အပိုင်း ၄၈၉-၄၉၂
Vol. 25 Ch. 489-492
အပိုင်း ( ၄၈၉ )
ဆုကြေးငွေ ထုတ်ယူခြင်း
ဟားကျီယုန်းက စိတ်လွတ်နေပြီ ဖြစ်ပြီး ယဲ့ဖန်ကိုသာ စူးစိုက်ကြည့်နေသည်။
" A ♠️ က ဘယ်လိုလုပ် မင်းလက်ထဲ ရောက်နေတာလဲ။ မင်း ညစ်ဆော့တာ "
ယဲ့ဖန်က ထိုစကားကြားတဲ့အခါ မတတ်နိုင်ဘဲ ရယ်လိုက်မိသည်။
" ဘာလို့ ကျွန်တော့်ဆီမှာ A♠️ မရှိနိုင်ရမှာလဲ။ ခင်ဗျားက တစ်ခုခုလုပ်ထားလို့လား။ အဲ့ကတ်ကို အကြီးအကဲဖန်ဆီ ပေးထားတာမလို့လား "
ဟားကျီယုန်းက ဒေါသထွက်နေသော်လည်း အရူးတော့ မဟုတ်ပေ။ သူက ချက်ချင်း ငြင်းလိုက်သည်။
" မင်းက မဟုတ်တာတွေ ပြောနေတာ။ ငါ ဘယ်တုန်းက ဘာလုပ်လို့လဲ။ ငါ အဲ့လိုကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး "
ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။
" ဘာမှ မလုပ်ဘူးဆိုမှတော့ ကျွန်တော်က A♠️ လဲလိုက်တယ်လို့ သေချာနေရတာလဲ "
ဟားကျီယုန်းက ယဲ့ဖန်နဲ့ ပြိုင်ပြောမနေတော့ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" မင်း ဘယ်လောက် ငြင်းငြင်း မင်းလိမ်ခဲ့တာ သိနေတာပဲ။ ငြင်းနေလဲ အပိုပဲဆိုတာ သိထားသင့်တယ် "
" ဒီမှာ စောင့်ကြည့်ကင်မရာတွေ အများကြီးရှိတာပဲ။ အဆင်ပြေသလို စစ်လို့ရတယ်။ ကျွန်တော်လိမ်တယ်လို့ သက်သေရှာတွေ့ရင် ဒီပွဲကို အရှုံးပေးလိုက်မယ် "
ဟားကျီယုန်းက ယုတ်မာတဲ့အပြုံးမျိုး ပြုံးလိုက်သည်။
" ဟိုဟိုဒီဒီတွေ အကွက်ဆင်မနေနဲ့။ ကြည့်ရတာ ခက်ခဲတဲ့နည်းလမ်းကိုပဲ သုံးရတော့မယ်ထင်တယ်။ ငါ့ကို မယဉ်ကျေးဘူးလို့ အဆိုးမဆိုနဲ့ "
ထိုသို့ပြောပြီး သူ့လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။
" ဒီခွေးသားလေးကို ဖမ်းပြီး သင်ခန်းစာပေးလိုက်ကြ "
အနက်ရောင်ဝတ်စုံပြည့်နဲ့ ယောက်ျားတစ်စုက ချက်ချင်း ရှေ့ကို ပြေးတက်လာကြသည်။
ဒီဟားကျီယုန်းက စိတ်လွတ်နေပြီမှန်း ယဲ့ဖန်သိလိုက်သည်။ သက်သေရှိလား မရှိလား ဂရုမစိုက်ဘဲ သူ့ကိုသာ ပြဿနာရှာဖို့ လုပ်နေတာဖြစ်သည်။
ယဲ့ဖန်က ဘာမှမပြောဘဲ ထိပ်ဆုံးက ပြေးလာတဲ့ယောက်ျားကို ကန်ထည့်လိုက်ရာ ထိုလူက သင်္ဘောပတ်ပေါ်ကနေ ပင်လယ်ထဲကို ဗွမ်းခနဲ ကျသွားတော့သည်။
သူက လေချွမ်သိုင်းကို ကျွမ်းကျင်နေပြီးသား ဖြစ်သည်။
ဒီလူတွေလောက်က သူ့မျက်လုံးထဲ ဘောင်မဝင်ပေ။
ခြေရောလက်ပါ အရှိန်မြန်မြန်နဲ့ တရစပ်တိုက်ခိုက်နေသည်။
အနက်ရောင်ဝတ်စုံနဲ့ လူတွေက ဖက်ထုပ်ပြုတ်ခံနေရသလို ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျနေသည်။
အစက စိုးရိမ်နေခဲ့တဲ့ ကျူးရှောင်ကျောင်းက အခုတော့ သူမမျက်လုံးထဲမှာ ထူးဆန်းတဲ့အကြည့်သာ ရှိနေတော့သည်။
ဒီတစ်ယောက်က လောင်းကစားအရည်အချင်းတင်မကဘဲ အတိုက်အခိုက်မှာပါ တော်နေမယ်လို့ သူမထင်မထားပေ။
တော်ရုံတင်မဟုတ် အလွန့်အလွန်ကို သန်မာနေသေးသည်။
သူမရဲ့ ကိုယ်ရံတော်တွေထက်တောင် သန်မာသေးသည်။
ဒီတစ်ယောက်က စူပါမန်းများလား။
ယဲ့ဖန်က ဒီလောက် အားကြီးမယ်လို့ ဟားကျီယုန်းလည်း မထင်ခဲ့ပေ။
ထို့ကြောင့် ကြောက်လွန်းလို့ မျက်နှာက ဖြူဖျော့လာတော့သည်။
စောင့်ကြည့်ခန်းထဲမှ ရှယ်ယာရှင်တွေက လုံခြုံရေးတွေ ချက်ချင်း ထပ်လွှတ်သည်။
မကြာခင်မှာဘဲ သင်္ဘောခန်းထဲကနေ လုံခြုံရေးအုပ်လိုက်ကြီး ထွက်လာသည်။
ဒီလုံခြုံရေးတွေကို ဈေးကြီးပေးငှားထားရတာဖြစ်ပြီး သူတို့အင်အားက သာမန်သူခိုးဂျပိုးကောင်တွေထက် သာလွန်သည်။
ပြီးတော့ သူတို့တစ်ယောက်ချင်းစီတိုင်းက ဓားမြှောင်ကို ကိုင်ထားကြကာ ပုံစံက မြင်သူတိုင်းကို ကျောချမ်းစေနိုင်သည်။
ထိုအခါမှ ဟားကျီယုန်း စိတ်ပြန်ငြိမ်လာတော့သည်။
သူက ယဲ့ဖန်ကို ထပ်ကြည့်လိုက်သည်။
" ဒီမှာ ကောင်လေး၊ မင်း ရှုံးတာကို ဝန်ခံပြီး ပိုက်ဆံတွေပြန်ထားခဲ့လိုက်။ အဲ့တာဆို မင်းကို လွှတ်ပေးဖို့ စဉ်းစားပေးမယ် "
ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
" ကျွန်တော် ညစ်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ရင် ဝန်ခံမယ်။ မပြနိုင်ရင်တော့ ခင်ဗျားက စွပ်စွဲနေတာပဲ "
ဟားကျီယုန်းက ဒေါသတကြီး အံကြိတ်လိုက်သည်။
တကယ်တော့ သူ့သူဌေးတွေက စောင့်ကြည့်ခန်းထဲကနေ စီစီတီဗီကင်မရာကို ခဏခဏထပ်တလဲလဲ စစ်ဆေးပြီးပြီဖြစ်သည်။
ယဲ့ဖန်ညစ်တဲ့သက်သေ ရှာမတွေ့ခဲ့ပေ။
မဟုတ်ရင် ဒီလောက်ကြီးကြီးကျယ်ကျယ် မလိုတဲ့ဟာတွေ လုပ်နေပါ့မလား။
" မင်းက ခေါင်းမာနေသေးမှတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့ "
ထိုသို့ပြောပြီးတာနဲ့ လုံခြုံရေးတွေက ယဲ့ဖန်တို့ဆီကို ထပ်ပြေးလာသည်။
ထိုအချိန်မှာပဲ နောက်ထပ်အနက်ရောင်ဝတ်စုံပြည့်နဲ့ အုပ်စုတစ်စုက သင်္ဘောပတ်ပေါ်ကို တက်လာသည်။
အရှိန်အဝါအားဖြင့် ပြောရမယ်ဆိုလျှင် ထိုလူအုပ်စုက Ark ကာစီနိုဘက်က လုံခြုံရေးတွေထက် ပိုသာလေသည်။
ထိုအုပ်စုက ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့အရှေ့ရပ်ကာ သူတို့ကို ကာကွယ်သည်။
