အပိုင်း ၅၄၉-၅၅၂
Vol. 28 Ch. 549-552
အပိုင်း ( ၅၄၉ )
အသိစိတ်တွေကို ခွေးကျွေးလိုက်တာလား
ဘေးနားမှ ဆေးဝန်ထမ်းတွေက ထိုမြင်ကွင်းကို မြင်ပြီး မထိန်းနိုင်ဘဲ အချင်းချင်း တိုးတိုးပြောကြသည်။
" အရမ်းပင်ပန်းသွားမှာပဲ။ အပ်စိုက်ကုလိုက်ရတာဆိုတော့။ ပင်ပန်းလွန်းလို့ ချွေးတွေပါ တအား စီးကျနေရှာပြီ "
" သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်ထင်တယ်။ သူ့ကိုယ်သူ အရင်အပ်စိုက်တာ ပိုမကောင်းဘူးလား "
" ဟားဟားဟား၊ ငါလည်း အဲ့လို ထင်တယ်။ သခင်ကြီးကျောင်းကို ဟိုနားဒီနား အပ်စိုက်လိုက်တာနဲ့ နိုးလာလိမ့်မယ်လို့ သူ ထင်နေတာလား "
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကမ္ဘာကြီးမှာ ဒီလိုမှော်ဆန်တဲ ဆေးပညာမျိုး ရှိပါ့မလား။ ပြီးတော့ သူ့အပ်စိုက်ကုထုံးက လျှောက်လုပ်နေတာလို့ ငါမြင်တယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူက အငယ်တန်းလေးဆိုတာ တန်းပြောလို့ ရတယ် "
" ပြီးတော့ သူက သူ့ဘာသာ လေ့လာထားတာတဲ့လေ။ ဆေးကျောင်းက ဘွဲ့ရတဲ့ ထိပ်တန်းတွေနဲ့ သူက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "
" နှစ်ရက်သုံးရက်လောက်နဲ့ လေ့လာဖူးတဲ့ လူပြိန်းကများ ကြွားလုံးထုတ်ရဲသေးတယ်။ ရယ်စရာကောင်းလိုက်တာ ..... "
လူတိုင်းက သူ့ကို ရယ်မောနေကြချိန်မှာ ဒေါက်တာဟန်ကတော့ ငွေအပ်စိုက်ထားတဲ့ နေရာတွေကို ကြည့်နေသည်။
ဆိုရိုးစကားအတိုင်း ပြင်ပလူများက ပွဲကြည့်နေပြီး ကျွမ်းကျင်ပညာရှင်များကတော့ လှည့်ကွက်များကို ကြည့်ရှုကြသည်။
သူ့ဘဝရဲ့ အချိန်အများစုကို တရုတ်ဆေးပညာမှာ ကုန်ဆုံးခဲ့တဲ့အတွက် တခြားသူတွေထက် ပိုပြီး ထိုးထွင်းသိမြင်နိုင်သည်။
ယဲ့ဖန်သုံးတဲ့ အပ်စိုက်ကုထုံး နည်းလမ်းက အနည်းငယ် ဟောင်းနေသော်လည်း သူရွေးချယ်ခဲ့သော အပ်စိုက်ကုထုံး သွေးကြောနေရာများက အသစ်အဆန်းများဖြစ်သည်။
သူတောင် မထင်မှတ်ထားတဲ့ သွေးကြောတွေကို သုံးသွားသည်။
ယဲ့ဖန်က အပ်သုံးသည့် ပုံစံကို ကြည့်လျှင် ထိုပုံစံက လူပြိန်းသုံးတဲ့ပုံစံ မဟုတ်သည်မှာ သေချာသည်။
သူက ယဲ့ဖန်ကို သေချာအကဲခတ်ကြည့်နေသည်။
ဒီကမ္ဘာပေါ်မှာ ဒီလို ပြိုင်ဘက်ကင်း ဉာဏ်ရည်ဉာဏ်သွေးပိုင်တဲ့ ပါရမီရှင် ရှိနေတာများလား။
အချိန်တွေက တဖြည်းဖြည်း ကုန်လာသည်။
ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော သခင်ကြီးကျောင်းက တိုးတက်မှု လက္ခဏာမပြပေ။
ကျောင်းဖုလင် စိတ်မရှည်ဖြစ်ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ယဲ့ညီလေး၊ ငါ့အဖေက ဘာလို့ မနိုးသေးတာလဲ။ နည်းလမ်းကို အမြန်စဉ်းစားပါဦး "
ယဲ့ဖန်က ပုခုံးတွန့်လိုက်သည်။
" ကျွန်တော့်မှာ ရွေးစရာလမ်းမရှိဘူး။ အခုက ကံကြမ္မာကိုပဲ ပုံထားလို့ရမှာ "
ထိုစကားကို ကြားတဲ့အခါ ကျောင်းဖုလင်ရဲ့ နှလုံးက အောက်ကို ပြုတ်ကျသွားသလို ခံစားရသည်။
ကံကြမ္မာလား။
ကျောင်းမိသားစု ပေါက်ကွဲသွားပြန်သည်။
" ကယ်နိုင်လား၊ မကယ်နိုင်လားဆိုတာ အာမခံချက်ပေးလေ။ ကံကိုပုံထားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ "
" မှန်တယ်။ မင်း ငါတို့ကို မျှော်လင့်ချက်ပေးပြီး ကံကြမ္မာကို လွှဲမချနဲ့။ ငါတို့ မင်းနဲ့ ကစားနေတာ မဟုတ်ဘူး "
" လျှာရိုးမရှိတိုင်း လျှောက်ပြောနေတယ်။ ပါးစပ်ကထွက်သမျှက အလိမ်တွေချည်းပဲ "
" ဖုလင် မင်း ဘယ်လိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်လာတာလဲ။ သူက လူလိမ် "
" အပ်လေးတချို့နဲ့ လူတစ်ယောက်ကို ကယ်တင်နိုင်မယ်လို့ ထင်နေလား။ ငါတို့ကို သုံးနှစ်သားလို့ မင်း ထင်နေလား "
" တော်လောက်ပြီ "
ကျောင်းဖုလင်က ရုတ်တရက် အော်လိုက်ပြီး အေးစက်စွာ စိုက်ကြည့်နေသည်။
" ယဲ့ညီလေးက ဒီနေ့ အစွမ်းကုန်ကြိုးစားပြီးပြီ။ သူက အဖေ့အတွက် အဖိုးတန်လင်ဇီးကိုတောင် ထုတ်ပေးတဲ့အပြင် သူက တုံ့ဆိုင်းမနေဘဲ ကြိုးစားပေးခဲ့သေးတာလေ။ ကြိုးစားကြည့်ပေးမယ်လို့ပဲ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ အဖေ့ကို ကယ်တင်နိုင်မယ်လို့ သူက ဘယ်တုန်းက အာမခံခဲ့လို့လဲ "
" ခင်ဗျားတို့က ကျေးဇူး မသိတတ်တဲ့အပြင် ဒီမှာလာပြီး ရွဲ့စောင်းတဲ့စကားတွေ ဆက်ပြောနေသေးတယ်။ အသိစိတ်က ခွေးစားသွားလို့လား။ ငါ့အဖေ သေတာနဲ့ ခင်ဗျားတို့ကို အပြစ်ပေးလို့ မရဘူးလို့ ထင်နေတာလား "
