အပိုင်း ၄၆၅-၄၆၈
Vol. 24 Ch. 465-468
အပိုင်း ( ၄၆၅ )
ဒီမကောင်းဆိုးဝါးက ဘယ်ကနေ ရောက်လာတာလဲ။
လုသာပျောင်းသည် သူ့သူဌေးနှင့်အတူ ကမ္ဘာကိုမြင်ဖူးခဲ့သောကြောင့် လော့ကျင်းယွမ်နှင့် စိမ်းသက်မနေပေ။
သူ့လို လူယုတ်မာတစ်ယောက်ဟာ ဒီလိုလူရဲ့ ဖိနပ်ကိုသယ်ဖို့တောင် မထိုက်တန်ချေ။
ဒီလိုသူဌေးကြီးက ဘာကြောင့် ဒီလောက်ဆိုးရွားတဲ့နေရာမှာ ရုတ်တရက် ပေါ်လာမှန်း သူ နားမလည်ဖြစ်နေသည်။
သူသံသယဝင်နေချိန်မှာပဲ လော့ကျင်းယွမ်က ရုတ်တရက် စကားပြောလာသည်။
" ယဲ့ညီလေး၊ ဒါ မင်းဝယ်ထားတဲ့အိမ်လား။ ဒီအိမ်က အရမ်းစုတ်ပြတ်လွန်းနေတယ် မဟုတ်ဘူးလား "
လုသာပျောင်း လုံးဝ စိတ်ရှုပ်သွားသည်။
ယဲ့ညီလေးတဲ့လား။
ခေါ်ဝေါ်ပုံက အလွန်ရင်းနှီးပုံရသည်။
သူတို့ရဲ့ဆက်ဆံရေးက ကောင်းမွန်နေပြီး ညီအစ်ကိုတွေလို တစ်ယောက်ကိုတစ်ယောက် ပြောဆိုဆက်ဆံနေသည်။
အဲ့တာကိုတွေးပြီး ချွေးအေးတွေ ထွက်လာသည်။
သူက ယဲ့ဖန်ကို တိုက်ခိုက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။
သူသာ တကယ်တိုက်ခိုက်လိုက်ရင် ယဲ့ဖန်နှင့် လော့ကျင်းယွမ်ရဲ့ ဆက်ဆံရေးအရ သူ့ရဲ့အဆုံးသတ်က ဘယ်လောက်တောင် စိတ်ဆင်းရဲစရာ ဖြစ်သွားမလဲ။
လော့ကျင်းယွမ်လို အကောင်ကြီးတစ်ယောက်အတွက် သူ့ကိုသတ်ရတာက ပုရွက်ဆိတ်ကို နင်းချေရထက် ပိုလွယ်ကူလိမ့်မည်။
အခုအချိန်မှာ သူ့နောက်ကွယ်မှ ညီအစ်ကိုတွေ၏ ပံ့ပိုးကူညီမှုကြောင့်သာ မဟုတ်ရင် လုသာပျောင်းအနေဖြင့် ရပ်တည်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ယဲ့ဖန်က ရှေ့တက်လာပြီး လော့ကျင်းယွမ်အား ကြွားခဲ့သည်။
" ပျက်စီးနေတဲ့ အိမ်ကိုပဲ မကြည့်နဲ့။ တကယ်တော့ ဒီမှာက ရတနာတွေနဲ့ ပြည့်နှက်နေတာ "
လော့ကျင်းယွမ် ခါးသက်သက်ပြုံးပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူက လုသာပျောင်းနဲ့ တခြားသူတွေကို ကြည့်နေသည်။
" ဒီလူတွေ ဘာလုပ်နေကြတာလဲ "
ယဲ့ဖန်က သူ့ခေါင်းကို လှည့်ပြီး လုသာပျောင်းကို တစ်ချက်ကြည့်လိုက်သည်။
" လော့လူကြီးမင်းက ခင်ဗျားကို မေးခွန်းမေးနေတယ်။ ဘာလို့မဖြေတာလဲ "
လုသာပျောင်း ရုတ်တရက် တုန်လှုပ်သွားသည်။
" ကျွန်.....ကျွန်တော်...... "
သူက ထိတ်လန့်တုန်လှုပ်နေချိန်မှာပဲ ရုတ်တရက် ဝမ်းပေါင်ကျူးကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အကြံတစ်ခုရသွားသည်။
" ဒီခွေးကောင်က အိမ်ကို ယဲ့လူကြီးမင်းဆီ ရောင်းလိုက်ပြီးမှ အခု သူက ရုတ်တရက် ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းပြီး ယဲ့လူကြီးမင်းကို ဒုက္ခပေးချင်နေတာပါ။ ကျွန်တော်နဲ့ ကျွန်တော့်ညီအစ်ကိုတွေက ယဲ့လူကြီးမင်းဆီက ကြင်နာမှုကို ရရှိခဲ့ဖူးပါတယ်။ အဲ့တာကြောင့် ယဲ့လူကြီးမင်း ဒုက္ခရောက်နေတယ်ကြားလို့ ချက်ချင်း ကယ်တင်ဖို့ ပြေးလာတာပါ "
သူက စကားပြောနေရင်း ဝမ်းပေါင်ကျူးကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။
" ဟိုကောင်၊ မင်းက ယဲ့လူကြီးမင်းကို မကောင်းကြံရဲတာလား၊ ဘယ်လိုတောင်သတ္တိရှိတာလဲ။ ညီအစ်ကိုတို့၊ တိုက်ကြ "
ထိုစကားကို ပြောပြီးသည်နှင့် ရှေ့သို့ ပြေးသွားလေသည်။ သူက ဝမ်းပေါင်ကျူးရဲ့ ဆံပင်တွေကို ဖမ်းဆွဲပြီး မျက်နှာကို ထိုးသည်။
" အစ်ကိုကြီးပျောင်း ..... ငါမဟုတ်ဘူး… ငါမဟုတ်ဘူး… ခင်ဗျားကူညီဖို့ ဒီမှာရောက်နေတာ မဟုတ်ဘူးလား။ တိုက်ခိုက်တာကို ရပ်ပေးပါ ...... "
" တစ်ယောက်ယောက်သေရပါတော့မယ်... "
ဝမ်းပေါင်ကျူးသည် စစ်ကူများက သူ့ကို ရုတ်တရက် သစ္စာဖောက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ခေါင်းကို ငုံ့ကာ ငိုကြွေးနေသည်။
သို့သော်လည်း လုသာပျောင်းနှင့် အခြားသူများက သူပြောတာကို နားမထောင်ဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြသည် ။
ဝမ်းပေါင်ကျူးက သေခါနီးဆဲဆဲ ဖြစ်နေသည်ကို မြင်လိုက်ရတော့မှ လုသာပျောင်းက အားလုံးကို ရပ်ခိုင်းလိုက်တော့သည်။
ထို့နောက် သူက လှည့်လိုက်ပြီး ယဲ့ဖန်ကို အလေးအနက်ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် လုသာပျောင်းမှာ တခြားအရည်အချင်းတွေ မရှိပါဘူး။ ဒါပေမဲ့ သစ္စာရှိပါတယ် "
" အနာဂတ်မှာ သုံးချင်တာရှိရင် အသိပေးပါ။ သေချာပေါက် အစွမ်းကုန်လုပ်ပေးပါမယ် "
ထိုသို့ပြောပြီးနောက် လက်ကိုဝှေ့ယမ်းကာ လက်အောက်ငယ်သားများနှင့်အတူ အမြန်ပြေးထွက်သွားခဲ့သည်။
ယဲ့ဖန်က သူ့နောက်ကျောကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။
ဝမ်းပေါင်ကျူးသည်လည်း မနေရဲတော့ပေ။ ကျိုးနေတဲ့ခန္ဓာကိုယ်နဲ့ ချက်ချင်း ထွက်ပြေးသွားတော့သည်။
ထိုအခါမှ သခင်ကြီးလော့က စကားစပြောသည်။
