အပိုင်း ၄၆၉-၄၇၂
Vol. 24 Ch. 469-472
အပိုင်း ( ၄၆၉ )
ဒါက လူစကားမှဟုတ်ရဲ့လား
ကျူးရှောင်ကျောင်းက ဆက်လက်ကစားရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူမ၏နောက်မှ စိတ်အားထက်သန်စွာ အော်ဟစ်နေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
သူမ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" ဟိုမှာ ဘာဖြစ်နေတာလဲ။ သွားပြီး အသံတိုးဖို့ပြောလိုက်။ ဒီနေရာက သူတို့အိမ်လို့များ ထင်နေတာလား "
ထိုအချိန် လက်ပါးစေတစ်ယောက်က ချက်ချင်းပြန်ပြောပြသည်။
" ဟိုနားမှာ အထိုင်စလော့ဂိမ်းစက်ကစားနေတဲ့ ကလေးတစ်ယောက်ရှိတယ်။ သူက အရမ်းကံကောင်းပြီး ဆယ်ကြိမ်ဆက်တိုက်တောင် အနိုင်ရသွားတာတဲ့ "
ကျူးရှောင်ကျောင်း အံ့အားသင့်သွားသည်။
" ဆယ်ကြိမ် ဆက်တိုက်နိုင်တာလား။ လာနောက်နေတာလား "
သူမက စလော့ဂိမ်းစက်များကို မကြာခဏ ကစားလေ့ရှိသော်လည်း အောင်ပွဲရနိုင်ခြေမှာ အလွန်နည်းပါးသောကြောင့် သူမဆံပင်တွေကိုပါ ထောင်လာစေသည်။ ပြီးတော့ သူမသည်လည်း အကြိမ်အနည်းငယ်သာ အနိုင်ရခဲ့ဖူးသည်။
တစ်ယောက်ယောက်က ဆယ်ကြိမ်ဆက်တိုက် အနိုင်ရသွားကြောင်း သူမကြားလိုက်ရတဲ့အခါ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက တစ်ဖက်လူက နောက်ပြောင်နေတာဟုသာ ထင်လိုက်ခြင်းဖြစ်သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လက်ပါးစေက ဆက်ပြောသည်။
" တကယ်ပြောတာပါ။ ဒီကလေးရဲ့ ကံတရားက တကယ့်ကို ကောင်းကင်ဘုံကိုတောင် အံတုနိုင်လောက်တယ်။ ကြောင်တောင် ကြောင်သွားရတာ "
ကျူးရှောင်ကျောင်းလည်း စိတ်ဝင်တစား လျှောက်လာသည်။
ထိုအခါ စလော့ဂိမ်းစက်ရှေ့မှာ ထိုင်နေပြီး လီဗာကိုဆွဲနေတဲ့ အလွန်ချောမောသော ယောက်ျားတစ်ဦးကို ချက်ချင်းတွေ့လိုက်ရသည်။
ဟွား၊ဟွား၊ဟွား .......
စက်မျက်နှာပြင်ပေါ်ရှိ ပုံရိပ်က နောက်ဆုံးမှာ မရပ်သွားခင် အချိန်အတော်ကြာအောင် လည်ပတ်နေသည်။
ကြယ်နှစ်ထပ်၊ ကြယ်နှစ်ထပ်၊ ကြယ်နှစ်ထပ်။
နောက်ထပ်ဂျက်ပေါ့ထိတာလား။
စက်မှ တိုကင်ပြားများက ထွက်လာပြန်သည်။
ဆယ်ကြိမ်ထက်မနည်း ဆက်တိုက်ကျရှုံးခဲ့တဲ့ သူမ၏ ခွေးချီးလိုရလဒ်များနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီးဖြစ်နေသည်။
တအံ့တဩနဲ့ သူမ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
ဒီလောက်ကံကောင်းတဲ့သူ ရှိတာလား။
ယဲ့ဖန်၏ ရူးချင်စရာကောင်းတဲ့ ရလဒ်တွေက ကာစီနိုမန်နေဂျာဆီကို သတင်းရောက်သွားခဲ့သည်။
" မန်နေဂျာ၊ ဒီကလေးက စလော့ဂိမ်းစက်မှာ ယွမ် ၂သိန်းနီးပါးလောက် ရသွားတယ်။ သူ တစ်ခုခု လုပ်ထားတာများလား။ ကျွန်တော်တို့ သွားစစ်ဆေးကြည့်ရမလား "
ထိုအမျိုးသားက ရွှေရောင်မျက်မှန်ကိုင်းကို ဝတ်ဆင်ထားပြီး ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆနေသကဲ့သို့ စားပွဲပေါ်မှာ လက်ချောင်းများကိုတစ်ချောင်းစီခေါက်လိုက်သည်။
" လောလောဆယ်တော့ သူ့ကို ထားထားလိုက်ဦး "
နောက်ဆုံး သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ယွမ်၂သိန်းလောက် ဆုံးရှုံးတာက ကာစီနိုဘက်မှ လက်ခံနိုင်သော ပမာဏအတွင်းမှာ ရှိနေသေးသည်။
ဒီလောက်ငွေလေးတွေအတွက်နဲ့ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုပေ။
ခပ်ထွားထွားနဲ့လူက အမိန့်ကိုကြားသောအခါ အခြားဘာမျှထပ်မပြောတော့ဘဲ စောင့်ကြည့်ကင်မရာဘက်ကိုသာ လှည့်ပြီး စိုက်ကြည့်နေလိုက်သည်။
...................................
ယဲ့ဖန်က ဂိမ်းစက်ကို ခဏကစားပြီးနောက် ထိုင်ခုံကို ပြန်တွန်းလိုက်သည်။
" အရှုံးမရှိဘဲ ဆက်တိုက်နိုင်နေတာက အဓိပ္ပါယ်မရှိဘူး။ အနိုင်ရနေတာကတောင် နည်းနည်း အားနည်းနေတယ်လို့ ခံစားလာရပြီ။ ဘာက အဲ့လောက် ပျော်စရာကောင်းတော့မှာလဲ။ အရှုံးနဲ့အနိုင်ရှိတဲ့ ဂိမ်းမျိုးဖြစ်ရင် ပိုကောင်းမှာ။ အဲ့တာဆို ကစားရတာက ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ် "
သူ့စကားကိုကြားတော့ သူ့နောက်မှာ ရပ်နေကြတဲ့ လူတွေက သူ့ကို ရိုက်နှက်ချင်စိတ်ဖြစ်လာတော့သည်။
ဒီတစ်ယောက်က လူစကားပြောနေတာရော ဟုတ်ရဲ့လား။
ပိုက်ဆံရတာတောင် အားနည်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
သူတို့၏ နှလုံးသားထဲမှ ဆုံးရှုံးခြင်းတွေကို တွေးမိပြီး သွေးများ စီးကျလာသည်ဟု ခံစားရသည်။
အလောင်းကစားမှာ အနိုင်ရဖို့က ကောင်းကင်ကို တက်ရတာထက် ပိုခက်လေသည်။
ဒီတစ်ယောက်ကတော့ နိုင်ချင်တာတောင် မဟုတ်ချေ။
အစကတည်းက ယဲ့ဖန်ကစားတာကို လူတော်တော်များများက ဘေးကနေ ကြည့်နေခဲ့ကြသည်။
ယဲ့ဖန်ရှေ့မှာ တိုကင်ပြားအပုံလိုက်ကြီးကို တွေ့လိုက်တဲ့အခါ ယွမ် ၂၀၀၀ ဖိုး တိုကင်ပြားနှစ်ခုကနေ အပုံလိုက်ကြီးအထိ ယဲ့ဖန်နိုင်တာကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသည်။
