အပိုင်း ၄၇၇-၄၈၀
Vol. 24 Ch. 477-480
အပိုင်း ( ၄၇၇ )
လောင်းကစားဘုရင်ဘွဲ့ပြိုင်ပွဲဖိတ်ခေါ်မှု
" ခင်ဗျား ကျွန်တော့်နံပါတ်ကို ဘယ်လိုရတာလဲ "
ယဲ့ဖန်က ဟားကျီယုန်း၏ အသံကိုကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
" ယဲ့လူကြီးမင်းက စီးပွားရေးလောကမှာ နာမည်ကြီးဆိုတော့ လူကြီးမင်းရဲ့ ဖုန်းနံပါတ်ကို ရှာဖွေရတာက မခက်ခဲပါဘူး။ လူကြီးမင်းရဲ့ သရုပ်အမှန်ကို အရင်ကမသိခဲ့တဲ့ ကျွန်တော့်ရဲ့ မလေးစားမှုအတွက် တောင်းပန်ပါတယ် "
ယဲ့ဖန်က အေးစက်စက် ပြုံးလိုက်သည်။
" ခင်ဗျား ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ။ ယွမ် သန်း ၂၀ကို ပြန်လိုချင်တယ်လို့ မပြောနဲ့။ အဲ့တာ မဖြစ်နိုင်ဘူးလို့ပဲ ပြောနိုင်မယ် "
ဟားကျီယုန်းက အမြန်ငြင်းလိုက်သည်။
" အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ Ark ကာစီနိုက အမြဲတမ်း မှန်ကန်တဲ့ပုံရိပ်နဲ့ဘဲ လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး "
ယဲ့ဖန် လှောင်ပြောလိုက်ချင်ပေမဲ့ သည်းခံလိုက်သည်။
" ခင်ဗျား ပိုက်ဆံလိုချင်တာ မဟုတ်ရင် ကျွန်တော့်ကို ဘာလို့ရှာနေတာလဲ "
ဟားကျီယုန်းက သူ့ရည်ရွယ်ချက်တွေကို အမြန်ရှင်းပြသည်။
" ဒီလိုပါ။ ကျွန်တော်တို့ရဲ့ Ark ကာစီနိုက ပင်းဟိုင်မြို့မှာ လောင်းကစားဘုရင်ဂုဏ်ပုဒ်အတွက် ပြိုင်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ပင်းဟိုင်မြို့က ပညာရှင်တွေအားလုံးကို ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်က လူကြီးမင်းအကြောင်းကို ချက်ချင်း တွေးမိသွားတော့ စိတ်ဝင်စားလားလို့ မေးချင်တာပါ "
ယဲ့ဖန်က ဆိုဖာပေါ် ကို မှီလိုက်သည်။
" လောင်းကစားဘုရင်ပြိုင်ပွဲလား။ ကျွန်တော် စိတ်မဝင်စားဘူး။ ဖုန်းချလိုက်တော့မယ် "
" နေ ...... နေပါဦး "
ဟားကျီယုန်းက ဆက်ပြောသည်။
" ဒီပြိုင်ပွဲအတွက် ဆုကြေးငွေက သန်း ၁၀၀ ပါ။ လူကြီးမင်း တကယ်ပဲ မစဉ်းစားတော့ဘူးလား "
ယဲ့ဖန်က ရယ်လိုက်သည်။
" ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိပြီးပြီဆိုမှတော့ သန်း ၁၀၀၊ ၂၀၀ လောက်ကို ဂရုစိုက်မယ်လို့ ထင်နေတာလား "
သူ့ဘေးမှာထိုင်နေတဲ့ ဟားကျီယုန်းက ချွေးအေးတွေ ထွက်လာတော့သည်။
" ယွမ်ငွေ သန်း၁၀၀ဆုငွေကို ယဲ့လူကြီးမင်း ဂရုမစိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေအားလုံးကို မတွေ့ဆုံချင်ဘူးလား။ ဒီလိုမျိုး ကျွမ်းကျင်သူတွေ အပြန်အလှန် ထိုးနှက်ဖို့ အခွင့်အလမ်းက အလွန်ရှားပါတယ်။ လူပြီးမင်းသာ အနိုင်ရမယ်ဆိုရင် လောင်းကစားဘုရင်ဘွဲ့ကိုလည်း ရရှိဦးမှာပါ။ လူကြီးမင်းအတွက် အကျိုးကျေးဇူးတွေပဲရှိမှာပါ။ အားနည်းချက်တွေမရှိပါဘူး "
" ကျွန်တော် ပင်းဟိုင်မြို့ရဲ့ လောင်းကစားလောကထဲမှာ အလုပ်လုပ်ဖို့ မစီစဉ်ထားဘူး။ ဒီဂုဏ်ပုဒ်ကို ဘာလုပ်ဖို့သုံးရမှာလဲ "
ဟားကျီယုန်းက သူ၏မြှောက်ပင့်ခြင်း အသုံးမဝင်ကြောင်း မြင်သောအခါ သူ့ဗျူဟာကို ချက်ချင်းပြောင်းလိုက်သည်။
" ယဲ့ဖန်၊ မင်းက ကြောက်နေတာထင်တယ် "
" မင်းက နျုံစစ်သွမ်းကို အနိုင်ယူထားတော့ အရမ်းတော်တယ်လို့ လူတွေကပြောကြတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ မင်းက သူရဲဘောကြောင်တဲ့သူပဲ "
" မင်းက ယောက်ျားမှ ဟုတ်သေးရဲ့လား "
ယဲ့ဖန်က ဒေါသမထွက်ချေ။
သူ့မျက်နှာတွင် လှောင်ရိပ်ရှိနေသည်။
" သွေးဆော်နေတာက အသုံးမဝင်ဘူး။ စပ်စုရုံပါ၊ ခင်ဗျားက ကျွန်တော့်ကို ဒီပြိုင်ပွဲမှာ တကယ်ပါဝင်စေချင်တာလား "
" မင်းကရော သတ္တိရှိလား "
" ခင်ဗျား ကျွန်တော့်ကို ပါဝင်စေချင်တယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် ယွမ်ငွေ သန်း၁၀၀က ကျွန်တော့်အတွက် သိပ်ဆွဲဆောင်မှု မရှိဘူး။ ဆုကြေးတိုးပေးဖို့ သတ္တိရှိလား "
" ဘယ်လိုမျိုး ထည့်စေချင်တာလဲ "
" ဘာ ....... မဖြစ်နိုင်ဘူး။ ဒီဇိမ်ခံသင်္ဘောက ယွမ် ၁ ဘီလီယံကျော် တန်ကြေးရှိတယ်။ ပြီးတော့ ဒါမျိုးကို တစ်ယောက်တည်းနဲ့ ဆုံးဖြတ်ချက်မချနိုင်ဘူး "
" ဒါဆို ကျွန်တော့်အတွက် ဆုံးဖြတ်နိုင်တဲ့သူကို ရှာလိုက်။ ဖုန်းချလိုက်တော့မယ် "
" ခဏစောင့်ပါဦး ....... ဇိမ်ခံအပျော်စီးသင်္ဘောကို ဆုအဖြစ် ရရင် မင်း ပြိုင်ပွဲမှာ ပါဝင်မှာ သေချာလား "
" သေချာတယ် "