" လီလူအိုကြီး၊ မင်းပြောခဲ့တဲ့ အဝါရောင်သစ်ပိတောက်သားတွေက ဘယ်မှာလဲ "
လက်သမားလီက ခြံဝင်းတစ်ခုလုံးကို လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားစွာပြောသည်။
" ဒီတစ်အိမ်လုံးက အဝါရောင်သစ်ပိတောက်သားနဲ့ ဆောက်ထားတဲ့အပြင် အားလုံးက နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ အဝါရောင်သစ်ပိတောက်သားတွေပါ "
သခင်ကြီးလော့က တအံ့တဩနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူက ဘီးတပ်ကုလားထိုင်ကို အမြန်တွန်းပြီး စစ်ဆေးကြည့်ဖို့ သစ်သားတွေရှေ့ကို ပြေးသွားသည်။
" ဘုရားရေ၊ ယုံတောင်မယုံနိုင်ဘူး။ အကုန်လုံးက အဝါရောင်သစ်ပိတောက်သားတွေပဲ "
ဘေးမှာရပ်နေတဲ့ လော့ကျင်းယွမ်လည်း ပါးစပ်မပိတ်နိုင်လောက်အောင် ထိတ်လန့်သွားသည်။
သူက အိမ်ခြံမြေလုပ်ငန်းလုပ်နေသောကြောင့် အဝါရောင်သစ်ပိတောက်သား၏တန်ဖိုးကို သေချာသိသည်။
ဒီတံခါးလေးတစ်ချပ်ကပင် အနည်းဆုံး တစ်သိန်းလောက် တန်တယ်လို့ ခန့်မှန်းရသည်။
သို့သော် လက်သမားလီက ဒီအိမ်တစ်အိမ်လုံးကို အဝါရောင်သစ်ပိတောက်သားဖြင့် ဆောက်ထားသည်ဟု ဆိုလေသည်။ ဘယ်လောက် တန်ဖိုးရှိနိုင်မလဲ။
သခင်ကြီးလော့လည်း ဒီကိစ္စကို နားလည်သဘောပေါက်တာကြောင့် လက်သမားလီကို အမြန်ကြည့်လိုက်သည်။
" လီလူအိုကြီး၊ ငါ့ကို ခန့်မှန်းပေး။ ဒီအဝါရောင်သစ်ပိတောက်သားတွေ အားလုံးဆိုရင် ဘယ်လောက်ကျမလဲ "
လက်သမားလီက သေချာစဉ်းစားပြီး ချက်ချင်းပြောလိုက်သည်။
" ကျွန်တော်ရဲ့ခန့်မှန်းချက်အရ အနည်းဆုံး သန်း ၃၀၀လောက် ဖြစ်မယ် "
" ဟ .......... "
လော့သားအဖတွေတောင် ထိုနံပါတ်ကြောင့် ထိတ်လန့်သွားသည်။
သန်း ၃၀၀ တန်တဲ့ အဝါရောင်သစ်ပိတောက်သားတွေဆိုတာက ကြားဖူးနားဝ မရှိသလောက်ဖြစ်သည်။
လော့ကျင်းယွမ်က ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။
" ညီလေး၊ မင်း ဒီအိမ်ဝယ်ဖို့အတွက် ဘယ်လောက်သုံးခဲ့လဲ "
ယဲ့ဖန်က လက်ငါးချောင်းသာ ဆန့်ပြပြီး ဘာစကားမှမပြောပေ။
" သန်း ၅၀လား "
လော့ကျင်းယွမ်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။
" ဒါဆို မင်း ဒီတစ်ခေါက် အတော်လေးမြတ်သွားတာပေါ့ "
သခင်ကြီးလော့က မတတ်နိုင်ဘဲ တောက်ခေါက်လိုက်မိသည်။
သန်း ၃၀၀ တန် အိမ်တစ်လုံးဝယ်ဖို့အတွက် သန်း ၅၀ အကုန်အကျခံခဲ့တာ တကယ်ကို ကောင်းလွန်းသည်။
တခဏအတွင်းမှာဘဲ ခြောက်ဆတိုးလာလေသည်။
ဒီလူငယ်က တကယ်ကို စီးပွားရေး ပါရမီရှင်တစ်ယောက်ပဲ။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ခေါင်းခါပြလိုက်သည်။
" မဟုတ်ဘူး "
လော့ကျင်းယွမ် အံ့အားသင့်သွားသည်။
" မဟုတ်ဘူးလား။ ၅ သန်းပဲ သုံးခဲ့တာလား။ ဒါက မဖြစ်နိုင်ဘူး မဟုတ်လား။ ငါ့ကို ဟာသလုပ်မနေနဲ့ "
သန်း ၅၀ လောက်တောင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။
သန်း ၃၀၀ တန်အိမ်တစ်လုံးကို ဝယ်ဖို့အတွက် ၅ သန်းတည်းသာ ကုန်ခဲ့ရင်တော့ အံ့သြမှာမဟုတ်တော့ဘဲ ထိတ်လန့်မိမှာဖြစ်သည်။
သခင်ကြီးလော့လည်း မဖြစ်နိုင်ဘူးလို့ ခံစားမိသည်။
အဆခြောက်ဆယ် အမြတ်ရသွားတာတော့ မဟုတ်ဘူးမလား။
ယဲ့ဖန်ကလည်း သူတို့ကို သည်းထိတ်ရင်ဖိုဖြစ်အောင် လုပ်နေဖို့ စိတ်မ၀င်စားချေ။ ထို့ကြောင့် စျေးနှုန်းအစစ်အမှန်ကို တန်းပြောပြလိုက်ခဲ့သည်။
" ကျွန်တော် စုစုပေါင်း ...... ၅သိန်းပဲ သုံးခဲ့တာပါ "
ဘုတ်
လော့ကျင်းယွမ် လက်ထဲမှာကိုင်ထားတဲ့ ဖုန်းက သတိလက်လွတ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူက ယဲ့ဖန်ကို ကြောင်အအ စိုက်ကြည့်နေသည်။
" ယဲ့ညီလေး ...... မင်းငါ့ကို ယုံတမ်းပုံပြင် ပြောပြနေတာလား "
သန်း ၅၀ ဆိုရင်တောင် သူ့လက်ခံနိုင်လောက်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေသည်။
၅ သန်းဆိုရင်တော့ အံ့ဩသွားပေမဲ့ သူ့နှလုံးသားကို ထိန်းထားနိုင်သေးသည်။
၅သိန်းတည်းသာဆိုရင်တော့ နွားထီးအိုကြီး နွားပေါက်မွေးသလို အဓိပ္ပာယ်ရှိမှာ မဟုတ်ပေ။
သူ့ကို လိမ်ချင်တိုင်း လိမ်လို့ရတဲ့ သုံးနှစ်သားကလေးလို့ တကယ်ကြီး ထင်နေတာလား။
သခင်ကြီးလော့လည်း အနည်းငယ် စိတ်မချမ်းသာဖြစ်သွားသည်။
" အားယွမ်၊ မင်းသူငယ်ချင်းက သိပ်ရိုးသားတာမဟုတ်ဘူး။ သူက ငါတို့ကို ဉာဏ်လာစမ်းနေတာလား "
ဒါက ဘယ်လိုဟာသမျိုးလဲ။
သန်း ၃၀၀ တန် အိမ်တစ်လုံးကို ဝယ်ဖို့ ၅သိန်းဘဲ ကုန်ခဲ့တာတဲ့လား။
ဒီကလေးရဲ့ ဦးနှောက်ထဲမှာ တစ်ခုခုတော့ မှားနေတာ ဖြစ်လိမ့်မည်။
သူတို့နှစ်ယောက်က မယုံကြည်တဲ့ အမူအရာတွေပြနေတာကြောင့် ယဲ့ဖန်လည်း ဝယ်ထားတဲ့ စာချုပ်စာတမ်းတွေကို ထုတ်ပြလိုက်တော့သည်။
" လိမ်နေတာမဟုတ်ဘူး။ တကယ်ကို ၅သိန်းနဲ့ ဝယ်ခဲ့တာ "