" မင်း အကြီးအသေး လောင်းလို့ရတယ်။ အဲ့တာက ကံတရားပေါ်မှာပဲ မူတည်တာ။ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ် " ဟု တစ်စုံတစ်ဦးဆီမှ ချက်ချင်း အကြံပြုသံထွက်လာသည်။
" ဒါဆို သွားကစားကြတာပေါ့ "
ယဲ့ဖန်က တိုကင်ချပ်ပြားများကို ချက်ချင်းယူကာ အန်စာတုံးစားပွဲဆီသို့ သွားခဲ့သည်။
အားလုံးက သူ့နောက်မှလိုက်လျှောက်ပြီး နေရာပြောင်းကာ ဒီကောင်လေး ဘယ်လောက် ဆက်ပြီးကံကောင်းမလဲဆိုတာ ကြည့်ချင်ကြသည်။
ကျူးရှောင်ကျောင်း၏ နှလုံးခုန်နှုန်းက မြင့်တက်သွားပြီး သူမက ချက်ချင်း ယဲ့ဖန်အနားမှာ ဝင်ထိုင်လိုက်သည်။
ဒီတစ်ယောက်က ကံအရမ်းကောင်းနေတော့ သူမလည်း ကံကောင်းသွားနိုင်သည်။ သူမသည်လည်း သူ့နားကပ်ပြီး အကြိမ်အနည်းငယ် အနိုင်ရသွားနိုင်ချေရှိသည်။
ယဲ့ဖန်က ကစားပွဲကို စိုက်ကြည့်ရင်း ခေါင်းကုတ်လိုက်သည်။
သူမဘက်ကို ချက်ချင်း ခေါင်းကို လှည့်ကြည့်လိုက်သည်။
" ကစားနည်းသိလား "
ကျူးရှောင်ကျောင်း အံ့အားသင့်သွားသော်လည်း သူမ ခေါင်းငြိမ့်ပြလိုက်သည်။
" သိတယ် "
ယဲ့ဖန် ဝမ်းသာသွားသည်။
" ဒါဆို စည်းကမ်းချက်လေးတွေနဲ့ မိတ်ဆက်ပေးပါဦး "
ကျူးရှောင်ကျောင်း လန့်သွားသည်။ သူက တကယ်ပဲ စည်းကမ်းတွေတောင် မသိဘူးလား။
သူနဲ့ လိုက်ကစားရင် ကိုယ့်သေတွင်းကိုယ်တူးတာ မဟုတ်ဘူးလား။
ကျူးရှောင်ကျောင်းက သူ့ကို စိတ်ထဲကနေ ပြစ်တင်ဝေဖန်နေပေမယ့် စည်းမျဉ်းတွေကို မိတ်ဆက်ပေးလိုက်သည်။
" အန်စာတုံးခွက်ထဲမှာ အန်စာတုံးသုံးလုံးရှိတယ်။ ဒီကဆရာကြီးတစ်ယောက်က အန်စာတွေကို ကျပန်း လှုပ်လိမ့်မယ်။ အနိမ့်ဆုံးက ၃ မှတ်ဖြစ်ပြီးတော့ အမြင့်ဆုံးမှာ ၁၈ မှတ်။ ၃ - ၁၀ က ဂဏန်းသေး၊ ၁၁ - ၁၈ က ဂဏန်းကြီး။ လောင်းကြေးက ၁-၆လို့ ယူဆရင် ........... "
ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို စကားလုံးရိုးရိုးရှင်းရှင်းတွေနဲ့ ရှင်းပြဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
သို့သော် ယဲ့ဖန်က ခေါင်းရှုပ်နေသေးကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊။
" ဘာပဲဖြစ်ဖြစ် မေ့ထားလိုက်တော့ "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏သဘောထားကို မြင်လိုက်သောအခါ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားရသည်။
သူ့ဘာသာသူ ကစားရမှ ပိုကောင်းဦးမယ်။
ဒီအချိန်တွင် အန်စာခေါက်တဲ့ပညာရှင်က အန်စာတုံးခွက်ကို လှုပ်လိုက်ပြီး စားပွဲနားက လူတွေကို ကြည့်လိုက်သည်။
" လောင်းကြေးတင်ကြ "
ယဲ့ဖန်က တစ်ခဏ တုန့်ဆိုင်းသွားပြီးတဲ့နောက် ' ဂဏန်းကြီး ' ( ၁၁-၁၈ )ဘက်ထဲသို့ ယွမ် ၁၀၀၀တန် တိုကင်ပြားတစ်ပြား ထည့်လိုက်သည်။
သူ့ဘေးနားရှိ ကျူးရှောင်ကျောင်းက ယဲ့ဖန်၏ ယုံကြည်မှုမရှိသည့်ပုံစံကို မြင်လိုက်ရသောကြောင့် ဒီတစ်ခါတော့ သူ သေချာပေါက် ရှုံးလိမ့်မယ် လို့ သူမ တွေးနေခဲ့သည်။
" ဘာလို့ ဒီလောက်နည်းနည်းပဲလောင်းရတာလဲ။ ယောက်ျားဖြစ်ပြီး သတ္တိမရှိဘူးလား "
သူမက စကားပြောနေရင်း မဆိုင်းမတွဘဲ တိုကင်ပြားငါးပြားကိုဆွဲယူကာ 'ဂဏန်းသေး'ဘက်ကို လောင်းကြေးထည့်လိုက်သည်။
ယဲ့ဖန်က ခေါင်းခါပြီး ပြုံးရုံသာပြုံးလိုက်ပေမဲ့ သူက ဘာမှတော့ မပြောချေ။
တခြားသူတွေကလည်း သူတို့ရဲ့ အလောင်းအစားတွေ ချထားကြသည်။
ထို့နောက် သူတို့က အန်စာတုံးခွက်ကို စိုက်ကြည့်ကာ နောက်ဆုံးရလဒ်ကို စောင့်နေကြသည်။
အန်စာခေါက်ပညာရှင်သည် ဘယ်သူမှ လောင်းကြေးထပ်မထည့်တော့ သေချာအောင် နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှာပဲ အန်စာတုံးခွက်ကို ဖွင့်လိုက်သည်။
အားလုံးက နောက်ဆုံးရလဒ်ကို မြင်လိုက်တဲ့အခါ သူတို့ရဲ့အမူအရာက အနည်းငယ်ထူးဆန်းသွားကြသည်။
ထို့နောက် သူတို့အားလုံး ယဲ့ဖန်ကို ကြည့်ကြသည်။
ဒီကောင့်ကံက ကောင်းလွန်းနေတယ် မဟုတ်ဘူးလား။
အန်စာတုံးက ၅၊ ၄ နှင့် ၆တို့ အသီးသီးထွက်လာသည်။
ပေါင်းထည့်လိုက်တဲ့အခါ ဂဏန်းက ၁၆ ဖြစ်ပြီး ဂဏန်းကြီးဖြစ်သည်။
ဒီ အန်စာကစားပွဲမှာ ဖြစ်နိုင်ချေက ၅၀/၅၀ ဖြစ်သည်။ အကြီးမဟုတ်လျှင်အသေး၊ အသေးမဟုတ်လျှင်အကြီးဖြစ်မည်။
ဝန်ထမ်းက ချက်ချင်း တိုကင်ပြားနှစ်ပြားကို ယဲ့ဖန်ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
အစမှာပဲ သေးငယ်တဲ့ အောင်ပွဲတစ်ခုရရှိသွားသည်။
ယဲ့ဖန်က တိုကင်ပြားနှစ်ပြားကို ကောက်ယူလိုက်ပြီး ကျူးရှောင်ကျောင်းဘက်ကို ပြုံးပြကာ လှည့်ကြည့်လိုက်သည်။
" တော်တော်ပျော်စရာကောင်းတယ် မဟုတ်လား "
ကျူးရှောင်ကျောင်းသည် သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။ သူမက တစ်စုံတစ်ယောက်ကို ထိုးချင်စိတ်ဖြစ်နေသည်။
သူမက တမင်တကာ ယဲ့ဖန်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ 'ဂဏန်းသေး'ဘက်က လောင်းခဲ့သည်။
သို့ပေမဲ့ ယွမ် ၅၀၀၀ က ရေစုံမြောသွားရသည်။
