အပိုင်း ၅၈၁-၅၈၄
Vol. 30 Ch. 581-584
အပိုင်း ( ၅၈၁ )
ပြတင်းပေါက်မှ ချောင်းကြည့်ခြင်း
ယဲ့ဖန် သတိလွတ်ဖြစ်တော့မည့် အချိန်မှာ ရုတ်တရက် အခန်းထဲမှ ယောက်ျားတစ်ယောက်၏အသံကို ကြားလိုက်ရပြန်သည်။
" ကိုယ် အရမ်း သတိကပ်သွားတယ် ထင်တယ်။ အပြင်မှာ ဘာမှ မရှိဘူး "
ထိုအသံသည် ယဲ့ဖန်အတွက် ခန္ဓာကိုယ်အားရေအေးပုံးနှင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
ထို့နောက် ယဲ့ဖန် ချက်ချင်းပင် အသိပြန်ကပ်လာသည်။
ဒီနေရာက ဘယ်လိုနေရာမျိုးမလို့ သူ့မှာ မဟုတ်တဲ့အတွေးမျိုး ဝင်လာနိုင်သည်လဲ။
ဤနေရာဟာ ရန်သူ့နယ်မြေထဲတွင် ဖြစ်သည်။
ယဲ့ဖန်ဆီမှာ ဘာလို့ ဒီလို ညစ်ပတ်တဲ့အတွေးမျိုး ရုတ်တရက် ဝင်လာရတာလဲ။
ထို့အပြင် သူဟာ ကျူးရှောင်ကျောင်းကို အကြိမ်အနည်းငယ်သာ တွေ့ဖူးပြီး သူမအကြောင်းကို လုံးဝ မသိပေ။
သူက လူမှ ဟုတ်သေးရဲ့လား။
မသင့်တော်တဲ့အရပ်ဒေသမှာတောင် မတွေးအပ်တဲ့အတွေးကို တွေးနေမိသည်။
ထိုသို့ မသင့်လျော်ပုံကို တွေးမိပြီး ကြောင်အအနှင့် လျင်မြန်စွာ ထရပ်လိုက်သည်။
" အဲ့တာ ..... "
သို့သော် ကျူးရှောင်ကျောင်းသည် ဘာမှမဖြစ်သလိုသာ ပြုမူနေခဲ့သည်။
သူမက ယဲ့ဖန်ကို အမြန်ထနိုင်စေရန် တွန်းထုတ်လိုက်ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
ယဲ့ဖန်ဟာ သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်လောက်ပင် စိတ်ပေါ့ပေါ့ပါးပါးမရှိသည်ဟု ခံစားမိသည်။ သူဟာ သူ့ကိုယ်သူ မကောင်းစိတ်ကြောင့် အပြစ်တင်နေခဲ့ပေမယ့် သူမကတော့ အဆင်ပြေနေသည်။
အမှန်မှာ ကျူးရှောင်ကျောင်းက ရှက်ရွံနေပြီး ဒေါသဖြစ်နေခဲ့သည် ဆိုတာကိုတော့ ယဲ့ဖန် မသိခဲ့ပေ။
သူမသည် အဆင်မပြေမှုများကို ပြေလျော့စေရန် မသိကျိုးကျွံပြုသည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်လုံးအတွက် အမှန်တကယ် အရှက်ရစေမည့်အရာမှာ ဆက်ရှိနေသေးသည်။
နှစ်ယောက်အတူ ပြတင်းပေါက်အနားသို့ ရောက်လာသောအခါ ကန့်လန့်ကာအကွယ်မှနေလျက် အထဲထဲသို့ လှမ်းကြည့်လိုက်သည်။
အခန်းထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူသည် အပြင်ကို စစ်ဆေးရန်အတွက် ထွက်လာခဲ့သူဖြစ်သည်။ သူက ခေါင်းရင်းကို မှီလျက် ဆေးလိပ်သောက်နေသည်။
ကျန်ရှိတဲ့ အမျိုးသမီးမှာတော့ ရေချိုးတဘတ်နဲ့ ကိုယ်ထည်ကို ပတ်ထားသည်။
သူမသည် ရေချိုးပြီးခါစဟု ထင်ရပြီး သူမ၏ လှပတဲ့ ခြေတံများကို ဖော်ပြထားလေသည် ။
" နင့်မှာ အပြစ်ရှိတဲ့စိတ်ကြောင့်လို့ ပြောသားပဲ။ အဲ့တာကို တကူးတက အပြင်ထွက်ကြည့်နေသေးတယ် "
ထိုအမျိုးသမီးသည် ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ သုတ်ရင်း ဟွန်းခနဲ အသံပြုလျက် ပြောလိုက်သည်။
ထိုလူက မတ်တပ်ထရပ်ပြီးနောက် သူမအရှေ့သို့ လမ်းလျှောက်သွားကာ ခါးမှ ပွေ့ဖက်လိုက်သည်။
" မင်း နောက်ဆို ပိုသတိထားရမယ်။ မင်း လျော့တိလျော့ရဲနေလို့ လူဘယ်နှစ်ယောက်က မင်းလေးကို ကြွေနေပြီလဲ။ ကိုယ် မင်းလေးနဲ့ ခွဲဖို့ ခံနိုင်ရည်မရှိဘူး "
ထိုမိန်းမက ဟွန်းခနဲ အသံပြုလိုက်သည်။
" နင် ကြောက်နေပြီမလား။ ကောင်းအဘိုးကြီး ရုတ်တရက် ရောက်လာပြီး သူ့မိန်းမနဲ့ ချစ်ရည်လူးနေတာကို တွေ့ရင် နင့်ကို သတ်ပစ်မှာ ကြောက်နေတာမလား "
ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေကြသော ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထိုမိန်းမ ပြောပုံအရ ကောင်းအဘိုးကြီးဆိုတာက ချောင်ရှင်းဂိုဏ်း၏သူဌေး ကောင်းကျူမင်း ဖြစ်နိုင်လေသည်။ ထိုကဲ့သို့သာ အမှန်ဖြစ်နေလျှင် သိပ်ပျော်စရာကောင်းပေလိမ့်မည်။
ပြီးတော့ ထိုလူသည် ကောင်းကျူမင်း၏တပည့် ဝမ်ဟုန်းသဖြစ်နိုင်သည်။
ကျန်တဲ့အမျိုးသမီးဟာ ကောင်းကျူမင်း၏ ချစ်သူဖြစ်လိမ့်မည်။
ကောင်းလူကြီးမင်းလိုလူသည် သူ့လက်အောက်ငယ်သားထံမှ မယားခိုးမှုခံရလိမ့်မည်ဟု သူတို့နှစ်ယောက် မမျှော်လင့်ထားချေ။
ကျူးရှောင်ကျောင်းသည် သူမ၏ သတင်းထောက်စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။
သူမသည် ချက်ချင်းပင် ဖုန်းကိုထုတ်လိုက်ပြီး အသံသွင်းလိုက်တော့၏။
ဝမ်ဟုန်းသသည် ထိုအမျိုးသမီး၏ သရော်လှောင်ပြောင်မှုကို ကြားလိုက်ရပြီးနောက် အရှက်ရပြီး ဒေါသထွက်သွားရသည်။
" ကောင်းကျူမင်း သိသွားရင်ရော ဘာလုပ်ရမှာလဲ။ ငါ သူ့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာ။ သူ့မိန်းမနဲ့ အိပ်တာ ဘာကိစ္စကြီးမလို့လဲ "
ထိုအမျိုးသမီးက သူ့ကို ဆက်ပြီး လှောင်ပြောင်သည်။
" နင် ကောင်းကျူမင်းကို အဲ့လို ပြောရဲတယ်တဲ့လား။ နင့်ကို သူက အပိုင်းအပိုင်းဖြတ်ပြီး ခွေးကျွေးလိုက်မှာကို မကြောက်ဘူးလား "
ဝမ်ဟုန်းသ၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ ကြောက်နေသည်မှာ သိသာလေသည်။
ထိုအမျိုးသမီး၏ အမူအရာက ပိုပိုပြီး ရှုံ့မဲ့လာသည်။
" ကြောက်ရင်လည်း သွားလိုက်တော့။ နင့်ကို ခြင်လာကိုက်သလိုပဲ သတ်မှတ်လိုက်မယ်။ အသုံးမဝင်တဲ့ အမှိုက်ကောင် ..... "
