← Chapters

အပိုင်း ၅၈၉-၅၉၂

Vol. 30 Ch. 589-592

အပိုင်း ၅၈၉-၅၉၂

Vol. 30 Ch. 589-592

အပိုင်း ( ၅၈၉ )

အေးစက်တဲ့ ခင်မင်မှု

လုရှောင်ရက ချန်းချုံရှန်းကို အရင်ဆုံးခေါ်လိုက်သည်။

သူသည် ယဲ့ဖန်ကို အချိန်အကြာဆုံး သိခဲ့သူ ဖြစ်သောကြောင့် သူက ပိုပြီး တက်ကြွနေသင့်သည်။

သို့ပေမယ့် ချန်းချုံရှန်းသည် သူမ ပြောပြတာကို နားထောင်ပြီးချိန်တွင် သူက ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလေသည်။

" အိုး ငါသိပါတယ် "

လုရှောင်ရသည် ချန်းချုံရှန်း၏ လေသံသည် အံ့အားသင့်သံ သို့မဟုတ် အရေးတကြီးဖြစ်သွားသံကို မကြားလိုက်ရပေ။

သူမ ချက်ချင်းပင် အံ့သြသွားရသည်။

" ရှင် သိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူ့ကို မြန်မြန် ကယ်တင်ဖို့ နည်းလမ်းကို တွေးပါဦး "

ချန်းချုံရှန်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

" ရှောင်ရ၊ စိတ်မပူပါနဲ့။ ယဲ့ဖန်က လွတ်မြောက်ဖို့ နည်းလမ်းနိုင်ရှာမယ်လို့ ငါယုံကြည်တယ် "

လုရှောင်ရသည် ထိုစကားကို ကြားသောအခါ ဒေါသအလွန်ထွက်ကာ သွေးအန်မတတ်ဖြစ်သွားခဲ့သည်။

" ရှင် ဘာကိုဆိုလိုတာလဲ။ သူ့မှာ လွတ်မြောက်ဖို့ နည်းလမ်းရှိလား။ ရဲတွေက သူ့ကို ဖမ်းသွားတယ်လေ။ ရှင်က သူနဲ့ သူငယ်ချင်းကောင်းပဲကို။ ရှင်က လုံးဝစိတ်မပူဘူးလား "

ချန်းချုံရှန်းက ရယ်မောလိုက်သည်။

" စိတ်ပူနေရင်တောင် ဘာအကျိုးရှိမှာလဲ။ မင်းငါ့ကို ထောင်ဖောက်စေချင်တာလား "

" ရှင် .... "

လုရှောင်ရသည် သူမ၏ သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။

" ဘာလို့ ဒီလိုတွေ ပြောရတာလဲ။ ယဲ့ဖန် က ရှင်နဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးရှိတာကို။ အခု သူ တစ်ခုခု ဖြစ်နေတယ်လေ။ ရှင် မြန်မြန်အဖြေကို မစဉ်းစားပေးတဲ့အပြင် အဲ့ဒီအစား ရှင်က ရွဲ့တဲ့ စကားတွေ ပြောနေသေးတယ် "

ချန်းချုံရှန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

" ငါလည်း ဒီလိုပဲ ပြောလိုက်မယ်။ ယဲ့ဖန်က ထွက်ပြေးဖို့ သူ့နည်းသူ့ဟန်ရှိပြီးသား။ မင်း အဲ့တာကို စိတ်ပူနေစရာမလိုဘူး "

ထို့နောက် ဖုန်းချလိုက်သည်။

လုရှောင်ရ ဒေါသအရမ်းထွက်ပြီး ဦးနှောက်သွေးကြောပေါက်ထွက်တော့မလို ခံစားရသည်။

ချန်းချုံရှန်းသည် ဒီလိုလူတစ်ယောက်ဖြစ်နေမယ်လို့ သူမ မမျှော်လင့်ထားချေ။

ဟိုတချိန်တုန်းမှာတော့ သူက ယဲ့ဖန်ရဲ့ ညီအစ်ကိုဖြစ်ခဲ့ပေမယ့် အခုတော့ သူဒုက္ခရောက်ချိန်မှာ ပြောင်းလဲသွားခဲ့သည်။

ယဲ့ဖန်က တကယ်ကို မျက်ကန်းပဲ။ ဘာလို့ ဒီလိုလူကို ညီအစ်ကိုအဖြစ် ပေါင်းနေရတာလဲ။

စိတ်ငြိမ်သက်သွားပြီးနောက် သူမသည် ဟုရွမ်ယု၊ လော့ကျင်းယွမ်၊ ကျောင်းဖုလင် နှင့် အခြားသူများကို ခေါ်ခဲ့သေးသည်။

သို့သော် သူမ ရရှိခဲ့သောအဖြေများသည် ချန်းချုံရှန်းနှင့် ဆင်တူလေသည်။

ယဲ့ဖန် အဖမ်းခံရသည့်သတင်းကို ထိုလူများက ကြားသောအခါ သူတို့က လုံးဝမအံ့သြကြပေ။

အဲ့ဒီအစား သူတို့ဟာ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေခဲ့ကြသည်။

ထို့နောက် သူတို့သည် သူမကို အနည်းငယ် နှစ်သိမ့်ပေးသော်လည်း သူ့ကို ကယ်တင်ရန် ဘာမှ မပြောခဲ့ကြပေ။

ယဲ့ဖန်၏အသက် ရှင်ခြင်း၊ သေဆုံးခြင်းကို သူတို့က ဂရုမစိုက်သလိုပင်နေကြသည်။

ဖုန်းချလိုက်ပြီးနောက် လုရှောင်ရ၏ နှလုံးသားသည် လုံးဝအေးခဲသွားရသည်။

ယဲ့ဖန်သည် အထွတ်အထိပ်သို့ ရောက်နေခဲ့သောအခါ ထိုလူများသည် သူ့ကို မြှောက်ပင့်ကာ ညီအစ်ကိုဟု ခေါ်ခဲ့ကြသည်။

အခု သူဒုက္ခရောက်နေချိန်မှာတော့ တစ်ယောက်ကမှ မကူညီကြပေ။

အေးစက်လွန်းကြလေသည်။

လျုံလင်းက သူမကို အမြန်နှစ်သိမ့်ပေးသည်။

" ရှောင်ရ၊ သိပ်ပြီး စိတ်မပူပါနဲ့ဦး။ ငါတို့က တခြားနည်းလမ်းကို စဉ်းစားကြရအောင် "

လုရှောင်ရသည် သူမ၏ နောက်ဆုံးအသက်ကယ်ကောက်ရိုးကို ကိုင်ထားသကဲ့သို့ သူမ၏လက်ကို ဆုပ်ကိုင်ထားလေသည်။

" လျုံလင်း၊ နင်က ယန်းချန်မှာ ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကောင်းပဲ။ နင်ကတော့ ယဲ့ဖန်ကို ကူညီရမယ်။ ငါ နင့်ကို ကျေးဇူးအများကြီးတင်ပါတယ် "

လျုံလင်းသည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေလိုက်သည်။

" ဘာဖြစ်တာလဲ အရင် သိရဖို့ စောင့်ပါဦး "

ထို့နောက် သူမအဖေ လျုံယွမ်ဖီကို ဖုန်းဆက်လိုက်သည်။

" အဖေ၊ တစ်ခုလောက်မေးဦးမယ်။ ယဲ့ဖန် ကို သိလား "

" ငါသိတယ်။ ဒီကလေးက အခုတလော ယန်းချန်မှာ မွှေနေတာ အများကြီးပဲ။ ဘာလို့ရုတ်တရက်ကြီး မေးရတာလဲ "

" သူက သမီးရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူ့ကို အရာရှိတွေက အခုပဲ ခေါ်သွားတာ။ ဘာဖြစ်သွားတာလဲ သိအောင် ကူညီပေးနိုင်မလား "

" သူ့ကို ရဲအရာရှိက ခေါ်သွားတာလား။ ဖုန်းမချသေးနဲ့ဦး။ ငါ မေးလိုက်ဦးမယ် ..... "

မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် လျုံယွမ်ဖီ၏အသံက ထပ်၍ထွက်ပေါ်လာသည်။

