အပိုင်း ၅၃၃-၅၃၆
Vol. 27 Ch. 533-536
အပိုင်း ( ၅၃၃ )
ယဲ့လူကြီးမင်းရဲ့ ကောလဟာလ
ချန်းချုံရှန်းနှင့် ယဲ့ဖန်တို့က နှုတ်ဆက်စကား ဖလှယ်ပြီးတဲ့နောက် သူက လှည့်ပြီး ဝန်ထမ်းအဖွဲ့ဝင်ကို ကြည့်လိုက်ကာ သူ့အမူအရာက မည်းမှောင်သွားသည်။
" ဘာကြောင့် တန်းစီတာကို ဖြတ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား "
ဝန်ထမ်းက အရမ်းကို ကြောက်နေပြီ ဖြစ်သည်။
" ဟုတ် ..... ဟုတ်ကဲ့ ဆုန်းလူကြီးမင်းက သူ့ကို အရင်ကူညီပေးဖို့ တောင်းဆိုလို့ပါ ....... "
ချန်းချုံရှန်းက ပိုလို့တောင် ဒေါသဖြစ်သွားလေသည်။
" သူက မင်းကို အရင်လုပ်ခိုင်းတာနဲ့ မင်းက စည်းကမ်းတွေကို ဖောက်လိုက်ရောလား "
ဝန်ထမ်းက ငိုတော့မည့်ပုံ ပေါက်နေသည်။
" ချန်းလူကြီးမင်း၊ ကျွန်တော် ....… "
ချန်းချုံရှန်းက သူ့ကို ဖြတ်ပြောလိုက်သည်။
" မင်းပြောစရာ မလိုတော့ဘူး။ Sotheby's လေလံအိမ်က မင်းလိုလူတွေကို သည်းမခံနိုင်ဘူး။ မင်းရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်သွားလိုက်တော့ "
ဝန်ထမ်းက ထိတ်လန့်သွားသည်။
" ချန်းလူကြီးမင်း၊ ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးပေးပါ "
ချန်းချုံရှန်းက အလွန်စိတ်ပြတ်သားသည်။
" ငါ မင်းနဲ့ ရိုင်းစိုင်းတဲ့စကားတွေ မပြောချင်ဘူး။ ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားလိုက်။ မဟုတ်ရင် မင်းကို နှင်ထုတ်ဖို့ လုံခြုံရေးအစောင့်တွေကို ငါခေါ်လိုက်မယ် "
ဆုန်းကျန်းဖေး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒီနေ့ သူဘေးမှာ ရှိနေသရွေ့ ဒီဝန်ထမ်းကို ဘေးကင်းအောင် ဆောင်ရွက်ပေးမယ်လို့ သူ ပြောခဲ့သည်။
ဒီအချိန်မှာ သူဝင်ပြောဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
" ချန်းလူကြီးမင်း၊ ကျွန်တော့်ကို မျက်နှာသာပေးလို့ရမလား။ ဒီဝန်ထမ်းက ...... "
ချန်းချုံရှန်းက သူ့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
" ဘယ်သူ့မျက်နှာမှ မထောက်ဘူး။ လေလံကုမ္ပဏီဘက်က အာဏာရူးသွပ်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ ဝန်ထမ်းကို မလိုချင်တာ သေချာပါတယ် "
ဝန်ထမ်းက လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ဒီတစ်ကြိမ်မှာ သူက လွဲမှားအကဲဖြတ်ခဲ့ပြီး သူ မထိသင့်တဲ့သူတစ်ယောက်ကို စော်ကားမိခဲ့သည်။
ဒီလို အဆုံးသတ်ရခြင်းအတွက် သူ့ကိုယ်သူသာ အပြစ်တင်ရမည်။
ထိုဝန်ထမ်းက စိတ်ပျက်စွာနဲ့ လှည့်ထွက်သွားခဲ့သည်။
ချန်းချုံရှန်းက ဝန်ထမ်းကိစ္စကို ဖြေရှင်းပြီးတာနဲ့ ဆုန်းကျန်းဖေးကို လှည့်ကြည့်လိုက်သည်။
" မင်းက ဆုန်းရုန်ကွမ်းရဲ့ သားလား "
ဆုန်းကျန်းဖေးက သူ့စိတ်ထဲက မကျေနပ်မှုတွေကို မျိုသိပ်လိုက်သည်။
" ဟုတ်ပါတယ်၊ ချန်းလူကြီးမင်း။ ဘာအကြံဥာဏ်များ ပေးချင်လို့လဲ "
ချန်းချုံရှန်းက သူနှင့် ရိုင်းစိုင်းသော စကားများပြောရန် စိတ်မ၀င်စားပေ။
" မင်းအဖေကို ချက်ချင်းခေါ်ပြီး လာခိုင်းလိုက်ပါ "
ဆုန်းကျန်းဖေး မျက်မှောင်ကြုတ်လိုက်သည်။
" ချန်းလူကြီးမင်း၊ ခင်ဗျားပြောစရာရှိရင် ကျွန်တော့်ကိုပြောပါ။ အဖေ့ကို အသိပေးနေစရာ မလိုဘူး မဟုတ်လား "
ချန်းချုံရှန်းက ရယ်မောလိုက်သည်။
" မင်းက ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုတာ ငါစိုးရိမ်မိတယ်။ အဲ့တာကြောင့် မင်းအဖေကို ကိုယ်တိုင်လာခိုင်းရလိမ့်မယ် "
ဆုန်းကျန်းဖေးက မစဉ်းစားဘဲပြောသည်။
" တန်းစီတာကို ဖြတ်ဝင်တာလေးပဲ မဟုတ်လား။ ဘာတွေ ကြီးကြီးကျယ်ကျယ်လုပ်နေတာလဲ "
ချန်းချုံရှန်းက သူ့ကို အရူးတစ်ယောက်လို ကြည့်နေလိုက်သည်။
" မင်း ဘယ်သူ့ကို စော်ကားမိလိုက်မှန်း မသိသေးဘူးမလား။ မင်း ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး "
ဆုန်းကျန်းဖေးက ယဲ့ဖန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
" သူက ကျုံးဟိုင်က တောသားလေးပဲ မဟုတ်လား။ ပြောသလို ကြောက်စရာကောင်းပါ့မလား "
ချန်းချုံရှန်းက မတတ်နိုင်ဘဲ အေးစက်စွာရယ်မောလိုက်သည်။
" ဒါကြောင့် မင်းဘယ်လိုသေသွားမှန်းတောင် သိမှာ မဟုတ်လိုက်ဘူးလို့ ပြောတာ။ မင်းသေရမယ့်အကြောင်းကို ငါ ပြောပြရမလား။ ဒါက ကျုံးဟိုင်မြို့မှာ အချမ်းသာဆုံးလူငယ်လေး ယဲ့ဖန်လူကြီးမင်းပဲ။ ပြောရရင် နျုံစစမ်သွမ်းကို သူ့လက်နဲ့ အနိုင်ယူခဲ့တဲ့သူ "
ထိုစကားကို ပြောပြီးတာနဲ့ နေရာမှာ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အားလုံးက ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ယဲ့ဖန်၏ နာမည်က တောင်ပိုင်းကွမ်တုန်းပြည်နယ် တစ်ခုလုံးမှာ ပျံ့နှံ့ခဲ့သည်။
သူ့ကို မသိရင်တောင်မှ နျုံစစ်သွမ်းကို အနိုင်ယူခဲ့တဲ့ သူ့ရဲ့ အောင်ပွဲအကြောင်းကို ကြားဖူးကြသည်။
ဒီလို ဒဏ္ဍာရီဆန်ဆန် အသွင်အပြင်ကို ဒီနေရာမှာ ပေါ်လာမယ်လို့ သူတို့ မမျှော်လင့်ထားပေ။
" ဒါက ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းလား။ သူက ကောလဟာလတွေထက်တောင် အများကြီးပိုငယ်တဲ့ပုံရတယ် "
" ဟုတ်တယ်။ သူ့ကို အပျော်လာတဲ့ သူဌေးမိသားစုက သခင်လေးတစ်ယောက်လို့ ထင်နေခဲ့တာ "
" ဆုန်းကျန်းဖေးက သေပြီပဲ။ သူက ယဲ့လူကြီးမင်းကို သွားဆွတာလေ။ သူ့အဖေ ဆုန်းရုန်ကွမ်းတောင် သူ့ကို မကာကွယ်နိုင်လောက်ဘူး "
" နျုံစစ်သွမ်းတောင် သူ့လက်ချက်နဲ့ သေသွားရတာ။ ဒီဆုန်းမိသားစုလောက်က ထည့်ပြောဖို့မထိုက်တန်ဘူး "
" ဒီဆုန်းကျန်းဖေးဆိုတဲ့ကောင်ကို မကြိုက်တာကြာပြီ။ သူက နေရာတိုင်းမှာ သူ့အဖေနာမည်သုံးပြီး လူတိုင်းကို အနိုင်ကျင့်နေတာ။ တစ်ယောက်ယောက်က သူ့ကို ပညာပေးသင့်တာကြာပြီ "
" ဒီနေ့ ယဲ့လူကြီးမင်းနဲ့မှ တွေ့ရတာတော့ သူ့ကံဆိုးတာပဲ "
လူတိုင်း၏ ဆွေးနွေးချက်က နားထဲသို့ ဝင်လာတဲ့အခါ ဆုန်းကျန်းဖေး လုံးဝကို တုန်လှုပ်သွားသည်။
အစက ယဲ့ဖန်ကို မြို့ခြားက လူငယ်လေးဟုထင်ကာ အလွယ်တကူ လှည့်စားဖို့ လုက်ခဲ့သည်။
သို့သော် တစ်ဖက်လူက နျုံစစ်သွမ်းကို အနိုင်ယူပြီး သတ်သေအောင်ထိ တွန်းအားပေးခဲ့သူဟု ကောလဟာလသတင်းများ ထွက်ပေါ်နေတဲ့ ယဲ့လူကြီးမင်း ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ဒီလိုလူကို စော်ကားမိတာက .......
