အပိုင်း ၄၆၁-၄၆၄
Vol. 24 Ch. 461-464
အပိုင်း ( ၄၆၁ )
အဝါရောင်သစ်ပိတောက်သားနဲ့တူတယ်
တကယ်တော့ အဲ့ဒီလူက ၅သိန်းတောင်းလိုက်တာက ယဲ့ဖန် စျေးညှိအောင် ပိုပြောလိုက်တာဖြစ်သည်။
သူက လက်ရှိမှာ ပိုက်ဆံတစ်ပြားမှ မရှိတာကြောင့် ယဲ့ဖန်က ဖောင်လူကြီးမင်းထက် စျေးပိုပေးလျှင် သူ့အတွက် ပိုကောင်းမည့်အကြံနှင့် ပြောလိုက်သည်။
သို့သော် အလျှော့အတင်းမရှိဘဲ ယဲ့ဖန်က ၅သိန်းဈေးကို သဘောတူခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ့နားကိုတောင် မယုံနိုင်ချေ။
" မင်း ...... မင်း ငါပြောတာကို သေချာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရဲ့လား။ ယွမ် ၅သိန်းလို့ ပြောလိုက်တာ။ မင်း ငါ့ကို လာလိမ်စားဖို့ မလုပ်နဲ့ "
ထိုယောက်ျားက တစ်ဖက်သူ နားလည်မှုလွဲမှာကို ကြောက်တဲ့အတွက် နောက်တစ်ကြိမ် ထပ်အတည်ပြုသည်။
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။
" မှန်ပါတယ်၊ ကျွန်တော်လည်း ယွမ် ၅သိန်းပေးမယ်လို့ ပြောတာပါ "
ဘေးမှာရှိနေသည့် ချန်းရွှမ်က ချက်ချင်း စိတ်ပူသွားရသည်။
" ရှောင်ဖန်၊ နင် ဘာဖြစ်နေတာလဲ။ ဒီလောက် စုတ်ပြတ်နေတဲ့ အိမ်တစ်လုံးကို ၅သိန်းနဲ့ ဝယ်မလို့လား။ အဲ့လောက်တောင် ပိုက်ဆံတွေ ပေါနေလား "
ယဲ့ဖန်က သူမပုခုံးကို ပုတ်ပြီး စိတ်အေးအေးထားရန် ပြောလိုက်သည်။
ထို့နောက် ထိုလူကို မော့ကြည့်လိုက်သည်။
" အဲ့တော့ ဘယ်လိုလဲ။ ခင်ဗျားသဘောတူရင် ငွေကို အခုပဲချေပေးမယ် "
ထိုလူက ကမန်းကတန်း ခေါင်းငြိမ့်သည်။
" ကောင်းပြီ၊ ပြေပါတယ် ပိုင်ဆိုင်မှုကို ချက်ချင်းလွှဲပေးမယ်။ အခုသွားပြီးတော့ ရပ်ကွက်ကော်မတီဝင်တွေကို သက်သေအဖြစ်ဖိတ်လိုက်မယ် "
သူက ပြောပြီးတာနဲ့ ပြေးထွက်သွားသည်။
တက်တူးထိုးထားတဲ့ယောက်ျားက ယဲ့ဖန်အား ကြည့်ကာ ဟွန်းခနဲနှာမှုတ်လိုက်သည်။
" ကောင်လေး၊ မင်းက တခြားမြို့က လာတာလား။ ဒီပျက်စီးနေတဲ့အိမ်က ယွမ် ၅သိန်းတန်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ၂သိန်းဆိုတာကတောင် အများဆုံးဖြစ်နေပြီ "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
" ကျွန်တော် ဒီအိမ်ဟောင်းကြီးကို အတော်လေးသဘောကျတော့ အဲ့တာကို အပျော်သဘောနဲ့ ပိုက်ဆံသုံးလိုက်တာပါ "
တက်တူးထိုးထားသည့် အမျိုးသားက ခေါင်းယမ်းကာ ရယ်ရုံသာတတ်နိုင်သည်။
" ဒီခေတ်မှာ ချမ်းသာတဲ့လူတချို့က တကယ်မိုက်မဲတာပဲ "
သို့သော်လည်း သူက တခြားဘာမှ ထပ်မပြောခဲ့ပေ။
ငရဲဘုရင်ကို ယုတ်မာတဲ့တစ္ဆေတစ်ကောင်က မကယ်တင်နိုင်ချေ။
တစ်ဖက်သားက အရှုံးခံလိုစိတ်ရှိနေသောကြောင့် သူ့မှာ ဆက်သတိပေးရမည့်တာဝန် မရှိတော့ပေ။
မျောက်မျက်နှာနှင့်ယောက်ျားက လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကူညီပေးရန် အနီးနားရှိ ရပ်ကွက်ကော်မတီမှ လူများကို အမြန်ဖိတ်ခေါ်ခဲ့သည်။
ထိုလူကို ဝမ်းပေါင်ကျူးဟုခေါ်ကြောင်း အခုမှသာ ယဲ့ဖန် သိရသည်။
သူ၏ဘိုးဘေးများက ပင်းဟိုင်တွင် ကျော်ကြားသော မြေပိုင်ရှင်များဖြစ်ကြသည်။
ဝမ်းမိသားစု၏နေအိမ်က ထိပ်ဆုံးရောက်တဲ့အချိန်မှာ အိမ်အကျယ်က အနည်းဆုံး စတုရန်းမီတာ ၁၀,၀၀၀ ကျော်ကျယ်ဝန်းပြီး ဘောလုံးကွင်းနှစ်ကွင်း အရွယ်အစားရှိသည်။
ထို့နောက် အကြွေး အသိမ်းခံရသည်။
နောက်ပိုင်း သူတို့ရဲ့ပိုင်ဆိုင်မှုတချို့ကို သူတို့ဆီ ပြန်ရခဲ့ပေမယ့် အရင်ကလို မတင့်တယ်တော့ပေ။
လောင်းကစားရုံနှင့် ရပ်ကွက်ကော်မတီ၏ သက်သေအောက်တွင် ယဲ့ဖန်က ယွမ် ၅သိန်းကို ဝမ်းပေါင်ကျူးဆီသို့ လွှဲပြောင်းပေးခဲ့ပြီး အိမ်၏အမည်ပိုင်ကို လွှဲပြောင်းယူခဲ့သည်။
ပြီးသွားတဲ့အခါ ရပ်ကွက် ကော်မတီမှ လူတွေက ညည်းတွားပြောဆိုကြကာ ထွက်သွားခဲ့သည်။
" ဒီလောင်းကစားသမားက ကောင်းမွန်နေတဲ့ မိသားစုစီးပွားရေးကိုကျ အရှုံးပေးပြီး အခုကျတော့လည်း သူ့နောက်ဆုံးအိမ်ကိုပါ ရောင်းလိုက်သေးတယ်။ ဘယ်လောက်တောင် ညံ့ဖျင်းလိုက်လဲ ....... "
ဝမ်းပေါင်ကျူးသည် သူတို့၏ကျောဘက်ကနေ လက်ခလယ် ထောင်ပြလိုက်သည်။
" ဆံပင်ရှည်ပြီး ဗဟုသုတကျ တိုငေါက်နေလိုက်တာ။ အန္တရာယ်ကြားကနေ စည်းစိမ်ကိုရှာရတာ ဘယ်လိုလဲ သိကြလား။ ငါ လောင်းကြေးထပ်ပြီး အိမ်တွေအများကြီးဝယ်နိုင်တဲ့အထိ စောင့်နေလိုက်။ အဲ့ကျ ခင်ဗျားတို့ရဲ့ ခွေးမျက်လုံးတွေကို ကြည့်လို့မရအောင် ဖောက်ပစ်မယ် "
တက်တူးထိုးထားတဲ့ အမျိုးသားက လျှောက်လာပြီး ပခုံးကို ပုတ်လိုက်သည်။