" ငါ မင်းကို ကြိုပြောစရာတော့ရှိတယ်။ ဒီပြိုင်ပွဲအတွက် ဝင်ကြေးက အနည်းဆုံး သန်း၂၀ ပေးရမယ်။ ပထမနေရာကို ရရင်တော့ ငွေပြန်ပေးမယ်။ မရနိုင်ရင်တော့ ငွေတွေကို ကာစီနိုက အလိုအလျောက် ပိုင်ဆိုင်သွားမှာ "
" ပြဿနာမရှိပါဘူး "
" ကောင်းပြီ ဒါဆို ပြေလည်ပြီ။ မနက်ဖြန် မနက် ၁၀ နာရီ အပျော်စီးသင်္ဘောပေါ်မှာ မင်းကိုစောင့်နေပါမယ် "
" မနက်ဖြန်တွေ့မယ် "
ယဲ့ဖန် ဖုန်းကို ချလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
ဟားကျီယုန်းက သူတောင်းဆိုတဲ့ အခြေအနေတွေကို ကျေကျေနပ်နပ်ကြီး သဘောတူခဲ့သည်။ ပြီးတော့ ဒီပြိုင်ပွဲကို သူ့ဘက်က အရမ်းယုံကြည်မှုရှိပုံရသည်။
အဲ့တာဆိုလည်း အမြန်အသေသတ်ပြီး အရာအားလုံးကို တစ်ချက်တည်း ဆုံးရှုံးသွားအောင် လုပ်လိုက်မည်ဖြစ်သည်။
ယဲ့ဖန် တွေးနေတုန်းမှာပဲ ရှန်းပိုင်ထျန်းက သူမရဲ့ ခရီးဆောင်အိတ်ကို အခန်းထဲက ဆွဲထုတ်လာတာကို ရုတ်တရက် တွေ့လိုက်ရသည်။
" မင်း ဘယ်သွားမလို့လဲ "
သူ အမြန်ထပြီး လမ်းလျှောက်သွားလိုက်သည်။
" ငါ ကျုံးဟိုင်ကို ပြန်တော့မယ် "
ရှန်းပိုင်ထျန်း နှုတ်ခမ်းစူလိုက်သည်။
" စိတ်ဆိုးနေသေးတာလား။ ကိုယ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး "
ယဲ့ဖန်က သူမကို တောင်းပန်လိုက်သည်။
" နင် ..... နင် ဒီကိစ္စကို ထပ်မပြောနဲ့။ မဟုတ်ရင် ငါ ..... "
ရှန်းပိုင်ထျန်းက ကျားပေါက်မလေးပမာနှင့် ခြိမ်းခြောက်သည်။
ယဲ့ဖန်က အမြန် ခေါင်းငြိမ့်လိုက်သည်။
" ကိုယ် ဘယ်တော့မှ ထပ်မပြောတော့ဘူး "
" ဒါဆို ဒီတစ်ခါတော့ နင့်ကို ခွင့်လွှတ်လိုက်မယ်။ ငါ့ကို ဒီလိုထပ်ပြီးမဆက်ဆံနဲ့ "
ယဲ့ဖန်က ကောင်းကင်ကို ကတိသစ္စာပြုလိုက်သည်။
" ကိုယ် ကတိပေးတယ်။ နောက်တစ်ခါ ထပ်မဖြစ်တော့ဘူး။ မဟုတ်ရင် မိုးကြိုးပစ်ပါစေ "
တိုက်ဆိုင်စွာနဲ့ အပြင်ဘက်ကောင်းကင်မှာ အစက ကြည်လင်နေခဲ့သော်လည်း ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
ဂျိမ်းခနဲ ကျယ်လောင်တဲ့အသံကို ကြားရပြီးနောက် ယဲ့ဖန် သူ့ဘောင်းဘီထဲ ထွက်ကျလုနီးပါးဖြစ်သွားခဲ့သည်။
ကောင်းကင်ကြီးက သူ့ကို မျက်နှာသာမပေးဘူး မဟုတ်လား။
ရှန်းပိုင်ထျန်းက မရယ်ဘဲ မနေနိုင်တော့ပေ။
" တွေ့လား။ နင့်လုပ်ရပ်က ကောင်းကင်ကသူတွေကိုတောင် အမျက်ထွက်နေပြီ "
ယဲ့ဖန်က သူ့နှုတ်ခမ်းတွေကို ဖိကြိတ်လိုက်သည်။
" မင်း ကျုံးဟိုင်ကို အရင်ပြန်သွားတာ ကောင်းတယ်။ မင်းဒီမှာ ဆက်နေရင် မင်းအန္တရာယ်ဖြစ်နိုင်တယ် "
ရှန်းပိုင်ထျန်းက ရုတ်တရက် စိတ်ပူလာသည်။
" နင် အန္တရာယ်ရှိနေတာလား။ နင် ငါနဲ့အတူတူ ကျုံးဟိုင်ကို ဘာလို့ လိုက်မပြန်တာလဲ "
ယဲ့ဖန် ပြုံးလိုက်သည်။
" မင်းသာ ကိုယ့်ကို ထိန်းထားနိုင်တယ်ဆိုရင် ကိုယ် ဘာအန္တရာယ်မှရှိမှာ မဟုတ်ဘူး "
" နင် ...... ငါ နင့်ကို စကားမပြောတော့ဘူး။ ညစ်ပတ်တဲ့ကောင်၊ ဟွန့် "
ရှန်းပိုင်ထျန်းက ပြောပြီးတာနဲ့ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။
ယဲ့ဖန်က သူမ ကားထွက်သွားသည်အထိ စောင့်ကြည့်ရင်း ဗီလာထဲကို ပြန်ဝင်သွားတော့မည့်အချိန်တွင် အိမ်နားတစ်ဝိုက်ရှိ လူအနည်းငယ်က သူ့ကို တိတ်တဆိတ်ကြည့်နေကြမှန်း ရုတ်တရက် သတိပြုမိလိုက်သည်။
ဟားကျီယုန်းက သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားတယ်ဆိုတာ တွေးကြည့်စရာ မလိုဘဲတောင် သိနိုင်လေသည်။
သူထွက်ပြေးမှာကို ကြောက်နေတာလား။
ယဲ့ဖန်က ရယ်မောလိုက်သည်။
ယဲ့ဖန်က သူတို့ထဲမှ အနည်းငယ်ကို ချက်ချင်းအော်ပြောလိုက်သည်။
" မင်းတို့ အပြင်မှာ နေရခက်တယ်မလား။ အထဲဝင်လာပြီး လက်ဖက်ရည်သောက်ချင်ကြသေးလား "
လူအနည်းငယ်က အလွန်ထိတ်လန့်သွားကာ နေရာအနှံ့ ပြန့်ကျဲပုန်းသွားကြသည်။
ယဲ့ဖန်နှုတ်ခမ်းများ တွန့်ကွေးတက်သွားကာ ဗီလာထဲသို့ ပြန်ဝင်သွားသည်။
တစ်ချိန်တည်းမှာပဲ သူက ကျူးရှောင်ကျောင်းကို ဖုန်းဆက်ပြီး ပြိုင်ပွဲအကြောင်း ပြောပြလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ကျူးရှောင်ကျောင်းက စိတ်လှုပ်ရှားစွာ သဘောတူပြီး နောက်နေ့မနက်တွင် သူ့ကို လာခေါ်မည်ဟု ကတိပြုခဲ့သည်။
တစ်ချိန်တည်းမှာ ဟားကျီယုန်းသည် ကာစီနို၏ အဓိကရှယ်ယာရှင်များဆီမှ မေးခွန်းထုတ်ခံနေရသည်။
" ဟားကျီယုန်း မင်း ဘာလုပ်နေတာလဲ။ မင်းက ငါတို့ကို ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး ခံရရုံမကလို့ ချီးလိုပြိုင်ပွဲကို ကျင်းပချင်နေသေးလား။ မင်း ဘာလုပ်ချင်နေတာလဲ "
