အပိုင်း ၅၆၁-၅၆၄
Vol. 29 Ch. 561-564
အပိုင်း ( ၅၆၁ )
တွေ့ဖူးသမျှထဲမှာ အထူးချွန်ဆုံး လူသား
တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးတဲ့နောက် တဖြည်းဖြည်း ရင်းနှီးလာကြသည်။
ထိုအချိန်တွင် ပိန်ပိန်ပါးပါးနဲ့ အမျိုးသားတစ်ဦးက ရှချူးကို စိုက်ကြည့်နေသည်။
" ဒါက စူပါစတား ရှချူး မဟုတ်ဘူးလား။ အစ်ကိုကျောင်း သူမကရော မင်း ညီအစ်ကိုပဲလား "
ကျောင်းဖုလင်က သူ့ကို စိုက်ကြည့်လိုက်သည်။
" မင်း လျှောက်မပြောနဲ့။ ဒါက ယဲ့ညီလေးရဲ့ ရည်းစားလေး။ မင်း သူမကို ခယ်မလို့ခေါ်သင့်တယ် "
အခန်းထဲမှာ ရှိသူအားလုံးက ချက်ချင်း ဝမ်းပမ်းတနည်း ညည်းတွားကြသည်။
ပိန်ပိန်ပါးပါးနဲ့ လူတစ်ယောက်က ရှေ့ကို ထွက်လာသည်။
" မင်္ဂလာပါ ခယ်မလေး။ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့နာမည်က ယောင်းချီဝေပါ "
ရှချူးက လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ကျွန်မက ခယ်မလေး မဟုတ်ပါဘူး။ ကျွန်မက သူ့ရည်းစားမဟုတ်ဘူး... "
" အဲ့တာက အရေးမကြီးပါဘူး။ မင်းက ငါတို့ရဲ့ယဲ့ညီလေးအပေါ်ကို သစ္စာစောင့်သိသရွေ့ မင်းက ငါတို့ရဲ့ခယ်မပဲ။ နောက်ဆို မင်းကို အနိုင်ကျင့်တဲ့သူရှိရင် ငါတို့ကို ပြောပြ။ ငါတို့က မင်းကို အနောက်ကနေ ပံ့ပိုးပေးမှာ "
ယောင်းချီဝေက သူ့ရင်ဘတ်ကို ပုတ်ပြီး ကတိပေးလိုက်သည်။
တခြားသူတွေကလည်း ခေါင်းညိတ် သဘောတူကြသည်။
ရှချူး ပါးစပ် အပေါက်တစ်ရာရှိရင်တောင် သူတို့ကို ရှင်းမပြနိုင် ဖြစ်နေသည်။
ယဲ့ဖန်က ရှင်းမပြတာကြောင့် သူ့အင်္ကျီလက်ကို အမြန်ဆွဲပြီး သတိပေးလိုက်သည်။
" မြန်မြန် ရှင်းပြလိုက်လေ။ အဲ့လို မဟုတ်ဘူးဆိုတာကို ...... "
ယဲ့ဖန်က သူမကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
" ဒီလိုကိစ္စမျိုးက ရှင်းလို့မရဘူး။ များများရှင်းလေလေ၊ ရှုပ်လေလေပဲ "
ကျောင်းဖုလင် ရယ်လိုက်သည်။
" ကောင်းပြီ၊ အဲ့မှာပဲ ရပ်မနေနဲ့ ထိုင်ပါ "
ထိုသို့ပြောရင်း ယဲ့ဖန်ကို အဓိကထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။
" ညီလေး ဒီမှာထိုင် "
ယဲ့ဖန်က အမြန် ငြင်းလိုက်သည်။
" အစ်ကိုကျောင်းက အိမ်ရှင်ပါ။ ဘာလို့ အဲ့ဒီမှာ မထိုင်တာလဲ "
ကျောင်းဖုလင်က အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ထိုင်ဖို့ပြောနေတာကို ဘာလို့ ပြန်ပြောနေတာလဲ "
ထို့နောက် သူက ယဲ့ဖန်ကို ဘာရှင်းပြချက်မှ မပေးဘဲ အဓိကထိုင်ခုံသို့ အတင်းဖိထိုင်ခိုင်းလိုက်တော့သည်။
ထို့နောက် ရှချူးကို ယဲ့ဖန်၏ ဘယ်ဘက်မှာ ထိုင်စေပြီး သူကတော့ ညာဘက်မှာ ထိုင်သည်။
ဒါကိုမြင်တော့ အခန်းထဲကလူတိုင်း အံ့သြသွားကြသည်။
ဒီလို သေးငယ်တဲ့ လုပ်ဆောင်ချက်ကနေတောင်မှ ကျောင်းဖုလင်က ယဲ့ဖန်ကို ဘယ်လောက် အရေးထားသည် ဆိုတာကို တွေ့မြင်နိုင်သည်။
ဒါက သူတို့ ယဲ့ဖန်အပေါ် ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ သဘောထားကို တိုးစေသည်။
ယဲ့ဖန်ကို အစက ကျောင်းဖုလင်၏ နောက်လိုက်တစ်ယောက်ဟုသာ ထင်ခဲ့ကြသည်။
ဒါပေမယ့် အခုချိန်မှာတော့ သူတို့ မျှော်လင့်ထားသလို မဟုတ်မှန်း မြင်နေရသည်။
ကျောင်းဖုလင်ကတောင် ယဲ့ဖန်ကို ဖားဖို့ ကြိုးစားနေလေသည်။
ထိုပုံစံက သူတို့ကို ပဟေဠိဖြစ်စေသည်။
ယန်းချန်ရဲ့ နံပါတ်တစ်မိသားစု အမွေဆက်ခံသူက ဘာလို့ နယ်ခြားသားတစ်ယောက်ကို ဒီလောက် လေးစားနေရတာလဲ။
ဘာကြောင့်လဲ။
ရှချူးလည်း အံသြသွားသည်။
ယဲ့ဖန်အပေါ် ကျောင်းဖုလင်၏ ဆက်ဆံပုံကိုကြည့်လျှင် သူက သူငယ်ချင်းကောင်းတစ်ယောက်ကို ဆက်ဆံတာနဲ့ မတူဘဲ ကယ်တင်ရှင်လို့တောင် ထင်ရသည်။
အဲ့တာ သူမကို ပိုပြီး သိချင်စိတ် ဖြစ်လာစေခဲ့သည်။
ယဲ့ဖန် ဘယ်လို လုပ်လိုက်တာလဲ။
ယန်းချန်ရဲ့ နံပါတ်တစ်မိသားစု အိမ်ရှေ့မင်းသားကို သူ တကယ်ပဲ အထင်ကြီးအောင် လုပ်နိုင်ခဲ့တာလား။
ကျောင်းဖုလင်က လူတိုင်း၏ အမူအရာကို ကြည့်နေသည်။
" ယဲ့ညီလေးကို ဘာလို့ အရမ်းလေးစားတာလဲ သိချင်ကြလား "
လူတိုင်းက သိချင်စိတ်ကြောင့် ခေါင်းညိတ်ကြတယ်။
ကျောင်းဖုလင် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်က ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး လူငယ်တစ်ယောက်ပဲ။ တခြားဘယ်သူမှ မရှိဘူး ...... အထင်လွဲမနေပါနဲ့ ဒီစကားကို ငါပြောတာမဟုတ်ဘူး။ ငါ့အဖေက ပြောတာ "
ထိုစကားကို ကြားတဲ့အခါ အားလုံးက ပိုလို့တောင် အံ့သြသွားသည်။
သခင်ကြီးကျောင်းက ဘယ်သူမလို့လဲ။