" ညီလေးဝမ်း၊ မင်းမှာ ပိုက်ဆံရှိနေပြီဆိုတော့ ငါတို့ ကာစီနိုမှာ အကြွေးတင်နေတဲ့ ပိုက်ဆံကို မင်း ပြန်မဆပ်သင့်ဘူးလား "
ဝမ်းပေါင်ကျူးက အမြန်ခေါင်းငြိမ့်ပြီး ဦးညွတ်လိုက်သည်။
" ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ခဏနေရင် ပြန်ပေးပါ့မယ် "
တက်တူးထိုးထားသော အမျိုးသားရဲ့မျက်လုံးက ချက်ချင်း တောက်ပလာသည်။
" ဒါဆိုရင် ကာစီနိုကိုယ်စား၊ ဝမ်းညီလေး ပြန်လာတာကို ကြိုဆိုပါတယ်။ မင်းရဲ့ကံကောင်းမှုကြောင့် မင်းဒီတစ်ကြိမ်မှာ ကြီးကြီးမားမား အနိုင်ရလိမ့်မယ်လို့ ငါအာမခံတယ် "
အဲ့တာကို ဝမ်းပေါင်ကျူးက ကြားလိုက်တဲ့အခါ သူ့ကိုယ်သူ ပိုလို့တောင် ဘဝင်ကျသွားသည်။
" ကျေးဇူးပါ ဆရာကြီး၊ နောက်မှ သွားစမ်းပါ့မယ် "
တက်တူးထိုးထားတဲ့ အမျိုးသားက ထွက်မသွားခင် ခဏလောက် စကားစမြည်ပြောနေခဲ့သည်။
ပြီးမှသာ ဝမ်းပေါင်ကျူးက ယဲ့ဖန်ဆီသို့ တိတ်တဆိတ် လမ်းလျှောက်လာခဲ့သည်။
" ညီလေး၊ မင်း အမှန်တိုင်းပြော။ ငါ့ရဲ့ စုတ်ပြတ်နေတဲ့အိမ်ကို ဝယ်ဖို့အတွက်နဲ့ မင်းဘာလို့ ၅သိန်းတောင် သုံးခဲ့တာလဲ "
ယဲ့ဖန်က အိမ်ကို လှည့်ပတ်ကြည့်ကာ ကျေကျေနပ်နပ်နဲ့ ပြောသည်။
" ပြောပြီးပြီ မဟုတ်ဘူးလား။ ဒီအိမ်အိုကြီးကို အရမ်းကြိုက်လို့ပါ "
ဝမ်းပေါင်ကျူးက စိတ်မချမ်းသာစွာဖြင့် မျက်လုံးကို မှိတ်လိုက်သည်။
" အိမ်ဟောင်းတွေက အများကြီးရှိပါတယ်။ မင်း ဘာလို့ ငါ့အိမ်ကို ဝယ်ရတာလဲ။ မင်းမှာ အတွင်းသတင်းတွေများ ရှိလို့လား။ ဒီနေရာကို ဖြိုချပစ်မှာလား "
ယဲ့ဖန်က သူ့အကြည့်တွေကို ပြန်ရုတ်လိုက်သည်။
" အများကြီးမတွေးပါနဲ့။ ကျွန်တော် တကယ်ပဲ အပျော်ဝယ်ခဲ့တာပါ "
ယဲ့ဖန်က အမှန်တိုင်းပြောရန် ဆန္ဒမရှိသည်ကို ဝမ်းပေါင်ကျူး မြင်လိုက်ရတဲ့အခါ ဘာမှမတတ်နိုင်တော့ပေ။
" မပြောချင်ရင်လည်း မေ့လိုက်ပါတော့။ ငါ မင်းကို ရောင်းပြီးပြီဆိုတော့ မင်းလုပ်ချင်တာလုပ်လို့ရပြီ "
အဲ့လိုနဲ့ သူက တုံ့ဆိုင်းမနေဘဲ ထွက်သွားခဲ့သည်။
ထိုအချိန်တွင် ချန်းရွှမ်က ထပ်ပြောပြန်သည်။
" နင် တစ်ခုခု မကောင်းတာကြံနေပြန်ပြီလား "
သူမ ယဲ့ဖန်အကြောင်းကို နားလည်သလောက် သူက အရမ်းလိမ္မာပါးနပ်ပြီး အရှုံးပေါ်မယ့်ကိစ္စ မလုပ်ဘူးဆိုတာ သေချာသည်။
ယဲ့ဖန်က နှာခေါင်းကို တို့လိုက်သည်။
" အစ်မရွှမ်က ကျွန်တော့်ကို ကောင်းကောင်းသိတာပဲ "
ယဲ့ဖန်က သူမကို ဆက်မဖြေတော့ဘဲ အဲ့ဒီအစား ဖုန်းကိုထုတ်ပြီး လော့ကျင်းယွမ်ရဲ့နံပါတ်ကို နှိပ်လိုက်သည်။
" ဟယ်လို၊ ညီလေး မင်း ဘာလို့ ငါ့ကို ခေါ်တာလဲ။ အရေးတကြီးကိစ္စရှိလို့လား "
လော့ကျင်းယွမ်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
" ဒီလိုပါပဲ။ အိမ်ဟောင်းလေးတစ်လုံး ဝယ်ထားတာ။ အိမ်က သစ်သားတွေနဲ့ အဓိကဆောက်ထားတာဆိုတော့ ကြည့်ပေးဖို့ လက်သမားကောင်းတစ်ယောက်ရှာရမှာ။ အဲ့အတွက် အစ်ကိုလော့ကို အနှောင့်အယှက်ပေးရမှာပဲ၊ ရှာကူပါဦး "
" တစ်ခုခုလို့ ထင်သွားခဲ့တာ။ အသေးအမွှားကိစ္စလေးတစ်ခုပဲ။ အဲ့အတွက်နဲ့ ငါ့ကိုခေါ်ရတာ တန်ရောတန်ရဲ့လား "
" ကျွန်တော်က ဒီနေရာနဲ့ မရင်းနှီးဘူးမဟုတ်လား။ အစ်ကိုလော့ကိုပဲ အားကိုးရမှာ "
" ကောင်းပြီ၊ မင်းအတွက် ရှာပေးလိုက်မယ်။ လိပ်စာ ပို့ပေးလိုက် "
ယဲ့ဖန်က ဖုန်းချပြီးနောက် လိပ်စာကို ပို့ပေးလိုက်သည်။
လော့ကျင်းယွမ်က အလွန်အစွမ်းထက်လေသည်။
ဆယ်မိနစ်လောက်စောင့်ပြီးတဲ့နောက် လက်သမားတစ်ယောက်ရောက်လာလေသည်။
ထိုလက်သမားက အသက်ခြောက်ဆယ်ခန့်လောက်ရှိပြီး ရိုးသားတဲ့ပုံပေါက်သည်။
အထူးသဖြင့် သူက ချန်းရွှမ်ရဲ့အလှကို မြင်လိုက်တဲ့အခါ စကားတွေထစ်ပြီးတော့ ကောင်းကောင်းမပြောနိုင်တော့ချေ။
ယဲ့ဖန်က သူရှေ့ကို တည့်တည့်သွားလိုက်သည်။
" ဒီအိမ်ကြီးကို ကြည့်ပြီး အဖိုးတန်ပစ္စည်း တစ်ခုခုရှိမရှိ ကူညီပြီး ကြည့်ပေးနိုင်မလား "
လက်သမားအဘိုးအိုက ချက်ချင်း လှည့်ပတ်ကြည့်လိုက်သည်။
ထိုအချိန်မှာဘဲ တံခါးဝမှာ ခိုးကြောင်ခိုးဝှက်နဲ့ တစ်ယောက်ယောက်ရှိနေသည်ကို ယဲ့ဖန် ရုတ်တရက် သတိပြုမိလိုက်သည်။
ကြည့်စရာတောင်မလိုဘဲ ဝမ်းပေါင်ကျူးဆိုတာ သိလိုက်သည်။
ယွမ် ၅သိန်း ရပြီးတဲ့နောက်တောင် ထိုလူက မကျေနပ်ဘဲ သတင်းမေးရန် ပြန်ရောက်လာခဲ့သည်။
ယဲ့ဖန် စိတ်ထဲထားမနေပေ။
ဘာပဲဖြစ်ဖြစ် အိမ်က သူ့အပိုင်ဖြစ်နေပြီဖြစ်သည်။ ဝမ်းပေါင်ကျူးက ဘယ်လို လုယူနိုင်တော့မှာလဲ။
ထိုအချိန်တွင် လက်သမားက ရုတ်တရက် ပြောလေသည်။
" ဒါ… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
ယဲ့ဖန်နှင့် ချန်းရွှမ်လှည့်ကြည့်လိုက်သည်။