" ဆုကြေးငွေ သန်း ၁၀၀ လို့ ပြောရဲသေးတာလား။ မင်း ငါတို့နဲ့ အရင်ရောဆွေးနွေးဖူးလား။ မင်းက ဒီကာစီနိုမှာ နောက်ဆုံးပြောပိုင်ခွင့်ရှိတယ်လို့ မင်းထင်နေတာလား "
" မင်းကို ငါတို့က လုပ်ပိုင်ခွင့် အရမ်းပေးမိသွားတာနဲ့ မင်းကိုယ်မင်း မာနကြီးပြီး ကိုယ့်နေရာကိုယ် မသိတော့ဘူးလား "
" မင်းက ငါတို့မွေးမြူထားတဲ့ ခွေးတစ်ကောင်ပဲဆိုတာ မမေ့နဲ့။ အခု မင်း ငါတို့ ခေါင်းပေါ်တက်ပြီး လုပ်ချင်တာ လုပ်နေတာလား "
သူတို့ရဲ့ ထပ်ခါတလဲလဲ ဆူပူခြင်းတွေကို ရင်ဆိုင်လျက် ဟားကျီယုန်း၏ နဖူးမှာ ချွေးများရွှဲလာတော့သည်။
" သူဌေးတို့ စိတ်အေးအေးထားပြီး ကျွန်တော့်အစီအစဉ်ကို အရင်နားထောင်ပါ ....... "
အပိုင်း ( ၄၇၈ )
ဟားကျီယုန်း၏ဆန္ဒ
Ark ကာစီနို၏ အစည်းဝေးခန်းမထဲတွင် အဓိက အစုရှယ်ယာရှင်များက ဟားကျီယုန်းကို လေးနက်စွာ စိုက်ကြည့်နေကြသည်။
" ပြောပါဦး။ ဒီနေ့ ကျေနပ်နိုင်လောက်တဲ့ ရှင်းပြချက်ကို မပေးနိုင်ရင် မင်းရဲ့ မန်နေဂျာရာထူးကို ဆုံးပြီမှတ်လိုက် "
ကာစီနို၏ အကြီးမားဆုံး ရှယ်ယာရှင်က သူ့ကို ရှင်းပြခိုင်းရန် လက်ကို မြှောက်လိုက်သည်။
ဟားကျီယုန်း နဖူးမှချွေးများကို သုတ်လိုက်သည်။
" ဒီတစ်ခါက ကိစ္စက ဖြစ်သွားတာ ရုတ်တရက်ဆန်လွန်းပါတယ်။ ယဲ့ဖန်က ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားဘူး။ ဒီကလေးရဲ့ စွမ်းရည်တွေက အံ့မခန်းပါ။ ကျွန်တော်တို့ဘက်က အကြီးအကဲချီကို လွှတ်လိုက်ပေမယ့် ကျွန်တော်တို့ သူ့ကို မတားလိုက်နိုင်ဘူး။ အဲ့တာကြောင့် ကာစီနိုမှာ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာပါ ........... "
အဲ့စကားကို အစုရှယ်ယာရှင်တွေက ကြားတဲ့အခါ ဖြတ်မပြောဘဲ မနေနိုင်ကြပေ။
" ဒါတွေအားလုံးက အကြောင်းပြချက်တွေပဲ။ ဒါတွေကို ငါတို့မကြားချင်ဘူး။ မင်းရဲ့အဖြေကိုပဲ ငါတို့သိချင်တယ် "
" လောင်းကစားရုံ မန်နေဂျာတစ်ယောက်အနေနဲ့ ဒီအခြေအနေတွေကို ကြိုတွေးထားသင့်ပါတယ်။ မင်း မှန်ကန်တဲ့ တုံ့ပြန်မှု မလုပ်ခဲ့လို့ မင်း အပြစ်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
" အဲ့ဒီ ချီရွှမ်းရွှီကို အစားထိုးသင့်တာကြာနေပြီ။ သူ့ရဲ့ နည်းပညာတွေက အိုဟောင်းနေပြီဖြစ်ပြီးတော့ ခေတ်နှင့်အညီ လိုက်မမီတော့ဘူး။ ငါတို့က သူ့ကို ထောက်ပံ့ဖို့ နှစ်တိုင်း ငွေအများကြီး သုံးနေရတာ။ ငါတို့က လူမိုက်တွေလို့ သူတကယ်ထင်နေတာလား "
" မန်နေဂျာဟား၊ သွားပြီးတော့ ချက်ချင်း စီစဉ်လိုက်။ သူ့ကို ကာစီနိုမှာ ထပ်မတွေ့ချင်တော့ဘူး "
ဟားကျီယုန်းမြန်မြန် ခေါင်းငြိမ့်လိုက်သည်။
" ကျွန်တော် သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး အလုပ်ထုတ်ပစ်လိုက်ပါမယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ လုပ်ရမှာက ကာစီနိုရဲ့ ဆုံးရှုံးမှုတွေကို ပြန်လည်ရယူဖို့ပါပဲ "
" မင်းမှာ ဘယ်လိုနည်းလမ်းရှိလဲ။ မြန်မြန်ပြော "
သူဌေးကြီးတွေက သည်းမခံနိုင်တော့ပေ။
အဲ့ကိုမြင်တော့ ဟားကျီယုန်းက သူ့အစီအစဉ်ကို အမြန်ထုတ်ဖော်ပြလိုက်သည်။
" ဒီပြိုင်ပွဲအတွက် ဝင်ကြေးက အနည်းဆုံး ယွမ် သန်း ၂၀ ပါ။ အားလုံး ပြိုင်ပွဲဝင်ကြသရွေ့ သူတို့ဘက်က ဝင်ကြေး ယွမ် သန်း ၂၀ ကို ယူဆောင်လာရမှာ သေချာပါတယ် "
ထိုအချိန်တွင် ရှယ်ယာရှင်တစ်ဦးက ထောက်ပြသည်။
" ဒီလောက် ထင်ရှားနေတဲ့ ထောင်ချောက်ကို ယဲ့ဖန်က ဘာလို့ အဲ့ဒီထဲ ခုန်ဆင်းရမှာလဲ "
ဟားကျီယုန်းက ပြန်ပြောဖို့ စောင့်နေလိုက်သည်။
" ကျွန်တော် ယဲ့ဖန်ကို အခုပဲ ခေါ်လိုက်ပါတယ်။ သူက ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ သဘောတူလိုက်ပါပြီ "
အစုရှယ်ယာရှင်များ အချင်းချင်း ကြည့်လိုက်ကြသည်။
သို့သော် တစ်စုံတစ်ယောက်သည် အဓိကအချက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး မေးသည်။
" ယဲ့ဖန်က မြေခွေးတစ်ကောင်လေ။ သူက တခြားတောင်းဆိုမှုတွေ လုပ်ခဲ့တယ်မဟုတ်လား "
ဟားကျီယုန်း ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆုကြေးငွေ ယွမ် သန်း ၁၀၀ က နည်းလွန်းတယ်လို့ သူကထင်ပြီးတော့ ဒီဇိမ်ခံသင်္ဘောကို ဆုကြေးအနေနဲ့ သုံးစေချင်နေပါတယ် "
အဲ့စကားကို ရှယ်ယာရှင်တွေက ကြားတော့ ချက်ချင်း ပေါက်ကွဲသွားကြသည်။
" ဘာ။ ဇိမ်ခံသင်္ဘောကို ဆုကြေးအဖြစ် သုံးရမှာတဲ့လား။ ဒါက လုံးဝ မဖြစ်နိုင်ဘူး "
" မင်းရဲ့ ဦးနှောက်ထဲမှာ ဘာတွေပြည့်တာလဲ။ ဒီလို ပြင်းထန်တဲ့ တောင်းဆိုချက်ကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ "
" ဟားကျီယုန်း၊ မင်း ငါတို့ Ark ကာစီနိုကို သိမ်းဖို့ ယဲ့ဖန်နဲ့ ပူးပေါင်းပြီး လုပ်နေတယ်လို့ ငါသံသယရှိတယ် "
အဓိကရှယ်ယာရှင်များ၏ တုံ့ပြန်မှုကို ဟားကျီယုန်း မျှော်လင့်ထားပြီးသားဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအပျော်စီးသင်္ဘောက လောင်းကစားရုံ၏ အသက်သွေးကြောဖြစ်သည်။ ဆုံးရှုံးသွားသည်နှင့် ကာစီနိုလောင်းကစားလည်း ရှိတော့မည်မဟုတ်ပေ။
သူက ချက်ချင်း သူတို့ကို ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။
" သူဌေး၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ သူအနိုင်ရမှာမဟုတ်ဘူးလို့ အာမခံနိုင်ပါတယ် "
ရှယ်ယာရှင်အနည်းစုက တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ့ကို သံသယနဲ့ ကြည့်နေကြသည်။
" မင်းမှာ ဘာအာမခံချက်ရှိလဲ "
ဟားကျီယုန်းက သူကြိုတင်ပြင်ဆင်ထားတဲ့ အချက်အလက်တွေကို အစုရှယ်ယာရှင်တွေဆီ ချက်ချင်း ပေးလိုက်သည်။
" ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပညာရှင်အားလုံးကို ဖိတ်ကြားထားပါတယ်။ သူတို့အားလုံးက လောင်းကစားလောကမှာ ကျွမ်းကျင်သူတွေပါ။ အထူးသဖြင့် ဖန်ရှင်းကျားက အော်လန်ဒိုက ထိပ်တန်းကာစီနိုရဲ့ ပညာရှင်ဆရာကြီးဖြစ်ပြီးတော့ သူ့အင်အားက ကမ္ဘာ့ထိပ်တန်းဆယ်ယောက်ဝင်ပါတယ် "
" လူကြီးမင်းဖန်ရှင်းကျားကသာ တာဝန်ယူထားသရွေ့ ကျွန်တော်တို့ရဲ့ လောင်းကစားဘုရင်ဘွဲ့က ပါမသွားနိုင်ပါဘူး။ ထိပ်တန်းပြိုင်ပွဲဝင်တွေကလည်း ကျွန်တော်တို့ရဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်သွားနိုင်ပါတယ် "
ရှယ်ယာရှင်ကြီးတွေက သူ့စကားကြားတော့ လေးလေးနက်နက် တွေးလိုက်ကြသည်။
တကယ်ပင် ဟားကျီယုန်းပြောသလို ယဲ့ဖန်က စီးပွားရေးလောကမှာ ကျော်ကြားသူဖြစ်နိုင်ပြီး သူက ရှေးဟောင်းပစ္စည်းများနှင့် ကိုယ်ခံပညာတို့တွင်လည်း ကျွမ်းကျင်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
သို့သော် သူ့လောင်းကစားစွမ်းရည်အကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ချေ။
တွက်ဆပြီးပြောရလျှင် လူတစ်ဦးမှာလည်း လုပ်နိုင်သည့်စွမ်းအင်က အကန့်အသတ်ရှိလေသည်။
ယဲ့ဖန်က ဉာဏ်ကြီးရှင်ဖြစ်လျှင်တောင်မှ သူ့အတွက် နယ်ပယ်နှစ်ခု သို့မဟုတ် သုံးခုတွင်သာ ထိပ်တန်းဝင်နိုင်သည်။
သူ့အရွယ်လေးနဲ့ နယ်ပယ်တိုင်းရဲ့ ထိပ်ဆုံးမှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
ထိုနည်းဖြင့် စဉ်းစားကြည့်ရာ ဟားကျီယုန်း၏ အစီအစဉ်က အောင်မြင်နိုင်ဖွယ်ရှိသည်။
၁၀၀ရာခိုင်နှုန်းထိပါ အောင်မြင်နိုင်သည်။
Aomen ကာစီနိုကို တာဝန်ယူပေးမယ့် ဖန်ရှင်းကျားက သူ့ကို ချက်ချင်းသတ်ပစ်ဖို့ လုံလောက်လေသည်။
ဟားကျီယုန်းသည် ရှယ်ယာရှင်ကြီးများ တုံ့ဆိုင်းနေသေးသည်ကို မြင်သောကြောင့် သူထပ်ပြောလိုက်သည်။
" သူဌေးတို့၊ သူ သန်း ၂၀ ဆုံးရှုံးမယ်လို့ ကျွန်တော်ပြောတုန်းက ဒါက အပေါ်ယံနံပါတ်တစ်ခုပဲ ရှိပါသေးတယ်။ လူတစ်ယောက်က လောင်းကစား စားပွဲပေါ် ရောက်တာနဲ့ ထိန်းချုပ်နိုင်မှုတွေ ဆုံးရှုံးကြရစမြဲပါ။ အရာအားလုံးကို ဆုံးရှုံးခဲ့ရသူတွေလည်း အများကြီးရှိပါတယ် "
သူက စကားပြောနေရင်း ယုတ်မာတဲ့ အပြုံးတစ်ခု ပေါ်လာသည်။
" ဒီယဲ့ဖန်ရဲ့ ပိုင်ဆိုင်မှုတွေက အနည်းဆုံး ဘီလီယံဆယ်ဂဏန်းလောက် ရှိတယ်ဆိုတာ ကျွန်တော်ကြားထားပါတယ်။ သူ့ပိုင်ဆိုင်မှုတစ်ဝက်လောက် ဆုံးရှုံးခဲ့ရင်တောင် သူဌေးတို့က သူ့အရှုံးကို ကောက်စားနိုင်တော့ ဘယ်လိုထင်ကြပါသလဲ "
သူ၏စကားတွေက ရှယ်ယာရှင်များ၏ ပျော့ချက်နေရာကို ထိမှန်သွားမည်မှာ သေချာသည်။
အမြတ်နှစ်ဆက လူတွေကို စွန့်စားဖို့ လုံလောက်စေသည်။
အမြတ်သုံးဆက လူတွေကို ရူးသွပ်စေတယ်။
အခု သူတို့ရှေ့မှာ အမြတ်က ငါးဆမကချေ။
သူတို့သာ ယဲ့ဖန်ကို ရူးအောင်လုပ်ပြီး သူ့ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်အောင် တွန်းအားပေးနိုင်ခဲ့ရင် သူတို့အတွက် ဘီလီယံဆယ်နဲ့ချီတဲ့ အမြတ်တွေ ပြန်ရလာပေလိမ့်မည်။
အပျော်စီးသင်္ဘောက ဘာအရေးလဲ။
ထိုအတွေးကြောင့် သူတို့မျက်နှာတွေမှာ စိတ်မရှည်တဲ့အမူအရာ ပေါ်လာတော့သည်။
" ငါတို့က အပျော်စီးသင်္ဘောကို ငါးစာအဖြစ် အသုံးချခွင့်ပေးနိုင်ပေမယ့် အဆုံးမှာ ငါတို့ ပိုက်ဆံပြန်မယ်လို့ ကတိပေးရမယ်။ အနည်းဆုံးတော့ ငါတို့ ပိုက်ဆံမဆုံးရှုံးနိုင်ဘူး။ ငါတို့ငွေဆုံးရင် ငါတို့ဆုံးရှုံးမှုအတွက် မင်း ငါတို့ကို လျော်ကြေးပြန်ပေးရမယ် "
