အပိုင်း ၄၅၇-၄၆၀
Vol. 23 Ch. 457-460
အပိုင်း ( ၄၅၇ )
ဒီကောင် မသမာနည်းသုံးနေတာလား
ထိုနေရာရှိလူတိုင်းမှာ မိဘပျောက်နေသည့် ကလေးတွေကဲ့သို့ ဖြစ်သွားကြရသည်။
အိမ်ခြံမြေလောကမှာ သူမကဲ့သို့ နတ်ဘုရားမ တစ်ပါးပေါ်ထွက်လာရန် မလွယ်ကူချေ။ ပြီးတော့ သူတို့မှာ ထိုနတ်ဘုရားမရှေ့၌ အကောင်းဆုံးကြိုးစားပြနေခဲ့ကြတာဖြစ်သည်။
ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားမက ဆိုင်သူရှိနေပြီတဲ့လား
လက်ခုပ်တီး၍ဂုဏ်ပြုလာသူမှာ လော့ကျင်းယွမ်တစ်ဦးတည်းသာရှိသည်။
“မင်းတို့နှစ်ယောက်က တကယ်နတ်ဖက်တဲ့ စုံတွဲပဲ။ မင်းက သမားတော်လေးရဲ့ ချစ်သူကောင်မလေးဆိုတော့ မင်းကို လက်ဆောင်ကြီးကြီးပေးရမှာပေါ့။ လင်းယွမ်အိမ်ခြံမြေသာ ယန်ချန်ကိုလာချင်တယ်ဆိုရင် လုံကျန်းအိမ်ခြံမြေက အချိန်မရွေး စောင့်ရှောက်ပေးပါ့မယ်”
ထိုသို့ပြောကာ အဝေးရှိထန်ဖုရှန်းကို ကြည့်လိုက်သည်။
“လင်းယွမ်အိမ်ခြံမြေကို ခက်ခဲအောင်လုပ်တဲ့ ဘယ်သူမဆို လုံကျန်းအိမ်ခြံမြေရဲ့ ရန်သူပဲ”
သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။
လူတိုင်း ထန်ဖုရှန်းအား လှည့်ကြည့်လိုက်မိသည်။
လော့ကျင်းယွမ်၏ စကားများမှာ အသိအသာ သူ့ကိုဦးတည်ပြောလာခြင်းဖြစ်သည်။
အစောကတင် ဖုရှန်းဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီသာရှိနေသရွေ့ လင်းယွင်ကို ယန်ချန်သို့ ဝင်လာခွင့်မပြုဟု သူပြောခဲ့သည်။
အခု လော့ကျင်းယွမ်က ဒီလိုကြေညာလိုက်တော့ သူတို့က လုံကျန်း အိမ်ခြံမြေရဲ့ရန်သူဖြစ်သွားလေပြီဖြစ်သည်။
ဒီစကားလုံးတွေဟာ ဖုရှန်းဆောက်လုပ်ရေး ကုမ္ပဏီကို တိုက်ရိုက်ရည်ညွှန်းတာဖြစ်သည်။
ထန်ဖုရှန်း၏မျက်နှာမှာ စိမ်းလိုက်ဖြူလိုက်ဖြင့် ပုတ်သင်ညိုနှင့်ပင် တူနေသည်။
လော့ကျင်းယွမ်က သူ့ကိုလူကြားထဲမှာ မျက်နှာဖြတ်ရိုက်လိုက်တာဖြစ်သည်။
သူဘယ်လိုလုပ်ဒေါသမထွက်ပဲ နေပါ့မလဲ။
ဒါပေမယ့် သူဒေါသထွက်တော့ရော ဘာလုပ်နိုင်မှာလဲ။
တစ်ဖက်လူက တောင်ပိုင်းကွမ်တုန်းနယ်၏ ထိပ်သီးအိမ်ခြံမြေကုမ္ပဏီမှ လော့ကျင်းယွမ် ဖြစ်သည်။
သူတို့ကသူ့ထက် အများကြီးပိုအင်အားကြီးသည်။
သူ့ထံ၌ တစ်ဖက်လူကိုစိန်ခေါ်ရဲသည့်သတ္တိ မရှိပေ။
သို့သော် သူက ဖုရှန်းဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီ၏ ဥက္ကဌဖြစ်နေသေးကာ ယန်ချန်၏ အိမ်ခြံမြေလောက၌ ထိပ်သီး တစ်ယောက်အဖြစ်သတ်မှတ်လို့ ရနေသေးသည်။
ဒီနေရာမှာ သူတစ်ခွန်းမှ ပြန်မပြောရဲခဲ့လျှင် တောင်ပိုင်းကွမ်တုန်း ပြည်နယ်တစ်ခုလုံး၌ လှောင်ရယ်စရာ ဖြစ်သွားမှာ သေချာပေါက်ဖြစ်သည်။
ထိုသို့တွေးမိပြီးနောက် ချက်ချင်း ခေါင်းမော့ကာ လော့ကျင်းယွမ်ကို ကြည့်လိုက်ပြီး မထောင်လွှားလွန်း မနှိမ့်ချလွန်းသည့်အသံမျိုးဖြစ်အောင် အကောင်းဆုံးကြိုးစားကာ ပြောလိုက်သည်။
“လော့လူကြီးမင်း၊ ကျွန်တော်ခင်ဗျားကို အရမ်းလေးစားတာပါ။ ခင်ဗျားနဲ့လည်း ရန်သူမဖြစ်ချင်ဘူး။ ဒီကိစ္စက ချန်းရွှမ်နဲ့ ကျွန်တော့်ကြားက အာဃာတပါ။ ခင်ဗျား ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”
လော့ကျင်းယွမ် သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ကျုပ်ကဝင်စွက်ဖက်ချင်တယ်ဆိုရင်ရော ခင်ဗျားဘာလုပ်မလဲ”
ထန်ဖုရှန်း ဒေါသထွက်သွားရသည်။
“လော့ကျင်းယွမ်၊ ငါမင်းကို လေးစားတာကြောင့်သာ လော့လူကြီးမင်းလို့ ခေါ်နေတာ။ မင်းကိုကြောက်လို့မဟုတ်ဘူး။ သိပ်လွန်မလာနဲ့”
လော့ကျင်းယွမ်ကလည်း နောက်မဆုတ်ပေ။
“လွန်လာတော့ရော၊ ဘာလုပ်ချင်လဲ”
ထန်ဖုရှန်းမှာ စုပ်လဲစူးစားလဲရူး ဖြစ်နေရသည်။
သူသာအခုအရှုံးကိုဝန်ခံလိုက်လျှင် အနာဂတ်မှာ ယန်ချန်နဲ့ တောင်ပိုင်းကွမ်တုန်းမှာ ခေါင်းမော့နိုင်ပါဦးမလား။
“ငါထပ်ပြောလိုက်မယ်။ ငါ၊ ထန်ဖုရှန်း၊ အသက်ရှင်နေသရွေ့ လင်းယွမ်အိမ်ခြံမြေက ယန်ချန်ကို ဘယ်တော့မှ ဝင်မလာနိုင်စေရဘူး။ လင်းယွမ်အိမ်ခြံမြေကို ကူညီရဲတဲ့ဘယ်သူမဆို ငါ ထန်ဖုရှန်းရဲ့ရန်သူပဲ။ မင်းတို့နဲ့သေတဲ့အထိ တိုက်ခိုက်သွားမယ်”
သူ့အသံမှာဩဇာအပြည့်နှင့်ဖြစ်နေကာ အားပြင်းလှသည်။
နေရာရှိလူတိုင်းထိတ်လန့်သွားရသည်။
“ထန်ဖုရှန်းက လော့လူကြီးမင်းကို စိန်ခေါ်လိုက်တာလား။ သေမင်းကို စိန်ခေါ်နေသလို ဖြစ်မသွားဘူးလား”
“အဲ့လိုပြောလို့တော့မရဘူးလေ။ ဖုရှန်းက လုံကျန်းအိမ်ခြံမြေလောက်တော့ အင်အား မကြီးပေမယ့် အသက်ပါပေးပြီး တိုက်ခိုက်မယ်ဆိုရင်တော့ ကြောက်စရာကောင်းမှာပဲ”