ပြိုကျနေတဲ့အမိုးအောက်မှာ သစ်သားတွေကို ခေါက်ကြည့်နေတဲ့ လက်သမားကို တွေ့လိုက်ရသည်။
သူကြည့်ရတာ တစ္ဆေမြင်ရသလို ဖြစ်နေသည်။
" ဘာကိုတွေ့တာလဲ "
ယဲ့ဖန် ချက်ချင်း လျှောက်သွားလိုက်သည်။
" ဒါ…ဒါက အဝါရောင်သစ်ပိတောက်သားနဲ့တူတယ် "
လက်သမား၏အသံက တုန်လှုပ်နေသည်။
( Note - Rosewood/Burmese Padauk သစ်ပိတောက် )
အပိုင်း ( ၄၆၂ )
လမ်းလျှောက်နေတဲ့ ပိုက်ဆံရိုက်နှိပ်စက်ကြီး
လက်သမားဆရာနှုတ်က 'အဝါရောင်သစ်ပိတောက်သား' ဟူသော စကားကို ယဲ့ဖန် ကြားလိုက်သောအခါ သူလည်း ထိတ်လန့်သွားသည်။
သူ သစ်သားတွေအကြောင်း သုတေသနမလုပ်ခဲ့ဖူးလျှင်တောင်မှ ဒီလောက်နာမည်ကြီး ကျော်ကြားတဲ့ အဝါရောင်သစ်ပိတောက်သားကို သူကြားဖူးလေသည်။
ဒီသစ်သားက အလွန်အဖိုးတန်သော သစ်ဖြစ်ကြောင်း သူသိသည်။
ဒီအိမ်ကြီးထဲမှာ အဝါရောင်သစ်ပိတောက်သား တကယ်ပဲရှိတာလား။
လက်သမားအဘိုးကလည်း မသေချာပေ။
သူက ထုတ်တန်းကို အမြန်ဆွဲထုတ်ပြီး သုတ်ဆေးကို ပွတ်ကြည့်လိုက်သည်။
ထို့နောက် နီညိုရောင်သစ်သားက ချက်ချင်းပေါ်လာလေသည်။
တစ်ချိန်တည်းမှာပဲ ဆေးဖက်ဝင်အပင်၏ မွှေးရနံ့ကို ထုတ်လွှတ်နေသည်။
" ဒါက တကယ့် အဝါရောင်သစ်ပိတောက်သားဖြစ်တဲ့အပြင် နှစ်ရာကျော် ထိပ်တန်း သစ်ပိတောက်သားဖြစ်တယ်။ ဒီလောက်ကြီးတဲ့ထုတ်တန်းတွေသာဆို ဘယ်လောက်တောင်ကုန်ကျလိုက်မလဲ "
လက်သမားသည် လုံးဝ အံ့သြသွားရသည်။
သူသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လက်သမားလုပ်လာသော်လည်း နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိတဲ့ အဝါရောင်သစ်ပိတောက်သားကို တစ်ခါမှမတွေ့ဖူးပေ။
ချန်းရွှမ်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ဒါက သစ်သားအပိုင်းအစပဲ မဟုတ်လား။ အရမ်းတန်ဖိုးကြီးလို့လား "
ချန်းရွှမ်၏အလှကြောင့် စကားမပြောနိုင်လောက်အောင် ရှက်ရွံ့နေခဲ့တဲ့ ရိုးသားတဲ့ လက်သမားကြီးက ဒီတစ်ခါမှာတော့ ချက်ချင်း စိတ်မချမ်းသာစွာ ပြန်ပြောလိုက်သည်။
" ဒီအဝါရောင်သစ်ပိတောက်သား၊ စန္ဒကူးနီ၊ ကျွန်းနဲ့ သစ်မာပင်တို့က ထင်ရှားကျော်ကြားတဲ့ သစ်ပင်လေးမျိုးလို့ ခေါ်ကြတယ်။ အဲ့တာတွေအားလုံးက အဖိုးမဖြတ်နိုင်တဲ့ သစ်ရတနာတွေပဲ။ ဒီထုတ်တန်းဆို နှစ်တစ်ရာကျော် ထိပ်တန်း အဝါရောင်သစ်ပိတောက်သား။ အဲ့တာဆိုရင်ရော ထိုက်တန်တယ်လို့ မင်းထင်လား "
ထိုလက်သမားက စကားပြောနေရင်း သူက သစ်သားကို ကလေး၏အရေပြားကို ပွတ်နေသကဲ့သို့ ညင်သာစွာ ပွတ်သပ်ကြည့်နေသည်။
ယဲ့ဖန်က ထပ်ပြောပြန်လိုက်သည်။
" ဆရာကြီး၊ ကျေးဇူးပြုပြီး စျေးနှုန်းကို ခန့်မှန်းပေးပါ။ ဒီသစ်သားက ဘယ်လောက်တန်လောက်လဲ "
လက်သမားက ထုတ်တန်း၏ အရွယ်အစားကို တိုင်းတာပြီး နောက်ဆုံးတွင် ဈေးပြောခဲ့သည်။
" ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရ ဒီအဝါရောင်သစ်ပိတောက်သားတစ်ခုတည်းကတောင် အနည်းဆုံး ယွမ် ၁သိန်း တန်ပါတယ် "
" ဘယ်လောက်လဲ။ ၁သိန်းလား "
ချန်းရွှမ်သည် ချက်ချင်းပင် မျက်လုံးပြူးသွားရသည်။
သစ်သားတန်းလေးတွေကိုတောင် ၁သိန်းတန်သလား။
ယုံချင်စရာတောင် မရှိပေ။
တံခါးအပြင်မှာ ချောင်းကြည့်နေတဲ့ ဝမ်းပေါင်ကျူးလည်း လုံးဝကို အံ့သြသွားရသည်။
သူသည် ဒီကျိုးပဲ့နေတဲ့အိမ်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့သော်လည်း သစ်သားအကျိုးအပဲ့တွေက ဒီလိုအလွန်တန်ဖိုးရှိကြောင်း သူမသိခဲ့ချေ။
မဟုတ်ရင် လောင်းကစား အရင်းအနှီးအဖြစ် ဟိုးကတည်းက ရောင်းခဲ့တာ ကြာလောက်လေပြီ။
သူ့နှလုံးသားက သွေးတွေစီးကျနေပေမယ့် စက္ကန့်ပိုင်းလောက်တွေးပြီးတဲ့အခါ သူ အရှုံးမပေါ်ကြောင်း သတိရလိုက်သည်။
သူ ယွမ် ၅သိန်းတောင် ရရှိခဲ့လေသည်။
နှိုင်းယှဥ်ကြည့်လျှင် သူ့မှာ အမြတ်ထွက်နေဆဲဖြစ်သည်။
ယဲ့ဖန်က လက်သမားကို ထပ်ကြည့်လိုက်သည်။
" ဆရာကြီး၊ တခြားဟာတွေကို ကြည့်ပါဦး။ ဒီထက် အဖိုးတန်တာတွေ ရှိသေးလား "
လက်သမားသည် ထုတ်တန်းမှ အကြည့်ကို ရွှေ့လိုက်ပြီး အခြားနေရာများကို လှည့်ကြည့်လိုက်သည်။
ခဏကြာတော့ သူက ထပ်ပြီးအော်လေသည်။
" ဒါက ....... ဒီတံခါးကိုရော အဝါရောင်သစ်ပိတောက်သားနဲ့ လုပ်ထားတာလား "
" ပြီးတော့ ပြတင်းပေါက်ဘောင်ကလည်း အဝါရောင်သစ်ပိတောက်သားလား "
" ဒီထုတ်တန်းတွေကရော .... အိုး ....... ဘုရားရေ ..... "
သူအရမ်းစိတ်လှုပ်ရှားနေတော့ စကားတွေက တောင်စဉ်ရေမရဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက် သူက တုန်တုန်ယင်ယင်ဖြင့် ယဲ့ဖန်ဘက်ကို ပြန်လာကာ တစ္ဆေမြင်သွားသလိုမျိုး ကြည့်နေလေသည်။
