင်းတို့နဲ့ ပြဿနာဖြစ်တာကြာပြီ "
" ဆရာကြီးကျူးကို သူတို့က ဘယ်လိုတောင် စော်ကားရဲရတာလဲ။ မေပယ်ရွက်ဆိုင်က အနာဂတ်ရှေးဟောင်းပစ္စည်းလောကထဲမှာ နေရာတစ်ခုရှိနေဦးပါ့မလား "
" ယဲ့သူဌေး၊ မင်းရဲ့ကျိုးနေတဲ့ သစ်သားသေတ္တာကို မြန်မြန်ဖယ်လိုက်ပါ။ ကိုယ့်ကိုယ်ကို အရှက်မခွဲပါနဲ့ "
"မှန်တယ်။ စကားတွေသာ အပြင်ထွက်လာရင် ဟာသဖြစ်လိမ့်မယ်။ ဂုဏ်သိက္ခာရှိလှပါတဲ့ မေပယ်ရွက်ဆိုင် တိုက်ခိုက်ဖို့ တကယ်ပဲ ကျိုးပဲ့နေတဲ့ သစ်သားသေတ္တာကို သုံးခဲ့တာလေ ဟားဟားဟား ........... "
ယဲ့ဖန်က သူတို့၏အသံများကို နားမထောင်ဘဲ လှည့်ကြည့်ကာ ကျူးဝမ်ခိုင်ကိုသာ စိုက်ကြည့်နေသည်။
" မဖြေရှင်းနိုင်ရင် တခြားနေရာကို သွားလို့ရတယ် "
ရှေးဟောင်းရတနာအလုပ်ရုံမှ လူများက ယဲ့ဖန် အလွန်မောက်မာနေသေးသည်ကို ကြားသောအခါ အားလုံး ဒေါသ ထွက်ကြသည်။
" ဒီကလေးက မာနကြီးလွန်းတယ်။ အခုတောင် ခေါင်းမာနေတုန်းပဲ "
" အခေါင်းကို မတွေ့မချင်း သူက မျက်ရည်ကျမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဆရာကြီးကျူး၊ သူ့အတွက် ဘာက ကောင်းတာလဲဆိုတာ ပြပေးလိုက်ပါ "
" ဟုတ်တယ်။ အရှက်ခွဲဖို့ တောင်းဆိုတဲ့အတွက် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပဲ "
" ကျိုးနေတဲ့ သစ်သားသေတ္တာက ဘာထူးခြားမှာလဲ။ ဆရာကြီးကျူးက ဒါကို တစ်ချက်ကြည့်ရုံနဲ့ ဖြေရှင်းနိုင်တယ် "
" ဒီနေ့ မင်းရဲ့ မေပယ်ရွက်ဆိုင်ကို မျက်နှာပျက်အောင်လုပ်မယ် ...... "
ယန်းဟုန်ချိုက်က ယဲ့ဖန်ကို တိုက်ရိုက် ပြန်မတုံ့ပြန်ခဲ့ဘဲ ကျူးဝမ်ခိုင်ကိုသာ လှည့်ကြည့်လိုက်သည်။
" ဆရာကြီးကျူး၊ ဒါဆို ဒီနောက်ဆုံးမေးခွန်းကို ဖြေရှင်းဖို့ တောင်းဆိုပါရစေ "
ကျူးဝမ်ခိုင်က ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး စစ်ဆေးရန် ချက်ချင်း ရှေ့သို့ ထွက်လာခဲ့သည်။
သူ့ကို ယဲ့ဖန်က အကြိမ်ပေါင်းများစွာ ဒေါသဆွခဲ့တာကြောင့် သူ ဒေါသထွက်နေပြီဖြစ်သည်။ သူက ဒီတစ်ယောက်ရဲ့ မာနကို ချိုးနှိမ်ချင်နေသည်။
ကျိုးနေတဲ့ သစ်သားသေတ္တာတစ်ခုပဲ မဟုတ်လား။
အဲ့တာနဲ့ပတ်သက်ပြီး ဘာအခက်အခဲရှိမှာလဲ။
သူသာဆို အလွယ်လေးနဲ့ ရမှာမဟုတ်လား။
သို့သော် သစ်သားသေတ္တာကို ကြည့်လိုက်တော့ သူ့စိတ်ထဲမှ ဒေါသများမှာ ချက်ချင်း ပျောက်ကွယ်သွားရသည်။
အဲ့အစား မျက်နှာထားတည်သွားရသည်။
သူက သစ်သားသေတ္တာကို အမြန်ကောက်ယူပြီး သေသေချာချာ စစ်ဆေးသည်။
တစ်မိနစ်ကြာ ..........
နှစ်မိနစ်အကြာ ...............
သုံးမိနစ်…..........