ကျူးရှောင်ကျောင်းက ထိုလူအုပ်စုကို မြင်တဲ့အခါ အံ့ဩသွားပေမဲ့ ထိုအုပ်စုကို ဦးဆောင်လာတဲ့ အလယ်ကလူကို လက်ယမ်းပြလိုက်သည်။
" လုံဦးလေး၊ မြန်မြန် ဒီလူတွေကို ရှင်းပါဦး။ သူတို့ကို ကျွန်မကို ခြောက်လှန့်ပြီး ရိုက်မယ် ပြုမယ် ပြောနေတာ ...... "
ထိုဦးလေးလုံဆိုတဲ့သူက သူမစကားကိုကြားပြီး ဆွံ့အသွားရသည်။
ထိုလူမိုက်တွေက ယဲ့ဖန်ဆီကိုသာ ဦးတည်သွားမှန်း သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
သို့ပေမဲ့ ဒီလူငယ်လေးက သခင်မလေးရဲ့ သူငယ်ချင်းဖြစ်တာကြောင့် သူ့မှာ ကာကွယ်ပေးရမယ့်တာဝန်ရှိသည်။
ဟားကျီယုန်းက မျက်မှောင်ကြုတ်ပြီး ထိုလူတွေကို ကြည့်လိုက်သည်။
" ဘယ်သူတွေလဲ။ မင်းတို့က ငါတို့ Ark ကာစီနိုနဲ့ ရန်သူဖြစ်ချင်နေတာလား "
လုံဦးလေးရဲ့ နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားသည်။
" Ark ကာစီနိုတဲ့လား။ ဘယ်လောက်တောင် အံ့ဩတုန်လှုပ်စရာကောင်းတဲ့ တည်ရှိမှုကြီးလဲ "
ဟားကျီယုန်းက ထိုလူရဲ့ အကြည့်တွေကိုမြင်ပြီး မသေချာသလို ခံစားလိုက်ရသည်။
" မင်း .... မင်းတို့တွေက ဘယ်သူတွေလဲ "
ဦးလေးလုံက ဖြည်းဖြည်းချင်းလျှောက်လာပြီး သူ့နားကို ကပ်ပြောလိုက်သည်။
ဟားကျီယုန်းရဲ့ အမူအရာက အဖတ်ဆယ်မရအောင်ကို ပျက်သွားပြီး ခြေထောက်တွေပါ စတုန်လာတော့သည်။
" လွှတ် ...... သူတို့ကို လွှတ်လိုက် "
သူ့စကားကို ကြားတဲ့အခါ ရှယ်ယာရှင်တွေက ချက်ချင်း ပေါက်ကွဲသွားတော့သည်။
" ဒီ ဟားကျီယုန်းက ရူးသွားပြီလား။ ဒီကလေးကို ဘာလို့ လွှတ်ပေးလိုက်တာလဲ။ ငါတို့ပိုက်ဆံတွေကရော "
" မြန်မြန် အမိန့်ပေးလိုက်။ အဲ့ကလေးကို ဖမ်းထားဖို့ "
" အဲ့လူက ဘာပြောလိုက်တာလဲ။ ဘာလို့ အဲ့လောက် ကြောက်ပြနေတာလဲ "
" သူ ဘာပြောပြော ယဲ့ဖန်က ဒီမှာပဲ ကျန်နေခဲ့ရမယ် "
သူတို့က ဟားကျီယုန်းကို အမိန့်တွေပေးနေကြပေမဲ့ ဟားကျီယုန်းက လျစ်လျူရှုထားသည်။
ဦးလေးလုံက ယဲ့ဖန်တို့ဘက်ကို ပြန်လှည့်လာသည်။
" သခင်မလေး၊ ပြန်ကြရအောင်ပါ "
ကျူးရှောင်ကျောင်းက သဘောမတူဘဲ ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ဖန်ကတော့ ဟားကျီယုန်းကိုသာ ကြည့်နေသည်။
" ဆုငွေပိုက်ဆံ ထုတ်ပေးလို့ရပြီလား "
ဟားကျီယုန်းက ဦးလေးလုံကို ကြည့်ပြီး အံကြိတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
" ရပြီ "
" ဒါဆို သင်္ဘောကရော ကျွန်တော့်အပိုင် ဖြစ်ပြီလား "
" ရပါတယ် "
ဟားကျီယုန်း၏ မျက်နှာက မိုးပြိုတော့မလို မျက်ရည်တွေပါဝဲနေသည်။
" ဟုတ်ပါတယ် "
ယဲ့ဖန်က အံ့ဩသွားကာ ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။
သူ အခု အတော်လေးသိချင်မိသွားသည်။ ဒီမိန်းကလေးက ဘယ်သူများလဲ။
သူမရဲ့ ကိုယ်ရံတော်တွေက စကားတစ်ချို့ပြောလိုက်တာနဲ့ ဟားကျီယုန်းက ဆုကြေးငွေကို ဒီလို ရက်ရက်ရောရော ထုတ်ပေးလေသည်။
သူက မသေချာဖြစ်နေသော်လည်း ခဏတော့ သူ့ သိချင်စိတ်ကို ထိန်းထားရုံသာ တတ်နိုင်သည်။
ဟားကျီယုန်းက ဆုငွေထုတ်ဖို့ သူကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလေသည်။
ဆုငွေ သန်း ၁၀၀အပြင် ဖန်ရှင်းကျားနဲ့ပွဲက သန်း ၄၈၀ နိုင်ထားတာတွေအပါ ယဲ့ဖန်၏ဘဏ်ကတ်ထဲသို့ ဝင်လာသည်။
တစ်ချိန်တည်းမှာပဲ သူက အပျော်စီးသင်္ဘောအတွက် လွှဲပြောင်းခြင်းဆိုင်ရာ စာရွက်စာတမ်းတွေမှာလည်း လက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်အရ Ark ကာစီနိုက အပျော်စီးသင်္ဘောကနေ ဖယ်ရှားပေးရမှာဖြစ်ပြီး တစ်ပတ်အတွင်း ယဲ့ဖန်အား လွှဲပြောင်းပေးရမည်ဖြစ်သည်။
တစ်နည်းဆိုရလျှင် အခုကစပြီး ယဲ့ဖန်က ဒီအပျော်စီးသင်္ဘော၏ ပိုင်ရှင်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် "
ယဲ့ဖန်က စာချုပ်ကိုကိုင်ပြီး ဟားကျီယုန်းကို လက်ပြနှုတ်ဆက်သည်။
ထို့နောက် လှည့်ပြီး ဟားကျီယုန်းနဲ့အတူ လှည့်ထွက်သွားသည်။
ဟားကျီယုန်းက ယဲ့ဖန်ကျောကိုကြည့်ပြီး အံကြိတ်နေရပေမဲ့ ဘာမှ မလုပ်နိုင်ပေ။
ဒီတစ်ခါတော့ သူ အကြီးအကျယ်နှစ်ခါပြန် ရှုံးသွားရသည်။
ကာစီနိုတာ ရှုံးတာကို ပြန်အဖတ်မဆယ်နိုင်ခဲ့တဲ့အပြင် ထပ်ပြီး အကြီးအကျယ်ရှုံးသွားရပြန်သည်။
အခုတော့ သင်္ဘောပါ ဆုံးသွားပြီဖြစ်သည်။
သူက သူဌေးတွေရဲ့ အမြတ်ဒေါသကိုပါ ရင်ဆိုင်ရတော့မယ်မှန်း သူသိသည်။
အရှင်လတ်လတ်နဲ့တောင် အရေစုတ်ခံရနိုင်သည်။
ကျန်တာတွေကိုတော့ ဆက်တောင် မတွေးရဲတော့ပေ။
အပိုင်း ( ၄၉၀ )
၂ သန်းလား။ သူတောင်းစားပေးသလို ပေးနေတာလား။
" နင် ဘယ်လိုလုပ်လိုက်တာလဲ "
အဝေးကို လျှောက်သွားပြီးတဲ့နောက် ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို သိချင်စိတ်အပြည့်နဲ့ ကြည့်နေသည်။
" ကိုယ် ဘာလုပ်လို့လဲ "
ယဲ့ဖန်က ချက်ချင်း နားမလည်ဟန်ဆောင်လိုက်သည်။
" ငါ့ကို လာလိမ်ဖို့လုပ်မနေနဲ့။ နင့်ရဲ့ကတ်က 7 ♣️ ဆိုတာ ငါ ရှင်းရှင်းလင်းလင်းကြီးမြင်လိုက်တယ်။ ဘယ်လိုလုပ်ပြီး A ♠️ ဖြစ်သွားတာလဲ "
ယဲ့ဖန်က ခြောက်ကပ်ကပ်ရယ်လိုက်သည်။