" ဒီအိမ်… တစ်အိမ်လုံးက အဝါရောင်သစ်ပိတောက်သားတွေနဲ့ပဲ လုပ်ထားတာ ...... အားလုံးက နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ အဝါရောင်သစ်ပိတောက်သားတွေပဲ "
ယဲ့ဖန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် စနစ်က သူ့ကို ရတနာရှာဖွေဖို့ ဒီနေရာကို ပို့လိုက်တာမလို့ ဒါက သာမန်ပစ္စည်းတွေရှိတဲ့ နေရာတစ်ခုတော့ မဟုတ်ချေ။
သို့သော် သူ အနည်းငယ် ထိတ်လန့်နေသေးသည်။
နေအိမ်တစ်ခုလုံးကို နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ အဝါရောင်သစ်ပိတောက်သားဖြင့် တည်ဆောက်ထားလေသည်။ ဝမ်းမိသားစုရဲ့ ဘိုးဘေးတွေက တကယ့်ကို ရဲရင့်ပြီး ကြီးစိုးခဲ့တာဖြစ်ပေမည်။
ချန်းရွှမ်သည်လည်း လုံးဝ အံ့အားသင့်သွားသည်။
ထုတ်တန်းတစ်ခုတည်းကပင် ယွမ် ၁ သိန်းတန်လေသည်။
အခုတော့ အိမ်တစ်ခုလုံးကို အဝါရောင်သစ်ပိတောက်သားဖြင့် ဆောက်လုပ်ထားတာဖြစ်လေသည်။ ဘယ်လောက်တောင် တန်ဖိုးရှိမှာလဲ။
တံခါးဝမှာရပ်နေတဲ့ ဝမ်းပေါင်ကျူးကတော့ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားသွားရသည်။
သူ့ခေါင်းထဲမှာ တုန်လှုပ်နေသည်။
တစ်အိမ်လုံးကို အဝါရောင်သစ်ပိတောက်သားနဲ့ လုပ်ထားတာလား။
ဒီအဝါရောင်သစ်ပိတောက်က ဘာမလို့လဲ။
သေချာပေါက် ရွှေလိုဖြစ်တည်မှုဆိုတာ သိသာသည်။
ဒီအိမ်က ရွှေအိမ်ကြီးဆိုတာ ထင်ရှားလေသည်။
သူဒီမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာက ရယ်စရာဖြစ်သွားရသည်။
တကယ်တော့ သူက မသိလိုက်ဘဲ ရွှေပေါ်မှာ လဲလျောင်းနေခဲ့မိသည်။
နှလုံးသွေးတွေထွက်ရုံသာမက သေလောက်အောင်အထိ နာကျင်သွားရသည်။
ယဲ့ဖန်က လျင်မြန်စွာ အသိပြန်ကပ်လာသည်။
" ဆရာကြီး၊ ဒီအဝါရောင်သစ်ပိတောက်သားတွေ အားလုံးက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ ခန့်မှန်းပေးပါလား "
လက်သမားက သူ့တံတွေးကို မျိုချလိုက်သည်။
" အိမ်တစ်အိမ်လုံး နှစ်ရာကျော် သစ်ပိတောက်သားနဲ့ ဆောက်ထားတယ်ဆိုတာကို သေချာပေါက် တစ်ခါမှ မကြားဖူးဘူး။ ဒီသစ်သားတွေက အနည်းဆုံး သန်း ၃၀၀ ကျော်လောက်ရှိမယ်ထင်တယ် "
ယဲ့ဖန်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဂဏန်းနံပါတ်ကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားဆဲဖြစ်သည်။
သန်း ၃၀၀ ထိတန်တာလား။
ဒါက ထိတ်လန့်စရာကောင်းလှသည်။
သူ့ဘေးနားရှိ ချန်းရွှမ်လည်း အလွန်တုန်လှုပ်သွားပြီး ပါးစပ်ကိုတောင် မပိတ်နိုင်တော့ပေ။
ယဲ့ဖန်က ဒီအိမ်ကိုဝယ်ဖို့ ၅သိန်းသုံးတုန်းက သူရူးနေပြီဟု ထင်ခဲ့သည်။
နေလို့တောင် မရတော့တဲ့ အိမ်တစ်လုံးဝယ်ဖို့အတွက်နဲ့ ပိုက်ဆံအများကြီးသုံးခဲ့လေသည်။
သို့ပေမဲ့ အခုမှ သူမ ဒီအိမ်၏တန်ဖိုးအမှန်ကို သိလာခဲ့သည်။
ထိုမှသာ ယဲ့ဖန်၏အမြင်က ဘယ်လောက်တောင် စူးရှထက်မြက်သည်ကို သူမသဘောပေါက်သွားခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်း ယွမ် ၅သိန်းက ယွမ် သန်း ၃၀၀ ဖြစ်လာသည်။
အဆ၆၀၀ကျော်လေသည်။
ဒီတစ်ယောက်က လမ်းလျှောက်နေတဲ့ ပိုက်ဆံပုံနှိပ်စက်ကြီးများလား။
မဟုတ်သေးဘူး၊ ငွေပုံနှိပ်စက်က ငွေစက္ကူထုတ်တဲ့အရှိန်ကတောင် သူငွေရတဲ့အရှိန်လောက် မမြန်နိုင်ဘူး။
ထိုအချိန်မှာဘဲ အမှောင်ထဲမှာ ပုန်းနေတဲ့ ဝမ်းပေါင်ကျူးက ထိုင်မနေနိုင်တော့ချေ။ သူက အရူးတစ်ယောက်လို ချက်ချင်း ပြေးထွက်လာသည်။
" ခွေးမသားလေး၊ ငါ့အိမ်ကိုပြန်ပေးစမ်း။ ငါ့အိမ်ကို ပြန်ပေး "
ယဲ့ဖန်က သူ ခိုးကြည့်နေတာကို သိပြီးသားဖြစ်တာကြောင့် လုံးဝ မအံ့သြချေ။
" ခင်ဗျားရဲ့အိမ်တဲ့လား။ ဒီအိမ်ကို အခုလေးတင်ရောင်းလိုက်တာကို မေ့သွားပြီလား "
ဝမ်းပေါင်ကျူးက ယဲ့ဖန်ကို သွေးရဲတက်နေတဲ့မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
" မင်းငါ့ကို လှည့်စားခဲ့တာ၊ ခွေးမသား။ သန်း ၃၀၀ တန်တဲ့ ငါ့အိမ်ကိုဝယ်ဖို့ မင်း ၅သိန်း သုံးခဲ့တာဆိုတော့ တော်တော်လေး နစ်နာသွားမှာကို မကြောက်ဘူးလား "
ယဲ့ဖန်က မတတ်နိုင်ဘဲ ဟက်ခနဲလုပ်လိုက်သည်။
" ကျွန်တော်သာ ၅သိန်း မပေးရင် ခင်ဗျား ဒီအိမ်ကို ၂သိန်းနဲ့ ရောင်းလိုက်မှာပဲမဟုတ်လား။ ရှင်းရှင်းပြောရရင် ရတနာဆိုတာ တန်ဖိုးသိတဲ့သူရဲ့လက်ထဲမှာဘဲ တန်ဖိုးရှိတာဆိုပေမဲ့ တန်ဖိုးမသိတဲ့လူရဲ့ လက်ထဲမှာတော့ သေချာပေါက် တန်ဖိုးရှိမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အဖိုးတန်ပစ္စည်းတွေကို အသိအမှတ်မပြုခဲ့တဲ့အတွက် ခင်ဗျားကိုယ်ခင်ဗျားပဲ အပြစ်တင် "