သူမမျက်လုံးထဲတွင် ယဲ့ဖန်၏အမူအရာက သူမကို ကြွားဝါပြနေသကဲ့သို့ ဖြစ်နေသည်။
သူမ သူ့ကို မုန်းတီးစွာ စိုက်ကြည့်နေလိုက်သည်။
" ရှင့်ရဲ့ကံကြမ္မာက အမြဲတမ်းကောင်းနေမယ်လို့ ကျွန်မ မယုံဘူး။ ထပ်ပြီးလောင်းမယ် "
အပိုင်း ( ၄၇၀ )
သာမန်ပါပဲ
ဒုတိယအကျော့ စတင်ခဲ့သည်။
အန်စာခေါက်တဲ့သူက အန်စာတုံးခွက်ကို လှုပ်ခါပြီးတဲ့နောက် ယဲ့ဖန်က 'ဂဏန်းသေး' ဘက်တွင် လောင်းကြေး ယွမ် ၂၀၀၀ စာ တိုကင်ပြားနှစ်ပြားကို လောင်းထည့်လိုက်သည်။
ကျူးရှောင်ကျောင်း ရယ်ပြန်သည်။
" စည်းစိမ်ဥစ္စာဆိုတာ အန္တရာယ်ကနေ လာတာ။ ဒီလိုသာ ပိုက်ဆံရှာနေရင် လူဖြစ်ရှုံးနေမယ် "
သူမက ပြောရင်းနဲ့ 'ဂဏန်းကြီး' ဘက်တွင် ယွမ် ၁သောင်းဖိုးစာ တိုကင်ပြားတွေကို လောင်းခဲ့သည်။
သူမက ယဲ့ဖန်နဲ့ ဆန့်ကျင်ဘက်ကိုဘဲ လောင်းချင်သည်။ သူ့ကံက အမြဲတမ်း ဒီလောက်ကောင်းနေမယ်လို့ သူမ မယုံချေ။
ယဲ့ဖန်က သူမလောင်းကြေးကိုမြင်ပြီး လက်မထောင်ပြသည်။
" မင်းက တကယ်ကို ယောကျာ်းပီသတာပဲ "
သူမကို ချီးကျူးနေတာလား၊ ရွဲ့နေသလားတောင် မသိတော့ပေ။
ကျူးရှောင်ကျောင်း ဟွန်းခနဲလုပ်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
အခြားသူများကလည်း သူတို့၏ သက်ဆိုင်ရာ လောင်းကြေးများကို ချထားကာ အော်ဟစ်ကြသည်။
" အကြီး၊ ကြီး၊ ကြီး ....... "
" အသေး၊ သေး၊ သေး ....... "
အသံကျယ်ရင် ကျယ်သလို အန်စာတုံးက သူတို့ပြောသည့်အတိုင်း ပြောင်းသွားမည့်သယောင် အော်နေကြသည်။
ယဲ့ဖန်လည်း ရယ်ကာ ခေါင်းအသာခါလိုက်သည်။
ထိုအချိန်မှာပဲ အန်စာခေါက်တဲ့သူက အန်စာတုံးခွက်ကို ဖွင့်လိုက်သည်။
၁၊ ၅၊ ၃ ဂဏန်းအသေး
ထိုရလဒ်ကိုမြင်တော့ အားလုံးက ယဲ့ဖန်ကို ကြည့်ကြပြန်သည်။
ဒီကလေးက မှန်ပြန်ပြီ။
ဒါက ဘယ်လိုကံမျိုးလဲ။
ဒါက ကောင်းကင်ကိုတောင် အံတုနိုင်တော့မယ် မဟုတ်ဘူးလား။
ကျောင်းရှောင်ကျောင်း လုံးဝ အံ့သြသွားရသည်။
တစ်ခါနှစ်ခါ မှန်ရင် အဓိပ္ပာယ်ရှိသေးသည်။
ဒါပေမယ့် အချိန်တိုင်းမှန်အောင် ခန့်မှန်းနိုင်တာကတော့ ယုံချင်စရာတောင် မကောင်းပေ။
ယဲ့ဖန် ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။
အန်စာတုံးခွက်ကို ခေါက်သံဖြင့် အန်စာတုံး၏ နံပါတ်ကို အကဲဖြတ်နိုင်သည်။
အဲ့တာက တကယ်ကို အနည်းငယ် မှော်ဆန်လေသည်။
ဒီလိုပုံမှန်မဟုတ်တဲ့ အကြားအာရုံမျိုးဖြင့် လောင်းကစားဂိမ်းတွေကို ကစားရတာက တကယ်ပဲ လှည့်စားတာနှင့်တူလေသည်။
အန်စာခေါက်သူ၏ အမူအရာမှာ အနည်းငယ် အံ့သြသွားပုံ ပေါ်လာသည်။
သူလည်း မတတ်နိုင်ဘဲ ယဲ့ဖန်ကို သေချာလှမ်းကြည့်မိသည်။
ဒီတစ်ခါ အန်စာတုံးခွက်ကို ခေါက်တဲ့အချိန်က သိသိသာသာကို ကြာလေသည်။
ယဲ့ဖန်က မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး နားရွက်တွေကအနည်းငယ် လှုပ်ယမ်းသွားသည်။
အန်စာတုံးခေါက်တဲ့ခွက် ရပ်သွားတဲ့အခါ သူ့ပါးစပ်ထောင့်က အပြုံးဖျော့ဖျော့ ပေါ်လာသည်။
ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေလေသည်။
" ဘာလို့လဲ။ ဒီတစ်ခါလည်း နောက်ထပ် ၁ထောင် ၂ထောင်ဖိုးပဲ လောင်းမှာလား "
သူမ စိတ်ထဲ ဆုံးဖြတ်လိုက်သည်။ ဒီတစ်ကြိမ် ယဲ့ဖန်က ဘယ်ဘက်ကိုပဲလောင်းလောင်း သူမလည်း လိုက်လောင်းမည်ဖြစ်သည်။
တခြားလူတိုင်းတွေကလည်း သူမလို အတွေးတွေ ရှိနေကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ယောက်ရဲ့ကံက ကောင်းကင်ကိုတောင် အံတုနိုင်သည်ဟု ပြောရမည်။
အဲ့တာကြောင့် အားလုံးက သူနဲ့အတူတူ သူတို့ကံကို စမ်းချင်ကြသည်။
ယဲ့ဖန်မျက်နှာပေါ်ရှိ အပြုံးက ပိုတောက်ပလာသည်။
" ရပြီ "
သူက စကားပြောနေရင်းနဲ့ သူ့ရှေ့က တိုကင်ပြားတွေအားလုံးကို '၄ မှတ်' ဆိုသည့် နေရာထဲသို့ အကုန် လောင်းကြေးပုံလိုက်သည်။
ဒီတစ်ခါမှာတော့ ယဲ့ဖန်က နံပါတ်တစ်ခုတည်းကို လောင်းလေသည်။
အန်စာတုံးသုံးတုံးမှာ တစ်တုံးက လောင်းကြေးပုံလိုက်သည့်ဂဏန်းနှင့် တူညီနေပါက အမြတ်ရရှိမည်ဖြစ်သည်။
တစ်ခုတူလျှင် တစ်ဆ နှစ်ခုတူလျှင် နှစ်ဆ သုံးခုလုံး တူနေလျှင် သုံးဆ ရမည်ဖြစ်သည်။
နံပါတ်တစ်ခုတည်းတွင် လောင်းကြေးထပ်ခြင်းက ဂဏန်းအသေး၊အကြီး လောင်းခြင်းထက် ဖြစ်နိုင်ချေ ပိုနည်းပါးလေသည်။
အစက ယဲ့ဖန်လို လိုက်လောင်းကြေးထည့်ချင်သူများက ဗျူဟာ ရုတ်တရက်ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ကလည်း သတိကြီးကြီးနဲ့ ပြတ်ဆုတ်ကြတော့သည်။
ဒီကလေးက သူ့ကံကောင်းတာကို အားကိုးလွန်းနေတယ်။
ယဲ့ဖန်နှင့်အတူ လိုက်ကစားဖို့ပြင်ထားတဲ့ ကျူးရှောင်ကျောင်းက သူမရဲ့ တိုကင်ပြားတွေကို အမြန်ဖယ်လိုက်ပြီး ယဲ့ဖန်ကို သံသယနဲ့ ကြည့်နေလိုက်သည်။
ဒီတစ်ယောက် ဟန်ပြလား။
ထိုအကြောင်းကို သူမ တွေးလေလေ၊ သံသယဖြစ်လာလေလေဖြစ်သည်။
တစ်ဖက်သူရဲ့ 'ကံ' က မူမမှန်လွန်းသည့်အပြင် အခုအချိန်အထိ ရှုံးပွဲမရှိသလောက်ဖြစ်သည်။
ဒါကို ကံတရားနဲ့ ရှင်းပြလို့ မရနိုင်တော့ပေ။
