← Chapters

အပိုင်း ၄၈၅-၄၈၈

Vol. 25 Ch. 485-488

အပိုင်း ၄၈၅-၄၈၈

Vol. 25 Ch. 485-488

အပိုင်း ( ၄၈၅ )

၁၀ သန်းလား။ မသေးလွန်းဘူးလား

နောက်ဆုံးပွဲစဉ် ရောက်လာခဲ့သည်။

ယဲ့ဖန် နှင့် ဖန်ရှင်းကျားတို့က စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည်။

စကားမပြောကြသော်လည်း လေထုထဲမှာတော့ ယမ်းနံ့များဖြင့် ပြည့်နှက်နေသည်။

ဝန်ထမ်းများ၊ စောင့်ကြည့်ရေးအခန်းထဲရှိ အစုရှယ်ယာရှင်များသာမက သင်္ဘောခန်းထဲကနေ ကြည့်နေကြတဲ့ ရှုံးပြီးသား ပြိုင်ပွဲဝင်များပင် အလွန်စိတ်လှုပ်ရှားနေကြသည်။

ဒီနောက်ဆုံးပွဲက လောင်းကစားဆရာကြီးအသစ်နှင့် အဟောင်းတို့ကြားက ထိပ်တိုက်ပွဲဖြစ်ရုံသာမက လူများစွာ၏ အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေသည်။

အထူးသဖြင့် စောင့်ကြည့်ရေးအခန်းရှိ အစုရှယ်ယာရှင်များမှာ အတော်လေးကို ထိတ်လန့်နေကြသည်။

အပ်တွေပေါ်မှာ ထိုင်နေရသလို ခံစားရကာ ဖင်မငြိမ်ဖြစ်နေကြသည်။

လူတိုင်းက အသေးစိတ်အချက် တစ်ချက်ကိုမှ မလွတ်ရအောင် စောင့်ကြည့်ကင်မရာကို စိုက်ကြည့်နေကြသည်။

ဒီပွဲမှာတော့ ဟားကျီယုန်းက ဖဲဝေသူအဖြစ် သူကိုယ်တိုင် သူတို့နှစ်ယောက်အတွက် ဖဲကတ်များကို ဝေပေးခဲ့သည်။

" ဖိုင်နယ်အတွက် စည်းမျဥ်းစည်းကမ်းတွေကို အရင်ရှင်းပြပါရစေ။ ဒီအချီမှာ အထူးတလည် စည်းမျဉ်းမရှိပါဘူး။ လောင်းကြေးကို ကြိုက်သလောက်ထိ တင်နိုင်ပြီးတော့ တစ်ဖက်က အရှုံးမပေးမချင်း ဆော့ရမှာပါ။ လူကြီးမင်းတို့နှစ်ယောက် ဒီစည်းမျဥ်းကို ကန့်ကွက်တာရှိပါသလား "

ယဲ့ဖန်နှင့် ဖန်ရှင်းကျားတို့က တစ်ချိန်တည်း ခေါင်းယမ်းကာ စည်းမျဉ်းကို သဘောတူလိုက်ကြသည်။

ဟားကျီယုန်း၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးသွားသည်။

" ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ ကတ်တွေကို အရင်စစ်ဆေးပါ "

ဟားကျီယုန်းက အသစ်စက်စက် ဖဲချပ်များကို ဖွင့်လိုက်ကာ ဗန်းတစ်ခုပေါ်တင်ပြီး ဖန်ရှင်းကျားရှေ့မှာ ပြလိုက်သည်။

ဖန်ရှင်းကျားက အမှားမရှိကြောင်း အတည်ပြု ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ဟားကျီယုန်းက ဗန်းကို ယဲ့ဖန်ရှေ့သို့ ယူဆောင်လာခဲ့သည်။

ယဲ့ဖန် စစ်ဆေးပြီး ခေါင်းငြိမ့်လိုက်သည်။

" ပြဿနာမရှိပါဘူး "

ဟားကျီယုန်းက ယဲ့ဖန်ကို သူ့စိတ်ထဲမှ လှောင်ပြောင်ကာ ဗန်းကိုကိုင်ပြီး ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

" လူကြီးမင်းတို့နှစ်ယောက်မှာ မေးခွန်းတွေ မရှိတော့တဲ့အတွက် လောင်းကစားဘုရင်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲက တရားဝင်စတင်ပါတော့မယ် "

ထို့နောက် ကတ်တစ်ခုစီပေးလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်လုံးကို ဒုတိယကတ် ထပ်ပေးလိုက်သည်။

ဒုတိယကတ်မှ စပြီး ကျန်ကတ်များက အဖွင့်ကတ်များဖြစ်သည်။

ဖန်ရှင်းကျား၏ကတ်က A ♥️ ဖြစ်ပြီး ယဲ့ဖန်၏ကတ်က Q ♦️ ဖြစ်သည်။

ပိုကြီးတဲ့ကတ်က အရင်လောင်းရလေသည်။

ဖန်ရှင်းကျားက တွန့်ဆုတ်မနေဘဲ တိုကင်ပြား ၁ သန်းဖိုး လောင်းလိုက်သည်။

" အခုမှစတာဆိုတော့ အရင်စမ်းကြည့်ကြတာပေါ့ "

ယဲ့ဖန်က သူ့ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ဝိုင်နီတစ်ငုံသောက်လိုက်သည်။

" ဆရာကြီးက သူ့လောင်းကြေးကို တင်ထားမှတော့ ကျွန်တော့်ဘက်က လိုက်မလောင်းရင် ရိုင်းရာကျမှာပေါ့ ဟုတ်တယ်မလား "

ထို့နောက် ယဲ့ဖန်က ၁ သန်း လောင်းလိုက်သည်။

ဟားကျီယုန်းက သူတို့နှစ်ယောက်ကို တတိယကတ် ဆက်ဝေပေးသည်။

ဖန်ရှင်းကျားကတ်က 7 ♠️ ဖြစ်ပြီး ယဲ့ဖန်ကတ်က J ♦️ ဖြစ်သည်။

ယဲ့ဖန်ကတ်က ကြီးတာကြောင့် သူက လောင်းကြေးတင်ရသည်။

" ကြည့်ရတာ ဆရာကြီးကတော့ နံပါတ်အစဉ်လိုက် Flush ရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ထင်တယ်။ ကျွန်တော်ကတော့ Flush ရဖို့ အခွင့်အရေး ရှိတာပဲ "

ယဲ့ဖန်က ဖန်ရှင်းကျားကို ပြုံးပြုံးလေး ကြည့်နေသည်။

" ဒါဆို ၂ သန်း အရင်ထည့်လိုက်တာပေါ့ "

အဲ့လိုနဲ့ ယဲ့ဖန်က ယွမ် ၂ သန်းဖိုး တိုကင်ပြားတွေကို စားပွဲပေါ်သို့ တွန်းချလိုက်သည်။

ဖန်ရှင်းကျားက ယဲ့ဖန်ကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူ့ကတ်တွေကို ငုံ့ကြည့်လိုက်သည်။

" မင်းကို ဒီပထမပွဲတော့ အနိုင်ပေးလိုက်မယ် "

ထိုသို့ပြောပြီး ဖန်ရှင်းကျားက သူ့ကတ်တွေကို ချပစ်လိုက်သည်။

ယဲ့ဖန်က မတိုက်ခိုက်ဘဲ အနိုင်ရသွားကာ သူ့အကောင့်ထဲကို ၁ သန်းဝင်လာလေသည်။

ထိုမြင်ကွင်းကို ကြည့်နေတဲ့ သူတွေက အတော်လေး စိတ်ပျက်သွားကြသည်။

သူတို့နှစ်ယောက်က တွေ့လိုက်တာနဲ့ ပြင်းထန်တဲ့ တိုက်ပွဲမျိုး တန်းတိုက်ခိုက်ကြလိမ့်မယ်လို့ တွေးထားခဲ့ကြသည်။

