အပိုင်း ၅၆၅-၅၆၈
Vol. 29 Ch. 565-568
အပိုင်း ( ၅၆၅ )
ကျောင်းမိသားစု၏ သမက်
သီးသန့်ခန်းမှ ထွက်သွားပြီးနောက် ယန်းဝမ်ဟောက်က သူ့နောက်က လိုက်ကာ မေးခဲ့သည်။
" သခင်လေး၊ ကျွန်တော်တို့ ဒီကလေးကို လွှတ်ပေးလိုက်မှာလား။ သူက သခင်လေးကို နှစ်ခါတောင်ရိုက် ....... "
သူ စကားမဆုံးခင် ရီချန်းကျယ်က ရုတ်တရက် သူ့ကို ပါးရိုက်လိုက်တာကြောင့် လဲကျသွားသည်။
" သခင်လေး ဘာလို့ရိုက်တာလဲ "
" မင်းတို့ ငါအရိုက်ခံရတဲ့အကြောင်းကို ပါးစပ်ပေါက်တွေ ပိတ်ထားတာ ပိုကောင်းလိမ့်မယ်။ တစ်ယောက်ယောက်က ဖြန့်လိုက်တာနဲ့ အဲ့လူကို ငါအရင်သတ်မယ် မင်းတို့ ကြားလား "
ရီချန်းကျယ်၏ အေးစက်တဲ့အကြည့်က ယန်းဝမ်ဟောက်နှင့် အခြားသူများကို ကျောချမ်းစေသွားသည်။
လူတိုင်းက အမြန် ခေါင်းညိတ်သဘောတူကြသော်လည်း စိတ်ထဲမှာတော့ ကျိန်ဆဲမိကြသည်။
ယဲ့ဖန်ကို လက်စားမချေနိုင်တာနဲ့ ဘာလို့ သူတို့အပေါ် ဒေါသလာဖြေနေရတာလဲ။
သို့သော် သူတို့ စိတ်ထဲမှာသာ တွေးရဲကြသည်။
ရီချန်းကျယ်က လှည့်ပြီး သီးသန့်အခန်းကို အပြင်မှ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
" ဒီကောင်ကို ခဏတော့ လွှတ်ထားပေးလိုက်မယ်။ ငါ ကျောင်းမိသားစုနဲ့ ကိစ္စပြီးရင် သူနဲ့စာရင်းရှင်းမယ် "
ထို့နောက် ထွက်သွားခဲ့တော့သည်။
အားလုံးက သူ့နောက်ကနေ လိုက်သွားကြသည်။
.........
သီးသန့်ခန်းအတွင်းတွင်။
ဒေါက်တာဟန်က ယဲ့ဖန်ကို စိတ်ပူနေသည်။
" ဆရာလေးယဲ့၊ ဒီရီချန်းကျယ်က အမြဲတမ်း ရက်စက်တတ်တယ်။ သူက ဒီနေ့ခံလိုက်ရတော့ ကလဲ့စားချေဖို့ နည်းလမ်းကို သေချာပေါက် တွေးနေလိမ့်မယ်။ မင်း သတိထားရမယ် "
ယဲ့ဖန်က သူ့ကို စိုက်ကြည့်လိုက်သည်။
" ဘာလို့ ကျွန်တော့်ကို ဆရာလို့ မခေါ်တော့တာလဲ "
ဒေါက်တာဟန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ရီချန်းကျယ်ကို နှိမ်နှင်းဖို့အတွက်ပဲ အဲ့လိုခေါ်လိုက်တာပါ။ နတ်ဆရာလေးယဲ့ရဲ့ အသိအမှတ်ပြုမှု မရှိဘဲ ကိုယ့်ကိုယ်ကိုယ် မင်းရဲ့တပည့်လို့ ဘယ်လိုလုပ် ခေါ်ရဲပါ့မလဲ "
ယဲ့ဖန်က ထိုမေးခွန်းကို မဖြေဘဲ တခြားကိစ္စ မေးလိုက်သည်။
" ကျွန်တော့်ကို ဘာလို့ လာရှာတာလဲ "
ထိုအခါမှသာ ဒေါက်တာဟန်က အရေးကြီးသောကိစ္စကို သတိရသွားလေသည်။
" ဒီလိုပါ။ သခင်ကြီးကျောင်းရဲ့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲ ထူးထူးဆန်းဆန်းနဲ့ ပြန်ကောင်းလာတာကြောင့် ဆေးရုံကနေ ချက်ချင်းဆင်းဖို့က ပုံမှန်မဟုတ်ဘူးလို့ ခံစားမိလို့ အကြံဉာဏ်လာတောင်းတာပါ "
ယဲ့ဖန်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" မြန်မြန်ပြန်ကောင်းလာတာက ကောင်းတာ မဟုတ်ဘူးလား "
ဒေါက်တာဟန်က မထိန်းနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်သည်။
" ဒါပေမယ့် သူပြန်ကောင်းလာတာ အရမ်းမြန်လွန်းနေတယ်။ တစ်ခုခု မှားနေတယ်လို့ ဆက်တိုက် ခံစားနေလို့ပါ။ ကိုယ်တိုင် လိုက်ကြည့်တာက ပိုကောင်းပါတယ်။ ဒါမှ အားလုံး စိတ်သက်သာရာရမှာပါ "
ကျောင်းဖုလင်က အမြန်ဝင်ပြောသည်။
" ဟုတ်တယ်၊ ယဲ့ညီလေး၊ မင်းသွားကြည့်သင့်တယ်။ ငါလည်း အဘိုးကြီးက တအားကြီး မြန်မြန်ပြန်ကောင်းလာတော့ စိုးရိမ်မိတယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လား "
သခင်ကြီးကျောင်းက ကျောင်းမိသားစုအတွက် အလွန်အရေးကြီးတာကြောင့် ဘာမှ အမှားမခံနိုင်ပေ။
ယဲ့ဖန်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ "
ထို့နောက် စားပွဲက အလျင်အမြန်ပဲ ပြီးသွားခဲ့သည်။
ယဲ့ဖန်၊ ရှချူး၊ ကျောင်းဖုလင် နှင့် ဒေါက်တာဟန်တို့က ကျောင်းမိသားစုအိမ်ထံသို့ အမြန်သွားကြသည်။
ကျန်တဲ့သူတွေကတော့ ကိုယ့်ဘာသာ ပြန်သွားခဲ့ကြသည်။
ကျောင်းဖုလင်၏ ပြောပုံအရ သူတို့ဟာ အများသောအားဖြင့် အိမ်တွင် မနေဘဲ ဆင်ခြေဖုံးရှိ ခြံဝင်းတစ်ခုတွင် လာနေလေ့ရှိသည်သည်။
နေရာဧရိယာက မကျယ်ဘဲ တိတ်ဆိတ်နေသည်။
ကျောင်းအဘိုးရဲ့ ခြံကို ရောက်အောင် တစ်နာရီကျော်ကျော်လောက် မောင်းသွားရသည်။
သူတို့ ရောက်လာအချိန်တွင် ခြံဝင်ပေါက်အရှေ့မှာ အနက်ရောင် Audi ကားတစ်စီး ရပ်ထားသည်။ လိုင်စင်နံပါတ်ပြားမှာ အဖြူနှင့်အနီဖြစ်လေသည်။
ဆိုလိုတာက ဒါဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ကားဖြစ်လေသည်။