သို့သော် အခုတစ်ကြိမ်တွင်တော့ ခုနကလို အသံက မငြိမ်သက်တော့ပေ။

အဲ့ဒီအစား သူ့ပုံစံက အလွန်ကို စိုးရိမ်နေခဲ့သည်။

" လင်းလင်း၊ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကို ယဲ့ဖန်နဲ့ အဆက်အသွယ်ဖြတ်ဖို့ မင်းချက်ချင်း တောင်းဆိုသင့်တယ်။ မဟုတ်ရင် သူမနဲ့ မင်း တန်းအဆက်အသွယ်ဖြတ်လိုက်သင့်တယ်။ တိုတိုပြောရရင် မင်း ယဲ့ဖန်နဲ့ ဘာမှ မပတ်သက်သင့်ဘူး "

လျုံလင်းသည် သူ့အဖေ၏ စကားကိုကြားသောအခါ သူမ အံ့အားသင့်သွားသည်။

" ဖေဖေ၊ ဘာဖြစ်တာလဲ "

" ယဲ့ဖန်က မနေ့က မနက်တုန်းက ချောင်ရှင်းဂိုဏ်းနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီးတော့ လူတစ်ယောက်ကို သတ်ခဲ့တယ်။ အခုတော့ သူတို့မိသားစုက တရားစွဲပြီလေ။ ဒီတခေါက်တော့ အဲ့ကောင်လေး သေသွားနိုင်တယ် "

" ဘာလဲ၊ ဒါက ... နားလည်မှုလွဲတာများ ဖြစ်နေနိုင်လား "

" အဲ့တာက နားလည်မှုလွဲတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီကလေးက သေတော့မှာ။ သူက ယန်းချန်မှာရှိတဲ့ ဩဇာရှိလူတွေအများကြီးကို စော်ကားခဲ့တယ်။ ဝေ့ချန်းဖန်း၊ ရီချန်းကျယ်၊ အခု ကောင်းကျူမင်းတို့ပဲ။ သူတို့က အကုန် လူဆိုးတွေ။ သူတို့ကို လာထိတဲ့သူတွေကို ပြန်ရှင်းမှာက ဖြစ်နိုင်တယ်။ ဒီအရှုပ်အထွေးမှာ ဝင်မပါမိစေနဲ့ "

" ဒါပေမယ့် ..... "

" ဘာမှ ဒါပေမဲ့တွေ မရှိဘူး။ ရီချန်းကျယ်က စားသောက်ဆိုင်တစ်ခုမှာ စားပွဲကျင်းပဖို့ ငါ့ဆီကို လူလွှတ်ပြီး ဖိတ်ကြားစာပို့ထားတယ်။ အဲ့တာကြောင့် အဖေသွားရတော့မယ်။ နောက်တစ်ခါ ဒီကိစ္စမှာ မပါမိစေနဲ့။ မဟုတ်ရင် ငါတို့ လျုံမိသားစုနဲ့ ပတ်သက်လာလိမ့်မယ် "

" ဖေဖေ ... ဟုတ်ကဲ့ နားလည်ပါတယ် "

လျုံလင်း ဖုန်းကို ချလိုက်ပြီးနောက်တွင် သူမသည် အချိန်အတော်ကြာ အာရုံပြန်မကပ်တော့ပေ။

လုရှောင်ရသည် သူမ၏ ထူးဆန်းသော အမူအရာကို မြင်ပြီး အမြန် မေးလိုက်သည်။

" ဘာတဲ့လဲ။ ဘာဖြစ်တာလဲ "

လျုံလင်း သည် တုန်တုန်ယင်ယင်နှင့် သူမကို ကြောင်အအကြည့်နေသည်။

" ယဲ့ဖန် ... သူက လူတစ်ယောက်ကို သတ်လိုက်တာ "

လုရှောင်ရ၏ မျက်နှာသည် ဖျော့တော့သွားသည်။

" သတ်လိုက်တာလား ... ဘယ်သူကို သတ်လိုက်တာလဲ "

လျုံလင်းသည် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။

" ချောင်ရှင်းဂိုဏ်းကလူတဲ့ ... ချောင်ရှင်းဂိုဏ်းက ခေါင်းဆောင် ကောင်းကျူမင်းက နတ်ဆိုးကြီးပဲ။ သူ့ကို စော်ကားမိတဲ့ သူတွေက ကောင်းတဲ့ဇာတ်သိမ်း မရှိဘူး။ ယဲ့ဖန် ဖြစ်နိုင်တာက ... သူသေသွားနိုင်လောက်တယ် "

လုရှောင်ရ၏ ခြေထောက်များ အားနည်းသွားပြီး သူမ လဲကျမတတ် ဖြစ်သွားခဲ့သည်။ သူမဘေးနားက ဘီရိုကို အမြန်လှမ်းဆွဲထားလိုက်ရသည်။

" ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ။ သူ့ကို ကယ်တင်ဖို့ တခြားနည်းလမ်း ရှိသေးလား "

" ရှောင်ရ၊ ငါ့အဖေက ပြောတာတော့ ယဲ့ဖန်က ယန်းချန်မှာ လူတွေအများကြီးကို စော်ကားခဲ့ပြီးပြီမလို့ ဒီအရှုပ်အထွေးထဲမှာ မပါဝင်ဖို့ ပြောထားခဲ့တယ်။ ငါ့အထင်တော့ နင် ..... "

လျုံလင်း တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းသွားသည်။

လုရှောင်ရ က ခေါင်းကိုလှည့်ပြီး သူမကို အေးစက်စွာ ကြည့်နေသည်။

" အဲ့ဒီလူတွေလို ရပ်ကြည့်ပြီး ဘာမှမလုပ်စေချင်တာလား"

လျုံလင်းသည် သူမ၏လက်များကို ခါလိုက်သည်။

" ငါ ကူညီချင်ပါတယ်။ ဒါပေမယ့် အခု ငါတို့ဘာလုပ်နိုင်မှာလဲ "

လုရှောင်ရ နှုတ်ခမ်းကို ကိုက်လိုက်သည်။

" အဆိုးဆုံးကတော့ ငါထောင်ထဲကို ဖောက်ဝင်ပြီး သူ့ကို လွှတ်ပေးလိုက်မယ်..."

" ဖူး ..... "

လျုံလင်း သည် သူမစကားကြောင့် ချက်ချင်း ရယ်လိုက်သည်။

" ထောင်ဖောက်မှာလား။ ထောင်တံခါးက ဘယ်လမ်းကနေ ပွင့်လဲဆိုတာ သိလို့လား။ ဟာသလုပ်မနေနဲ့ "

လုရှောင်ရက သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" ဘာပဲဖြစ်ဖြစ် ငါ ယဲ့ဖန်ကို ကယ်ချင်တယ်။ မကယ်နိုင်ရင် အသက်မရှင်ချင်တော့ဘူး "

လျုံလင်းက သူမကို အမြန်နှစ်သိမ့်ပေးသည်။

" သခင်မလေးရယ်၊ ငါနင့်ကိုတကယ်ကြောက်ပါတယ်။ ထပ်ပြီး စဉ်းစားကြည့်ပါရစေဦး "

သူမ ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားနေမိသည်။

ထို့နောက် ရုတ်တရက် သူမ၏ မျက်လုံးများ တောက်ပလာသည်။

" ရီချန်းကျယ် က မသေမျိုးအိမ်ရာမှာ ပွဲကျင်းပနေတယ်လို့ ငါ့အဖေက ပြောသွားတယ်။ ငါတို့သွားတောင်းဆိုရင် အသုံးဝင်မယ်ထင်လား "

လုရှောင်ရသည် စိတ်အားထက်သန်နေပြီဖြစ်သည်။

သူမ တွေးတောင် မတွေးဘဲ ချက်ချင်း ထွက်သွားသည် ။

" အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ စမ်းကြည့်ဖို့တော့ လိုတာပေါ့ "

လျုံလင်းသည် သူမနောက်ကို လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

သူမအဖေ၏ သတိပေးချက်ကို လုံးဝမေ့သွားခဲ့သည်။

အပိုင်း ( ၅၉၀ )