ထို့နောက် သူမ လှည့်ထွက်သွားဖို့ ခြေလှမ်းပြင်သည်။
ဝမ်ဟုန်းသ၏ အမူအရာက ချက်ချင်းပင် ခက်ထန်လာသည်။
သူက အမျိုးသမီး၏လက်ကို လှမ်းဆွဲဖမ်းကိုင်လိုက်ပြီး ပြောသည်။
" ညစ်ပတ်တဲ့ အပျက်မ "
ထို့နောက် ပြတင်းပေါက်အပြင်ဘက်တွင်ရှိနေတဲ့ ကျူးရှောင်ကျောင်း၏ မျက်နှာမှာ ချက်ချင်းနီရဲလာပြီး ဖုန်းကို အမြန်ဖယ်ကာ ပိတ်လိုက်တော့သည်။
သူမက ယဲ့ဖန်ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
" ငါတို့ အခု ဘာဆက်လုပ်သင့်လဲ "
ယဲ့ဖန်လည်း ခေါင်းကိုကုတ်လိုက်သည်။
" ကိုယ်တို့ အခု ဝင်သွားရင် မကောင်းဘူးလို့ ထင်တယ်။ မဟုတ်တာတွေ မြင်ကုန်မှာ ကြောက်တယ် မဟုတ်လား။ ဆိုတော့ ပြီးမှပဲ ဝင်ကြရအောင် "
အဲ့သည်လိုဖြင့် ပြတင်းပေါက်နားတွင်သာ ထိုင်နေလိုက်ကြသည်။
ကျူးရှောင်ကျောင်းသည်လည်း ထိုင်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ချေ။
ဒီညမှာ ရနေတဲ့ အတွေ့အကြုံတွေက စိတ်လှုပ်ရှားစရာကောင်းလွန်းလှသည်။
ပထမဆုံးအနေနှင့် သူမ ယဲ့ဖန်နှင့်အတူ နံရံတစ်ခုကို ကျော်တက်ပြီး သူခိုးအသွင်ဖြစ်လာသည်။
ယခုအခါမှာတော့ သူမသည် ပြတင်းပေါက်အောက်တွင် သူနှင့် အတူရှိနေသည်။
ယဲ့ဖန်က ကျူးရှောင်ကျောင်းကို အလျင်အမြန် တွန်းပြီးသတိပေးလိုက်သည်။
" ကိုယ်တို့ သွားဖို့အချိန်ကျပြီ "
ထိုအခါမှ ကျူးရှောင်ကျောင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် သူမ ထချင်သော်လည်း သူမခြေထောက်တွေဟာ အားနည်းနေမှန်း သိလိုက်ရသည်။
အချိန်ခဏကြာပြီးတဲ့နောက်မှ သူမသည် ယဲ့ဖန်အနောက်မှ လိုက်ကာ အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။
အပိုင်း ( ၅၈၂ )
လူဆိုးဂိုဏ်းတွေက သက်သေတွေနဲ့ စကားပြောနေပြီလား
ထိုအချိန်တွင် ဝမ်ဟုန်းသသည် ပါးစပ်ထဲတွင် စီးကရက်ကို တဖွဖွရှိုက်သောက်နေပြီး ကုတင်ခေါင်းရင်းကို မှီနေကာ မိန်းမောနေလေသည်။
အမျိုးသမီးကတော့ သူ့ရင်ဘတ်ကို မှီထားပြီး တိတ်တိတ်ကလေး ပြောလိုက်သည်။
" ဟုန်းသ၊ နင် ငါ့ကို အဝေးတစ်နေရာဆီ ခေါ်သွားပေးနိုင်မလား "
ဝမ်ဟုန်းသ၏လက်သည် တုန်ခါသွားပြီး စီးကရက်ဖင်စီပြာက အိပ်ရာပေါ် ပြုတ်ကျမတတ်ဖြစ်သွားသည်။
" ဘာလို့ ရုတ်တရက်ကြီး အဝေးကို သွားချင်နေတာလဲ "
ထိုအမျိုးသမီး၏ မျက်နှာက ဒေါသအပြည့်ဖြစ်သွားသည်။
" ကောင်းကျူမင်းနဲ့ အတူတူရှိနေကတည်းက ငါက သူနဲ့ပဲ အတူနေခဲ့ရတာ။ သူက ငါ့ကို ငှက်တစ်ကောင်လိုပဲ နေ့တိုင်း ကျွေးမွေး၊ စားသောက်ခွင့် ပေးထားပေမဲ့လည်း ငါ့ကို လွတ်လပ်ခွင့်မပေးဘူးလေ။ ဒီဘဝလိုမျိုးကြီးက ဒီလောက်နဲ့ပဲ လုံလောက်ပါပြီ။ ငါ့ကို ဒီကနေ ခေါ်ထုတ်သွားပါ။ ငါတို့ ဘယ်တော့မှ ပြန်မလာတော့ဘူးလေ။ ကောင်းတယ်မလား "
ဝမ်ဟုန်းသက အပြုံးတု ပြုံးပြလိုက်သည်။
" ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ အဝေးကို သွားချင်တယ်ဆိုရင် ငါတို့ ပိုက်ဆံသုံးရမယ်။ ငါ့ကို ကောင်းကျူမင်းဆီကနေ ပိုက်ဆံနည်းနည်းရအောင် အရင်ကူညီပေး။ ပြီးရင် ငါတို့ထွက်သွားလို့ရပြီ "
ထိုအမျိုးသမီးက ချက်ချင်း သူ့ကို မော့ကြည့်လိုက်သည်။
" နင် ငါ့ကို ဘယ်လိုကူညီပေးစေချင်လဲ "
" ဘာမှလုပ်စရာမရှိတဲ့အချိန်ဆို သူ့နားထဲကို တိုးတိုးလေးကပ်ပြီး ငါ့အတွက် နောက်ထပ်စီးပွားရေးတစ်ခုခုပေးဖို့ ပြောပေးလေ "
ဝမ်ဟုန်းသက ညင်သာစွာ ပြောလိုက်သည်။
" ဒါဆို နောက် သုံးနှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ကြာရင် တစ်သက်လုံး လွတ်လွတ်လပ်လပ်နေဖို့ ပိုက်ဆံအလုံအလောက် ရနိုင်လောက်ပါတယ်။ အဲ့ဒီအချိန်တန်ရင် မင်းသွားချင်တဲ့နေရာတွေကို ငါလိုက်ပို့ပေးမယ် "
ထိုအမျိုးသမီးက သူ့ကို ယုံပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ငါ နင့်ကို သေချာပေါက် ကူညီပေးမယ် "
ဝမ်ဟုန်းသသည် သူ့စိတ်နှလုံးသားထဲတွင်တော့ သူမကို အေးစက်စွာ လှောင်ရယ်မောလိုက်သည်။
အဲ့လိုအချိန်တန်လာရင် ငါက ဘယ်လိုမိန်းမမျိုးမဆို ရနိုင်နေပြီလေ။ မင်းလို ကျိုးပဲ့နေတဲ့ ဖိနပ်မျိုးကို ငါက ဘာလို့ စိတ်ဝင်စားရမှာလဲ။
သူ့ကိုယ်သူ တိတ်တဆိတ် မာန်တက်နေရင်း ရုတ်တရက် အသံကျယ်တစ်ခုက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
" ကောင်းလူကြီးမင်းရဲ့နောက်ကွယ်မှာ ခင်ဗျားတို့က ဖောက်ပြန်ရဲကြတယ်လား "
ဝမ်ဟုန်းသသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး သေးထွက်မတတ် ကြောက်သွားတာကြောင့် ဘောင်းဘီကို ဖိထားလိုက်သည်။ ထို့နောက် သူက အမြန် ဘယ်သူလဲဆိတာ သိရအောင် မော့ကြည့်လိုက်သည်။
ထိုအခါ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်က အပြင်ဘက်မှ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်ဟုန်းသနှင့် ထိုအမျိုးသမီးတို့က ထိတ်လန့်သွားပြီး သူတို့ခန္ဓာကိုယ်တွေကို စောင်ဖြင့် အမြန်ဖုံးအုပ်လိုက်ကြသည်။
" မင်း … မင်းက ဘယ်သူလဲ။ မင်းကို ဘယ်သူက ဝင်ခွင့်ပေးလိုက်တာလဲ။ မင်းက ကျူးကျော်နေတာ။ ဒါကတရားမ၀င်ဘူး ....... "