သူဌေးကြီးတွေက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ကြသည်။
ဟားကျီယုန်း ထိုစကားကြောင့် သူ ကျိန်ဆဲလုနီးပါးဖြစ်သွားရသည်။
ဒီလူယုတ်မာတွေက တကယ်ကို ဉာဏ်ကောင်းလွန်းလေသည်။
သူတို့က ငွေအများကြီးရှာချင်ပေမယ့် စွန့်စားတာမျိုးတော့ မလုပ်ချင်ကြဘူး။
သို့သော် သေချာတွေးကြည့်လျှင် သူတို့ဘက်မှာ ဖန်ရှင်းကျားကဲ့သို့သော ထိပ်တန်းပညာရှင်တစ်ဦးရှိသဖြင့် ဘာမှမမှားနိုင်ကြောင်း သူသေချာနေခဲ့သည်။
ယဲ့ဖန်က ဒီတစ်ကြိမ်မှာ ကျိန်းသေပေါက် ရှုံးလိမ့်မယ်။
ဒါဆိုရင် ဘာကိုကြောက်နေရမှာလဲ။
သူက ချက်ချင်းဆိုသလို ရှယ်ယာရှင်တွေကို ကြည့်လိုက်သည်။
" ကောင်းပြီ၊ အဲ့လို သဘောတူကြတာပေါ့ "
အပိုင်း ( ၄၇၉ )
ဒီလိုပုံစံနဲ့ ပေါ်လာတာက အရမ်းမိုက်တယ်
နောက်တစ်နေ့မနက်တွင် ကျူးရှောင်ကျောင်း ၏ ဖုန်းခေါ်ဆိုမှုကြောင့် ယဲ့ဖန် နိုးလာခဲ့သည်။
" မြန်မြန်ထလော့။ ဂိမ်းကစတော့မယ် "
ကျူးရှောင်ကျောင်း၏ ရိုင်းစိုင်းသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ယဲ့ဖန် ကြည့်လိုက်တော့ အချိန်က ၇ နာရီပဲ ရှိသေးသည်။
" ပြိုင်ပွဲက ဆယ်နာရီမှ စမှာ။ နည်းနည်းပိုအိပ်လိုက်ဦး "
" နင်က ပျင်းရိနေတဲ့ ပက်ကျိကောင်ပဲ။ ငါ နင်ရဲ့အိမ်အပြင်မှာရောက်နေပြီ။ မြန်မြန်ထွက်လာခဲ့တော့ "
ကျူးရှောင်ကျောင်း က ယဲ့ဖန်အိပ်ချင်နေသေးကြောင်း ကြားသောအခါ သူမ ချက်ချင်း သဘောမတူပေ။
ယဲ့ဖန် အိပ်ချင်မူးတူး မျက်လုံးများဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ကန့်လန့်ကာကိုဖွင့်ပြီး အပြင်ကိုကြည့်လိုက်သည်။
ကျူးရှောင်ကျောင်း က အနီရောင် Lamborghini ကို မှီပြီး လက်ဝှေ့ယမ်းနေသည်ကို သူတွေ့လိုက်ရသည်။
ဒီနေ့ သူမက ရှပ်အင်္ကျီအဖြူ ဝတ်ထားသည်။ ရှပ်အင်္ကျီအောက်အနားစကို သူမ၏ခါးတွင် ချည်ထားကာ သူမ၏ သွယ်လျဖြောင့်စင်းနေတဲ့သော ခါးလေးကို ပေါ်လွင်နေစေသည်။
သူမက ဂျင်းဘောင်းဘီတို၊ အဖြူရောင်ဖိနပ်တစ်ရံနှင့် နေကာမျက်မှန်တို့ကို ဝတ်ဆင်ထားလေသည်။
ယဲ့ဖန် ချက်ချင်း ငြိမ်သွားသည်။
" ကိုယ် ချက်ချင်းထွက်လာမယ် "
ဖုန်းချပြီးတဲ့နောက် ကမ်းခြေဘောင်းဘီတို၊ အနက်ရောင်အင်္ကျီတစ်ထည်နှင့် ညှပ်ဖိနပ်တစ်ရံ ချက်ချင်းလဲဝတ်လိုက်သည်။
ထို့နောက် ဗီလာထဲမှ ထွက်လာခဲ့သည်။
ကျူးရှောင်ကျောင်း က သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ရယ်ခဲ့သည်။
" မဖြစ်နိုင်တာ။ နင် ပြိုင်ပွဲကို ဒီဝတ်စုံနဲ့ သွားမလို့လား "
" ပြဿနာရှိလို့လား "
ကျူးရှောင်ကျောင်း က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
" ဒါက ကြီးမားတဲ့ ပြိုင်ဆိုင်မှုပဲ။ နင် ကောင်းကောင်းမွန်မွန်ဝတ်လို့ မရဘူးလား "
ယဲ့ဖန်က သူမပုခုံးပေါ်ကို သူ့လက် တင်လိုက်ပြီး မသိမသာ ပြုံးလိုက်သည်။
" ပြိုင်ပွဲဆိုတာ ကြံ့ခိုင်မှုပဲလိုတယ်။ ၀တ်စားဆင်ယင်မှုတွေနဲ့ မသက်ဆိုင်ဘူး။ အရေးအကြီးဆုံးအချက်က သက်တောင့်သက်သာ ၀တ်စားထားဖို့ပဲ "
ကျူးရှောင်ကျောင်းက သူ့လက်ကို တွန်းဖယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
" ငါ နင့်ကို ပြောမနိုင်ဘူး။ လုပ်ချင်တာလုပ်တော့။ ငါ့ကားအသစ်ကို နင်ဘယ်လိုထင်လဲ။ မနေ့ကပဲ ဝယ်လိုက်တာ။ ယွမ် ၅ သန်းကျော် တန်တယ် "
ယဲ့ဖန် ချက်ချင်း မျက်လုံးပြူးသွားသည်။
" ဘယ်လောက် ငွေဖွာတဲ့ အဘွားကြီးလဲ။ မင်း အဲ့ဒီလိုငွေတွေသုံးတာလား "
ကျူးရှောင်ကျောင်းက အော်လိုက်သည်။
" နင်ကရော ဘယ်လို ရှေးအဘိုးကြီးလဲ။ ပိုက်ဆံတွေက မသုံးဘဲ ဘာလို့သိမ်းထားရမှာလဲ။ အုတ်ဂူထဲထည့်ဖို့လား။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဒီလောက် ခေတ်နောက်ကျနေရတာလဲ "
ယဲ့ဖန် သူ့အသက်ရှုကြပ်လုမတတ်ဖြစ်သွားရသည်။
ဒီမိန်းမနဲ့ စကားအများကြီး ပြိုင်မပြောနိုင်ဘူးဆိုတာ သူသိလေသည်။ မဟုတ်ပါက သူ့ဦးနှောက်သွေးကြောပေါက်သွားနိုင်သည်။
ယဲ့ဖန်က သော့တောင်းပြီး ယာဉ်မောင်းထိုင်ခုံမှာ ဝင်ထိုင်လေသည်။
ကျူးရှောင်ကျောင်းက မကျေမနပ် ငြီးတွားလိုက်သော်လည်း သူမက ရှေ့ခရီးသည်ထိုင်ခုံတွင် နာနာခံခံဖြင့် ထိုင်နေလိုက်သည်။
" ရှေးအဘိုးကြီး ၊ နင် ပြိုင်ကား ဘယ်လိုမောင်းရမလဲဆိုတာရော သိရဲ့လား "
" သေချာထိုင် "
ယဲ့ဖန်နှုတ်ခမ်းများ တွန့်ကွေးတက်သွားကာ လီဗာပေါ်သို့ နင်းလိုက်လေသည်။
ဘရွန်း ......