သူက ယန်းချန် နံပါတ်တစ်မိသားစုကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးခဲ့တဲ့ အလွန်လုပ်နိုင်စွမ်းရှိသည့် သူဌေးကြီးတစ်ယောက် ဖြစ်လေသည်။
ယန်းချန်မှာ ကျောင်းယွဲ့ရှန်း၏ ဖြစ်တည်မှုက ဒဏ္ဍာရီဆန်သည်။
သူနှင့် တစ်သက်လုံး တိုက်ပွဲဝင်ခဲ့သော ရန်သူများကတောင် သူ့ကို အလွန်လေးစားကြသည်။
ထိုကဲ့သို့ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးက ယဲ့ဖန်ကို သူမြင်ဖူးသမျှထဲ အပြောင်မြောက်ဆုံး လူငယ်တစ်ယောက်လို့ တကယ်ပဲ ပြောခဲ့သည်လား။
ဒီလို အကဲဖြတ်မှုက တကယ်ကို မြင့်မားလွန်းသည်။
" တကယ်တော့ အိမ်က အဘိုးကြီးရဲ့ သဘောထားကို ငါ သဘောမတူဘူး "
ကျောင်းဖုလင်က ရုတ်တရက် ပြောလိုက်သည်။
လူတိုင်း အံ့ဩသွားကြကာ ယဲ့ဖန်၏ အမူအရာကို ကြည့်နေကြသည်။
ကံကောင်းထောက်မစွာနဲ့ သူ့မျက်နှာပေါ်မှာ မကျေနပ်တဲ့ အရိပ်အယောင်မတွေ့ရပေ။
လူတိုင်းက ပဟေဋ္ဌိဖြစ်သွားသည်။
ကျောင်းဖုလင်က ဘာပြောချင်နေတာလဲ။
သခင်ကြီးကျောင်း ပြောတာကို သဘောမတူရင်တောင် လူသိရှင်ကြား ပြောဖို့ မလိုဘူး မဟုတ်လား။
ယဲ့ဖန်အတွက် ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။
သူတို့စိတ်ရှုပ်နေချိန်မှာပဲ ကျောင်းဖုလင်က ဆက်ပြောသည်။
" ငါ့အမြင်အရတော့ ယဲ့ညီလေးက ငယ်ရွယ်သူတွေကြားထဲမှာ အထူးချွန်ဆုံးမဟုတ်ပဲ ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးလူပဲ "
" ဖူး ....... "
ထိုစကားကို ကြားတဲ့အခါ လူတိုင်းက ရယ်မောလိုက်ကြတယ်။
" ကျောင်းလူအိုကြီး၊ မင်း ချဲ့ကားနေတာမဟုတ်ဘူးလား။ လူတွေထဲမှာ အထူးချွန်ဆုံးလား။ ဒီလောက်ကြီးထိ မြှောက်ပင့်စရာတော့ မလိုပါဘူး "
" ဟုတ်တယ် မင်း မြှောက်ပြောနေတာက ရယ်စရာကောင်းလွန်းတယ် "
" ယဲ့ညီလေးက အရမ်းထူးချွန်တာကို လက်ခံပါတယ်။ ဒါပေမယ့် မင်းပြောတာတွေက ပိုလွန်းတယ်မဟုတ်လား "
" မသောက်ရသေးဘဲ မူးနေပြီလား "
" ဒါဆို မင်းတို့ကို မေးမယ်။ နှစ်ဝက်အတွင်းမှာ အောက်ခြေကနေ စပြီး ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ခဲ့တဲ့ အသက် ၂၀ အရွယ်လူတစ်ယောက်ကို တွေ့ဖူးလား "
လူတိုင်းက သူ့မေးခွန်းကို ခေါင်းခါပြသည်။
" မတွေ့ဖူးဘူး၊ ငါအသိထဲတော့ မရှိဘူး "
" ဟုတ်တယ်၊ မတွေ့ဖူးဘူး "
" ငါရောပဲ၊ မတွေ့ဖူးဘူး "
ကျောင်းဖုလင်က ဆက်ပြောသည်။
" အခြေအနေတွေကို လှည့်ပတ်ပြီး ပြည်နယ်မှာ အချမ်းသာဆုံးသူကို သတ်သေဖို့ အတင်းတွန်းအားပေးနိုင်တဲ့ လူငယ်တစ်ယောက်ကိုရော တွေ့ဖူးလား "
သူက နျုံစစ်သွမ်းအကြောင်း ပြောနေမှန်း လူတိုင်းသိပြီး ခေါင်းခါကြပြန်သည်။
" မတွေ့ဖူးဘူး "
" အင်း၊ မတွေ့ဖူးဘူး "
" ငါရော ...... "
ကျောင်းဖုလင်၏ မျက်နှာမှာ ဂုဏ်ယူတဲ့ အပြုံးမျိုး ပေါ်လာသည်။
" ဆေးပညာကို ကိုယ်တိုင်လေ့လာပြီး နှလုံးခုန်ရပ်သွားတဲ့ လူတစ်ယောက်ကို ကယ်တင်နိုင်တဲ့သူကိုရော မင်းတို့ မြင်ဖူးလား "
အားလုံးက ထိုစကားကို ကြားတဲ့အခါ အံ့သြလွန်းလို့ စကားတောင် ပြန်မပြောနိုင် ဖြစ်သွားသည်။
သူတို့အားလုံးက ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။
" မင်းပြောနေတဲ့ အဲ့ဒီလူက ယဲ့ညီလေးလား "
" မင်း ငါတို့ကို နောက်နေတာလား။ နှလုံးခုန်ရပ်နေပြီကို သူက ဘယ်လိုလုပ် ကယ်နိုင်မှာလဲ။ သူက ဘုရားမလို့လား "
" ကျောင်းလူအိုကြီး၊ မင်း ယဲ့ညီလေးကို မြှောက်ပင့်ချင်တာနဲ့ အဓိပ္ပာယ်မရှိတာတွေ မပြောလို့ မရဘူး။ ငါတို့ကို ငတုံးတွေလို့ မင်းထင်နေလား"
" ယဲ့ညီလေးရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်မှုတွေကို ငါတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သူက ဆေးပညာကိုပါ ဘယ်လိုလုပ် တတ်မှာလဲ။ သူက လူမှ ဟုတ်သေးရဲ့လား "
ကျောင်းဖုလင်က ယဲ့ဖန်ကို ဂုဏ်ယူသောအမူအရာဖြင့် ကြည့်လိုက်သည်။
" ငါပြောတဲ့ စကားတွေက မမှန်ရင် ငါ သေခြင်းဆိုးနဲ့ သေပါစေ။ ကဲ ငါချဲ့ကားနေသေးတယ်လို့ မင်းတို့ ထင်သေးလား "
အားလုံးက သူပြောသည့်စကားအဆုံးကို ကြားလိုက်သောအခါ အလွန်တုန်လှုပ်သွားကြသည်။
ကျောင်းဖုလင်က ကျိန်ပြီးတောင် ပြောတဲ့စကားဆိုတော့ အမှန်သာဆိုရင် ကြောက်စရာကောင်းလွန်းလေသည်။
စီးပွားရေး တစ်ဖက်ကမ်းခတ်တော်ပြီး အသက် ၂၀ မှာတင် စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်ခဲ့တဲ့ လူငယ်လူစွမ်းကောင်းလေးက ဆေးဝါးပညာမှာလည်း ကျွမ်းကျင်နေတာလား။
ဒါက ဉာဏ်ကြီးရှင်တွေထဲက ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ပြယုဂ်ပဲ။
