အပိုင်း ၅၄၅-၅၄၈
Vol. 28 Ch. 545-548
အပိုင်း ( ၅၄၅ )
နှစ် ၁၀၀ သက်တမ်းတော့ မရှိဘူး။ နှစ် ၃၀၀ ဆိုရင်ရော
ဆေးရုံသို့သွားရာလမ်းတွင် ယဲ့ဖန်က ကျောင်းဖုလင်ဆီမှ သခင်ကြီးကျောင်း၏ အချက်အလက်တချို့ကို သိရှိခဲ့ရသည်။
ကျောင်းသခင်ကြီး၏အမည်မှာ ကျောင်းယွဲ့ရှန်း ဖြစ်ကာ သူက တော်လှန်ရေးသမားဟောင်းတစ်ဦးဖြစ်သည်။
ဆယ်ကျော်သက်အရွယ်တွင် သူက လွတ်မြောက်ရေးစစ်ပွဲတွင် ပါဝင်ကာ အမေရိကန်ကို တွန်းလှန်ပြီး ကိုရီးယားကို ကူညီပေးခဲ့သည်။ သူက များစွာသော ပါဝင်ပေးဆပ်မှုတွေ လုပ်ခဲ့သည်။
နောက်ပိုင်းမှာ အိမ်ပြန်ပြီး စက်ကိရိယာ စက်ရုံမှာ အလုပ်လုပ်တယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် အသက် ၅၀ နီးပါးရှိတဲ့ သခင်ကြီးကျောင်းက စီးပွားရေးကိုစတင်ခဲ့သည်။
အဘိုးအိုက စစ်ပွဲတွင် ထူးချွန်ရုံသာမက စီးပွားရေးမှာပါ ထူးချွန်နေခဲ့သည်။
သူက ကျောင်းမိသားစုကို ယန်းချန်မှာ နံပါတ်တစ်မိသားစုဖြစ်လာစေရန် တစ်ကိုယ်တည်း ဖန်တီးခဲ့သည်။
ယဲ့ဖန်က သခင်ကြီးကျောင်း၏ ဒဏ္ဍာရီကို နားထောင်ပြီးတဲ့အခါ စကားမပြောနိုင် ဖြစ်သွားရသည်။
ဒီလူကြီးက ကြမ်းတမ်းတဲ့ လူဆိုတာ သေချာလေသည်။
ကားက ယန်းချန်ပထမလူထုဆေးရုံသို့ ရောက်သွားခဲ့သည်။
ကားမရပ်ခင်မှာတင် ကျောင်းဖုလင်က ကားပေါ်ကနေ ခုန်ဆင်းနေပြီ ဖြစ်သည်။
ယဲ့ဖန်နှင့် လော့ကျင်းယွမ်တို့ကလည်း ကမန်းကတန်း လိုက်ကြရသည်။
သူတို့သုံးယောက်က VIP အဆောင်သို့ လျှောက်လာကြသည်။
ကျောင်းမိသားစုမှ အဖွဲ့ဝင်များစွာက VIP အဆောင်တံခါးဝတွင် စုရုံးနေပြီဖြစ်သည်။
ကျောင်းဖုလင် ရောက်လာတာကို မြင်တဲ့အခါ အားလုံးက သူ့နားမှာ စုရုံးလာကြသည်။
" ဖုလင်၊ အဘိုးကြီးက အသည်းအသန်ဖြစ်နေတယ် "
" ဟုတ်တယ်။ ငါတို့ ကျောင်းမိသားစုက ကျောင်းသခင်ကြီးမရှိရင် မဖြစ်ဘူး။ မဟုတ်ရင် မိသားစုက ပြိုကွဲလိမ့်မယ် "
" ငါတို့ ကျောင်းမိသားစု ပြိုကျတာကိုမြင်ဖို့ လူဘယ်နှစ်ယောက်က စောင့်နေကြလဲဆိုတာ ဘယ်သူသိမှာလဲ။ ငါတို့ ပြိုလဲတာနဲ့ အခြေအနေကို အခွင့်ကောင်းယူမယ့်လူက ဘယ်နှစ်ယောက်ရှိမလဲဆိုတာရော ဘယ်သူသိမှာလဲ "
" မင်းမှာ စိတ်ကူးတွေ အများကြီးရှိတယ်မလား။ အမြန် သခင်ကြီးကို ကယ်တင်မယ့် နည်းလမ်းကို တွေးပါဦး ...... "
ကျောင်းဖုလင်က ဆူညံသံတွေကြောင့် ခေါင်းကိုက်လာကာ ချက်ချင်း သူတို့ကို ကြိမ်းမောင်းလိုက်တော့သည်။
" ခင်ဗျားတို့ ဘာတွေ လာငြင်းခုံနေကြတာလဲ။ ဟိုဘက်ကို ဖယ်ကြ "
ဘာပဲဖြစ်ဖြစ် သူက ကျောင်းမိသားစု၏ ပထမဆုံးအမွေဆက်ခံသူဖြစ်တာကြောင့် သူ့မှာ ဒီလို အာဏာတော့ ရှိနေတုန်းဖြစ်သည်။
အားလုံးက ဘေးကို ရွှေ့လိုက်ကြသည်။
ကျောင်းဖုလင်က တံခါးကို တွန်းဖွင့်ပြီး အထဲကို အမြန်ဝင်လိုက်သည်။
ယဲ့ဖန်၏ စနစ်လမ်းညွှန်မှုကလည်း သခင်ကြီးကျောင်း၏ အခန်းထဲသို့ ဝင်လိုက်တာနဲ့ ရပ်သွားခဲ့သည်။
ဒီအခွင့်အရေးက သခင်ကြီးကျောင်းအတွက် ဖြစ်လိမ့်မည်။
သူ့စိတ်ကို ပြင်ဆင်လိုက်ပြီး ချက်ချင်း အခန်းထဲကို လိုက်ဝင်သွားသည်။
ထိုအခါ ဆေးရုံကုတင်နားတွင် လေးနက်တဲ့အမူအရာဖြင့် ရပ်နေသော ဂျူတီကုတ်အဖြူဝတ် ဆေးဝန်ထမ်း များစွာရှိနေသည်။
ကုတင်ပေါ်တွင် အသက်ရှူရုံသာရှူနေတဲ့ ဆံဖြူ အဘိုးအိုတစ်ဦး လှဲနေသည်။
လေပြင်းထဲမှ ဖယောင်းတိုင်တစ်တိုင်နှင့် ဆင်တူသည်။ အချိန်မရွေး မီးကုန်သွားနိုင်လေသည်။
ကျောင်းဖုလင်က ကုတင်ဘေးသို့ အမြန်ပြေးသွားလိုက်သည်။
" အဖေ၊ ဘာဖြစ်တာလဲ။ ကျွန်တော့်ကို မခြောက်ပါနဲ့ ........ "
သခင်ကြီးကျောင်း၏ အကြည့်တွေက အာရုံစူးစိုက်မှု မရှိဘဲ တုံ့ပြန်ခြင်း မပြုပေ။
ကျောင်းဖုလင်က သူ့ဘေးနားက ဆရာဝန်ကို လှမ်းကြည့်လိုက်သည်။
" မင်းတို့ ဘာလုပ်နေကြတာလဲ။ မြန်မြန် ကယ်တင်ဖို့ နည်းလမ်းကို တွေးကြလေ "
အင်္ကျီဖြူဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် ဆရာဝန်တစ်ဦးက မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
" ကျွန်တော်တို့ နည်းလမ်းအားလုံး စမ်းပြီးပါပြီ။ ဒါပေမယ့် အဘိုးအိုက မီးစာကုန်နေတဲ့ ဆီမီးခွက် အဖြစ်ကို ရောက်နေတာပါ။ ကျွန်တော် စိုးရိမ်တာက …... "
ကျောင်းဖုလင်က သူ့ကော်လာကို ဆွဲကိုင်လိုက်ပြီး နီရဲနေတဲ့ မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
" မီးစာကုန်တယ်ဆိုတာ ဘာစကားလဲ။ ဒီမနက်တောင် ငါ့အဖေက အကောင်းကြီး ရှိသေးတာ။ ခေါက်ဆွဲသုံးပန်းကန်တောင် စားခဲ့သေးတယ်။ သူက ဘာလို့မီးစာကုန်ရမှာလဲ။ မင်းက အရည်အချင်းမရှိတာလို့ ထင်တယ် "
ဆရာဝန်က သူ့လက်ကို အမြန်ဆွဲဖယ်လိုက်သည်။