" ယဲ့လူကြီးမင်း၊ ကျွန်တော် ........ "
ယဲ့ဖန်၏ ခွင့်လွှတ်မှုကို တောင်းရမ်းရန် ညင်သာတဲ့စကားအနည်းငယ်ကို သူပြောချင်သည်။
ဒါပေမယ့် ယဲ့ဖန်က သူ့ကို ဖြတ်ပြောလိုက်သည်။
" ခင်ဗျားမှာ ကျွန်တော့်ကို ပြောပိုင်ခွင့်မရှိဘူး။ ခင်ဗျားအဖေကို လာခိုင်းလိုက်ပါ "
ဆုန်းကျန်းဖေးက သူ့အဖေကို ခေါ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ဖုန်းခေါ်ပြီးတဲ့နောက် သူက တဖြည်းဖြည်း ငြိမ်သက်သွားကာ သူ့စိတ်ထဲတွင် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆနေတော့သည်။
ထိုအခါ ကြောက်စရာ ဘာမှမရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။
ယဲ့ဖန်က အင်အားကြီးမားသော်လည်း သူ့အင်အားက ကျုံးဟိုင်မှာ အခြေစိုက်သည်။
ပြောရရင် ယန်းချန်က သူ့နယ်မြေမဟုတ်ပေ။
နျုံစစ်သွမ်း ကျရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ သူက သူ့သြဇာလွှမ်းမိုးမှုနယ်ပယ် မဟုတ်တဲ့ ကျုံးဟိုင်သို့ သွားခြင်းကြောင့်ဖြစ်သည်။
လက်ရှိ ယဲ့ဖန်က ထိုအချိန်က နျုံစစ်သွမ်းနှင့် အခြေအနေတူနေသည်။
ဆုန်းမိသားစုက ယန်းချန်ရဲ့ နယ်ခံအာဏာရှင်ဖြစ်တာကြောင့် ဘာကိုကြောက်ရမှာလဲ။
အဲ့တာကိုတွေးပြီး သူ့ရဲ့ မောက်မာတဲ့အမူအရာက ပြန်ပေါ်လာသည်။
" ယဲ့လူကြီးမင်း၊ ငါတို့ ဒီကိစ္စကို လွှတ်ချသင့်တယ်လို့ ငါထင်တယ်။ တိုက်ပွဲတွေကနေတဆင့် တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရတယ်လို့ပဲ ယူဆလို့ရအောင်။ ငါက ခြေတစ်လှမ်းဆုတ်ပြီး မင်းကို အရင် လုပ်ခွင့်ပေးလိုက်မယ် "
ဆုန်းကျန်းဖေးက ယုံကြည်ချက်အပြည့်နဲ့ တောင်းပန်ဖို့ ရည်ရွယ်ချက်မရှိတာကို ကြားလိုက်ရသည်။
" ခင်ဗျားက ကျွန်တော့် အချိန်တွေ အများကြီး လာဖြုန်းတီးပြီးမှ သူငယ်ချင်းတွေလို့ ပြောရုံနဲ့ လွှတ်ပေးစေချင်တာလား။ ဒါက နည်းနည်းလွယ်လွန်းတယ်မဟုတ်လား "
ဆုန်းကျန်းဖေး၏ အမူအရာ မှောင်သွားသည်။
" ယဲ့ဖန်၊ မင်းကိုကြောက်လို့ ငါနောက်ဆုတ်တာ မဟုတ်ဘူး။ ဒီလိုပြဿနာတွေတက်ပြီး လူတိုင်းကို ကြည့်ရဆိုးအောင် မလုပ်ချင်တာ။ မင်းအတွက် ဘာကကောင်းလဲမသိမှတော့ သေအောင်ထိ တိုက်ခိုက်ကြပြီးတော့ ဘယ်သူက အရင်ဆုံးရှုံးနိမ့်မယ်ဆိုတာကို ကြည့်ကြရအောင် "
ယဲ့ဖန်က သူ့ကို စိတ်ထဲမထားပေ။ သူကို လှည့်ကြည့်ရုံသာ ကြည့်လိုက်ပြီး ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့ဘက်လှည့်ကာ စကားဆက်ပြောနေသည်။
ခဏအကြာတွင် အနက်ရောင် Mercedes-Benz တစ်စီး အရှိန်ပြင်းပြင်းနဲ့ လာနေသည်ကို တွေ့လိုက်ရသည်။
ကားတံခါးပွင့်လာတဲ့အခါ လူလတ်ပိုင်းအရွယ် ခပ်ဝဝအမျိုးသားတစ်ဦး ကားပေါ်မှ အမြန်ထကာ ဆင်းလာသည်။
" လူကြီးမင်း၊ ဘယ်မှာလဲ မင်းတို့ထဲက ဘယ်တစ်ယောက်က ယဲ့လူကြီးမင်းလဲ "
ဆုန်းကျန်းဖေး သူ့ကိုမြင်တော့ သူ့ဆီ အမြန်ပြေးသွားသည်။
" အဖေ၊ သိပ်စိတ်မပူပါနဲ့။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ..... "
သူ့စကားမပြီးခင်မှာ လူလတ်ပိုင်းအရွယ်ယောက်ျားက သူ့ကို ပါးရိုက်လိုက်သည်။
ဖြောင်း
ကျယ်လောင်တဲ့ ပါးရိုက်သံကြောင့် ဆုန်းကျန်းဖေး အံ့အားသင့်သွားသည်။
ပူလောင်နေတဲ့ ပါးပြင်ကို လက်ဖြင့်အုပ်ပြီး သူ့အဖေကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေသည်။
" အဖေ၊ ဘာလို့ ရိုက်တာလဲ "
လူလတ်ပိုင်းအရွယ် အမျိုးသားက အံကြိတ်ကာ သူ့ကို ညွှန်ပြသည်။
" မင်းက ငါ့ကို ဒီလောက်ကြီး ရှုပ်အောင်ထိ လုပ်လိုက်ပြီးမှ မင်းကို သာသာလေးရိုက်မယ်လို့ ထင်ထားတာလား "
ဆုန်းကျန်းဖေးက သူ့ကို ညှိုးငယ်စွာ ကြည့်နေသည်။
" အဖေ၊ ဒါ ယဲ့ဖန်ပဲ မဟုတ်လား။ ဘာလို့ အရမ်းကြောက်နေရမှာလဲ ...... "
သူ့စကားမပြီးခင်မှာ ထိုအမျိုးသားက သူ့ကို ထပ်ပြီး ပါးရိုက်လိုက်သည်။
" မင်းနောင်တဆိုတာကို ဘယ်လိုရရမယ်မှန်း မသိဘူးလား။ ငါလည်း မင်းကို သတ်ပစ်ချင်နေပြီ "
အဲ့လို ပြောပြီးတဲ့နောက် သူက ဆုန်းကျန်းဖေးကို ငိုတဲ့အထိ ရိုက်နှက်ပါတော့သည်။
လူတိုင်း အံ့သြသွားကြသည်။
ဘာတွေဖြစ်နေတာလဲ။
လှည့်ကွက်လား။
အပိုင်း ( ၅၃၄ )
အနိုင်ကျင့်ခံရတာ တခြားသူတွေလို့တောင် ခံစားမိတယ်
မကြာခင်မှာ ဆုန်းကျန်းဖေးက လူနဲ့သူနဲ့မတူအောင် အရိုက်ခံရသည်။
ထိုမှသာ ဆုန်းရုန်ကွမ်းက ရပ်တန့်သွားသည်။ ပြီးတဲ့အခါ သူက ယဲ့ဖန်ဆီကို အမြန်လျှောက်သွားသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်နာမည်က ဆုန်းရုန်ကွမ်းပါ။ ကျွန်တော့်သားကို ကောင်းကောင်းမသင်ပေးခဲ့လို့ ဒီခွေးလိုကောင်မျိုးကို မွေးခဲ့မိတာပါ။ စိတ်လျှော့ပြီး သူ့လိုအဆင့်နဲ့ လိုက်မဖြစ်ဖို့ မျှော်လင့်ပါတယ် "
ယဲ့ဖန်က သူ့ကို အကဲခတ်လိုက်သည်။