ကျောင်းမိသားစုဝင်တွေက ကြိမ်းမောင်းခံရပြီးနောက် ပါးစပ်ပိတ်ထားကြသည်။ တခြားဘာမှ မပြောရဲကြတော့ပေ။
အဘိုးအို ဆုံးပါးသွားပြီးနောက် ကျောင်းဖုလင်က ကျောင်းအိမ်တော်၏ ခေါင်းဆောင်အဖြစ် သေချာပေါက် တာဝန်ယူရပေမည်။
ဒီအချိန်မှာ သူ့ကို ဘယ်သူက ပြဿနာရှာရဲမှာလဲ။
ကျောင်းဖုလင်က သူတို့ကို ဆက်ဂရုစိုက်မနေတော့ဘဲ သူက လှည့်ပြီး ယဲ့ဖန်၏ ပုခုံးကို ပုတ်လိုက်သည်။
" ယဲ့ညီလေး၊ အဲ့တာကို စိတ်ထဲမထားပါနဲ့။ မင်းအကောင်းဆုံးကြိုးစားပြီးပြီဆိုတာ ငါသိတယ်။ အဖေက …....ဒါက သူ့ ကံကြမ္မာပဲလေ။ ငါ မင်းကို အပြစ်မတင်ပါဘူး "
" အစ်ကိုကျောင်း .... "
ကျောင်းဖုလင် သက်ပြင်းချလိုက်ပြီး ကျောင်းမိသားစုဝင်တွေဘက် လှည့်ကြည့်လိုက်သည်။
" ဈာပနအတွက် ပြင်ဆင်ပါ "
ကျောင်းမိသားစုဝင်တွေက မျက်နှာပျက်ယွင်းစွာနဲ့ ကုတင်နားသို့ လျှောက်သွားကာ အဘိုးအို၏ အလောင်းကို သယ်တော့မယ့်အချိန်တွင် ဒေါက်တာဟန်က ရုတ်တရက် လှမ်းတားလိုက်သည်။
" နေဦး "
သခင်ကြီးကျောင်း၏ လက်ချောင်းတွေက ရုတ်တရက် လှုပ်ရှားသွားကာ ထိုမြင်ကွင်းကို ဒေါက်တာဟန်က တွေ့လိုက်ရသည်။ သူက ကုတင်နားကို လျှောက်သွားပြီး အဘိုးအို၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်မိသည်။
" ဒါ..ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သူ့ပုံစံက သရဲတစ္ဆေ မြင်လိုက်သလို ဖြစ်နေသည်။
" ဒေါက်တာဟန်၊ ဘာဖြစ်တာလဲ "
ကျောင်းဖုလင်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ကျောင်းလူကြီးမင်း၊ သခင်ကြီးက ..... "
ဒေါက်တာဟန်က ရှင်းပြလို့ မပြီးသေးခင်မှာဘဲ နှလုံးခုန်နှုန်းစက်မှ ဒုတ် ဒုတ် ဒုတ် ဟု အသံမြည်လာသည်။
ကျောင်းသခင်ကြီး၏ နှလုံးက တဖန်ပြန်ခုန်လာသည်။
ရှိနေသူအားလုံးက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
ပြန်ရှင်လာတာလား။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအုပ်စုက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထိတ်လန့်နေကြသည်။
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သခင်ကြီးကျောင်းက အခုလေးတင် နှလုံးခုန်ရပ်သွားတာလေ။ ဘယ်လို ပြန်အသက်ရှင်လာမှာလဲ "
" ငါ သရဲတစ္ဆေမြင်နေလား။ ဒါကြီးက အရမ်းကြောက်စရာကောင်းတယ် "
" တကယ်လို့ ငါ့မျက်စိနဲ့ မြင်ရတာ မဟုတ်ရင် မင်းတို့ ငါ့ကို သေအောင်ရိုက်ရင်တောင် ယုံမှာမဟုတ်ဘူး "
" မကြားဖူးပါဘူး။ ဘာတွေဖြစ်နေတာလဲ ငါ့ကို နားလည်အောင် ရှင်းပြကြပါဦး "
" ဒါ...ဒါကြီးက အဓိပ္ပါယ်မရှိဘူး "
သူတို့၏ သံသယများနှင့်မတူဘဲ ကျောင်းမိသားစုဝင်တွေကတော့ ပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီဖြစ်သည်။
" သခင်ကြီး နှလုံးပြန်ခုန်လာပြီ။ သခင်ကြီးရဲ့ နှလုံး ပြန်ခုန်လာပြီ .... "
" အို အရှင်ဘုရား၊ ငါ့မျက်လုံးတွေကိုတောင် မယုံနိုင်သေးဘူး။ သခင်ကြီးက တကယ်ပဲ အသက်ရှင်နေသေးတာလား "
" အံ့ဩစရာပဲ၊ သေပြီးတဲ့သူက တကယ်ကြီး အသက်ပြန်ရှင်နိုင်တာလား "
" ငါတို့ ကျောင်းမိသားစုရဲ့ ကံကြမ္မာက အဆုံးမသတ်သေးဘူးထင်တယ်။ သခင်ကြီးကို ငါတို့ဆီ ပြန်ပို့ပေးလိုက်တာ "
" ကျေးဇူးတင်ပါတယ်၊ ကောင်းကင်နတ်မင်းကြီး ငါတို့ ကျောင်းမိသားစုကို ကယ်တင်ပေးတာ "
ကျောင်းဖုလင် အံ့ဩနေပြီး သူ့အသိစိတ်တွေ ပြန်မကပ်ချေ။
သူ့အဖေကို အသက်ပြန်ရှင်လာဖို့ အလိုလားဆုံးက သူဖြစ်ပေမဲ့ တကယ်ရှင်လာတဲ့အခါ အိပ်မက်တစ်ခုလို ခံစားနေရသည်။
ဒါတွေအားလုံးက ထင်ယောင်ထင်မှားဖြစ်နေမှာကို သူကြောက်နေမိသည်။
ယဲ့ဖန်က လျှောက်လာပြီး ပုခုံးကို ပုတ်ပြောလိုက်သည်။
" ဂုဏ်ယူပါတယ် အစ်ကိုကျောင်း၊ အဘိုးအိုက သေဖို့ တွေးမထားသေးဘူး ထင်တယ် "
ကျောင်းဖုလင်က နောက်ဆုံးမှာ အသိပြန်ကပ်ပြီး မြေကြီးပေါ်တွင် ဒူးထောက်လိုက်သည်။
" ညီလေးယဲ့၊ ကျောင်းမိသားစုထဲက လူတိုင်းကိုယ်စား မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ ကျောင်းမိသားစုက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး "
ထိုအချိန်တွင် ကျောင်းမိသားစုဝင်တွေကလည်း ချက်ချင်း ဒူးလိုက်ထောက်ကြသည်။
" ကြီးမားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျောင်းမိသားစုက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး "
ထိုမြင်ကွင်းက ထိတ်လန့်စရာကောင်းလွန်းလှသည်။
ထိုမြင်ကွင်းကို မြင်နေရတဲ့ ဆေးဝန်ထမ်းများ အားလုံးက အံ့အားသင့်သွားကြသည်။
ယန်းချန်းရဲ့ နံပါတ်တစ်မိသားစုက လူတွေအကုန် ဒူးထောက်စေနိုင်တဲ့ ယဲ့ဆိုတဲ့ လူငယ်လေးက အံ့သြစရာကောင်းလွန်းတယ် မဟုတ်လား။
ဒီအကြောင်းသာ သတင်းပျံ့ရင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြမှာ သေချာတယ်။
အပိုင်း ( ၅၅၀ )
ဆရာ၊ တပည့်က အရိုအသေပေးတာကို ကျေးဇူးပြုပြီး လက်ခံပေးပါ
ယဲ့ဖန် အံ့သြသွားသည်။ သူက ကျောင်းဖုလင်ကို ထရန် အမြန်ကူညီလိုက်သည်။
" အစ်ကိုကျောင်း၊ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့။ ဒါက ကြုံကြိုက်လို့ပါ "
ကျောင်းဖုလင်က အလွန်စိတ်လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်နေသည်။
" မင်းအတွက်တော့ ဘာမှမဖြစ်ပေမယ့် ငါတို့အတွက်တော့ ဒါက ကြီးမားတဲ့ ကျေးဇူးပဲ။ အခုကစပြီး ငါတို့ရဲ့ ကျောင်းမိသားစုက မင်းရဲ့ဦးဆောင်မှုနောက်ကို လိုက်မှာပါ။ တစ်ယောက်ယောက်ကများ မင်းကို ပြဿနာရှာရဲတဲ့ သတ္တိရှိရင် ငါတို့ ကျောင်းမိသားစုက သေတဲ့အထိ ငြိမ်နေမှာ မဟုတ်ဘူး "
သူ့နောက်က ကျောင်းမိသားစုဝင်တွေကလည်း ခေါင်းညိတ် သဘောတူကြသည်။
ယဲ့ဖန်က တစ်ခုခုပြောတော့မည့် အချိန်တွင် မေ့မြောနေခဲ့သော သခင်ကြီးကျောင်းက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ကျောင်းမိသားစုမှ လူများက အလျင်အမြန် ပြေးသွားကြသည်။
" အဖေ ...... နိုးပြီလား "
ကျောင်းဖုလင်၏ အသံက တုန်နေကာ မျက်ရည်များ စီးကျနေသည်။
သခင်ကြီးကျောင်း၏ အမြင်အာရုံက အစပိုင်းမှာ အနည်းငယ်မှုန်ဝါးနေသော်လည်း မကြာခင်မှာပဲ လျင်မြန်စွာ ပြန်လည်ကြည်လင်လာခဲ့သည်။
" အသက် ဘယ်လောက်ရှိနေပြီမလို့ ဒီလို ငိုနေရတာလဲ "
အဘိုးအိုက ပါးစပ်ကိုဖွင့်လိုက်တာနဲ့ ကြိမ်းမောင်းတော့သည်။
သို့သော် ကျောင်းဖုလင်က စိတ်မဆိုးချေ။ အဲဒီအစား သူက စိတ်လှုပ်ရှားကာ စိုးရိမ်နေသည်။
အရင်တုန်းက သူ့အဖေ သူ့ကို ဆူပူကြိမ်းမောင်းတဲ့အခါ အမြဲတမ်း အလေးအနက်မထားဘဲ စိတ်ထဲမှ နည်းနည်း ညည်းညူခဲ့မိသည်။
သို့သော် ဒီနေ့အဖြစ်အပျက် ပြီးတဲ့နောက် ဖခင်အိုမှ နေ့တိုင်း ကြိမ်းမောင်းနေခြင်းကလည်း ပျော်ရွှင်မှုတစ်မျိုးဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
ကျောင်းသခင်ကြီး၏ စိတ်စွမ်းအင်က သာမန်ထက်ထူးကဲပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
သူ့မျက်နှာက သွေးရောင်သန်းနေရုံတင်မကဘဲ ယုံကြည်မှုအပြည့်နဲ့ စကားပြောနေသည်။
ငရဲတံခါးဝမှာ လျှောက်ခဲ့ရတဲ့သူနဲ့တောင် မတူပေ။
" ကျောင်းသခင်ကြီး၊ ခန္ဓာကိုယ်က ဘယ်လိုပြန်ကောင်းလာလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိရဖို့ စစ်ဆေးမှုတွေ လုပ်ဖို့လိုတယ် "
ဆရာဝန်တစ်ယောက်က အမြန်လျှောက်လာပြီး ကျောင်းသခင်ကြီးကို လေးလေးစားစား နှုတ်ဆက်ပြောလိုက်သည်။
" ကောင်းပြီ၊ လုပ်တာပေါ့ "
ကျောင်းသခင်ကြီးက အလွန်ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်သည်။
ယဲ့ဖန်က သူ့ခန္ဓာကိုယ်မှ ငွေအပ်များကို ဖယ်ရှားပေးသည်။
ထို့နောက် ဆရာဝန်များက ကိရိယာအစုံအလင်ကို ထုတ်ယူကာ ကျောင်းသခင်ကြီးအား တစ်ကိုယ်လုံး စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
အဆုံးမှာ သူတို့က ထိတ်လန့်ဖွယ်ရာ အကြောင်းကို စစ်ဆေးခဲ့မိသည်။
သခင်ကြီးကျောင်းက အလွန်ကျန်းမာနေသည်။ သူ မူးမေ့လဲမသွားခင်ကထက်တောင် ပိုသန်မာနေသေးသည်။ လွန်ခဲ့သည့်ငါးနှစ်ခန့်က သူ့အခြေအနေကို ပြန်ရောက်သွားသည်ဟုတောင် ထင်ရသည်။
ထိုသတင်းကို ကြားပြီးတဲ့အခါ ရှိနေသူအားလုံး အထူးသဖြင့် ဒေါက်တာဟန်နှင့် အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းများက အလွန်ကို ထိတ်လန့်သွားကြသည်။ သူတို့အားလုံး တုန်လှုပ်သွားကြသည်။
ဒါက ဘယ်လို ဆေးပညာကျွမ်းကျင်မှုမျိုးလဲ။
နှလုံးခုန်ရပ်သွားတဲ့သူတစ်ယောက်ကို ကယ်တင်ခဲ့ရုံတင်မကဘဲ ကျန်းမာရေးပါ ပြန်ကောင်းလာစေတာလား။
ယဲ့ဖန်ကို သရဲတစ်ကောင် မြင်နေရသလို ကြည့်နေကြသည်။
" ယဲ့ .... နတ်ဆေးဆရာဝန်လေးယဲ့။ မင်း ခုနကသုံးတဲ့ အပ်စိုက်ကုထုံးရဲ့ နာမည်က ဘာလဲ "