လော့သားအဖက ပိုင်ဆိုင်မှု လွှဲပြောင်းမှတ်တမ်းကို စစ်ဆေးပြီးသောအခါတွင် သူတို့နှစ်ယောက်လုံး သုံးမိနစ်လောက် ငြိမ်သက်သွားကြသည်။
သူတို့ တကယ်ပဲ ဘာပြောရမယ်မှန်း မသိတော့ပေ။
ဒီလိုအရာက သူတို့နားလည်နိုင်မှုထက် ကျော်လွန်နေပြီး သာမန်အသိတရားဖြင့် တိုင်းတာ၍မရနိုင်ချေ။
အဆုံးတွင် သခင်ကြီးလော့က အရင်ဆုံး အသိပြန်ကပ်လာတော့သည်။
" အားယွမ်၊ ဒီမကောင်းဆိုးဝါးက ဘယ်ကရောက်လာတာလဲ "
အပိုင်း ( ၄၆၆ )
ပိုက်ဆံကို စိတ်မဝင်စားဘူး
သူ့အဖေရဲ့မေးခွန်းကိုကြားတော့မှ လော့ကျင်းယွမ် အာရုံပြန်ကပ်လာသည်။
" အဖေ၊ ကျွန်တော် မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ သူက အဖေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ မြင့်မြတ်တဲ့ဆရာဝန်လေးပါ။ သူ့ကို ယဲ့ဖန်လို့ခေါ်တယ် "
သခင်ကြီးလော့က ထိုစကားကိုကြားသောအခါ ချက်ချင်း ထိတ်လန့်သွားသည်။
" မင်းက အဲ့ဒီ မြင့်မြတ်တဲ့ ဆရာဝန်လေးလား "
ယဲ့ဖန်က သူ့လက်ကို နှိမ့်ချစွာ ဝှေ့ယမ်းလိုက်သည်။
" ကျွန်တော်က မြင့်မြတ်တဲ့ဆရာဝန်ဆိုတဲ့ဘွဲ့နဲ့ မထိုက်တန်ပါဘူး။ ဆေးပညာအကြောင်း နည်းနည်းပဲ သိတာပါ "
သခင်ကြီးလော့က သူ့ဘီးတပ်ကုလားထိုင်ကနေ တုန်တုန်ယင်ယင်နဲ့ မတ်တပ်ထရပ်လိုက်သည်။
" နတ်ဆရာလေး၊ မင်းက ငါ့အသက်ကို ကယ်ခဲ့တာပါ။ ကျေးဇူးပြုပြီး ဦးညွတ်တာကို လက်ခံပေးပါ "
ယဲ့ဖန် အံ့သြသွားရသည်။ သခင်ကြီးလော့ကို ထဖို့ ကူညီရန် အလျင်စလို လက်လှမ်းလိုက်သည်။
" အဘိုး၊ ဒီလို မလုပ်ပါနဲ့။ ကျွန်တော့်ကို သက်တမ်းတိုစေချင်နေတာလား "
ထို့နောက် သခင်ကြီးလော့က ချက်ချင်း သူ့ဘီးတပ်ကုလားထိုင်မှာ ပြန်ထိုင်လိုက်သည်။
" ငါလည်း မလုပ်သင့်ဘူး ထင်ပါတယ်။ ထားလိုက်ပါ၊ မေ့လိုက်တော့ "
ယဲ့ဖန် ပါးစပ်မှ သွေးအန်ထွက်မတတ် ဖြစ်သွားသည်။
ဒီလူကြီးက နည်းနည်းတော့ ထူးဆန်းတာပဲ။
သခင်ကြီးလော့က ယဲ့ဖန်ကို လူကြီးတစ်ယောက်ရဲ့ အကြည့်နဲ့ အကဲခတ်ကြည့်ပေးလိုက်သည်။
" မင်းက အားယွမ်ကို အစ်ကိုအဖြစ် ခေါ်တာဆိုတော့ မင်းက ငါတို့ထဲက တစ်ယောက်ပဲ မဟုတ်လား။ မိသားစုတွေလို စကားပြောသင့်တယ် မထင်ဘူးလား။ ဘယ်လိုထင်လဲ "
ယဲ့ဖန်လည်း အမြန် ခေါင်းငြိမ့်လိုက်သည်။
" သခင်ကြီးပြောတာ မှန်ပါတယ် "
သခင်ကြီးလော့က အဝါရောင်သစ်ပိတောက်သားတွေကို စိုက်ကြည့်နေသည်။
" ငါတို့က အခုမိသားစုတွေဆိုမှတော့ ဒီသစ်သားတွေကို ဘာလို့ ဈေးပေါပေါနဲ့ မရောင်းတာလဲ "
ယဲ့ဖန်လည်း ဘာပြောနိုင်မှာလဲ။ ထို့ကြောင့် ရိုးရိုးသားသားနဲ့ ခေါင်းငြိမ့်ရုံသာ တတ်နိုင်ခဲ့သည်။
" ကောင်းပြီ၊ လိုချင်တဲ့ဈေးနဲ့ပေးလို့ရပါတယ်။ စျေးမစစ်တော့ပါဘူး "
သခင်ကြီးလော့က ရယ်မောလိုက်သည်။
" မင်းက ဒီအတိုင်းပြောလာမှတော့ ငါ ယွမ် ၆သိန်းပေးမယ်။ မင်းမှာ ကန့်ကွက်စရာ မရှိဘူး ဟုတ်တယ်မလား "
" ................ "
ယဲ့ဖန် အသက်ရှုမဝသလိုတောင် ဖြစ်သွားရသည်။
သူက သန်း ၃၀၀တန်တဲ့ အဝါရောင်သစ်ပိတောက်သားတွေကို ၆သိန်းနဲ့ ဝယ်ချင်နေတာလား။
ဒါက သူ့ကို အရေခွံတောင်မခွာဘဲ သူ့အရိုးနဲ့ ခြင်ဆီတွေကို ထုတ်ယူချင်နေတာပဲ မဟုတ်လား။
ဒီအဘိုးအိုက အကုန်စုပ်တတ်တဲ့မျှော့နှစ်မှာ မွေးလာခဲ့တာများလား။
သခင်ကြီးလော့က ခပ်ညစ်ညစ်ပြုံးလိုက်သည်။
" ဒီမှာကလေး ဒီတစ်ခါ ငါမင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ် "
" စီးပွားရေးဆိုတာ စီးပွားရေးပဲ။ အဲ့တာကို သတိရ။ ညီအစ်ကိုဖြစ်နေရင်တောင် ရှင်းစရာရှိတာ ရှင်းပေးရမယ်။ ကိုယ်ရေးကိုယ်တာခံစားချက်တွေကို ရောထွေးလို့ မရဘူး "
" မင်းကို သင်ပေးရတာ တန်ပါတယ် "
သခင်ကြီးလော့က ကျေနပ်စွာ ခေါင်းငြိမ့်သည်။
" ငါ မင်းကို အခွင့်ကောင်းမယူဘူး။ အိမ်တစ်လုံးလုံးကို ဝယ်ဖို့အတွက် ငါ သန်း ၃၅၀ ပေးမယ် "
ယဲ့ဖန်က ချက်ချင်း ငြင်းဆိုလိုက်သည်။
" အဘိုးကြီး၊ ဒီသစ်သားတွေက သန်း ၃၀၀ ပဲရှိပါတယ်။ အဲ့တာကို သန်း ၃၅၀ ပေးမလို့လား။ ခုနကပဲ စီးပွားရေးက စီးပွားရေးလို့ ပြောလိုက်တယ်လေ။ အခု ဘာလို့ စကားကိုပြန်ပြင်ပြောနေတာလဲ "
သခင်ကြီးလော့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကိုယ်ရေးကိုယ်တာ ခံစားချက်မပါပါဘူး။ လီလူအိုကြီးက သန်း ၃၀၀လို့ပြောပေမယ့် အဲ့တာက လက်လီဈေးအပေါ် မူတည်ထားတာ "
" မင်းရဲ့ အဝါရောင်သစ်ပိတောက်သားအလုံးကြီးတွေက အရည်အသွေး အရမ်းမြင့်တော့ အများကြီးလိုက်ဝယ်နေဖို့လည်း အချိန်အများကြီး သက်သာသွားစေတယ်လေ။ အဲ့တော့ ငါ့ဘက်က စျေးကို သင့်တော်သလို တိုးပေးတာက ကျိုးကြောင်းဆီလျော်ပါတယ် "
ယဲ့ဖန်က ချီတုံချတုံ ဖြစ်နေသေးသည်။
သူ့ဘေးမှာရပ်နေတဲ့ လော့ကျင်းယွမ်ကလည်း ဝင်ပြောသည်။