ကျောင်းဖုလင်က အဖြစ်အပျက်တွေကို ပြောနေရုံသာဖြစ်သည်။ အခြား ချီးကျူးနေတာမျိုး မရှိသေးပေ။ အဲ့တာကြောင့် သူ တမင် ချဲ့ကားနေတာ မဟုတ်လောက်ချေ။
ယဲ့ဖန်က ဘာလို့ လူတွေထဲက အထူးချွန်ဆုံး ဖြစ်ရမှာလဲ။
ဒီလောက်ဆို သူက လူတောင် ဟုတ်သေးရဲ့လား။
အပိုင်း ( ၅၆၂ )
နဂါးဘုရင်ရဲ့ ကျောင်းဆောင်ကို တိုက်ခတ်သွားတဲ့ မုန်တိုင်း
ရှချူးလည်း ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
" သူပြောတာ ... အမှန်ပဲလား "
ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" အစ်ကိုကျောင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့။ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ နည်းနည်းပျင်းတာနဲ့ မြင်သမျှကို ဟိုဟိုဒီဒီ လေ့လာထားတာပါ "
ကျောင်းဖုလင် ခေါင်းညိတ်သဘောတူသည်။
" ဟုတ်တယ်၊ သူက မြင်သမျှကို လေ့လာပြီးတာနဲ့ အဲ့ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူ တန်းဖြစ်လာတာပဲ။ မင်းက အာဂလူသားလေးလို့ ငါ ဘာလို့ခံစားရတာလဲ "
ယောင်းချီဝေက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
" ကျောင်းလူအိုကြီး၊ မင်း ငါတို့ကို ဘယ်လို ဘီလူးမျိုးနဲ့ မိတ်ဆက်ပေးတာလဲ။ မင်းက ငါတို့ကို တိုက်ခိုက်ချင်လို့လား "
တခြားသူတွေက ခေါင်းညိတ် သဘောတူကြသည်။
" ဟုတ်တယ်၊ အစတုန်းကတော့ ငါ့ကိုယ်ငါ အတော်လေး တော်တယ်လို့ ထင်ခဲ့ပေမယ့် ယဲ့ညီလေးနဲ့ ယှဉ်ရင် ငါက ခွေးသာသာပဲ "
" ငါက ခွေးထက်တောင် ဆိုးသေးတယ်။ ငါ့အဖြစ်က ဆန်ကုန်မြေလေး ဖြစ်နေပြီ "
" ကျောင်းလူအိုကြီး၊ မင်း အရမ်းရက်စက်တယ်။ မင်းက ငါတို့ကို တိုက်ခိုက်ဖို့ ဘီလူးတစ်ကောင်ကို တကယ်ကြီး ခေါ်လာတာလား "
" ညီလေး၊ ငါတို့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်းရဲ့ဦးနှောက်ကို ဂြိုလ်သားတွေက ပြုပြင်ထားတာလား။ မဟုတ်ရင် မင်းက ဘယ်လိုလုပ် ဒီလောက် ထူးချွန်ထက်မြက်နေရတာလဲ "
ယဲ့ဖန်က သူ့နှာခေါင်းကို အပြစ်ကင်းစွာ ပွတ်သပ်လိုက်သည်။
" တကယ်တော့ ကျွန်တော်က သာမန်ကောင်လေးတစ်ယောက်ပါပဲ "
" ဝေါ့အော့ ..... "
လူတိုင်း ချက်ချင်း အန်တဲ့ပုံစံ လိုက်လုပ်သည်။
" ငါ မင်းကို ဂရုမစိုက်တော့ဘူး။ အရင်အန်လိုက်ဦးမယ် "
" မင်းက ငါတို့နဲ့ လာကစားနေတယ်လို့ ငါထင်တယ်။ ငါတို့ရှေ့မှာ အပြစ်ကင်းတဲ့ပုံစံ ဟန်ဆောင်တာကို ရပ်လိုက်စမ်းပါကွ "
" မင်းက သာမန်မဟုတ်မှန်း ငါတို့သိတယ်။ ဒါပေမယ့် မင်းက ယောက်ျားမပီသဘူးဆိုတာလည်း သေချာတယ်။ မင်းက ဝန်မခံဘူးလေ "
" မင်း ဟန်ဆောင်ပြီးသွားရင် ငါတို့ကို ဘာပုံစံ ထပ်ပြီးဟန်ဆောင်စေချင်သေးလဲ။ မြေးအဘိုး ယောင်ဆောင်စေချင်သေးလား "
လူတိုင်းက ရယ်ရယ်မောမောနဲ့ ပြောဆိုနေကြရင်စ သူတို့ရဲ့ ဆက်ဆံရေးက ချက်ချင်း ပိုရင်းနှီးလာခဲ့သည်။
ဘေးမှာရပ်နေတဲ့ ရှချူးကတောင် တခစ်ခစ်ရယ်နေခဲ့သည်။ အခန်းတွင်းရှိ လေထုက အလွန်ကောင်းသည်ဟု သူမ ခံစားမိသည်။
သူငယ်ချင်းကောင်းတွေ စုဝေးကြပြီး အငမ်းမရ ရယ်မောရင်း စကားတွေပြောနေကြသည်
ဝန်ထုပ်ဝန်ပိုး မခံစားရပေ။
ဒါက သူမ အရင်က မကြုံဖူးတဲ့ အရာတစ်ခုဖြစ်သည်။
လူတိုင်းက စိတ်လှုပ်ရှားစွာနဲ့ စကားစမြည်ပြောနေကြသည်။
ထိုအချိန်မှာ သီးသန့်အခန်းတံခါးက ရုတ်တရက် ပွင့်သွားသည်။
ဒိုင်း
ကျယ်လောင်သော တွန်းဖွင့်သံနှင့်အတူ တစ်ခန်းလုံး တုန်လှုပ်သွားသည်။
တစ်ဖက်က အင်အား ဘယ်လောက်သုံးပြီး ဖွင့်ခဲ့တယ်ဆိုတာ တွေးကြည့်နိုင်လေသည်။
အားလုံးက လှည့်ကြည့်လိုက်တဲ့အခါ လူတစ်စုက လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဦးဆောင်လာသူကို သူတို့ အားလုံး သိကြသည်။
ရီမိသားစုမှ ရီချန်းကျယ် ဖြစ်လေသည်။
ရှချူးက သူ့ကိုမြင်သောအခါ ယဲ့ဖန်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူမ၏ မျက်နှာက ဖြူဖျော့သွားရသည်။
ယဲ့ဖန်က သူမ၏ လက်လေးကို ပြန်ဆုပ်ကိုင်ကာ အားပေးလိုက်သည်။
ကျောင်းဖုလင်၏ မျက်နှာထားက မည်းမှောင်သွားသည်။
" ရီချန်းကျယ်၊ မင်းဘာကိုဆိုလိုတာလဲ "
ရီချန်းကျယ်က အံ့သြဟန်ဆောင်လိုက်သည်။
" အာ၊ ကျောင်းအစ်ကိုကြီး၊ ခင်ဗျား ဒီမှာ စားနေမှန်း မသိလိုက်ဘူး။ အိုက်ယား၊ ဒါက နဂါးဘုရင်ရဲ့ ကျောင်းဆောင်မှာ ရေမြုပ်သွားသလိုပဲ။ မိသားစုတစ်စုက နောက်မိသားစုတစ်စုကို အသိအမှတ်မပြုကြတော့ဘူး "
ကျောင်းဖုလင်က ရယ်မောလိုက်သည်။
ဒီလို ရိုင်းစိုင်းမှုမျိုးက သုံးနှစ်အရွယ် ကလေးတစ်ယောက်ကိုပဲ လှည့်စားနိုင်လေသည်။
သူ ကျန်းနန်နယ်စပ်ဟိုတယ်မှာ ထမင်းလာစားတာက လျှို့ဝှက်ချက် မဟုတ်တာကြောင့် တစ်ဖက်က မသိတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