" ဧည့်သည်ရှိနေတာလား "
ယဲ့ဖန်က ကျောင်းဖုလင်ကို လှည့်ကြည့်လိုက်သည်။
" ဒါက ငါ့ယောက်ဖ ဖြစ်မယ်ထင်တယ် "
ကျောင်းဖုလင်က 'ယောက်ဖ' လို့ ပြောလိုက်တဲ့အခါ သူ့မျက်နှာမှာ ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာလေသည်။
ယဲ့ဖန်က မထိန်းနိုင်ဘဲ သိချင်လာမိသည်။
သူ့ယောက်ဖက ဘယ်လိုလူမလို့လဲ။ ဘာကိုမှမကြောက်တဲ့ ကျောင်းဖုလင်က ဒီလိုအမူအရာမျိုး ထုတ်ပြရတဲ့အထိ ကြောက်ဖို့ကောင်းတာလား။
သခင်ကြီးကျောင်း၏ ခြံဝင်းက အရမ်း မကြီးဘဲ စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၁၀၀၀ ကျော် လောက်သာ ကျယ်ဝန်းသည်။
ခြံထဲတွင် အသီးအရွက် မျိုးစုံ ပေါက်နေပြီး စိမ်းစိမ်းစိုစိုရှိနေသည်။
ထိုအချိန်တွင် ကျောင်းသခင်ကြီးက ပေါက်ပြားကို ဝှေ့ယမ်းကာ ခြံဝင်းထဲတွင် ပေါင်းပင်များ ရှင်းနေသည်။
သူ့နောက်တွင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပတဲ့ သက်လတ်ပိုင်း လူတစ်ယောက်က ရပ်နေသည်။
" အဖေ၊ ရောဂါ အပြင်းအထန်ရထားတာကို ဒီဟာတွေ လောလောဆယ် မလုပ်ပါနဲ့ဦး "
အဘိုးအိုကို ဖြောင်းဖျဖို့ ကြိုးစားနေသည်။
သို့သော် သခင်ကြီးကျောင်းက အလွန်ခေါင်းမာလေသည်။ သူ သဘောကျတဲ့အလုပ်ကို လုပ်လေလေ၊ စိတ်အား ပိုအားထက်သန်လေလေဖြစ်သည်။
" ငါနေမကောင်းတုန်းက ဟင်းသီးဟင်းရွက်စိုက်ခင်းကို ဘယ်သူမှ မပြုစုကြဘူး။ ငါ သူတို့ကို ဂရုမစိုက်ရင် ငါစိုက်ထားတဲ့ အသီးအရွက်တွေ သေကုန်လိမ့်မယ် "
ထိုလူက ခါးသက်သက် ပြုံးရုံသာ ပြုံးနေလိုက်တော့သည်။
" ဒါဆို ကျွန်တော် ကူမယ်။ သွားပြီး အနားယူနေလိုက်ပါ "
သို့သော် အဘိုးအိုက သူ့ကို မထီမဲ့မြင် စိုက်ကြည့်လိုက်သည်။
" မင်းကလား။ မင်းက ခေါင်းဆောင်တစ်ယောက်လေ။ ဒီလို ညစ်ပတ်တဲ့ အလုပ်ကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ "
ထိုလူက ငြင်းခံလိုက်ရတာကြောင့် ဘာမှ ထပ်မပြောနိုင်တော့ချေ။
ထိုအချိန်တွင် ဒေါက်တာဟန်က ပြောသည်။
" ကျောင်းသခင်ကြီး၊ ယဲ့ဆရာလေးကို ခေါ်ခဲ့ပြီ။ မြန်မြန်သွားပြီး ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိလားလို့ စစ်ကြည့်ရအောင် "
ယဲ့ဖန်ကိုမြင်သောအခါ သခင်ကြီးကျောင်း၏ မျက်လုံးတွေက တောက်ပလာသည်။ သူ့ပေါက်ပြားကို အမြန်ပစ်ချပြီး ခြေဗလာနဲ့ လျှောက်သွားလေသည်။
"အိုက်ယားယား၊ ရှောင်ဖန် ရောက်နေတာလား။ မြန်မြန်ဝင်လာလေ "
" သခင်ကြီး၊ ဖြည်းဖြည်းလာပါ "
ယဲ့ဖန်က ရှေ့ကို နှစ်လှမ်းအမြန်တိုးကာ သူ့ကို ထိန်းပေးလိုက်သည်။
" မင်း ငါ့ကို ကူညီစရာ မလိုပါဘူး။ ငါ အခု ကျန်းမာရေး ကောင်းပါတယ်။ မင်းရဲ့ဆေးက အံ့မခန်းပဲ။ အနည်းဆုံး ဆယ်နှစ်လောက် ငယ်သွားသလို ခံစားရတယ်။ နောက်ထပ်ရှိသေးလား၊ များများစားရမယ်။ နှစ်နည်းနည်း ထပ်ငယ်အောင် လုပ်ပေးစမ်းပါ "
ကျောင်းသခင်ကြီးက သူ့ကိုမြင်တဲ့အခါ မရပ်မနားပြောလေသည်။
ယဲ့ဖန်က ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။
" ကျွန်တော့်ဆေးက မသေနိုင်တဲ့ဆေးလို့ ထင်နေတာလား။ သခင်ကြီးရဲ့ လူငယ်ဘ၀ကို ဘယ်လိုလုပ် ပြန်ရောက်နိုင်မှာလဲ။ ဒါပေမဲ့ အခု ခန္ဓာကိုယ်က သန်မာနေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ အဲ့တာကြောင့် မြန်မြန်ပြန်ကောင်းလာမှာပါ "
သခင်ကြီးကျောင်းက ချက်ချင်း သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
" ဟုတ်တယ်။ ဟိုးတုန်းက ငါက စစ်မြေပြင် ငါ့တပ်ခွဲမှာ အမြန်ဆုံးပဲ။ ငါ ရန်သူနဲ့ တိုက်ခိုက်တိုင်း သူတို့က ငါ့ကို လိုက်မမီကြဘူး ...... "
ယဲ့ဖန်က အဘိုးအို၏ ငြီးတွားသံကို နားထောင်နေရင်း သွေးခုန်နှုန်းကို စမ်းခဲ့သည်။
သခင်ကြီးကျောင်းရဲ့ သွေးခုန်နှုန်းက အရမ်းတည်ငြိမ်နေပြီး ဘာမှ ထူးထူးခြားခြားမရှိပေ။
သူက စိတ်သက်သာရာရသွားပြီး ကျောင်းဖုလင်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။
" စိတ်မပူပါနဲ့ အဘိုးက ကျန်းမာပါတယ် "
ကျောင်းဖုလင်နှင့် အခြားသူများကလည်း စိတ်သက်သာရာရသွားသည်။
သခင်ကြီး ကျန်းမာနေသရွေ့ ကျောင်းမိသားစုက မားမားမတ်မတ် ရပ်တည်နိုင်မည်ဖြစ်ပြီး ဘယ်သူကမှ ယိမ်းယိုင်အောင် လုပ်နိုင်မည်မဟုတ်ပေ။
ကျောင်းသခင်ကြီးက သူ့အနားရှိ ရှချူးကို သတိပြုမိသွားပြီး ချက်ချင်း သိချင်စိတ်ဝင်လာသည်။