နတ်ဆေးဆရာဝန်ဟန်က ယဲ့ဖန်အား အခေါ်အဝေါ်ပြောင်းလိုက်သည်။
" နတ်ဆေးဆရာဝန်တဲ့လား "
ယဲ့ဖန်က သူ့ကို ခေါ်ဝေါ်လိုက်ပုံကို ကြားလိုက်တဲ့အခါ အနည်းငယ် လန့်သွားသလို ခံစားလိုက်ရသည်။
" ကျွန်တော့်ကို ယဲ့ဖန်လို့ ခေါ်လို့ရပါတယ်။ နတ်ဆေးဆရာဝန် မဟုတ်ပါဘူး။ ပြီးတော့ ဒီအပ်စိုက်ကုထုံးကို ဆယ့်နှစ်မျိုးကြယ်အပ်စိုက်နည်းလို့ ခေါ်ပါတယ်။ ဒီနည်းရဲ့ အဓိက အကျိုးသက်ရောက်မှုက ...... "
ဒေါက်တာဟန်က လေးလေးနက်နက် နားထောင်နေပြီး ရံဖန်ရံခါ ခေါင်းညိတ်သည်။
" ဒါဆို… ဒီအပ်စိုက်ကုနည်းကို သင်ပေးလို့ရမလား "
ယဲ့ဖန်က သူ့တောင်းဆိုမှုကို ကြားသောအခါ အခက်တွေ့သွားသည်။
" အဲ့တာက .... "
ဒေါက်တာဟန်က ချက်ချင်းတုံ့ပြန်လိုက်သည်။
ဆရာဝန်များက သူတို့၏ ထူးခြားသောစွမ်းရည်များကို သူတို့ကိုယ်သူတို့ ထိန်းသိမ်းထားပြီး အခြားသူများကို ဘယ်တော့မှ မဖြန့်ဝေကြပေ။
သူ့တောင်းဆိုချက်က နည်းနည်း လွန်သွားသည်။
" နားလည်မှုမလွဲပါနဲ့။ ဒီလို အံ့သြစရာကောင်းတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို မြင်လိုက်ရုံနဲ့ မတတ်နိုင်ဘဲ အဖြေရှာကြည့်ချင်မိတာပါ။ ပြောပြဖို့ အခက်တွေ့နေတယ်ဆိုရင် ...... "
ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကျွန်တော် ဘာမှ ဖုံးကွယ်မထားပါဘူး။
ကျွန်တော့်ရဲ့ ဆေးပညာကျွမ်းကျင်မှုက ကိုယ်ပိုင်စနစ်တစ်ခုလို့ ပြောထားပြီးသားထင်တယ်။ ဒီဟာက တခြားတရုတ်ဆေးပညာ သီအိုရီတွေနဲ့ တော်တော်လေးကို ကွာခြားနေတာဆိုတော့ ဒီအပ်စိုက်ကုထုံးကို သင်ချင်တယ်ဆိုရင်တော့ အခြေခံသီအိုရီကနေ ရမှာပါ ....... "
ဒေါက်တာဟန်က ခေါင်းညိတ်လိုက်သည်။
" ငါ မင်းကို ငါ့ဆရာအဖြစ် ခံယူပြီး အခြေခံကနေ သင်ယူဖို့ ဆန္ဒရှိတယ် "
ထိုစကားက နေရာမှာ ရှိသူအားလုံးကို အံ့ဩသွားစေသည်။
" ဒေါက်တာဟန်က ဒီယဲ့လူကြီးမင်းကို ဆရာတင်နေတာလား။ ငါကြားတာများ မှားသွားတာလား "
" ဆေးလောကမှာ နတ်ဆေးဆရာဝန်ဟန်ရဲ့ အဆင့်အတန်းက ဘယ်လောက်တောင် လေးစားထိုက်သလဲ။ သူက ဒီလို လူငယ်လေးကို ဆရာတင်နေတာလား။ လာနောက်နေသလိုပဲ "
" ဒီကိစ္စကြောင့် ဆေးလောကတစ်ခုလုံး တုန်လှုပ်သွားမှာ သေချာတယ် "
" သူ သဘောတူမယ်ထင်လား "
" တူမှာပေါ့။ သူက ဒေါက်တာဟန်ကို သူ့တပည့်အဖြစ် လက်ခံလိုက်ရင် နောက်ဆို ဆေးလောကမှာ သူအလိုရှိသမျှကို လုပ်နိုင်မှာလေ "
" ဟုတ်တယ်၊ သူ့အဆင့်အတန်းက ဒီရေလို တက်လာမှာ သေချာတယ်။ ပြီးတော့ အရမ်းလည်း မြင့်လိမ့်မယ် "
" ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ အရည်အချင်းရှိတယ်လေ။ နှလုံးခုန်ရပ်သွားသူကိုတောင် ကယ်တင်နိုင်တယ်ဆိုတော့ သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အတိုင်းထက်အလွန်ပဲပေါ့ "
" နောက်ပြီး အံ့သြစရာကောင်းတာ သူက အရမ်းငယ်သေးတဲ့အပြင် ကိုယ်တိုင် လေ့လာထားတာဆိုတော့ ဒါကြီးက မယုံနိုင်စရာပဲ မဟုတ်လား "
အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော်လည်း ယဲ့ဖန်တော့ မတုန်မလှုပ် အမူအရာဖြစ်သည်၊
" ဒေါက်တာဟန်၊ ရယ်စရာ မလုပ်ပါနဲ့။ ခင်ဗျားက အသက်ကြီးတဲ့သူ ဖြစ်တဲ့အပြင် ဆေးလောကမှာလည်း အဆင့်အတန်းမြင့်တဲ့သူပါ။ ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ဆရာတင်မှာလဲ "
သို့သော် ဒေါက်တာဟန်က အလွန်ခေါင်းမာသည်။
" အသက်အရွယ်နဲ့ အဆင့်အတန်းက ဘာဖြစ်လဲ။ မင်းရဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုက ငါ့ထက်သာတယ်။ အဲ့တော့ မင်းက ငါ့ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်။ ဆရာသခင်၊ ကျေးဇူးပြုပြီး အရိုအသေပေးတာကို လက်ခံပါ "
သူက စကားပြောနေရင်း လူတိုင်းရှေ့တွင် ဒူးထောက်ဖို့ လုပ်လိုက်သည်။
ယဲ့ဖန် အံ့အားသင့်သွားပြီး သူ့ကို အမြန်ဆွဲတင်လိုက်သည်။
" နတ်ဆေးဒေါက်တာဟန်၊ ဒီလို မလုပ်သင့်ဘူး။ ခင်ဗျားကို တပည့်အဖြစ် ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး "
" မင်း ငါ့ကိုလက်မခံရင် ငါထမှာမဟုတ်ဘူး "
ဒေါက်တာဟန်က ခေါင်းမာပြီး ဆက်ဒူးထောက်ဖို့သာ ပြင်နေသည်။
ယဲ့ဖန်က မတတ်နိုင်ဘဲ ကျောင်းဖုလင်ကို အကူအညီ တောင်းရသည်။
ကျောင်းဖုလင်က ပြုံးကာ ခပ်မြန်မြန် ရပ်လိုက်ပြီး သူ့အဖေကို လှည့်ကြည့်လိုက်သည်။