" ယဲ့ညီလေး၊ စိတ်မပူပါနဲ့။ ငါ့အဘိုးကြီးက မျောက်ထက် ဉာဏ်ပိုများတယ်။ သူ အရှုံးရှိမှာ မဟုတ်ဘူး "
သခင်ကြီးလော့က သူ့ကို စိတ်မချမ်းသာစွာ စိုက်ကြည့်လိုက်သည်။
" ခွေးကောင်လေး၊ မင်းငါ့အကြောင်း ဘယ်လိုပြောနေတာလဲ "
လော့ကျင်းယွမ်းက ကောင်းကင်ကို မော့ကြည့်ကာ ဘာမှ မပြောတော့ပေ။
ယဲ့ဖန်က ဒီသားအဖနှစ်ယောက်ကို မနိုင်တော့ပေ။ ချက်ချင်းပဲ သူတို့ရဲ့ ကမ်းလှမ်းမှုကို သဘောတူလိုက်သည်။
နှစ်ဘက်စလုံးက နေရာမှာတင်ပဲ ညှိနှိုင်းမှုလုပ်ခဲ့သည်။
ယဲ့ဖန်အကောင့်မှာ သန်း၃၅၀ ဝင်လာတာကိုတွေ့လိုက်တဲ့အခါ ဘေးမှာရပ်နေတဲ့ ချန်းရွှမ် ရုတ်တရက် ခံစားချက်တွေ ရောထွေးလာတော့သည်။
သူမကို စီးပွားရေးပါရမီရှင်တစ်ဦးအဖြစ် အများက သတ်မှတ်ပေးခံထားရသည်ဟု သူမ ခံစားခဲ့ရသော်လည်း ယဲ့ဖန်နှင့် နှိုင်းယှဥ်ကြည့်လျှင် သူမအနေအထားက ချက်ချင်း ကြေမွသွားနိုင်သည်။
အကွက်တစ်ခုရွှေ့လိုက်ရုံဖြင့် အသားတင်အမြတ်ငွေ သန်း ၃၅၀ ရရှိသွားသည်။
ဒါက အတော်ထိတ်လန့်စရာကောင်းလေသည်။
ယဲ့ဖန်နှလုံးသားကတော့ ငြိမ်သက်နေသည်။
သူပထမဆုံးအကြိမ်မှာတော့ စိတ်လှုပ်ရှားနေခဲ့သည်။
သို့သော် သူ့အတွက် ဝင်ငွေရှာရတာက စားသောက်ခြင်းကဲ့သို့ သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာသောကြောင့် စိတ်လှုပ်ရှားစရာ မရှိတော့ပေ။
ဆန့်ကျင်ဘက်အနေနဲ့ စနစ်၏ဆုကြေးငွေတွေက သူ့ကို ပို၍ပင် စိတ်လှုပ်ရှားစေသည်။
[ ရတနာရှာဖွေခြင်းတာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ ဆုလာဘ် - နည်းပညာတစ်ထောင် ]
ဒီတစ်ခါ ဆုကြေးက စကားလုံး၅လုံးသာ ရှိလေသည်။
သို့သော် သူ အံ့အားသင့်ရသွားသည်။
နည်းပညာတစ်ထောင်လား။
စနစ်က သူ့ကို လောင်းကစားသမားအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာလား။
ကြင်နာတတ်ပြီး ဖြောင့်မတ်သူတစ်ယောက်အနေနှင့် အပြုသဘောဆောင်တဲ့ကိစ္စတွေကိုသာ လုပ်ခဲ့သည်။ သူတပါးကိုရော သူ့ကိုယ်သူပါ ထိခိုက်နစ်နာစေမယ့် ဒီလိုအရာမျိုးကို သူဘယ်လိုလုပ်နိုင်မှာလဲ။
အိမ်ကိစ္စကို ဖြေရှင်းပြီးတဲ့နောက် ယဲ့ဖန်က လော့သားအဖကို ချက်ချင်း နှုတ်ဆက်လိုက်သည်။
" သခင်ကြီးလော့၊ တခြား ဘာမှမရှိတော့ရင် ကျွန်တော် အရင်သွားနှင့်ပါမယ် "
သခင်ကြီးလော့က အဝါရောင်ငစ်ပိတောက်သားတွေကိုသာ စိုက်ကြည့်နေပြီး လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်သည်။
" သွားကြပေါ့။ အားလပ်ချိန်ရှိရင် ညစာလာစား "
လော့ကျင်းယွမ်က ယဲ့ဖန်ကို တောင်းပန်ပြီး အမြန်ပြုံးပြလိုက်သည်။
" ငါ့အဘိုးကြီးက ဒီလိုလူပဲ။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ "
ယဲ့ဖန်က ချက်ချင်းပြုံးလိုက်သည်။
" အဘိုးက ကျွန်တော့်ကို အပြင်လူလို မဆက်ဆံတာကို ဘာလို့ ဗွေယူရမှာလဲ "
ထို့နောက် ချန်းရွှမ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူတို့နှစ်ယောက် ဒီအိမ်ကိုရောက်တာ တစ်နာရီ မပြည့်သေးပေမဲ့ သူတို့ အိမ်ကထွက်လာပြီးချိန်မှာတော့ သန်း ၃၅၀ ရခဲ့ပြီဖြစ်သည်။
ချန်းရွှမ် အနည်းငယ် မူးနောက်သွားရသည်။ သူမ မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။
" နင် ပိုက်ဆံရှာတဲ့အရှိန်က ဘဏ်ကို ဓားပြတိုက်တာထက်တောင် ပိုမြန်သေးတယ် "
ယဲ့ဖန်က ကောင်းကင်မှ နေဝင်ချိန်ကို ကြည့်လိုက်သည်။
" ကျွန်တော်က ပိုက်ဆံကို လုံးဝ ဂရုမစိုက်ဘူး။ ပိုက်ဆံရှာရတာကိုလည်း စိတ်ဝင်စားတာ မဟုတ်ဘူး။ ကျွန်တော့်အတွက် ငွေရှာတာက အပိုအလုပ်တစ်ခုပါပဲ "
ချန်းရွှမ်က သူ့ကို စကားတောင် မပြောချင်တော့ပေ။
ထိုအချိန်မှာပဲ သူမဖုန်းက ထပ်မြည်လာပြန်သည်။
ချန်းရွှမ်က ဖုန်းကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ကို မကျေမနပ်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ ငါတကယ်သွားရမှာ။ ကုမ္ပဏီက ထပ်ပြီး ခေါ်နေတယ် "
ယဲ့ဖန်က သူမ၏ ခါးသွယ်သွယ်ကို ဖက်ထားသည်။
" မသွားလို့ မရနိုင်ဘူးလား "
ချန်းရွှမ်လည်း မထိန်းနိုင်ဘဲ သူ့ကို စနောက်တော့သည်။
" ဘာလို့ ကလေးလေးတစ်ယောက်လို လုပ်နေရတာလဲ။ ဘာလို့ ဒီလောက်ကပ်နေတာလဲ ဟင် "
ယဲ့ဖန်က နှုတ်ခမ်းစူလိုက်သည်။
" သွားချင်ရင်လည်း ရတယ်။ ပြောစရာမရှိတော့ဘူးလား "
သူ့အရိပ်အမြွက်ကိုကြားတော့ ချန်းရွှမ် ရှက်သွားသည်။
သို့သော် နောက်ဆုံးတွင်တော့ သူမ အနည်းငယ် နှုတ်ခမ်းစူကာ ခြေဖျားထောက်လိုက်သည်။
ယဲ့ဖန်က သူမကို တွန်းထုတ်လိုက်သည်။
" အစ်မ ....... ဘာတွေတွေးနေတာလဲ။ ဘာလို့ ကျွန်တော့်ကို အမြဲအခွင့်ကောင်းယူချင်နေတာလဲ။ လူရမ်းကား "