" ဆုန်းလူကြီးမင်းရဲ့ လှည့်ကွက်က အရမ်းပါးနပ်တာပဲ။ ဒီလိုလုပ်ထားတာကိုမှ ကျွန်တော်ကသာ ဆက်ပြီး တွက်ဆနေမယ်ဆိုရင် ကျွန်တော့်ကို အမြင်ကျဉ်းတဲ့သူ ဖြစ်သွားစေမှာ မဟုတ်ဘူးလား "
ဆုန်းရုန်ကွမ်းက ချက်ချင်း ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
ယဲ့ဖန်က လောလောဆယ်မှာ ဒေါသထွက်နေကြောင်း သူ သေချာသိထားသည်။
ထို့ကြောင့် အခု အရေးကြီးဆုံးအချက်မှာ တစ်ဖက်သား၏ ဒေါသကို ဖြေဖျောက်ရန်ဖြစ်သည်။
ထို့ကြောင့် တစ်ဖက်ကို လှုပ်ရှားခွင့်ပေးမယ့်အစား ကိုယ့်ဘက်က အရင်ဆုံး အကွက်ရွှေ့တာက ပိုကောင်းလေသည်။
လူတိုင်းရှေ့မှာ သူ့သားကို ရိုက်နှက်ပြီး ယဲ့ဖန်ကို လုံလောက်တဲ့ မျက်နှာသာပေးခဲ့သည်။
ဒီလိုဆို ယဲ့ဖန်က သူ့ကို ဆန့်ပြီး ကန့်လန့်တိုက်နေမှာ မဟုတ်ပေ။
ဒါပေမယ့် ယဲ့ဖန်က လိမ်ဖို့ မလွယ်တဲ့သူဆိုတာ သိသာလေကာ ချက်ချင်း လှောင်ပြောင်လာသည်။
" ဒါပေမယ့် ကျွန်တော်က အမြင်ကျဉ်းတဲ့သူပဲ။ ခင်ဗျားသားရဲ့ နှောင့်ယှက်မှုကြောင့် ကျွန်တော့်ရဲ့ အချိန်တွေ အလဟဿဖြစ်သွားတယ်။ ကျွန်တော့်အချိန်တွေက အရမ်းတန်ဖိုးရှိတော့ ဒါကို ဘယ်လိုဖြေရှင်းပေးသင့်တယ်လို့ ထင်လဲ "
ဆုန်းရုန်ကွမ်းသည် ချက်ချင်း အံ့သြသွားရသည်။ သူ့ဘက်သူ နာကျင်အောင်လုပ်တဲ့ လှည့်ကွက်က မအောင်မြင်မယ်လို့ မမျှော်လင့်ထားပေ။
သူ့သားကို ဒီလိုရိုက်နှက်ပြီးတာတောင် တစ်ဖက်က မကျေနပ်သေးဘူးလား။
ထိုအချိန်တွင် ဆုန်းကျန်းဖေးကလည်း ဒေါသတကြီး ဖြစ်နေသည်။
" ယဲ့ဖန်၊ ငါ့အဖေက မင်းကို လုံလောက်တဲ့ မျက်နှာသာပေးထားတာတောင် မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ ငါတို့ ဆုန်းမိသားစုက မင်းကို တကယ်ကြောက်တယ်လို့ ထင်နေတာလား "
ဆုန်းရုန်ကွမ်း၏ အမူအရာက ပြောင်းသွားပြီး ပါးထပ်ရိုက်လိုက်ပြန်သည်။
" မင်းလို ခွေးကောင်က ယဲ့လူကြီးမင်းကို ဘယ်လိုပြောနေတာလဲ။ မြန်မြန်ထ ဒူးထောက်ပြီး မင်းရဲ့ခွေးလောက်မတန်တဲ့အသက်ကို ချမ်းသာပေးဖို့ ယဲ့လူကြီးမင်းကို တောင်းပန်လိုက် "
ဆုန်းကျန်းဖေးက သူ့အဖေကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ဒူးထောက်ရမှာလား။ အဖေ၊ ကျွန်တော် နားမလည်ဘူး။ ဘာလို့ သူ့ကို အရမ်းကြောက်နေရတာလဲ။ ဘာပဲဖြစ်ဖြစ် သူက နယ်ခြားသားတစ်ယောက်ဖြစ်တဲ့အပြင် ယဲ့ဖန်က ယန်းချန်မှာ ဘာသြဇာမှမရှိဘူး။ ဘာကြောက်စရာရှိလဲ "
ဆုန်းရုန်ကွမ်းက သူ့ကို လည်ပင်းညှစ်သတ်ချင်ပေမယ့် သူ့သားဖြစ်နေတာကြောင့် သူ့ကို မသတ်နိုင်ခဲ့ပေ။
သူ့စိတ်ထဲမှာ ဒေါသကို ထိန်းထားကာ သူ့နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
" ဒီယဲ့ဖန်က လုံကျန်း အိမ်ခြံမြေလုပ်ငန်းက လော့ကျင်းယွမ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိရုံမကဘူး၊ ကျောင်းမိသားစုက ကျောင်းဖုလင်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတဲ့သတင်းကို ငါ ရထားတယ်။ ငါတို့ ဆုန်းမိသားစုက နျုံစစ်သွမ်းရဲ့ ခြေရာကို မနင်းချင်ဘူးဆိုရင် ချက်ချင်း သူ့ကို တောင်းပန်လိုက် "
ထိုစကားကို ဆုန်းကျန်းဖေး ကြားပြီးတဲ့နောက် သူ့မျက်လုံးများက ချက်ချင်း ထိတ်လန့်မှုတွေ ပြည့်သွားခဲ့သည်။
ယဲ့ဖန်က ဘယ်လောက်ပဲ အင်အားကြီးသည်ဖြစ်စေ သူက တခြားမြို့သားဖြစ်နေသေးသည်ဟု အစက သူထင်ခဲ့သည်။
ဒေသခံ အာဏာရှိသူတစ်ဦးအနေဲ့ ဆုန်းမိသားစုက သူ့ကို ကြောက်ရွံ့နေရန် မလိုအပ်ပေ။
သို့ပေမဲ့ တစ်ဖက်သူက လော့နဲ့ ကျောင်းမိသားစုတွေရဲ့ ခြေသလုံးကို တွယ်ကပ်နေတယ်ဆိုရင် ဒါက တခြားကိစ္စတစ်ခု ဖြစ်သွားလေပြီ။
အဲ့တာကိုတွေးကာ သူက တွန့်ဆုတ်မနေရဲတော့ဘဲ ယဲ့ဖန်ရှေ့မှာ ဒူးထောက်ထိုင်လိုက်တော့သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်က မျက်စိကန်းပြီး လူကြီးမင်းကို စော်ကားမိခဲ့ပါတယ်။ ဒီတစ်ခါတော့ လူကြီးမင်းက စိတ်သဘောထားကြီးပြီး ကျွန်တော့်ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ...... "
လူတိုင်း အံ့သြသွားကြသည်။
ဒီဆုန်းကျန်းဖေးက ခုနကထိ အရှုံးပေးရမှာထက် သေရမှာကို မကြောက်တဲ့ပုံစံ ရှိနေခဲ့သည်။
အရင် အရှုံးပေးတဲ့သူက မြေးဖြစ်လိမ့်မယ်လို့တောင် ပြောခဲ့သေးသည်။
ဆုန်းရုန်ကွမ်းက သူ့ကို ဘာပြောလိုက်မှန်းကို မသိပေမယ့် ချက်ချင်း ဒူးထောက်ပြီး အသနားခံရတော့တာလား။
ဆုန်းမိသားစုက ယန်းချန်မှာ နာမည်ရှိ မိသားစုကြီးဖြစ်သည်။ တကယ်ကြီး သူတို့က ယဲ့ဖန်ကို အဲ့လောက် ကြောက်ကြတာလား။
ဘာ သတင်းရထားလို့လဲ၊
ဆုန်းရုန်ကွမ်းသည် သူ့သားကို ဒူးထောက်တာကို စောင့်ဆိုင်းပြီးတဲ့နောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ငါ့သားက ဒူးထောက်ပြီး တောင်းပန်နေပါပြီ။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ "
ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။
ဆုန်းမိသားစုက ယန်းချန်တွင် အင်အား မပျော့ညံ့ပေ။
သူတို့ကို ဒီလိုလုပ်နိုင်တာကတောင် အရမ်းချီးကျူးစရာဖြစ်နေပြီ ဖြစ်သည်။
တကယ်လို့ ယဲ့ဖန်က မရပ်တန့်ပါက တစ်ဖက်သားကို လုံးဝ ဒေါသထွက်သွားစေမှာပြီး တန်ပြန်ထိသွားနိုင်ချေရှိသည်။
ယဲ့ဖန်ကလည်း သူ့ကန့်သတ်ချက်တွေကို သိလေသည်။ ဆုန်းရုန်ကွမ်းက သူ့အား တောင်းပန်ပြီး သားဖြစ်သူကို ဒူးထောက်ခိုင်းတာကပင် အတော်ကို မျက်နှာပေးထားခြင်းဖြစ်သည်။
" ဆုန်းလူကြီးမင်းက ဘယ်လောက်စိတ်ရင်းမှန်လဲဆိုတာကို မြင်ရတော့ ဒီနေ့ သူ့ကို လွှတ်ပေးလိုက်မယ်။ ပြန်သွားပြီးရင် ဒုက္ခထပ်မရှာအောင် သူ့ကို သေချာ ဆုံးမပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ဆုန်းရုန်ကွမ်းက ချက်ချင်း မျက်ရည်ကျမတတ် ဖြစ်သွားသည်။
ထို့နောက် သားဖြစ်သူအား ဆွဲထုတ်ကာ ပြန်သွားခဲ့သည်။
နေရာရှိ ကိစ္စအားလုံးကို မြင်သူတိုင်းက တိတ်တိတ်ကလေး ထိတ်လန့်သွားကြသည်။
ဒီယဲ့လူကြီးမင်းက အရွယ်အားဖြင့် အတော်လေး ငယ်သေးသော်လည်း သူ့မှာ ထိုကဲ့သို့လုပ်နိုင်တဲ့ အင်အားရှိလေသည်။
ယန်းချန်ကို သူရောက်လာခဲ့ရင်တောင် နယ်စားမင်းတွေက ဒူးထောက်ပြီး သူ့အတွက် လက်အောက်ခံအောင် လုပ်နိုင်မှာ သေချာလေသည်။
ဒီလို သူရဲကောင်းစိတ်ဓာတ်နဲ့ ခွန်အားတွေက သူတို့ကို နားမလည်နိုင်အောင် တုန်လှုပ်သွားစေသည်။
လုရှောင်ရ၏ လှပတဲ့ မျက်လုံးလေးများက တလက်လက် ဖြစ်နေသည်။
ယဲ့ဖန်က ယန်းချန်မှာ နေရာနှင့် မရင်းနှီးတာကြောင့် အနိုင်ကျင့်ခံရမည်ကို အစက စိုးရိမ်ခဲ့သည်။
အခုတော့ သူက တပြန်ကြီး သူများကို ပိုင်နက်ကျော်ကာ အနိုင်ကျင့်နေသည်လို့တောင် သူမ ခံစားမိသည်။
ထို့နောက် ချန်းချုံရှန်းက ယဲ့ဖန်အတွက် အတည်ပြုခြင်း လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။
လုပ်ထုံးလုပ်နည်းများ အားလုံးပြီးမြောက်သွားတဲ့အခါ လက်နှစ်ဖက်ဖြင့် သပ်ရပ်လှပသော ဖိတ်စာတစ်စောင်ကို လေးလေးစားစား ကိုယ်တိုင်ပေးခဲ့သည်။
" ယဲ့ညီလေး၊ ဒီဖိတ်စာကတ်က ပထမတန်းမှာရှိတဲ့ ၀၀၁ နံပါတ်အတွက်ပါ။ ဒီတစ်ခါတော့ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းတယ် "
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုချန်း "
ယဲ့ဖန်က ဖိတ်စာကို ကြည့်လိုက်ပြီးနောက် အချိန်ကိုကြည့်လိုက်သည်။ ညရောက်နေပြီဖြစ်လို့ ယဲ့ဖန်က သူတို့နှစ်ယောက်ကို ချက်ချင်း ကြည့်လိုက်သည်။
" အစ်ကိုချန်း၊ ဟုလူကြီးမင်း၊ ဒီလို ဆုံတွေ့ရတာက ရှားပါတယ်။ ကျွန်တော်က ထမင်းကျွေးပါရစေ "
ဟုရွမ်ယု - " ဟုတ်တယ် ငါတို့ တစ်ခုခုစားရမယ်။ ဒါပေမယ့် ရှင်းတာကတော့ ငါ့အတွက်ပဲဖြစ်ရမယ် "
ချန်းချုံရှန်း - " ဟုလူအိုကြီး ခင်ဗျား ကျွန်တော်နဲ့ ပြိုင်ငြင်းခုံမနေပါနဲ့။ ယဲ့ညီလေးက ဒီမှာ စိတ်ရှုပ်စရာတွေ ကြုံလိုက်ရတော့ ဒီထမင်းဝိုင်းက ကျွန်တော်က ကျွေးသင့်တာပေါ့။ တောင်းပန်မှုတစ်ခုအနေ မှတ်ယူပေးပါ "
ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" အစ်ကိုချန်း၊ အဲ့လို မပြောနဲ့။ ဒါက ခင်ဗျားနဲ့ ဘာဆိုင်လဲ။ ကျွန်တော်က အငယ်ဆုံးဖြစ်လို့ ညီအကိုနှစ်ယောက်ကို ထမင်းကျွေးပါရစေ "
ဟုရွမ်ယုနဲ့ ချန်းချုံရှန်းတို့က ထပ်ပြီး ငြင်းခုံချင်ကြသေးပေမဲ့ လုရှောင်ရက မထိန်းနိုင်ဘဲ ဝင်ပြောသည်။
" ကျွန်မ ဗိုက်ဆာလွန်းလို့ သည်းမခံနိုင်တော့ဘူး။ စားသောက်ဆိုင်ကို အရင်သွားကြည့်ပြီးမှ ကျွန်မတို့ကို ဘယ်သူက ကျွေးမလဲဆိုတာ ဆုံးဖြတ်လို့ရမလား "
သူမက စကားပြောရင်း ဗိုက်ကို ပွတ်လိုက်သည်။
သူတို့ သုံးယောက်က သူမကြောင့် ချက်ချင်း ရယ်လိုက်ကြပြီး ငြင်းခုံမနေတော့ပေ။
ချန်းချုံရှန်းက စားသောက်ဆိုင်တစ်ခုကို အကြိုမှာကြားကာ သူတို့လေးယောက် ကားပေါ်တက် ထွက်သွားကြသည်။
တန်းစီစောင့်ဆိုင်းနေကြတဲ့ လူများက ယဲ့ဖန်၏ကားကို ရှုပ်ထွေးသော အမူအရာတွေဖြင့် ကြည့်လိုက်ကြသည်။
အနံ့ခံတတ်တဲ့ သူတွေက ဒါကို သဘောပေါက်လေသည်။
ယန်းချန်ကို ယဲ့ဖန် ရောက်လာပြီးတဲ့နောက် သွေးထွက်သံယိုများမည့် မုန်တိုင်းတစ်ခု လှုပ်ခတ်လာမည်မှာ သေချာသည်။
အခွင့်အလမ်းတွေ ဘယ်လောက်ရှိမှာလဲ။ အန္တရာယ် ရော ဘယ်လောက်များလဲ။
ဘယ်သူတွေက ကောင်းစားပြီး ဘယ်သူတွေက ကျဆုံးမှာလဲ။
ဒါက တကယ်ကို စောင့်ကြည့်ရမည့်အရာ ဖြစ်လေသည်။
အပိုင်း ( ၅၃၅ )
လက်ဆောင်ကြီးကြီးပေးခြင်း
ချန်းချုံရှန်း ကြိုတင်အမှာယူထားသော စားသောက်ဆိုင်သည် ယန်းချန်၏ ထိပ်ဆုံးစားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ကာ 'ကျန်းနန်နယ်နိမိတ်'ဟု ခေါ်လေသည်။
သူဌေးက လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး ယောက်ျားလေးဖြစ်ကာ သူတို့ကို ကြိုဆိုဖို့ တံခါးဝထိ ကိုယ်တိုင်ကိုယ်ကျ ရောက်လာသည်။
ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က လူငယ်လေးတစ်ဦး၏နောက်မှ တလေးတစား လိုက်လာနေသည်ကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။
ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့၏ ခွန်အားနှင့် အဆက်အသွယ်တွေကို သူ ကောင်းကောင်းကြီး သိလေသည်။ သူတို့နှစ်ဦးကတောင် လေးလေးစားစား ဆက်ဆံရတဲ့သူဆိုရင် ဒီလူငယ်လေးရဲ့ နောက်ခံက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ ခန့်မှန်းသိနိုင်လေသည်။
သူတို့အတွက် လမ်းကို မြန်မြန်ဂရုတစိုက်နဲ့ လမ်းပြပေးလေသည်။
ခန်းမထဲမှ စားသောက်နေကြတဲ့ ဖောက်သည်တွေက ထိုလူအုပ်စုကို စူးစူးစမ်းစမ်း ကြည့်နေကြသည်။
" ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့ကို သူဌေးလောင်က ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုဆိုတာလား "
" မင်း မသိဘူးလား။ အဖြူရောင်ဝတ်စုံ ဝတ်ထားတဲ့သူက Sotheby လေလံအိမ်က ချန်းချုံရှန်းပဲ။ သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အတော်လေး သြဇာညောင်းတယ် "
" ဒါဆို သူက ချန်းချုံရှန်းလား။ ငါတို့သူဌေးက Sothebyကို ခဏခဏ ရှေးဟောင်းပစ္စည်း သွားဝယ်ပြီးတော့ ချန်းလူကြီးမင်းကို ချီးကျူးလေ့ရှိတယ်။ ဒီနေ့ သူ့ကို ဒီမှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး "
" အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ တစ်ယောက်ကိုရော မင်းတွေ့လား။ အဲ့ဒီလူက ပိုတောင် နောက်ခံရှိသေးတယ်။ သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်က ဟူရန်လူချမ်းသာစာရင်းရဲ့ တာဝန်ရှိအကြီးအကဲ ဟုရွမ်ယုတဲ့ "
" အမလေး ဘုရားသခင်၊ ဟူရန်လူချမ်းသာစာရင်းကို တာဝန်ယူတဲ့သူလား။ ဒါဆို သူကလည်း ဒိတ်ဒိတ်ကြဲကြီးပေါ့။ သူဌေးလောင် သူတို့ကို ကိုယ်တိုင် ထကြိုဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ ဒါပေမယ့် အဲါဒီလူငယ်က ဘယ်သူလဲ။ ချန်းလူကြီးမင်းနဲ့ ဟုလူကြီးမင်းတို့ကတောင် သူ့ကို အရမ်းလေးစားတဲ့ပုံရတယ်။ အဲ့လိုဆို သူက ပိုပြီးတောင် အားကောင်းတဲ့ နောက်ခံရှိလောက်တယ်မဟုတ်လား "
" အာ ...... အဲ့ဒီလူကိုတော့ ငါ တကယ်မသိပေမယ့် ချန်းလူကြီးမင်းနဲ့ ဟုလူကြီးမင်းတို့ကပါ လေးလေးစားစား ဆက်ဆံခံရတဲ့ အနေအထားဆိုမှတော့ သေချာပေါက် တကယ့်အကြီးစားတစ်ယောက်ယောက် ဖြစ်မယ်ထင်တယ် "
" သူက အရမ်းငယ်သေးတယ် မဟုတ်ဘူးလား။ သူက ငါတို့ထက်တောင် ပိုငယ်လောက်ပေမယ့် သူက ဆရာ့ဆရာကြီး ဖြစ်နေပြီ "
" အဲ့တာတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုလူတွေက ငါတို့ မထိသင့်တဲ့ သူတွေပဲ။ သူတို့က လက်ချောင်းလေးတွေ လှုပ်လိုက်တာနဲ့ ငါတို့ကို အသေသတ်ပစ်နိုင်တယ် "
" ဟုတ်တယ်။ ငါတို့က သူတို့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေပဲ ...... "
အားလုံးက ဆွေးနွေးနေကြစဉ် စားသောက်ဆိုင်ထဲသို့ နောက်ထပ် ဝင်လာတဲ့သော အမျိုးသားတစ်ဦးက ယဲ့ဖန်တို့ကို ပဟေဠိဆန်ဆန်အမူအရာဖြင့် နောက်ကျောဘက်ကို ကြည့်နေလိုက်သည်။
ထို့နောက် မျက်လုံးပြူးသွားပြီး သီးသန့်ခန်းတစ်ခုထဲကို အမြန်လျှောက်သွားသည်။
သီးသန့်ခန်းထဲတွင် ကြီးမားတဲ့ စားပွဲဝိုင်းကြီးရှိနေပြီး ပတ်လည်တွင် လူအပြည့် အားရပါးရ သောက်စားနေကြသည်။
အဓိကထိုင်ခုံတွင် ထိုင်နေသူမှာ ချန်းဖန်းအိမ်ခြံမြေကုမ္ပဏီဥက္ကဌ ဝေ့ချန်းဖန်းဖြစ်သည်။
ထိုလူဝင်လာတာကို မြင်တဲ့အခါ ဝေ့ချန်းဖန်းက ဦးဆောင်ပြီး သူ့ကို နှုတ်ဆက်သည်။
" ဝမ်ဟောက်၊ မင်းဒီနေ့နောက်ကျတယ်။ ပြစ်ဒဏ်အနေနဲ့ ဝိုင်သုံးခွက်သောက်ရမယ် "
တခြားသူတွေက လက်ခုပ်တီးပြီး အားပေးကြသည်။
ယန်းဝမ်ဟောက်က တခြားဘာမှ မပြောဘဲ ဝိုင်သုံးခွက်ကို ဆက်တိုက်သောက်ကာ ပြီးတဲ့နောက် ဝေ့ချန်းဖန်းကို လှည့်ကြည့်လိုက်သည်။
" ချန်းဖန်း၊ ငါဝင်လာတုန်းက တစ်ယောက်ယောက်ကို တွေ့ခဲ့တယ်။ ဘယ်သူလဲဆိုတာ မင်းသိလား "
ဝေ့ချန်းဖန်းက အစာတစ်လုတ်ကို ကောက်ယူပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
" မင်း ဘယ်သူ့ကို တွေ့ခဲ့လဲဆိုတာ ငါက ဘယ်လိုလုပ်သိနိုင်မှာလဲ။ မင်းကို အလှလေးတစ်ယောက်က စွဲဆောင်သွားလို့လား။ မင်း သူ့ကို ဖမ်းခဲ့တာတော့ မဟုတ်ဘူး "
သီးသန့်ခန်းထဲမှ လူတိုင်းက ရယ်မောကြပြန်သည်။
ယန်းဝမ်ဟောက်က မပြုံးဘဲ သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။
" ယဲ့ဖန်ကို တွေ့ခဲ့တယ် "
ထိုစကားကို ပြောပြီးတာနဲ့ အားလုံးရဲ့ မျက်နှာပေါ်မှ အပြုံးတွေက အေးစက်သွားတော့သည်။
အားလုံးက ဝေ့ချန်းဖန်းကို သတိထားပြီး ကြည့်နေကြသည်။