" အဖေ၊ ဒါက ကျွန်တော့် ညီ ယဲ့ဖန်ပါ။ ဒီတစ်ခါတော့ အဖေ့အသက်ကို ကယ်ခဲ့တာ "
သခင်ကြီးကျောင်းက ထိုစကားကို ကြားသောအခါ ချက်ချင်း ကုတင်ပေါ်မှ ဆင်းပြီး ယဲ့ဖန်ရှေ့သို့ လျှောက်သွားသည်။
" ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ နတ်ဆေးဆရာဝန်လေး "
ထိုသို့ပြောရင်း သူက ယဲ့ဖန်ရှေ့မှာ ဒူးထောက်လိုက်သည်။
ယဲ့ဖန်က လက်ကို အမြန်လှမ်းပြီး သူ့ကို လှမ်းထိန်းလိုက်သည်။
တစ်ခုခုမှားနေပြီ ထင်တယ်။
ဒူးထောက်တာ နောက်တစ်ယောက်လား။
အပိုင်း ( ၅၅၁ )
ဦးလေးလို့ခေါ်
ယဲ့ဖန်က အဘိုးအိုနှစ်ယောက်ကို ထရန် ကူညီပေးခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးတွေ တသီကြီး စီးကျနေပြီ ဖြစ်သည်။
သူက အပ်စိုက်ကုရင်း အားကုန်ထားတဲ့အပြင် ဒီလူအိုကြီးတွေကြောင့် ပို၍ပင် သည်းမခံနိုင်တော့ပေ။
" နတ်ဆေးဆရာဝန်ဟန်၊ ဘာမှ ထပ်မပြောပါနဲ့။ ခင်ဗျားကို တပည့်အဖြစ် မထားဘူး။ ဆေးပညာနယ်ပယ်မှာ ဒေါက်တာ့ရဲ့အဆင့်အတန်းနဲ့ ကျွန်တော့်ကို ဆရာတင်လိုက်ရင် ချောင်းရိုက်ခံရလိမ့်မယ်ထင်တယ်။ ကျွန်တော့်ကို ဒုက္ခပေးချင်နေတာလား "
ထို့နောက် သခင်ကြီးကျောင်းကို လှည့်ကြည့်လိုက်သည်။
" သခင်ကြီး၊ ဒူးထောက်မနေပါနဲ့။ အသက်ကဖြင့် အရမ်းကြီးနေပြီလေ။ ကျွန်တော့်ကို အသက်တိုစေချင်နေတာလား "
ဆေးဆရာဝန်ဆရာဝန်ဟန်က သူ့ကို နောက်တစ်ကြိမ် ငြင်းပယ်လိုက်သောကြောင့် ဝမ်းနည်းပူဆွေးစွာဖြင့် ဘေးနားသို့သာ လျှောက်သွားခဲ့သည်။
သူ့အမူအရာကို ကြည့်လျှင် ခင်ပွန်းသည်က စွန့်ပစ်ခံရသည့် ဇနီးသည်တစ်ယောက်လို စိတ်တိုနေပုံရသည်။
သခင်ကြီးကျောင်းကလည်း အနည်းငယ် မလိုမလား ဖြစ်နေသည်။
" ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ချင်တာပါ။ မင်းက ငါ့ကို ဒူးမထောက်စေချင်ဘူးဆိုတော့ ငါတို့ ညီအစ်ကိုတွေ ဖြစ်ကြမလား။ ငါက မင်းထက် အသက်ပိုကြီးတာဆိုတော့ ငါ့ကို အစ်ကိုကြီးလို့ခေါ်ပေါ့။ ငါတို့က အနာဂတ်မှာ မိသားစု ဖြစ်လာကြမယ်ဆိုတဲ့ သဘောပဲ "
ယဲ့ဖန် သဘောတူတာကို စောင့်မနေဘဲ ကျောင်းဖုလင်က ရုတ်တရက် ထပြောလာသည်။
" အဖေ၊ နောက်နေတာလား။ သူက ကျွန်တော့်ညီလေ။ ဘယ်လိုလုပ် သွေးသောက်ညီအစ်ကိုဖွဲ့နေတာလဲ။ ဒါဆို ရှုပ်ကုန်မှာ မဟုတ်ဘူးလား "
ယဲ့ဖန်က အမြန်ခေါင်းညိတ်လိုက်သည်။
" သခင်ကြီးကျောင်းရဲ့ ဒီအကြံပြုချက်က ကောင်းတယ်လို့ ထင်တယ်။ နောက်ဆို အစ်ကိုလို့ခေါ်မယ် "
ကျောင်းဖုလင်က စိုးရိမ်နေမိသည်။
" ယဲ့ညီလေး၊ ဒါက မမှန်ဘူး။ မင်းအဖေနဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာရင် မင်း ငါ့ကို အစ်ကိုလို့ ခေါ်မရတော့ဘူး "
ယဲ့ဖန်က သူ့ခေါင်းကို ပုတ်လိုက်သည်။
" ကောင်းပြီလေ ဒါဆို အဲ့ကိစ္စလည်း ညှိကျတာပေါ့။ ကျွန်တော့်ကို ဦးလေးလို့ခေါ်ရမယ်၊ ကျွန်တော်ကတော့ အစ်ကိုလို့ခေါ်မယ် "
" ဘာ "
ကျောင်းဖုလင်က သူ့လက်ကို ပုတ်ထုတ်လိုက်သည်။
" ညီအစ်ကိုတွေ မဖြစ်နိုင်တော့ပေမဲ့ ဦးလေးနဲ့တူဖြစ်ရတာလည်း ကောင်းပါတယ် "
" မင်း….... "
ကျောင်းဖုလင်သည် သွေးအန်ထွက်မတတ် ဖြစ်သွားရသည်။
ယဲ့ဖန်က သူနဲ့ ဆက်နောက်မနေတော့ဘဲ သခင်ကြီးကျောင်းကို လှည့်ကြည့်လိုက်သည်။
" သခင်ကြီး၊ ကျွန်တော်တို့က ညီအစ်ကိုဖွဲ့ဖို့ မလိုပါဘူး။ အစ်ကိုကျောင်းနဲ့ ကျွန်တော်က ညီအစ်ကိုတွေပဲဆိုတော့ ကျွန်တော့်ကို မိသားစုလို့ သတ်မှတ်နိုင်ပါတယ် "
သခင်ကြီးကျောင်းက သူ့ကို သေချာအကဲခတ်ကြည့်လိုက်သည်။
" ကောင်းပြီ၊ ဒါဆိုလည်း ငါတို့က အခု မိသားစုတွေဆိုတော့ ဟိတ်ဟန်ထားမနေတော့ဘူး။ မင်းတို့ ညီအစ်ကိုနှစ်ယောက် အနာဂတ်မှာ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းရမယ် "
ကျောင်းဖုလင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" အဖေ၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဒီနေ့တောင် ပြဿနာတက်ခဲ့သေးတယ် "
သခင်ကြီးကျောင်းက စိတ်ဝင်စားသွားသည်။
" အိုး၊ ဒီလိုမျိုး ရှိသေးတာလား။ ငါ့ကို ပြော "
ကျောင်းဖုလင်က ဝေ့ချန်းဖန်းအကြောင်း ချက်ချင်း ပြောပြသည်။
သခင်ကြီးကျောင်းက နားထောင်ပြီးနောက် အေးစက်စွာ ဟက်ခနဲ အသံပြုလိုက်သည်။
"ဒီဝေ့ချန်းဖန်းက ယန်းချန်မှာ သူလိုချင်တာမှန်သမျှ လုပ်နိုင်မယ်လို့ ထင်နေတာလား။ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ "
ထို့နောက် ကျောင်းဖုလင်ကို စိုက်ကြည့်လိုက်သည်။
" မင်းတို့ ရီမိသားစုဆီသွားပြီး မင်းကိုရှင်းပြဖို့ သူတို့ကို ဖြေရှင်းချက်တောင်းသင့်တယ် "
ကျောင်းဖုလင် မျက်နှာထားက အဆင်မပြေမှုများ ပြည့်နှက်နေသည်။
" ကိစ္စတွေက ထိန်းမနိုင်ဖြစ်သွားမှာကို စိုးရိမ်လို့ပါ "
ကျောင်းသခင်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" ငါက မင်းအနောက်မှာ ရှိနေတာကို မင်းက ဘာစိုးရိမ်နေတာလဲ။ ဘယ်လိုလူယုတ်မာလဲ "
" အဖေက ဆေးရုံတက်တာကြာပြီလေ။ အပြင်မှာ ကျွန်တော်တို့ ကျောင်းမိသားစုပြိုလဲဖို့ လူဘယ်နှစ်ယောက် စောင့်နေလဲ မသိနိုင်ဘူး။ ဒီအချိန်မှာ ကျွန်တော်က နေရာတိုင်းကို ဒုက္ခရောက်အောင် ဘယ်လိုလုပ်ရဲမှာလဲ "
သူ့စကားကြားပြီးနောက် ကျောင်းသခင်ကြီးလည်း တိတ်ဆိတ်သွားသည်။
" အမှန်ပဲ။ ဒီအချိန်အတွင်းမှာ မြေးလေးတွေက နေ့တိုင်း ငါ့သေဖို့ကို စောင့်နေကြတယ်လို့ ထင်တယ်။ ဟားဟားဟား ငါသေဖို့ မရည်ရွယ်ထားသေးတာက သူတို့အတွက် သနားစရာပဲ။ ရှောင်ဖန်က ငါ့ကို နောက်တစ်ခေါက် ကယ်လိုက်ပြန်တယ်လေ ဟာဟားဟား ...... "
ထိုမှသာ ယဲ့ဖန်က စကားပြောရန် အခွင့်အရေးရခဲ့သည်။
" ယန်းချန်ရဲ့ နံပါတ်တစ်မိသားစုဖြစ်တဲ့ ကျောင်းမိသားစုက ဒီလောက်ခက်ခဲတဲ့အခြေအနေမှာ ရောက်နေမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး "
ကျောင်းဖုလင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ယန်းချန်မှာရှိတဲ့ မိသားစုကြီးတွေက ငြိမ်းချမ်းနေပုံရပေမယ့် တကယ်တမ်းကျ နောက်ကွယ်မှာ ကြိတ်ယှဉ်နေကြတာပဲ။ သူတို့ထဲက တစ်ယောက်က အရင်ပြုတ်တာနဲ့ တခြားသူတွေက ဝိုင်းအုံပြီး ကိုက်စားမှာ "
သခင်ကြီးကျောင်းလည်း သက်ပြင်းချလိုက်သည်။
" ငါ ဒီနှစ်တွေမှာ ရုန်းကန်နေခဲ့တာက သေရမှာကို ကြောက်လို့ မဟုတ်ဘူး။ ငါသေပြီးတာနဲ့ ကျောင်းမိသားစုကို ဖြိုချမယ့်သူတွေက တန်းစီနေမှာ "
သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်၏မျက်လုံးတွေက ဉာဏ်နီဉာဏ်နက်များသလို တောက်ပလာသည်။
" သခင်ကြီး၊ သူတို့ကို လှည့်စားဖို့ အခွင့်အရေးယူချင်လား "
ကျောင်းသခင်ကြီးက အစပိုင်းမှာတော့ အံ့အားသင့်သွားခဲ့သော်လည်း နောက်ပိုင်းတွင် သူ နားလည်သွားသည်။
" မင်းဆိုလိုတာက ဟားဟားဟား၊ မင်းက တကယ်ကို လိမ္မာပါးနပ်တဲ့ကောင်ပဲ "
ကျောင်းဖုလင် စိတ်ရှုပ်သွားသည်။
" အဖေတို့ ဘာတွေပြောနေတာလဲ။ ကျွန်တော် ဘာလို့ နားမလည်တာလဲ"
ကျောင်းသခင်ကြီးက သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
" မင်းလို မိုက်မဲတဲ့ဝက်ကို ငါ ဘာလို့ မွေးခဲ့မိတာလဲ။ မင်းက ရှောင်ဖန်ရဲ့ တဝက်လောက်ပဲ ထက်မြက်ရင်ကို ငါ အေးအေးဆေးဆေး သေလို့ရနေပြီ "
ကျောင်းဖုလင် အားကိုးရာမဲ့ပုံပေါက်သွားသည်။
" အဖေ၊ ကျွန်တော့်ကို မျက်နှာသာပေးလို့ မရဘူးလား "
သခင်ကြီးကျောင်းက သူ့ကို စိုက်ကြည့်ပြန်သည်။
" ရှောင်ဖန်က အပြင်လူမဟုတ်ဘူး။ သူက မင်းကို ရယ်မှာ ဘာလို့ ကြောက်နေတာလဲ "
ကျောင်းဖုလင်က ခေါင်းကုတ်လိုက်သည်။
" ကျွန်တော်က သူ့အစ်ကိုကြီးလေ။ နည်းနည်းတော့ သိက္ခာရှိရမှာပေါ့၊ မဟုတ်ရင် သူက လေးစားမှာမဟုတ်ဘူး "
ယဲ့ဖန် ပြုံးလိုက်သည်။
" ဒါက လွယ်ပါတယ်။ နောက်ဆို ကျွန်တော့်ကို ဦးလေးလို့ခေါ်ပေါ့။ ဒါဆို ဒီပြဿနာကို ဖြေရှင်းပြီးသား မဖြစ်ဘူးလား "
" ဟိုဘက်ကိုသွားစမ်းပါ။ နောက်တစ်ခါ ထပ်ပြောရင် ငါ မင်းနဲ့ စာရင်းရှင်းမယ် "
ကျောင်းဖုလင်က အနည်းငယ် စိုးရိမ်နေတာကြောင့် ကျောင်းသခင်ကြီးက ရှင်းပြတော့သည်။
" တကယ်တော့ ဒါက အရမ်းရိုးရှင်းပါတယ်။ ငါ အပြင်းဖျားနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ရင် မကောင်းကြံတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် ခုန်ပေါက်နေမှာ သေချာတယ်။ အချိန်ကျလာတဲ့အခါ ဘယ်သူက အပျော်ဆုံးဖြစ်နေတယ်ဆိုတာ တွေ့ရလိမ့်မယ်။ အဲ့အခါကျ မျောက်မသားတွေကို သတိပေးဖို့အတွက် အဲ့ဒီ အပျော်ဆုံးဖြစ်နေတဲ့ တစ်ယောက်ကိုပဲ နမူနာထား ရှင်းပစ်ရမယ် "
နောက်ဆုံးတော့ ကျောင်းဖုလင်က သူတို့ ပြောနေတာကို နားလည်သွားသည်။
" အမိုက်စားအကြံပဲ၊ တကယ်ကို ထက်မြက်တယ်။ ဒီနည်းနဲ့ လုပ်ကြည့်ကြရအောင်။ သတင်းဖြန့်လိုက်မယ် "
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းခါလိုက်မိသည်။