ဝမ်ဟုန်းသသည် ယဲ့ဖန်ကို အရင်က မမြင်ဖူးသောကြောင့် သူ့ကို မသိပေ။
ထို့ကြောင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကူကယ်ရာမဲ့စွာ ဟောက်လိုက်သည်။
ကျူးရှောင်ကျောင်းသည် သူမ၏ ဖုန်းကို ကိုင်ထားဆဲဖြစ်ကာ သူတို့နှစ်ယောက်၏ ဖြစ်ရပ်တွေကို ဆက်လက် ရိုက်ကူးနေဆဲ ဖြစ်သည်။
" လာ၊ ပြုံးပါဦး "
ဝမ်ဟုန်းသသည် ဒေါသတကြီးဖြစ်သွားကာ ဖုန်းကို လုယူဖို့ ပြင်လိုက်သည်။
သို့သော် ယဲ့ဖန်က ချက်ချင်းပင် သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်သည့်ပုံစံ ဟန်ဆောင်လိုက်သည်။
" ခင်ဗျား ရုတ်ရုတ်သဲသဲ မလုပ်ဖို့ အကြံပေးမယ်။ မဟုတ်ရင် ကောင်းကျူမင်းကို အခုချက်ချင်း ဗီဒီယိုဖုန်းခေါ်ပြီး တိုက်ရိုက် ကြည့်ခိုင်းလိုက်မယ် "
တကယ်တော့ ယဲ့ဖန်ဟာ လျှောက်ပြောနေခြင်းဖြစ်သည်။
သူ့မှာ ဘယ်လိုလုပ်ပြီး ကောင်းကျူမင်းရဲ့ ဖုန်းနံပါတ် ရှိမှာလဲ။
သို့သော် ဝမ်ဟုန်းသကတော့ မလှုပ်ရဲတော့ပေ။
" မင်းက ဘယ်သူလဲ။ ငါမင်းတို့နှစ်ယောက်ကို ငါ ပြဿနာ မရှာဖူးပါဘူး "
ယဲ့ဖန်သည် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး သူတို့နှစ်ယောက်၏ ဆန့်ကျင်ဘက်နေရာတွင် ဝင်ထိုင်လိုက်သည်။
" ဝမ်လူကြီးမင်းက တကယ်ကို မေ့တတ်တာပဲ။ ခင်ဗျား ဒီနေ့တင် ကျွန်တော့်ကို ချောက်ချဖို့ တခြားသူတွေနဲ့ ပေါင်းခဲ့တာတောင် ကျွန်တော် ဘယ်သူလဲဆိုတာ တကယ်မသိဘူးလား "
ဝမ်ဟုန်းသသည် အစပိုင်းတွင် စိတ်ရှုပ်ထွေးနေခဲ့သော်လည်း သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
" မင်းက ယဲ့ဖန်လား"
ယဲ့ဖန်သည် မထိန်းနိုင်ဘဲ ရယ်လိုက်ကာ ကျူးရှောင်ကျောင်းကို ကြည့်လိုက်သည်။
" ကြည့်စမ်းပါဦး၊ သူတို့ မဆိုင်းမတွ ဝန်ခံနေတာလေးကို "
ကျူးရှောင်ကျောင်းလည်း ရယ်လိုက်သည်။
" သူ တကယ် ရွှယ်ကုန်းနဲ့ အတူတူ အလုပ်လုပ်ခဲ့တယ် ထင်တယ် "
ဝမ်ဟုန်းသသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
" ယဲ့ဖန် မင်းက သေတော့မှာကို ဘာလို့မပြေးသေးတာလဲ။ မင်းက ဒီမှာ ပေါ်လာရဲတဲ့ သတ္တိရှိသေးတယ်လား "
ယဲ့ဖန်က ဒေါသဖြစ် ဟန်ဆောင်လိုက်သည်။
" သေရမယ်ဆိုရင်တောင် အဲ့ဒီ အကြောင်းရင်းက ခင်ဗျားကြောင့်ပဲ။ ခင်ဗျားက ရွှယ်ကုန်းနဲ့ ပူးပေါင်းပြီး ကျိုးထယ်ကျွန်းသေတာကို ကျွန်တော့်ကြောင့်ပါလို့ မှတ်တမ်းအတုလုပ်ချင်နေတာလေ။ ခင်ဗျားတို့ကောင်တွေက တကယ်ရက်စက်တာပဲ "
ဝမ်ဟုန်းသသည် ကျူးရှောင်ကျောင်း၏ လက်ထဲမှဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ရှုပ်ဟန်ဆောင်လိုက်သည်။
" ဘာက မင်းကို ချောက်ချလို့လဲ။ ဘာတွေလာပြောနေတာလဲ၊ ငါ နားမလည်ဘူး။ မင်းက ကျိုးထယ်ကျွန်းကို သတ်လိုက်တာပဲ။ ငါတို့က ဘာကိစ္စရှိလို့ မင်းကို ချောက်ချရမှာလဲ "
ဝမ်ဟုန်းသက တမင်တကာ နားမလည်ချင်ဟန်ဆောင်နေသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
" နားမလည်ချင် ဟန်ဆောင်နေတာလား။ ရွှယ်ကုန်းက သူ့ကို အစီရင်ခံစာအတုလုပ်ဖို့ ညွှန်ကြားခဲ့တဲ့သူက ခင်ဗျားဆိုတာကို ဝန်ခံထားပြီးသား။ အဲ့တာကိုတောင် ခင်ဗျားက ဆက် ငြင်းချင်သေးတာလား "
ဝမ်ဟုန်းသသည် ဆက်ပြီး ခေါင်းမာနေသည်။
" သူပြောသလို ငါကလုပ်ခိုင်းလို့ သူက လုပ်လိုက်ရတယ်ဆိုရင်တောင် အဲ့တာကို သက်သေပြဖို့ မင်းမှာ ဘာအထောက်အထားရှိလဲ။ သက်သေမရှိဘဲ စကားလာမပြောနဲ့ "
ယဲ့ဖန်က သူ့စကားကြောင့် အူမြူးသွားသည်။
" လူဆိုးဂိုဏ်းဝင်က သက်သေတွေဘာတွေ စပြီးပြောနေတာပါလား "
ယဲ့ဖန်က စကားပြောနေရင်းဖြင့် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
" ခင်ဗျား ရွှယ်ကုန်းကို လာဘ်ထိုးထားတယ်ဆိုတဲ့ သက်သေအထောက်အထား ကျွန်တော့်မှာ ဘာတစ်ခုမှ မရှိဘူး။ ဒါပေမယ့် ခင်ဗျား ကောင်းကျူမင်းရဲ့ မိန်းမနဲ့ သူ့နောက်ကွယ်မှာ ဖောက်ပြန်ပြီး အိပ်နေတယ်ဆိုတဲ့ အထောက်အထားတော့ ရှိတယ်။ ကောင်းလူကြီးမင်းက ဒီကိစ္စကို သိပြီးရင် ခင်ဗျားကို ခွင့်လွှတ်နိုင်လောက်တဲ့ မေတ္တာတရား ရှိပါ့မလားလို့ တွေးမိတယ် "
ထိုစကားကို ပြောပြီးတာနဲ့ ကုတင်ပေါ်မှ လူနှစ်ယောက်ရဲ့ အမူအရာတွေက ချက်ချင်း ပြောင်းလဲသွားကြသည်။
ကောင်းကျူးမင်း၏ ရက်စက်ကြမ်းကြုတ်တတ်ပုံနှင့် သူတို့အကြောင်းကို သူသိသွားပါက သူတို့နှစ်ဦးစလုံးကို ခုတ်ထစ်ပြီး ငါးစာ ကျွေးပစ်လိုက်ပေလိမ့်မည်။
ထိုအမျိုးသမီးက ဝမ်ဟုန်းသ၏လက်ကိုဆွဲကိုင်လိုက်ပြီး ပြောလေသည်။
" ဟုန်းသ၊ အခု ငါတို့ဘာလုပ်သင့်လဲ။ ငါလေ မသေချင်သေးဘူး "
ဝမ်ဟုန်းသက မျက်လုံးပြူးပြီး ထိုမိန်းမကို ရုတ်တရက် တွန်းထုတ်လိုက်သည်။ ထို့နောင်သူက ကျူးရှောင်ကျောင်း၏ ဖုန်းထဲကို လှည့်ကြည့်ကာ ပြောလေသည်။
" ကျွန်တော်က အပြစ်ကင်းပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ကို သွေးဆောင်ခဲ့တဲ့ ဟိုခွေးမရဲ့ အပြစ်တွေပါပဲ။ အဲ့ဒီကောင်မလေးက … မူးနေတုန်း ကျွန်တော့်ကို လှည့်စားခဲ့တာပါ။ ကောင်းလူကြီးမင်းအပေါ်ထားရဲ့ ကျွန်တော့်ရဲ့ သစ္စာစောင့်သိမှုက သိသာထင်ရှားပါတယ် "