“ဟုတ်တယ်၊ နှစ်ဖက်လုံး အသေအကျေ တိုက်ခိုက်ကြမယ်ဆိုရင် အဆုံးမှာ လုံကျန်းကနိုင်သွားရင်တောင် အထိအခိုက်တော့များမှာပဲ”
“အနည်းဆုံးတော့ ထန်ဖုရှန်းရဲ့သတ္တိကတော့ ချီးကျူးထိုက်ပါတယ်လေ”
“အင်အားကြီးရန်သူနဲ့ရင်ဆိုင်ရတာတောင် အခက်အခဲတွေကိုရင်ဆိုင်ပြီး ရှေ့ဆက်နိုင်တယ်။ ထန်ဖုရှန်းကတော့ တကယ်စစ်မှန်တဲ့ယောကျာ်းသားပဲ”
လော့ကျင်းယွမ်လည်း ထန်ဖုရှန်း သူ့ကို စိန်ခေါ်လာလိမ့်မည်ဟု မထင်ထားချေ။ သူလှောင်ရယ်လိုက်ကာ စကားထပ်ပြောရန် ပြင်လိုက်ချိန်မှာ ယဲ့ဖန် ဖြတ်ပြောလာသည်။
“လော့လူကြီးမင်းရဲ့ကောင်းမွန်တဲ့ ထောက်ပံ့မှုအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါက လူကြီးမင်းထန်နဲ့ ကျွန်တော့်ကြားက ကိစ္စဆိုတော့ ကျွန်တော်တို့ဘာသာပဲ ဖြေရှင်းပါရစေ”
ထိုစကားကိုကြားလိုက်ရသူတိုင်း မယုံကြည်နိုင်ဖြစ်သွားရသည်။
“ဒီကလေးရူးနေတာလား။ လော့လူကြီးမင်းလိုလူက သူ့ကို ကူညီပေးနေတာကို သူ့နေရာမှာ တခြားတစ်ယောက်သာဆိုရင် အပျော်လွန်နေလောက်ပြီ။ သူကတော့ ငြင်းလိုက်တယ်တဲ့လား”
“သူ့ကိုယ်သူ လော့လူကြီးမင်းရဲ့အကူအညီ မပါပဲ ထန်ဖုရှန်းကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ အဲ့လိုတော့ မဟုတ်လောက်ပါဘူးနော်”
“ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ထန်ဖုရှန်းက ယန်ချန်က ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီ တစ်ခုရဲ့သူဌေးပဲဟာ သူ့အင်အားကိုလည်း လျှော့တွက်လို့မရဘူးနော်။ တစ်ဖက်က ကောင်လေးက တခြားနယ်ကလူ။ အဲ့တာကို ဒီလိုစကားမျိုး ဘယ်လိုသတ္တိနဲ့ ပြောရဲတာပါလိမ့်”
“အသက်ငယ်တော့ စိတ်မြန်လက်မြန် ရှိတယ်လေ။ ဗဟုသုတမရှိတဲ့လူက အကြောက်အလန့်မရှိဘူးတဲ့။ လူငယ်တွေ ဆိုတာက စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ကြွားလုံးထုတ်ရတာကို ကြိုက်ကြတယ်လေ”
လော့ကျင်းယွမ်လည်း ယဲ့ဖန်အား အံ့ဩတကြီးကြည့်လိုက်မိသည်။
“သမားတော်လေး၊ မင်းသေချာရဲ့လား”
ယဲ့ဖန် ခေါင်းငြိမ့်ပြလိုက်သည်။
“အရမ်းသေချာတယ်”
ထန်ဖုရှန်းမှာ ယဲ့ဖန် စကားပြောင်းပြောမှာ စိုးတာကြောင့် အမြန်ပြောလာသည်။
“မင်းကိုယ်တိုင်အဲ့စကားကိုပြောလာတာနော်။ လော့လူကြီးမင်းဝင်မပါပါနဲ့။ ဒါက သူနဲ့ ကျွန်တော်တို့ကြားက တစ်ဦးချင်းတိုက်ပွဲပါ”
ထိုမာထန်သည့်စကားများပြောပြီးနောက် သူနောင်တရနေတာဖြစ်သည်။
သူ့အနေအထားနှင့် လော့လူကြီးမင်းလို လူမျိုးကို အပြစ်ပြုမိလို့မရပေ။
ဘယ်လိုပြန်ဖြေရှင်းရမလဲဆိုပြီး သူတွေးနေခဲ့တာဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်ဘက်မှ လော့ကျင်းယွမ်၏ ကူညီပေးမှုကို ငြင်းဆန်လိုက်သည်အား သူကြားလိုက်ရသည်။
သူချက်ချင်းအလွန်ပျော်ရွှင်သွားရသည်။
လော့ကျင်းယွမ်သာ သူ့ကိုမကူညီပေးရင် သူ့လိုအပြင်လူတစ်ယောက်နဲ့ ရင်ဆိုင်ရတာက သူ့အတွက်အလွယ်လေးဖြစ်သည်။
ဒီကလေးကတော့ တကယ်စိတ်လွတ်နေပြီ ထင်တယ်။
ကောင်းကင်ဘုံကိုတက်နိုင်မယ့် လမ်းရှိနေတာကို အဲ့လမ်းကမသွားဘူး။
သူ ထိုအကြောင်းတွေးလေလေ ပိုပြီး စိတ်လှုပ်ရှားလေလေဖြစ်လာရသည်။ အဆုံး၌ သူအကျယ်ကြီးအော်ရယ်မိမလိုပါ ဖြစ်သွားရသည်။
ယဲ့ဖန် သူ့ကိုအထင်သေးစွာကြည့်လိုက်သည်။
“အပြင်လောကမှာ ဘာအခြေခံမှမရှိဘူး ဆိုပေမယ့် တွမ်ရော၊ ဒစ်ရော၊ ဟယ်ရီရော ဘယ်သူမှသူတို့ကိုအစွယ်ကို လာပြလို့ မရဘူး။ ခင်ဗျားမှာရှိတဲ့တိုက်ကွက်မှန်သမျှ ထုတ်သုံးလို့ရတယ်။ ကျွန်တော်၊ ယဲ့ဖန်က အကုန်လက်ခံတယ်”
သူ့ကိုယ်သူအထင်ကြီးနေဟန်ရသော ကောင်လေးကြောင့် ထိုနေရာရှိလူတိုင်း လှောင်ရယ်မိသွားသည်။
သို့သော် ယဲ့ဖန်၏စကားကိုကြားပြီးနောက် သူတို့မျက်နှာအမူအရာ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားရသည်။
“ယဲ့ဖန်၊ သူကတကယ်ယဲ့ဖန်လား။ နျုံစစ်သွမ်းကို အနိုင်ပိုင်းခဲ့တယ်ဆိုတဲ့ ယဲ့ဖန်လား”
“သူကကျုံးဟိုင်မှာမဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ပင်းဟိုင်မြို့ကို ရောက်လာတာလဲ”
“သူဒီလောက်ထောင်လွှားနေတာ မအံ့ဩတော့ပါဘူး။ လတ်စသတ်တော့ နျုံလူကြီးမင်းကို အနိုင်ယူခဲ့တဲ့သူ ဖြစ်နေခဲ့တာကို”
“သူကနျုံစစ်သွမ်းလိုလူကိုတောင် အနိုင်ယူခဲ့တာကို။ ထန်ဖုရှန်းလိုလူက သူ့ကို စိန်ခေါ်ရဲတယ်ပေါ့”
“လော့ကျင်းယွမ်သာ မကူညီရင် ထန်ဖုရှန်းနိုင်မှာပဲလို့ ထင်လိုက်မိတာ။ ကြည့်ရတာပွဲသိမ်းပြီထင်ပါတယ်”
“ထန်ဖုရှန်းတော့ ဒီတစ်ခါတကယ်ကြီး သံပြားကိုကန်မိတာပဲ…”