ဒီတစ်ခါတော့ ဘယ်မိသားစုက ကြီးကြီးမားမား ဒုက္ခရောက်မလဲဆိုတာ တွေးနေမိသည်။
ထိုမိသားစုအတွက် ကြိုစိတ်မကောင်း ဖြစ်မိသညါ။
ထိုအချိန်တွင် စနစ်၏အသံက သူ့နားထဲသို့ ထွက်ပေါ်လာသည်။
[ တာဝန်လမ်းညွှန်မှု ပြီးမြောက်သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ ၇ဘီလီယံ တန်ဖိုးရှိသည့် လင်းဟန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ဆုအဖြစ်ရရှိပါသည် .... ]
အပိုင်း ( ၅၅၂ )
ထိပ်ဆုံးရောက်နိုင်တဲ့သူ
ယဲ့ဖန်က ကုသဆောင်တွင် ခဏနေပြီး ကျောင်းသခင်ကြီးရဲ့ အခြေအနေ တည်ငြိမ်တာကို စောင့်ကြည့်ပြီးမှ ပြန်ဖို့ ထရပ်ခဲ့သည်။
ကျောင်းဖုလင်က သူ့လက်ကို အမြန်ဆွဲလိုက်သည်။
" ယဲ့ညီလေး၊ ဒီညတော့ ကောင်းကောင်း အနားယူလိုက်။ မနက်ဖြန်ညကျရင် ကျန်းနန်နယ်နိမိတ်ဟိုတယ်မှာ ပွဲတစ်ခုကျင်းပပြီး ငါယုံကြည်ရတဲ့ သူငယ်ချင်းတချို့နဲ့ မိတ်ဆက်ပေးမယ်။ မင်းလာရမယ် "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ကျွန်တော် မနက်ဖြန် သေချာပေါက် လာခဲ့ပါမယ် "
ထိုသို့ပြောပြီးနောက် ကျောင်းသခင်ကြီးအား နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
ကျောင်းသခင်ကြီးက သူ့နောက်ကျောကို ကြည့်ပြီး မတတ်နိုင်ဘဲ ခေါင်းခါမိသည်။
" ဒီလို ထူးချွန်တဲ့ လူငယ်မျိုး တကယ်ရှိတာပဲ။ သူသာ ငါ့သားဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ "
ကျောင်းဖုလင် အလွန် စိတ်ဓာတ်ကျသွားသည်။
" အဖေ၊ ကျွန်တော့်ရှေ့မှာ ဒီလိုပြောနေတာ ကျွန်တော့်ကိုရော ထည့်မစဉ်းစားဘူးလား"
ကျောင်းသခင်ကြီးက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" ဒါဆို ငါ့ကိုပြောစမ်းပါဦး မင်း ရှောင်ဖန်ထက် ဘယ်နားက ပိုကောင်းလဲဆိုတာ "
" ကျွန်တော် ..... "
ကျောင်းဖုလင် ထိုအကြောင်းကို လေးလေးနက်နက် တွေးကာ ခေါင်းယမ်းလိုက်သည်။
" မရှိဘူး "
ကျောင်းယွဲ့ရှန်း ပြုံးလိုက်သည်။
" အနည်းဆုံးတော့ မင်းမှာ အသိတရားရှိသေးပါတယ်။ ရှောင်ဖန်ကိုသိဖို့ လုပ်ခဲ့တာက ပညာအရှိဆုံး ရွေးချယ်မှုပဲ "
ကျောင်းဖုလင်က မငြင်းဆန်ဘဲ လေးနက်စွာ ခေါင်းညိတ်သည်။
" ဒီနေ့ သူ့ကြောင့်သာမဟုတ်ရင် အဖေက တကယ် ... ကျွန်တော်တို့ ကျောင်းမိသားစုက အဖေမရှိလို့ မဖြစ်ဘူး။ သူ့ကို သိလာရတာ တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ "
ကျောင်းယွဲ့ရှန်း ခေါင်းညိတ်လိုက်သည်။
" မင်းသိတာ ကောင်းပါတယ်။ အနာဂတ်မှာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထား။ ဘယ်သူကမှ သူ့ကို အနိုင်မကျင့်စေနဲ့၊ တစ်ခုခုဆို တစ်ဖက်လူကို သင်ခန်းစာပေးရမယ်။ မင်းအတွက် အကျိုးဆက်အားလုံးကို ငါခံပေးမယ် "
ကျောင်းဖုလင် ချောင်းဆိုးလိုက်သည်။
" ဒီလောက်ကြီးထိ ချဲ့ကားနေဖို့ မလိုဘူးမဟုတ်လား "
ကျောင်းသခင်ကြီးက သူ့ကို စိုက်ကြည့်လိုက်သည်။
" မင်းဘာသိလဲ၊ ဒီလူငယ်လေးရဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်။ သူ့ အာဏာက ထိပ်ဆုံးမရောက်ခင် ဆက်ဆံရေးကောင်းတစ်ခုသာ တည်ဆောက်ထားနိုင်ရင် နောက်ဆို သူက ကျောင်းမိသားစုကို သေချာပေါက်ကာကွယ်ပေးလိမ့်မည်။ အဲ့ဒီအချိန်ကျ ငါ သေသွားရင်တောင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာ "
ကျောင်းဖုလင်က သူ့အဖေကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" အဖေ သူ့ကို အရမ်း အထင်ကြီးနေတာလား။ ကျွန်တော့်တို့ရဲ့ ကျောင်းမိသားစုက ယန်းချန်မှာ နံပါတ်တစ်မိသားစုပါ။ အနာဂတ်မှာ သူ့ရဲ့ အကာအကွယ် လိုအပ်ပါ့မလား "
ကျောင်းသခင်ကြီးက ရယ်မောလိုက်သည်။
" ယန်းချန်ရဲ့ နံပါတ်တစ်မိသားစုလား။ ဒါ မင်းမှာရှိတာ အကုန်ပဲလား။ ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့လူတွေကို တွေ့ဖူးတယ်။ ဒီလူငယ်လေးက ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးလို့ ပြောလို့ရတယ်။ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက မင်း အခု တွေးတောင်မတွေးဖူးတဲ့ဟာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ငါပြောတဲ့အတိုင်း မင်းလုပ်စမ်းပါ။ တစ်နေ့ မင်း နားလည်လာလိမ့်မယ် "
ကျောင်းဖုလင် ခေါင်းညိတ်လိုက်သည်။
" နားလည်ပါတယ်၊ အဖေ "
.......................