ဝေ့ချန်းဖန်းက လွန်ခဲ့သည့်ရက်အနည်းငယ်မှာ ယဲ့ဖန်၏ လက်ချက်ကြောင့် အရှုံးပေါ်သွားသည်ကို အားလုံးကြားသိခဲ့ရသည်။
ယဲ့ဖန်၏ လက်အောက်ခံ ဟော်ချီကျိန်းက သူ့ကို လှည့်စားသွားခဲ့သည်။
အစက သန်း ၅၀ သာရှိခဲ့တဲ့ ဆောက်လုပ်ရေးပစ္စည်းများအတွက် သန်း ၁၀၀ ကုန်ကျခဲ့ရသည်။
ထို့အပြင် ဝေ့ချန်းဖန်းကို ထောက်ခံခဲ့တဲ့ ထန်ဖုရှန်းကလည်း ယဲ့ဖန်၏ ကစားပွဲမှာ ရှူံးနိမ့်ကာ ဒေဝါလီခံရသည်အထိ ဖြစ်ပြီး အဆုံးသတ်သွားခဲ့သည်။
ဝေ့ချန်းဖန်း၏ မျက်နှာကို ပါးတက်ရိုက်လိုက်သည်ဟု ဆိုနိုင်သည်။
အခုအချိန်မှာ ယဲ့ဖန်၏ နာမည်က ဝေ့ချန်းဖန်းအတွက် တားမြစ်ချက်တစ်ခုဖြစ်နေသည်။ ဘယ်သူမှ မပြောရဲကြပေ။
မျှော်လင့်ထားသည့်အတိုင်း ဝေ့ချန်းဖန်းက ထိုနာမည်ကို ကြားပြီးတဲ့နောက် ခြေချိတ်ထားတာကို ဖြည်းညှင်းစွာချလိုက်သည်။
" သေချာ မြင်လိုက်လား။ အဲ့ကလေးဆိုတာ တကယ်ပဲလား "
ယန်းဝမ်ဟောက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" သူဆိုတာ လုံးဝ သေချာတယ်။ ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က သူနဲ့အတူရှိနေတာ။ အမှားမရှိနိုင်ဘူး "
ဝေ့ချန်းဖန်းက စားပွဲကို ဆောင့်ရိုက်လိုက်သည်။
" ဒီကလေးက ယဲ့ဖန်ကို တကယ်လာရဲသေးတာလား။ ငါ သူ့ကို သင်ခန်းစာ မပေးဘူးလို့ သူ ထင်နေတာလား "
အခြားသူများကလည်း အော်ဟစ်ကြသည်။
" ဒီကလေးက ဝေ့လူကြီးမင်းကို အလေးအနက်မထားဘူး။ သူက မာနကြီးလွန်းတယ် "
" ကျွန်တော်တို့က သူ့ကို သင်ခန်းစာပေးပြီး ယန်းချန်မှာ နောက်ဆုံး ဩဇာညောင်းတာက ဘယ်သူလဲဆိုတာကို သိအောင်ပြောပြရမယ် "
" ဟုတ်တယ်။ ကျုံးဟိုင်က ကောင်က ယန်းချန်မှာ အာဏာလာပြချင်နေတာလား "
" ငါတို့က ဘာလဲဆိုတာ သူ့ကို မပြနိုင်ရင် ငါတို့ မျက်နှာကို ဘယ်မှာထားရမှာလဲ "
ယန်းဝမ်ဟောက်က ဝေ့ချန်းဖန်းကို ချက်ချင်းကြည့်လိုက်သည်။
" ဘာလုပ်ဖို့ စီစဉ်ထားလဲ "
ဝေ့ချန်းဖန်း ခဏလောက်စဉ်းစားပြီး လှောင်ပြောင်တဲ့အရိပ်အယောင်တွေ သူ့မျက်နှာမှာ ပေါ်လာသည်။
" သူက အခုမှရောက်လာတာဆိုတော့ ငါတို့က အိမ်ရှင် ဖြစ်ပေးရမယ်။ သူ့ကို ကြိုဆိုတဲ့ လက်ဆောင်အဖြစ် လက်ဆောင်ကြီးကြီး ပေးရမယ် "
လူတိုင်းက သူ့အမူအရာကိုမြင်တဲ့အခါ ဒီနေ့ပွဲကြီးပွဲကောင်းတစ်ပွဲ ရှိတော့မယ်ဆိုတာကို သူတို့သိလိုက်သည်။
သူတို့အားလုံးက အဲ့တာကို စောင့်မျှော်နေကြသည်။
..................................
သူဌေးလောင်၏ လမ်းပြမှုနောက်မှ လိုက်ကာ ယဲ့ဖန်တို့က အဆင့်မြင့် သီးသန့်ခန်းထဲသို့ ဝင်သွားခဲ့ကြသည်။
ချန်းချုံရှန်းနဲ့ ဟုရွမ်ယုတို့က ယဲ့ဖန်ကို အဓိကထိုင်ခုံမှာ ထိုင်ခိုင်းစေချင်ကြသည်။
ယဲ့ဖန်က အတတ်နိုင်ဆုံး ငြင်းရန် ကြိုးစားသော်လည်း သူတို့နှစ်ဦးက အတင်းထိုင်ခိုင်းတာကြောင့် အဓိက ထိုင်ခုံမှာ ထိုင်လိုက်ရသည်။
လုရှောင်ရက သူ့ဘေးမှာ ထိုင်လိုက်သည်။
ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က တစ်ဖက်စီတွင် ထိုင်ကြသည်။
သူဌေးလောင်က ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပိုလို့တောင် အံ့သြသွားသည်။
ဒီလိုအလေးစားခံလူနှစ်ယောက်ကတောင် သူ့ကို ဒီလို လေးလေးစားစား ဆက်ဆံနိုင်စေတဲ့ ဒီလူငယ်၏ နောက်ခံက သေးငယ်မည်မဟုတ်ပေ။
ထို့ကြောင့် ပေါ့ဆမနေရဲဘဲ သူတို့အတွက် စားပွဲကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ဖို့ အမြန်ထွက်သွားခဲ့သည်။
ဝိုင်သောက်ပြီးကြတဲ့နောက် ချန်းချုံရှန်းက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ညီလေး၊ မင်း အခုကစပြီး ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။ ယန်းချန်ကို ချီတက်ဖို့ စီစဉ်နေတာလား။ ငါ မင်းကို ကူညီပေးနိုင်တာ တစ်ခုခုရှိလား "
ဟုရွမ်ယုက ချက်ချင်း လက်ခုပ်တီးပြီး ဝမ်းသာအားရ ပြောလိုက်သည်။
" အဲ့တာ အရမ်းကောင်းတယ်။ ယဲ့ညီလေး မင်း တကယ်ပဲ ယန်းချန်ထဲဝင်ဖို့ စီစဉ်ထားရင် ဒီမှာ မင်းခြေကုပ်ရဖို့ ငါအစွမ်းကုန် ကူညီပေးမယ် "
ယဲ့ဖန်က သူ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။
" အစ်ကိုတို့ရဲ့ ရည်ရွယ်ချက်ကောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲ့တာကို မစဉ်းစားရသေးဘူး။ ဒီလိုနေ့မျိုး တကယ်ရောက်လာရင် ခင်ဗျားတို့နှစ်ယောက်ကို အကူအညီမှာပါ "
ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့က မျက်မှန်ကို မြှောက်လိုက်ကြသည်။
" ယဲ့ညီလေး မင်း ယဉ်ကျေးနေဖို့ မလိုဘူး။ ငါတို့ဆီက မင်းလိုအပ်တာတစ်ခုခုရှိရင် ပြောလိုက်။ အစွမ်းကုန်ကူညီပေးမယ် "
သုံးယောက်သား စကားပြောနေကြတုန်းမှာပဲ သီးသန့်ခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။
