← Chapters

အပိုင်း ၅၈၅-၅၈၈

Vol. 30 Ch. 585-588

အပိုင်း ၅၈၅-၅၈၈

Vol. 30 Ch. 585-588

အပိုင်း ( ၅၈၅ )

တောင်းပန်ပါတယ်၊ ဒါပေမဲ့ သတ်ရမယ်

ထိုအချိန်၊ ရှုမင်းချန်၏ အိမ်ထဲတွင်။

ရှုမင်းချန်၏ ဇနီးသည် သွေးအိုင်ထဲတွင် လဲလျောင်းနေပြီဖြစ်သည်။

သူမ၏လည်ပင်းတွင် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ရှိနေပြီး သူမ၏ မျက်နှာသည်လည်း မယုံနိုင်စရာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

သူမသည် ဧည့်သည်တွေအတွက် လက်ဖက်ရည်ဖျော်ဖို့ ပြင်ဆင်နေခဲ့သည်။

သို့သော် သူမလှည့်ကြည့်လိုက်သည့်အချိန်တွင် သူမနှင့် ရင်းနှီးသော မန်းဖေးသည် သူ့အိတ်ကပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ရုတ်တရက် ထုတ်ယူလိုက်ပြီး အသက်ကို နှုတ်ယူသွားမည်ဟု သူမတွေးခဲ့ဖူးပေ။

ရေခဲကဲ့သို့ အေးစက်သောဓားသည် သူမ၏လည်ချောင်းကို ဖြတ်လိုက်သောအခါ သူမ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

ရှုမင်းချန်သည် သူ့ဇနီးသေဆုံးမှု ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရပြီး အတော်ပင် ထိတ်လန့်သွားခဲ့ရသည်။

မန်းဖေးသည် ဖြည်းဖြည်းချင်း လှည့်လာပြီး သွေးစွန်းနေသော ဓါးဖျားကို လျှာဖျားဖြင့် လျက်လိုက်သည်။

" ဒီတစ်ခါ အစ်ကို့အလှည့်ပဲ "

သူ့ပါးစပ်တွင် ရဲရဲတောက်နေသော သွေးများဖြင့် စွန်းထင်းနေသောကြောင့် အလွန်ကြောက်စရာကောင်းသည့်ပုံ ပေါ်နေသည်။

ရှုမင်းချန် ရုတ်တရက် တုန်လှုပ်သွားသည်။

" မန်းဖေး... မင်းဘာကိုဆိုလိုတာလဲ။ ငါတို့က ညီအစ်ကိုတွေပါ။ မင်း ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ ...... "

မန်းဖေးက သူဆီကို တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

" ဟုတ်တယ်၊ ကျွန်တော်တို့က အကောင်းဆုံးညီအစ်ကိုတွေပါ။ တောင်းပန်ပါတယ်၊ ဒါပေမယ့် အစ်ကို့ကို သတ်ရမယ် "

ရှုမင်းချန်သည် အလွန်ထိတ်လန့်သွားပြီး နောက်သို့ လဲကျသွားသည်။

" ဘာလို့ ဒီလိုလုပ်ရတာလဲ။ ငါ မင်းကို အရင်က ပြဿနာရှာဖူးတယ် မထင်ဘူး၊ ဟုတ်တယ်မလား "

" ကျွန်တော့်ကို တကယ်ပဲ မစော်ကားဖူးပါဘူး။ အစ်ကို့အသက်ကို လိုချင်တာက ရီသခင်လေးပဲ "

မန်းဖေးက ဘာမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြသည်။

" ရီသခင်လေးလား၊ ရီသခင်လေးက ငါ့ကို သတ်ချင်နေတာလား။ ဘာလို့လဲ။ ငါ သူ့အပေါ် သစ္စာရှိပါတယ်။ ဘာလို့ ငါ့ကိုသတ်ချင်ရတာလဲ "

ရှုမင်းချန်က သူ့စကားကြားကို ကြားတဲ့အခါ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး ထွက်ပြေးဖို့ပင် မေ့နေသည်။

" ဘာလို့လဲဆိုတော့ ခင်ဗျားက လျှို့ဝှက်ချက်တွေ အများကြီးကို သိနေလို့ပဲ။ ရီသခင်လေးက လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကို စိတ်ပူတော့ သူက ခင်ဗျားကို လုံးဝ နှုတ်ပိတ်ထားစေချင်တာ "

မန်းဖေးက သူ့မေးခွန်းအားလုံးကို ပြန်ဖြေသည်။ တစ်ဖက်က သေလူဖြစ်နေပြီမို့ ထိန်းထားစရာ မလိုတော့ဘူးဟု ထင်နေတာဖြစ်မည်။

" ရီသခင်လေး ငါ့အပေါ်ထားတဲ့ ကရုဏာက တောင်တန်းတွေလို ခိုင်မာပါတယ်။ အဲ့တာကြောင့် ငါသေသွားရင်တောင် အဲ့ဒီလျှို့ဝှက်ချက်တွေကို ငါပြောပြမှာမဟုတ်ဘူး "

ရှုမင်းချန် ရုန်းကန်နေရဆဲဖြစ်သည်။

" ရီသခင်လေးအတွက်တော့ သေပြီးသူတွေသာကပဲ လျှို့ဝှက်ချက်တွေကို ထာဝစဉ် သိမ်းဆည်းထားနိုင်တယ်တဲ့။ အစ်ကိုရှု တောင်းပန်ပါတယ် "

မန်းဖေးသည် ပြောပြီးသည်နှင့် အချိန်ဖြုန်းမနေတော့ဘဲ ဓားမြှောင်ကိုင်ပြီး လျှောက်သွားလိုက်သည်။

ရှုမင်းချန်၏ အနောက်တွင် မီးဖိုချောင်ရှိသည်။

သူက ရုတ်တရက် လှည့်ပြီး အထဲကို ပြေးဝင်သွားသည်။ ထို့နောက် မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မန်းဖေးကို လှည့်ပြီး ခြိမ်းခြောက်လိုက်သည်။

" မလာနဲ့။ မဟုတ်ရင် ငါ့ကို ရိုင်းတယ်မပြောနဲ့ "

မန်းဖေးက သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားကို အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။

" အစ်ကိုရှု၊ ခင်ဗျား ကျွန်တော့်ရဲ့အစွမ်းအစကို သိမှာပါ။ တောင့်ခံနေလို့ အကျိုးရှိမယ်လို့ ထင်နေလား "

မန်းဖေးသည် ရီချန်းကျယ်၏ နံပါတ်တစ် တိုက်ခိုက်ရေးသမားဖြစ်ကြောင်း ရှုမင်းချန် ကောင်းမွန်စွာသိသည်။

အရင်က မန်းဖေးသည် နိုင်ငံခြား မြေအောက်လက်ဝှေ့ပွဲများတွင် မရေမတွက်စွာ နိုင်ဖူးပြီး လူများစွာကို အသေအလဲထိုးသတ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ရီချန်းကျယ်က မန်းဖေးကို သူ့ရဲ့ကိုယ်ရံတော်အဖြစ် ခန့်အပ်ဖို့ ပိုက်ဆံအများကြီးသုံးငှားခဲ့သည်။

သူ့မီးဖိုချောင်သုံးဓားက သူ့ကိုတားဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အဲ့တာကိုတွေးပြီး မီးဖိုချောင်သုံးဓားကို အမြန်ပစ်ချကာ မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။

" ညီလေးမန်းဖေး၊ ငါတို့ ညီအစ်ကိုသံယောဇဉ်ဆိုတာကို ထောက်ထားပြီး ငါ့အသက်ကို ချမ်းသာပေးဖို့ မင်းကို ငါတောင်းပန်ပါတယ်။ ငါ့ပိုက်ဆံအားလုံးကိုလည်း မင်းကို ငါပေးနိုင်တယ်။ ပြီးတော့ ငါထာဝရပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်ပေါ်လာမှာ မဟုတ်ဘူး "

မန်းဖေးသည် သူ့တောင်းဆိုမှုများကို ဂရုမစိုက်ဘဲနေခဲ့သည်။

" တောင်းပန်ပါတယ် အစ်ကိုရှု။ ခင်ဗျားကို လွှတ်ပေးလိုက်ရင် သခင်လေးက ကျွန်တော့်ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျား သေရမယ် "