" ကျောင်းလူကြီးမင်း ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ သခင်ကြီးကျောင်းက သေမလိုဖြစ်နေတာပါ။ ကျွန်တော်တို့ တကယ်ပဲ အစွမ်းကုန်လုပ်ခဲ့ပါတယ် "
ကျောင်းဖုလင်က အရူးတစ်ယောက်လို အော်လိုက်သည်။
" မင်းတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ငါ နားမထောင်ချင်ဘူး။ ဘာပဲလုပ်လုပ် ငါ့အဖေ့ကို ရအောင် ကယ်ရမယ်။ မဟုတ်ရင် မင်းတို့ရဲ့ဆေးရုံကို ဖြိုပစ်မယ် ....... "
ကျောင်းဖုလင် ဒေါသတကြီး အော်ဟစ်နေချိန်မှာပဲ
ရုတ်တရက် သူ့ဘေးကို အဘိုးကြီးတစ်ယောက် ရောက်လာကာ ပြောလိုက်သည်။
" တကယ်တော့ တခြားနည်းလမ်းတစ်ခု ရှိသေးတယ် "
ကျောင်းဖုလင် ရုတ်တရက် ခေါင်းကိုလှည့်လိုက်သည်။
" ခင်ဗျားက ...... "
" ဒါက ဒေါက်တာ ဟန်ချီပါ "
ဘေးနားမှ ဆရာဝန်တစ်ယောက်က အမြန် မိတ်ဆက်ပေးလိုက်သည်။
" ကျွန်တော်တို့ဆေးရုံမှာ သင်ကြားရေးအတွက် ဒီနေ့ ဆေးရုံကို ရောက်နေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် သခင်ကြီးကျောင်းရဲ့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ကြုံတာကြောင့် ကြည့်ပေးနေတာပါ "
ကျောင်းဖုလင်က မိတ်ဆက်ပေးတာကို နားထောင်ပြီးတဲ့နောက် ဒေါက်တာဟန်၏ လက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။
" ဒေါက်တာဟန်၊ ကျေးဇူးပြုပြီး အဖေ့ကို ကယ်ပါဦး။ သူ့ကို ကယ်ပေးနိုင်သရွေ့ ခင်ဗျားလုပ်ချင်တာမှန်သမျှ လုပ်ပေးမယ် "
နတ်ဆေးဆရာဟု တင်စားခံရသည့် ဒေါက်တာဟန်က တီရှပ်အဖြူကို ဝတ်ဆင်ထားပြီး ငှက်ပျောသီးပုံစံ ပန်ကာကို သူ့လက်ထဲတွင် ကိုင်ထားသည်။ လမ်းပေါ်မှာ စစ်တုရင်ကစားနေကျ သာမန်အဘိုးကြီးတစ်ယောက်နဲ့ တူလေသည်။
နတ်ဆေးဆရာတစ်ယောက်၏ အသွင်အပြင် လုံးဝမရှိပေ။
ကျောင်းဖုလင်၏ အသနားခံချက်ကို ကြားပြီးတဲ့အခါ နတ်ဆေးဆရာဟန်က သူ့မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်လိုက်သည်။
" ပုံမှန် ကုသမှုနည်းလမ်းတွေက သခင်ကြီးကျောင်းကို ထိရောက်မှု မရှိပေမယ့် ငါ့မှာ ရိုးရာဆေးစာတစ်ခု ရှိတယ်။ ထိရောက်တယ်လို့တော့ တပ်အပ် မပြောရဲပေမယ့် စမ်းကြည့်လို့တော့ ရနိုင်တယ် "
ကျောင်းဖုလင်က နောက်ဆုံးကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
" ဘာကို စောင့်နေတာလဲ။ မြန်မြန် လုပ်လေ "
နတ်ဆေးဆရာဝန်ဟန်က တုန့်ဆိုင်းသွားသည်။
" ဒါပေမဲ့ ...... "
" ဒါပေမယ့် ဘာလဲ။ မြန်မြန်ပြော "
ဒေါက်တာဟန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
" ဒီရိုးရာဆေးစာမှာပါတဲ့ တခြားဆေးဖက်ဝင်ပစ္စည်းတွေက သာမန်ဆိုပေမယ့် အဓိက ဆေးဖက်ဝင်အပင်တစ်ခုတော့ လိုနေသေးတယ် "
" ဘာဆေးပင်လဲ ငါ့ကိုပြော။ ချက်ချင်း ရှာဖို့ လူလွှတ်လိုက်မယ်။ ယန်းချန်မြေကြီးထဲကို သုံးပေတူးရရင်တောင် သေချာပေါက် ရှာမယ် "
ဒေါက်တာဟန်က ခါးသက်သက် ပြုံးလိုက်သည်။
" ဆေးဖက်ဝင်အပင်က အနည်းဆုံး နှစ်တစ်ရာ သက်တမ်းရှိတဲ့ လင်ဇီးဖြစ်ရမှာ။ ဒီလို သဘာဝရတနာမျိုးကို ကံကောင်းမှသာ တွေ့နိုင်တာ။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး "
" အစားထိုး တခြားဆေးဖက်ဝင်အပင်တွေ သုံးလို့ မရနိုင်ဘူးလား "
" မရဘူး "
ကျောင်းဖုလင်က စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
သူ့အဖေက ငယ်ငယ်ကတည်းက ဒဏ်ရာတွေ များခဲ့တာကြောင့် အသက်ကြီးလာတဲ့တစ်လျှောက်လုံး ဆေးအမြဲသောက်ရသည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကျောင်းဖုလင်လည်း သူ့အဖေအတွက် ဆေးတွေ ရှာရင်း တရုတ်ဆေးဖက်ဝင်အပင်များ အကြောင်းကို အနည်းငယ် နားလည်လေသည်။
၁၀ နှစ် ဒါမှမဟုတ် နှစ် ၂၀ သက်တမ်းရှိ လင်ဇီးကို ရှာရတာတောင်မှ မလွယ်လှပေ။
သူ့အဖေက ဒီဘေးဆိုးကြီးကို တကယ် မလွတ်မြောက်နိုင်တော့ဘူးလား။
ကျောင်းမိသားစုတစ်ခုလုံးကို သူ့အဖေက ထိန်းထားတာ ဖြစ်သည်။
သူ့အဖေဆုံးပါးသွားတာနဲ့ ကျောင်းမိသားစုအပေါ် ကံကြမ္မာဆိုးက ကျလာမှာ သေချာသည်။
ယဲ့ဖန်အတွက် ရီမိသားစုကိုပင် တိုက်ခိုက်ရန် ကူညီပေးမည်ဟု ဆိုထားသော်လည်း သူ့အဖေသာ ဆုံးသွားပါက သူကိုယ်တိုင်ပင် ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
ကျောင်းမိသားစုကို အချိန်အတော်ကြာ စောင့်ကြည့်နေသူများက ဒီအခြေအနေကို အခွင့်ကောင်းယူမည်မှာ သေချာသည်။
အဲ့တာကိုတွေးပြီး ကျောင်းဖုလင် စိတ်ဓာတ်ကျသွားရသည်။
ကျောင်းမိသားစုရဲ့ ကံကြမ္မာက တကယ်ပဲ ပြီးသွားတော့မှာလား။
ထိုအချိန်တွင် ယဲ့ဖန်၏ အသံကို ကြားလိုက်ရသည်။