" မင်းလမ်းမှားလာတာဆိုရင် မင်းရဲ့လူတွေကို ခေါ်ပြီး ထွက်သွား "
တစ်ဖက်ကလည်း ဟန်ဆောင်နေတာကြောင့် ကျောင်းဖုလင်က တကူးတက အလိမ်ဖော်မနေတော့ပေ။
ရီချန်းကျယ်က ကုလားထိုင်ကို ဆွဲယူကာ ထိုင်လိုက်သည်။
" ဒီကိုရောက်နေပြီဆိုမှတော့ စခဲ့တာကို ပြီးအောင် အဆုံးသတ်ကြတာပေါ့။ ငါတို့က သူ့ကိုရှာဖို့ ဒီကိုလာခဲ့တာ "
ထိုသို့ပြောရင်း ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။
ယဲ့ဖန်က သူ့ကို စိုက်ကြည့်နေကာ သူ့မျက်နှာတွင် အပြုံးမပျက်ပေ။
ကျောင်းဖုလင်က သူ့ဝိုင်ကို တစ်ငုံသောက်လိုက်သည်။
" ဘာလို့ ငါ့ညီကို ရှာနေတာလဲ "
ရီချန်းကျယ်၏ မျက်နှာတွင် ဒေါသထွက်နေသည့် အမူအရာ ပေါ်လာသည်။
" ဒီ ယဲ့ဖန်က စည်းကမ်းမလိုက်နာဘူး။ သူက ငါ့လူတွေကို ရိုက်နှက်ရုံတင်မကဘူး ယန်းဝမ်ဟောက်ကိုပါ သူ့ကို တောင်းပန်ခိုင်းသေးတယ်။ ဒီအကြွေးကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ "
ကျောင်းဖုလင်က ယန်းဝမ်ဟောက်ကို တစ်ချက်ကြည့်လိုက်သည်။
" ဒီခွေးသားက မနေ့က ငါ့ညီကို ပြဿနာရှာထားတာ။ တောင်းပန်ခိုင်းတာကတောင် ကောင်းလွန်းနေပြီ "
ရီချန်းကျယ်၏ အကြည့်က အေးစက်သွားသည်။
" ရှချူးကို ဖိတ်ဖို့ တောင်းဆိုခဲ့ထားတဲ့ ယန်းဝမ်ဟောက်ကို ခေါင်းငုံ့ပြီး တောင်းပန်ခိုင်းတာက ငါ့မျက်နှာကို ပါးရိုက်သလိုပဲ။ ငါ ဒီနေ့ သူကို ပြန်သင်ခန်းစာ မပေးရရင် ငါ့မျက်နှာ ဘယ်မှာ ထားမှာရလဲ "
ကျောင်းဖုလင်က မေးလိုက်သည်။
" မင်းဘာလိုချင်လဲ "
ရီချန်းကျယ် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။
" တကယ်တော့ ဒါက အရမ်းရိုးရှင်းပါတယ်။ သူ့ကို ယန်းဝမ်ဟောက်ရှေ့မှာ ဒူးထောက်ခိုင်းပြီး သုံးကြိမ်အရိုအသေပေးလိုက်ရင် ဒီကိစ္စက ပြီးသွားမှာ "
ယဲ့ဖန်က စကားမပြောမီ ယောင်းချီဝေက စားပွဲကို ဆောင့်ကန်လိုက်ပြီး ထရပ်လိုက်သည်။
" ရီချန်းကျယ်၊ အရမ်းလွန်မလာနဲ့ "
ရီချန်းကျယ်က သူ့ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်ကို ရှာဖို့ ငါက ဒီကိုရောက်နေတာ။ မင်းက ဘာလို့ ဝင်စွက်နေတာလဲ "
ယောင်းချီဝေက သူ့ကို မကြောက်မရွံ့ စိုက်ကြည့်နေသည်။
" ယဲ့ဖန်က ငါ့ညီပဲ။ မင်း သူ့ကို ဒုက္ခပေးချင်ရင် ငါ့ကို အရင်ကျော်ရမယ် "
ရီချန်းကျယ်က မထိန်းနိုင်ဘဲ ရယ်သည်။
" ခင်ဗျားရဲ့ ညီအတွက် အသက်ကို ရှေ့တန်းတင်နေတာလား။ ရင်ထဲအတော်ထိသွားတာပဲ "
သူက ပြောနေပေမဲ့ သူ့မျက်နှာအမူအရာက ရုတ်တရက် မည်းမှောင်သွားသည်။
" ဒါပေမယ့် မင်း ငါ့ရဲ့လက်စားချေမှုကို ခံနိုင်ရည်ရှိမှာ သေချာလား "
ယောင်းချီဝေက မထီမဲ့မြင် ပြုံးလိုက်သည်။
" မင်း ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ မင်းမှာ ဘာလှည့်ကွက်တွေရှိလဲ။ အကုန်ထုတ်လိုက်၊ ငါရင်ဆိုင်ရဲတယ် "
ရီချန်းကျယ်က သူ့ကို အေးအေးဆေးဆေး ကြည့်နေလိုက်သည်။
" မင်းအဖေက ငါတို့မိသားစုနဲ့ အိမ်ခြံမြေစီမံကိန်းအကြောင်း ဆွေးနွေးနေတာ ငါကြားထားတယ် "
ယောင်းချီဝေ မျက်မှောင်ကြုတ်လိုက်သည်။
" ဘာဖြစ်ချင်တာလဲ "
" ဒီပရောဂျက်က မင်းမိသားစုအတွက် အရမ်းအရေးကြီးတယ်လို့လည်း ငါကြားခဲ့တယ် "
ရီချန်းကျယ်က ဖြည်းဖြည်းချင်း ပြောသည်။
" မညှိနှိုင်းနိုင်ရင် မင်းတို့ရဲ့ အရင်းအနှီးကွင်းဆက်မှာ ကြီးမားတဲ့ ပြဿနာရှိလာနိုင်တယ်။ သဒေဝါလီတောင် ခံရနိုင်တယ်တဲ့ ဟုတ်တယ်မလား "
ယောင်းချီဝေ၏ အမူအရာ ပြောင်းသွားသည်။
" မင်း ဘာလိုချင်တာလဲ "
ရီချန်းကျယ်သည် သူ့ပခုံးကို လက်ညှိုးဖြင့် ပုတ်လိုက်သည်။
" ငါ့ဆီက စကားတစ်ခွန်းတည်းနဲ့ ဒီပရောဂျက်ကို ရပ်ပစ်လိုက်နိုင်တယ်။ အဲ့ဒီအချိန်ကျ မင်းရဲ့ ယောင်းမိသားစုက လမ်းပေါ်မှာ တောင်းရမ်းနေရလိမ့်မယ်။ မင်းအတွက် ဘာကကောင်းတယ်ဆိုတာ သိရင် လစ်လိုက်တော့ "
ယောင်းချီဝေ အံကြိတ်လိုက်သည်။ သူက အလွန်ဒေါသထွက်နေသည်။
သူတစ်ယောက်တည်းသာဆိုရင် အဆုံးထိ ရုန်းထွက်နိုင်မှာ သေချာသည်။
သို့ပေမယ့် ဒီကိစ္စဟာ သူ့မိသားစုနဲ့ သက်ဆိုင်နေလေသည်။ သူ့ရဲ့ စိတ်အားထက်သန်မှုအတိုင်း မလုပ်ဆောင်နိုင်ပေ။
အဆုံးတွင် သူက ယဲ့ဖန်ကို တောင်းပန်တိုးလျှိုးကာ ကြည့်လိုက်သည်။
" ယဲ့ညီလေး တောင်းပန်ပါတယ် "
ထိုစကားကို ပြောပြီးနောက် ရှက်ရွံ့စွာ နောက်ဆုတ်သွားခဲ့သည်။
ထိုပုံစံကို မြင်ပြီးနောက် ရီချန်းကျယ်နှင့် သူ့နောက်လိုက်တွေက ပို၍မောက်မာလာခဲ့သည်။
" ယဲ့ဖန် မင်းကို ဘယ်သူက ကာကွယ်ပေးနိုင်မလဲဆိုတာ ကြည့်ရအောင် "
အပိုင်း ( ၅၆၃ )