သူတို့ပင်မဟုတ်ချေ။ လော့ကျင်းယွမ်လည်း အံ့အားသင့်နေမိသည်။
“သမားတော်လေး… မင်း… မင်းက ယဲ့ဖန်လား ဒါက…”
သူသည်လည်း ယဲ့ဖန်နှင့်နျုံစစ်သွမ်းကြားက အငြင်းပွားမှုကို ကြားခဲ့ရသည်ဖြစ်ရာ ယဲ့ဖန်က စီးပွားရေးဉာဏ်ကြီးရှင်မှန်း သိပြီးသားဖြစ်သည်။
ဒါပေမယ့် တစ်ဖက်လူရဲ့ဆေးပညာကပါ ဘာလို့ဒီလောက်ထူးချွန်နေရတာလဲဆိုတာကို သူနားမလည်နိုင်ပေ။
ဒီကောင် မသမာနည်းတွေဘာတွေများ သုံးထားတာလား။
အပိုင်း ( ၄၅၈ )
ယောကျာ်းမှန်ရင် ဒါမျိုးဖြစ်နေရမယ်လေ
ထန်ဖုရှန်းလည်း အလွန်ထိတ်လန့်သွားရသည်။
တစ်ဖက်လူက ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့် ဒုတိယမျိုးဆက် သူဌေးသားလေးဟု သူထင်ခဲ့တာဖြစ်သည်။
ဒီလိုအမှိုက်မျိုးဆိုလျှင် သူကြိုက်သလို စီရင်လို့ရသည်။
သို့သော် ယဲ့ဖန်၏ ကိုယ့်ကိုယ်ကို မိတ်ဆက်မှုကိုကြားပြီးနောက် သူ့ကိုယ်သူမှားသွားပြီမှန်း သတိထားမိလိုက်တော့သည်။
သူတကယ်မှားသွားပြီ…
တစ်ဖက်လူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးဟုတ်မနေပေ။
ထိုအစား အောက်ခြေဘဝမှစတင်ကာ ကိုယ့်အစွမ်းအစနှင့်ကိုယ် စီးပွားရေးလောက၌ ဘုရင်တစ်ပါး ဖြစ်လာသူဖြစ်နေသည်။
ထို့အပြင် တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ စီးပွားရေးဘုရင် နျုံစစ်သွမ်းကိုပင် ကြီးမားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ရစေကာ အသက်ဆုံးရှုံးရသည်အထိဖြစ်စေခဲ့သော လူငယ်ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေခဲ့သည်။
ဒီကာလအတွင်း ယဲ့ဖန်၏နာမည်မှာ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ စီးပွားရေး လောက၌ နတ်ဘုရားတစ်ပါးအဖြစ် ပျံ့နှံ့နေခဲ့တာဖြစ်သည်။
ယဲ့ဖန်အား ပြိုင်ဘက်ကင်းဉာဏ်ကြီးရှင် တစ်ယောက်အဖြစ် ဖော်ပြထားကြတာ ဖြစ်သည်။
'ယဲ့ဖန်' ဟူသည့်အမည်ကိုကြားသည်နှင့် လူအများမှာ မသိစိတ်အလျောက် အပြေးအလွှားရောက်လာကြတော့သည်။
ဒီလိုအင်အားကြီးရန်သူမျိုးကို သူ ရန်သွားစမိလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ထန်ဖုရှန်း ချက်ချင်း သူ့ကိုယ်သူ မရေမတွက်နိုင်အောင် အပြစ်တင်နေမိသည်။
ချန်းရွှမ် ထိုနေရာရှိလူများ၏ မျက်နှာအမူအရာကိုကြည့်ကာ သူမနှလုံးသားထဲ၌ ချက်ချင်း ဂုဏ်ယူမှုများနှင့် ပြည့်နှက်သွားရသည်။
ယဲ့ဖန်က သူ့နာမည်လေးပဲထုတ်ပြောခဲ့တာ ဆိုပေမယ့် အိမ်ခြံမြေကုမ္ပဏီများမှ သူဌေးအတော်များများကို ရန်သူတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသလို ဖြစ်သွားစေခဲ့သည်။
ဒါက ဘယ်လိုတောင် လွှမ်းမိုးနိုင်မှုကြီးလဲ။ ဘယ်လိုစိတ်ဓာတ်မျိုးပါလိမ့်
ယောကျာ်းဆိုတာ ဒီလိုဖြစ်နေရမယ်လေ
ထိုအချိန်တွင် ထန်ဖုရှန်းမှာတော့ တိတ်တဆိတ် သူ့ကိုယ်သူအပြစ်တင်နေမိကာ အခုပဲအရှုံးကို ဝန်ခံလိုက်ရမလားဟု တွေးနေမိသည်။
ရုတ်တရက် သူ့နောက်မှနေ လှိုက်လှိုက်လှဲလှဲ ရယ်သံတစ်သံထွက်ပေါ်လာသည်။
“ဟားဟားဟား၊ လူငယ်လေးတစ်ယောက်က ငါတို့ရဲ့နဂါးတိုင်းပြည်အိမ်ခြံမြေဆွေးနွေးပွဲက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို အီးတောင်မပေါက်ရဲလောက်အောင် ခြောက်လှန့်နိုင်တာလား။ တကယ်ကြောက်ခမန်းလိလိ တည်ရှိမှုပါလား”
ထိုအသံကြောင့် လူတိုင်းလှည့်ကြည့်လိုက်ရာ အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အသက်လတ်ပိုင်းအရွယ်လူတစ်ဦး ခပ်ဖြည်းဖြည်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူကိုမြင်တော့ လူတိုင်းရှေ့တက်ကာ နှုတ်ဆက်လာကြသည်။
“ဝေလူကြီးမင်း”
“မင်္ဂလာပါ၊ ဝေလူကြီးမင်း”
လူအမြောက်အမြား ထိုလူကို ဖော်လံဖားလုပ်နေသည်ကိုကြည့်လိုက်တာနှင့် ထိုလူက လော့ကျင်းယွမ်ထက် ပိုအင်အားကြီးသည်မှာ ထင်ရှားသည်။
ယခုဖြစ်နေသည့်ပုံမှာ ဦးနှောက်မရှိသည့် လူတစ်စုက သူတို့ရဲအိုင်ဒေါလ်ကို တွေ့လိုက်ရသလိုဖြစ်သည်။
ယဲ့ဖန် လော့ကျင်းယွမ်အား သိလိုစိတ်ပြင်းပြစွာကြည့်လိုက်သည်။
“လော့လူကြီးမင်း၊ သူကဘယ်သူလဲ တော်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲ”
“သူ့နာမည်က ဝေ့ချန်းဖန်းလို့ခေါ်တယ်။ ချန်းဖန်းအိမ်ခြံမြေရဲ့ဥက္ကဌ”
လော့ကျင်းယွမ် အသံတိုးတိုးဖြင့် မိတ်ဆက်ပေးလာသည်။
“ချန်းဖန်းအိမ်ခြံမြေက အဲ့လောက်တောင် အင်အားကြီးတာလား”
“အရမ်းအင်အားကြီးတယ်”
“လုံကျန်းအိမ်ခြံမြေရဲ့ယှဉ်ရင်ရော”
“သူမသာကိုယ်မသာပါပဲ”
လော့ကျင်းယွမ် ခါးသက်စွာ ပြုံးလိုက်မိသည်။