ထိုအမျိုးသမီးက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
သူမကို အဝေးကိုခေါ်သွားမယ်လို့ ကတိပြုခဲ့တဲ့ အမျိုးသားက မျက်လုံးတစ်မှိတ်အတွင်းမှာပဲ သူမကို သစ္စာဖောက်ခဲ့လေသည်။
ထို့အပြင် သူကသာ သူမနှင့် နီးစပ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်ကို သူမမှတ်ဉာဏ်ထဲမှာ ပြတ်ပြတ်သားသား ရှိနေသေးသည်။
အခုကျမှ ဘယ်လိုဖြစ်ပြီး သူမက သူ့ကို သွေးဆောင်တယ် ဖြစ်သွားရတာလဲ။
ကျူးရှောင်ကျောင်း ဒေါသအရမ်းထွက်ပြီး မျက်နှာပင် ဖြူဖျော့သွားရသည်။
ဒီလောက်အရှက်မဲ့တဲ့လူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။
အခု မားမားမတ်မတ်နဲ့ ရပ်တည်ပြီး တာဝန်ယူပေးရင်တောင် ယောက်ျားတစ်ယောက်အဖြစ် သတ်မှတ်နိုင်သေးသည်။
အခုတော့ ထိုလူက အခက်ကြုံတာနဲ့ သူနဲ့အတူ ချစ်ကြည်နူးခဲ့တဲ့မိန်းမရဲ့လက်ကိုပင် ချက်ချင်း ပြန်ကိုက်ရန် ဝန်မလေးသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယောက်ျားတစ်ယောက် ဒီလို ပြုမူလိမ့်မည်ဟု သူမ မထင်ထားပေ။
ထိုလူက အဆုံးမရှိ အရှက်မဲ့သူဖြစ်ကြောင်း ကျူးရှောင်ကျောင်းသိလိုက်ရသည်။
ယဲ့ဖန်က လှောင်ပြုံး ပြုံးလိုက်သည်။
" ဘယ်သူက အရင် သွေးဆောင်ခဲ့ပါစေ ကောင်းလူကြီးမင်းအတွက် ကွာခြားမှု မရှိပါဘူး။ ခင်ဗျားတို့နှစ်ယောက်ကို ငါးပိသိပ်ပြီး ခွေးကျွေးတဲ့အခါ ခင်ဗျားတို့ ဘယ်သူစခဲ့တယ်ဆိုတာ ထည့်တွေးပေးမှာ မဟုတ်ဘူးလေ "
ဝမ်ဟုန်းသသည် အတော်လေးကို ကြောက်နေပြီဖြစ်သည်။ သူက ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေသည်။
" မင်း...ဘာလိုချင်လို့လဲ "
ယဲ့ဖန်သည် သူ့ခြေထောက်တွေ ချိတ်ထိုင်လိုက်ပြီး စိတ်အေးလက်အေး ကြည့်နေသည်။
" ခင်ဗျားကို ရိုးရိုးသားသားပြောစေချင်တယ်။ ရွှယ်ကုန်းကို ခင်ဗျား ဘယ်လို လာဘ်ထိုးခဲ့တာလဲ။ ကျိုးထယ်ကျွန်းကိုရော ဘယ်လိုသတ်လိုက်တာလဲ။ အဲ့လိုလုပ်ဖို့ ညွှန်ကြားခဲ့တဲ့သူကရော ဘယ်သူလဲ။ ကောင်းကျူမင်းလား၊ ဒါမှမဟုတ် တခြားတစ်ယောက်လား "
ဝမ်ဟုန်းသ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" မင်းဘာတွေပြောနေတာလဲ။ ငါတကယ်မသိဘူး။ ရွှယ်ကုန်းရဲ့ တစ်ဖက်သတ် ဇာတ်လမ်းတွေကိုပဲ မင်း နားထောင်လို့မရဘူး။ ငါသူ့ကိုသိတယ်။ ငါသူနဲ့ ပြဿနာတွေတောင် ရှိခဲ့ဖူးတယ်။ သူက ငါ့ကို မုန်းနေတော့ အခု အခွင့်အရေးယူပြီး ချောက်ချချင်နေတာလို့ ငါထင်တယ်။ ငါပြောသမျှ စကားတိုင်းက အမှန်ပဲ။ လိမ်ပြောရင် အသေဆိုးနဲ့သေပါလိမ့်မယ် "
သူ့စကားတွေက ရိုးသားပုံပေါ်နေပြီး ကျိန်ပင်ကျိန်ဆိုခဲ့သည်။ ထိုပုံစံက တကယ်ကို စိတ်ရှုပ်ထွေးစေခဲ့သည်။
သို့ပေမဲ့ ယဲ့ဖန်သည် ထိုအကွက်ထဲကို လိမ်လိမ်နှင့် အလိမ်ခံမည့်သူ မဟုတ်ပေ။
" ခင်ဗျားကို အခွင့်ရေးပေးခဲ့ပေမယ့် ခင်ဗျားက အဲ့တာကို မယူချင်ဘူးဆိုမှတော့ ကောင်းလူကြီးမင်းဆီကို အကြောင်းကြားပြီး သူ့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ကြရအောင် "
ယဲ့ဖန်က ထိုစကားပြောနေရင်းဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်ဖို့ ပြင်ဆင်လိုက်သည်။
" နေဦး ..... ခဏနေပါဦး "
ထိုပုံစံကိုမြင်ပြီး ဝမ်ဟုန်းသသည် ချက်ချင်း ချွေးအေးတွေပင် ထွက်လာတော့သည်။
" ငါပြောမယ်၊ ငါပြောမယ် "
ယဲ့ဖန်က သူ့ဖုန်းကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။
" အမှန်တိုင်း ပြောတာက ပိုကောင်းလိမ့်မယ်။ ကျွန်တော် ခင်ဗျားကို နောက်ထပ် အခွင့်အရေးတွေ မပေးတော့ဘူး။ ခင်ဗျား ဆက်လိမ်နေသေးတာတွေ့ရင် ကောင်းလူကြီးမင်းကို ချက်ချင်း ဖုန်းဆက်လိုက်မယ် "
ဝမ်ဟုန်းသသည် အလွန်ကြောက်လန့်သွားပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လှုပ်နေသည်။ သူ့အတွေးတွေကို အသိကပ်အောင် အမြန် စုစည်းလိုက်သည်။
" အဲ့တာအမှန်ပဲ၊ ဟုတ်တယ်။ အလောင်းအကဲဖြတ် အစီရင်ခံစာအတုလုပ်ဖို့ ငါက ရွှယ်ကုန်းကို ညွှန်ကြားခဲ့တာ ဟုတ်တယ် ...... "
ထိုမှသာ ယဲ့ဖန်က ပြုံးပြလိုက်သည်။
" ဆက်ပြီး အသေးစိတ်ပြော "
ဝမ်ဟုန်းသသည် ခုခံပြီး အတင်းငြင်းမည့်အကြံ လုံးဝ စွန့်လွှတ်ခဲ့လိုက်ရသည်။
" ဒီနေ့ နေ့လယ်တုန်းက ရွှယ်ကုန်းကို ဆေးရုံမှာတွေ့ခဲ့ပြီးတော့ သူ့ကို အလောင်းရဲ့ သေဆုံးမှုအစီရင်ခံစာကို အတုလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အစတုန်းကတော့ သူက သဘောမတူပေမယ့် ငါက သူ့ကို ငွေ ၁ သန်းပေးမယ်လို့ပြောပြီး ငါပြောတဲ့အတိုင်း မလုပ်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ် ....... "
ကျူးရှောင်ကျောင်းသည် ရိုက်ကူးနေရင်း ယဲ့ဖန်ကို ပျော်ရွှင်စွာ ကြည့်နေသည်။
ယဲ့ဖန် အပြစ်မရှိကြောင်း သက်သေပြရန် နောက်ထပ် အထောက်အထားတစ်ခု ရရှိနေပြီဖြစ်သည်။
အဆုံးစွန်ထိ ရောက်ခဲ့ပေမယ့် ဒီတစ်ယောက်က နည်းနည်းချင်းစီ ချောက်ကမ်းပါးကနေ တွယ်ကပ်တက်လာနိုင်ခဲ့သည်။
သူက တကယ်ကို သန်မာလွန်းလေသည်။
အပိုင်း ( ၅၈၃ )