ကာစီနိုက ဇာတ်ကွက်ဆင်ဖို့ ပို့ထားတာဖြစ်နိုင်လေသည်။
လူတွေကို လှည့်စားပြီး အလောင်းအစားလုပ်ရန် ဖြစ်နိုင်သည်။
အဲ့တာကိုတွေးမိတဲ့အခါ သူမ မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။
ကံကောင်းထောက်မစွာနဲ့ သူမက ဉာဏ်ကောင်းတာကြောင့် ဒီလှည့်ကွက်ကို သတိထားမိလိုက်သည်။ မဟုတ်ရင် သူမက သူ့ရဲ့လှည့်စားကွက်ထဲမှာ ကျဆုံးသွားနိုင်လေသည်။
သူမက ချက်ချင်း သူမ၏ တိုကင်ပြားများကို 'ဂဏန်းသေး' ဘက်ကို ပုံထားလိုက်သည်။
တခြားသူတွေကလည်း ယဲ့ဖန်နဲ့အတူ လိုက်မလောင်းကြတော့ဘဲ သူတို့ လောင်းချင်တာကို လောင်းဖို့ ရွေးချယ်ခဲ့ကြသည်။
အန်စာခေါက်တဲ့သူက လူတိုင်းကို ဆုံးဖြတ်ချက်ချတာကို စောင့်ပေးနေလိုက်ပြီး အန်စာတုံးခွက်ကို ချက်ချင်းဖွင့်လိုက်သည်။
၄
၄
၄
အန်စာတုံးသုံးလုံးက နံပါတ်တူတူထွက်လာသည်။
ထိုရလဒ်ကို မြင်သောအခါ လူတိုင်းက သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။
အန်စာတုံး ၃ တုံးလုံးက ၄ ကျလာသည်။
တစ်နည်းအားဖြင့် ယဲ့ဖန်က သူ့ရဲ့ ယွမ် ၂သိန်းဖိုး တိုကင်ပြားတွေကို အားလုံးလောင်းခဲ့သည်။
တစ်ခဏအတွင်းမှာပဲ သုံးဆတိုးလာလေသည်။
သူက ကံကို အားကိုးနေတယ်လို့ ထင်နေသေးရင် သူတို့ကပဲ အရူးဖြစ်သွားလိမ့်မည်။
တစ်ကြိမ်၊ နှစ်ကြိမ်အနိုင်ရခြင်းက ကံကောင်းခြင်းဟု ဆိုနိုင်သည်။
သို့သော် ဆက်တိုက်အနိုင်ရနေခြင်းက သန်မာအားကောင်းသည်ဟု ဆိုလိုတာဖြစ်သည်။
ထို့အပြင် သူ့အင်အားကလည်း ပုံမှန်မဟုတ်ပေ။
သူ့ကို လောင်းကစားနတ်ဘုရားသခင်တွေက ဝင်ပူးထားတာဖြစ်နိုင်လေသည်။
ယဲ့ဖန်နှင့်အတူ လောင်းကြေးလိုက်မထည့်တဲ့ သူတွေ အားလုံးရှုံးသွားကြသည်။
ကျူးရှောင်ကျောင်းလည်း နောင်တရစွာဖြင့် ခြေထောက်ကို ဆောင့်နင်းလိုက်သည်။
ယဲ့ဖန်က ကာစီနိုမှ လွှတ်ထားသော ဇာတ်ခင်းတဲ့သူဟု သူမ သံသယရှိခဲ့သောကြောင့် ယဲ့ဖန်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် 'ဂဏန်းသေး'ဘက်တွင် လောင်းကြေးထပ်ခဲ့သည်။
အဆုံးမှာတော့ အန်စာ ၃ တုံးက ၄ ကျခဲ့ပြီး စုစုပေါင်း ၁၂ မှတ်အထိ ဖြစ်လာခဲ့သည်။
အဲ့တာက ဂဏန်းကြီးဖြစ်လေသည်။
သူမ လောင်းကြေးထည့်ထားသော တိုကင်ပြားများအားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။
ဒီပြိုင်ပွဲတွင် ဆုံးရှုံးမှုက ၁သိန်းကျော်ရှိလေသည်။
အဲ့တာက သူမကို ငိုချင်လာစေသည်။
သူမ တကယ်ပဲ ကပ်ဆိုးဆိုက်နေတာလား။
တစ်ညလုံး ရှုံးနေရသည်။
လောင်းကစားသမား နတ်ဘုရား ပေါ်လာဖို့ဆိုတာ မလွယ်ပေမယ့် ပေါ်လာတော့လည်း သူမက အဲ့လိုလူကို ဆန့်ကျင်နေခဲ့သည်။ သူမမှ မရှုံးရင် ဘယ်သူရှုံးမှာလဲ။
ကျူးရှောင်ကျောင်းက ယွမ် ၅သိန်းဖိုး တိုကင်ပြားများကို ဝယ်ယူရန် သူမ၏လက်ပါးစေကို ချက်ချင်း ခိုင်းခဲ့သည်။
သူမ စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ ယဲ့ဖန်က ဘယ်ကိုပဲ လောင်းကြေးထပ်သည်ဖြစ်စေ သူမ သူနှင့် လိုက်လောင်းမည်ဖြစ်သည်။
တစ်ချီတောင် မနိုင်တာက မဖြစ်ဘူးလို့ သူမ ထင်သည်။
ယဲ့ဖန်ရှေ့ကို ၆သိန်းဖိုး တန်ဖိုးရှိတဲ့ တိုကင်ပြားတွေရောက်လာသည်။
သူ့နောက်တွင်ရှိသော ရှန်းပိုင်ထျန်းသည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
သူမက ယဲ့ဖန်ကို ပွေ့ဖက်ပြီး ခုန်ပေါက်လိုက်သည်။
" ယဲ့ဖန် နင်က တကယ်ကို အံ့သြစရာကောင်းတာပဲ။ နင် လောင်းကစား အရမ်းတော်တယ်ဆိုတာ ငါဘာလို့ မသိခဲ့တာလဲ "
ယဲ့ဖန်က ပြုံးရုံသာ ပြုံးလိုက်သည်။
" ဒါက သာမန်ပါပဲ "
ရှန်းပိုင်ထျန်း မျက်လုံးပြူးသွားသည်။
ဒီတစ်ယောက်က ထပ်ပြီး သရုပ်ဆောင်နေပြန်ပြီ။
သို့ပေမဲ့လည်း ယဲ့ဖန် အဲ့လိုဟန်ဆောင်ပြီး အနိုင်ရနေတာကို ကျေနပ်လေသည်။
အထူးသဖြင့် လောင်းကြေးထုတ်ပေးတဲ့ဝန်ထမ်းရဲ့ အမူအရာက အလွန်ရုပ်ဆိုးသွားသည်ကို သူမ မြင်လိုက်ရတဲ့အခါ သူမ ပို၍ပင် စိတ်ကျေနပ်သွားမိသည်။
အဲ့တာက သူမ၏ အချစ်ဆုံးသူငယ်ချင်းကိုယ်စား ဒေါသကို ဖြေဖျောက်ခြင်းဟု ယူဆနိုင်သည်။
တစ်ချိန်တည်းမှာပဲ စောင့်ကြည့်ခန်းထဲရှိ ကာစီနိုမန်နေဂျာ၏အမူအရာမှာ အလွန်ရုပ်ဆိုးနေပြီဖြစ်သည်။
" ဒီကလေးရဲ့နောက်ခံကဘာလဲ။ တခြားကာစီနိုလောင်းကစားရုံတွေက သူတို့ကို ဒုက္ခဖြစ်စေဖို့ ဒီကိုပို့လိုက်တာများလား "
" မန်နေဂျာ၊ ကျွန်တော်တို့ ဒီလိုဆက်ရှုံးနေရင်တော့ သူဌေးကို ရှင်းမပြနိုင်မှာ စိုးရိမ်ရတယ် "
ယဲ့ဖန် ခန်းမထဲကို ဝင်လာစဉ်မှာ သူက ယွမ် ၂၀၀၀ဖိုးသာ တိုကင်ပြားတွေကို လဲလှယ်ခဲ့ပေမဲ့ တစ်နာရီအတွင်း ယွမ် ၆သိန်းကျော် ရရှိသွားခဲ့သည်။
အချိန်မီ မတားဆီးနိုင်လျှင် အကျိုးဆက်က မှန်းဆလို့ရမည် မဟုတ်တော့ပေ။
ကာစီနိုမန်နေဂျာ၏ မျက်လုံးတွေမှာလည်း တောက်လောင်နေသည်။
" လူကြီးမင်းချီကို ထွက်ခိုင်းပြီး သူနဲ့ ပေးတွေ့လိုက် "
စောင့်ကြည့်ခန်းထဲက လူတွေက ထိုစကားကြားတော့ သူတို့ရဲ့ အမူအရာတွေ ပြောင်းသွားကြသည်။