ဝမ်းပေါင်ကျူးက ရူးတော့မည်ဖြစ်သည်။ သူက ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
" ငါ ဂရုမစိုက်ဘူး။ မင်း ငါ့အိမ်ကို ပြန်ပေးရမယ်။ မဟုတ်ရင် ငါမင်းကို တရားစွဲမယ် "
ယဲ့ဖန်က စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
" သွားပြီး တရားစွဲလိုက်။ ကျွန်တော့်မှာ ခင်ဗျားရဲ့လက်မှတ်ရှိတယ်။ အရာအားလုံးက တရားဝင်တယ်။ ကျွန်တော်က ဒီအိမ်ရဲ့ အခု ပိုင်ရှင်အစစ်အမှန်ပဲ "
သူက စကားပြောနေရင်း လက်ထဲမှ ပိုင်ဆိုင်မှုလွှဲပြောင်းရေးစာရွက်များကို ဝှေ့ယမ်းကာ လက်မှတ်ကို ပြသခဲ့သည်။
ဝမ်းပေါင်ကျူး၏ မျက်လုံးများက နီရဲနေပြီး စာရွက်တွေကို လုယူရန် ရှေ့သို့ ပြေးသွားခဲ့သည်။
ယဲ့ဖန်က ရှောင်တိမ်းလိုက်ရုံနဲ့ ဝမ်းပေါင်ကျူးက လွဲသွားရကာ မျက်နှာနဲ့ မြေပေါ်ကို ဟက်ထိုးလဲကျသွားသည်။
" ဘာလဲ။ ဖမ်းချင်သေးတာလား "
ယဲ့ဖန်မျက်နှာတွင် စာနာစိတ် တစ်စက်မှမရှိပေ။
ဒီလိုလောင်းကစားသမားကို စာနာဖို့လည်း မလိုချေ။
ဝမ်းပေါင်ကျူးသည် မြေပြင်မှထကာ သူ့ပါးစပ်မှ သွေးတွေကို သုတ်လိုက်သည်။
" ခွေးသား၊ မင်းစောင့်နေလိုက်။ မင်းကို ပညာပေးနိုင်မယ့်သူကို ငါရှာပြမယ် "
အဲ့လို ပြောပြီးတာနဲ့ သူက အမြန်ထွက်သွားတော့သည်။
အပိုင်း ( ၄၆၃ )
ယဲ့လူကြီးမင်းလား
ချန်းရွှမ်သည် ဝမ်းပေါင်ကျူးဒေါသတကြီး ထွက်သွားသည်ကို မြင်လိုက်ရပြီး အနည်းငယ် စိတ်ပူသွားသည်။
" ရှောင်ဖန်၊ ငါတို့ ဒုက္ခရောက်မှာတော့ မဟုတ်ဘူးမလား "
ယဲ့ဖန်က အဲ့တာကို လုံးဝစိတ်မ၀င်စားချေ။
" သူက လောင်းကစားသမားပဲလေ။ ဘာလုပ်နိုင်မှာမလို့လဲ "
ယဲ့ဖန်က စကားပြောနေရင်း လက်သမားကို လှည့်ကြည့်လိုက်သည်။
" ဆရာကြီး၊ ကျွန်တော် တစ်ခုလောက်မေးပါရစေ။ ဒီလို အဝါရောင်သစ်ပိတောက်သားတွေ အများကြီးကို ကိုင်တွယ်ဖြေရှင်းရမယ့် လမ်းကြောင်းတွေဘာတွေ သိလား "
လက်သမားက ချက်ချင်း ခေါင်းကုတ်လိုက်သည်။
" ပင်းဟိုင်မြို့မှာရှိတဲ့ အကြီးဆုံးသစ်စက်ရုံကတောင် ဒီအဝါရောင်သစ်ပိတောက်တွေ အများကြီးကို မကိုင်တွယ်နိုင်လောက်မှာ စိုးရိမ်ရတယ် "
ထို့နောက် သူက ခေါင်းငုံ့ပြီး အကြာကြီး တွေးနေသည်။ တစ်ဖန် ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာသည်။
" ဟုတ်သားပဲ၊ လော့မိသားစုရဲ့ အရင်သခင်ကြီး လော့ချီကျန်းက အဝါရောင်သစ်ပိတောက်တွေကို အရမ်းကြိုက်တာ။ အများကြီးဝယ်ဖို့ လူတွေကိုတောင် စေလွှတ်ခဲ့သေးတယ် "
ယဲ့ဖန် အံ့အားသင့်သွားရသည်။
" လော့သခင်ကြီးဟောင်းလား။ ဘယ် လော့မိသားစုလဲ "
လက်သမားက ထိတ်လန့်သွားသည်။
" သူက လူကြီးမင်း လော့ကျင်းယွမ်ရဲ့အဖေပါ။ လော့လူကြီးမင်းကို မသိဘူးလား။ ဒီတစ်ခါ ကျွန်တော့်ကို ဒီလွှတ်လိုက်တာ လော့လူကြီးမင်းပဲ။ မင်းက သူ့သူငယ်ချင်းဆို လော့သခင်ကြီးရဲ့ ဝါသနာကို ဘယ်လိုလုပ် မသိတာလဲ "
ယဲ့ဖန် ကြောင်အအနဲ့ သူ့ခေါင်းကို ကုတ်လိုက်သည်။
" ဒါဆို ခင်ဗျားက သခင်ကြီးလော့အကြောင်းကို ပြောနေတာပဲ "
သူတို့က တစ်ယောက်နဲ့တစ်ယောက် သိရုံတင်မကဘဲ လော့သခင်ကြီးရဲ့အသက်ကိုလည်း ကယ်တင်ခဲ့ဖူးလေသည်။
ဒါပေမဲ့ ထိုအကြောင်းကို လက်သမားဆရာကြီးအား ပြောပြရန် အဆင်မပြေချေ။
လော့ကျင်းယွမ်ကို ဖုန်းဆက်ပြီး အဝါရောင်သစ်ပိတောက်သား ဝယ်ချင်လားဟု မေးရန်ကလည်း သူ့အတွက် မသင့်လျော်ပြန်ပေ။
တစ်ဖက်သားက နားလည်မှုလွဲပြီး သူ့အဖေကို ကယ်ပေးခဲ့တာကြောင့် ဒါတွေကို ဝယ်ခိုင်းသည်ဟု ထင်သွားလောက်သည်။
အဲ့တာကိုတွေးပြီး လက်သမားဆရာကြီးကို ချက်ချင်းကြည့်လိုက်သည်။
" ဆရာကြီး၊ သခင်ကြီးကိုခေါ်ကြည့်ပြီး သူစိတ်ဝင်စားလားလို့ မေးကြည့်ပါလား "
လက်သမားဆရာကြီးက ငြင်းလိမ့်မည်ဟု ယဲ့ဖန် ထင်ခဲ့သည်။
သို့သော် မထင်မှတ်ဘဲ လက်သမားဆရာကြီးက သူ့စကားကြားပြီးနောက် ချက်ချင်း ခေါင်းငြိမ့်ပြသည်။
" ကောင်းပြီ အခု မေးလိုက်မယ် "
ထို့နောက် သူက လော့ကျင်းယွမ်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
တကယ်တော့ သူကလည်း တစ်ကိုယ်ကောင်းဆန်လိုက်တာဖြစ်သည်။
အကြောင်းမှာ သခင်ကြီးလော့က သူ့အတွက် အဝါရောင်သစ်ပိတောက်သား အမြောက်အမြား ရှာပေးနိုင်သူအတွက် ဆုကြေးငွေကြီးကြီး ရရှိလိမ့်မည်ဟု တစ်ချိန်က ပြောခဲ့ဖူးတာကြောင့် ဖြစ်သည်။
ထိုကနေ သခင်ကြီးလော့က အဝါရောင်သစ်ပိတောက်သားကို စွဲလမ်းနေမှန်း သိနိုင်လေသည်။
....................