ပေါ်ပေါက်လာတဲ့ အမှန်တရား
ယဲ့ဖန်သည် ဝမ်ဟုန်းသမှ ရွှယ်ကုန်းအား လာဘ်ထိုးပုံ ဖြစ်စဉ်အစအဆုံးကို နားထောင်ပြီးနောက် ဆက်မေးသည်။
" ခင်ဗျား သူ့ကို လာဘ်ထိုးဖို့ ရှိနေတဲ့ပိုက်ဆံက ဘယ်ကနေ ရလာခဲ့တာလဲ "
ဝမ်ဟုန်းသသည် တစ်ခဏမျှ စဉ်းစားပြီးနောက် အတော်ကြာ တုံ့ဆိုင်းကာ နောက်ဆုံးတွင် နာမည်တစ်ခုကို ပြောလာခဲ့သည်။
" ဟုတ်တယ်... ရှုမင်းချန်က ငါ့ကို ပေးလိုက်တာ "
ယဲ့ဖန်သည် နောက်ထပ် မရင်းနှီးသော နာမည်ကို ကြားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။
" အဲ့ဒီ ရှုမင်းချန်က ဘယ်သူလဲ။ သူက ကျွန်တော့်ကို ဘာလို့ချောက်ချချင်နေရတာလဲ "
" ရှုမင်းချန်... သူက ရီချန်းကျယ်ရဲ့ လက်ထောက်ပါ "
ထိုအကြောင်းပြချက်ကို ယဲ့ဖန် ကြားပြီးနောက် သူ့မျက်နှာတွင် စိတ်သက်သာရာရသွားသည့် အမူအရာ ပေါ်လာသည်။
အခုတော့ အရာအားလုံးဟာ အဓိပ္ပါယ်ရှိလာပြီဖြစ်သည်။
ဒီဇာတ်လမ်းရဲ့နောက်ကွယ်မှ တကယ့်ဆရာကြီးဟာ ရီချန်းကျယ် ဖြစ်နေခဲ့သည်။
သူနှင့် ချောင်ရှင်းဂိုဏ်းမှလူများ ပဋိပက္ခဖြစ်ကြောင်း ရီချန်းကျယ်က ကြားသိခဲ့ရပြီး ဤအဖြစ်အပျက်ကို အသုံးချပြီး သူ့ကို ချောက်ချချင်ခဲ့တာဖြစ်မည်။
ထို့ကြောင့် ရှုမင်းချန်းမှတစ်ဆင့် ဝမ်ဟုန်းသကို ရွှယ်ကုန်းအား လာဘ်ထိုး၍ သေဆုံးမှုအစီရင်ခံစာအတုကို လုပ်ရန်ညွှန်ကြားခဲ့တာဖြစ်သည်။
အဲ့တာကိုတွေးပြီးနောက် ယဲ့ဖန်က ဝမ်ဟုန်းသကို ပြန်ကြည့်လိုက်သည်။
" ရှုမင်းချန်က ခင်ဗျားကို ဘယ်လောက် ပေးခဲ့တာလဲ "
ဝမ်ဟုန်းသက ချီတုံချတုံဖြစ်နေသည်။
" ... သူက ရွှယ်ကုန်းကို ၁ သန်းပေးခိုင်းခဲ့တာ "
ယဲ့ဖန် မထိန်းနိုင်ဘဲ ဟက်ခနဲ အသံပြုလိုက်သည်။
" ခင်ဗျားက ကော်မရှင်ခ ဘာမှမယူဘူးလို့ ပြောနေတာလား။ နောက်မှ ရှုချန်းမင်းကို မေးလို့ မဟုတ်ဘူးဆိုရင် ခင်ဗျား ပြဿနာတက်မယ်။ အဲ့တော့ ခင်ဗျား ဘာကိုမှ ဖုံးကွယ်မထားရင် ပိုကောင်းမယ် "
ဝမ်ဟုန်းသသည် ယဲ့ဖန်ကို ဖုံးကွယ်၍မရမှန်း သိလိုက်သောကြောင့် သူကို အမှန်အတိုင်း ပြောပြရလေသည်။
" သူက ၁၀ သန်းပေးတယ် "
ယဲ့ဖန် အနည်းငယ် ထိတ်လန့်သွားသည်။
" ခင်ဗျားက အဲ့တာနဲ့ အိတ်ထဲကို ၉ သန်း ထည့်လိုက်တာလား။ ခင်ဗျားက တကယ်ကို အမိုက်စားပဲ "
ကုတင်ပေါ်မှ အမျိုးသမီးက ထိုစကားကြားတဲ့အခါ ချက်ချင်း လန့်သွားသည်။
" နင် မကောင်းတဲ့ကောင်။ နင့်မှာ ပိုက်ဆံတွေ အများကြီးရှိနေတာတောင် အခုလေးတင် ဆင်းရဲလို့ဆိုပြီး ငါ့ရှေ့မှာ ငိုပြနေသေးတယ်။ နင့်မှာ ပိုက်ဆံအလုံအလောက်ရှိတဲ့အခါမှ ငါ့ကို အဝေးခေါ်သွားမယ်လို့တောင် ပြောသေးတယ်။ နင့်ပါးစပ်ထဲမှာ အလိမ်အညာတွေချည်းပဲ၊ အမှန်တရားတစ်ခုတောင် ရှိသေးရဲ့လား "
သူမသည် စကားများများပြောလေလေ ဒေါသပိုထွက်လေလေဖြစ်သည်။ သူမသည် ဝမ်ဟုန်းသအပေါ် ခုန်အုပ်ကာ ကုတ်ခြစ် ရိုက်နှက်တော့သည်။
ပြင်းထန်သော လှုပ်ရှားမှုတွေကြောင့် သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော စောင်သည် ချက်ချင်း ပြုတ်ကျသွားကာ သူမ၏ လှပသော ခန္ဓာကိုယ်ကို ပေါ်လွင်လာစေသည်။
ကျူးရှောင်ကျောင်းသည် ရှက်ရှက်ဖြင့် မျက်လုံးများကို အလျင်အမြန် ဖုံးကွယ်လိုက်သည်။
ယဲ့ဖန်ကတော့ သူ့ဘေးနားတွင်ရှိသည့် ကိုယ်လုံးပေါ်မှန်ကိုသာ ကြည့်နေလိုက်သည်။
ဝမ်ဟုန်းသသည် အလွန်စိတ်ဓာတ်ကျနေပြီးဖြစ်ကာ ယခု ထိုအမျိုးသမီး၏ ရိုက်နှက်မှုကို ခံရပြီး သူက ချက်ချင်း စိတ်လွတ်သွားတော့သည်။
သူက ထိုအမျိုးသမီး၏ ဆံပင်ကို ဆောင့်ဆွဲ၍ ပြန်ရိုက်တော့သည်။
မကြာခင်မှာပင် ထိုအမျိုးသမီးသည် သူမ၏အရေပြားများ စုတ်ပြဲပြီး အသားများ ပြဲသွားသည်အထိ ရိုက်နှက်ခံခဲ့ရသည်။
ကျူးရှောင်ကျောင်း ဒေါသထွက်သွားသည်။
သူတို့နှစ်ယောက်လုံးသည် မိန်းမသားတွေဖြစ်တာကြောင့် ထိုအမျိုးသမီးအတွက် အနည်းငယ် သနားမိသွားသည်။
ထိုအမျိုးသမီးနှင့် ခန္ဓာကိုယ်ချင်းပင် ရင်းနှီးခဲ့သော ဝမ်ဟုန်းသသည် ချက်ချင်းပင် ညှာတာမှုမရှိစွာ ရန်လိုသည့်အသွင်ဖြင့် သူမကို ရက်စက်စွာ တိုက်ခိုက်လေသည်။
သူမက အတော်လေး သနားစရာကောင်းနေသည်။
ယဲ့ဖန် သည်းမခံနိုင်တော့ချေ။
" ကောင်းပြီ၊ ခင်ဗျားတို့နှစ်ယောက် နောက်မှ ဖြေရှင်းလို့ရတယ်။ ကျွန်တော့်မေးခွန်းတွေကို အရင်ဖြေပါ "
ဝမ်ဟုန်းသသည် ရပ်လိုက်ပြီး ယဲ့ဖန်ကို တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ မေးပါ "
" ခင်ဗျား၊ ကျိုးထယ်ကျွန်းကို သတ်လိုက်တာလား "
" မဟုတ်ဘူး၊ ကျိုးထယ်ကျွန်းနဲ့ ငါက ညီအစ်ကိုတွေပါ။ အဲ့လိုမျိုးကို ငါ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ ငါက လူမဆန်တာတွေ ဖြစ်ကုန်မှာပေါ့ "
ဝမ်ဟုန်းသက ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်ပြီး ချက်ချင်း ငြင်းလိုက်သည်။
" ရှင်က အစကတည်းက လူမှမဟုတ်တာ။ ကိုယ့်မိန်းမကိုတောင် ဒီလိုလုပ်လို့ရသေးတာပဲ။ ညီအစ်ကိုက ဘာမလို့လဲ "
ကျူးရှောင်ကျောင်းသည် အမှန်အတိုင်း ပြောတတ်သူဖြစ်သည်။ အထောက်အထားတွေ စုဆောင်းချင်လို့သာ မဟုတ်ပါက ဝမ်ဟုန်းသဆီကို အခုချက်ချင်းပြေးသွားပြီး ရိုက်နှက်ပစ်မှာဖြစ်သည်။