လူကြီးမင်းချီကို အပြင်ထွက်ခွင့်ပေးလိုက်တာက ဒီကလေးအတွက် သိပ်ကိုမရက်စက်လွန်းဘူးလား။
အပိုင်း ( ၄၇၁ )
ကြက်ကိုသတ်ဖို့ တူကိုသုံးရမယ်
" မန်နေဂျာ၊ ကျွန်တော်ပဲ သူ့ကို ထွက်တွေ့လိုက်ရမလား။ လူကြီးမင်းချီက ကျွန်တော်တို့ ကာစီနိုရဲ့ ရတနာပါ။ အလျင်စလို ဆောင်ရွက်လို့ မဖြစ်ပါဘူး "
" ဟုတ်တယ် မန်နေဂျာ။ လူကြီးမင်းချီကို လွှတ်လိုက်တာက ဟိုဘက်ကို ချီးမြှောက်ရာတောင် မကျဘူးလား "
" ဒီကလေးက ကံကောင်းရုံတင်ပဲလို့ ထင်တယ်။ ဖြေရှင်းဖို့ ဘယ်သူ့ကိုမဆို စေလွှတ်နိုင်ပါတယ်။ ဘာလို့ လူကြီးမင်းချီကို အနှောင့်အယှက်ပေးနေရမှာလဲ "
" ကြက်ကိုသတ်အတွက် ဘာလို့ တူကိုသုံးနေမှာလဲ။ လူကြီးမင်းချီက ဒီကလေးအတွက်နဲ့ အချိန်ဖြုန်းဖို့ မသင့်တော်ပါဘူး "
ကာစီနိုမန်နေဂျာက ပြောနေတာကိုဖြတ်ပြီး လက်ကာတားလိုက်သည်။
" ကြက်ကိုသတ်ဖို့အတွက် တူကို အသုံးပြုရမယ်။ အဲ့တာမှ သေပြီဆိုတာကို အာမခံနိုင်ပြီး ဘာမှအမှားအယွင်းမရှိမှာ။ တိုတိုပြောရရင် ဒီကလေးကို ဆက်ပြီး အနိုင်ယူခွင့် မပေးနိုင်တော့ဘူး "
သူ့ရဲ့ ခိုင်မာတဲ့သဘောထားကို မြင်တော့ လူအုပ်ကြီးက သူ့ကို ဆက်မငြင်းဆန်ကြတော့ပေ။
" လူကြီးမင်းချီ ထွက်လာတာနဲ့ အဲ့ကလေးရဲ့ ကံကြမ္မာက အဆုံးသတ်ပြီပဲ "
" လူကြီးမင်းချီက ကျွန်တော်တို့ ကာစီနိုမှာ နှစ်တွေအကြာကြီးချီပြီး တာဝန်ယူလာခဲ့ပြီးတော့ တစ်ခါမှလည်း မရှုံးဖူးဘူး "
" လူကြီးမင်းချီရဲ့ နည်းစနစ်တွေက တကယ်ကို ချီးကျူးရမယ် "
" ဟုတ်တယ်၊ လူကြီးမင်းချီက လောင်းကစားသမားတွေရဲ့ တကယ့်နတ်ဘုရားပဲ "
..............................
ယဲ့ဖန်နှင့် အခြားသူများက နောက်တစ်ပွဲစတင်ရန် စောင့်ဆိုင်းနေချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်ရောက်လာပြီး အန်စာခေါက်သူ၏ နားထဲသို့ စကားအနည်းငယ် တီးတိုးပြောလိုက်သည်။
အန်စာခေါက်သူ၏အမူအရာမှာ ရုတ်တရက် ထိတ်လန့်သွားသော်လည်း ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်သွားခဲ့သည်။
သူက လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်နှင့် ကျန်တဲ့သူများကို တောင်းပန်စကားဆိုလိုက်သည်။
" ကျွန်တော် စိတ်မကောင်းပါဘူး။ နည်းနည်း ပင်ပန်းနေလို့ နောက်ပွဲကို ဆက်ကစားဖို့ ကူညီပေးမယ့် အန်စာခေါက်ပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ပေးပါ့မယ် "
ထိုစကားကို ပြောပြီးနောက် အနောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ထိုအချိန်တွင် အသက်ခုနစ်ဆယ်ကျော် အဘိုးကြီးတစ်ယောက်က လမ်းလျှောက်လာသည်။
ထိုအဘိုးအိုက မီးခိုးရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ရှေးပညာရှိတစ်ဦးနှင့်တူလေသည်။
အသက်ခုနစ်ဆယ်ကျော် ရှိနေပြီဖြစ်သော်လည်း သူ၏ခြေလှမ်းများက သန်မာဖြတ်လတ်တဲ့ လူလတ်ပိုင်းအရွယ်လို ပေါ့ပါးနေသည်။
အထူးသဖြင့် တောက်ပသော မျက်လုံးတစ်စုံက လူတွေရဲ့ စိတ်နှလုံးသားကို ဖောက်မြင်နိုင်သလို စူးရှလှသည်။
ကာစီနိုရှိလူများက ဒီအဘိုးအိုကို အလွန်လေးစားကြောင်း ယဲ့ဖန် သေချာ သတိပြုမိလိုက်သည်။
ထိုအခြေအနေမှ ဒီအဘိုးအိုရဲ့ အသွင်အပြင်နှင့် အဆင့်အတန်းက ထူးကဲလှသည်ဆိုတာကို တွေ့မြင်နိုင်သည်။
ယဲ့ဖန်စိတ်ထဲမှ မတတ်နိုင်ဘဲ ရယ်မိသည်။
အဘိုးအိုက လမ်းလျှောက်လာကာ လူတိုင်းကို လက်သီးစုပ် အရိုအသေပေးသည်။
" ငါက ချီရွှမ်းရှီပါ။ လူတိုင်းအတွက်နောက်ထပ်လောင်းကြေးတွေကို လက်ခံသွားပေးပါမယ် "
လောင်းကစားဝိုင်းမှလူများသည် အဘိုးအိုမှ သူ့ကိုယ်သူမိတ်ဆက်သံကို ကြားသောအခါ သူတို့၏အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့အားလုံးက အဘိုးအိုကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ယဲ့ဖန်က သိချင်သွားတာကြောင့် ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။
" ဒီလူကြီးက အရမ်းနာမည်ကြီးလို့လား "
ကျူးရှောင်ကျောင်း ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
" နာမည်ကြီးရုံတင်မဟုတ်ဘူး။ အရမ်းကိုနာမည်ကြီးတာ။ အရင်တုန်းက လူကြီးမင်းချီက လောင်းကစားလောကမှာ အရမ်းနာမည်ကြီးတဲ့ နတ်ဘုရားအဆင့်ရှိတဲ့သူပဲ "
သူ့ဘေးနားရှိ လူအနည်းငယ်ဆီက အော်ဟစ်ပြောဆိုသံများ ထွက်လာသည်။
" အကြီးအကဲချီကို 'တောင်ပိုင်းကွမ်တုန်း လောင်းကစားနတ်ဘုရား' အဖြစ် လူသိများပြီးတော့ သူ့ရဲ့ စွမ်းရည်တွေကလည်း အရမ်းကို ပြောင်မြောက် ထူးချွန်တယ် "
" အကြီးအကဲချီက Aomen ကာစီနိုကိုသွားပြီး သန်းရာပေါင်းများစွာ ဆွတ်ခူးခဲ့ဖူးတယ်လို့လည်း ကြားတယ်။ သူက အရမ်းကို မိုက်တာပဲ "
" ကံမကောင်းချင်တော့ သူ အမိုက်စားအကွက်တွေနဲ့ နိုင်တာကို မကျေနပ်တဲ့ တစ်ဖက်ရန်သူက ဒေါသဖြစ်ပြီး သူ့ဇနီးနဲ့သမီးကို ထိခိုက်အောင်လုပ်ခဲ့တယ် "