ဆယ်မိနစ်ကျော်သွားသည်။
ကျူးဝမ်ခိုင်က သစ်သားသေတ္တာကို အဆက်မပြတ်ကြည့်နေရင်း သူ့ခန္ဓာကိုယ်က လှုပ်ရှားမလာတော့ပေ။
သူ့အမူအရာက ပိုပိုပြီး လေးနက်လာသည်။
နောက်ဆုံးတွင် နဖူးပေါ်မှ ချွေးသီးများပင် ပေါ်လာတော့သည်။
" ဒီ ...... ဒီသေတ္တာက နည်းနည်းတော့ ထူးဆန်းတယ် ...... "
သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သူ့ပုံစံက ရှုပ်ထွေးသော အဆင့်မြင့်သင်္ချာပုစ္ဆာကို တွက်နေရသည့် မူလတန်းကျောင်းသားနှင့်တူနေသည်။ သူ့မျက်လုံးထဲမှ ရှုပ်ထွေးမှုတွေက ပိုပိုပြီးပြင်းထန်လာသည်။
ဘေးမှာရှိနေသည့် ယန်းဟုန်ချိုက်ကလည်း အနည်းငယ် စိုးရိမ်နေမိသည်။
ဆရာကြီးကျူးက မေးခွန်းနှစ်ခုကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပြီး ဒီကျိုးပဲ့နေတဲ့ သစ်သားသေတ္တာကျမှ သူက ဘာလို့ ငုတ်တုတ်မေ့နေရတာလဲ။
ဒါကိုစဉ်းစားရင်း မေးလိုက်သည်။
" ဆရာကြီးကျူး၊ ဒီသေတ္တာမှာ ထူးဆန်းတာတစ်ခုရှိလို့လား "
ကျူးဝမ်ခိုင်က သူ့စကားကို လျစ်လျူရှုလိုက်သည်။
တကယ်တော့ ဒီသေတ္တာကိုဖွင့်ရန် နည်းလမ်းမျိုးစုံ သူကြိုးစားခဲ့သည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ အားလုံး ရှုံးနိမ့်မှုတွေနဲ့ ပြီးဆုံးသွားခဲ့ရသည်။
အဆုံးတွင် ကုလားထိုင်ပေါ်သို့ လဲကျသွားတော့သည်။
နဖူးပေါ်က ချွေးတွေကို သူ့လက်နဲ့ သုတ်လိုက်သည်။
" ဒီအဘိုးကြီး ...... အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ဒီသေတ္တာရဲ့ဇာစ်မြစ်ကို တကယ်ပဲ မပြောနိုင်ပါဘူး "
သူက စကားကို ခါးသက်သက်ဖြင့် ပြောနေရသည်။
သူ့လို ရှေးဟောင်းပစ္စည်းပညာရှင်ကြီး တစ်ယောက်က သူ့အမြင်မမှန်းနိုင်ဘူးလို့ ပြောရတာက သူ့ကို သတ်လိုက်တာထက် ပိုဆိုးကြောင်း ဝန်ခံရပေမည်။
သူ အဲ့လိုပြောလိုက်တာနဲ့ ခန်းမထဲတွင် ဗုံးကြဲလိုက်သလို အပြင်းအထန် တုန့်ပြန်လာကြသည်။
" ဒါကဘာလဲ။ ဆရာကြီးကျူးတောင် ..... ဒီသေတ္တာရဲ့ မူလအစကိုပင် မပြောနိုင်ဘူးလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" ဟုတ်တယ်။ ဆရာကြီးကျူးရဲ့ အစွမ်းကို ငါတို့အားလုံး တွေ့ခဲ့ကြရတာပဲ။ သူက ခက်ခဲတဲ့ မေးခွန်နှစ်ခုကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့တယ်လေ။ ကျိုးနေတဲ့ သစ်သားသေတ္တာကျမှ သူက ဘယ်လို ဖြစ်ကုန်တာလဲ "
" ဆရာကြီးကျူး၊ ကျေးဇူးပြုပြီးတော့ အနီးကပ်ထပ်ကြည့်ပေးပါ။ သေချာပေါက် ဖွင့်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် "
" ဟုတ်ပါတယ်၊ ဆရာကြီးကျူး။ ဆရာ့ရဲ့ခွန်အားကို ကျွန်တော်တို့ ယုံကြည်တယ်။ ကျိုးနေတဲ့ သစ်သားသေတ္တာက ဘာအခက်အခဲရှိလို့လဲ "
ရှေးဟောင်းရတနာအလုပ်ရုံမှ လူငယ်များက ထိုအဖြစ်မှန်ကို လက်မခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် စကားများလာကြသည်။
စွန်းရှို့ယိနှင့် လင်းကျွင်းကျွင်းတို့သည်လည်း မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်။
ကျူးဝမ်ခိုင်က မေးခွန်းနှစ်ခုကို လွယ်လွယ်ကူကူပင် ဖြေခဲ့သည်။ ဒါက ရှေးဟောင်းပစ္စည်းဆရာကြီးဟာ သူ၏ဂုဏ်သတင်းနှင့်အညီ နေထိုင်ကြောင်း သက်သေပြရန် လုံလောက်ခဲ့သည်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရှေးဟောင်းပစ္စည်းဆရာကြီးက ကျိုးပဲ့နေတဲ့ သစ်သားသေတ္တာတစ်ခုကြောင့် ငုတ်တုတ်ဖြစ်နေရသည်။
ဒါက သေချာပေါက် ပြောစရာ ဒဏ္ဍာရီတစ်ခုဖြစ်လာမှာပဲ။
တတိယမြောက် ရှေးဟောင်းပစ္စည်းကို ယဲ့ဖန်က ပေးမည် ပြောလာတာက အံ့သြစရာမဟုတ်တော့ပေ။ သူက အဆင်သင့်ပြင်လာမှန်း သိလိုက်ရသည်။
ယဲ့ဖန်က ဒီလိုထူးဆန်းတာကို ဘယ်ကနေ ရလာမှန်း သူ တကယ်မသိပေ။
ယန်းဟုန်ချိုက်လည်း စိုးရိမ်နေမိသည်။