" မင်း မှားမြင်တာ .... ဖြစ်မှာပေါ့။ အဲ့တာက A ♠️ ပါ "
ကျူးရှောင်ကျောင်းက အနည်းငယ် မကျေနပ်ပေ၊
" နင် ငါ့ကို အမှန်မပြောပြဘူးလား။ ငါနဲ့က သူငယ်ချင်းဆို။ ရတယ် နင့်ကို မခေါ်တော့ဘူး၊ ဟွန့် "
သူမက အကဲပိုပြနေတာကို ကြည့်ပြီး ယဲ့ဖန် ကူကယ်ရာမဲ့လာသည်။
" ကောင်းပြီ၊ ကိုယ် ညစ်ခဲ့တာ ဝန်ခံတယ် "
ထိုသို့ပြောရင်း သူ့လက်ဖဝါးထဲက ဖဲကတ်ကို ထုတ်ပြလိုက်သည်။ ထိုကတ်က 7 ♣️ ဖြစ်သည်။
ကျူးရှောင်ကျောင်း ချက်ချင်း မျက်လုံးပြူးသွားရသည်။
" ဘုရားရေ၊ နင် တကယ်ညစ်ဆော့ခဲ့တာလား "
ယဲ့ဖန်က စူပုတ်သွားသည်။
" အဲ့ဟားကျီယုန်းက အရင်စတာလေ။ သူက ကတ်တွေကို အသစ်တောင်းကတည်းက သူဘာစီစဉ်နေလဲဆိုတာ သိလိုက်တယ်။ ကိုယ်က သူလုပ်တာကို ပြန်တန်ပြန်ပေးလိုက်ရုံပဲ "
ကျူးရှောင်ကျောင်းက သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။
" သူတို့က နင့်ကို ဖမ်းမိမှာ မကြောက်ဘူးလား။ ညစ်ဆော့တာရဲ့ အပြစ်က တော်တော်လေးပြင်းထန်တယ် "
" အဲ့တာဆို သူတို့မှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းရှိရမှာပေါ့ "
ယဲ့ဖန်က သူ့ လက်ဖဝါးကို လှန်လိုက်သည်။
ထိုအခါ ဖဲကတ်က ရုတ်တရက် ပြန်ပျောက်သွားသည်။
" အယ် "
ကျူးရှောင်ကျောင်းက အမြန်ပြေးလာပြီး ယဲ့ဖန်ဆီမှာ ရှာပေမဲ့ ဘယ်လိုမှ ရှာမရပေ။
" မိုက်လိုက်တာ။ နင် ဘယ်လိုဖွက်လိုက်တာလဲ "
သူမက ယဲ့ဖန်ရဲ့ အဝတ်တွေကိုပါ လှန်ပြီး ရှာချင်နေသည်။
ယဲ့ဖန်က သူမရဲ့လက်ကို အမြန်တားလိုက်ရသည်။
" ကိုယ့်ကို အခွင့်ကောင်းယူမနေနဲ့ "
ကျူးရှောင်ကျောင်း ရှက်သွားသည်။
" ဘယ် .... ဘယ်သူက နင့်ကို အခွင့်ကောင်းယူနေလို့လဲ။ အရှက်လည်းမရှိဘူး "
သူမနောက်ကို လိုက်နေတဲ့ ဦးလေးလုံက သူ့ကို စူးရှစွာ ကြည့်နေကာ သတိပေးချက်က ပြင်းထန်သည်။
ကျူးရှောင်ကျောင်းက တွန့်ဆုတ်ဆုတ်နဲ့ ယဲ့ဖန်ကို လက်ပြနှုတ်ဆက်ကာ Mercedes-Benz အနက်ရောင်ပေါ် တက်သွားသည်။
ယဲ့ဖန်က သူမထွက်သွားတာကို ကြည့်ပြီး လှည့်ပြန်လေသည်။
သူ ဒီနေ့ အတော်လေး အကျိုးများခဲ့တယ်ဟု ဆိုရမည်။
သန်း ၆၀၀ ရခဲ့တဲ့အပြင် အဖိုးတန်သင်္ဘောကိုပါ ရခဲ့သေးသည်။
ပျော်စရာကောင်းလေသည်။
.........................
ဘန်း
သင်္ဘောပေါ်တွင် ဟားကျီယုန်းကတော့ အသိစိတ်ပျောက်အောင်ထိ အရိုက်ခံနေရသည်။
" ခွေးမသား၊ မင်းကြောင့် ငါတို့မွဲတော့မယ်။ မင်းကို အခု အသေသတ်ပစ်မယ် "
အဓိကရှယ်ယာရှင်တွေထဲက တစ်ယောက်က ဟားကျီယုန်းကို ထိုးကြိတ်နေပေမဲ့ သူ မကျေနပ်နိုင်သေးပေ။ ဗိုက်ကို ထပ်ထိုးလိုက်သည်။
နောက်ထပ်ရှယ်ယာရှင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ဒေါသဖြေကြသည်။
" မင်း စောက်ရူးထလို့ ငါတို့ ပိုက်ဆံတွေ အများကြီးကုန်သွားပြီ။ အခု ဘာပြန်လုပ်ပေးမှာလဲ "
" ဒီခွေးသားက ယဲ့ဖန်နဲ့ပေါင်းပြီး ငါတို့ပိုက်ဆံတွေကို လိမ်စားတာလား "
" အမှန်တိုင်းပြော၊ မဟုတ်ရင် မင်းကို သတ်မယ် "
ရှယ်ယာရှင်တွေက စိတ်လွတ်နေကြပြီဖြစ်သည်။
ဒီနေ့လောင်းကြေးတွေအတွက် သူတို့ ၁ ဘီလီယံနီးပါးလောက် ရှုံးသွားခဲ့ရသည်။ ဘယ်လိုလုပ် မမုန်းဘဲ နေနိုင်မှာလဲ။
ဟားကျီယုန်းက ခက်ခက်ခဲခဲ ခေါင်းကို မော့လာသည်။
" ယဲ့ဖန်နဲ့ တကယ်ပဲ မပူးပေါင်းထားပါဘူး။ မဟုတ်ရင် မိုးကြိုးပစ်ခံရပါစေ "
ရှယ်ယာရှင်တွေက သူရှင်းပြတာကို တစ်စက်မှ နားမထောင်ပေ။
" ငါတို့ကြားချင်တာ အဲ့တာ မဟုတ်ဘူး။ မင်းဘယ်လို ပြန်လျော်နိုင်မလဲဆိုတာဘဲ သိချင်တယ် "
" ဟုတ်တယ်။ ဒီတစ်ခါ မင်းငါတို့ကို ၁ဘီလီယံ ဆုံးရှုံးစေခဲ့တာဆိုတော့ ပြန်ရရင်ရ မရရင် သေအောင်သတ်ပစ်မယ် "
" ဟားကျီယုန်း မင်းမှာလည်း မိန်းမနဲ့ ကလေးတွေရှိတာပဲ။ သူတို့ကို မင်းရှေ့မှာတင် သေတာ မမြင်ချင်ရင် အရှုံးတွေကို ပြန်ရနိုင်မယ့်တစ်ခုခု လုပ်ဖို့ နည်းစဉ်းစားထား "
ဟားကျီယုန်းက သူတို့ရဲ့ ခြိမ်းခြောက်သံကို ကြားတဲ့အခါ မတတ်နိုင်ဘဲ ခေါင်းငြိမ့်ပြလိုက်ရသည်။
" ကျွန်တော် သူဌေးတို့ရဲ့ ဆုံးရှုံးမှုကို ပြန်ရနိုင်အောင် နည်းတစ်ခုခု မရရအောင် လုပ်လိုက်ပါ့မယ် "
သူဌေးကြီးက သူ့လက်ကို ဝှေ့ယမ်းပြီး သက်တော်စောင့်တွေကို လွှတ်ခိုင်းလိုက်သည်။
" မင်းရဲ့ မိန်းမနဲ့ ကလေးက ငါတို့လက်ထဲမှာဆိုတာ မမေ့နဲ့။ မင်း ငါတို့ကို လှည့်စားတာနဲ့ မင်း သူတို့ကို တစ်သက်လုံး မြင်နိုင်မှာတောင် မဟုတ်ဘူး "
ထိုစကားကိုပြောပြီးနောက် သူဌေးအုပ်စုက ချက်ချင်း လှည့်ထွက်သွားကြသည်။
ဟားကျီယုန်းက မြေပေါ်မှာ အကြာကြီးလဲနေပြီးတော့မှ ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။
ယဲ့ဖန်၏အနောက်တွင် ကျူးမိသားစု၏ ထောက်ခံမှု ရှိနေသည်။ ထို့ကောင့် ဒုက္ခရောက်အောင် မလုပ်ရဲပေ။
ထို့ကြောင့် ထန်ဖုရှန်းကိုသာ ရှာဖို့ တတ်နိုင်ခဲ့သည်။
ထန်ဖုရှန်းက ဒီမိုက်မဲတဲ့ အကြံအစည်ကို တီထွင်ခဲ့သူဖြစ်သည်။
အကျိုးဆက်တချို့ကို သူ ခံသင့်တယ် မဟုတ်လား။
.......................