" ရှောင်ဖန်၊ ဒါ မင်းရဲ့ရည်းစားလား။ ဘယ်လောက်လှလိုက်တဲ့ ကောင်မလေးလဲ "
ရှချူး ရှက်သွားသည်။
" အဘိုး၊ နားလည်မှုမလွဲနဲ့။ ကျွန်မက သူ့ရည်းစားမဟုတ်ပါဘူး "
သခင်ကြီးကျောင်း ရယ်မောလိုက်သည်။
" အခုမဟုတ်ပေမယ့် အနာဂတ်မှာ ဟုတ်လာနိုင်တာပဲ။ ရှောင်ဖန်က လူကောင်းလေးဆိုတော့ မင်းက အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ် "
ရှချူး၏ မျက်နှာလှလှလေးက နီရဲလာပြီး ဘယ်လိုဖြေရမည်ကို မသိဖြစ်နေသည်။
ထိုအချိန် အဘိုးနောက်မှာ ရပ်နေတဲ့ လူလတ်ပိုင်းအရွယ်ယောက်ျားက ရုတ်တရက် ပြောလိုက်သည်။
" နေရာတိုင်းက မိန်းမတွေနဲ့ ကစားနေတာများ ပေါ့ပါးနေတာပဲ။ မင်းမှာ အရည်အချင်းရှိရင်တောင် ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး "
အစက သက်ဝင်လှုပ်ရှားနေတဲ့ လေထုက ချက်ချင်း အေးစက်သွားသည်။
အပိုင်း ( ၅၆၆ )
မင်းက ငါ့ညီမရဲ့ ခံစားချက်တွေကို ကစားနေတာ
လေထုက အတော်လေး အဆင်မပြေဖြစ်နေသည်။
ကျောင်းဖုလင်က ကိစ္စတွေကို ဖျန်ဖြေရန် အမြန်ရှေ့ထွက်လာခဲ့သည်။
" ယဲ့ညီလေး၊ မင်း အဲ့တာကို စိတ်ထဲမထားပါနဲ့။ ယောက်ဖက ခေါင်းဆောင်လုပ်နေတာ ကြာပြီဆိုတော့ သူက ခေါင်းဆောင်စိတ်ဝင်ပြီး လူငယ်တွေကို တွေ့ရင် အမြဲ ဆူဆုံးမရတာကို ကြိုက်တယ်။ တကယ်တော့ သူ ဆုံးမတဲ့ လူတွေကလည်း အများသောအားဖြင့် သူ အထင်ကြီးတဲ့သူတွေပါ။ သာမာန်လူတွေက သူနဲ့စကားပြောဖို့တောင် အရည်အချင်းမရှိဘူးလေ "
ယဲ့ဖန်က အဲ့တာကို စိတ်ထဲမထားဘဲ ထိုကိစ္စကို ဘေးဖယ်ကာ စကားဆက်ဖို့ လုပ်သည်။
သို့သော် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက အရှုံးမပေးဘဲ ပြောလေသည်။
" သူက အလားအလာကြီးတယ်လို့ ဘယ်သူက ပြောတာလဲ။ ကံကောင်းပြီး အောင်မြင်မှုလေးတွေ ရတာနဲ့ ဘဝင်မြင့်နေတာ။ နေ့တိုင်း အပြောင်းအလဲမြန်နေရင် ဘာလုပ်စားလို့ ရမှာမလို့လဲ "
သူက ယဲ့ဖန်ကို တိုက်ရိုက် ပုတ်ခတ်နေသည်မှာ သိသာသည်။
လူတိုင်း၏ အမူအရာတွေ ပြောင်းလဲသွားသည်။
ကျောင်းသခင်ကြီးတောင် မျက်မှောင်ကြုတ်သွားသည်။
" ချန်းမင်း၊ ဘာဖြစ်နေတာလဲ။ ရှောင်ဖန်က မင်းကို ပြဿနာရှာခဲ့လို့လား "
ရှုချန်းမင်းက အေးစက်စွာ ရယ်လိုက်သည်။
" သူက ကျွန်တော့်ကို ပြဿနာရှာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက မိန်းကလေး တော်တော်များများရဲ့ ခံစားချက်ကို ကစားနေတယ်လေ။ သူက အရှက်မရှိတဲ့ ပလေးဘွိုင်တစ်ယောက်ပဲ "
ယဲ့ဖန်က သည်းမခံနိုင်တော့ဘဲ ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်သည်။
" သခင်ကြီးနဲ့ ကျောင်းအစ်ကိုကြီးကြောင့် ခင်ဗျားကို သည်းခံသင့်သလောက် သည်းခံပြီးပြီ။ လွန်မလာပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်နဲ့ ကစားတယ်လို့ ပြောခဲ့တယ်မလား။ ပြီးတော့ ခင်ဗျားကို မေးချင်တာ ကျွန်တော်က ဘယ်သူ့ခံစားချက်နဲ့ ကစားခဲ့လို့လဲ။ ဒီနေ့ သေချာရှင်းပါ "
ထိုလူက သူ့ကို အေးစက်စွာကြည့်နေသည်။
" မင်းက ငါ့ကို ထုတ်ပြောစေချင်တာလား "
ကျောင်းဖုလင်က ရန်ငြိမ်းအောင် ဝင်ဖြေရှင်းပေးသည်။
" ယဲ့ညီလေး၊ မေ့လိုက်ပါ။ သူက လျှောက်ပြောနေတာ "
ယဲ့ဖန်ကလည်း နောက်မဆုတ်ပေ။ သူက ထိုလူလတ်ပိုင်းကို ကြည့်လိုက်သည်။
" ပြောပါ၊ ခင်ဗျား သေချာ ပြောနိုင်သမျှ ဒူးထောက်ပြီး တောင်းပန်သင့်ရင် တောင်းပန်လိုက်မယ် "
ထိုလူ၏ နောက်ထပ်စကားကြောင့် ယဲ့ဖန် အံ့အားသင့်သွားသည်။
" မင်းက ညီမရဲ့ ခံစားချက်တွေကို ကစားနေခဲ့တာ "
" ခင်ဗျားညီမက ...... ဘယ်သူလဲ "
ယဲ့ဖန်က သူ့ကို ကြည့်နေပြီး မျက်နှာမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသည်။
ထိုလူက ချက်ချင်း နာမည်ကို ထုတ်ပြောလာသည်။
" ရှုကျင်းရှင်း "
ယဲ့ဖန် လုံးဝ အံ့အားသင့်သွားသည်။
" ရှုကျင်းရှင်းလား။ ခင်ဗျားက ရှုကျင်းရှင်းရဲ့အစ်ကိုလား "
ဒီလူက ကျောင်းဖုလင်ရဲ့ ယောက်ဖ မဟုတ်ဘူးလား။
သူက ဘယ်လိုလုပ်ပြီး ရှုကျင်းရှင်း ရဲ့ အစ်ကို ဖြစ်နေပြန်ရတာလဲ။
ဒီမိသားစုနှစ်ခုက ဒီလိုမျိုး ဆက်နွယ်နေကြတာလား။
ထိုလူက ကဲ့ရဲ့လေသည်။
" ဟုတ်တယ်၊ ငါ့နာမည်က ရှုချန်းမင်းပဲ။ ရှုကျင်းရှင်းက ငါ့ညီမ "
ယဲ့ဖန်၏ အနေအထားက အနည်းငယ် မှေးမှိန်သွားသည်။
" ရှု... အစ်ကိုကြီးရှု၊ ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲသွားပုံရတယ်..."