အတိတ်တုန်းက နျုံစစ်သွမ်းနဲ့ ဖုလီအုပ်စုတို့ ထိပ်ဆုံးရောက်နေချိန်မှာ လုံကျန်းအိမ်ခြံမြေ ကလည်း တောင်ပိုင်းကွမ်တုန်းနယ်မှာ ထိပ်တန်းငါးဦးထဲပါဝင်ခဲ့သည်။
ယခု နျုံစစ်သွမ်းကွယ်လွန်သွားတော့ ဖုလီကော်ပိုရေးရှင်းက အတော်လေး အားနည်းသွားခဲ့သည်။
ထို့ကြောင့် သူ့ရဲ့လုံကျန်းအိမ်ခြံမြေအနေနဲ့ ထိပ်တန်းသုံးဦးထဲ ဝင်နိုင်သည့် မျှော်လင့်ချက်ရှိလာခဲ့ရာ ထိုအတွက် အကြီးမားဆုံးအတားအဆီးမှာ ချန်းဖန်း အိမ်ခြံမြေဖြစ်သည်။
လော့ကျင်းယွမ်၏ မိတ်ဆက်ပေးမှုကို နားထောင်ကြည့်ပြီးနောက် ယဲ့ဖန် ထိုချန်းဖန်း အိမ်ခြံမြေအား အနည်းအကျဉ်း နားလည်သွားသည်။
ဝေ့ချန်းဖန်းရဲ့အင်အားက လော့ကျင်းယွမ်နှင့် ယှဉ်နိုင်သည်ဆိုလျှင် သူသည်လည်း လုပ်ငန်းရှင်ကြီးတွေထဲက တစ်ဦးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။
သို့သော် အစောကသူ့လေသံအရ ကြည့်ရတာ ထိုလူကသူ့အပေါ်မှာ အမြင်တစ်ချို့ ရှိနေပုံရသည်။
ထိုအချိန်တွင် ဝေ့ချန်းဖန်း လူအုပ်ကြီးထံမှ လွတ်မြောင်လာကာ ယဲ့ဖန်ထံသို့ ဖြည်းညင်းစွာလျှောက်လာသည်။
“မင်းကကမ္ဘာကြီးကိုကိုင်လှုပ်သွားတဲ့ အဲ့ယဲ့ဖန်လား”
ယဲ့ဖန်သူ့အား မနှိမ့်ချလွန်း မထောင်လွှားလွန်းစွာကြည့်လိုက်သည်။
“ဝေ့လူကြီးမင်းဆီမှာ ဘာအကြံကောင်းများ ရှိသလဲသိခွင့်ရှိမလား”
ဝေ့ချန်းဖန်း လက်ယမ်းပြလိုက်သည်။
“ငါမင်းကိုမသင်ပြရဲပါဘူး။ ငါကဒီတိုင်း မင်းနေရာတကာမှာ ထောင်လွှားမောက်မာပြီး ပြဿနာလိုက်ရှာနေတာကို ကြည့်မရရုံပဲ။ ဒီနေရာက မင်းထင်တိုင်းကြဲလို့ရတဲ့ နေရာမျိုးမဟုတ်ဘူး။ ကျုံးဟိုင်ကိုပြန်တော့”
သူ့လေသံမှာ ကလေးတစ်ယောက်ကို ဆုံးမသည့်လေသံမျိုးဖြစ်နေသည်။
လူတိုင်း၏မျက်နှာထက်၌ ထူးဆန်းသည့် အမူအရာပေါ်လာရသည်။
အမှန်တော့ယဲ့ဖန်က ပါရမီရှင်တစ်ယောက် ဖြစ်ပြီး နျုံစစ်သွမ်းလိုလူမျိုးကိုပင် အနိုင်ယူနိုင်ခဲ့တာဖြစ်သည်။
ဝေ့ချန်းဖန်းဆိုသည့်လူက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းနေပါစေ ဘာကြောင့် ယဲ့ဖန်ကို အထင်သေးရတာလဲ
ယဲ့ဖန် ဝေ့ချန်းဖန်းကို ခပ်တန်းတန်း ပြန်ကြည့်လိုက်သည်။
“အစကတော့ မြို့နယ်စီရင်စုကို ဝင်လာဖို့စိတ်ကူးမရှိဘူး၊ ဒါပေမယ့် လူကြီးမင်းကဒီလိုပြောလာတော့မှ မြိုတော်စီရင်စုမှာ ပရမ်းပတာဖြစ်သွားအောင် လုပ်ချင်သွားတယ်။ အဲ့လိုဆို လူကြီးမင်း ကျွန်တော့်ကိုဘာလုပ်လဲ ကြည့်ရတာပေါ့”
ထိုအခါ ဝေ့ချန်းဖန်း ဟွန်းခနဲနှာမှုတ်လိုက်သည်။
“နျုံစစ်သွမ်းရဲ့ သတိမမူမှုက မင်းကိုနာမည်ကြီးအောင် လုပ်ပေးလိုက်တာပဲ။ မင်းကိုယ်မင်း မင်းရဲ့အစွမ်းအစကြောင့် အောင်မြင်လာတယ်လို့ ထင်နေတာလား”
ထိုသို့ပြောပြီးနောက် သူအသံမြှင့်လိုက်သည်။
“မင်းရဲ့ပြိုင်ပွဲသုံးပွဲလုံးကို ငါလေ့လာကြည့်ပြီးပြီ။ နျုံစစ်သွမ်းက မတူညီတဲ့နေရာမှာတိုက်ခိုက်ရတာမလို့ အဖွဲ့သားငတုံးတွေရသွားတာ။ ပထမနှစ်ကြိမ်မှာ ဝက်လိုအသင်းသားတစ်ယောက်ကြောင့် သူရှုံးသွားတယ်”
“ပြီးတော့ နောက်ဆုံးတစ်ကြိမ်မှာ မင်းက သူ့ရဲ့ညစ်ပတ်တဲ့ကိစ္စတွေကို စက်ဆုပ်ဖို့ ကောင်းတဲ့နည်းနဲ့ဖော်ထုတ်ပြီး သူ့ကို ကိုယ့်ကိုယ်ကိုအဆုံးစီရင်စေခဲ့တယ်”
“အဲ့ပြိုင်ပွဲသုံးခုကိုကြည့်ကြည့်လိုက် ဘယ်တစ်ခုမှာ မင်းရဲ့အင်အားနဲ့ အနိုင်ရခဲ့လို့လဲ”
သူဘာတစ်ခုမှစောင့်စည်းမနေပဲ ထုတ်ပြောလာခဲ့သည်။
ထိုနေရာရှိလူများမှာလည်း သူပြောတာမှန်သည်ဟု တွေးလိုက်မိကြသည်။
သေချာပြန်စဉ်းစားကြည့်လျှင် ယဲ့ဖန် နျုံစစ်သွမ်းကို အနိုင်ယူလိုက်နိုင်တယ် ဆိုသော်လည်း ထိုတိုက်ပွဲကမမျှတပေ။
နျုံစစ်သွမ်းဟာ သူ့ရဲ့တုံးအတဲ့အသင်းသား ဆီကနေလှည့်စားခံရကာ ‘သစ္စာဖောက်’ ကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။
အမှန်မှာလည်း ယဲ့ဖန် တကယ်မတိုက်ခိုက်ခဲ့ပေ။
အနည်းဆုံးအပြင်ပန်းမှာတော့ ထိုသို့ဖြစ်သည်။
ဘာမှမလုပ်လိုက်ရပဲ နိုင်သွားသည်ဟုတောင် ပြောရင်ပြောလို့ရသည်။
ထိုရှုထောင့်မှကြည့်လျှင် ဝေ့ချန်းဖန်းလိုလူ အတွက်တော့ သူအောင်မြင်လာသည်ဆိုတာ ဘာမှမဟုတ်ပေ။
ထိုသို့အတွေးဝင်လာကြကာ လူတိုင်း၏ ယဲ့ဖန်အပေါ်အကြောက်တရားမှာ ပျောက်ကွယ်သွားတော့သည်။
ယဲ့ဖန်လည်း သူ့ခွဲခြမ်းစိတ်ဖြာပြမှုကို နားထောင်ပြီးနောက် လက်ခုပ်ပင် တီးလိုက်မိသည်။
“အံ့ဩစရာပဲ။ ဝေ့လူကြီးမင်းရဲ့ခွဲခြမ်းစိတ်ဖြာ ပြမှုက တကယ်အံ့ဩဖို့ကောင်းတာပဲ။ ကျွန်တော်၊ ယဲ့ဖန်က၊ လူကြီးမင်းအတွက် တစ်ချက်စာတောင်မရှိဘူးဆိုမှတော့၊ လာပါ၊ ကျွန်တော်၊ ယဲ့ဖန်က အကုန်လက်ခံပါတယ်”