ထန်ဖုရှန်းက စီးပွားရေးကိစ္စပြီးတဲ့နောက် သူ့မိတ်ဖက်နဲ့ ညစာစားပြီးတဲ့အခါ ဟိုတယ်ကို လမ်းလျှောက်ပြန်လာသည်။
ထို့နောက် ထန်ဖုရှန်းက မျက်နှာဖူးယောင်ကာ အနာတရဖြစ်နေတဲ့ ဟားကျီယုန်းနဲ့ တိုးလေသည်။
သူ့နောက်မှာတော့ လူသတ်ချင်တဲ့စိတ်အပြည့်ဖြစ်နေပုံရတဲ့ သူခိုးကြမ်းပိုးတစ်စုပါလေသည်။
" ပန်းပွင့်ဘုန်းကြီး၊ ဘာဖြစ်တာလဲ။ ဘယ်သူက ရိုက်လို့လဲ။ ငါ့ကိုပြော ချက်ချင်း သွားရှာလိုက်မယ် "
ဟားကျီယုန်းရဲ့ ဒဏ်ရာကို စစ်ဆေးဖို့ သူက ချက်ချင်း ရှေ့တက်လာသည်။
ဟားကျီယုန်းက သူ့လက်ကို တွန်းဖယ်လိုက်သည်။
" ဟန်ဆောင်နေတာကို ရပ်လိုက်။ မင်း ငါ့ကို ပိုက်ဆံအများကြီး ရှုံးအောင်လုပ်တယ်။ ပြော၊ အခု ဘာလုပ်ပေးမှာလဲ "
ထန်ဖုရှန်း အံ့အားသင့်သွားသည်။
" ရှုံးသွားတာလား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖန်ရှင်းကျားကတောင် ရှုံးသွားတာတဲ့လား။ ဒီယဲ့ဖန်က တကယ်ပဲ အဲ့လောက်တောသ် အစွမ်းထက်တယ်လား "
မယုံနိုင်စရာကောင်းသည်ဟု သူထင်လိုက်သည်။
ယဲ့ဖန်၏ လောင်းကစားစွမ်းရည်က အံ့ဩစရာကောင်းလွန်းတယ် မဟုတ်လား။
နာမည်ကြီး ဖန်ရှင်းကျားကတောင် သူ့ကို မယှဉ်နိုင်ဘူးလား။
ဟားကျီယုန်းက သူ့ကို စိုက်ကြည့်နေလိုက်သည်။
" ငါ အခု မင်းနဲ့ မဆွေးနွေးချင်ဘူး။ ဒီအကြံအစည်က မင်းရဲ့ စိတ်ကူးပဲ။ အဲ့အကြံအတွက်နဲ့ ကာစီနိုက အရှုံးကြီးရှုံးသွားပြီ။ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ "
ထန်ဖုရှန်းက အဆင်မပြေသော အမူအရာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
" ဒီတစ်ခေါက် ဘယ်လောက်တောင် ဆုံးရှုံးသွားတာလဲ "
ဟားကျီယုန်းက အံကြိတ်ပြီး ပြောလိုက်သည်။
" ငွေသား သန်း ၆၀၀ နဲ့ အပျော်စီးသင်္ဘော "
" အဲ့လောက် ဆုံးရှုံးမှုကြီးလား "
ထန်ဖုရှန်းက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။
" ဒါဟာ ငါ့အကြံအစည်ဆိုပေမယ့် ငါလည်း မမျှော်လင့်ထားဘူး ...... မင်းတို့တွေ တကယ်ကြီး ဒီလောက်ထိလုပ်မယ်လို့ "
ဟားကျီယုန်း၏ မျက်လုံးများက နီရဲနေပြီး ထန်ဖုရှန်းကို ကြည့်နေသည်။
" အပိုတွေရပ်လိုက်။ မင်းက ဒီအကြံကို ပေးခဲ့တဲ့သူပဲ။ အနည်းဆုံးတော့ တာဝန်တစ်ဝက်ယူရမယ်။ သန်း ၅၀၀ လောက်ပဲပေးလိုက်။ ကျန်တာကို ငါ့ဟာငါ ရအောင်ရှာလိုက်မယ် "
ထန်ဖုရှန်းက ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာကို လှည့်လိုက်သည်။
" ဘယ်လိုဟာသလဲ။ ငါ မင်းကို အကြံပဲပေးခဲ့တာ။ မင်းတို့တွေက ဒီလောက်ကြီးကျယ်တဲ့ ဂိမ်းတွေ၊ ပြိုင်ပွဲတွေ ကစားမယ်မှန်း ငါ ဘယ်သိမှာလဲ။ မင်းတို့ရဲ့ အကျိုးဆက်တွေကို ငါက ဘာလို့ခံရမှာလဲ "
ဟားကျီယုန်းက သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။
" ဒါပေမယ့် ငါ့ရဲ့ သူဌေးက ငါ ရှုံးထားတာတွေကို အမြန်ဆုံး မဖြေရှင်းပေးနိုင်ဘူးဆိုရင် ငါ့မိန်းမနဲ့ ကလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ပြောထားပြီးသား "
ထန်ဖုရှန်းက သူ့လက်ကို ဖြန့်လိုက်သည်။
" အဲ့တာက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါတို့က နှစ်အတော်ကြာ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေမလို့ ငါ့ရဲ့ တန်ဖိုးထားမှုကို ပြသတဲ့အနေနဲ့ မင်းကို ၂ သန်းပေးမယ် "
ဟားကျီယုန်း ဒေါသထွက်သွားသည်။
" ၂သန်းလား၊ သူတောင်းစား ပေးပေးနေတာလား။ မင်းကြောင့် ငါ ဒုက္ခတွေ အများကြီးရောက်ခဲ့တာကို မင်းက ငါ့ကို ၂သန်းနဲ့ လွှတ်ပေးစေချင်နေတာလား "
ထန်ဖုရှန်း မျက်နှာပျက်သွားသည်။
" ဟားကျီယုန်း၊ မင်း ခွေးရူးလို ကိုက်မနေနဲ့။ ငါ မင်းကို ၂ သန်း ပေးတာတောင် လွန်လှပြီ "
ဟားကျီယုန်းက လုံးဝကို စိတ်ရူးပေါက်နေပြီး ဒေါသတကြီးအော်လိုက်သည်။
" ဒီနေ့ သန်း၅၀၀ကို ထုတ်မပေးရင် ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့ "
သူက ပြောသည့်အတိုင်း လက်ကိုဝှေ့ယမ်းလိုက်သည်။
သူ့နောက်မှ လူရမ်းကားများက ထန်ဖုရှန်းကို ချက်ချင်းဝိုင်းရံလိုက်သည်။
အပိုင်း ( ၄၉၁ )
မရီး နေမကောင်းဘူးလား။
ထန်ဖုရှန်းက ထိုပုံစံကို မြင်တဲ့အခါ ဟားကျီယုန်းကို ချက်ချင်းကြည့်လိုက်သည်။
" ဘာလဲ ငါ့ကို ရိုက်မလို့လား "
ဟားကျီယုန်းက စူးရဲစွာ ပြန်ကြည့်နေသည်။