သူက စကားပြောနေရင်း ဓားမြှောင်ကို ခေါင်းပေါ်သို့ ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ရှုမင်းချန်သည် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။

ထိုကဲ့သို့ အင်အားကြီးသောရန်သူကို ရင်ဆိုင်ရန် သတ္တိမရှိတာကြောင့် မျက်လုံးမှိတ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

သူ့မျက်လုံးများကိုမှိတ်ထားသော်လည်း မန်းဖေး၏ ဓားမြှောင်သည် သူ့ထံသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

သေခြင်းတရားသည်လည်း တဖြည်းဖြည်း နီးကပ်လာလေသည်။

ထိုအချိန်တွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားသည်။

မန်းဖေးသည် သူ့မျက်လုံးရှေ့တွင် အလင်းတန်းတစ်ခု ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။

ခွမ်း

ထိုအလင်းရောင်က နံရံကို ရိုက်မိသွားသည်။ တကယ်တော့ ထိုအရာဟာ ဖန်ခွက်တစ်ခုဖြစ်သည်။

ချက်ချင်းပင် ဓားမြှောင်ကို ကိုင်ထားသည့် သူ့လက်ကောက်ဝတ်မှ သွေးများ ထွက်ကျလာသည်။

ဓားမြှောင်ကို ဆက်မကိုင်နိုင်တော့ဘဲ ချွမ်ခနဲ ဓားက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

မန်းဖေး အံ့သြသွားပြီး လှည့်ကြည့်လိုက်သည့်အခါ ပြတင်းပေါက်မှတဆင့် လူတစ်ယောက် 'ခုန်ပျံသန်း' ဝင်လာသည်ကို မြင်လိုက်ရသည်။

သေခြင်းတရားမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော ရှုမင်းချန်သည် ချက်ချင်းပင် အဆုတ်သံဖြင့် အော်ဟစ်အကူအညီတောင်းသည်။

" ကူညီပါဦး "

မန်းဖေး ဂရုမစိုက်နိုင်ပေ။

သူသည် မြေကြီးပေါ်ရှိ ဓားမြှောင်ကို နောက်လက်တစ်ဖက်ဖြင့် အမြန်ကောက်ကိုင်ကာ ရှုမင်းချန်ဆီသို့ ပြေးသွားပြန်သည်။

ဘာလိုပဲဖြစ်စေကာမူ သူသည် သခင်လေး ပေးထားသည့် တာဝန်ကို အရင်ပြီးအောင် လုပ်ရပေမည်။

ရှုမင်းချန်သည် သူ့မျက်လုံးများကိုမှိတ်ထားပြီး လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘူးဟု ခံစားမိသောကြောင့် သေခြင်းတရားကို စောင့်ဆိုင်းခဲ့သည်။

သို့သော် အခုအချိန်တွင်တော့ သူ မျှော်လင့်ချက်ရောင်ခြည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ဘာလို့ သေခြင်းတရားကို ထိုင်စောင့်နေရတော့မှာလဲ။

သူက အမြန်လှိမ့်ပြီး ရှောင်ပြေးဖို့ တွားသွားလိုက်ပေမယ့် သူ့လက်မောင်းကို မန်းဖေးရဲ့ ဓားမြှောင်က ဖြတ်မိသွားသည်။

ဒဏ်ရာက အရမ်းနက်ပြီး သွေးတွေ ချက်ချင်း စီးကျလာသည်။

သို့သော် ရှုမင်းချန်သည် ဂရုမစိုက်နိုင်ဘဲ ပြတင်းပေါက်နားမှ လူရှိရာသို့ ဆက်လက်တွားသွားနေခဲ့သည်။

မန်းဖေးသည် ပထမဆုံးတိုက်ခိုက်မှုကို လွဲချော်ခဲ့ပြီးနောက် ဆက်လက်တိုက်ခိုက်ဖို့ လုပ်ခဲ့သည်။

သို့သော် ထိုအချိန်တွင် မဖိတ်ကြားထားသော ဧည့်သည်က ပြေးဝင်လာပြီး သူ့လက်ကောက်ဝတ်ကို ကန်ထည့်လိုက်သည်။

ထိုအခါ ဓားမြှောင်က လွင့်ထွက်သွားပြီး အိမ်မျက်နှာကြက်ပေါ်သို့ ထိုးစိုက်သွားသည်။

အပိုင်း ( ၅၈၆ )

မင်းမကြင်နာရင် ငါ့အပေါ်မတရားဘူးလို့ အပြစ်မတင်ပါနဲ့။

မန်းဖေး ဒေါသတကြီးနဲ့ ထိုလူ၏ ခေါင်းကို လှမ်းကန်သည်။

သူက သူ့ခြေထောက် ကန်သည့်နည်းစနစ်ကို အလွန်ယုံကြည်လေသည်။ အလွန်လျင်မြန်ရုံသာမက အလွန်လည်း အားပြင်းအစွမ်းထက်သည်။

သူတိုက်ခိုက်ခဲ့သည့် မြေအောက်တိုက်ပွဲများတွင် မရေမတွက်နိုင်သော လူများက သူ၏ ထိုခြေထောက်တိုက်ကွက်အောက်တွင် အလဲလဲအပြိုပြို ဖြစ်သွားကြသည်။

သို့သော် တစ်ဖက်လူကလည်း လူကောင်းတစ်ယောက်မဟုတ်ပေ။

သူက နောက်ကျောကို မြေပြင်နှင့် အပြိုင်နီးပါး ဖြစ်တဲ့အထိ အမြန်ခါးလှန်ရှောင်လိုက်သည်။

မန်းဖေး ဆက်လက် တိုက်ခိုက်ခြင်းမပြုနိုင်မီတွင် ထိုလူက ခုန်လိုက်ပြီး မျက်နှာကြက်ပေါ်မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

ထို့နောက် သူသည် ပြန်ဆင်းလာသော အရှိန်ဖြင့် မန်းဖေးကို ဓားဖြင့်ထိုးရန် လုပ်သည်။

မန်းဖေးသည် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့မရဲဖြစ်ပြီး အမြန်နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

သို့သော်လည်း တစ်ဖက်သူက မြေပြင်ပေါ်သို့ ခြေပြန်ကျပြီးတဲ့နောက် ခြေထောက်တွေကို အလျင်အမြန်ရွေ့ကာ သူ့နောက်ကျောသို့ ရောက်လာခဲ့သည်။

မန်းဖေး အံ့သြသွားသည်။

တစ်ဖက်သူက ဒီလောက်မြန်လိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

ရှောင်တိမ်းလို့ မရတော့ပြီဖြစ်သည်။

သို့သော် ထိုအချိန်တွင် ဓားမြှောင်ကို သူ့လည်ပင်းတွင် တင်ထားပြီးဖြစ်သည်။

" မလှုပ်နဲ့။ မသေချင်ရင် ငြိမ်ငြိမ်နေလိုက် "

မန်းဖေးသည် မလှုပ်ရဲတော့ပေမဲ့ သူ့စကားတွေက တင်းမာနေဆဲဖြစ်သည်။

" သူငယ်ချင်းလေး၊ မင်းဘယ်ဂိုဏ်းကလဲ။ မင်း ရီသခင်လေးရဲ့ အစီအစဥ်တွေကို ဖျက်ဆီးရဲတာလား "

ထိုလူက ပြန်မဖြေခင်မှာ ဘေးမှာ ပုန်းနေခဲ့တဲ့ ရှုမင်းချန်က အံ့သြတကြီး အော်လိုက်သည်။

" မင်းက .... ယဲ့ဖန်လား "

ထိုစကားကို လှမ်းအော်လိုက်ပေမဲ့ ရှုမင်းချန်၏ စိတ်က အတော်ကိုရှုပ်ထွေးနေသည်။

သူ သစ္စာရှိပေးခဲ့တဲ့ ရီသခင်လေးက သူ့ကိုသတ်ချင်နေပြီးတော့ သူ ချောက်ချဖို့ ကြံစည်ထားတဲ့ ယဲ့ဖန် သူ့ကို ကယ်တင်နေတာလား။

ဒီကမ္ဘာကြီးက နည်းနည်းလေးတော့ ဖရိုဖရဲဖြစ်နေလေသည်။

ယဲ့ဖန်က သူ့ကို ပြုံးပြသည်။

" သွားပြီးတော့ တံခါးဖွင့်ပေးလိုက် "