" ကျွန်တော့်မှာ နှစ်တစ်ရာသက်တမ်း လင်ဇီးတော့မရှိဘူး။ ဒါပေမဲ့ နှစ်သုံးရာသက်တမ်းတော့ရှိတယ်။ ဘယ်လိုလဲ သုံးလို့ အဆင်ပြေပါ့မလား "
အပိုင်း ( ၅၄၆ )
ဘယ်သူက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ငြင်းလို့လဲ
" မင်း ဘာပြောလိုက်တာလဲ "
နတ်ဆေးဆရာဟန်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
" ကျွန်တော်ပြောတာ နှစ် ၃၀၀ သက်တမ်းရှိတဲ့ လင်ဇီးနဲ့ ကုရင်ရော အဆင်ပြေမလားလို့ပါ "
ယဲ့ဖန်က သူ့စကားကို ထပ်ပြောလိုက်သည်။
နတ်ဆရာဟန်၏ အမူအရာသည် ပိုလိုပင် ပျက်ယွင်းသွားခဲ့သည်။
" မင်း လာနောက်နေတာလား။ သက်တမ်းတစ်ရာကျော် လင်ဇီးဆိုရင်တောင် ရှားပါးရတနာဖြစ်နေပါပြီ။ နှစ်သုံးရာ လင်ဇီးက ဘယ်လိုလုပ် ရှိနိုင်ဦးမှာလဲ "
ကျောင်းဖုလင်ကလည်း ပြောသည်။
" ယဲ့ညီလေး၊ ငါ မင်းနဲ့ ဟာသလုပ်ဖို့ စိတ်မ၀င်စားနိုင်သေးဘူး "
ယဲ့ဖန်က သူတို့နှစ်ယောက်သား မယုံကြောင်းကို မြင်လိုက်ရသည့်အခါ ချက်ချင်း သူ့အိတ်ကပ်ထဲမှ အဝတ်အိတ်ကို ထုတ်ပြီး လင်ဇီးခြောက်အတုံးတွေ ထုတ်ယူလိုက်သည်။
" ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိတဲ့ လင်ဇီးရှိပါတယ် "
ဘေးမှာရှိတဲ့ လူတိုင်းက သူ့လက်ထဲက လင်ဇီးကို စိုက်ကြည့်ရင်း ခဏတာ အသိလွတ်သွားကြသည်။
နှစ် ၃၀၀ သက်တမ်းရှိ လင်ဇီးက တကယ်ပဲရှိလား။
ပြီးတော့ ဒီလောက် အကြီးကြီးလေ။
လာနောက်နေတာလား။
ဒေါက်တာဟန်က ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ သူက အမြန်လျှောက်လာပြီး ယဲ့ဖန်လက်ထဲက လင်ဇီးတစ်ခြမ်းကို သေချာစစ်ကြည့်သည်။
ကျောင်းဖုလင်ကလည်း အမြန် ဒေါက်တာဟန်ကို ထိတ်လန့်စွာ ကြည့်နေလေသည်။
" ဒါ… တကယ်က နှစ်ပေါင်း ၃၀၀ လောက်ရှိတဲ့ လင်ဇီးမျိုးလား "
နတ်ဆရာဟန်၏လက်များ တုန်ရီလာသည်။
" တကယ် နှစ်ပေါင်း ၃၀၀ လောက်ရှိတဲ့ လင်ဇီးမျိုးလား။ တကယ်လား၊ မယုံနိုင်စရာပဲ ..... "
ထိုသို့ ပြောသောအခါ ဘေးမှာရှိနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အားလုံးက အလွန် တုန်လှုပ်သွားကြသည်။
လင်ဇီးဈေးကို သူတို့ ကောင်းကောင်းသိကြသည်။
သက်တမ်းတစ်ရာရှိတဲ့ လင်ဇီးကပင် အဖိုးမဖြတ်နိုင်ဘူးဟု ယူဆနိုင်သည်။
ထို့အပြင် မျိုးသုဉ်းလုနီးပါး ဖြစ်နေကာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရပေ။
အဲ့တာကို ဒီလူငယ်လေးက နှစ်သုံးရာသက်တမ်းရှိတဲ့ လင်ဇီး ရှိတာတဲ့လား။
သေချာပေါက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဖြစ်သည်။
" ဒီ နှစ် ၃၀၀ လင်ဇီးနဲ့ဆို အဖေ့ကို ကယ်နိုင်မှာလား၊ ဒေါက်တာဟန် "
" ရတယ် "
ဒေါက်တာဟန်က အမြန် ခေါင်းညိတ်လိုက်သည်။
" အနှစ် ၁၀၀ လင်ဇီးမျိုးဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်းက ၂၀% ပဲရှိတယ်။ ဒါပေမယ့် ဒီနှစ် ၃၀၀ လင်ဇီးမျိုးနဲ့ဆို အနည်းဆုံး ၅၀% လောက် အခွင့်အရေးရှိတယ် "
ကျောင်းဖုလင် အလွန်ဝမ်းသာသွားသည်။
သူ့အဖေက ဒီလိုအခြေအနေတောင် ရောက်နေပြီ ဖြစ်သည်။ ဒါကြောင့် ကယ်တင်ဖို့ အခွင့်အလမ်း ၅၀% ရှိသည်ဆိုတာကတောင် အတော်ရှားနေပြီ ဖြစ်သည်။
အဲ့တာကိုတွေးပြီး သူက ယဲ့ဖန်ရဲ့လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
" ယဲ့ညီလေး၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ..... ငါတို့ ကျောင်းမိသားစုကို ကယ်တင်ခဲ့တာပဲ "
ယဲ့ဖန်လည်း သူ့ပုခုံးကို ပုတ်လိုက်သည်။
" အစ်ကိုကျောင်း၊ ကျွန်တော့်ကို ယဉ်ကျေးနေဖို့ မလိုဘူး။ ကျွန်တော့်အိမ်မှာ နှစ် ၃၀၀ သက်တမ်းရှိတဲ့ လင်ဇီးတွေ ကီလိုဂရမ်ဒါဇင်နဲ့ချီ ရှိသေးတယ်။ မလောက်ဘူးဆိုရင် ကျုံးဟိုင်ကို ချက်ချင်း ပြန်သွားယူပေးမယ် "
" ဖူး ....... "
ယဲ့ဖန်၏ စကားကို ကြားသောအခါ ဒေါက်တာဟန် ပါးစပ်မှ သွေးများအန်ထွက်မတတ်ဖြစ်သွားသည်။
" ဒီဟာအပြင် ......... ကီလိုဂရမ် ဒါဇင်နဲ့ချီ ရှိသေးတာလား "
သူ့အသံက တုန်နေသည်။
နှစ် ၃၀၀ လင်ဇီးတစ်ပိုင်းကပင် ရွှေထက် အဖိုးတန်လေသည်။
အဲ့တာကို ဒီလူငယ်လေးမှာ ကီလိုဂရမ် ဒါဇင်နဲ့ချီ ရှိတာလား။
ဒါက ချမ်းသာတယ်လို့ ကြွားလိုက်တာပဲ မဟုတ်လား။
သို့သော် သူ့မှာ အံ့သြနေရန် အချိန်မရှိပေ။ စားပွဲပေါ်မှ စာရွက်ကို ယူကာ ဆေးစာတစ်စောင်ကို အမြန်ရေးပြီး သူနာပြုတစ်ဦးထံ ပေးလိုက်သည်။ သူမကို လင်ဇီးလည်း ပေးလိုက်သည်။
" ဒီဆေးညွှန်းအတိုင်း လုပ်ပြီး မပို့ခင် ချက်ချင်း ပြုတ်ခဲ့ "
သူနာပြုဆရာမက ပေါ့ဆမနေရဲဘဲ ဆေးစာနှင့်အတူ အမြန်ထွက်သွားခဲ့သည်။