" ငါ့ကို တွန်းအားမပေးနဲ့။ ငါက အဆုံးသတ်မှာ ရောက်နေပြီ။ ငါ ဘာမဆိုလုပ်နိုင်တယ် "
ထန်ဖုရှန်း၏မျက်နှာက မည်းနက်သွားသည်။
" မင်းက ရန်လိုနေမှတော့ ငါမျက်နှာထောက်နေစရာ မလိုတော့ဘူး။ ငါ့ကို တရားမမျှဘူးလို့ အပြစ်မတင်နဲ့ "
ထိုသို့ပြောပြီးတာနဲ့ သူ့နောက်က လုံခြုံရေးတစ်စုက ပြေးတက်လာသည်။
ဖရိုဖရဲ တိုက်ပွဲတစ်ခုက စတင်တော့မည်။
နှစ်ဘက်စလုံးက ချက်ချင်း တိုက်ခိုက်ကြသည်။
ဒီလူတွေအားလုံးက စည်းပြင်ဘောင်ပြင်ကလူတွေဖြစ်တဲ့အပြင် သူတို့ရဲ့နည်းလမ်းတွေကလည်း ရက်စက်လွန်းသည်။
ခဏကြာတော့ အသက်ဆုံးရှုံးမှုတွေပါ ဖြစ်လာသည်။
အထွေထွေ အုပ်ချုပ်ရေးရုံးကို ချက်ချင်း ရွှေ့ပြီး နှစ်ဖက်စလုံးမှ လူအားလုံးကို ဖယ်ရှားခဲ့သည်။
ထိုအဖြစ်အပျက်ဟာ ပင်းဟိုင်ရဲ့ စီးပွားရေးလောကကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။
တောင်ပိုင်းကွမ်တုန်းပြည်နယ် ဟူရန်လူချမ်းသာစာရင်း၏ အထွေထွေမန်နေဂျာဖြစ်တဲ့ ဟုရွမ်ယုက ပင်းဟိုင်မှာ အားလပ်ရက် အပန်းဖြေခရီးထွက်လာခဲ့သည်။
ဒီနေ့ သူက သီးသန့် စုဝေးပွဲတစ်ခုကို တက်ရောက်ခဲ့သည်။
ထမင်းစားနေစဉ် တစ်စုံတစ်ယောက်က နေ့ခင်းဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ရုတ်တရက် ကြားလိုက်ရသည်။
" ဒီထန်ဖုရှန်းက နာမည်ကောင်းရှိတဲ့သူပါ။ သူက တခြားသူနဲ့ ရန်ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး "
" တစ်ဖက်သူက Ark ကာစီနိုရဲ့ မန်နေဂျာလို့ကြားတယ်။ ဒီတစ်ခါ ထန်ဖုရှန်းရဲ့ အကြံဆိုးကြောင့် သူတို့ဘက်က ယွမ် ၁ ဘီလီယံလောက် ရှုံးသွားတယ်တဲ့ "
" ဒီ ထန်ဖုရှန်းက တကယ်ကြီး တစ်ခုခုပဲ။ သူက ဘာလို့ ကာစီနိုရဲ့ကိစ္စထဲမှာ ဝင်ပါရတာလဲ "
" သူက ယဲ့ဖန်ကို ထောင်ချောက်ဆင်ဖို့လုပ်ပေမဲ့ သူ့ဟာသူ ခြေချုပ်မိသွားတာလို့လည်း ကြားတယ် "
" တခြားသူတွေကို သတိထားသင့်ပေမဲ့ သူများကို ဒုက္ခရောက်အောင်တော့ မလုပ်သင့်ဘူး .... "
ဟုရွမ်ယုက ရှုပ်ထွေးပြီး ချက်ချင်း မေးလိုက်သည်။
" မင်းတို့ ဘာတွေပြောနေကြတာလဲ။ ဘာကာစီနိုလဲ။ ဘယ်သူက ခြေချုပ်မိတာလဲ "
တစ်ချို့က ချက်ချင်း ဘာဖြစ်ခဲ့တယ်ဆိုတာကို သေချာပြန်ရှင်းပြကြသည်။
ဟုရွမ်ယုက ကြားလိုက်တဲ့အခါ အံ့ဩသွားသည်။
" လောင်းကြေး ၁ ဘီလီယံတောင်လား။ ဒါကြီးက မချဲ့ကားလွန်းဘူးလား "
တခြားသူတွေက ခေါင်းငြိမ့်ကြလေသည်။
" ဟုတ်တယ်။ ဒီ လောင်းကစားဘုရင် ပြိုင်ပွဲကြီးက တကယ်ကို ကြီးကျယ်လွန်းတယ် "
" နောက်ဆုံးပွဲက ယဲ့ဖန်နဲ့ ဖန်ရှင်းကျားတို့ ပြိုင်ရတာပြောတယ်။ အချင်းချင်း သန်း ၅၀၀ ကျော်စီ လောင်းကြပြီးတော့ ဆုကြေးက သန်း ၁၀၀ နဲ့ အပျော်စီးသင်္ဘောတဲ့။ တကယ်ကြီးတဲ့ပွဲကြီးပဲ "
" ဖန်ရှင်းကျားက လောင်းကစားလောကမှာ အတော်နာမည်ကြီးတာ။ သူက ယဲ့ဖန်ကို ရှုံးတာဆိုတော့ "
" အစတုန်းကတော့ ယဲ့ဖန်ရဲ့ လောင်းကစားစွမ်းရည်က အဲ့လောက် အားကြီးမယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားဘူး "
" Ark ကာစီနိုက ကြက်ဖမ်းဖို့လုပ်ပြီး ချော်လဲရာက အကြီးအကျယ်ရှုံးသွားတာပဲ "
ဟုရွမ်ယုက ထိုစကားဝိုင်းကိုကြားပြီး ပိုလို့တောင် စိတ်ဝင်စားသွားသည်။
" မင်းတို့ပြောနေကြတဲ့ ယဲ့ဖန်က ကျုံးဟိုင်က တစ်ယောက်လား "
ထိုလူတွေက ခေါင်းငြိမ့်ကြသည်။
" ဟုတ်တယ်၊ အဲ့တာ ကျုံးဟိုင်က ယဲ့ဖန်ပဲ။ သူက စီးပွားရေးလောကမှာ အတော်လေး အကောင်းကြီးတယ်လို့ကြားတယ်။ ဒါပေမဲ့ သူက လောင်းကစားမှာပါ တော်နေမယ်လို့ မသိဘူး "
ဟုရွမ်ယုက စကားမပြောနိုင်အောင် လန့်သွားသည်။
ဟူရန်လူချမ်းသာစာရင်းမှာ တာဝန်ရှိတဲ့သူအနေနဲ့ ကုန်းရှန်းဟုန်က သူ့ကို ယဲ့ဖန်အကြောင်း တင်ပြဖူးလေသည်။
အဲ့တုန်းက သူ သေချာ အာရုံမစိုက်မိခဲ့ပေ။
တစ်ဖက်သူက ငယ်ရွယ်ပြီး ကံကောင်းတဲ့ လူငယ်လေးဟုသာ ခံစားခဲ့ရသည်။
အဲ့လူငယ်လေးက ကျိကျိတက်ချမ်းသာဖို့ဆို အချိန်လိုမှာဟု တွေးပြီး အခုမှ ဒီကောင်လေးအကြောင်းကို လူတွေပြောနေတာကြားပြီး စိတ်ဝင်စားလာတာဖြစ်သည်။
စီးပွားရေးလောကမှာ ကောင်းစားနေတဲ့သူက လောင်းကစားပွဲကြီးမှာ ၁ ဘီလီယံ နိုင်သွားတာလား။
ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ။
အခွင့်အရေးသာရှိရင် သူ ဒီလူငယ်ဉာဏ်ကြီးရှင်လေးနဲ့ သိခွင့်ရနိုင်သည်။
..................................