ရှုမင်းချန်သည် ဘာဖြစ်နေမှန်း မသိပေမယ့် တံခါးကို အမြန်ဖွင့်ဖို့ လျှောက်သွားခဲ့သည်။

တံခါးပွင့်သွားသည့်နောက်တွင် တောက်ပသော မျက်လုံးများနှင့် သွားဖြူဖြူလေးများရှိသည့် လှပသော မိန်းကလေးတစ်ဦး အပြင်ဘက်တွင် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။

" မင်္ဂလာပါ "

ကျူးရှောင်ကျောင်းသည် သူ့ကို ဧည့်သည်တစ်ဦးလို နှုတ်ဆက်ပြီး ဝင်လာခဲ့လိုက်သည်။

အခန်းတွင်း အခြေအနေကို မြင်လိုက်ရသောအခါ သူမ မထိန်းနိုင်ဘဲ ပြောလေသည်။

" နင် အခု ပြတင်းပေါက်ကနေ ဝင်လာတာမလား။ အံ့ဩစရာကြီးပဲ။ နင် Superman လား "

သူတို့နှစ်ယောက် တံခါးအပြင်ဘက်မှာတုန်းက ရှုမင်းချန်၏ အာမေဋိတ်သံကို ကြားလိုက်တဲ့အခါ တစ်ခုခုဖြစ်တော့မယ်ဆိုတာ သိလိုက်ရသည်။

ထို့ကြောင့် ယဲ့ဖန်သည် ပြတင်းပေါက်မှဝင်ရန် နည်းလမ်းရှာနေစဉ် တံခါးအပြင်ဘက်တွင် ဆက်လက်စောင့်ဆိုင်းနေရန် သူမအား တောင်းဆိုခဲ့သည်။

သို့သော် သူမ အပြင်ဘက်မှ ကြည့်သောအခါ ပြတင်းပေါက်မှ ၀င်ရန် နည်းလမ်းရှာမတွေ့ပေ။

ဒါဆို သူ ဘယ်လို ဝင်လာတာလဲ။ သူ ပျံသန်းပြီး ဝင်လာတာလား။

ယဲ့ဖန်သည် မန်းဖေးကို ဧည့်ခန်းထဲ ပြန်ဝင်ခိုင်းလိုက်သည်။

ယဲ့ဖန်သည် သွေးအိုင်ထဲတွင် လဲလျောင်းနေသော ရှုမင်းချန်၏ဇနီးကို ကြည့်လိုက်သည်။

" ခင်ဗျားရဲ့ ရီသခင်လေးက တကယ်ကို ရက်စက်တဲ့လူပဲ။ သူ့ရဲ့သစ္စာရှိ လက်အောက်ငယ်သားတွေအပေါ်တောင် နှလုံးသားမဲ့လွန်းတယ် "

ရှုမင်းချန်သည် ဇနီးဖြစ်သူ၏ အလောင်းကို တစ်ချက်ကြည့်လိုက်သည့်အခါ သူ့မျက်နှာတွင် ဝမ်းနည်းခြင်းအမူအရာမှ မုန်းတီးမှုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားသည်။

" ငါ ရီချန်းကျယ်ကို သစ္စာစောင့်သိခဲ့တယ်။ ဒါပေမယ့် အပြန်အလှန်အနေနဲ့ ငါ့မိသားစုကို ဖျက်ဆီးခံရမယ်လို့ မမျှော်လင့်ထားဘူး။ ဟားဟား… "

သူ့မိန်းမသည် သူနဲ့ ဆက်ဆံရေး အတော်လေးကောင်းသည်။

ဒီမိန်းမသည် သူ့တွင် ဘာမှမရှိခဲ့သည့် လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှာပင် သူ့အနားရှိပေးခဲ့သည်။ သူသည် နောက်ဆုံးတွင် ရီချန်းကျယ်ကို တွယ်ကပ်နိုင်ကာ ပိုမိုကောင်းမွန်သောဘဝကို နေထိုင်နိုင်လာခဲ့သည်။

သူမနှင့်အတူ ဘဝကို စတင်ပျော်မွေ့ခါစမှာပင် သူမကို ရီချန်းကျယ်က သတ်ပစ်ခဲ့သည်။

ထို့ကြောင့် သူ၏မုန်းတီးမှုကို ပုံဖော်နိုင်လေသည်။

ယဲ့ဖန်က သူ့ရဲ့မုန်းတီးမှုကို မြင်ပြီး ချက်ချင်း မေးလိုက်သည်။

" ခင်ဗျားမိန်းမအတွက် လက်စားချေချင်တာလား "

" လက်စားချေရမှာလား။ ဘာလဲ ....… ဟက် ကလဲ့စားချေတာလား "

ရှုမင်းချန်သည် ရီချန်းကျယ်ကို အလွန်ကြောက်နေသေးသည်မှာ ထင်ရှားလေသည်။

သူ့ကို မုန်းတီးသော်လည်း ကလဲ့စားချေရမည့်ကြောင်း ကြားသောအခါ ထိတ်လန့်နေသေးသည်။

ယဲ့ဖန်သည် သူ့စိတ်ထဲမှာတော့ 'သူရဲဘောကြောင်တဲ့ကောင်'ဟု ဆဲဆိုလိုက်သည်။

" ဒီနေ့ ခင်ဗျားကို ကျွန်တော် ဘာလို့လာရှာလဲဆိုတာ သိသင့်ပါတယ် "

ရှုမင်းချန်သည် ရီချန်းကျယ်၏ ယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်ပြီး သူသည် ထက်မြက်တာကြောင့် ချက်ချင်း သိလိုက်သည်။

" မင်း ဝမ်ဟုန်းသကို တွေ့လာခဲ့တာလား "

ယဲ့ဖန်က သူ့ကို လက်မထောင်ပြလိုက်သည်။

" တော်လိုက်တာ၊ သူက အားလုံးကို ဝန်ခံပြီးသား။ ခင်ဗျားက ကျွန်တော့်ကို ချောက်ချဖို့ ရွှယ်ကုန်းကို လာဘ်ထိုးဖို့အတွက်ဆိုပြီး ၁၀ သန်းပေးခဲ့တယ် ဟုတ်တယ်မလား "

ကျူးရှောင်ကျောင်းသည် ထိုအကွက်ကို ရင်းနှီးပြီးသားဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် ဖုန်းကိုထုတ်လိုက်ပြီး အသံသွင်းလိုက်တော့သည်။

ရှုမင်းချန်က ဘာမှပြန်မပြောခင် မန်းဖေးက သူ့ကို ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်သည်။

" ရှုမင်းချန်၊ သခင်လေးကို သစ္စာဖောက်တာရဲ့ အကျိုးဆက်တွေကို မင်း သိသင့်ပါတယ် "

ရှုမင်းချန်သည် ထိတ်လန့်သွားပြီး သူပြောမည့် စကားတွေကို ချက်ချင်းမျိုချလိုက်သည်။

ယဲ့ဖန်၏ အကြည့်များက အေးစက်နေပြီး သူ့လက်ကလည်း မြဲမြံနေသည်။ ဓားမြှောင်က မန်းဖေး၏ လည်ပင်းကို ချက်ချင်းဖြတ်လိုက်ပြီး သွေးတွေ ထွက်လာသည်။

" မင်း တခြားစကား ထပ်ပြောရဲရင် မင်း ဘယ်တော့မှ စကားထပ်မပြောနိုင်စေရဘူးလို့ အာမခံတယ် "

မန်းဖေးသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း သူ့ဘဝသည် တစ်ဖက်လူ၏လက်ထဲတွင် ရှိနေသောကြောင့် နောက်ထပ် အဓိပ္ပါယ်မဲ့စွာ မပြောရဲတော့ပေ။

ယဲ့ဖန်သည် ရှုမင်းချန်ကို ထပ်ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ ရဲရဲကြီးပြောပါ။ မဟုတ်လည်း ရီချန်းကျယ်က ခင်ဗျားကို ဘာပဲဖြစ်ဖြစ် သတ်ချင်နေတာပဲ။ မပြောရင်တောင် သေရမှာ။ ဒါပေမဲ့ ပြောလိုက်ရင်တော့ ဘယ်သိမလဲ ခင်ဗျားမှာ အသက်ရှင်ဖို့ အခွင့်အလမ်းရှိလာနိုင်တယ် "