ဆေးဖက်ဝင်ဟင်းချိုကို စောင့်ဆိုင်းနေစဉ်တွင် ဒေါက်တာဟန်က လင်ဇီးအကြောင်း ယဲ့ဖန်ကို စူးစမ်းစွာ မေးလေသည်။
ယဲ့ဖန်ကလည်း ဘာမှ ဖုံးကွယ်မထားဘူးပေ။
လင်ဇီး ရရှိလာပုံကို ပြောပြသည်။
ထိုစကားကိုကြားပြီးနောက် ဒေါက်တာဟန်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
" ဒီမိတ်ဆွေလေးယဲ့ရဲ့ ကံက တကယ်ကို မဆိုးဘူးဘဲ။ တောင်ပေါ်တက်ရုံနဲ့ ဒီလို သဘာဝရတနာတွေကို ရလိုက်တာဆိုတော့ "
ယဲ့ဖန်က နှိမ့်ချစွာ ပြုံးလိုက်သည်။
" ကံကောင်းတတ်လို့ပါ "
ဒေါက်တာဟန်က သူ့ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။
" ယဲ့မိတ်ဆွေလေးက ဒီလိုစျေးကြီးတဲ့ ဆေးဖက်ဝင်အပင်တွေကို ဆောင်ထားလေ့ရှိတယ်ဆိုတော့ ဆေးပညာလည်း တတ်ကျွမ်းတယ် မဟုတ်လား "
ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကျွန်တော့်ကို ကျွမ်းကျင်တယ်လို့ မပြောနိုင်ပါဘူး။ နည်းနည်းပါးပါး ကိုယ်တိုင် လေ့လာခဲ့ရုံတင်ပါ "
ဒေါက်တာဟန်က စိတ်ဝင်စားသွားသည်။
" ကိုယ်တိုင် လေ့လာထားတာလား။ ကူချီကြောက ဘယ်မှာလဲဆိုတာ မင်းသိလား "
ယဲ့ဖန်က သူ့ကို စမ်းသပ်နေတာ သိသည်။ ထို့ကြောင့် သူက တံတောင်ဆစ်ပေါ်ရှိ ကူချီကြောကို တည်ငြိမ်စွာ ညွှန်ပြလိုက်သည်။
" ဒီမှာ "
ဒေါက်တာဟန်က ကျေနပ်စွာ ခေါင်းညိတ်သည်။
" ဒါဆို ကူချီကြောက သွေးကြောကြီး ဆယ့်နှစ်ခုထဲက ဘယ်ဟာကို ဆက်ထားတာလဲ သိလား "
" လက်ကနေ အူမကြီးကို ဆက်ထားတာ "
" သူ့မှာ ဘာအသုံးဝင်တာရှိလဲ "
" အပူကို ထုတ်တာ၊ အပြင်ပိုင်းရောဂါလက္ခဏာတွေကို သက်သာစေတာနဲ့ ပင်မသွေးကြောကြီးတွေ ပိတ်ဆို့တာကို အကျိုးသက်ရောက်မှုရှိတယ် "
ဒေါက်တာဟန်က မေးခွန်းအနည်းငယ်ကို ဆက်တိုက်မေးပြီး ယဲ့ဖန်ကလည်း မေးခွန်းအားလုံးကို ချောမွေ့စွာ ဖြေနိုင်ခဲ့သည်။
" မဆိုးဘူး၊ မဆိုးဘူး။ ကိုယ်တိုင် လေ့လာထားပြီး ဒီ အတိုင်းအတာအထိ သင်ယူနိုင်တာဆို မင်းရဲ့ အရည်အချင်းက တကယ် မြင့်တာပဲ "
ဒေါက်တာဟန်က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလျက် သူ့ကိုကြည့်နေသည်။
" ငါ တပည့်မမွေးတာတောင် နှစ်အတော်ကြာပြီ။ ဒီနေ့ မင်းကိုတွေ့ရတာတော့ တော်တော်လေး သဘောကျတယ် "
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ထိုစကားကို ကြားပြီး အားလုံး အံ့သြသွားကြသည်။
ဒေါက်တာဟန်ရဲ့ စကားအရဆို သူက တပည့်အဖြစ် လက်ခံမလို့လား။
အခုအချိန်အထိ ဒေါက်တာဟန်က တပည့်သုံးယောက်ကိုသာ သင်ကြားပေးခဲ့သည်။
ထိုတပည့်တိုင်းကလည်း ဆေးလောကမှာ ထင်ရှားကျော်ကြားတဲ့သူတွေ ဖြစ်လာခဲ့ကြသည်။
ဆေးပညာနယ်ပယ်တွင် ဒေါက်တာဟန်၏ အဆင့်အတန်းကြောင့် သူ့တပည့်ဖြစ်လိုသူ မရေမတွက်နိုင်အောင် ရှိသည်။
သို့သော် တပည့်သား လက်ခံခြင်းအတွက် ဒေါက်တာဟန်၏ စံနှုန်းများမှာ အမြဲတစေ အလွန်တင်းကျပ်လေသည်။
စာရိတ္တ၊ နားလည်နိုင်မှု၊ ဇွဲလုံ့လ၊ ရိုးသားမှု အစရှိသည်တို့ မရှိမဖြစ် ပြည့်စုံဖို့ လိုအပ်သည်။
ဒီလို စည်းကမ်းတင်းကြပ်တတ်တဲ့သူက ဒီလူငယ်လေးကို သူ့ဘက်က စပြီး တပည့်ဖြစ်ဖို့ ကမ်းလှမ်းနေတာလား။
အားလုံးက ယဲ့ဖန်ကို မနာလိုစိတ်ဖြင့် ချက်ချင်းကြည့်ကြသည်။
သူက ကံကောင်းလိုက်တာ။
ကျောင်းဖုလင်လည်း အတော်လေး ပျော်သွားကာ ယဲ့ဖန်၏လက်ကို အမြန်ဆွဲလိုက်သည်။
" ညီလေး မင်း ဘာလုပ်နေတာလဲ။ ဒေါက်တာဟန်က အတော်လေးတော်တာဆိုတော့ အမြန်သွားပြီး ဆရာတင်လိုက်လေ "
ဆေးလောကတွင် ဒေါက်တာဟန်၏ အဆင့်အတန်း မြင့်မားကြောင်းနှင့် အဆက်အသွယ်မှု ကျယ်ပြန့်ပုံကို ကျောင်းဖုလင် သိလိုက်သည်။
ယဲ့ဖန်က သူ့တပည့်ဖြစ်မယ်ဆို ယဲ့ဖန်ရဲ့ ဆေးပညာက ပိုတိုးတက်လာမှာ ဖြစ်သည်။
နတ်ဆေးဆရာဟု တင်စားခံရသည့် ဒေါက်တာဟန်ပင်လျှင် ယဲ့ဖန်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။
ဒီလို ဂုဏ်ယူထိုက်တဲ့သူကို တပည့်အဖြစ် လက်ခံတာက ထိုက်တန်သည်ဟု ယူဆနိုင်သည်။
ယဲ့ဖန်က လက်ခံမည်ဟု အားလုံးက ထင်ထားကြသည်။
ရူးနေတာ မဟုတ်ရင် ဒီလောက်ကြီးတဲ့ အခွင့်အရေးကို ဘယ်သူက ငြင်းမှာလဲ။
သို့သော် ယဲ့ဖန်ကတော့ ဒေါက်တာဟန်၏ ကမ်းလှမ်းချက်ကို ကြားသော်လည်း အံ့ဩသွားခြင်း မရှိပေ။
"တောင်းပန်ပါတယ်၊ ဒေါက်တာ့ကို ဆရာအဖြစ် မမှတ်ယူနိုင်ဘူး "
အပိုင်း ( ၅၄၇ )
သူ့ကိုယ်သူ အစွမ်းရှိတဲ့ဆေးနတ်ဘုရားလို့ ထင်နေတာလား
ယဲ့ဖန်က ထိုစကားကိုပြောတဲ့အခါ အားလုံးရဲ့အမူအရာက အေးခဲသွားသည်။
နားကြားမှားတယ်လို့ ထင်ပြီး အချင်းချင်း မေးကြသည်။
" ငါနားကြားတာ မှားသွားတာလား။ သူက ဒေါက်တာဟန်ကို အခု ငြင်းလိုက်တာလား "