တစ်ချိန်တည်းမှာပဲ လော့ကျင်းယွမ်က ဆေးရုံခန်းထဲတွင် သူ့အဖေနှင့် စကားစမြည်ပြောနေသည်။
နေ့တစ်ဝက်ကြာ ပြန်ကောင်းလာပြီးနောက် သူ့အဖေ၏ စိတ်ဓာတ်က များစွာ တိုးတက်လာခဲ့သည်။
သို့သော် သူစိုးရိမ်နေသေးသည်။
အဘိုးအိုကို ကုတင်ပေါ်လှဲခိုင်းထားပြီး နာခံမှုအပြည့်ဖြင့် အနားယူရန် ပြောခဲ့ရသည်။
ထိုအချိန်တွင် လက်သမားလီထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။
သူ့အဖေက လက်သမားအလုပ်ကို တစ်နှစ်ပတ်လုံး လုပ်ရတာဝါသနာပါသောကြောင့် ဒီလိုလက်သမားဟောင်းတွေနဲ့ သူက ရင်းနှီးလေသည်။
ယဲ့ဖန်က အကူအညီတောင်းတဲ့အခါ လက်သမားလီကို တိုက်ရိုက်စေလွှတ်ခဲ့လိုက်သည်။
ကိစ္စက ပြေလည်သွားလားဆိုတာကို သူ မသိရသေးပေ။
ထို့ကြောင့် မဆိုင်းမတွ ဖုန်းကိုင်လိုက်သည်။
" မင်္ဂလာပါ ဆရာလီ၊ ကျွန်တော့်မိတ်ဆွေနဲ့ ကိစ္စပြီးပြီလား "
"ဖြေရှင်းပြီးသွားပါပြီ။ ဒါပေမယ့် လော့သခင်ကြီးကို နှောင့်ယှက်စရာ ကိစ္စတစ်ခုတော့ ရှိနေတယ် "
" အဖေက နေမကောင်းလို့ ဖုန်းမကိုင်နိုင်ဘူး။ ခင်ဗျားပြောစရာရှိရင် ကျွန်တော့်ကိုပြောပါ "
" မေးချင်တာလေးရှိလို့ပါ။ သခင်ကြီးက အဝါရောင်သစ်ပိတောက်သားတွေကို လက်ခံသေးလား။ ဒီမှာ သက်တမ်းတစ်ရာကျော်ရှိတဲ့ အဝါရောင်သစ်ပိတောက်တွေ အများကြီးရှိနေတယ် ....... "
" ဘာအဝါရောင်သစ်ပိတောက်သားလဲ။ ကျွန်တော့်အဖေက သူ့လက်ရှိအခြေအနေနဲ့ အဲ့ဒီဟာတွေကို ဘယ်လိုလုပ်ပြီး အာရုံစိုက်နိုင်ဦးမှာလဲ။ ဘာကိစ္စမှမရှိရင် အရင်ဖုန်းချလိုက်မယ် ..... "
လော့ကျင်းယွမ်ကပြောပြီး ဖုန်းချတော့မည့်အချိန်မှာပဲ အစက ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သခင်ကြီးလော့က ကုတင်ပေါ်မှ ရုတ်တရက် ခုန်ထလာသည်။
" ဘာအဝါရောင်သစ်ပိတောက်သားလဲ။ ဘယ်မှာလဲ၊ ဘယ်လောက်များလဲ "
လော့ကျင်းယွမ်လည်း ခေါင်းခါပြီး ပြုံးပြရုံသာ တတ်နိုင်တော့သည်။
" အဖေ၊ ဒီလိုဖြစ်နေတာတောင် အဝါရောင်သစ်ပိတောက်ကို ဘာလို့ စိတ်ပူနေသေးတာလဲ "
အဘိုးအိုက သူ့ကို စိုက်ကြည့်နေသည်။
" မင်းဘာသိလဲ၊ မင်းဘာမှမသိဘူး။ အဝါရောင်သစ်ပိတောက်သားက ငါ့ဘဝပဲ။ အဲ့တာမရှိရင် ငါအသက်ရှင်နေတာထက် သေရတာ ပိုကြိုက်တယ် "
လော့ကျင်းယွမ်က သူ့အဖေကို ကြည့်လိုက်သည်။
" အဝါရောင်သစ်သားက အဖေရဲ့အသက်ဘဝဆို ကျွန်တော်က ဘယ်ကရောက်လာတာလဲ "
" ခွေးကောင်လေး၊ မင်းတောင် အသက်ကြီးနေပြီ။ ဒါတောင် ငါ့ကို လှောင်ပြောင်နေသေးတာလား "
လူအိုကြီးက ရိုက်ချင်ဟန်ဆောင်သည်။
လော့ကျင်းယွမ် ကမန်းကတန်း ရှောင်လိုက်သည်။
သူတို့နှစ်ဦးက တစ်ဘဝလုံးစာအတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးခဲ့ကြရသည်။
သူတို့ကို သားအဖလို့ ခေါ်တာထက် အခင်ဆုံးသူငယ်ချင်းလို့ ခေါ်တာ ပိုကောင်းလိမ့်မည်။ သူတို့အချင်းချင်း အကြောင်းအရာတွေ အားလုံးနီးပါး ပြောဖြစ်ကြသည်။
" တော်ပြီ၊ နောက်နေတာကို ရပ်လိုက်။ မြန်မြန် ဖုန်းယူလာခဲ့ "
သခင်ကြီးလော့၏ မျက်နှာက ချက်ချင်း တင်းမာသွားကာ လေးနက်သည့်ပုံပေါ်လာသည်။
လော့ကျင်းယွမ်လည်း ဖုန်းကို လွှဲပေးရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
" လီလူအိုကြီး၊ အဝါရောင်သစ်ပိတောက်အကြောင်း မင်းဘာပြောတာလဲ။ မင်း ဘယ်မှာလဲ။ ဘယ်လောက်များလဲ။ အဲ့တာဘာလဲ။ တစ်အိမ်လုံးကို အဝါရောင်သစ်ပိတောက်သားနဲ့ လုပ်ထားတာလား "
" မင်း ငါ့ကိုနောက်နေတာလား။ ကောင်းပြီ၊ ကောင်းပြီ၊ ပိုက်ဆံက ပြဿနာမဟုတ်ဘူးလို့ ရောင်းတဲ့သူကို ပြောထားလိုက်။ တခြားသူကိုလည်း မရောင်းနဲ့လို့။ မင်း အဲ့ဒီမှာ ရပ်ပြီး စောင့်ကြည့်နေလိုက်။ တစ်ယောက်ယောက်က လာစွက်ဖက်ရဲရင် သူ့ကို အထိနာအောင်လုပ်ပလိုက် .......... "
အဘိုးအိုက ဖုန်းကိုချပြီး သူ့အဝတ်အစားတွေကို အမြန်ဝတ်လိုက်သည်။
" မြန်မြန်သွားရအောင်။ ငါတို့နောက်ကျရင် အဝါရောင်သစ်သားကို တခြားသူ လုယူသွားလိမ့်မယ် "
လော့ကျင်းယွမ်က သူ့ဆီ အလျင်အမြန် လျှောက်သွားသည်။
" အဖေ၊ မသက်သာသေးဘူး။ ဒီမှာပဲ နာနာခံခံနဲ့ အိပ်နေလိုက်။ အဖေ့အတွက် ကျွန်တော်သွားဝယ်လိုက်မယ် "
အဘိုးအိုက ခေါင်းကို တဆတ်ဆတ်ခါလိုက်သည်။
" မဟုတ်ဘူး၊ ဒီအဝါရောင်သစ်ပိတောက်သားတွေကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရမှပဲ စိတ်သက်သာရာရလိမ့်မယ် "
သူက ပြောနေရင်း ငြင်းခုံလျက် ထွက်သွားလေသည်။
ထို့ကြောင့် လော့ကျင်းယွမ်က သူ့လက်အောက်ငယ်သားတွေကို ကားတစ်စီးစီစဉ်ပေးဖို့ တောင်းဆိုရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
............................