သေချာပေါက်ကယ်တင်မယ်။

တစ်ဖက်တွင်လည်း 'အိပ်မက်သယောင်' ထုတ်လုပ်ရေးအဖွဲ့တွင် ဖြစ်သည်။

ရှချူးသည် ဇာတ်ကွက်အစုံကို ရိုက်ကူးပြီးသွားကာ ထီးဆောင်းထားသည့် အရိပ်အောက်တွင် ပျော်ရွှင်နေသည်။

ထိုအချိန်တွင် ဝန်ထမ်းတစ်ဦးသည် အစ်မဝမ်ဆီသို့ ပြေးလာပြီး သူမ၏နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

ထို့နောက် အစ်မဝမ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို သူမ တွေ့လိုက်ရသည်။

အစ်မဟုန်သည် ဟိုဟိုဒီဒီကြည့်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်နေသည်။

ရှချူးသည် စေ့စေ့စပ်စပ်ရှိသူဖြစ်ပြီး ချက်ချင်းပင် သံသယဖြစ်လာသည်။

အစ်မဝမ်ကို ချက်ချင်း လက်လှမ်းခေါ်လိုက်သည်။

" အစ်မဝမ်၊ ဒီကို ခဏလောက် လာပါဦး "

အစ်မဝမ်သည် လမ်းလျှောက်လာပြီး ရေသန့်ဘူးတစ်ဘူး ကမ်းပေးလိုက်သည်။

" ရေဆာနေပြီလား။ ရေအရင်သောက်ပါဦး။ ပြီးရင် မိတ်ကပ်ပညာရှင်က ရှရှရဲ့မိတ်ကပ်ကို ပြန်ပြင်ပေးလိမ့်မယ် ..... "

ရှချူးက ရေပုလင်းကို တွန်းဖယ်လိုက်သည်။

" ပြောပါ၊ ဘာကိစ္စရှိလို့လဲ "

အစ်မဝမ်သည် သူမ၏အကြည့်ကို အမြန်လွှဲလိုက်ပြီး ရှောင်လိုက်သည်။

" ဘာဖြစ်ရမှာလဲ။ ရှရှ အရမ်းလျှောက်တွေးနေတာပါ "

ရှချူးက အော်လိုက်သည်။

" မတွေ့ဘူး မထင်နဲ့။ အခုလေးတင် လာသွားတဲ့ အဲ့ဒီလူက ကုမ္ပဏီရဲ့ ဥပဒေရေးရာဌာနက ကျန်းချန် မဟုတ်ဘူးလား။ အစ်မကို သူ ဘာပြောသွားတာလဲ "

အစ်မဝမ်သည် သူမ၏ ပြင်းထန်သော အကြည့်အောက်တွင် အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။

" အိုက်ယား၊ ထပ်မမေးပါနဲ့တော့။ ခဏနေကျရင် ထပ်ပြီး ရိုက်ကူးစရာတွေ ရှိသေးတယ်။ မြန်မြန်လုပ်၊ စာသားတွေကို ဖတ်ကြည့်နေလိုက်ဦး "

ရှချူး၏ လှပသော မျက်နှာလေးက အေးစက်သွားသည်။

" အစ်မ မပြောရင် ဒီနေ့ ရိုက်ကူးရေးလုပ်မှာ မဟုတ်ဘူး "

အစ်မဝမ်သည် ပြောရခက်သလို ဖြစ်သွားသည်။

" အစ်မ၊ ရှရှကို ပြောပြရင်တောင် ရှရှ ဘာမှလုပ်လို့မရဘူး။ အဲ့တာကြောင့် စိတ်ထဲမထားတာက အကောင်းဆုံးပဲ "

ရှချူးက သူမကို ဇွတ်စိုက်ကြည့်နေသည်။

" အစ်မဝမ် "

အစ်မဝမ်လည်း ရွေးချယ်စရာ မရှိတာကြောင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။

" ဟုတ်တယ်… အဲ့တာ ယဲ့ဖန်အကြောင်းပဲ "

ရှချူးသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

" ယဲ့ဖန်က ဘာကိစ္စရှိလို့လဲ "

အစ်မဝမ်က ပတ်ပတ်လည်ကို လှမ်းကြည့်ပြီးနောက် ချီတုံချတုံနှင့် ပြောလိုက်သည်။

" ယဲ့ဖန်… သူ့ကို ဖမ်းသွားကြတယ် "

" ဘာ "

ရှချူး အံ့သြလွန်းလို့ အနားယူခုံကနေ ထရပ်လိုက်သည်။

ဆတ်ခနဲ ထရပ်လိုက်ခြင်းကြောင့် ခြေမထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။သူမ၏ ဒူးဆစ်များ ပွန်းပဲ့သွားလေသည်။

အစ်မဝမ်သည် သူမကို စိတ်ပူပန်စွာဖြင့် ကူညီဖို့ ချက်ချင်းရောက်လာသည်။

" အဆင်ပြေရဲ့လား ရှောင်ချူးလေ "

ရှချူး အမြန်ထပြီး သူမလက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

" အစ်မဝမ်၊ ယဲ့ဖန်က ဘာဖြစ်သွားတာလဲ။ သူ ဘာလို့ အဖမ်းခံရတာလဲ။ ဘယ်တုန်းက ဖမ်းသွားတာလဲ "

အစ်မဝမ်သည် သူမမေးခွန်းကြောင့် စိတ်ရှုပ်သွားသည်။

သူမရဲ့ အတွေးတွေကို စုစည်းပြီး ဆက်ပြောပြခဲ့သည်။

" အခုလေးတင် ဖြစ်သွားတာ။ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုလို့ ပြောကြတယ်။ အခုဖမ်းပြီး ထိန်းသိမ်းရေးစခန်းကို ပို့ထားတယ်တဲ့ ..... "

ရှချူးသည် မူးဝေပြီး မေ့လဲလုမတတ် ခံစားလိုက်ရသည်။

အစ်မဝမ်က သူမကို အလျင်စလို ဆုပ်ကိုင်ဖမ်းပေးထားလိုက်သည်။

" ရှရှရယ်၊ စိတ်မပူပါနဲ့။ နားလည်မှုလွဲတာဖြစ်နိုင်ပါတယ်။ အစ်မတို့ ပြီးမှ သွားစုံစမ်းကြမယ်လေ ..... "

ရှချူးသည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

" နားလည်မှုလွဲတာပဲ ဖြစ်မယ်။ သူက ဘယ်လိုလုပ် လူတစ်ယောက်ကို သတ်နိုင်မှာလဲ။ တစ်ယောက်ယောက်က သူ့ကို ချောက်ချထားတာဖြစ်မယ် ..... "

ထိုအချိန်တွင် သူမသည် ဟိုတစ်နေ့က ကျန်းနန်နယ်စပ်ဟိုတယ်တွင် ဖြစ်ပျက်ခဲ့သည်များကို ရုတ်တရက် သတိရသွားသည်။

သူမကြောင့် ယဲ့ဖန်သည် ရီချန်းကျယ်နှင့် ပဋိပက္ခဖြစ်ခဲ့သည်။

ရီချန်းကျယ်က သူ့ကို လက်စားချေမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

ဒါဆို… ယဲ့ဖန်က သူမကြောင့် ရီချန်းကျယ်က တမင်ချောက်ချတာလား။

အဲ့တာကိုတွေးပြီး သူမ ပို၍ပင် စိတ်မသက်မသာဖြစ်လာမိသည်။

" အစ်မဝမ်၊ အခု ရီချန်းကျယ် ဘယ်မှာရှိလဲဆိုတာ ရှာကြည့်လိုက်ပါ။ ညီမ သူ့ကိုချက်ချင်း ရှာချင်တယ် "

ထိုစကားကို အစ်မဝမ်က ကြားပြီး အံ့ဩသွားသည်။

ရှချူးက ဘာလို့ ရီချန်းကျယ်ကို အခုမှ ရှာချင်နေတာလဲ။

ယဲ့ဖန်က လဲကျတော့မည်ကို သိလိုက်ရပြီး သူမက အခြားသစ်ပင်ရိပ်ကို မှီဖို့ အလျင်စလိုဖြစ်နေပြီလား။

လက်တွေ့ကျကျပြောရလျှင် ဒါဟာ မမှားပေ။ သို့သော် စိတ်ပိုင်းဆိုင်ရာအရ ပြောရလျှင်တော့ သူမ လက်မခံနိုင်သေးပေ။

သို့သော်လည်း သူမ၏ အကျိုးစီးပွားများသည် ရှချူးနှင့် ဆက်စပ်နေပြီး ချည်နှောင်ထားသည်။

ရှချူးက ဆုံးဖြတ်ပြီးမှတော့ သူမကလည်း ရီချန်းကျယ်၏ တည်နေရာကို ရှာဖွေပေးဖို့ သူမကို ကူညီပေးရတော့သည်။

ရှချူးသည် အစ်မဝမ် ထွက်သွားသည်ကို ကြည့်ရင်း လက်သီးများကို တင်းတင်းဆုပ်ထားသည်။

" ယဲ့ဖန်၊ ငါ နင့်ကို သေချာပေါက် ကယ်တင်မယ် "

...............