နောက်တစ်နေ့မနက်တွင် ယဲ့ဖန်ဆီကို လင်းဟန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ဖုန်းဆက်လာသည်။
ကုမ္ပဏီလွှဲပြောင်းရေးကို လုပ်ဆောင်ဖို့ ချိန်းဆိုလိုက်ကြသည်။
ခဏတာ ပြင်ဆင်ပြီး ဟိုတယ်ထဲမှ ထွက်လာခဲ့သည်။
မနေ့ညက ကျန်းနန်ဟိုတယ်မှာ ကားထားခဲ့တာကြောင့် တက္ကစီကို လှမ်းခေါ်ခဲ့သည်။
စျေးကွက်တန်ဖိုး ခုနစ်ဘီလီယံရှိသော ကုမ္ပဏီတစ်ခုအနေဖြင့် လင်းဟန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ယန်းချန်တွင် ကုမ္ပဏီကြီးတစ်ခုအဖြစ် သတ်မှတ်သည်။
ရုံးအဆောက်အအုံကြီးက ခမ်းနားလှပြီး လူအဝင်အထွက် များပြားလှသည်။
ဒီနေရာတွင် အလုပ်လုပ်တဲ့သူများက အဆင့်မြင့် ဝန်ထမ်းများအဖြစ် သတ်မှတ်ခံရနိုင်သည်။
ငွေချေပြီးနောက် တံခါးကိုတွန်းဖွင့်ကာ ကားပေါ်မှဆင်းပြီး အဆောက်အဦးဆီသို့ လျှောက်သွားခဲ့သည်။
ရုံးခန်းအဆောက်အဦးထဲသို့ ဝင်ခါနီးတွင် အမျိုးသမီးတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
" ယဲ့ဖန်လား။ နင် ဒီနေရာကို ဘယ်လိုရှာလာတာလဲ "
ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ သပ်သပ်ရပ်ရပ်ဝတ်စားထားသော အမျိုးသမီးတစ်ယောက်က သူ့ဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီး၏ ဝတ်စားပုံက အလွန်ရိုးရှင်းသော်လည်း ဖက်ရှင်ကျလေသည်။
သူမအနားတွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီး အနည်းငယ်လည်း ရှိနေသည်။
" ကျွန်တော်သိတာလား "
ထိုအမျိုးသမီးကို အရင်က တစ်နေရာရာမှာ မြင်ဖူးကာ အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း ဘယ်မှာလဲဆိုတာတော့ မမှတ်မိချေ။
ထိုအမျိုးသမီးက ယဲ့ဖန် စကားကို ကြားပြီး ရယ်လိုက်သည်။
" နင် မသိသလို ဟန်ဆောင်နေတာမလား။ ငါ့ကိုရှာဖို့ ဒီကိုလာခဲ့တာ မဟုတ်လား "
ယဲ့ဖန် တကယ်ကို စိတ်ရှုပ်သွားသည်။
" ဘာတွေ ပြောနေတာလဲ။ အစ်မကြီး၊ ခင်ဗျားက ဘယ်သူလဲ "
ယဲ့ဖန် စိတ်ရှုပ်ဟန်ဆောင်နေသေးတာကို တွေ့တဲ့အခါ ထိုအမျိုးသမီးက ချက်ချင်း သူ့အလုပ်ကတ်ကို ထုတ်ပြီး သူ့ရှေ့မှာ ဝှေ့ယမ်းလိုက်သည်။
" ငါက ယန်းသုန်မေ့ မှတ်မိပြီလား"
ထိုနာမည်ကို ယဲ့ဖန်ကြားလိုက်တာနဲ့ သူ သဘောပေါက်သွားသည်။
ဒီအမျိုးသမီးက သူ အိမ်ငှားခဲ့တဲ့ အိမ်ရှင်ရဲ့သမီး မဟုတ်ဘူးလား။
ထိုအိမ်ရှင်က အရမ်းမိုက်ရိုင်းသည်။ သူ့သမီးက သူ့ထက်တောင် ပိုဆိုးသေးသည်။
သူမက ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်သောကြောင့် သူ့ကို အမြဲတမ်း နှိမ်ခဲ့သည်။
ထို့နောက် သူ ကျုံးထျန်းကန်သာယာစံအိမ်ကို ပြောင်းခဲ့ပြီးနောက် သူမကို နောက်ထပ် မတွေ့ရတော့ချေ။
သူမကို ဒီမှာတွေ့မယ်လို့ မမျှော်လင့်ထားပေ။
" ခင်ဗျား ဒီမှာအလုပ်လုပ်တာလား "
" သိသာနေတာပဲ မဟုတ်ဘူးလား။ နင် ငါ့ကိုရှာဖို့ ဒီကို လာခဲ့တာ မဟုတ်ဘူးလား။ စရံငွေ ပြန်လိုချင်နေတာလား။ ငါ နင့်ကို ပြောပါလိုက်မယ်၊ ဘယ်လိုမှမဖြစ်ဘူး "
ယန်းသုန်မေ့က ပြင်းထန်စွာ ပြောလိုက်သည်။
ယဲ့ဖန် ပြောင်းသွားသောအခါ စာချုပ်သက်တမ်း မကုန်ဆုံးသေးသောကြောင့် စရံငွေ နှစ်လစာကို ယူထားခဲ့သည်။
ထိုအချိန်တုန်းက အဲ့လောက်ငွေအနည်းငယ်လေးက ယဲ့ဖန်အတွက် ဘာမှမဟုတ်သောကြောင့် အိမ်ရှင်နှင့် ငြင်းခုံခြင်းမပြုခဲ့ပေ။
ဒီအကြောင်းအရာကို ထပ်ပြီးပြောနေတာကြားလိုက်ရတော့ ယဲ့ဖန် ပြုံးရင်းနဲ့ ခေါင်းယမ်းမိလိုက်သည်။
" ခင်ဗျား အတွေးလွန်နေတာ။ ခင်ဗျားကိုရှာဖို့ ဒီကိုလာတာ မဟုတ်ဘူး။ ဒီကို ခင်ဗျားတို့ရဲ့ ဥက္ကဌနဲ့ ကိစ္စလေးတစ်ချို့ရှိနေလို့ .... "
" ဖူး ........ ဟားဟားဟား "
ယန်းသုန်မေ့ ချက်ချင်း ရယ်မောလိုက်သည်။
" နင်ကငါတို့ ဥက္ကဌနဲ့ စကားပြောချင်လို့လား။ ဘာတွေ လာဟန်ဆောင်နေတာလဲ။ တက္ကစီနဲ့ လာတာကို မတွေ့ဘူးထင်နေလား။ ငါတို့ရဲ့ဥက္ကဌက မင်းတွေ့ချင်တဲ့အချိန်တိုင်း တွေ့နိုင်တဲ့သူလို့ ထင်နေလား "
သူမက စကားပြောရင်းနဲ့ သူမလုပ်ဖော်ကိုင်ဖက်တွေကို လှည့်ကြည့်လိုက်သည်။
" ဒီကလေးက ဘယ်လောက်ဆင်းရဲလဲ သိလား။ ခြေအိတ်တွေကို အကြိမ်ကြိမ် ဖာထေးပြီးဝတ်ရတာ။ သူက တစ်နေ့လုံးမှ တစ်နပ်ပဲ စားနိုင်တယ်။ နေ့တိုင်း ငါတို့မိသားစု ထမင်းချက်တဲ့အခါ ပြတင်းပေါက်ကနေ ချောင်းပြီး သွားရည်ယိုတယ်လေ။ ဟားဟား ..... "
သူမလုပ်ဖော်ကိုင်ဖက်တွေကလည်း မထိန်းနိုင်ဘဲ ရယ်ကြသည်။
" တကယ်လား။ ဒီလောက်ဆင်းရဲတဲ့လူမျိုး ရှိသေးတာလား။ သူတောင်းစားနဲ့တူတယ် "
" သူတောင်းစားတွေကို မစော်ကားနဲ့နော်။ အခုခေတ်မှာ သူတောင်းစားတွေကတောင် အရမ်းချမ်းသာနေကြပြီ "
" ၂၁ ရာစုရောက်နေပြီ၊ ဖာထေးနေရတဲ့ ခြေအိတ်တွေ ၀တ်ထားတဲ့သူတွေ ရှိသေးလား။ ငါတို့က ကမ္ဘာတစ်ခုတည်းကရော ဟုတ်ရဲ့လား "
" ဒါပေမယ့် သူ ဒီနေ့ ဝတ်ထားတာကတော့ တော်တော်လေးကောင်းတယ်။ ဒီအဝတ်အစားတွေကို ငှားထားတာလား "
" အဲ့လိုပဲဖြစ်မယ်။ နောက်မှ ပြန်ပေးရမယ်ထင်တယ်။ ဘယ်လောက်သနားစရာကောင်းလိုက်လဲ ..... "