ယဲ့ဖန်က ဗီလာကို ပြန်ရောက်တဲ့အခါ ရေအေးချိုးကာ နားဖို့လုပ်တဲ့အချိန်မှာပဲ ကုန်းရှန်းဟုန်ဆီက ဖုန်းဝင်လာသည်။
" ယဲ့ညီလေး၊ ဥက္ကဌချန်းဆီက ကြားထားတယ်။ မင်း ဒီတလော ပင်းဟိုင်မှာ အပန်းဖြေနေတယ်ဆို "
" ဟုတ်တယ်၊ ဘာလို့လဲ "
" ဟူရန်လူချမ်းသာစာရင်းက တောင်ပိုင်းကွမ်တုန်းပြည်နယ် တာဝန်ကျတဲ့ ခေါင်းဆောင်က အခုရက်အတွင်း ပင်းဟိုင်မှာ အပန်းဖြေ အားလပ်ရက်ခရီးထွက်နေတယ်။ မင်းတို့ အချင်းချင်းသိအောင် ကူညီပေးမလို့ "
" လိုလို့လား "
" မိတ်ဆွေများလေ၊ အခွင့်အရေးများလေပဲ။ မင်းရဲ့လုပ်ငန်းက ကြီးသထက် ကြီးလာနေပြီ။ မကြာခင် အနည်းနဲ့အများ လိုလာမှာပဲ "
ယဲ့ဖန်က ကုန်းရှန်းဟုန်ရဲ့ စကားကြောင့် အနည်းငယ် ရင်ထဲထိသွားသည်။
ကုန်းရှန်းဟုန်က ယဲ့ဖန်အတွက် လမ်းဖောက်ပေးနေတာဖြစ်သည်။
ထိုအတွေးကြောင့် ယဲ့ဖန်က ချက်ချင်း သဘောတူလိုက်သည်။
" ကောင်းပြီလေ အဲ့တာဆိုလည်း "
" ဒါဆို ငါ မနက်ဖြန်မနက် ပင်းဟိုင်မြို့ကို လာခဲ့မယ် "
" ဟုတ်ပြီ "
ယဲ့ဖန်က ဖုန်းချပြီးတဲ့နောက် ကုန်းရှန်းဟုန်လို သူ့အတွက် တွေးပေတဲ့ မိတ်ဆွေမျိုးရှိတာ ကံကောင်းသည်ဟု တွေးမိသည်။
........................
နောက်တစ်နေ့မနက် ကုန်းရှန်းဟုန်က အားလပ်ရက်ဗီလာကို အပြေးလာသည်။
သူနဲ့အတူ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ပါလာသည်။
ထိုအမျိုးသမီးက လှပတဲ့မျက်နှာထားရှိပြီး သဘာဝကျကျ ကျက်သရေရှိလေသည်။
သို့ပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ သူမက ဖျားနာနေမှန်း ယဲ့ဖန် သိလိုက်သည်။
သူမက သူမရဲ့ ဖျားနာမှုကို ဖုံးကွယ်နိုင်အောင် မိတ်ကပ်လိမ်းထားပေမဲ့ ယဲ့ဖန်၏ မျက်လုံးတွေကနေ ပြေးမလွတ်ပေ။
" ဒါက "
ယဲ့ဖန်က ကုန်းရှန်းဟုန်ကို ချက်ချင်း ကြည့်လိုက်သည်။
" သူမက ငါ့မိန်းမပါ၊ ယန်းမန်ဟွတဲ့။ သူမက အများသောအားဖြင့် အိမ်ပါပဲနေပြီး အပြင်သိပ်မထွက်ဖြစ်ဘူး "
ကုန်းရှန်းဟုန်က သူ့ကို အမြန်မိတ်ဆက်ပေးလိုက်သည်။
ယန်းမန်ဟွက သူမလက်ကို ဆန့်လိုက်သည်။
" မင်းက ယဲ့ဖန်ဖြစ်မယ်၊ ဟုတ်တယ်မလား။ မင်းအစ်ကိုက ခဏခဏပြောတာ ကြားဖူးပါတယ်။ မင်းက သူတွေ့ဖူးသမျှထဲ အတော်ဆုံး၊ အထူးချွန်ဆုံး လူငယ်လေးတဲ့ "
ယဲ့ဖန်က သူမကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
" မရီး၊ အစ်ကိုကုန်း မဟုတ်တာပြောနေတာပါ။ သူက တွေ့သမျှလူတိုင်း အဲ့လို ပြောနေတာ "
ကုန်းရှန်းဟုန်က ချက်ချင်း ရယ်ချလိုက်သည်။
" ဘုရားရေ၊ ငါ့မှာ လူတွေအပေါ်မြင်တဲ့အမြင်က စံနှုန်းမြင့်ပါတယ်။ မင်းထက်တော်တာ မမြင်ဖူးသေးဘူး "
ယဲ့ဖန်က လက်ခါလိုက်သည်။
" အပိုတွေ ပြောမနေပါနဲ့တော့။ မြန်မြန် အထဲဝင်ပါ "
ထိုသို့ပြောပြီး ယဲ့ဖန်က သူတို့နှစ်ယောက်ကို အထဲဝင်စေလိုက်ပြီး သူတို့အတွက် လက်ဖက်ရည်ပြင်ပေးလိုက်သည်။
ထိုအခါမှ သူတို့က ထိုင်ကြတော့သည်။
" မရီး နေမကောင်းဘူးလား "
ယဲ့ဖန်၏ အမေးကိုကြားတဲ့အခါ ကုန်းရှန်းဟုန်နှင့် သူ့ဇနီးတို့၏ အမူအရာက ပြောင်းလဲသွားတော့သည်။
" ဘယ်လိုလုပ် သိတာလဲ "
အပိုင်း ( ၄၉၂ )
ယဲ့ညီလေး၊ ငါ မင်းကို ဒူးထောက်ပါရစေ
" မရီးမျက်လုံးတွေက နည်းနည်း မတည်ငြိမ်နေတာတွေ့လို့ပါ။ ပြီးတော့ လမ်းလျှောက်တာလည်း နည်းနည်း အားနည်းနေသလိုပဲ ..... "
ယဲ့ဖန်က သူ့ထင်မြင်ချက်ကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ကုန်းရှန်းဟုန်က ကြောင်အသွားရသည်။
" မင်း ဆေးပညာအကြောင်း သိတာလား။ ငါ ဘာလို့ မသိတာပါလိမ့် "
ယဲ့ဖန်က ခေါင်းကုတ်လိုက်သည်။
" ဒီတလောမှ ဆေးစာအုပ်တွေ ဖတ်ဖြစ်နေလို့ပါ။ ပြီးတော့ လေ့လာမှုတစ်ချိူ့ရော "
ကုန်းရှန်းဟုန်က မျှော်လင့်ချက်တစ်ချို့ရှိခဲ့ပေမဲ့ ယဲ့ဖန်ပြောတာကို ကြားပြီးနောက် စိတ်ပျက်သွားရသည်။
" ဟူး၊ မင်းရဲ့မရီးက မီးဖွားပြီးကတည်းက ကျန်းမာရေးသိပ်မကောင်းဘူး။ ဆေးရုံတွေ တတ်နိုင်သမျှ သွားခဲ့တဲ့အပြင် တရုတ်တိုင်းရင်းဆေးတွေရော အနောက်တိုင်းဆေးတွေရော စုံနေပြီ။ ဒါပေမဲ့ မသက်သာလာသေးဘူး "
ကုန်းရှန်းဟုန်က သူ့မိန်းမရဲ့ လက်ကိုဆွဲကိုင်လိုက်ပြီး မျက်နှာက ချစ်ခြင်းအပြည့်ဖြစ်နေသည်။
ယန်းမန်ဟွကတော့ အတော်လေး ပွင့်လင်းလေသည်။