ဝမ်ဟုန်းသသည် သူမ၏ ကဲ့ရဲ့ခြင်းကို မခံမရပ်နိုင်ဖြစ်ပြီး ရယ်လိုက်သည်။
" ငါ တကယ်ပဲ ကျိုးထယ်ကျွန်းကို သတ်ခဲ့တာမဟုတ်ဘူး။ ရှုချန်းမင်းက ငါ့ကို လာရှာတော့ သူကသေနေပြီ။ ရှုချန်းမင်း ဒါမှမဟုတ် ရီချန်းကျယ်က အဲ့တာကို လုပ်ခဲ့တာ ဖြစ်နိုင်တယ် "
ယဲ့ဖန်က မေးခွန်းအနည်းငယ် ဆက်မေးသည်။ ဝမ်ဟုန်းသကလည်း ပူးပေါင်းဆောင်ရွက်သည်။ သူသိသမျှနီးပါးကို ပြန်ဖြေလေသည်။
"ကောင်းပြီ၊ ခင်ဗျားရဲ့အဖြေတွေကို ကျွန်တော် အရမ်းကျေနပ်တယ်။ ခင်ဗျား ကျွန်တော့်အတွက် ဒီနေ့ပြောခဲ့တဲ့အတိုင်း တရားရုံးမှာလည်း အရာရှိကို သက်သေခံပြီး ပြန်ပြောနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ယဲ့ဖန်သည် စစ်ဆေးမေးမြန်းမှုကို အဆုံးသတ်ပြီးနောက် ဖြည်းညှင်းစွာထလိုက်သည်။
" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ယဲ့လူကြီးမင်း လိုအပ်သရွေ့ ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ "
ဝမ်ဟုန်းသသည် ပါးစပ်အဖြစ်သာ သဘောတူသော်လည်း သူ့စိတ်ထဲတွင်တော့ လူသတ်ရန် ရည်ရွယ်ချက်များ ပေါ်ပေါက်လာခဲ့သည်။
ရီချန်းကျယ်ကို ပြဿနာရှာလိုက်မှတော့ သေတွင်းရှာတာနဲ့ ဘာကွာတော့မှာလဲ။
ထို့အပြင် ယဲ့ဖန်က သူနှင့် ကောင်းကျူမင်းတို့၏ချစ်သူကြားမှ ဆက်ဆံရေးကိုလည်း သိသွားခဲ့သည်။ မတော်တဆ ပေါက်ကြားသွားခဲ့ရင် သေချာပေါက် သေသွားလိမ့်မည်ဖြစ်သည်။
အခု အကောင်းဆုံးနည်းလမ်းဟာ ဒီကောင်လေးကို သတ်ပစ်ဖို့ပဲဖြစ်သည်။
သူ့စိတ်ထဲတွင် လျှို့ဝှက်စီစဉ်နေခဲ့သည်။
ယဲ့ဖန် ထွက်သွားသည်နှင့် ချက်ချင်း သူ့လူများကို စည်းရုံးပြီး ဒီကောင်လေးကို ဒီညအတွင်း ရှင်းပစ်မည်ဖြစ်သည်။
ယဲ့ဖန်ကတော့ သူ့စိတ်ကို ဘယ်လိုမှ မဖတ်နိုင်ပေ။
သူက ချက်ချင်းထရပ်ပြီး လမ်းလျှောက်သွားသည်။
" ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ညီအစ်ကိုကို သစ္စာဖောက်ပြီး သူ့မိန်းမနဲ့ နောက်ကွယ်မှာ ဖောက်ပြန်အိပ်နေတဲ့အတွက် အဲ့လိုတောင် မလုပ်နိုင်မှာကို စိုးရိမ်မိတယ်။ အဲ့လိုတောင် လုပ်ရဲ့တဲ့ ခင်ဗျားရဲ့ စိတ်ဓာတ်ကို ဘယ်လိုလုပ်ယုံရမှာလဲ။ ဒီတော့ ကိစ္စတစ်ခုအတွက် ခင်ဗျား ကျွန်တော်နဲ့ ပူးပေါင်းပေးဖို့ လိုတယ် "
" ဘာကို ပူးပေါင်းရမှာလဲ"
ဝမ်ဟုန်းသသည် ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ယဲ့ဖန်က ဘာမှပြန်မပြောပေ။ ထို့နောက် ဝမ်ဟုန်းသ၏ပါးစပ်ကို ဖွင့်လိုက်ပြီး သကြားလုံးတစ်လုံးကို ထိုးထည့်လိုက်သည်။
ထို့နောက် တစ်ဖက်လူ ထိတ်လန့်နေချိန်တွင် ဝမ်းဗိုက်ကို ငွေအပ်ဖြင့် လျှို့ဝှက်စွာ ထိုးလိုက်သည်။
ဝမ်ဟုန်းသသည် သကြားလုံးဝင်သွားပြီးနောက် သူ့လက်ချောင်းတွေကို သူ့လည်ချောင်းထဲ အမြန်ထည့်ပြီး နှိုက်ထုတ်လေသည်။
အချိန်အတော်ကြာအောင် နှိုက်ထုတ်သော်လည်း ဘာမှ ထွက်မလာပေ။ သူက ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေသည် ။
" မင်း ငါ့ကို ဘာကျွေးလိုက်တာလဲ "
ယဲ့ဖန်က ရွှယ်ကုန်းကို ပြောခဲ့သည့်အတိုင်း ပြောလိုက်သည်။
" ဒါကို ခုနစ်ရက်စိတ်ဝိဉာဉ်စားဆေးလို့ခေါ်တယ်။ ကျွန်တော် လျှို့ဝှက်လုပ်ထားတဲ့ အဆိပ်ပဲ။ ခုနစ်ရက်အတွင်း အဆိပ်ဖြေဆေးမရရင် ခင်ဗျားရဲ့ခန္ဓာကိုယ် အပေါက်ခုနစ်ပေါက်ကနေ သွေးထွက်ပြီး သေလိမ့်မယ်... ခင်ဗျား ကျွန်တော့်ကိုမယုံရင် အသက်အောင့်ကြည့်လိုက် "
ဝမ်ဟုန်းသသည် ချက်ချင်း အသက်ရှုကြပ်သွားသည်။ သူ့ဝမ်းဗိုက်တွင်လည်း စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်းယုံကြည်ကာ ယဲ့ဖန်ဆီမှ ကရုဏာကို တောင်းခံခဲ့သည်။
" အမလေး…အဘိုးလေးယဲ့၊ ဒါက ဘာကိုဆိုလိုတာလဲ။ ငါ မင်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ကျေးဇူးပြုပြီး ဖြေဆေးပေးပါဦး "
ယဲ့ဖန်ကတော့ မတုန်မလှုပ်သာ ရှိနေသည်။
" ခင်ဗျားရဲ့ ကတိနဲ့ ယှဉ်ရင် ကျွန်တော့်ရဲ့ ခုနစ်ရက်စိတ်ဝိဉာဉ်စားဆေးကို ပိုယုံတယ်။ ဒီခုနစ်ရက်အတွင်း ကျွန်တော်ဘေးကင်းပြီး လုံခြုံဖို့ ခင်ဗျားဆုတောင်းတာက ပိုကောင်းမယ်။ မဟုတ်ရင် ခင်ဗျားကို ကျွန်တော်နဲ့အတူတူ သင်္ဂြိုဟ်နေရလိမ့်မယ် "
ထို့နောက် ကျူးရှောင်ကျောင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
" သွားကြရအောင် "
ကျူးရှောင်ကျောင်းကလည်း ချက်ချင်း သူမဖုန်းကို ပိတ်လိုက်ပြီး အခန်းထဲကနေ အတူတူ ထွက်လာခဲ့သည်။
ဝမ်ဟုန်းသသည် သူ့ဝိညာဉ်ကို စုပ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထို့နောက် အားတစ်စက်မှ မရှိတော့သကဲ့သို့ ခေါင်းအုံးကို ချက်ချင်း မှီလိုက်သည်။
ယဲ့ဖန်ကို လွှတ်ထားရမှာလား။
ကောင်းသူဌေးကရော သူ့နောက်ကို လိုက်နေမှာလား။
ရီချန်းကျယ်က သူ့ကို သတ်မှာလား။
လမ်းသွားရင်းနဲ့ တစ်ခုခုဖြစ်သွားမှာလား။
အစာစားရင် လည်ချောင်းနာမှာလား။
သူ့တစ်သက်မှာ တစ်ယောက်ယောက်ကို ဒီလောက် တစ်ခါမှ စိတ်မပူခဲ့ဖူးပေ။