" အကြီးအကဲချီက ဒီကာစီနိုကို တာဝန်ယူနေတယ်လို့ ကြားထားပေမယ့် သူက ထွက်လာခဲတယ်။ ဒီနေ့အတွက်တော့ တကယ်ကို ဂုဏ်ယူရတာပဲ "
" ဟုတ်တယ်၊ ငါ အကုန်လုံးဆုံးရှုံးသွားရင်တောင်မှ အကြီးအကဲချီကို ငါ့မျက်လုံးနဲ့ မြင်ခွင့်ရတာကိုက တန်ဖိုးရှိနေတုန်းပဲ "
" အကြီးအကဲချီရဲ့ စွမ်းရည်ကို မျက်မြင်မြင်ရတာနဲ့တင် တစ်သက်လုံး ကြွားလုံးထုတ်ဖို့ လုံလောက်နေပြီ "
ချီရွှမ်းရှီကို လူတိုင်းက ချီးကျူးနေသည်အား ယဲ့ဖန် ကြားတဲ့အခါ မထိန်းနိုင်ဘဲ သူ့ကို အကဲခတ်ကြည့်လိုက်မိသည်။
တိုက်ဆိုင်စွာနဲ့ ချီရွှမ်းရှီကလည်း ထိုအချိန်မှာ သူ့ကို အကဲခတ်နေသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
သို့သော် သူ့ဘေးတွင်ထိုင်နေသော ကျူးရှောင်ကျောင်းက သေနတ်ယမ်းနံ့ကို အနံ့ခံနိုင်ခဲ့သည်။
အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာကြား တိုက်ခိုက်တော့မည့်ပုံရသည်။
ထိုအချိန်တွင် ချီရွှမ်းရှီက အန်စာတုံးခွက်ကို ကိုင်လိုက်ပြီး စတင်လှုပ်ယမ်းလိုက်သည်။
သို့ပေမဲ့ သူ၏နည်းပညာက အရင်အန်စာခေါက်သူနှင့် သိသိသာသာကို ကွဲပြားလေသည်။
ယဲ့ဖန်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားလေသည်။
အရင်က တစ်ခုမကျန် သေချာမှန်အောင် ကြားနိုင်တဲ့အာရုံက တကယ်ကို အဟန့်အတားဖြစ်သွားရပြီး ခွက်အတွင်းမှ နံပါတ်များကို အကဲဖြတ်ရန် ခက်ခဲလာစေသည်။
အကြီးအကဲချီက တကယ်ကို စွမ်းဆောင်ရည်ရှိတာပဲ။
ဘန်း!
ချီရွှမ်းရှီသည် အန်စာတုံးခွက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
" လူတိုင်းပဲ၊ မင်းတို့ရဲ့ လောင်းကြေးကို တင်ကြပါ "
သူက လူတိုင်းကို ပြောနေပေမယ့် ယဲ့ဖန်ဆီမှာသာ သူ့အကြည့်တွေ ရှိနေသည်။
ယဲ့ဖန်က ချီရွှမ်းရှီကိုကြည့်ပြီး အန်စာတုံးခွက်ကို ပြန်ကြည့်လိုက်သည်။
အဆုံးတွင် ယဲ့ဖန်က တစ်သိန်းဖိုး တိုကင်ပြားတွေပိုထုတ်ကာ 'ဂဏန်းသေး'ဘက်ကို လောင်းထည့်လိုက်သည်။
ကျူးရှောင်ကျောင်းက အဲ့တာကိုမြင်သောအခါ သူမတိုကင်ပြားများအားလုံးကို လောင်းဖို့ပြင်သည်။
သူမက ယဲ့ဖန်လောင်းသမျှ လိုက်လောင်းဖို့ စိတ်ဆုံးဖြတ်ထားလေသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က သူမအား ညင်သာစွာ ခေါင်းယမ်းပြလိုက်သည်။
ကျူးရှောင်ကျောင်း မတတ်နိုင်ဘဲ သံသယဖြစ်မိသည်။
သူက ဘာကို ဆိုလိုတာလဲ။
ဒါကို သူ ယုံကြည်ချက်မရှိဘူးလား။
ဒါမှမဟုတ် သူမကို သူနဲ့အတူ ငွေမနိုင်စေချင်တာလား။
ဒီဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။
ကျူးရှောင်ကျောင်းသည် မထည့်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားကာ တစ်ဝက်ပဲ ထည့်လိုက်တော့သည်။
ကစားပွဲရှိ အခြားသူများသည်လည်း ယဲ့ဖန်နောက်သို့ လိုက်ကြပြီး လောင်းကြေးများချကြသည်။
တကယ်တော့ သူတို့က အစမှာ ယဲ့ဖန်က ကံကောင်းတာကြောင့်သာ အနိုင်ရရှိသည်ဟု သူတို့ထင်ခဲ့ကြသည်။
သို့ပေမယ့် အရှေ့အချီမှာတုန်းက ယဲ့ဖန်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အထင်ကြီးစရာကောင်းလေသည်။
ထို့ကြောင့် အားလုံးက ချက်ချင်း သူ့နောက် လိုက်လောင်းကြသည်။
တချို့က ပိုင်ဆိုင်မှုအားလုံးကိုပင် လောင်းကြေးထပ်ကြသည်။
အားလုံးက လောင်းကြေးထပ်ပြီးတဲ့အခါမှ
ချီရွှမ်းရှီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" လူတိုင်းက ဒီညီလေးကို အရမ်းယုံကြပုံရတယ်။ ဒါဆို အဖြေကို ဖော်ထုတ်လိုက်ကြရအောင် "
ထိုသို့ပြောရင်း သူက ယဲ့ဖန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကာ အန်စာတုံးခွက်ကို ဖြည်းညှင်းဖွင့်လိုက်သည်။
၃၊ ၅၊ ၆
ဂဏန်းကြီး
ရှုံးတာလား
လူတိုင်းက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
ယဲ့ဖန်က ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု လူတိုင်းက တွေးထားကြသည်။
သူရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ယဲ့ဖန်လောင်းတဲ့ဘက်ကိကု လိုက်လောင်းကြတဲ့ လောင်းကစားသမားတွေက သူ့ကို ဝေဖန်ကြတော့သည်။
" ကံမကောင်းလိုက်တာ၊ ငါတို့ တကယ်ကြီး ရှုံးသွားခဲ့တာလား။ ဒီကလေးက အရင်ကကျ အစွမ်းထက်တယ်လေ။ ဒီတစ်ခါ ငါက သူနဲ့ လိုက်လောင်းတော့မှပဲ သူက တကယ်ကြီး ရှုံးသွားတာလား "
" သူ ဘယ်သူ့ကို ရင်ဆိုင်နေရလဲဆိုတာ ကြည့်ဦး။ သူ့ရှေ့မှာထိုင်နေတဲ့သူက အကြီးအကဲချီလေ။ အကြီးအကဲချီရှေ့မှာ ငွေနိုင်ဖို့အတွက် အဲ့ကောင်လေးက အတွေ့အကြုံနုလွန်းသေးတယ် "
" ငါ ဒေါသထွက်သေတော့မယ်။ ငါ့ရဲ့ပိုင်ဆိုင်မှုအကုန်လုံးကို လောင်းကြေးထပ်ထားတာ။ အခု တစ်ချီတည်းနဲ့ အရာအားလုံးဆုံးရှုံးသွားပြီ "
" ဒီကလေးက ကြီးကျယ်နေပေမဲ့ အသုံးမကျဘူး "
" ချီး၊ သူက ကာစီနိုစီစဉ်ထားတဲ့ ဟန်ပြလို့ ငါ ရုတ်တရက် သံသယဖြစ်မိတယ်။ ငါတို့ပိုက်ဆံတွေကို လှည့်စားဖို့ ကြံစည်နေကြတာပဲ "
" ခွေးသားလေး၊ ငါတို့ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်ပေး"