" ရပါတယ်၊ ကျွန်မ အဆင်ပြေနေတာဘဲ မဟုတ်လား။ ကျွန်မခန္ဓာကိုယ်က နာကျင်ယားယံနေတာမှ မဟုတ်တာ။ လုံးဝ နေမကောင်းဖြစ်နေတာမဟုတ်ပါဘူး။ ရှင်က ရှင့်ကိုယ်ရှင် လန့်အောင် လုပ်နေတာပဲ "
ယဲ့ဖန်က သူမကို အတော်ကြာကြည့်လိုက်သည်။
" မရီးရဲ့ သွေးကြောကို စမ်းကြည့်လို့ ရမလား "
ယန်းမန်ဟွက မငြင်းဆန်ဘဲ ချက်ချင်း လက်ကောက်ဝတ်ဆန့်ပေးလိုက်သည်။
ယဲ့ဖန်က သူမရဲ့ သွေးကြောပေါ်ကို လက်တင်စမ်းပြီးနောက် သူမကို ပါးစပ်ဟခိုင်းကာ လျှာထုတ်စစ်ဆေးသည်။
" ကျွန်တော်သာ မမှားရင် မရီးက လစဉ်ဓမ္မတာလာတိုင်း အရမ်းနာမယ်။ ပြီးသွားရင်လည်း ခေါင်းမူးတာ၊ မအီမလည်ဖြစ်တာ၊ ခေါင်းနောက်တာတွေ ခံစားရမယ်။ အနည်းဆုံး သုံးလေးရက်လောက် ကြာတတ်ပြီးတော့ ည ၈နာရီ ၉နာရီပိုင်းလောက်မှာ အဖြစ်များတယ်၊ ဟုတ်တယ်မလား "
ယန်းမန်ဟွက ယဲ့ဖန် ထိုကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောလာတဲ့အခါ အစကတော့ ရှက်နေခဲ့သည်။
သို့ပေမဲ့ နောက်ဆုံးအပိုင်းကို ကြားတဲ့အခါ ချက်ချင်း အံ့အားသင့်သွားရသည်။
" ဘယ်လိုလုပ်သိတာလဲ "
ကုန်းရှန်းဟုန်လည်း ကြောင်သွားသည်။
" သူပြောတာ တကယ်ပဲလား။ ဘာလို့ ကိုယ့်ကို မပြောတာလဲ "
ဒါမျိုးကိစ္စတွေကို သူ့ရဲ့ယောက်ျားဖြစ်တဲ့ သူကတောင် မသိခဲ့ပေမဲ့ ယဲ့ဖန်က မြင်လိုက်တာနဲ့ သိသွားတာလား။
ဒီလိုဆို ဒီကလေးမှာ စွမ်းရည်တစ်ချို့ရှိတာပဲ။
ယန်းမန်ဟွက သူ့ကို တောင်းပန်ကြည့်ကြည့်လိုက်သည်။
" ရှင် စိတ်ပူမှာစိုးလို့ပါ။ ဒါက အသေးအဖွဲပဲဆိုတော့ မပြောဖြစ်တာ "
ယဲ့ဖန်က ခေါင်းခါလိုက်သည်။
" ဒါက အသေးအဖွဲကိစ္စမဟုတ်ဘူး။ တတ်နိုင်သမျှ မြန်မြန်ကုရမယ်။ မဟုတ်ရင် အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ် "
" ဘယ်လောက်တောင် ပြင်းထန်တာလဲ "
ကုန်းရှန်းဟုန်က အမြန် မေးလိုက်သည်။
" ဖြစ်နိုင်တာကတော့ ... ငါးနှစ်လောက်ပဲ ခံတော့မယ် "
ယဲ့ဖန်က သူ့သုံးသပ်ချက်ကို ပြောလိုက်သည်။
ကုန်းရှန်းဟုန်က ထိတ်လန့်မှုကြောင့် ချက်ချင်း ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်က တုန်ရီလာသည်။
ယန်းမန်ဟွလည်း မျက်လုံးပြူးကျယ်လာရသည်။
" အဲ့လောက် ပြင်းထန်တာလား "
ယဲ့ဖန်က တည်ကြည်တဲ့အမူအရာနဲ့ ခေါင်းငြိမ့်လိုက်သည်။
" မရီးက မီးဖွားရင်းနဲ့ ဒဏ်ဖြစ်သွားတာပါ။ ရလဒ်အနေနဲ့ အမြုတေစွမ်းအင်က ဆုံးရှုံးသွားပြီး ပြန်အစားထိုးဖို့ မလွယ်တာကြောင့် အရေးကြီးတာပါ။ မဟုတ်ဘဲ ဆက်တိုက် ဆုံးရှုံးနေမယ်ဆိုရင် စွမ်းအင်ကုန်တာနဲ့ လူက အင်အားကုန်ခမ်းပြီး အဆီအနှစ်တွေကုန်တာနဲ့ လူက ........ "
ယဲ့ဖန်၏ စကားမဆုံးခင်မှာဘဲ ကုန်းရှန်းဟုန်က ရုတ်တရက် သူ့ရှေ့မှာ ဒူးထောက်လိုက်သည်။
" ယဲ့ညီလေး၊ မင်းရဲ့မရီးကို ကယ်တင်ဖို့ နည်းလမ်းလေးများရှိရဲ့လား။ မင်းသာ ကယ်ပေးနိုင်ရင် ငါ မင်းလိုသမျှ လုပ်ပေးပါ့မယ် "
ယဲ့ဖန်က လန့်သွားကာ ချက်ချင်း ထဖို့ ကူပေးလိုက်သည်။
" အစ်ကိုကုန်း၊ ဘာလုပ်နေတာလဲ။ မြန်မြန်ထပါ "
ကုန်းရှန်းဟုန်က ငိုပါငိုနေပြီဖြစ်သည်။
" ယဲ့ညီလေး၊ ငါမင်းကို တောင်းပန်ပါတယ်။ ငါ မန်ဟွမရှိဘဲ ငါမနေနိုင်ဘူး "
ယဲ့ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် တွေးလိုက်သည်။
" အကောင်းဆုံး ကြိုးစားပေးနိုင်ပေမဲ့ ဘာမှတော့ အာမမခံနိုင်ဘူး။ အစ်ကိုတို့ မျှော်လင့်ချက်အရမ်းမထားဖို့ ကြိုပြောထားချင်တယ် "
ကုန်းရှန်းဟုန်နဲ့ သူ့မိန်းမက အမြန်ခေါင်းငြိမ့်ကြသည်။
ယဲ့ဖန်က အခု သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။
မျှော်လင့်ချက်ရောင်ခြည်လေးရှိသရွေ့ သူတို့ လက်မလျှော့ချင်ပေ။
ယဲ့ဖန်က အိပ်ခန်းထဲကို ချက်ချင်း ပြန်ဝင်သွားပြီး ငွေအပ်အိတ် ယူလာခဲ့သည်။
အဲ့ငွေအပ်ကို သူ မနေ့က ပြိုင်ပွဲအပြီး ပြန်လာတုန်းက ဝယ်ခဲ့တာဖြစ်သည်။
ဒီနေ့မှာဘဲ ချက်ချင်း အသုံးဝင်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။
" မရီး ဆိုဖာပေါ်မှာ လှဲပြီး အင်္ကျီကို ဝမ်းပေါ်ထိ လှန်ပေးပါ "
ယန်းမန်ဟွက ချက်ချင်း ဆိုဖာပေါ်မှာ လှဲလိုက်ပြီး သူမရဲ့ အင်္ကျီိကို မလိုက်တဲ့အခါ သူမ၏ပြေပြစ်တဲ့ ဗိုက်ကပေါ်လာခဲ့သည်။
ယဲ့ဖန်က ကြမ်းပေါ်ထိုင်ချပြီး သူမ၏ ဗိုက်အောက်ပိုင်းမှ သားအိမ်ပိုင်းအဓိကချက်နေရာကို လက်ချောင်းနဲ့ ဖိလိုက်သည်။