ယဲ့ဖန်၏စိန်ခေါ်မှုကိုကြားတော့ သူပြုံးလိုက်သည်။
“မင်းကငါ့ကို စိန်ခေါ်ချင်တယ်ပေါ့။ မင်းကအဲ့လောက် အဆင့်မမီသေးဘူး”
ထိုသို့ပြောကာ သူ့နောက်၌ရပ်နေသည့် လော့ကျင်းယွမ်ကိုကြည့်လိုက်သည်။
“ကျွန်တော် လော့လူကြီးမင်းသာဆိုရင်တော့ နည်းနည်းကြောက်နေလောက်တယ်။ ဟားဟား၊ နောက်တာပါ။ လော့လူကြီးမင်းနဲ့ ကျွန်တော်တို့က သူငယ်ချင်းဟောင်းတွေလေ။ ရုတ်တရက်ကြီး စစ်ပွဲစတင်စရာလား”
လော့ကျင်းယွမ် အေးတိအေးစက် ပြုံးလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ဝေ့လူကြီးမင်းသာ ကစားချင်တယ်ဆိုရင် ကျွန်တော်လိုက်ကစားပေးနိုင်ပါတယ်”
ဝေ့ချန်းဖန်းဟာတော့ သူ့စကားကို မကြားချင်ယောင်ဆောင်ကာ ထန်ဖုရှန်းကို ကြည့်လိုက်သည်။
“ဥက္ကဌထန်၊ သူတို့က ကျွန်တော်တို့ကို အနိုင်ကျင့်လာမှတော့ အိမ်ခြံမြေလောကကို အရှက်ရစေလို့မဖြစ်ဘူး။ ဆက်လုပ်ပါ။ ကျွန်တော် ခင်ဗျားနောက်မှာရှိနေမယ်”
အပိုင်း ( ၄၅၉ )
သူ့မျက်စိ သိပ်မဆိုးဘူးပြောရမယ်
ယဲ့ဖန်လို အင်အားကြီးရန်သူနှင့် ရင်ဆိုင်ရမည်ဆိုတော့ ထန်ဖုရှန်း အနည်းငယ် မလုံမလဲဖြစ်လာရသည်။
ထို့အပြင် လော့ကျင်းယွမ်ကလည်း သူ့နောက်၌ရှိနေလေရာ ပိုလို့ပင် မျှော်လင့်ချက်မဲ့သွားရသည်။
သူအရှုံးပင်ပေးလိုက်ချင်လာရသည်။
သို့သော် ဝေ့ချန်းဖန်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက်မှာ ယဲ့ဖန်က ထိုမျှ ကြောက်စရာမကောင်းဟု သူတွေးမိသွားသည်။
ကံကောင်းတဲ့ခွေးနှင့်တောင် တူနေသေးသည်။
ပြီးလျှင် ဝေ့ချန်းဖန်းကလည်း သူ့ကို နောက်မှထောက်ပံ့ပေးနေမည်ဟု ပြောထားသေးသဖြင့် သူဘာမှစိုးရိမ်နေစရာ မလိုတော့ပေ။
ဝေ့ချန်းဖန်း၏အင်အားဟာ လော့ကျင်းယွမ်ထက်လုံးဝမနိမ့်ကျပေ။ အမှန်ဆို သူကပင် နည်းနည်းပိုသာနေသေးသည်။
ဒီလိုလူမျိုးသူ့နောက်မှာရှိနေမှတော့ သူက ဘာကိုကြောက်နေရမှာလဲ
ထိုသို့တွေးမိပြီး သူယဲ့ဖန်အား ချက်ချင်း စိတ်မရှည်ဟန်ကြည့်လိုက်သည်။
“ကလေး၊ မင်းပြည်နယ်စီရင်စုကို အမြန်လေးဝင်လာဖို့မျှော်လင့်တယ်။ ငါ့ကို အကြာကြီးစောင့်နေရအောင်မလုပ်နဲ့”
ယဲ့ဖန်၏နှုတ်ခမ်းတွေ တွန့်ကွေးသွားရသည်။
“စိတ်မပူပါနဲ့၊ မကြာခင်အဲ့နေ့ကို ရောက်လာတော့မှာပါ။ ခင်ဗျားထင်ထားတာ ထက်တောင် ပိုမြန်ရင်မြန်နေဦးမယ်။ အဲ့အချိန်ရောက်လာမှ ငိုမနေနဲ့ဦး”
သူဒီလောက်ယုံကြည်ချက်ရှိနေရခြင်းမှာ သူကထောင်လွှားတတ်တာကြောင့်မဟုတ်ပဲ သူ့မှာအတိုင်းအတာတစ်ခုအထိ ယုံကြည်ချက်ရှိတာကြောင့်ဖြစ်သည်။
ဒီနေ့ အခွင့်အရေးလမ်းညွှန်ချက်တစ်ခု ပြီးမြောက်သွားတော့ စနစ် က သူ့ကို ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီတစ်ခု ဆုချီးမြှင့်ခဲ့သည်။
ထိုကုမ္ပဏီဟာ ယွမ်ငါးဘီလီယံ တန်ကြေးရှိပြီး ပြည်နယ်စီရင်စု၌ ထိပ်တန်း ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ထိုကုမ္ပဏီနှင့်ဆိုလျှင် ယန်ချန်ကိုဝင်လာဖို့ ထင်ထားတာထက်တောင် လွယ်ကူသေးသည်။
ထိုအချိန်တွင် ဆွေးနွေးပွဲကျင်းပသူ တာဝန်ခံ စင်မြင့်ထက်သို့တက်လာကာ မကြာခင် ဆွေးနွေးပွဲစတင်တော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာလာသည်။
ဝေ့ချန်းဖန်း၏မျက်နှာထက်၌ ရန်လိုသော အပြုံးတစ်ပွင့်ရှိနေသည်။ သူယဲ့ဖန်နားသို့ တီးတိုးကပ်ပြောလာသည်။
“ကလေးစုတ်လေး၊ တောထဲက အမြင့်ဆုံး သစ်ပင်က လေကြောင့် ပျက်စီးရတတ်တယ်တဲ့။ မင်းကအရမ်း ထင်ပေါ်အောင်နေလွန်းတယ်။ အနှေးနဲ့ အမြန်မင်းလဲကျမှာပဲ။ ငါအဲ့တာကို စောင့်ကြည့်နေမယ်”
ယဲ့ဖန် ခပ်ဖွဖွရယ်လိုက်သည်။
“ဒါဆိုလည်း ဘယ်သူအရင်လဲကျမလဲဆိုတာ စောင့်ကြည့်နေလိုက်ပေါ့”
ဝေ့ချန်းဖန်း ဘာမှထပ်ပြောမလာတော့ပဲ သူ့ခုံမှာသူသွားထိုင်တော့သည်။
ကျန်သူများလည်း အတွေးကိုယ်စီနှင့် ကိုယ့်နေရာကို ဝင်ထိုင်လိုက်ကြသည်။
ယဲ့ဖန်နှင့် ထန်ဖုရှန်းကြားမှကိစ္စကြောင့် လူများမှာ ဆွေးနွေးပွဲကို သိပ်စိတ်ဝင်စားမှု မရှိတော့ပေ။
သို့သော် ချန်းရွှမ်စင်ပေါ်တက်ကာ မိန့်ခွန်းပြောရမည့်အချိန်ရောက်လာတော့ ခန်းမထဲ၌ စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြစ်သွားသည်။
“လင်းယွမ်အိမ်ခြံမြေက ကုမ္ပဏီအသစ်လေး ဆိုပေမယ့် သာမန်လူတွေရဲ့ဘဝနဲ့ သင့်တော်တဲ့နေထိုင်မှုစနစ်ကို အမြဲဖန်တီးပေးနေခဲ့တာပါ…”