ပွဲစဉ်က ဒီလောက် အေးဆေးနေမယ်လို့ မမျှော်လင့်ထားပေ။

သို့ပေမဲ့ သူတို့ကို ပိုစိတ်ပျက်စေခဲ့တာကတော့ ဆက်ကစားနေသည့် ပွဲစဉ်များဖြစ်သည်။

ယဲ့ဖန်နှင့် ဖန်ရှင်းကျားတို့က နှစ်ယောက်စလုံး အချင်းချင်း စမ်းသပ်နေကြဆဲဖြစ်သည်။

တစ်ဖက်က ပိုကောင်းတဲ့ကတ်ရှိတာနဲ့ တစ်ဖက်က ချက်ချင်း အရှုံးပေးလိုက်သည်။

လေးပွဲ၊ ငါးပွဲ ဆော့ပြီးနောက် နှစ်ဘက်လုံး အနိုင်ရသလို၊ ရှုံးတဲ့အခါများလည်းရှိသည်။

နောက်ဆုံးပွဲမှာ သရေကျခဲ့သေးသည်။

သင်္ဘောခန်းထဲကနေ ကြည့်နေကြတဲ့ ကစားသမားများက ကြည့်ရတာတောင် စိတ်ဓာတ်ကျလာတော့သည်။

" ဒီနှစ်ယောက် ဘာလုပ်နေတာလဲ။ ငါးပွဲပြီးသွားတာတောင် အခုထိ တိုက်နေကြတုန်းပဲ "

" သူတို့နှစ်ယောက် အချင်းချင်းသတ်ပြီး မကြုံစဖူး အဆုံးအဖြတ်ပေးရမယ့် ရန်ပွဲဖြစ်မယ် ထင်ထားတာ "

" အခုတော့ ဆက်တိုက် လောင်းကြေး ၁ သန်း၊ ၂ သန်းကနေ မတက်တော့ဘူး။ ဒါကြီးက သတိထားလွန်းနေတာ မဟုတ်ဘူးလား "

" ဒါက ကျွမ်းကျင်သူတွေ တိုက်နေတာပဲ။ သူတို့က တစ်ဖက်ရဲ့ အင်အားကို အရင်စမ်းသပ်ရမယ်။ တဇွတ်ထိုးလုပ်လို့ မဖြစ်ဘူး "

" ဒါပေမဲ့ အဲ့လောက်ကြီးထိ သတိထားဖို့မလိုဘူးမဟုတ်လား။ ငါဆို အိပ်ပျော်မတတ်ဘဲ "

သင်္ဘောခန်းထဲက လူတွေတင် မကျေနပ်နေတာ မဟုတ်ဘဲ စောင့်ကြည့်ခန်းထဲက အစုရှယ်ယာရှင်များလည်း အနည်းငယ် စိတ်တိုနေပြီဖြစ်သည်။

" ဒီနှစ်ယောက်က အရမ်းမနှေးလွန်းဘူးလား။ အချိန်ဒီလောက်ကြာနေတာတောင် သရေဖြစ်နေသေးတာလား "

" ဒီ ဖန်ရှင်းကျားက သတိထားလွန်းနေပြီ မဟုတ်ဘူးလား။ ယဲ့ဖန်ကို ဒီထက်ပိုပြီး စမ်းဖို့ လိုသေးတာလား "

" ဟုတ်တယ်။ သူ့ကို တစ်ခါ၊ နှစ်ခါလောက် စမ်းသပ်ပြီးနောက် ငါတို့ဘက်က လှုပ်ရှားလို့ရပြီပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ဘယ်လောက်တောင် ကြာဦးမှာလဲ "

" မြန်မြန်သွားပြီး ဟားကျီယုန်းက တိုက်တွန်းခိုင်းလိုက်။ ဘယ်လောက်တောင် ကြာနေဦးမှာလဲ "

ဟားကျီယုန်းက အထက်လူကြီးများ၏ ညည်းညူသံများကို ကြားပြီးနောက် ဖန်ရှင်းကျားကို ကြည့်ကာ ချောင်းခြောက်ဆိုးလိုက်သည်။

ဖန်ရှင်းကျားက ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် သူ ယဲ့ဖန်၏ ကျွမ်းကျင်မှုနှင့် ပုံစံကို နားလည်သွားခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူငယ်လေးက အတားအဆီးတစ်ခုဆိုတာ သူပြောနိုင်လေသည်။

သူ့ဖဲချပ်တွေ ဘယ်လောက်ပဲ သေးနေပါစေ သူက သတ္တိရှိရှိ လောင်းရဲလေသည်။

' မင်းက ဒီလောက်မဆင်မခြင်လောင်းရဲနေမှတော့ ဒီအချီမှာ မင်းအားလုံး ပြောင်သွားအောင် လုပ်ပေးမယ် "

" ကျွန်တော်တို့ ဒီဖဲထုပ်နဲ့ ဆော့နေတာ အတော်ကြာပြီဆိုတော့ ကတ်ထုပ်အသစ် ယူလိုက်ရအောင် "

ဟားကျီယုန်းက ရုတ်တရက် အကြံပြုပြီး ကတ်ထုပ်အသစ် ယူလာပေးရန် သူ့လက်အောက်ငယ်သားကို ခိုင်းလိုက်သည်။

ဟားကျီယုန်းက သူတို့နှစ်ယောက်ရှေ့မှာ ကတ်ပြားများကို မွှေလိုက်သည်။

ထို့နောက် သူက ဖန်ရှင်းကျားကို စစ်ဆေးရန် ပေးခဲ့ပြီး ပြဿနာမရှိကြောင်း အတည်ပြုခဲ့သည်။

ထို့နောက် သူက ဗန်းကိုကိုင်ကာ ယဲ့ဖန်ဆီသို့ လျှောက်သွားလိုက်သည်။

ယဲ့ဖန်ကလည်း ကတ်များကိုယူကာ ကြည့်ပြီးနောက် ဟားကျီယုန်းကို ရုတ်တရက်ကြည့်လိုက်သည်။

" မန်နေဂျာဟား၊ ခင်ဗျား တစ်ခုခု လှည့်စားထားတာတော့ မဟုတ်ဘူးမလား "

ဟားကျီယုန်း၏လက်များ တုန်လှုပ်သွားပြီး ဗန်းပြုတ်ကျမတတ် ဖြစ်သွားသည်။

" ဟားဟားဟား၊ ယဲ့လူကြီးမင်းက နောက်ပြောင်တာ တကယ်တော်တာပဲ။ ကျွန်တော်က အမြဲတမ်း တရားမျှတပါတယ်။ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

" ဒါဆို စိတ်ချရပါပြီ "

ဟားကျီယုန်းက စိတ်ထဲကနေ သူ့ကို လှောင်ရယ်နေလိုက်သည်။

ထို့နောက် လှည့်ပြီး သူ့ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။

ဟားကျီယုန်းက သူတို့နှစ်ယောက်ကို ဝှက်ဖဲတစ်ကတ်စီ ဝေသည်။

ထို့နောက် ဒုတိယကတ်ကို ဝေပေးသည်။

ဖန်ရှင်းကျားကတ်က 7 ♠️ ဖြစ်ကာ ယဲ့ဖန်ကတ်က J ♥️ ဖြစ်သည်။

ဖန်ရှင်းကျားကတ်က ပိုကြီးတာကြောင့် သူကအရင် လောင်းကြေးထည့်လိုက်သည်။

" ၁၀ သန်း "

ဖန်ရှင်းကျားက မဆိုင်းမတွ တိုက်ခိုက်တော့သည်။

သူ့ရဲ့ လုပ်ရပ်ကို မြင်လိုက်ရတဲ့အခါ အခန်းထဲမှာရှိတဲ့ ပြိုင်ပွဲဝင်တွေက ချက်ချင်း ပေါက်ကွဲသွားတော့သည်။

" နောက်ဆုံးတော့ အကြီးအကဲဖန်က မနေနိုင်တော့ဘဲ လှုပ်ရှားပြီထင်တယ်။ သူက အစကတည်းက ၁၀ သန်းတောင် လောင်းတာ "