ယန်းမန်ဟွက တစ်ကိုယ်လုံး တုန်ရီနေပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။
" ဒါက နည်းနည်းတော့ နာတယ်မဟုတ်လား "
ယဲ့ဖန်က သူမကို လှမ်းကြည့်လိုက်သည်။
" ဟုတ်တယ် "
ယန်းမန်ဟွက ချက်ချင်း ခေါင်းငြိမ့် သဘောတူလေသည်။
ယဲ့ဖန်က ထိုအဓိကချက်နေရာမှ ခပ်မာမာအပိုင်းကို လက်နဲ့ထောက်မိလိုက်တာနဲ့ ချက်ချင်း ငွေအပ်ကို ထုတ်ပြီး သူမ၏ သားအိမ်နားက အဓိကနေရာကို အသာအယာ အပ်စိုက်လိုက်သည်။
ထို့နောက် နည်းနည်းပြန်ဆွဲနှုတ်ကာ အပ်ကို လှည့်စိုက် ကုသလေသည်။
ထိုနေရာအပြင် ယင်းကျောင်၊ ရှန်းချီ နှင့် ချီချုန်းနေရာများသို့လည်း အပ်စိုက်ကုသပေးသည်။
၂ မိနစ်တောင် မကြာသေးပေမဲ့ ယဲ့ဖန်၏ နဖူးမှာ ချွေးစို့စပြုနေပြီဖြစ်သည်။
" ယဲ့ညီလေး၊ ဒါအကုန်ပဲလား "
ကုန်းရှန်းဟုန်က စိတ်လှုပ်ရှားလွန်းလို့ လက်ဖဝါးပြင်တစ်ခုလုံး လက်ချွေးဆီတွေပြန်နေသည်။အဲ့ဒီနောက်
ယဲ့ဖန်က အပ်စိုက်လို့ ပြီးသွားမှသာ သူ စကားပြောရဲလာသည်။
ယဲ့ဖန်က ချွေးတွေကို တစ်ရှူးနဲ့ သုတ်လိုက်သည်။
" မရီးရဲ့ ဖျားနာမှုက နှစ်ချီနေပြီဆိုတော့ တစ်ခါတည်းနဲ့တော့ အပြတ်မကုနိုင်ဘူးပေါ့။ ဆုံးဖြတ်ချက်မချခင် အခု ကုတာရဲ့ အခြေအနေကို အရင်ကြည့်ကြရအောင် "
ကုန်းရှန်းဟုန်က လမ်းပျောက်နေသူ ဖြစ်တာကြောင့် ယဲ့ဖန်ပြောတာကိုသာ နားထောင်ရတော့သည်။
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာ ယန်းမန်ဟွက ရုတ်တရက် လေတက်ပြီး ဗိုက်ကိုလက်လှမ်းကာ ကုတ်လိုက်သည်။
" ယားလိုက်တာ ..... "
" မရီး ခဏသည်းခံလိုက်ပါ။ ချီစွမ်းအင်က ပိတ်နေတဲ့နေရာတွေကို စီးဆင်းနေတာမလို့ အဲ့တာက သက်ရောက်မှုရှိတယ်လို့ ပြောရမယ် "
ယဲ့ဖန်က ကုန်းရှန်းဟုန်ကို ထိန်းခိုင်းထားပြီး သူမကို မလှုပ်ခိုင်းပေ။
မိနစ် ၂၀ ကျော်လာလေသည်။
ထိုအခါမှ ယဲ့ဖန်က ငွေအပ်တွေကို နှုတ်လိုက်သည်။
" အချစ်လေး၊ မင်း အခု ဘယ်လိုနေလဲ "
ကုန်းရှန်းဟုန်က အမြန်မေးလိုက်သည်။
ယန်းမန်ဟွက ထရပ်ပြီး လမ်းအနည်းငယ် လျှောက်ကြည့်ကာ သူ့ကို တအံ့တဩ ပြန်ကြည့်လာသည်။
" ကြည့်ရတာ တကယ် အကျိုးရှိပြီး ထိရောက်ပုံပဲ။ ကျွန်မ လွန်ခဲ့တဲ့ နှစ်ရက်ကထက် ပိုပြီး နေလို့သက်သာလာတယ် "
တကယ်တော့ သူမ မပြောဘဲနဲ့တောင် ကုန်းရှန်းဟုန်က သူ့မိန်းမ၏ အကြည့်တွေ အရင်ကထက် ကြည်လင်တောက်ပပြီး စွမ်းအင်ပြည့်နေတာကို မြင်နေရသည်။
ထို့အပြင် သူမ စကားပြောသည့်အခါ အသံကလည်း အရင်ကလောက် အားနည်းမနေတော့ပေ။
" ယဲ့ညီလေး၊ မင်းက တကယ်ကို ထူးခြားလွန်းပါတယ်။ ငါ မင်းကို ဒူးထောက်ပါရစေ .... "
ထိုသို့ပြောပြီး သူက ဒူးထောက်ဖို့လုပ်ပြန်သည်။
ယဲ့ဖန်က ချက်ချင်း ကူတွဲထခိုင်းလိုက်သည်။
" အစ်ကိုကုန်း၊ ခင်ဗျား ဘာလုပ်တာလဲ။ ကျွန်တော့်ကို အပြင်လူအဖြစ် သတ်မှတ်တာလား "
" လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ မင်းမရီးနဲ့ ငါ ဆေးရုံတွေအနှံ့သွားပြီး ဆရာဝန်တွေ အများကြီးနဲ့ ကုခဲ့ပေမဲ့ မင်းလောက် သက်ရောက်တဲ့သူ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မင်းသာ မင်းမရီးကို ကုပေးနိုင်မယ်ဆို ငါ ဘာပဲလုပ်ပေးရပါစေ အကုန်လုပ်ပါ့မယ် "
ယဲ့ဖန်က မပျော်မရွှင်ဖြစ်သွားသည်။
" ကျွန်တော်က ခင်ဗျားကို ညီအစ်ကိုသတ်မှတ်လို့ မရီးကို ကူညီတာပါ။ မဟုတ်ရင် တခြားသူတွေက ပိုက်ဆံလာပုံပေးရင်တောင် အလုပ်ရှုပ်ခံနေမှာ မဟုတ်ဘူး။ ခင်ဗျားက အဲ့လို ထပ်ပြောနေတယ်ဆိုရင် ဘယ်စိတ်ကောင်းပါ့မလဲ "
ကုန်းရှန်းဟုန်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
" ကောင်းပြီ၊ ငါမင်းကို ကျေးဇူးတင်မဆုံးပါဘူး။ ညီအစ်ကိုတွေဆိုတော့ ဒါတွေထပ်ပြောမနေတော့ဘူး "
ကုန်းရှန်းဟုန် မတတ်နိုင်ဘဲ တိတ်တဆိတ် မှင်သက်မိနေသည်။
သူ အရင်က ယဲ့ဖန်နဲ့ မိတ်ဖွဲ့ခဲ့ခြင်းမှာ ယဲ့ဖန်က စီးပွားရေးလောကက ထူးချွန်ပြောင်မြောက်လွန်းတဲ့ လူငယ်လေးဖြစ်တာကြောင့် အချင်းချင်းရိုင်းပင်းကူညီရန် မိတ်ဖွဲ့ခဲ့ခြင်းဖြစ်သည်။
သူ့ရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်က ဒီလို ကြီးမားတဲ့ရလဒ်အကျိုးဆက် ရှိလာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ဒါမျိုးက အနာဂတ်ကို မျှော်မတွေးဘဲ လုပ်ခဲ့တဲ့ကောင်းမှုကြောင့်များလား။