အကယ်၍ ကျူးဝမ်ခိုင်က ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့လျှင် ရှေးဟောင်းရတနာအလုပ်ရုံက ကျုံးဟိုင်သို့ နောက်သုံးနှစ်ကြာအောင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဒါက သေချာပေါက် လက်သင့်မခံနိုင်တဲ့ ဆုံးရှုံးမှုကြီးဖြစ်သည်။
" ဆရာကြီးကျူး၊ ဒီသစ်သားသေတ္တာက ရှေးဟောင်းပစ္စည်း စစ်ရဲ့လားဆိုတာကို ပြောလို့ မရဘူး။ ဒီကလေးက လှည့်စားထားတာ ဖြစ်နိုင်တယ် "
သူက ကျူးဝမ်ခိုင်ကို လှည့်စားရန် အရိပ်အမြွက်ပြောလိုက်သည်။
ကျူးဝမ်ခိုင်က သူနှင့်အတူ လှည့်စားဖို့ ဆန္ဒရှိပြီး ယဲ့ဖန်၏ သေတ္တာကိုမဖွင့်နိုင်မှန်း ငြင်းရင်တောင် ရှေးဟောင်းပစ္စည်းလောကတွင် ကျူးဝမ်ခိုင်၏ အဆင့်အတန်းကြောင့် သူ့ကို ဘယ်သူကမှ မေးခွန်းထုတ်ဝံ့မည်မဟုတ်ပေ။
ဒီနည်းဖြင့် သူ့ဘက်ကလည်း ရှေးဟောင်းရတနာ အလုပ်ရုံ၏ အကျိုးအမြတ်တွေကို ထိန်းသိမ်းနိုင်ရုံသာမက သူ၏ ဂုဏ်သတင်းကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်လေသည်။
ကျူးဝမ်ခိုင်က လှည့်ကွက်များတဲ့ စီးပွားရေးသမား မဟုတ်တာကြောင့် ယန်းဟုန်ချိုက်စကားတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ထားတဲ့ အဓိပ္ပါယ်ကို သူဘယ်လိုမှ မကြားနိုင်ခဲ့ပေ။
ထို့ကြောင့် သူက ခေါင်းခါလိုက်သည်။
" ဒီတစ်ခါတော့ ဒီအဘိုးကြီးက တကယ် ရှုံးသွားပါပြီ "
အပိုင်း ( ၄၂၇ )
ဒီမိန်းမက သူ့ကို အခွင့်ကောင်းယူဖို့ အမြဲတမ်းအခွင့်အရေးရှာနေတတ်တယ်
" ဒီယန္တရားသေတ္တာက တကယ့်ကို ရှေးဟောင်းပစ္စည်းတစ်ခုပါပဲ။ ဒါပေမယ့် ဖွင့်ဖို့ နည်းလမ်း ရှာမတွေ့လို့ အထဲမှာ ဘာပါလဲဆိုတာ မသိရပါဘူး။ အဲ့တာကြောင့် ဒီအဘိုးအိုက ဒီတိုက်ပွဲမှာ အကြွင်းမဲ့ရှုံးနိမ့်သွားရပါတယ် "
ကျူးဝမ်ခိုင်က ယဲ့ဖန်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။
" ယဲ့သူဌေးလေးက အရမ်းငယ်ပြီး အလားအလာလည်းကောင်းတယ်။ မေပယ်ရွက်ဆိုင်ကလည်း ဂုဏ်သတင်းနဲ့ ညီလှပါတယ် "
ထိုသို့ပြောကာ မတ်တပ်ရပ်ပြီး ထွက်သွားတော့သည်။
စွန်းရှို့ယိကတော့ သူ့ရဲ့ ထိတ်လန့်တုန်လှုပ်မှုကနေ သတိမလည်သေးပေ။
သို့သော် သူက ယန်းဟုန်ချိုက်ကို ချက်ချင်း ကြည့်လိုက်သည်။
" ယန်းလူကြီးမင်း၊ ဆရာကြီးကျူးက ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါပြီ။ တကယ်လို့ လူကြီးမင်းတို့ရဲ့ ရှေးဟောင်းရတနာအလုပ်ရုံက ဒီစိန်ခေါ်မှုကိုထပ်ပြီး လက်ခံမယ့်သူမရှိတော့ရင် ကျွန်တော်တို့ရဲ့ မေပယ်ရွက်ဆိုင်က ဒီပွဲကို အနိုင်သတ်မှတ်မှာပါ "
ယန်းဟုန်ချိုက်၏ မျက်နှာက ပြင်းထန်စွာ တုန်လှုပ်သွားသည်။
သူတို့၏ ရှေးဟောင်းရတနာအလုပ်ရုံက ကျူးဝမ်ခိုင်အပေါ်ကိုသာ သူတို့ရဲ့မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားခဲ့တာဖြစ်သည်။
တခြားသူ ဘယ်လိုလုပ် ရှိနိုင်ဦးမှာလဲ။
ထို့အပြင် ကျူးဝမ်ခိုက်ကတောင် ဒါကို မဖွင့်နိုင်မှတော့ တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ ရှေးဟောင်းပစ္စည်းလောကမှာ ဘယ်သူကများ ဖွင့်နိုင်မလဲဆိုတာကို သူ မတွေးနိုင်ပေ။
" ဒီပွဲအတွက် ကျွန်တော်တို့ရဲ့ ရှေးဟောင်းရတနာအလုပ်ရုံက ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ကတိကို တည်တဲ့အနေနဲ့ ကျုံးဟိုင်ကို သုံးနှစ်ကြာအောင် မပြောင်းရွေ့ဘဲနေပါ့မယ် "
သူ့စကားက အလွန်ခါးသီးနေသည်။
ရှေးဟောင်းရတနာအလုပ်ရုံက သူ့ကို ကျုံးဟိုင်သို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ပို့လိုက်တာဖြစ်သည်။
သူက လူထုကို စိတ်မပျက်စေရဘဲ ကျုံးဟိုင်ရှိ အခြားရှေးဟောင်းပစ္စည်းအမှတ်တံဆိပ်နှစ်ခုကို အနိုင်ယူခဲ့သည်။
မေပယ်ဆိုင်ကို အနိုင်ယူနိုင်သရွေ့ သူတို့၏ အစီအစဉ်က အောင်မြင်တော့မှာဖြစ်သည်။