ပြိုင်ကားက မြှားတစ်စင်းလို ပစ်ထွက်သွားသည်။
" အား ... နင် ရူးနေတာလား။ ဖြည်းဖြည်းမောင်း .... "
ကျူးရှောင်ကျောင်း အလွန်ထိတ်လန့်သွားသဖြင့် သူမ၏မျက်နှာက ဖျော့တော့သွားသည်။
ယဲ့ဖန်က အရှိန်မလျှော့ဘဲ သူက လှည့်ပြီးမေးလေသည်။
" မင်းနောက်က လိုက်နေတဲ့ကောင်တွေကို မဖယ်ပစ်ချင်ဘူးလား "
သူထွက်လာတဲ့အခါ အမှောင်ထဲမှာ ပုန်းနေတဲ့ အုပ်စုနှစ်စုကို တွေ့လိုက်ရသည်။
သူ့ကို စောင့်ကြည့်ဖို့ ဟားကျီယုန်းက အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး အခြားအဖွဲ့တစ်ဖွဲ့က ကျူးရှောင်ကျောင်းကို လျှို့ဝှက်ကာကွယ်နေပုံရသည်။
သူ့လက်ကို ကျူးရှောင်ကျောင်း၏ ပခုံးပေါ်တင်ကာ စမ်းသပ်လိုက်သည်။
မျှော်လင့်ထားသလိုပဲ အဲ့ဒီလူတွေအားလုံးက ခါးထောက်သွားကြသည်။
သူတို့ရဲ့ အနေအထိုင်အရ သူ ဒီထက်ပိုပြီးတစ်ခုခုလုပ်ရင် အသတ်ခံရမှာ သေချာသည်။
ထိုအရာက ကျူးရှောင်ကျောင်း၏ သရုပ်မှန်ကို သိချင်စိတ်ဖြစ်စေသည်။
ဒီမိန်းကလေးရဲ့ နောက်ခံက သေးသေးလေးတော့ မဟုတ်လောက်ဘူး။
ကျူးရှောင်ကျောင်းက ယဲ့ဖန်ရှင်းပြချက်ကို ကြားသောအခါ သူမ၏လှပသောမျက်နှာတွင် ယုတ်မာသောအမူအရာတစ်ခု ချက်ချင်း ပေါ်လာသည်။
" သူတို့ကို ဖယ်ထုတ်ပေးလို့ရမလား။ ဒါပေမဲ့ သူတို့ရဲ့ ကားမောင်းစွမ်းရည်က အရမ်းကောင်းတာ။ သူတို့ကို ဖယ်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မလှုပ်ရှားနိုင်ခဲ့ဘူး။ သူတို့က ခွေးသန်းနဲ့တူတယ်။ တွယ်ကပ်နေတာ "
ယဲ့ဖန်၏ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားသည်။ သူ့လက်တွေ ခြေတွေ ဆန့်လိုက်ပြီး တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်သည်။
ပြိုင်ကားက ငါးတစ်ကောင်လို ဖြတ်ခနဲ ကူးသန်းသွားတော့သည်။
" အား ........ "
ကျူးရှောင်ကျောင်း အော်လိုက်သည်။
သူမ၏ ရင်ဘတ်က ခုန်ထွက်လာတော့မလို ဖြစ်နေသည်။
သူမကားက ဘေးနားက ကားတွေတိုင်းကို ကျော်ဖြတ်သွားကာ သတိမထားမိရင် အရှိန်ပြင်းပြင်းနဲ့ တိုက်မိနိုင်သည်။
ယဲ့ဖန်ကို ပြန်ကြည့်လိုက်တဲ့အခါ သူ့အမူအရာက လုံးဝပြောင်းလဲမသွားဘဲ အရင်အတိုင်း ငြိမ်နေခဲ့သည်။
ကျူးရှောင်ကျောင်း အံ့ဩသွားသည်။
ဒီကောင်မှာ နှလုံးသားရှိသေးရဲ့လား။ အကြောက်တရားကို သူ မသိဘူးလား။
သူမ အနည်းငယ် စိတ်ငြိမ်သက်သွားသောအခါမှ သူတို့ ဦးတည်ရာလမ်းကြောင်းပြောင်းနေမှန်း သူမ သိလိုက်ရသည်။
" ဒါက Ark ကာစီနိုကို သွားတဲ့လမ်း မဟုတ်ပါဘူး။ နင် ဘယ်သွားမလို့လဲ "
" ကိုယ်တို့ရောက်ရင် မင်းသိမှာပါ "
...................................
ထိုအချိန်တွင် Ark ကာစီနိုအပျော်စီးသင်္ဘော၏ ကုန်းပတ်လမ်းမှာ ဆူညံသံများဖြင့် စည်ကားနေပြီဖြစ်သည်။
သူတို့အားလုံးက ကမ္ဘာတစ်ဝှမ်းမှ လောင်းကစားကျွမ်းကျင်သူတွေဖြစ်သည်။
လူတိုင်းက စိတ်အားထက်သန်စွာဖြင့် ဒီအခွင့်အရေးကို အခွင့်ကောင်းယူချင်နေကြသည်။
အထူးသဖြင့် ယဲ့ဖန်လိုလူက ဒီအလောင်းအစားတွင် ပါဝင်နေသည်ဟု သိကြသောအခါတွင် လူများစွာက စိတ်အလွန်လှုပ်ရှားနေကြသည်။
အချိန်က ၁၀ နာရီလောက်ရှိပြီဖြစ်သည်။
ယဲ့ဖန်က ကာစီနိုမှာ မပေါ်လာသေးပေ။
ရှိနေတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောရင်း ရှုပ်နေကြသည်။
" ယဲ့ဖန်က ဘာလို့ ဒီကို မလာသေးတာလဲ။ ကြောက်ပြီး မလာရဲတာ ဖြစ်နိုင်မလား "
" အဲ့လောက် သူရဲဘောမကြောင်သင့်ဘူး ဟုတ်တယ်မလား။ သူက ပြိုင်ပွဲမှာ ပါဝင်ဖို့ သဘောတူထားပြီးမှ နောက်ဆုံးမိနစ်မှာ နုတ်ထွက်မယ်ဆိုရင် သူက လှောင်ရယ်စရာ ဟာသဖြစ်သွားလိမ့်မယ် "
" အခြေအနေကို ရှင်းပြကြပါဦး "
ဟားကျီယုန်းက လူတိုင်းပြောနေသည်ကို ကြားရသောအခါ သူ ပို၍ပင် စိတ်ပျက်လာသည်။
ယဲ့ဖန်ကို စောင့်ကြည့်ရန် စေလွှတ်ထားသော လက်အောက်ငယ်သားထံမှ ဖုန်းခေါ်လာခဲ့သည်။
ယဲ့ဖန်က အမျိုးသမီးတစ်ဦးနှင့်အတူ ပျောက်ကွယ်သွားခဲ့ကြောင်း သူ သိလိုက်ရသည်။
အဲ့တာက ချက်ချင်း သူ့ကို စိတ်ပူစေလေသည်။
ယဲ့ဖန်က သူ့ကို တကယ်ကြီး ပလစ်လိုက်မယ်ဆိုရင် ဒီအကြံအစည်က အချည်းနှီးဖြစ်သွားပေမည်။
သူ ပူထူနေချိန်မှာ တစ်စုံတစ်ယောက်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" အဲ့တာဘာလဲ "
လူတိုင်းက ထိုလူလက်ညှိုးထိုးရာကို ဦးတည်ကြည့်ကြသည်။
ပင်လယ်နှင့် ကောင်းကင် ဆုံတွေ့သည့် အကွာအဝေးတွင် အဖြူရောင် အစက်ကလေးက လျင်မြန်စွာ ချဉ်းကပ်လာသည်။
ဟားကျီယုန်းသည် သူ့လက်အောက်ငယ်သားဆီမှ မှန်ပြောင်းကို အမြန်ယူလိုက်သည်။
အဖြူရောင်အစက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် တုန်လှုပ်သွားမိသည်။
အဲ့တာက ဂျက်စကီးဖြစ်သည်။
ထိုအချိန် ဂျက်စကီးပေါ်တွင် လူနှစ်ယောက် ထိုင်နေသည်။
ယဲ့ဖန်က ရှေ့မှစီးနေကာ ကျူးရှောင်ကျောင်းက အနောက်မှာထိုင်နေပြီး ယဲ့ဖန်၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။
နှစ်ယောက်သား အထိန်းအကွပ်မရှိ ပင်လယ်ပြင်ကို ဖြတ်လာကြသည်။ သူတို့နောက်ကနေ လှိုင်းလုံးတွေက ကြီးမားနေပေမဲ့ သူတို့က ဂရုမစိုက်တဲ့ပုံပေါက်နေသည်။