" နင်ကြားတာ မမှားဘူး။ သူက တကယ်ကြီး ဒေါက်တာဟန်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တာ "
" သူရူးနေတာလား။ ဒေါက်တာဟန်က ဘယ်လိုလူလဲဆိုတာကို သူ မသိဘူးလား။ ဒါက ကောင်းကင်ဘုံက ပို့ပေးတဲ့ အခွင့်အရေးကို သူမလို့ ဒီအတိုင်း ငြင်းလိုက်တယ် "
" ဒီကလေးက မမောက်မာလွန်းဘူးလား။ မြင့်မြတ်တဲ့ဒေါက်တာဟန်ဆီမှာ တပည့်အဖြစ်ခံယူဖို့က လူတွေအများ အိပ်မက်မက်ရတဲ့ အခွင့်အရေးလေ။ အဲ့တာကို သူက ငြင်းတာလား "
" မသိတတ်လိုက်တာ။ ဒါက ဆေးလောကရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ဒေါက်တာဟန်ပဲကွ "
" ငါ့နားကိုတောင် ငါမယုံဘူး။ လူတစ်ယောက်က ဒီလောက်တောင် ဥာဏ်မမီဘူးလား "
နတ်ဆေးဆရာဟန်ကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေသည်။
" မင်း ...... မင်းက ငါ့တပည့်မဖြစ်ချင်ဘူးလား "
ကျောင်းဖုလင်က ယဲ့ဖန်၏ လက်ကို ဆွဲလိုက်သည်။
" ယဲ့ညီလေး၊ ဒေါက်တာဟန်ရဲ့ ကြင်နာမှုကို မင်း ဘယ်လိုလုပ် ငြင်းတာလဲ။ မြန်မြန် သဘောတူလိုက်လေ "
ဒါပေမယ့် ယဲ့ဖန်ရဲ့ အမူအရာက အရင်အတိုင်းသာ ဖြစ်သည်။
" ပထမဆုံးအနေနဲ့ ကျွန်တော့်အတွက် စဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သင်ယူခဲ့တဲ့ ဆေးပညာကျွမ်းကျင်မှုက ကိုယ်တိုင်သင်ယူ တတ်မြောက်ရေးဆိုတော့ ကျွန်တော်တို့ အချင်းချင်း အတွေးအခေါ်တွေက မကိုက်ညီမှာကို စိုးရိမ်လို့ပါ။ အဲဒါကြောင့် ဒေါက်တာဟန်ရဲ့ တပည့်ဆိုတဲ့ နာမည်ကို မသုံးဝံ့ပါဘူး။ အဲ့တာက ဒေါက်တာဟန်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါလိမ့်မယ်။ ငြင်းတာကို စိတ်မရှိပါနဲ့ "
ယဲ့ဖန်သည် အမှန်တကယ်ပင် စနစ်မှ ပေးသော အစိမ်းရောင်ဆေးကျမ်းဖြင့် ကိုယ်တိုင် လေ့လာခဲ့တာဖြစ်ပြီး ထိုဆေးကျမ်းမှ နည်းပညာများက အခြားတရုတ်ရိုးရာဆေးပညာနှင့် အလွန်ကွာခြားသည်။
အကယ်၍ ယဲ့ဖန်ကသာ ဒေါက်တာဟန်ကို ဆရာအဖြစ် အသိအမှတ်ပြုရမည်ဆိုလျှင် သူ အခြားသော ဆေးနည်းများကို ပြန်လေ့လာရန် လိုအပ်ပေလိမ့်မည်။
ထိုအခါ သူတို့နှစ်ဦးကြားတွင် ကြီးမားသော ပဋိပက္ခတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အဲ့ဒီအစား တိုက်ရိုက် ငြင်းလိုက်တာက ပိုကောင်းလေသည်။
သို့သော် သူ့စကားတွေက အခြားသူများအတွက်တော့ အနည်းငယ် မောက်မာသွားပုံရသည်။
" သူ ဘာတွေပြောနေတာလဲ။ သဟဇာတ မဖြစ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သူ့ရဲ့ ဆေးဝါးကျွမ်းကျင်မှုက ဆရာဝန်ဟန်ထက်တောင် သာတယ်လို့ ထင်နေတာလား "
" ဘုရားရေ၊ ဒီလို မောက်မာတဲ့သူတွေ ရှိသေးတာလား။ ငြင်းချင်ရင်တောင် ပိုကောင်းတဲ့ အကြောင်းပြချက်ကိုတော့ ရှာသင့်တယ် "
" ကိုယ်ပိုင်နည်းစနစ်ရှိတယ်လို့ ပြောရဲသေးတာလား။ သူ့ဘာသာသူ နည်းနည်းပါးပါး သင်ယူဖူးတဲ့လူကများ သူ့မှာ ကိုယ်ပိုင်စနစ်ရှိတယ်လေး ဘာလေးနဲ့ "
" နတ်ဒေါက်တာဟန်ဘက်ကတောင် နာရဦးမယ်။ ဒီလောက် မာနကြီးတဲ့ကောင်ကို ဘာလို့ တပည့်ခေါ်ရတာလဲ "
ဒေါက်တာဟန်လည်း မျက်မှောင်ကြုတ်သွားသည်။ ဒီလူငယ်လေးက ဒီလို မာနနေကြီးမယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူက အလေးစားခံ ဒေါက်တာတစ်ဦးဖြစ်သောကြောင့် တစ်ဖက်သားက လက်မခံလျှင် ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။
" မင်းက ငါ့ကို ပထမဆုံး ငြင်းပယ်တဲ့လူမို့ ငါ မင်းကို အတင်းအကြပ် မလုပ်ပါဘူး "
ကျောင်းဖုလင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ရသည်။
ဒီယဲ့ညီလေးက အရမ်းခေါင်းမာလေသည်။
နတ်ဆေးဆရာဟန်ဆီမှ ဆေးဝါးကျွမ်းကျင်မှု ပညာကို မသင်ယူချင်ရင်တောင်မှ ဒေါက်တာဟန်၏ ကြီးမားတဲ့ ဆက်သွယ်မှုကွန်ရက်ကို ရရှိနိုင်သည်။
ဘာလို့ လူတိုင်းကို ဒီလောက်ထိ အဆင်မပြေဖြစ်အောင် လုပ်ရတာလဲ။
ထိုအချိန်တွင် ဆေးသွားကျိုသော သူနာပြုက လက်ထဲတွင် ကြွေအိုးတစ်လုံးနှင့် ပြန်လာခဲ့သည်။
အရင်ဆုံး ဒေါက်တာဟန်က ဇွန်းကိုယူ၍ အနည်းငယ် လှမ်းယူကာ အရသာခံလိုက်သည်။
အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ခေါင်းညိတ်သည်။
" သခင်ကြီးကျောင်းကို တိုက်လိုက်ပါ "
သူနာပြုဆရာမက ကြွေအိုးကို အိပ်ရာနားသို့ ချက်ချင်း သယ်သွားပြီး သခင်ကြီးကျောင်းကို ဆေး စတင်ကျွေးသည်။
ကျောင်းဖုလင်က သူ့အဖေကို စိုက်ကြည့်နေသည်။
အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း ချက်ချင်းဝိုင်းပြီး လူနာ၏အခြေအနေကို ဂရုတစိုက်ကြည့်ရှုကြသည်။
တစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း...