နောက်ဆုံးအချိန်၊ နောက်ဆုံးအခိုက်အတန့်မှာမှ လူငယ်တစ်ယောက်ဆီက အနှပ်ခံလိုက်ရသည်။
သူ အထက်လူကြီးတွေနဲ့ မျက်နှာချင်းဆိုင်စရာ မရှိတော့ပေ။
သူ ဘယ်လိုရှင်းပြရမလဲ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရှုံးတာက ရှုံးတာပဲဖြစ်သည်။
ညှိနှိုင်းရန် နေရာမရှိပေ။
" သူဌေးယဲ့၊ မန်နေဂျာစွန်း၊ ကျွန်တော်တို့ ပြန်ဆုံကြတာပေါ့ "
သူက ယဲ့ဖန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။
ထို့နောက် လူငယ်အုပ်စုကို ဦးဆောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့သည်။
" ကျွန်မတို့ အနိုင်ရပြီ "
သူတို့ထွက်သွားပြီးနောက် လင်းကျွင်းကျွင်းက သူမ၏ပျော်ရွှင်မှုကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
သူမက အနားမှာရှိနေသည့် ယဲ့ဖန်ကို ပွေ့ဖက်ကာ ခုန်ပေါက် ကြည်နူးနေတော့သည်။
သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းနှစ်ခုက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ပွတ်တိုက်မှုကြောင့် ယဲ့ဖန်၏နှလုံးသားကို နာကျင်စေခဲ့သည်။
ဒါပေမယ့် ယဲ့ဖန်က သူမကို တွန်းမထုတ်ခဲ့ပေ။
အဲ့တာက နည်းနည်း သိသာလွန်းပုံရသည်။
ဒီအမျိုးသမီးက သူ့အပေါ် အခွင့်ကောင်းယူဖို့ အမြဲအခွင့်ရှာနေသည်။
သူ့စိတ်ထဲမှ ခါးသက်သက်ဖြစ်သွားသည်။
ဘေးမှာရပ်နေတဲ့ စွန်းရှို့ယိက ချောင်းဟန့်လိုက်သည်။
" ဒီနေ့ သူဌေးလာတာ ကံကောင်းသွားတယ်။ ဒီလိုမှမဟုတ်ရင် ရှေးဟောင်းရတနာအလုပ်ရုံကို ဝင်မလာဖို့ တားနိုင်မှာ မဟုတ်ဘူး "
လင်းကျွင်းကျွင်းက သူ့စကားကို ကြားသောအခါမှသာ တုံ့ပြန်ခဲ့သည်။
အစောပိုင်းက သူမ၏ လုပ်ရပ်တွေက အနည်းငယ် လွန်သွားပုံပေါ်သည်။ သူမက ယဲ့ဖန်လက်ကို အမြန်လွှတ်လိုက်သည်။
သူမ၏ လှပသော မျက်နှာက နီမြန်းလာသည်။
ပုန်းဖို့ အပေါက်သာရှာလိုက်ချင်သည်။
ယဲ့ဖန်က သူမကို ဂရုမစိုက်ချေ။ စွန်းရှို့ယိကိုသာ ခါးသက်သက် ပြုံးပြလိုက်သည်။
" တကယ်တော့ ကျွန်တော် သူတို့အတွက် ခက်ခဲတဲ့အရာတွေကို မလုပ်ချင်ခဲ့ပါဘူး။ ဒီသစ်သားသေတ္တာကို ဖွင့်ဖို့ ဆရာကြီးကျူးရဲ့ ပညာကို ငှားချင်ခဲ့တာ။ ဒါပေမယ့် ဆရာကြီးကျူးကလည်း ဒါကို မဖွင့်နိုင်ဘူးလို့ ကျွန်တော် မမျှော်လင့်ထားဘူး "
စွန်းရှို့ယိက သစ်သားသေတ္တာကို အကြာကြီး စိုက်ကြည့်နေသည်။
" မင်း ဘာလို့ ချန်းချုံရှန်းလူကြီးမင်းကို အကူအညီမတောင်းတာလဲ။ သူ့မှာ ချိတ်ဆက်မှုတွေ အများကြီးရှိတော့ ကူညီပေးနိုင်လောက်တယ် "
သူ သတိပေးပြီးနောက်တွင် ယဲ့ဖန်ကလည်း အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။
လက်ရှိတွင် ရှေးဟောင်းပစ္စည်းဆရာများကတောင် ဖွင့်ဖို့ အလွန်ခက်ခဲနေသည်။
ချန်းချုံရှန်းက အလွှာပေါင်းစုံက လူတော်တော်များများကို သိသည်။
သူက တကယ်ပဲ ကူညီနိုင်တာလည်း ဖြစ်နိုင်သည်။
ဒါကိုတွေးပြီး ချန်းချုံရှန်းကို အလျင်စလို ဖုန်းဆက်လိုက်သည်။
" အစ်ကိုချန်း၊ အခု ဘယ်မှာလဲ ကျွန်တော် လာရှာမယ် "
" ငါ အခု ကုန်းရှန်းဟုန် နဲ့ ဂေါက်ရိုက်နေတယ်။ ဘာကိစ္စရှိလို့လဲ ယဲ့ညီလေး "
" ဒီလိုပါပဲ။ ကျွန်တော့်လက်ထဲမှာ ထူးဆန်းတဲ့အရာတစ်ခုရှိတယ်။ ဆရာကြီးကျူးဝမ်ခိုင်က အဲ့ဒါကို အခုပဲ ကြည့်ခဲ့ပေမယ့် အဲ့အရာရဲ့ ဇာစ်မြစ်ကို သူ မသိလို့ အစ်ကို့ကို ပြကြည့်ချင်တာ "
" ညီလေး၊ မင်း ငါ့ကို ရွဲ့များနေတာလား။ မဟာဆရာကြီးကျူးတောင် မပြောနိုင်တာ ငါက ဘယ်လိုလုပ်သိမှာလဲ "
" အစ်ကိုချန်းက အဆက်အသွယ် ကောင်းတွေရှိတယ်မလား။ မပြောဘူးလေ ကူညီပေးနိုင်မယ့်လူကို ဆက်သွယ်လို့ရတာ ဖြစ်သွားနိုင်တာပဲ "
" အဲ့လိုစီစဉ်နေတာလား။ ကောင်းပြီလေ၊ မင်း ငါတို့ကို ဂေါက်ကွင်းကို လာရှာပြီး အပန်းလည်းဖြေပေါ့ "