" ကြည့်ရတာ အကြီးအကဲဖန်က ဒီပြိုင်ပွဲမှာ လုံးဝ ယုံကြည်မှုရှိတယ်ထင်တယ်။ ယဲ့ဖန်က လိုက်လောင်းရဲပါ့မလား "

" လိုက်မလောင်းရဲဘူး ထင်တယ်။ အကြီးအကဲဖန်က စကတည်းက ချက်ချင်း ၁၀ သန်း လောင်းလိုက်တော့ ဒီကလေး လန့်သွားမှာပေါ့ ဟုတ်တယ်မလား "

" အသက်ကြီးလေ ပိုပညာရှိလေပဲ။ ယဲ့ဖန်က အဲ့လိုအနေအထားရောက်ဖို့ အဝေးကြီးလိုသေးတယ် "

အားလုံးဆွေးနွေးနေကြစဉ်မှာပဲ ယဲ့ဖန်၏ နှုတ်ခမ်းဖျားက အနည်းငယ် ကော့တက်သွားသည်။

" ၁၀သန်းလား။ ခင်ဗျားကလည်း လောင်းကြေး မသေးလွန်းဘူးလား။ ကျွန်တော့်ဘက်က မီးထဲကို လောင်စာထည့်ပေးမယ်။ သန်း ၂၀ "

ဝေါ

စားပွဲပေါ်မှာ တင်ထားတဲ့ တိုကင်ပြားပုံကြီးကို လောင်းကြေးအဖြစ် တွန်းချလိုက်သည်။

စောင့်ကြည့်ခန်းထဲရှိ အစုရှယ်ယာရှင်များပင် မတ်တပ်ထရပ်လိုက်ကြသည်။

နောက်ဆုံးတိုက်ပွဲက စပြီ။

အပိုင်း ( ၄၈၆ )

လူငယ်လေး၊ မင်းက စိတ်မြန်လက်မြန်ရှိလွန်းတယ်

ယဲ့ဖန်၏ လုပ်ရပ်ကို မြင်လိုက်ရတဲ့အခါ ဖန်ရှင်းကျား၏ မျက်ခွံများ လှုပ်သွားရသည်။

သူက သူ့နောက်ရှိ လှပတဲ့ အမျိုးသမီးတစ်ဦး၏ လက်ထဲမှ ဆေးပိုက်တံကို ယူလိုက်သည်။

မီးညှိပြီးနောက် နှစ်ချက်ရှိုက်လိုက်သည်။

" လူငယ်လေး၊ မင်းက စိတ်မြန်လက်မြန်ရှိလွန်းတယ် "

" အပြင်မှာနေရတာ အရမ်းပူတယ်။ ဒါကို မြန်မြန်အဆုံးသတ်ပြီး ရေအေးသွားချိုးရအောင် "

ယဲ့ဖန်က အကျောဆန့်လျက်ပြောသည်။

ကျူးရှောင်ကျောင်းက ချက်ချင်းနားလည်ပြီး သူ့ပခုံးနဲ့ နောက်ကျောကို နှိပ်နယ်ပေးလေသည်။

ဖန်ရှင်းကျားက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" မင်းက အကြီးကြီးကစားချင်တာဆိုမှတော့ ငါက လိုက်ကစားပေးရတာပေါ့ "

ဟားကျီယုန်းက သူတို့နှစ်ယောက်အတွက် တတိယကတ်ကို ချက်ချင်း ပေးလိုက်သည်။

ဖန်ရှင်းကျားတွင် J ♠️ ရှိပြီး ယဲ့ဖန် A ♥️ရှိသည်။

ယဲ့ဖန်၏ကတ်က ပိုကြီးတာကြောင့် သူ့ဘက်က လောင်းကြေးတင်ရသည်။

" ကျွန်တော့်မှာ J ♥️ နဲ့ A ♥️ ရှိတာဆိုတော့ Flush ရနိုင်သေးတယ်။ အဲ့ဒီတော့ နောက်ထပ် သန်း ၂၀ တိုးလောင်းလိုက်မယ် "

ယဲ့ဖန်က ပြောသည့်အတိုင်း တိုကင်ပြား သန်း ၂၀ ကို တွန်းလိုက်သည်။

ဖန်ရှင်းကျားက ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" လူငယ်လေး၊ မင်းက တော်တော် ရဲရင့်တာပဲ "

" မလိုက်ရဲရင် လက်ရှောင်လို့ရတယ် "

ဖန်ရှင်းကျား ရယ်လိုက်သည်။

" ငါ တစ်သက်လုံး ဖဲရိုက်လာတာ။ မင်းလို ကလေးကို ငါက ဘာကိစ္စကြောက်ရမှာလဲ။ မင်းကလည်း သတ္တိရှိမှတော့ ငါက ဘာလို့ အရှုံးပေးရမှာလဲ "

သူက စကားပြောနေရင်း ယွမ်သန်း ၂၀ ဖိုးတိုကင်ပြားများကို တွန်းလိုက်သည်။

" လောင်းကြေးလိုက်မယ် "

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ စောင့်ကြည့်ခန်းအထဲမှ ရှယ်ယာရှင်တွေရဲ့ နှလုံးသားက လည်ချောင်းထဲကနေ ခုန်ထွက်လာမတတ် ဖြစ်သွားကြသည်။

" ဒီနှစ်ယောက် ရူးများသွားတာလား။ စားပွဲပေါ်က တိုကင်ပြားတွေက အခု သန်း ၇၀ ဖိုးရှိနေပြီ "

" တကယ်လို့ အကြီးအကဲဖန်ကသာ ဒီပွဲကို နိုင်ရင် ငါတို့ရှုံးတာကို ချက်ချင်း ပြန်ရနိုင်တယ် "

" ရှုံးတာကို ပြန်ရတာနဲ့ ကျေနပ်တော့မလို့လား။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို ပေးဆပ်ရအောင် လုပ်ရမယ် "

" ဟုတ်တယ်။ အကြီးအကဲဖန်က ပိုကြိုးစားပြီး ဒီကလေးကို ရှိသမျှရှုံးအောင် လုပ်လိုက်ရင် အကောင်းဆုံးပဲ "

" ဒီကလေးက နည်းနည်း ရူးနေပြီးသားဆိုတော့ အရူးကွက်တွေ ထပ်လုပ်ဖို့ အလားအလာ ရှိတယ် ဟားဟားဟား ....... "

ဒီကလေးက တကယ်ကို အရူးပဲ။

' မင်းက သေချင်နေမှတော့ ငါကလည်း ဒီတစ်ချီတည်းနဲ့ မင်းကို ရှိသမျှအကုန်ရှုံးအောင် လုပ်ပေးမယ် '

ကျူးရှောင်ကျောင်းက မထိန်းနိုင်တော့ဘဲ ယဲ့ဖန်ကို အနောက်ကနေ လှမ်းတို့လိုက်သည်။

" နင်… အရမ်းစိတ်အလိုမလိုက်နဲ့ "

ယဲ့ဖန်ကတော့ ဘယ်လိုမှမနေပေ။

" ဟုတ်တယ်၊ စိတ်လှုပ်ရှားစရာလေးတွေဖြစ်အောင် ကစားရမှာပေါ့။ လောင်းကြေး သေးသေးလေးတွေ နဲ့ချည်းပဲ ကစားနေရတာ မပျင်းဘူးလား "

ဖန်ရှင်းကျားက ချက်ချင်း လက်မထောင်ပြလိုက်သည်။

" မင်းက သတ္တိရှိတယ်။ ငါ သဘောကျတယ် "

ဟားကျီယုန်းက ဘာမှပြန်မပြောဘဲ စတုတ္ထကတ်ကို သူတို့နှစ်ယောက်ရှေ့သို့ ချက်ချင်း ဝေပေးလိုက်သည်။

ဖန်ရှင်းကျားက Q ♠️ ရပြီး ယဲ့ဖန်က 9 ♣️ ရသည်။

ထိုကတ်နှစ်ခု ပေါ်လာသောအခါ အခြေအနေက ချက်ချင်း ပြောင်းပြန် ပြန်ဖြစ်သွားသည်။

ဖန်ရှင်းကျားက မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

" ကြည့်ရတာ မင်းမှာ flush ရဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒါပေမယ့် ဒီအဘိုးကြီးကတော့ ရင်ခုန်နိုင်သေးတယ် "