ဆေးအနည်းငယ်သောက်ပြီးနောက် သခင်ကြီးကျောင်း၏ မျက်နှာက အံ့ဩဖွယ်ကောင်းစွာ ပန်းရောင်သန်းလာသည်။
" ဒါက မှော်ဆန်လွန်းတယ် မဟုတ်လား။ တကယ်ကို သိသိသာသာ တိုးတက်လာတာပဲ "
" နတ်ဆေးဒေါက်တာဟန်ကတော့ တကယ်ကို နတ်ဆေးဒေါက်တာ ခေါ်ထိုက်ပါပေတယ်။ ဒီဆေးအာနိသင်က ထိရောက်လွန်းတယ်မဟုတ်လား "
" အံ့ဩစရာကောင်းတာပဲ။ ဒီလို ဆေးပညာလည်း ရှိတာပဲလား "
" ငါသာ ဒေါက်တာဟန်ဆီမှာ တပည့်ခံရမယ်ဆိုရင် ငါ့သက်တမ်း ဆယ်နှစ်တိုရင်တောင် ရတယ် "
" ငါတို့မှာ ဒီလိုအခွင့်အရေး မရှိဘူး။ တစ်ချို့ကတော့ ဒီလို ကောင်းလွန်းတဲ့ အခွင့်အရေးကိုတောင် တန်ဖိုးထားရမှန်း မသိဘူးလေ "
ဆေးဘက်ဆိုင်ရာဝန်ထမ်း အနည်းငယ်က အချင်းချင်း စကားစမြည်ပြောဆိုနေကြပြီး ယဲ့ဖန်ကိုလည်း လှောင်ပြောင်ရန် မမေ့ကြပေ။
ကျောင်းဖုလင်နှင့် ကျန်တဲ့ ကျောင်းမိသားစုတို့ကတော့ အလွန်ဝမ်းမြောက်နေကြသည်။
သခင်ကြီးကျောင်း ပိုသက်သာလာတာက သူတို့အတွက် သတင်းကောင်းဖြစ်သည်။
အနည်းဆုံး ကျောင်းမိသားစု၏ အကျပ်အတည်းကို ယာယီဖြေရှင်းနိုင်မှာ ဖြစ်သည်။
ကျောင်းမိသားစုသည် ယန်းချန်တွင် နံပါတ်တစ်မိသားစုဖြစ်ကာ သူတို့၏ အဆင့်အတန်းကို မတုန်မလှုပ် ဆက်ရှိနေနိုင်ပေမည်။
သို့သော် အားလုံးက ပျော်နေကြပေမဲ့ ယဲ့ဖန်ကတော့ မျက်မှောင်ကြုတ်နေသည်။
" တစ်ခုခုတော့ မူမမှန်ဘူး။ သခင်ကြီးကျောင်းရဲ့ မျက်နှာက နီရဲနေတယ်။ ပိုကောင်းလာတာနဲ့ မတူဘဲ ပေါက်ထွက်တော့မလိုဘဲ ........ "
ဒေါက်တာဟန်က ဘာမှပြန်မပြောခင် ဆေးဝန်ထမ်းတွေက သူ့ကို အပြစ်တင်ကြသည်။
" မင်းကိုယ်မင်း နတ်ဆေးဒေါက်တာတစ်ယောက်လို့ ထင်နေတာလား။ မင်းက ဒေါက်တာဟန်ထက် ပိုသိပိုတတ်နေလို့လား "
" ဒီလို မာနကြီးတဲ့လူကို ငါတော့ တစ်ခါမှ မတွေ့ဖူးဘူး။ ဒေါက်တာဟန်ရဲ့ ရှေ့မှာတောင် သူက ကဲ့ရဲ့ရဲသေးတယ်။ ပညာရှင်ကို ဝေဖန်တာတဲ့ "
" အပျော်တမ်းသမားကများ ဒေါက်တာဟန်လိုလူကို အကြောက်အလန့်မရှိ မေးခွန်းထုတ်ရဲသေးတယ် "
" ငါ့အမြင်အရတော့ ပိုကောင်းလာတယ်ဆိုတာ သိသာပါတယ်။ နားမလည်ဘဲ လျှောက်မပြောနဲ့ "
ဆေးဝန်ထမ်းတွေသာမက ကျောင်းမိသားစုဝင်တွေကလည်း ဝင်ပြောကြသည်။
" ပါးစပ်ပုတ်ကြီးနဲ့။ စကားကို ကောင်းကောင်း မပြောနိုင်ဘူးလား "
" ဟုတ်တယ်။ သခင်ကြီး တစ်ခုခု ဖြစ်သွားရင် မင်း ဘာလုပ်ပေးမှာလဲ "
" မင်းက ဖုလင်ရဲ့သူငယ်ချင်း မဟုတ်လား။ ဒီထက်ပိုပြီး မျှော်လင့်ချက်လေး မထားပေးနိုင်ဘူးလား "
" နင်ပေးခဲ့တဲ့ လင်ဇီးအတွက်သာ မဟုတ်ရင် ငါ နင့်ကို တံမြက်စည်းနဲ့ ရိုက်ထုတ်မှာ "
ကျောင်းဖုလင်က သူတို့ကို ကြည့်လိုက်သည်။
" ခင်ဗျားတို့ စကားမပြောရင် ဆွံ့အနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး "
ထိုမှသာ ထိုလူများက ပါးစပ်ပိတ်သွားကြသည်။ သို့သော် ယဲ့ဖန်ကို ရန်လိုမှု အပြည့်ဖြင့် ကြည့်နေသေးသည်။
ကျောင်းဖုလင်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ညီလေး မင်း မှားနေတာမြင်လား။ ငါ့အဖေရဲ့ အသားအရေက တကယ်ကို သွေးရောင်သန်းလာတာ ငါတို့လည်း မြင်နေတာပဲ "
ယဲ့ဖန်က သူ့ကို ဘယ်လို ရှင်းပြရမှန်းမသိဖြစ်နေသည်။
သူက သခင်ကြီးကျောင်းရဲ့ မျက်နှာကို ခဏလောက် စိုက်ကြည့်ပြီး ရုတ်တရက် အော်လိုက်သည်။
" ဆေးတိုက်တာ ရပ်လိုက်။ မြန်မြန်ရပ်လိုက် "
သူစကားပြောနေရင်း ကြွေအိုးကို သူနာပြု၏ လက်ထဲမှ အမြန်လုယူလိုက်သည်။
ဒေါက်တာဟန်က ယဲ့ဖန်ကို တလျှောက်လုံး သည်းခံခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မထိန်းနိုင်ဘဲ ဆဲဆိုကြိမ်းမောင်းရန် ပါးစပ်ကိုဖွင့်လိုက်သည်။
ထိုအချိန်မှာ မထင်မှတ်ဘဲ တစ်ခုခု ဖြစ်သွားလေသည်။
အစက အသိမကပ်နေသည့် သခင်ကြီးကျောင်းက ရုတ်တရက် မျက်လုံးပွင့်လာသည်။
" ဖူး ....... "
ရုတ်တရက် သူ့ပါးစပ်ထဲမှ သွေးတွေ ထွက်လာသည်။
အပိုင်း ( ၅၄၈ )
ဒီတစ်ယောက်က ရူးနေတာလို့ ထင်တယ်
ထိုမြင်ကွင်းက ရှိနေသူအားလုံးကို ထိတ်လန့်စေခဲ့သည်။
သခင်ကြီးကျောင်းရဲ့ အသားအရေက အခုလေးတင် တိုးတက်လာပြီးမှ ရုတ်တရက် ဒီလို ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