ယဲ့ဖန် ဖုန်းကို ချလိုက်သည်။
သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်သွားတော့မှာမယ့်အချိန်မှာပဲ လင်းကျွင်းကျွင်းက ပြောသည်။
" ကျွန်မလည်း သွားချင်တယ် "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" စီးပွားရေးအကြောင်းပြောမှာကို ဘာလိုက်လုပ်မလို့လဲ "
လင်းကျွင်းကျွင်း အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။
" ကျွန်မဆရာကို လိုက်တွေ့မယ်လေ။ မရဘူးလား "
ထိုအချိန်မှ လင်းကျွင်းကျွင်းဟာ ချန်းချုံရှန်းကို ဆရာတင်ထားမှန်း ယဲ့ဖန် သတိရမိတော့သည်၊
အတိအကျပြောရလျှင် သူတို့နှစ်ယောက်က ဘာပတ်သက်မှုမှ မရှိတဲ့သူတွေဖြစ်တာကြောင့် သူမဆရာသခင်ကို သွားတွေ့ဖို့ကို သူက ဘာအကြောင်းကြောင့် တားရမှာလဲ။
" ဒါဆိုလည်း အတူတူသွားရအောင် "
သူသည် သစ်သားသေတ္တာကို လင်းကျွင်းကျွင်းလက်ထဲသို့ထည့်ကာ အရင်ထွက်လာခဲ့သည်။
လင်းကျွင်းကျွင်းက သူ့နောက်ကျောကနေ လက်သီးလေးများ ဝှေ့ယမ်းလိုက်သည်။
သူက သူမကို အစေခံတစ်ယောက်လို ဆက်ဆံနေတာလား။
သူမ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူမ အမြန်ပြေးလိုက်သွားခဲ့သည်။
ဘေးကနေ စောင့်ကြည့်နေတဲ့ စွန်းရှို့ယိက ခေါင်းယမ်းကာ သူတို့နှစ်ယောက် ထွက်သွားသည့်လမ်းကို ကြည့်ကာ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
နောင်တွင် ဒီမိန်းကလေးကို ပိုကောင်းအောင် ဆက်ဆံရမည်ဟုလည်း တွေးနေသည်။
တစ်နေ့မှာတော့ ဒီကလေးမလေးက သူ့သခင်မ ဖြစ်လာနိုင်ချေရှိလေသည်။
.............
ရှေးဟောင်းရတနာအလုပ်ရုံက မေပယ်ရွက်ဆိုင်ကို စိန်ခေါ်ရန် ပျက်ကွက်ခဲ့သည့်သတင်းက ကျုံးဟိုင်၏ ရှေးဟောင်းပစ္စည်းလုပ်ငန်းခွင်တစ်ခွင် ပျံ့နှံ့သွားသည်။
ချက်ချင်းဆိုသလို ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်သွားသည်။
ကျုံးဟိုင်ရှိ နယ်ခံများအတွက် ရှေးဟောင်းရတနာအလုပ်ရုံကဲ့သို့သော ပြင်ပလုပ်ငန်းကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေချင်ကြပေ။
ထို့ကြောင့် ရှေးဟောင်းအမှတ်တံဆိပ်သုံးခုက တွန်းလှန်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။
သို့သော် ရှေးဟောင်းရတနာအလုပ်ရုံက ရှေးဟောင်းပစ္စည်းဆရာသခင်ကြီး ကျူးဝမ်ခိုင်ကို အမှန်တကယ် ဖိတ်ခေါ်ခဲ့မည်ဟု မထင်ထားခဲ့ကြပေ။
မရပ်မနား အရှိန်အဟုန်ဖြင့် သူတို့က အဓိက အမှတ်တံဆိပ်နှစ်ခုဖြစ်သည့် ရွှေအိုးဆိုင်နှင့် မှင်အိုးဆိုင်တို့ကို ဆက်တိုက်အနိုင်ယူခဲ့သည်။
ထို့ကြောင့် လူတိုင်းက စိတ်ဓာတ်ကျနေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် မေပယ်ရွက်ဆိုင်က ရှေးဟောင်းအမှတ်တံဆိပ်သုံးမျိုးတွင် အနိမ့်ဆုံးဖြစ်သောကြောင့်ဖြစ်သည်။
လက်ရှိအချိန်မှာ အားအကောင်းဆုံး အမှတ်တံဆိပ်နှစ်ခုက ရှုံးသွားရတော့ မေပယ်ရွက်ဆိုင်အတွက်က အနိုင်အရှုံးကို ရင်ခုန်စရာ မရှိတော့ပေ။
သို့သော် မေပယ်ရွက်ဆိုင်က သူတို့ဆိုင်၏ စွမ်းအားကို ရုတ်တရက်ပြသလိုက်ပြီး ရှေးဟောင်းရတနာ အလုပ်ရုံ၏ စိန်ခေါ်မှုကို အမှန်တကယ် ပိတ်ဆို့တားဆီးနိုင်ခဲ့မည်ကို သူတို့ လုံးဝ မမျှော်လင့်ထားပေ။
ဒါက ကစားပွဲကို လှည့်လိုက်နိုင်တာပဲ။
တစ်ချိန်က သုံးခုထဲမှ အနိမ့်ဆုံးဖြစ်ခဲ့သည့် မေပယ်ရွက်ဆိုင်သည် ကျုံးဟိုင်၏ ရှေးဟောင်းပစ္စည်းလုပ်ငန်း ကယ်တင်ရှင်ကြီးဖြစ်လာခဲ့သည်။
သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုက ကြီးမားလာကာ ယဲ့ဖန်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကလည်း ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ်လာတော့သည် ........