ချန်းရွှမ်သည် ယန်းချန်ရှိ အဓိကရောင်းချသူများနှင့် စာချုပ်အသစ်များချုပ်ဆိုနေရသည့်အတွက် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက အင်မတန် အလုပ်ရှုပ်နေခဲ့သည်။

သူမသည် ဒီနေ့တွင် အလုပ်များပြီးသွားကာ နေ့လယ်ပိုင်းတွင် ယန်းချန်သို့ ပြန်သွားရန် ပြင်ဆင်နေသည်။

ယဲ့ဖန် နှင့် နေ့လယ်စာစားဖို့တောင် အချိန်နည်းနည်းလောက် ရနိုင်လေသည်။

ရက်အတော်ကြာ မတွေ့ရတဲ့ သူမချစ်သူအကြောင်း တွေးရင်း ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးမှာ အပြုံးချိုချိုလေး ပေါ်လာတော့သည်။

သူမသည် ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်ပြီး ယဲ့ဖန်ကို ဖုန်းဆက်လိုက်သည်။

ဖုန်းမြည်နေပေမယ့် ဘယ်သူမှ ပြန်မဖြေပေ။

ချန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

သာမာန်အားဖြင့် သူမဖုန်းခေါ်တဲ့အခါ ယဲ့ဖန် သည် သုံးစက္ကန့်မပြည့်မီတွင် သေချာပေါက် ဖုန်းပြန်ဖြေတာဖြစ်သည်။

ဒီနေ့ သူမ ဘာများ အမှားလုပ်ထားလို့လဲ။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမ ထပ်ပြီး ဖုန်းဆက်ပြန်သည်။

ဒီတစ်ခါလည်း ထိုနည်း၎င်းဖြစ်သည်။ ဘယ်သူမှ ဖုန်းမကိုင်ပေ။

အဲ့တာက သူမကို ဆိုးရွားတဲ့ ခံစားချက်တစ်ခု ဖြစ်လာစေခဲ့သည်။

သူမ ဆက်ပြီး ဖုန်းခေါ်တော့မယ့်အချိန်မှာ တံခါးကို အပြင်မှ ရုတ်တရက် တွန်းဖွင့်လိုက်ပါတယ်။

ထို့နောက် ကျန်းယုံထင်းက အမြန်ဝင်လာသည်ကို သူမတွေ့လိုက်ရသည်။

" အစ်မရွှမ်၊ အခုလေးတင် သတင်းတစ်ခု ရထားတယ် "

ကျန်းယုံထင်း၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း တုန်လှုပ်နေသည်။

ချန်းရွှမ်သည် သူမကို သိတာကြာပေမယ့် ဒီလိုပုံစံမျိုးနှင့် သူမကို တစ်ခါမှ မတွေ့ဖူးပေ။

ကုမ္ပဏီက ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာတောင် သူမက ဒီလောက် စိတ်မလှုပ်ရှားဖူးပေ။

" ဘာဖြစ်တာလဲ "

သူမက ကပျာကယာ မေးလိုက်သည်။

ကျန်းယုံထင်း ပြောသည်။

" အရင်ဆုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ ဒီကိစ္စက အစ်မအတွက် အရမ်းကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်နိုင်တော့ အစ်မစိတ်ကို သေချာ ထိန်းထားရမယ် .... "

" ကောင်းပြီ၊ မြန်မြန်ပြောပါ။ နင်ငါ့ကို သတ်ဖို့ကြိုးစားနေတာလား "

ချန်းရွှမ်သည် သူမ၏ စကားထစ်နေခြင်းကို မြင်ပြီး အလျင်အမြန် တိုက်တွန်းလိုက်သည်။

ကျန်းယုံထင်း သည် သူမကိုယ်သူမ စိတ်ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်းရှူရင်း ချန်းရွှမ်ကို နောက်တစ်ကြိမ် ထပ်ကြည့်သည်။

" ယဲ့ဖန် ... သူ့ကို ဖမ်းထားကြတယ် "

ချန်းရွှမ်သည် ထိုစကားကို ကြားလိုက်သောအခါ သူမ၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားကာ သွေးမရှိသလိုပင် ဖြစ်သော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းထားဆဲဖြစ်သည်။

" ဘာဖြစ်လို့လဲ "

ကျန်းယုံထင်းက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

" ရည်ရွယ်ချက်ရှိရှိ... လူသတ်မှု "

ချန်းရွှမ်သည် ချက်ချင်းပင် မျက်လုံးများကို မှိတ်လိုက်ပြီး တဟုန်းဟုန်းတောက်နေသော သွေးပွက်ဆူနေမှုများကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားခဲ့သည်။

အန္တရာယ်ကြုံလာသောအခါ ယဲ့ဖန်၏အမူအရာကို ပြန်တွေးရင်း သူမသည် လျင်မြန်စွာ ပြန်ပြီး စိတ်ငြိမ်သက်သွားခဲ့သည်။

" ငါ ယဲ့ဖန်ကို ယုံတယ်။ သူက အမြဲတမ်း သိက္ခာရှိရှိပဲ လုပ်တာ။ ဒီလို အဆင့်နိမ့်တဲ့ အမှားမျိုးကို သူလုပ်မှာမဟုတ်ဘူး။ တစ်ယောက်ယောက်က သူ့ကို ချောက်ချတာဖြစ်ရမယ်။ ဟိုတလောက သူ ယန်းချန်မှာ ဘယ်သူ့ကို စော်ကားခဲ့သေးလဲဆိုတာ စုံစမ်းလိုက်ပါ။ အသေးစိတ်ရှာပြီး ချက်ချင်း သတင်းပို့ "

ကျန်းယုံထင်းသည် သူမ၏ အေးဆေးတည်ငြိမ်သော ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီး သူမကို တိတ်တဆိတ် သဘောကျလေးစားရသည်။

အကယ်၍သာ သူမသာဖြစ်ခဲ့လျှင် သူမ၏ချစ်သူက 'ရည်ရွယ်ချက်ရှိရှိ လူသတ်မှု'ဖြင့် အဖမ်းခံလိုက်ရကြောင်း သိလိုက်ရလျှင် သူမ လုံးဝကို ပြိုလဲသွားလိမ့်မည်ဖြစ်သည်။

သို့သော် ချန်းရွှမ်ကတော့ အန္တရာယ်ကို ရင်ဆိုင်ရင်း တည်ငြိမ်စွာ တုံ့ပြန်နိုင်ခဲ့သည်။

ဤရှုထောင့်တစ်ခုတည်းဖြင့် ချန်းရွှမ်က သူမထက် များစွာ သာလွန်နေခဲ့သည်။

ယဲ့ဖန်နှင့် အတူရှိနေစဉ်အတွင်းမှာ အစ်မချန်းရွှမ်ဟာ သိသိသာသာ တိုးတက်လာလေသည်။

မျှော်မှန်းထားသည့်အတိုင်း ထူးချွန်သူများနှင့် အတူရှိနေပါက ပို၍ထူးချွန်လာမည်ဖြစ်သည်။

ကျန်းယုံထင်း ထွက်သွားသောအခါ ချန်းရွှမ်သည် မထိန်းနိုင်တော့ဘဲ ချက်ချင်း မြေပေါ်သို့ လဲကျသွားခဲ့သည်။

" ရှောင်ဖန်၊ မင်း ဘာမှမဖြစ်ရဘူး။ မဟုတ်ရင် ငါ ဘယ်လိုလုပ် အသက်ရှင်ရမှာလဲ "