ရှုမင်းချန်သည် မန်းဖေးကို ကြည့်လိုက်ပြီးနောက် သူ့မိန်းမအလောင်းကို ကြည့်လိုက်သည်။ သူ့စိတ်က ချက်ချင်း ပြတ်သားသွားသည်။

ကျူးရှောင်ကျောင်းလည်း ဒေါသကြီးနဲ့ ဝင်ပြောသည်။

" ရှင့်မိန်းမကို ရီချန်းကျယ်က သတ်လိုက်တာကိုတောင် ရှင်က သူ့အတွက် ဖုံးကွယ်ပေးနေသေးတာလား။ ရှင်က ယောက်ျားမှ ဟုတ်သေးရဲ့လား။ လူဖြစ်ဖို့တောင် မထိုက်တန်ဘူး "

ရှုမင်းချန်သည် သူမဆီမှ ကြိမ်းမောင်းခံရပြီးနောက် ခေါင်းမထောင်နိုင်အောင် ဖြစ်သွားသည်။ အဆုံးတွင်တော့ သူ အံကြိတ်ကာ ပြောလိုက်သည်။

" ရီချန်းကျယ်၊ မင်းက အကြင်နာမဲ့မှတော့ မတရားတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ "

အဲ့လိုပြောပြီးနောက် လှည့်ပြီး အိပ်ခန်းထဲကို လျှောက်ဝင်သွားသည်။

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို အမြန် ကြည့်လိုက်ပြီး သူ့နောက်ကို လိုက်စေချင်သလားဟု အမူအရာဖြင့် မေးလိုက်သည်။

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

ခဏအကြာတွင် ရှုမင်းချန်သည် သူ့လက်ထဲတွင် မန်မိုရီကတ်ကို ကိုင်လျက် အိပ်ခန်းမှထွက်လာကာ ယဲ့ဖန်ကို ပေးလိုက်သည်။

ယဲ့ဖန်သည် မန်မိုရီကတ်ကိုယူပြီး စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်လိုက်သည်။

" ဒါကဘာလဲ "

ရှုမင်းချန်က အံကြိတ်ပြီး ပြောလေသည်။

" ရီချန်းကျယ်က မင်းကို ချောက်ချဖို့ ညွှန်ကြားထားတဲ့ ဗီဒီယိုနဲ့ အသံဖမ်းယူထားတာရှိတယ်။ ယွမ် ၁၀ သန်း လွှဲပြောင်းမှု အထောက်အထားအပြင် ရီချန်းကျယ်ရဲ့ အရင်တုန်းက ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေ အများကြီးလည်း ရှိတယ် "

ယဲ့ဖန်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" ခင်ဗျား တကယ်ပဲ သက်သေချန်ထားတာလား "

ရှုမင်းချန်က ကောက်ကျစ်သော အကြည့်ကို ထုတ်ဖော်လိုက်သည်။

" ဆိုရိုးစကားအတိုင်း ယုန်သေရင် ခွေးပြုတ်ရလိမ့်မယ်။ ငါ ရီချန်းကျယ်အတွက် ပထမဆုံးအလုပ်လုပ်တဲ့နေ့ကတည်းက ဒီနေ့လိုမျိုး ရောက်လာမယ်ဆိုတဲ့ အသိကြောင့် အထောက်အထားတွေကို အမြဲချန်ထားခဲ့တာ "

ယဲ့ဖန်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

မန်းဖေးသည် အလွန်ဒေါသ ထွက်နေသည်။

" ရှုမင်းချန်၊ မင်းက တကယ်ကို စက်ဆုပ်စရာကောင်းတယ်။ ရီသခင်လေးက မင်းကိုသတ်ချင်နေတာ အံ့သြစရာ မဟုတ်ဘူး။ မင်းက သေဖို့ပဲတန်တယ် "

ရှုမင်းချန်သည် လုံးဝ ဒေါသတကြီး ဖြစ်နေကာ အရူးတစ်ယောက်လို ပြေးလာပြီး လက်သီးနဲ့ ထိုးလေသည်။

ယဲ့ဖန်က သူ့ကို မတားပေ။ ဒေါသထွက်ခွင့် ပေးထားလိုက်သည်။

သို့သော်လည်း လေ့ကျင့်မှု နည်းပါးသူဖြစ်တာကြောင့် ခဏအကြာတွင် ရှုမင်းချန်က မောပန်းနွမ်းနယ်လာကာ မန်းဖေးအား မျက်လုံးနီများဖြင့် စိုက်ကြည့်နေသည်။

" သူငါ့ကို ဘာမှမလုပ်ဘူးဆိုရင် ဒီသက်သေတွေက ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး။ သူက အရင်ဆုံး အသည်းနှလုံးမရှိတဲ့သူဖြစ်မှတော့ ငါ့ကို တရားမျှတမှုမရှိဘူးလို့ အပြစ်မတင်ပါနဲ့ "

မန်းဖေးသည် သွေးထွက်နေသော တံတွေးတစ်ဆုပ်ကို တံတွေးနှင့် ရောထွေးလိုက်ကာ ရယ်မဆုံးနိုင်ဖြစ်နေသည်။

" ဘာတွေ စောက်ပိုလာပြောနေတာလဲ။ ငါ မင်းကို မသတ်ခဲ့တာကိုပဲ ကံကောင်းတယ်မှတ်လိုက် "

ရှုမင်းချန်၏ မျက်လုံးများသည် ရက်စက်ခြင်း အရိပ်အယောင်များ တောက်ပလာသည်။

သူက ချက်ချင်း ခေါင်းမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ငါမင်းကို ပြောဖို့မေ့သွားတယ်။ ကျိုးထယ်ကျွန်းကို သူ သတ်လိုက်တာ။ မင်း သူ့ကို မလွှတ်သင့်ဘူး "

ယဲ့ဖန်၏ ပါးစပ်ထောင့်က ချက်ချင်း ကွေးညွတ်သွားသည်။

မထင်မှတ်ဘဲ အမြတ်ထွက်လိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။

သူက မန်းဖေးကို ချက်ချင်း ငုံ့ကြည့်လိုက်သည်။

" ကျိုးထယ်ကျွန်းကို မင်းလက်နဲ့ သတ်လိုက်တာလား "

မန်းဖေးသည် ဒီနေ့ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိလေသည်။ သူက ချက်ချင်း လှောင်ပြောင်ရင်း ပြောသည်။

" ဟုတ်တယ်၊ ငါ သူ့ကို သတ်ပစ်လိုက်တယ်။ ဘာဖြစ်လဲ "

ယဲ့ဖန်က သူ့ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

" ရီချန်းကျယ်က မင်းကို ဒီလိုလုပ်ဖို့ ညွှန်ကြားခဲ့တာလား "

မန်းဖေးက ချက်ချင်း ငြင်းလိုက်သည်။

" မဟုတ်ဘူး၊ ငါသူ့ကိုသတ်ပစ်ချင်လို့ သတ်လိုက်တာ။ ပြီးတော့ မင်းကို ချောက်ချခိုင်းလိူက်တယ်။ ဘာမှားလဲ "

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" ဘယ်လောက် သစ္စာရှိလိုက်တဲ့ခွေးလဲ။ ဒါဆို ဘာလို့ ချောက်ချခဲ့တာလဲ။ ငါတို့ကြားမှာ ရန်ညှိုးတွေရှိလို့လား "

မန်းဖေးက သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။

" ဘာလို့လဲဆိုတော့ မင်းက သခင်လေးကို မလေးစားလို့။ သည်းမခံနိုင်တော့လို့ ဒေါသပြေအောင် ရှင်းပစ်ချင်ခဲ့တာ။ ငါလုပ်ခဲ့တာတွေအတွက် ငါတာဝန်ယူမယ်။ မင်း သတ္တိရှိရင် ငါ့ကို သတ်လိုက်ပါ "

ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက ကျူးရှောင်ကျောင်းဘက်ကို လှည့်ပြီး ပြောသည်။

" ဒီမှာ အသံသွင်းတာကို အဆုံးသတ်လိုက်ရအောင် "

ကျူးရှောင်ကျောင်းသည် သူမဖုန်းကို ချက်ချင်းပိတ်လိုက်ပြီး စကားပြောတော့မည့်

အချိန်တွင် ယဲ့ဖန်၏ လက်ထဲမှဓားမြှောင်သည် ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး မန်းဖေး၏ပေါင်ကို ဓားဖြင့်ထိုးလိုက်သည်။

" အာ........ "