ရှုချန်းမင်းက အေးစက်စွာ ပြောလိုက်သည်။
" နားလည်မှုလွဲတာလား။ မင်းက ငါ့ညီမကို သွေးဆောင်ပြီး မိန်းကလေးနဲ့ ပတ်သက်နေတာလေ။ ဒါက နားလည်မှုလွဲနေတာလို့ မင်း ဘယ်လိုလုပ် ပြောရဲတာလဲ "
ယဲ့ဖန် ပိုးဟိုးပက်စက် အစွပ်စွဲခံနေရသည်ဟု ထင်မိသည်။
" ကျွန်တော် သူမကို ဘယ်တုန်းက သွေးဆောင်ခဲ့လို့လဲ "
ရှုချန်းမင်း ဒေါသထွက်သွားသည်။
" မင်းက ငြင်းရဲသေးလား။ မင်း ငါ့ညီမနဲ့ တွေ့ပြီးကတည်းက သူမမျက်နှာက အပြုံးတွေ တိုးလာတယ်။ သူမရဲ့ ပင်ကိုယ်စရိုက်က ရုတ်တရက် ရွှင်လန်းလာပြီး မိတ်ကပ်လိမ်းနည်းကိုတောင် သင်နေသေးတယ် .... "
ယဲ့ဖန်က သူ့စကားကို အမြန်ဖြတ်ပြောလိုက်သည်။
" အဲ့တာက ကောင်းတာမဟုတ်ဘူးလား။ ဘာလို့ စိတ်ဆိုးနေတာလဲ "
ရှုချန်းမင်း မျက်လုံးများ ပြူးကျယ်သွားရသည်။
" ကောင်းတာ ဟုတ်လား။ ဒီလက္ခဏာတွေ အားလုံးက မင်းကို ချစ်မိသွားပြီလို့ အဓိပ္ပာယ်ရနေတယ်ကွ "
" မင်း အခု တခြားမိန်းကလေးတစ်ယောက်နဲ့ ဆက်ဆံရေးရှိနေတာဆိုတော့ မင်းက သူမကို လှည့်စားနေတာလား "
ယဲ့ဖန်က သူ့လည်ချောင်းကို ရှင်းပစ်လိုက်သည်။
" အစ်ကိုရှု၊ ကျွန်တော် ရှင်းပြဖို့ လိုမယ်ထင်တယ် "
" ကျွန်တော့်မှာ မိန်းကလေးရှုနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အတွေးတွေ မရှိပါဘူး။ ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေပါ။ ခင်မင်ရင်းနှီးမှုကို ကျော်ပြီး ဘာမှ မလုပ်ဖူးပါဘူး။ တကယ် နားလည်မှု လွဲနေတာပါ "
ရှုချန်းမင်းက ပြန်စိတ်တည်ငြိမ်သွားသည်။
" မင်း အမှန်တိုင်း ပြောနေတာလား "
ယဲ့ဖန်က သူ့ကို လေးလေးနက်နက် ကြည့်နေသည်။
" လိမ်နေတာရှိရင် ကြိုက်သလို အပြစ်ပေးနိုင်ပါတယ် "
ရှုချန်းမင်းက ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ယဲ့လူကြီးမင်းက တာဝန်ကျေပွန်ပြီး သတ္တိရှိတဲ့သူလို့ ငါ ယုံပါတယ် "
" ငါ့ညီမနဲ့ ပတ်သက်ပြီး ဟိုလိုစိတ်မရှိဘူးဆိုတော့ မင်း သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြတာ ပိုကောင်းတယ်။ မင်းအပေါ်ထားတဲ့ သူမရဲ့ခံစားချက်တွေကို မဖြုန်းတီးမိစေနဲ့ "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ၊ သူမကို ရှင်းပြဖို့ အခွင့်အရေး ရှာလိုက်ပါ့မယ် "
သူတို့ နှစ်ယောက် ထိုကိစ္စကို ရှင်းပြီးတဲ့အခါ ကျောင်းသခင်ကြီးက ပြောသည်။
" ဟုတ်တယ်။ ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ နားလည်မှုဆိုတာ မရှိပါဘူး "
" ချန်းမင်း၊ ဒီတစ်ခါ ငါ အသက်ရှင်နိုင်ခဲ့တာ ရှောင်ဖန်ရဲ့ ကျေးဇူးကြောင့်ပဲ။ သူက ငါ့ ကယ်တင်ရှင်။ မင်း သူ့ကို ဒီလိုမဆက်ဆံနဲ့ "
ရှုချန်းမင်းက တည်ငြိမ်တဲ့ မျက်နှာထား ပြန်ဖြစ်သွားသည်။
သူက ယဲ့ဖန် ကို ဦးညွှတ်လိုက်သည်။
" မင်းက ငါ့ယောက္ခမရဲ့အသက်ကို ကယ်ခဲ့တာဆိုတော့ မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပါပဲ "
" အနာဂတ်မှာ မင်း ငါ့ရဲ့ အကူအညီလိုရင် ငါ့ရဲ့ ကျင့်ဝတ်တွေကို မကျော်လွန်သရွေ့ ငါမင်းကို ကူညီပေးနိုင်ပါတယ် "
ယဲ့ဖန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" သခင်ကြီးကို ကယ်တင်ရတဲ့ အကြောင်းရင်းက ပြန်လိုချင်တာကြောင့် မဟုတ်ပါဘူး ..... "
ရှုချန်းမင်းက သူ့ကို ပြီးအောင် မစောင့်ဘဲ ဖြတ်ပြောသည်။
" သူများအပေါ် ကျေးဇူးကြွေးတင်နေရတာ မကြိုက်ဘူး။ သေသေချာချာ စဉ်းစားပြီး ငါ့ကို ဆက်သွယ်လိုက် "
စကားနဲ့ပြောရင်း လိပ်စာကတ်ပြားကို ထုတ်ယူပြီး ယဲ့ဖန်ကို ပေးလိုက်သည်။
ယဲ့ဖန်က ခါးသက်သက်ပြုံးကာ ခေါင်းခါပြီး နာမည်ကတ်ကို လက်ခံယူထားလိုက်သည်။
ပတ်ဝန်းကျင်လေထုက အနည်းငယ် အဆင်မပြေနေသည်ဟု ခံစားမိပြီး ကျောင်းဖုလင်က စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။
" ယောက်ဖ၊ ကိစ္စရှိလို့လား"
ရှုချန်းမင်း ခေါင်းယမ်းလိုက်သည်။
" ဘာမှမရှိပါဘူး။ မနက်ဖြန် အစည်းအဝေးလုပ်ဖို့ ဘေဂျင်းကို သွားရမယ်။ မသွားခင်မှ အဖေ့ကို လာတွေ့တာ "
သခင်ကြီးကျောင်းက ထိုစကားကို ကြားသောအခါ အမြန် ထရပ်လိုက်သည်။
" မင်း ဘေဂျင်းကို သွားမှာလား။ ဒါဆို မင်း ငါ့ကို ခေါ်သွားလို့ရတယ် "
ရှုချန်းမင်း အံ့အားသင့်သွားသည်။
" ဘာလို့ ဘေဂျင်းကို သွားမှာလဲ "
ကျောင်းဖုလင်းကလည်း အမြန်ပြောသည်။
" ဟုတ်တယ်၊ အဖေ အခုမှ ပြန်ကောင်းလာတာ။ ဘာလို့ ဒီလောက် လျှောက်သွားချင်နေတာလဲ "
သခင်ကြီးကျောင်းက သက်ပြင်းချလိုက်သည်။
" ဒီတစ်ခါ ငရဲတံခါးဝကို သွားထားရတော့ ကျောင်းမိသားစုက အရမ်းအားနည်းနေသေးတာကို သိလိုက်ရတယ်။ ငါ ဘေဂျင်းကိုသွားပြီး မင်းတို့ကို ကူညီဖို့ ငါ့သူငယ်ချင်းဟောင်းတွေကို ရှာရတော့မယ် "
ကျောင်းဖုလင်နှင့် ရှုချန်းမင်းတို့ နှစ်ယောက်စလုံးက ပျော်ရွှင်သွားပုံရသည်။