ဒီလိုတောင်းဆိုမှုမျိုးကို တစ်ခါမှ မကြားဖူးဘူး
ရီချန်းကျယ်က ယဲ့ဖန်ကို မောက်မာစွာ ကြည့်နေသည်။
" ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ မင်း ငါ့ညီအစ်ကိုကို ဒူးထောက်အရိုအသေပြီး တောင်းပန်တာ မဟုတ်ရင် ငါ မင်းကို မောင်းထုတ်မယ်။ တစ်ခုရွေးလိုက် "
ယဲ့ဖန်က ရီချန်းကျယ်၏ ရန်လိုမှုကို ရင်ဆိုင်နေရသော်လည်း သူ့မျက်နှာတွင် ငြိမ်သက်နေဆဲဖြစ်သည်။
" ရီသခင်လေး၊ ခင်ဗျားက မောက်မာလွန်းတယ်လို့ ခင်ဗျားအမေကလပြောဖူးလား။ ရှချုးက ကျွန်တော့်သူငယ်ချင်းပါ။ ခင်ဗျားက သူမကို အတူသောက်ခိုင်းပေမယ့် တားပြီး ဟိုတစ်ယောက်ကို တောင်းပန်ခိုင်းတာ ဘာဖြစ်လို့လဲ "
ရီချန်းကျယ်က ရယ်မောလိုက်သည်။
" မင်းရဲ့အမှားက သူများကိစ္စ ဝင်ပါတာပဲ။ ရှချူးကို ငါကြိုက်တယ်။ သူမနဲ့တွေ့ဖို့ လူလွှတ်ခေါ်ခိုင်းတာကို မင်းက ဖြတ်ခေါ်သွားမှာတော့ ငါ့မျက်နှာကို ပါးရိုက်လိုက်တာနဲ့ မတူဘူးလား "
ရှချူးက ယဲ့ဖန်၏လက်ကို အမြန်ဆွဲလိုက်သည်။
" ယဲ့ဖန်၊ သူတို့နဲ့ပြန်လိုက်သွားလိုက်မယ်။ ငါ့ကြောင့်နဲ့ အခက်အခဲဖြစ်အောင် မလုပ်ပါနဲ့ "
ယဲ့ဖန်က သူမပခုံးကို ပုတ်ကာ ရီချန်းကျယ်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
" ဒီတစ်ခါ ယန်းချန်ကို အေးအေးဆေးဆေးနဲ့ဘဲ လာခဲ့တာမလို့ ဘယ်သူနဲ့မှ ရန်သူ မဖြစ်ချင်ဘူး။ အတင်း တွန်းအားမပေးပါနဲ့ "
ရီချန်းကျယ်က သူ့ခြိမ်းခြောက်မှုကို ကြားပြီး ချက်ချင်း မောက်မာစွာ ရယ်မောလိုက်သည်။
" မင်းက ငါ့ကိုပါဝါပြဖို့ ကြိုးစားနေတာလား။ ဒါဆိုလည်း ဒီနေ့ မင်းကို ငါက တွန်းအားပေးကြည့်တာပေါ့။ မင်း ဘာလုပ်နိုင်လဲ ကြည့်ရအောင် "
သူ့နောက်က လူတစ်စုကလည်း ရယ်မောကြသည်။
" ဟားဟားဟား၊ ဒီကလေး သေတော့မှာတောင် ရီသခင်လေးကို ခြိမ်းခြောက်ဖို့ သတ္တိရှိနေသေးတယ် "
" အခြားမြို့က ကောင်တစ်ကောင်ကများ ဒီလောက် မာနကြီးပြနေသေးတယ်။ သူ့ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ "
" မင်းရဲ့ အရည်အချင်းလေးတွေနဲ့ အလှလေးကို ကယ်တဲ့ ဟီးရိုးအဖြစ် ကစားချင်နေသေးတာလား။ ဒီနေ့ မင်းကို ဘယ်သူကယ်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင် "
" ရီသခင်လေး၊ ဘာလို့ သူ့ကို စကားပြောနေသေးတာလဲ။ သူ့ကို ဖယ်ထုတ်ဖို့ တခြားတစ်ယောက်ကို ခိုင်းလိုက်တော့ပါလား "
ရီချန်းကျယ်က ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒီကောင်က ခေါင်းမာသေးတာဆိုတော့ သူ့ကို ခွေးသေတစ်ကောင်လို ဆက်ဆံပြီး မောင်းထုတ်လိုက်စမ်း "
သူ့နောက်က သက်တော်စောင့်တွေက လှုပ်ရှားဖို့ ပြင်ကြသည်။
" ဘယ်သူတွေ သတ္တိရှိလဲ ကြည့်ရအောင် "
ထိုအချိန်တွင် ကျောင်းဖုလင်က ရုတ်တရက် တားလိုက်သည်။
" ရီချန်းကျယ်၊ ငါ့ကို သေပြီထင်နေလား။ မင်း အရှေ့မှာ ရှိနေသေးတယ် "
ရီချန်းကျယ်က ခေါင်းကို လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
" ကျောင်းဖုလင်၊ ဒါက ငါနဲ့ ယဲ့ဖန်ကြားကိစ္စ။ ဝင်မရှုပ်ဖို့ ငါအကြံပေးတယ် "
ကျောင်းဖုလင် စားပွဲကို ဆောင့်တွန်းလိုက်သည်။
" ယဲ့ဖန်က ငါ့ညီအစ်ကိုပဲ။ သူ့ကိစ္စက ငါ့ကိစ္စ။ သူ့ခေါင်းပေါ်က ဆံတစ်မျှင်ကို ထိချင်ရင်တောင် ငါက သဘောတူလားလို့ အရင်မေးရမယ် "
ရီချန်းကျယ်၏ မျက်လုံးတွေက အေးစက်တဲ့ အရောင်လက်သွားသည်။
" ကျောင်းဖုလင်၊ ငါ မင်းကို မျက်နှာလွှဲထားတာကို ကျေးဇူးကန်းမလာနဲ့။ ငါက မင်းကို တကယ်ကြောက်နေတယ်ထင်လား။ ငါ့ကို တွန်းအားပေးလာရင် မင်းကိုပါ စာရင်းရှင်းပေးမယ် "
ကျောင်းဖုလင်က ဒေါသအရမ်းထွက်ပြီး ရယ်ချလိုက်သည်။
" ငါ့ကို ကျောင်းအစ်ကိုကြီးလို့ ခေါ်တာကို မင်း မေ့သွားပြီလား။ အခု မင်းက အတောင်ပံ ပေါက်လာတာနဲ့ ငါ့ကို စိန်ခေါ်ရဲနေပြီပေါ့ ဟုတ်လား"
ရီချန်းကျယ် က မကြောက်မရွံ့ ပြုံးလိုက်သည်။
" အတိတ်သည် အတိတ်၊ အခုက အခုပဲ။ အရင်တုန်းက မင်းရဲ့ ကျောင်းမိသားစုက နေလို ထိပ်ဆုံးမှာ ရောက်နေတော့ ငါ မင်းကို လေးစားရတာပေါ့။ ဒါပေမဲ့ အခု မင်းရဲ့ အဘိုးကြီးက သေတော့မယ်။ ကျောင်းမိသားစုက ရက်သိပ်မကျန်တော့ဘူး။ မင်း ဆက်ပြီး မာနကြီးနေရင် ငါ မင်းကို သင်ခန်းစာ ပေးရလိမ့်မယ် "
နောက်ဆုံးတွင် ရီချန်းကျယ်က သူ့ကို ဘာလို့ စိန်ခေါ်ရဲနေသည်ဆိုတဲ့ အကြောင်းကို ကျောင်းဖုလင် နားလည်ခဲ့သည်။
သူ့အဖေက နာမကျန်းဖြစ်နေကြောင်း ကြားထားတာကြောင့် နိမ့်ကျချိန်မှာ ကန်ချဖို့ အခွင့်အရေးယူနေတာ ဖြစ်လေသည်။
ရီချန်းကျယ်က ယဲ့ဖန်ကို ရှင်းဖို့ လာတာတင်မဟုတ်ဘဲ သူ့မျက်နှာကိုပါ လာရိုက်နေတာမှန်း ရှင်းနေလေသည်။