ကျယ်လောင်သောအော်သံက တစ်ခန်းလုံး ပဲ့တင်ထပ်သွားသည်။

အပိုင်း ( ၅၈၇ )

ခင်ဗျားအရင်က မသေဖူးဘဲ၊ သေရမှာ မကြောက်ဘူးလို့ ပြောရဲသေးတာလား။

မန်းဖေးသည် ချွေးအလွန်ထွက်ကာ နာကျင်နေသော်လည်း အံကြိတ်ထားလျက် ယဲ့ဖန်ကို ကြည့်နေသည်။

" မင်း ငါ့ကို နှိပ်စက်ပြီး သခင်လေးကို သစ္စာဖောက်စေချင်နေတာလား။ အိပ်မက်မက်နေလိုက်။ ငါပဲ အကုန်လုံးလုပ်ခဲ့တာ။ မင်း ငါ့ကိုသတ်လိုက်ရင်တောင် ငါဒီလိုပဲဖြေမှာ "

ယဲ့ဖန်က ရယ်လိုက်သည်။

" ခင်ဗျားရဲ့ ဉာဏ်ရည်ဉာဏ်သွေးလောက်နဲ့ ဒီလောက်မိုက်မဲတဲ့ အကြံအစည်ကို တွေးနိုင်မယ်လို့ မထင်ဘူး။ မေးချင်တာက မစ်ရှင်ပြီးတာနဲ့ ခင်ဗျား ရီချန်းကျယ်ကို ဘယ်လိုသတင်းပို့မှာလဲ "

" ငါ မင်းကို မပြောဘူး။ မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်ပါ "

မန်းဖေးက ရယ်မောလိုက်သည်။

ယဲ့ဖန်၏ အမူအရာက မည်းမှောင်သွားသည်။

" ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ အဲ့တာကြောင့် အမှန်အတိုင်းပြောလိုက်တာက ပိုကောင်းမယ် "

မန်းဖေးက သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။

" လူစကားကို နားမလည်ဘူးလား။ သေဖို့တောင် မကြောက်တာ မင်းခြိမ်းခြောက်တာကို ငါက ဘာလို့ကြောက်နေရမှာလဲ။ မင်းမှာ လှည့်ကွက်တွေရှိရင် အကုန်ထုတ်သုံးလိုက်။ ငါ့ဆီက စကားတစ်ခွန်း ထွက်လာမလားဆိုတာ ကြည့်လိုက်ရအောင် "

ယဲ့ဖန် ပြုံးလိုက်ပြန်သည်။

" ခင်ဗျား အရင်က မသေဖူးဘဲ သေတာကို မကြောက်ဘူးလို့ ပြောရဲတယ်လား။ ဒါဆိုလည်း စစ်မှန်တဲ့ သေခြင်းတရားကို ခံစားခွင့်ပေးမယ် "

သူက ပြောနေရင်းဖြင့် ငွေအပ်အိတ်ကို ထုတ်ယူလိုက်သည်။

ပြောင်မြောက်သော နည်းစနစ်များကို အသုံးပြု၍ ပိုင်ဟွေ့၊ ရှန်းထင်းနှင့် ထိုက်ယန်း အပါအဝင် အပ်စိုက်ကုထုံး ၃၆ ခုကို အပ်ဖြင့် ထိုးခဲ့သည်။

သီချင်းတစ်ပုဒ်ရှိလေသည်။

~ ပိုင်ဟွေ့ကြောင့် မြေပြင်ပေါ်လဲကျသွားရတယ်

ရွာအဆုံးမှာ ဇာတိကို မပြန်နိုင်ဘူး

တံခါးကို ထိသွားတယ်

ဆယ်ယောက်မှာ ကိုးယောက် သေသွားပြီ။

နေနှင့် ဆွံ့အနေတဲ့တံခါးဝ

ဧကန်မုချ ငရဲဘုရင်နဲ့ တွေ့လိမ့်မယ်။

ကျိုးနေတဲ့ ကျောရိုးဟာ ချိတ်ဆက်ဖို့ အရိုးမရှိဘူး

ငါ့ဒူးအောက်က သူတို့ ကံကြမ္မာကလည်း မမြဲဘူး ~

ထိုအကြောများဟာ လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်မှာရှိသော သေစေနိုင်သည့် သွေးကြောများဖြစ်သည်။

သို့သော် ယဲ့ဖန်၏ နည်းစနစ်တွေဟာ အလွန်ကို ပညာထက်မြက်ပြီး အခြေအနေကို ကောင်းမွန်စွာ ဆုပ်ကိုင်ထားသည်။

အသက်နှင့်သေခြင်းအကြား သိမ်မွေ့စွာ ကူးပြောင်းသွားနိုင်သည်။

မရဏအပ်စိုက်အမှတ်လို့ ခေါ်တဲ့ အပ်စိုက်အမှတ်သည် တကယ်တော့ အသက်ပြန်အပ်စိုက်မှတ်ဖြစ်သည်။

သေခြင်းနှင့် ရှင်ခြင်းကြားတွင် ပြောင်းလဲခြင်းမှာ အတွေးတစ်ခုသာဖြစ်လေသည်။

မန်းဖေးသည် ပထမမှာတော့ မထီမဲ့မြင် ပြုံးပြုံးလိုက်သည်။

သို့ပေမယ့် မကြာခင်တွင် သူ မပြုံးနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်ထဲရှိ သွေးအနှစ်တွေက တုန်ခါလာပြီး သူ့အတွင်းအင်္ဂါတွေကို အဆက်မပြတ် တိုက်ခိုက်လာတော့သည်။

" အား ....... "

သူ နာကျင်စွာ အော်ဟစ်ချင်သော်လည်း အသံတိတ်ကြောကို ပိတ်ထားခံရသောကြောင့် သူ့အသံသည် သူ့ခန္ဓာကိုယ်ထဲတွင်သာ ဖိသိပ်ထားပြီး အပြင်ထွက်မလာနိုင်ပေ။

သူ့ခေါင်းထဲတွင် မီးပုံးပျံကဲ့သို့ ဖောင်းလာသည်။

သူ့မျက်လုံးအိမ်များလည်း ပေါက်ထွက်လာတော့မည်သကဲ့သို့ ဖောင်းကားလာသည်။

သို့သော် မကြာမီတွင် ရောင်ကိုင်းနေသော ချီကြောနှင့် သွေးများသည် နာကျင်ခြင်း ပျံ့ကြဲလာသည်။

သူ၏ စိတ်ဓာတ်၊ စွမ်းအင်နှင့် တက်ကြွမှုတို့အားလုံး လျင်မြန်စွာ ဆုတ်ယုတ်သွားခဲ့သည်။

သူ၏ အသက်စွမ်းအင်သည် တဖြည်းဖြည်း ဆုတ်ယုတ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူ့အသိစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။

သူ အသိစိတ်တွေလွတ်ပြီး ထင်ယောင်ထင်မှား စတင်ဖြစ်လာသည်။

အတိတ်က သူသတ်ခဲ့သော လူတွေသည် ရုပ်ရှင်တစ်ကားလို သူ့မျက်လုံးရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

သူတို့၏ နာကျင်သော အမူအရာများနှင့် တုံ့ဆိုင်းနေသော အကြည့်များက သူတို့အားလုံးသည် သေခြင်းတရားကို ကြောက်ရွံ့ကြောင်း ဖော်ပြနေသည်။

ထိုအချိန်တွေတွင် အောင်နိုင်သူတစ်ယောက်အနေဖြင့် ထိုဝေဒနာကို မခံစားခဲ့ရပေ။

သို့သော် အခုတော့ သူ့ဝိညာဉ်သည် တွင်းနက်ထဲသို့ ကျသွားပြီး လုံးဝပျောက်ကွယ်သွားတော့မည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ဒီကမ္ဘာကနေ သူ ဒီအတိုင်း ပျောက်ကွယ်သွားတော့မည်ကို တွေးလိုက်သောအခါ သူ့ကမ္ဘာကြီးက တိတ်ဆိတ်ပြီး အဓိပ္ပါယ်မဲ့လာတော့သည်။

ကြောက်ရွံ့ထိတ်လန့်မှုကို စတင်ခံစားလာရသည်။ အော်ဟစ်အကူအညီတောင်းချင်သည်။

သို့သော် သူ အသံမထွက်နိုင်ပေ။

သူသည် ယဲ့ဖန်ကို အသနားခံစွာဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။