ယဲ့ဖန်အတွက် ဝှက်ဖဲက အရေးမပါတော့ပေ။

သူ့မှာ J ♥️ နှင့် A ♥️ ရှိခဲ့သော်လည်း အခု 9 ♣ ရလာသည်။

တကယ်ကို ပိုဆိုးတာတော့ မဖြစ်နိုင်ပါဘူး။

သူက Flush မရနိုင်သလို နံပါတ်အတန်းလိုက်လည်းမရနိုင်ပေ။ အဆိုးဆုံးက အစုံလိုက်တောင် မရနိုင်တာဖြစ်သည်။

ဖန်ရှင်းကျားရဲ့ကတ်တွေက K♠️ Q♠️ J♠️ ဖြစ်သည်။

ထို့ကြောင့် သူက နံပါတ်အတန်းလိုက် Flush ရနိုင်သလို ကံကောင်းလျှင် Royal Flush တောင် ရနိုင်လေသည်။

( Royal Flush - နံပါတ်စဉ်အတန်းလိုက် Flush ပါပဲ။ ဒါပေမဲ့ နံပါတ်တွေက A K Q J 10 ဖြစ်ရမှာပါ။ Royal Flush က လေးစုံပဲရှိပါတယ်။

A♠️K♠️Q♠️J♠️10♠️

A♣️K♣️Q♣️J♣️10♣️

A♥️K♥️Q♥️J♥️10♥️

A♦️K♦️Q♦️J♦️10♦️

ယဲ့ဖန်၏ အမူအရာက လုံးဝကို ရူးသွပ်နေတဲ့ပုံ ပေါက်နေသည်။

ဖန်ရှင်းကျားက အဲ့တာကိုကြည့်ကာ သူ့ကိုယ်သူ ပိုကျေနပ်နေမိသည်။

" ငါ့ကတ်တွေက အတော်ကိုကောင်းနေမှတော့ ငါက သန်း ၅၀ လောင်းလိုက်မယ် "

ထိုသို့ဖြင့် သူက သန်း ၅၀ ချက်လက်မှတ်ကို ရေးပြီး စားပွဲပေါ် ဘန်းခနဲတင်လိုက်သည်။

" ဟာ ....... "

သင်္ဘောဝမ်းထဲရှိ ပြိုင်ပွဲဝင်များက ထိုမြင်ကွင်းကို မြင်ပြီး ဟာခနဲ ဟင်ခနဲတွေ ဖြစ်ကုန်သည်။

" အကြီးအကဲဖန်က ရက်စက်လိုက်တာ။ သူက ဟိုဘက်ရဲ့ အားနည်းချက်ကို မြင်တာနဲ့ တန်းပြီး သန်း ၅၀ လောင်းလိုက်တာလား "

" ယဲ့ဖန်ကလည်း အခု ဖိအား အရမ်းများနေပြီ။ သူက လောင်းကြေးလိုက်မှာလား၊ မလိုက်ဘူးလား "

" အဲ့တာက သူ လောင်းရဲလား၊ မလောင်းရဲဘူးလား ဆိုတာအပေါ် မူတည်မယ်။ အကြီးအကဲဖန်ကသာ Flush မရတာပဲဖြစ်ဖြစ် အစုံလိုက် မရတာပဲဖြစ်ဖြစ် ဖြစ်သွားရင် ယဲ့ဖန် နိုင်နိုင်သေးတယ် "

" ဒါပေမဲ့ အကြီးအကဲဖန်က နံပါတ်စဉ် Flush ရတာဖြစ်ဖြစ် Royal Flush ဖြစ်ဖြစ် ရသွားရင် အဲ့ကလေးက ပိုးစိုးပက်စက်ကို ရှုံးမှာပဲ "

" သူ ဒီပွဲကို ဆက်ကစားရဲမယ်လို့တောင် ငါမထင်ဘူး "

" ပြီးတော့ ငါတို့ရှေ့မှာတင် သန်းဆယ်ချီရှုံးဦးမှာ ဟားဟားဟား "

ဖန်ရှင်းကျားက သန်း ၅၀ လောင်းကြေးတင်လိုက်တဲ့အခါ ယဲ့ဖန်၏ အမူအရာက ပြောင်းသွားသည်။

" စီနီယာကြီးက အကုန်သေအောင် လုပ်နေတာလား "

ဖန်ရှင်းကျားက ယဲ့ဖန်ကို မျက်ခုံးပင့်ကြည့်ကာ သွေးဆော်နေသည်။

" မင်း မလိုက်ရဲရင်လည်း အရှုံးပေးလိုက် "

ယဲ့ဖန်က အတော်ကြာ ပြန်စိုက်ကြည့်နေပြီးနောက် ခေါင်းယမ်းကာ ခါးသက်သက်ပြုံးလိုက်သည်။

" ခင်ဗျားကလည်း လုပ်ရဲမှတော့ ကျွန်တော်က ဘာကြောက်နေရမှာလဲ။ သန်း ၅၀ မလား၊ လောင်းတယ် "

ပြောပြီး ချက်လက်မှတ်ရေးကာ သန်း ၅၀ ကို စားပွဲပေါ်တင်လိုက်သည်။

ကျူးရှောင်ကျောင်းက သူ့ကို တားချင်ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။

ခြေမြန်လက်မြန်ရှိလွန်းတဲ့ ယဲ့ဖန်ကို သူမ စိတ်ထဲကနေ ဆဲလိုက်တော့သည်။

သန်း ၅၀ တောင်။

သူ လောင်းပြီးသား သန်း ၄၀ ပါထည့်တွက်မယ်ဆို ဒီပွဲနဲ့တင် သန်း ၉၀ ရှိနေပြီဖြစ်သည်။

ဒီတစ်ယောက်က တကယ်ရူးနေပြီပဲ။

သို့ပေမဲ့ စောင့်ကြည့်ခန်းထဲက ရှယ်ယာရှင်တွေကတော့ ချက်ချင်း လှောင်ရယ်နေကြတော့သည်။

" ဒီကလေးက တကယ်ရူးသွားပြီပဲ ဟားဟားဟား .... "

" အကြီးအကဲဖန်နိုင်ရင် ငါတို့တော့ ပွပြီ "

" သန်း ၉၀ တောင်ဆိုတော့ ဒီကလေးက သေတယ်ဆိုတာကို သိပုံမရဘူးဘဲ "

" ဒီကလေး စောက်ရူးပါ။ စုတ်ပြတ်နေတဲ့ကတ်လေးနဲ့ လောင်းကြေးတင်ရဲနေသေးတယ်။ ကျန်တဲ့ကစားသမားတွေက သူ့ကို ကြောက်လို့သာ ရှုံးသွားကြတာ။ သူကဖြင့် အရည်အချင်းမှ မရှိဘဲ "

" သူက အခု ဖန်ရှင်းကျားနဲ့ တွေ့နေရတာတော့ သနားစရာပဲ။ အကြီးအကဲက သူ့လှည့်ကွက်တွေထဲ ဝင်မှာ မဟုတ်ဘူး "

" ဒီကလေးကတော့ မီးကျဲခဲကိုင်မိတာပဲ။ ဒီနေ့ မသေရင်တောင် အရေခွံစုတ်ခံရမှာ သေချာတယ် "

ဖဲကတ်ဝေနေတဲ့ ဟားကျီယုန်းက စိတ်ထဲကနေ အူမြူးလာပါသော်လည်း မျက်နှာအမူအရာမပြောင်းစေရန် ထိန်းနေရသည်။

' ကောင်စုတ်လေး၊ မင်း ဒီနေ့ အရင်းရော အတိုးပါ ဆပ်ရအောင် လုပ်ပေးမယ် '

' သေဖို့သာ ပြင်ထား '