" ဟားဟားဟား၊ မင်းက ငါ့ကို အခွင့်ကောင်းယူချင်နေတာလား။ ငါတို့ကျောင်းမိသားစုက ဒုက္ခရောက်နေရင်တောင် မင်းလို အသေးအမွှားလေးကို ရှင်းရတာက ငါတို့အတွက် လွယ်လွယ်လေးပဲ။ သတ္တိရှိရင် လာစမ်းပါ။ ငါက မင်းကို ရိုက်ရဲမလားဆိုတာ ကြည့်ရအောင် "
ရီချန်းကျယ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းမော့ ရယ်လိုက်သည်။
" တကယ်ကို မယုံနိုင်ဘူး။ မင်းလား ငါ့ကို ရိုက်ရဲမှာ "
ထိုသို့ပြောရင်း သူက ကျောင်းဖုလင်ဆီကို တည့်တည့်လျှောက်သွားသည်။
ရီချန်းကျယ်က အရိုက်ခံဖို့ လျှောက်လာမယ်လို့ မတွေးထားပေ။
သို့သော် သူက သူ့အဖေနှင့် စီစဉ်ထားသည့် ထောင်ချောက်အကြောင်းကို ရုတ်တရက် တွေးမိပြီး အလျင်စလို မပြုမူရဲပေ။
နည်းနည်းလောက် သည်းခံမှု လျော့သွားတာနဲ့ အစီအစဉ်ကို ပျက်စီးစေနိုင်သောကြောင့် လောလောဆယ်တွင်သာ ခံလိုက်ဖို့သာ ရှိတော့သည်။
ထို့ကြောင့် ကျောင်းဖုလင်က သူ့လက်ကို ပြန်ချလိုက်သည်။
ရီချန်းကျယ်က ထိုမြင်ကွင်းကိုမြင်ပြီး ပို၍ပင် မာန်တက်လာသည်။
" ဟားဟားဟား၊ မာနကြီးလှတဲ့ ကျောင်းဖုလင်က ဘယ်ရောက်သွားတာလဲ။ အခု ဘယ်လိုလုပ် လူကြောက်ကြီး ဖြစ်သွားတာလဲ။ ငါက မျက်နှာကိုတောင် မော့ပေးထားတာ မင်းက မရိုက်ရဲဘူးလား။ ယောက်ျားမှ ဟုတ်သေးရဲ့လား "
သူ့နောက်က လူတစ်စုကလည်း ရယ်မောလိုက်ကြသည်။
ကျောင်းမိသားစုက အဆုံးသတ်ကို တကယ်ပဲ ရောက်နေပြီဟု ထင်ရသည်။ ရီချန်းကျယ်၏ ဒေါသကို ကျောင်းဖုလင်က မတုန့်ပြန်ရဲဘူးဟု တွေးနေကြသည်။
ကျောင်းဖုလင် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
" ရီချန်းကျယ်၊ ငါ မင်းကို လွှတ်ထားပေးလိုက်မယ်။ ဒါပေမဲ့ တစ်နေ့တော့ မင်းအမေကတောင် မမှတ်မိတဲ့အထိ မင်းကို ငါ သေအောင်ရိုက်ပြမယါ "
ရီချန်းကျယ်က နောက်တစ်ကြိမ် မျက်နှာကို ရှေ့တိုးလိုက်သည်။
" အဲ့နေ့ထိ မရောက်စေနဲ့။ ဒီနေ့ပဲ မင်းမှာ သတ္တိရှိရင် ငါ့ကို ရိုက်လိုက်။ တောင်းပန်ပါတယ် မြန်မြန်ရိုက်စမ်းပါ ..... "
ကျောင်းဖုလင်က ဘာမှ မလုပ်ရဲကြောင်း မြင်နေရတာကြောင့် ပို၍ မာန်တက်လာသည်။
ထိုအချိန်မှာ သူ့အမြင်အာရုံက ရုတ်တရက် မည်းမှောင်သွားသည်။
ဖြောင်း
သတိမပေးဘဲ ပါးရိုက်ခံလိုက်ရသည်။
ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာပြီး အရိုက်ခံရသည့် ရီချန်းကျယ် အံ့အားသင့်သွားသည်။
လှည့်ကြည့်လိုက်တော့ ယဲ့ဖန်က သူ့လက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားတာကို တွေ့လိုက်ရသည်။
" ဒီလို တောင်းဆိုတာကို ကျွန်တော် တစ်ခါမှတော့ မကြားဖူးဘူး။ ဒါပေမဲ့ ခင်ဗျားကို ကျေနပ်အောင် လုပ်ပေးလိုက်ပါတယ် "
အားလုံးက ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
သူ့ရှေ့က ဘယ်သူ ရပ်နေလဲဆိုတာ မသိဘူးလား။
ရီမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင် ရီချန်းကျယ်လေ။
ကျောင်းဖုလင်ကတောင် လှုပ်ရှားရန် မဝံ့မရဲဖြစ်သော်လည်း ယဲ့ဖန်ကတော့ ပထမဆုံး လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
" မင်း ခွေးမသား၊ မင်းက သေမင်းကို ရှာနေတာပဲ "
မွေးကတည်းက သူ့ကို ဘယ်သူ့ကမှ လက်ညိုးတောင် မထိုးရဲကြပေ။
ဒီနေ့တော့ တခြားမြို့က ကောင်က လူမြင်ကွင်းမှာ သူ့ကို ပါးရိုက်ချလိုက်သည်။
သူ့အတွက်ကတော့ ဒါက အရှက်ကွဲမှုကြီး တစ်ခုဖြစ်သည်။
ချက်ချင်း ဒေါသတထောင်းထောင်းထွက်သွားရသည်။
ဒါပေမယ့် ယဲ့ဖန် မျက်လုံးထဲတွင် ရီချန်းကျယ်၏ တန်ပြန်တိုက်စစ်က ကလေးတစ်ယောက်ကုတ်ခြစ်နေသလို ဖြစ်နေသည်။
ရီချန်းကျယ်က ပါးကိုအုပ်ပြီး နောက်ဆုတ်တော့မယ့်အချိန်မှာ ယဲ့ဖန်က ပေါ့ပေါ့ပါးပါးလေး လက်ကို လွှဲကာ ထပ်ရိုက်ချလိုက်သည်။
ဒီတစ်ကြိမ်မှာ ယဲ့ဖန်က အားပိုသုံးပြီး ရိုက်လိုက်တာကြောင့် ရီချန်းကျယ် နှစ်ပတ်လောက် လွင့်ထွက်သွားခဲ့သည်။
ထိုမှသာ ကျောင်းဖုလင်က တုံ့ပြန်လာသည်။
" ညီလေး၊ မင်း ဒီလိုလုပ်လို့မရဘူး "
ထိုသို့ပြောကာ ယဲ့ဖန်ကို သူ့နောက်သို့ အမြန်ဆွဲထုတ်လိုက်သည်။ တကယ်တော့ သူက ယဲ့ဖန်ကို ကာကွယ်ဖို့ ကြိုးစားနေတာဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာ သူ အလွန်လည်း ဝမ်းသာနေသည်။
ယဲ့ဖန်၏ နှစ်ခါရိုက်ချက်က သူ့ဒေါသကို ပြေပျောက်အောင် ကူညီပေးခဲ့သည်ဟု ယူဆနိုင်သည်။
အပိုင်း ( ၅၆၄ )
ဘယ်တုန်းက တပည့်အဖြစ် လက်ခံလိုက်လို့လဲ
ထိုမှသာ ရီချန်းကျယ်၏ နောက်မှလူများက တုံ့ပြန်ခဲ့ကြသည်။