ယဲ့ဖန်သည် ချက်ချင်း ရှေ့သို့ ပြေးသွားပြီး ထိုငွေအပ်များကို ဖယ်လိုက်သည်။

မန်းဖေးသည် သူ့ကိုယ်သူသေခါနီး သစ်ပင်ကြီးတစ်ပင်လို ခံစားရသည်။ ရုတ်တရက် နှင်းရည်တစ်စက်ကို တွေ့လိုက်သလို တက်ကြွမှုက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။

" ဟား ... အား ... "

ထိုအချိန်တွင် သူ ပါးစပ်ကိုဖွင့်ကာ ပြင်းပြင်းထန်ထန် အသက်ရှုပြီး အော်လိုက်သည်။

ရေကန်ထဲမှာ စိမ်ထားသလို သူ့တစ်ကိုယ်လုံး စိုစွတ်နေလေ၏။

သူ ယဲ့ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး တစ္ဆေတစ်ကောင်လို မြင်နေသည်။

ဒီကောင်က မာရ်နတ်ထက်တောင် မာရ်နတ်နဲ့ ပိုတူသေးသည်။

အရမ်းကြောက်စရာကောင်းလေသည်။

ယဲ့ဖန်၏ မျက်နှာတွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုရှိသည်။

" ဘယ်လိုလဲ။ သေခြင်းရဲ့အရသာကို ကြိုက်ရဲ့လား "

မန်းဖေးခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

တကယ်လို့ တစ်ဖက်က သူ့ကို လုပ်ကြံပြီး သတ်ခဲ့ရင်တောင် သူ သိပ်ကြောက်မှာ မဟုတ်ပေ။

ဒါမှမဟုတ် ကြောက်ဖို့ အချိန်ရှိမှာ မဟုတ်ပေ။

သို့သော် ဒီတစ်ယောက်က သေခြင်းဆီသို့ ရောက်ရှိခြင်းကို တဖြည်းဖြည်းခံစားစေရန် ထူးဆန်းသောနည်းလမ်းကို အသုံးပြုခဲ့သည်။

ရက်စက်လွန်းသည်။

သူ နောက်တစ်ခါ ထပ်ပြီး မခံစားချင်တော့ပေ။

ယဲ့ဖန်၏ အပြုံးသည် ပို၍တောက်ပလာသည်။

" ဒါဆို အခု အမှန်အတိုင်းပြောလို့ ရပြီလား "

မန်းဖေးက အမြန် ခေါင်းညိတ်လိုက်သည်။

" ရှင်းပြမယ်...အကုန်ရှင်းပြမယ် "

ကျူးရှောင်ကျောင်းနှင့် ရှုမင်းချန်တို့သည် ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။

မန်းဖေး ခံစားနေခဲ့ရသော ဝေဒနာကို သူတို့နှစ်ဦး မခံစားခဲ့ရသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို ဘေးမှမြင်တွေ့ခဲ့ရသည်။

သူတို့သည် သူ့ကို အနည်းနှင့်အများ စာနာနိုင်လေသည်။

ရီချန်းကျယ်ကို အခိုင်အမာ သစ္စာခံခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို ဒီလိုမျိုး မြန်မြန် အရှုံးပေး ဝန်ခံအောင် လုပ်နိုင်တာက ......

ဤနည်းလမ်းသည် ဘယ်လောက် ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်လေသည်။

အထူးသဖြင့် ကျူးရှောင်ကျောင်းသည် ရှုပ်ထွေးသောအမူအရာဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။

ယဲ့ဖန်သည် သူငယ်ချင်းမိတ်ဆွေတွေအရှေ့တွင် အမြဲတမ်း ဖော်ရွေပြီး စနောက် ရယ်မောတတ်ကာ ပေါင်းသင်းလွယ်ကူသည်။

ရံဖန်ရံခါတွင် လူငယ်တစ်ဦးတွင် ရှိသင့်သည့် အပြစ်ကင်းစင်မှုကိုပင် ပြသတတ်ပြီး တစ်ခါတစ်ရံတွင်မူ ရှက်ကိုးရှက်ကန်းပင် ဖြစ်တတ်သေးသည်။

ထိုအခါ သူသည် သာမန် တက္ကသိုလ် ကျောင်းသားနှင့် တူလေသည်။

သို့သော် သူသည် ရန်သူများနှင့် ရင်ဆိုင်ရသောအခါ သူပြသခဲ့သော ရက်စက်ကြမ်းကြုတ်မှုနှင့် အညှာအတာကင်းမှုတို့သည် လူတိုင်း၏ဆံပင်ကို ထောင်သွားစေနိုင်သည်။

ဒီတစ်ယောက်က ဘယ်လိုလူလဲ။

ယဲ့ဖန်ကတော့ သိပ်ပြီး အများကြီးမစဉ်းစားခဲ့ပေ။

သူက မန်းဖေးကိုပဲ စိုက်ကြည့်နေသည်။

" ပြော၊ ခင်ဗျား မစ်ရှင်ပြီးရင် ရီချန်းကျယ်ကို ဘယ်လို သတင်းပို့ရမှာလဲ "

မန်းဖေးသည် မောက်မာမှု အရိပ်အယောင် မရှိတော့ဘဲ ရိုသေလေးစားစွာ ပြန်ပြောလိုက်သည်။

" မစ်ရှင်ပြီးသွားရင် သူ့ကို စာတိုပို့ရမှာပါ။ အောင်မြင်ရင် 'ကောင်းကင်ကို မြင့်တက်နေတဲ့ တိုင်တစ်ခု' လို့ပို့ရမှာပါ။ မစ်ရှင်များ မအောင်မြင်ရင်တော့ 'မိုင်တစ်ထောင်အကွာ'လို့ စာတိုပို့ခိုင်းထားပါတယ် "

ယဲ့ဖန်သည် ထိုစကားကို ကြားပြီးသည့်နောက်တွင် လှောင်ပြောင်လိုက်သည်။

" ရီသခင်လေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ လျှို့ဝှက်ကုဒ်ကအစ ထူးခြားပြောင်မြောက်လွန်းတယ် "

ဘေးတွင်ရပ်နေသော ကျူးရှောင်ကျောင်းပင်ရီချန်းကျယ်ကို အရှက်မရှိမှုကြောင့် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ယဲ့ဖန်က တခြားဘာမှ ထပ်မပြောတော့ပေ။

မန်းဖေးထံမှ သူ့ဖုန်းကို ထုတ်ကာ လှမ်းကြည့်လိုက်သည်။

" ခင်ဗျား ကျွန်တော့်ကို လှည့်စားတာမျိုး မလုပ်ရင် ပိုကောင်းမယ်။ မဟုတ်ရင် သေခြင်းတရားရဲ့ အရသာကို ထပ်ပြီး ခံစားခွင့်ပေးမယ် "

မန်းဖေးသည် လူမဆန်သည့် အတွေ့အကြုံကို ပြန်သတိရလိုက်ပြီး သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

" ငါပြောခဲ့တာတွေက အမှန်တွေပဲ "

ယဲ့ဖန်သည် သူ လိမ်နေသည့်ပုံမပေါ်သည်ကို မြင်လိုက်ရပြီး အခြားဘာမှ မပြောတော့ပေ။

သူသည် မန်းဖေး၏ ဖုန်းအဆက်အသွယ်စာရင်းထဲမှ 'ရီသခင်လေး' ဆိုသည့်အမည်ကို တွေ့လိုက်ပြီး 'ကောင်းကင်ကို မြင့်တက်နေတဲ့ တိုင်တစ်ခု' ဟုရိုက်နှိပ်ပြီး ပို့လိုက်သည်။

ထိုစာကို လက်ခံရရှိချိန်တွင် ရီချန်းကျယ်ရဲ့ ပျော်ရွှင်နေမည့် အမူအရာကို တွေးမိပြီး ရယ်ချင်နေခဲ့သည်။

ငါ မင်းကို တစ်ညလောက်တော့ ပေးပျော်လိုက်မယ်။

မနက်ဖြန်ရောက်ရင်တော့ မင်းမပြုံးနိုင်တော့ဘူး။

အပိုင်း ( ၅၈၈ )