သူမရဲ့ရုပ်ရည်အရပဲဖြစ်စေ၊ စိတ်နေစိတ်ထားအရပဲဖြစ်စေ ချန်းရွှမ်ဟာ အလွန်ကောင်းမွန်သည်။ သူမ စင်မြင့်ထက်တွင်မိန့်ခွန်းရပ်ပြောနေသည့် ပုံရိပ်မှာ စီးပွားရေးဘုရင်မတစ်ယောက်၏ အရှိန်အဝါထင်းထွက်နေပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်လုပ်ငန်းရှင်ကြီးများ၏ ချီးကျူးဂုဏ်ပြုမှုကို အများအပြားရရှိခဲ့သည်။
မိန့်ခွန်းမှာမိနစ်နှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီး ချီးကျူးသံများမစဲခဲ့ပေ။
ယဲ့ဖန်ဘေး၌ထိုင်နေသည့် လော့ကျင်းယွမ်ပင် ချီးကျူးမိသည်။
“ညီလေးယဲ့၊ မင်းကအကောင်းကြိုက်တတ်တာပဲ”
အဲ့တာက သူ့ရဲ့လူတွေပေါ်အကြိုက်ကို ပြောသည်လား၊ သူ့ရဲ့မိန်းကလေးအကြိုက် ကိုပြောသည်လား၊ သို့မဟုတ် နှစ်ခုလုံးကို ဆိုလိုသည်လား သူမသိချေ။
ယဲ့ဖန် နှိမ့်ချစွာပြုံးလိုက်သည်။
“သူက ပိုအကောင်းကြိုက်တတ်တာလို့ ပြန်ပြောရမယ်ထင်တယ်”
လော့ကျင်းယွမ် အော်ရယ်မိသွားသည်။
“ငါ့ကိုယ်ငါအရေထူလှပြီထင်နေတာ။ မင်းနဲ့တွေ့မှပဲ၊ အရှုံးပေးရတော့မယ်”
ယဲ့ဖန်ပြုံးလိုက်ကာ ဘာမှထပ်မပြောလိုက်ပေ။
ချန်းရွှမ်မိန့်ခွန်းပြောပြီးနောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးများ မိန့်ခွန်းပြောရန် စင်ပေါ်တက်လာကြသည်။
လူတိုင်းနီးပါး ချန်းရွှမ်ကို အရင်ချီးကျူးကြသည်။
ဆွေးနွေးပွဲက အိမ်ခြံမြေဆွေးနွေးပွဲ ဖြစ်ပါသော်လည်း ချန်းရွှမ်၏ တစ်ကိုယ်ရေ ချီးကျူးဂုဏ်ပြုပွဲဖြစ်သွားရသည်။
နဂိုကသူမဟာ သေးငယ်သောဇာတ်ကောင်လေးတစ်ခု ဖြစ်ပါသော်လည်း မမျှော်လင့်ပဲ အဓိက ဇာတ်ကောင်ဖြစ်သွားရသည်။
ဆွေးနွေးပွဲပြီးဆုံးသွားချိန်၌ ချက်ချင်း လူအုပ်ကြီးထံမှ ဝန်းရံခံလိုက်ရတော့သည်။
သူမကို လုပ်ငန်းကတ်ပေးလာသည့်သူများ ရှိသလို၊ သူမနှင့်နီးကပ်အောင် ကြိုးစားကြသူများလည်းရှိကာ အများစုမှာ သူမကိုညစာစားရန်ဖိတ်လာကြသည်။
ချန်းရွှမ် လုပ်ငန်းကတ်တွေကို ယဉ်ကျေးစွာ လက်ခံလိုက်ကာ ဖိတ်ခေါ်လာသည်များကိုတော့ ငြင်းဆန်လိုက်သည်။
ထို့နောက် သူမ ယဲ့ဖန်ထံ အမြန်ပြေးသွားတော့သည်။
“ရှောင်ဖန်၊ ဒီနေ့ပြောသွားတာ ဘယ်လိုနေလဲ”
သူမ ယဲ့ဖန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမမျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။
“အင်း၊ မဆိုးပါဘူး။ ကိုယ့်ကို အရှက်မရစေခဲ့ဘူး”
ယဲ့ဖန် သူမ၏နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။
ထိုအချိန်တွင် ချန်းရွှမ်ထံ၌ စင်ပေါ်မှာကဲ့သို့ အရှိန်အဝါမျိုးမရှိတော့ပေ။ သူမ၏ ချစ်သူကောင်လေးရှေ့၌ အင်အားနည်းသော မိန်းကလေးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားလေသည်။
သူမဘေး၌ ရပ်နေသည့်လော့ကျင်းယွမ်မှာ တစ်ကိုယ်လုံးကြက်သီးများပင် ထလာရသည်။
“ညီလေးယဲ့၊ ဝေ့ချန်းဖန်းကိစ္စကို မင်းစိုးရိမ်နေစရာမလိုပါဘူး။ သူသာ တကယ်တိုက်ခိုက်လာရဲရင် ငါမင်းအတွက် သူ့ကိုတားပေးမယ်”
ယဲ့ဖန် ယုတ်မာစွာပြုံးလိုက်သည်။
“ကျွန်တော်က သူ့လောက်ကို မျက်လုံးထဲတောင် မထည့်ပါဘူးလို့ပြောရင် အရမ်းထောင်လွှားလွန်းတယ်လို့ ထင်မှာလား”
လော့ကျင်းယွမ် အော်ရယ်မိသွားသည်။
“ညီလေးယဲ့က ငါ့စိတ်ကိုကောင်းကောင်း သိတာပဲ။ ဒီညမင်းကို ထမင်းလိုက်ကျွေးမလို့ပဲ… ဒါပေမယ့်… ကြည့်ရတာ တတိယဘီးပဲ ဖြစ်သွားမယ် ထင်တယ်။ နောင်ကျ အခွင့်အရေးရှိမှပဲ ထမင်းတစ်နပ်လောက်လိုက်ကျွေးပါဦးမယ်။ မင်းရောပဲ…”
“ညကျတော့ ပျော်လိုက်ပါဦး”
ထိုသို့ပြောကာ ယဲ့ဖန်၏ပုခုံးကိုပုတ်လျက် ထွက်သွားတော့သည်။
ချန်းရွှမ်သူ့ထံမှစနောက်ခံလိုက်ရတာကြောင့် သူမမျက်နှာနီရဲသွားရကာ ယဲ့ဖန်၏ပုခုံးကို မှီလျက် ခေါင်းပြန်မမော့ရဲတော့ပေ။
“ဘာတွေရှက်နေတာလဲ အစောက စင်ပေါ်မှာလို ဘုရင်မတစ်ပါးလို အရှိန်အဝါတွေဘယ်ရောက်သွားတာလဲ။ မင်းမတ်မတ်ရပ်နေသင့်တယ်ထင်တယ်နော်။ ကြည့်နေတဲ့လူတွေအများကြီး ရှိနေသေးတယ်”
ယဲ့ဖန်လည်း မထိန်းနိုင်ပဲ စနောက်လိုက်မိသည်။
“သေလိုက်လေ၊ နင်ပါ ငါ့ကို လှောင်နေတာလား”
ချန်းရွှမ်သူ့အား ကလူ၏မြှူ၏သို့ ပုတ်လိုက်သည်။
“ကိုယ်တကယ်ပြောနေတာ။ အစောက စင်ပေါ်မှာ မင်းအရမ်းမိုက်တယ်”
ထိုသို့ပြောနေရင်း ယဲ့ဖန် သူမနားထံ ကပ်သွားလိုက်သည်။
“အဲ့ပုံစံကို ညအထိထိန်းထားရင် ကိုယ်ပိုပြီး သိမ်းပိုက်လိုတဲ့ဆန္ဒတွေများလာမယ် ထင်တယ်”
ချန်းရွှမ်မှာ ယခုမှ ပိုပြီးဒေါသထွက်ကာ ရှက်ရွံ့လာရကာ ယဲ့ဖန်အား ဗိုက်ခေါက် လိမ်ဆွဲလိုက်သည်။
ယဲ့ဖန် နာကျင်စွာအော်လိုက်မိသည်။
“ကောင်းပြီ၊ ကိုယ်မစတော့ဘူး။ မင်းလည်း ဗိုက်ဆာနေပြီမလား သွားစို့။ အရသာရှိတာ လိုက်ကျွေးမယ်”