သူတို့အားလုံးက ရှေ့ကို ပြေးတက်လာပြီး ရီချန်းကျယ်ကို အကာအကွယ်ပေးကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်ကြသည်။
" ယဲ့ဖန် မင်းက သေချင်တာလား။ ဒီလိုလုပ်တာရဲ့ အကျိုးဆက်ကို သိလား "
" မင်းက ရီသခင်လေးကို ဘယ်လိုတောင် ရိုက်ရဲရတာလဲ။ ဒီတစ်ခါတော့ မင်းသေပြီ။ ကျောင်းဖုလင်တောင် မင်းကို မကာကွယ်နိုင်စေရဘူး "
" ဒီနေရာကို မင်းရဲ့ ကျုံးဟိုင်လို့ ထင်နေတာလား။ ယန်းချန်ကို လာနေပြီးတော့များ ရမ်းကားနေရဲတယ် "
" ခွေးမသား၊ မင်း ဒီနေ့ မသေရင် ဒီတံခါးကနေ ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "
ရီချန်းကျယ်၏ မျက်လုံးများ နီရဲနေကာ သူက သက်တော်စောင့်များကို လက်ပြလိုက်သည်။
" အားလုံးသွားကြ။ ဒီနေ့ သူ့ကို အသေလိုချင်တယ် "
ထိုစကားတွေကို အတင်း အံကြိတ်ကာ ပြောနေပြီး သူ့ဒေါသ ဘယ်လောက်ထွက်နေသည်ကို မြင်နိုင်သည်။
သက်တော်စောင့်တွေက အမိန့်ကို နာခံပြီး ချက်ချင်း ရှေ့ကို ပြေးသွားကြသည်။
ကျောင်းဖုလင် မျက်နှာပျက်သွားကာ အစီအစဉ်တွေကို ဂရုမစိုက်တော့ဘဲ သူ့ကိုယ်ရံတော်တွေကို ပြန်တိုက်ခိုင်းဖို့ ပြင်တော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" ရပ်လိုက်ကြစမ်း "
ထိုအသံ ထွက်လာပြီးသည်နှင့် သီးသန့်အခန်းတံခါးက ချက်ချင်း စောင့်ဖွင့်ခံလိုက်ရသည်။
ထို့နောက် အပြင်ဘက်မှ အဘိုးကြီးတစ်ယောက် ဖြည်းဖြည်းချင်း ဝင်လာသည်။
ရီချန်းကျယ်က သူ့ကိုမြင်သောအခါ အံ့အားသင့်သွားသည်။
" နတ်ဆေး ဒေါက်တာဟန် "
သူ့အဖေ အရင်က အပြင်းဖျားတုန်းက နတ်ဆေးဒေါက်တာဟန်က ကုသပေးခဲ့ဖူးတာကြောင့် သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။
နတ်ဆေး ဒေါက်တာဟန်က မျက်နှာတည်တည်ဖြင့် လျှောက်လာသည်။
" ရီချန်းကျယ် မင်းဘာလုပ်တာလဲ။ မင်း ဥပဒေမဲ့တွေ လုပ်နေတာလား "
ရီချန်းကျယ်က လေးလေးစားစားနဲ့ အမြန်ပြန်ဖြေလိုက်သည်။
" နတ်ဆေး ဒေါက်တာဟန်၊ ဒီခွေးမသားက ကျွန်တော့်ကို အခုလေးတင် ရိုက်လိုက်တာ။ ကျွန်တော် ...... "
သူ့ ဖြေရှင်းချက် မပြီးသေးခင်မှာဘဲ နတ်ဆေး ဆရာဝန်ဟန်က သူ့ကို ရုတ်တရက် ပါးရိုက်လိုက်သည်။
ဖြောင်း
ဒီရိုက်ချက်က သူ့မျက်နှာပေါ်သို့ ဖြောင်းခနဲကျသွားသည်။
ယဲ့ဖန်ရဲ့ နှစ်ချက်ရိုက်တာထက်တောင် ပိုအားပါသေးသည်။
ရီချန်းကျယ် အံ့အားသင့်သွားသည်။
ယဲ့ဖန်နှင့် ကျောင်းဖုလင်တို့လည်း ထိတ်လန့်သွားကြသည်။
လူတိုင်း အံ့ဩသွားကြသည်။
နတ်ဆေး ဒေါက်တာဟန်က ဘာဖြစ်ချင်နေတာလဲ။
ရီချန်းကျယ်က သူ့မျက်နှာကို အုပ်ထားပြီး ဒေါက်တာဟန်ကို ကြောင်အစွာကြည့်နေသည်။
" နတ်ဆေးဒေါက်တာဟန်၊ ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ "
နတ်ဆေးဆရာဝန်ဟန်က အေးစက်စွာနဲ့ ဟက်ခနုု အသံပြုလိုက်ပြီး ယဲ့ဖန်ကို ညွှန်ပြသည်။
" ဘာလို့လဲ ဟုတ်လား။ မင်း သူက ဘာလို့ ပြောလိုက်တာလဲ "
ရီချန်းကျယ်၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည်။
" ခွေး ..... ခွေးမသား ..... "
သူ့စကား မပြီးခင်မှာ နတ်ဆေးဒေါက်တာဟန်က သူ့ကို ထပ်ပြီး ပါးရိုက်လိုက်ပြန်သည်။
ရီချန်းကျယ်က မတုံ့ပြန်နိုင်ခင်မှာ ထပ်ပြီး အရိုက်ခံရပြန်သည်။
နတ်ဆေးဒေါက်တာဟန်က လှည့်ကာ ယဲ့ဖန်ကို လေးစားစွာ ကြည့်လိုက်သည်။
" ဒီ နတ်ဆေးဆရာလေးယဲ့က ငါ့ဆရာပဲ။ မင်းက သူ့ကို ခွေးမသားလို့ ခေါ်လိုက်ရင် ငါက ဘာလဲ "
သူ့စကားကို ကြားတဲ့အခါ အားလုံးက ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
" ဘာလဲ။ ငါ နားကြားမှားတာလား။ ယဲ့ဖန်က နတ်ဆေးဒေါက်တာဟန်ရဲ့ ဆရာလား။ လာနောက်နေတာလား "
" နတ်ဆေးဆရာလေးယဲ့တဲ့လား။ ယဲ့ဖန်က နတ်ဆေးဒေါက်တာဟန်ရဲ့ ဆရာဖြစ်ရအောင် သူက ဆေးပညာကို သိလို့လား။ နေပါဦး၊ ငါစဉ်းစားကြည့်ရအောင်… "
" ဒေါက်တာဟန်က ဆေးလောကမှာ သြဇာအရှိဆုံးပဲ။ သူက ဘာလို့ ယဲ့ဖန်ကို ဆရာတင်ထားတာလဲ ။ ဒီဟာသက နည်းနည်းလွန်တယ် မဟုတ်ဘူးလား "
" မဟုတ်ဘူး၊ ငါ့စိတ်က တော်တော်လေးရှုပ်နေတယ်။ ဘာတွေ ဖြစ်နေတာလဲ "
သူတို့ မပြောနှင့် ယဲ့ဖန်ကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားခဲ့ရသည်။
"ခဏနေပါဦး၊ ကျွန်တော့် တပည့်အဖြစ် ဘယ်တုန်းက အသိအမှတ် ပြုလိုက်လို့လဲ။ မဟုတ်တာ မပြောနဲ့ "
ဒေါက်တာဟန် အရှက်မဲ့စွာ ရယ်လိုက်သည်။
" ဘာပဲဖြစ်ဖြစ် မင်းငါ့ကို မင်းရဲ့တပည့်အဖြစ် အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ မင်းကတော့ ငါ့ဆရာဆိုတာ ငါ သေချာတယ် "
ဘေးတွင်ရှိနေသည့် ရှချူးက ယဲ့ဖန်ကို မှိန်သေသေကြည့်နေသည်။