ယဲ့ဖန်နှင့် ချန်းရွှမ်တို့သည် ခြံဝင်းထဲတွင် စောင့်နေကြသည်။
ထို့နောက် ရုတ်တရက် အပြင်မှ ကားဘရိတ်သံကြားလိုက်ရသည်။
ခဏအကြာတွင် ဘန်းခနဲ တံခါးပိတ်သံတွေ ထွက်လာသည်။
" လော့သခင်ကြီးက မြန်လှချည်လား။ ဖုန်းချလိုက်ပြီးတာနဲ့ သူက ရောက်နေပြီလား "
ယဲ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။
ယဲ့ဖန်ပြောပြီးသည်နှင့် တပြိုင်နက် သန်မာသောလူတစ်စုက ခြံဝင်းထဲသို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူတို့ပုံစံက လူသတ်လိုစိတ် အပြည့်ဖြစ်နေပုံရသည်။
ဦးဆောင်သူမှာ ဝမ်းပေါင်ကျူး ဖြစ်သည်။
" အစ်ကိုကြီးပျောင်း၊ ငါ့အိမ်ကို လုယူသွားတာ ဒီခွေးကောင်ပဲ။ ညီအစ်ကိုတို့ တရားမျှတအောင် ဆောင်ရွက်ပေးရမယ်။ ကိစ္စပြီးသွားရင် သေချာပေါက် အကျိုးအမြတ်စေရပါမယ် "
သူက သူ့နောက်မှလူကို စကားပြောနေရင်း ယဲ့ဖန်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
" စိတ်မပူပါနဲ့ မင်းက ငါ့ညီပဲ။ မင်းအိမ်ကို ခိုးတာ ငါ့အိမ်ကိုခိုးတာနဲ့ အတူတူပဲ။ ငါ့ညီအစ်ကိုကို အနိုင်ကျင့်ဖို့ ဘယ်ကောင်က ဒီလောက်မျက်စိကန်းနေတာလဲဆိုတာ ငါကြည့်ချင်သေးတယ် "
ထိုလူက ပြောသည့်အတိုင်း မော့ကြည့်လိုက်သည်။
ယဲ့ဖန်ကိုမြင်လိုက်သည်နှင့် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
" ယဲ့ ..... ယဲ့လူကြီးမင်းလား "
အပိုင်း ( ၄၆၄ )
ညီအစ်ကိုတွေခေါ်လာပြီး လာနှုတ်ဆက်တာပါ
လုသာပျောင်းသည် ဒီနှစ်ရက်အတွင်း သူတကယ်ကံမကောင်းကြောင်း ခံစားခဲ့ရသည်။
ဒီနှစ်ရက်အတွင်း တစ်ဘဝလုံးက ကံကြမ္မာဆိုးတွေ စုပုံလာသကဲ့ဖြစ်နေသည်။ အရာအားလုံးက အဆင်မပြေဘူးလို့ ပြောလို့ရသည်။
ဒီကံဆိုးမှုတွေအားလုံးက မနေ့ည ကမ်းခြေကနေ စတင်ခဲ့သည်။
သူ့ညီအစ်ကိုနှစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ ပရောပရည်လုပ်ရန် သွားခဲ့သော်လည်း ရည်းစားဖြစ်သူက အခင်းဖြစ်တဲ့နေရာမှာ သူတို့သရုပ်မှန်ကို ဖော်ထုတ်ခဲ့သည်။
သူ့ညီအစ်ကိုတွေဘက်က ရပ်တည်ဖို့ သွားခဲ့ပေမယ့် နောက်ဆုံးမှာ တစ်ဖက်က ရိုက်တာကိုခံခဲ့ရသည်။
သူ့သူဌေးကို ရှာပြီးရင် သူ့ဒေါသကို ဖြေဖျောက်နိုင်မည်ဟု သူထင်ခဲ့သည်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့သူဌေးကလည်း ထိုသူနဲ့တွေ့တဲ့အခိုက်အတန့်မှာ ချက်ချင်း လန့်သွားရကာ စိတ်ပျက်လက်ပျက် ပြေးသွားရုံတင်မကဘဲ သူတို့နဲ့ပါ ပြတ်ပြတ်သားသား အဆက်ဖြတ်သွားခဲ့သည်။
ညီအစ်ကိုတွေရဲ့ အနာဂတ်စည်းစိမ်က ဖြတ်တောက်ခံလိုက်ရသည်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်းကို သူ စဉ်းစားရတော့သည်။
ထို့ကြောင့် သူက ကာစီနိုကို သွားကာ ကံစမ်းကြည့်ချင်ခဲ့သည်။
သို့ပေမဲ့လည်း နောက်ဆုံးမှာ ဆယ်ကြိမ်ထက်မနည်း ဆက်တိုက်ရှုံးနိမ့်ခဲ့ရသည်။
တစ်ပြားတစ်ချပ်မှ မရှာနိုင်ခဲ့တဲ့အပြင် အရင်းအနှီး အားလုံးကို ဆုံးရှုံးခဲ့သည်။
ထိုအချိန်တွင် ဝမ်းပေါင်ကျူးက သူ့ဆီ ရုတ်တရက် အကူအညီတောင်းလာသည်။
သူ့အိမ်က စက်ဆုပ်ဖွယ်နည်းလမ်းတွေနဲ့ အလိမ်ခံခဲ့ရပြီး အခု ငွေအမြောက်အမြားတန်နေပြီဟု ဆိုလာသည်။
သူ့အိမ် ပြန်ရနိုင်သရွေ့ လုသာပျောင်းအတွက် လက်ဆောင်အဖြစ် ယွမ် ၁သိန်း ပေးမည်ဟု ဆိုသည်။
ထို့အပြင် လိမ်တဲ့ကောင်လေးက နယ်ခြားသားဖြစ်ကြောင်း ပြောလေသည်။
ဒါက ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ရိုးရှင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်သည်။
သူတို့လုပ်ရမှာက လူတစ်ယောက်ကို ခြောက်လှန့်လိုက်ပြီးတော့ ဘာမှမဟုတ်တာလေးအတွက် ယွမ် ၁သိန်းရမှာ မဟုတ်လား။
လုသာပျောင်းလည်း ထိုကမ်းလှမ်းချက်ကို သဘောတူပြီးနောက် သူ့ညီအစ်ကိုများနှင့်အတူ အပြေးလာခဲ့သည်။
ယွမ် ၁သိန်းကို လွယ်လွယ်ကူကူ ရနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
ဒါပေမဲ့ ဒီအိမ်ကြီးမှာ သူ့ရဲ့ ဂြိုဟ်ဆိုးကို တွေ့လိုက်ရသည်။
သူ့ရဲ့ ကံကြမ္မာဆိုးတွေက ဒီလူ့ကျေးဇူးကြောင့် ဖြစ်ပေါ်လာရတာဖြစ်သည်။
ယဲ့ဖန်သည် လုသာပျောင်းကို မြင်တဲ့အခါ သူ မရယ်ဘဲ မနေနိုင်ပေ။
" ဒါက အစ်ကိုကြီးပျောင်း မဟုတ်ဘူးလား။ ဘာလဲ၊ ရိုက်နှက်ဖို့ လူတွေ ခေါ်လာတာလား "
လုသာပျောင်း၏ အမူအရာက သိသိသာသာကို ပြောင်းလဲသွားပြီး သူ့လက်ကို အကြိမ်ကြိမ်အခါခါ ဝှေ့ယမ်းလိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်က ..... ယဲ့လူကြီးမင်းက ဒီမှာ အိမ်ရှာနေတယ်လို့ ကြားမိတာကြောင့် ညီအစ်ကိုတွေနဲ့အတူတူ လာ ..... လာနှုတ်ဆက်တာပါ "
" အိုး သိပြီ။ ဒါဆိုလည်း မင်္ဂလာပါ "
ယဲ့ဖန်က လုသာပျောင်းပြောတာကို ကြားပြီးနောက် လက်တွဲကာ နှုတ်ဆက်လိုက်သည်။
ထိုလူတွေမှာ လူသတ်ချင်တဲ့ပုံစံမရှိတော့ဘဲ ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြကြသည်။ မသိရင် သူတို့က ငယ်ကျွမ်းဆွေတွေလို့တောင် ထင်ရနိုင်သည်။
ဝမ်းပေါင်ကျူး ချက်ချင်းအံ့သြသွားရသည်။
" အစ်ကိုကြီးပျောင်း၊ ဘာဖြစ်တာလဲ။ ခင်ဗျား ကျွန်တော့်ကို အိမ်ပြန်ရအောင် ကူပေးမယ်လို့ ကျွန်တော်တို့ သဘောတူထားတယ်မဟုတ်လား "
လုသာပျောင်းသည် အလွန်စိုးရိမ်နေသဖြင့် သူ့မှာ ဟန်တောင်မဆောင်နိုင်ပေ။