အပိုင်း ( ၅၉၁ )

အမှောင်ကို စွန့်လွှတ်ပြီး အလင်းဆီသို့ ဝင်ရောက်ခြင်း

ကျန်းယုံထင်းသည် အလုပ်ကို ထိရောက်မှု ရှိရှိ လုပ်နိုင်နေဆဲဖြစ်သည်။

နာရီဝက်မပြည့်မီတွင် သူမသည် ယန်းချန်တွင် ယဲ့ဖန် လုပ်ခဲ့သော အချိန်ဇယား၊ သူနှင့် ပြဿနာတက်ခဲ့သူများအပါအဝင် အခြားအသေးစိတ် အချက်အလက်များစွာကိုလည်း ဖော်ပြထားသည်။

ချန်းရွှမ်သည် တင်ပြစာကို ဖတ်ပြီးနောက် သံသယနည်းသော အမည်များကို ဖယ်ထုတ်ခဲ့သည်။

နောက်ဆုံးတွင် Wei Changfeng၊ ရီချန်းကျယ်နှင့် Gao Junmingတို့သာ စာရင်းတွင် ကျန်ခဲ့သည်။

" Wei Changfeng၊ သူ့ကို သံသယရှိပေမဲ့ သူ့ရဲ့ ခွန်အားနဲ့ဆို သူက ယဲ့ဖန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ယဲ့ဖန်ကို ချောက်ချဖို့နေနေသာသာ ငါတို့နဲ့တင် သူ့ကို လောလောဆယ် ဖယ်ထုတ်လိုက်လို့ရတယ် ..... "

" Gao Junmingကလည်း သံသယရှိတဲ့သူပဲ။ ဒါပေမယ့် သူ့ရဲ့ အတိတ်က လုပ်ရပ်တွေအရ ကလဲ့စားချေချင်ရင် ယဲ့ဖန်ကို ချောက်ချဖို့ ဒီနည်းလမ်းကို သုံးမယ့်အစား ယဲ့ဖန်ကိုသတ်ဖို့ လူလွှတ်လိုက်လိမ့်မယ်။ အဲ့တာကြောင့် ငါတို့ သူ့ကို ခဏဖယ်ထားလို့ရတယ် "

" ဒါဆို ဒီ ရီချန်းကျယ်ပဲ ကျန်တော့တယ်။ ယဲ့ဖန်နဲ့ သူ့ရဲ့ ပဋိပက္ခတွေက နက်နဲနေပြီးတော့ သူက ယဲ့ဖန်နဲ့ ရင်ဆိုင်ဖို့ လုံလောက်တဲ့ ခွန်အားရှိတယ်။ ဒီလူက အရမ်းငယ်သေးပေမယ့် ဒီလိုအောင်မြင်မှုတွေ ရထားတော့ သူ့ရဲ့ ဉာဏ်ပညာနဲ့ နည်းလမ်းတွေက ထူးထူးခြားခြား ဖြစ်ကောင်းဖြစ်နိုင်တယ် ....... "

ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် ချန်းရွှမ်သည် ယဲ့ဖန်ကို ချောက်ချသည့် သံသယရှိသူကို နောက်ဆုံးမှာ ဆုံးဖြတ်လိုက်သည်။

" တကယ့် လူသတ်သမားက ဒီ ရီချန်းကျယ် ဖြစ်မယ်ထင်တယ် "

ကျန်းယုံထင်းသည် သူမ၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီး လက်မထောင်ပြသည်။

" အစ်မရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေက တမူထူးခြားတယ်လို့ ထင်တယ် "

ချန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" ငါ ရှောင်ဖန်နဲ့ တွဲနေတာ ကြာပြီလေ။ သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ ငါနည်းနည်းလေး သင်ယူခဲ့တယ်လို့ ယူဆနိုင်တယ် "

ကျန်းယုံထင်းက နှုတ်ခမ်းကို စုယုလိုက်သည်။

" နည်းနည်းလေး သင်ယူပြီးတာနဲ့ ဒီလောက်တောင် အစွမ်းထက်နေပြီလား။ ဒီထက်ပိုပြီး လေ့လာလိုက်မယ်ဆို အစ်မက စုံထောက်တောင် ဖြစ်လာနိုင်သေးတယ် "

ချန်းရွှမ်သည် သူမအား နောက်ပြောင်တာကို ရပ်လိုက်သည်။

" ရီချန်းကျယ်ရဲ့ တည်နေရာကို သွားပြီး ကူညီစုံစမ်းပေးပါဦး။ ယဲ့ဖန်ကို ချောက်ချတဲ့လူကို ဘယ်တော့မှ လက်မလွှတ်ဘူး "

ကျန်းယုံထင်းသည် ပြန်ထွက်လာပြီး တစ်စုံတစ်ယောက်အား မေးမြန်းရန် စီစဉ်ခဲ့သည်။

...............

မသေမျိုးဟိုတယ်။

ယန်းချန်ရှိ ထိပ်တန်း ဟိုတယ်တစ်ခုအနေဖြင့် နေရာတစ်ခုကို ကြိုတင်မှာယူရန် အမြဲခက်ခဲလေသည်။

ယနေ့တွင် ရီချန်းကျယ်သည် ပထမထပ် ခန်းမတစ်ခုလုံးကို ကြိုတင်စာရင်းသွင်းပြီး အခမ်းအနားကျင်းပရန် ပြင်ဆင်ကာ ဧည့်သည်အများအပြားကို ဖိတ်ကြားခဲ့သည်။

သူ့ကို ဆန့်ကျင်ရဲတဲ့ ကောင်လေးက အဖမ်းခံလိုက်ရပြီဖြစ်သည်။

ယဲ့ဖန် နောက်ဆက်တွဲအနေဖြင့် ရင်ဆိုင်ရမည့်အရာမှာ အနည်းဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်သည်။

ထိုသို့သောရန်သူကို ဖယ်ရှားလိုက်ပြီးတာကြောင့် ရီချန်းကျယ်သည် အလွန်ပျော်ရွှင်နေသည်။

ဆယ့်နှစ်နာရီထိုးခါနီးတဲ့အခါ ခန်းမတစ်ခုလုံး ဧည့်သည်တွေ ပြည့်နေပြီဖြစ်သည်။

အခြေခံအားဖြင့် ထိုလူတိုင်းဟာ သူ့အသိုင်းအ၀ိုင်းထဲမှသူများ ဖြစ်သည်။

Wei Changfeng၊ ယန်းဝမ်ဟောက်နှင့် တခြားသူများက မနက်စောစောကတည်းက ရောက်လာကြသည်။

လျုံလင်း၏ဖခင် လျုံယွမ်ဖီလည်း ပါဝင်သည်။

ထိုအချိန်တွင် လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် စကားတွေပြောနေကြသည်။

" ကြားပြီးပြီလား။ ယဲ့ဖန် က အခု အဖမ်းခံလိုက်ရတယ် "

" ဒီလောက်ကြီးတဲ့ကိစ္စကြီးကို ငါဘယ်လိုလုပ် မကြားဘဲနေမှာလဲ။ ပြီးတော့ သူက ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ အဖမ်းခံခဲ့ရတာတဲ့ "

" ရည်ရွယ်ချက်ရှိရှိ လူသတ်မှုလား။ ဒီကလေး မသေရင်တောင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရမှာ မဟုတ်လား။ ဒီတစ်သက်လုံး ထောင်ထဲက ထွက်ဖို့တောင် မစဉ်းစားနဲ့ "

" တကယ်လို့ သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ရင်တောင် သူက အတွင်းချိတ်တွေနဲ့ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ဆယ်နှစ်ကျော် အတွင်း ထွက်လာနိုင်တယ်။ သူ ပြန်ထွက်လာနိုင်ဖို့ မျှော်လင့်ချက်ရှိပါသေးတယ် "

" မင်း အတွေးလွန်နေတာ။ စီရင်ချက်ချပြီးတာနဲ့ သူ့အင်အားတွေအားလုံး ပြိုကွဲထွက်သွားမှာ သေချာပါတယ်။ သူထွက်လာရင် အရမ်းနောက်ကျသွားလိမ့်မယ် "