ယဲ့ဖန် အဖမ်းခံရတယ်။

ရီချန်းကျယ်သည် သူ့အိမ်တွင်ရှိနေသည်။

ထိုအချိန်တွင် သူ မန်းဖေးထံမှ စာတိုတစ်စောင်ကို ရုတ်တရက် လက်ခံရရှိခဲ့သည်။

'ကောင်းကင်ကို မြင့်တက်နေတဲ့ တိုင်တစ်တိုင်' ဟူသော စာကို သူ မြင်လိုက်သောအခါ သူ့စိတ်နှလုံးထဲရှိ တင်းမာမှုသည် ချက်ချင်းပင် ပြေလျော့သွားသည်။

ရှုမင်းချန်သည် သူ၏ လျှို့ဝှက်ချက်များစွာကို သိလေသည်။

ဒီလို သတ်လိုက်ခြင်းဖြင့် လျှို့ဝှက်အန္တရာယ်မှ လွတ်မြောက်နိုင်ပြီး စိုးရိမ်ပူပန်မှုတစ်ခုမှ သက်သာရာရစေသည်ဟု ယူဆနိုင်သည်။

ထို့အပြင် ဒီလူ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ယဲ့ဖန် စုံစမ်းစစ်ဆေးမည် ဆိုလျှင်တောင်မှ သက်သေထွက်ဆိုနိုင်မည်မဟုတ်ပေ။

'ယဲ့ဖန်၊ မင်း ဒီတစ်ခါ သေပြီ'

ဆိုရိုးစကားအတိုင်း လူတွေက ပျော်နေတဲ့အခါ စိတ်ဓာတ်တွေ တက်လာကြသည်။

..........................

တစ်ဖက်တွင်၊ ယဲ့ဖန်သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး အတွေးလွန်နေသည်။

ဧည့်ခန်းထဲက ကျန်တဲ့သုံးယောက်ကတော့ အသံမထွက်ရဲဘဲ ငြိမ်ငြိမ်လေး သူ့ကိုကြည့်နေကြသည်။

အချိန်အတော်ကြာပြီးနောက် ယဲ့ဖန်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ယဲ့ဖန်သည် ချန်းချုံရှန်း၊ လော့ကျင်းယွမ်နှင့် ကျောင်းဖုလင်တို့ဆီ အရင်ဆုံး စာတစ်စောင်စီ ပို့ခဲ့သည်။

ထို့နောက် ခဏလောက်စဉ်းစားပြီး ရှုချန်းမင်းဆီသို့ နောက်ထပ်သတင်းတစ်ခု ပို့လိုက်ပြန်သည်။

သူ့ကျေးဇူးကို အကြွေးတင်တယ်လို့ ပြောထားတဲ့အတွက် မသုံးတာက ဖြုန်းတီးရာရောက်ပေလိမ့်မည်။

နောက်တော့ မုန်တိုင်းလာဖို့ကို စောင့်ရမှာပေါ့။

ကျွန်တော်အဆင်သင့်ဖြစ်ပြီ။ ရီချန်းကျယ်၊ ခင်ဗျားကရော။

.............................

နောက်တစ်နေ့မနက်တွင် ယဲ့ဖန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။

ထို့နောက် တံခါးခေါက်သံကို ကြားလိုက်ရသည်။

အိပ်ရာဝတ်ရုံကိုဝတ်ပြီး တံခါးဖွင့်ဖို့ ထလိုက်သည်။

သူ ရက်အတော်ကြာ မတွေ့ခဲ့ရတဲ့ လုရှောင်ရနှင့် လျုံလင်းတို့ အပြင်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်လုံးက အရမ်းကို လှပနေပြီး ဘယ်လို ဝတ်စားရမလဲဆိုတာကို သိလေသည်။

ရပ်နေတဲ့အခါ သူတို့က ပိုသေးသွယ်ပြီး ကြော့ရှင်းနေပုံရသည်။

" မနက်အစောကြီးကတည်းက အလှလေးနှစ်ယောက်က ကိုယ့်အိမ်တံခါးဝကို လာကြိုတာဆိုတော့ တကယ်ကို ကံကောင်းတာပဲ "

ယဲ့ဖန်က ဟာသလုပ်ပြီး စနောက်လိုက်သည်။

လုရှောင်ရသည် လျုံလင်းကို ဧည့်ခန်းထဲသို့ ဆွဲသွင်းလိုက်သည်။

" သူ့ကို လျစ်လျူရှုလိုက်။ သူက ငါတို့ကို စကားနဲ့ အခွင့်ကောင်းယူနေတာ။ တကယ်တော့ သူက လူကြောက်တစ်ယောက်ပဲ "

ယဲ့ဖန်သည် ဒေါသထွက်သွားခဲ့သည်။

" မင်းဘယ်သူ့ကို လူကြောက်လို့ လာခေါ်နေတာလဲ "

လုရှောင်ရသည် လျုံလင်းကို ဆိုဖာပေါ်သို့ ထိုင်ခိုင်းလိုက်ပြီး သူ့ကို စူးစူးရဲရဲ ကြည့်နေသည်။

" ရှင့်အကြောင်းကို ပြောနေတာပဲလေ။ ကျွန်မတို့နှစ်ယောက် ရှင့်ရဲ့အိမ်တံခါးဆီပဲ ရောက်နေပြီ ရှင့်မှာ အရည်အချင်းရှိရင် တစ်ခုခုလုပ်ပေါ့ "

ယဲ့ဖန်က သူမကို ခဏလောက် ကြည့်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ စိတ်လျှော့လိုက်သည်။

" နောက်တစ်ရက်မှပေါ့ "

သူ အမှန်တကယ် သွေးဆောင်ခံရသော်လည်း ဒီနေ့တွင် အရေးကြီးသော ကိစ္စရပ်တစ်ခု ရှိနေတာကြောင့် စွမ်းအင်တွေကို အလွန်အကျွံ မဖြုန်းတီးချင်ပေ။

လျုံလင်းသည် ဘေးမှ ရန်ဖြစ်နေသူ နှစ်ယောက်ကို ကြည့်ကာ ရယ်လိုက်သည်။

ယဲ့ဖန်သည် သူတို့နှင့် ဆန့်ကျင်ဘက်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

" ဒီနှစ်ရက် ဘယ်မှာနေနေကြတာလဲ "

လုရှောင်ရသည် လျုံလင်း၏ လက်မောင်းကို ဖက်ထားသည်။

" လျုံလင်းက ကျွန်မကို ပျော်စရာနေရာတွေ အများကြီးကို ခေါ်သွားပေးတယ်။ ပြန်တောင် မလာချင်ဘူး "

ယဲ့ဖန်က သူမကို မကျေမနပ် ကြည့်နေသည်။

" ပျော်စရာကောင်းတဲ့ နေရာ သွားတာကိုတောင် ကိုယ့်ကို မခေါ်ဘူး။ ဘယ်လောက်တောင် နှလုံးသားမဲ့လိုက်လဲ "

လုရှောင်ရ ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။

" အမျိုးသမီးတွေပဲ အဲ့ဒီနေရာတွေကို သွားနိုင်တာ။ အမျိုးသားတွေ ဝင်ခွင့်မရှိဘူး "

ယဲ့ဖန်သည် ချက်ချင်း နားလည်သွားသည့် အသွင်အပြင်ကို ထုတ်ပြလိုက်သည်။

" မင်း ...... အဲ့လိုနေရာတွေကို သွားတာလို့တော့ မပြောနဲ့နော်။ ဟိုလိုနေရာတွေလေ။ လုရှောင်ရ၊ မင်း ဆိုးတတ်နေပြီပဲ "

လုရှောင်ရသည် အစပိုင်းတွင် နားမလည်သော်လည်း ယဲ့ဖန်၏ မျက်နှာပေးနှင့် လျုံလင်း၏ နီရဲနေသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ နားလည်သွားခဲ့သည်။

" နှာဘူးကျတဲ့လူ ရှင် ဘာတွေတွေးနေတာလဲ။ အဲ့လိုနေရာမျိုးကို ဘယ်သူက သွားမှာမလို့လဲ "

လုရှောင်ရ ဒေါသအရမ်းထွက်ပြီး ခေါင်းအုံးတစ်လုံးကို ချက်ချင်း ဆွဲလိုက်ကာ သူ့ကို ပစ်ပေါက်လိုက်သည်။

ဘေးမှာရှိနေသည့် လျုံလင်းကလည်း ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ရှောင်ရ၊ သူက အရိုက်နှက်ခံရဖို့ ထိုက်တန်တယ်လို့ နင် ဘာလို့ပြောခဲ့တာလဲဆိုတာ ငါနောက်ဆုံးတော့ နားလည်သွားပြီ။ အခု နင်ပြောတာ မှန်နေပုံရတယ် "