" ဘယ်အိမ်လဲ၊ မဟုတ်တဲ့စကားတွေ မပြောနဲ့။ ဘယ်တုန်းက ကတိပေးခဲ့တာလဲ "
ဝမ်းပေါင်ကျူးလည်း စိုးရိမ်လာသည်။
" အစ်ကိုကြီးပျောင်း၊ ကျွန်တော့်အိမ်ကို လိမ်စားခဲ့တာ ဒီခွေးသားလေးပဲ။ အိမ်ကိုပြန်ရအောင် ကူညီပေးရမယ်။ ဒီအတွက်လည်း သေချာပေါက် ပေးဆပ်မှာပါ "
လုသာပျောင်း၏ မျက်နှာထားက မည်းမှောင်သွားသည်။
" ဝမ်းပေါင်ကျူး၊ မင်း မဟုတ်တာတွေပြောနေရင် ငါ မင်းကို ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး။ ယဲ့လူကြီးမင်းက ဘယ်သူလဲ မင်းသိလား။ သူက မင်းအိမ်ကို ဘာလို့လိမ်ရမှာလဲ။ မင်း ရူးသွားပြီလား "
ဝမ်းပေါင်ကျူးက အနည်းငယ် စိတ်ရှုပ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
အစ်ကိုကြီးပျောင်းက ဒီခွေးသားလေး သူ့အမေ မတမချင်း သေအောင်ရိုက်သတ်မည်ဟု ဒီကိုလာတဲ့လမ်းမှာ ကတိပေးခဲ့လေသည်။ အခုက ဘာကြောင့် အားလုံးပြောင်းလဲသွားရတာလဲ။
လုသာပျောင်းက ယဲ့ဖန်ကို ရင်ဆိုင်ရတဲ့အခါ သူ့အမူအရာတွေက တုန်လှုပ်ခြောက်ခြားနေသည်။
" ယဲ့လူကြီးမင်း၊ ဒီတစ်ယောက်ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ အဲ့ဒီလိုမျိုး တစ်ခါမှ မပြောဖူးဘူး "
ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။
" ခင်ဗျားကို ယုံပါတယ် "
လုသာပျောင်းက သက်ပြင်းချလိုက်သည်။
" ဒါဆို ယဲ့လူကြီးမင်းက အလုပ်များနေတာဆိုတော့ ကျေးဇူးပြုပြီး ကျွန်တော်တို့ အရင်ထွက်သွားပေးပါမယ် "
ယဲ့ဖန်က ခေါင်းငြိမ့်ပြတာကို မြင်လိုက်ရတော့မှ လုသာပျောင်း သက်ပြင်းချလိုက်နိုင်သည်။
သူ့လက်အောက်ငယ်သားတွေကို ချက်ချင်းခေါ်ပြီး အလျင်စလို ထွက်သွားဖို့လုပ်သည်။
အဲ့တာကိုမြင်တော့ ဝမ်းပေါင်ကျူးက ချက်ချင်း စိုးရိမ်ပူပန်လာရသည်။
အစ်ကိုပျောင်းနဲ့ တခြားသူတွေ ထွက်သွားရင် သူ့အိမ်ကို ပြန်ရနိုင်တော့မှာ မဟုတ်ချေ။
အဲ့တာကို တွေးပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။
" အစ်ကိုကြီးပျောင်း၊ ငါ့အိမ်က အနည်းဆုံး သန်း ၃၀၀ တန်တယ်လို့ ဒီ ခွေးသားလေး ပြောနေတာကို ကြားလိုက်ရတယ်။ ဒီအိမ်ကို ပြန်ရတာနဲ့ သန်း ၁၀၀ ပေးနိုင်တယ် "
" ဟ ....... "
ပြန်ဖို့လမ်းပြင်နေတဲ့ လုသာပျောင်းက သူ့စကားကြားတော့ ဖတ်ခနဲ အမြန်ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
" မင်း ........ ဒါက ဘယ်လိုဟာသမျိုးလဲ။ သန်း ၃၀၀ တန်အိမ်တဲ့လား။ ငါ့ကို အရူးလို့ မင်းထင်နေလား "
" ကျွန်တော်ပြောနေတာ လုံးဝအမှန်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်အိမ်က သစ်သားတွေက အဝါရောင်သစ်ပိတောက်သားတွေ။ သစ်သားတစ်တန်းကတောင် ယွမ် ၁သိန်းကျော် တန်ကြေးရှိတာ တစ်အိမ်လုံးက သစ်သားတွေဆို ဘယ်လောက်ရှိမလဲ စဉ်းစားကြည့် "
လုသာပျောင်းလည်း မငြင်းဆန်နိုင်တော့ဘဲ အဝေးက ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ကာ ဝမ်းပေါင်ကျူး၏စကားကို ချက်ချင်းယုံလိုက်သည်။
ဒီအိမ်က သန်း ၃၀၀ တကယ်ပဲတန်လား။
အဲ့ဒီလိုသာဖြစ်ရင် သူ့အတွက် စွန့်စားရကျိုးနပ်လေသည်။
ယဲ့ဖန်ပဲ မဟုတ်လား။
သူသာ တကယ် သန်း၁၀၀ရနိုင်မယ်ဆိုရင် သူ့အဖေကိုတောင် သတ်ရဲသေးသည်။
ထို့အပြင် သူက ရေရှည်အတွက်လည်း စီစဉ်တွေးနေရသည်။
ဝမ်းပေါင်ကျူး၏ လောင်းကစားသမားတစ်ယောက်လို ဦးနှောက်ဉာဏ်ရည်နဲ့သာဆို ဒီလို သန်း ၃၀၀တန်တဲ့ အိမ်ကို ကာကွယ်နိုင်ပါ့မလား။
အဲ့အခါကျ သူက ဒီအိမ်ကို လုံးဝအပိုင်သိမ်းဖို့အတွက် လှည့်ကွက်နည်းနည်းကို ထုတ်သုံးဖို့လည်း လိုအပ်သည်။
ယွမ် သန်း၃၀၀ဆိုသည်က သူ့အတွက်တော့ တစ်သက်တာ သုံးမကုန်နိုင်သော အရာတစ်ခုဖြစ်သည်။
အဲ့တာကို သူတွေးမိလိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ မကောင်းဆိုးဝါးဉာဉ်ဆိုးတွေက တဟုန်ထိုး တက်လာသလို ခံစားလိုက်ရသည်။
သူက သူ့လူများကို ဦးဆောင်ပြီး ယဲ့ဖန်ဆီသို့ ပြေးလာခဲ့သည်။
ချန်းရွှမ်က အဲ့တာကိုမြင်ပြီး အမြန်ထကာ ယဲ့ဖန်ကို ကာလိုက်သည်။
" ရှင်တို့ ဘာဖြစ်ချင်နေတာလဲ။ ရှင်တို့က နေ့ခင်းကြောင်တောင် လုယက်ချင်နေတာလား "
လုသာပျောင်းက သူ့နှလုံးသားထဲကနေ လှောင်ရယ်နေလိုက်သည်။
ဓားပြတိုက်တာလား။
အခုက သတ်ဖို့ထိတောင် ကြံရွယ်ထားတာဖြစ်သည်။
ယဲ့ဖန်က နာခံမှုရှိရှိ လိုက်လျောရင်တော့ ကောင်းလိမ့်မည်။
ခုခံမယ်ဆိုရင်တော့ သူ့အသက်ကို သက်ညှာပေးဖို့ စိတ်ထဲမရှိပေ။
ဒီလောက်များတဲ့ လူတွေရှိနေတာ ဘာကိုကြောက်နေလဲ။
ဥပဒေရှိလည်း အနည်းဆုံး သူ နှစ်အနည်းငယ်ကြာ ထောင်ကျနိုင်ပြီး ယွမ် သန်း ၃၀၀ နှင့် လဲလှယ်နိုင်သည်။ ထောင်ကျရရင်တောင် ဒါက တကယ်ကို တန်လေသည်။
သူ့လက်အောက်ငယ်သားတွေနဲ့အတူ တိုက်ခိုက်ဖို့ လုပ်နေချိန်တွင် အပြင်ဘက်မှ ကားဘရိတ်သံများ ထွက်ပေါ်လာပြန်သည်။
ခြေသံတွေကြားပြီးတဲ့နောက် သန်သန်မာမာနဲ့ သက်လတ်ပိုင်းယောက်ျားတစ်ဦးက ဘီးတပ်ကုလားထိုင်ဖြင့် အဘိုးအိုကို တွန်းကာ ခြံဝင်းထဲသို့ ဝင်လာသည်။
သူတို့နှစ်ယောက်၏နောက်တွင် ဝတ်စုံပြည့်ဝတ်ထားသော သက်တော်စောင့်အဖွဲ့တစ်ဖွဲ့ရှိသည်။
လုသာပျောင်းသည် လူလတ်ပိုင်းအရွယ်ယောက်ျားကို မြင်သောအခါ ရုတ်တရက် တုန်လှုပ်သွားရသည်။
လော့ .... လော့ကျင်းယွမ်လား။