ထိုအတွေးနဲ့ သူက နောက်ဆုံးကတ်ကို သူတို့နှစ်ယောက်အား ဝေပေးလိုက်သည်။

ဖန်ရှင်းကျားက 10 ♠️ ရပြီး ယဲ့ဖန်က 10 ♦️ ရသည်။

ထိုကတ်တွေ ပေါ်လာတဲ့အခါ ဖန်ရှင်းကျားကို ထောက်ခံနေကြတဲ့သူတွေက အုတ်အော်သောင်းနင်း ဖြစ်သွားကြပြန်သည်။

ဖန်ရှင်းကျား၏ ကတ်တွေက

K ♠️ , Q ♠️ , J ♠️ , 10 ♠️ တို့ဖြစ်သည်။

သူက နိုင်တော့မယ့် အခြေအနေရှိနေသည်။

ယဲ့ဖန်ကတ်တွေက

Q ♦️, J ♦️, 10 ♦️, 9♣️တို့ဖြစ်သည်။

Flush ရရန် မဖြစ်နိုင်ပေ။

နံပါတ်တန်းရန်နှင့် အစုံလိုက်ရရန်သာ မျှော်လင့်နိုင်တော့သည်။

ယဲ့ဖန်က အသက်ပြင်းပြင်းရှူပြီး သူ့ ဝှက်ဖဲကို ကြည့်လိုက်သည်။

ထို့နောက် တိတ်တိတ်ကလေး ပြန်ချလိုက်သည်။

သူ့နောက်မှာ ရပ်နေတဲ့ ကျူးရှောင်ကျားကတော့ သူမ လည်ချောင်းထဲမှ နှလုံးခုန်ထွက်လာသလို ခံစားလိုက်ရသည်။

အကြောင်းမှာ သူမက ယဲ့ဖန်၏ ဝှက်ဖဲကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

7 ♣️ ဖြစ်လေသည်။

ထိုကတ်က တကယ်ကို ဆိုးဝါးသည်။

သေပြီ၊ သူကတော့ ဒီတစ်ခါ တကယ်သေပြီ။

အပိုင်း ( ၄၈၇ )

ရင်တထိတ်ထိတ်နဲ့ ကစားခြင်း

ယဲ့ဖန်က သူ့ဝှက်ဖဲကို ကြည့်ပြီးမှန်း ဖန်ရှင်းကျားက တွေ့လိုက်တာကြောင့် ယဲ့ဖန်ကို သွေးတိုးစမ်းနေသည်။

" ဘယ်လိုလဲ၊ ကောင်လေး။ မင်း ဆက်ကစားရဲသေးတာလား "

ယဲ့ဖန်က သူ့ခုံနောက်ကို သက်တောင့်သက်သာ မှီလိုက်သည်။

" ဒါပေါ့၊ ကျွန်တော့်ကတ်တွေက ကောင်းလွန်းနေတာကို ဘာကိစ္စ လက်နက်ချရမှာလဲ "

ထိုသို့ပြောပြီး ယဲ့ဖန်က ဘောပင်ထုတ်ကာ ချက်လက်မှတ် တစ်စောင် ရေးလိုက်သည်။

" သန်း ၁၀၀ "

ထိုသို့ ပြောလိုက်တဲ့အခါ လူတိုင်းက သေးထွက်ကျမတတ်ဖြစ်သွားသည်။

ဟားကျီယုန်းက အလျင်အမြန် အတည်ပြုလိုက်သည်။

" တကယ် သန်း ၁၀၀ လောင်းချင်တာ သေချာလား "

ယဲ့ဖန်က ချက်လက်မှတ်ကို စားပွဲအလယ်သို့ တွန်းပို့လိုက်သည်။

" ဘာလဲ။ အကြွေးတင်ပြီး ထွက်ပြေးမှာစိုးလို့လား။ မယုံရင် ဒီချက်လက်မှတ်ကို အခုချက်ချင်း သွားစစ်ဆေးလို့ ရတယ် "

ဟားကျီယုန်းက လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ယဲ့လူကြီးမင်းကို ယုံပါတယ်။ ကျွန်တော်က ဒီ .... ဒီအတိုင်း လန့်သွားလို့ပါ "

သူ အံ့ဩရုံတင်မဟုတ်ဘဲ လန့်ပါ လန့်သွားရသည်။

ယဲ့ဖန်က သန်း ၁၀၀ ထိ လောင်းကြေးတင်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။

တကယ်ကို ရူးချင်စရာကောင်းလေသည်။

တစ်ချိန်တည်းမှာလည်း အလွန်ကို စိတ်လှုပ်ရှားနေရသည်။

စောင့်ကြည့်ခန်းထဲက ရှယ်ယာရှင်တွေတောင်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

" ယဲ့ဖန်က သွေးရှင်ရှင် မထွက်မချင်း အသိကပ်မှာ မဟုတ်ဘူးဘဲ။ သူက သန်း ၁၀၀ ထိတောင် မြှင့်လိုက်တာလား "

" မန်နေဂျာဟားရဲ့ ထောင်ချောက်က တကယ် အောင်မြင်တာပဲ။ ငါတို့အရှုံးတွေကို ပြန်ရမယ့်အပြင် အမြတ်အချီကြီးရဦးမှာကွ "

" အကြီးအကဲဖန်သာ နိုင်လို့ကတော့ ငါတို့ စိတ်ချရပြီ "

" တကယ်လို့ အကြီးအကဲဖန်က ရှုံးရင်ရော "

" အကြီးအကဲဖန်က ဘယ်သူမလို့လဲ။ သူက ဘာလို့ ဒီမလောက်လေးမလောက်စားကို ရှုံးမှာလဲ "

" ဟုတ်တယ်၊ အကြီးအကဲဖန်က Aomen ကာစီနိုရဲ့ ဆရာသခင်ကြီးပဲ။ ဘာလို့ ရှုံးရမှာလဲ "

" ပြီးတော့ ဟားကျီယုန်းရဲ့ လျှို့ဝှက်ပူးပေါင်းမှုနဲ့သာဆို အကြီးအကဲဖန် ရှုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး "

" အဲ့လိုသာဆိုရင်တော့ အကြီးအကဲဖန် စိတ်ရှိသလို လောင်းကြေးတင်ပါစေ။ ရှုံးလည်း ငါတို့ပေးမယ် "

" ဟားကျီယုန်းကိုပြောလိုက်၊ အကြီးအကဲဖန်ကို လောင်းကြေးတတ်နိုင်သမျှ တင်လို့။ အဲ့ကလေးကို ပေးဆပ်ရအောင် လုပ်ရမယ် "

.............................

" ဒီကောင်လေးက တကယ် ရူးနေပြီပဲ။ သူ့ကတ်အစုတ်တွေနဲ့ သန်း ၁၀၀ ထိ လောင်းရဲသေးတာလား "

" သူ့ ဝှက်ဖဲက အရမ်းကောင်းနေလို့များလား။ သူက နံပါတ် အတန်းလိုက်ရနိုင်လို့ထင်တယ် "

" နံပါတ် အတန်းလိုက်ရရင်တောင် အကြီးအကဲဖန်ရဲ့ ကတ်တွေက အရမ်းကောင်းလွန်းတယ်။ Flush ရနိုင်တဲ့အပြင် နံပါတ်အတန်းလိုက် Flush တောင် ဖြစ်နိုင်နေသေးတယ် "

( Flush - ♠️ ♠️ ♠️ ♠️ ♠️ )

( Straight Flush နံပါတ်အတန်းလိုက် Flush - A ♠️ / K ♠️ / Q ♠️ / J ♠️ / 10 ♠️ )

" အကြီးအကဲဖန်သာ Flush ရရင် ဒီကလေး သေပြီပဲ "

" ဒီကလေးက အကြီးအကဲဖန် flush မရဘူးထင်လို့ ဒီလို လောင်းရဲနေတာဖြစ်မယ် "

" ဒါပေမဲ့လည်း အန္တရာယ်များလွန်းတယ်။ အရင်လောင်းကြေးတွေပါ ပေါင်းလိုက်မယ်ဆိုရင် ဒီတစ်ပွဲရဲ့လောင်းကြေးက သန်း၁၉၀ ဖြစ်နေပြီ "