အဲ့ဒီနောက် သူက နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ချန်းရွှမ်က ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်နင်းလိုက်သည်။
ဒီလောက်အရှက်မဲ့တဲ့လူကို သူမ မမြင်ဖူးပေ။
ဟမ့်…ဒီတစ်ခါတော့ နင့်ကို လွှတ်ပေးလိုက်မယ်။
နောက်တစ်ခါ ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်။
အပိုင်း ( ၄၆၇ )
မြေအောက်ကာစီနို
ယဲ့ဖန် ဗီလာကိုပြန်ရောက်တဲ့အခါ ရှန်းပိုင်ထျန်း ပြန်ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် သူမက ဧည့်ခန်းရှိ ကော်ဇောပေါ်တွင် ထိုင်ကာ နှုတ်ခမ်းစူပုတ်နေသည်။
သူမလက်ထဲက ခေါင်းအုံးကလည်း သူမ ဆွဲထားတာကြောင့် အထဲကချည်တွေက နေရာအနှံ့မှာ ပျံ့နေသည်။
ယဲ့ဖန်က အိမ်တွင်းဖိနပ်ကို ပြောင်းစီးကာ ဧည့်ခန်းထဲကို လမ်းလျှောက်လာသည်။
" မင်း အတန်းဖော်ကို သွားရှာနေတာ မဟုတ်ဘူးလား။ ဘာလို့ အဲ့လောက်စိတ်မချမ်းမသာ ဖြစ်နေတာလဲ "
ရှန်းပိုင်ထျန်းက သူ့ကို လျစ်လျူရှုပြီး ခေါင်းအုံးကိုသာ ဆက်ဆွဲနေသည်။
ယဲ့ဖန်က သူမခေါင်းကို ဆွဲလှည့်လိုက်သည်။
" ဘာမှားလို့လဲ။ တစ်ခုခုပြောဦး "
ရှန်းပိုင်ထျန်းက ချက်ချင်းပဲ ခေါင်းကိုတစ်ဖက်ပြန်လှည့်သွား သူ့ကို မျက်စောင်းထိုးလိုက်သည်။
" နင် ငါ့ကို ဘာလို့ဆွဲတာလဲ "
သူမ၏ သဘောထားကို မြင်လိုက်ရတော့ ယဲ့ဖန်လည်း ဒေါသထွက်လာကာ သူမခေါင်းကို ထပ်ပုတ်လိုက်သည်။
" လုပ်တယ်၊ ဘာဖြစ်လဲ "
" နင် ....... "
ရှန်းပိုင်ထျန်းက ဒေါသကြီးတဲ့ ကျားပေါက်လေးတစ်ကောင်လိုဖြစ်နေပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
သို့သော် သူမက ယဲ့ဖန်နဲ့ သူမကြားက ကြီးမားတဲ့ ကွာခြားမှုကို တွေးမိပုံရပြီး နောက်ဆုံးမှာတော့ နာနာခံခံဖြင့် ပြန်ထိုင်သွားသည်။
ယဲ့ဖန်က ရယ်စရာကောင်းတယ်လို့ တွေးမိသည်။
" မင်း ကိုယ့်ကိုမပြောချင်ဘူးဆိုရင်လည်း မေ့ထားလိုက်ပါတော့။ စားပြီးပြီလား၊ ကိုယ် မင်းကို ပင်လယ်စာစားပွဲ မှာကျွေးမယ် "
အစားအသောက်အကြောင်း ပြောနေတာကို ကြားလိုက်တဲ့အခါ ရှန်းပိုင်ထျန်းရဲ့ မျက်လုံးတွေက တောက်ပလာသည်။
သူမက စကားတစ်ခွန်းမှမပြောဘဲ မတ်တပ်ထရပ်ကာ ထွက်လာခဲ့သည်။
ယဲ့ဖန်လည်း မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ခါးသက်သက်ပြုံးလိုက်သည်။
သူတို့နှစ်ယောက်က အနီးနားက ပင်လယ်စာ စားသောက်ဆိုင်ကို ရွေးသွားပြီး ပုဇွန်နဲ့ ကဏန်းပါတဲ့ ပင်လယ်စာ စားပွဲကြီးတစ်ပွဲလုံးကို မှာခဲ့သည်။
ရှန်းပိုင်ထျန်း အစားအသောက်အပေါ်ကို ဒေါသဖြေနေသည့်အလား အငမ်းမရ ကောက်ယူကာ စားသောက်နေခဲ့သည်။
" ဖြည်းဖြည်းစားပါ။ မင်းဆီက ဘယ်သူမှ လုယူမစားပါဘူး "
ယဲ့ဖန်က သူမကို ကောင်းကောင်းသတိပေးရင်းနဲ့ တစ်ရှူးတစ်ခုကို ပေးလိုက်သည်။
ရှန်းပိုင်ထျန်းကတော့ သူမရဲ့ပုံရိပ်ကိုတောင် ဂရုမစိုက်ဘဲ ဆက်လက်စားသောက်နေသည်။
နာရီဝက်ကျော်ကြာအောင် စားခဲ့သည်။
သူမက ပင်လယ်စာ စပ်စပ်ကြောင့် ချွေးတွေဆိမ့်ထွက်နေပေမယ့် ဂဏန်းနှစ်ကောင်နဲ့ ကျောက်ပုစွန် ဆယ်ကောင်ထက်မနည်းကို တကယ်ကြီး စားလိုက်သည်။
" အခု ပြောတော့မှာလား "
ယဲ့ဖန်က သူမ စားပြီးသည်နှင့် ထပ်မေးသည်။
ရှန်းပိုင်ထျန်းက ခေါင်းငုံ့နေသေးကာ စကားပြောရန် ငြင်းဆန်နေသည်။
ယဲ့ဖန်လည်း ခေါင်းယမ်းလိုက်သည်။
" မေ့လိုက်တော့၊ သွားကြရအောင် "
ယဲ့ဖန်က ငွေရှင်းဖို့ သွားသည်။
ပင်လယ်စာဆိုင်မှ ထွက်လာစဉ်တွင် စနစ်မှ သတိပေးချက် ထွက်ပေါ်လာပြန်သည်။
[ စနစ်မှ အခွင့်အရေး လမ်းညွှန်မှုအသစ်တစ်ခုကို တွေ့ရှိထားပါသည်။ ကျေးဇူးပြု၍ လက်ရှိလမ်းအတိုင်း မီတာ ၁၀၀ တည့်တည့်သွားပြီးနောက် ညာဘက်သို့ကွေ့ပါ ...... ]
ယဲ့ဖန်က စနစ်သတိပေးချက်ကို ကြားပြီးနောက် အံ့အားသင့်သွားခဲ့သည်။
ပင်းဟိုင်မြို့က သူ့အတွက် ကောင်းချီးပေးသောမြေဖြစ်နေသည်။
သူဒီကိုရောက်တာ နှစ်ရက်မပြည့်သေးပေမယ့် စနစ်မှ အခွင့်အရေးလမ်းကြောင်းပေးတာ လေးကြိမ်တိုင်တိုင် ရှိပြီဖြစ်သည်။
ပထမအကြိမ်က ပြိုကျပျက်စီးနေတဲ့ ရှေးဟောင်းအဆောက်အအုံထဲမှာ အဖိုးတန်ကြွေခွက်ကို ရှာတွေ့ခဲ့ပြီး စနစ်က သူ့ကို အစိမ်းရောင်ဆေးကျမ်းကို ဆုအဖြစ်ပေးခဲ့သည်။
ဒုတိယအကြိမ်ကတော့ ဗီလာမှာပဲ ဖြစ်သည်။ သူက သခင်ကြီးလော့ကို ကယ်တင်ခဲ့ကာ စနစ်က သူ့ကို ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီတစ်ခု ဆုပေးခဲ့သည်။
နေ့လယ်ကလည်း သူ အိမ်ကို ယွမ် ၅သိန်းနဲ့ ဝယ်ယူနိုင်ခဲ့ပြီး သန်း ၃၅၀ ဖြင့် ပြန်ရောင်းကာ နည်းပညာပေါင်းတစ်ထောင်ကိုလည်း ရရှိခဲ့သေးသည်။
အခုက လေးကြိမ်မြောက် စနစ်တာဝန်ပေးခြင်း ဖြစ်သည်။
ဒီစနစ်က ဘာတွေလုပ်နေတာလဲ။
ယဲ့ဖန် အံ့သြသွားသော်လည်း တုံ့ဆိုင်းမနေပေ။ သူက ရှန်းပိုင်ထျန်း၏လက်ကို ချက်ချင်း ဆွဲခေါ်လိုက်ပြီး စနစ်ညွှန်ရာကို သွားခဲ့သည်။