ဟားကျီယုန်း စိတ်ထဲမှ ကျိန်ဆဲမိသည်။
ဒီလိုလာတဲ့နည်းက ဟိတ်ဟန်များလွန်းတဲ့ပုံ ပေါက်နေတာ မဟုတ်ဘူးလား။
ဒီကောင်လေးက သူ့ကိုယ်သူ အမျိုးသားဇာတ်ဆောင်လို့ တကယ်ကြီး ထင်နေသလား။
အပိုင်း ( ၄၈၀ )
ငါ့ထက်တောင် ကြီးကျယ်တာလား။ ဘယ်သူဖြစ်မလဲ
အပျော်စီးသင်္ဘောပေါ်ရှိ လူတိုင်းက ယဲ့ဖန်၏ ထူးခြားသောအသွင်အပြင်ကြောင့် အံ့သြတုန်လှုပ်သွားကြသည်။
ဒီပြိုင်ပွဲကို သူက ဘယ်လိုတောင်လာနေတာလဲ။ သူ ရုပ်ရှင်ရိုက်ဖို့ ရောက်နေတယ်များ ထင်နေလား။
ယဲ့ဖန်က ဂျက်စကီးကို ကမ်းခြေထိစီးပြီး ကျူးရှောင်ကျောင်းကို ကုန်းပတ်ပေါ်သို့ ခေါ်သွားခဲ့သည်။
" အို၊ လူတွေအများကြီးပါလား။ သူတို့အားလုံးက ကျွန်တော့်ကိုစောင့်နေတာလား "
ယဲ့ဖန်က လုံးဝ တွန့်ဆုတ်မသွားဘဲ ထိုလူအုပ်စုရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
လူတိုင်းက သူ ဒီလောက်ထိ တိုက်ရိုက်ပြောလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူတို့ရဲ့ မျက်နှာတွေက အနည်းငယ် အဆင်မပြေဖြစ်သွားကြသည်။
ဟားကျီယုန်းက အမြန် ရှေ့ကို ထွက်လာသည်။
" ယဲ့လူကြီးမင်း၊ မင်းနောက်နေတာဖြစ်မယ်။ ဒီပြိုင်ပွဲက လုံးဝ တရားမျှတပါတယ်။ သီးသန့် ပစ်မှတ်မရှိပါဘူး "
ယဲ့ဖန်က ချက်ချင်း ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။
" မင်း ယုံလား၊ မယုံလားတော့ မသိပေမဲ့ ကိုယ်ကတော့ ယုံတယ် "
ကျူးရှောင်ကျောင်းက ပူးပေါင်းဆောင်ရွက်ရင်း ခေါင်းငြိမ့်လိုက်သည်။
" ငါလည်း နင့်ကိုယုံတယ် "
ဟားကျီယုန်းက ကမန်းကတန်း ချောင်းခြောက်ဆိုးလိုက်သည်။
" ယဲ့လူကြီးမင်းက တကယ်ကို ဟာသပဲ။ ကျေးဇူးပြုပြီး ထိုင်ပါ "
ယဲ့ဖန်က လှည့်ပတ်ကြည့်လိုက်သည်။
" ပြိုင်ပွဲစလို့ရပြီလား "
" မရောက်လာသေးတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ရှိပါသေးတယ် "
ဟားကျီယုန်းက အမြန် ရှင်းပြသည်။
ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။
" ငါ့ထက်တောင် မာနကြီးတဲ့ ရှိနေသေးတာလား။ ဘယ်သူလဲ "
ဟားကျီယုန်းက ပြန်ဖြေတော့မယ့်အချိန်မှာဘဲ ရုတ်တရက် ကမ်းပေါ်ကို လမ်းလျှောက်လာတဲ့ လူတစ်စုကို တွေ့လိုက်ရသည်။
" သူတို့ ဒီရောက်ပြီ "
ထို့နောက် သူက ကြိုဆိုဖို့ စက်လှေကားပေါ်က အမြန်ဆင်းလိုက်သည်။
ယဲ့ဖန် လှည့်ကြည့်လိုက်သည်။
အဖွဲ့က စုစုပေါင်း ခြောက်ယောက်ရှိသည်။
အရှေ့ဆုံးက လျှောက်လာသူမှာ အသက်ခြောက်ဆယ်ကျော် အဘိုးကြီးဖြစ်သည်။
အနက်ရောင်တရုတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တက်ကြွနေပုံရသည်။
သူ့ဘေးနားက လက်အောက်ငယ်သားတစ်ယောက်က ထီးတစ်လက်ကို ကိုင်ဆောင်းပေးထားသည်။
သူ့နောက်တွင် ပေါ့ပေါ့ပါးပါးအဝတ်အစားဝတ်ထားသော အမျိုးသမီးနှစ်ယောက်ရှိသည်။ သူတို့ထဲက တစ်ယောက်က ဆေးလိပ်ပိုက်ကို ကိုင်ထားပြီး ကျန်တစ်ယောက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။
သူတို့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော သက်တော်စောင့်နှစ်ယောက်ရှိသည်။
ကျူးရှောင်ကျောင်းက ချက်ချင်း သူ့နားနားကို ကပ်ပြောလာသည်။
" ဒီလူရဲ့ ဝင်တဲ့ပုံစံက နင့်ထက်တောင် ပိုပုံကြီးချဲ့သေးတယ် "
ယဲ့ဖန် သူမကို စိုက်ကြည့်လိုက်သည်။
" စကားကို ဘယ်လိုပြောရမလဲဆိုတာရော သိရဲ့လား။ အဲ့တာကို ချဲ့ကားတာလို့ မခေါ်ဘူး။ ကိုယ်က အထိန်းအကွပ်မဲ့တာမျိုး ဟုတ်ပြီလား "
ကျူးရှောင်ကျောင်း ခေါင်းငြိမ့်လိုက်သည်။
" သိပါပြီ အစ်ကိုကြီး "
ယဲ့ဖန်က သူမနဲ့ ဆက်စကားမပြောတော့ပေ။
ဒီမိန်းကလေးနဲ့ စကားပြောရင် သူ့ကို သွေးတိုးစေသည်။ သူ နောက်ထပ် နှစ်နည်းနည်းလောက် ပိုအသက်ရှင်ချင်သေးသည်။
သူတို့နှစ်ဦး ရန်ဖြစ်နေကြစဉ်မှာပဲ ဟားကျီယုန်းက အဘိုးအိုကို ကုန်းပတ်ပေါ်ခေါ်လာရန် ကူညီပေးနေသည်။
" အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါက Aomen က အကြီးအကဲ ဖန်၊ ဖန်ရှင်းကျားပါ "
ထိုစကားကို ပြောပြီးတာနဲ့ သောင်းသောင်းဖျဖျ လက်ခုပ်သံတွေ ချက်ချင်း ထွက်ပေါ်လာသည်။
လူတိုင်းက စိတ်လှုပ်ရှားလွန်းလို့ ကိုယ့်ကိုကိုယ် မထိန်းနိုင်ကြပေ။
သူတို့ထဲမှ အချို့က မျက်ရည်များ စီးကျလာသည်ကို ယဲ့ဖန် သတိထားမိသည်။
သူက နှုတ်ခမ်းကို လှုပ်ယမ်းပြီး တိုးတိုးလေး ပြောလိုက်သည်။
" ဒါကြီးကမှ ချဲ့ကားတာ မဟုတ်လား "
သူ့အသံက အကျယ်ကြီးမဟုတ်ပေမယ့် လက်ခုပ်သံတွေ ရပ်တန့်သွားတာကြောင့် အသံက ရုတ်တရက်ကြီး ထွက်လာသည်။
လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။
" ဘယ်မှ မသိတဲ့ အငယ်တန်းကများ။ အကြီးအကဲဖန်ရဲ့ နာမည်ကိုတောင် မကြားဖူးဘူးလား။ ဒါတောင် မင်းက လောင်းကစားဘုရင်ပြိုင်ပွဲမှာ ပါရဲသေးတာလား "
" လောင်းကစားလောကမှာ အကြီးအကဲဖန်ရဲ့ အဆင့်အတန်းကို လူတိုင်းက အရမ်းလေးစားရတယ်။ မင်း ဘယ်သူ့ကို စော်ကားနေတာလဲ "
" အကြီးအကဲဖန် လောင်းကစားလောကထဲကို ဝင်လာတုန်းက မင်းအဖေကတောင် သေးပေါက်ချတုန်းပဲရှိမှာ။ အကြီးအကဲဖန်ရှေ့မှာ ဘယ်လိုလေသံနဲ့ လာပြောနေတာလဲ "