" သူရှုံးရင်တော့ ပြေးငိုစရာနေရာ ရှိမှာတောင် မဟုတ်ဘူး "

" စောင့်ကြည့်ကြတာပေါ့ ...... "

ယဲ့ဖန်အနောက်မှာ ရပ်နေတဲ့ ကျူးရှောင်ကျောင်းလည်း လန့်သွားသည်။

သူမက ယဲ့ဖန်၏ ဝှက်ဖဲကို ယဲ့ဖန်အပြင် နောက်ထပ်သိတဲ့ တစ်ဦးတည်းသောသူဖြစ်သည်။

ယဲ့ဖန်၏ ဝှက်ဖဲက အတော်လေးဆိုးသည်။ အတော်အတော်ကိုဆိုးသည်ဟု ပြောနိုင်သည်။

ဒီလောက် စုတ်ပြတ်နေတဲ့ကတ်နဲ့ သန်း ၁၀၀ တောင် လောင်းရဲတာလား။

ဒီတစ်ယောက် ဘာတွေတွေးနေတာလဲ။

သူမက ပူပန်နေသော်လည်း ဘာအမူအရာမှ မပြရဲပေ။

သူမ စိုးရိမ်ရုံသာ တတ်နိုင်သည်။

ယဲ့ဖန်က သန်း ၁၀၀ ထိ လောင်းလိမ့်မယ်လို့ ဖန်ရှင်းကျားလည်း ထင်မထားပေ။

သူက သူ့ဝှက်ဖဲကို ကြည့်ဖို့ ပြင်နေချိန်မှာ ဟားကျီယုန်းက ပြောလိုက်သည်။

" အကြီးအကဲဖန်၊ ခင်ဗျား ဝှက်ဖဲကိုတောင် ကြည့်စရာမလိုပါဘူး။ လိုက်လောင်းနိုင်ပါတယ် "

ဖဲဝေသူအနေနဲ့ စကားဝင်ပြောပိုင်ခွင့် မရှိချေ။ အဲ့တာက သေချာပေါက် မသင့်လျော်တာဖြစ်သည်။

ဖန်ရှင်းကျားက ဟားကျီယုန်းကို စိုက်ကြည့်လိုက်သည်။ ဟားကျီယုန်း ဘာတွေစီစဉ်နေလဲဆိုတာ သူ မသိချေ။

သို့ပေမဲ့ သူ ဒီတစ်ခေါက်ပြိုင်ပွဲကို Ark ကာစီနို၏ ပိုက်ဆံနဲ့ သုံးနေတာဖြစ်သည်။

ဟားကျီယုန်းကတောင် ပြောနေမှတော့ သူလည်း ဘာမှပြောစရာ မရှိတော့ပေ။

သူကလည်း သန်း ၁၀၀ တန် ချက်လက်မှတ်ရေးပြီး စားပွဲပေါ်တင်လိုက်သည်။

" လောင်းကြေးလိုက်မယ် "

နဂို သန်း ၈၀ နှင့်ပေါင်းလျှင် ဖန်ရှင်းကျား၏ လောင်းကြေးက သန်း ၁၈၀ ဖြစ်နေပြီဖြစ်သည်။

အကြီးကျယ်ဆုံး လောင်းကစားပွဲကြီးဟု ဆိုနိုင်သည်။

စောင့်ကြည့်ခန်းထဲကရော ရှုံးပြီးသား ကစားသမားတွေပါ ပွက်လောရိုက်နေကြသည်။

" ဒါက လောင်းကစားအစစ်ပဲ "

" စစ်မှန်တဲ့ တိုက်ပွဲကြီး။ ငါကြိုက်တယ် "

" ယဲ့ဖန်က လောင်းကြေး လိုက်ရဲမယ်လို့ မင်းထားလား။ သူလောင်းတာက သန်း ၂၀၀ တောင် ကပ်နေပြီလေ "

" မလိုက်ရင်လည်း သန်း ၂၀၀ က ရေစုန်မြောမှာပဲ "

" သူက ထပ်ပြီး အဲ့လှည့်ကွက် သုံးမလို့ထင်တယ်။ ငါတို့ကိုတော့ လှည့်စားလို့ရနိုင်ပေမဲ့ အကြီးအကဲထန်ကိုတော့ သူ လှည့်စားနိုင်ပါ့မလား "

" ဒဏ်ချက်ကတော့ သေးမှာ မဟုတ်ဘူး "

ယဲ့ဖန်က ဖန်ရှင်းကျားကို အကြာကြီး စိုက်ကြည့်နေသည်။

" စီနီယာကြီး၊ ခင်ဗျားက ကျွန်တော့်ကို ချောင်ပိတ်မလို့လား "

ဖန်ရှင်းကျား ဆေးပေါ့လိပ်တစ်ဖွာ ဖွာလိုက်သည်။

" လူငယ်လေး၊ ငါမင်းကို တွန်းအားမပေးသလို ချောင်လည်းမပိတ်ဘူး။ လောင်းကြေး မလိုက်ရဲရင် လက်နက်ချပြီး အရှုံးပေးလိုက် "

ယဲ့ဖန်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

" ဒီလောက်ထိ လောင်းထားပြီးမှတော့ ထွက်ဖို့နည်းရော ရှိပါဦးမလား "

ထို့နောက် ယဲ့ဖန်က ချက်လက်မှတ်တစ်စောင် ထပ်ရေးလိုက်သည်။

" လောင်းကြေးကို နောက်ထပ် သန်း ၁၀၀ မြှင့်လိုက်မယ် "

ဖန်ရှင်းကျားကလည်း တွန့်ဆုတ်မနေဘဲ ချက်လက်မှတ်ရေးလိုက်သည်။

" ဒါဆို ငါလည်း ၁၀၀ ထပ်မြှင့်မယ် "

ထိုသို့ပြောပြီးနောက် သူက ယဲ့ဖန်ကို သွေးတိုးစမ်းတဲ့အကြည့်ဖြင့် ကြည့်နေသည်။

" ခင်ဗျားက တွန်းအားပေးတာပဲ။ ကောင်းပြီလေ၊ လာထားစမ်းပါ "

ယဲ့ဖန် မျက်စိတွေက နီရဲနေပြီး စိတ်လွတ်တော့မည့်ပုံ ပေါက်နေသည်။

သူက ချက်ချင်း ဖောင်တိန်ဆွဲယူကာ နောက်ထပ်ချက်လက်မှတ်တစ်စောင် ရေးလိုက်သည်။

" သန်း ၂၀၀ လောင်းကြေးတင်တယ် "

ထိုသို့ပြောပြီးတာနဲ့ သင်္ဘောတစ်ခုလုံး ငြိမ်ကျသွားသည်။

သင်္ဘောဝမ်းထဲမှ ရှုံးသွားတဲ့ ပြိုင်ပွဲဝင်တွေက အတော် ထိတ်လန့်ကုန်ကြသည်။

" ဒီကောင်က ရူးနေပြီ။ တကယ်ရူးနေပြီ။ သူက သန်း ၂၀၀ တောင်လောင်းတာလား "

" ဒီတစ်ပွဲတည်းနဲ့ သူလောင်းတာ သန်း ၅၀၀ ကပ်နေပြီ။ သူ တကယ်ရူးနေပြီလို့ ငါထင်တယ် "

" သူက အကြီးအကဲဖန် ကြောက်ပြီး လက်ရှောင်အောင် လုပ်နေတာ မဟုတ်လား "

" အကြီးအကဲဖန်ကရော ရှင်းနိုင်ပါ့မလား။ သူက ဒီကလေးကိုကြောက်ပြီးတော့ လက်မရှောင်လောက်ပါဘူး၊ ဟုတ်တယ်မလား "

" ဘာပဲဖြစ်ဖြစ် ငါဆိုရင်တော့ ကြောက်လို့ ဆက်ကစားရဲမှာ မဟုတ်ဘူး "

" ရှူး၊ အကြီးအကဲဖန်က စကားပြောတော့မယ် "