ထိုသို့ပြောရင်း ယဲ့ဖန် သူမလက်ကိုဆွဲကိုင်ကာ ထွက်လာလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်လူတိုင်းမှာ သူတို့နှလုံးသားနာကျင်သွားရသည်။
သူတို့ရဲ့နတ်ဘုရားမလေးက ဒီလိုမျိုး ပါသွားပြီတဲ့လား။
ယဲ့ဖန်ဆိုတဲ့ကောင်က ယောကျာ်းထုကြီးရဲ့ ရန်သူပဲ။
အပိုင်း ( ၄၆၀ )
၅သိန်းဆို ငါဝယ်မယ်
ယဲ့ဖန်နှင့်ချန်းရွှမ်တို့ သီးသန့်စားသောက်ဆိုင်၌ ညစာစားခဲ့ကြသည်။
ထို့နောက် လက်တွဲလျက် လူသူထူထပ်သော ညဈေးတန်းကိုလျှောက်ခဲ့ကြသည်။
ဒါက ချန်းရွှမ်အနေနှင့် ဆန့်ကျင်ဘက်လိင်နှင့်အတူ ဈေးဝယ်ထွက်ဖူးခြင်းဖြစ်သည်။ အထူးသဖြင့် အခြားစုံတွဲတွေလို ရင်းနှီးသည့် အပြုအမူများလည်း သူမတို့လုပ်ခဲ့သည်။
ခံစားချက်က တကယ်သစ်လွင်ပြီး လတ်ဆတ်လှသည်။
ယဲ့ဖန်က သူမအတွက် ဧရာမအာတာပူစီပင် ဝယ်ပေးခဲ့သည်။
အစကတော့ သူမ ငြင်းဆန်လျက် ပြောခဲ့သေးသည်။
“ကျွန်မက သုံးနှစ်သမီးမှမဟုတ်တာ”ဟုပြောပြီး အာတာပူစီကို မြည်းစမ်းကြည့်ပြီးနောက် ထပ်ပြောလိုက်မိသည်။
“အနံ့လေးကမွှေးလိုက်တာ”
“ရှောင်ဖန်၊ ကျွန်မ ညတွင်းချင်း ကျုံးဟိုင်ကို ပြန်ရမှာ။ ဟိုမှာလုပ်စရာအလုပ်တွေ ပုံနေပြီ”
ခဏမျှဈေးပတ်ဝယ်ပြီးနောက် ချန်းရွှမ် ရုတ်တရက်ရပ်တန့်လိုက်ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
“ဒီညကိုယ်နဲ့နေဦးလေ၊ မနက်ဖြန်မှပြန်”
ယဲ့ဖန် သူမ၏သွယ်လျလျခါးကို ပွေ့ဖက်လိုက်ကာ သူ့မျက်နှာမှာ အင်တင်တင် ဖြစ်နေသည်။
“မရဘူး၊ ကုမ္ပဏီကလောနေပြီ။ ကျွန်မ အမြန်ပြန်မှရမှာ”
“ကုမ္ပဏီကပိုအရေးကြီးလား၊ ကိုယ်က ပိုအရေးကြီးလား”
“ရှင်အဲ့လိုကြီးလိုက်မယှဉ်နဲ့လေ။ ရှင်က ကျွန်မကို ခက်ခဲအောင်လုပ်နေတာပဲ”
ထိုအခါ ယဲ့ဖန်မှာ စနောက်ရုံသာ တတ်နိုင်တော့သည်။
“ကိုယ်ကစတာပါ။ ညဘက်ကြီး ပြန်ရမှာဆိုတော့ မင်းကိုစိတ်မချလို့”
ချန်းရွှမ်ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒရိုင်ဘာလည်းပါမှာပဲကို”
“ဒရိုင်ဘာက ယောကျာ်းလေးလား မိန်းကလေးလား”
“ရှင်နော်… ရှင့်ကိုမခေါ်တော့ဘူး၊ ဟွန့်”
ချန်းရွှမ် စိတ်ဆိုးကာလှည့်ထွက်သွားတော့သည်။
ထိုအချိန်တွင် ယဲ့ဖန်နားထဲ၌ စနစ် မှ အချက်ပေးသံမြည်လာသည်။
[စနစ် မှ ရတနာရှာဖွေခြင်း လမ်းညွှန်ချက်ကိုရှာတွေ့ထားပါသည်။ ယခုလမ်းအတိုင်း မီတာ၂၀၀ခန့် တန်းတန်းလျှောက်သွားပြီး ဘယ်ဘက်ကွေ့ပါ..]
ချန်းရွှမ် အရှေ့ရောက်သွားသော်လည်း ယဲ့ဖန်ပါမလာသည်ကိုမြင်တော့ သူမ ပြန်လှည့်ကြည့်လာသည်။
“ဘာဖြစ်လို့လဲ”
ယဲ့ဖန် သူမလက်ကိုဆုပ်ကိုင်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းတွေ ပင့်တက်သွားသည်။
“ကိုယ်နဲ့တစ်နေရာလိုက်ခဲ့”
“ဘယ်သွားမလို့လဲ”
“ရောက်ရင်သိမှာပေါ့”
ယဲ့ဖန် GPS အတိုင်းလိုက်လာလိုက်ကာ အိမ်အိုကြီးတစ်အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
အိမ်၏ယိုယွင်းပျက်စီးနေသော အခြေအနေအရဆိုလျှင် အနည်းဆုံး နှစ်တစ်ရာလောက်ရှိနေပြီဟု ထင်ရသည်။
ခြံတံတိုင်း၏တစ်ချို့အစိတ်အပိုင်းတွေမှာ ပြိုကျနေကာ ပြင်ဆင်ပေးမည့်သူလည်း မရှိပေ။
ချန်းရွှမ် ယဲ့ဖန်အား သိလိုစိတ်ပြင်းပြစွာ ကြည့်လိုက်မိသည်။
“ဒီကိုဘာလာလုပ်တာလဲ”
ယဲ့ဖန် အကြောင်းပြချက်တစ်ခုရှာကာ ပေးလိုက်သည်။
“ရုတ်တရက် အိမ်အိုကြီးတွေကို စိတ်ဝင်စားသွားလို့ အထဲဝင်ပြီး တစ်ချက်လောက်ကြည့်ကြည့်ရအောင်”
ထိုသို့ပြောကာ သူကိုယ်တိုင်ဦးဆောင်၍ ဝင်လာလိုက်သည်။
သူဘာလုပ်ဖို့ကြံနေသလဲတော့ သူမ မသိပေမယ့် ယဲ့ဖန်ကို အကြွင်းမဲ့ယုံကြည်၍ သူမ နောက်မှလိုက်ခဲ့လိုက်သည်။
အိမ်အိုကြီး၏တံခါးပွင့်သွားသည်။
သူတို့နှစ်ဦးမှာ အတားအဆီးမရှိ ခြံဝန်းထဲထိ ရောက်လာခဲ့ကြသည်။
ခြံဝန်းမှာမီတာတစ်ထောင်ခန့်ကျယ်ဝန်းပြီး အနည်းဆုံးတော့ အိပ်ခန်း ခုနစ်ခန်း၊ ရှစ်ခန်းလောက်ရှိလောက်သည်။
အိမ်တစ်အိမ်လုံးကို သစ်သားများဖြင့်သာ ဆောက်လုပ်ထားပြီး အလွန်ရှေးဆန်သည်။
သူတို့နှစ်ဦးအိမ်ထဲရောက်ချိန်၌ အဝေးမှ အက်ရှရှအသံတစ်သံကြားလိုက်ရသည်။
“သခင်ကြီးဖောင်၊ ကျုပ်အိမ်က အနည်းဆုံး၅သိန်းလောက်တော့ တန်တယ်မလားဟင်။ အဲ့တာဆို ခင်ဗျားဆီက ချေးထားတဲ့ပိုက်ဆံကို ပြန်ဆပ်နိုင်ရုံတင်မဟုတ်ပဲ အရင်းအနှီးလည်း အများကြီးရလောက်တယ်”
သူတို့နှစ်ဦးသား အသံလာရာကို ကြည့်လိုက်သည်။
စကားပြောနေသည့်လူမှာ နှုတ်ခမ်းချွန်ချွန်နှင့် မျောက်ဝံပုံစံ ပါးပြင်များရှိသည်။