" ဟူး၊ အမှန်တိုင်းပြောရရင် ဒီကလေးက ဒီလိုအခြေခံအုတ်မြစ်ကို ငယ်ငယ်လေးနဲ့ တည်ဆောက်နိုင်ခဲ့တာဆိုတော့ တကယ့်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ပဲ "

" ဘယ်သူက သူ့ကို အဲ့ဒီလောက်မာနကြီးခိုင်းလို့လဲ "

" ဟုတ်တယ်။ နှိမ့်ချတတ်တာက ပိုကောင်းတယ်။ မောက်မာလွန်းရင် လဲကျလွယ်လိမ့်မယ်။ ဘယ်သူမှ သူ့ကို စာနာစိတ်ရှိမှာ မဟုတ်ဘူး။ ဟားဟားဟား .... "

လူတိုင်း၏ ဆွေးနွေးမှုကို ကြားသောအခါ ရီချန်းကျယ်၏ အပြုံးသည် ပိုပိုတောက်ပလာသည်။

ဒါတွေအားလုံးအတွက် သူစီစဉ်ထားပြီးသားဖြစ်သည်။

ယဲ့ဖန်၏ ပြစ်ဒဏ်ကို စီရင်နေသည့် ကာလပတ်အတွင်းတွင် ရီမိသားစုမှ ယဲ့ဖန်၏ ပိုင်ဆိုင်မှုအားလုံးကို အပိုင်သိမ်းသွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက ကျောင်းမိသားစု၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းမည်ဖြစ်သည်။

ထိုအချိန်တွင် ရီမိသားစု၏ အင်အားသည် အဆင့်သစ်တစ်ခုသို့ တက်လာမည်ဖြစ်သည်။

ပြီးတော့ သူကလည်း ရီမိသားစုရဲ့ နံပါတ်တစ် သူရဲကောင်း ဖြစ်လာလိမ့်မည်။

အနာဂတ် ရီမိသားစု ဦးဆောင်သူရာထူးကိုလည်း ပိုင်ဆိုင်ပေလိမ့်မည်။

ရီချန်းကျယ်မှ ခေတ်သစ်တစ်ခုကို ဖန်တီးပေးမည်။

သူ့အနာဂတ်ကို တွေးကြည့်ပြီးတဲ့အခါ သူ့ကိုယ်သူ ဂုဏ်ယူတာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူနှစ်ယောက် ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

သေသေချာချာ ကြည့်လိုက်တဲ့အခါ ယဲ့ဖန်၏ နောက်လိုက်တွေဖြစ်တဲ့ ချန်းချုံရှန်း နှင့် ဟုရွမ်ယု တို့ဖြစ်သည်။

ရီချန်းကျယ်က ဘာမှပြန်မပြောခင်တွင် ဘေးနားမှာရှိတဲ့ Wei Changfengက အေးစက်တဲ့ မျက်နှာထားဖြင့် ပြောသည်။

" မင်းတို့ ဒီမှာဘာလာလုပ်တာလဲ။ ငါတို့ မင်းတို့ကို မဖိတ်ထားဘူးမလား "

သူ့ကို ဆန့်ကျင်ဖို့ ယဲ့ဖန်နောက်မှလိုက်ခဲ့တဲ့ သူတို့နှစ်ယောက်ကို သူ ဘယ်တော့မှ မမေ့ပေ။

ချန်းချုံရှန်းသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ပြောလိုက်သည်။

" ရီသခင်လေးက ပွဲကျင်းပနေတာကြားတော့ ငါတို့က ဖိတ်မခေါ်ပေမဲ့လည်း လာခဲ့တာပါ "

ဟုရွမ်ယုလည်း အရှေ့ကို လျှောက်သွားခဲ့သည်။

" အရင်က ယဲ့ဖန်ကြောင့် မျက်စိကန်းခဲ့တာကို ရီသခင်လေးနဲ့ ဝေ့လူကြီးမင်းက နားလည်ပေးပါ။ အချင်းမပွားဘဲ သဘေထား ကြီးမြတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် "

ရီချန်းကျယ်သည် သူတို့၏ စကားကို ကြားသောအခါတွင် ရယ်မောသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။

" မင်းတို့ရဲ့စေတနာကို ထုတ်ဖော်ဖို့ ဒီကိုရောက်နေတာလား "

ချန်းချုံရှန်းက အမြန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ်၊ ဒီကောင် ယဲ့ဖန်က သေချင်နေတာ။ အခုလည်း သူ့ကိုယ်သူ မကာကွယ်နိုင်တော့ဘူး။ သူနဲ့အတူ မသေချင်ဘူး "

ဟုရွမ်ယုကလည်း တောင်းပန်ပြီး ပြုံးပြသည်။

" အနာဂတ်မှာ ရီသခင်လေးရဲ့နောက်ကို လိုက်ချင်ပါတယ်။ သခင်လေး စိတ်မကွက်ဘူးလို့ မျှော်လင့်ပါတယ် "

ထိုစကားကို ရီချန်းကျယ် ကြားသောအခါ ချက်ချင်းထရပ်ပြီး လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။

" ကြိုဆိုပါတယ် ကြိုဆိုပါတယ်။ မင်းတို့နှစ်ယောက် အမှောင်ကို စွန့်ပြီး အလင်းထဲဝင်လာတာ တကယ်ပညာရှိတာပဲ "

သူပြောပြီးသည်နှင့် သူတို့ပုခုံးနှစ်ဖက်ကို ဖက်ကာ Wei Changfengကို လှည့်ကြည့်လိုက်သည်။

" ချန်းဖန်း၊ ချန်းလူကြီးမင်းနဲ့ ဟုလူကြီးမင်းက တစ်ဘက်တည်းရှိနေပြီဆိုတော့ ငါ့အတွက်နဲ့ အတိတ်က ပဋိပက္ခအသေးလေးတွေကို မေ့လိုက်ကြရအောင် "

Wei Changfengသည် ဘယ်လိုပဲတွေးနေပါစေ၊ သူ ရီချန်းကျယ်ကို ဆန့်ကျင်ရဲမှာ မဟုတ်ပေ။

ထို့ကြောင့် သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ကျွန်တော် သခင်လေးရဲ့စကားကို နားထောင်ပါ့မယ် "

ရီချန်းကျယ်သည် ပို၍ပို၍ ဝမ်းသာလာသည်။

သူက လူတိုင်းကို ပြုံးပြီးပြောလေသည်။

" ချန်းလူကြီးမင်းနဲ့ ဟုလူကြီးမင်းတို့က အခုကစပြီး ငါ့ရဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာလိမ့်မယ်။ အားလုံး ကြိုဆိုလိုက်ပါဦး "

လူတိုင်းက လက်ခုပ်တီးကြပြီး သူတို့၏မျက်နှာများတွင် ရိုးသားသောအပြုံးများဖြင့် ပြည့်နေသည်။

သို့သော် သူတို့နှစ်ဦး၏ လုပ်ရပ်ကို စိတ်ထဲတွင်တော့ မထီမဲ့မြင်ပြုကြသည်။

ယခင်က ယဲ့ဖန်သည် အထွတ်အထိပ်သို့ ရောက်သောအခါ ဒီနှစ်ယောက်က ခွေးများကဲ့သို့ သူ့နောက်ကို လိုက်ခဲ့သည်။

ယဲ့ဖန် ဒုက္ခရောက်တာနဲ့ ဘက်ပြောင်းဖို့ကို မစောင့်နိုင်ကြတော့ဘူးလား။

သူတို့မှာ အသိစိတ်တောင် ရှိသေးရဲ့လား။

စီးပွားရေးလောကမှာ အကျင့်စာရိတ္တကို သိပ်ဂရုမစိုက်ကြပေမယ့် သူတို့ရဲ့ အပြုအမူက လူတော်တော်များများကို ရွံရှာစေသည်။

သို့သော်လည်း ချန်းချုံရှန်း နှင့် ဟုရွမ်ယုကတော့ ရှက်ရွံ့ခြင်းမရှိပေ။

ရီချန်းကျယ်က လက်နက်ချပြီး ပူးပေါင်းခဲ့တဲ့ သူတို့နှစ်ယောက်ကို မျက်နှာသာပေးကာ ပင်မစားပွဲမှာထိုင်ဖို့ စီစဉ်ပေးလိုက်သည်။