ထို့နောက် လူလတ်ပိုင်းယောက်ျားတစ်ဦး ဝင်လာသည်။
" မင်းတို့ထဲက ဘယ်တစ်ယောက်က ယဲ့လူကြီးမင်းလဲ။ ငါ မင်းကို လက်ဆောင်ပေးဖို့ ဒီကို ရောက်လာတာ "
အပိုင်း ( ၅၃၆ )
ကျေးဇူးမတုန့်ပြန်ရင် မယဉ်ကျေးရာကျတယ်
ယဲ့ဖန်နှင့် အခြားသူများက ထိုဖိတ်ကြားမထားသော ဧည့်သည်ကို ကြည့်လိုက်ကြသည်။
ထိုလူက သူ့လက်ထဲတွင် သေတ္တာတစ်လုံးနဲ့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
" ငါ့ကိုငါ အရင်မိတ်ဆက်ပါရစေ။ ငါက ဟောက်ထျန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကဥက္ကဌပါ။ နာမည်က ယန်းဝမ်ဟောက် "
ယဲ့ဖန်သည် တစ်ဖက်လူမှ သူ့ကိုယ်သူ မိတ်ဆက်သည်ကို ကြားသောအခါ ချက်ချင်း ထရပ်လိုက်သည်။
ဆိုရိုးစကားအတိုင်း ကမ်းသောလက်ကို ရိုက်ချစရာ အကြောင်းမရှိပေ။
တစ်ဖက်သား၏ အပြောအဆိုနှင့် အပြုအမူက မောက်မာနေသော်လည်း လက်ဆောင်ပေးရန် ရောက်လာသည်ဆိုသောကြောင့် မတ်တပ်ရပ်၍ ကြိုဆိုသင့်လေသည်။
ယန်းဝမ်ဟောက်က သူ့လက်ထဲမှ လက်ဆောင်သေတ္တာကို စားပွဲပေါ်သို့ အသံကျယ်ကျယ် ပစ်ချလိုက်သည်။ ဒီလက်ဆောင်က အရမ်းအရေးကြီးတယ်ဆိုတာ သိသာလေသည်၊
" ယဲ့လူကြီးမင်း၊ ဒါက ယန်းချန်ကို မင်း ပထမဆုံးအကြိမ်ရောက်လာတာဆိုတော့ ငါ့မှာ မင်းကို ပေးစရာ ဘာမှမရှိဘူး။ ဒီလက်ဆောင်ကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ် "
ပြောပြီးတဲ့နောက် လက်ဆောင်သေတ္တာကို တွန်းပို့လိုက်သည်။
ယဲ့ဖန်က လက်ဆောင်သေတ္တာကိုယူကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သေတ္တာကိုဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှ လက်ဆောင်ကိုတွေ့ပြီး မထိန်းနိုင်ဘဲ ရယ်မိသည်။
သူ့ဘေးမှာ ရပ်နေတဲ့ ချန်းချုံရှန်း၊ ဟုရွမ်ယုနဲ့ လုရှောင်ရတို့ကတော့ ဒေါသတကြီး ကြည့်နေကြသည်။
သေတ္တာထဲရှိ လက်ဆောင်က ရှေးပုံစံဒီဇိုင်း ကြေးခေါင်းလောင်းတစ်လုံးဖြစ်သည်။
တရုတ်လူမျိုးများအတွက် ခေါင်းလောင်းကို လက်ဆောင်အဖြစ်ပေးခြင်းကို အပြင်းအထန် တားမြစ်ထားသည်။ အကြောင်းမှာ 'ခေါင်းလောင်းပေးသည်'ဆိုသည့် စကားလုံးနှင့် 'အသုဘပို့သည်'ဆိုသည့် စကားလုံးတို့က အသံထွက်ခြင်း ဆင်တူနေသည်။
ဒါကို တစ်ဖက်လူက မသိတာ မဖြစ်နိုင်ပေ။
ရည်ရွယ်ချက်ရှိရှိ ပေးတယ်ဆိုတာ ထင်ရှားလေသည်။
ချန်းချုံရှန်းက ယန်းဝမ်ဟောက်ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
" ယန်းဝမ်ဟောက် မင်း ဘာကိုဆိုလိုတာလဲ "
ဟုရွမ်ယု၏ မျက်နှာမှာလည်း သိသိသာသာ အမူအရာပျက်ယွင်းနေသည်။
" ခေါင်းလောင်းကို ဘယ်သူက လက်ဆောင်ပေးမှာလဲ။ မင်း ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုတာ သိသာတယ် "
ယန်းဝမ်ဟောက်က လှောင်ပြုံးပြုံးနေသည်။
" ခင်ဗျားတို့ အထင်လွဲနေပြီ။ တခြားဘာမှ မဆိုလိုပါဘူး။ ဒီကြေးခေါင်းလောင်းက အတုဖြစ်တဲ့အပြင် ဈေးပေါပေါနဲ့ ရလာတာလေ။ ငါ့ရဲ့ ရိုးသားမှုလို့ ယူဆနိုင်တယ် "
အဲ့လိုပြောရင်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်ကာ သိသိကြီးနဲ့ မေးလိုက်သည်။
" ယဲ့လူကြီးမင်း၊ ငါ့လက်ဆောင်ကို မင်းကျေနပ်ရဲ့လား "
ယဲ့ဖန်က သူ့ကို ပြုံးပြသည်။
" ကျေနပ်ပါတယ် ကျေနပ်ပါတယ်။ ယန်းလူကြီးမင်းနဲ့ ကျွန်တော်နဲ့ ဆိုင်လည်းမဆိုင် အာဃာတလည်းမရှိသလို ဆုံတောင် မဆုံဖူးပေမယ့် ပထမဆုံးတွေတာနဲ့ လက်ဆောင်ပေးဖို့ လာတယ်ဆိုတော့ ဘယ်လိုလုပ် မကျေနပ်ဘဲ နေမှာလဲ "
ယန်းဝမ်ဟောက်က ဂုဏ်ယူစွာ ပြုံးပြသည်။
" ယဲ့လူကြီးမင်းက ကျေနပ်တယ်ဆိုတော့ ကောင်းပါတယ်။ ဒါဆိုရင် ငါ မင်းတို့ကို လောလောဆယ် မနှောင့်ယှက်တော့ဘူး။ ကောင်းကောင်းစားကြသောက်ကြ။ ဒီစားပွဲကို ငါရှင်းပါ့မယ် "
ထိုစကားကို ပြောပြီးသည်နှင့် လှည့်ထွက်သွားဖို့ ပြင်ပေမဲ့ ယဲ့ဖန်က ရုတ်တရက် ပြောလိုက်သည်။
" ယဲ့လူကြီးမင်းမှာ တခြားဘာကိစ္စရှိသေးလို့လဲ "
" ဘာမှတော့ မဟုတ်ပါဘူး။ မေးချင်တဲ့ မေးခွန်းလေးတစ်ခု ရှိလို့ပါ "
ယန်းဝမ်ဟောက် ခေါင်းညိတ်လိုက်သည်။
" ကျေးဇူးပြုပြီး မေးပါ "
ယဲ့ဖန်က သူ့ထိုင်ခုံကို ပြန်သွားပြီး စားစရာတစ်ခုကို ကိုက်စားလိုက်သည်။
" အရင်က ယန်းလူကြီးမင်းကို ကျွန်တော် မသိခဲ့ပါဘူး။ ဒါဆို ခင်ဗျားက ကျွန်တော့်ကို လက်ဆောင်လာပေးတာ တစ်စုံတစ်ယောက်က ခိုင်းလို့ ဟုတ်တယ်မလား။ ဘယ်မိတ်ဆွေဟောင်းက ဒီလိုလုပ်ခိုင်းတာလဲလို့ တွေးမိတယ် "
ယန်းဝမ်ဟောက်က လှောင်ရယ်လိုက်သည်
" အဲ့တာကို မမေးဖို့ အကြံပေးတယ်။ သိရင်တောင် မင်းအတွက် ကောင်းမှာမဟုတ်ဘူး။ ကြောင်တောင်တောင်နဲ့ လက်ခံလိုက်ရုံပဲ "
ယဲ့ဖန်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကြေးခေါင်းလောင်းကို ပွတ်လိုက်ရာ စူးရှတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