အပိုင်း ( ၄၂၈ )
ဒီလူငယ်လေးက တကယ်ကို နတ်ဘုရားအဆင့်ပဲ
ရွှေအိုးဆိုင်တွင်။
ကျုံးဟိုင်ရှိ ရှေးဟောင်းပစ္စည်းဆိုင် ထိပ်တန်းသုံးခုထဲမှ တစ်ခုအနေဖြင့် သူတို့ဆိုင်ဟာ ရှေးဟောင်းပစ္စည်းလောကမှာ ဆရာတစ်ဆူသဖွယ် အမြဲရပ်တည်ခဲ့သည်။
ရှေးဟောင်းရတနာအလုပ်ရုံက မေပယ်ရွက်ဆိုင်ကို စိန်ခေါ်တာ ရှုံးတဲ့အကြောင်း သတင်းပြန့်နှံ့သွားတဲ့အခါ ရွှေအိုးဆိုင်ရဲ့ သူဌေး ရှောင်ဟုန်းရွမ်က သူ့လက်အောက်ရှိ အထက်တန်းအဆင့်ဝန်ထမ်းတွေအားလုံးကို စုရုံးလိုက်တော့သည်။
" မေပယ်ရွက်ဆိုင်ကိုစိန်ခေါ်ဖို့ ရှေးဟောင်းရတနာအလုပ်ရုံက ပျက်ကွက်သွားတာကို မင်းတို့ ဘယ်လိုထင်လဲ "
ခေါင်းကို မော့လိုက်ပြီး ရောက်လာသူအားလုံးကို ကြည့်လိုက်သည်။ အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စပြီး စကားပြောကြသည်။
" ဒါကို မမျှော်လင့်ထားဘူး။ မေပယ်ရွက်ဆိုင်မှာ ဒီလို ခွန်အားတွေ ရှိနေမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး "
" ဟုတ်တယ်၊ ရှေးဟောင်းရတနာအလုပ်ရုံက ကျူးဝမ်ခိုင်ကို ဖိတ်ဖို့ ဒီတစ်ကြိမ်မှာ အများကြီးရင်းနှီးမြုပ်နှံထားတာ "
" တကယ်လို့ မေပယ်ရွက်ဆိုင်က ရှုံးပြီး ရှေးဟောင်းရတနာအလုပ်ရုံက ကျုံးဟိုင်ကို အောင်အောင်မြင်မြင်နဲ့ ရောက်လာရင်လည်း ကျွန်တော်တို့ရဲ့ ရွှေအိုးဆိုင်ကို ကျိန်းသေပေါက် ထိခိုက်လိမ့်မယ် "
ရှောင်ဟုန်းရွမ်က လူတိုင်း၏ ဆွေးနွေးမှုကို ချိန်အတော်ကြာ နားထောင်ခဲ့သော်လည်း ဘယ်သူကမျှ သူ့စိတ်ကို ထိမိသွားစေတဲ့ အကြံပြုမှုမရှိတာကြောင့် သူ့အမူအရာက ရုပ်ဆိုးသွားခဲ့ရသည်။
" မေပယ်ရွက်ဆိုင်အကြောင်းကို ပုံကြီးချဲ့ခိုင်းနေတာ မဟုတ်ဘူး။ မေပယ်ရွက်ဆိုင်ရဲ့ ဒီတစ်ကြိမ်ကစားပွဲက ရှေးဟောင်းပစ္စည်းလောကကို အတော်လေး ရိုက်ခတ်သွားပေမဲ့ တစ်ချိန်တည်းမှာပဲ မေပယ်ရွက်ဆိုင်ရဲ့ လွှမ်းမိုးမှုအရှိန်အဟုန်က ကျယ်ပြန့်လာနေတယ် "
" အဲ့တာက ငါတို့ရဲ့ ရွှေအိုးဆိုင်ကို သေချာပေါက် အကျိုးသက်ရောက်လာလိမ့်မယ်။ ငါတို့ ဒါကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းတို့ထင်လဲ "
ထိုအခါမှ အားလုံးက သူဌေးဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို နားလည်သွားကြတော့သည်။
ဒီအဖြစ်အပျက်ပြီးတဲ့နောက် မေပယ်ရွက်ဆိုင်က တကယ်ပဲ မီးမောင်းထိုးပြခဲ့ရသည်။
ကျုံးဟိုင်၏ ရှေးဟောင်းပစ္စည်းလုပ်ငန်းမှ အကြီးဆုံးရွှေအိုးဆိုင်နဲ့ ဒုတိယအကြီးဆုံး မှင်အိုးဆိုင်တို့က နှစ်ဦးစလုံး ရှုံးနိမ့်ခဲ့သည်။
သို့သော် တတိယအဆင့်ဖြစ်တဲ့ မေပယ်ရွက်ဆိုင်က ကစားပွဲလှည့်ခဲ့လိုက်သည်။
အခုအခါ လူအများက မေပယ်ရွက်ဆိုင်ကို ကျုံးဟိုင်၏ ရှေးဟောင်းပစ္စည်းလုပ်ငန်းမှ စစ်မှန်သောကျောက်ဆူးဖြစ်သည်ဟုပင် ပြောနေကြသည်။
ရေရှည်မှာ ရွှေအိုးက မျက်နှာကို ဘယ်မှာထားရမှာလဲ။
" သူဌေး၊ ဒါက ဒုက္ခရောက်မယ်ထင်တယ်။ ဒီအချိန်မှာ မေပယ်ရွက်ဆိုင်က ထင်ပေါ်နေတော့ သူတို့ကို ပြဿနာရှာမယ်ဆို အဲ့ ...... အဲ့တာက မကောင်းဘူးမဟုတ်လား "
" ဟုတ်တယ်၊ မေပယ်ရွက်ဆိုင်က ရှေးဟောင်းရတနာအလုပ်ရုံကို တားလိုက်ပြီးတော့ ကျုံးဟိုင်ရှေးဟောင်းပစ္စည်းလုပ်ငန်းရဲ့ သူရဲကောင်းဖြစ်နေတယ်။ အခုသူတို့ကို တိုက်ခိုက်ရင် လူတွေက အတင်းအဖျင်းပြောမှာကို စိုးရိမ်ရတယ် "
" အဟုတ်ပဲ၊ မေပယ်ရွက်ဆိုင်က ရှေးဟောင်းရတနာအလုပ်ရုံကို တားခဲ့တာက ကျွန်တော်တို့ရဲ့ ရွှေအိုးဆိုင်ကို ဒုက္ခကနေ သွယ်ဝိုက်ပြီး ကူညီပေးခဲ့တာပဲလေ။ အခုလိုလုပ်လိုက်ရင် ငါတို့ သေတဲ့အထိ အပြောခံရလိမ့်မယ် "
" ဘာပဲဖြစ်ဖြစ် အခု မေပယ်ရွက်ဆိုင်ကို တိုက်ခိုက်ဖို့ သဘောမတူဘူး။ တိုက်ခိုက်ချင်ရင်တောင် မုန်တိုင်းပြီးတဲ့အထိ စောင့်ရမှာပဲ "
" ကျွန်တော်လည်း သဘောတူတယ် ....... "
ရှောင်ဟုန်းရွမ်က လူတိုင်းပြောသည်ကို ကြားသောအခါ လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။
" ငါလည်း အဲ့လိုထင်တယ်။ ဒါပေမဲ့ လူတိုင်း သတိထားသင့်တယ်။ ဒီမေပယ်ရွက်ဆိုင်က အနာဂတ်မှာ ငါတို့ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာမှာ သေချာတယ် "
လူတိုင်းက ခေါင်းငြိမ့်ကြသည်။
................................