ကျောင်းအဘိုးအိုဟာ တိုင်းပြည်၏ သူရဲကောင်းဟု ယူဆနိုင်သည်။ သူ့ရဲဘော်ရဲဘက်ဟောင်း အများစုက ရာထူးကြီးများ ဖြစ်နေပြီဖြစ်သည်။
သို့သော်လည်း သူက ဒီနှစ်တွေတစ်လျှောက်လုံး သူ့ရဲဘော်ဟောင်းတွေကို မသုံးချင်ခဲ့ပေ။
အကယ်၍သာ စောစောကတည်းက သုံးခဲ့ရင် ကျောင်းမိသားစုရဲ့ အင်အားက အခုထက်တောင် အများကြီး ပိုအားကောင်းနေလိမ့်မည်။
သခင်ကြီးက နောက်ဆုံးမှာတော့ ထိုကဲ့သို့ လုပ်တော့မည် ဖြစ်သောကြောင့် ဝမ်းသာနေကြသည်။
ထို့နောက် ယဲ့ဖန်နှင့် ရှချူးတို့အတွက် ရှုချန်းမင်းက ချတ်ပြုတ်ပေးခဲ့သည်။
ထိုအချက်က ယဲ့ဖန်ကို ကျောင်းမိသားစုက မိသားစုဝင်တစ်ဦးအဖြစ် လုံးဝ မှတ်ယူကြောင်း သွယ်ဝိုက်ဖော်ပြလိုက်တာ ဖြစ်သည်။
ရှုချန်းမင်း၏ အနေအထားကို ရှချူး သိလိုက်သောအခါ သူမ ပို၍ပင် တုန်လှုပ်သွားသည်။
ယဲ့ဖန်၏ အဆက်အသွယ်တွေက အလွန်ကြောက်စရာကောင်းသည်ဟု ထင်မိသည်။
သူ့ရဲ့ မြင့်တက်လာမှုကို ဘယ်သူက တားဆီးနိုင်မှာလဲ။
အပိုင်း ( ၅၆၇ )
အဖြူရောင် ကြွေခေါင်းအုံး
စားသောက်ပြီးတဲ့နောက် ယဲ့ဖန်က ရှချူးကို ရိုက်ကူးရေးနေရာဆီ အရင်ပို့ပေးပြီး ဟိုတယ်ကို ပြန်လာခဲ့သည်။
နောက်တစ်နေ့မနက်တွင် သူက ကျောင်းဖုလင်နှင့် တွေ့ဆုံရန် ချိန်းထားတာကြောင့် သွားဖို့ ပြင်နေသည်။
ထိုအခိုက်အတန့်တွင် သူ့နားထဲသို့ စနစ်မှ သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။
[ စနစ်မှ ရတနာရှာခြင်း လမ်းကြောင်းပြစနစ်အသစ်ကို တွေ့ရှိထားပါသည်။ မီတာ ၃၀၀ တည့်တည့်သွားပြီး ညာဘက်သို့ကွေ့ပါ ..... ]
ယဲ့ဖန် ဝမ်းသာသွားသည်။
ကျောင်းဖုလင်ကို သူ့မှာ လုပ်စရာတွေ ရှိနေပြီး စောင့်နေစရာ မလိုကြောင်းကို အရင်ဆုံး မက်ဆေ့ချ် ပို့လိုက်သည်။
ထို့နောက် စနစ်မှ သတိပေးချက်ကို လိုက်နာပြီး သွားရာလမ်းကြောင်းကို ပြောင်းခဲ့သည်။
ခဏကြာပြီးနောက် ရှေးဟောင်းလမ်းတစ်ခုဆီကို ရောက်သွားသည်။
လမ်းမတွေပေါ်တွင် လူအရမ်းများနေသောကြောင့် ကားဝင်မရပေ။
ထို့ကြောင့် လမ်းထိပ်မှာ ကားကိုရပ်ပြီး လမ်းလျှောက်ဝင်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
လမ်းညွှန်ချက်အရ ယုံချင်းဟု ခေါ်သော ရှေးဟောင်းဆိုင်တစ်ခုကို ညွှန်ပြနေသည်။
ဆိုင်က အကျယ်အဝန်း စတုရန်းမီတာ ၂၀၀ လောက်သာရှိသော ဆိုင်အသေးလေးဖြစ်သည်။
ဆိုင်ရှင်က မှန်ဘီလူးကိုကိုင်ကာ ကျောက်စိမ်းဆွဲသီးကို ငုံ့ကြည့်နေသည်။
ဧည့်သည်ဝင်လာသည်ကို မြင်သောအခါ မတ်တပ်မရပ်ဘဲ နှုတ်ဆက်လေသည်။
ယဲ့ဖန်က စနစ်၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ကာ ခြေလှမ်းအနည်းငယ်လှမ်းပြီး စင်တစ်ခုဆီသို့ ရောက်သွားသည်။ သူ့အကြည့်တွေက ကြွေခေါင်းအုံးပေါ်သို့ ရောက်သွားသည် ။
သူက စနစ်၏ အတွင်းကျကျ စကန်ဖတ်ခြင်း လုပ်ဆောင်ချက်ကို ချက်ချင်း စတင်လိုက်ပြီး ထိုခေါင်းအုံးကို စတင် အကဲဖြတ်ခဲ့သည်။
[ ဆုန်းမင်းဆက် ဒင်းကင် အဖြူရောင်ကြွေခေါင်းအုံး - ပစ္စည်းအစစ်။ တန်ဖိုးငွေ - သန်း ၃၆၀… ]
ယဲ့ဖန် ချက်ချင်း အသက်ရှိုက်လိုက်မိသည်။ သန်း ၃၀၀ကျော်တန်တဲ့ ခေါင်းအုံးတစ်လုံးဆိုတာမျိုးကို မကြားဖူးပေ။
ဒါပေမဲ့ ဒါက သေချာပေါက် ရတနာဖြစ်လေသည်။
ဒီလို ဆိုင်သေးသေးလေးမှာ ဒီလောက်အဆင့်ရှိတဲ့ ရတနာတစ်ခုကို မြင်ရဖို့ မမျှော်လင့်ထားပေ။
သူက ထိတ်လန့်တုန်လှုပ်သွားသော်လည်း မျက်နှာထားက တည်ငြိမ်နေကာ ဆိုင်ပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။
" သူဌေး၊ ဒီကြွေခေါင်းအုံးက ဘယ်လောက်လဲ "
သူဌေးက သူ့ကို မော့ကြည့်လေသည်။
" အဲ့ဒီကြွေခေါင်းအုံးကို ရောင်းပြီးပြီ။ တခြားဟာတွေကို ကြည့်လို့ရတယ် "
ထိုစကားကို ပြောပြီးနောက် ခေါင်းငုံ့ကာ ကျောက်စိမ်းဆွဲသီးကို ဆက်ကြည့်နေသည်။
ယဲ့ဖန်က ဆိုင်ရှင်ရဲ့ သဘောထားကို မြင်ပြီး မျက်မှောင်ကြုတ်မိသည်။
" တစ်ဖက်က ဘယ်ဈေးပေးလဲ မသိပေမဲ့ ကျွန်တော်က စျေးနှစ်ဆ ပေးဝယ်ချင်ပါတယ် "
သူဌေးက အနည်းငယ် စိတ်မချမ်းမသာဖြစ်သွာယသည်။
" မင်း နားမလည်ဘူးလား။ တခြားတစ်ယောက်က အဲ့ဒီကြွေခေါင်းအုံးကို ဦးထားပြီးသား။ ပိုက်ဆံဘယ်လောက်ပေးပေး မရောင်းနိုင်ဘူး "
ယဲ့ဖန် သံသယဖြစ်မိသည်။ ဒီကြွေခေါင်းအုံးရဲ့တန်ဖိုးကို သိတဲ့သူနဲ့ တွေ့တာများ ဖြစ်နေမလား။
ပိုင်ရှင်ရဲ့ လေသံအရ တစ်ဖက်က မိုးလောက်မြင့်တဲ့ ဈေးကို ပေးခဲ့လောက်တယ် မဟုတ်လား။
မသင်္ကာဖြစ်နေချိန်မှာပဲ လူတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသည်။
" သူဌေးကျူး၊ တောင်းထားတဲ့ ပစ္စည်း ပြင်ဆင်ပြီးပြီလား "
ထိုအမျိုးသားက ဘောင်းဘီတိုပွပွနှင့် ညှပ်ဖိနပ်တစ်ရံကို ၀တ်ထားသည်။ သူ့ပါးစပ်ထဲမှာလည်း သွားကြားထိုးတံကို ကိုက်ထားသည်။