သူ့မိဘတွေအတွက်တောင် သူ စိတ်ပူတာမျိုးလည်းမရှိပေ။
အခုတော့ ထိုလူတွေကြောင့် တစ်လှည့်စီ စိတ်ပူပန်နေရသည်။
အပိုင်း ( ၅၈၄ )
နင်တို့ ယောက်ျားတွေ အကုန်လုံးက မကောင်းတဲ့ဟာတွေချည်းပဲ
သူတို့နှစ်ယောက် ဗီလာထဲက ထွက်လာချိန်တွင် ကျူးရှောင်ကျောင်းဆီကို နောက်ထပ်ဖုန်းဝင်လာသည်။
ထို့နောက် သူမသည် ရှုမင်းချန်၏ နေရပ်လိပ်စာကို လက်ခံရရှိခဲ့သည်။
သူတို့နှစ်ယောက် ချက်ချင်း ကားပေါ်တက်ပြီး ရှုမင်းချန်၏ အိမ်ဆီသို့ ကားဖြင့် အပြေးမောင်းသွားကြသည်။
သွားနေသည့်လမ်းတွင် မကျေမနပ် ဖြစ်နေသေးသည့် ကျူးရှောင်ကျောင်းက ဒေါသတကြီး အော်ဆဲလေသည်။
" ဝမ်ဟုန်းသက တကယ့်အယုတ်တမာပဲ။ ဟိုအမျိုးသမီးကလည်း လူကောင်းတော့ မဟုတ်ပေမဲ့ သစ္စာရှိသေးတယ်လေ။ ပြဿနာက အလောတကြီးဖြစ်နေတာကြောင့်သာ မဟုတ်ရင် သူ့ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပလိုက်ချင်တာ "
ကားမောင်းရင်း ယဲ့ဖန် ပြုံးလိုက်သည်။
" လူဆိုးတွေကို လူဆိုးတွေကပဲ နှိပ်စက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ့လိုလူတွေကလည်း ကောင်းမွန်တဲ့အဆုံးသတ်ကို ရမှာ မဟုတ်ပါဘူး "
ကျူးရှောင်ကျောင်းက ဒေါသကြီးနေဆဲဖြစ်သည်။
" ဟိုအမျိုးသမီးက သနားပါတယ်။ အရင်ဆုံး ကောင်းကျူမင်းနဲ့ တွေ့တော့ကျ လွတ်လပ်ခွင့်မပေးဘဲ အိမ်မှာပဲ ပိတ်လှောင်ခံထားရတယ်။ အခုကျတော့ ဟိုယုတ်မာတဲ့သူကို ကြုံရပြန်ရော။ အန္တရာယ်ကြုံလာတော့ သူမကို မကာကွယ်ပေးတဲ့အပြင် သူမကိုတောင် သစ္စာဖောက်ခဲ့သေးတယ်။ နင်တို့ ယောက်ျားတွေက တကယ်ကို မကောင်းဘူး "
ယဲ့ဖန်က ချက်ချင်း ညည်းတွားလိုက်သည်။
" မင်း သူတို့ကို ကဲ့ရဲ့ချင်ရင် သူတို့ကို ကဲ့ရဲ့လိုက်ပေါ့။ ဘာလို့ အကုန်လုံးကို သိမ်းကြုံးပြီး ပြောနေရတာလဲ။ အနည်းဆုံးတော့ ကိုယ်က သူတို့နဲ့ မတူဘူး "
ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေသည်။
" နင်လည်း လူကောင်းမဟုတ်ဘူး "
ယဲ့ဖန်က သူမကို မကျေမနပ် စိုက်ကြည့်နေသည်။
" ကိုယ်က ဘယ်လိုဖြစ်လို့ လူကောင်းမဟုတ်ဘူးလဲ "
ကျူးရှောင်ကျောင်းကလည်း သူမ၏လှပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
" ခုနက ခြံထဲမှာ နင်ငါ့ကို ဘာလုပ်ခဲ့လဲ နင် မသိဘူးလား "
" အဟွတ် အဟွတ် ..... "
ယဲ့ဖန်သည် ချက်ချင်းပင် အပြစ်ရှိသလို ချောင်းဆိုးလိုက်ပြီး ပြတင်းပေါက်ကနေ အပြင်ကို လှည့်ပြီး လှမ်းကြည့်လိုက်သည်။
" ဒီနေ့ လက တကယ်ကို လုံးဝန်းနေတာပဲ "
ကျူးရှောင်ကျောင်း အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်က ပိတ်ပိတ်မှောင်နေပြီး လက ဘယ်ဆီနေမှန်း မသိရပေ။
သို့သော် ယဲ့ဖန်၏ ရှက်ရွံ့နေသော အခြေနေကို မြင်လိုက်ရသဖြင့် သူမ တိတ်တဆိတ် ကျေနပ်သွားသည်။
ယဲ့ဖန်သည် ဝမ်ဟုန်းသကို စစ်ဆေးမေးမြန်းနေချိန်တွင် တည်ငြိမ်ပြီး ဩဇာပြင်းတဲ့သူတစ်ယောက်အသွင်ရှိလေသည်။
သူ့လက်ထဲတွင် ဉာဏ်ပညာပုလဲရှိသည့် ပညာရှင်တစ်ယောက်၏ အရိပ်အယောင်လည်းရှိသည်။
ဒီလိုသနားစရာကောင်းတဲ့ ပုံစံမျိုး ယဲ့ဖန်ဆီမှာ တွေ့ရခဲလေသည်။
သို့သော်လည်း မြက်ခင်းပြင်မှာတုန်းက ယဲ့ဖန် ပုံစံကို တွေးလိုက်တဲ့အခါ ထိုအတွေးက သူမခန္ဓာကိုယ်ကို ထုံသွားစေသည်။
ကားပေါ်မှ လေထုသည် ချက်ချင်းပင် ထူးဆန်းလာသည်။
ကံကောင်းထောက်မစွာဖြင့် ရှုမင်းချန်၏အိမ်သည် သိပ်မဝေးပေ။ နာရီဝက်ကြာတဲ့နောက် သူ့ရပ်ကွက်ထဲသို့ ရောက်လာသည်။
ဒီရပ်ကွက်သည် အထူးအဆင့်မြင့်သည်ဟု ယူဆမရပေ။ အစောင့်များသည်လည်း အသုံးမဝင်ကြပေ။
ယဲ့ဖန်တို့နှစ်ယောက်သား ဘာအတားအဆီးမှ မကြုံခဲ့ဘဲ ပေါ်ပေါ်ထင်ထင် ဝင်လာကြသည်။
ယဲ့ဖန်သည် ရှုမင်းချန်၏ အိမ်အပြင်ဘက်တွင် ကားကိုရပ်လိုက်ပြီး ပြတင်းပေါက်မှ ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ခဲ့သည်။
ရှုမင်းချန်သည် တိုက်တစ်ခု၏ စတုတ္ထထပ်တွင် နေထိုင်သည်။ ထိုအချိန်တွင် သူ့အိမ် ပြတင်းပေါက်မှ မီးရောင်များ လင်းထိန်နေသည်။ အိမ်မှာ တစ်စုံတစ်ယောက်ရှိနေသည်မှာ ထင်ရှားသည်။
တံခါးကို တွန်းဖွင့်ပြီး ကားထဲက ဆင်းတော့မည့်အချိန်တွင် အနက်ရောင်အကျီ ဝတ်ထားသော အမျိုးသားတစ်ဦးက ထိုတိုက်ဆီသို့ လျင်မြန်စွာ လျှောက်လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုလူသည် အလွန်သတိရှိလှသည်။ ပတ်ပတ်လည်ကိုလည်း အသေအချာ လှမ်းကြည့်သည်။
သူက ထူးထူးခြားခြား ဘာမှမတွေ့တဲ့အခါ စင်္ကြံထဲကို အမြန်ဝင်လိုက်သည်။
ယဲ့ဖန် ထိုမြင်ကွင်းကြောင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူ့ဆီမှ လူသတ်ချင်တဲ့ အရိပ်အယောင်ကို ယဲ့ဖန် ခံစားလို့ရသည်။
ကိုယ်ခံပညာကို လေ့ကျင့်ထားသူဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားမြင်နိုင်သည်။
ထိုသို့သောလူက ဘာကြောင့် ဒီလိုသာမန်လူနေအိမ်အဆောက်အဦးတစ်ခုမှာ ပေါ်လာရတာလဲ။
သူက .... မဖြစ်နိုင် ..... သူက ရှုမင်းချန်ဆီ လာတာများလား။