အားလုံးက ထိုင်ခုံတွေယူပြီး ပွဲစဖို့ ပြင်ဆင်နေကြချိန်တွင် အပြင်ဘက်မှ ရယ်မောသံများ ထွက်ပေါ်လာသည်။

" ရီသခင်လေး၊ ပြဿနာကြီးတစ်ခုကို ရှင်းပစ်လိုက်တဲ့အတွက် တကယ်ကို ဂုဏ်ပြုထိုက်ပါတယ် "

အားလုံးက လှည့်ကြည့်လိုက်တဲ့အခါ လော့ကျင်းယွမ်က သူ့မျက်နှာမှာ အပြုံးကြီးပြုံးလျက် လမ်းလျှောက်လာသည် တွေ့လိုက်ရသည်။

နောက်တစ်ယောက်လား။

အပိုင်း ( ၅၉၂ )

ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်အတူသောက်လို့ ရနိုင်မလား

လူတိုင်းက ပိုလို့တောင် အံ့သြသွားကြသည်။

ချန်းချုံရှန်း နှင့် ဟုရွမ်ယု ရောက်ရှိလာသည်ထက်ပင် သူတို့ အံ့သြသွားကြသည်။

လော့ကျင်းယွမ်သည် ယန်းချန်တွင် သူတို့နှစ်ဦးထက် ပိုသန်မာသည်။

သူ့ကို မြို့စားတစ်ယောက်လို့တောင် သတ်မှတ်လို့ရနိုင်သည်။

ထိုသို့သောလူက ရီချန်းကျယ်ကို ချစ်ကြည်ရေးဖော်ပြရန် သူ့ဘက်ကနေ အမှန်တကယ် အစပြုခဲ့သည်လား။

ရီချန်းကျယ်က ချက်ချင်းထရပ်ပြီး သူ့ကိုကြိုဆိုလိုက်သည်။

" လော့လူကြီးမင်း၊ ခင်ဗျားလည်းလာဖို့ မမျှော်လင့်ထားဘူး "

လော့ကျင်းယွမ် ရှက်သွားသည် ။

" အရင်က ကျွန်တော် မျက်မမြင်ဖြစ်ခဲ့ပြီး ယဲ့ဖန်ရဲ့ လှေပေါ်ကို တက်မိခဲ့ပါတယ်။ ဒီကလေးက သူ့ကိုယ်သူ သေမင်းရှာကြံပြီး ရီသခင်လေးနဲ့ ရန်သူဖြစ်ရဲမယ်လို့ ဘယ်သူကသိမှာလဲ။ သူ ဒီလိုအဆုံးသတ်ဖို့က ထိုက်တန်ပါတယ်။ ရီသခင်လေးက ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်တယ်။ သခင်လေးအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ် "

ရီချန်းကျယ်က ချက်ချင်းဆိုသလို သူ့လက်ကို ကြင်နာစွာ ဆုပ်ကိုင်လိုက်သည်။

" လော့လူကြီးမင်းက အရမ်းကို လေးနက်နေပါပြီ။ ယဲ့ဖန် က ယဲ့ဖန်၊ ခင်ဗျားက ခင်ဗျားပါပဲ ။ ဒါကိုတော့ ကျွန်တော်ပြောနိုင်ပါသေးတယ် "

Wei Changfengသည် ထိုမြင်ကွင်းကို မြင်သောအခါ သူ အန္တရာယ်ကို ချက်ချင်း ခံစားလိုက်ရသည်။

အစက သူသည်သာ ရီချန်းကျယ်၏ နံပါတ်တစ်လက်ပါးစေဖြစ်သည်။

ယခု လော့ကျင်းယွမ် ပါ၀င်လာသောကြောင့် သူ့ရာထူးမှာ အန္တရာယ်ကျရောက်နေပြီဖြစ်သည်။

အဲ့တာကို တွေးပြီး ချက်ချင်း ရယ်မောလိုက်သည်။

" လော့လူကြီးမင်းက တကယ်ကို ပြဿနာကြုံတာနဲ့ သစ္စာခံမှုကို ချက်ချင်းပြောင်းလိုက်တာပဲ။ အခြေအနေတွေကို ဘယ်လိုစီရင်ရမယ်ဆိုတာ သိတယ်ဆိုတော့ တကယ်ကို ထက်မြက်ပါပေတယ် "

သူ့စကားက ရွဲ့နေမှန်း သိသာလေသည်။

တစ်နည်းအားဖြင့် လော့ကျင်းယွမ်ကို မိသားစု၏ ကျွန်တစ်ဦးဖြစ်ပြီး သစ္စာစောင့်သိမှု လုံးဝမရှိဘူးဟုဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ယဲ့ဖန် ဒုက္ခရောက်နေချိန်တွင် လော့ကျင်းယွမ်က သစ္စာဖောက်နိုင်ကြောင်းနှင့် ရီချန်းကျယ် ဒုက္ခရောက်နေချိန်တွင်လည်း သစ္စာဖောက်နိုင်သည်ဟု ပြောလိုက်တာဖြစ်သည်။

ရီချန်းကျယ် ဘာမှမပြောခင် လော့ကျင်းယွမ် ပြောလိုက်သည်။

" ငှက်ကောင်းတစ်ကောင်က ရှင်သန်နေထိုင်ရန် သစ်ပင်ကို ရွေးချယ်တတ်ရပါတယ်။ ထက်မြက်ပြီး ပိုသာတဲ့လူနောက်ကို လိုက်လျှောက်မှသာ ပိုကောင်းလာမှာပါ။ ရီသခင်လေးက ယဲ့ဖန်ထက် ပိုထူးချွန်တယ်လို့ ခံစားရတယ်။ အဲ့တာကြောင့် သူနောက်လိုက်ဖို့ရွေးချယ်တာက ထိုက်တန်တယ်။ အဲ့တာကြောင့် တင်ပြဖို့လာတာပါ။ ဝေ့လူကြီးမင်းရဲ့မျက်လုံးထဲမှာ ရီသခင်လေးက ယဲ့ဖန်ကို မယှဉ်နိုင်ဘူးလို့ ထင်နေတာလား "

Wei Changfeng သည် ချက်ချင်းပင် စိုးရိမ်လာသည်။

" ဒီမှာ သဘောထားကွဲအောင်လုပ်ဖို့ ကြိုးစားတာကို ရပ်လိုက်။ ယဲ့ဖန်က ရီသခင်လေးရဲ့ ဖိနပ်ကို သုတ်ဖို့တောင် မထိုက်တန်ဘူး "

လော့ကျင်းယွမ် ပုခုံးတွန့်လိုက်သည်။

" အဲ့တာနဲ့ မလုံလောက်ဘူးလား။ အမှောင်ကို စွန့်ပြီး အလင်းထဲဝင်တာက ဉာဏ်ပညာရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူးလား။ ဒါမှမဟုတ် ငါက ရီသခင်လေးနောက်ကို လိုက်မယ်ဆိုရင် မင်းရဲ့ရာထူးကို ငါကထိမှာ မင်းကြောက်နေတာလား။ စိတ်မပူပါနဲ့၊ ငါက ရီသခင်လေးရဲ့ နောက်လိုက်ငယ်လေးတစ်ယောက်ဖြစ်ရင်တောင်မှ ကျေကျေနပ်နပ်ကြီး လိုက်နာမှာပါ။ စိတ်မပူပါနဲ့ "

" မင်း...... "

Wei Changfengက ဆက်လက် တုံ့ပြန်ဖို့လုပ်ခဲ့သည်။

သို့သော် ရီချန်းကျယ်သည် ပြဿနာများကို ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားခဲ့သည်။

" ဟားဟား၊ ဘယ်လိုလုပ်ပြီး နောက်လိုက်လဲ။ လော့လူကြီးမင်းက ငါ့ကို အရမ်း အထင်ကြီးနေပါပြီ။ မင်းက ငါ့ရဲ့ သူငယ်ချင်းပါပဲ။ ကျေးဇူးပြုပြီး ထိုင်ပါ "