" ဟုတ်တယ်၊ ပိုက်ဆံပြန်ပေး။ မင်းက ငါတို့ ပိုက်ဆံရှုံးအောင်လုပ်ခဲ့တာဆိုတော့ မင်း ငါတို့ကို လျော်ကြေးပေးရမယ် "
" လျော်ကြေးပေး "
" လျော်ကြေးပေး ....... "
အပိုင်း ( ၄၇၂ )
ဒီတစ်ခါတော့ တကယ့်ပညာရှင်အစစ်နဲ့ တွေ့နေတာပဲ
လောင်းကြေးရှုံးသွားတဲ့သူတွေက သူတို့ရဲ့ဒေါသကို ချီရွှမ်းရှီအပေါ် မပုံချရကြတာကြောင့် ယဲ့ဖန်ကိုသာ မဲနေကြသည်။
သူတို့က ယဲ့ဖန်ကို လျော်ကြေးပေးရန် အော်ဟစ်ပြောဆိုနေကြသည်။
ယဲ့ဖန်သူတို့ကိုကြည့်ကာ ဟွန်းခနဲ နှာမှုတ်လိုက်သည်။
" ခင်ဗျားတို့ကို ကျွန်တော်နဲ့ လိုက်လောင်းခိုင်းလို့လား။ ကျွန်တော် အများကြီးနိုင်သွားတာနဲ့ လိုက်လောင်းကြတာပဲလား။ အခု ခင်ဗျားတို့ ရှုံးတော့ ကျွန်တော့်ကို အပြစ်တင်ရရောလား။ ကျွန်တော့်ကြောင့် အနိုင်ရရင် ခင်ဗျားတို့ပိုက်ဆံကို ပေးမှာလား "
ယဲ့ဖန်က ပြန်ခံပြောရဲတာကို ကြားတဲ့အခါ လူတိုင်းက ပို၍ပင် ဒေါသဖြစ်လာခဲ့ကြသည်။
" ခွေးသားလေး၊ မင်းကိုရော ဘယ်သူက ရှုံးခိုင်းလို့လဲ။ အရင်ကရော ဘာလို့ မရှုံးခဲ့တာလဲ။ မင်းက ငါတို့ လိုက်လောင်းမှ ဘာလို့ရှုံးတာလဲ "
" ဟုတ်တယ်။ ငါတို့ငွေတွေကို တမင်လိမ်လည်ဖို့ ကာစီနိုနှင့် ပေါင်းကြံစည်တာလို့ ထင်တယ်။ ငါတို့ ရှုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်ပေး "
" မင်း ဒီနေ့ ငါတို့ကို လျော်ကြေးမပေးဘူးဆိုရင် ဒီလောင်းကစားရုံကနေ ထွက်ဖို့တောင် မစဉ်းစားနဲ့ "
" ဟုတ်တယ်၊ မြန်မြန် လျော်ပေး "
လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။ တစ်ချို့က ထပြီးတောင် ယဲ့ဖန်ရဲ့ တိုကင်ပြားတွေကို လုယူချင်နေကြသည်။
ထိုအချိန်မှာ ကျူးရှောင်ကျောင်းက ရုတ်တရက် ဒေါသတကြီး ထရပ်လိုက်သည်။
" ရှင်တို့အားလုံး ဘာလာပြီး ငြင်းခုံချင်နေကြတာလဲ။ သူပြောတာမှန်တယ်။ လောင်းချင်တာက ရှင်တို့လေ။ သူက ရှင်တို့ကို တောင်းဆိုခဲ့လို့လား။ ဘာလို့ လျော်ကြေးပေးရမှာလဲ။ ယုတ်ညံ့တဲ့လူတွေ အားကြီးတဲ့သူကို ကြောက်တာနဲ့ အားနည်းတဲ့သူကို အနိုင်ကျင့်ချင်နေတာ။ သူက ကာစီနိုနဲ့ ပူးပေါင်းတယ်လို့ သံသယရှိလို့ ကာစီနိုဆီကနေ ပိုက်ဆံတောင်းလေ "
သူမသည် ယဲ့ဖန် ဒီပွဲကို ရှုံးနိမ့်မည်မှန်း သိထားပြီးသားဖြစ်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူမကို ယဲ့ဖန်က အရိပ်အမြွက်ပြောခဲ့လေသည်။
အကုန်ပြောင်မသွားစေရန် နောက်ဆုံးမိနစ်မှာ သူမ၏ လောင်းကြေးတစ်ဝက်ကို ပြန်ထုတ်ယူခဲ့သည်။
အော်ဟစ်ဆဲဆိုနေကြတဲ့ လူတစ်စုက သူမဆီက အပြောခံရပြီးတဲ့နောက် တုံ့ပြန်ချင်ကြသော်လည်း သူမနောက်မှ လူမိုက်နောက်လိုက်အုပ်စုကို တွေ့လိုက်သောအခါ နာနာခံခံဖြင့် ကိုယ့်နေရာမှာကိုယ် ပြန်ထိုင်သွားကြသည်။
သူတို့က အမှန်တကယ်ကိုပင် အားနည်းသူများကို အနိုင်ကျင့်ချင်ပြီး အားကြီးသူများကိုတော့ ကြောက်ရွံ့ကြသည်။
ယဲ့ဖန် တစ်ယောက်တည်းရှိနေတာကြောင့် သူတို့က အုပ်စုဖွဲ့ရန်ရှာဖို့ သတ္တိရှိခဲ့ကြတာဖြစ်သည်။
သူတို့က ကာစီနိုနဲ့တောင် ပြဿနာမရှာရဲတာ ကျူးရှောင်ကျောင်းလို လူဆိုးဂိုဏ်းဝင်တွေကို ပိုတောင် ကြောက်သေးသည်။
ထို့ကြောင့် အရှုံးပေးသွားကြသည်။
ချီရွှမ်းရှီက ယဲ့ဖန်ကို ကြည့်လိုက်ကာ သူ့မျက်လုံးထဲမှာ အထင်သေးမှုတွေ ပြည့်နှက်နေသည်။
မန်နေဂျာက သူ့ကို အကူအညီတောင်းတုန်းက ဒီလူငယ်လေးဟာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဘက် ပါသလိုအထိ ဇာချဲ့ပြောခဲ့သည်။
သို့သော်လည်း အခုလေးတင် စမ်းပြီးတဲ့အခါ တစ်ဖက်လူက သာမန်သာဖြစ်နေပုံရသည်။
သူက အန်စာတုံးခွက်ကို ချက်ချင်းကောက်ကိုင်ပြီး ထပ် ခါယမ်းလိုက်သည်။
ဘန်း
" လောင်းကြေးတင်ကြပါ "
ယဲ့ဖန်သည် အန်စာတုံးခွက်ကို ငုံ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်တက်သွားသည်။
ယဲ့ဖန်က သူ့ရှေ့မှာရှိတဲ့ ၅သိန်းဖိုး တိုကင်ပြားအားလုံးကို 'ဂဏန်းသေး'လောင်းကြေးပုံဘက် ထည့်လိုက်သည်။
ထိုရက်ရောတဲ့လောင်းကြေးကို မြင်လိုက်ရတဲ့အခါ အားလုံး ဟာခနဲဖြစ်သွားသည်။
ဒါကို ထပ်ကစားနေတာလား။
ဒီကောင်က တကယ်ကို ရူးနေတာပဲ။
သူက အကြီးအကဲချီ ရှေ့မှာ ထပ်ကစားရဲတဲ့ သတ္တိရှိတာလား။
သူ အားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။
ကျူးရှောင်ကျောင်းက တခဏမျှ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် ယဲ့ဖန်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့သည်။
သူမက ကျန်နေတဲ့ ယွမ် ၂သိန်း၅သောင်းဖိုး တိုကင်ပြားတွေကို ဂဏန်းသေးထဲ ထည့်လိုက်သည်။
ထိုမြင်ကွင်းကို အားလုံးက မြင်လိုက်ရတဲ့အခါ ပိုလို့တောင် အံ့သြသွားကြသည်။
" ဒီကောင်မလေးက ရူးများနေတာလား။ ဒီကောင်လေးနဲ့ လိုက်လောင်းတာတဲ့လား "
" ဟုတ်တယ်၊ ခုနကပဲ အလိမ်ခံထားရတာကို မမှတ်သေးဘူးလား။ ဝင်ပူးခံနေရပြီပဲ "