" နင် ငါ့ကို ဘယ်ခေါ်သွားနေတာလဲ "
ရှန်းပိုင်ထျန်းက အားလပ်ရက် ဗီလာသို့ ပြန်နေသည့်လမ်းမဟုတ်မှန်း သိလိုက်ရသောအခါ စူးစမ်းမိသည်။
" ကိုယ် စိတ်ပူစရာမလိုအောင် မင်းကို သွားရောင်းစားမလို့ "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး နောက်ပြောင်ပြီး ရှေ့ကို ဆက်သွားသည်။
ရှန်းပိုင်ထျန်းက နှုတ်ခမ်းစူကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
မကြာမီ သူတို့နှစ်ဦးသား ပင်လယ်ကမ်းစပ်ရှိ အပျော်စီးသင်္ဘောတစ်စင်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အပျော်စီးသင်္ဘောကြီးက အတော်လေးကြီးမားသည်။ သုံးထပ်မြင့်ကာ ဘတ်စကတ်ဘောကွင်း နှစ်ကွင်း အရွယ်အစားရှိလေသည်။
ရေမျက်နှာပြင်ပေါ်မှာ လဲလျောင်းကာ အိပ်ပျော်နေတဲ့ ဧရာမသားရဲကြီးတစ်ကောင်နှင့် တူလေသည်။
ယဲ့ဖန်က ရှန်းပိုင်ထျန်းကိုခေါ်ပြီး သင်္ဘောပေါ်သို့ တက်တော့မည့်အချိန်တွင် လုံခြုံရေးအစောင့်ဟု ထင်ရတဲ့ လူနှစ်ယောက်က အပေါ်စီးမှ ရုတ်တရက် ထွက်လာခဲ့သည်။
" ဘာလုပ်နေတာလဲ။ ဒါက သီးသန့်အပျော်စီးသင်္ဘော၊ ဧည့်သည်တွေကို လက်မခံဘူး "
ယဲ့ဖန်က ချက်ချင်း ရှေ့သို့ လျှောက်သွားကာ လုံခြုံရေးအစောင့်၏ လက်ထဲသို့ ငွေအုပ်အထူကြီးကို ထည့်ပေးလိုက်သည်။
" ခြွင်းချက်ထားပေးပါ။ ဝင်ပြီး လျှောက်ကြည့်ပြီးရင် တန်းထွက်လာမှာ "
လုံခြုံရေးအစောင့်က ငွေစက္ကူအထူကို လှမ်းဆွဲယူလိုက်သည်။ ငွေထုတ်က အနည်းဆုံး သောင်းချီရှိလောက်သည်။
နဂိုက တင်းမာနေတဲ့ မျက်နှာမှာ ချက်ချင်း အပြုံးတစ်ခုပေါ်လာသည်။
" ကိစ္စမရှိပါဘူး၊ ပြဿနာလည်းမရှိပါဘူး။ ကျေးဇူးပြုပြီး ဝင်ပါ "
ထိုသို့ပြောရင်း ဘေးသို့ ဖယ်ပေးသည်။
ယဲ့ဖန်က ရှန်းပိုင်ထျန်းကို သင်္ဘောခန်းထဲသို့ ချက်ချင်း ခေါ်သွားသည်။
ထို့နောက် သူ့ရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။
တကယ်တော့ ဒါက မြေအောက်လောင်းကစားရုံဖြစ်သည်။
အခန်းကျယ်ကြီးထဲမှာ လောင်းကစားပစ္စည်းတွေကို နေရာတိုင်းမှာ မြင်နေရသည်။
စလော့ဂိမ်း၊ မာဂျုံး စသည်ဖြင့် အများကြီးရှိလေသည်။
အခန်းတစ်ခန်းလုံးမှာလည်း လူတွေနဲ့ ပြည့်နှက်နေသည်။
အော်ဟစ်သံ၊ ကျိန်ဆဲသံနှင့် ငိုကြွေးသံတွေကို အဆုံးမရှိ ကြားနိုင်မည်ဖြစ်သည်။
ရှန်းပိုင်ထျန်းက ထိုမြင်ကွင်းကိုမြင်သောအခါ ယဲ့ဖန်ကို မှိန်းခနဲ ကြည့်လိုက်မိသည်။
" နင် ..... နင် ဘယ်လိုလုပ် သိတာလဲ "
တကယ်တော့ ဒီနေ့ သူမ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းရင်းက ဒီကာစီနိုနဲ့လည်း သက်ဆိုင်နေသည်။
ဒီနေ့တွေ့တဲ့သူငယ်ချင်းက သူမရဲ့အခင်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သည်။
သူမက အလွန်တက်ကြွပြီး ရွှင်လန်းသော မိန်းကလေးဖြစ်ခဲ့ဖူးသည်။
သို့သော် အခု သူမကို တွေ့လိုက်ရတဲ့အခါမှာ သူမက ပိန်လှီနေပြီး တစ်ချိန်လုံး မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရလေသည်။
မေးမြန်းပြီးတဲ့နောက် သူမကို ပင်လယ်ကမ်းစပ်ရှိ ကာစီနိုတစ်ခုသို့ ခေါ်ဆောင်သွားခံရကြောင်း သိရှိခဲ့ရသည်။
သူမက တစ်ညတည်းဖြင့် သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံခဲ့သည်။
သူမရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မိသားစုနောက်ခံက မဆိုးပေမယ့် တစ်ခါတည်း ပိုက်ဆံအများကြီးထုတ်နိုင်တဲ့ အနေအထားလည်း မဟုတ်ချေ။
ထို့နောက် သူမကို ကြွေးမီကတိရေးရန် ကာစီနိုမှ အတင်းအကြပ်ခိုင်းစေကာ တစ်ပတ်အတွင်း ငွေမပေးပါက အိမ်ကို အကြောင်းကြားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရှန်းပိုင်ထျန်းက အခြေအနေအကြောင်း သိပြီးတဲ့နောက် သူမလည်း ဘာလုပ်ရမယ်မှန်း မသိတာကြောင့် ယဲ့ဖန်ကို အကူအညီတောင်းချင်ခဲ့သည်။
သို့သော် သေချာတွေးကြည့်တော့ ယဲ့ဖန်ကလည်း ပင်းဟိုင်မြို့နှင့် သိပ်မရင်းနှီးသောကြောင့် သူသည် များစွာအထောက်အကူဖြစ်မည် မဟုတ်ကြောင်း အတွေးဝင်လာသည်။
ထို့ကြောင့် သူမသည် တစ်နေ့လုံး အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်။
သူမကို ယဲ့ဖန်က ဒီမြေအောက် ကာစီနိုကို ခေါ်ဆောင်လာချိန်မှာတော့ သူမ တကယ်ကို တုန်လှုပ်သွားခဲ့ရသည်။
သူ ..... သူသိပြီးတာ ဖြစ်နေမလား။
သူက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းအတွက် လက်စားချေပေးဖို့ ဒီကို လာခဲ့တာလား။
အဲ့တာကိုတွေးပြီး ရှန်းပိုင်ထျန်း မျက်လုံးထဲမှ မျက်ရည်တွေက ချက်ချင်းစီးကျလာတော့သည်။
သူက သူမအပေါ် သိပ်ကောင်းပေးနေတာ မဟုတ်ဘူးလား။