သူက စကားပြောနေရင်း ဝေ့ချန်းဖန်းကို မကျေနပ် စိုက်ကြည့်နေသည်။

ဒီခွေးသားက အခြေအနေတွေကိုတောင် နားမလည်တတ်ဘူးလား။

လော့ကျင်းယွမ်က လက်နက်ချရန် အစပြုခဲ့တာကြောင့် အခုအချိန်က သူတို့စစ်တပ်ရဲ့ ဂုဏ်သိက္ခာအင်အားကို မြှင့်တင်ရမည့်အချိန်ဖြစ်သည်။

ပြန်ခုခံလိုက်ရင် အားလျော့သွားမှာ မဟုတ်ဘူးလား။

အရင်တုန်းကတော့ Wei Changfengက သူ့လက်အောက်မှ အပြင်းထန်ဆုံး စွမ်းအားရှိသူဖြစ်သည်။

ထို့ကြောင့် သူ့ကို ညာလက်ရုံးအဖြစ် အမြဲအားကိုးခဲ့သည်။

အခုအခါ သူနှင့် လက်ရည်တန်းတူဖြစ်သော လော့ကျင်းယွမ်သည် ရုတ်တရက်ပေါ်လာသည်။

Wei Changfeng၏ အရေးပါမှုက သူ့စိတ်ထဲတွင် အနည်းငယ် ကျဆင်းသွားခဲ့သည်။

တကယ်လို့ ဒီကောင်က သူ့ရာထူးအတိုင်း မနေတတ်ရင် သင်ခန်းစာကောင်းတစ်ခု သင်ပေးရပေလိမ့်မည်။

" လော့လူကြီးမင်း၊ လာ ငါ့ဘေးနားလာထိုင် "

ရီချန်းကျယ်သည် လော့ကျင်းယွမ်၏ လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်လိုက်ပြီး ညာဖက်တွင် ထိုင်ရန် စီစဉ်ပေးလိုက်သည်။

Wei Changfengသည် ဘယ်ဘက်တွင် ထိုင်နေသည်။

ထိုအခါ သူ့ရဲ့ ဘယ်ညာ လက်မောင်းတစ်စုံက ပြီးပြည့်စုံသွားသလို ခံစားရသည်။

ထိုမြင်ကွင်းကို အားလုံးက မြင်လိုက်ရတဲ့အခါ စိတ်ထဲမှ တိတ်တိတ်လေး ရေရွတ်မိသွားသည်။

သူတို့နှစ်ဦးသည် ရီချန်းကျယ်၏ စိတ်ထဲတွင် တူညီသောနေရာရှိနေသည်မှာ ထင်ရှားသည်။

ဝေ့ချန်းဖန်း၏ မျက်နှာတွင် မကျေနပ်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။

သူသည် ရီချန်းကျယ်ကို အချိန်အတော်ကြာအောင် လိုက်ခဲ့ရပြီး သူ့အတွက် များစွာ လုပ်ဆောင်ပေးခဲ့သည်။

အခုအခါမှာတော့ လော့ကျင်းယွမ်သည် ဘာမှမလုပ်လိုက်ရဘဲ နေရာတူတွင် ရှိနေသောကြောင့် မထိုက်တန်ဘူးဟု ခံစားလာရသည်။

သို့သော် သူသည် လူတိုင်းရှေ့တွင် ရီချန်းကျယ်ကို အရှက်မကွဲစေချင်ပေ။

ထို့ကြောင့် နာကြည်းမှုကို သူ့နှလုံးသားထဲတွင်သာ မြှုပ်နှံထားနိုင်သည်။

ရီချန်းကျယ်သည် လူအုပ်ကြီးကို မဖုံးကွယ်နိုင်သော ပျော်ရွှင်မှုဖြင့် ကြည့်နေသည်။

" လော့လူကြီးမင်း၊ ချန်းလူကြီးမင်းနဲ့ ဟုလူကြီးမင်းတို့က ဒီနေ့မှာ ပါဝင်ပေးတဲ့အတွက် အရမ်းပျော်ပါတယ်။ ငါ့ကို ဘယ်တော့မှ စိတ်မပျက်စေနဲ့ "

" ကောင်းပါပြီ "

လော့ကျင်းယွမ် ချက်ချင်း လက်ခုပ်တီးလိုက်သည်။

အခြားသူများကလည်း လိုက်တီးကြသည်။

လက်ခုပ်သံများရပ်သွားပြီးနောက် ရီချန်းကျယ်က ဆက်၍ပြောသည်။

" ယဲ့ဖန် ရဲ့ဘဝက ပြီးသွားပြီ။ သူ့လက်အောက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးက အဆီအနှစ်တွေချည်းပဲ။ ငါ ကျုံးဟိုင်ကိုချီတက်မယ်။ မင်းတို့ ငါ့ကို ကူညီနိုင်မယ်လို့ မျှော်လင့်တယ်။ မင်းတို့အတွက် အကျိုးကျေးဇူးတွေ အများကြီးပေးမယ် "

လူအုပ်ကြီးက လက်ခုပ်သြဘာပေးကြပြန်သည်။

လူတိုင်းက စိတ်လှုပ်ရှားနေခဲ့သည်။

လူတိုင်းသည် အလွန်ရွှင်မြူးနေသောကြောင့် လော့ကျင်းယွမ်၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယုတို့၏ မျက်နှာပေါ်ရှိ အပြုံးကို သတိမထားမိလိုက်ကြပေ။

" ကောင်းပြီ၊ ငါတို့အားလုံး ခွက်ကို မြှောက်ပြီး အောင်ပွဲခံကြစို့ "

လူတိုင်းသည် ဝိုင်ခွက်ကိုကိုင်လျက် မတ်တပ်ထရပ်ပြီး တစ်ကျိုက်တည်း မော့ကြတော့မည့်အချိန်တွင် အပြင်ဘက်မှ လူတစ်ယောက်၏ အသံထွက်လာပြန်သည်။

" ရီသခင်လေးနဲ့အတူ အောင်ပွဲခံတဲ့ ဝိုင်တစ်ခွက် သောက်နိုင်မလားလို့ မေးပါရစေ "

အားလုံးက ပြန်ကြည့်ကြသည်။

ထိုအခါ ကျောင်းဖုလင်က အမြန်ဝင်လာသည်။

သူရောက်လာတာကို မြင်တဲ့အခါ အားလုံးက ချက်ချင်း အံ့သြသွားကြသည်။

လော့ကျင်းယွမ်၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယု တို့ကလည်း နေရာတွင် ရှိနေကြသည်။

ကျောင်းဖုလင်ကရော ဘာလို့ ဒီကိုရောက်လာတာလဲ။

ကျောင်းမိသားစု၏ ခွန်အားသည် ရီမိသားစုထက် အားကောင်းလေသည်။

ပူးပေါင်းဖို့ လိုသေးလို့လား။

ရီချန်းကျယ်သည် သူ့ကိုမြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

" ကျောင်းဖုလင် မင်း ဒီကို ဘာလာလုပ်တာလဲ "

ကျောင်းဖုလင်သည် အဆင်မပြေသော အပြုံးကို ပြုံးလိုက်သည်။

" သခင်လေးက ဒီမှာ ပွဲလုပ်နေတယ်ကြားလို့ ဖိတ်မခေါ်ဘဲ လာခဲ့တာပါ "

သူက စကားပြောနေရင်း စားပွဲ၌ထိုင်နေကြသော လော့ကျင်းယွမ်၊ ချန်းချုံရှန်း နှင့် ဟုရွမ်ယုတို့ကို တစ်ချက်ကြည့်လိုက်သည်။

သူ အံ့သြသွားသော်လည်း ဘာမှ မပြောပေ။

ရီချန်းကျယ်က သူ့ကို စိုက်ကြည့်ရင်း သူ့ရည်ရွယ်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေသလို မျက်လုံးတွေ မှေးလိုက်သည်။

" မင်း ဘာလိုချင်တာလဲ။ ငါ့ကို ပြောကြည့်လေ "

ကျောင်းဖုလင်သည် လူအုပ်ကို ကြည့်ပြီး သူ့မျက်နှာတွင် အနည်းငယ်ရှက်သွားသည့် အမူအရာပေါ်လာသည်။

" ရီ … ရီသခင်လေးနဲ့ ငြိမ်းချမ်းရေး ယူဖို့အတွက် ဒီကိုရောက်နေတာပါ "

All Chapters