ထိုအချိန်တွင် ဖန်ရှင်းကျားက ယဲ့ဖန်ကို အတော်လေးနက်တဲ့အမူအရာဖြင့် ကြည့်နေသည်။

" လူငယ်လေး၊ မင်း စိတ်လွတ်သွားပြီလား "

ယဲ့ဖန်က လက်ကို ဝှေ့ယမ်းပြီး ဖန်ရှင်းကျားကို ကြည့်လိုက်သည်။

" အပိုတွေပြောမနေပါနဲ့။ ကျွန်တော်သိချင်တာက ခင်ဗျား လိုက်လောင်းရဲလားဆိုတာဘဲ "

အပိုင်း ( ၄၈၈ )

ဘာလဲ၊ ရှုံးဖို့ ပိုက်ဆံ မတတ်နိုင်ဘူးလား

ဖန်ရှင်းကျားက ယဲ့ဖန်၏ တဇွတ်ထိုးဆန်မှုကို ရင်ဆိုင်နေရသည်။

သူ တွန့်ဆုတ်နေသည်။

ဖန်ရှင်းကျားက သူ့ရဲ့ ဝှက်ဖဲကို ကြည့်ဖို့ လုပ်တဲ့အချိန်မှာ ဟားကျီယုန်းက ဝင်ပြောသည်။

" အကြီးအကဲဖန်၊ ဘာကြောက်စရာရှိလို့လဲ။ သန်း ၂၀၀ တင်ပြီး ဖွင့်လိုက်တော့ "

ဖန်ရှင်းကျားက ဟားကျီယုန်းကို စိတ်ရှုပ်ထွေးတဲ့အမူအရာဖြင့် ကြည့်လိုက်သည်။

ဟားကျီယုန်းက ဘာလို့ အဲ့လောက် သေချာနေမှန်းသူ မသိချေ။

ဟားကျီယုန်းကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်သည်။

ယဲ့ဖန်က လောင်းရဲလေလေ သူက ယုံကြည်မှုရှိလေဖြစ်သည်။

ဘာလို့လဲဆိုတော့ ဖဲကတ်တွေကို သူ လှည့်စားထားတာကြောင့်ဖြစ်သည်။

ဖန်ရှင်းကျားကို သူပေးခဲ့တဲ့ ကတ်တွေက K ♠️, Q ♠️, J ♠️, 10 ♠️ တို့ဖြစ်သည်။

ပြီးတော့ ဖန်ရှင်းကျားရဲ့ ဝှက်ဖဲကလည်း A ♠️ ဖြစ်သည်။

ကတ်ဖွင့်တဲ့အခါ ဖန်ရှင်းကျားရဲ့ ကတ်တွေက ♠️ A K Q J 10 အတန်းလိုက်ဖြစ်လိမ့်သည်။

ယဲ့ဖန်က သေချာပေါက် ရှုံးလိမ့်မည်။

သူက ဒီပွဲမှာ သန်း ၅၀၀ တောင် ရှုံးမှာဖြစ်သည်။

တကယ်လို့ ကာစီနိုဘက်ကသာ ထုတ်ပေးနိုင်သေးရင် ဖန်ရှင်းကျားကို ဘီလီယံချီတဲ့အထိ လောင်းကြေးတင်ခိုင်းပြီး ယဲ့ဖန်ကို မွဲပြာကျအောင် လုပ်ပစ်မှာဖြစ်သည်။

ဖန်ရှင်းကျားက ဟားကျီယုန်း ဘာတွေစီစဉ်ထားမှန်းမသိပေမဲ့ သူ့အနေနဲ့လည်း ငြင်းဆန်စရာအကြောင်းမရှိပေ။

" သန်း ၂၀၀ လောင်းကြေးလိုက်တယ်။ မင်း ကတ်ကို ဖွင့်လိုက် "

ထိုသို့ပြောပြီး ဖန်ရှင်းကျားက သူ့ကတ်ကို ဖွင့်လိုက်သည်။

လူတိုင်းက အသက်တောင် မရှူရဲကြပေ။

သူတို့က ဖန်ရှင်းကျားရဲ့ လက်ထဲက ဝှက်ဖဲကတ်ကို ကြည့်နေကြသည်။

ဒီကတ်က ဂိမ်းရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးမှာ ဖြစ်သည်။

လူတိုင်းက ချွေးအေးတွေ ထွက်လာနေသည်။

ဖန်ရှင်းကျားက ဝှက်ဖဲကို ထုတ်ကြည့်လိုက်သည်။

သူ့ အမူအရာက ပြောင်းသွားရသည်။

နေရာမှာတင် တောင့်ခဲနေတော့သည်။

ဟားကျီယုန်းကတော့ ဖန်ရှင်းကျားရဲ့ကတ်ကို မကြည့်ပေ။ သူက ထိုဝှက်ဖဲကတ်က ဘာလဲဆိုတာ သိပြီးသားဖြစ်သည်။

သူက ယဲ့ဖန်ဘက်ကို လှည့်ပြီး မောက်မာစွာ ပြုံးကာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ မင်း ဒီပွဲကို ရှုံးပါပြီ "

ယဲ့ဖန်က သူ့ကို လှောင်ရိပ်သန်းစွာ ပြန်ကြည့်သည်။

" ခင်ဗျား ဘာကိုဆိုလိုတာလဲ ကျွန်တော် နားမလည်ဘူး "

ဟားကျီယုန်းက ချက်ချင်း ဟွန်းခနဲ နှာမှုတ်လိုက်သည်။

" ဒီရိုက်ချက်က ပြင်းထန်လွန်းလို့ မင်းဦးနှောက်က အလုပ်မလုပ်တော့တာလား။ အကြီးအကဲဖန်ရဲ့ကတ်တွေက A♠️ K♠️ Q♠️ J♠️ 10♠️တွေလေ "

" မင်းမှာ နိုင်ဖို့ ဘာရှိလဲ "

ယဲ့ဖန်က ဖန်ရှင်းကျားရဲ့ ဝှက်ဖဲကို လက်ညှိုးထိုးပြလိုက်သည်။

" ခင်ဗျား မျက်လုံးက ဖင်မှာပေါက်နေတာလား။ အဲ့ကတ်က A ♠️ လား "

ဟားကျီယုန်းက ကြောင်သွားပြီး အမြန် လှည့်ကြည့်လိုက်သည်။

ထို့နောက် သူ့ကို မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားသည်။

ထိုကတ်က A ♠️ မဟုတ်ဘဲ 8 ♥️ ကြီး ဖြစ်နေခဲ့သည်။

ဖန်ရှင်းကျား၏ ကတ်တွေက K♠️ Q♠️ J♠️ 10♠️ 8 ♥️တို့ ဖြစ်နေသည်။

အတန်းလိုက် Royal Flush ကနေ ဘာမှမဟုတ်တဲ့ကတ်အဖြစ် ပြောင်းသွားသည်။

ဖန်ရှင်းကျားမှာရှိတဲ့ အကြီးဆုံးကတ်က K♠️ ဖြစ်သည်။

" ဒါ ..... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ဟားကျီယုန်းက ပြေးသွားပြီး ဖန်ရှင်းကျားဆီက 8♥️ ကို ဆွဲယူလိုက်သည်။

" ဒါက ဒါက ဘာလို့ 8♥️ ဖြစ်နေရတာလဲ။ သေချာပေါက် A♠️ပါ "

ထိုအချိန်တွင် ယဲ့ဖန်က အနောက်မှ ရုတ်တရက်ပြောလာသည်။

" ဘာလို့လဲဆိုတော့ A♠️က ကျွန်တော့်ဆီမှာလေ "