သွေးအန်ပြီးနောက် သခင်ကြီးကျောင်းက ကုတင်ပေါ်သို့ ပြန်လဲကျသွားခဲ့သည်။
သူ့မျက်နှာက လုံးဝကို ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ထိုအချိန်တွင် ကုတင်ဘေးမှာရှိတဲ့ နှလုံးခုန်နှုန်း စောင့်ကြည့်ရေးစက်က ငြိမ်သထက်ငြိမ်လာသည်။
" မြန်မြန် ကယ်ကြ "
ဒေါက်တာဟန်က ထိတ်လန့်တကြား အော်လိုက်ရင်း အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
သူ့ဘေးနားမှ ဆရာဝန်အချို့က ပျာယာခတ်စွာနဲ့ အရှေ့ကို ပြေးလာပြီး သခင်ကြီးကျောင်းကို CPR လုပ်ကြသည်။
ကျောင်းဖုလင်နှင့် ကျန်ရှိတဲ့ ကျောင်းမိသားစုဝင်တို့က ကြောက်လန့်သွားကြသည်။
သူတို့ မြင်ခဲ့ရတဲ့ မျှော်လင့်ချက် နည်းနည်းလေးက ချက်ချင်း ပျောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ယဲ့ဖန်ကို စွပ်စွဲသည်။
" ဒါတွေအားလုံးက မင်းရဲ့အမှားပဲ။ မင်းကြောင့် ပါးစပ်စီးသွားတာ။ ငါ့ရဲ့ ဒုတိယဦးလေးကို ပြန်ရှင်အောင် လုပ်ပေး ...... "
ကျောင်းဖုလင်က သူမကို လှမ်းဆွဲလိုက်သည်။
" ခင်ဗျား ရူးနေလား။ ဘာလုပ်နေတာလဲ။ ဒါက ယဲ့ညီလေးနဲ့ ဘာဆိုင်လို့လဲ "
ထိုအမျိုးသမီး၏ မျက်လုံးများက နီရဲလာသည်။
" သူ့လင်ဇီးမှာ တစ်ခုခုမှားနေတယ်လို့ ငါ သံသယရှိတယ်။ ငါတို့ ကျောင်းမိသားစုကို ဒုက္ခပေးဖို့ ရန်သူတွေက သူ့ကို စေလွှတ်ခဲ့တာဖြစ်လိမ့်မယ်။ ငါသူ့ကိုသေအောင်ရိုက်ရမှ ဖြစ်မယ် ..... "
သူမက ပြောသည့်အတိုင်း ရှေ့သို့ တိုးလာခဲ့သည်။
ကျောင်းဖုလင်က သည်းမခံနိုင်တော့ဘဲ မျက်နှာကို ရိုက်လိုက်သည်။
" ယဲ့ညီလေးက အဖေ့အတွက် အဖိုးတန်ဆေးဖက်ဝင်အပင်ကို စေတနာရှိလို့ ပေးခဲ့တာ။ ဘာလို့ မဟုတ်မဟတ်တွေ ပြောနေတာလဲ "
ထိုအမျိုးသမီးက ပူထူသွားတဲ့ မျက်နှာကို ဖုံးအုပ်ပြီး ပြောသည်။
" သူ့ဆေးဖက်ဝင်အပင်ရဲ့ ပြဿနာမဟုတ်ရင် ဒုတိယဦးလေးရဲ့ အခြေအနေက ဘာလို့ ရုတ်တရက်ကြီး ပိုဆိုးသွားရတာလဲ "
ကျောင်းဖုလင်က ဒေါက်တာဟန်ကို လှည့်ကြည့်လိုက်သည်။
" ဒေါက်တာဟန်၊ ဘယ်လိုဖြစ်ရတာလဲ "
ထိုအချိန်တွင် ဒေါက်တာဟန်မှာလည်း အနည်းငယ်မျက်နှာပျက်နေလေသည်။
" သေချာတော့ မသိဘူး။ ပြီးတော့ နည်းလမ်းတကျပြောရရင် ဒီလိုက မဖြစ်သင့်ဘူး ..... "
ကျောင်းဖုလင်က ဆက်မေးတော့မည့်အချိန်မှာ နှလုံးခုန်နှုန်းတိုင်းစက်မှ ရုတ်တရက် အသံရှည်ကြီးတစ်ခုထွက်လာသည်။
သခင်ကြီးကျောင်း၏ နှလုံးခုန် ရပ်သွားသည်ကို ညွှန်ပြနေသည်။
ထိုအသံက ကျောင်းမိသားစုအတွက် ခေါင်းပေါ်တည့်တည့် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
ကျောင်းဖုလင်နှင့် အခြားမိသားစုများ၏ မျက်နှာအမူအရာတို့က ပြောင်းလဲသွားသည်။
" ဒေါက်တာဟန်၊ တစ်ခုခုကို စဉ်းစားပါဦး။ အဖေက မသေနိုင်ပါဘူး ..... "
ဒေါက်တာဟန်က သူတို့ကို ကြောင်အအဖြင့် ကြည့်နေသည်။
" ငါ ..... ငါ အကောင်းဆုံး ကြိုးစားပြီးပြီ။ သခင်ကြီးကျောင်းက .... ငါတို့ ဘာမှ လုပ်လို့ မရနိုင်တော့ဘူး "
ကျောင်းဖုလင်က ထိုစကားကိုကြားပြီး သူ့စိတ်တွေ လွတ်ထွက်သွားသည်။
ထိုအချိန်တွင် ကျောင်းမိသားစုဝင်များက ငိုနေပြီဖြစ်သည်။
သခင်ကြီး ဆုံးပါးသွားသည်နှင့် ကျောင်းမိသားစု ချက်ချင်းပြိုကျမည်မှာ တွေးကြည့်နိုင်သည်။
သူတို့ကို လောဘကြီးစွာ စောင့်ကြည့်နေကြသော အင်အားစုများက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျောင်းမိသားစုကို ဖြိုချကျလိမ့်မည်။
ကျောင်းမိသားစု၏ အဆုံးသတ်က နီးကပ်လာပြီဖြစ်သည်။
ကျောင်းမိသားစုနှင့် အတူ ဒေါက်တာဟန်လည်း ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံစားနေရသည်။
သခင်ကြီးကျောင်းက ကြိုးအဆုံးကို ရောက်နေပြီး မျှော်လင့်ချက်များစွာမရှိသော်လည်း ကြိုးစားနိုင်သေးသည်။
သို့သော် သခင်ကြီးကျောင်းက သူ့ဆေးကို သောက်ပြီးမှသာ သေဆုံးသွားခဲ့သည်။
ဒီတာဝန်က မလွတ်ကင်းနိုင်ပေ။
သူက သက်ပြင်းရှည်ထုတ်လိုက်ပြီး ကျောင်းဖုလင်ကို လှည့်ကြည့်လိုက်သည်။
" ကျောင်းလူကြီးမင်း၊ သခင်ကြီးကျောင်းရဲ့ ဈာပနအတွက် ပြင်ဆင်ပါ "
ကျောင်းဖုလင်က သူ့စကားကို မကြားသလို နေလိုက်သည်။ သူ့စိတ်က ဗလာဖြစ်နေကာ သူဘာဆက်လုပ်ရမှန်း မသိပေ။