တစ်ဖက်တွင်လည်း မှင်အိုးဆိုင်ရှိ လူတိုင်းကလည်း ဘုံရန်သူကြီးကို အလားတူ သတိပြုမိကြသည်။
မှင်အိုးဆိုင်ပိုင်ရှင် ရှုမောင်းဝမ်သည် တည်ကြည်သော အမူအရာဖြင့် အကြီးတန်းအုပ်စုကို ကြည့်လိုက်သည်။
" ကျုံးဟိုင်ကနေ ရှေးဟောင်းရတနာအလုပ်ရုံကို အောင်မြင်စွာနဲ့ ခုခံကာကွယ်ခဲ့နိုင်ပေမဲ့လည်း မေပယ်ရွက်ဆိုင်က နာမည်ကောင်းနဲ့ ထွက်ပေါ်လာခဲ့တယ်။ အဲ့တော့ ငါတို့တွေ သတိလွတ်လို့ မဖြစ်ဘူး "
အထက်လူကြီးတွေက ခေါင်းငြိမ့်သဘောတူကြသည်။
" ဟုတ်တယ်၊ ပြီးတော့ မေပယ်ရွက်ဆိုင်က ရှေးဟောင်းရတနာအလုပ်ရုံထက်တောင် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော်ခံစားရတယ် "
" ပြီးတော့၊ ရှေးဟောင်းရတနာအလုပ်ရုံက နယ်ခြားကအလုပ်ရုံတစ်ခုတင်ပါပဲ။ သူတို့နိုင်သွားရင်တောင် ကျုံးဟိုင်မှာ ခြေကုပ်ယူဖို့ အချိန်အတော်ကြာဦးမှာ။ ဒါပေမဲ့ မေပယ်ရွက်ဆိုင်ကတော့ အလွန်ကြီးမားနက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ရှိပြီးသား ဒေသတွင်းအင်အားရှိတယ် "
" ဒီလိုအခြေအနေမှာ ရှေးဟောင်းရတနာအလုပ်ရုံကို ဝင်ခွင့်ပြုလိုက်တာကတောင် ပိုကောင်းသေးတယ်။ အခု မေပယ်ရွက်ဆိုင်ကိစ္စက ပိုတောင် ဒုက္ခများနေပြီ "
" မထင်မရှား မေပယ်ရွက်ဆိုင်က တောက်ပတဲ့ စွမ်းဆောင်ချက်တစ်ခုတည်းနဲ့ လှုပ်ခတ်သွားစေမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ သူတို့က သူတို့ရဲ့ကိုယ်ပိုင် အစွမ်းနဲ့ ရှေးဟောင်းရတနာ အလုပ်ရုံကို တားနိုင်ခဲ့တယ်လေ "
" မှန်တယ်။ ရှေးဟောင်းရတနာအလုပ်ရုံက ကျူးဝမ်ခိုင်တောင် မအောင်မြင်ခဲ့ဘူး။ အခုတစ်ကြိမ်မှာ မေပယ်ရွက်ဆိုင်က အတော်လေး နာမည်ကြီးလာတယ်လို့ ဆိုနိုင်တယ် "
ရှုမောင်းဝမ်သည် လူတိုင်းကို နှုတ်ဆိတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။
" မေပယ်ရွက်ဆိုင်က အခုအချိန်မှာ မီးမောင်းထဲရောက်နေတယ်။ လောလောဆယ် သူတို့ကို မနှောင့်ယှက်နဲ့ဦး။ ဒီကိစ္စ ပြီးရင် ဘာလုပ်ရမလဲ ငါတို့ စဉ်းစားကြမယ် "
" ဟုတ်ကဲ့ပါဆရာ "
..............................