" ဒီလိုလက်ဆောင် ရထားတာဆိုတော့ နားလည်မှုနဲ့သေသင့်တယ် မဟုတ်လား။ ဘယ်လို ဆရာကြီးကို စော်ကားခဲ့မိလဲ မသိတော့ တောင်းပန်ရမယ်လေ။ ဘယ်လိုထင်လဲ "
ယန်းဝမ်ဟောက်က သူ့လက်တွေကို အိတ်ကပ်ထဲထည့်လိုက်သည်။
" မင်းကို ပြောတာက ဘာအန္တရာယ်မှတော့ မရှိပါဘူး။ ဝေ့ချန်းဖန်းလူကြီးမင်းက ငါ့ကို သူ့ကိုယ်စား မင်းဆီ ယန်းချန်ကနေ ကြိုဆိုကြောင်း နှုတ်ဆက်ခိုင်းတာ "
ယဲ့ဖန် ရုတ်တရက် သဘောပေါက်သွားသည်။
" ဝေ့လူကြီးမင်းက တကယ်ပဲ မိတ်ဆွေဟောင်းလို့ ယူဆလို့ရတယ်။ အပြန်အလှန် မနှုတ်ဆက်ရင် မယဉ်ကျေးရာ ရောက်မှာပေါ့။ သူက ကျွန်တော့်ကို လက်ဆောင်ပေးထားတာဆိုတော့ သူ့ဆီခွက်သွားမတိုက်ရင် ကျိုးကြောင်းမသင့်တော်ဘူးလေ "
ထို့နောက် ယဲ့ဖန်က ခေါင်းလောင်းကို ကောက်ကိုင်ပြီး လမ်းလျှောက်သွားသည်။
" ကျေးဇူးပြုပြီး လမ်းပြပေးပါ "
အဲ့တာကိုမြင်တော့ ယန်းဝမ်ဟောက်က ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်သည်။
" မင်း ....... ဘာလိုချင်လို့လဲ "
ယဲ့ဖန်က အေးစက်စက်ပြုံးသည်။
" ဒါက ကျွန်တော် ယန်းချန်ကို ပထမဆုံး အကြိမ်ရောက်တာဆိုတော့ ဝေ့လူကြီးမင်းကို ဂါရဝမပြုတာက မဖြစ်သင့်ဘူးလေ။ အရမ်းရိုင်းသွားမှာပေါ့ မဟုတ်လား "
ယန်းဝမ်ဟောက် အနည်းငယ်ကြောက်သွားသည်။
" အဲ့တာတွေအတွက် မလိုပါဘူး။ မင်းရဲ့ခံစားချက်တွေကို ဝေ့လူကြီးမင်းဆီ လွှဲပေးမယ် "
ထိုစကားကို ပြောပြီးနောက် သူက ထွက်ပြေးဖို့လုပ်သည်။
ယဲ့ဖန်က သူနဲ့ စကားဆက်ပြောနေရန် စိတ်မ၀င်စားနိုင်ပေ။ သူ့ကို လည်ပင်းကနေ ဆွဲကိုင်ပြီး ထွက်သွားသည်။
" ယဲ့ဖန် မင်း ဘာလုပ်တာလဲ။ မင်းလက်ကို မလွှတ်ဘူးဆိုရင် ငါ မင်းကို ယဉ်ကျေးနေမှာ မဟုတ်ဘူး..."
ယန်းဝမ်ဟောက်က ထိတ်လန့်စွာ အော်ငေါက်လိုက်သည်။
ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်။ သူ့ကို ခွေးသေတစ်ကောင်ကဲ့သို့ သယ်ဆောင်လာကာ ဝေ့ချတ်ူဖန်း၏ အခန်းဆီသို့ လျှောက်သွားသည်။
ချန်းချုံရှန်းနှင့် ဟုရွမ်ယုတို့ကလည်း တုံ့ဆိုင်းမနေဘဲ နောက်ကနေ အနီးကပ်လိုက်လာကြသည်။
လုရှောင်ရ အနည်းငယ် စိတ်ရှုပ်သွားသည်။
သူမက ယဲ့ဖန်၏ ပင်ကိုယ်စရိုက်ကို ကောင်းစွာသိသည်။
အကြောင်းပြချက်မရှိ အရှက်ခွဲခံရပြီးတဲ့နောက် ဒီကိစ္စကို သူက အလွှတ်မပေးမှာ သေချာလေသည်။
ဝေ့ချန်းဖန်းက ယန်းချန်းမှာ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုရှိကြောင်း သူမ သိသည်။ ချန်းချုံရှန်း၊ဂဟုရွမ်ယုတို့နဲ့တင် ရှင်းနိုင်မှာ မဟုတ်ချေ။
အဲ့တာကိုတွေးပြီး သူမက စားပွဲပေါ်မှာ ယဲ့ဖန်ထားခဲ့တဲ့ ဖုန်းကို အမြန်ကောက်လိုက်ပြီး လော့ကျင်းယွမ်နဲ့ ကျောင်းဖုလင်တို့ဆီကို မက်ဆေ့ချ်ပို့လိုက်သည်။
ယဲ့ဖန် အန္တရာယ်ရှိနေကြောင်း သူမပြောခဲ့သည်။
မက်ဆေ့ချ်ပို့ပြီးတဲ့နောက် အနည်းငယ် စိတ်ပူနေသေးတာကြောင့် ယန်းချန်ရှိ သူမ၏ အချစ်ဆုံးသူငယ်ချင်းကို ခေါ်လိုက်သည်။
ထိုသူငယ်ချင်းရဲ့ နာမည်က လျုံလင်းဖြစ်သည်။ သူမ၏မိသားစုက ယန်းချန်းမှာ ဒုတိယတန်းတွင်ရှိတဲ့ မိသားစုကြီးအဖြစ် သတ်မှတ်ခံရသည်။
ဝေ့ချန်းဖန်း အလျင်စလိုမလုပ်နိုင်အောင် အင်အားပြနိုင်မယ်လို့ သူမ မျှော်လင့်လေသည်။
စီစဉ်စရာရှိတာတွေ လုပ်ပြီးနောက် သူမက ယဲ့ဖန်တို့နောက်ကို အမြန်လိုက်သွားခဲ့သည်။
..................................
ဝေ့ချန်းဖန်း၏ သီးသန့်အခန်းထဲတွင် လူတိုင်းက မျက်နှာတွေနီရဲသွားသည်အထိ အရက်သောက်နေကြသည်။
" ယဲ့ဖန်ရဲ့အမူအရာက အခု ဘယ်လိုဖြစ်နေမယ်လို့ မင်း ထင်လဲ "
" ဒေါသကြောင့် သေတော့မယ်လို့ ထင်တယ်။ အဲ့ခေါင်းလောင်းကို တွေ့လိုက်တာနဲ့ သူ့ရဲ့အမူအရာကို စိတ်ကူးကြည့်လို့ရတယ်။ ဟားဟား ...... "
" ဒါက ခွန်အားပြမှုတစ်ခုပါပဲ။ တကယ့်လှည့်ကွက်က ရှိသေးတယ်လေ။ ယန်းချန်ကို သူ လာရဲတဲ့ သတ္တိတာနဲ့ ငါတို့က သူ့ကို ဖြည်းဖြည်းချင်း ရှင်းပစ်ဖို့ နည်းလမ်းတွေ ရှိတယ် "
" သူက ဝေ့လူကြီးမင်းကို စော်ကားရဲရင် သူ့အတွက် ပြန်လမ်းမရှိတာ သေချာစေရမယ် "
ဝေ့ချန်းဖန်းက လူတိုင်း၏ သဘောထားကို ကြားသောအခါ ဖန်ခွက်ကို ချက်ချင်း မြှောက်လိုက်သည်။
" မင်းတို့ရဲ့ စကားတွေကြောင့် ငါအရမ်းကျေနပ်ရတယ်။ ငါတို့စည်းလုံးနေသရွေ့ ယဲ့ဖန်က ဘာမှမဖြစ်နိုင်ဘူး။ ငါတို့ရဲ့ ပထမဆုံးအောင်ပွဲအတွက် သောက်ကြရအောင် "
" အောင်ပွဲကို ကြိုဆိုလိုက်ကြရအောင် "
လူတိုင်းက ဝိုင်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက်တည်း သောက်တော့မည့်အချိန်မှာ သီးသန့်အခန်းတံခါးက ရုတ်တရက် ပွင့်သွားသည်။
နောက်တော့ လူတစ်ယောက်က အခန်းထဲကို ပစ်ချခံလိုက်ရသည်။
ဘန်း
သူက ထမင်းစား စားပွဲနဲ့ တိုက်မိသွားသည်။
ဟင်းရည်တွေက နေရာအနှံ့ ပြန့်ကျဲကုန်တော့သည်။