ယဲ့ဖန်က သူမ ငိုတာကိုမြင်တော့ ထူးဆန်းတယ်လို့ ခံစားမိသည်။
ဒီမိန်းကလေး ဘာတွေ ဖြစ်နေတာလဲ။
ဒါပ မြေအောက်ကာစီနိုရုံတစ်ခုလေးပဲ မဟုတ်လား။ သူမက ဘာကြောင့်ငိုနေရတာလဲ။
ဒီလိုမြင်ကွင်းမျိုးကို သူမ ပထမဆုံးအကြိမ်မြင်ဖူးတာမလို့ ကြောက်ပြီး မျက်ရည်ကျနေတာလား။
အပိုင်း ( ၄၆၈ )
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကံလဲ
ယဲ့ဖန်က ရှန်းပိုင်ထျန်း တွေးနေသည်ကို မသိပေ။ စနစ်က သူ့ကို ဘာကြောင့် ဒီကို ခေါ်လာတာလဲလည်း မသိချေ။
သို့သော် သူ ဒီနေရာကို ရောက်နေပြီဖြစ်သောကြောင့် မီးစင်ကြည့်ကရမည်ဖြစ်သည်။
သူ့မှာ စနစ်ကပေးထားတဲ့ နည်းပညာပေါင်း တစ်ထောင်ရှိနေပြီဖြစ်သည့်အပြင် အခု သူက ကာစီနိုတွင် ရောက်နေသောကြောင့် သူ့ကံကို မစမ်းကြည့်ဖူးဆိုတာက ကျိုးကြောင်းမဆီလျော်ပေ။
ထို့ကြောင့် ချက်ချင်း ငွေလဲကောင်တာဆီသို့ လျှောက်သွားပြီး ဝန်ထမ်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
" တိုကင်ချပ်ပြားလဲချင်ပါတယ် "
( Token or Chip - လောင်းကစားရုံမှာ ဆော့ဖို့ ငွေစက္ကူနဲ့ လဲပြီးတော့ ရလာတဲ့ အဝိုင်းပြားလေးတွေပါ )
ငွေလဲကောင်တာဧည့်ခံက သူတို့နှစ်ယောက်ရဲ့ အသွင်အပြင်နဲ့ ကိုယ်ရောင်ကိုယ်ဝါက တောက်ပြောင်နေတာကို မြင်တဲ့အခါ သူမက ချက်ချင်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုလေသည်။
" တိုကင် ဘယ်လောက်ဖိုးစာ လဲလှယ်ချင်တာပါလဲ "
ယဲ့ဖန်က အပျော်စီးသင်္ဘောကို လှည့်ပတ်ကြည့်လိုက်သည်။
" ဒီလို ဇိမ်ကျတဲ့နေရာမျိုးမှာဆိုတော့ စေတနာထားပြီး ယွမ် ၂၀၀၀ အရင်လဲမယ် "
" ဖူး ........... "
ငွေလဲဝန်ထမ်းက ပါးစပ်ထဲမှ သွေးအန်ထွက်မတတ်တောင် ဖြစ်သွားရသည်။
အစကတော့ ယွမ် သန်း ၂၀ဖိုးလောက် လဲဖို့တောင်းမယ်လို့ သူမထင်ခဲ့သည်။
ယွမ် ၂၀၀၀ ဖိုးသာရှိမည်ဟု သူမ မမျှော်လင့်ထားပေ။
သူမက မျက်နှာမည်းကြီးဖြင့် ကောင်တာပေါ်ကို အစိမ်းရောင်တိုကင်နှစ်ပြား ချက်ချင်းတင်ပေးလိုက်သည်။
ယဲ့ဖန်က ငွေပေးချေပြီးတဲ့နောက် သူက တိုကင်နှစ်ပြားကိုယူကာ ခန်းမထဲသို့ ဝင်သွားခဲ့သည်။
ရှန်းပိုင်ထျန်းက တမင်နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ယဲ့ဖန်နှင့် မသိဟန်ဆောင်လိုက်သည်။
အနည်းဆုံး ယွမ်ထောင်သောင်းချီဖိုးလောက် တိုကင်ပြား လဲသင့်တယ် မဟုတ်ဘူးလား။
တိုကင်နှစ်ပြားနဲ့ ဝင်ရတာက ရှက်စရာကောင်းလေသည်။
ယဲ့ဖန်က သိပ်ပြီး တွေးမနေပေ။ သူက စားပွဲထိုးကို ဆွဲခေါ်ပြီး သူ့ဘေးက စက်တစ်ခုကို ညွှန်ပြလိုက်သည်။
" ဒါက ဘယ်လိုစက်မျိုးလဲ "
စားပွဲထိုးက သူ့ကို ထူးဆန်းစွာ ကြည့်နေပေမဲ့ လေးလေးစားစားရှင်းပြပေးခဲ့သည်။
" သခင်လေး၊ ဒါက စလော့ဂိမ်းစက်ပါ "
" ဒါကို ဘယ်လိုကစားရတာလဲ "
" အာ ...... "
ဒီလို လာကစားကြသူတွေ အများစုဟာ ဝါရင့်တွေ ဖြစ်ကြတာကြောင့် ဒီလို အခြေခံမေးခွန်းမျိုးကို ဘယ်သူမှ မမေးဖူးပေ။
ကံကောင်းထောက်မစွာနဲ့ ဝန်ထမ်းက ကျွမ်းကျင်သူဖြစ်တာကြောင့် သူ့မျက်နှာမှာ မထီမဲ့မြင်ပြုတဲ့အမူအရာမျိုး မပြခဲ့ချေ။
" ဒီလိုပါ။ သခင်လေးက တိုကင်ပြားကို စက်ထဲသို့ထည့်လိုက်ပြီး ဒီလီဗာကို ဆွဲလိုက်တဲ့အခါ စက်မျက်နှာပြင်ပေါ်မှာ ပုံစံသုံးမျိုးပေါ်လာပါလိမ့်မယ်။ ပုံစံသုံးမျိုးတူနေရင် အနိုင်ရမှာပါ ...... "
" ကြားရတာကတော့ ရိုးရှင်းမယ့်ပုံပဲ "
သူ့ရှင်းပြချက်ကိုကြားပြီးနောက် ယဲ့ဖန်က ချက်ချင်း စက်ရှေ့မှာထိုင်လိုက်ပြီး စက်ထဲသို့ တိုကင်ပြားတစ်ခုထည့်လိုက်သည်။
ထို့နောက် လီဗာကို ဆွဲလိုက်သည်။
စက်မျက်နှာပြင်ပေါ်ရှိ ပုံတွေက လျင်မြန်စွာ လှည့်ပတ်နေသည်။
ဝှီး
ခေါင်းလောင်း၊ ဖရဲသီး၊ ခေါင်းလောင်း။
ထိုရလဒ်ကိုမြင်တော့ ယဲ့ဖန်က စားပွဲထိုးကို မကျေမနပ်နဲ့ ကြည့်လေသည်။
" ဘာလို့ မရတာလဲ။ ဒီစက်ကို တစ်ခုခုလုပ်ထားတာလား "
စားပွဲထိုးက ချောင်းဆိုးလိုက်သည်။
" သခင်လေး၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ လောင်းကစားရုံက အရမ်းကို တရားမျှတပါတယ်။ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ စလော့ဂိမ်းစက်က ဖြစ်နိုင်ခြေတွက်ရတဲ့ လောင်းကစားတစ်ခုပါ။ အကြိမ်တိုင်း အနိုင်ရဖို့က မဖြစ်နိုင်ပါဘူး "
တစ်ချိန်တည်းမှာပဲ ဝန်ထမ်းက ယဲ့ဖန်ကို သူ့စိတ်ထဲမှ လှောင်ရယ်နေသည်။
ဘယ်လိုအရူးလဲ။ စက်ကို တစ်ခုခု မလုပ်ထားရင်တောင် မင်းက ရမှာတဲ့လား။
ကာစီနိုတွေက ဒီလို မသိနားမလည်တဲ့ ငနုံတွေကို နှစ်သက်ကြလေသည်။
ဒီညတော့ မင်းမိဘတွေ ငိုရတော့မယ်။
ယဲ့ဖန်က တခြားဘာမှ မပြောချေ။ ထို့နောက် နောက်ဆုံးကျန်တဲ့ တိုကင်ပြားကို စက်ထဲ ထည့်လိုက်ပြီး လီဗာကို ထပ်ဆွဲလိုက်သည်။
ဟွား၊ဟွား၊ဟွား .......