တစ်ချက်ကြည့်လိုက်တာနဲ့ သူက ဒေသခံလူရမ်းကားဆိုတာ ပြောနိုင်လေသည်။
ယဲ့ဖန်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တဲ့ သူဌေးက ထိုလူကို မြင်လိုက်တာနဲ့ ချက်ချင်း ထရပ်လိုက်သည်။
" အစ်ကိုကျွန်း၊ မင်း လိုချင်တဲ့ဟာက အဆင်သင့်ဖြစ်နေပါပြီ။ အဲ့တာ လိုချင်တာမလား "
သူက စကားပြောနေရင်း ယဲ့ဖန်ကို ဘေးသို့တွန်းလိုက်ကာ ကြွေခေါင်းအုံးကို ထိုလူမြင်စေရန် ညွှန်ပြလိုက်သည်။
ထိုလူက ကြွေခေါင်းအုံးကို စိုက်ကြည့်ကာ အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။
" ဒီအရာတွေကို ငါနားမလည်ဘူး။ ဒါက ကောင်းလူကြီးမင်းက လိုချင်တာ။ မင်း အဲ့တာကို ထုတ်ပေးဖို့ပဲလိုတယ် "
ထိုလူက စကားပြောရင်း အိတ်ကပ်ထဲမှ ပိုက်ဆံတစ်အုပ်ကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
" ငါတို့ ယွမ် ၁သောင်းနဲ့ သဘောတူထားတယ်မလား။ ရေကြည့်ချင်သေးလား "
သူဌေးက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မလိုပါဘူး။ အစ်ကိုကျွန်းကို ဘယ်လိုလုပ် မယုံဘဲနေမှာလဲ "
ယဲ့ဖန် အံ့သြသွားသည်။
အစက တစ်ဖက်လူဟာ စျေးကြီးပေးမယ်လို့ ထင်ခဲ့တာ ဖြစ်သည်။
ယွမ် ၁သောင်းသာ ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သန်း ၃၀၀ကျော်တန်တဲ့ ရတနာတစ်ခုကို ၁သောင်းတည်းနဲ့ ရောင်းနေတာလား။
'အစ်ကိုကျွန်း'ဆိုသူက ထိုကြွေခေါင်းအုံးကို အုတ်ခဲတစ်လုံး ကိုင်ထားသကဲ့သို့ လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။
ထိုကဲ့သို့ ရတနာကို ထိုလူ၏လက်ထဲမှာ မြင်နေရခြင်းက အတော်လေး မနှစ်မြို့ဖွယ်ကောင်းလှသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ပြောလိုက်တော့သည်။
" သူဌေး၊ ဒီကြွေခေါင်းအုံးအတွက် ၁ သန်း ပေးဝယ်ချင်ပါတယ် "
သူဌေးက ထိုစကားကိုကြားတဲ့အခါ ချက်ချင်းဆိုသလို မျက်လုံးပြူးသွားသည်။
" ဘယ်လောက်လဲ။ တစ်သန်းလား "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" သဘောတူရင် အခုချက်ချင်း ငွေလွှဲပေးလို့ ရပါတယ် "
သူဌေးက လောဘကြီးတဲ့ အမူအရာကို ထုတ်ဖော်လိုက်သည်။
၁ သန်းက သူ့အတွက် ပိုက်ဆံ အတော်များတာ သေချာလေသည်။
သို့သော် အစ်ကိုကျွန်းကို ကြည့်လိုက်မိတဲ့အခါ မတုန်လှုပ်ဘဲ မနေနိုင်ပေ။
သူက ထိုလူ၏ နောက်ခံအကြောင်း သိသည်။ သူ့စကားကို အခု ပြန်ပြောင်းလျှင် တစ်ဖက်က လက်စားချေမှာ သေချာလေသည်။
ယွမ် ၁ သန်းကို ကောင်းကောင်း သုံးစွဲနိုင်သော်လည်း ထိုပိုက်ဆံကို သုံးစွဲရန် အသက်ရှင်ဖို့ လိုအပ်ခသည်။
'အစ်ကိုကျွန်း'က သူ့ခေါင်းကို လှည့်ပြီး ယဲ့ဖန်ကို စူးစူးရဲရဲ ကြည့်နေသည်၊
" ဒီမှာ ကောင်လေး၊ ငါက ကောင်းလူကြီးမင်းအတွက် အလုပ်လုပ်နေတာ။ မင်း ကောင်းလူကြီးမင်းရဲ့ ပစ္စည်းကို လုယူချင်ရင်တော့ မင်းခေါင်းက ခိုင်ရဲ့လားလို့ အရင် မေးရမယ် "
သူ့ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော်လည်း ယဲ့ဖန်က တည်ငြိမ်ဆဲဖြစ်သည်။
" ကောင်းလူကြီးမင်းကို ကျွန်တော်မသိဘူး။ တရားမျှတတဲ့ ပြိုင်ဆိုင်မှုကိုပဲ သိတယ်။ အမြင့်ဆုံး လေလံဆွဲနိုင်တဲ့သူက အနိုင်ရမှာပဲ။ ခင်ဗျားမှာ ပိုက်ဆံမရှိရင် အပြင်ထွက်ပြီး ဟန်ဆောင်မနေနဲ့ "
" ခွေးမသားလေး၊ မင်းက သေချင်နေတာပဲ "
'အစ်ကိုကျွန်း' က ဘာမှ ထပ်မပြောတော့ဘဲ သူက ကြွေခေါင်းအုံးကို ကိုင်လိုက်ပြီး ယဲ့ဖန်ခေါင်းကို ရိုက်လိုက်သည်။
သူဌေးက သူ့ကို တားချင်ပေမယ့်လည်း တစ်ဖက်ကို ကြောက်တာကြောင့် ကမန်းကတန်း အနောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်သည်။
တစ်ဖက်လူက အနည်းငယ် သဘောထားကွဲလွဲတာနဲ့ တန်းတိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။
မာန်တတ်နေတာက သူ့အတွက် ပုံမှန် ဖြစ်လောက်သည်။
သို့သော် ယဲ့ဖန်၏အမြင်အရ တစ်ဖက်ကို တိုက်ခိုက်ရန်က ထည့်ပြောစရာတောင် မလိုပေ။
သို့သော် ကြွေခေါင်းအုံးကို ချိုးမိမည် စိုးရိမ်သောကြောင့် ခြေနှစ်လှမ်းလှမ်းကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။
" ဘာလို့ မဖြေရှင်းဘဲ အဲ့လိုလုပ်တာလဲ "
သူ့နောက်ဆုတ်သွားတာကို မြင်ပြီး အစ်ကိုကျွန်းက ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။
" မင်းက ကောင်းလူကြီးမင်းကို စော်ကားရဲမှတော့ ငါက မင်းကို အရင်သတ်ပေးမယ် ...... "
သူက စကားပြောနေရင်း ယဲ့ဖန်ကို ဆက်တိုက်ခိုက်သည်။
ယဲ့ဖန်လည်း ဒေါသထွက်လာကာ သူ့လက်တွေက လျှပ်စီးလက်သလို ပြန်တိုက်ခိုက်တော့သည်။
အရင်ဆုံး သူက ဟိုလူရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ကြွေခေါင်းအုံးကို အမြန်ဆွဲယူလိုက်သည်။
ထို့နောက် သူ့ကို ပုခုံးပေါ်ကနေ ဆွဲပြီး မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ပေါက်ချလိုက်သည်။