" ဒီကလေးမလေးက ဒီကောင်လေးကို စိတ်ဝင်စားနေတယ်ထင်တယ်။ မဟုတ်ရင် သူ့ကို ဘာလို့ ကာကွယ်ပေးနေမှာလဲ "
" မိန်းမတစ်ယောက်က ချစ်မိသွားတဲ့အခါ သူ့ IQ က ပိတ်သွားတယ်လို့ ငါကြားဖူးတယ်။ မှန်တယ်ထင်တယ် ဟားဟားဟား ......... "
လူအုပ်ကြီး ကျူးရှောင်ကျောင်း၏ လုပ်ရပ်ကို လှောင်ပြောင်ကြပြီး အားလုံးက 'ဂဏန်းကြီး'ဘက်က လောင်းကြေးထပ်ကြသည်။
အကြီးအကဲချီ ထွက်လာတာက ဒီကလေးကို အပြတ်ရှင်းဖို့ဆိုတာ သူတို့ခန့်မှန်းမိကြသည်။
ဒီမှာ အကြီးအကဲချီ ရှိနေသရွေ့ ဒီကောင်လေး အောင်ပွဲဖို့ဆိုတာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ယဲ့ဖန်နဲ့ ဆန့်ကျင်ဘက်နောက်ကို သူတို့ လိုက်နေသရွေ့ အောင်နိုင်မည်ဖြစ်သည်။
ချီရွှမ်းရှီက ယဲ့ဖန်ကို တဖန်ပြန်ငကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများက လှောင်ရိပ်သဖွယ် ကွေးတက်သွားသည်။
'သားလေး၊ ဒီတစ်ခါ မင်းနိုင်ထားသမျှ တိုကင်ပြားတွေ အကုန်ကုန်စေရမယ်'
အဲ့လိုတွေးပြီး အန်စာတုံးခွက်ကိုဖွင့်ဖို့ လှမ်းလိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်က တိုကင်ပြားတစ်ပြားကို ရုတ်တရက်ကောက်ကိုင်လိုက်ပြီး အမြန်ပစ်ချလိုက်သည်။
တိုကင်ပြားက ချီရွှမ်းရှီ၏ တံတောင်ဆစ်ကိုထိပြီး ခုန်ထွက်သွားသည်။
ထိုလုပ်ဆောင်ချက်က အလွန်ကို နူးညံ့ညင်သာပြီး အနီးနားက ဘယ်သူမှတောင် မတွေ့နိုင်ပေ။
ချီရွှမ်းရှီ လက်ထုံကျင်သွားသလို ခံစားရကာ အန်စာတုံးခွက်ကို ဖွင့်လိုက်သည်။
၁၊ ၂၊ ၅၊ စုစုပေါင်း ၈။
ဂဏန်း အသေး။
" ဟာ "
လူတိုင်း မှင်သက်သွားကြသည်။
ဒီကလေးက တကယ်ကြီး နိုင်သွားတာလား။
လောင်းကြေးတိုကင်ပြားများက ယွမ် ၅သိန်းဖိုး ဖြစ်သဖြင့် ယဲ့ဖန်က ယွမ် ၁ သန်း(၁၀သိန်း) တန်းရသွားခဲ့သည်။
ကျူးရှောင်ကျောင်းလည်း လောင်းကြေးနိုင်ခဲ့သည်။
သူတို့နှစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေအားလုံးက ဒီပွဲမှာ ရှုံးခဲ့ကြသည်။
ထိုလူများက အန်စာတုံးသုံးတုံးကို အကြာကြီး စိုက်ကြည့်နေပြီး အာရုံပြန်ကပ်မလာကြတော့ပေ။
ဒါက အဓိပ္ပါယ်မရှိဘူး။
အကြီးအကဲချီတောင် ထွက်လာတာကို ဒီကောင်လေးက ဘယ်လိုနိုင်မှာလဲ။
သူတို့တင်မကဘဲ ချီရွှမ်းရှီကပါ ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေသည်။
သူ အကြိမ်တစ်ရာကျော် သုံးခဲ့တဲ့ နည်းပညာက ဒီကလေးလက်ထဲမှာ တကယ်ကို ပျက်သွားရသည်။
တကယ်တော့ ပထမအချီစမ်းသပ်ပြီးတဲ့နောက် ယဲ့ဖန်က ပြိုင်ဘက်ရဲ့နည်းလမ်းကို ဖောက်ထွင်းမြင်ခဲ့ပြီးဖြစ်သည်။
တကယ်တော့ အဲ့တာက လုံးဝ မထူးဆန်းချေ။
ချီရွှမ်းရှီက အန်စာတုံးခွက်ကို ဖွင့်ချိန်တွင် ဘယ်သူမမှမမြင်အောင် အန်စာတုံးကို ခွက်အောက်ကနေ လက်ချောင်းတွေနဲ့ လှိမ့်လိုက်တာဖြစ်သည်။
သူ့လှိမ့်နှုန်းက အလွန်မြန်ဆန်ပြီး သေသပ်လွန်းတာကြောင့် အဆင့်မြင့်ကင်မရာနှင့်စောင့်ကြည့်မှ သူ့အတွက်ကို သေချာမြင်နိုင်မှာဖြစ်သည်။
ဒီနည်းပညာက မထူးဆန်းပေမယ့် ဒီလိုအဆင့်ထိရောက်ဖို့ဆိုရင် အပြင်းအထန်လေ့ကျင့်ဖို့ အချိန်အတော်ကြာဖို့ လိုခဲ့လိမ့်မည်။
ယဲ့ဖန်က နည်းပညာတစ်ထောင်ကို ကျွမ်းကျင်နေပြီဖြစ်သောကြောင့် အဲ့အကွက်ကို ထင်ရှားစွာ သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။
အကြီးအကဲချီက အန်စာတုံးခွက်ကိုဖွင့်လိုက်ချိန်တွင် ယဲ့ဖန်က တိုကင်ပြားတစ်ခု ပစ်လိုက်ပြီး ပြိုင်ဘက်ရဲ့ နည်းပညာကို ဖျက်ဆီးပစ်လိုက်သည်။
ထို့ကြောင့် အောင်မြင်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် စောင့်ကြည့်ခန်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
" အဲ့ဒါဘာလဲ။ အကြီးအကဲချီက တကယ်ကြီး ရှုံးသွားတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" အကြီးအကဲချီက လောင်းကစားလောကမှာ နှစ်အတော်ကြာကျင်လည်ခဲ့ပြီးတော့ ဘယ်တုန်းကမှ မရှုံးဖူးဘူး "
" ဒီကလေးက ဘယ်လိုနတ်ဆိုးပညာကို သုံးနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်လား။ သူက အကြီးအကဲချီကို ဘယ်လိုအနိုင်ယူသွားတာလဲ "
" မြန်မြန်လုပ် စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ပြန်ကြည့်လိုက်။ အနီးကပ်ကြည့်လို့ရအောင် သေချာ အနှေးပြကွက်နဲ့ဖွင့် "
လူအုပ်ကြီးက စောင့်ကြည့်ကင်မရာဗီဒီယိုကို အဆငါးဆယ် အရှိန်လျှော့ကာကြည့်ပြီးတဲ့ နောက်ဆုံးတွင် အကြောင်းရင်းကို ရှာတွေ့သွားခဲ့သည်။
ချီရွှမ်းရှီက အန်စာတုံးခွက်ကိုဖွင့်ပြီး သူ့ပညာထုတ်သုံးချိန်မှာ ယဲ့ဖန်က တိုကင်တစ်ပြားကို လှမ်းပစ်ပြီး အကြီးအကဲချီ၏အကွက်ကို ဖျက်ဆီးလိုက်သည်။
အားလုံးက ချက်ချင်း မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
သူတို့စိတ်ထဲမှာ အတွေးတစ်ခုသာရှိနေသည်။
ဒီတစ်ခါတော့ သူတို့ တကယ့် ပညာရှင်တစ်ယောက်နဲ့ တွေ့နေရပြီပဲ။