မျက်နှာပြင်ပေါ်ရှိ ပုံရိပ်တွေက လျှင်မြန်စွာ လည်ပတ်နေပြန်သည်။
ဝှီး
ခေါင်းလောင်း၊ ခေါင်းလောင်း၊ ခေါင်းလောင်း
ဆုငွေဆယ်ဆ။
ဖြောင်း
ယွမ် ၁သောင်းဖိုးစာ တိုကင်ချပ်ပြားတွေ စက်ထဲမှ ထွက်လာသည်။
" ရေး၊ ရသွားပြီ "
ရှန်းပိုင်ထျန်းက ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တာကြောင့် ကာစီနိုထဲမှ လူအများ၏အာရုံကို ဖမ်းစားလိုက်သည်။
တစ်ချက်လောက် နိုင်ရုံပဲ မဟုတ်လား။ ဒီမှာ ဘာကို အဲ့လောက် စိတ်လှုပ်ရှားပြနေတာလဲ။
သူမက တော်တော်လေးလှနေတာကြောင့်သာ မဟုတ်ရင် တစ်စုံတစ်ယောက်က သူမကို ထကဲ့ရဲ့နေလောက်ပြီဖြစ်သည်။
စားပွဲထိုးက မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ သူ တကယ်ကြီး ရသွားပြီလား။
ဒီကလေးက ကံကောင်းလိုက်တာ။
ယဲ့ဖန်က တိုကင်ပြားကို ထပ်ထည့်လိုက်ပြီး လီဗာကို ဆွဲလိုက်ပြန်သည်။
ဟွား၊ဟွား၊ဟွား .........
ဝှီး
ဖရဲသီး၊ဖရဲသီး၊ဖရဲသီး
ဒီတစ်ကြိမ်မှာတော့ အဆနှစ်ဆယ်တိုးလာလေသည်။
စက်ထဲကနေ တိုကင်ပြားတွေ အများကြီး ထွက်ကျလာသည်။
" ဝါး၊ နောက်တစ်ခေါက်တောင် "
ရှန်းပိုင်ထျန်းက ယဲ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး ခုန်ပေါက်နေသည်။
ဝန်ထမ်းက လုံးဝကို အံ့သြသွားရသည်။
သူက တကယ်ကြီး နှစ်ကြိမ်ဆက်တိုက် ရသွားတာလား။
ဒီတစ်ယောက်ကံက အတော်လေးကောင်းတာပဲ။
ယဲ့ဖန်ကတော့ အမူအရာအထူးတလည်မရှိဘဲ တိုကင်ပြားကို ဆက်၍ထည့်သည်။
လိမ္မော်သီး၊ လိမ္မော်သီး၊လိမ္မော်သီး။
နောက်ထပ်တစ်ခါ ရပြန်သည်။
သူက တိုကင်ကို ထပ်ထည့်လိုက်ပြန်သည်။
ဘား၊ ဘား၊ ဘား
ထပ်ရပြန်သည်။
သူက အကြိမ်အနည်းငယ် ဆက်တိုက် ထပ်ဆွဲလိုက်ပြီး အကြိမ်တိုင်း ပုံစံသုံးခုလုံး တူလေသည်။
ရှန်းပိုင်ထျန်းက အကြီးကြီး အော်ဟစ်အားပေးနေပြီး အသံက ဆူညံလုနီးပါး ဖြစ်နေသည်။
ဘေးနားက စားပွဲထိုးကလည်း ပါးစပ်ထဲမှာ ဥဥလို့ရမတတ် ပါးစပ်ပွင့်နေသည်။
သူက ဒီကာစီနိုမှာ အချိန်အတော်ကြာ အလုပ်လုပ်ကိုင်ခဲ့သော်လည်း ဒီလို ဂျက်ပေါ့ကို ဆက်တိုက်ပေါက်သည့် လူညစ်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။
ဒီကံတရားက ရိုးရိုးရှင်းရှင်းနဲ့ ကောင်းကင်ဘုံကိုတောင် အံတုနိုင်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ တိုကင်ပြားအပုံလိုက်ကြီးက ယဲ့ဖန်ရှေ့မှာ စုပြုံလာခဲ့သည်။
သူ့နောက်မှာလည်း လူအုပ်ကြီးက စုပြုံပြီး ပွဲကြည့်နေကြသည်။
" လခွမ်း၊ ဒီညီလေးက အရမ်းရက်စက်တာမဟုတ်လား။ စလော့ဂိမ်းစက်ကနေ ဒီလောက်တိုကင်တွေအများကြီးကို သူဘယ်လိုလုပ်ပြီး အနိုင်ရတာလဲ "
" ငါ ကစားတာကြာပြီ။ ဒါပေမယ့် ဒါမျိုးကို မြင်ဖူးတာ သေချာပေါက် ဒါကပထမဆုံးပဲ "
" ဒါက ဘယ်လို ရူးချင်စရာကောင်းတဲ့ ကံကောင်းမှုမျိုးလဲ "
" စက်ပျက်လို့များလား "
ယဲ့ဖန်ရဲ့ နတ်ဘုရားဆန်တဲ့ ကစားချက်တွေကြောင့် လူတိုင်းက အံ့ဩသွားကြသည်။
သူ့ကို တစ္ဆေမြင်နေရသလို ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပဲ သိပ်မဝေးတဲ့ ငါးဖမ်းစက်တစ်ခုရှေ့တွင် မိန်းကလေးတစ်ယောက်ထိုင်နေသည်။
သူမ၏ ထူးခြားတဲ့ မျက်နှာအသွင်အပြင်ကို မိတ်ကပ်ထူထူဖြင့် ဖုံးအုပ်ထားပြီး သူမ၏ဆံပင်ကိုလည်း ရောင်စုံဆေးဆိုးထားလေသည်။
သူမနားတွင်လည်း နားကပ်အနည်းငယ်နှင့် နားကပ်ကြီးတစ်ခုရှိလေသည်။
သူမက အနက်ရောင်အပေါ်အင်္ကျီတိုကို ၀တ်ဆင်ထားပြီး သူမ၏ ပြေပြစ်တဲ့ခါးကို ပေါ်လွင်နေစေသည်။
သူမက ဂျင်းဘောင်းဘီတိုတိုကို ၀တ်ဆင်ထားပြီး သူမ၏ခြေတံရှည်တွေကလည်း အတော်လေးဆွဲဆောင်မှုရှိသည်။
သူမအနောက်တွင် လူတစ်စုက သူမကို လက်ဖက်ရည်သောက်ရန် ကူညီပေးနေသည်။
" ညီမလေးရှောင်ကျောင်း၊ ရေနည်းနည်းသောက်ပါ။ ကြည့်ပါဦး၊ မင်းပါးစပ်တွေ ဘယ်လောက်ခြောက်နေပြီလဲ "
" ညီမလေးရှောင်ကျောင်း၊ မင်းက အကြာကြီးကစားထားတော့ ပင်ပန်းနေပြီလား။ မင်းခြေထောက်တွေကို နှိပ်ပေးရမလား "
" ညီမလေးရှောင်ကျောင်း၊ ငါတို့အရင်ဆုံး အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူသင့်တယ်ထင်တယ်။ ပြန်လာတဲ့အခါမှ ဆက်ကစားလည်း ရတာပဲ "
" ညီမလေးရှောင်ကျောင်း၊ အပြင်ထွက်ပြီး တစ်ခုခုစားရအောင်။ ကိုယ်ဝယ်ကျွေးမှာပါ $
ဘုန်း
ထိုမိန်းကလေးက ငါးဖမ်းစက်ကို ရိုက်ချလိုက်သည်။
" ပြီးပြီလား။ ရှင်တို့က ကျွန်မကို နောက်တစ်ကြိမ် ရှုံးအောင်လုပ်နေတာပဲ "
သူမရဲ့ အပြစ်တင်သံကို ကြားပြီးနောက် လူတိုင်းက ပါးစပ်ပိတ်သွားကြတော့သည်။
သို့သော် သူတို့စိတ်ထဲတွင်တော့ ကျိန်ဆဲနေကြသည်။
မင်းက ကစားရတာကြိုက်တဲ့ ငနုံဆိုတာ သိသာနေတာပဲကို ဘာလို့ ငါတို့ကို အပြစ်တင်နေတာလဲ။
သို့သော် သူတို့က ထိုစကားတွေကို ကျယ်ကျယ် မပြောရဲဘဲ စိတ်ထဲတွင်သာ ရေရွတ်ရဲကြသည်။
မဟုတ်ရင် သူတို့ကို ငါးစာကျွေးဖို့ ပင်လယ်ထဲ ပစ်ချခံရနိုင်လေသည်။