ထိုလူက ခုနကတော့ ရက်စက်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ သူက စက္ကူသာသာပဲဖြစ်သည်။
တစ်ချက် ကိုင်ပေါက်ရုံနဲ့ မြေပြင်ပေါ်မှာ လှဲကာ အော်ဟစ်နေရတော့သည်။
သူဌေးက ထိုမြင်ကွင်းကိုမြင်ပြီး လုံးဝကြောက်လန့်သွားသည်။
" မင်း... မင်း အစ်ကိုကျွန်းကို တကယ်ကြီး ရိုက်ခဲ့တာလား။ မင်း ....... "
ယဲ့ဖန်က အပြစ်ကင်းစွာ ပခုံးတွန့်လိုက်သည်။
" ခင်ဗျားလည်း မြင်တာပဲ။ သူ့ဘက်က တွန်းအားပေးခဲ့တာ "
သူဌေးက စကားမပြောနိုင် ဖြစ်နေသည်။
အစ်ကိုကျွန်းက မြေကြီးပေါ်ကနေ ညည်းတွားပြီး ယဲ့ဖန်ကို မုန်းတီးစွာ ကြည့်နေလိုက်သည်။
" ခွေးသား၊ မင်းမှာ သတ္တိရှိရင် မပြေးနဲ့။ ဒီနေ့ မင်းကို မသတ်ရရင် ငါ ကျိုးထယ်ကျွန်းက နာမည်ကို ပြောင်းပြန် ရေးပစ်လိုက်မယ် "
ထို့နောက် ရှေးဟောင်းပစ္စည်းဆိုင်ထဲမှ ထွက်ပြေးသွားသည်။
အပိုင်း ( ၅၆၈ )
ယုံချင်ယုံ၊ မယုံချင်နေ။ ကျွန်တော်က လူကောင်းတစ်ယောက်ပါ။
ဘေးက စောင့်ကြည့်နေကြသူများက အဝေးမှ ဝေဖန်နေကြသည်။
" ဒီလူငယ်က ချောင်ရှင်းဂိုဏ်းက လူတွေကို ပြဿနာရှာလိုက်တာလား။ ဒါက ကိုယ့်သေတွင်းကိုယ် တူးတာပဲ မဟုတ်ဘူးလား "
" ဟုတ်တယ်၊ ချောင်ရှင်းဂိုဏ်းကို သွားထိမှတော့ ဒီကလေးက သေမှာပဲ "
" အဲ့ဒီချောင်ရှင်းဂိုဏ်းက ဥပဒေမဲ့လွန်းတယ်။ နေ့ခင်းကြောင်တောင်မှာတောင် လူတွေကို သတ်နေကြတာ "
" ဘယ်သူက ဝင်စွက်ဖက်ရဲမှာလဲ။ ချောင်ရှင်းဂိုဏ်းက ကောင်းလူကြီးမင်းက သြဇာကြီးတဲ့လူလေ။ မဟုတ်ရင် သူဒီလောက်ကြာအောင် ဘယ်လိုလုပ် လွှမ်းမိုးနိုင်မှာလဲ "
" ကံမကောင်းတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်။ လူတွေ အများကြီးထဲကမှ ချောင်ရှင်းဂိုဏ်းကို ထိရတယ်လို့။ မကောင်းရှာဘူး ..... "
လူတိုင်းက ဒီလိုမြင်ကွင်းမျိုးနဲ့ ကြုံဖူးနေကြဖြစ်သည်။
သူ့ကို သနားတဲ့သူတွေရှိသလို၊ ကဲ့ရဲ့တဲ့လူလည်းရှိကာ ရွဲ့စောင်းပြောတဲ့သူတွေလည်း ရှိလေသည်။
ဆိုင်ပိုင်ရှင်ကတော့ ဆိုင်ထဲမှာ ပုန်းနေပြီး မျက်နှာကို တောင် မပြရဲပေ။
တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှ ကျိန်ဆဲမိသည်။ မြန်မြန်ထွက်သွားဖို့ အကြံပေးခဲ့ပေမဲ့ ဒီကောင်လေးက သေတာကို မကြောက်မှတော့ အခု ဘယ်သူကို အပြစ်တင်နိုင်မှာလဲ။
ယဲ့ဖန်ကို ကျိုးထယ်ကျွန်းမှ အဖွဲ့ခေါ်လာပြီး ဝိုင်းထားလိုက်သည်။
ယဲ့ဖန်က ပထမတော့ ပြန်တိုက်ဖို့ မရွေးချယ်ခဲ့ချေ။
သူက ဆက်တိုက်ရှောင်နေခဲ့သည်။
" ကူညီကြပါ။ ဒီမှာ အသတ်ခံရတော့မယ်၊ ကူညီကြပါ "
သို့သော် ဘေးမှကြည့်နေသူများ အားလုံးက အဝေးသို့ ပုန်းရှောင်သွားကြသည်။ တခြားသူရဲ့ ကိစ္စကို ဘယ်သူကမှ ဝင်မစွက်ဖက်ချင်ကြပေ။
ကျိုးထယ်ကျွန်းနှင့် ကျန်တဲ့သူတွေက ပိုပိုပြီး မာန်တက်လာကြသည်။ သူတို့လက်ထဲမှ လက်နက်များကို ဝှေ့ယမ်းကာ ယဲ့ဖန်နားကို ကပ်လိုက်ကြသည်။
ယဲ့ဖန်က စောင့်ကြည့်ရင်း လှည့်ပတ်နေခဲ့သည်။ လုံလောက်တဲ့ အချက်အလက်တွေကို စုဆောင်းပြီးတဲ့နောက် သူက ရယ်မောကာ ကျိုးထယ်ကျွန်းနှင့် ကျန်တဲ့သူတွေကို လှည့်ကြည့်လိုက်သည်။
" ဒုက္ခမရှာချင်တာ လူတိုင်းမြင်တယ်နော်။ ခင်ဗျားတို့က ကျွန်တော့်ကို တစ်ဆင့်ပြီးတစ်ဆင့် တွန်းအားပေးနေတာလေ။ ဒီလိုဆိုမှတော့ အပြစ်မတင်ကြနဲ့ "
ကျိုးထယ်ကျွန်းက ရက်စက်စွာ ရယ်လိုက်သည်။
" ခွေးသားလေး၊ သေမင်းက မင်းအိမ်တံခါးဝမှာ ရောက်နေတာတောင် ခေါင်းမာနေတုန်းပဲ။ ငါ မင်းကို အလွှတ်မပေးဘူး။ မင်းမှာ သတ္တိရှိရင် ပြန်တိုက်လိုက် "
ထိုစကားကို ပြောပြီးနောက် သူက ဓားကို ဝှေ့ယမ်းကာ ယဲ့ဖန်ကို လှမ်းခုတ်လိုက်သည်။
ယဲ့ဖန်က ဒီတစ်ကြိမ်မှာတော့ ရှောင်မနေဘဲ ရင်ဆိုင်ဖို့ ပြင်လိုက်သည်။
အရင်ဆုံး သူက ရှောင်ရန် ဘေးတိုက် လှည့်လိုက်သည်။ ထို့နောက် သူ့လက်တွေက လျှပ်စီးလက်သလို ထွက်လာကာ ကျိုးထယ်ကျွန်း၏ လက်ကောက်ဝတ်ကို တန်းဆွဲပြီး အားနဲ့လိမ်ချိုးလိုက်သည်။
ဂျွတ်
အရိုးကျိုးသံနှင့်အတူ ကျိုးထယ်ကျွန်း၏ လက်ကောက်ဝတ် ကျိုးသွားခဲ့သည်။
" အား ...... "
ကျိုးထယ်ကျွန်းက ကျယ်လောင်စွာ အော်လိုက်သည်။
ယဲ့ဖန်၏ မျက်နှာတွင် သနားသည့်အမူအရာမရှိပေ။ တစ်ချိန်တည်းမှာပဲ ကျိုးထယ်ကျွန်း၏ ပေါင်အတွင်းဘက်ကို ဆောင့်ကန်လိုက်သည်။
ဂျွတ်
နောက်ထပ် အသံတစ်ခု သိသိသာသာ ထွက်ပေါ်လာပြီး ကျိုးထယ်ကျွန်း၏ ပေါင်က သိသိသာသာ ကွေးကျသွားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကျိုးထယ်ကျွန်းက မူးမေ့လဲသွားသောကြောင့် မအော်နိုင်တော့ပေ။
ယဲ့ဖန်က သူ့ကိုယ်ကို ခွေးသေတစ်ကောင်လို ဘေးသို့ တွန်းပစ်လိုက်သည်။
ထို့နောက် လှည့်ကြည့်လိုက်ပြီး နောက်ကနေ တိုက်ခိုက်နေတဲ့ ခပ်ထွားထွားနဲ့ လူကို ဖမ်းပြီး တစ်ပုံစံတည်း လုပ်လိုက်သည်။