အမှတ်တံဆိပ်ကြီးနှစ်ခုတင်မကဘဲ ရှေးဟောင်းပစ္စည်းလောကရဲ့ လမ်းကြောင်းကို သိတဲ့လူတော်တော်များများက ဒီအကြောင်းကို ပြောနေကြသည်။
ရှေးဟောင်းပစ္စည်း စုဆောင်းသူများစွာ တက်ရောက်သည့် သေးငယ်သော စုဝေးပွဲတစ်ခုတွင်။
" ဒီတစ်ခါတော့ မေပယ်ရွက်ဆိုင်က တကယ်ကို ထင်ရှားပေါ်လွင်လာနေပြီ။ ဆရာကြီးကျူးကတောင် သူတို့ကို ရှုံးနိမ့်ခဲ့ရတာ "
" မေပယ်ရွက်ဆိုင်က ရုတ်တရက် ဘယ်လိုအင်အားကြီးလာတာလဲ။ ရွှေအိုးဆိုင်နှင့် မှင်အိုးဆိုင်ကတောင် သူတို့ကို မတားနိုင်ခဲ့လေ "
" အစက မေပယ်ရွက်ဆိုင်က ယူခဲ့တဲ့ ရှေးဟောင်းပစ္စည်းနှစ်ခုကို ဆရာကြီးကျူးက အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ တော့ ကြားတယ်။ ဒါပေမဲ့ အဲ့အချိန်မှာဘဲ မေပယ်ရွက်ဆိုင်ပိုင်ရှင် ယဲ့ဖန်က ကျိုးပဲ့နေတဲ့သစ်သားသေတ္တာကို ရုတ်တရက် ထုတ်ယူလာတာတဲ့။ ဆရာကြီးကျူးတောင်မှ ဘယ်ကလာတယ်ဆိုတာ မပြောနိုင်ဘူးပြောတယ် "
" ဆရာကြီးကျူးကတောင် ဘယ်ကလာတယ်ဆိုတာ မပြောနိုင်ဘူးလား။ ဒါက ဘယ်လိုမျိုးတောင်လဲ "
" ဒါကိုတော့ ငါလည်းမသိဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆရာကျူးက ယဲ့ဖန်ရဲ့ လက်ထဲမှာ အတော်လေးကြီးတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့လိုက်ရတာဘဲ "
" ဒီ ယဲ့ဖန်က ဘယ်ကရောက်လာတာလဲ။ ငါ သူ့အကြောင်းကို ဘာလို့အရင်က မကြားဖူးတာလဲ။ မေပယ်ရွက်ဆိုင်ပိုင်ရှင်က ဟူသုန့် မဟုတ်ဘူးလား။ ဘယ်တုန်းက ဝယ်လိုက်တာလဲ "
" ဒီကိစ္စက ဒဏ္ဍာရီတစ်ခုလိုပဲ။ ရှေးဟောင်းပစ္စည်းနယ်ပယ်မှာ ယဲ့ဖန်ရဲ့အောင်မြင်မှုတွေက အတော်လေး ထူးချွန်ပြောင်မြောက်တယ် ဆိုရမယ်။ လက်ဖက်ရည်ဆိုင်တစ်ခုမှာ အနက်ရောင်ဆင့်တံဆိပ်ကို တွေ့ခဲ့ပြီးတော့ မေပယ်ရွက်ဆိုင်ရှင်ဟောင်း ဟူသုန့်က အရမ်းကြိုက်သွားပြီး မေပယ်ရွက်ဆိုင်နဲ့ အလဲအလှယ်လုပ်ခဲ့တာ။ အဲ့လို ........... "
" ဒီလိုမျိုးရှိတာလား။ အံ့ဩစရာကောင်းလွန်းတာကြီး မဟုတ်ဘူးလား။ အဲ့လို အဖိုးတန်တံဆိပ်ကို လက်ဖက်ရည်ဆိုင်ကနေ ဘယ်လိုလုပ်တွေ့သွားတာလဲ။ ပြီးတော့ အဲ့တာက ရှေးဟောင်းပစ္စည်းလောကရဲ့ ကြီးမားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်နေတာလား "
" ဒီယဲ့ဖန်ဆိုတာက ဘယ်သူလဲ။ ဘယ်ဆရာက သူ့ဆရာလဲ "
" အဲ့ယဲ့ဖန်က ဂိုဏ်းမရှိဘူးလို့ ပြောတယ်။ သူ ကိုယ်တိုင် သင်ထားတာတဲ့။ ပိုကြောက်စရာကောင်းတာက ဒီနှစ်မှ သူ့အသက်က နှစ်ဆယ်ပဲရှိသေးတာ "
" အသက်နှစ်ဆယ်လား။ ဒါက သိပ်ရယ်စရာကောင်းတယ်မဟုတ်လား "
" ယုံချင်ယုံ၊ မယုံချင်နေ "
ရှေးဟောင်းလောကက သေးငယ်တဲ့စက်ဝိုင်းငယ်လေးတစ်ခုသာ ဖြစ်သည်။
ယဲ့ဖန်က စီးပွားရေးလောကမှာ အထွတ်အထိပ်ရောက်နေပြီဆိုပေမယ့် ရှေးဟောင်းလောကမှာတော့ လူအနည်းငယ်ကသာ သူ့နာမည်ကို ကြားဖူးကြသည်။
သိနေသော်လည်း လူအများစုက ဂရုမစိုက်ကြပေ။
အမှန်တော့ ရှေးဟောင်းပစ္စည်းလောကမှာ မည်သူမည်ဝါဖြစ်သည်ကို မခွဲခြားဘဲ အရာအားလုံးကို ရှေးဟောင်းပစ္စည်းစုဆောင်းရေး အရည်အချင်းကိုသာ လေးစားကြတာဖြစ်သည်။
မင်းရဲ့ ရှေးဟောင်းပစ္စည်း အရည်အချင်းက ညံ့နေရင် အမေရိကန်သမ္မတဖြစ်နေတောင် အသုံးမဝင်ပေ။
ထို့ကြောင့် ယဲ့ဖန်၏ရှေးဟောင်းပစ္စည်းဆိုင်ရာ ဒဏ္ဍာရီအတွေ့အကြုံတွေအကြောင်း ကြားကြသောအခါ သူတို့က အံ့သြသွားကြသည်။
ဒီလူငယ်လေးက တကယ်ကို နတ်ဘုရားအဆင့်ပဲ။