လုရှောင်ရက သူမပါးစပ်ကို လှမ်းပိတ်ဖို့လုပ်ပေမယ့် အရမ်းနောက်ကျသွားပြီဖြစ်သည်။

ယဲ့ဖန်သည် သူ့လက်ထဲတွင် ခေါင်းအုံးတစ်လုံးကို ကိုင်ထားပြီး မကောင်းသော ရည်ရွယ်ချက်ဖြင့် လျှောက်လာခဲ့သည်။

" မင်းပြောတာက ကိုယ့်နောက်ကျောကို ရိုက်နှက်ဖို့ ထိုက်တန်တယ်လို့ တကယ်ကြီး ပြောခဲ့တာလား။ မင်းကမှ အရိုက်ခံရဖို့ လိုအပ်နေတာလို့ ကိုယ်ထင်တယ် "

လုရှောင်ရက အမြန်ထပြီး ဆိုဖာဘေးမှာ ပုန်းနေလိုက်သည်။

" ကျွန်မ နောက်နေတာပါ။ အလေးအနက်မထားပါနဲ့ "

ယဲ့ဖန်က ခပ်ညစ်ညစ် ပြုံးလိုက်သည်။

" နောက်နေတာလား။ ရတယ်လေ ကိုယ်လည်း မင်းနဲ့ ဟာသလုပ်မယ် "

သူက ပြောသည့်အတိုင်း ခေါင်းအုံးကို မြှောက်လိုက်ပြီး သူမနောက်သို့ ပြေးလိုက်သွားခဲ့သည်။

" အား........ လျုံလင်း၊ ငါ့ကိုကယ်ပါဦး .... "

လုရှောင်ရ ပြေးရင်း အော်ဟစ်နေသည်။

ဒါပေမယ့် ယဲ့ဖန်ရဲ့ ခေါင်းအုံးက အကြိမ်အနည်းငယ် သူမခေါင်းကို ရိုက်မိသွားသည်။

လျုံလင်းသည် ခေါင်းအုံးကို အလျင်အမြန် ဝင်ဆွဲပြီး ခေါင်းအုံးတိုက်ပွဲတွင် ပါဝင်ခဲ့သည်။

ခဏကြာပြီးတဲ့နောက် ဧည့်ခန်းက ရှုပ်ပွနေခဲ့သည်။

သုံးယောက်သား ပျော်နေကြစဉ်မှာပင် နောက်ထပ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ယဲ့ဖန် ကသာ တံခါးဖွင့်ရန် ထရပ်လိုက်သည်။

လုရှောင်ရနှင့် လျုံလင်းတို့သည် အဝတ်အစားနှင့် ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်ပြီးနောက် ယဲ့ဖန်အနောက်ကို အမြန်ပြေးလိုက်သွားကြသည်။

" ဘယ်သူလဲ "

နောက်ထပ်ရောက်လာသူကို ယဲ့ဖန်၏ သူငယ်ချင်းလို့ လုရှောင်ရက ထင်ခဲ့သည်။

သို့သော် တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ယူနီဖောင်းဝတ်ထားသော အရာရှိအချို့ ရပ်နေသည်ကို သူမတွေ့လိုက်ရသည်။

လူတိုင်းက လက်နက်များကို ကိုင်ထားပြီး သတိရှိကြသည်။

ခေါင်းဆောင်ဖြစ်သူက သူ၏ ဝန်ထမ်းကတ်ကို ယဲ့ဖန်အား ပြလိုက်သည်။

" မင်းက ယဲ့ဖန် မဟုတ်လား။ လူတစ်ယောက်ကို မင်းက ရည်ရွယ်ချက်ရှိရှိ လူသတ်ထားတယ်လို့ စွပ်စွဲထားတဲ့ တိုင်ချက်ရထားတယ်။ ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ "

လုရှောင်ရနှင့် လျုံလင်းတို့ အံ့အားသင့်သွားကြသည်။

" ရည်ရွယ်ချက်ရှိရှိ လူသတ်မှုလား။ အရာရှိ လူမှားနေသလား "

လုရှောင်ရက အလျင်အမြန်မေးလိုက်သည်။

အရာရှိက သူမကို လှမ်းကြည့်သည်။

" ကျွန်တော်တို့က တရားဝင် တာဝန်တွေ ထမ်းဆောင်နေတာပါ။ မင်းနဲ့ ဘာမှမဆိုင်ရင် စကားအများကြီး ဝင်မပြောပါနဲ့။ မဟုတ်ရင် မင်း တရားဝင်တာဝန်ကို နှောင့်ယှက်မှုနဲ့ ဖမ်းရလိမ့်မယ် "

လုရှောင်ရက ဆက်လုပ်ချင်သည်။

သို့သော် ယဲ့ဖန်က သူမကို တားဖို့ သူ့လက်ကို ဆန့်လိုက်သည်။ ထို့နောက် အရာရှိကို အေးအေးဆေးဆေး ကြည့်သည်။

" ကျွန်တော် အရာရှိတို့နဲ့ လိုက်ခဲ့ပါမယ် "

လုရှောင်ရက သူ့ကို အမြန် ပြန်ဆွဲလိုက်သည်။

" ယဲ့ဖန် နင် ဘာလုပ်ခဲ့တာလဲ။ ငါ့ကိုမခြောက်နဲ့ "

ယဲ့ဖန်က လှည့်ကြည့်လိုက်ပြီး သူမပုခုံးကို ပုတ်လိုက်သည်။

" ဒါက နားလည်မှုလွဲတာတင်ပါပဲ။ ကိုယ် သူတို့ကို ရှင်းပြလိုက်ပါမယ် "

ထို့နောက် ယဲ့ဖန်က လှည့်ပြီး တံခါးအပြင်ကို ထွက်သွားသည်။

အရာရှိက သူ့ကို ချက်ချင်း လက်ထိပ်ခတ်ပြီး နောက် အုပ်စုလိုက် ထွက်သွားလေသည်။

လုရှောင်ရ လုံးလုံးလျားလျား တုန်လှုပ်သွားသည်။

သူမအနားရှိ လျုံလင်း ကို အမြန်ဆွဲလှုပ်လိုက်သည်။

" လျုံလင်း၊ အခု ငါတို့ ဘာလုပ်သင့်လဲ။ ယဲ့ဖန် တစ်ခုခုဖြစ်သွားမှာလား။ သူ့ကို ကယ်တင်နိုင်မယ့် နည်းလမ်းကို အမြန်စဉ်းစားပါဦး "

လျုံလင်းလည်း အနည်းငယ် စိတ်လွတ်သွားခဲ့သည်။

" သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါတို့ မသိရသေးဘူး။ အဲ့ဒီတော့ သူ့ကို ဘယ်လို ကယ်တင်ရမလဲဆိုတာ ငါလည်း မသိဘူး "

လုရှောင်ရက အရမ်းစိုးရိမ်ပြီး ငိုတော့မလို ဖြစ်နေသည်။

" ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ငါ သူ့ကို မသေစေချင်သေးဘူး။ သူသေရင် ငါလည်း အသက်မရှင်ချင်ဘူး ....... "

လျုံလင်းလည်း စိုးရိမ်နေမိသည်။ ထိုအချိန်မှာ သူမ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

" ယဲ့ဖန်က လော့ကျင်းယွမ်၊ ကျောင်းဖုလင် တို့နဲ့ ဆက်ဆံရေးကောင်းတယ် မဟုတ်ဘူးလား။ မြန်မြန်ဖုန်းခေါ်ပြီး သူတို့မှာ အကြံဥာဏ် ရှိ၊ မရှိ မေးကြည့် "

လုရှောင်ရ၏ မျက်လုံးများ တောက်ပလာသည်။

" ဟုတ်တယ်၊ အခုခေါ်လိုက်မယ်။ သူတို့က ယဲ့ဖန် ရဲ့သူငယ်ချင်းတွေဆိုတော့ သူ့ကို အချုပ်ထဲမှာ ထားကြမှာ မဟုတ်ပါဘူး "

ထိုစကားကို ပြောပြီးနောက် သူမ ဖုန်းကို အမြန်ထုတ်ကာ ဖုန်းဆက်လိုက်သည်။

All Chapters