သူ၏ လှုပ်ရှားမှုများက အလွန်လျင်မြန်ပြီး ပြင်းထန်လှသည်။ ပျမ်းမျှအားဖြင့် သူက လူတစ်ယောက်ကို သုံးစက္ကန့်အတွင်း အပြတ်ဖြတ်နိုင်သည်။
တိုက်ပွဲများတွင် ကျားများကဲ့သို့ ပြင်းထန်လေ့ရှိသော ထိုလူဆိုးအုပ်စုက ယဲ့ဖန်လက်ထဲမှာ အသတ်ခံရရန် စောင့်ဆိုင်းနေသော သိုးငယ်လေးများကဲ့သို့ ဖြစ်ကုန်သည်။ သူတို့မှာ ပြန်တိုက်ဖို့ ခွန်အား လုံးဝ မရှိတော့ပေ။
တစ်မိနစ်မပြည့်ခင်မှာဘဲ လူဆိုးတစ်ဒါဇင်ကျော်က မြေပြင်ပေါ်သို့ တဗုန်းဗုန်း လဲကျကုန်သည်။
သူတို့အားလုံး ခြေလက်တွေ ကျိုးနေပြီး ပိုးမွှားတွေ အရှင်းခံလိုက်ရသလို ဖြစ်နေသည်။
အော်သံများက လမ်းတစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။
ထိုမြင်ကွင်းက မြေကြီးပေါ်မှ ငရဲနှင့် တူလေသည်။
အနီးနားမှ လူအုပ်ကြီးက တစ်ချိန်တည်းမှာ ဦးရေပြားတစ်ခုလုံး ထုံသွားသလို ခံစားလိုက်ရသည်။ တိုက်ပွဲပြီးသွားသည့်တိုင်အောင် တုန်လှုပ်ချောက်ချားမှုကနေ အသိစိတ်ပြန်မဝင်လာကြပေ။
တစ်ချို့က သေးထွက်မတတ် ဖြစ်နေပြီး သူတို့က ယဲ့ဖန်ကို နတ်ဆိုးတစ်ကောင် မြင်နေရသလို ကြည့်နေသည်။
ဒီလို တိုက်ခိုက်ရေးစွမ်းအားက အရမ်း ကြောက်စရာကောင်းတယ် မဟုတ်လား။
တစ်မိနစ်အတွင်းမှာ ထွားကျိုင်းတဲ့ ယောက်ျားဆယ်ယောက်ကျော်ကို ချိနဲ့သွားအောင် လုပ်နိုင်မှတော့ သူက လူသားဟုတ်ရဲ့လား။
ယဲ့ဖန်က လက်ခုပ်တီးပြီး လက်ကို သုတ်လိုက်ကာ လှည့်ကြည့်လိုက်ပြီး ဆိုင်ပိုင်ရှင်ရှေ့ကို လျှောက်သွားလိုက်သည်။
" ဆိုင်ရှင် ..... "
ယဲ့ဖန် စကားမပြောရသေးခင်မှာဘဲ သူဌေးက အရမ်းကြောက်နေပြီး နောက်ကို ပြန်ဆုတ်သွားသည်။
" ငါ့ဆိုင်က မင်းကြိုက်တာ ယူသွားပါ။ ငါ့အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်။ ဘာမှ မတွေ့လိုက်ပါဘူး ....... "
ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။
" ယုံချင်ယုံ၊ မယုံချင်နေ ကျွန်တော်က လူကောင်းတစ်ယောက်ပါ "
သူဌေးက ငိုမတတ် ဖြစ်နေသည်။
" မင်းကို ယုံပါတယ်။ မင်း ငါ့ကိုမသတ်သရွေ့ ငါ အကုန်ယုံမှာဘဲ "
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့ ခင်ဗျားကို သတ်မှာမဟုတ်ပါဘူး။ ကျွန်တော်မေးချင်တာက ဆိုင်မှာ စောင့်ကြည့်ရေးကင်မရာရှိလား။ ကော်ပီယူလို့ရော ရလား "
ထိုအခါမှ ဆိုင်ရှင်က သက်ပြင်းချကာ အမြန်ခေါင်းညိတ်ပြလိုက်သည်။
" ရပါတယ် "
ထို့နောက် သူက စောင့်ကြည့်ဗီဒီယိုကို အမြန်ကူးယူပြီး ယဲ့ဖန်ဖုန်းထဲကို ပို့လိုက်သည်။
ယဲ့ဖန်က ဖိုင်ကို သိမ်းဆည်းပြီးနောက် ကြွေခေါင်းအုံးကို ကောက်ယူလိုက်သည်။
" သူဌေး၊ ဒီကြွေခေါင်းအုံး ...... "
သူဌေးက သူ့စကား ပြီးအောင်မစောင့်ဘဲ လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။
" ငါ မင်းကို ပေးပါတယ်။ မြန်မြန်ယူသွားပါ။ ဒီခေါင်းအုံးက ငါ့ကို အန္တရာယ်တွေ အများကြီး ပေးခဲ့ပြီးပြီ… "
" ခင်ဗျားရဲ့ ပစ္စည်းကို အလကားမယူပါဘူး။ ဒါဆို သူခိုးနဲ့ ဘာကွာတော့မှာလဲ။ ကတိအတိုင်း ယွမ် ၁ သန်းနဲ့ ဝယ်ပါ့မယ် "
သူဌေးက ငြင်းချင်သည်။
ဒါပေမယ့် ယဲ့ဖန်က အကောင့်နံပါတ်ပေးဖို့ အတင်းအကြပ် အမိန့်ပေးလိုက်သည်။
ထို့နောက် ယွမ် ၁ သန်းကို သူ့ရှေ့တွင်ပဲ လွှဲပေးခဲ့သည်။
ငွေဝင်တာကို လက်ခံရရှိပြီးတဲ့နောက် သူဌေးက မယုံကြည်နိုင် ဖြစ်နေသေးသည်။
ချောင်ရှင်းဂိုဏ်းထက်တောင် ပိုရက်စက်တဲ့ ဒီလူက သူ့ဆီကို ငွေလွှဲလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။
ထို့အပြင် ယွမ် ၁ သန်းကို တစ်ခါတည်း လွှဲပေးခဲ့သည်။
ဒါက အံ့သြဖွယ်ကောင်းလှသည်။
အရောင်းအ၀ယ်ပြီးသောအခါ ယဲ့ဖန်က ကြွေခေါင်းအုံးကို ယူပြီး ထွက်သွားဖို့ လုပ်သည်။
ထိုအချိန်တွင် ကျိုးထယ်ကျွန်းက လူအုပ်ထဲမှ ခေါင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
သူ့မျက်နှာမှာ အမုန်းတရားတွေနဲ့ ပြည့်နှက်နေသည်။
" ခွေးသားလေး၊ မင်းသေပြီ။ မင်း ငါတို့ ချောင်ရှင်းဂိုဏ်းကို လာထိမှတော့ မင်း မြေကြီးထဲကို ပြေးရင်တောင် အဆုံးထိလိုက်ရှာမယ် ....... "
သူ့စကား မပြီးခင်မှာ ယဲ့ဖန်က သူ့မျက်နှပေါ်ကို နင်းလျှောက်လိုက်သည်။
" ချောင်ရှင်းဂိုဏ်း ဟုတ်တယ်မလား။ မင်းတို့ရဲ့ လက်စားချေမှာကို စောင့်နေမယ်။ စိတ်ပျက်အောင်တော့ မလုပ်နဲ့ "
ယဲ့ဖန်က ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားသည်။
တစ်ချိန်တည်းမှာ သူ့နားထဲသို့ စနစ်မှ သတိပေးချက် ထွက်ပေါ်လာပြန်သည်။
[ ရတနာရှာခြင်း လမ်းကြောင်းကို ပြီးမြောက်ခဲ့တဲ့ လက်ခံသူကို ဂုဏ်ပြုပါတယ်။ ဆုအဖြစ် သန်း 500 တန် Lamborghini Charm Blue Night စူပါကားကို ရရှိပါသည် ]
[ .......... ]