ထိုအချိန်တွင် လော့ကျင်းယွမ်၏ အသံက ရုတ်တရက် ထွက်လာသည်။
" ယဲ့ညီလေး၊ မင်းမှာ အကြံဥာဏ်တွေ ရှိသေးလား "
ထိုစကားက အမှောင်ထဲမှ အလင်းတစ်ခု ဖြစ်သွားစေသည်။
ကျောင်းဖုလင် သူ့ကို မော့ကြည့်လိုက်သည်။
" မင်း ဘာပြောလိုက်တာလဲ။ ညီလေးယဲ့မှာ နည်းလမ်းရှိတယ်လို့ ပြောလိုက်တာလား "
လော့ကျင်းယွမ် ခေါင်းယမ်းလိုက်သည်။
" ဒါက ယဲ့ညီလေးကို မေးရမယ်။ ကျွန်တော် ဘာမှ မပြောရဲဘူး။ ဒါပေမယ့် ယဲ့ညီလေးကြောင့် ကျွန်တော့်အဖေ နှလုံးခုန် ရပ်သွားရာကနေ သူ့ကို ကယ်တင်နိုင်ခဲ့တာပဲ "
သူက ထိုကဲ့သို့ပြောတဲ့အခါ အားလုံးက အံ့ဩသွားကြသည်။
" ဘာလဲ။ ဒီလိုအချိန်မှာတောင် လာနောက်နေတာလား။ နှလုံးခုန် ရပ်သွားတဲ့သူကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ "
" ကြွားလုံးထုတ်တာလည်း ရှေ့နောက်ကြည့်ရမှာပေါ့။ ဒါက ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား။ ငါတို့ကို အရူးတွေလို့များ ထင်နေတာလား "
" သေရာကနေ ပြန်ရှင်အောင် လုပ်နိုင်တယ်ဆိုတာ ဘယ်မှာရှိလို့လဲ။ ဇာတ်ကားအကြည့်များနေတာ ထင်တယ် "
"မဖြစ်နိုင်ဘူး။ ဒါက ဆေးပညာဆိုင်ရာ အသိတရားနဲ့ လုံးဝ မကိုက်ညီဘူး ...... "
လူတိုင်းက မယုံဘူးလို့ ပြောနေကြပေမယ့် ယဲ့ဖန်ကို စောင့်ကြည့် အကဲခတ်နေကြသည်။
" ယဲ့ညီလေး ...... မင်းမှာ နည်းလမ်းရှိလား "
ကျောင်းဖုလင်သည် လော့ကျင်းယွမ်၏ စကားက မယုံနိုင်စရာဟု ခံစားမိသော်လည်း သူက နောက်ဆုံးအနေနဲ့ မျှော်လင့်ချက် ထားကြည့်ချင်သည်။
ယဲ့ဖန်က ခေါင်းငုံ့ကာ သခင်ကြီးကျောင်း၏ အခြေအနေကို စစ်ဆေးလိုက်သည်။
" ကြိုးစားကြည့်နိုင်ပေမယ့် မျှော်လင့်ချက်တော့ သိပ်မရှိဘူး "
ထိုစကားကြောင့် လူတိုင်းက မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
နှလုံးခုန်သံ ရပ်နေတဲ့ လူ့အသက်ကို ကယ်တင်ဖို့ မျှော်လင့်ချက်ရှိသေးတာလား။
ဆေးဝန်ထမ်းများက သူ့ကို ထပ်ပြီး လှောင်ပြောင်ကြတော့သည်။
" ဒီတစ်ယောက်က ရူးနေတာလို့ ထင်တယ်။ သူက ပြောချင်ရာပြောပြီး လုပ်ချင်ရာ လုပ်နေတာပဲ။ ဟိုက သေနေပြီကို ဘယ်လိုကြိုးစားမှာလဲ "
" သေလူကို ပြန်ရှင်အောင် မလုပ်နိုင်ဘူးလေ။ သူ့ကိုယ်သူ အသက်သွင်းနိုင်တဲ့ အမတနတ်ဘုရားများ ထင်နေလား "
" ဒေါက်တာဟန်ကိုတောင် ငြင်းသေးတာပဲ။ စဉ်းစားကြည့်လိုက်။ ဒါကို သာမန်လူက လုပ်မှာ မဟုတ်ဘူး၊ ရူးနေလို့ပဲဖြစ်မှာ "
" လူနာကို ကုမနေပါနဲ့။ ငါတို့ မင်းကို အရင်ကြည့်ပေးမယ် "
သူတို့တင်မကဘဲ ဒေါက်တာဟန်ကတောင်မှ မတတ်နိုင်ဘဲ ဝင်ပြောလေသည်။
" ယဲ့မိတ်ဆွေလေး၊ မင်းရဲ့ စွမ်းအင်တွေကို မဖြုန်းတီးတာက ပိုကောင်းလိမ့်မယ်။ ကွယ်လွန်နေတဲ့ သခင်ကြီးကျောင်းရဲ့ ရုပ်အကြွင်းအကျန်တွေကို မဖျက်ဆီးပါနဲ့ "
ယဲ့ဖန်က သူတို့၏စကားတွေကို လျစ်လျူရှုလိုက်သည်။
သခင်ကြီးကျောင်း၏ အခြေအနေကို စစ်ဆေးပြီးနောက် သူက ကြွေအိုးကို ကောက်ယူပြီး ကျန်နေတဲ့ ဆေးရည်များကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် သူက ငွေအပ်ထုပ်ကို အမြန်ထုတ်ကာ သခင်ကြီးကျောင်း၏ အဝတ်အစားများကို မတင်လိုက်သည်။
သူ့လက်ချောင်းများက သခင်ကြီးကျောင်း၏ ယုန်းချွမ်၊ ထိုက်ရှီးနှင့် ရင်းဂု သွေးကြော များထဲသို့ ငွေအပ်များကို လျင်မြန်စွာ ထိုးဖောက်စိုက်လိုက်သည်။
တစ်မိနစ်မပြည့်ခင်မှာပဲ သခင်ကြီးကျောင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ငွေအပ်တွေနဲ့ ပြည့်သွားတော့သည်။
အဲ့တာတွေ အားလုံးလုပ်ပြီးတဲ့အခါ ယဲ့ဖန်ရဲ့ခြေထောက်တွေက ပျော့ခွေသွားပြီး လဲကျမတတ်ပင် ဖြစ်သွားသည်။
ကျောင်းဖုလင်က သူ့ကို အမြန်ကူထိန်းပေးလိုက်သည်။
" အဆင်ပြေရဲ့လား "
" ပြေပါတယ်။ အပ်စိုက်တာက ပြီးပါပြီ။ ကျန်တာကတော့ သခင်ကြီးရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ် "
ယဲ့ဖန်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ့မျက်နှာက အလွန်ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တိုက်ပွဲကြီး ဝင်တိုက်လာသူနဲ့ တူနေသည်။