အဲ့တာကိုတွေးပြီး ယဲ့ဖန် ကျူးရှောင်ကျောင်း ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" မင်း ကားထဲမှာ အရင်နေခဲ့။ ကိုယ် တစ်ယောက်တည်း သွားကြည့်လိုက်ဦးမယ် "
ကျူးရှောင်ကျောင်းက စိတ်မချမ်းမသာဖြစ်သွားသည်။
" ဘာလို့လဲ။ ငါလည်းလိုက်ချင်တယ် "
သူမသည် ဒီနေ့ ယဲ့ဖန်နှင့်အတူ အလွန်စိတ်လှုပ်ရှားစရာကောင်းသော အချိန်တွေကိုရရှိခဲ့သည်။
ဒီလိုပျော်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူမ မေ့နေခဲ့သည်။ အဲ့လိုပျော်ရမည့်ကိစ္စအား သူမကိုမခေါ်ဘဲ ပစ်ထားခဲ့မည်ကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။
ယဲ့ဖန်က ထိုခိုးကြောင်ခိုးဝှက် ဝင်လာတဲ့သူကို ညွှန်ပြလိုက်သည်။
" အဲ့ဒီလူက ရှုမင်းချန်ဆီကို လာရှာတာလို့ ကိုယ် သံသယရှိတယ်။ အထဲမှာ အန္တရာယ်ရှိနိုင်တာဆိုတော့ မင်းဒီမှာနေပြီး ဘယ်မှမသွားဘဲနေတာက ပိုကောင်းတယ် "
ကျူးရှောင်ကျောင်း၏ မျက်လုံးများ တောက်ပလာသည်။
" အန္တရာယ်များတာလား။ အဲ့တာက ပိုပျော်စရာကောင်းတယ်။ နင် ငါ့ကို အဲ့ဒီကို ခေါ်သွားရမယ် "
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ခါးသက်သက် ပြုံးလိုက်သည်။
ဒီမိန်းကလေးက တကယ်ကို ထူးဆန်းလေသည်။
တခြားသူတွေက အန္တရာယ်ရှိတယ်လို့ ကြားတဲ့အခါ ပုန်းဖို့တောင် အချိန်မလောက်ကြပေ။
သို့သော် သူမကတော့ အန္တရာယ်ဆီ ပြေးသွားဖို့ ရွေးချယ်ခဲ့သည်။
" ဘယ်လိုလဲ။ သဘောတူလား။ နင် သဘောမတူရင် 'ယဲ့ဖန်က ရှင့်ကိုဖမ်းဖို့ ဒီကိုရောက်နေပြီ၊ မြန်မြန်ပြေး' လို့အော်လိုက်မယ် "
သူမက အသံကို လျှော့ပြီး အော်ဟန်ပြုသည်။ သူမကို ကြည့်ရတာ နည်းနည်းချစ်စရာကောင်းလေသည်။
ယဲ့ဖန်လည်း သူမကို တားရန် နည်းလမ်းမရှိတာကြောင့် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လက်ခံလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
" ဒါဆို မင်း ကိုယ့်နောက်ကနေ လိုက်ရမယ်။ ကိုယ့်နားကနေ ထွက်သွားလို့မရဘူး၊ ကြားလား "
ကျူးရှောင်ကျောင်းမှ နာခံစွာ ခေါင်းညိတ်လိုက်သည်။
" အင်းပါ၊ ငါ နင့်စကားနားထောင်ပါ့မယ် "
ယဲ့ဖန်က တခြားဘာမှ မပြောတော့ပေ။ တံခါးကို တွန်းဖွင့်ပြီး ကားထဲက ဆင်းလိုက်သည်။
ကျူးရှောင်ကျောင်းကလည်း ချက်ချင်း အနောက်မှလိုက်လာခဲ့သည်။
သူတို့နှစ်ဦးသည် စင်္ကြံထဲသို့ဝင်လာသည့်အခါ အသံမထွက်စေရန် ခြေလှမ်းတွေကို တမင် အရှိန်လျှော့လိုက်ကြသည်။
ကျူးရှောင်ကျောင်းက လေ့ကျင့်ရေးမရှိသည်မှာ ထင်ရှားသည်။
တတိယထပ်သို့ ရောက်သောအခါ သူမ ချွေးတွေ စီးကျနေပြီဖြစ်သည်။
သို့သော်လည်း သူမက သူမကိုယ်သူမ ထိန်းချုပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
ယဲ့ဖန်က သွားနေတာကို ရပ်လိုက်ပြီး ခေါင်းတိုးကာ ချောင်းကြည့်လိုက်သည်။
ထိုအခါ အခန်း ၄၀၂ ရှေ့တွင် ရပ်နေသော လေကာအင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရပြီး ထိုလူက တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။
" အပြင်က ဘယ်သူလဲ "
အထဲမှ လူတစ်ယောက်၏ အသံထွက်လာသည်။
ထို လေကာအင်္ကျီဝတ်ထားသော အမျိုးသားက ချက်ချင်းပင် ရည်မွန်သောလေသံဖြင့် ပြန်ဖြေသည်။
" အစ်ကိုရှု၊ ငါ ရှောင်ဖေးပါ။ သခင်ငယ်လေးရီက အစ်ကို့ကို တစ်ခုခု ပေးခိုင်းလိုက်လို့ "
ထိုအခါ အခန်းတံခါးက အမြန်ပွင့်လာပြီး သူ့ခေါင်းတစ်ဝက်လောက်က ပေါ်လာသည်။
" ရှောင်ဖေးပါလား။ မြန်မြန်ဝင်ပါ "
ထိုလူက စကားပြောနေရင်း လေကာအင်္ကျီ ၀တ်ထားသောသူကို အထဲသို့ ဝင်ခွင့်ပေးလိုက်သည်။ ထို့နောက် အပြင်ဘက်သို့ ဝေ့ဝိုက်စစ်ဆေး ကြည့်ပြီးတဲ့နောက်မှ တံခါးကို ပိတ်လိုက်သည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့က ချက်ချင်း အခန်း ၄၀၂ တံခါးဝသို့ လျှောက်လာကာ အတွင်းမှ လှုပ်ရှားမှုများကို ဂရုတစိုက် နားစိုက်ထောင်နေသည်။
အခု တံခါးလာဖွင့်ပေးသူက ရှုမင်းချန် ဖြစ်လိမ့်မည်။
ရီချန်းကျယ်က ဘာလို့ သူ့ကို ရှာဖို့ ဒီလောက်ညဥ့်နက်မှ လူလွှတ်လိုက်တာလဲဆိုတာ ယဲ့ဖန် မသိပေ။
လုံခြုံရေးတံခါး၏ အသံလုံစနစ်သက်ရောက်မှုကြောင့် ယဲ့ဖန်တို့နှစ်ဦးသား အချိန်အတော်ကြာ တံခါးနား ကပ်နားထောင်ခဲ့ကြသော်လည်း အတွင်းထဲမှ စကားပြောနေသည့် အကြောင်းအရာတွေကို မကြားရပေ။
" အခု ငါတို့ ဘာလုပ်သင့်လဲ "
ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။
ယဲ့ဖန်သည် မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးလိုက်မိသည်။
လက်ရှိအချိန်တွင် အခန်းအတွင်းထဲမှ အခြေအနေကို အတိအကျ မသိရသလို အထဲထဲတွင် လူမည်မျှ ရှိနေသည်ကိုလည်း မသိရပေ။ ထို့ကြောင့် အလျင်စလို မလုပ်ဆောင်တာက ပိုကောင်းပေမည်။
ထို့အပြင် ဤလုံခြုံရေးတံခါးသည် အပြင်ဘက်မှ ဖောက်ထွင်းရန် အလွန်ခက်ခဲလေသည်။ ဝင်ချင်ရင်ပင် တခြားနည်းလမ်းကို စဉ်းစားရပေမည်။
တန်ပြန်အစီအမံကို တွေးနေစဉ်အတွင်း အခန်းထဲမှ ရှုမင်းချန်၏ ဒေါသထွက်နေသော အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" မန်းဖေး မင်း ဘာလုပ်နေတာလဲ။ မလုပ်နဲ့ ..... "