ဒီကောင်လေးနဲ့ အချိန်ကြာကြာ သိလာရလေလေ သူ့အကြောင်းကို သိတာနည်းလေလေလို့ သူမ ဘာကြောင့် ခံစားမိတာလဲ။
သူ့ကို ကျောင်းဖုလင်နှင့် တခြား လူချမ်းသာတွေက တလေးတစား ဆက်ဆံတဲ့အပြင် ဒီလူကြီးက ဘာလို့ သူ့ကို 'ဆရာ' လို့ ခေါ်ရတာလဲ။
ထို့အပြင် လူတိုင်း၏ အပြောအဆိုအရ ဒီအဘိုးအိုဟာ ဘယ်လောက် အလေးစားခံရကြောင်း တွေ့မြင်နိုင်သည်။
ထိုကဲ့သို့ လေးစားထိုက်တဲ့ အဘိုးအိုက တကယ်ပဲ အရှက်မဲ့စွာနဲ့ ယဲ့ဖန်ရဲ့တပည့် ဖြစ်ချင်နေတာလား။
ဒါကို စိတ်ကူးထဲတောင် မရှိဘူးပေ။
ရီချန်းကျယ်က အံကြိတ်ပြီး ဒေါက်တာဟန်ကို လှည့်ကြည့်လိုက်သည်။
" ဒေါက်တာဟန်၊ ခင်ဗျားကို အရမ်းလေးစားပါတယ်။ ဒါပေမယ့် ဒီခွေး .... ယဲ့ဖန်က ကျွန်တော့်ကို အခုပဲ ရိုက်ထားတာ။ ဒီကိစ္စကို ပြန်မျက်နှာမဆယ်ရင် ယန်းချန်မှာ ဘယ်လိုဆက်နေနိုင်မှာလဲ "
ဒေါက်တာဟန်က လှည့်ကြည့်လိုက်သည်။
" မင်း မျက်နှာပြန်လိုချင်တယ် မဟုတ်လား။ ကောင်းပြီ၊ ဒါဆို မင်းငါ့ကို နှစ်ချက်လောက် ပါးပြန်ရိုက်လိုက်ရင် မင်း မျက်နှာပြန်ရလောက်တယ် မဟုတ်လား "
ရီချန်းကျယ်၏ ပါးပြင်များ တွန့်သွားရသည်။
" ဒေါက်တာဟန်၊ ခင်ဗျား နောက်နေတာပဲဖြစ်မယ်။ ကျွန်တော်က ဘယ်လိုလုပ် ရိုက်ရမှာလဲ "
ဒေါက်တာဟန်က ရယ်မောလိုက်သည်။
" ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်။ မင်းက အသုံးမကျတဲ့သူဆိုတော့ ငါ့ကို အပြစ်မတင်နဲ့ "
ရီချန်းကျယ်က မျက်မှောင်ကြုတ်လိုက်သည်။
" ဒေါက်တာဟန်၊ ဒါက ယဲ့ဖန်နဲ့ ကျွန်တော်ကြားက ကိုယ်ရေးကိုယ်တာ ရန်ကိစ္စပါ။ တကယ်ပဲ ဝင်ပါချင်တာလား "
ဒေါက်တာဟန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ယဲ့ဖန် က ငါ့ဆရာပဲ။ မင်းက ငါ့သခင်ကို ရိုက်ချင်တယ်ဆိုမှတော့ ငါက သူ့တပည့်အနေနဲ့ ဆရာရဲ့ဝန်ကို မျှပေးရမှာဖို့က တာဝန်ရှိတယ် "
ရီချန်းကျယ်က သူ့စိတ်ထဲတွင် ဒေါသကို မျိုသိပ်ထားသည်။
" နတ်ဆေး ဒေါက်တာဟန်၊ ခင်ဗျားကို လေးစားပါတယ်။ ဒါပေမယ့် မကြောက်ဘူး။ ကျွန်တော်တို့မိသားစုကို ဆန့်ကျင်ချင်တာ သေချာလား
"
ဒေါက်တာဟန်က သူ့ခြိမ်းခြောက်မှုကို ကြားပြီး မခိုးမခန့် ပြုံးလိုက်သည်။
" မင်းရဲ့ ရီမိသားစုကိုသုံးပြီး ငါ့ကို ခြောက်နေတာလား။ ဒါဆို ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ယဲ့ဖန်နဲ့ ရန်သူဖြစ်ဖို့ဆို ဟန်ချီနဲ့လည်း ရန်သူဖြစ်ရမယ်။ မင်းရဲ့ ရီမိသားစုက လက်မခံရင် မင်းတို့မှာရှိတဲ့ ဘယ်လှည့်ကွက်မဆို သုံးပြီး စမ်းကြည့်ပေါ့ "
" ခင်ဗျား ...... "
ရီချန်းကျယ်သည် တစ်ဖက်မှ ဖြားယောင်းသွေးဆောင်ခြင်းနှင့် အကျပ်ကိုင်ခြင်း နှစ်ခုစလုံးကို မတုန်လှုပ်သည်အား မြင်လိုက်ရပြီး ချက်ချင်း ကူကယ်ရာမဲ့ဖြစ်သွားသည်။
နတ်ဆေးဒေါက်တာဟန်သည် ဆရာဝန်တစ်ဦးသာဖြစ်သော်လည်း သူ့နောက်ကွယ်မှ အင်အားက အလွန်ကြောက်စရာကောင်းသည်။
ယန်းချန်ရှိတဲ့ မိသားစုကြီးတိုင်းနီးပါးက သူ့ကို မျက်နှာသာပေးထားသည်။
သူတို့ရဲ့ ရီမိသားစုတောင်မှ ဒေါက်တာဟန်အပေါ်မှာ ကျေးဇူးအများကြီး ရှိသည်။
ဒေါက်တာဟန်ဆီက အကူအညီရဖူးထားသူများက သူ့ကို အလွယ်တကူ စော်ကားမည် မဟုတ်ပေ။
လူတိုင်းက မွေးဖွားလာပြီးနောက် အိုနာသေကြရမည် ဖြစ်သည်။ သူတို့ ဘယ်တော့မှ မဖျားနာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပေ။
သူတို့မှာ ပြင်းထန်တဲ့ ရောဂါတစ်ခုရလာတဲ့အခါ ပိုက်ဆံဘယ်လောက်ပဲရှိနေပါစေ အသုံးမဝင်ချေ။ ထိုအခါ သူတို့က ဒေါက်တာဟန်ကို အသနားခံရပေမည်။
ဒေါက်တာဟန်ကသာ တောင်းဆိုလိုက်လျှင် မရေမတွက်နိုင်တဲ့ မိသားစုတွေက သူ့ကို ကူညီဖြေရှင်းပေးရန် ချက်ချင်း ပါဝင်ကြပေလိမ့်မည်။ ဒါဟာ ချဲ့ကားပြောနေခြင်း မဟုတ်ချေ။
ရီမိသားစုက ကျောင်းမိသားစုကို စိန်ခေါ်နိုင်ပြီး ယန်းချန်က မိသားစုကြီးများကိုပင် စော်ကားနိုင်သည်။
သို့သော် ဒေါက်တာဟန်လိုလူနှင့် ရင်ဆိုင်ရသောအခါ သူတို့ နောက်ဆုတ်ကြရသည်။
ဒေါက်တာဟန်နှင့် ရန်သူဖြစ်လာခြင်းက သူ့အပေါ် ကျေးဇူးရှိတဲ့ ယန်းချန်မှ သြဇာရှိသော မိသားစုအားလုံးကို ရန်သူလို့ ကြေညာလိုက်တာနှင့် တူညီသည်။
သူ၊ ရီချန်းကျယ်မှာ အဲ့ဒီလိုလုပ်ဖို့ သတ္တိမရှိချေ။
ရှုံးနိမ့်ကြောင်း ဝန်ခံသည်ကို မြင်သောအခါ ဒေါက်တာဟန်က အေးစက်စွာ ပြောလိုက်သည်။
" ဘာလို့ အပြင်မထွက်သေးတာလဲ။ ငါ ကိုယ်တိုင်ထုတ်ပေးစေချင်တာလား "
ရီချန်းကျယ် အံကြိတ်ကာ ယဲ့ဖန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
" သွားကြရအောင် "
သူကပြောသည့်အတိုင်း သူ့နောက်လိုက်တွေကို ဦးဆောင်ကာ ထွက်သွားလေသည်။