ထိုလူမှာ အသက်ငါးဆယ်ခန့်ရှိပြီဖြစ်ကာ အလွန်ပိန်လှီနေပြီး လေတစ်ချက်အဝှေ့တွင် ပင် လဲသွားနိုင်ပုံဖြစ်နေသည်။
ထိုလူ၏ရှေ့တွင် အနည်းငယ်ဝတုတ်တုတ် လူတစ်ယောက်ရှိနေသည်။
၆ပေလောက် အရပ်ရှည်သည်။
အနည်းဆုံး ပေါင်နှစ်ရာလောက်ရှိမည် ထင်သည်။
ထိုလူ၏လက်မောင်းထက်၌ အစိမ်းရောင် နဂါးပုံတက်တူးတစ်ခုရှိရာ တစ်ဖက်သားကို ကောင်းစွာခြိမ်းခြောက်နိုင်သည်။
ထိုလူ၏စကားကိုကြားတော့ အစိမ်းရောင် တက်တူးနှင့်လူမှာ ထရယ်လာလေသည်။
“၅သိန်း မင်းလာနောက်နေတာလား ငါ့ကိုအရူးများထင်နေလား။ မင်းရဲ့ဒီအိမ်အစုတ်ကို အလကားပေးရင်တောင် သရဲခြောက်ခံရမှာ ကြောက်ရတယ်။ ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်”
“အဲ့လိုမရက်စက်ပါနဲ့ဗျာ။ ကျွန်တော်တို့လည်း ပိုက်ဆံပြန်ဆပ်ဖို့ ဒီဈေးတောင်းရတာပါ”
မျောက်ဝံမျက်နှာနှင့်လူကြီးမှာ အမြန် ခယလာသည်။
တက်တူးနှင့်လူကြီးမှာ အိမ်ကို နောက်တစ်ကြိမ်လှည့်ပတ်ကြည့်လိုက်သည်။
“ဒီအိမ်စုတ်ကို အများဆုံး ယွမ်တစ်သိန်းပဲ ပေးနိုင်မယ်။ အဲ့ထက်ပိုမပေးနိုင်ဘူး”
မျောက်ဝံလိုမျက်နှာနှင့် လူကြီးမှာ ချက်ချင်း ကြောက်လန့်သွားသည်။
“အဲ့လိုမလုပ်ပါနဲ့ဗျာ။ ကျွန်တော့်အိမ်က ဒီလောက်ကြီးတာကို။ မြေချည်းပဲရောင်းရင်တောင် ယွမ်တစ်သိန်းထက်ပိုရပါတယ်”
တက်တူးနှင့်လူကြီးက လှောင်ရယ်လိုက်သည်။
“ဒီမှာမြေဖိုးပိုက်ဆံ။ မင်းရဲ့ဖွတ်ကျားအိမ်ကို ငါကဘာလုပ်ရမှာလဲ မင်းကြိုက်ရင် ကိုယ့်ဘာသာယူသွား”
မျောက်မျက်နှာနှင့်လူကြီးမှာ ချက်ချင်း အမြန်အသနားခံလာသည်။
“ဖောင်လူကြီးမင်း၊ နည်းနည်းလောက် ထပ်ပေးပါဦးဗျာ။ ဒီထက်ပိုပေးရင် ကျွန်တော်ခင်ဗျားကို ပြန်ရောင်းပါ့မယ်”
တက်တူးနှင့်လူမှာ မျက်မှောင်ကြုတ်သွားကာ ခဏမျှစဉ်းစားနေလိုက်သည်။
“မင်းအတွက် တော်တော်ခက်ခဲနေတဲ့ပုံပဲ။ ဒီလိုဆိုရင်ရော ငါမင်းကို ယွမ်နှစ်သိန်းပေးမယ်၊ ဒီထက်တော့ တစ်ပြားမှပိုမပေးနိုင်တော့ဘူး”
မျောက်ဝံမျက်နှာနှင့်လူမှာ အနည်းငယ် တုံ့ဆိုင်းနေလျက် “နှစ်သိန်းက… ကျွန်တော့် အကြွေးတွေကျေရုံပဲရှိတယ်။ ဘယ်ပိုက်ဆံနဲ့ လောင်းကစားဆက်လုပ်ရမှာလဲ”
တက်တူးနှင့်လူမှာ မပျော်မရွှင် ဖြစ်လာသည်။
“ဒါဆိုလည်း သေချာစဉ်းစားကြည့်လိုက်ဦး။ ခင်ဗျားစဉ်းစားပြီးရင် ကျုပ်ကိုလာရှာလှည့်”
ထိုသို့ပြောကာ သူ့လူတွေနှင့် ထွက်သွားရန်ပြင်လိုက်သည်။
“ကောင်းပါပြီ၊ ဖောင်လူကြီးမင်း။ ဒါဆို ကျွန်တော်နှစ်သိန်းနဲ့ရောင်းလိုက်ပါမယ်”
သူထွက်သွားတော့မည်ကိုမြင်တော့ မျောက်ဝံမျက်နှာနှင့်လူမှာ အမြန် သဘောတူလိုက်ရသည်။
သူပြောတာကိုကြားတော့ တက်တူးနှင့်လူမှာ မပျော်မရွှင်နှင့်ပြန်လှည့်လာကာ ပိုက်ဆံပေးရန်ပြင်လိုက်သည်။
“အစောထဲကဒီလိုလုပ်လိုက်ရင် ပြီးနေပြီ။ အချိန်လာဖြုန်းနေတယ်”
သူပိုက်ဆံပေးတော့မည်ကိုမြင်တော့ ယဲ့ဖန် အမြန်ဝင်မေးလိုက်သည်။
“ခင်ဗျားဒီအိမ်ကိုရောင်းမှာမလား”
မျောက်ဝံမျက်နှာနှင့်လူမှာ ခဏတာ ကြောင်သွားပြီးမှ အမြန်ပြန်ဖြေလာသည်။
“ရောင်းမှာပါ၊ မင်းဝယ်ချင်လို့လား”
ယဲ့ဖန် ယခုမှရောက်လာသလို ဟန်ဆောင်လိုက်သည်။
“ကျွန်တော်လည်း အခုတစ်လောဒီလိုအိမ်မျိုးတွေကို ကြိုက်နေတာ။ ခင်ဗျားဘယ်လောက်နဲ့ ရောင်းဖို့ရည်ရွယ်ထားလဲ”
မျောက်ဝံမျက်နှာနှင့်လူလည်း မျက်လုံးလှိမ့်လိုက်ကာ လက်ဖြန့်ပြလာ၏။
“၅သိန်း”
သူပြောလိုက်သည်ကိုကြားတော့ တက်တူးနှင့်လူမှာဆဲမိမလိုဖြစ်သွားရသည်။
ဒီကောင်ကတော့ တကယ်လေလံတင်ရဲတယ်ပေါ့။
မတန်တဆ ဈေးလာတောင်းနေတာပဲ။
သူ့ကို တကယ်ငတုံးလို့ ထင်နေတာလား။
ယဲ့ဖန်ကတော့ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါကနည်းနည်းမသင့်တော်ဘူးဗျ။ အစောက ခင်ဗျားတို့နှစ်ယောက်ပြောနေတာ ကြားလိုက်တယ်။ သူက နှစ်သိန်းပဲပေးမယ် ပြောတာကို ရောင်းဖို့ပြင်နေပြီးတော့ ကျွန်တော့်ကျမှ ဘာလို့ငါးသိန်းဖြစ်သွားတာလဲ”
ထိုလူမှာ ယဲ့ဖန်ထံမှ ဖော်ထုတ်ခံလိုက်ရပေမယ့် တစ်စက်လေးမှ ရှက်သွားပုံမပေါ်ချေ။ သူ့ကိုယ်သူပင် ကာကွယ်လိုက်သေးသည်။
“ဟုတ်တယ်လေ၊ ဖောင်လူကြီးမင်းနဲ့ ငါနဲ့က သူငယ်ချင်းတွေမို့လို့ နှစ်သိန်းနဲ့ပေးတာ။ မင်းဝယ်ချင်ရင် ငါးသိန်းပေးရမယ်”
ချန်းရွှမ် ယဲ့ဖန်၏လက်မောင်းအား ဆွဲလိုက်သည်။
“ရှောင်ဖန်၊ သွားရအောင်ပါ။ ငါးသိန်းနဲ့အိမ်အပျက်ကြီးကို ဝယ်မလို့လား အရူးတောင်ဝယ်မှာမဟုတ်ဘူး”
ယဲ့ဖန်ကတော့ မရွေ့ပေ။ ထိုလူကိုသာ အချိန်အတော်ကြာစိုက်ကြည့်နေသည်။
“ကောင်းပြီလေ၊၅သိန်း။ ကျွန်တော် ဝယ်မယ်”