ထိုသို့ပြောပြီး ယဲ့ဖန်က သူ့ဝှက်ဖဲကို ဖြည်းဖြည်းချင်း ဖွင့်ပြလိုက်သည်။

A♠️

သူ့ကတ်တွေက A♠️ Q♦️ J♦️ 9♣️ 10♦️ဖြစ်ကြသည်။

ယဲ့ဖန်ကတ်တွေကလည်း ဘာအစဉ်မှ မရှိပေ။

သို့ပေမဲ့ ယဲ့ဖန်၏ အကြီးဆုံးကတ်က A♠️ ဖြစ်သည်။

ထို့ကြောင့် ဖန်ရှင်းကျား၏ K♠️နှင့် ယှဉ်လျှင် ပိုကြီးလေသည်။

ထို့ကြောင့် ဒီပွဲမှာ ယဲ့ဖန်နိုင်လေသည်။

သင်္ဘောပေါ်က လူတိုင်းက ကြောက်ရွံ့ထိတ်လန့်ကုန်ကြသည်။

ဒါက အလွန်ကို အံ့အားသင့်စရာကောင်းတဲ့ အပြောင်းအလဲကြီးဖြစ်သည်။

အစပိုင်းကတည်းက အသာစီးရထားခဲ့တဲ့ ဖန်ရှင်းကျားက ရှုံးသွားခဲ့ရသည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ ဒီလိုလောင်းကြေးကြီးလှတဲ့ ပွဲကြီးကို တစ်ချက်တည်းနဲ့ နိုင်သွားခဲ့သည်။

အားလုံးက မယုံနိုင်ဖြစ်နေကြသည်။

" A♠️ နဲ့ K♠️ကို နိုင်သွားတာလား။ ဒီ .... ဒီပွဲကြီးက မထူးဆန်းလွန်းဘူးလား "

" ဟုတ်တယ်၊ ဒီလို ဘူသွားတဲ့ကတ်တွေနဲ့ သန်းရာချီလောင်းရသွားတာလား။ အိပ်မက်မက်နေတာများလား "

" သူက A♠️ နဲ့တင် သန်း ၅၀၀ နိုင်သွားတာတဲ့လား။ ဒါက ဒဏ္ဍာရီဆန်လွန်းတာပဲ "

" ငါ နှစ်တွေအကြာကြီး လောင်းကစားလုပ်လာပေမဲ့ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး "

" ယဲ့ဖန်က ဖန်ရှင်းကျားကို အနိုင်ယူခဲ့တာလား။ အဲ့တာက ဖြစ်ရောဖြစ်နိုင်ရဲ့လား "

" သူက ငယ်သေးပေမဲ့ သူ့အနာဂတ်တွေက အကန့်သတ်မဲ့ဘဲ "

သင်္ဘောခန်းထဲက လူတွေနဲ့မတူဘဲ စောင့်ကြည့်ခန်းထဲမှ ရှယ်ယာရှင်များက ပေါက်ကွဲနေသည်။

" ဖန်ရှင်းကျားက ရှုံးတာလား။ ဘာလို့ရှုံးတာလဲ။ ဘာလို့လဲ "

" ဟားကျီယုန်း ဘာလုပ်နေတာလဲ။ ဖန်ရှင်းကျားနိုင်မယ်လို့ ငါတို့ကို ကတိပေးထားတယ် မဟုတ်လား "

" ငါတို့ အခု ဘာလုပ်ကြတော့မလဲ။ သန်းရာချီရှုံးတဲ့အပြင် ငါတို့သင်္ဘောကိုပါ ရှုံးဦးမယ်။ ဘာလုပ်ကြမလဲ၊ ဘာလုပ်သင့်လဲ "

" ဒီကစားပွဲက ငါတို့ကို မွဲအောင် လုပ်တော့မှာပဲ။ မရဘူး၊ လက်မခံနိုင်ဘူး။ မဖြစ်နိုင်ဘူး "

" ဟားကျီယုန်းကို ချက်ချင်း အကြောင်းကြားလိုက်။ ဘာနည်းပဲသုံးသုံး၊ ဒီပြဿနာကို ဖြေရှင်းခိုင်း။ မဟုတ်ရင် ငါတို့ကို ရှင်လျက်နဲ့ လာမတွေ့နဲ့လို့ "

သင်္ဘောတစ်ခုလုံးပေါ်မှာ အအံ့ဩဆုံးသူက ဘယ်သူဖြစ်မလဲ။

သေချာပေါက် ကျူးရှောင်ကျောင်း ဖြစ်ပါလိမ့်မည်။

သူမက ယဲ့ဖန်၏ဝှက်ဖဲမှာ 7♣️ဖြစ်မှန်း သူမ သေချာပေါက် ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရသည်။

ဘာလို့ ရုတ်တရက်ကြီး A♠️ ဖြစ်သွားတာလဲ။

သူမ မှားမြင်တာများလား။

သရဲလုပ်သွားတာလား။

ဒါမှမဟုတ် ယဲ့ဖန် .... သူ ညစ်ဆော့လိုက်တာလား။

တကယ်လို့ ညစ်ဆော့တာသာဆိုရင်တော့ အံ့မခန်းဘဲ။

ဒါပေမဲ့ မိသွားရင် ကာစီနိုရဲ့ စည်းမျဉ်းတွေအရ သူ့လက်ဖြတ်ခံရလောက်မယ်ထင်တယ်။

တခြားသူတွေက ဘယ်လိုတွေးလဲမသိပေမဲ့ ယဲ့ဖန်၏ အမူအရာက တည်ငြိမ်စွာနဲ့ ထိုင်နေသည်။

" အကြီးအကဲဖန်၊ ပိုက်ဆံရောရှိသေးရဲ့လား။ ဆက်ပြီး ပွဲကစားချင်သေးလား "

ဖန်ရှင်းကျားက ဟားကျီယုန်းကို လှမ်းကြည့်လိုက်သည်။

" ငါ့မှာ ဘတ်ဂျက်မကျန်တော့ဘူး။ ဒီပွဲကို ငါရှုံးပြီ "

ဖန်ရှင်းကျားက အရှုံးပေးလိုက်ပြီးနောက် ပြိုင်ပွဲက အဆုံးသတ်သွားလေတော့သည်။

ယဲ့ဖန်က ချန်ပီယံဖြစ်သွားလေသည်။

နိုင်ကြေးအဖြစ် ယွမ် သန်း၁၀၀ ရတဲ့အပြင် အပျော်စီးသင်္ဘောကိုလည်း ရသွားလေသည်။

သန်း ၅၀၀ ကိုတောင်မှလည်း နိုင်လိုက်သေးသည်။

" စီနီယာကြီးဖန်က အရှုံးဝန်ခံမှတော့ ကျွန်တော်က အဆုံးသတ်ရတာပေါ့ "

ယဲ့ဖန်က စကားပြောပြီးတာနဲ့ တိုကင်ပြားတွေကို သိမ်းတော့သည်။

ထိုအချိန်တွင် ဟားကျီယုန်းက ခေါင်းမော့လာပြီး ယဲ့ဖန်ကို ရဲတက်နေတဲ့ မျက်လုံးတွေဖြင့် ကြည့်လေသည်။

" မင်း ညစ်တာ။ မင်း ငါ့ကာစီနိုထဲမှာ ညစ်ရဲတယ်လား။ မင်းက သေချင်နေတာပဲ "

သူ ပြောပြီးတာနဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတစ်အုပ်က ပုန်းနေရာကနေ ရုတ်တရက် ပြေးထွက်လာပြီး ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ကို ဝိုင်းထားလိုက်သည်။

ထိုမြင်ကွင်းကြောင့် ရှုံးပြီးသား ပြိုင်ပွဲဝင်တွေက လန့်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

သူတို့က လူအသင့်စောင့်ခိုင်းထားတာလား။

အကြွေးမပေးချင်လို့ အဲ့လို စီစဉ်ထားတာလား။

ကျူးရှောင်ကျောင်းက ယဲ့ဖန်၏လက်ကို စိတ်ပူပင်စွာ ဆွဲလိုက်သည်။

" ငါတို့ အခု ဘာလုပ်ကြမလဲ "

ယဲ့ဖန်က အနက်ရောင်ဝတ်စုံနဲ့လူအုပ်စုကို ကြည့်လိုက်ပြီး ဟားကျီယုန်းဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။

" ဘာလဲ။ ရှုံးဖို့ ပိုက်ဆံ မတတ်နိုင်ဘူးလား "

All Chapters