" မြန်မြန်သွားပြီးတော့ အကြီးအကဲဖန်ကို တောင်းပန်လိုက်။ မဟုတ်ရင် မင်း လောင်းကစားလောကထဲမှာ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး "
ယဲ့ဖန်သည် သူ့ရဲ့ ပေါ့ပေါ့ပါးပါး မှတ်ချက်က ပျားအုံကို တုတ်ထိုးမိသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ရယ်စရာကောင်းသည်ဟု သူခံစားမိသည်။
" အဘိုးကြီးလား အဘွားကြီးလား မသိပေမဲ့ ကျွန်တော့်ရဲ့ လေးစားမှုကို လိုချင်ရင် ခင်ဗျားရဲ့ ခွန်အားနဲ့ အရင်အနိုင်ယူပြရမယ် "
ဖန်ရှင်းကျားက ယဲ့ဖန်ဆီသို့ လျှောက်လာပြီး သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သူ့နောက်တွင် ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်က ခရမ်းရောင်ရွှံ့စေးလက်ဖက်ရည်ခွက်ကို ချက်ချင်း ပေးလိုက်သည်။
" ရှလွတ် "
ဖန်ရှင်းကျားက လက်ဖက်ရည်သောက်ရင်း ယဲ့ဖန်ကို မော့ကြည့်လိုက်သည်။
" မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ ကွဲပြားခမ်းနားမှုကို မသိတဲ့အပြင် ကမ္ဘာပေါ်က သူရဲကောင်းအားလုံးကို ဘာမှအဖြစ်မရှိတဲ့သူလို ဆက်ဆံတဲ့သူမလား "
ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။
" ကျွန်တော်ပဲ။ ဘာဖြစ်လို့လဲ "
ဖန်ရှင်းကျား၏ နှုတ်ခမ်းတွေက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။
" လူငယ်လေး၊ အရင်က ဒါမျိုးကြုံဖူးတဲ့ သူတစ်ယောက်အနေနဲ့ အကြံဉာဏ်တစ်ခု ပေးမယ်။ ကောင်းကင်ဘုံက မနှိမ့်ချတတ်တဲ့သူတွေကို အပြစ်ပေးလိမ့်မယ်။ မဟုတ်ရင် ကြာကြာအသက်မရှည်နိုင်ဘူး "
ယဲ့ဖန်က ချက်ချင်း နှိမ့်ချစွာ ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ဒါပေမဲ့ ခင်ဗျားလို အသက်အရွယ်ကတော့ နှိမ့်ချချ၊ မနှိမ့်ချချ သိပ်မပြောင်းလဲစေနိုင်ဘူး မဟုတ်လား "
တစ်နည်းပြောရရင် ဒီအဘိုးကြီးမှာ နှစ်နည်းနည်းထက် ပိုပြီးအသက်ရှင်နိုင်စရာမရှိမတော့ ပြောချင်ရာပြောပါစေ။
"မင်း ..... "
ဖန်ရှင်းကျား ပေါက်ကွဲမတတ် ဖြစ်သွားသည်။
သူက လောင်းကစားလောကတွင် ကျော်ကြားသူဖြစ်သည်။ သူဘယ်သွားသွား လေးလေးစားစားဆက်ဆံခံရသည်။ ဘယ်သူက သူ့ကို ဒီလိုလေသံမျိုးနဲ့ ပြောရဲခဲ့ဖူးလို့လဲ။
ဘေးတွင်ရပ်နေသော ဟားကျီယုန်းက ကိစ္စတွေချောမွေ့အောင် ရှေ့တက်လာသည်။
" အကြီးအကဲဖန်၊ စိတ်လျှော့ပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကြီးက စတင်ပါတော့မယ်။ အငြှိုးရှိရင် လောင်းကစား စားပွဲပေါ်မှာပဲ ဖြေရှင်းလိုက်ရအောင် "
ဖန်ရှင်းကျားက ယဲ့ဖန်ကို စိုက်ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
" မင်းရဲ့ ခွန်အားက မင်းအသံနဲ့ ထိုက်တန်မယ်လို့ ငါမျှော်လင့်တယ်။ ဖိုင်နယ်ထိဝင်နိုင်အောင် မင်းကိုငါစောင့်နေမယ် "
အဲ့လိုနဲ့ သူက လှည့်ထွက်သွားသည်။
တခြားသူတွေကလည်း ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။
ထိုအချိန်မှာပဲ ဟားကျီယုန်းက အသံကျယ်ကျယ်နဲ့ပြောသည်။
" အခု အားလုံးရောက်နေကြပြီဆိုတော့ လောင်းကစားဘုရင်ပြိုင်ပွဲကို စပါတော့မယ်။ ပြိုင်ပွဲစည်းကမ်းတွေကို အရင်ရှင်းပြပါရစေ "
သူက ပြောရင်း ယဲ့ဖန်ကိုပင် တစ်ချက်ကြည့်လိုက်သည်။
သူကြားအောင် တမင်ပြောနေမှန်း သိသာပါသည်။
" ဒီပြိုင်ပွဲမှာ ကျွမ်းကျင်သူ စုစုပေါင်း ခြောက်ဆယ့်လေးဦး ပါဝင်ပါတယ်။ အတွဲလိုက် တိုက်ခိုက်ရပါမယ်။ အနိုင်ရရှိသူက တစ်ပွဲပြီးတစ်ပွဲတက်ရမှာဖြစ်ပြီး နောက်ဆုံးအဆင့်အထိရောက်ပါလိမ့်မယ် "
" ပြိုင်ပွဲအတွက် ဆုကတော့ ငွေသား ယွမ် သန်း ၁၀၀ ဖြစ်ပြီး အခု ကျွန်တော်တို့ရဲ့ ခြေအောက်က ဇိမ်ခံသင်္ဘောကြီးပါဘဲ။ ပြိုင်ပွဲဝင်တစ်ဦးချင်းစီတိုင်းက ဝင်ကြေးအဖြစ် ယွမ် သန်း ၂၀ ပေးဆောင်ဖို့တော့ လိုအပ်ပါတယ် "
" အားလုံးကန့်ကွက်မှုမရှိဘူးဆိုရင် ပြိုင်ပွဲသဘောတူစာချုပ်ကို အရင်ဆုံး လက်မှတ်ထိုးရပါမယ် "
အားလုံးက စည်းကမ်းချက်တွေကို ရှင်းပြီးသားမလို့ ဘယ်သူကမှ ကန့်ကွက်တာ မရှိကြပေ။ အားလုံးက စာချုပ်လက်မှတ်ထိုးဖို့ ရှေ့ကို သွားကြသည်။
ယဲ့ဖန် လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ ဟားကျီယုန်း မပြုံးဘဲ မနေနိုင်တော့ပေ။
" ယဲ့လူကြီးမင်း၊ နောက်ဆုံးထိရယ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် "
ယဲ့ဖန်ကလည်း ပြုံးလိုက်သည်။
" ပစ္စည်းတွေကို ရွှေ့တဲ့အခါ သတိထားဖို့ ပြောလိုက်။ ကျွန်တော့်ရဲ့ အပျော်စီးသင်္ဘောကို မပျက်စီးစေနဲ့ "
ဟားကျီယုန်း၏မျက်နှာ မည်းမှောင်သွားသည်။
" ဖိုင်နယ်ရောက်တဲ့အထိ စောင့်ကြည့်တာပေါ့ "
ဘာပဲပြောပြော တစ်ဖက်က စာချုပ်ချုပ်ပြီးသွားပြီဖြစ်တဲ့အတွက် အခုမှ နောင်တရရင်တောင် နောက်ကျသွားပြီဖြစ်သည်။
သူ ယဲ့ဖန်အပေါ် ယဉ်ကျေးနေဖို့ မလိုတော့ချေ။
ယဲ့ဖန်က ထိုရက်စက်ကြမ်းကြုတ်ပုံကို မြင်လိုက်သည်။
ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ကစားဖို့ စာရင်းရေးသွင်းရန် လှည့်သွားလိုက်သည်။